
" ဘာ.......ဘယ်သွားတယ်။ ".
" ဟို.....အိမ်ပြန်တယ်ပြောပါတယ် အကိုလေး။ "
" ဟ!...သူ့အိမ်က ဒီအိမ်လေ။ ကြီးမေ....ကြီးမေကလဲ ကျွန်တော့်ကို ဖုန်းဆက်မှပေါ့....တောက်! "
တံခွန်သွေး ၏ ဒေါသကြောင့် ကြီးမေရော မိဝါပါ ငြိမ်နေကြသလို ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည့် တံခွန်သွေးပုံစံက မကျေနပ်ခြင်းတို့ အတိုင်းသား။ ညက ဝပ်ရှော့မှာ အိပ်လိုက်ကာ မနက်စောစော အိမ်ပြန်လာတော့ သူမကလဲ မနေ့ညနေကပင် သူမအိမ်ပြန်သွားကာ ဟိုမှာ ညအိပ်၍ ခုထိ ပြန်မလာ။
ဂမုန်းနွယ်.......ဂမုန်းနွယ် တော်တော် စိတ်တိုအောင်လုပ်တဲ့ မိန်းမ။ သူအပြင်မှာ ညအိပ်လို့ သူမကပါ အိမ်ပေါ်ကဆင်းသည်တဲ့လား။ လိုက်ခေါ်မယ်တော့ မထင်နဲ့......ခင်ဗျား မရှိပဲလဲ နေနိုင်လွန်းလို့မှ ပိုတောင် စိတ်ချမ်းသာသေးသည်။
မုန်း မနက်စာစားရင်း ဒေါ်လေးနဲ့အတူ စကားလက်ဆုံကျနေသလို ခုချိန်ဆို မောင်ပြန်ရောက်လောက်ပြီမှန်း သိနေပေမယ့် ညနေမှ ပြန်ရန်တွေးထားကာ မောင် နေနိုင်မယ်မှန်းလဲ သိ၏။
" သမီး.....ဟိုကောင်နဲ့ အဆင်ရောပြေရဲ့လား။ "
" ပြေပါတယ် အန်တီလေးရယ်....မုန်း ကို လိုလေသေးမရှိ ထားပါတယ်။ "
ညာနေမှန်းရိပ်မိပေမယ့် အတင်းအကြပ်လိုက်မေးရင် ကိုယ့်တူမလေးသာ စိတ်ညစ်ရမှာသိနေတာမို့ မသိဟန်သာဆောင်နေရသည်။ ကိုယ်ဝင်ပါမှ ပိုဆိုးသွားမည့်အဖြစ်ကို မလိုလားသလို ကိုယ့်ကြောင့် သူတို့အိမ်ထောင်ရေး အက်ရာထင်မှာလဲ စိုးရိမ်သည်။
! တီ တီ တီ!
ကားဟွန်းတီးသံက အဆက်မပြတ်ထွက်လာသည်မို့ ဒေါ်ကြည်ပြာ ထမင်းစားခန်းထဲမှ လှမ်းကြည့်လိုက်မိသည်။ ကြီးပုက ခြံတံခါးသွားပြေးဖွင့်ပေးသလို ပြန်ပြေးဝင်လာရင်းမှ......
" မောင်ခွန်သွေး ရောက်လာတယ်။ သမီးမုန်းကို လာခေါ်တာတဲ့။ "
" အိမ်ထဲခေါ်လိုက်လေ....."
" အချိန်မရဘူးပြောတယ်...."
မုန်းသက်ပြင်းလေးချမိသလို မောင် တမင်ကတ်သတ်နေမှန်းလဲ သိသည်။ ပြဿနာမတက်ချင်တာရော မုန်း နဲ့ မောင်၏ အဆင်မပြေသော အိမ်ထောင်ရေးအခြေအနေကို အန်တီလေးရိပ်မိပြီး စိတ်ဆင်းရဲမည်စိုးတာမို့ ထိုင်ရာမှ ထရပ်လိုက်ကာ.....
" မုန်း ပြန်တော့မယ်နော် အန်တီလေး။ "
" အေးးအေး.....မကြာမကြာလာနော် သမီး။ "
မုန်း ပြုံးလိုက်မိသလို ရင်ထဲလဲ မကောင်းဖြစ်သွားရသည်။ မောင်နဲ့ လက်ထပ်ပြီးထဲက အန်တီလေးဆီ အခုမှ ပထမဆုံးရောက်ခြင်းဖြစ်ကာ မုန်းမရှိတော့ တစ်ယောက်ထဲ အထီးကျန်ပုံရသည်။
တံခွန်သွေး ကားကိုမုန်းတို့ခြံရှေ့တွင် ထိုးရပ်ကာ ကားပေါ်မှဆင်း၍ ကားကိုမှီရပ်ကာ စောင့်နေစဥ် ကြီးပုလက်ကိုဆွဲ၍ အိမ်ထဲမှ ထွက်လာသည့် မုန်းကို လှမ်းမြင်လိုက်ရသည်။ အနားလျှောက်လာခဲ့ရင်း ကြီးပုလက်ထဲမှ မုန်းလက်ကို လှမ်းဆွဲလိုက်ကာ ကားဆီခေါ်လာခဲ့သလို ကားတံခါးကို ဆွဲဖွင့်ပေးလိုက်၏။ အိမ်နေရင်းဂါဝန်လေးဝတ်ထားကာ ခေါင်းလျှော်ထားပုံရတာမို့ မုန်းဆီမှ Shampoo နံ့သင်းသင်းက ရင်ထဲအေးသွားစေ၏။
ကားတံခါးပိတ်ပေးပြီးသည်နှင့် သူပါ ကားပေါ်တက်လိုက်ရင်း ကားစက်နှိုးလိုက်ကာ ကားလေးကို မောင်းထွက်လာ၏။ ကားထိုင်ခုံကိုမှီကာ ကားပြတင်းဘက်မျက်နှာလွှဲထားသည့် မုန်းကို တစ်ချက်ငဲ့ကြည့်ရင်းမှ......
" ခင်ဗျား ရုပ်က ဘာဖြစ်နေတာလဲ ။ ဘာလဲ.....ကျုပ်အပြင်မှာ ညအိပ်လို့ အိမ်ပေါ်ကဆင်းပြတာလား။ "
ရန်စကားတို့ ထုံးစံအတိုင်း စလာပြန်ပြီမို့ မုန်း မသိဟန်လေးသာဆောင်နေမိသည်။ မုန်း အိမ်ပြန်တာလဲ အပြစ်ဖြစ်ပြန်ပြီ ထင်ပါရဲ့။
" ခင်ဗျား ကို စကားပြောနေတာ ခင်ဗျားလင်နော်။ မတူသလို မတန်သလိုနဲ့.....။ အိမ်ပေါ်ကဆင်းရင် လိုက်ခေါ်မယ်တော့မထင်နဲ့.....ခုတောင် ထမင်းစားဖိတ်ထားတာ ရှိလို့ ခင်ဗျားပါလိုက်ရမှာမို့။ "
" ခွန်....မင်း ငါ့အပေါ် ဘာလို့ ဒီလောက်ပြဿနာရှာချင်နေရတာလဲ။ အိမ်ပေါ်ကဆင်းလဲမဆင်းဘူး......ဆင်းရင် မင်းလိုက်ခေါ်မှာ မဟုတ်မှန်းလဲ သိတယ်။ မင်း နေနိုင်တာလဲ သိတယ်။ လက်ထပ်ပြီးထဲက ငါ့အိမ်ပြန်တာ ဒါပထမဆုံးပဲ။ ဟိုမှာ အန်တီလေးတစ်ယောက်ထဲ သူ အထီးကျန်မှာ မင်းမသိဘူးလား။ "
" မသိဘူး.....သိလဲမသိချင်ဘူး။ သိရမှာက ခင်ဗျား ...... ခု ခင်ဗျားက ကျုပ်မိန်းမနော် ကျုပ်ရှိတဲ့နေရာကမှ ခင်ဗျားအိမ်ပဲ။ အပျိုတုန်းကနေခဲ့တဲ့အိမ်တွေ အရင်ဘဝကနေခဲ့တဲ့အိမ်တွေ လာလွမ်းမနေနဲ့။ ခင်ဗျားအဒေါ်လဲ သူ့တူမ ယောကျာ်းရတာသိတယ်။ အထီးကျန်ရင် ယောကျာ်းယူလိမ့်မယ်.....ခင်ဗျားလိုက်ပူနေစရာမလိုဘူး။ "
မုန်း အောက်နှုတ်ခမ်းလေးကို ဖိကိုက်မိသလို အတ္တကြီးလွန်းသည့် မောင့်ကို သြချသွားရသည်။ စကားဆက်ပြောမနေချင်တော့တာမို့ မျက်နှာလေးရော ကိုယ်လေးကိုပါ တစ်ဖက်လှည့်လိုက်မိသည်။ တံခွန်သွေး မုန်းပုံစံကို ကြည့်ကာ ပြုံးလိုက်မိရင်းမှ ကားကို ခြံဝင်းထဲမောင်းလာကာ ပေါ်တီကိုအောက်ထိုးရပ်လိုက်၏။ ကားဆီ ပြေးလာသည့် မိဝါက မုန်းကို ဆွဲကာ အပေါ်ထပ်ခေါ်သွားသည်ကို ကြည့်ရင်း ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းမိ၏။
လိုက်မခေါ်ဘူးဆိုပြီး မာန်တင်းထားပေမယ့် တကယ်တမ်း သူမနေနိုင်ပါ။ ပြန်လာပါ့မလားဆိုသည့် စိတ်က ရင်ထဲပူနေသလို တမနက်လုံး အလုပ်ဖြောင့်ဖြောင့်မလုပ်နိုင်။ ကြာရိုးဆီမှ ထမင်းလာစားရန် ဖုန်းဖြင့်လှမ်းဖိတ်တော့ အကြောင်းပြချက်ယူကာ မုန်းကို ဟန်ကြီးတခွဲသားဖြင့် သွားခေါ်ခဲ့ခြင်းဖြစ်ကာ အိမ်ထဲလဲ မဝင်ရဲပဲ မိန်းမကို လိုက်ခေါ်ရသည်အား ရှက်၍ အပြင်ကနေသာ စောင့်ရဲသည့်အဖြစ်။
အပေါ်ထပ်လိုက်တက်လာရင်းမှ အခန်းထဲဝင်လာတော့ အိပ်ယာထက် ငုပ်တုပ်လေးထိုင်ကာ ဘီးလေးကိုင်၍ ဆံပင်တွေကို ဖြီးသင်နေသည့် မုန်းပုံစံက သူဝင်လာသည့် အသံကို နားစွင့်နေဟန်ရသည်။
" ကြာရိုးက ညစာစားရအောင် ဖိတ်ထားတယ်။ အဲ့ဒါ အတူသွားရအောင်။ "
ဆံပင်ဖြီးနေသည့် မုန်းလက်လေးတွေက တုန့်ခနဲ ရပ်သွားရသည်။ သူ ထမင်းစားဖိတ်ထားသည်ပြောတာမို့ မုန်း ပြင်ဆင်နေခြင်းပေမယ့် ကြာရိုးဖြူ ဆီဆိုတော့ မုန်း ဘာပြောရမှန်းပင်မသိ။ ရန်ဖြစ်ထားရတာမှ ညကတင်ကို သူက မုန်းကိုဂရုမစိုက်။
" ငါ မလိုက်ဘူး......မင်းဘာသာသွား။ "
တံခွန်သွေး မုန်းအနားဝင်ထိုင်လိုက်ရင်းမှ မုန်းလက်လေးကို ဖမ်းကိုင်လိုက်သည်။ သက်ပြင်းချလိုက်ရင်းမှ.....
" ညက ကျုပ် အရမ်းစိတ်တိုသွားလို့ပါ။ မုန်း မကြိုက်ရင် ကျုပ် အနေအထိုင်ဆင်ခြင်ပါ့မယ်။ ဒါပေမယ့် ခုဟာက သူငယ်ချင်းတွေဆုံဖို့ ချိန်းထားတာလေ။ လိုက်ခဲ့နော်။ "
ချော့ပြောလာတော့ မုန်း အင်တင်တင်လေး ဖြစ်သွားရရင်း အလိုလို စိတ်ပြေလာသည်။ မုန်းပခုံးသားလေးနှစ်ဖက်ကို ဖိကိုင်လာသည့် အထိအတွေ့ကြောင့် မုန်း ကိုယ်လေးဆတ်ခနဲ တုန်ယင်သွားရသလို နီးကပ်လာသည့် မောင့်ထံမှ အသက်ရှူသံကိုလဲ ကြားနေရတာမို့ ရင်ခုန်သံက တဒိန်းဒိန်း ခုန်ပေါက်လာသည်။
" ဟိုလေ......မုန်း... အွန့်! "
စကားမဆက်နိုင်ခင်မှာပင် နှုတ်ခမ်းလေးက စုပ်ယူနမ်းရှိုက်ခံလိုက်ရသလို မုန်းလက်လေးက အလိုလို မောင့်ရင်ဘတ်မှ အင်္ကျီစကို ယောင်ယမ်းဆွဲကိုင်ထားမိသည်။ နှစ်ယောက်သား အိပ်ယာပေါ် လုံးထွေးကျသွားရင်း မောင့်ဆီမှ ချစ်တယ်ဆိုသော စကားကို ကြားနေရသည့်တိုင် ဆန္ဒပြင်းပြင်းတွေကြားမို့ မယုံမရဲလေး ကြိတ်မှိတ်ယုံရသည့်အဖြစ်။
@@@@@@@@@@@
တံခွန်သွေး အိပ်ယာပေါ် မျက်စိလေးမှိတ်ကာ အနားယူနေသည့် မုန်းပုံစံလေးကြောင့် ပြုံးလိုက်မိရင်းမှ နဖူးလေးကို အမြတ်တနိုးငုံ့နမ်းရင်း.....
" မောင် ရေချိုးလိုက်ဦးမယ်။ မုန်းက ရေထပ်မချိုးနဲ့တော့နော်......အချိန်ကပ်နေပြီ အဝတ်အစားလေးပဲ လဲလိုက် မောင်ထုတ်ပေးခဲ့မယ်။ "
တဘက်အဖြူကြီးကို ခါးမှာဆွဲပတ်၍ မုန်း၏ အဝတ်အစားဗီရိုထဲမှ မြန်မာဝတ်စုံလေးတစ်စုံထုတ်ပေးခဲ့ကာ သူလဲ ရေချိုးခန်းထဲ မြန်မြန်ဝင်လာခဲ့၏။ တံခွန်သွေး ရေမြန်မြန်ချိုးရင်းမှ ခဏခဏပြုံးမိနေတဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားမိကာ သဘောလဲကျသည်။ မြတ်သူပြောသလိုပင် လက်စားချေမည် ဘာညာပြောပြီး ဘာတစ်ခုမှ လျစ်လျူမရှူနိုင်သည့် သူ့အဖြစ်။ အိမ်စုတ်ပြင်ဆင်ထားပြီး မုန်းဒဏ်ရာရတော့ သူ မနေနိုင်စွာ အိမ်ချက်ချင်းပြောင်းမိသလို ကိုယ့်အကြောင်းကိုယ်သိ၍ မုန်းနဲ့ခပ်ခွာခွာသာ နေမိ၏။ မုန်း ဘာပြောပြော ဘုတောမိပေမယ့် ဂရုစိုက်ခံရလျှင် သူသဘောကျကာ ပိုဂျစ်တိုက်မိသည်။
! တူ တူ တူ!
ဖုန်းမြည်သံကြောင့် မုန်း လှဲအိပ်နေရာမှ လက်ကလေးဖြင့်လိုက်စမ်းကာ လှမ်းကိုင်မိ၏။ မျက်စိမမြင်ပေမယ့် စားတာသောက်တာ ဖုန်းကိုင်တာတွေကတော့ အလေ့အကျင့်ဖြစ်ကာ လုပ်နိုင်ပါသေးသည်။မောင့်ဖုန်းဖြစ်ကာ ဘယ်သူမှန်း မသိတာမို့.....
" ဟယ်လို....ဘယ်သူပါလဲရှင်။ "
" သွေးမရှိဘူးလား အမ......ကြာရိုးပါ။ သူ နောက်ကျနေလို့...."
မုန်း သဘောမကျပေမယ့် လူမှုရေးရှိသေးသည်မို့......
" မောင် ရေချိုးနေတယ် ကြာရိုးဖြူ။ ခဏနေ ထွက်လာတော့မှာပါ။ "
" သြော်.....အစ်မပါ လိုက်မလို့လား။ "
" ........"
ဘာလဲ ...မုန်းလိုက်မှာကို မကြိုက်ဘူးလား။ စကားက တစ်မျိုးဖြစ်နေပေမယ့် မုန်းဟာ မောင့်ဇနီး ဆိုတာ သိသာစေရန်.....
" မောင်က လိုက်.."
" ကြာရိုးတို့က သူငယ်ချင်းတွေ အကုန်ဆုံကြမှာလေ။ သွေး အသိတွေလဲ များတယ်....အဲ့ဒါ သွေး မျက်နှာငယ်မှာစိုးလို့ပါ။ အားနာပေမယ့် အမက မျက်စိ......ဟို။ ".
မုန်း ရင်ထဲ ကျဥ်တက်သွားရရင်းမှ ဖုန်းကို ဆတ်ခနဲ ကောက်ချပစ်၏။ မုန်းက မျက်မမြင်မို့ မောင် သိက္ခာကျမည်ဟု ပြောတာပင်။ စိတ်ဆိုးသလို ဒေါသထွက်ပေမယ့် စကားက မမှားသည်မို့ မုန်း လိုက်သင့်လား မလိုက်သင့်လား စဥ်းစားရပြန်သည်။ ပြီးတော့ အိမ်ပိုင်ရှင်ကိုယ်တိုင်က မုန်းကို မကြည်ဖြူဘူး မဟုတ်လား။
" မုန်း.....အဝတ်မလဲရသေးပါလား။ မောင် ကူပေးရမလား။ "
" မုန်း နေသိပ်မကောင်းချင်လို့ မလိုက်တော့ဘူး ။"
တံခွန်သွေး မျက်မှောင်ကျူံ့သွားရရင်းမှ မုန်းပုံစံလေးကို အကဲခတ်ကြည့်မိသည်။ လူကလန်းနေတာမို့ တမင်အကြောင်းပြတာမှန်း ရိပ်မိသလို မုန်းအနား ဝင်ထိုင်လိုက်၏။
" မောင်တစ်ယောက်ထဲ မသွားချင်ဘူး မုန်းရယ်။ မုန်း မောင့်ကို စိတ်မချရင် အတူလိုက်ခဲ့သင့်တာ....လင်မယားပဲ မုန်းရယ်။ အတူသွားကြရအောင်နော်.....လာ မောင်ကူဝတ်ပေးမယ်။ "
မုန်း သက်ပြင်းလေးချမိရင်းမှ ငြင်းမရ ပြုမရမို့ မောင်နဲ့အတူ ညစာစားပွဲကို ပါလာရသည့်အဖြစ်။ မောင့်လက်ကိုဆွဲကာ လိုက်လာရပေမယ့် မုန်း ပါလာထဲက ကြာရိုး၏ နှုတ်ဆက်သံက တောင့်တောင့်ကြီးမို့ မကြည်ဖြူမှန်း သိသာလှသည်။ သို့ပေမယ့် မုန်း ကို မောင် ဂရုစိုက်ပေးသည်မို့ မုန်း အရမ်းကြီး စိတ်မဖိစီးရတာတော့အမှန်ပင်။
တံခွန်သွေး နေရခက်နေသည့် မုန်းပုံစံလေးကို ကြည့်ရင်းမှ သဘောကျစွာ ပြုံးမိသည်။ နဂိုထဲက အေးအေးလေးသာ နေတတ်သူမို့ သူ့ဘေးနား ငြိမ်နေသလို အခြားသူငယ်ချင်းဖြစ်သူတွေ၏ ရည်းစားတွေလို စကားလဲဝိုင်းဖွဲ့မနေ ၊ ဝိုင်တွေဘာတွေလဲ မသောက်ပဲ သူ့အနားသာထိုင်နေ၏။
" မျက်လုံးကြီးလဲ ကျွတ်ကျဦးမယ်......မင်းမိန်းမ ကို အိမ်မှာ မမြင်ဖူးဘူးလား။ "
သူ့အနားကပ်ကာ တိုးတိုးတိုးတိုးဖြင့် လာရွဲ့နေသည့် မြတ်သူပုံစံက ကဲဘယ်နှယ့်ရှိစဟု လှောင်နေတာ သူသာသိသည်။ သူ မသိဟန်ဆောင်နေလိုက်ရင်းမှ မုန်းအနားကပ်ကာ......
" မုန်း အအေးသောက်မလား။ မောင် ယူပေးမယ်လေ။ "
" ဟင့်အင်း......မုန်း မသောက်တော့ဘူး။ "
" သွေး.......ဟိုမှာ နင့်ကိုခေါ်နေတယ် ။ သူတို့ဘက်မလာလို့တဲ့။ "
အနားလာရပ်ကာ သူ့လက်မောင်းကို အတင်းဆွဲခေါ်နေသည့် ကြာရိုးကြောင့် တံခွန်သွေး မုန်းကို ငဲ့ကြည့်ရင်း ကြာရိုး လက်ကို အသာဖြုတ်ချ၍.....
" မသွားတော့ပါဘူးဟာ......ဒီမှာ မုန်းတစ်ယောက်ထဲ။ "
" အမလေး.....မြတ်သူလဲ ရှိပါတယ်ဟယ်။ ခဏပဲဟာ....နင်ကလဲ သူငယ်ချင်းအချင်းချင်း မျက်နှာပျက်မယ်....နော် အစ်မ။ "
မုန်း သက်ပြင်းလေးချမိရင်းမှ မောင့်လက်မောင်းကို အသာကိုင်ကာ.....
" ခဏပဲဟာ.....မုန်းအဆင်ပြေပါတယ်။ သွားလိုက်ပါ။ "
" ဒါဆို မောင်ချက်ချင်းပြန်လာခဲ့မယ်။ မြတ်သူ မုန်းကို တစ်ချက်လောက် ကြည့်ပေးပါကွာ။ "
ထိုင်ရာမှ ထထွက်လာရင်း မလှမ်းမကမ်းရှိ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည့် ခွန်သွေးပုံစံက ဂမုန်းနွယ်ကို ခဏခဏပြန်လှည့်ကြည့်နေတာမို့ မြတ်သူ သဘောကျစွာ ပြုံးမိသည်။ သူ အစထဲက သိသားပဲ။ ခွန်သွေး ဂမုန်းနွယ် အိမ်မှာ အလုပ်လုပ်ပြီး ပြန်လာထဲက စိတ်အမြဲတိုနေသလို ညနေဘက် ပျောက်ပျောက်သွားတတ်ကာ ဂမုန်းနွယ်ကို သွားပြန်ကြည့်တတ်သည်။ ငြိစွန်းခဲ့ပြီဟု ဝန်ခံတော့လဲ ခွန်သွေး အကျင့်စရိုက်ကို သိသူမို့ ဂမုန်းနွယ်ကို ချစ်နေပြီမှန်း ရိပ်မိ၏။ ခွန်သွေးအကျင့်ကိုက သူ စိတ်မပါရင် ဘယ်သူမှ အတင်းတိုက်တွန်းလို့မရသလို ကြာရိုး နဲ့ တချို့မိန်းကလေးတွေ ရေလာမြောင်းပေးလုပ်တောင် တုတ်တုတ်လှုပ်ခဲ့သည်မဟုတ်။
မုန်း နေရာတွင် ထိုင်နေသည့်တိုင် ခပ်လှမ်းလှမ်းမှ ကြာရိုးဖြူ နှင့် မောင့်ရယ်သံသြသြက တစ်ချက်တစ်ချက်ကြားနေရသလို ကြာရိုးဖြူ၏ အမူပိုပို အသံတွေကလဲ သွေး သွေးဖြင့် မုန်း မသိဟန်ဆောင်နေရ၏။
ကြာရိုး အမူးလွန်နေသည့် သွေးကိုယ်ကြီးကိုတွဲကာ ဂမုန်းနွယ်ရှိရာ ဆီ လျှောက်လာခဲ့လိုက်၏။ သွေးသောက်မည့် အရက်ခွက်ထဲ အပြင်းစားနည်းနည်းရောလိုက်သည်နှင့် သောက်လေ့သောက်ထသိပ်မရှိသည့် သွေးမှာ ခေါင်းမထူနိုင်တော့။
" ဟ......ဒီကောင် ဘယ်လိုဖြစ်တာလဲ ။ "
" အရက်မူးနေတာလေ......အမလေး....သွေးရယ် အရမ်းမှီထားတာပဲ,...လွှတ်ပါဦး။ "
ကြားနေရသည့် အသံတွေကြောင့် မုန်း ကပျာကယာလေး ထရပ်လိုက်မိသလို အရက်နံ့ပြင်းပြင်းကိုလဲ ထောင်းထနေအောင် ရလိုက်သည်။
" ဖယ်....ဖယ် ဒီကောင်ကြီးကို ငါတွဲမယ်။ "
ဂမုန်းနွယ်လဲရှိသလို မသင့်တော်သည်မို့ မြတ်သူ ခွန်သွေးကိုယ်ကြီးကို ကြာရိုးဆီမှ လွှဲပြောင်းတွဲယူလိုက်ရင်း ကားဆီ လျှောက်လာခဲ့၏။
" လာလေ အစ်မ.....ကြာရိုး ကားအနားလိုက်ပို့ပေးမယ်။ "
မုန်းလက်ကို လာဆွဲကိုင်သည့် ကြာရိုးဖြူကြောင့် မုန်း ခေါင်းလေးငြိမ့်ပြကာ လိုက်လာခဲ့သည်။ ကြာရိုးဖြူ ဂမုန်းနွယ်ကို တစ်ချက်ကြည့်ရင်းမှ.....
" သွေး က တစ်ခါမှ မူးအောင်မသောက်ဖူးဘူး အမရဲ့။ သူ သောက်တိုင်းလဲ ကြာရိုး စိတ်ဆိုးတာနဲ့ မသောက်ဖြစ်ဘူး။ ခုကျ အရမ်းစိတ်ညစ်နေလို့ပါတဲ့.....အမတို့ အိမ်ထောင်ရေး အဆင်ပြေရဲ့လားဟင်။ "
" အဆင်ပြေတာထက်လွန်ပါတယ်.... ကြာရိုး စိတ်မပူပါနဲ့ ။ "
ကားအနားရောက်လာပြီဖြစ်သလို ကားနောက်ခန်းထဲ မှီထိုင်ကာ သတိမရှိသည့် ခွန်သွေးအနားထိုင်ရန် မြတ်သူ ဂမုန်းနွယ်ကို ကားတံခါးဖွင့်ပေးလိုက်၏။
" ကျွန်တော် လိုက်ပို့ပေးပါ့မယ်။ "
" ကျေးဇူးပါ..... "
မြတ်သူ ကြာရိုးကို နှုတ်ဆက်ကာ ကားမောင်းထွက်လာရင်းမှ မသောက်နိုင်ပဲ သွားသောက်သည့် သကောင့်သားကိုသာ ကျိန်ဆဲမိသည်။ ဂမုန်းနွယ်ကို ကြည့်တော့လဲ မတုန်မလှုပ်လေးဖြစ်ကာ တစ်ခုခုကို စဥ်းစားနေဟန်ရသည်မို့ သူကလဲ စကားမစဖြစ်။ ဆက်ဆံရေးက စိမ်းသည် မဟုတ်လား။
@@@@@@@@@@
" အားးးးကျစ်...."
ခေါင်းတွေမတရားထိုးကိုက်နေတာမို့ တံခွန်သွေး ရှုံ့မဲ့မဲ့ဖြင့် ညည်းညူကာ မျက်စိကို အားယူဖွင့်ကြည့်မိ၏။ အိပ်ယာထက်တွင် သူတစ်ယောက်ထဲဖြစ်ကာ မုန်းကို မတွေ့သဖြင့် အိပ်ယာပေါ် ပြန်လှဲချရင်း အော်ခေါ်မိသည်။
" မုန်း......မုန်းရေ.......မုန်းးးး"
" အ!.....ကျွတ်....မုန်း.... "
မကြာလိုက်ပဲ အခန်းထဲဝင်လာသည့် မုန်းကို မြင်လိုက်ရသလို အိပ်ယာနား ခပ်ဖြည်းဖြည်း လျှောက်လာကာ ဝင်ထိုင်လိုက်တော့ သနပ်ခါးနံ့က သင်းခနဲမို့ စိတ်ကြည်သွားရ၏။
" ဘယ်တွေသွားနေတာလဲ......မောင်ခေါ်နေတာ ကြာလှပြီ။ "
" ထမင်းစားနေတာလေ......မောင်မနိုးသေးဘူးထင်လို့ပါ။ "
ထိုအခါမှ နာရီကို လှမ်းကြည့်မိတော့ နေ့လည်ဆယ့်တစ်နာရီ ရှိနေပြီဖြစ်တာမို့ သူ အားတင်းကာ ထထိုင်၍ မုန်းကိုယ်လေးကို မှီထိုင်မိ၏။
" ဆောရီး မုန်းရယ်.....ညက ဘယ်လိုပြန်ရောက်လာတာလဲ။ "
" မြတ်သူလိုက်ပို့တာ.....မောင်မှ သတိမရှိတော့ပဲ။"
တံခွန်သွေး မျက်နှာပူသွားရရင်းမှ မုန်းကို ငဲ့ကြည့်လိုက်မိသည်။ ညက မုန်းဆီ ပြန်မလို့ကို တစ်ခွက်သောက်မှ သွားရမည်ဆိုတာမို့ သောက်လိုက်တာ တန်းမှောက်သွားခြင်းပင်။
" မောင် တကယ်တောင်းပန်ပါတယ် ။ မောင် အများကြီး မသောက်ဘူး.....ကျစ်!...."
" မောင် ရေချိုးလေ။ အလုပ်သွားဦးမှာလား။ "
" သွားရမှာပေါ့.....ငွေရှာရမယ်ဗျ။ သားသမီးတွေ ဘာတွေရလာဦးမယ့်ဟာ။ "
မုန်း မျက်နှာလေးက ရဲတက်သွားသလို ပါးပြင်ကို ရွှတ်ခနဲနမ်းကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည့်တိုင် မတုန်မလှုပ်လေး ကျန်နေခဲ့တာမို့ တံခွန်သွေး သဘောကျကာ တဟွန်းဟွန်း ရယ်မိ၏။ ဒီနေ့ မုန်းအဖေရဲ့ ကုမ္ပဏီကို အသစ်ပြန်ဖွင့််ဖို့ ရှယ်ယာရှင်တွေနဲ့ အစည်းအဝေးရှိသလို မုန်းအား တမင်မပြောပဲ နောက်မှ ပျော်သွားစေရန် လက်ဆောင် အနေနဲ့ ပြောပြမည် တွေးထားသည်။
မုန်းမျက်စိကို ကုပေးရန် ဆရာဝန်နဲ့တိုင်ပင်ထားပေမယ့် မုန်းကို ဘယ်လိုစကားစရမှန်းလဲမသိဖြစ်နေရသည်။ သူက ကုဖို့ပြောပေမယ့် သူမကို မျက်စိမမြင်ခြင်းအား မကြည်ဖြူနိုင်ဘူးထင်သွားမှာလဲ စိုးရိမ်သလို ကုသမှူအဆင်မပြေလျှင် စိတ်ထိခိုက်သွားမှာလဲ စိုးရိမ်သည်။
------------------------
ခြံထဲဝင်လာသည့် ကားသံကြောင့် မုန်း ဧည့်ခန်းထဲ ထိုင်ကာ မိဝါနှင့်လက်ဖက်သုပ်စားနေရာမှ ခေါင်းလေးထောင်သွားရ၏။ မောင် ပြန်လာပြီလား ဆိုသည့်အတွေးကြောင့် မျက်နှာလေးဝင်းပသွားသလို ထရပ်လိုက်မိ၏။
" သြော်......မောင်မင်းနောင် လာတာပဲ။ "
ကြီးမေ၏ လှမ်းနှုတ်ဆက်သံကြောင့် မုန်း ဟင်ခနဲ ဖြစ်သွားသလို အံ့သြသွားရသည်။ မင်းနောင်လဲ မုန်းကိုမြင်တော့ အနားလျှောက်လာရင်း နှုတ်ဆက်ရန်ပြင်၏။ တချိန်က သူ ချစ်ခဲ့ဖူးသည့် မိန်းကလေးကို ဒီလို အနေအထားနှင့် ပြန်တွေ့ရတာ သူလဲ စိတ်မကောင်းပါ။
" နေကောင်းရဲ့လား မုန်း။ "
" ဟုတ်ကဲ့........မောင့်ဆီလာတယ်ထင်တယ်။"
မင်းနောင် ဂမုန်းနွယ်နှင့် မျက်နှာချင်းဆိုင်ရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ ဂမုန်းနွယ်ကို သူ အရမ်းသဘောကျခဲ့သလို ချစ်ခွင့်ပါပန်ခဲ့ဖူးပါသည်။ သို့ပေမယ့် သူ့ကို ပြတ်ပြတ်သားသား ငြင်းခဲ့တာမို့ မေမေတို့ သဘောတူသည့် ချစ်ဖူးငုံ နှင့် လက်ထပ်ဖို့ လက်ခံခဲ့သလို မင်္ဂလာမဆောင်ခင် တစ်ရက်အလိုမှာတင် ချစ်ဖူးငုံမောင်းလာသည့် ဆိုင်ကယ်နှင့် မုန်းဖေဖေမောင်းလာသည့်ကား ဝင်တိုက်မိကာ ချစ်ဖူးငုံ ဆုံးခဲ့ခြင်းပင်။
" မုန်း နဲ့ ကိုခွန် လက်ထပ်လိုက်တာ ကြားပေမယ့် မင်္ဂလာဆောင်မလာဖြစ်လိုက်ဘူး။ အခုလဲ ကိုခွန်နဲ့ အလုပ်ကိစ္စလေးရှိလို့ လာတွေ့တာပါ။ "
" မောင် ပြန်လာတော့မှာပါ။ ဖုန်းဆက်ပေးရမလားဟင်။ "
" အာ.....ရတယ် ရတယ်။ ကိုယ်အချိန်ရပါတယ်။ မုန်း ဖေဖေအတွက် စိတ်မကောင်းပါဘူး ။ "
" မုန်းလဲ ဖူးငုံအတွက် တကယ်စိတ်မကောင်းတာပါ။ လက်ထပ်ခါနီးမှာမှ ဖြစ်ရတယ်လေ။ ဖူးငုံက ကိုနောင့်ကို သိပ်ချစ်တာ ။ "
မင်းနောင် ခပ်အေးအေး ပြုံးမိသလို တချိန်က ဖူးငုံ၏ ကလေးဆန်မှုတွေကို ပြန်မြင်ယောင်လာသည်။ သူ ဂမုန်းနွယ်ကို သဘောကျနေမှန်း သိထဲက ဖူးငုံဟာ မုန်းကို ကြည့်မရခဲ့သလို ပြဿနာရှာပေမယ့် မုန်းက မာနမင်းသမီးမို့ နှစ်ယောက်သား ပြဿနာအမြဲဖြစ်ကြသည်။
" မုန်း တကယ်အဆင်ပြေရဲ့လားဟင်။ ကိုခွန်က သူ့ညီမကို အရမ်းချစ်တာ......မုန်းကိုများ....".
" အဲ့ဒါ မင်း နဲ့ မဆိုင်ဘူး မင်းနောင်။"
" မောင်....."
တံခွန်သွေး ဧည့်ခန်းထဲ ဝင်လာရင်းမှ မျက်နှာက တည်တင်းနေသလို မင်းနောင်ကို စူးစူးရဲရဲ ရန်သူပမာ စိုက်ကြည့်နေမိသည်။ ကားပျက်၍ ကားကို ဝပ်ရှော့မှာပဲ ထားခဲ့ကာ မုန်း မျှော်နေမည်စိုး၍ ကားငှားပြီး ပြန်လာခဲ့ခြင်းမှာ အိမ်ထဲဝင်ဝင်ချင်း မင်းနောင်နဲ့ စကားပြောနေသည့် မုန်းကိုမြင်တော့ ဘယ်လိုမှ စိတ်မတိုပဲ မနေတော့။ ညီမလေးဆီကနေ မုန်း နဲ့ မင်းနောင်အကြောင်း သူသိသင့်သလောက် သိပြီးသားမဟုတ်လား။
" ကိုခွန်.....ကျွန်တော် စကားမှားသွားတာ ဆောရီးပါ။ မုန်းက သူငယ်ချင်းတွေဆိုတော့ သူ့အတွက် စိတ်ပူပြီး ပြောမိသွားတာ။ "
တံခွန်သွေး ခပ်မဲ့မဲ့ ပြုံးလိုက်မိသလို မုန်းကို ငဲ့ကြည့်လိုက်တော့လဲ အေးတိအေးစက် ။ ဒီကောင်နဲ့ ဇာတ်လမ်း ခုထိ မပြတ်နိုင်သေးတာလား။ ညီမလေးကို မြင်ယောင်တော့ ရင်ထဲ စစ်ခနဲ နာကြင်သွားရသလို ပိုဒေါသထွက်လာ၏။
" ဘာသူငယ်ချင်းလဲ.......မင်းတို့အကြောင်းကို ငါမသိဘူးထင်လို့လား ။ "
" မောင့်....."
" မဟုတ်ဘူး ကိုခွန်....."
မုန်းထံမှ အလန့်တကြားအသံလေး ထွက်လာသလို မင်းနောင်လဲ ပျာပျာသလဲ ရှင်းပြရန်ကြိုးစား၏။
" မင်း ငါ့အိမ်လာစရာ အကြောင်းမရှိဘူး မင်းနောင်။ ".
" ကျွန်တော် အလုပ်.."..
" အလုပ်ကိစ္စဆို ရုံးကိုလာလေ......အိမ်ကိုတကူးတကလာပြီး ငါ့မိန်းမနဲ့ အီစီကလီလာလုပ်မနေနဲ့။ "
" မောင့်......ဘာစကားတွေပြောနေတာလဲ။ ".
မုန်းသိက္ခာကိုပါ ယိုင်နဲ့စေမည့် အပြောအဆိုတွေကြောင့် မုန်း ဆီမှ မခံမရပ်နိုင်သလို အော်သံစူးစူးလေးထွက်လာသည်။.
" ခင်ဗျား တိတ်တိတ်နေ...... ဘာလဲ ခင်ဗျားကောင်အားကိုးနဲ့ ကျုပ်ကို ကလန်ကဆန်လုပ်တာလား။ "
သူ့ကို ပြန်အော်လာသည်မို့ တံခွန်သွေး မုန်းလက်ကို ဆောင့်ဆွဲရင်း သင့်၏မသင့်၏ မစဥ်းစားနိုင်ပဲ ပြောလာသည်။ မုန်း အံလေးကြိတ်မိရင်းမှ.....
" ငါ့သိက္ခာကို မစော်ကားနဲ့ ခွန်။ ငါ ဒီတစ်ခုကို လုံးဝ သည်းခံမှာ မဟုတ်ဘူးနော်။ "
တံခွန်သွေးမျက်နှာက ပိုမိုတင်းမာသွားရကာ ခနဲ့သလို လှောင်ရယ်၏။
" အဟွန်းးးးအမှန်တွေပြောတော့ ဆတ်ဆတ်ခါ နာတယ်ပေါ့။ ကျုပ်ညီမသေရတာ ဘယ်သူ့ကြောင့်လဲ။ခင်ဗျား မျောက်ဇာတ်မခင်းချင်နဲ့နော်။ ဘာလဲ ....ဒီတစ်ခါကျုပ်သေပေးရမှာလား။ ဒီလောက် ဖောက်ပြန်ချင်နေတာ ...."
" မင်း.....စော်ကားဦး။ "
! ဖြန်း! .
.
ပါးတစ်ဖက်က ပူခနဲဖြစ်သွားသလို တံခွန်သွေး မယုံနိုင်ဖြစ်သွားရသည်။ ဘေးကနေ အံ့အားတကြီးငေးကြည့်နေသည့် မင်းနောင်ကို မြင်တော့ ပိုနာကျင်မိသလို သူ့အား ချစ်လှပါချည်ရဲ့ ဆိုသည့် မိန်းမက အခြားကောင်ကြောင့် သူ့ပါးကိုရိုက်တာ ရင်ထဲထိခိုက်မဆုံး။
" မင်းစကားတွေ အရမ်းမလွန်လာနဲ့ ခွန်။ မင်းညီမ သေသလို ငါ့အဖေလဲ မရှင်ခဲ့ပါဘူး။ ငါလဲ ဒုက္ခိတဖြစ်နေတာ မင်းရှေ့တင်ပါ။ မင်းတစ်ယောက်ထဲ နစ်နာတယ် မထင်နဲ့။ ဖောက်ပြန်တတ်တဲ့ မိန်းမမျိုးမဟုတ်သလို မင်း ငါ့ကိုမယုံရင်မပေါင်းနဲ့။ စွပ်စွဲတာက လွယ်တယ်..... စကားနဲ့သတ်လဲသေပါတယ်။ မင်း ငါ့ကို အကြိမ်ကြိမ် မသတ်ပါနဲ့။ "
အသံလေးတွေတုန်ယင်နေကာ အံလေးကြိတ်ပြီး ပြောနေသည့် မုန်းပုံစံကြောင့် သူ မျက်နှာလွှဲလိုက်မိသလို မင်းနောင်ကို စူးစူးရဲရဲ စိုက်ကြည့်မိ၏။
" အနာပေါ်တုတ်ကျသွားတာပဲ။ သူခိုးဓားရိုးကမ်းတဲ့မိန်းမထဲ ခင်ဗျား ထိပ်ဆုံးကဆိုတာ ခုသက်သေပြလိုက်တာပဲ။ ခင်ဗျား ကောင်နဲ့ပဲ ပျော်ပျော်ကြီး နေခဲ့။ ကျုပ် အိမ်ပေါ်က ဆင်းမယ်။ "
ဒေါသတကြီးဖြင့် မင်းနောင်ကို ဆောင့်တွန်းကာ အိမ်ထဲမှ ထွက်လာခဲ့ရင်း သူ့ရင်တွေနာနေတာ သူသာသိသည်။ မထွေးနိုင်မအန်နိုင်ဖြင့် ခံစားရခက်နေသည့် အဖြစ်မှာ မုန်းဟာ သူ့ကို ရိုက်ရက်နိုင်သည်။ မင်းနောင် နဲ့ မုန်းကို အတူတွေ့လိုက်ရချိန် သူ အရမ်းသဝန်တိုမိတာ သူအသိဆုံးပင်။ ခါတိုင်းလို သူ့ကိုအလျှော့ပေးပြီး လိုက်ချော့မည် ရှင်းပြမည်ထင်ခဲ့ပေမယ့် သူ့အထင်ဟာ တက်တက်စင်အောင်လွဲခဲ့သည်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 7
Author - အနမ်းခြွေ
#lotaya_shortstory