မောင့်လက်ကိုဆွဲ မောင်နဲ့မခွဲ Part - 8
lotaya.mpt.com.mm
|
2022-03-27

မုန်း လက်ကိုဆောင့်ဆွဲခံလိုက်ရသလို မိဝါ၏ တောင်းပန်သံပါ ကြားလိုက်ရပေမယ့် မုန်း နားထဲ ပဲ့တင်ထပ်သွားရသည်က မုန်းရဲ့ကားဖြင့် လူတစ်ယောက်ကို ထပ်မံတိုက်လိုက်မိပြန်သည်တဲ့လေ။

" ပြောစမ်း.......မင်းဒရိုင်ဘာက ပြေးပြီ။ ဟိုမှာ ဦးလေးကြီးက သွေးတွေနဲ့......မင်းတို့ သူဌေးတွေ ကားမောင်းတာ ရမ်းကားလှချည်လား....."

" အေးလေ....ကားပေါ်ကတောင် ဆင်းမလာဘူး။ တာဝန်မဲ့လိုက်တာ။ "

" သူဌေးတွေများ ငွေရှိရင် ထင်တိုင်းကျဲချင်တာလေ။"

" ရုပ်လေးက သနားကမားနဲ့..... "

" ကြာတယ် ရဲစခန်းသာပို့။ "

တစ်ယောက်တစ်ပေါက်အသံတွေကြား မုန်း ကြောက်ကြောက်လန့်လန့်ဖြင့် မျက်ရည်တွေစီးကျလာရသလို ဖူးငုံ၏ ပုံရိပ်တွေရော ဒက်ဒီ့ပုံရိပ်တွေပါ မြင်ယောင်လာရသည်။ ခေါင်းလေးကို အဆက်မပြတ် ယမ်းခါမိရင်းမှ မုန်း ကြောင့် လူထပ်သေပြန်ပြီတဲ့လား။ 

ဘာကြောင့်လဲ..... မုန်းကျမှ ဘာလို့ ဒီအဖြစ်ဆိုးတွေ ခဏခဏဖြစ်နေရသလဲ။ မုန်းကိုပဲ ဘာလို့ ကံကြမ္မာက ခဏခဏ ငြိုးနေရသည်လဲ။

" မဟုတ်ဘူး.......မဟုတ်ဘူး......အဟင့်... ဟင့်  ..မုန်း မသတ်ဘူး။ "

" ဟေ့.... ငြင်းနေသေးတယ်ကွာ....."

ဆောင့်တွန်းခံလိုက်ရသဖြင့် လမ်းမပေါ် ခွေလဲကျသွားရပေမယ့် ပြန်မထနိုင်ပဲ တအင့်အင့်သာ ငိုရှိုက်နေမိသည့်အဖြစ်။

" မလုပ်ပါနဲ့..... မလုပ်ကြပါနဲ့ရှင်....မမလေးက မျက်စိမမြင်ပါဘူး......မျက်မမြင်ပါ။ "

လူအုပ်ကြားအတင်းတိုးဝင်လာကာ လဲကျနေသည့် မုန်းကိုယ်လေးကို ပြေးဖက်ထားပေးသည့် မိဝါ။ လူအုပ်ထဲက မယုံသလို တစ်ယောက်တစ်ပေါက်အသံတွေ ထွက်လာရရင်း အကုန်အံ့သြကုန်ကြသည်။ မုန်းမှာတော့ မိဝါရင်ခွင်ထဲ တအင့်အင့်ငိုရှ်ိုက်နေရင်း မောင့်ကိုသာတမ်းတမိ၏။

! တူ....တူ.....တူ....!

ဖုန်းမြည်သံကြောင့် ကြာရိုး ဆေးရုံခုတင်ပေါ်လှဲနေရာမှ ကြည့်မိတော့ သွေးရဲ့ဖုန်းဆီကမို့ လှမ်းယူလိုက်သည်။ သွေးက ကြာရိုးခွဲစိပ်ရန်အတွက် ငွေသွားရှင်းနေသည်မို့ ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ဖက်က အလောတကြီးအသံထွက်ပေါ်လာသည်။

" အကိုလေး......မမလေး ကားတိုက်မှု ဖြစ်လို့။ အိမ်က ကားက တိုက်မိတာ.....မမလေးလဲ အရမ်းကြောက်နေတယ်။ အဲ့ဒါ အခု ကျားချောင်းလမ်းကို အမြန်လာပေးပါနော်။ "

ကြာရိုး ဖုန်းချပစ်ရင်းမှ ပြောရမလား မပြောရမလား ဒွိဟဖြစ်နေသည်။ ဂမုန်းနွယ်၏ မျက်နှာကို ပြန်မြင်ယောင်မိတော့ သွေးကို ကြာရိုးဆီမှ လုယူသွားတာမို့ ဖုန်းကို စားပွဲပေါ်ပြန်တင်ရင်း မသိဟန်သာဆောင်မိ၏။ 

ဆေးရုံကားနဲ့အတူ တိုက်မိသောလူနာကိုတင်ကာ မုန်းပါတစ်ခါထဲလိုက်လာရသလို ပေါ်မလာသည့်မောင့်​ကြောင့် ရင်ထဲကနာနေသည်။ ဖုန်းချသွားကာ ထပ်ဆက်တော့လဲ စက်ပိတ်ထားသည်။ မုန်းကို စိတ်မပူသလို ဂရုစိုက်ခြင်းဆိုတာလဲ မရှိ။ မောင်ဟာ တကယ်ရက်စက်ပါသည်။

ဆေးရုံရောက်သည်နှင့် လူနာကို အရေးပေါ်မှတဆင့် ခွဲခန်းပို့လိုက်ရသလို ရဲရောက်လာ၍ မုန်းကို စစ်ဆေးတာလဲ ခံရင်း ဆေးရုံမှာ မုန်းနဲ့မိဝါသာ မလုပ်တတ်မကိုင်တတ်။

" မျက်စိမမြင်တာသေချာပါတယ်နော်.....လိမ်လို့မရတာ သိရဲ့လား အမှုပိုကြီးနိုင်တယ်။ "

" အို....မုန်းက ဘာလို့လိမ်ရမှာလဲ။ မုန်း ကားအက်ဆီးဒင့်ဖြစ်ထဲက မမြင်တာပါ။ "

" ကားအက်ဆီးဒင့် ဖြစ်ဖူးသေးတယ်ပေါ့.....ကားကားချင်းလား။ "

မုန်း ပြန်မဖြေနိူင်တော့သလို အသံလေးတိမ်ဝင်သွားရင်းမှ.....

" လူကိုတိုက်မိတာပါ။ "

" ဒါဆို History ရှိမှာပဲ....."

" History ဘာညာထက် မျက်စိမမြင်တဲ့မိန်းကလေးတစ်ယောက်က ကားမောင်းနိုင်ပါ့မလား....."

" ဟင်....."

မုန်း ဟင်ခနဲဖြစ်သွားရသလို အသံသြသြကြောင့် အံ့အားသင့်သွားရ၏။ အနားရောက်လာသည့် ခြေသံနဲ့အတူ မုန်းလက်ကို လှမ်းကိုင်လာသည့် အထိအတွေ့......ပြီးတော့ ...

" မကြောက်နဲ့ နွယ်လေး.... ကိုကိုရောက်လာပြီ။ "

" ကိုကို......"

ထွဋ်ခေါင်သျှင် နွယ်လေးအားစစ်မေးနေသည့် ရဲအား မျက်နှာချင်းဆိုင်လိုက်သလို အမှုကိစ္စစကားပြောရန် ပြင်လိုက်၏။ 

" ကာယကံရှင် နဲ့ ဘာတော်လဲ...."

" ကျွန်တော့်ညီမပါ.....ကျန်တဲ့ကိစ္စတွေက ရှေ့နေလာမှဆက်ပြောတာပေါ့။ အခုလောလောဆယ်က ကျွန်တော်တို့လဲ နစ်နာသူပါ.....အနားယူဖို့ ပြန်ခေါ်သွားပါရစေ။ လူနာရဲ့ ကိစ္စအဝဝကို အပြည့်အဝတာဝန်ယူပေးမှာဖြစ်သလို ဒါ ကျွန်တော့်လိပ်စာကဒ်ပါ.....အချိန်မရွေး လာစစ်ဆေးနိုင်ပါတယ်။ "

ထွဋ်ခေါင်သျှင် နွယ်လေးလက်ကိုဆွဲကာ ပခုံးကိုအသာထိန်းဖက်၍ ပြန်ခေါ်လာခဲ့သလို ဆေးရုံထဲမှ ထွက်ရန်ပြင်လိုက်စဥ်.....

" မမလေး  ...ဟိုမှာ အစ်ကိုလေး လိုက်လာတယ်ထင်တယ်။ "

မုန်း ခြေလှမ်းတွေက တုံ့ခနဲရပ်သွားရသလို ထွဋ်ခေါင်သျှင် လဲ မုန်းကိုတွဲထားရာမှ လက်ပြန်ရုတ်ရင်း ဘေးကအသာရပ်နေလိုက်သည်။ တံခွန်သွေး မုန်းကို မြင်တော့ အံ့သြသလို အနားလျှောက်လာရင်းမှ.....

" မုန်း.....မုန်းက ဒီကို ဘယ်လိုရောက်လာတာလဲ။ "

" ကြာရိုးဖြူရဲ့လူနာရှင်......"

လှမ်းခေါ်နေသည့် ဆရာဝန်ကြောင့် တံခွန်သွေး လှမ်းကြည့်မိရင်းမှ မုန်းကို ပြန်ကြည့်လိုက်မိသည်။ ဘေးတွင် ခပ်သန့်သန့် ယောကျာ်းတစ်ယောက်ကိုမြင်၍ အလိုမကျပေမယ့် ထပ်ပြီး စွပ်စွဲသလိုဖြစ်မှာစိုးတာမို့ သဝန်တိုစိတ်ကို ထိန်းရင်းမှ.....

" ကြာရိုး နေမကောင်းလို့ ဆေးရုံတက်ရတယ်လေ။ ပြန်လာမှ မောင်အကုန်ပြောပြမယ်နော်.....မိဝါနင့်မမလေးကို ဂရုစိုက်။ "

ဝေးကွာသွားသည့် မောင့်ခြေသံကို နားထောင်ရင်းမှ မုန်းအံလေးတင်းတင်းကြိတ်ထားမိသလို ကိုကို့ ဆီမှ ဒေါသတကြီးတောက်ခေါက်သံကလဲ ထွက်ပေါ်လာသည်။ ကြာရိုးဖြူ နေမကောင်း၍ မုန်းကားအက်ဆီးဒင့်ဖြစ်ပါသည်ဆိုတာတောင် မလာနိူင်တာသိတော့ ရင်ထဲအသည်းထဲကနာသလို သည်းခံနိုင်မှုတို့၏ အဆုံးစွန်ကိုရောက်သွားရသည်။ မုန်းကိုပစ်ထားရက်သလို ကြာရိုးဖြူကိုကျ ပစ်မထားနိုင်သည့် မောင်။ ဟင့်အင်း မုန်း ခွင့်မလွှတ်နိုင်တော့ဘူး။ တော်လောက်ပါပြီ.......

" အကိုလေးကလဲ....."

မိဝါ၏ အားမလိုအားမရ အသံကြောင့် မုန်း အသက်ပြင်းပြင်းရှူလိုက်ရင်းမှ.... 

" မိဝါ....."

" ရှင် မမလေး....."

" မုန်းရဲ့အဝတ်အစားတွေကို ကိုကိုလာယူလိမ့်မယ်......ထည့်ပေးလိုက်ပါနော်။ "

" ဟင်....မမလေး....မမလေးရယ်....မလုပ်ပါနဲ့ မိဝါ အီးးဟီးးးး"

မုန်း ပါးပြင်ပေါ်မျက်ရည်တွေစီးကျလာရရင်းမှ တအင့်အင့်ရှိုက်ငိုမိသလို ခေါင်းလေးကို ခါယမ်းမိ၏။ ခပ်တိုးတိုး ထွက်လာသည့် အသံက....

" မုန်းကိုသနားရင် မတားပါနဲ့......"

မိဝါက ဟီးခနဲ ငိုချသလို ထွဋ်ခေါင်သျှင် လဲ နွယ်လေး၏ပုံစံကြောင့် မချိတင်ကဲ မကြည့်ရက်သလို မျက်နှာလွှဲမိ၏။ သူ paris ရောက်နေတဲ့အချိန် နွယ်လေးဆီမှ ဘာမှမပြောသဖြင့် အန်ကယ်ဆုံးတာတွေ နွယ်လေး မျက်စိမမြင်တာတွေလုံးဝ မသိခဲ့သလို အရင်အပတ်ကမှ ​အန်တီကြည်ပြာဖုန်းဆက်လာကာ အကုန်ပြောပြ၍ သိသိချင်း သူပြန်လာဖို့စီစဥ်ကာ ပြန်လာခဲ့ခြင်းပင်။ 

နွယ်လေးဟာ သူ့မျက်စိအောက်တွင် ကြီးပြင်းလာသည့်ကလေးဖြစ်ကာ ညီမလိုတစ်မျိုး ချစ်ရသူလို တစ်ဖုံသံယောဇဥ်ကြီးပေမယ့် သူ့ဘက်က တစ်ဖက်သတ်မျှသာ။ နွယ်လေးက သူ့ကို အစ်ကိုတစ်ယောက်ထက်မပိုဘူးဟု ပြတ်ပြတ်သားသားငြင်းခဲ့သည်မဟုတ်လား။

" ကိုကို.....မုန်းကို အိမ်ပြန်ပို့ပေးပါ။ "

" အင်း.....ကိုကိုတို့ ပြန်ကြမယ်။ "

ထွဋ်ခေါင်သျှင် မုန်းလက်လေးကို ဆွဲကာ ဆေးရုံထဲမှ ထွက်လာရင်း ကားပေါ်တက်လာခဲ့သည်။ မိဝါဆိုသည့်ကောင်မလေးကို ကားငှားပြန်ရန် ကားခပေးပြီး ကားကိုမောင်းထွက်လာသည့်တိုင် နွယ်လေးက တိတ်ဆိတ်ငြိမ်သက်နေ၍ မျက်ဝန်းလေးမှေးမှိတ်ကာ ကားပေါ်ပါလာသည်။ နွယ်လေး အကျင့်ကိုသိသူမို့ ဒါသူမအိမ်ထောင်ရေးအဆုံးသတ်ဆိုတာ သူရိပ်မိသလို ဆုံးဖြတ်ပြီးရင် ပြတ်သားသည့်စိတ်က ဘယ်သူနားချချ မရတော့တာမျိုး။ 

@@@@@@@@@@

တံခွန်သွေး အပေါ်ထပ်လှေကားမှဆင်းလာရင်း.....

" မိဝါ......မိဝါ.....ကြီးမေ.....မုန်းရော..."

သူ့အော်သံကြောင့် မီးဖိုခန်းထဲမှ ထွက်လာကြသော ကြီးမေ နှင့် မိဝါ၏ မျက်နှာကညှိုးကျနေသလို မိဝါက တအီးအီးငိုနေတာမို့ တံခွန်သွေးမျက်မှောင်ကျုံ့မိသွားရသည်။

" ဘာလို့ ငိုနေတာလဲ.....မုန်းရော....မုန်းကိုမတွေ့ဘူး။ "

" မမ.....မမလေး အိမ်ပေါ်ကဆင်းသွားပြီ။ အကိုလေးကြောင့်. ....အကိုလေးက ဟိုမိန်းမကိုပဲ ဂရုစိုက်နေတာ......မမလေးမှာ ကားတိုက်တိုက်ချင်း အကိုလေးကို ဖုန်းဆက်ခိုင်းတာ....ဖုန်းကိုချပစ်တယ်။ "

တံခွန်သွေး မယုံနိုင်ဖြစ်သွားရသလို ရင်ထဲထိတ်သွားရသည်။

" ဘာ......ကားတိုက်တယ်ဟုတ်လား။ ငါလဲ မသိပါလား......ဖုန်းလဲမဆက်ပါဘူး။ "

တံခွန်သွေး အိတ်ကပ်ထဲမှ ဖုန်းကို ကပျာကယာထုတ်ကာ ကြည့်မိတော့ ဟာခနဲဖြစ်သွားရရင်း နားမလည်နိုင်ဖြစ်သွားရသလို သေချာပြန်စဥ်းစားကြည့်မိရင်း တောက်ခေါက်လိုက်မိသည်။ 

" ဒါဆို ဆေးရုံမှာက.....ဟာကွာ....မုန်း ခုသူ့အိမ်မှာလား။ "

မိဝါခေါင်းငြိမ့်ပြသည်နှင့် တံခွန်သွေး ကားပေါ်တက်ကာ ဒရောသောပါး မောင်းထွက်လာရင်း ဒါ ကြာရိုးစနက်မှန်း သိလိုက်သည်။ 

! တီ.....တီ.....တီ!

ကားဟွန်းတီးသံကြောင့် ဒေါ်ကြည်ပြာ သမီးမုန်းကို ငဲ့ကြည့်လိုက်မိသည်။ ငြိမ်ချက်သားကောင်းနေရာမှ ထရပ်ရင်း.....

" မုန်း သူ့ကိုမတွေ့ချင်ဘူး အန်တီလေး.......ကွာရှင်းစာချုပ်ပို့ပေးမယ်သာပြောလိုက်ပါ။ စုစု......မုန်းကိုအခန်းထဲလိုက်ပို့ပေး။ "

ထွဋ်ခေါင်သျှင် သူ့ကိုလှမ်းကြည့်လာသည့် အန်တီကြည်ပြာကြောင့် ခေါင်းငြိမ့်ပြလိုက်မိသည်။ နွယ်လေးကတော့ အပေါ်ထပ်တက်သွားပြီဖြစ်သလို အန်တီကြည်ပြာကလဲ တံခွန်သွေးနဲ့စကား​ပြောရန် ခြံထဲဆင်းသွား၏။ သူတစ်ယောက်သာ ဧည့်ခန်းထဲ ကျန်နေခဲ့ရင်းမှ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ စဥ်းစားရင်း ခေါင်းကိုက်ရသည်။ နွယ်လေးဘဝကို ဘာအမဲစက်မှ မစွန်းထင်းစေချင်။

" သမီးမုန်းက မင်းကိုမတွေ့ချင်ဘူး။ ကွာရှင်းစာချုပ်ပို့လိုက်မယ်ပြောတယ်။ "

" ကျုပ်မယုံဘူး.....မုန်းက ဘယ်တော့မှ အဲ့လိုပြောမှာ မဟုတ်ဘူး။ မုန်းက ကျုပ်တရားဝင်လက်ထပ်ယူထားတဲ့မိန်းမနော်.....အဒေါ်အဲ့လိုဝှက်ထားလို့မရဘူး။ "

" မင်းမှာ ဘာအခွင့်အရေးရှိလို့ လာပြောနေတာလဲ။ ငါ့တူမကို မင်းကြင်နာယုယဖူးလို့လား။ မုန်းလေးစိတ်နာတဲ့အထိဆိုထဲက မင်းဘယ်လောက်နှိပ်စက်မလဲ တွေးကြည့်လို့ရတယ်။ ပြန်တော့ တံခွန်သွေး.......မင်းမကျေနပ်ရင်ကြိုက်တာလုပ်။ "

" ဟာ.....ရမလားဗျ.....ဒေါ်ကြည်ပြာ..... မုန်း.....မုန်းရေ.....မုန်း "

တံခွန်သွေး အိမ်ထဲဝင်သွားသည့် ဒေါ်ကြည်ပြာကြောင့် ဒေါသထွက်သွားရသလို မုန်းကို ခြံဝမှ လှမ်းအော်ခေါ်မိသည်။ ခြံတံခါးကို ဆွဲလှုပ်ယမ်းရင်း အော်ခေါ်နေပေမယ့် ထွက်မလာကြသလို ပတ်ဝန်းကျင်လဲရှိသေးသည်မို့ ဒေါသကို မနည်းမြိုသိပ်ကာ ပြန်လာခဲ့ရ၏။ သူ သိသည်.....ဒါအကုန်လုံး ဒေါ်ကြည်ပြာ ရဲ့စနက်တွေသာဖြစ်လိမ့်မည်။

---------------

" နင် ဘာလို့ ဒီလိုလုပ်ရတာလဲ။ နင် ငါ့နောက်ကျောကို ဓားနဲ့ထိုးတာ......နင်ငါ့စေတနာနဲ့မတန်ဘူး ကြာရိုးဖြူ။ "

" ခွန်သွေး......စိတ်ထိန်းစမ်း....တော်တော့...."

ဆေးရုံခုတင်ထက်ထိုင်နေသည့် ကြာရိုး၏ အင်္ကျီ ကော်လံကို ဆောင့်ဆွဲကာ ဒေါသတကြီး သောင်းကျန်းနေသည့် ခွန်သွေးကြောင့် မြတ်သူ အတင်းပြန်ဆွဲထားရသည်။ကြာရိုးလွန်တာသိပေမယ့် ခုချိန် ဟိုက လူမမာမဟုတ်လား။ ပြီးတော့ မိန်းကလေးဖြစ်နေပြန်သည်။ 

" ငါ ဘာလုပ်လို့လဲ.....မေ့ပြီးမပြောမိတာ။ နင့်မိန်းမကိုက သဘောထားသေးသိမ်လွန်းတာ။ "

ကြာရိုးစကားကြောင့် သူ ပိုဒေါသထွက်သွားရသလို ဝုန်းခနဲရှေ့တိုးတော့ မြတ်သူက အတင်းတွန်းကာ ကြားမှကာထား၏။

" မုန်းက ဘယ်တုန်းကမှ နင့်ကိုမကြည်ဖြူဘူးမပြောခဲ့ဖူးဘူး။ သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးတစ်ခု အလွယ်တကူ မပျက်ဆီးစေချင်လို့ ငါငဲ့ခဲ့တာ။ နင့်ကိုဆေးရုံပို့ပေးတာ စေတနာသီးသန့်ပဲ ကြာရိုးဖြူ.....နင်ငါ့စေတနာကိုစော်ကားတာ။ တကယ်လို့ မုန်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.....နင်ကိုယ်ချင်းစာစိတ်မရှိဘူးလား။ "

" အခုရော နင့်မိန်းမက ဘာဖြစ်သွားလို့လဲ.....အကောင်းကြီးမဟုတ်လား။ "

" ဘာ!....ကြာရိုးဖြူ နင်...."

" ခွန်သွေး. ....မလုပ်နဲ့..... ကြာရိုးနင်အဲ့လို ပြောစရာလား......သူငယ်ချင်းပေမယ့် စည်းဆိုတာရှိတယ်ဟ။ နင် ခွန်သွေးကို ဘယ်လောက်သဘောကျကျ သူကအိမ်ထောင်သည်ဖြစ်နေပြီ။ နင်ဆင်ခြင်သင့်တယ်.....ဂမုန်းနွယ်နေရာမှာနင်ဆိုရင်ရော။ "

ကြာရိုး အောက်နှုတ်ခမ်းလေးဖိကိုက်မိရင်းမှ နှုတ်ဆိတ်နေသလို မျက်ရည်စတွေအား ဖိသုတ်ပစ်သည်။ ဒေါသအရှိန်ကြောင့် မျက်နှာကြီးနီရဲတင်းမာနေသည့် တံခွန်သွေးကို မကြည့်ရဲသလို မျက်နှာလွှဲရင်းမှ မြတ်သူရဲ့စကားကြောင့် အံလေးတင်းခနဲ ကြိတ်မိ၏။

" ခွန်သွေး အိမ်ထောင်ရေးပျက်ဆီးရင် တရားခံကနင်ဖြစ်သွားလိမ့်မယ်.......နင့်ကြောင့်ဆိုတဲ့စိတ်ကို နင်ခံစားနိုင်လား။ နင့်ကို ခွန်သွေးက ခုနေယူတောင် နင်မယားငယ်ပဲဖြစ်မှာ။ "

" ငါကဘာကိစ္စယူရမှာလဲ။ ငါ့မိန်းမငါ ချစ်လို့ ယူထားတာ။ အရင်ထဲက ကြာရိုးနဲ့ပက်သက်ပြီး ငါ့စိတ်က ရှင်းတယ်။ အခုပိုတောင်ရှင်းပြီ....ငါ့သူငယ်ချင်းထဲ ဒီလိုမိန်းမမျိုးမရှိဘူး။ "

ဆေးရုံခန်းထဲမှ ထွက်သွားကာ တံခါးကို ဆောင့်ပိတ်သွားသည်က ပြင်းထန်လွန်းသည်မို့ ကြာရိုးကိုယ်လေး တုန်သွားရသလို ဝမ်းနည်းစွာ ငိုချမိသည်။ မြတ်သူက ဆိုဖာပေါ်ထိုင်ချရင်းမှ ကြာရိုးကို စိတ်ဆင်းရဲသလို ငေးကြည့်ရင်း ကျစ်ခနဲစုပ်သပ်လာသည်။ မနာလိုဝန်တိုစိတ်ဟာ အရာအားလုံးကို ဖျက်ဆီးနိုင်၏။

ဘားကောင်တာတွင်ထိုင်ကာ အရက်ကိုလှိမ့်သောက်နေသည့်ခွန်သွေးကြောင့် မြတ်သူ အတင်းလိုက်ဆွဲရင်း ထိန်းနေရသလို နဂိုထဲက သောက်နိုင်သူမဟုတ်တာမို့ မူးရူးကွဲပြဲနေ၏။

" ငါ.....ငါ့ကို တကယ်စိတ်မနာလောက်ပါဘူးနော်.....ငါ ရှင်းပြချင်ပေမယ့် ထွက်တောင်မတွေ့ဘူးကွ..,..ဒေါ်ကြည်ပြာကလဲ ငါ့ကိုကြည်တာမဟုတ်ဘူး....."

မြတ်သူ သက်ပြင်းချမိရင်းမှ 

" ဂမုန်းနွယ်နေရာကဆိုလဲ နာကျည်းသင့်ပါတယ်။ သူ က နဂိုထဲက ကားအက်ဆီးဒင့်ဖြစ်ဖူးတော့ အရမ်းကြောက်နေရှာမှာပဲလေ.....မင်းက ခေါ်မရပေါ်မလာတဲ့အပြင် ဆေးရုံမှာ ကြာရိုးကို ဂရုစိုက်ပေးနေတာသိတော့ သူအရမ်းခံစားသွားရမှာပေါ့။"

" ငါ တကယ်မသိတာကွ.....ငါအဲ့ဒါကိုရှင်းပြချင်တာ။ ဒီလိုနဲ့ တကယ်စိတ်နာသွားရင် ဒုက္ခပါပဲ.....အေ့...."

ပြောရင်း အရက်ခွက်ကိုလှမ်းယူနေသည့် ခွန်သွေးကြောင့် မြတ်သူ အတင်းဆွဲလုရင်းမှ.....

" တော်တော့ ခွန်သွေး ......မင်း သောက်နိုင်တာလဲမဟုတ်ပဲ......ဂမုန်းနွယ်က မင်းကိုတော်တော်ချစ်တာပဲဟာ.......အဆင်ပြေသွားမှာပါကွာ။ ငါလဲ ကူညီပါ့မယ်။ "

ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း ကောင်တာပေါ်မှောက်သွားသည့် ခွန်သွေးကို တွဲရင်း မှ မြတ်သူဖုန်းထုတ်ကာ ဂမုန်းနွယ်၏အိမ်ဖုန်းကို ခွန်သွေးဖုန်းထဲမှရှာယူရင်း လှမ်းဆက်လိုက်သည်။ 

@@@@@@@@@@@

မြတ်သူစကားကြောင့် အိပ်ယာထက်ထိုင်နေရာမှ လူက မယုံကြည်နိုင်ဖြစ်နေရသည်။ ညက သူမူးပြီးမှောက်သွားစဥ် မြတ်သူက မုန်းကို ဖုန်းဆက်ခေါ်ခဲ့ပေမယ့်.....

" ဟုတ်လို့လားကွာ.....မုန်းက တကယ်အဲ့လိုပြောတာလား။ "

" ငါက ညာစရာလားကွ။ သူမယုံမှာစိုးလို့ ကျိန်တောင်ပြလိုက်သေးတယ်.....ဒါပေမယ့် ဂမုန်းနွယ်အသံက တည်ငြိမ်နေတာပဲ။ မင်း နဲ့ကွာရှင်းတော့မှာမို့ မင်းနဲ့ပက်သက်တဲ့ဘာကိစ္စမဆို သူ့ဆီထပ်မဆက်သွယ်ပါနဲ့တဲ့။ ငါတောင် ဘာပြန်ပြောရမှန်းမသိဘူး.....ဖုန်းပါစက်ပိတ်သွားတယ်။ "

" ငါတော့ ဒုက္ခရောက်ပြီထင်တယ်ကွာ......ကျစ်!...ကြာရိုးဖြူကို ငါခုတွေးခုရိုက်သတ်ချင်တယ်။ "

" မင်းကိုယ်တိုင်ကရော အမှားကင်းလို့လား။ ဂမုန်းနွယ်က မင်းကိုအတော်လေးချစ်တာ.....အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာဒါမျိုးနေမယ်။ ခုမှ ညည်းတွားမနေနဲ့.....သေလေ။ "'

တံခွန်သွေး ဖုန်းကိုလှမ်းယူကာ မုန်းဆီလှမ်းဆက်ကြည့်ပေမယ့် သူ့ဖုန်းကို ဘလော့ထားပုံရသည်မို့ မချင့်မရဲ ။

! ဒေါက် ဒေါက် ဒေါက်!

" အကိုလေး.....အကိုလေး ဧည့်သည်ရောက်နေတယ်။ အကိုလေးနဲ့တွေ့ချင်လို့တဲ့။ "

တံခွန်သွေး ထိုင်နေရာမှ ထလာရင်း အခန်းတံခါးကိုဆွဲဖွင့်ကာ အောက်ထပ်ဆင်းလာသဖြင့် မြတ်သူပါ နောက်ကပါလာ၏။ ဧည့်ခန်းထဲဝင်လာသည်နှင့် အနက်ရောင်တိုက်ပုံဖြင့် ယောပုဆိုးဝတ်ထားသည့် အသက်လေးဆယ်အရွယ်လူကြီးတစ်ဦးနဲ့အတူ တနေ့က မုန်းနဲ့အတူဆေးရုံတွင် တွေ့ရသည့် အသက်သုံးဆယ်ဝန်းကျင်အမျိုးသားတစ်ယောက်။

" ဘာကိစ္စလဲ မသိဘူး။ "

မျက်နှာချင်းဆိုင်ဆိုဖာတွင် ဝင်ထိုင်ရင်း မေးလိုက်တော့ တိုက်ပုံနဲ့ဦးလေးဆီမှ ဖိုင်တစ်ခုကမ်းပေးလာသလို ယူကြည့်မိတော့ ကွာရှင်းစာချုပ်။ တံခွန်သွေး ဖျတ်ခနဲကြည့်လိုက်မိသလို ဖိုင်ကိုစားပွဲပေါ်ပစ်ချလိုက်၏။

" အန်ကယ်က ရှေ့နေပါ......မဂမုန်းနွယ်က မောင်တံခွန်သွေးနဲ့ကွာရှင်းပြတ်စဲချင်တာမို့....."

" ကျုပ်ဆန္ဒမရှိတဲ့ ကွာရှင်းခြင်းပဲ. ....မုန်းက ကျုပ်ချစ်မြတ်နိုးလို့ လက်ထပ်ယူထားတာ။ ဘယ်တော့မှ ကွာရှင်းမှာမဟုတ်ဘူး။"

" အဟင်းးးး"

ရှေ့နေဘေးထိုင်နေရာမှ သူ့စကားကိုလှောင်သလို လွန့်ခနဲ ပြုံးလာသည့်လူကြောင့် တံခွန်သွေး၏ အကြည့်စူးစူးက ထွဋ်ခေါင်သျှင် ဆီ မကြည်မလင် ရောက်သွားရသည်။

" ခင်ဗျား က ဘာရယ်တာလဲ....."

" မင်းစကားက ရယ်ချင်စရာကောင်းနေတာကိုး။ နွယ်လေးက အရမ်းသည်းခံတတ်တဲ့မိန်းကလေး....မင်းသာကြင်နာရင် သူကွာရှင်းချင်ပါ့မလား။ မင်းလက်မခံရင် ငါတို့ဘက်ကလဲ တရားရုံးကနေသွားရုံပဲ။ "

တံခွန်သွေးအံကိုတင်းခနဲကြိတ်လိုက်မိရင်းမှ.....

" ကျုပ်နဲ့မုန်းအကြောင်းကို ခင်ဗျားက ဘယ်လောက်သိလို့လဲ။ ကျုပ်တို့အိမ်ထောင်ရေးက ကျုပ်နဲ့မုန်းနှစ်ယောက်နဲ့ပဲ သက်ဆိုင်တယ်။ ခင်ဗျားက ဘာအခွင့်အရေးနဲ့ ဝင်စွက်ဖက်နေတာလဲ။ "

ထွဋ်ခေါင်သျှင် အိတ်ကပ်ထဲမှ လိပ်စာကဒ်ကိုထုတ်ကာ ကမ်းပေးလိုက်တော့ မြတ်သူကလှမ်းယူကြည့်သည်။

! ထွဋ်ခေါင် Construction !

" နွယ်လေးက ကျုပ်ညီမဆိုလဲဟုတ်တယ်။ နွယ်လေးနဲ့ပက်သက်ရင် အစစအရာရာ တာဝန်ယူနိူင်တဲ့လူဖြစ်သလို ဒီကိစ္စမှာ ကျုပ်ကိုကူညီပေးပါဆိုလို့ လိုက်ခဲ့တာ။ "

တံခွန်သွေး မျက်နှာပျက်သွားရသလို ရင်ထဲ သဝန်တိုစိတ်ကြောင့် အူနုကျွဲခတ်ခံရသလိုပင်။ မုန်း နဲ့ ဒီလူက ဘယ်လိုပက်သက်မှုမျိုးလဲ။

" ကျုပ် မိန်းမနဲ့ ကျုပ်တွေ့ချင်တယ်။ "

မုန်းဟာ သူ့အပိုင်မှန်းသိသာစေရန် မိန်းမဆိုသည့် စကားအသုံးအနှုန်းဖြင့် မဏ္ဍပ်တိုင်တက်ပြရင်းဆိုလိုက်ပေမယ့် ထွဋ်ခေါင်သျှင်က အေးအေးလူလူသာ ပြုံးလာသည်။

" နွယ်လေးကမှ မင်းကိုမတွေ့ချင်တာ။ ".

" ကွာရှင်းတယ်ဆိုတာ ကလေးကစားနေတာမဟုတ်ဘူး။ မုန်းနဲ့ကျုပ် သေချာစကားပြောချင်တယ်။ "

တံခွန်သွေးစကားကြောင့် ထွဋ်ခေါင်သျှင် အနည်းငယ် စဥ်းစားတွေဝေသွားကာ သက်ပြင်းချမိသည်။ ဘာပဲဖြစ်ဖြစ် မျက်နှာချင်းဆိုင် ရှင်းတာ ပိုကောင်းမည်ဟုလဲ သူထင်သည်။

" ကောင်းပြီ......နွယ်လေးကို ငါရအောင်ပြောပေးမယ်။ မနက်ဖန် အိမ်ကိုလာခဲ့ပါ။ သွားရအောင် အန်ကယ်။ "

ဧည့်ခန်းထဲမှ ထွဋ်ခေါင်သျှင်နဲ့ ရှေ့နေထွက်သွားသည်နှင့် တံခွန်သွေး အရုတ်ကြိုးပြတ်ဖြစ်သွားကာ ဘာလုပ်လို့လုပ်ရမှန်းမသိတော့။ ကွာရှင်းစာချုပ်ပါပို့လိုက်ထဲက မုန်း သူ့ကိုတကယ်စိတ်နာသွားတာ သိလိုက်သလို ရင်ထဲက ဘယ်လိုမှမခံစားနိုင်။ မုန်းသူ့ကို ထားခဲ့ပြီဆိုတဲ့အသိက ခံစားရခက်အောင်ကို ရင်ထဲမချိမဆန့်။

" မုန်း..... မုန်းတကယ်ရက်စက်ပြီကွ ။ ငါ....ငါ ဘာလုပ်ရမလဲ....ငါမကွာပေးနိုင်ဘူး။ ငါ လုံးဝကွာရှင်းမပေးဘူး။ မုန်းမရှိပဲ မနေနိုင်ဘူးကွ......."

ဆံပင်တွေကို လက်ဖြင့်ထိုးဖွရင်း ဧည့်ခန်းထဲ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် ယောက်ယက်ခတ်နေသည့် ခွန်သွေးပုံစံက အယောင်ယောင်အမှားမှား ။

" မနက်ဖန်တွေ့ရင် မင်းသေချာချော့ပေါ့......အချိုးမပြေမလုပ်နဲ့.....ထွဋ်ခေါင်သျှင်ဆိုတဲ့လူနဲ့လဲ သွားမစွပ်စွဲနဲ့ဦးနော်။ ငါစုံစမ်းပေးမယ်။ "

တံခွန်သွေးခေါင်းခါယမ်းမိရင်းမှ ယောကျာ်းချင်းမို့ သူသိနေသည်။ ထွဋ်ခေါင်သျှင် ဆိုတဲ့လူပုံစံက မုန်းအပေါ် ရိုးသားပုံမပေါ်။ 

" ငါ သိနေတယ်.....အဲ့လူ မုန်းကို.... "

" မင်း သဝန်တိုလဲ ခဏအောင့်ထား။ လောလောဆယ် ဂမုန်းနွယ်ကိုအရင်ချော့ဖို့ပဲစဥ်းစား။ "

တံခွန်သွေး ဆိုဖာပေါ် ထိုင်ချလိုက်မိရင်းမှ မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သပ်မိသည်။ မုန်းက သူ့ကိုချစ်တာပဲ.....စိတ်ပြေပေးမှာပါ။ သူသေချာချော့ရမည်.....ပန်းစည်း...ဟုတ်တယ် ပန်းစည်းလေးအရုပ်လေးဝယ်သွားရင် စိတ်ပြေသွားနိုင်သည်။ မိန်းကလေးဆိုတော့ သဘောကျမှာပဲ မဟုတ်လား။

အဆင်ပြေသွားမှာ...အဆင်ပြေသွားမှာပါ။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 9

Author - အနမ်းခြွေ

#lotaya_shortstory


#မျက်နှာ
#မိန်းကလေး
#ဒေါသ
#အနာ
#လောက

Some text some message..