
လှေကားမှ ဒုန်းစိုင်းတက်လာပြီး အိမ်အပေါ်ထပ်တစ်ထပ်
လုံးကို ရှာဖွေကြည့်သော်လည်း ဖခင်ကိုမတွေ့ခဲ့ပေ။
သူ့မျက်လုံးဖြင့် တပ်အပ်မြင်သည်မှာသေချာသည်။ ခြံ
တံခါးဖွင့်ချိန်နှင့် အိမ်ပေါ်တက်လာချိန်က ဘယ်လောက်
မှမကြာနိုင်။ အလွန်ဆုံးကြာလျှင် ၅ မိနစ်ခန့်သာဖြစ်
သည်။
ထိုအချိန်ခဏလေးအတွင်း ဖခင်ဖြစ်သူက မည်သို့ပျောက်
သွားရသနည်း။ အိမ်အောက်ထပ်သို့ ဆင်းသွားသည်လား။
ဇဝေဇဝါဖြစ်ကာ အိမ်အောက်ထပ်ပါ လိုက်ရှာခဲ့သည်။
သူ၏ခေါင်းထဲ၌ ထပ်ခါတလဲလဲတွေးနေသည်မှာ ဖခင်ကို
အသက်ရှင်လျက် ပြန်တွေ့ခြင်းဖြစ်ရမည်ဟုသာ။ သို့
သော် သေချာသည်က တစ်အိမ်လုံးသူတစ်ယောက်
တည်း။
ရင်ထဲဆို့နစ်လာသဖြင့် ဆိုဖာခုံပေါ်သို့ မှီထိုင်ချလိုက်ရ
လေသည်။ အဖြစ်အပျက်များက မြန်ဆန်သလို ခုထက်ထိ
မယုံကြည်နိုင်သေးပေ။ မျက်ရည်များက ထပ်မံကျဆင်း
လာခဲ့ပြန်သည်။
ရုတ်တရက်ဖုန်းမြည်လာသဖြင့် ဖုန်းကိုကြည့်လိုက်၏။
ချစ်သူ ဟန်စုမွန် ထံမှဖြစ်သည်။ ယခုလက်ရှိအချိန်တွင်
မိခင်၏ ဖုန်းမှလွဲ၍ မည်သူ့ထံမှခေါ်ဆိုမှုကို လက်ခံမဖြေ
ကြားချင်လှပေ။ ဖုန်းမကိုင်သည့်အခါ message ဝင်လာသည်။
" အိမ်ရှေ့ရောက်နေပြီ ... ခြံတံခါးဖွင့်ထားလို့ အိမ်ထဲ
ဝင်လာခဲ့မယ် "
သူထိတ်လန့်သွား၏။ အိမ်ထဲသို့ မည်သူတစ်ဦးတစ်ယောက်မှ ပေးဝင်၍ မဖြစ်ချေ။ ကပျာကယာထလိုက်
ပြီး အိမ်ရှေ့သို့ ထွက်လာခဲ့တော့သည်။
အိမ်ရှေ့အဝင်ဝတွင် ဟန်စုမွန်နှင့် ထိပ်တိုက်ဆုံမိလေ
သည်။ ဟန်စုမွန်၏မျက်နှာမှာ အလွန်ပင် ခက်ထန်နေ
ခဲ့၏။
နီရဲနေသော ကောင်းကင်ကြီးက မကြာခင် မုန်တိုင်းကြီး
လာတော့မည့်နှယ် အချက်ပေးနေသယောင်ယောင်။
" ရှင် ကျွန်မကို ဘယ်လို ဆက်ဆံလိုက်တာလဲ ကိုဇေယျ ...
မနေ့ညကလည်း ဖုန်းမကိုင်ဘူး ... ဒီတစ်မနက်လုံးလည်း
ဖုန်းမကိုင်ဘူး ... ရုံးလည်းလာမတက်ဘူး ... ဘာလဲ ... ကျွန်မနဲ့ လမ်းခွဲချင်လို့ အကြံထုတ်နေတာလား ... "
သူ့တွင် ဖြေစရာ အဖြေမရှိ၊ ညိုးငယ်သော မျက်နှာကို
အတတ်နိုင်ဆုံးထိန်းကာ အတောင့်လိုက် ရပ်နေမိသည်။
ဟန်စုမွန်အား မည်သို့ ချော့မော့ပြောဆိုပြီး ပြန်ခိုင်းရ
မည်ကို စဉ်းစား၍မရနိုင်နေပေ။
ယခုကဲ့သို့အကြံတုံး၊ ဉာဏ်တုံး ဖြစ်နေသလိုမျိုး တစ်ခါ
မှ မဖြစ်ဖူးခဲ့။
" ဪ .... ပြန်ဖြေစရာ စကားတောင် မရှိတော့ဘူးပေါ့ ...
ဘာလို့လဲလို့ မေးနေတယ်လေ ... လိမ်တာတွေ ... ကွယ်
တာတွေ မကြိုက်ဘူး ... ကျွန်မက ဒဲ့သမား ... ပွင့်ပွင့် လင်း
လင်းပြော ... ကျွန်မကို ရှောင်နေတာလား ကိုဇေယျ "
" မဟုတ်ပါဘူး ... စုလေးရာ ... ကိုကို ... ကို ... "
ပြန်ဖြေနေရင်းမှာပင် သူ့အသံက တိမ်ဝင်သွားခဲ့သည်။
ပြီးနောက် ပါးပြင်ပေါ်သို့ ကျဆင်းလုနီးနီးမျက်ရည်ကို
အမြန်ထိန်းလိုက်လေ၏။
ဟန်စုမွန်မှာ သူ့ကိုအကဲခတ်ရင်း လေသံ အနည်းငယ်
ပျော့သွားတော့သည်။
" စုလေးက ကိုကို့ရဲ့လက်တွဲဖော် မဟုတ်ဘူးလား ... လက်
တွဲဖော်လို့ သတ်မှတ်ရင် ဘာတွေဖြစ်တာလဲဆိုတာ ပြော
ပြနိုင်ရမှာပေါ့ ... ဘာအခက်အခဲပဲ ရှိရှိ အတူဖြေရှင်းလို့
ရတာပဲ မဟုတ်ဘူးလား ... ခုတော့ စုလေး ဘေးဖယ်ထား
သလို ဖြစ်နေတာ ... အရမ်းဝမ်းနည်းတယ် ... "
ဟန်စုမွန်၏အသံများ တုန်ယင်နေလေသည်။ သူမသည်လည်း မျက်ရည်မကျမိအောင် အတော်ထိန်းထားရ၏။
" ကိုကို့မှာ မိသားစုပြဿနာ နည်းနည်းဖြစ်နေလို့ပါ ...
စုလေးကြောင့်မဟုတ်ဘူး ... "
" စုလေးကို ပြောပြလို့မရဘူးလားဟင် ... မနေ့ညက ကိုကို့
ဖေဖေနဲ့ မေမေကို စုလေးတို့အကြောင်း ဖွင့်ပြောမယ်ဆို
လို့ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ ... အရမ်းလည်းသိချင်
တယ် ... ဖုန်းဆက်လည်းမကိုင်တော့ စုလေးဘယ်လောက်
ရင်ပူရလဲ ... တစ်ညလုံးလည်း မအိပ်ရသေးဘူး ... မနက်
ရောက်တော့လည်း ဖုန်းမကိုင်ပြန်ဘူး ... ရုံးလည်းမလာ
ဘူး ... ကိုကို့အိမ်က စုလေးနဲ့ သဘောမတူလို့လားဟင် ...
ဟုတ်လားကိုကို "
ဟန်စုမွန်သည် ပြောရင်း မျက်ရည်များ စီးကျလာခဲ့သည်။
စိတ်မကောင်းဖြစ်နေသော ချစ်သူကို ထွေးပွေ့ဖို့ သူ့တွင်
အားအင်မရှိချေ။
မိခင်က ဖခင်၏ဝမ်းဗိုက်ကို ဓားနှင့် အချက်ပေါင်းများ
စွာ ထိုးခဲ့ကြောင်း မည်သည့်အားအင်ဖြင့် ပြောထွက်မည်
နည်း။
" စုလေး ... မနေ့ညက ကိုကိုတို့ကိစ္စကို ဖေဖေတို့ဆီ မပြော
ရသေးပါဘူး ... "
" ဟင် ... မပြောရသေးဘူးဆိုရင် ... ဒါတွေက ဘယ်လို
ဖြစ်လို့လဲ ... "
" ညက ... မေမေနဲ့ ဖေဖေ စကားများကြပြီး နှစ်ယောက်
လုံး အိမ်ကထွက်သွားကြလို့ ... "
" ဘယ်လို ... "
" အဲ့လိုတွေ ဖြစ်သွားလို့ စုလေးရဲ့ဖုန်းကို မကိုင်မိတာပါ ...
ကိုကိုတောင်းပန်ပါတယ် "
ဟန်စုမွန်က သူ့ကို ဂရုဏာသက်စွာ ကြည့်နေလေသည်။
" စုလေး မသိလို့ပါကိုကိုရယ် ... စုလေးက တောင်းပန်ရ
မှာပါ ... ဒါဆို ခုဘယ်လိုလုပ်မှာလဲ ... ဖေဖေနဲ့ မေမေကို
ပြန်လိုက်ခေါ်ရမှာ မဟုတ်ဘူးလား "
" အင်း ... ကိုကိုခုပဲသွားမလို့ ... မေမေက အန်တီလေးဆီ
သွားတယ်ထင်တယ် ... ကိုကိုခရီးခဏထွက်ရအုံးမယ် ...
ဘယ်လောက်ကြာမယ်တော့ မပြောတတ်သေးဘူး ... "
" ကိုကိုကလဲ ... ဖေဖေတို့ကို ပြန်ခေါ်ပြီးရင် ရပြီဟာပဲ ...
ဘာလို့ အကြာကြီးလို ပြောနေတာလဲ "
" မြန်မြန်တော့ပြန်ခဲ့ပါ့မယ် ... "
" ကိုကိုတစ်ယောက်ထဲ သွားမှာလား ... "
" ဟုတ်တယ် ... ဖေဖေ့ကားနဲ့ သွားမှာ "
" လမ်းမှာဂရုစိုက်အုံးနော် ... စုလေးကို ကတိပေး ...
စုလေးဖုန်းခေါ်ရင် ဖုန်းကိုင်ရမယ် ... စိတ်ပူအောင်
မလုပ်နဲ့ ... "
ဟန်စုမွန်ကို သူခေါင်းညိမ့်ပြလိုက်သည်။ ဟန်စုမွန်လည်း
အငှားကားပေါ် ပြန်တက်ကာ ရုံးသို့ပြန်သွားလေ၏။
ခုမှပင် သူသက်ပြင်းချနိုင်တော့သည်။ အိမ်တံခါးကို
အမြန်ပိတ်ပြီး အိမ်မှထွက်မည့်ဟန်ပြင်စဉ် အိမ်နောက်
ဖေးထံမှ ခွမ်းခနဲ အသံကို ကြားလိုက်ရတော့သည်။
ပန်းအိုးတစ်လုံးလုံးကျကွဲချေပြီ။ ရင်ထဲလှိုက်ခနဲ ဖြစ်သွားမိ၏။ ဖခင်ဖြစ်သူ ပုန်းနေသည်လားဟုလည်း တဆက်တည်း တွေးမိလိုက်သည်။
အိမ်နောက်ဖေး ပန်းခြံဆီသို့ ပြေးကြည့်သည့်အခါ ပန်း
အိုးအကွဲအစများ မြေပေါ်ပြန့်ကျဲနေသည်ကို တွေ့လိုက်
ရသည်။
ထိုပန်းအိုးမှာ လျှောက်လမ်းဘေးရှိ အုတ်ဘောင်ပေါ်တင်
ထားသည့်အိုးဖြစ်သည်။ ပန်းအိုးမှာ မကြီးသော်လည်း
သေးသည်တော့မဟုတ်။
လေတိုက်၍လဲခြင်းတော့ မဖြစ်နိုင်ပေ။ ကြောင်ဆိုလျှင်
လည်း ထိုပန်းအိုးကြီး လဲကျလောက်သည်အထိ မတိုး
နိုင်ကြောင်း သိသာနေသည်။
" ဖေဖေ ... "
" ဖေဖေ ... "
" သားကိုနောက်နေတာမလား ... ဖေဖေပုန်းနေတာမဟုတ်လား ... အဲ့လောက်အထိ မနောက်ပါနဲ့ ဖေဖေရာ ... သား
ကို မနောက်ပါနဲ့တော့ဗျာ ... "
ပါးစပ်မှ အော်ပြောရင်း နောက်ဖေးပန်းခြံအနှံ့၊ ချောင်
ကြိုချောင်ကြားပါမကျန် ပတ်ရှာကြည့်သည်။ မည်သည့်အရိပ်အယောင်မှ မတွေ့ပေ။
အိပ်ရေးမဝသည့်အပြင် တစ်မနက်လုံး ရေတစ်ပေါက်
တောင် မသောက်ရသေးသဖြင့် ရုတ်တရက် မူးဝေသွား
ခဲ့သည်။
ပန်းအိုစင်ကို ညာလက်နှင့်လှမ်းထောက်ပြီး ဘယ်လက်က
ဘယ်ဘက်ပေါင်ကို ထောက်ကာ ကုန်းကုန်းကြီး ဖြစ်သွား
လေသည်။ မျက်လုံးအစုံကို ခေတ္တမှိတ်လိုက်ရ၏။
" သား ... "
သူ၏ နားထဲတွင် ဖခင်၏ ခေါ်သံကို ကြားလိုက်ရသဖြင့်
မျက်လုံးအမြန်ဖွင့်ကြည့်လိုက်သည်။ အသံသာကြားလိုက်
သလိုရှိသည်၊ ဖခင်၏အရိပ်အယောင်ပင် မတွေ့ပေ။
" ဖေဖေ ... "
ထိုစဉ် သူ၏မျက်လုံးက တနေရာသို့အကြည့်ရောက်
သွားခဲ့တော့သည်။ ကျစ်လျစ်နေသော မြေသားများကြား
သူ့တစ်ကွက်တည်းကွက်ပြီး မွနေသော မြေကြီး။
ယခင်က ထိုသို့မရှိကြောင်း သူကောင်းကောင်းသိသည်။
ထိုနေရာသို့သွားကာ တိုးကပ်ကြည့်လိုက်လေသည်။
မွနေသောမြေကြီးပေါ်တွင် ယုတ္တိမတန်စွာ ပန်းပင်အသစ်
စိုက်ထား၏။ စိုက်ထားသည်မှာ ကြာလှဉီးမည်မဟုတ်။
အလွန်ဆုံးရှိလှ နာရီပိုင်းလောက်သာ ရှိပေဦးမည်။
ထိုမြေကြီးကို ကိုင်ကြည့်ရင်း စူးစမ်းကြည့်နေ၏။ သူ
ဇောချွေးများပျံလာခဲ့သည်။ လက်အစုံက တုန်ယင်လာ
သည်။
နောက်ဖေးပန်းခြံထောင့်၌ ထားတတ်သော မြေဆွခရင်း
များ၊ ပေါက်ပြားများကို သွားကြည့်လိုက်တော့သည်။
ပေါက်ပြားထိပ်တွင် စေးကပ်နေသော မြေကြီးများ အတုံး
လိုက်အတစ်လိုက် ကပ်နေသည်ကို တွေ့လိုက်ရသည်။
သူ့ခေါင်းတစ်ခုလုံး အကြီးကြီးဖြစ်သွားသလိုလို၊ ချက်
ချင်းပင် သေးသေးလေးဖြစ်သွားသလို ခံစားလိုက်ရ၏။
ထိုပေါက်ပြားကိုယူကာ မြေကြီးတလျှောက်ကို သေချာ
စွာ ကြည့်ကြည့်သည်။ မြေကြီးခဲအချို့က ပန်းပင်အသစ်ဆီသို့ ညွှန်ပြနေခဲ့သည်။
ထိုပန်းပင်အနီးတဝှိုက်ကို ထပ်မံလေ့လာကြည့်သည့်အခါ
စွပ်ကြောင်းရာ မှိန်မှိန်လေးက သူ၏မျက်ဝန်းထဲ ထင်းခနဲ
ပင်။
သူစိတ်လှုပ်ရှားလာတော့သည်။ ပေါက်ပြားနှင့် ပန်းပင်
များကို ဖျက်ဆီးကာ မြေပေါက်လိုက်၏။ မွနေသော မြေ
ကြီးကြောင့် အခက်အခဲမရှိဘဲ တစ်ချက်ပေါက်လိုက်
တိုင်း မြေများဖွားခနဲ ထွက်လာခဲ့သည်။
တူးရင်းတူးရင်း တစုံတရာကို ဒုတ်ခနဲ ခုတ်မိလိုက်သော
အခါ ခပ်မြန်မြန်ဆက်တူးကြည့်တော့သည်။ သူသိချင်
သောအရာသည် သူ့ရှေ့သို့ ဘွားခနဲ ပေါ်လာခဲ့၏။
အိပ်မက်ဆိုးဖြစ်ပါစေဟု အထပ်ထပ်အခါခါဆုတောင်း
သော်လည်း မပြည့်ခဲ့ပေ။ မြေကျင်းကြီးထဲတွင် ပလက်
စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော ဖခင်၏အလောင်း။
ယခုအခါ သူမျက်ရည်မကျတော့ပေ။ မျက်ရည်ကျနိုင်စွမ်းလည်း သူ့ထံမရှိတော့။ မိခင်ဖြစ်သူမှာ အလောင်း
ကြီးသယ်ကာ ခရီးထွက်ဖို့အထိ မိုက်မဲလိမ့်မည် မဟုတ်
မှန်း သူမရိပ်မိခဲ့ပေ။
ဖခင်ကိုသတ်၊ အလောင်းမြုပ်ပြီး မည်သည့်နေရာသို့
ပုန်းရှောင်သွားခဲ့သနည်း။ သူ့ကိုသားအဖြစ် မသတ်မှတ်
တော့ဘဲ စွန့်ခွာသွားပြီလော။ တစ်ယောက်တည်း မေးခွန်းများစွာနှင့် အဖြေရှာမရခဲ့။
ဤသို့ဆိုလျှင် ညကတွေ့ခဲ့သော ဖခင်၏ပုံရိပ်၊ အိမ်အပေါ်ထပ်၌ ရိပ်ခနဲ တွေ့ခဲ့သော ဖခင်၏ပုံရိပ်၊ နားထဲ
ကြားလိုက်မိသော ခေါ်သံ၊ ထိုအရာများသည် ဖခင်ဖြစ်
သူက သူ၏အနားတွင် ရှိနေသည်ဟု ညွှန်းဆိုနေခြင်းသာ
ဖြစ်ပေမည်ဟု တွေးလိုက်မိသည်။
" ကောင်းပြီလေ ... မေမေကတောင် သားတို့အပေါ်ရက်
စက်မှတော့ သားလည်းလုပ်သင့်လုပ်ထိုက်တာ လုပ်ရ
တာပေါ့ ... "
မိခင်အပေါ် နာကျည်းမှုက တဖြည်းဖြည်း တိုးလာခဲ့၏။
မြေကြီးကို ပြန်ဖို့လိုက်ပြီး အိမ်ရှေ့၌ ရပ်ထားသော ကား
ကို အိမ်ထဲသို့ ပြန်သွင်းလိုက်လေသည်။ ခြံတံခါးနှင့် အိမ်တံခါးပါသော့ခတ်ပစ်၏။
" ဖေဖေ .... သားဘေးမှာ ရှိမှန်းသားသိတယ် ... သား
ပြောတာလည်း ကြားမယ်ထင်ပါတယ် ... ခုလိုနေရတာ
တအားမွှန်းကြပ်နေပြီဖေဖေ ... မေမေက ဖေဖေ့ကိုသတ်
ပြီး သားကိုပစ်သွားပြီ ... ဆက်နေနေလို့ ဘာထူးတော့မှာ
လဲ ... မေမေမှ သားတို့ကို မလိုချင်တော့တာ ... သားလည်း
ဖေဖေ့နောက် လိုက်လာခဲ့တော့မယ် ... သားနဲ့ဖေဖေနဲ့ ဟိုး
အဝေးကြီးကို တူတူသွားကြမယ်လေ ... "
သူ့ရင်တစ်ခုလုံး မွကြေနေ၏။ မူးရိပ်ရိပ်ဖြင့် စတိုခန်းဆီ
သို့ လျှောက်လာခဲ့သည်။ ထို့နောက် အုန်းဆံကြိုးတစ်ကြိုး
ကို ထုတ်ယူလာခဲ့တော့သည်။
ကြိုးခိုင်မခိုင် ဆန့်ဆွဲကြည့်ကြည့်နေသည်။ သူ၏မျက်နှာ
မှာ ပကတိဆုံးဖြတ်ထားပြီးသားလို ခိုင်မာနေခဲ့သည်။ဘယ်ဘက်ရင်အုံ၌မူ အလွန်တရာ ပူပြင်းလှသော မီးခဲကြီးနှင့် စိုက်ချခံထားရသူပမာ ခံစားနေရသည်။
ကြိုးချည်၍ရမည့် နေရာကို လိုက်ရှာကြည့်သည့်အခါ
အိမ်ထဲတွင် မည်သည့်နေရာမှ မရှိချေ။ ရုတ်တရက် နေ
ရာတစ်ခုကို သတိရသွားလေသည်။
နောက်ဖေးပန်းခြံရှိ ပန်းစင်ဘေးမှ ထုပ်တန်းကြီး။ အိမ်
နောက်ဘက်တံခါးကိုဖွင့်ကာ ကြိုးကို တုပ်ချည်လိုက်၏။
သူ့လက်နှင့် သေချာခိုင်မြဲစွာချည်ထားသော အုန်းဆံကြိုး
ညိုကြီးကို စူးစိုက်ကာ ကြည့်နေမိလေသည်။
သူ့မျက်လုံးထဲတွင် ကြိုးက နှစ်ကြိုးလိုလို တွေ့မြင်နေ
မိ၏။ ထိုင်ခုံပေါ်သို့ မတ်တပ်ရပ်လိုက်စဉ် ဧည့်ခန်းထဲ
ချန်ထားရစ်သည့် ဖုန်းကမြည်လာလေတော့သည်။
ဖုန်းမြည်သံကို မသိကျိုးကျွံပြုကာ ကြိုးကိုလည်ပင်း
ပေါ်စွပ်ချပစ်သည်။ သူ့ဘဝအတွက် မည်သည့်အရာမှ
အရေးမကြီးတော့ဟု တွေးလိုက်မိပြီးမှ ဟန်စုမွန်ကို သတိ
ရသွားမိလေသည်။
" မဖြစ်သေးပါဘူး ... စုလေးကိုတော့ နောက်ဆုံးအနေနဲ့
နှုတ်ဆက်သွားသင့်တယ် ... "
လည်ပင်း၌စွပ်ထားသည့်ကြိုးကို ပြန်ဖြုတ်ကာ ဧည့်ခန်း
ဆီသို့ ပြန်ဝင်လာခဲ့သည်။ ဖုန်းကို ကောက်ကိုင်လိုက်သည့်
အခါမှ ဖုန်းခေါ်ထားသူမှာ သူ၏အဒေါ်ဖြစ်ကြောင်း တွေ့
လိုက်ရသည်။
" ဘာမှသိရမှာမှမဟုတ်တာ ... ပြန်ဆက်မနေတော့ဘူး "
ဟန်စုမွန်ထံ ဖုန်းခေါ်မည်ပြုစဉ် အဒေါ်၏ဖုန်းက ထပ်ဝင်
လာသည်။
" အေးလေ ... အန်တီလေးကိုလည်း နှုတ်ဆက်ရမှာပေါ့ "
ဖုန်းကိုင်လိုက်သည့်အခါ
" သားရေ ... သားအန်တီ့ဆီ အခုလာမှဖြစ်မယ် ... "
" ဗျာ ... ဘာဖြစ်လို့လဲအန်တီလေး "
" သားမေမေကို ပင်ညောင်ဘက်မှာ တွေ့လိုက်တယ်တဲ့ .."
" ဗျာ ... ဘယ်သူတွေ့တာလဲ "
မိခင်ကိုတွေ့လိုက်သည်ဆိုသဖြင့် သူ၏မျက်လုံးများ
ပြူးကျယ်သွားတော့သည်။
" အန်တီလေးတို့အသိ ... ကိုသန်းမောင်ဆိုတဲ့သူက တွေ့
တာ ... သူက မမကို နှုတ်ဆက်ပေမယ့် သူ့ကို မသိသလို
စိမ်းစိမ်းကြီးကြည့်နေတယ်တဲ့ ... သူကထူးဆန်းလို့ဆိုပြီး
အန်တီလေးကို ခုပဲဖုန်းဆက်လာတာ ... "
" ပင်ညောင်ဆိုတာ ဘယ်နားလဲ အန်တီလေး "
" ပင်ညောင်ဆိုတာ အန်တီလေးတို့ ငယ်ငယ်က ကျောင်း
သွားတက်တဲ့မြို့ငယ်လေး ... အဲ့မှာအသိတွေအများကြီး
ရှိတယ် ... ကိုသန်းမောင်ဆိုတာကလည်း ရပ်ဆွေရပ်မျိုး
လိုနေကြတာ ... မမကနှုတ်မဆက်ဘူးဆိုတာ မဖြစ်နိုင်
ဘူးလေ ... နောက်မှအန်တီလေးပြန်တွေးမိတာ သားဖေ
ဖေနဲ့ စကားများပြီး ထွက်လာတာဆိုတော့ စိတ်မကြည်
လို့ထင်တယ်လို့ "
" ဖေဖေနဲ့စကားများတယ်လို့ ဘယ်လိုသိတာလဲ "
" ဟင် ... သားပဲပြောတယ်လေ ... မေမေ အန်တီလေး
ဆီလာလားဆို ... "
" ဟုတ်တယ်လေ ... ဒါပေမယ့် စကားများတယ်လို့ မ
ပြောမိပါဘူး ... "
" သားရယ် ... မမက ဘယ်တုန်းကများ မိသားစုတွေမသိ
အောင် ခုလိုထွက်သွားဖူးလို့လဲ ... ပြောပြမှမဟုတ်ဘူး...
တွေးကြည့်တာနဲ့သိပါတယ် "
" ဟုတ် ... အန်တီလေး ... သားတစ်ခုမှာချင်လို့ "
" အေး ... ပြောလေသား "
" သားမလာတော့ဘူးအန်တီလေး ... မေမေ့ကို ဂရုစိုက်
ပေးပါနော် ... "
" ဟေ ... ဘာဖြစ်လို့လဲသားရဲ့ .... "
" သားနဲ့ ဖေဖေနဲ့ တနေရာသွားတော့မှာမလို့အန်တီလေး "
" ဘယ်သွားကြမလို့လဲ ... အဲ့လိုမလုပ်ရဘူးသားရဲ့ ...
မိသားစုတွေဆိုတာ သင့်သင့်မြတ်မြတ်နေရတယ် ...
စိတ်အခန့်မသင့်လို့ စကားများကြတာပဲကွယ် ... သား
မေမေလည်း စိတ်ဆိုးပြေရင် ပြန်လာမယ့်ဟာ ... မမက
သားကိုဘယ်လောက်ချစ်လဲ အန်တီလေးအသိဆုံး ... "
ဇေယျမှာ အဒေါ်၏စကားကို ဆက်နားထောင်နိုင်စွမ်း
မရှိချေ။
" အန်တီလေးကိုလည်း သားချစ်ပါတယ် ... ဒါပဲနော်
အန်တီလေး "
" ဟဲ့ ... နေပါအုံး ... ဟဲလို "
သူမည်သည့်စကားမှ ဆက်မပြောချင်တော့သလို ကြား
လည်းမကြားလိုတော့ပေ။ ပြီးနောက်ဟန်စုမွန်ထံသို့ ဖုန်းခေါ်လိုက်သည်။
" စုလေး "
" ကိုကို ... ဘယ်နားရောက်နေပြီလဲ ... ထမင်းရောစားပြီး
ပြီလား ... "
ချစ်သူ၏အသံချိုချိုလေးကို ကြားလိုက်သည့်အခါ ရင်
ထဲနင့်သွားမိသည်။ သူ၏ စိတ်ဆင်းရဲစရာအခြေအနေ
နှင့် ဟန်စုမွန်ကို ခေါ်မထားရက်နိုင်ပေ။
" အင်း ... ကိုကို စုလေးကို အရမ်းချစ်တယ် ... "
ဇေယျစကားကြားသည့်အခါ ဟန်စုမွန် ပြုံးလိုက်မိ၏။
" စုလေးလည်း ကိုကို့ကို အများကြီးချစ်တယ် ... "
" စုလေး "
" ရှင် "
" ကိုကိုချစ်တာ စုလေးသိရင် ရပြီ ... အဲ့ဒါလှမ်းပြော
တာ ... "
" ခုကားမောင်းနေတာလား ... "
" မမောင်းဘူး "
" ဂရုစိုက်မောင်း ... မြန်မြန်ပြန်လာခဲ့ ... နော် "
သူမည်သည်မှ ဆက်မပြောနိုင်တော့။
" ပြန်ဖြေအုံးလေကိုကိုရဲ့ ... "
" အင်းပါ ... စုလေးလည်း ဂရုစိုက်နော် "
" စုလေးမှာ ကိုကိုရှိတာပဲ ... ကိုကိုကဂရုစိုက်ပေးမှာ ဟုတ်
ဘူးလား ... "
" ကိုကိုရှိရင် ဂရုစိုက်ပေးတာပေါ့ ... ခုလိုကိုကိုမရှိချိန်ဆို
ကိုယ့်ကိုကိုယ်ဂရုစိုက်နော် .... အလုပ်တွေတအားမလုပ်
နေနဲ့ ... ထမင်းလည်းအချိန်မှန်စား ... "
" ကိုကိုကလဲ ... ပြောနေပုံက အကြာကြီးခွဲရမှာကြနေတာ
ပဲ ... "
ဟန်စုမွန်က မကျေမနပ်ရေရွတ်နေလေသည်။
" ဒါပဲနော်စုလေး ... ကိုကိုသွားတော့မယ် ... "
သူ၏နောက်ဆုံးနှုတ်ဆက်သံက အနည်းငယ် တိမ်ဝင်
သွားခဲ့သည်။ ဟန်စုမွန်ကတော့ မရိပ်မိခဲ့ချေ။
နှုတ်ဆက်စရာများ နှုတ်ဆက်ပြီးပြီဖြစ်၍ ဖုန်းစက်ပိတ်
လိုက်တော့သည်။ ထို့နောက် နောက်ဖေးပန်းခြံဆီသို့ လှမ်း
လာခဲ့လေသည်။
ထုပ်တန်းနေရာ၌ ချည်ထားသောကြိုးမှာ ပြေပြီး မြေကြီး
ပေါ်သို့ပုံကျနေသဖြင့် အလွန်အံ့ဩသွားတော့သည်။
" ဒါ ... ဒါ ... ဘယ်လို ဖြစ် နိုင် မှာ လဲ "
ကြိုးကို ကောက်ယူကာ ဝေခွဲမရစွာနှင့် ထုပ်တန်းကို မော့
ကြည့်လိုက်၏။ သူနားမလည်နိုင်ပေ။ ထိုကြိုးကို သေချာ
စွာသူချည်ခဲ့သည်။
ချည်ရုံမပြီးသေး၊ ဆွဲကြည့်ခဲ့သေးသည်။ ကြိုးက တင်း
နေအောင် မြဲမြံနေသည်က သေချာသည်။ ဤသို့ဆိုလျှင်
အဘယ်ကြောင့် ပြေကျနေရသနည်း။
" ဖေဖေ ... "
" ဖေဖေ... လုပ်တာမလား ... "
သူ၏အသံကတုန်ယင်နေပြီး ငိုသံစွက်နေ၏။
" ဘာလို့လဲဖေဖေ .... သားဖေဖေနောက်လိုက်ချင်တယ်
လေ ... သားကို ပေးသေလိုက်ပါ... ဟီး ... အီး ... "
ငိုကြီးချက်မနှင့် ပြောနေစဉ်မှာပင် နောက်ဖေးတံခါးကြီး
က သူ့အလိုလို ပွင့်သွားပြီး လှေကားဆီမှ လူတက်သံလို
ကြားလိုက်တော့သည်။
ဇေယျမှာ ကြိုးကိုပြန်ချလိုက်၏။ ထို့နောက် လှေကားဆီ
သို့ သွားကြည့်လိုက်သည်။
လှေကားကိုကြည့်နေရင်း ဖခင်ဖြစ်သူ တက်သွားလျှင်
ပြုမူနေကျအတိုင်း လက်ရန်းအား တဘတ်ဘတ် ရိုက်
သွား၏။
ထိုအသံနောက်သူလိုက်သွားခဲ့သည်။ အိမ်အပေါ်ထပ်
သို့ရောက်သည့်အခါ မိဘနှစ်ပါး၏ အိပ်ခန်းတံခါးက
သူ့အလိုလို ပွင့်သွားပြန်သည်။
တံခါးကိုလည်း ကြောင်ပြီးကြည့်နေမိသည်။ ထို့နောက်
အခန်းထဲသို့ ဝင်ကြည့်လိုက်သည်။
ဖခင်အိပ်စက်ရာ နေရာဘေးရှိ စားပွဲခုံအံဆွဲသည် 'ဂလုတ်
ဂလုတ် ' ဟု မြည်နေလေသည်။ ဇေယျလည်းထိုအံဆွဲကို
ဆွဲဖွင့်ကြည့်လိုက်တော့သည်။
အံဆွဲထဲတွင် စာရွက်စာတမ်းများ၊ ဘောလ်ပင်များ၊
ဂဏန်းပေါင်းစက်တစ်ခု၊ လိပ်စာကဒ်များ ထည့်ထား၏။
ထိုအံဆွဲထဲမှ ပစ္စည်းများအားလုံးကို ကြမ်းပေါ်ပုံချလိုက်
တော့သည်။
" ဖေဖေ ဘာပြောချင်တာလဲ ... "
သူကမေးရင်း တစ်ခုပြီးတစ်ခုယူကြည့်ကြည့်သည်။ ထူး
ထူးခြားခြားဟူ၍ မည်သည်မျှမရှိချေ။ စိတ်ဝင်စားဖွယ်
ရာ အရာလည်းမတွေ့ရ။
စာအုပ်တစ်အုပ်ကို လှန်လှောကြည့်နေစဉ်မှာပင် သူ့ဘေး
၌ ကျနေသော လိပ်စာကဒ်တစ်ခုက လေတိုက်၍ စက္ကူစ
လွင့်နေသလို လွင့်သွားခဲ့သည်။
" ဟင် ... "
လိပ်စာကဒ်မှာအနည်းငယ်ထူသဖြင့် အမှန်တကယ်လေ
တိုက်လျှင်ပင် လွင့်စရာအကြောင်းမရှိချေ။ ထိုကဒ်ကို
ကောက်ယူကြည့်လိုက်သည်။
" Golden Star
အိမ်သုတ်ဆေးအမျိူမျိုးရောင်းဝယ်ရေး "
ဟူသည့် ဆိုင်လိပ်စာကဒ်တစ်ခုသာဖြစ်နေသည်။
" ဘာပါလိမ့် ... မဟုတ်နိုင်ပါဘူး "
သူကထိုလိပ်စာကဒ်ကို ဘေး၌ ပြန်ချထားကာ စာအုပ်ကို
ဆက်ကြည့်နေ၏။ ချထားသော ကဒ်မှာ နောက်တစ်ခါ
ထပ်မံ လွင့်သွားပြန်မှ မျက်လုံးပြူးသွားတော့သည်။
" ဒီကိုသွားစေချင်တာလား ဖေဖေ "
နှုတ်မှတီးတိုးပြောကာ၊ ကဒ်ကိုကောက်ယူပြီး ပြန်ဖတ်
ကြည့်သည်။
" ဖုန်းနံပါတ်ပါတာပဲ ... ဆက်ကြည့်ရမယ် "
သူ့ဖုန်းကို စက်ပိတ်ပြီး ဧည့်ခန်းစားပွဲပေါ်တင်ထားခဲ့
ကြောင်း သတိရသွားသဖြင့် အောက်ထပ်သို့ပြန်ဆင်း
လာခဲ့ရသည်။ ထို့နောက် ကဒ်ပေါ်မှ နံပါတ်ကို ဆက်ကြည့်လိုက်တော့၏။
" golden star ကပါခင်ဗျာ "
" ဟုတ် ... ဟုတ်ကဲ့ ... "
" ဘာများအလိုရှိလို့ပါလဲခင်ဗျာ ... "
" ဟို ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါခင်ဗျ ... "
" ဟုတ်ကဲ့ "
" ခုပြောနေတာ ဒီဆိုင်ပိုင်ရှင်လားခင်ဗျာ "
" မဟုတ်ပါဘူးခင်ဗျ ... အန်ကယ်လ်က အပြင်ခဏသွား
ပါတယ် ... ဘာများပြောပေးရမလဲခင်ဗျာ "
" ကျွန်တော်လည်းဘယ်ကစပြောရမလဲမသိဘူး ...
ဒီလိုပါဗျ ... ဆိုင်ရှင်အန်ကယ်လ်ကို ပြောပေးပါအစ်ကို ...
ဦးအောင်ရှိန်ဦးရဲ့ သား ဆက်တာပါလို့ ... ဦးအောင်ရှိန်ဦး
ကိုသိရင် ဒီဖုန်းကိုပြန်ခေါ်ပေးပါလို့ ပြောပေးပါခင်ဗျာ "
" ဟုတ်ကဲ့ ... ပြောထားပေးပါ့မယ် "
" အရေးကြီးလို့ မမေ့ဘဲ ပြောပေးနော်အစ်ကို "
" စိတ်ချပါခင်ဗျ ''
" ဟုတ်ကဲ့ ... ကျေးဇူးပါအစ်ကို "
ဖုန်းချပြီးသည်နှင့် သူထိုင်မရ၊ ထမရဖြစ်နေရသည်။ ဖုန်း
ပြန်ခေါ်လာမည်ကို မစောင့်နိုင်သလိုဖြစ်နေ၏။
" အသိတွေဆိုတာ သေချာလောက်ပါတယ် "
ဆိုဖာပေါ်ထိုင်လိုက်ပြီးမှ သူဘာမှမစားရသေးကြောင်း
ဗိုက်ကအချက်ပေးလာခဲ့သည်။
မီးဖိုခန်းသို့ဝင်ကာ စားစရာရှာကြည့်သောအခါ ရယ်ဒီမိတ်
အသားဗူးများနှင့် ခေါက်ဆွဲခြောက်ထုပ်များမှ လွဲ၍ မည်သည်မှမရှိချေ။
ရေနွေးတစ်အိုးပလပ်ထိုးကာ တည်လိုက်ပြီး ခေါက်ဆွဲ
ပြုတ်ဖို့ ပြင်လိုက်လေသည်။ ခေါက်ဆွဲပြုတ်ရလာသည့်
အခါ ဗိုက်ကအလွန်ပင်ဆာနေသဖြင့် အားရပါးရစား
လိုက်သော်လည်း မြိုမကျနိုင်ခဲ့။ ရင်ထဲခံနေရ၏။
ယခုအချိန်တွင် မည်ကဲ့သို့သော စားကောင်းသောက်ဖွယ်
ဖြစ်နေစေကာမူ စား၍ဝင်လိမ့်မည်မဟုတ်ချေ။ အစာရှိရုံ
တစ်ဝက်လောက်သာ အောင့်အီးစားပြီး မနက်စာနှင့် နေ့
လည်သာကို ပြီးစေခဲ့လေသည်။
ဧည့်ခန်းသို့ပြန်လာပြီး ဖုန်းကိုကြည့်လိုက်သည်။ Golden
Star ဆိုင်မှ ဖုန်းပြန်ခေါ်ထားခြင်း မရှိချေ။
" မဟုတ်ဘူးလားမသိဘူး ... ဟူး ... "
သက်ပြင်းမှုတ်ထုတ်ကာ ငိုင်နေမိလေသည်။ ရုတ်တရက်
ဖုနါးမြည်လာသဖြင့် ကြည့်လိုက်ရာ အဒေါ်ဖြစ်သူထံမှ
ဖြစ်နေသည်။
" ဟုတ်ကဲ့ အန်တီလေး "
" အန်တီလေး ပင်ညောင်ကိုရောက်တော့မယ်သား ... "
" ဗျာ ... အန်တီလေးလိုက်သွားတာလား "
" လိုက်မှရတာပေါ့ ... သားမေမေကို ချော့မော့ပြောပြီး
ပြန်ခေါ်လာခဲ့မယ် ... သားစိတ်မပူနဲ့ ဟုတ်လား ... အဲ့ဒါ
လှမ်းပြောတာသားရေ ... "
" ဟုတ် ... ဒါနဲ့ အန်တီလေးတစ်ယောက်ထဲသွားတာလား "
" သားဦးလေးပါတယ် ... သူမောင်းပို့ပေးတာ ... ဟိုရောက်
မှ မမနဲ့တွေ့ပြီးရင် အန်တီလေးသားတို့ဆီ လိုက်လာခဲ့
မယ် ... သားဦးလေးကိုတော့ ပြန်လွှတ်လိုက်မယ်လေ ...
နော့် "
" ဟုတ် အန်တီလေး "
" အေ ... အေ ဒါပဲနော်သား ... မမနဲ့တွေ့ပြီးမှ ပြန်ဆက်
မယ် "
" ဟုတ် "
အဒေါ်တို့လင်မယားက မိခင်ဖြစ်သူထံလိုက်သွားနေပြီ
ဆိုသဖြင့် အနည်းငယ်တော့ မျှော်လင့်ချက်ရှိလာမိသည်။
ဖခင်ဖြစ်သူကို သတ်ခဲ့ခြင်းအား မိခင်က သူ၏ညီမကို
ပြောပြမည်လား သူသိချင်သည်။
ဖုန်းထပ်ဝင်လာသဖြင့် ကြည့်လိုက်သည့်အခါ Golden
Star ဆိုင်မှ ဖြစ်နေ၍ အမြန်ကိုင်လိုက်တော့သည်။
" ဟုတ်ကဲ့ ... "
" အောင်ရှိန်ဦးသားဆိုတာ ငါ့တူလား "
" ဟုတ်ပါတယ်ခင်ဗျ ... ဖေဖေနဲ့ မိတ်ဆွေတွေလားခင်
ဗျာ "
" အေးကွဲ့ ... ဖုန်းပြန်ဆက်ခိုင်းထားတယ်ဆိုလို့ ဘာ
ကိစ္စများရှိလို့လဲ ငါ့တူကြီး "
" ဟို ... "
ထိုသူအား အမှန်အတိုင်းပြော၍ မဖြစ်ဟု တွေးလိုက်မိ
သဖြင့် ညာပြောလိုက်တော့သည်။
" ဖေဖေ အိမ်ကထွက်သွားလို့ပါခင်ဗျ... အန်ကယ်လ့်ဆီများရောက်နေလားလို့ ဆက်လိုက်တာပါ "
" ဟေ ... ဟုတ်လား ... ဘယ်တုန်းက ထွက်သွားတာလဲ "
" ဒီ ... ဒီမနက် ကပါဗျ ... "
" အော် ... အန်ကယ်လ့်ဆီတော့မလာဘူးငါ့တူရ ...
ကျော်မျိုးသိန်းဆီများသွားသလားမသိဘူး ... အန်
ကယ်လ် သူ့ဆီဆက်ပြီး ပြန်ပြောပေးမယ်ကွယ် "
" ခဏလေးပါခင်ဗျ ... ကျွန်တော်သိချင်တာလေး ရှိလို့
မေးလို့ရမလားအန်ကယ်လ် "
" မေးလေ ... ရတာပေါ့ငါ့တူရဲ့ "
" အန်ကယ်လ်နဲ့ ဖေဖေနဲ့က ခင်တာကြာပြီလား ... သာ
မာန်မိတ်ဆွေလား ... သူငယ်ချင်းတွေလားဗျ "
" ရင်းနှီးတဲ့ မိတ်ရင်းဆွေရင်းတွေပါကွယ် "
မိတ်ရင်းဆွေရင်းဆိုလျှင် ဘယ်အထိရင်းနှီးကြ၍
သူ၏လိပ်စာကဒ်ကို ဖခင်ဖြစ်သူက ညွှန်ပြရသနည်း။
မိခင်နှင့်ရော မည်ကဲ့သို့ ဆက်စပ်နေသနည်း။ သူစုံစမ်းရမည်ဟု တွေးမိလိုက်သည်။
" ဒါဆို ဖေဖေ့အကြောင်းလေးပြောပြပါလားအန်
ကယ်လ် "
" အောင်ရှိန်ဦး ကမပြောပြဘူးလား "
" မပြောဖူးဘူးအန်ကယ်လ် "
" ဒါဆိုလည်း သူပြန်လာရင် မေးကြည့်ပေါ့ကွယ် "
" ဘာဖြစ်လို့လဲအန်ကယ်လ် ... ဖေဖေကဘယ်လိုမေး
မေး ပြောပြမှာမဟုတ်လို့ အန်ကယ်လ်ပြောပြလို့ရမလား
... ကျွန်တော်တကယ်သိချင်လို့ပါဗျာ "
" အေး ... ခက်တော့ခက်သကွာ ... ငါ့တူသိချင်ရင် ... အောင်ရှိန်ဦးနဲ့ ငါ့တူနဲ့ သားအဖဆိုတာ သေချာတဲ့ သက်သေတစ်ခုခုယူပြီးလာခဲ့ ... ဟုတ်လား ... ကျော်
မျိုးသိန်းဆီ ရောက်မရောက် မေးပြီး ဖုန်းပြန်ဆက်ပေးမယ် ... "
" ဟုတ် "
ဇေယျမှာ Golden Star ဆိုင်ရှင်၏ ထူးဆန်းသောစကား
ကြောင့် စဉ်းစားရခက်နေလေတော့သည်။
" ဘာအကြောင်းပြောမှာမလို့ သက်သေပါတောင်းနေရ
တာလဲ ... တစ်ခုခုတော့ တစ်ခုခုပဲ ... "
ဆိုင်လိပ်စာကဒ်ကို တဖန်ပြန်ကြည့်လိုက်ပြီး ထိုသူနေထိုင်
ရာ မြို့သို့ လိုက်သွားဖို့ ကြံစည်လိုက်လေတော့၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
#lotaya_shortstory