တန်ဖိုးထားတတ်ပါစေ
lotaya.mpt.com.mm
|
2022-03-22

တခါတလေမှာ ကိုယ်လိုချင်တာတစ်ခုကို ရဖို့အတွက် လုံ့လဝီရိယတွေအပြင် ကံ တွေရဲ့ အထောက်အကူကလည်း အရေးကြီးသည်။ အခုတော့ ကျွန်တော့်အနေနဲ့ လုံ့လဝီရိယ၊ ကံ တွေအပြင် ဥာဏ်ပါကူမှ ကိုယ်လိုချင်တာကို ရရှိမယ့်အခြေအနေနဲ့ ဆိုက်ရောက်နေတဲ့ သဘောဖြစ်နေသည်။

ဆောင်းရာသီဖြစ်လို့ အမှောင်ထုက တော်တော်နဲ့မပျောက်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်မှုအတိ။ ရန်ကုန်မြို့ကား ဒီအချိန် နိုးထတယ်ဆိုတာ ထုံးစံမရှိ။ အချိန်ကိုကြည့်လိုက်တော့ ၆နာရီထိုးဖို့ ၅မိနစ်အလို။ ထင်တဲ့အတိုင်းပဲ ဗိုက်ကရစ်လာ၏။ စိတ်က ဝေခွဲရခက်လာသည်။ မနေ့ကလို အဖြစ်မျိုးဖြစ်မှာလည်း ကြောက်ရသည်။ လွဲချော်မှုတွေက ဘဝတလျှောက်လုံး အရိပ်လိုကပ်ပါနေတော့ ဒီတစ်ကြိမ်လွဲသွားမှာကို စိုးရိမ်မိသည်။ အံကြိတ်ပြီး တင်းခံထားသည်။ ဘာပဲဖြစ်ဖြစ် ဒီမစ်ရှင်အောင်မြင်ပြီးတော့မှ အိမ်သာတက်မယ်လို့ ဆုံးဖြတ်လိုက်သည်။ ဆုံးဖြတ်ချက်တွေ ပြတ်သားခိုင်မာသွားတဲ့အခါမျိုးမှာ အချို့အရာတွေက နောက်ဆုတ်ပေးလိုက်ရတာပဲ မဟုတ်လား။ အိမ်သာတက်ချင်စိတ်နည်းနည်းပျောက်သွား၏။ ပြီးတော့ .. စိတ်ပြေလက်ပျောက် ဆေးပေ့ါလိပ်ကို ဖွာလိုက်တော့ ၆နာရီ ၁၀မိနစ်ရှိပြီ။

ခါးမှာ ဝတ်ထားတဲ့ ပုဆိုးကို ချွတ်လိုက်ပြီး ပေါ့‌ပေါ့ပါးပါးဖြစ်မယ့် ဘောလုံးကန်ဘောင်းဘီကို လဲလိုက်၏။ ပြီးတော့ ဆောင်းရာသီဖြစ်ပေမဲ့လည်း လိုအပ်ရင် ချွေးထွက်စရာတွေရှိလာနိုင်တာကြောင့် စွပ်ကျယ်ပဲ ဝတ်လိုက်သည်။ အခန်းတံခါးကို ခပ်ဖွဖွဖွင့်ပြီး ကင်းဗက် ဖိနပ်ကို စီးကာ တိုက်အောက်ကို ဆင်းလာခဲ့သည်။

နာရီကို ကြည့်လိုက်တော့ ၆း၂၅။

သူ့အနေနဲ့ လမ်းမပေါ်ကို ပေါ်တင်မထွက်ဘဲနဲ့ ခေါင်းလေးကိုအသာလေးငဲ့ပြီး လမ်းပေါ်ကို လှမ်းကြည့်လိုက်တော့ .. မှုန်ဝါးဝါးအရိပ်ကလေးတစ်ခုက လှုပ်လှုပ်နဲ့ လာနေတာတွေ့သည်။ ပြီးတော့ .. အဲဒီမှုန်ဝါးဝါးအရိပ်ကလေးက ထွက်ပေါ်လာတဲ့အသံကြောင့် တိတ်ဆိတ်မှုက ပြိုကွဲသွားသည်။ သူ ရင်ခုန်သံတွေမြန်လာသည်။ အချိန်ကိုက်ဖြစ်ဖို့ လိုသည်။ သူ့တိုက်ရှေ့ကို မရောက်ခင် အရှေ့မှာ ဖြတ်လမ်းတစ်ခုရှိသည်။ အဲဒီ အရိပ်ကလေးသာ အဲဒီလမ်းထဲကို ဝင်သွားခဲ့ရင် အမီလိုက်ဖို့ ခြေထောက်တွေကို ရယ်ဒီလုပ်ထားရသည်။ ဒီတစ်ခါတော့ ကံတရားက သူ့ဘက်မှာ ရှိပုံရသည်။ လမ်းဖြတ်ထဲကို မဝင်ဘဲ တည့်တည့်ရောက်လာသည်။ သူနဲ့ ၅မီတာလောက်အကွာသာ ရှိတော့ချိန်မှာတော့ သူကလည်း ချိန်သားကိုက် တိုက်အောက်က လမ်းပေါ်ကို ပြေးထွက်လိုက်၏။

“ကဲ ... ဘယ်ပြေးမလဲ...”

“ဟဲ့ ..ပလုပ်တုတ်”

ရုတ်တရက်ဘွားကနဲ ပေါ်လာတဲ့ သူ့ကို မြင်တော့ စက်ဘီးနင်းလာသူခမျာ လန့်ဖြန့်သွားသည်။ ပြီးတော့ စက်ဘီးက ယိုင်ထိုးယိုင်ထိုးဖြစ်သွား၏။ သူလည်း စက်ဘီးကို ကူပြီးထိန်းပေးရင်း ...

“ဒီတစ်ခေါက်တော့ ခင်ဗျားနဲ့ ကျနော် မလွဲတော့ဘူးပေါ့ဗျာ”

စက်ဘီးပေါ်က လူက သူ့ကို စေ့စေ့ကြည့်သည်။ သူကလည်း စက်ဘီးပေါ်ကို လူကို စေ့စေ့ကြည့်သည်။ ပြီးတော့ နှစ်ယောက်သား ပြိုင်တူရယ်မိကြသည်။

“ကဲ .. ဘယ်လောက်ဖိုးလဲ”

“ငါးရာဖိုးထည့်လိုက်”

သူ့အတွက် မနက်ခင်း ပဲပြုတ်ဝယ်သော မစ်ရှစ်တစ်ခု အောင်မြင်ခဲ့လေပြီ။ သူ ဒီရပ်ကွက်ကို ပြောင်းလာတာ တစ်ပတ်ကျော်ပြီ။ မနက်ခင်းဆိုရင် ပဲပြုတ်ရောင်းတဲ့အသံတွေ မကြာခဏကြားရသလောက် သူ့အနေနဲ့ ပဲပြုတ်ဝယ်ဖို့ အခွင့်မသာခဲ့။ သူနေတာက ၅လွှာပါ။

ပထမဆုံးနေ့ .. တိုက်အောက်က ပဲပြုတ်သည်အဖြတ်မှာ ..သူလှမ်းအော်လိုက်တော့ ပဲပြုတ်သည်က ရပ်သွားသည်။ သူအောက်ကိုဆင်းသွားတော့ ပဲပြုတ်သည်က မရှိတော့။ ဒုတိယနေ့မှာလည်း ထိုနည်းလည်းကောင်းပဲ။ သူခေါ်လိုက်တယ် ပဲပြုတ်သည်က ရပ်သွားတယ် ‌ပိုက်ဆံယူပြီး အောက်ကိုဆင်းရင် မရှိတော့ဘူး။ တတိယနေ့မှာ ၆နာရီလောက်ကတည်းက အောက်ဆင်းပြီးစောင့်နေတယ် ပဲပြုတ်သည်လာခါနီးမှ အိမ်သာအရမ်းတက်ချင်လာလို့ အိမ်သာပြန်တက်လိုက်တာ ပဲပြုတ်သည်ကို လွတ်သွားပြန်ရော။ စတုတ္တနေ့မှာတော့ အိမ်သာကို စောစောတက်ကြိုပြီး စောင့်နေပေမဲ့ အဲဒီနေ့မှ ထူးထူးဆန်းဆန်း ပဲပြုတ်သည်က သူ့ရှေ့မရောက်ခင် လမ်းဖြတ်ထဲကို ဝင်သွားတာ။ ပြေးလိုက်ပေမဲ့လည်း ပုဆိုးကတုတ်နေတော့ မမီလိုက်။ ပဥ္စမမြောက်နေ့ကျမှပဲ သေချာကြိုတင်ကြံစည်စီမံပြီးမှ ဝယ်လို့ရတော့သည်။

ရန်ကုန်တိုက်ခန်းမှာ နေရတဲ့ ဒုက္ခက ပေါ့သေးသေးတော့မဟုတ်။ လျှပ်စစ်မီးကို အလွန်အမင်းမှီခိုရသည်။ လျှပ်စစ်မရှိရင် ရေမရ၊ ရေမရလျှင် စားရေးသောက်ရေးခက်ခဲမည်။ အခုသူလည်း ရန်ကုန်မြို့မှာ အသားမကျသေး။ နယ်မြို့လေးမှာတုန်းက ပဲပြုတ်သည်တွေ၊ မုန့်သည်တွေက အိမ်ရှေ့မှာရပ်ပြီးတော့ကို ယူဦးမလားဆိုပြီး လှမ်းမေးတာမျိုး။ အခုလည်းကြည့် ကြိုးစားပမ်းစားလေး ရထားတဲ့ပဲပြုတ်ငါးရာဖိုးကို ထမင်းပူပူလေးနဲ့ ဆီဆမ်းပြီး ကြက်ဥကြော်နဲ့စားဖို့ စိတ်ကူးတွေဟာ လေးလွှာမြောက်အရောက်မှာ ပျက်စီးသွား၏။ မီးပျက်သွားလို့။ ပဲပြုတ်ဝယ်ဖို့ စိတ်လောနေတာနဲ့ ထမင်းအိုးမတည်ဖြစ်သေး။

မီးဖိုခန်းထဲမှာ ငူငူကြီးထိုင်နေတဲ့ သူ့ကို မြင်တော့ မိန်းမဖြစ်သူက ..

“အဲဒါ ဘာလုပ်နေတာလဲ”
“မီးပျက်သွားလို့”
“မနက်စာ မဝယ်ရသေးဘူးပေါ့”
“အခု သွားဝယ်မယ်”

ဈေးထဲမှာ အသုပ်တစ်ပွဲနဲ့ မုန့်ဟင်းခါးတစ်ပွဲဝယ်လာရင်း စိတ်ထဲမှာ တော်တော်လေးနှမျောမိနေသည်။ ဒီကာလမှာ ပိုက်ဆံကို ချွေတာရမည်မဟုတ်ပါလား။ အခုတော့ အသုပ်တစ်ပွဲက ၇၀၀၊ မုန့်ဟင်းခါးက အိုးဘဲဥလေးပါ ပါတော့ ၈၀၀ ကျသည်။ အပို ၁၅၀၀ ကို မနက်ခင်းမှာတင် ထွက်သွား၏။ တကယ်လို့များ ပဲပြုတ်ဆီဆမ်း ကြက်ဥကြော်လေးကိုသာ မိန်းမမနိုးခင် အဆင်သင့်လေးပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် ..။

အဲဒီနောက်ပိုင်း မနက်ခင်းတွေမှာ သူ့အနေနဲ့ ပဲပြုတ်ဆီဆမ်းကို စားဖို့ မကြိုးစားတော့။ အခုနောက်ပိုင်း အလုပ်က ညနက်နေတာနဲ့ စော‌စောမနိုးတာလည်း ပါမည်။ သူအိပ်ရာထနောက်ကျတဲ့ နေ့တွေမှာတော့ မိန်းမလုပ်သူက စောစောထလေ့ရှိပြီး မနက်စာကို ပြင်ဆင်လေ့ရှိသည်။ အဲဒီနေ့က ၈နာရီခွဲလောက် သူနိုးလာသည်။ ရေနှစ်ခွက်လောက်သောက်ပြီး ဆေးပေါ့လိပ်လေးဖွာ အိမ်သာထဲ ဝင်ထိုင်လိုက်သည်။ တစ်ရက်တစ်ရက် မုန့်ဟင်းခါတွေ၊ အသုပ်တွေချည်းပဲ စားရတာကို ငြီးငွေ့လှပြီဟု အိမ်သာတက်ရင်း တွေးမိသည်။ ဒီနေ့တော့ အသုပ်တွေ၊ မုန့်ဟင်းခါးတွေ ဝယ်ထားလည်း မစားတော့ဘူးလို့ တွေးလိုက်ပြီး အဲဒီလို ငြင်းရင် မိန်းမဖြစ်သူနဲ့ စကားများရကိန်းတော့ ရှိသည်။ မတတ်နိုင်။ စကားနည်းရန်စဲလုပ်ပြီး အလုပ်နားက ထမင်းကြော်ဆိုင်မှာ ထမင်းကြော်စားဖို့ ဆုံးဖြတ်လိုက်၏။

သူ ‌ရေချိုး၊ အဝတ်အစားလဲပြင်ဆင်ပြီးချိန်မှာ ကလေးက နိုးလာသည်။ မိန်းမလုပ်သူက ..

“ထမင်းစားပွဲက အုပ်ဆောင်းအောက်မှာ မနက်စာပြင်ထားပြီးပြီ .. ကိုယ့်ဘာသာ စားသွားလိုက်တော့.. “
“မစားတော့ဘူး ... ရုံးနောက်ကျနေလို့”
“ရှင်က ပိုက်ဆံပေါနေလို့လား”

မိန်းမလုပ်သူရဲ့ စကားတွေကို လျစ်လျှူရှုရင်း ထွက်လာခဲ့သည်။ အလုပ်နားက ထမင်းကြော်ဆိုင်ရောက်တော့ ၉း၀၀ ကျော်ပြီဖြစ်တာကြောင့် ထမင်းကြော်တွေက အေးစက်နေသည်။ ပြီးတော့ ပဲပြုတ်ကလည်း တော်‌တော်လေးနည်းနေသည်။ မတတ်နိုင်ဘူး ဒါမှမစားရင်လည်း မနက်ခင်းတစ်ခုလုံး ဗိုက်ဟောင်းလောင်းနဲ့ နေရမှာဖြစ်တာကြောင့် ကြိတ်မှိတ်ပြီးသာ စားလိုက်တော့သည်။

ညနေ အိမ်ပြန်ရောက်တော့ မနက်က ကိစ္စက မပြီးသေး။

“နေပါဦး .. ရှင်က ကျွန်မပြင်ပေးတဲ့ မနက်စာကို ဘာလို့မစားသွားတာလဲ”

“အာ ... နေ့တိုင်း .. ငါ အသုပ်တွေ မုန့်ဟင်းခါးတွေ စားရတာ ငြီးငွေ့လာလို့ဟာ”

“ဘာ.. အသုပ်တွေ မုန့်ဟင်းခါးတွေလဲ .. ရှင်စားချင်တဲ့ ပဲပြုတ်ထမင်းဆီဆမ်း ပူပူလေးလုပ်ပေးထားတာ”

“ဟာ .. အဲဒါ ဘာလို့မပြောတာလဲ”

“ရှင်က အုပ်ဆောင်းလေးလှန်ဖို့တောင် ဘာလို့ပျင်းတာလဲ”

သူ့ကိုယ်သူ ဒေါသတော်တော်ထွက်သွားသည်။ မိန်းမလုပ်သူကိုလည်း အားနာစွာကြည့်လိုက်တော့ .. မိန်းမလုပ်သူက .. မျက်စောင်းထိုးပြီး ..

“ဒီကတော့ သူကြိုက်တတ်မှန်းသိလို့ ခက်ခက်ခဲခဲ ပဲပြုတ်ကို ဆင်းဝယ်ပေးထားရတာ .. တော်ပြီ နောက်မလုပ်ပေးတော့ဘူး”

သူ့ စိတ်ကူးထဲမှာတော့ နောက်တစ်နေ့မနက်မှာ ပဲပြုတ်ထမင်းဆီဆမ်းကို မြိန်ရေယှက်ရေ လက်ဆုံစားနေတဲ့ သူတို့ လင်မယားရဲ့ ပုံရိပ်တွေကို မြင်ယောင်လာသည်။ ပြီးတော့ မိန်းမလုပ်သူကို ..

“မိန်းမရေ ... မနက်ဖြန်မနက် ငါတို့အတူတူစောစောထပြီး ပဲပြုတ်ထမင်းဆီဆမ်းပူပူလေးစားရဖို့ တက်ညီလက်ညီကြိုးစားကြတာပေါ့”

ဟုတ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာ ကိုယ်တိုင်ဖန်တီးတဲ့ ပဲပြုတ်ထမင်းဆီဆမ်းပူပူလေးဆိုတာ အကြောင်းအကျိုးတိုက်ဆိုင်ပြီး စားခွင့်ရမယ့်ကံကြမ္မာပါမှ စားရတယ်ဆိုတာ သိစေချင်မိသည်။ ဒါကြောင့် ဝေလီဝေလင်း ခင်ဗျားတို့ရဲ့ အိမ်ရှေ့မှာ “ပဲပြုတ်ပူပူလေး” ဆိုတဲ့ အသံကို တန်ဖိုးထားတတ်ပါစေ။     ။

ခြူသစ်မောင်

#lotaya_shortstory


#မနက်
#ရန်ကုန်
#ထမင်း
#ဆောင်း
#လောက

Some text some message..