
အိမ်၏ မီးဖိုခန်းလေးထဲတွင် ချက်ပြုတ်ရန် ပြင်ဆင်နေကြသည့် မိဝါ နှင့် ကြီးမေ က သူ့အလုပ်နဲ့ သူ ရှုပ်နေကြသလို မုန်းက အနားတွင် ခုံလေးပေါ် ထိုင်ကာ မိဝါ နဲ့ စကားပြောနေခြင်းပင်။ မောင်က ဝပ်ရှော့သွားသလို ပြန်မလာသေးကာ ခါတိုင်းလဲ ညမိုးချုပ်မှ ပြန်လာ၍ ရေမိုးချိုး သူ့ဘာသာသူ ထမင်းစားပြီး အလုပ်လုပ်နေတတ်တာမို့ မုန်း နဲ့ မောင်ဟာ စကားဟက်ဟက်ပက်ပက် သိပ်မပြောဖြစ်ပဲ အိမ်ထောင်ရေးက စိမ်းသက်လှသည်။
" မမလေး ဘာစားချင်လဲဟင်။ ဘာထပ်ချက်ပေးရမလဲ။ "
" မုန်း က ရပါတယ်....ခုတလော မောင် ထမင်းစားသိပ်မကောင်းသလိုပဲ။ မောင်ကြိုက်တာလေးတွေသာ သေချာချက်ပေးနော်။ "
မုန်းစကားကြောင့် မိဝါက မျက်စလေးပင့်မိသွားရင်း တအံ့တသြ။
" မမလေးက အကိုလေး ထမင်းစားမကောင်းတာ ဘယ်လိုသိလဲဟင်။ "
မုန်း သဘောကျစွာ ပြုံးမိသွားသလို ကြီးမေကလဲ ထရယ်သည်။ မုန်းက မောင့်ကို သိပ်ချစ်တော့ အရာရာ သတိထားပြီး လိုက်အကဲခတ်ရသည်။ မောင် ထမင်းစားကောင်းလျှင် ထမင်းထပ်ထည့်ခိုင်းတတ်သည် မဟုတ်လား။
" မမလေး နဲ့ အကိုလေးက တကယ်လိုက်တယ် သိလား.....အရင်ကဆိုလေ အကိုလေးကို လာပြီးချိန်နေတဲ့ ကောင်မလေးတွေ အစ်မကြီးတွေလဲ ရှိတယ်....မမလေးလောက်လှတာ တစ်ယောက်မှ မရှိဘူး။ "
" ဟဲ့......မိဝါ.....ဘာတွေလျှောက်ပြောနေတာလဲ။ "
ကြီးမေ၏ လှမ်းဟန့်သံကြားမှ မိဝါက အယ်တော့ဆိုပြီး အာမေဋိတ်သံလေး ထွက်လာသည်။ မုန်းနဲ့ မောင် စကားများမှာ စိုးရိမ်ကြတာပေမယ့် မုန်းမှာ မောင့်ကို စိတ်ဆိုးစိတ်ကောက်ပိုင်ခွင့် မရှိတာ ကြီးမေတို့က သိကြသေးပုံမပေါ်ပါ။
" ရပါတယ် ကြီးမေရယ်.....မုန်း စိတ်ထဲမထားပါဘူး။ ဒါနဲ့လေ မောင်က သူ့ညီမကို သိပ်ချစ်တာပဲလားဟင်။ "
သိချင်လွန်းတာမို့ မနေနိုင်စွာ ထုတ်မေးမိတော့ ကြီးမေက သက်ပြင်းချလာသည်။ပြီးမှ မုန်းအနား လာဝင်ထိုင်ကာ.....
" မောင်ခွန်သွေးက မာနအရမ်းကြီးတာ သမီးရဲ့။ သူ့အမေကိုလဲ သူက ငွေမက်တယ်ဆိုပြီး သိပ်မုန်းတာ......ဒါပေမယ့် ချစ်ဖူးငုံလေးကိုတော့သူကသိပ်ချစ်သိပ်အလိုလိုက်တာ။မောင်နှမနှစ်ယောက်မှာ ဖူးငုံက ကလေးဆန်တယ်......သူ့အမေဆီမှာ နေပေမယ့် သူ့အကိုဆီ အမြဲလာတယ် ။ မောင်ခွန်သွေး နိုင်ငံခြား မသွားခင်အထိပဲ။ မောင်ခွန်သွေး အဖေဆုံးတော့မှ မောင်ခွန်သွေးက နိုင်ငံခြား ထွက်သွားတာ။ အဲ့တုန်းက ဆယ်တန်းအောင်ခါစပဲ ရှိသေးတယ်။ "
" မောင်က အလုပ်လုပ်တာတော့ တော်တယ်ထင်တယ်နော်။ "
"ဘဝနာတယ်လေ သမီးရယ်။ ဟိုမှာ ဘယ်လောက်အလုပ်ကြိုးစားပြီး ငွေစုသလဲတော့ မသိဘူး ပြန်လာတာနဲ့ သူ့သူငယ်ချင်းတွေနဲ့ပေါင်းပြီးဝပ်ရှော့ထောင်တာပဲ။ကိုယ်တိုင်လဲဝင်ပြင်တယ်......အဲ့ကနေတစ်စတစ်စဒီအခြေအနေဖြစ် လာ တာ။ မပန်းငုံရဲ့ အမွေတွေကိုလဲ လက်မခံဘူး။ "
" မောင်ကတော်လိုက်တာ....."
မုန်းမောင့်ကိုတကယ်အထင်ကြီးသလိုလေးစားမိတာလဲအမှန်ပင်။မောင်အသည်းအသန်ကြိုးစားကာစီးပွားရေးတွေ လုပ်နေ သည့် အချိန်မှာ မုန်းက အခုထိ စီးပွားရေးနဲ့ပက်သက်တာ ဘာဆိုဘာမှ နားမလည်။
" သမီးနဲ့ လက်ထပ်တော့ ကြီးမေတို့က အံ့သြနေတာ။ မောင်ခွန်သွေးမှာ ရည်းစားမရှိဘူး ထင်နေတာလေ.....ရုတ်တရက်ကြီး ကျွန်တော့်ချစ်သူနဲ့ လက်ထပ်တော့မယ်ဆိုတော့ မြင်ဖူးချင်တာ ပြောမနေနဲ့။ "
ထပ်ပြီး အံ့သြရသည်က မုန်းပင်။ တော်သေးတာပေါ့...... ကျုပ်ညီမ ကို သတ်တဲ့မိန်းမကို လက်စားချေဖို့ ယူမယ်လို့ မပြောတာပဲ ကျေးဇူးတင်ရမလိုပင်။
! တီ တီ တီ!
ကားဟွန်းတီးသံနဲ့အတူ ကားတံခါးပိတ်သံကြောင့် မုန်းကိုယ်လေး ဆတ်ခနဲ ဖြစ်သွားရသည်။ စောသေးတာမို့ မောင်ပြန်လာတာ အကုန် အံ့သြနေကြကာ တစ်ခါမှ ဒီလိုအချိန် ပြန်မလာဖူးဘူး မဟုတ်လား။
တံခွန်သွေး အိမ်ထဲဝင်လာသည်နှင့် မီးဖိုခန်းထဲမှ ထွက်လာသည့် မုန်းကို လှမ်းမြင်လိုက်ရသလို အနားမှာလဲ မိဝါက ကူတွဲရင်း ပါလာသည်။
" မောင် ပြန်လာတာ စောတယ်နော်။ "
" ကျုပ်အိမ်ကျုပ်ပြန်လာတာပဲ...စောစောပြန်လာလို့ မရဘူးလား။ "
" ဟင်....မဟုတ်ပါဘူး မောင်ရယ် မုန်းက...."
ပြန်ဖြေရှင်းသည့် စကားမဆုံးခင်မှာပင် အပေါ်ထပ်တက်သွားသည့် ခြေသံကို ကြားလိုက်ရသည်။ အမြဲတမ်း မုန်းဘာပြောပြော အကောင်းမမြင်တာမို့ စိတ်မကောင်း ဖြစ်မိပေမယ့် မောင်နဲ့ပက်သက်ပြီး လျစ်လျူရှုမနေနိုင်တာလဲ မုန်း၏ စိတ်ပင်။
တံခွန်သွေး အခန်းထဲဝင်လာကာ အိပ်ယာထက်လှဲအိပ်ချရင်း ခေါင်းတွေထိုးနေတာမို့ စိတ်က နေရင်းထိုင်ရင်းကို တိုနေ၍ ဒေါသတွေပဲ လှိမ့်ထွက်နေသည်။ နေမကောင်းတာမို့ စောစောပြန်လာခြင်းကို သူမကိုမြင်တော့ ဒေါသက ပိုထွက်ရ၏။
" မောင်......ဘာဖြစ်လာတာလဲဟင်။ နေမကောင်းဘူးလား။ "
နဖူးပေါ်ရောက်လာသည့် လက်ဖဝါးလေးနှင့် နူးညံ့သော အသံကြောင့် မျက်စိမှိတ်ထားရာမှ သူ မျက်လုံးဖွင့်ကြည့်မိသွား၏။ ဘယ်အချိန်နောက်ကလိုက်လာပြီး ဝင်လာလဲမသိ ခုတင်အနားလာရပ်ကာ ခါးလေးကိုင်း၍ ကိုယ်ပူမပူလာစမ်းသပ်နေသည်။
"ကိုယ်လေးနွေးနေတာပဲ.....တောင်းပန်ပါတယ် မောင်ရယ်။ မုန်းက မောင် နေမကောင်းတာ မသိလို့ပါ......မောင် ဘာစားပြီးပြီလဲဟင်။ "
" မစားတော့ဘူး.....ကျုပ် အိပ်တော့မယ်။ "
" မိဝါရေ.....မိဝါ မောင်စားဖို့ တစ်ခုခု ယူခဲ့ပါဦး။ "
မစားဖူးပြောလဲမရပဲ မိဝါယူလာသည့် ကိတ်မုန့်နဲ့ကော်ဖီကို အတင်းကျွေးကာ သူ့အား ဆေးတိုက်သလို ခေါင်းအရမ်းထိုးနေတာမို့ သူလဲ ရန်မဖြစ်အားပဲ သောက်ကာ အိပ်ရန်ပြင်၏။ သူ့အနားထိုင်ကာ နားထင်အား ခပ်ဖွဖွလေး နှိပ်ပေးနေတာမို့ အနည်းငယ်သက်သာသလိုရှိကာ တခဏအတွင်း အိပ်ပျော်သွားရ၏။
မုန်းအိပ်မောကျနေသည့်မောင့်လက်ကိုအသာဆုပ်ကိုင်ထားရင်းကိုယ်တွေပူနေတာမို့ ရေပက်တိုက် ပေးရန် ပြင်ဆင် ရသည်။ မိဝါက ကူညီပေး ပေမယ့် မောင်နဲ့ပက်သက်လျှင် မုန်းက ကိုယ်တိုင် ကိုယ်ကျ ပြုစု လုပ်ကိုင် ပေးချင်သည်။
" မုန်း......အဟင်းးးးမုန်း မောင် ချမ်းတယ်။ "
အိပ်ပျော်နေရာမှ ငြီးငြူသံကြောင့် မုန်း ကမန်းကတန်း ကုန်းထကာ စောင်လိုက်စမ်းရင်း မောင့်ကိုယ်ပေါ် သေချာခြုံပေးထားလိုက်သည်။ မုန်း၏ လက်တစ်ဖက်ကို မလွှတ်တမ်းကိုင်ထားကာ ညည်းညူနေသည့် မောင့်ပုံစံဟာ ခုချိန်ကျ ကလေးပမာပင်။
@@@@@@@@@@@
အိပ်ယာထက်ငုတ်တုတ်ထိုင်ရင်းဆန်ပြုတ်သောက်နေပေမယ့် သူ့အနားထိုင်ကာ အသံကိုနားစွင့်နေသည့် မုန်းပုံစံက တကယ် စိတ်ပူနေတာ သိသာသည်။ ညကလဲ သူ့ကြောင့် သူမ ကောင်းကောင်းမအိပ်ရတာ သူသိသည်။
" ခင်ဗျား ထမင်းသွားစားလေ....။ "
" မောင် ဆေးသောက်ပြီး ခဏလှဲနေလေ။ အဲ့တော့မှပဲ မုန်း စားလိုက်မယ်။ "
" ကျုပ်ဘာသာ သောက်လိုက်ပါ့မယ်.....ခင်ဗျား သွားစားစမ်းပါ။ "
မုန်း သက်ပြင်းလေးချမိရင်း ခေါင်း ခါယမ်းပြမိသည်။ မုန်း တကယ် မောင့်ကို စိတ်မချပါ။
" မောင် နေရတာ ဘယ်လိုနေလဲဟင်။ သက်သာရဲ့လား။ "
" မသေသေးဘူး......ရပြီလား။ "
ဘုတောလာသည့် စကားကြောင့် မုန်း မျက်နှာလေးငယ်ကျသွားကာ စိတ်မကောင်းဖြစ်သွားရသည်။ မောင်ဟာလေ မုန်းကို ဘယ်တော့များမှ အကောင်းမြင်နိုင်မလဲ မသိ။
တူ တူ တူ
ဖုန်းမြည်သံကြောင့် တံခွန်သွေး ဖုန်းကို လှမ်းယူလိုက်သည်။ မြတ်သူဆီမှ ဖြစ်ကာ မြေကွက်အရောင်းအဝယ်ကိစ္စမှာ ပြဿနာတက်နေသည်ဆိုတာမို့ မနားနိုင်ပဲ လိုက်သွားရန်ပြင်ရ၏။ အိပ်ယာထက်မှ ဆင်းကာ ဗီရိုထဲရှိ ဂျာကင်တစ်ထည်ကို ထပ်ဝတ်လိုက်တော့ မုန်းက အိပ်ယာထက်မှ လိုက်ဆင်းလာကာ သူ့ကို လှမ်းဆွဲလာသည်။
" မောင်......မောင် ဘယ်သွားမလို့လဲ။ နေမကောင်းဘူးလေ။ "
မုန်းကို အဖက်လုပ်၍ပင် ပြန်မဖြေပဲ မုန်းဆွဲထားသည့်လက်ကို ဖယ်ချ၍ အခန်းထဲမှ ထွက်သွားသည့် မောင့်ပုံစံက အလောတကြီး။ မုန်းမှာသာ စိုးရိမ်တကြီး ကျန်နေခဲ့သလို စေတနာရော မေတ္တာပါ အသိအမှတ်ပြုမခံရတော့ ရင်ထဲ ထိခိုက်စွာ မျက်ရည်စလေးတွေ အဝဲသား။
တံခွန်သွေး လက်မှနာရီကို ကြည့်မိတော့ ညရှစ်နာရီရှိနေပြီဖြစ်ကာ ပတ်ဝန်းကျင်ပင် မှောင်မဲနေပြီ ဖြစ်၏။ ကားကို ခြံထဲကွေ့ဝင်လာသည်နှင့် အိမ်ပေါက်ဝလေးတွင် ငုပ်တုပ်လေးထိုင်စောင့်နေသည့် မုန်းကို လှမ်းမြင်လိုက်ရသဖြင့် ပြုံးမိသွား၏။ ကားပေါ်မှ ဆင်းလိုက်ရင်း.....
" ခင်ဗျားက အိမ်ပေါက်ဝမှာ ဘာထိုင်လုပ်နေတာလဲ။ "
မေးတတ်လိုက်သည့် ဖြစ်ခြင်းမှာ မုန်း ပင် ဘာပြန်ဖြေရမှန်းမသိ။ နေမကောင်းပါလျက်နှင့် အလုပ်ဇောကပ်ကာ ထွက်သွားတာ တစ်နေကုန်သလို ဖုန်းဆက်တော့လဲ မကိုင်သဖြင့် မုန်းမှာ ဘယ်လောက်စိတ်ပူရသလဲ။
" မောင်ပဲ နေမကောင်းလျက်နဲ့ အပြင်ထွက်သွားပြီးတော့.....ဖုန်းလဲမကိုင်တော့ မုန်းက စိတ်ပူနေတာ။ "
တံခွန်သွေး အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်မိတော့ ခေါ်ထားသည့် အကြိမ်အရေအတွက်က မနည်းမနောမို့ မုန်းကို ရှုတည်တည် ပြန်ကြည့်မိသွားသည်။ ဆံနွယ်တွေကို ဆံညှပ်ကြီးဖြင့် ညှပ်ကာ အိမ်နေရင်း ဂါဝန်အရှည်ပန်းရောင်လေးဖြင့် ဘာမှခြယ်သထားခြင်း မရှိတောင် မျက်နှာလေးက ဝင်းနေ၏။
"အပြင်သွားရင် ဖုန်းတဂျီဂျီမဆက်စမ်းပါနဲ့......ကျုပ်က ကလေးလဲမဟုတ်ဘူး။ အလကား စိတ်ရှုပ်တယ်။ "
မုန်း နှုတ်ခမ်းလေးက မဲ့သွားမိပေမယ့် မျက်နှာလေးကတော့ အားတင်းကာ ပြုံးထားလိုက်သည်။ ဘေးမှာ မိဝါလဲ ကူစောင့်ပေးနေတာမို့ အပြောခံရသည့်အခါ မုန်းလဲ ရှက်မိပါသည်။ လျစ်လျူမရှုနိုင်သည့် မုန်းအပြစ်သာမို့ မောင့်အပြစ်လို့ မုန်း မသတ်မှတ်ပါ။ ကိုယ့်ကို မချစ်သည့်လူကိုမှ ချစ်မိနေသည့် မုန်းရဲ့ ဝဋ်ကြွေးပင်။
တံခွန်သွေး လှေကားမှ တက်လာခဲ့ရင်း မျက်နှာထားက တည်တင်းနေပေမယ့် ရင်ထဲက ဘာကို မကောင်းလို့မကောင်းမှန်းမသိပဲ စိတ်ထိခိုက်နေရသည်။ ဖုန်းက ကားထဲမှာ ကျန်ခဲ့တာမို့ မုန်း ဖုန်းဆက်တာ သူမသိခြင်းဖြစ်သလို ပါးစပ်က ထုံးစံအတိုင်း အပြစ်ပြောပေမယ့် မုန်း ထိုကဲ့သို့ ဂရုစိုက်သည်ကို သူသဘောကျသည်။
ခက်သည်က ကိုယ့်စိတ်ကိုယ် ပြန်မဆန်းစစ်မိသလို သဘောကျလို့ကျမှန်းတောင် သူ့ကိုယ်သူမသိ။ မုန်းမှာသာ သူ့ဆီမှ အပြောအဆိုခံရတိုင်း မျက်ရည်လေး တစမ်းစမ်းဖြင့် ခံစားနာကျင်ရမြဲပင်။
----------------------
တံခွန်သွေး အိပ်ယာထက်လှဲအိပ်နေရင်း သူ့အနားလှဲအိပ်နေသည့် မုန်းဆီမှ လက်ဖဝါးလေးဖြင့် သူ့နဖူးကိုလာစမ်းနေတာမို့.....
" ဘာလဲ....."
" မောင် အိပ်မရဘူးလား.......လူးလှိမ့်နေတာပဲလေ။ အဖျားများ ပြန်တက်နေသလားလို့။ "
" ကျုပ် ခေါင်းထိုးနေလို့ပါ......တစ်နေ့ကလို နှိပ်ပေးပါလား။ "
ဟိုတနေ့က မုန်း သူ့နားထင်ကို ဖွဖွလေးနှိပ်ပေးတာ သက်သာသည်မို့ သူ သတိတရပြောမိခြင်းပင်။ သူ နှစ်ခါပြောစရာမလိုပဲ မုန်းက အိပ်နေရာမှ လူးလဲထလာကာ တင်ပျဥ်ခွေလေးထိုင်တော့ သူ မုန်းပေါင်ပေါ် ခေါင်းလေးတင်လိုက်မိ၏။
မုန်း ပြုံးမိသွားသလို မောင့်ဆံပင်တိုတိုတွေကို ထိုးဖွကာ နားထင်ကို အသာနှိပ်ပေးနေရင်း ဘုရားစာလေးပါ ခပ်တိုးတိုး ရွတ်ပေးနေ၏။ မောင်ဟာ မုန်းထက်ငယ်တာမို့ ကလေးဆန်တဲ့စိတ် ဂျစ်တိုက်ခြင်းတွေ ရှိပါလိမ့်မည်။ မုန်းက အကြီးမို့ မောင့်ကို သည်းခံရမည်ဟု တွေးသလို ချစ်ရသူကလဲ မုန်းပဲဖြစ်သည်မို့ မောင့်ကို မုန်း နားလည်ပေးနိုင်ဖို့သာ ကြိုးစားမည်။
@@@@@@@@@@
" ကြာရိုး ပြန်ရောက်နေပြီ ခွန်သွေး။ မင်း ဆီလာမယ်ထင်တယ်။ "
မြတ်သူအပြောကြောင့် ခွန်သွေး ဝမ်းသာသွားသလို သူငယ်ချင်းတွေ ပြန်ဆုံရပြီမို့ ထမင်းစားဖိတ်ရန်ပါ တွေးလိုက်၏။ သူ စအလုပ်လုပ်ထဲက တံခွန်သွေး ၊ မြတ်သူ ၊ ကြာရိုးဖြူ နဲ့ ညို လေးယောက်သားဟာ တတွဲတွဲပင်။ သစ်ထူးက အရင်ပြန်လာပြီး သူက ဒုတိယပြန်လာခြင်းမှာ ကြာရိုးဖြူ နဲ့ ညိုက ကျန်နေခဲ့သည်။ ခု ကြာရိုးပြန်လာပြီဆိုတော့ ညိုလဲ မကြာခင်လိုက်လာလိမ့်မည် ထင်သည်။
" ငါ့ဆီ ဖုန်းတော့ မဆက်သေးဘူး။ တစ်ခါလောက် ထမင်းစားဖိတ်ရတာပေါ့ကွာ...."
ခွန်သွေးစကားကြောင့် မြတ်သူက သဘောကျသလို ပြုံးသွားရင်း......
" ဘာလဲ မင်းမိန်းမကို ကြွားမလို့လား......။ "
" အာ......မဟုတ်ပါဘူးကွာ မင်းကလဲ။ "
ရှက်သလို မျက်နှာနီရဲတွတ်သွားသည့် ခွန်သွေးပုံစံကြောင့် မြတ်သူက သဘောကျစွာ တဟားဟား ထရယ်သည်။ တံခွန်သွေးတို့က ပြောလိုက်လျှင် မုန်းသည်ဆိုတာ ပါးစပ်ကမချပေမယ့် မနေ့ကကျ သူ့မိန်းမ စိတ်ပူနေမည်စိုးကာ အမြန်ပြန်ဖို့ပြင်၏။
" ဂမုန်းနွယ် နဲ့ မင်း အဆင်ပြေရဲ့လား။ "
" မပြေစရာဘာရှိလဲ......သူ့ကို ဘာအလုပ်မှ ခိုင်းတာမဟုတ်ဘူး။ "
" အလှကြည့်နေတာပေါ့.....ပြောတော့ လက်စားချေမလို့ဆို။ ဘာလဲ ညဖက်ပဲ လက်စားချေတာလား။ "
" ခွေးကောင်.....မင်းအပူလား။ "
အနားရှိ ရေဗူးနဲ့ ကောက်ပေါက်လိုက်ရင်းမှ တံခွန်သွေး ကားသော့ယူကာ အိမ်ပြန်လာခဲ့သည်။ ဒါတောင် ဒင်းက နောက်ကနေ လှမ်းစလို့ မပြီး။
မုန်း ဧည့်ခန်းလေးထဲ မိဝါလက်ကိုဆွဲကိုင်ကာ ဝင်လာရင်းမှ ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ ဧည့်သည်ရောက်နေသည်ဆိုတာမို့ ထွက်လာရပေမယ့် မုန်းအသိထဲမှာ ကြာရိုးဖြူဆိုတဲ့အမည်မှ မရှိပဲ။
" ဟို.....ဘာကိစ္စရှိလို့လဲရှင်။ "
" အစ်မက ဘယ်သူလဲဟင်.....ကြာရိုးက သွေးဆီလာတာပါ။ သွေးမှာ ညီမလေးပဲ ရှိတာပါ.....အစ်မ မရှိပါဘူး။ "
သွေးဆိုတာ မောင့်ကိုပြောပုံရကာ မောင့်မိတ်ဆွေဖြစ်ပုံရတာမို့ မုန်း ဧည့်ခံရမှာ ဝန်လေးမိသွားသည်။ တစ်ခုခု အမှားလုပ်မိမှာ စိုးရိမ်သလို မောင် မကြိုက်မှာလဲ မုန်းစိတ်ပူသည်။ မောင့်လုပ်ငန်း မိတ်ဆွေဆို ပိုသတိထားစရာ မဟုတ်လား။
" မမလေးက အစ်ကိုလေးရဲ့ ဇနီးပါ။ "
ဇနီးဆိုတာမို့ ကြာရိုး အံ့သြတကြီး ဖြစ်သွားရသလို အရှေ့က မိန်းမကို မနာလိုစွာ ငေးခနဲ စူးစိုက်ကြည့်မိ၏။ သွေး လက်ထပ်လိုက်တာ ဘာလို့ ကြာရိုး မသိလိုက်ရသည်လဲ။
" မဖြစ်နိူင်တာ......သွေးမှာ ချစ်သူမရှိပါဘူး။ ပြီးတော့ ကြာရိုး မသိအောင် သွေးက လက်ထပ်တယ် ဟုတ်လား......."
" ဟာ!......ကြာရိုး....နင်ရောက်နေတာလား။ ".
အသံနဲ့အတူ ဧည့်ခန်းထဲဝင်လာသည့် သွေးကို မြင်တော့ ကြာရိုးထိုင်နေရာမှ ထကာ တံခွန်သွေးဆီ လျှောက်သွားရင်း လက်မောင်းကို ဖွဖွပိတ်ထုပစ်၏။
" ကောင်စုတ်.....နင် လက်ထပ်လိုက်ပြီဆို။ ကြာရိုးကို အသိမပေးပဲ.....နင် လုပ်ရက်လိုက်တာ.....သွား သွား နင့်ကို ငါ မခေါ်တော့ဘူး သိလား....အဟင့်.....ဟင့်။ "
" ဟာ!....ဟဲ့ မငိုနဲ့လေ ဒုက္ခပါပဲ ကြာရိုးရာ။ "
ကြားနေရသည့် အသံတွေအရ မုန်း ရင်ထဲ ထိခိုက်စွာ သိမ်ငယ်လာရသည်။ မျက်စိမမြင်ရပေမယ့် ဘယ်လိုအခြေအနေဆိုတာ မုန်း ခန့်မှန်းမိနေသည်။ ပြီးတော့ ငိုနေသည့် ကြာရိုးဖြူဆိုသော မိန်းကလေးကို မောင်က ချော့မော့ရင်း အိမ်ပြင်ထွက်သွားကြပုံရတာ ပိုစိတ်ထိခိုက်ရသည်။
မုန်း ငိုတုန်းက မောင်ငဲ့တောင် မကြည့်ခဲ့ဘူးနော်။
မုန်း စိတ်မဆိုး ပေမယ့် မောင်ချော့တာ တစ်ခါမှ မခံရဖူးပါ။ မုန်းစိတ်ထဲ ထိုမိန်းကလေးနဲ့မောင်က နှစ်ယောက်တစ်ကမ္ဘာထင်မှတ်မိကာ မုန်းက မသက်ဆိုင်သည့် သီးခြားကမ္ဘာပေါ်မှာ ရောက်ရှိနေသလို ခံစားနေရသည်။
ဘဝမှာ ပထမဆုံးအကြိမ် အခြားမိန်းကလေးကို အားကျဖူးတာပါ မောင်ရယ်။
ထမင်းစားပွဲမှာနေ့လည်စာအတူစားနေကြပေမယ့်မုန်းကသီးသန့်ဖြစ်နေကာ တံခွန်သွေး ထိုင်လိုက် သည်နှင့် ဘေးခုံတွင် ဝင်ထိုင်လိုက်သည့် ကြာရိုးဖြူ။
"မြန်မာထမင်း၊ဟင်း မစားရတာ ကြာပြီ သွေးရဲ့။ သွေးရဲ့လက်ရာကို လွမ်းနေတာ....သိလား မမမုန်း သွေးက ဟင်းချက်အရမ်းကောင်းတာ။ ဟိုမှာနေတုန်းကဆို ကြာရိုး ဘာစားချင်စားချင် သွေးပဲ ချက်ကျွေးတာ။ "
သြော်.....မောင်က ဟင်းချက်တော်သော ယောကျာ်းပါလား။ မောင့်ဇနီးဖြစ်သည့် မုန်း မသိသလို မောင့်လက်ရာဆိုတာ စိတ်ကူးပင်မယဥ်ရဲဖူးပေမယ့် မောင်ဟာ ကြာရိုးအပေါ်တော့ အနွံတာခံပုံရသည်။ ဟန်ဆောင်ပြုံးထားရပေမယ့် တကယ်တမ်း မုန်း မောင့်ကို စိတ်ဆိုးနေမိပါပြီ။
" သွေး....ငါ့ကို အရိုးနွှင်ပေးဦးလေ။ "
" နင်ကလဲ ကလေးကျနေတာပဲ.....ပေး "
မုန်း ဇွန်း နဲ့ ခက်ရင်းကို ခပ်တင်းတင်း ကိုင်ထားလိုက်မိသလို ဒါတော့ တဆိတ်မောင်လွန်လွန်းသည်ဟု ထင်၏။ စားနေကြသည့် ကြက်သားဟင်းဟာ အရိုးပါတာချင်းအတူတူတောင် မောင့်ဇနီးဖြစ်သည့် မုန်းဟာ မျက်မမြင်ဖြစ်လျက်နဲ့ ဂရုစိုက်မခံရ။ မိန်းမသားချင်းမို့ ကြာရိုးဖြူ၏ စကားအသွားအလာနဲ့တင် မုန်းကို မကြည်ဖြူမှန်း ရိပ်မိပါသည်.။ ပြီးတော့ မောင့်အပေါ် သဘောကျနေတာလဲ အကဲခတ်မိ၏။
" မိဝါ....မုန်း ထမင်းတော်ပြီနော်။ အပေါ်ထပ်လိုက်ပို့ပေးပါ။ "
တံခွန်သွေးနေရာမှထရပ်လိုက်သည့်မုန်းကြောင့်မုန်းစားနေသည့်ထမင်းပန်းကန်ကို တစ်ချက်လှမ်းကြည့် လိုက်မိသည်။ ထမင်းက အရာမယွင်းသလို ထွက်သွားရန်ပြင်နေပြီမို့......
" ပြန်ထိုင်......"
"......."
" ဧည့်သည်ရှိနေတယ်လေ....ဧည့်မခံပဲ ဘာလုပ်တာလဲ။ "
" မင်းဧည့်သည်လေ ငါ့ဧည့်သည်မှ မဟုတ်တာ။ "
" ဂမုန်းနွယ်......."
ထအော်လိုက်သည့် မောင့်အသံက ထမင်းစားခန်းထဲ ဟိန်းထွက်သွားသလို အခြားသူစိမ်းမိန်းကလေးရှေ့ အော်ခံလိုက်ရသဖြင့် မုန်း ရှက်ရွံ့သွားရသည်။ မုန်းပြောတာ ဘာများ မှားနေလို့လဲ။
" ခင်ဗျား စကားကို ဘယ်လိုပြောလိုက်တာလဲ။ ကျုပ်ဧည့်သည်က ခင်ဗျားဧည့်သည်မဟုတ်ဘူးလား.....။ "
" ရပါတယ် သွေးရယ်......ငါ ပြန်လိုက်မယ်လေ။ "
" ဆောရီးပါ ကြာရိုးရယ်.....နောက်မှတွေ့တာပေါ့။ ငါ ကားနားအထိ လိုက်ပို့ပေးမယ်။ "
တံခွန်သွေးကြာရိုးနဲ့အတူထမင်းစားခန်းထဲမှထွက်လာခဲ့သလိုကားအနားအထိ လိုက်ပို့ပေးလိုက်ရသည်။
" နင့်မိန်းမက သဘောထားနုတယ်ထင်တယ်။ ငါ တောင်းပန်ပါတယ်... "
ကြာရိုးစကားကြောင့်တံခွန်သွေးပြာပြာသလဲခေါင်းခါယမ်းလိုက်ရင်းမုန်းကိုအထင်မလွဲစေရန် ရှင်းပြ မိသည်။
" မဟုတ်ပါဘူးဟာ......မုန်းက သဘောကောင်းပါတယ် ။ ပြီးတော့ စိတ်ထားလဲ နူးညံ့တယ်။ "
ကြာရိုးဖြူ ဟန်ဆောင်ပြုံးလိုက်ရပေမယ့် ခွန်သွေး၏ စိတ်ကို လှမ်းမြင်လိုက်ရသည်။ နှုတ်ဆက်ကာ ကားပေါ်တက်လာရင်းမှ ပြန်လာရသည့်တိုင် ရင်ထဲ ဝမ်းနည်းစိတ် ဒေါသစိတ်တွေက မငြိမ်းသောမီးပမာ တမြည့်မြည့်လောင်ကျွမ်းနေရသည်။ခွန်သွေးကိုကြာရိုးဘက်ကဘယ်လောက် ရေလာမြောင်း ပေးလုပ် ခဲ့ရ သလဲ။ အရမ်းသဘောကျခဲ့သလို အခွင့်အရေးတွေရတောင် ခွန်သွေးက မသိဟန်ဆောင်နေခဲ့သည်။ ခုကျ.....မျက်မမြင် ဒုက္ခိတမတစ်ယောက်ကို ဗြုန်းစားကြီး လက်ထပ်လိုက်သည်တဲ့လား။
! ဒုန်း!
" ဂမုန်းနွယ်.....ခင်ဗျား စောနက ဘာအချိုးချိုးတာလဲ ။ "
အခန်းတံခါးကို ဆောင့်တွန်းဖွင့်သံနဲ့အတူ ဒေါသတကြီး ဝင်လာ၍ ပြောဆိုနေသည့် မောင်။ အိပ်ယာထက်မှ ကြမ်းပြင်ပေါ် ခြေထောက်လေးချကာ ထိုင်နေရင်း မုန်း ခပ်မဲ့မဲ့လေး ပြုံးမိသွားသလို တံခွန်သွေးကလဲ ထိုခနဲ့တဲ့တဲ့အပြုံးကို မြင်ဖြစ်အောင် မြင်သည်။
" ခင်ဗျား အပြုံးက ဘာလဲ....ခင်ဗျား လုပ်ပုံမဟုတ်ဘူးနော် ဂမုန်းနွယ်။ "
" ဒါဆို မောင်လုပ်ပုံက မှန်တယ်ပေါ့။ "
" ဟ! ...ကျုပ်က ဘာလုပ်နေလို့လဲ ။ "
"ဒါတော့မောင်အသိဆုံးနေမှာပေါ့။ကိုယ့်မိန်းမတစ်ယောက်လုံးရှေ့ထားပြီး ဘယ်က ဘယ်လို ရောက် လာမှန်း မသိတဲ့ အနေအထိုင်မတတ်မိန်းမနဲ့ နှစ်ယောက်တကမ္ဘာတည်ဆောက်နေတာ ဘယ်သူလဲ။ "
သဝန်တိုလာတော့ အရင်လို သည်းခံမနေပဲ မုန်းကလဲ ရန်တွေ့သည်။ တံခွန်သွေး ဟားခနဲ ဖြစ်သွားရရင်း မုန်းအနား တမဟုတ်ချင်းရောက်လာသလို မုန်းလက်ကိုဆောင့်ဆွဲပစ်၏။
" ခင်ဗျား စကားက ဘာလဲ....ကျုပ် သိက္ခာကို မစော်ကားနဲ့ ဂမုန်းနွယ်။ သဘောထားအဲ့လောက် မသေးသိမ်စမ်းပါနဲ့။ ကြာရိုး နဲ့ ကျုပ်က အရင်ထဲက ခင်လာကြတဲ့သူငယ်ချင်းတွေ.....မရိုးသားမှတော့ ခင်ဗျားရှေ့ နေမလား.....ကျုပ်တစ်ခါထဲ ဟိုတယ်ခေါ်သွားလိုက်မှာပေါ့။ ခင်ဗျား သိထားဖို့က ကျုပ်သာ သူ့ကိုကြိုက်ရင် အစောထဲက ရည်းစားဖြစ်နေပြီ။ အခု ကျုပ်မိန်းမက ခင်ဗျား....သဝန်တိုတာတွေ အူတိုတာတွေ မလုပ်နဲ့ ကျုပ်မကြိုက်ဘူး။ "
သူ့အပြစ်မရှိသည့် မောင်ဟာမုန်း၏စိတ်ကိုနားမလည်နိုင်ပါ။ မုန်းကသဘောထားသေး သိမ်သည်တဲ့..... မောင်က ချစ်မှမချစ်တတ်ပဲ ဘယ်ကိုယ်ချင်းစာတတ်လိမ့်မလဲလေ။ တဆတ်ဆတ်တုန်ယင်နေသည့် အောက်နှုတ်ခမ်းလေးကို ဖိကိုက်မိရင်းမှ ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်စတွေက မုန်း၏ အရှူံးကို လှောင်ပြောင်နေသည်။
" ဒါတွေအားလုံးက မုန်း မင်းကို ချစ်လို့လေ.... မင်း ငါ့နေရာကို တွေးကြည့်ပေးဖူးလား။ "
" တွေးကြည့်ရအောင် ကျုပ်မှ ခင်ဗျားကို မချစ်ပဲ။ "
ကြည့်စမ်း......အနိူင်ပိုင်းပစ်လိုက်သည့်စကားက တကယ်ကို ပြောထွက်ရက်နိုင်လွန်းသည်။ မုန်း၏ လက်ကို ကိုင်ထားရာမှ ဆောင့်တွန်းလွှတ်လိုက်တော့ အိပ်ယာပေါ် မုန်းကိုယ်လေးက လဲကျသွားရသည်။
" ကျုပ် ဒီည ဝပ်ရှော့မှာပဲ အိပ်မယ်။ "
တံခွန်သွေး အခန်းထဲမှ ထွက်လာရင်း လှေကားမှ ဆင်းလာကာ ကားအနားရောက်သည်နှင့် ကားဘီးကို ဒေါသတကြီး ခြေထောက်ဖြင့် ပိတ်ကန်ပစ်မိသည်။ အလကား မိန်းမ......ရိုက်သတ်ပစ်ဖို့ပဲ ကောင်းတယ်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 6
Author - အနမ်းခြွေ
#lotaya_shortstory