
' မေမေက ဖေဖေ့ကို သတ်ဖို့လုပ်နေတာလား '
သူ့မျက်ဝန်းများပြူးကျယ်သွားခဲ့ရသည်။ နှုတ်မှတီးတိုး
ရေရွတ်ရင်း ချွေးစေးများတကိုယ်လုံးပျံလာ၏။
မြင်ကွင်းအကွယ်တနေရာ မှန်ဗီဒိုထောင့်လေးသို့ တိုးဝင်
ကာ ပုန်းကွယ်နေလိုက်သော်လည်း မယုံနိုင်ခြင်းများက
ကြီးစိုး၍နေလေသည်။
အဘယ်ကြောင့်နည်း။ သူစဉ်းစားမရခဲ့ပေ။ သူသိသည်
မှာမိခင်ဖြစ်သူသည် ဖခင်အပေါ် အမြဲတစေ အလိုလိုက်အကြိုက်ဆောင်ခဲ့သည်ချည်း။
ဇနီးမယားတစ်ယောက်တာဝန်ကို လစ်လပ်သည် မရှိဖူး
ခဲ့။ ဖခင်ဖြစ်သူလည်း ခင်ပွန်းသည်တစ်ယောက်၏ တာ
ဝန်ဝတ္တရားများ ကျေပွန်သည်ဟု သူထင်မိသည်။
မိခင်က ဖခင်ကို ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ရအောင်အထိ မည်သည့် ပြဿနာကြီးကြီးမားမား ရှိ၍နည်းဟု
သူတွေးမရနေပေ။
ပုန်းကွယ်နေရာမှ တဖန် ထပ်ချောင်းကြည့်လိုက်သည်။
သူအမြင်မှားနေခြင်းမဟုတ်။ အမှန်တကယ် ဖြစ်နေခြင်း
ဖြစ်ကြောင်း သိလေ စိုးရိမ်စိတ်များမြှင့်တက်လာလေ
ပင်။
' ငါတားရမယ် '
ထိုသို့တွေးမိသော်လည်း ယခုတလော ပုံစံပြောင်းနေ
သည့် မိခင်ကို မည်သို့စကားစရမည်မှန်း မသိချေ။
မိခင်ဖြစ်သူမှာတော့ သူ့ကိုမြင်ဟန်မတူ။ ဆိုဖာခုံပေါ် ၌
ငိုက်မြည်းနေသော ဖခင်အနီးသို့ တဖြည်းဖြည်းတိုးကပ်
သွားနေသည်။
သူမ၏ညာဖက်လက်ကို နောက်ပစ်ထားပြီး ဆယ်လက်မ
အရွယ် အသားလှီးဓါးကြီး ကိုင်ထား၏။ ပြူတင်းပေါက်
မှ တိုးဝင်ေနသော နေရောင်ကြောင့် အသားလှီးဓါးကြီးက
လက်ခနဲ လက်လက်သွားသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး အံ့ဩတုန်လှုပ်မိကာ ကြက်သေ
သေဖြစ်ပြီးမှ သတိပြန်ဝင်လာပြီး အကွယ်တနေရာ၌ ပုန်း
နေမိခြင်းဖြစ်၏။ ကြံရာမရသည့်အဆုံး အသံအရင်ပေးဖို့လုပ်ဆောင်ရမည်ဟု တွေးမိလိုက်လေသည်။
" မေမေ ... မေမေရေ ... သား အအေးဗူးလေးတွေ့မိသေး
လား "
အဝေးမှလာသလို အော်ရင်း ဧည့်ခန်းဆီသို့ ဖြည်းဖြည်း
ချင်းဝင်လာခဲ့သည်။
သူ၏အသံကြားသည့်အခါ သူ့မိခင်သည် လက်ထဲမှဓါး
ကို ကပျာကယာပြေးဖွက်လိုက်တော့သည်။
" ဘာအအေးဗူးလဲ ... မတွေ့ပါဘူး "
သူကလည်း မသိဟန်ပြုရင်း မိခင်ကိုအကဲခတ်ကြည့်
သည်။ သူ့အပေါ်အရင်လောက် မနွေးထွေးသော်လည်း
ဖခင်အပေါ် ပြောဆိုဆက်ဆံခြင်းထက်တော့ သာသေး
သည်။
သူ့အားဟန်မပျက် ပြောဆိုနေသောမိခင်ကို မျက်နှာလွှဲ
လိုက်ကာ ဖခင်ဘေး၌ ဝင်ထိုင်လိုက်၏။
" ဘယ်နားထားမိလဲ မသိဘူး ... အအေးသောက်မလို့
လိုက်ရှာတာမတွေ့လို့ မေမေ့ကိုလာမေးတာ ... "
" မေမေ ဘယ်သိပါ့မလဲ ... "
" မတွေ့လည်းနေပါစေတော့ ... ဖေဖေ့ကို ဝယ်တိုက်ခိုင်း
တော့မယ် ... ဖေဖေ ... ဖေဖေ ... ထ ... သားကို အအေး
လိုက်တိုက် ... ဖေဖေ "
ဆိုဖာခုံ၌ အိပ်ပျော်နေသော ဖခင်ကို အတင်းနိုးသည့်
အခါ ဖခင်ဖြစ်သူက သမ်းဝေရင်း နိုးလာလေသည်။
မိခင်ဖြစ်သူ မျက်နှာတစ်ချက်ပျက်သွားသည်ကို သတိ
ထားမိလိုက်၏။
" ဘာလဲ သားရ ... "
" ဘာလို့ဒီမှာအိပ်နေတာလဲ ... နေ့ခင်းကြီးကို "
" ရာသီဥတုကပူတော့ အိပ်ပျော်သွားတာကွာ ... "
" မအိပ်နဲ့တော့ ... သားကို လမ်းထိပ်ကဆိုင်မှာ အအေး
လိုက်တိုက်အုံး ... "
" ဟေ ... ဒီကောင် ထူးထူးဆန်းဆန်း "
" သားအအေးဗူးပျောက်သွားလို့ ... တစ်ယောက်ထဲသွား
ရမှာပျင်းလို့ပါဖေဖေရာ "
" အေးပါကွာ ... ခဏလေး ... ဖေဖေ ပိုက်ဆံယူလိုက်အုံး
မယ် "
မိခင်ဖြစ်သူက ဖခင်ကို မျက်ထောင့်ကြီးနှင့်တစ်ချက်
ကြည့်ပြီး မီးဖိုခန်းသို့ ဝင်သွားလေသည်။
" ကဲ ... လာ သွားမယ် ... အော် ... ယုရေ ... ဘာသောက်
မလဲ ... ဝယ်ပြန်လာခဲ့မယ် "
ဖခင်က မိခင်ကို ဝင်မေးလိုက်သေးသည်။
" မသောက်ချင်ပါဘူး ... ရှင်တို့ပဲသောက်တော့ ... "
" တစ်ခုခုတော့သောက်ပါကွာ ... ဒိန်ချဉ်သောက်မလား...
နော် ... ဝယ်လာခဲ့မယ် "
မိခင်ကမည်သည်မှ ပြန်မပြော။ ဖခင်က သူ့ပုခုံးကိုဖက်
လိုက်ရင်း အအေးဆိုင်သို့ ခေါ်သွားလေတော့သည်။
' တော်သေးလို့ ... '
သူ့စိတ်ထဲ ခုမှသက်ပြင်းချလိုက်နိုင်သည်။ ယခုတစ်ခေါက် သူမြင်လိုက်၍ တားလိုက်နိုင်သော်လည်း နောက်
အခေါက် သူ မမြင်ကွယ်ရာတွင် ယခုလိုထပ်ဖြစ်မည်ကို
မလိုလားပေ။
တစ်ချိန်လုံးအနားမှာ နေ၍လည်းမဖြစ်နိုင်။ ပေါ်ပေါ်တင်
တင်မေးဖို့ကလည်း မလွယ်။ စိတ်မသက်သာဖြစ်နေမိ
သည်။
အဖေနှင့်အမေ စကားများထားကြသည်လား၊ မည်သည့်
အကြောင်းကိစ္စရှိသနည်း၊ သူတွေးကြည့်နေသည်။စကားများသံလည်းမကြားသလို၊ ပြဿနာတစုံတရာရှိသံလည်းမကြားမိပေ။
" ဟူး "
သက်ပြင်းပူကိုသာ မှုတ်ထုတ်လိုက်မိသည်။ သူက တစ်ဦး
တည်းသောသား။ မိခင်က အညာသူ၊ လုံးကြီးပေါက်လှ၊
ညိုချော။
မိခင်ငယ်စဉ်က ကာလသားများဝိုင်းဝိုင်းလည်ခဲ့သည်ဟု
အဒေါ်များ ဦးလေးများက ပြန်ပြောပြဖူးသည်။
မျက်လုံးဝိုင်းဝိုင်းလေးတွင် မည်းနက်နေသော မျက်
တောင်များက ကော့ညွှတ်နေပြီး ဆေးသားမဆွဲဘဲ ထင်း
နေသော မျက်ခုံးနှင့် လိုက်ဖက်လွန်းလှသည်။
နှုတ်ခမ်းလေးက မပြုံးသော်ငြား လေးကိုင်းသဖွယ်
ကွေးညွှတ်နေသဖြင့် မြင်သူတိုင်း သဘောကျကြ၏။
မိခင်က ပေါင်းသင်းဆက်ဆံရေးတော်သူ၊ မည်သူနှင့်
မဆို တည့်အောင်ပေါင်းတတ်သည်။ စကားပြောညက်
သည်။
ဖခင်မှာမူ မိခင်နှင့် ဆန့်ကျင်ဘက်ပင်။ မျက်နှာပြည့်
ပြည့်နှင့် အသားညိုသည်။ မျက်ခုံးကောင်းလှသော်လည်း ဆံပင်မကောင်းချေ။ အရပ်အမောင်းလည်း သိပ်မမြင့်လှ။
ခြုံငုံပြောရလျှင်သာမာန်ရုပ်ရည်သာရှိသည်။
ယခုအသက်အရွယ်ရလာသောအခါ ဗိုက်ပူလာပြီး ဦး
ခေါင်း၌လည်း ဆံပင်တစ်ဝက်သာရှိချေတော့သည်။
ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းလှသည်မဟုတ်၊
စကားနည်းသည်။ မေးမှပြောသည်။ မိမိကစပြီး နှုတ်ခွန်းမဆက်တတ်ချေ။
ထို့ကြောင့်လား မဆိုသာပေ၊ ဖခင်ထံတွင် မိတ်ဆွေအ
ပေါင်းအသင်း များများစားစား မရှိခဲ့။
ရုပ်ရည်ချောမောကာ လူချစ်လူခင်ပေါသော မိခင်နှင့်
ရုပ်မချော၊ စကားသိပ်မပြောသူဖခင်မှာ မည်သည့် အကြောင်း ဖန်၍ ညားကြသည်ကို သေချာမသိ။
သူသိရသလောက်မှာ မိဘဆွေမျိုးများ စေ့စပ်ဆော်အော်
ကြသောကြောင့် ညားကြသည်ဟုသာ သိခဲ့ရသည်။
တစ်ယောက်နှင့်တစ်ယောက်ချစ်ကြိုက်၍ ယူခဲ့ကြခြင်း
မဟုတ်သည်တော့ သေချာ၏။ သို့သော် သူ့အသက် ( ၂၃ ) အိမ်ထောင်သက် ( ၂၇ ) အထိ စကားကြီးကြီး
ကျယ်ကျယ် များဖူးသည်ဟု မကြားမိခဲ့။ သူသိတတ်စကတည်းက ယနေ့အချိန်ထိလည်း မဖြစ်ခဲ့။
ထိုသို့ဆိုလျှင် မည်သည့်အကြောင်းရှိသေးသနည်း။ သူ
မသိနိုင်သည့် ကိစ္စပင်ဖြစ်ရပေမည်။
" သား ... "
" ဇေယျ "
သူ့အမည် ခေါ်သံကြားမှ အတွေးစတို့ပြတ်တောက်သွား
ပြီး အအေးဆိုင်သို့ ရောက်လာပြီမှန်း သတိရသွားတော့
သည်။
" ဗျာ ... ဖေဖေ "
" ဘာသောက်မလဲ "
" ဟို ... ဟိုဟာ ... ကော်ဖီအေး ပဲသောက်မယ် "
သားအဖနှစ်ယောက်သား အအေးခွက်ကိုယ်စီဖြင့် ကိုယ့်
အတွေးနှင့်ကိုယ် ရွက်လွှင့်နေကြလေသည်။
ကော်ဖီအေးကိုသာသောက်နေရသည် အရသာကို သူမသိ
တော့ချေ။ စိတ်ထဲတွင် ဖခင်ကို မေးသင့်မမေးသင့်သာ
တွေးနေမိသည်။
" ဘာပြောမလို့လဲ "
" ဟင် ... "
ဖခင်ကသူ၏အတွေးကို သိနေသည့်အလား အရင်ဦး
အောင် မေးလာသည်။
" ဟိုဟာ ... "
ဖခင်က သူ့ကို ကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
" ပိုက်ဆံလိုလို့လား ... ဘယ်လောက်လိုလဲ "
" ဟာ ... မဟုတ်ပါဘူး ဖေဖေကလဲ "
သူအမြန်ငြင်းဆန်လိုက်ရ၏။ အမှန်အတိုင်းဆိုရလျှင်
ဖခင်သည် သူ့အပေါ် အလွန်ချစ်သူဖြစ်သည်။ အမြဲတစေ
ပြောတတ်သည့်စကားမှာ ' ငါ့သွေးသား... ငါ့မျိုးဆက်ကွ '
ဟူသည့်စကားပင်။ မိခင်ဖြစ်သူလည်း ထိုအကြောင်းကို
ပြောခဲ့ဖူးသည်။
" သားကိုမမွေးဘဲ သမီးလေးသာမွေးရင် ... သားအဖေက
မေမေ့ကို ထားခဲ့တာကြာပြီ "
ဟူ၍ ပြောဖူးသည်။ သူပိုက်ဆံလိုလျှင် နှစ်ခါမပြောရ။
ထိုက်သင့်သလောက် ထုတ်ပေးသည်ချည်း။
သူကလည်း အမြဲမတောင်းချင်။ သူ့ခြေထောက်ပေါ်သူ
ရပ်တည်ချင်သည်။ ' ငါ့သားကွ ' ဟု ဖခင်ကို ဝင့်ကြွား
စေချင်သည်။
ထို့ကြောင့် ကျောင်းပြီးသည်နှင့် ရရာအလုပ်ဝင်လုပ်ခဲ့
သည်။ ပိုက်ဆံကို ခြစ်ကုတ်စုသည်။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခု လုပ်နိုင်ရန် ကြံစည်ထားသည်။
သူ၏အကြံကို ဖခင်ကလည်းသိသည်။ သားဖြစ်သူလို
အပ်လျှင် ပံ့ပိုးပေးရန်အသင့်ပင်။ မိခင်နှင့် ဖခင်မသိ
သေးသည်က သူ့မှာ ရည်းစားရှိနေခြင်းပင်။
လုပ်ငန်းခွင်မှ အလုပ်တူတူလုပ်သူ ဟန်စုမွန် ဆိုသော
ကောင်မလေးနှင့် ချစ်သူတွေဖြစ်နေကြောင်း မသိကြ
သေးပေ။
သူ၏ မေတ္တာရေးကိစ္စအား ဖွင့်ပြောပြမည်ဟု ကြံနေစဉ်
မှာပင် မိခင်၏ လုပ်ရပ်ကြောင့် မပြောသေးဘဲ ဆိုင်းငံ့
ထားဦးမည်ဟု ဆုံးဖြတ်လိုက်လေသည်။
" ဒါဆို ဘာပြောမလို့လဲ ... ကောင်မလေးကိစ္စလား "
" ဟာ ဖေဖေကလဲ ... မဟုတ်ပါဘူး "
ဖခင်က သူ့ကို အကဲခတ်ရင်း ဒိန်ချဉ်တစ်ငုံ သောက်
လိုက်သည်။
" သားတစ်ခုမေးချင်လို့ "
" အင်း "
" မေမေက ခုတလော တစ်ခုခုစိတ်ညစ်စရာရှိနေတာ
များလား "
" မရှိပါဘူးသားရဲ့ ... ဘာလို့လဲ "
" အရင်လို စကားလည်းသိပ်မပြောဘူး ... "
" အလုပ်များနေလို့နေမှာပေါ့ "
" ဖေဖေရော ... မေမေမကြိုက်တာ တစ်ခုခုလုပ်ထား
သေးလား "
သူ၏စကားကြားသည့်အခါ ဖခင်က မျက်မှောင်ကြုတ်
ကာ ကြည့်လာသည်။
" ဘာမှမလုပ်ရပါဘူးသားရာ ... နောက်အပတ်ထဲ သား
မေမေ မွေးနေ့ ရှိတာ သိတယ်မလား "
" ဟုတ်ကဲ့ "
" သူပျော်သွားအောင် လက်ဆောင်ကြီးကြီးတစ်ခု ပေး
လိုက်မယ်လေ ... ဟုတ်လား "
" ကောင်းတယ် ဖေဖေ ... "
ထို တဒဂ်၌ စိတ်အေးချမ်းသွားသော်လည်း အိမ်ပြန်
ရောက်သည့်အခါ စိတ်မအေးနိုင်ပြန်ချေ။
ဖခင်ဝယ်ပေးသော ဒိန်ချဉ်ထုပ်က နံရံတွင် ချိတ်ထားဆဲ။
မိခင်က တစ်စက်ကလေးမှ မတို့မထိပေ။
" မေမေ ... အေးနေတုန်း သောက်လိုက်လေ "
ဘယ်လိုပဲဖြစ်ဖြစ် စကားစကာ မေးဖို့သူဆုံးဖြတ်လိုက်
တော့သည်။
" ခဏမှသောက်မယ် ... "
" ခုသောက်လိုက်ပါ ... သားထည့်ပေးမယ် "
ဒိန်ချဉ်ဗူးကို ပိုက်ဖြင့် ထိုးဖောက်ပြီး မိခင်ကို ကမ်းပေး
လိုက်၏။ မိခင်ဖြစ်သူက မယူချင်ယူချင်ဖြင့် လှမ်းယူ
လာသည်။
" မေမေ ... သားမေးမလို့ "
" အင်း "
" မေမေ နေမကောင်းဘူးလား "
" ကောင်းပါတယ် "
" အဲ့ဒါဆို မေမေ ဘာဖြစ်နေတာလဲ ... မအီမလည်ကြီးနဲ့ ..."
" ဘာမှမဖြစ်ပါဘူး သားရယ် ... "
" မဟုတ်ဘူး ... မေမေတစ်ခုခုဖြစ်နေတာ သားသိတယ် ...
သားကိုပြော ... "
" မဖြစ်ပါဘူးဆို ... သွား ... သွား ... အခန်းထဲသွားနား
တော့ "
သူ့ကို မောင်းထုတ်နေသောကြောင့် စကားဆက်မရတော့
ပေ။ အောင့်သက်သက်နှင့် ထွက်လာခဲ့ရသည်။
ညရောက်သည့်အခါ မိခင်ကိုသာအရိပ်တကြည့်ကြည့်
နေနေမိ၏။ နေ့လည်တွင် မြင်ထားသည့် မြင်ကွင်းအား
ဖျောက်ဖျက်၍ မရနေပေ။
ဖခင်က မည်သည်မှသိဟန်မတူ။ တီဗီကြည့်နေသည်။
မိခင်ကတော့ ဖခင်ကို မျက်ထောင့်ဖြင့် တစ်ချက်တစ်ချက် ကြည့်နေသည်ကို သူသတိထားမိလိုက်သည်။
ထိုအကြည့်ကြောင့် စိုးထိတ်မှုက တက်တက်လာခဲ့ရသည်။ မိခင်မှာမူ သူ့ကို ဂရုပြုမိပုံမရ။ ဖခင်ကိုသာ
အာရုံထားနေပုံရသည်။
ခါတိုင်းဆို ယခုလိုအချိန်မျိုးတွင် သူက အခန်းထဲဝင်ကာ
ချစ်သူနှင့် တီတီတာတာပြောနေချိန်ပင်။ ယခုတော့ စိတ်
က မိခင်ထံရောက်နေသဖြင့် ကလူကျီစယ်ဖို့ စိတ်မပါခဲ့။
" ဒီကောင် ဒီနေ့ဘာဖြစ်နေတယ်မသိဘူး ... အဖေနားကပ်
နေတာ ... ဟား ... ဟား "
ဖခင်ကတော့ သူ့ကိုသတိထားမိနေသည်။ ကလေးတစ်
ယောက်လို အဖေထံကပ်နေသည်ဟု ထင်ပြီး ကြည်နူး
နေရှာ၏။ သူ့ကို ကလေးတစ်ယောက်လို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သေးသည်။
မိခင်ဖြစ်သူက သူတို့သားအဖကို စူးစူးစိုက်စိုက်ကြည့်
နေမှန်း ခံစားသိနေသော်လည်း မသိဟန်ပြုနေရသည်။
ညအိပ်ချိန်ရောက်လာပြီ ဖြစ်သဖြင့် အချိန်ကို ဆွဲထား၍
မရတော့ချေ။ အခန်းထဲ မဝင်ချင်ဝင်ချင်နှင့် ဝင်ခဲ့ရသည်။
အိပ်ရာထက် လူးလှိမ့်ရင်း ဖုန်းကို ဖွင့်ကြည့်လိုက်မိ၏။
ဟန်စုမွန်ထံမှ missed call သုံးခါ ဝင်ထားသည်ကို တွေ့
ရသဖြင့် ဖုန်းပြန်ခေါ်လိုက်တော့သည်။
" ကိုဇေယျ ... ဘယ်တွေသွားနေလို့ ကျွန်မဖုန်းကို မကိုင်
တာလဲရှင် "
" မသွားပါဘူး...စုေလးရယ် ... ကိုကိုအိမ်မှာပဲ ရှိတာပါ ... ဖုန်းမကိုင်မိတာ တောင်းပန်ပါတယ်နော် ... "
" ကိုယ့်ချစ်သူက ဖုန်းဒီလောက်ခေါ်နေရင် ချက်ချင်းပြန်
မဆက်တတ်ဘူးလား ... "
ဟန်စုမွန်က ဒေါသထွက်ပြီး ရန်တွေ့နေချေပြီ။
" ကိုကို ... message ပို့ထားတယ်လေ ... ဒီည ဖေဖေနဲ့
စကားပြောစရာရှိလို့လို့ ... စုလေး message မရဘူးလား
ဟင် ... "
" ရသားပဲ ... "
" ဒါဆိုဘာလို့ စိတ်ကောက်တာ ... "
" ဖုန်းမကိုင်လို့ ကောက်တာလေ "
" စုလေးနဲ့ ကိုကို တိုင်ပတ်နေပြီ ... "
ထိုစဉ် အိမ်အပေါ်ထပ် အခန်းက ခြေသံကြားလိုက်သ
ဖြင့် ဖုန်းကို နားမှ ခွာပြီး နားထောင်လိုက်သည်။
" ကိုကို ... ဟဲလို ... ဟဲလို "
" စုလေး ... ကိုကို နောက်မှ ပြန်ခေါ်လိုက်မယ်နော် ...
ချစ်တယ် ... တာ့တာ "
" စိတ်ဆိုးနေပါတယ်ဆို မချော့ဘဲ ဖုန်းချသွားတယ်ပေါ့...
ရတယ် ... ဘယ်တော့မှလာမခေါ် နဲ့ .... ရှင်နဲ့ ကျွန်မပြတ်
ပြီ "
ဟန်စုမွန်၏ ဒေါသတကြီး ဆက်ပြောလာသောစကားများကို ဖုန်းချလိုက်သဖြင့် သူ မကြားတော့ပေ။ သူ့အတွက်
ယခုအချိန်တွင် အိမ်တွင်းရေးကိစ္စက အရေးအကြီးဆုံး
ဖြစ်နေပြီမဟုတ်လော။
လှေကားမှ အသံမကြားအောင်တက်လာပြီး မိဘနှစ်ပါး
အိပ်ခန်းရှေ့တွင် ရပ်လိုက်သည်။ အခန်းထဲသို့ အသံကို
နားစွင့်ကြည့်နေ၏။ မည်သည့်အသံမှမကြား၊ တိတ်ဆိတ်လျက်ရှိသည်။
' မေမေ ဘာမှမလုပ်လောက်ပါဘူး ... ငါစိတ်ထင်တာနေ
မှာပါ '
သူ့ကိုယ်သူ ပြန်စိတ်ဖြေရင်း တီးတိုးပြောနေသော်လည်း
မျက်လုံးထဲတွင်မူ တလက်လက် လင်းလက်နေသော ဓါး
ကိုသာ မြင်နေမိသည်။
ထို့နောက် အခန်းထဲမှ ကျစ် ကျစ် နှင့်မြည်နေသံအား
ကြားလိုက်ရ၏။ မိဘနှစ်ပါး ပြန်အဆင်ပြေသွားပြီး
ချစ်ရည်လူးနေခြင်းလော ဟု တွေးမိပြန်သည့်အခါ
ပြုံးလိုက်မိပြန်သည်။
ထို့နောက်တဖန် မိခင်၏ မျက်ထောင့်ကြီးနှင့် ကြည့်သော
အကြည့်၊ လက်ခနဲ လက်နေသည့် ဓါး ၊ မိခင်၏ အေးစက်
စက်အပြုအမူများကို ဆက်စပ်ကြည့် မိပြန်သည့်အခါ
ချိတုံချတုံ ဖြစ်ရပြန်သည်။
' မဖြစ်သေးပါဘူး ... '
လှည့်ထွက်မည်ပြုပြီးမှ စိတ်မချမှုက ဆောင့်တက်လာ
ခဲ့သည်။ အခန်းတံခါးလက်ကိုင်ကို လှည့်ဖွင့်ကြည့်၏။
လော့မချထားသဖြင့် တံခါးပွင့်သွားခဲ့သည်။ အပြင်ဘက်
မီးအလင်းရောင်မှ အခန်းမီးမှိန်မှိန်သို့ ကြည့်ရသည့်အခါ
အမြင်များက မသဲကွဲချေ။
ကုတင်ပေါ်တွင် အထိုင်လိုက်လှုပ်ရှားနေသူတစ်ဦးနှင့်
လဲလျောင်းနေသူတစ်ဦး။ အခန်းတံခါးကို အမြန်ဆွဲပိတ်
ပြီး မျက်နှာတစ်ခုလုံး ထူပူသွားမိ၏။
' ငါ့ကို မမြင်လောက်ပါဘူး ... ငါတော့ဘာတွေလုပ်နေမိ
မှန်းမသိဘူး ... ကွိုင်ပဲ '
တစ်ကိုယ်လုံး ထူပူပြီး လှေကားပေါ်မှ ပြေးဆင်းလာပြီး
မှ တုံ့ခနဲ ရပ်သွားမိတော့သည်။ သူ၏ မျက်လုံးများ ပြူး
ကျယ်၍ သွား၏။
လှေကားမှ အောက်ထပ်ကို လှမ်းမြင်နေရသော နေရာ
တွင် ကြက်သေသေ ရပ်နေမိလေသည်။
ဧည့်ခန်းမှ မီးဖိုခန်းဆီသို့ ဝင်သွားသည့် ဖခင်ဖြစ်သူ၏
နောက်ကျောကို သူတွေ့လိုက်ရသည်။ ဤသို့ဆိုလျှင်
အိပ်ခန်းထဲမှ ယောကျာ်းတစ်ယောက်က မည်သူနည်း။
မိခင်က ဖောက်ပြန်နေသူလား။ သူ့ခေါင်းတစ်ခုလုံး ချာ
ချာလည်သွားချေပြီ။ ဒူးနှစ်ဖက်ကလည်း အားမရှိတော့
ချေ။
' မေမေဒီလို လုပ်နေတာ ဖေဖေမသိဘူးလား ... '
သူဒေါသတကြီးဖြင့် ပြန်လှည့်လာပြီး အခန်းတံခါးကို
ဆွဲဖွင့်ပစ်လိုက်သည်။
ဝုန်းခနဲ ပွင့်သွားသည့်တံခါးနှင့်အတူ အခန်းမီးခလုတ်ကို
ဆတ်ခနဲ နှိပ်ပစ်၏။ တစ်ခန်းလုံး လင်းထိန်သွားသည့်
အခါ ထင်းခနဲ မြင်တွေ့လိုက်ရတော့သည်။
သူအော်ဟစ်ပစ်ဖို့ပင် မေ့လျော့သွားသည်။ မယုံနိုင်ခြင်း
များ၊ ထိတ်လန့်ခြင်းများ၊ ယူကြုံးမရခြင်းများ တသီတတန်းလုံး သူ့ခေါင်းထဲဝင်လာ၏။
မိခင်ဖြစ်သူက ကုတင်ပေါ်ထိုင်နေပြီး ဖခင်၏ ဝမ်းဗိုက်
တစ်ခုလုံးကို ဓါးဖြင့်မွှန်းနေသည့် မြင်ကွင်းက သူ့တစ်
သက်တာအတွက် အိပ်မက်ဆိုးကြီးတစ်ခုပင်။
တုန်တုန်ယင်ယင်ဖြင့် ကုတင်အနီးသို့ သူလှမ်းလာသည်။
မိခင်မှာမူ သူ့ကို တွေတွေကြီး ပြန်ကြည့်နေ၏။ ဟုတ်သည်။ သူနောက်ကျသွားခဲ့ပြီ။
" ဘာ .... ဘာ ... လို့ ... လဲ ... "
တုန်ယင်နေသောအသံကို ထိန်းပြီး ပြောလိုက်သော်လည်း
အသံက အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်။ အားမလို
အားမရဖြစ်ပြီး အားကုန်အော်မေးလိုက်သည်။
" ဘာလို့လဲ "
သူ့အသံက တစ်တိုက်လုံးဟိန်းသွား၏။ မိခင်ဖြစ်သူက
ဘာမှ မဖြစ်သလို ပြုကာ ကုတင်ပေါ်မှ ဆင်းလာသည်။
သူ့မျက်ဝန်းတစ်ခုလုံး မျက်ရည်များ ဝေါခနဲ စီးကျလာ
ခဲ့၏။ အသတ်ခံရသူက ဖခင်ဖြစ်ပြီး သတ်သူက မိခင်
ဖြစ်နေခြင်းသည် သူ့အတွက် ကြေကွဲနာကျင်စရာပင်။
သူစိမ်းတရံကသတ်လျှင် အသေရရ အရှင်ရရ လုံးထွေး
သတ်ပုတ်ပစ်ပေမည်။ ယခုမူ လူသတ်သမားက မိခင်
အရင်းချာ။ မည်ကဲ့သို့လုပ်ရမည်မသိတော့၊ သူ့အတွက် အလွန်တရာခက်ခဲ လွန်းသည်။
" သား ... ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဘူးလို့ မေမေ
ယုံပါတယ် "
မိခင်၏ အသံက သူ့အတွက် အေးစက်စက်နိုင်လွန်းနေ
သလိုပင်။ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချကာ နာကျင်မှု
ကို အံကြိတ်ငိုနေမိသည်။
မည်ကဲ့သို့ ကံကြမ္မာဆိုးကြီးဝင်လာခဲ့သနည်း၊ သူနားမ
လည်နိုင်ပေ။ ကြိုတင် သိရှိခဲ့သော်လည်း မတားဆီးနိုင်
ခဲ့သည့် သူ့ကိုယ်သူ ခွင့်မလွတ်နိုင်ပေ။
မိခင်ကတော့ ကြိုတင်ကြံစည်ထားသည့်ပုံရသည်။ ဗီဒို
ထဲမှ အလောင်းထည့်သည့် ပလက်စတစ်အိတ်ဖြူကြီး
ယူထုတ်လာခဲ့သည်။
ထို့နောက် ကုတင်အောက်သို့ အလောင်းကို ဆွဲချနေသည်။
တစ်ယောက်တည်း မ ' မ ' နိုင်သဖြင့် သူ့ကို လှမ်းကြည့်
လာ၏။
" မေမေ့ကို မကူတော့ဘူးလား "
" ဖေဖေ့ကို ဘာလို့သတ်တာလဲ ... ဘာလို့သတ်တာလဲ "
မိခင်က သူ့အားမျက်နှာလွှဲလိုက်ပြီး ပြန်မဖြေပေ။
" မပြောဘူးပေါ့ ... ကျွန်တော့်ကို မေမေ ဘယ်တော့မှ
သားလို့ လာမခေါ်နဲ့ ... ကျွန်တော့်မှာ အမေဆိုတာ မရှိ
တော့ဘူး ... ဖေဖေနဲ့အတူ သေသွားပြီလို့ မှတ်လိုက်ပြီ "
မိခင်ကို မုန်းတီးစွာကြည့်ပြီး စားပွဲပေါ်တင်ထားသော
ဖခင်၏ ကားသော့ကို ဆတ်ခနဲ ကောက်ယူလိုက်သည်။
ထို့နောက် သူ အိမ်မှ ကားမောင်းပြီး ထွက်လာခဲ့၏။
ညကြီးမင်းကြီး သူသွားစရာ နေရာမရှိပေ။ ထို့ကြောင့်
မြို့ပြင်ဘက်သို့သာ မောင်းထွက်လာခဲ့သည်။
အိမ်၌ကျန်ခဲ့သော အမေ၊ ဖခင်၏အလောင်းနှင့် မည်
သို့ လုပ်မည်မသိ။ တွေးလည်းမတွေးချင်တော့ပေ။ သူခံစားနေရသည်က ယခုအဖြစ်အပျက်များသည် အိပ်
မက်ဆိုးတစ်ခုသာ ဖြစ်စေချင်မိသည်။
" ငါအိပ်မက်မက်နေတာ ဖြစ်လိုက်ပါတော့လားကွာ ...
အား .... အား ... ဖေဖေ ... ဟီး ... အီး "
ရင်တစ်ခုလုံးမွှန်းကြပ်မှုကြောင့် မခံမရပ်နိုင်ဖြစ်နေရပြီး
ကားမောင်းနေရင်း အော်ပစ်လေသည်။
မြို့အစွန်တနေရာတွင် ကားကိုထိုးရပ်လိုက်ပြီး အဖြစ်
အပျက်များကို ပြန်တွေးကြည့်နေသည်။
သူလှေကားမှဆင်းလာစဉ် ဖခင်ကိုသူတွေ့ခဲ့ရသည်။
အခန်းထဲမှာလည်း ဖခင်၏အလောင်း။ ထိုအချင်းအရာ
ကို သူနားမလည်နိုင်ပေ။
" ဖေဖေ မသေဘူးမဟုတ်လား ... ငါ့ကိုစ နေကြတာများ
လား "
ဇဝေဇဝါ ဖြစ်သွားမိ၏။ သို့သော်လည်း ဗိုက်ထဲမှ အူများ
အထွေးလိုက် ပြုံထွက်နေပြီး အိပ်ရာတစ်ခုလုံး သွေးချင်း
ချင်းနီရဲ နေသည့်မြင်ကွင်းက အတုတော့မဟုတ်နိုင်ပေ။
မိခင်ဖြစ်သူမှာ မည်မျှနာကျည်းသွားသဖြင့် ယခုလို ပြု
မူရကြောင်း နားမလည်နိုင်တော့ချေ။ မိခင်နှင့် ဖခင်၏
အလောင်းကို ထားခဲ့မိကြောင်း တွေးလိုက်မိသည့်အခါ
စိတ်ပူသွားရပြန်သည်။
" မေမေ့ကို ထောင်ထဲထည့်ဖို့လည်း မဖြစ်သေးဘူး ...
မထည့်ပြန်တော့ ဖေဖေ့အတွက် တရားပါ့မလား ...
ငါရူးသွားရင် ကောင်းမယ် "
ယခုလို မွန်းကြပ်မှုမျိုး နာကျင်မှုမျိုးကို တော်ရုံလူနား
လည်နိုင်မည်မဟုတ်ပေ။ ဖြစ်နိုင်လျှင် သူအိမ်မပြန်ချင်
တော့။
သို့သော် မပြန်လျှင် မိခင်က ဒုက္ခရောက်နေပြီ။ ဖခင်၏
အလောင်းနှင့် မည်သို့စခန်းသွားဦးမည်မသိ။
သူ နာနာကျင်ကျင်နှင့် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
မိဘနှစ်ပါးလုံး မထိခိုက်စေရန် ဖခင်၏အလောင်းအား
ဖျောက်ကူပေးဖို့သာရှိ၏။
ထိုကိစ္စကြီးအား သူ့တစ်သက်လုံး ရေငုံနှုတ်ပိတ်နေသွား
ရမည်။ ဖခင်အတွက် တရားသဖြင့် အပြစ်မပေးနိုင်သော မိခင်ကို သူလုပ်နိုင်သည့်အရာက မိခင်အဖြစ်မှ စွန့်လွှတ်ခြင်းပင်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကားကိုပြန်ကွေ့လာခဲ့သည်။
အိမ်သို့ရောက်လျှင် ဖခင်၏အလောင်းအား ရင်နာနာနှင့်
ဖျောက်ကူရပေဦးမည်။
တွေးရင်း ရင်ဝသို့ မီးစဖြင့်တိုက်ခံရသကဲ့သို့ ပူလောင်
လာ၏။ မငိုဖို့ စိတ်တင်းထားသော်လည်း မျက်ရည်များ
က သူ့အလိုလို ကျလာသည်။
မည်သို့မှ စိတ်တင်းထားမရသဖြင့် လမ်းဘေး၌ ကားရပ်
ပြီး တစ်ခါ ငိုရှိုက်မိပြန်သည်။ စိတ်ပြန်တင်းကာ အားတင်း
ပြီး အိမ်သို့ရောက်အောင် ပြန်လာခဲ့တော့သည်။
ညကတည်းက ထွက်လာခဲ့သည်မှာ ယခုဆို အချိန်အ
တော်ကြာသွားခဲ့ပြီ။ ယခုဆို မနက် ( ၁၀ ) နာရီပင်ရောက်
နေချေပြီ။ တစ်ညလုံး မအိပ်ရသဖြင့် လူကမူးဝေဝေဖြစ်ချင်နေ၏။ သို့နှင့် အိမ်ရှေ့သို့ဆိုက်ရောက်လာခဲ့တော့
သည်။
ယခင်က အိမ်ပြန်လာလျှင် စိတ်လက်ပေါ့ပါးသွားစမြဲ။
ယခုအခါတွင်မူ အိမ်ကြီးကို အပြင်ဘက်မှမြင်ရုံနှင့် ဖိအား
တစ်မျိုးမျိုးပေးခံရသလို ဖြစ်ပေါ်နေရပြီး မွန်းကြပ်မှုပါ
ပူးတွဲခံစားနေရသည်။
ခြံထဲ ကားရပ်လိုက်မှ သူသတိထားမိသွား၏။ ခြံတံခါးမှာ
သူထွက်လာစဉ်ကအတိုင်း သော့ခတ်မထားချေ။ ခြံထဲ၌
လည်း မိခင်၏ ကားမရှိတော့ပေ။ အိမ်တံခါးမကြီးကို
စေ့ရုံသာစေ့ထားခဲ့သည်။
အိမ်ကြီးထဲဝင်လိုက်သည်နှင့် ညှီစို့စို့ သွေးစိမ်းနံ့ကြီးက
နှာခေါင်းထဲတိုးဝင်လာသည်။ သူသည်အိမ်အပေါ်ထပ်
သို့ စိမ်းစိမ်းကြီး တစ်ချက်ကြည့်လိုက်ပြီး တက်လာခဲ့၏။
မိဘနှစ်ပါး၏အိပ်ခန်းတံခါးမှာ အပွင့်လိုက်။ အခန်းရှေ့
သို့ ရပ်လိုက်သည်နှင့် သူအံ့ဩမှင်သက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ညက သူထွက်လာစဉ် သွေး
ပျက်ဖွယ်မြင်ကွင်းကြီး လုံးဝမရှိတော့ဘဲ သန့်ပြန့်နေသော
အိပ်ခန်းတစ်ခုဖြစ်နေသောကြောင့်ပင်။
" ဟင် ... ငါ ... ငါ အိပ်မက်မက် နေတာများလား "
သူထိတ်ခနဲ ဝမ်းသာသွားမိ၏။ သို့သော်ကြာကြာဝမ်း
မသာနိုင်။ အခန်းစားပွဲပေါ်ရှိ စာတစ်စောင်ကြောင့် ရင်
တစ်ခုလုံး ဟာခနဲဖြစ်သွားရသည်။
" သား ဇေယျ ...
မေမေ့မှာ ပြောပြလို့မရတဲ့အကြောင်းကိစ္စကြောင့် သားကိုဝမ်းနည်အောင် လုပ်ခဲ့မိတာပါ။ မေမေ့ကိစ္စ မေမေပြီးအောင်အဆုံးသတ်ရအုံးမယ်။ သားဖေဖေကလည်း မေမေ့
ကို လိုက်ပို့ပေးတယ်။ ဒါကြောင့် ဖေဖေနဲ့မေမေ ခရီးခဏထွက်သွားတယ်နော်သား။ မေမေတို့ကို စိတ်မပူပါနဲ့။ အမြန်ဆုံးပြန်လာပါ့မယ်။
မေမေ
ခင်ယုမော် "
လက်ထဲမှစာကို သူအထပ်ထပ်အခါခါ ဖတ်ကြည့်မိသည်။
ဒါအိပ်မက်မဟုတ်နိုင်ပေ။ မိခင်ဖြစ်သူက လူသတ်မှုပေါ်
ပေါက်သွားခဲ့လျှင် သူ့ကို မထိခိုက်စေလို၍ ယခုကဲ့သို့
စာသက်သေ ရေးထားခဲ့ကြောင်း ရိပ်မိသိရှိနေသည်။
ထို့ကြောင့် ဖခင်မသေဆုံးခင် ခရီးအတူထွက်သွားကြောင်းသက်ေသနှင့် သူ့အားလည်းအလောင်းယူသွားကြောင်း message တစ်ခုကို ထားခဲ့ခြင်းဖြစ်သည်။
သူ့အခန်းသို့ ပြေးဆင်းလာပြီး အဝတ်အစားအချို့ကို
ခရီးဆောင်အိတ်ထဲထည့်လိုက်သည်။ ယခုကဲ့သို့ အိမ်
ထဲ ထိုင်မစောင့်နိုင်ပေ။
မိခင်ကို လိုက်ရှာမည်။ ဖခင်ကိုအဘယ်အကြောင်းကြောင့်
သတ်ခဲ့သနည်း မေးမည်။ အခန်းထဲကျန်ခဲ့သော ဖုန်း၌
Missed call များတန်းစီ၍ နေ၏။
ချစ်ရသူ ဟန်စုမွန်၏ missed call ၊ ရုံးမလာသဖြင့် ရုံးက
ဆက်ထားသော missed call ၊ မိခင်ဖြစ်သူ၏ missed
call တို့ဖြစ်သည်။
မိခင်၏ ဖုန်းကို သူအမြန်ဆက်လိုက်၏။ ဆက်သွယ်မှု
ဧရိယာပြင်ပ ဖြစ်နေသည်။ မည်သည့်နေရာ သွားတတ်
သနည်းဟု စဉ်းစားကြည့်သော်လည်း တွေးမရပေ။
" အန်တီလေး များသိမလား "
သူ့ဖုန်းကိုထုတ်ကာ မိခင်၏ညီမ၊ သူ၏ အဒေါ်ဖြစ်သူထံ
ဆက်လိုက်သည်။
" မေမေ ဘယ်သွားတတ်လဲ အန်တီလေးသိလား "
သူ့အဒေါ်မှာ စကားသံ ခေတ္တတိတ်သွား၏။
" အန်တီမသိဘူးသားရဲ့ ... ခုအပြင်ရောက်နေလို့ ဖုန်းချ
ပြီနော်သား "
အဒေါ်ဖြစ်သူ သူဇာနွယ် က သူ့ကို တစ်ခုခုကွယ်ဝှက်ထား
သည်ဟု ခံစားလိုက်မိသည်။ ထို့ကြောင့် အဒေါ် ထံသွားဖို့ ဆုံးဖြတ်လိုက်တော့သည်။
အဒေါ်က အညာဘက်မြို့ငယ်လေးမှာနေသည်။ ထိုနေ
ရာသို့သွားရန် တစ်ရက်ကြာပေမည်။ အဒေါ်နေသော မြို့
ငယ်လေးနှင့် မိခင်၏ ဇာတိရွာလေးက သိပ်မဝေးတော့
ပေ။
ငယ်စဉ်က နှစ်ခါ သုံးခါ ရောက်ဖူး၏။ အသွားအလာ
သိပ်မလုပ်ခဲ့သဖြင့် သူ့အတွက်စိမ်းနေသည်။
မိခင်က အပေါင်းအသင်းမိတ်ဆွေများသော်လည်း ယခု
လို ကိစ္စကြီးကို အမြဲတိုင်ပင်ရာ ညီအစ်မအရင်းမှ လွဲ၍
အခြားသူစိမ်းကို ပြောလိမ့်မည်မဟုတ်ချေ။
မိခင်၏ညီမသည်သာ ရိပ်မိသိရှိနိုင်သောသူ တစ်ဦးသာ
ဖြစ်နိုင်ပေသည်။ အိမ်တံခါးပိတ်ပြီး ကားပေါ်တက်ကာ
ကားစက်နိုးလိုက်၏။
" ဒီနေ့တင်ဆက်ပေးမှာကတော့ အလွမ်းအဆွေးသီချင်း
လေးတွေပဲဖြစ်ပါတယ် ... "
သူတအားလန့်သွားမိသည်။ FM လိုင်းများကို လက်နှင့်
တောင်မထိခဲ့ပေ။ သူ့အလိုလို ပွင့်လာသဖြင့် အမြန်ပိတ်
ပြီး ကြောင်နေမိသည်။
ထို့နောက်မည်သည်မျှ ဆက်တွေးမနေတော့ဘဲ အိမ်ရှေ့
လမ်းသို့ကားမောင်းလာကာ ခြံတံခါးကို သော့ဆင်းခတ်လိုက်သည်။ အိမ်အပေါ်ထပ်သို့ အကြည့်က သူ့အလိုလိုရောက်သွားသည့်အခါ သူ့မျက်လုံးများ ပြူးကျယ်သွားရတော့သည်။
ဟုတ်သည်။ သူ့ဖခင် ဦးအောင်ရှိန်ဦး မှ ဦးအောင်ရှိန်ဦး
အစစ်။ ပြူတင်းပေါက် လိုက်ကာကိုပင့်တင်ကာ ကြည့်
နေရင်း လှစ်ခနဲ အထဲဝင်သွားသည်။
ခြံတံခါးနှင့် အိမ်တံခါးကို ပြန်ဖွင့်ပြီး အိမ်အပေါ်ထပ်သို့
အပြေးလေးတက်လာ၏။ နှုတ်မှလည်း " ဖေဖေနဲ့ မေမေ သားကို နောက်နေကြတာလား " ဟု အော်ရင်း ပြောနေမိသည်။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory