ခွေးဟောင်သံ အပိုင်း (၅)
lotaya.mpt.com.mm
|
2022-03-18

ဒေါက်တာရေချမ်း၏ ကံကြမ္မာ



…………………………………..

 ဒေါက်တာဦးရေချမ်း အိမ်သို့ ပြန်ရောက်လျှင် ဇနီးဖြစ်သူ ဒေါ်မိမိက အိမ်ခန်းထဲမှ ထွက်လာပြီး ခရီးဦးကြိုပြုလေသည်။

‘အမလေး ကိုရေချမ်းရယ်။ လက်မှာလည်း ပတ်တီးကြီးနဲ့။ ဘာတွေများ ဖြစ်ခဲ့တာတုန်း။ ရင်တုန်ပန်းတုန် ရှိလိုက်တာတော်’

ဒေါက်တာရေချမ်း ဧည့်ခန်းဆိုဖာခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ အပြင်တွင် နေစောင်းလုပြီ။ သူ့လက်တွင် လင်းနို့ကြီးကိုက်သွားသော ဒဏ်ရာက တစစ်စစ်နာကာ ကိုက်ခဲနေသည်။ သူသည် ဦးသိဒ္ဓိ၏ တိုက်ခန်းတွင် ခွေးဟောင်သံထွက်သော လင်းနို့ကြီးနှင့် ပတ်သက်ပြီး တွေ့ကြုံခဲ့ရသမျှကို ဒေါ်မိမိအား ပြောပြလိုက်လေသည်။

‘ကျွန်မလည်း ခွေးဟောင်သံကြီး တိတ်သွားပြီးကတည်းက ရှင်များပြန်လာမလားဆိုပြီး စောင့်နေတာ။ တခုခုတော့ ဖြစ်နေပြီလို့ ထင်သားပဲ။ ပြပါဦး။ အနာက တော်တော်နက်လား’

‘မပူပါနဲ့ မိန်းမရာ။ ဆေးရုံမှာ ဆေးထည့်ပြီး ပတ်တီးစည်းပေးလိုက်ပါပြီ။ ခွေးရူးကာကွယ်ဆေးတွေ၊ ပိုးသတ်ဆေးတွေလည်း ပေးလိုက်တယ်။ ဘာမှမပူနဲ့။ လိုအပ်ရင် ငါ့အသိ ခွဲစိတ်ဆရာ၀န် ကိုအောင်မောင်းကို သွားပြလို့ရပါတယ်’

‘ဟုတ်ပါပြီရှင်။ ရှင်က ဆရာ၀န်ပဲ။ သိမှာပါ။ ကျွန်မက စိတ်ပူလို့ပါ’

‘သိပါတယ် မိန်းမရယ်။ ကဲပါကွာ။ ငါ တနေ့လုံး ပြေးရလွှားရနဲ့ တော်တော် ပင်ပန်းလာပြီ။ ရေမိုးချိုးပြီး ခဏနားလိုက်တော့မယ်’

ဟု ပြောပြီး ဦးရေချမ်းသည် လက်ရေမစိုအောင် မြှောက်၍ ရေချိုးပြီးလျှင် အင်္ကျီအ၀တ်အစားလဲပြီး အိပ်ခန်းတွင်းသို့၀င်ကာ တုန်းကနဲ အိပ်ပျော်သွားတော့သည်။

‘အင်း - ကိုရေချမ်းနှယ်။ ညစာတောင် စားမသွားနိုင်ရှာဘူး’

ဒေါ်မိမိ ပြင်ထားသော ထမင်းစားပွဲကြီးကိုကြည့်ကာ ညည်းညူလိုက်မိသည်။

………………………………….

‘အား… ပူလိုက်တာ.. မျက်စိစူးလိုက်တာ.. အမလေး မိမိရေ။ လုပ်ပါဦးဟ’

ဦးရေချမ်း အော်ဟစ်ပြီး နိုးလာလျှင် ဒေါ်မိမိသည် မီးဖိုထဲတွင် ထမင်းချက်နေရာမှ အိပ်ခန်းထဲသို့ ကမန်းကတန်း ပြေး၀င်လာခဲ့သည်။

‘ကိုရေချမ်း၊ ဘာဖြစ်တာလဲ။ အိပ်ရာထ နောက်ကျလို့ ကျွန်မတောင် အခုလာနှိုးတော့မလို့’

‘အား.. မိန်းမ။ နောက်မှ ပြောစမ်းပါ။ ပိတ်စမ်းပါဟ ဟိုပြတင်းတံခါးကို’

ဒေါက်တာရေချမ်းသည် ခေါင်းရင်းပြတင်းပေါက်မှ ထိုး၀င်လာသော မနက်ခင်းနေရောင်ကို လက်နှင့် ကာရင်း အော်ဟစ်ပြောဆိုနေလေသည်။ ဒေါ်မိမိသည် သူ့ယောကျ်ားကို အံသြစွာ ငေးကြည့်နေမိသည်။ နေရောင်ကျရောက်နေသော ဦးရေချမ်း၏ လက်နှစ်ဘက်သည် မီးမြှိုက်ခံရသလို တဖျစ်ဖျစ် တရှဲရှဲမြည်ပြီး အငွေ့များ ထနေလေသည်။

‘အား...’

ဦးရေချမ်း သည်းမခံနိုင်တော့ဘဲ ကုတင်ပေါ်မှ လှိမ့်ချကာ နေရောင်မကျသော အခန်းထောင့်ဆီသို့ ခွေးတစ်ကောင်လို လေးဘက်တွားကာ ကပ်သွားလိုက်သည်။ ထိုအခါမှ ဒေါ်မိမိလည်း သတိ၀င်လာပြီး ပြတင်းပေါက်သစ်သားတံခါးကို ဂျိန်းကနဲ ပိတ်လိုက်ရသည်။

‘ကိုရေချမ်း။ ဘာဖြစ်တာလဲရှင့်’

‘အား.. ငါ့လက်တွေ.. ငါ့လက်တွေ’

ဆရာ၀န်ကြီးသည် သူ့လက်နှစ်ဘက်ကို ပြန်ကြည့်လိုက်လျှင် လက်ဖျံနှစ်ဘက်စလုံး ရေနွေးပူလောင်ထားသလို အရေခွံများလန်လျက်ရှိလေသည်။

‘နေဦးရှင့်။ ကျွန်မ ဆေးပတ်တီးသွားယူပေးမယ်’

ဇနီးဖြစ်သူသည် ယောကျ်ားဆရာ၀န်၏ ညွှန်ကြားချက်အတိုင်း လက်နှစ်ဘက်ကို ပတ်တီးစည်းပေးလိုက်သည်။ ဦးရေချမ်းသည် သူ့အဖြစ်ကို သူမယုံနိုင်အောင် ရှိလေသည်။

‘ငါမျက်စိတွေ ကျိန်းလိုက်တာ။ ပြတင်းတံခါးကြားတွေက နေရောင်တွေ ၀င်နေသေးတယ်။ ငါ့ကို ကတ်ထူစက္ကူတွေ ရှာပေးပါဦး’

ထိုနောက် ဒေါက်တာရေချမ်းသည် ထိုတစ်မနက်လုံး သူ့အိပ်ခန်းတွင်းသို့ နေရောင်မ၀င်အောင် အလုံပိတ်ရင်း အချိန်ကုန်လွန်သွားခဲ့သည်။

‘ကိုရေချမ်းရယ်။ ကျွန်မဖြင့် စိတ်ပူလိုက်တာ။ ရှင် ဆေးရုံသွားပြပါလား’

‘ဟင်.. ဆေးရုံသွားဖို့က အပြင်ထွက်ရမှာ။ ငါ ဒီပုံနဲ့ နေရောင်အောက် ထွက်လို့ ဘယ်ဖြစ်မလဲဟ’

‘ရှင်.. ရှင်က နေရောင်အထိခံလို့မရအောင် ဘာဖြစ်သွားလို့လဲရှင့်။ မနေ့ကပဲ အကောင်း...’

ထိုအခါမှ ဒေါက်တာရေချမ်းသည် သူ ယခင်နေ့က လင်းနို့ကြီး အကိုက်ခံခဲ့ရသည်ကို သတိရသွားသည်။ … ငါ ခွေးရူးရောဂါများ ဖြစ်ပြီလား….။ မဖြစ်နိုင်။ ခွေးရူးရောဂါက ဒီလောက်တော့ မမြန်နိုင်။ ပြီးတော့ ခွေးရူးရောဂါဖြစ်လျှင် နေရောင်အထိမခံနိုင်ဟုလည်း သူမကြားဖူး။

‘နေရောင်အထိမခံနိုင်တဲ့ သွေးရောဂါတွေတော့ ငါကြားဖူးတယ်။ ဒါပေမဲ့ ဒီလောက် မြန်မြန်တော့ မဖြစ်တတ်ဘူး’

‘ရှင် အခု သက်သာပြီလား။ မနေ့ကတည်းကလည်း ဘာမှ မစားရသေးဘူး။ ကျွန်မ မနက်စာ ယူလာခဲ့မယ်။ ဒီအခန်းထဲမှာပဲ စားလိုက်’

ဒေါ်မိမိသည် သူမယောကျ်ားစားရန် ကြက်ဥကြော်၊ ထမင်းကြော်၊ ကော်ဖီတို့ကို အိပ်ခန်းထဲသို့ ယူလာကာ စားပွဲပေါ် တင်ပေးလိုက်သည်။ ထိုအခါမှ ဒေါက်တာရေချမ်း ဗိုက်ထဲတွင် တကြုတ်ကြုတ် ဆာလောင်နေသည်ကို သတိပြုမိသွားသည်။ သူ ထမင်းကြော် တစ်ဇွန်းကို ကောက်စားလိုက်၏။

‘ဟာ.. မိန်းမ ထမင်းကို ဘယ်လိုကြော်ထားတာလဲ။ အရသာ ဆိုးလှချည်လား’ ဟု သူပြောလိုက်လျှင် ဒေါ်မိမိ မျက်နှာပျက်သွားရှာ၏။ ဒေါ်မိမိသည် သူ့ထက် ငါးနှစ်လောက်ငယ်ပြီး သူနှင့် ဆန့်ကျင်ဘက် ဖြူဖြူညှက်ညှက် အမျိုးသမီးတစ်ဦးဖြစ်သည်။ အမူအရာမှာ အမြဲယဥ်ကျေးသိမ်မွေ့ပြီး ယောကျ်ားကို အမြဲ အိမ်ဦးနတ်လို ရိုသေကိုးကွယ်သူတစ်ဦးပင်။ ဦးရေချမ်းသည်လည်း ဇနီးသည်ကို မင်းနဲ့ငါ သုံးပြီး ပြောသော်လည်း ဘယ်တော့မှ လေသံမာမာနှင့် ပြောဆိုလေ့မရှိ။ မပြောစဖူး အပြစ်ပြောခံရသဖြင့် ဒေါ်မိမိ အံ့သြသွားသည်။

‘ဆားငန်လို့လား ကိုရေချမ်း’

‘မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ မသိဘူး။ အရသာ ဆိုးတာပဲသိတယ်’

ဟင်းချက်ပေးသော မိန်းမတစ်ယောက်အတွက် အခံရအခက်ဆုံးသော စကားပင် ဖြစ်လေသည်။ ဦးရေချမ်းသည် ကော်ဖီကို တကြိုက်မော့သောက်လိုက်ပြန်သည်။

‘ဖွီး...’

သူ့ပါးစပ်ထဲမှ ကော်ဖီရေတွေ ဖွီကနဲ ပြန်ပန်းထွက်ကုန်လေသည်။

‘မင်းဟာကလည်းကွာ ကော်ဖီမှ ဟုတ်ရဲ့လား။ ကြောင်သေး သောက်ရတာကျနေတာပဲ’

ဦးရေချမ်း ပြောပြီးမှ စကားလွန်သွားသည်ကို သတိရသွားသည်။

‘ဆောရီးပါ မိန်းမရာ။ ငါ နေမကောင်းလို့ ခံတွင်းပျက်နေတာထင်တယ်။’ ဟုပြောပြီး တံခါး၀တွင် မျက်နှာငယ်လေးနှင့် ရပ်နေသော ဒေါ်မိမိနားသို့ သူရောက်သွားသည်။ မိန်းမကို ပြန်ချော့ရန် သူ အနားကပ်သွားခြင်းပင်။ အနားရောက်လျှင် အမျိုးသမီး၏ လည်ပင်းဆီမှ သွေးကြောမကြီးကို သူကြည့်လိုက်မိသည်။ သူ့ဗိုက်ထဲမှ ပိုပြီး တကြုတ်ကြုတ် ဆာလောင်လာလေသည်။ သူ့ပါးစပ်ထဲတွင် သွားရေတွေ အပြည့်ဖြစ်လာသည်။ သူသည် ဒေါ်မိမိ၏ လည်မျိုကို စားတော့၀ါးတော့မလို ကြည့်နေမိလေသည်။

‘ကိုရေချမ်း… ရှင်ဘာဖြစ်နေတာလဲ။ ကျွန်မကြောက်လာပြီ’

ဟု ပြောလိုက်မှ သူသတိပြန်၀င်သွားမိသည်။

‘ဟို.. ဟို.. ဘာမှ မဖြစ်ဘူး။ မနက်စာ ပြန်ယူသွားလိုက်တော့။ ငါမစားနိုင်ဘူးထင်တယ်။ အိပ်ရာထဲမှာပဲ ခဏနားလိုက်ဦးမယ်’

ဟုပြောပြီး သူ့မိန်းမကို အခန်းထဲမှ မြန်မြန်နှင်ထုတ်လိုက်သည်။ သူမ ကြာကြာနေလျှင် ဦးရေချမ်း ဘာလုပ်မိမည် မပြောနိုင်ချေ။ ဒေါက်တာရေချမ်းသည် ကုတင်ပေါ်ပြန်တက်ပြီး စောင်ခေါင်းမြီးခြုံကာ ကွေးနေလိုက်၏။ သူ့ဗိုက်ထဲမှ တကြုတ်ကြုတ်ဆာနေသည်ကို တင်းခံရင်း ခဏပြန်အိပ်ပျော်သွားသည်။

‘ဒေါက်တာရေချမ်း….’

ပဲ့တင်သံလို အသံကြီး အ‌ဝေးမှ ထွက်လာသည်။ ဦးရေချမ်း အရှိန်ပြင်းစွာ စီးဆင်းနေသော ချောင်းကြီးတစ်ခုထဲတွင် မျောပါနေသည်ကို သတိထားလိုက်မိသည်။ သူ၏ ကိုယ်သည် ရေထဲတွင် တ၀က်ပေါ်နေသည်။ သူအောက်ကို ငုံ့ကြည့်လိုက်သည်။

.. ဟာ…

သူမျောပါနေသော ချောင်းကြီးထဲတွင် ရှိသည်မှာ ရေများမဟုတ်။ နီရဲ ပျစ်ချွဲသော သွေးများဖြစ်နေလေသည်။ သူသည် သွေးချောင်းကြီးထဲတွင် မျောပါနေခြင်းပင်။

‘အားးး.. ကယ်ကြပါဦး… သွေးတွေ။ သွေးတွေ’

သူ ကြောက်လန့်တကြား ရုန်းကန် အော်ဟစ်လေသည်။ သို့သော် ရေစီးကိုလွန်ပြီး ဘယ်ကိုမှ ကူးခတ်နိုင်ခြင်းမရှိ။ သွေးညှီနံ့က သူ့နှာခေါင်းထဲ တိုး၀င်လာသည်။ သူ သွားရည်များ ကျလာပြန်၏။ သူ့ကိုယ်တစ်ပိုင်း နစ်မြုပ်နေသော သွေးများကို ငုံ့သောက်ပစ်လိုက်ချင်စိတ်က ထိန်းမရအောင် ပေါ်လာသည်။ သူ့ကိုယ်သူ ရွံရှာမိသဖြင့် အံချင်သလိုပင် ဖြစ်လာလေသည်။

‘ဒေါက်တာရေချမ်း’

ယခုလေးတင် ကြားခဲ့ရသော ပဲ့တင်သံက ထွက်ပေါ်လာပြန်လေသည်။  အသံသည် အပေါ်ဘက်တစ်နေရာမှ လာခြင်းဖြစ်၏။ ထို့ကြောင့် အသံလာရာဆီသို့ သူမော့ကြည့်လိုက်သည်။

သူမျောပါနေသော သွေးချောင်းကြီး၏ အပေါ် လေထုထဲတွင် ၀တ်ဖြူစင်ကြယ်နှင့် လူကြီးတစ်ဦးသည် စျာန်နှင့်ကြွသလို အထောက်အကူမရှိဘဲ ရပ်တည်နေသည်။ ထိုလူကြီးကို သူ မှတ်မိသွား၏။

‘ဦးသိဒ္ဓိ… ခင်ဗျား ဦးသိဒ္ဓိမဟုတ်လား’

‘ဟုတ်တယ်။ ကျုပ် ဦးသိဒ္ဓိပဲ။ ခင်ဗျားတို့ အဲဒီသံသေတ္တာကို သွားဖွင့်မိတာ မှားတယ်။ သိပ်မှားတယ်။’

ဦးရေချမ်းသည် သွေးချောင်းထဲတွင် ယက်ကန်ယက်ကန် ရှိနေလျက်က ပြန်အော်ပြောလိုက်၏။

‘အဲဒါ ခင်ဗျား သေတ္တာပဲဗျ။ ခင်ဗျားသေတ္တာထဲက ဒီလောက် ခွေးဟောင်သံထွက်နေတာ ကျုပ်တို့က သွားမဖွင့်လို့ ဘာလုပ်ရမလဲ။ တရပ်ကွက်လုံး ဒီအတိုင်း ငြိမ်နေရမလား။’

‘အဲဒါမှန်ပါတယ်။ ဒီကိစ္စမှာ ကျုပ်အပြစ်လည်း မကင်းပါဘူး။ ဘာပဲဖြစ်ဖြစ် ဖြစ်ပြီးတာတွေကို ပြန်ပြင်လို့လည်း မရတော့ဘူး’

‘အခု ကျုပ်က ဘယ်ရောက်နေတာလဲ။ ဘာလို့ ဒီသွေးချောင်းကြီးထဲ ရောက်နေတာလဲ။’

‘ခင်ဗျား ဘယ်မှ မရောက်ဘူး ဒေါက်တာရေချမ်း။ ဒါတွေအားလုံးက ခင်ဗျားရဲ့ စိတ်ထဲမှာပဲ။ ဒါဟာလည်း သွေးချောင်းအစစ်မဟုတ်ဘူး။ ခင်ဗျားရဲ့ စိတ်ရေစီးကြောင်းကြီးပဲ။’

‘ဒါ.. ဒါ.. ကျုပ်ရဲ့ စိတ်.. ဟုတ်လား။ ကျုပ်အိပ်မက်မက်နေတာလား’

‘အိပ်မက်မဟုတ်ဘူး။ ဒေါက်တာရေချမ်း။ ဒါဟာ အစစ်အမှန်ပဲ။ ဒီနေ့ ဒီအချိန်ကစပြီး … ဒါဟာ ခင်ဗျားရဲ့ စိတ်အလျဥ်ဖြစ်သွားပြီ’

‘ဗျာ...’

‘ဟုတ်တယ်။ မနေ့က ခင်ဗျားလက်မှာ အကိုက်ခံလိုက်ရတဲ့ ဒဏ်ရာကြောင့် ခင်ဗျားရဲ့ စိတ်ထဲမှာ ခင်ဗျား အသက်ဆက်ဖို့ဟာ တခြားလူတွေရဲ့ အသက်သွေးကြောကို မရှိမဖြစ်လိုအပ်သွားပြီ ဒေါက်တာရေချမ်း’

‘ခင်ဗျားကြီး ဘာတွေ လာပြောနေတာလဲ။ သွား အခုထွက်သွား’

‘ကျုပ်သွားပါ့မယ်။ ဒါပေမဲ့ ခင်ဗျားကို သတိပေးစရာရှိလို့ အခုလာပြောတာပဲ’

‘ဘာလဲ။ ဘာသတိပေးမှာလဲ။ အခုလို ဖြစ်ရတာ ခင်ဗျားကြောင့်။ ခင်ဗျား အသုံးမကျလို့။ ခင်ဗျားရဲ့ ခွေးဟောင်သံထွက်တဲ့ လင်းနို့ကြီးကြောင့် ကျုပ်အခုလိုဖြစ်ရတာ’

‘အဲဒါကို ကျုပ် ၀န်ခံပြီးပြီလေ။ ဖြစ်ပြီးတာကို မတတ်နိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားကို ကျုပ် သတိပေးမယ်။ ခင်ဗျားအသက်ရှင်ဖို့ တခြားဘယ်သူ့ကိုမှ မသတ်ပါနဲ့။ အဲလို သတ်ခဲ့ရင် ခင်ဗျား ငရဲဘုံမှာ ကမ္ဘာပေါင်းများစွာ ခံရလိမ့်မယ်။’

ဦးသိဒ္ဓိသည် ထိုသို့ ပြောရင်း လက်နှစ်ဘက်ကို ‌ဟိုသည်ယမ်းလိုက်လျှင် ဒေါက်တာရေချမ်း မျောပါနေသော သွေးချောင်းကြီး၏ ရှေ့တူရူတွင် ကြီးမားသော ငရဲဘုံကြီးသည် ရုတ်တရက် ပေါ်ပေါက်လာလေတော့သည်။ ထိုငရဲဘုံကြီးထဲတွင် ငရဲသားများသည် ကောင်းကင်တွင် ဇောက်ထိုးဆွဲခံထားရပြီး ငရဲထိန်းကြီးများက ထိုငရဲသားများ၏ လည်မျိုများကို လက်သည်းချွန်ကြီးများနှင့် ထိုးဖောက်ကာ ငရဲသားများကိုယ်ထဲရှိ သွေးများကုန်သည်အထိ သွန်ချနေကြလေသည်။ ထိုလူများအားလုံးသည် တချိန်က သူတပါး၏ သွေးများကို ဖောက်ယူစားသုံးခဲ့ကြသော မကောင်းဆိုး၀ါးများ ဖြစ်ခဲ့ဖူးကြကြောင်း ဒေါက်တာရေချမ်း သိရှိသဘောပေါက်သွားခဲ့သည်။

‘အား.. ခင်ဗျားကြီး ထွက်သွားစမ်းပါ။ ထွက်သွားစမ်းပါ’

‘ကျုပ်သွားပါ့မယ် ဒေါက်တာရေချမ်း။ ခင်ဗျား လူမသတ်ဖို့ပဲ ကြိုးစားပါ။ အခု ကျုပ် ခရီးလွန်နေလို့ ခင်ဗျားကို လာမကယ်နိုင်သေးဘူး။ ကျုပ်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပါ။ ကျုပ်လာကယ်ပါ့မယ်’

‘သွား… သွား ခင်ဗျားကြီးထွက်သွား’

ရှင်းမပြနိုင်သော အကြောင်းတစ်ခုကြောင့် ဒေါက်တာရေချမ်း၏ စိတ်ထဲတွင် ဦးသိဒ္ဓိကို ကြောက်လန့်စိတ်များ ထိန်းမရအောင် ဖြစ်ပေါ်လာလေတော့သည်။ မဟုတ်တာလုပ်ထားသော ကျောင်းသားသည် ကျောင်းအုပ်ကြီးနှင့် ရင်မဆိုင်ရဲသော ခံစားမှုမျိုးဖြစ်ပေလိမ့်မည်။ သို့သော် ဦးသိဒ္ဓိပေးမည့် အပြစ်ဒဏ်သည်ကား ကျောင်းသားကို ကျောင်းအုပ်ကြီးကပေးမည့် သာမန်အပြစ်ဒဏ်မျိုးနှင့် လားလားမျှ မတူအောင် ကွာခြားလှလေသည်။ ထိုခဏအတွင်းမှာပင် ဦးသိဒ္ဓိသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ဒေါက်တာရေချမ်းသည်လည်း အိပ်နေရာမှ လန့်နိုးလာခဲ့သည်။

အပြင်တွင် နေ၀င်သွားပြီး ညပိုင်းသို့ ရောက်ရှိနေပြီ။ နေရောင်မရှိတော့သဖြင့် ဒေါက်တာရေချမ်း နေလို့ ကောင်းလာသည်။ သူ့လက်နှစ်ဘက်ရှိ အပူလောင်ဒဏ်ရာများလည်း မရှိတော့ပြီ။ သူ့ လက်ပေါ်တွင် အကိုက်ခံရသော ဒဏ်ရာကို ပတ်တီးဖြည်ကြည့်မိသည်။ ထိုဒဏ်ရာကြီးကတော့ နက်ရှိုင်းစွာ ရှိနေဆဲ ဖြစ်လေသည်။ သူ၏ မသိစိတ်ထဲတွင် ထိုဒဏ်ရာကို ပျောက်စေမည့် တစုံတရာကို စဥ်းစားမိသွားသည်။ သို့သော် သူ့အတွေးများ ရှေ့မဆက်နိုင်မီ ဦးရေချမ်းသည် ခေါင်းကိုခါကာ စိတ်ကို ရပ်တန့်လိုက်သည်။ သူအာရုံပြောင်းနိုင်ရန် အ၀တ်အစားလဲပြီး ဆေးခန်းထိုင်ရန်အလို့ငှာ သူတို့ အိမ်အောက်ထပ်ရှိ ရပ်ကွက်ဆေးခန်းလေးဆီသို့ ဆင်းလာခဲ့သည်။ သူတို့အိမ်သည် နှစ်ထပ်အိမ်လေးတစ်လုံးဖြစ်ပြီး သူတို့လင်မယားက အပေါ်ထပ်တွင်နေကာ၊ အောက်ထပ်တွင် ဆေးခန်းနှင့် ဆေးဆိုင်ကို တွဲဖွင့်ထားသည်။ ညနေ ငါးနာရီထိုးလျှင် သူနာပြုအကူဆရာမလေးတစ်ဦးလာကာ ဆေးခန်းဖွင့် ဆေးဆိုင်အရောင်းကူပြီး သူက လူနာကြည့်လေ့ရှိသည်။ ငါးနာရီမှ ရှစ်နာရီလောက်အထိ ဆေးခန်းထိုင်ပြီး ဦးရေချမ်းသည် ရပ်ကွက်ရုံးသို့ ကူးသွားလေ့ရှိ၏။ ယနေ့တွင်တော့ သူနေမကောင်းသဖြင့် သူနာပြုလေးက လူနာများကို ပြန်လွှတ်နေရသည်။

‘ဆရာ နေမကောင်းဘူးထင်လို့။ သမီး လူနာတွေ ပြန်လွှတ်နေတာ ဆရာ’

‘ရတယ်သမီး။ ပြန်မလွှတ်နဲ့တော့။ ဆရာကြည့်လို့ရတယ်’

ဆရာမလေးသည် ‌ဆေးခန်းရှေ့ လူနာများ ထိုင်စောင့်နေရာ ခုံတန်းဆီသို့ ပြန်ထွက်သွားသည်။ လူနာ သုံးလေးဦး စောင့်နေသည်။ လူနာအမည်စာရင်းသွင်းပြီးလျှင် လူနာတစ်ယောက်သည် ဒေါက်တာရေချမ်းရှိရာ ဆရာ၀န်ခန်းသို့ ကိုယ်ကြီးတခြမ်းစောင်းကာ ထော့နင်းထော့နင်းလျှောက်ရင်း ၀င်ရောက်လာလေသည်။ 

‘ကိုသန်းဦးပါလား။ ဘာဖြစ်လဲဗျ’

‘ခါးနာလို့ဆရာ… ခါတိုင်းလိုပဲ။’

ကိုသန်းဦးသည် သူ့ဆေးခန်းသို့ ပုံမှန်လာပြနေသူဖြစ်သည်။ သူသည် ခါးနာ‌‌ဝေဒနာကြောင့် အမြဲလိုလို အကိုက်အခဲပျောက်ဆေးထိုးမှ သက်သာသူဖြစ်၏။ တခါတရံ ဒိုင်ယာဇီပန်ကဲ့သို့သော ကြွက်သားလျော့ဆေးများ လိုအပ်တတ်သည်။ ဒေါက်တာရေချမ်းသည် ကိုသန်းဦးကို ကြည့်ရင်း အကြံတစ်ခုရသွားလေသည်။

‘ခင်ဗျား သွေးစစ်ရမယ်’

‘ခင်ဗျာ’

လူနာသည် ခါးကြီးတခြမ်းစောင်းနေလျက်က အထူးအဆန်းလို ဒေါက်တာရေချမ်းကို မော့ကြည့်လိုက်သည်။

‘ဆရာ။ ကျွန်တော် ခါးနာတာလေ ဆရာ။ ခါတိုင်းလို ဆေးလေးထိုးပြီး ဒိုင်ယာဇီပန်...’

‘မဟုတ်သေးဘူးဗျ။ ခါးနာတာ အကြောင်းတွေ အများကြီးရှိတယ်။ လွယ်လွယ်နဲ့‌ ဆေးကောက်ထိုးလို့မရဘူး။ သွေးဖောက်ပြီး ရောဂါရှာရမယ်။ ပြောနေကြာတယ်။ ကုတင်ပေါ်တက်ဗျာ’

ဟုဆိုကာ ကိုသန်းဦး၏ ကိုယ်လုံးလေးကို အတင်းဆွဲမကာ လူနာကုတင်ပေါ်သို့ တင်လေသည်။

‘အမလေးဗျ။ နာလိုက်တာ ဆရာရဲ့’

ဒေါက်တာရေချမ်းသည် စိတ်ပုံမှန်မဟုတ်တော့ဘဲ မကောင်းဆိုး၀ါး ပူး၀င်နေသလို ဖြစ်နေတော့သည်။ သူ့တစ်ကိုယ်လုံးသည် တုန်ရီနေသည်။ သူသည် လျင်မြန်ကျွမ်းကျင်စွာနှင့် ကိုသန်းဦး၏ လက်ဖျံသွေးကြောကို ဆေးထိုးအပ်နှင့် ဖောက်ထုတ်လိုက်သည်။ သူသည် ပုံမှန် သွေးစစ်ရန် လိုအပ်သည်ထက် ပိုများသော သွေးပုလင်းပေါင်းများစွာကို ထုတ်ယူလိုက်လေသည်။

‘ဆ.. ဆရာ။ သွေးပုလင်းတွေက များလှချည်လား’

‘ငြိမ်ငြိမ်နေ ကိုသန်းဦး။ အခုခင်ဗျားကို ဆေးထိုးပေးမယ်’ ဟုပြောပြီး အပြင်းဆုံးသော အကိုက်အခဲ ပျောက်ဆေးတစ်မျိုးကို ကိုသန်းဦး၏ တင်ပါးထဲသို့ ထိုးပေးလိုက်သည်။ ထို့နောက် ဒေါက်တာရေချမ်းသည် သွေးပုလင်းများကို ယူကာ အတွင်းခန်းထဲသို့ အမြန်၀င်သွားလိုက်လေသည်။

‘အင်း… အင်း ဟင်း ဟင်း...’

သူသည် ပါးစပ်မှပင် ညည်းညူသံကြီးများထွက်ကာ ကိုသန်းဦး၏ သွေးပုလင်းများကို တပုလင်းချင်းစီဖွင့်ပြီး ပါးစပ်ထဲသို့ အငမ်းမရ လောင်းထည့်လိုက်လေတော့သည်။

‘အိုး… အလိုလေး… အိုးးးး’

သူ မယုံကြည်နိုင်လောက်အောက်ပင် အသက်ဓာတ်ခွန်အားများသည် သူ့တစ်ကိုယ်လုံးရှိ အကြောအချဥ်များထဲသို့ ပျံ့နှံ့စီးဆင်းသွားလေသည်။ သူသည် ကျန်ရှိနေသေးသော သွေးစက်အနည်းငယ်ကို သူ့လက်ပေါ်ရှိ လင်းနို့ကိုက်ရာကြီးပေါ်သို့ ဖျန်းလိုက်လျှင် သူ့အနာမှာ ချက်ချင်းပင် ယူပစ်သလို ပျောက်ကင်းသွားတော့သည်။

‘အမလေး ကောင်းလိုက်တာ။ အမလေး ကောင်းလိုက်တာ‌။ အမလေး အရသာ ခံစားလို့ ကောင်းလိုက်တာနော် ...’

ဒေါက်တာဦးရေချမ်းသည် တကိုယ်လုံး တုန်ခါပြီး ကျေနပ်သော အသံကြီးနှင့် ညည်းညူနေစဥ် အနောက်မှ လူသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ -

‘ဟင်.. မိမိ...’

သူ့မိန်းမ ဒေါ်မိမိသည် သူ၏ နောက်တည့်တည့်တွင်ရပ်ပြီး ဒေါက်တာဦးရေချမ်း လုပ်နေသမျှ အရာအားလုံးကို အစမှ အဆုံး ကြောင်တောင်ကြီး ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ ယောကျ်ားဖြစ်သူ၏ ပါးစပ်ဘေးတွင် သွေးများနှင့် ပေပွပြီး လက်ထဲတွင်မူ ကိုသန်းဦး၏ သွေးပုလင်းလွတ်များ။

‘… ကိုရေချမ်း...’

‘နေ နေဦး မိန်းမ...။ ငါရှင်းပြပါရစေ...။’

ဒေါ်မိမိသည် အသံပင် မထွက်နိုင်ဘဲ ထိုနေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိသည်။

‘မင်း ဒီမှာစောင့်။ ငါ ပြန်လာခဲ့မယ်’

ဟုပြောပြီး သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်အောင်လုပ်ကာ လူနာဆီသို့ ပြန်ထွက်သွားလိုက်သည်။ ကိုသန်းဦးသည် ယခုအခါ ဆေးအရှိန်ကြောင့် အနည်းငယ်သက်သာနေလေပြီ။

‘ကျေးဇူးပါဆရာ။ ကျွန်တော့် သွေးအဖြေ ဘယ်တော့ သိရမလဲဆရာ’

‘အဲ.. တစ်ခုခု အကြောင်းထူးရင် ကျွန်တော် ဖုန်းဆက်လိုက်မယ်။ အရှေ့မှာ ဆေးယူပြီး ခင်ဗျားပြန်လို့ရပြီ’

လူနာပြန်သွားသည်နှင့် ဒေါက်တာရေချမ်းသည် အတွင်းခန်းသို့ ပြန်၀င်လာကာ သူ့မိန်းမ ဒေါ်မိမိကို အကြောင်းစုံရှင်းပြလိုက်ရသည်။ ဒေါ်မိမိသည် တုန်လှုပ်ခြောက်ခြားလွန်းနေသဖြင့် ကုလားထိုင်တစ်လုံးတွင် ထိုင်စေရလေသည်။

‘ကို.. ကိုရေချမ်း။ ဒါဆို ရှင်က သွေးစုပ်ဖုတ်ကောင်ကြီး ဖြစ်သွားတာလား...’

‘ဟာ.. မိန်းမကလည်း။ အဲဒါတော့ ငါလည်း မသိဘူး။ လင်းနို့ကြီး အကိုက်ခံရပြီး ဒီလိုဖြစ်တာပဲကွာ။ ငါ့ အိပ်မက်ထဲကအတိုင်းဆို ဦးသိဒ္ဓိက ပြန်လာပြီး ငါ့ကို ကယ်မယ်ပြောတာပဲ။ ဒါပေမဲ့ ငါ အဲ့လူကြီး နာမည်ကြားတာနဲ့ အရမ်းကြောက်နေတယ်။ ငါ သူ့နာမည်ကို မကြားချင်ဘူး’

‘သူက ရှင့်ကို ပြန်ကောင်းအောင် လုပ်ပေးမှာပဲ။ အဲဒါကို ဘာလို့ကြောက်နေသလဲ’

‘အဲဒါတော့ ငါလည်း မသိဘူးမိန်းမ။ ငါ နေရောင်ကို ကြောက်သလိုပဲ - ဦးသိဒ္ဓိကိုလည်း အဲလို ကြောက်နေမိတယ်’

‘ရှင် လူမသတ်ဘူးဆိုရင် သူ့ကို ကြောက်စရာမရှိဘူး ကိုရေချမ်း’

‘ငါ.. ငါ လူမသတ်ပေမဲ့ အခုလို လူတွေရဲ့ သွေးတွေကို သောက်နေရင်ရော...။ အဲဒါဆိုရင်ရော… ငါ အပြစ်ပေးခံရမှာလား...’

ဒေါက်တာရေချမ်း၏ အမေးကို ဒေါ်မိမိ မဖြေနိုင်ခဲ့ချေ။

………………………………………

နောက်နှစ်ပတ်ကြာလျှင် မစိုးစိုးမေနှင့် သားငယ်မောင်အောင်ခန့်တို့သည် ဦးရေချမ်းကို ရပ်ကွက်ရုံးတွင် လာရောက်တွေ့ဆုံခဲ့သည်။ ဦးရေချမ်းသည် ကိုသန်းဦး၏ သွေးများကို သောက်သုံးပြီးချိန်မှစပြီး ထိုနေ့အထိ နောက်ထပ် သွေးမသောက်ရဘဲ ရှိနေခဲ့သည်။ သူသည် သွေးငတ်သဖြင့် တကိုယ်လုံး ဖြူလျော်ပြီး အားနည်း ချိနဲ့နေသည်။ သူ့လက်မှ လင်းနို့ကိုက်ရာကြီးမှာလည်း သွေးပြတ်သောအခါ ပြန်ပြီး ပေါ်လာသဖြင့် ပတ်တီးပြန်စီးထားခဲ့ရလေသည်။ မစိုးစိုးမေ ဦးရေချမ်းကို ကြည့်ပြီး စိတ်ပူသွားသည်။

‘ဆရာနေကောင်းရဲ့လားရှင့်’

‘ဟုတ် .. ဟုတ် ကောင်းပါတယ် မစိုးစိုးမေ။ အဟား… ငါ့ကောင်ကြီး မောင်အောင်ခန့်တောင် တော်တော်ထွားလာပြီပဲ။ လာစမ်းပါဦးကွ.. ဘယ်နှတန်းရောက်ပြီလဲဟေ့’

ဦးရေချမ်းမှာ နေမကောင်းသော်လည်း သူတို့ သားအမိကို ဖော်ရွေစွာ ကြိုဆိုဧည့်ခံလေသည်။

‘အေးဗျာ။ ကျွန်တော်လည်း မစိုးစိုးမေတို့ဆီ လာမယ် လာမယ်နဲ့ တော်တော်နဲ့ မရောက်ဖြစ်ဘူး။ ပြောပါဦးဗျာ။ ကျွန်တော် ဘာများကူညီရမလဲ’

‘ရပါတယ်ဆရာ။ ဆရာ့ကြည့်ရတာလည်း သိပ်နေကောင်းပုံမရဘူး။ ဆရာ့လက်က အနာရော သက်သာရဲ့လားဆရာ...’

ဧရာမလင်းနို့ကြီးကို သူတို့ တွေ့ခဲ့သည်မှာ နှစ်ပတ်မျှကြာပြီဖြစ်သည်။ သို့သော် ဒေါက်တာရေချမ်း၏ လက်တွင် ပတ်တီးဖြူဖြူကို စည်းထားဆဲရှိလေသည်။ အနာအကြောင်းမေးသဖြင့် ဦးရေချမ်းသည် သူ၏ ဒဏ်ရာရထားသောလက်ကို အခြားလက်တဘက်နှင့် မလုံမလဲ အုပ်ကိုင်လိုက်သည်။

‘ဟုတ်ကဲ့… သက်သာပါတယ် မစိုးစိုးမေ...။’

‘တော်ပါသေးရဲ့ဆရာ။ ကျွန်မတိုက်မှာ ဖြစ်တဲ့ကိစ္စမို့လို့ စိတ်မကောင်းပါဘူး။ အခုလာရင်းကိစ္စကတော့ ဦးသိဒ္ဓိနဲ့ ပတ်သက်ပြီးလို့ပါ...’

‘ဗျာ...’

ဒေါက်တာရေချမ်းသည် ဦးသိဒ္ဓိဟူသော အမည်ကို ကြားလိုက်သည်နှင့် တစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားလေသည်။

‘ဦး… ဦးသိဒ္ဓိ.. ဘာဖြစ်လဲ...။ သူ… သူ… ပြန်နိုးလာပြီလား...’

ရပ်ကွက်လူကြီးသည် မျက်လုံးကြီးများပြူးကာ တကိုယ်လုံး တဆတ်ဆတ်တုန်လာလေသည်။ သားငယ်မောင်အောင်ခန့်သည် ကြောက်လန့်ပြီး သူ့မိခင်၏ လက်မောင်းကို အတင်းကုပ်တွယ်ထားသည်။

‘ဆရာ… ဆရာဦးရေချမ်း။ ဘာဖြစ်တာလဲရှင့်’

ထိုအခါမှ ဦးရေချမ်းသည် မောင်အောင်ခန့်ကို သတိရသွားပြီး သူ့ကိုယ်သူ မနည်း ပြန်ထိန်းလိုက်ရသည်။

‘ဆောရီးဗျာ။ ကျွန်တော် ခုတလော နည်းနည်း ဖျားချင်သလိုဖြစ်နေလို့...’

‘ရ.. ရတယ် ဆရာ။ ကျွန်မ ဆရာနေမကောင်းဘူးတော့ ထင်ပါတယ်။ ဦးသိဒ္ဓိ ပြန်မနိုးသေးပါဘူးဆရာ။ သူ့ကို ကျွန်မပဲ ဆက်ပြီး ကြည့်ပေးထားပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ်ရမလဲလို့ သက်ဆိုင်ရာကို လာမေးတာပါ။ သူ့မှာလည်း ဆွေမျိုးသားချင်းက...’

‘ရတယ် မစိုးစိုးမေ။ ရတယ်။ ဆက်ကြည့်ပေးလိုက်ပါဗျာ။ ကျွန်တော်တို့ မစိုးစိုးမေကို ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်လို့ လိုအပ်တာရှိရင် ရပ်ကွက်ဓမ္မာရုံမှာ အစားအသောက် အ၀တ်အစား အကူအညီတောင်းလို့ရပါတယ်’

ဦးရေချမ်းသည် မစိုးစိုးမေ၏ စကားဆုံးအောင်ပင် မစောင့်တော့ဘဲ လျင်မြန်စွာ စကားကို ဖြတ်ပြောလိုက်လေသည်။ မစိုးစိုးမေလည်း မူမမှန်သော ထိုရပ်ကွက်လူကြီးအနားတွင် ဆက်မနေလိုတော့သဖြင့် ကောင်းမွန်စွာ နှုတ်ဆက်ပြီး မောင်အောင်ခန့်လေးကို တင်းတင်းဖက်ကာ အိမ်သို့ ပြန်လာခဲ့လိုက်တော့သည်။ သူမ၏ စိတ်ထဲတွင်မူ ဒေါက်တာရေချမ်း၏ အမူအယာများကို မည်သို့မျှ နားမလည်နိုင်ဘဲ ရှိလေသည်။

…………………………………….

‘မိန်းမရေ။ ငါ ဆက်ပြီး သည်းမခံနိုင်‌တော့ဘူး။ ဒီအတိုင်းဆို ငါ တခုခုလုပ်မိတော့မယ်’

တရက်တွင်မူ ဦးရေချမ်းသည် သူ့မိန်းမကို ဖွင့်ပြောခဲ့သည်။

‘လူသတ်တာနဲ့စာရင် သွေးဖောက်ပြီး သောက်တာက ပိုအဆင်ပြေမယ်’

သူတို့ လင်မယားသဘောတူလိုက်ကြသည်။ ထိုနေ့ ရောက်လာသည့် လူနာတစ်ယောက်ယောက်ထံမှ သွေးဖောက်ရန်….။

ဖြစ်ချင်တော့ ထိုနေ့တွင် လူနာပါးလွန်းလေသည်။ မည်သူတဦးတယောက်မျှ ဦးရေချမ်း၏ ဆေးခန်းသို့ ရောက်မလာခဲ့ချေ။

‘ငါ ဒီနေ့ မသောက်ရရင် မဖြစ်တော့ဘူး မိမိ။ မင်းငါ့ကို ညကျရင် ကြိုးတုပ်ပြီး အိပ်ရလိမ့်မယ်’

‘အို မဟုတ်တာရှင်။ တစ်ယောက်ယောက်တော့ ရောက်လာမှာပါ...’

ဟုပြောပြီး သူတို့နှစ်ယောက်ထိုင်စောင့်နေစဥ် ဆေးခန်းအ၀၌ လူအရိပ်တခုသည် စောင်းစောင်းကြီး ပေါ်လာလေသည်။

‘ဟင်… ကိုသန်းဦး’

ကိုသန်းဦးသည် မခံမရပ်နိုင်အောင် ခါးနာလျက်က ဆေးခန်းသို့ မနည်း ကြိုးစားပြီး ရောက်လာရသည်။ ဦးရေချမ်းသည် ကိုသန်းဦးကို မြင်လျှင် ဂလုကနဲ တံတွေးမျိုချမိလေသည်။

‘ကိုသန်းဦး လာဗျာ’

ဟု ပြောကာ သူနာပြုဆရာမလေး လူနာစာရင်းသွင်းသည်ကိုပင် မစောင့်တော့ဘဲ လူနာခန်းထဲသို့ အတင်းဆွဲခေါ်လေတော့သည်။

‘ဆ.. ဆရာ.. အားးးး’

‘ခင်ဗျား ခါးနာတာ သွေးပျစ်တဲ့ရောဂါဗျ။ အဲလိုရောဂါမျိုးဆို သွေးဖောက်ထုတ်ရတယ်။ အဲဒါဆို သက်သာပြီဗျာ’

ဒေါက်တာရေချမ်းသည် ယခင်လို သွေးပုလင်းများပင် မယူတော့ပဲ ကိုသန်းဦး၏ လက်ဖျံတွင် သွေးလှူသော ပိုက်ကြီးကို စိုက်ချကာ သံဒယ်ပြားထဲသို့ သွေးများကို သွန်ချလေတော့သည်။

‘ဟာ… ဆရာ.. သွေးတွေ.. သွေးတွေ များလှချည်လား… ဆရာ… အားးးး အင်း...’

ကိုသန်းဦးသည် စကားပင် ဆုံးအောင် မပြောနိုင်တော့ဘဲ ဇက်ကျိုးကျသွားလေသည်။

‘အမလေး ကိုရေချမ်း။ ရှင်သူ့ကို သတ်လိုက်ပြီလား’

ဒေါ်မိမိသည် နောက်မှ အမီလိုက်လာသော်လည်း တွေ့လိုက်ရသည့်အဖြစ်ကြောင့် နောက်ကျသွားပြီဟု တွေးလိုက်မိသည်။ ဒေါက်တာရေချမ်းသည် ကိုသန်းဦး၏ ကျန်လက်တဘက်တွင်းမှ ဆေးတစ်လုံး ထိုးပေးလိုက်သည်ကိုလည်း သူမတွေ့လိုက်ရသည်။

‘ဟင်.. ကိုရေချမ်း သူသေသွားပြီလား’

‘ဟင်းးး ဟင်း…. အင်း… ဂလု ဂလု…. အင်းးးး.. ကောင်းလိုက်တာ.. ကောင်းလိုက်တာ...’

ဦးရေချမ်းသည် ဒေါ်မိမိကို လှည့်ပင်မကြည့်နိုင်ဘဲ ဖင်ဘူးတောင်းကြီးထောင်ကာ ကြမ်းပေါ်ရှိ သွေးများပြည့်နေသည့် ဒယ်အိုးကြီးကို ခွေးကြီးတစ်ကောင်လို ကုန်းပြီး အငမ်းမရ သောက်လေတော့သည်။ ဒေါ်မိမိသည် အပြင်မှ သူနာပြုဆရာမလေး ၀င်မလာနိုင်ရန် တံခါးကို သူမလက်နှင့် ဆုပ်ပြီး အတင်းပိတ်ထားရလေသည်။ ဆရာ၀န်ကြီး ဒယ်အိုးထဲမှ သွေးများကို တပျတ်ပျတ် အားရအောင် လျက်ပြီးလျှင် သွေးပေနေသော မျက်နှာကြီးနှင့် ဒေါ်မိမိကို လှည့်ကြည့်ရင်း ပြောလိုက်သည်။

‘မသေဘူး မိမိ။ မသေဘူးလို့ ထင်တာပဲ။ ငါသူ့ကို မော်ဖင်း ထိုးပေးလိုက်တာ’

ကိုသန်းဦးကို ထိုနေ့က ဆေးရုံသို့ တင်လိုက်ရသည်။ ဦးရေချမ်းကို ပြဿနာမရှာအောင် လျော်ကြေးအနည်းငယ်ပေးလိုက်ရ၏။ ထိုးဆေးမတည့်သဖြင့် သတိမေ့သွားသည်ဟု အကြောင်းပြခဲ့သည်။ ဆေးရုံမှ ဆရာ၀န်များမှာလည်း ဦးရေချမ်း၏ အသိများဖြစ်သဖြင့် လူနာကလည်း ပြဿနာမရှာသောကြောင့် ဖုံးဖုံးဖိဖိနှင့် ပြီးသွားခဲ့လေသည်။

နောက်တစ်လခန့်ကြာလျှင် ဦးရေချမ်းသည် မောင်ထက်ပိုင် တိုက်ပေါ်မှ ခုန်ချပြီး သတ်သေသွားကြောင်း သတင်းဆိုးကို ကြားခဲ့ရသည်။

‘ဒီခွေး‌ဟောင်သံကြီးဟာ ငါတို့အားလုံးအတွက် ကြမ္မာဆိုးတွေကို ယူလာပေးခဲ့တာပဲ’

တစ်နေ့တွင်မူ ဦးရေချမ်းသည် သူ့မိန်းမ ဒေါ်မိမိကို နေရောင်တစက်မှ မ၀င်အောင် အလုံပိတ်ထားသည့် သူ့အိပ်ခန်းထဲသို့ ခေါ်ပြီး ပြောခဲ့သည်။

‘မိန်းမရေ။ ငါ မနေ့က အသိတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ ယူအန်က အာဖရိကမှာ ဆရာ၀န်တွေ လိုနေတယ်။ အဲဒီမှာ အလုပ်တစ်ခုက သွေးလှူဘဏ်မှာ လုပ်ရမှာတဲ့’

ဒေါ်မိမိ ဦးရေချမ်းပြောစကားကို နားထောင်နေခဲ့သည်။

‘ငါ ဒီမှာ ဘယ်လောက်ကြာကြာ လူမမိဘဲ ဒီလို ဆက်နေနိုင်မလဲ မသိဘူး။ ကြာရင် လူသတ်မိတော့မယ်။ ငါ ငရဲတော့ ကမ္ဘာနဲ့ချီပြီး မခံနိုင်ဘူးမိန်းမ။ ငါ ဒီကနေ ထွက်သွားမှဖြစ်မယ်။ သွားရင်လည်း တစ်ယောက်တည်းပဲ သွားရလိမ့်မယ်’

‘ရှင်… အာဖရိကမှာ တစ်ယောက်တည်း ဖြစ်ပါ့မလား ကိုရေချမ်းရယ်’

‘မင်း ငါ့အတွက် မပူပါနဲ့ မိန်းမရယ်။ မင်းပူရမှာက ငါ့ကြောင့် တခြားလူတွေ ဒုက္ခရောက်မှာကိုပါ’

ထို့နောက်တွင်မူ လပိုင်းအတွင်း ဦးရေချမ်းသည် အာဖရိကတိုက်တစ်နေရာတွင် အလုပ်လုပ်မည်ဆိုပြီး မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ အချိန်များသည် လမှ နှစ်သို့ ကူးပြောင်းသွားကြသည်။ ဒေါက်တာရေချမ်းသည် အစပိုင်းတွင် ဒေါ်မိမိထံသို့ စာရေးခြင်း၊ ဖုန်းဆက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် လုံး၀ အဆက်အသွယ်မလုပ်တော့ချေ။ တရက်တွင် ဒေါ်မိမိသည် ဦးရေချမ်း အလုပ်လုပ်ခဲ့သော ရုံးဌာနသို့ ဆွေမျိုးတစ်ဦး၏ အကူအညီနှင့် ဖုန်းဆက်ခဲ့သည်။

‘သြော် - ဒေါက်တာရေချမ်းဆိုတာလား။ သူ့ကို ကျွန်တော်တို့ အဖွဲ့အစည်းက အလုပ်ထုတ်လိုက်ပြီဗျ’

‘ဗျာ.. ဘာလို့လဲခင်ဗျ။ ကျွန်တော်က အခု သူ့ဇနီးသည် အကူအညီတောင်းလို့ ဖုန်းဆက်မေးတာပါ။ ဘာလို့လဲဆိုတာ ပြောပြလို့ရမလား။ ပြီးတော့ သူအခု ဘယ်မှာလဲဆိုတာရော ပြောပြလို့ရမလားခင်ဗျာ’

‘ကျွန်တော်က ဒီအဖွဲ့အစည်းရဲ့ ၀န်ထမ်းရေးရာမှာ အလုပ်လုပ်တာပါ။ သူ့ကို အလုပ်ထုတ်ရတဲ့ ကိစ္စကို အထူးလျှို့၀ှက်လို့ ရေးထားတယ်ခင်ဗျာ။ ပြီးတော့ သူဘယ်မှာ ရှိသလဲဆိုတာကိုလည်း ကျွန်တော် မပြောနိုင်ပါဘူး။ တကယ်လို့ လူပျောက်တိုင်ချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ သံရုံးတွေကတဆင့်သာ စုံစမ်းပါခင်ဗျာ’

ထိုသည်ကား ဦးရေချမ်းနှင့် ပတ်သက်ပြီး ကြားခဲ့ရသော နောက်ဆုံးသတင်းပင် ဖြစ်လေသည်။ ဒေါ်မိမိသည် သူမ တတ်သလောက် မှတ်သလောက် မြန်မာသံရုံးမှတဆင့် ကြိုးစားရှာဖွေပါသော်လည်း ဦးရေချမ်းသည် ထိုအာဖရိကနိုင်ငံမှ တခြားဘယ်ကိုမျှ ခရီးထွက်သည်ဟု မှတ်တမ်းမရှိဘဲ အစအန ပျောက်သွားလေတော့သည်။ ထိုနိုင်ငံမှ ရဲတပ်ဖွဲ့မှာလည်း လူပျောက်မှုများကို နိုင်နိုင်နင်းနင်း စုံစမ်းနိုင်ခြင်းမရှိခဲ့။ သို့ဖြစ်လေရာ သက်ဆိုင်ရာမှ ထိုထက်ပိုပြီး မကူညီပေးနိုင်ခဲ့တော့ချေ။

‘ကိုရေချမ်းရေ… အမျှ အမျှ အမျှ… ကျွန်မ ပြုသမျှ ကုသိုလ်ကောင်းမှုကို ရှင့်အတွက် အမျှ‌ဝေပါတယ်။ ဒီလောကကြီးမှာ မရှိတော့ရင်လည်း သာဓုခေါ်ပေးပါ။ ရှိနေသေးရင်လည်း ၀ဋ်ကြွေးတွေ ကြေပါစေတော့ ကိုရေချမ်းရေ….’

ဒေါ်မိမိသည် နောက်ဆုံးတွင် သူမ၏ ခင်ပွန်း ဒေါက်တာဦးရေချမ်းနှင့် ပတ်သက်ပြီး စိတ်လျှော့ကာ တရားနှင့်ပင် ဖြေသိမ့်လိုက်ရလေတော့သည်။

……………………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#ဒဏ်ရာ
#လက်မ
#အနာ
#ထမင်း
#လောက

Some text some message..