
မြတ်သူ ဝပ်ရှော့တွင်ထိုင်ကာ ကားပြင်နေသည်ကို ဘေးကနေ လိုက်ကြည့်၍ နေရာတကာ ဆူစရာမရှိ ကြံဖန်လိုက်ဆူနေသည့် ခွန်သွေးကြောင့် ထိုင်နေရာမှ ထကာ ခွန်သွေးအနားလျှောက်လာခဲ့သည်။ အလုပ်သမားတွေလဲ အနေကြပ်သလို စိတ်ညစ်နေပြီ မဟုတ်လား။
" ခွန်သွေး.....မင်း လာစမ်းပါကွာ။ မင်း ငါနဲ့စကားပြောရအောင်။ "
သူ့ကိုပခုံးမှဆွဲဖက်ကာ အတင်းဆွဲခေါ်လာသည့် မြတ်သူကြောင့် နှစ်ယောက်သားရုံးခန်းထဲ ဝင်လာကြရင်း အထဲရောက်သည်နှင့် တံခွန်သွေး ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
" မင်း အိမ်မပြန်ဘူးလား။ "
ဟုတ်သည်.....သူ အိမ်မပြန်တာ နှစ်ရက်ရှိပြီဖြစ်သလို အိမ်က ဖုန်းဆက်လဲ မကိုင်ပဲ နေသည်။ စိတ်ပြေပြီဖြစ်သလို မုန်းကိုလဲ လွမ်းပေမယ့် လိုက်မခေါ်မချင်း မပြန်ဟု ဆုံးဖြတ်ထားခြင်းပင်။
" မင်းမျက်နှာနဲ့ သူက လိုက်နေရတာလေ။ ပြီးတော့ မင်းမိန်းမက တစ်ယောက်ထဲ....."
နှုတ်ဆိတ်နေကာ မသိသလိုလုပ်နေသည့် ခွန်သွေးပုံစံကြောင့် သူ သက်ပြင်းချလိုက်မိရင်းမှ ညည်းညူမိသည်။
" ဒါကြောင့် တချို့မိန်းကလေးတွေက သူတို့ထက်ငယ်တဲ့လူကို လက်မခံရဲကြတာနေမယ်။ ဒီကိစ္စက လွန်တာမင်းနော်။ သဝန်တိုစရာမရှိ ကြံဖန်တိုတာ ဂမုန်းနွယ်က အဲ့လိုမိန်းမဟုတ်မဟုတ် မင်းမသိဘူးလား။ "
မြတ်သူစကားကြောင့် သူ ကျစ်ခနဲ စုပ်သပ်မိရင်းမှ.....
" ငါသိပါတယ်....ရုတ်တရက်ဆိုတော့ကွာ....ငါလဲ သဝန်တိုလို့ ပြောမိပြောရာပြောလိုက်မိတာ။ ပြီးတော့ မုန်းက ငါ့ကိုအော်တယ်လေ....တစ်ခါမှ စိတ်မဆိုးဖူးတဲ့လူက ဟိုကောင့်ရှေ့ ငါ့ကိုပါးရိုက်ရက်တာ အသဲနာတယ်။ "
" ဟ.....မင်းက သွားစွပ်စွဲတာကိုး။ မင်းက ဂမုန်းနွယ် မင်းကို အရမ်းချစ်မှန်းသိလို့ တမင်အနိုင်ကျင့်ပြီးဆိုးနေတာ.....ကြပ်ကြပ်လုပ်...ထားသွားမယ်။ "
" မုန်းကလား.....အဟွန်းးးးငါ့ကို သူသိပ်ချစ်တာ။ ဘယ်တော့မှ မထားခဲ့ဘူး။ "
သိသိလျက်နဲ့ကို ဆိုးနေကာ ဂမုန်းနွယ် လာချော့ခေါ်တာ စောင့်နေပုံရတာမို့ မြတ်သူ ခေါင်းကိုခါယမ်းမိရင်းမှ ဝင်ပါရမည်မှန်း သိလိုက်သည်။ ခေါင်းမာပြီး ဂျစ်တိုက်တဲ့ခွန်သွေးအကျင့်ကို သိနေသလို ဂမုန်းနွယ်ကို မချစ်တာလဲမဟုတ်။
ဖုန်းမြည်သံနဲ့အတူ ခြံထဲထိုင်နေသည့် မုန်းအနားလျှောက်လာသည့် ခြေသံကိုနားစွင့်ရင်းမှ မိဝါအသံကြောင့် မျှော်နေသူမဟုတ်သဖြင့် မုန်း စိတ်အားငယ်သွားရသည်။ မောင်ဟာ တကယ်နေနိုင်လွန်းသလို ပြန်မလာတာ နှစ်ရက်ပင်ရှိနေပြီဖြစ်ကာ ဒီညလဲ ပြန်လာမယ့်ပုံမပေါ်။ချော့ရတာ ပင်ပန်းလှပြီဖြစ်သလို မုန်းကိုစွပ်စွဲရက်တာတွေးရင် ရင်နာလှသည်။ မုန်း မောင့်အပေါ် အဘယ်မျှချစ်မှန်းသိပါလျက်နှင့် မယုံမကြည် မုန်းသိက္ခာကို စော်ကားသည့်စကားမျိူး ပြောရက်သည်။
" မမလေး......မမလေးနဲ့ပြောချင်လို့တဲ့။ အစ်ကိုလေးသူငယ်ချင်း ကိုမြတ်သူဆက်တာ။ "
လက်ထဲထည့်ပေးလာသည့် ဖုန်းလေးကို ယူလိုက်ရင်းမှ ......
" ဟယ်လို....."
" ကျွန်တော် မြတ်သူပါ မဂမုန်းနွယ်။ မှတ်မိလား မသိဘူး။ "
" ဟုတ်ကဲ့.... မုန်းမှတ်မိပါတယ်။ "
" ခွန်သွေး ဝပ်ရှော့ရောက်နေတာ နှစ်ရက်ရှိပြီ။ ပြီးတော့ အရက်တွေဖိသောက်နေတာ အတော်ဆိုးတယ် မဂမုန်းနွယ်။ လာပေးစေချင်တယ်ဗျာ....ခုလဲ ဂမုန်းနွယ်ကိုပဲ တ နေတာ။ သူ အရမ်းစိတ်ထိခိုက်လာတယ်ထင်တယ်။တော်တော်မူးနေလို့ပါ။ "
မုန်း သက်ပြင်းလေးချလိုက်မိရင်းမှ....
" ဟုတ်ကဲ့...... မုန်း ခုလာခေါ်ပါ့မယ်။ "
ဖုန်းကိုချရင်း မိဝါကိုပြောပြကာ မောင့်ဝပ်ရှော့ကို သွားရန်ပြင်ရသလို တနေ့က မုန်း မောင့်ပါးကို ရိုက်မိခြင်းအား ပြန်တွေးလျှင် စိတ်မကောင်းပေမယ့် နောင်တတော့မရပါ။ မုန်း ကို မကြည်ဖြူတာထက် ဖောက်ပြားလော်မာတဲ့မိန်းမဟု သတ်မှတ်သည်ကလဲ အခြားသူစိမ်းအရှေ့မို့ မုန်းသိက္ခာကို မောင်ဟာ အနည်းငယ်ပင် ထည့်တွက်ပုံမပေါ်။
ညမိုးချုပ်စပြုနေပြီဖြစ်ပေမယ့် မိဝါနဲ့အတူ အိမ်က ကားဖြင့် မောင့်ရဲ့ဝပ်ရှော့ကို ထွက်လာခဲ့သလို ကားပေါ်မှ ဆင်းလိုက်သည်နှင့် ကိုမြတ်သူက မုန်းကို လာနှုတ်ဆက်ရှာသည်။
" လာပြီလား ဂမုန်းနွယ်.....ကားငှားလာတာလား။"
" မုန်းအိမ်က ကားမောင်းတဲ့လူကို လှမ်းခေါ်လိုက်တာပါ။ မောင် အခုဘယ်မှာလဲဟင်။ "
မြတ်သူ မလှမ်းမကမ်းရှိ အလုပ်သမားတစ်ယောက်ကို လက်ယက်ခေါ်လိုက်ရင်းမှ.....
" မင်းတို့ဆရာကိုသွားခေါ်.....သူ့မိန်းမရောက်နေတယ်လို့။ "
" ဆရာ စောနလေးက ဟိုကြာရိုးဆိုတဲ့အစ်မလာခေါ်လို့ အပြင်ပါသွားတယ်။ "
မြတ်သူ ကျစ်ခနဲစုပ်သပ်လိုက်မိသလို မုန်း ရင်ထဲလဲ စစ်ခနဲ နာကျင်သွားရသည်။ လာခေါ်မိတာ နောင်တရသွားသလို ရှက်လဲရှက်မိသည်။ အနေအထိုင် ဆင်ခြင်ပါ့မယ် ပြောပေမယ့် မုန်းကိုပစ်ထားပြီး ကြာရိုးဖြူနဲ့ တပူးတွဲတွဲလျှောက်သွားနေတာ အနေအထိုင်ဆင်ခြင်နေခြင်းလား။
" ကိုမြတ်သူပြောတော့ အရမ်းမူးနေတာဆို။ မုန်းကို ဘာလို့ညာရတာလဲ။ "
မြတ်သူ ဘာပြောလို့ပြောရမှန်းမသိသလို ကြောင်အမ်းသွားရသည်။ ထိုစဥ် ဝပ်ရှော့ထဲဝင်လာသည့် ခွန်သွေး နှင့် ကြာရိုး။
" သွေးနော်.....ငိုလိုက်မှာသိလား...."
" အဟွန်းးးဟွန်းးးး"
ချိုမြပြီး ကြည်နူးစွာရယ်မောသံတွေကြားလိုက်ရတာမို့ ပြန်လာပြီမှန်း သိလိုက်သလို မုန်း အောက်နှုတ်ခမ်းလေးကို ခံပြင်းစွာ ဖိကိုက်မိ၏။ မုန်းကတော့ အိမ်မှာ ဘယ်လောက် စောင့်မျှော်လိုက်ရသလဲ။ သူက အပြင်မှာဖြစ်ချင်တိုင်းဖြစ်နေသည်။ တံခွန်သွေး ဝပ်ရှော့ထဲဝင်လာရင်း မြတ်သူရဲ့ရှေ့တွင် မိဝါနဲ့အတူရပ်နေသည့် မုန်းကိုမြင်တော့ အံ့သြသွားရသည်။ ကြာရိုးဖြူလဲ မုန်းကိုမြင်တော့ မျက်နှာလေးပျက်သွားကာ တံခွန်သွေးလက်မောင်းကြီးကို အတင်းဆွဲချိတ်ထားရာမှ အမူပိုပိုဖြင့် ချော်လဲမလိုလေး ဟန်ဆောင်ပစ်၏။
" အမလေးးးးး"
" ဟာ.....ကြာရိုး......"
တံခွန်သွေး ကြာရိုးကိုယ်လေးကို ဖမ်းဆွဲပေးထားလိုက်သလို .....
" သတိထားလေဟာ.....လဲဦးမယ်။ "
" ကျေးဇူးပါ သွေးရယ်......နင်မဆွဲရင် ငါလဲပြီ။ သြော်.....အစ်မရောက်နေတာပဲ။ "
ကြားနေရသည့် စကားအခေါ်အပြောတွေနှင့် အသံတွေကြောင့် မမြင်ရပေမယ့် မုန်း နားလည်နေသည်။ မျက်နှာလေးက ခပ်တည်တည်လေးဖြစ်နေသလို ကြာရိုးဖြူနှုတ်ဆက်နေတာသိပေမယ့် ပြန်မနှုတ်ဆက်သလို စိတ်ထဲမပါရင် ဟန်ဆောင်ပြီးတောင်မဆက်ဆံချင်။
" ခင်ဗျားက ဒီကို ဘာလာလုပ်တာလဲ။ "
သြော်.....မုန်းက လာခွင့်မရှိသည့်နေရာပဲဟု စိတ်ထဲနားလည်သွားရပေမယ့် မကျေနပ်စိတ်ကြောင့် ခပ်ရွတ်ရွတ်သာပြန်မေးမိသည်။
" ငါလာလို့မရတဲ့နေရာလား.....ဒါမှမဟုတ် ငါလာလို့မဖြစ်တာလား။ အခုပြန်မှာပါ....."
တံခွန်သွေး တည်တင်းနေသည့် မုန်း မျက်နှာလေးကြောင့် မကြည်သလို ပေစောင်းစောင်းကြည့်မိသည်။ လာချော့ခေါ်တာ သိပေမယ့် အနည်းငယ်တော့ မာန်တင်းပြချင်သေးသည်။
" ကျုပ်ကို လာခေါ်တာလား။ ခင်ဗျား အကောင်..."
" ခွန်သွေး.....မင်း တော်တော့။ "
ပြဿနာထပ်တက်မည်စိုးတာမို့ ဂမုန်းနွယ် မခံနိုင်မည့်စကားမပြောခင် မြတ်သူလှမ်းဟန့်လိုက်သည်။
" မင်း အရမ်းမလွန်လာနဲ့ ခွန်။ ငါ့အကျင့်စာရိတ္တကို မင်းမယုံရင် မပေါင်းနဲ့။ မင်းအိမ်မို့ မင်းဆင်းစရာလဲမလိုပါဘူး။ ဒီညပဲ ငါ့အိမ်ငါပြန်မယ်။ ပေါင်းချင်ပေါင်းကွာချင်ကွာ မင်းသဘောပဲ... ။ "
အပြတ်ပြောလာသည့်စကားကြောင့် တံခွန်သွေး ပိုမခံမရပ်နိုင်ဖြစ်သွားရသလို မိဝါနဲ့အတူ ကားပေါ်တက်သွားသည့် မုန်းကို အံ့သြတကြီးငေးကြည့်မိ၏။
" မင်းကလေ စေတနာနဲ့မတန်တဲ့ကောင်...ငါ့မှာ မင်းအရမ်းမူးနေတယ်လိမ်ပြောထားလို့ ဟိုက လာချော့ခေါ်တာ။ အခု အိမ်ပေါ်ကဆင်းပြီ။ ကြာရိုး နင်ကလဲ မဟုတ်ဘူး.....ခွန်သွေးက အိမ်ထောင်သည်ဖြစ်နေပြီ။ငါ အများကြီး မပြောချင်ဘူး။ "
ကြာရိုးဖြူက ပခုံးလေးနှစ်ဖက်အား ဘာမှမသိသလို တွန့်ပြလိုက်မိသည်။တံခွန်သွေး ကားသော့ယူပြီး ကပျာကယာ နောက်ကလိုက်ရန်ပြင်သလို မုန်း သူ့ကို စိတ်ဆိုးသွားတာသိသဖြင့် ရင်ထဲလေးပင်သွားရသည်။ မုန်းလာမခေါ်လဲ ဒီညပြန်မလို့ ဆုံးဖြတ်ထားပြီးသားပေမယ့် အပြောမတတ်သည့် ပါးစပ်က ပြဿနာသာရှာသည်။
@@@@@@@@@@@
" မမလေး......မမလေးရယ် မလုပ်ပါနဲ့ ။ မိဝါ တောင်းပန်ပါတယ်..... အကိုလေးက စိတ်ဆိုးနေတုန်းမို့ပါ။ "
" ဟုတ်ပါတယ် သမီးရယ်.....စိတ်လိုက်မာန်ပါမလုပ်ပါနဲ့။ အိမ်ထောင်တစ်ခုဆိုတာ သာမာန်ရေစက်နဲ့ ပေါင်းဖက်ရတာမဟုတ်ဘူး။ သူစိမ်းလူအဝင်မခံစမ်းပါနဲ့ကွယ်။ "
ဗီရိုထဲမှ အဝတ်အစားတွေကို ရမ်းသမ်းဆွဲဖြုတ်ကာ အိတ်ကြီးထဲ စုပြုံထိုးကြိတ်ထည့်ရင်း ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်စတွေက တာတမံချိုးချလိုက်သလိုပင်။ ဝမ်းနည်းလွန်းသည်မို့ တအင့်အင့်ရှိုက်ငိုရင်း မုန်း ဆက်ပြီးမခံစားနိုင်တော့။ ဆင်းချင်ပေမယ့် ဆင်းရမှာလဲ ဝန်လေးသလို အိတ်ကိုဆွဲကာ အခန်းထဲမှ လဲချင်လဲ မှောက်ချင်မှောက် စမ်းတဝါးဝါးအတင်းထွက်ရင်း ရင်ထဲက တစ်စို့နာကြင်နေအောင် မောင့်ကိုခွဲရမည်ဆိုတာပဲ ခေါင်းထဲရောက်ရောက်လာသည်။
တံခွန်သွေး ကားကိုခြံထဲထိုးရပ်ရင်း အိမ်ထဲဝင်လာသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်ထဲထိတ်သွားရသည်။ လှေကားမှ အိတ်ကြီးဆွဲကာငိုရှိုက်၍ အတင်းဆင်းနေသည့် မုန်း နှင့် ဘေးမှ ထိန်းပေးရင်း လိုက်ဆွဲနေကြသည့် ကြီးမေ နှင့် မိဝါ။ မိဝါက သူ့ကို လှမ်းမြင်လိုက်တော့ ဝမ်းသာအားရဖြင့်......
" အကိုလေး.....အကိုလေး မမလေးကိုတားပါဦးအကိုလေးရယ်။ "
မုန်း မောင်ရောက်လာပြီမှန်းသိလိုက်သလို မျက်ရည်စတွေအား မမြင်အောင်ဆွဲသုတ်ပစ်၏။
" ပေးဆင်းလိုက်....."
" ဟင်...."
" အကိုလေး......"
မုန်း အံလေးကိုတင်းတင်းကြိတ်လိုက်မိသလို မိဝါနဲ့ ကြီးမေလဲ ဆွဲရမလို မဆွဲရမလိုဖြစ်ကုန်၏။ နှင်ချသူက နှင်ချနေပြီမို့ မဆင်းနိုင်စရာအကြောင်းမရှိသလို မုန်းလဲ ဆက်ပြီး မနေချင်တော့။ လှေကားမှ ဆင်းလာသည့် မုန်းကို မိဝါက ကူတွဲပေးသလို တံခွန်သွေး လှေကားရင်းကနေ ခါးကြီးထောက်ကာ စောင့်နေလိုက်၏။ လှေကားမှဆင်းရင်း သူ့ရှေ့ရောက်လာတော့ မုန်းလက်တစ်ဖက်ကို လှမ်းဆွဲလိုက်သလို မုန်းကလဲ အထိမခံနိုင်သလို ရုန်းသည်။
" အပေါ်ပြန်တက်....."
" ဟင်..."
" အိမ်ပေါ်ကဆင်းချင်တယ်မဟုတ်လား.....ခု ခင်ဗျားဆင်းလို့အိမ်အောက်ရောက်လာပြီ။ စိတ်ကျေနပ်ပြီလား.....ကဲ လာ အပေါ်ပြန်တက်မယ်။ "
မုန်း လက်လေးကို လှမ်းဆွဲလာသည်မို့ မုန်း ရုန်းထွက်လိုက်သလို ဒေါသကလဲ ထောင်းခနဲ ။
" ဘာကိစ္စတက်ရမှာလဲ.....မတက်ဘူး။ ငါ့အိမ်ငါပြန်မယ်.....မင်းနဲ့မနေနိုင်ဘူး။ "
" မုန်းရယ်....မုန်းအိမ်က ဒီအိမ်လေ။ ဘယ်ပြန်မှာလဲ....."
" ဟင့်အင်း......မင်းငါ့ကိုမသတီဘူးမဟုတ်လား။ ငါ့ကို စွပ်စွဲပြီး မင်းကျ အပြင်မှာဖြစ်ချင်တိုင်းဖြစ်နေတာ။ ငါ ဆက်မခံစားနိုင်တော့ဘူး.....ငါဆင်းပေးမယ်။ "
အသံလေးတွေတုန်ယင်ကာ ပါးပြင်ပေါ် မျက်ရည်တွေစီးကျရင်း ရှိုက်ငိုကာ ပြောဆိုနေသည့်မုန်းပုံစံလေးကြောင့် တံခွန်သွေး ရင်ထဲထိခိုက်လာရသည်။
" မောင် ဘာမှမလုပ်ပါဘူး မုန်းရယ်။ မောင့်မိန်းမကို မောင်သဝန်တိုတာ အမှားလား.... ။ "
မုန်း ဆက်ပြောမနေတော့ပဲ ဆက်သွားရန်ပြင်လိုက်စဥ်မှာပဲ လူတစ်ကိုယ်လုံး လေထဲမြောက်တက်သွားသလို ပွေ့ချီခံလိုက်ရသဖြင့် အသဲအသန်ရုန်းမိ၏။
" ခွန်သွေး......မင်း ဘာလုပ်တာလဲ.... ငါ့ကိုအောက်ပြန်ချပေး။ "
တံခွန်သွေး ဆက်ပြောမနေပဲ မုန်းကိုယ်လေးကို ပွေ့ချီကာ အိမ်ပေါ်တက်လာခဲ့လိုက်သည်။ အတင်းရုန်းကန်နေပေမယ့် သူမအားလေးက ညှပ်စိမို့ သူ့အတွက် အေးအေးလူလူပင်။ အခန်းလေးထဲရောက်လာသည်နှင့် မုန်းက သူ့ရင်ဘတ်ကို တဗုန်းဗုန်း ထုရိုက်သလို မကျေမနပ်ဖြင့် ရန်တွေ့လာသည်။
" မင်း ငါ့ကို နှိပ်စက်လို့မဝသေးဘူးလား......ငါ့ကို နေလို့လဲမရ သွားလို့မရအောင်လိုက်လုပ်ပြီး ဘာဖြစ်နေစေချင်တာလဲ။ "
" မောင့်ကို ချော့စေချင်တာ...။ "
နှုတ်ခမ်းဖူးဖူးလေးကို အသာဖိနမ်းရင်း ဆိုလာတော့ မုန်း မကျေမနပ်ဖြင့် မျက်နှာလွှဲမိသည်။ တံခွန်သွေး မုန်းကိုယ်လေးကို အိပ်ယာထက်အသာချပေးလိုက်ရင်းမှ ပခုံးလေးအား သိုင်းဖက်လိုက်သည်။
" ဆောရီးပါ မုန်းရယ်.....ညီမလေး ပြောပြထားလို့ မင်းနောင် အရင်က မုန်းကို စိတ်ဝင်စားဖူးမှန်း မောင်သိနေတယ်။ အတူတွေ့လိုက်ရတော့ မောင်အရမ်းသဝန်တိုပြီး ပြောမိပြောရာ ပြောလိုက်မိတာ။ မောင့်မိန်းမ မောင်သဝန်တိုခွင့်မရှိဘူးလား.....မောင်မမှားဘူး။ "
သြော် ခုထိ မောင်ဟာ သူမမှားဘူး ပင်။ မုန်း သိက္ခာကို အခြားလူရှေ့ ပစ်ချရက်သည်ကလဲ မမှားဘူး ထင်နေတာလား။ မောင်ဟာ အရမ်းအတ္တကြီးသည်။ ငိုရှိုက်နေသည့် မုန်းပုံစံလေးကိုကြည့်ရင်း သူ သက်ပြင်းချမိသလို သူ့ရင်ခွင်ထဲ အသာဆွဲဖက်ထားတော့လဲ ငြိမ်၍သာနေသည်။ ကိုယ့်ဇနီးမို့ ချစ်ခြင်းဖြင့် ခင်ပွန်းတစ်ယောက်၏ အခွင့်အရေးကိုရယူမိတော့လဲ ငြင်းဆန်ခြင်းမပြုပေမယ့် စိတ်ဆိုးနေ၍လားမသိ တိတ်ဆိတ်နေသလိုပင်။
----------------------------
တံခွန်သွေး ကုမ္ပဏီအစည်းအဝေးခန်းထဲမှ ထွက်လာရင်း ဒီတစ်ပတ်အတွင်း မုန်းအဖေကုမ္ပဏီကို အသစ်ပြန်ဖွင့်မည်မို့ စီစဥ်စရာရှိတာ စီစဥ်ရသည်။ ဝပ်ရှော့ကိုတော့ ဒီရက်ပိုင်း မြတ်သူပဲ အပ်ထားရသလို သူကလဲ မအား။
" တူ......တူ....တူ "
ဖုန်းမြည်သံကြောင့် ကြည့်လိုက်မိတော့ ကြာရိုးဆီမှမို့ သူ ကိုင်သင့်မကိုင်သင့်စဥ်းစားရင်း မကိုင်ပဲနေပေမယ့် အဆက်မပြတ်ခေါ်နေတာမို့ ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။
" အေး....ကြာရိုးပြော။ "
" အ!.....သွေး.....သွေး ငါဗိုက်အရမ်းအောင့်နေလို့......ဆေးရုံ....ပို့ပေးပါဟာ...."
" ဟာ......နင်က ဘယ်မှာလဲ ။ ငါက အခု...."
" အိမ်မှာ..... မြတ်...မြတ်သူကလဲ ဖုန်းမကိုင်ဘူး။ "
" အေး.....အေး....ငါလာခဲ့မယ်။ "
တံခွန်သွေးဖုန်းချလိုက်ရင်းမှ မြတ်သူဖုန်းကို လှမ်းခေါ်ကြည့်ပေမယ့် တကယ်မကိုင်တာမို့ သူပဲ ကြာရိုးအိမ်ကို ခပ်သုတ်သုတ်ထွက်လာခဲ့ရသည်။ ကားကို ကြာရိုးတို့အိမ်ရှေ့တွင် ထိုးရပ်ရင်းမှ အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ဗိုက်ကိုလက်ဖြင့်နှိပ်၍ ငိုနေသည့် ကြာရိုးက သူ့မြင်တော့ ဟီးခနဲ ငိုချသည်။
" သွေး.....သွေး ငါ ဗိုက်အရမ်းနာတယ် ......ကယ်ပါဦးးးးးးသေတော့မလားမသိဘူး...."
" လာ....လာ ထဆေးရုံသွားမယ်။ "
တံခွန်သွေး ကြာရိုးကို ဆွဲထူပေမယ့် ဘယ်လိုမှ မထနိုင်သဖြင့် ပွေ့ချီရင်း ကားဆီလျှောက်လာခဲ့သည်။ ကားပေါ်တင်ကာ ဆေးရုံကို အမြန်မောင်းလာရင်း သူ့မှာ ဘာလုပ်လို့လုပ်ရမှန်းကိုမသိအောင် ကားထဲ ငိုယိုနေတာမို့ ခေါင်းတွေပူ နားတွေပါငြီးလာရသည်။
မုန်း ကားနောက်ခန်းထဲတွင် ထိုင်ကာ လက်ထဲထမင်းချိုင့်လေးဆွဲ၍ မောင့်ဝပ်ရှော့ဆီ ထွက်လာခြင်းပင်။ မနက်က ဖုန်းလာ၍ ကမန်းကတန်း အိမ်ကထွက်သွားတာမို့ မနက်စာမစားသွားသလို နေ့ခင်းလဲရောက်တော့မှာမို့ ထမင်းချိုင့် လိုက်ပို့ခြင်းပင်။
! ဒုန်း......ဝုန်းးး!
" အမလေးးးးး"'
မုန်းကိုယ်လေးက ကားနောက်ခန်းထိုင်ခုံပေါ်မှ ဆောင့်မိသည့်အရှိန်ကြောင့် ထိုင်ခုံကြားပြုတ်ကျသွားသလို နဖူးက ပူခနဲ။ မုန်းဘေးမှာ ထိုင်နေသည့် မိဝါလဲ ကားတံခါးဖြင့် ဆောင့်မိသွားသလို ကားတိုက်မှန်း သိသည်နှင့် မုန်အတွေးထဲ ဒက်ဒီ့ရဲ့ သွေးသံရဲရဲ ပုံစံက ပြန်မြင်လာကာ ကိုယ်လေးတဆတ်ဆတ် တုန်ယင်လာရသည်။
" သေသွားပြီထင်တယ်.........သွေးတွေ...."
ကြားနေရတဲ့အသံတွေ ဆူညံသံတွေ နဲ့အတူ မုန်းရင်တွေ တလှပ်လှပ် တုန်ယင်လာရသည်။
" မမလေး.....မမလေး နဖူးမှာ သွေးတွေ..."
မိဝါက မုန်းကိုယ်လေးကို ဆွဲထူနေစဥ်မှာပဲ ခွမ်းခနဲ မှန်တံခါးရိုက်ခွဲသံနဲ့အတူ ကားတံခါးဆွဲဖွင့်သံကြားလိုက်ရကာ မုန်းကိုယ်လေးကို ကားအောက်အကြမ်းပတန်း ဆွဲချခံလိုက်ရသည့်နောက်.....။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 8
Author - အနမ်းခြွေ
#lotaya_shortstory