မောင့် လက် ကို ဆွဲ မောင် နဲ့ မ ခွဲ Part - 4
lotaya.mpt.com.mm
|
2022-02-27

ဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းကပ်ကာ လူရင်းတွေလောက်သာ အနည်းအကျဥ်းဖိတ်ထားပေမယ့် လူက အတော်လာသည်။ မောင်ကသာ လိုက်ဧည့်ခံနေပေမယ့် မုန်းက နေရာလေးတွင်သာ ထိုင်နေရသလို တစ်ခါတစ်လေ သတို့သမီးက မျက်စိမမြင်ဖူးပဲဟု ဧည့်သည်အချင်းချင်း ပြောနေသံလဲ ကြားမိပါသည်။ ဝမ်းနည်းသိမ်ငယ်စိတ်ကြောင့် အန်တီလေး၏ လက်ကိုသာ ခပ်တင်းတင်း ဆုပ်ကိုင်ထားမိရင်း မောင်နဲ့လိုက်နေရမည်ဆိုတာမို့ ​ကြောက်လဲကြောက်နေသည်။ 

 အဖြူရောင်လည်ကတုံးရှပ်အင်္ကျီလက်ရှည် နှင့် ပန်းရောင်ပိုး ပုဆိုးကိုတွဲဝတ်ထားသည့် သတို့သားတစ်ဖြစ်လဲ သူ့မျက်နှာဟာ အခြားသော သတို့သားတွေလို ပြုံးရွှင်မနေတာတော့ ကျိန်းသေသည်။ ရေစက်ချပြီးစီး၍ ဧည့်သည် အကုန်နီးပါးလဲ ပြန်ကုန်ကြပြီမို့ နီးရာစားပွဲအလွတ်တစ်ခုတွင် မြတ်သူတို့နှင့် ဝင်ထိုင်ကာ စိတ်အိုက်မှုကြောင့် အင်္ကျီလက်ရှည်အား ဆွဲခေါက်တင်ရင်း သူ့အကြည့်က မလှမ်းမကမ်းရှိ စားပွဲလေးမှာ ငြိမ်ငြိမ်လေး မလှုပ်မယှက် ထိုင်နေသည့် မုန်းဆီ ရောက်သွားရ၏။ 

မင်္ဂလာဆွမ်းကပ်ကာ တရားနာပြီးထဲက သူမကို ဒီမှာပဲ ထိုင်နေရန်မှာခဲ့သည့်အတိုင်းပင် မလှုပ်မယှက်လေး ထိုင်နေတာ ခုထက်ထိ။ သူမဘေးတွင် ဒေါ်ကြည်ပြာရှိပေမယ့် သူ့ကိုပဲ မကြည်၍လား ၊ သူ့အချိုးကြောင့်ပဲလားမသိ ဒေါ်ကြည်ပြာကလဲ သူ့ကို စကားမပြောသလို သူကလဲ အဖက်လုပ်မနေ။ မုန်း....သူမကတော့ ထုံးစံအတိုင်း မျက်နှာလေးအေးချမ်းလျက် ပန်းရောင်ဇာဝမ်းဆက်မှာ ကိုယ်လေးနှင့် အချိုးကျနနေကာ ပြင်ဆင်ထားတော့ ရွှေရုပ်ကလေးချထားသလို လှသည်။

" ဘယ်လိုလဲ ငါ့ကောင်ကြီး..... ကိုယ့်သတို့သမီးကိုယ် ငေးလှချည်လားကွ။ "

ခပ်ပြုံးပြုံး ဖြင့် သူ့ကို မျက်စပင့်ပြရင်း အနားထိုင်ကာ လှောင်သလို ပြောလာသည့် မြတ်သူ၏ စကားကြောင့် တံခွန်သွေး မျက်နှာလွှဲလိုက်မိသလို ရှက်ရွံ့စိတ်နဲ့အတူ မျက်ခုံးထူထူအား လက်မဖြင့် ကယောင်ကတမ်း ကုတ်ခြစ်မိ၏။ ဒီမိန်းမကို ဒီလောက်ထိ ငေးကြည့်မိသွားသည့် ကိုယ့်ကိုယ်ကိုယ်လဲ မကျေနပ်။

" ဟိုအိမ်သော့ ငါ့ကိုပေးထား မြတ်သူ။ "

လက်ဝါးဖြန့်ကာ အိမ်သော့ တောင်းလာသည်မို့ မြတ်သူ ခွန်သွေးကို ခပ်ငေးငေး စိုက်ကြည့်မိသွားသည်။ ဂမုန်းနွယ်ကို စိတ်ချမ်းချမ်းသာသာ မထားနိုင်ပါဘူးဆိုကာ ဟီးထနေသည့် ယခုနေနေသော သုံးထပ်တိုက်ကြီးအား ပစ်၍ ရပ်ကွက်တစ်ခုထဲမှ အစုတ်ဆုံးအိမ်ကို သွားဝယ်လာသည်။ ဖြစ်မလား မဖြစ်လားတော့မသိ ဂမုန်းနွယ်ပုံစံလေးက နုနုရွရွလေးမှ ထိရက်စရာတောင် မရှိသည့် မိန်းကလေး။ 

တံခွန်သွေး မြတ်သူပေးသည့် သော့ကို ယူသိမ်းလိုက်ရင်းမှ ကြည့်မိတော့ မုန်းကို လှမ်းကြည့်နေတာ အငေးသားမို့ စားပွဲအောက်မှ ခြေထောက်ဖြင့် လှမ်းကန်ပစ်ရင်း......

" ဘာကြည့်နေတာလဲ....."

" ထိရက်စရာမရှိ....."

" ဘာကွ! ......."

" အာ.!.....လန့်လိုက်တာခွန်သွေးရာ။ မဟုတ်ပါဘူး.....အဲ့အိမ်နဲ့ ဂမုန်းနွယ်ပုံစံလေးနဲ့ ဖြစ်ပါ့မလားတွေးမိလို့ပါ။ "

လျှာခလုတ်တိုက်မတတ်ရှင်းပြမှ တံခွန်သွေး၏ အကြည့်စူးစူးက ပြန်လွှဲသွားရင်း......

" အဲ့ဒါ ငါ့ဘာသာပူပါ့မယ်။ မင်း ကြားကနေ ပူမနေနဲ့။ "

ပြောပြီးတာနဲ့ သူ့ဘေးမှ ထထွက်သွားသည့် ခွန်သွေးကို ကြည့်ပြီး မြတ်သူ စိတ်ထဲက ကြိတ်ပြုံးမိသည်။ ခွန်သွေး......ခွန်သွေး မချစ်ဘူး ကြုံးဝါးထားပေလို့သာပါပဲ။ 

ဒေါ်ကြည်ပြာ သူမတို့ဆီ လျှောက်လာသည့် တံခွန်သွေးကို မြင်နေရသဖြင့် နှုတ်ခမ်းကို ဟန်ပါပါမဲ့ချလိုက်မိသည်။ ကိုယ့်တူမလေး ဘဝမှာ အမဲစက်မထင်ချင်၍သာ လက်ခံလိုက်ရပေမယ့် ဒင်းက တစ်လျှောက်လုံး မျက်နှာသေဖြင့်ဆိုတော့ လူတွေက နဂိုမျက်မမြင်မို့ အထင်သေးရတဲ့အထဲ ပိုကဲ့ရဲ့ကာ တောထင်တောင်ထင် ထင်ကုန်ကြသည်။ 

" ဂမုန်းနွယ်....ထ ပြန်မယ်။ "

ဟင်....။

မောင့်အသံကြောင့် မုန်းကိုယ်လေးဆတ်ခနဲ ဖြစ်သွားသလို စားပွဲကိုကိုင်ကာ ထရပ်လိုက်မိ၏။ 

" အန်တီလေးကို ...."

" ကဲ.....လာပါ။ "

စိတ်မရှည်သလို မုန်းလက်ကလေးအား ဆွဲကာ ပခုံးတစ်ဖက်မှ ဆွဲဖက်၍ ခေါ်လာသည်မို့ မုန်းမှာ မနည်းဟန်ချက်မပျက်အောင် ထိန်းလိုက်နေရသည်။ ကျန်ခဲ့သည့် ဒေါ်ကြည်ပြာမှာလဲ နောက်က ကမန်းကတန်း လိုက်လာရင်း.....

" တံခွန်သွေး......မင်း ဖြည်းဖြည်းသက်သာဆွဲပါ။ ငါ့တူမက...."

ကားအနားရောက်လာပြီမို့ တံခွန်သွေးခြေလှမ်းတို့က ရပ်တန့်သွားရင်း ဒေါ်ကြည်ပြာကို မထီမဲ့မြင် ငဲ့ကြည့်လာသည်။ 

" ခုချိန်ကစပြီး ဂမုန်းနွယ်ဟာ ကျုပ်မိန်းမဖြစ်နေပြီ။ အန်တီ့ တူမပေမယ့် ဆိုင်ရုံသာဆိုင်ပြီး မပိုင်တော့ဘူး။ ဒီတော့ ကျုပ်တို့ လင်မယားကြား ဝင်ဝင်ပါတာမျိုး ကျုပ်မကြိုက်တာမို့ ရှောင်ပါ။ "

" မောင်....အန်တီလေးကို ဘယ်လိုပြောလိုက်တာလဲ။ "

" ခင်ဗျား ကြားတဲ့အတိုင်းပဲလေ။ "

မုန်း၏ မျက်နှာလေးက ငယ်ကျသွားသလို မောင်ဟာ ဘာလို့ ဒီလောက်ထိတင်းမာရန်လိုနေရသလဲ မသိတော့။ မောင့်ညီမအတွက် မောင်ခံပြင်းနေခဲ့ရင် မောင်ဟာ ချစ်ဖူးငုံကို သိပ်ချစ်ခဲ့ပုံရလိမ့်မည်။ အစ်ကိုတစ်ယောက်အနေနဲ့ မောင်ခံစားရမှာ နားလည်သည်မို့ မုန်း မော့င်ကို နားလည်ပေးရန် ကြိုးစားပါသည်။ 

တံခွန်သွေး မျက်နှာလေးငယ်ကျသွားသည့် မုန်းကို မြင်တော့ ပိုပြီးအလိုမကျဖြစ်သွားရရင်း....

" ဘာလဲ....ခင်ဗျား က မကျေနပ်ဘူးလား။"

သူ့စကားကြောင့် မုန်း၏ လက်လေးတစ်ဖက်က သူ့လက်မောင်းအား စမ်းရင်းဆုပ်ကိုင်လာသည်။ 

" ဘာလို့ ရန်တွေဖြစ်ချင်နေရတာလဲ မောင်ရယ်။ အခြားလူတွေလဲ ရှိသေးတယ်....အန်တီလေး... အန်တီလေးလဲ ပင်ပန်းနေပြီ ပြန်နားလိုက်ပါနော်။ "

ဒေါ်ကြည်ပြာ တံခွန်သွေးကို မကြည်သလိုတစ်ချက် စိုက်ကြည့်ရင်း မုန်းလေး အနေရခက်မည်စိုးတာမို့ မလှမ်းမကမ်းရှိကားဆီ လျှောက်လာခဲ့ကာ အိမ်ပဲပြန်ရန်ပြင်လိုက်၏။ မုန်းလေးက အနေအေးသလောက် စကားလဲနည်းသူမို့ တံခွန်သွေးလို ကောင်နဲ့ နည်းနည်းမှ မတန်။ မုန်းလေးကလဲ ဒီလိုကောင်ကိုမှ ချစ်မိနေရသည့်အဖြစ်။ 

" လာ....ကားပေါ်တက်။ "

ကားတံခါးကိုဆွဲဖွင့်လိုက်ရင်းမှ မုန်းကို အရင်ဝင်ထိုင်လိုက်စေကာ သူ့မျက်နှာက အနိုင်ရသူပီပီ ခပ်မင့်မင့်။ နေရမည့် ရပ်ကွက်ဆီ ဦးတည်မောင်းလာရင်းမှ ထိုအိမ်ရောက်လျှင်ရော သူမဒီလိုပဲ သည်းခံနိုင်ဦးမလား သိချင်၏။ 

@@@@@@@@@@

! ဂျွတ်!

" အမေ့....ဘာလဲ ဘာဖြစ်တာလဲဟင်။ "

အိမ်ပေါ်တက်တက်ချင်း ကြမ်းပြင်မှ ကျွံဝင်သံက ထွက်ပေါ်လာတော့ မုန်း ဆွဲထားသည့် မောင့်လက်ကို ခပ်တင်းတင်း ဖိကိုင်ရင်း အလောတကြီး မေးမိသည်။ 

" ကြမ်းပြင်ကမြည်တာပါ......".

" ဟင်....."

" ဘာလဲ....ခင်ဗျားက အိမ်ကြီးအိမ်ကောင်းမှာနေဖို့ မျှော်လင့်နေတာလား။ "

မုန်း ခေါင်းလေးခါယမ်းမိရင်း ပျာပျာသလဲ ငြင်းမိသည်။ မောင့်ကို မုန်း စချစ်ခဲ့သည့်အချိန်ထဲက မောင်ဟာ ချမ်းသာကြွယ်ဝနေလို့မှ မဟုတ်ပဲ။ တစ်ချိန်ထဲမှာပင် မောင်ဟာ မုန်းကို အဘယ်မျှ နာကျင်စေချင်နေသလဲ ရိပ်မိလိုက်သည်။ မုန်းဖေဖေရဲ့ ကုမ္ပဏီမှ ရှယ်ယာတွေ ဒီလောက်ရရှိထားလျက်နဲ့ ဒီလို ကျိုးပျက်နေတဲ့ အိမ်မျိုးဟာ မောင်နေတာတော့ မဟုတ်လောက်ပါ။ 

" ဒီမှာ ထိုင်နေ...... ကျုပ် မြတ်သူတို့ဆီ ခဏပြန်သွားရဦးမယ်။ "

" ဟင်.......မုန်းကရော။ တစ်ယောက်ထဲ မနေရဲဘူး။ "

ဟုတ်သည်။ ပတ်ဝန်းကျင်ရော အိမ်ရောအသစ်မို့ မုန်းမှာ မသွားတတ်မလာတတ်ရသည့်အထဲ မောင်က အပြင်သွားဦးမည်တဲ့လေ။ 

" အရက်ဝိုင်းကို ခင်ဗျားက ဘာလိုက်လုပ်မလို့လဲ.....နေခဲ့ ခဏပဲ။ "

" ဟင်..,.....မောင့် မုန်းတကယ်ကြောက်တယ်လို့.......မောင်....မောင့်....မောင် ။ "

တားသာတားသည်။ တားနေရင်းကနေကို ထွက်သွားတဲ့အသံကြားလိုက်ရသည်မို့ မုန်း လက်လေးက လေထဲတစမ်းစမ်း ကျန်ခဲ့ရင်းမှ ပါးပြင်ပေါ် မျက်ရည်စလေးတွေ စီးကျလာရသည်။ နေရာတွင် ဒူးလေးနှစ်ဖက်ပိုက်ကာ ကျုံ့ကျူံ့လေးထိုင်နေရင်းမှ တအင့်အင့် ငိုရှိုက်သံလေးသာ အိမ်ထဲ ခပ်တိုးတိုး ထွက်ပေါ်နေရင်း ထိုညက မောင် ပြန်မလာခဲ့ပါ။ မင်္ဂလာဦးညသည် မုန်းအတွက် ပထမဆုံးသော မျက်ရည်တို့ဖြင့် အစပြုခဲ့၏။

ညနက်လာလေ အသံတွေတိတ်ကုန်ကာ ဒီအိမ်ကြီးထဲ ကိုယ်တစ်ယောက်ထဲဆိုသည့် အသိက ခြောက်ခြားစရာ ကောင်းနေ၏။ ဘယ်လိုအိမ်မှန်းလဲ မမြင်ရ ၊ ဘာတွေရှိမှန်းလဲ မသိတာမို့ လေတိုက်သံကြားလျှင်ပဲဖြစ်ဖြစ် အသံသဲ့သဲ့ကြားလျှင်ပဲ ဖြစ်ဖြစ် မုန်းမှာ နေစရာနေရာမရှိအောင် ထိတ်လန့်နေခဲ့ရသည့် အဖြစ်။ 

တံခွန်သွေး အိမ်ထဲဝင်လာသည်နှင့် ဘုရားစင်အောက် သူထားခဲ့သည့် နေရာလေးမှာ ကျုံ့ကျုံ့လေးထိုင်ကာ အိပ်မောကျနေသည့် မုန်း။ အနားသို့ အသာလျှောက်လာရင်း ငုံ့ကြည့်မိတော့ ပါးပြင်ထက်တွင် မျက်ရည်စတွေက မခြောက်တခြောက်မို့ ငိုထားမှန်း အသိသာကြီး သိသာနေသည်။ 

" ဂမုန်းနွယ်........ဂမုန်းနွယ်....ထတော့.... ဂမုန်းနွယ်။ "

" ဟင်....အင်းးးးဟင်းးးးမောင် မောင် ပြန်လာပြီလားဟင်။ "

လက်မောင်းကို ခပ်ကြမ်းကြမ်း လှုပ်နှိုးခံနေရသဖြင့် မုန်း အိပ်မောကျနေရာကနေ ကယောင်ကတမ်း ထမေးမိလျက်သားအထိ တစ်ညလုံး မောင့်ကိုတမ်းတနေခဲ့သည်။ မောင့်အသံ မောင်ရောက်လာပြီဆိုတဲ့ အသိစိတ်က ဝင်လာတော့ တစ်ညလုံး စိတ်ထဲတင်းထားခဲ့သမျှ ဟီးခနဲ ငိုချမိကာ မောင့်ရင်ခွင်ထဲ အတင်းတိုးဝင်ငိုရှိုက်နေမိ၏။

တံခွန်သွေး သူ့ရင်ခွင်ထဲရှိ မုန်းကိုယ်လေးကို ဆွဲခွာရင်းမှ.......

" ဂမုန်းနွယ်......ခင်ဗျား ကျုပ်ကို ပွတ်သီးပွတ်သပ် တွေ မလုပ်ပါနဲ့ ။ ကျုပ် မကြိုက်ဘူး......အစထဲက ခင်ဗျား ကို ကျုပ် ချစ်လွန်းလို့ ယူခဲ့တာ မဟုတ်မှန်း ပြောပြီးသားလေ......ကျစ်! စိတ်ရှုပ်စရာကောင်းအောင်ကို လုပ်တယ်။ "

ကြည့်စမ်း.....ပြောရက် လိုက်သည့်ဖြစ်ခြင်းမှာ အနည်းငယ်မျှ ထောက်ညှာခြင်းဆိုတာပင် မရှိ။ ဇနီးမယား တစ်ယောက်အနေနဲ့ မောင့်လက်ကို အားကိုးတကြီး ဆွဲကိုင်မိတာ ဤမျှအထိ အပြစ်ကြီးပါသလား ။ ရင်ထဲထိ ခိုက်လွန်းရသည်မို့ မုန်း၏ မေးဖျားလေးပင် တဆတ်ဆတ်တုန်ယင်လာရင်း မောင့်အနားမှ ဖယ်ခွာပေးလိုက်ပေမယ့်.....

" မောင်ရယ် မုန်း ကို မောင် အဲ့လောက်မုန်းသလားဟင်။ "

မုန်း၏ အမေးကို သူ မဖြေပါ။ နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားရင်း တွေဝေနေမိတာ ညထဲကမို့ သူ့ကိုယ်သူမကျေမနပ် ဖြစ်နေခြင်းသာ။ 

! တီ တီ တီ!

နှစ်ယောက်သား ငြိမ်သက်နေစဥ် ကားဟွန်းတီးသံကြောင့် တံခွန်သွေး ခြံပြင်ကိုလှမ်းကြည့်လိုက်မိသည်။ ချက်ချင်းလိုလို မျက်မှောင်ကြီးကျုံ့သွားရရင်း အနားရှိနေသည့် မုန်း၏လက်ကို အသင့်အနေအထား ဆွဲထားလိုက်သည်။

ဒေါ်ပန်းငုံ အိမ်ပေါ်တက်လာရင်းမှ သူမကို ရန်သူပမာ စိုက်ကြည့်နေသော သားဖြစ်သူ​ကြောင့် ရင်မောသွားရသည်။ သား လက်ထပ်ပွဲကို လာခွင့်မရှိခဲ့သလို ချွေးမဖြစ်သူကို မြင်ချင်လွန်းတာမို့ ငဲ့ကြည့်မိတော့ မျက်နှာလေးက ဝင်းပနေကာ ဆံနွယ်အရှည်ကြီးဖြင့် အေးချမ်းသော မျက်နှာပိုင်ရှင်လေးပင်။ မယုံနိုင်သည်က ဒါဟာ ကိုယ့်သမီးကို သေစေခဲ့သည့်သူတဲ့လား။

" ဘာလာလုပ်တာလဲ...... "

" ငါ့ချွေးမ ငါ လာကြည့်တာ......ပြီးတော့ ငါ့သမီးလေးကို ဘယ်လိုမိန်းမမျိုးက သေစေခဲ့သလဲလို့။"..

ဟင်.....မုန်းကိုယ်လေး တွန့်ခနဲ ဖြစ်သွားကာ မောင့် မေမေလားဟု တွေးမိသွားရသည်။ မောင် ပြောတော့ မိဘတွေ မရှိတော့ဘူးဟု ဆိုခဲ့ကာ မုန်းကို ပြောပြသမျှအားလုံးက အလိမ်အညာတွေချည်းပါပဲလားဟု ဝမ်းနည်းသွားရသည်။

" မင်း ကြောင့် ငါ့သမီးသေရတာ..... အခု ငါ့သားကို ထပ်ပြီး ဖျားယောင်းပြန်ပြီ။ မမြင်ရလို့ပေါ့ မြင်များမြင်ရရင်....."

" အဟွန်းးးး! ကျွန်တော့် မိန်းမကို အပြစ်လာတင်နေရအောင် မေမေက ဘာအရည်အချင်းရှိနေလို့လဲ ။"

ငြိမ်ကြည့်မနေပဲ ထပြောလိုက်သည့် သားဖြစ်သူကြောင့် ဒေါ်ပန်းငုံ ထဟန့်လိုက်ရသည်။ 

" သားးးး!!"

" ဆောရီး.......ကျွန်တော် မေမေ့သား မဟုတ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်တွေထဲကပဲလေ။"

ကိုယ့်အမှားနဲ့ကိုယ်မို့ ဒေါ်ပန်းငုံ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားမိ၏။ ခင်ပွန်းဖြစ်သူနောက် ခိုးရာလိုက်ခဲ့ပြီး ကလေးနှစ်ယောက်ရလာသည့်အချိန်မှာ နဂိုသူဌေးသမီးမို့ ဆင်းရဲသည့်ဒဏ်ကို ဘယ်လိုမှ ခံနိုင်ရည်မရှိပဲ မိဘအိမ်ပြန်လာခဲ့သည်။ ခင်ပွန်းဖြစ်သူက လိုက်ခေါ်ဖျောင်းဖျပေမယ့် သမီးငယ်လေးကိုသာ ခေါ်ထားခဲ့သလို သားကြီးက လုံးဝ ပြန်မလိုက်ခဲ့သလို မိမိကိုပါ စိတ်နာခဲ့သည်။ 

" ပြန်ပါတော့..... ကျွန်တော့် အိမ်က သူဌေးတွေကို မကြိုဆိုဘူး။ မေမေက သူဌေးသမီးလေ အဟင်းးးးတော်ကြာ "

ခပ်လှောင်လှောင် ခနဲ့လာသည့် စကားတွေက ထပ်ထွက်လာတော့မည်မို့ ဒေါ်ပန်းငုံ ကမန်းကတန်း လက်ကာပြလိုက်ရသည်။ ဂမုန်းနွယ်ဆိုသည့် မိန်းကလေးကို တစ်ချက်မကျေမနပ် ငေးစိုက်ကြည့်ရင်း တပ်ခေါက်ပြန်ခဲ့ရပေမယ့် ဒီမိန်းကလေးပုံစံက စိတ်ထဲ အေးအေးလေးဟုသာ ထင်နေမိ၏။

တံခွန်သွေး မေမေပြန်သွားသည်နှင့် သူ့အနားကပ်လာရင်း မေးလာသည့် မုန်း ၏ မေးခွန်းကြောင့်.....

" အဲ့ဒါ မောင့်မေမေလားဟင်။ "

" ဟုတ်တယ်.,....ခင်ဗျား နဲ့ ကျုပ် စားရင်းရှင်းစရာတွေ ရှိသေးတယ် လာခဲ့။ "

ဆတ်ခနဲ မုန်းလက်ကို ဆောင့်ဆွဲရင်း အိမ်ခန်းထဲ ခေါ်လာခဲ့ကာ အိပ်ယာထက် ဖိထိုင်ချစေလိုက်တာမို့ မုန်း ကိုယ်လေးက အိပ်ယာထက်ထိုင်ကျသွားရင်း မလဲကျစေရန် ကပျာကယာ လက်လေးဖြင့် ဖမ်းထောက်လိုက်ရသည်။

ထို့နောက်.,.......။

@@@@@@@@@@@@

တံခွန်သွေး အခန်းထဲမှ တလှမ်းချင်းဘေးနံရံတွေကို ဖမ်းကိုင်ကာ ထွက်လာသည့် မုန်းကြောင့် ဖုန်းပြောနေရာမှ လှမ်းကြည့်နေခြင်းပင်။ 

" အမေ့......"

ခလုတ်လေးတိုက်လိုက် နားလေးစွင့်ကာ ခြေဖျားလေးဖြင့် စမ်းလိုက်နှင့် လျှောက်လာပုံက သူတစ်ယောက်လုံး ရှိနေတာသိတောင် အကူအညီ လှမ်းမတောင်း။ 

! ဂျွတ်!

! ဝုန်းးး!

" အားးးးအ !!"

" ကျစ်! ....."

ကြမ်းပေါက်ကျွံကျသွားပြီး မျက်နှာလေးမဲ့ရှုံ့ကာ ညီည်းညူနေတာမို့ တံခွန်သွေး ကျစ်ခနဲစုပ်သပ်ကာ ကပျာကယာ အနားလျှောက်လာခဲ့သည်။ 

" ခင်ဗျားကလေ.....တကယ်အကျိုးဆော့ အကန်းမော့။ နေပါလား အခန်းထဲမှာ......ခင်ဗျားလင်တစ်ယောက်လုံးလဲ ငုပ်တုပ်ရှိနေတာ အကူအညီတောင်းလို့ရတယ်......အ ပါ အ သွားသလားပဲ။ "

လက်မောင်းရင်းလေးမှ ဆွဲထူကာ ကျွံဝင်နေသည့် ခြေထောက်ကို ဆွဲမထုတ်ပေးလိုက်တော့ ထဘီစလေးပါ ပြဲသွားရုံမက ခြေသလုံးသားဝင်းဝင်းတွင် သစ်သားဖြင့်ခြစ်မိသည့် အစင်းကြောင်းကြီးက သွေးစို့ကာ ထင်းနေသလို အနည်းငယ်ညိုသွား၏။ သူဆူပူသမျှကို ပြန်လဲမပြောပဲ ပေတိပေကတ်လေးဖြင့် ငြိမ်နေတာမို့ အတော်အကြောမာသည့် မိန်းမဟု သူ့မှာသာ အသဲတယားယား။

မုန်း နှုတ်ခမ်းလေးတင်းတင်းစေ့ထားရင်းမှ မောင်ဆွဲခေါ်ရာနောက်ကို ထော့နဲ့ထော့နဲ့လေးဖြင့် ပါလာရသည်။ တကယ်က မုန်းရေအရမ်းချိုးချင်လို့ ထွက်လာခြင်းပေမယ့် မောင့်ကိုမပြောရဲ၍ ကိုယ့်ဘာသာ စမ်းတဝါးဝါး လုပ်ကိုင်မိခြင်းသာ။ မနက်ထဲက မောင်ကိုယ်တိုင်ပဲ မုန်းကို သတိပေးစာ အတိအလင်း ထုတ်ပြန်ခဲ့တာ မဟုတ်လား။

" ကျုပ်ကို လင်မယားဆိုပြီး ပိုင်စိုးပိုင်နင်း ပြုမူတာတွေ ပြောဆိုတာတွေ မလုပ်ပါနဲ့ ။ ပြီးတော့ ကျုပ် နဲ့ ပက်သက်ပြီး မျှော်လင့်တာတွေ မလုပ်စေချင်ဘူး ဂမုန်းနွယ်။ ခင်ဗျား ချစ်သလို ဘယ်တော့မှ ပြန်ချစ်လာမှာ မဟုတ်လို့ပဲ။ လင်မယားဆိုပေမယ့် တတ်နိုင်သမျှ ကျုပ် နဲ့ ကင်းအောင် နေပေးပါ။ ကျုပ်လဲ ခင်ဗျားနဲ့ ခပ်ကင်းကင်းပဲ နေချင်တယ်။ "

ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ကြေငြာခဲ့သည့် မောင့်ကို မုန်းက အဘယ်သို့သော အကူအညီ တောင်းရဲပါ့မလဲ။ မောင်ကိုယ်တိုင်က မုန်း နဲ့ မပက်သက်ချင်ပါဘူးဆိုမှတော့ မောင့်အနားတိုးကပ်ဖို့ဆိုတာ မိန်းမသားအနေနဲ့ မုန်းမှာ သတ္တိမရှိ။ 

" ခင်ဗျားက ဘာထွက်လုပ်တာလဲ။ "

" ဟို......ရေချိုးချင်လို့။ "

တံခွန်သွေး မုန်းထံမှ စကားကြောင့် ခေါင်းလေးငြိမ့်မိသွားရင်း ရေချိုးသည့်နေရာကို လှမ်းကြည့်မိသည်။ ဘေးမှ အကာအရံမရှိပဲ ပေပါတစ်လုံးနှင့် ကျောက်ဖျာတစ်ချပ်သာရှိသည်မို့ အကုန်ဟာလာဟင်းလင်းပင်။ သူမခြေသလုံးလေးကို ဖိကိုင်ကာ မျက်နှာလေးမဲ့ရှူံ့နေသည့် မုန်းပုံစံလေးကို တစ်ချက်ကြည့်မိရင်း နောက်ဆုံး သူပဲ သက်ပြင်းချမိကာ........

" တောက်! မိန်းမတစ်ယောက်ယူမိပါတယ် သူတို့အလုပ်တွေကြီးပဲ။ "

ဒေါသတကြီး တောက်ထခေါက်သံကြောင့် မုန်း အလန့်တကြားလေး ဖြစ်သွားရသလို စိတ်မရှည်စွာ အခန်းအပြင် ပြန်ထွက်သွားသည့် အသံကိုလဲ အတိုင်းသား ကြားနေရသည်။ မုန်းကိုဆို အမြဲငြူစူနေသည့် မောင့်ကြောင့် စိတ်မကောင်းဖြစ်ရသည်မှာလဲ ရင်နှင့်အမျှဖြစ်သလို ကိုယ့်အခြေအနေကိုယ်လဲ အားမရ ဝမ်းနည်းမဆုံး။

-------------------------

အဖြူရောင်သုံးထပ်တိုက်ကြီးရှေ့ ထိုးရပ်လာသည့် ကားပေါ်ကနေ ဆင်းလာသည့် တံခွန်သွေး ကို မြင်တော့ မိဝါက ပြေးထွက်လာရင်းမှ.....

" အကိုလေး ပြန်လာပြီ ကြီးမေရေ......"

ကားတံခါးကိုဆွဲဖွင့်ကာ ကားပေါ်အခုထိ ထိုင်နေသည့် မုန်းအား ဆွဲခေါ်လိုက်ရင်းမှ....

" ဒါ နင်တို့မမလေးပဲ.....အခန်းဆီ ခေါ်သွား ။ လိုတာ အကုန်လုပ်ပေးလိုက်......ငါ အလုပ်ပြန်သွားစရာရှိတယ်။ "

မုန်းကို မိဝါက အသာအယာဆွဲခေါ်သွားမှ သူ ကားပေါ်ပြန်တက်လာရင်း မြတ်သူတို့ဆီ ထွက်လာခဲ့သည်။ ကားဝပ်ရှော့ဖွင့်ထားတာ စပ်တူပေမယ့် မြတ်သူက အမြဲဦးစီးပေး၍သာ အခြားအလုပ်တွေ သူဇောက်ချလုပ်နိုင်ခြင်းပင်။ ဝပ်ရှော့ရောက်တော့လဲ အကျိုးအကြောင်း သိရသည့်အခါ မြတ်သူက သူ့အား ဟားတိုက်လှောင်တော့၏။

" တံခွန်သွေး......တံခွန်သွေး ပြောတော့ဖြင့် ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့။ အခုကျ မင်းနှိပ်စက်ဖို့ဆိုပြီး ဝယ်ထားတဲ့အိမ်စုတ်ကြီးမှာ နှစ်ရက်ပဲ နေရသေးတယ်လေကွာ။ "

မှုန်ကုပ်နေသည့် သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း မြတ်သူ ပြုံးစိစိဖြင့် ရယ်တာ အတောမသတ်နိုင်ပေ။ ခွန်သွေး နဲ့က သူငယ်ချင်းအရင်းကြီးတွေမို့ တစ်ယောက်စိတ်ကိုတစ်ယောက် ထုတ်ပြောစရာမလိုအောင် သိကြသည်။ ဂမုန်းနွယ်ကို ချစ်ပါလျက်နှင့် အလကား လွယ်တာ ခက်ချင် နေသည့်ကောင်။ ချစ်ဖူးငုံ သေတာ ဂမုန်းနွယ်၏ ပယောဂ ပေမယ့် ထိုအရာကိုပဲ လက်မခံနိုင် ဖြစ်နေခြင်းဟာနှစ်ယောက်လုံး နာကြင်ရရုံ ကလွဲလို့ မရှိ။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 5

Author - အနမ်းခြွေ

#lotaya_shortstory


#မျက်နှာ
#အခန်း
#လက်မ
#အနာ
#လောက

Some text some message..