မောင့်လက်ကိုဆွဲ မောင်နဲ့မခွဲ _ အပိုင်း ( ၁၀ )
lotaya.mpt.com.mm
|
2022-04-10

အခန်းတံခါးပိတ်ကာ မီးလဲမဖွင့်ဘဲ အမှောင်ထဲ အခန်းကြမ်းပြင်ပေါ် ခြေဆင်းထိုင်ကာ ခုတင်ကိုမှီရင်း ခေါင်းငိုက်စိုက်ကျနေသည့် အရှူံးသမား။ တံခွန်သွေး မျက်ဝန်းတို့ကို မှိတ်ချထားမိရင်းမှ တိတ်ဆိတ်နေရင်း ငြိမ်ချက်သားကောင်းနေ၏။ 

 

 

မုန်း သူ့ကို စွန့်ပစ်သွားပြီဆိုသည့် အသိ......ထိုအသိက ခံစားရခက်လိုက်တာ။ နောက်ဆုံးတော့ သူပဲ အစွန့်ပစ်ခံရတာပင်......ထုံးစံအတိုင်း သူသာအစွန့်ပစ်ခံဖြစ်၏။ မေမေက စတဲ့စွန့်ပစ်ခြင်းတွေဟာ အခုထက်ထိ ဘဝမှာ အစွန့်ပစ်ခံဖြစ်နေဆဲပင်။ 

 

 

ဆင်းရဲ့သည့် ဒဏ်ကို မခံနိုင်သည့် မေမေ။ သူ့ငယ်ဘဝဟာ မိဘနှစ်ယောက်၏ ရန်ပွဲကြား လျစ်လျူရှုရင်း နေတတ်သလို နေခဲ့ရသည်ဖြစ်သလို နောက်ဆုံး မေမေဟာ ဖေဖေ့ဆီမှ ကွာရှင်းခွင့်တောင်းသည်။ ကွာရှင်းမပေးသည့် ဖေဖေ့ကြောင့် မေမေဟာ အိမ်ပေါ်ကဆင်းသွားကာ သူ့မိဘအိမ်သွားပြန်နေသည်။ သူတို့မောင်နှမနှစ်ယောက်ကို စွန့်ပစ်ခဲ့သည်။ သူဟာ အဖေ့ခြေရာကို မနင်းချင်ပါပဲ အဖေ့လမ်းစဥ်လိုက်ရပြန်သည်။

 

 

မေမေ့စိတ်ဖြင့် ဖေဖေအရက်သမားလုံးလုံး ဖြစ်သွားသလို သူရော ညီမလေးကိုပါ လျစ်လျူရှုလာ၏။ ဂရုစိုက်မှု ကြင်နာယုယမှုတွေဟာ စိတ်ကူးယဥ်ရုံသာ ဖြစ်ပြီး မုန်းနဲ့ကျမှ သူရရှိခဲ့ခြင်းပင်။ ဒါကြောင့်.....ဒါကြောင့် တသက်လုံး မျိုသိပ်ခဲ့သမျှ မျှော်လင့်ခဲ့သမျှ မုန်းဆီကနေ ရမှန်းသိတော့ ပိုဆိုးမိသည်။ စိတ်မဆိုးလဲ တမင်စိတ်ဆိုးပြသည်......အချော့ခံချင်လို့။ ကြင်ကြင်နာနာ ဂရုစိုက်မခံရဖူးတော့ မုန်းကိုလဲ ဘယ်လိုဂရုစိုက်ကြင်နာရမည်လဲ သူမသိ။ ဘုတောတောတိုင်း သည်းခံကာ လေပြေလေးနှင့်လိုက်ရှင်းပြသည်ကို သူ သာယာသည်။ 

 

 

ဖေဖေဆုံးသွားသည့်အချိန် သူ့ဘဝတစ်ခုလုံး ပြိုကျသွားသလိုပင်။ ဘာလုပ်လို့လုပ်ရမှန်းမသိတော့သလို မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသည့် အဆိုးဆုံးအချိန်ဖြစ်ခဲ့သည်။ မေမေက လာခေါ်ပေမယ့် စိတ်နာလွန်းလို့ သူ မလိုက်ခဲ့သလို ဖေဖေ့အိမ်ကိုရောင်းကာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့သည်။ စွန့်ပစ်ခံရတာများတော့ စွန့်ပစ်မခံရစေရန် ပိုကြိုးစားသည်။ မုန်းကို သူ့ဆီက လုမှာကြောက်သလို မုန်း သူ့ကို ပစ်ပြေးမလားဆိုသည့် စိတ်က ကြိုသိနေခဲ့သည်။ သူထင်တဲ့အတိုင်း ပစ်ပြေးတာပါပဲ။ မုန်းလဲ မေမေ့လိုပါပဲလေ......ဘယ်သူမှ သူ့အနားမနေချင်ကြ။ 

 

 

" အဟက်! "

 

ခပ်လှောင်လှောင်ရယ်လိုက်မိရင်းမှ ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း ကိုယ့်အဖြစ်ကိုယ့်ဘဝကို သဘောကျလွန်း၍ မချိတင်ကဲ။ အမြဲတမ်း သိမ်ငယ်နေရသည့်အဖြစ်မှာ စွပ်စွဲပြောဆိုမိတာတွေဟာလဲ သူ့အမှား။ အရာရာသူ့အမှား။ တစ်လောကလုံးမှန်နေပြီး သူတစ်ယောက်သာ မှားနေခဲ့သည် ထင်ပါရဲ့။ ဒီလောက် မှားနေတဲ့သူဟာ ဘာမျှော်လင့်ချက်တွေများ ထားနေရဦးမည်လဲ။

 

 

မြတ်သူ အိမ်ထဲဝင်လာရင်းမှ ခွန်သွေးရှိရာ အပေါ်ထပ်သို့တက်လာခဲ့သည်။ ဂမုန်းနွယ်တို့ ဘန်ကောက်က ဆေးရုံတစ်ခုတွင် ရှိသည်ဆိုတာ စုံစမ်းလာသဖြင့် ပြောပြရန် အခန်းထဲ ဝင်လိုက်ပေမယ့် မှောင်မဲနေတာမို့ မီးခလုတ်ကို ဖွင့်လိုက်သည်။ 

 

 

" ဟာ.....ခွန်သွေး..... ခွန်သွေး သူငယ်ချင်း......"

 

 

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မြတ်သူဟာခနဲ ဖြစ်သွားရသလို ကြမ်းပြင်ပေါ် လဲကျနေသည့် ခွန်သွေးကိုယ်ကြီးကို ဆွဲထူပစ်လိုက်သည်။ 

 

 

" အမလေး!!.....အကိုလေး ဘာဖြစ်တာလဲ ။ "

 

 

သူ့အော်သံကြောင့် ပြေးတက်လာကြသည့် မိဝါတို့လဲ အလန့်တကြားဖြစ်ကုန်ကာ လာကူကြသည်။ မြတ်သူ ခွန်သွေးလက်ထဲမှ ဆေးပုလင်း နှင့် ကြမ်းပြင်ပေါ်ရှိ ဆေးလုံးတစ်ချို့ကို ကောက်ယူကာ ခွန်သွေးအား ကပျာကယာကျောပိုးရင်း အောက်ထပ်​ပြေးဆင်းခဲ့သည်။ ခွန်သွေးရာ......မင်း မိုက်လိုက်တာ။

 

 

ဒေါ်ပန်းငုံ ဆေးရုံထဲ အ​ပြေးတပိုင်းဝင်လာရင်းမှ ရင်တွေတလှပ်လှပ်တုန်ယင်ကာ မျက်ရည်တစမ်းစမ်း။ သားက အိပ်ဆေးတွေ သောက်ကာ succide လုပ်သည်တဲ့လား။ ဒီကလေးလို သန်မာကြံ့ခိုင်တဲ့ ကလေးကလေ။

 

 

အရေးပေါ်ထဲ ဝင်လာသည်နှင့် မောင်မြတ်သူကို တွေ့လိုက်ရသည်မို့ အပြေးလေးအော်ခေါ်ရင်း အနားလျှောက်လာခဲ့၏။ 

 

 

" သား.....သားရော......အန်တီ့သားလေး။ "

 

 

" ခွန်သွေး အခြေအနေက စိတ်ချရပါပြီ အန်တီ.....တွေ့တာမြန်သွားလို့ ကံကောင်းတယ်ပဲ ပြောရမယ်။ လောလောဆယ် သတိတော့မရသေးဘူး။ ဆေးချိတ်ထားရတယ်။ "

 

 

မြတ်သူ ထိတ်လန့်ကာ ကတုန်ကယင် ဖြစ်နေသည့် ဒေါ်ပန်းငုံအား ကူတွဲကာ ခွန်သွေးရဲ့အခန်းဆီ ခေါ်လာခဲ့၏။ အခန်းထဲဝင်ကာ ဆေးရုံခုတင်ထက် သတိမရသေးသည့် သားဖြစ်သူကို မြင်တော့ ဒေါ်ပန်းငုံ ဟီးခနဲ ငိုချမိသလို အနားလေးဝင်ထိုင်ရင်း သားမျက်နှာကို မချိတင်ကဲ ငေးစိုက်ကြည့်နေမိ၏။ 

 

 

" သွား .....အမေထွက်သွား။ အမေ့ကို ကျုပ်မုန်းတယ်......အမေက ကျုပ်တို့ကို စွန့်ပစ်ခဲ့တာ....အဖေသေရတာလဲ အမေ့ကြောင့်......"

 

 

" မလိုက်ဘူး......အမေ့အိမ်ကို ဘယ်တော့မှ မလိုက်ဘူး။ ကျုပ်အတွက် အိမ်ဆိုတာ ဘယ်တုန်းက နွေးထွေးဖူးလဲ .....ရန်ဖြစ်အော်ဟစ်နေတဲ့နေရာ.....စိတ်ပျက်စရာ ငြီးငွေ့စရာကောင်းတဲ့နေရာ။ အမေရော အဖေရော ဘာမှမကွာဘူး.....ကိုယ့်ဖို့ပဲ ကိုယ်ကြည့်ကြတာ။ "

 

 

သားအဖေဆုံးတုန်းက သွားခေါ်စဥ် သူမအား နာနာကြည်းကြည်း ဖြင့် ပြောဆိုမောင်းထုတ်ခဲ့သည့် သားစကားသံတွေကို ယခုအချိန်ထိ နားထဲကမထွက်ဖူးပါ။ ပြန်လာတော့လဲ တွေ့ရန်ကြိုးစားပေမယ့် သား၏ မကြည်သလို အကြည့်မာမာတွေနဲ့ပင် နောက်ဆုတ်ပြန်ခဲ့ရမြဲသာ။ 

 

 

အရမ်းသန်မာတဲ့ကလေးပါ....အမြဲမာကြော ခက်ထန်နေတတ်သည့် ကလေးမို့...... ။ 

 

@@@@@@@@@@

 

ဒေါ်ပန်းငုံ သားဖြစ်သူမျက်နှာကို ငေးစိုက်ကြည့်ရင်းမှ အင့်ခနဲရှိုက်မိသည်။ သူမကို မမြင်ချင်သလို မျက်နှာလွှဲထားရင်းမှ ခပ်အေးအေး ပြောလာသည်က......

 

" ဘာလာလုပ်တာလဲ......"

 

 

" သားရယ်....မေမေက "

 

 

" ပြန်ပါ.......ကျွန်တော် အမေ့ကို မတွေ့ချင်ဘူး။ "

 

 

မြတ်သူ ဆိုဖာတွင်ထိုင်နေရင်းမှ မိသားစုကိစ္စမို့ ဝင်မပါပဲနေပေမယ့် ခွန်သွေးကို စိတ်မချ၍ အခန်းထဲမှတော့မထွက်။ 

 

 

" သား မေမေ တောင်းပန်ပါတယ် သားရယ်။ မေမေ့မှာ သားပဲကျန်တော့တာပါ။ "

 

 

ခွန်သွေး ခပ်မဲ့မဲ့ပြုံးလိုက်မိရင်း မိခင်ဖြစ်သူကို နာနာကြည်းကြည်း လှည့်ကြည့်လာသည်။ မျက်ဝန်းတွေက နီရဲနေသလို အံကြီးကြိတ်ထားသဖြင့် မေးကြောကြီးတွေပါထောင်ထနေ၏။ 

 

 

" ကျွန်တော် ခုလို ဖြစ်တာ ဘယ်သူ့ကြောင့်လဲ။ ဘယ်သူ့ကြောင့် ဒီအ​​ခြေအနေရောက်ရတာလဲ။ အကုန်အမေ့ကြောင့်ပဲ......အမေသာ ကျွန်တော်တို့ကို စပြီး မစွန့်ပစ်ခဲ့ရင်.....မပစ်ထားခဲ့ရင် ကျွန်တော် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ "

 

 

အသံတွေတုန်ယင်လာရင်းမှ ဒေါသတကြီး အော်ဟစ်လာသည့် ခွန်သွေးပုံစံက နာနာကြည်းကြည်းပင်။ မျက်ရည်စတွေဝေ့သီနေသည့် မျက်ဝန်းတွေက နီရဲနေသလို ဒေါ်ပန်းငုံ လဲ ငိုရှိုက်ကာ ခေါင်းတယမ်းယမ်း။

 

 

" အားလုံး အမေ့ကြောင့်ပဲ......အမေတောင်မလိုချင်ပဲ စွန့်ပစ်ခဲ့မှတော့ ကျွန်တော်တို့ကို ဘယ်သူက လိုချင်မှာလဲ.....အမေ အစပြုလိုက်လို့ တောက်လျှောက် စွန့်ပစ်ခံနေရတဲ့ ဘဝကြီးကို ငြီးငွေ့လွန်းလို့ စက်ဆုပ်ရွံရှာလွန်းလို့ ကျွန်တော် အသက်ရှင်နေတော့ရော ဘာထူးမှာလဲ။ "

 

 

ဒေါသအရှိန်က ပိုပိုမြင့်တက်လာရင်း လက်မှာဆေးသွင်းထားသည့် အပ်တွေကိုပါ ဆောင့်ဆွဲဖြုတ်ပစ်၏။ 

 

 

" အကုန်မလိုဘူး......ဘာမှမလိုဘူး.....အမေလဲ ထွက်သွား......ကျွန်တော် အမေ့ကို မုန်းတယ်။ "

 

 

မြတ်သူ ကပျာကယာ ထလာရင်းမှ ခွန်သွေးကို ဖမ်းထိန်းလိုက်ရသည်။ အသက်ရှူသံတွေပြင်းထန်နေကာ ဒေါသတွေကြီးနေသဖြင့် ဒေါ်ပန်းငုံ လဲ မချိတင်ကဲ ရင်ကွဲရသည် ။ ဟုတ်ပါသည်......သူမအပြစ်တွေပါ။

 

 

" ညီမလေးလဲ အဲ့လိုစိတ်တွေနဲ့ပဲ သေသွားရတာ။ အမေ့ကြောင့် အမေပေးတဲ့ ဒဏ်ရာတွေကြောင့် ကျွန်တော် ချစ်တဲ့သူကိုတောင် ကျွန်တော်ပဲ နာကျင်အောင်လုပ်မိနေတာ......မုန်း ထားသွားတာလဲ အမေ့ကြောင့်ပဲ...... ကျွန်တော့် ကို....  ကျွန်တော့် အနား ဘယ်သူမှ မနေနိုင်ကြတော့ဘူး.....အီးးးးဟီးးးး "

 

ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားရင်းမှ သူ နာနာကြင်ကြင် ငိုကြွေးမိသည်။ သူ ပင်ပန်းနေပြီ.... အထားခဲ့ပဲ ခံနေရတဲ့ဘဝကို......ဘယ်သူထားခဲ့မလဲ ဘယ်တော့ထားခဲ့မလဲနဲ့ ရင်တထိတ်ထိတ် ဖြစ်နေရတဲ့နေ့တွေကို တောင့်ခံထားရတာ ပင်ပန်းလှပြီ။

 

 

" သားရယ်......အမေ တောင်းပန်ပါတယ်.... အမေ မှားပါတယ်နော်......"

 

 

တံခွန်သွေး ခေါင်းကိုခါယမ်းရင်းမှ သူ့ကိုဆွဲထားသည့် မြတ်သူအား ဆောင့်ရုန်းကာ မိခင်ဖြစ်သူဆီ တလွှားလွှားလျှောက်သွားရင်း လက်မောင်းမှ ဆွဲကိုင်ကာ အခန်းအပြင်ဆွဲထုတ်၍ တံခါးပိတ်ချလိုက်သည်။ ဆေးရုံအခန်းတံခါးကို မှီကာ အရုပ်ကြိုးပြတ်ထိုင်ချမိရင်း ငယ်ဘဝကို ပြန်မြင်ယောင်တော့ သူ့ရင်ထဲ ခါးသီးသွားရသည်။

 

 

စျေးဖိုးမရှိ၍ ၊ ဆေးခန်းပြဖို့မရှိ၍ ၊ သူများနဲ့တန်းတူမရှိ၍ တစ်မျိုးမဟုတ် တစ်မျိုး အကြောင်းပြချက်မျိုးစုံဖြင့် ရန်ဖြစ်နေကြသော အမေနဲ့အဖေ။ ထိုအချိန်တိုင်း အိမ်ထဲမနေချင်သလို အိမ်ပြင်လဲ မထွက်ရဲပဲ ရှက်ရွံ့သိမ်ငယ်ခဲ့ရစမြဲ။ ရန်မဖြစ်သည့် နေ့မရှိသလို မိသားစုပြိုကွဲကြတော့လဲ အမေရော အဖေပါ သူနဲ့ ညီမလေး ခံစားချက်ကို ထည့်တွက်ဖို့နေနေသာသာ ကိုယ့်ဖို့ကိုယ်တွေးကြသည်။

 

 မုန်းက သူ့အား အတ္တကြီးသည်တဲ့......သူလဲမုန်းပါသည်။ သူအရမ်းမုန်းသည့် အမေနဲ့အဖေပုံစံ ဖြစ်လာသည့် သူ့ကိုယ်သူ၊ အတ္တတွေကြီးတတ်လာသည့် သူ့ကိုယ်သူမုန်းသည်။ 

 

---------------------

နှစ်လကြာပြီးနောက်..... ။

 

 

ထွဋ်ခေါင်သျှင် လေဆိပ်ထဲမှ ထွက်လာရင်း သူ့ဘေးကနေ ပါလာသည့် နွယ်လေးကို ငဲ့ကြည့်မိတော့ သူ့အား ခပ်အေးအေးလေး ပြုံးပြလာသည်။

 

 

" ကိုကို ကုမ္ပဏီသွားဦးမှာလား.... မုန်းကတော့ အိမ်ပြန်ပြီး နားတော့မယ် ။ "

 

 

" ကိုကို နွယ်လေးကို အရင်လိုက်ပို့ပေးမယ်။ "

 

 

မုန်း ခေါင်းလေး ငြိမ့်ပြလိုက်ရင်းမှ laguage ကိုဆွဲကာ ပတ်ဝန်းကျင်အား လိုက်ကြည့်ရင်း ပါလာရသည်။ ဟုတ်သည်.......မုန်း ဘန်ကောက်မှာ မျက်ကြည်လွှာအစားထိုးခွဲစိပ်နိုင်ခဲ့သလို မျက်စိပြန်မြင်တာတစ်လကျော်ပြီ ဖြစ်၏။

 

တံခွန်သွေး ကားအောက်ဝင်ကာ ကားပြင်နေစဥ် ခြေထောက်ကို အလောတကြီး လာဆွဲနေသည်မို့ ကားအောက်မှ လျောခနဲ ထွက်လိုက်သည်။

 

 

" ဘာဖြစ်နေတာလဲ..... "

 

 

သူ့ကို ပြုံးကာ စိုက်ကြည့်နေသည့် မြတ်သူက ရယ်မြူးရိပ်သမ်းနေတာမို့ တံခွန်သွေး မျက်မှောင်ကျူံ့မိသွားရသလို စိတ်ထဲထူးဆန်းမိသည်။.

 

" ဂမုန်းနွယ် ပြန်လာပြီ ခွန်သွေး..... ".

 

 

မြတ်သူ စကားအဆုံး သူ့လက်ထဲမှ ဝက်အူလက်ဟာ အောက်ပြုတ်ကျသွားသလို သူပါငြိမ်ကျသွား၏။ အတော်ကြာအောင် မှင်တက်နေမိရင်း မုန်း၏ မျက်နှာလှလှလေးကို မြင်ယောင်မိကာ ရင်ထဲ လေးပင်သွားရ၏။ 

 

 

" မင်း သွားမတွေ့ဘူးလား....."

 

မြတ်သူစကားကြောင့် သူခေါင်းကိုခါယမ်းလိုက်မိရင်း မျက်နှာလွှဲမိသည်။ 

 

 

" ငါက ဘယ်မျက်နှာနဲ့ သွားတွေ့ရမလဲ။ တွေ့တော့ရော....ကွာရှင်းဖို့ကိစ္စထပ်ပြောရင်ပြော မပြောရင် ပြန်ထွက်ပြေးဖို့ပဲရှိတယ်လေ။ တော်ပါပြီ.... မုန်း အေးအေးဆေးဆေး နေပါစေ။ ပြန်လာရင်ရပြီ.....အနည်းဆုံးတော့ မြင်နေရသေးတာပေါ့။ "

 

 

မြတ်သူက သူ့ပုံစံကို အားမလိုအားမရ ကြည့်ရင်းမှ ကျောခိုင်းကာ ကားအောက်ပြန်ဝင်ရန်ပြင်နေသည့်သူ့အားလှမ်းဆွဲ၏။

 

 

" ဒါဆို ကွာရှင်းရင် မင်းကွာပေးမယ်ပေါ့။ "

 

 

ဒီလိုဆိုတော့လဲ သူပြန်မ​ဖြေနိုင်ပါ။ ငြိမ်ကျသွားသလို သူ့မှာ ခုထိ အဖြေမရှိခြင်းမဟုတ်ပဲ လက်မလွှတ်နိုင်ခြင်းပင်။ 

 

 

" နောက်မှ နောင်တမရနဲ့ ခွန်သွေး။ ထွဋ်ခေါင်သျှင်က ဂမုန်းနွယ်ဘေးမှာ အမြဲရှိနေတာ မင်းသိပါတယ်။ မင်း ခံစားနိုင်ရင် ပြီးတာပဲ။ နောက်မှ ရင်ကွဲမယ်။ "

 

 

သူ့အနားကနေ ဒေါသတကြီး ထွက်သွားသည့် မြတ်သူ စိတ်တိုသွားတာသိပေမယ့် သူ ဘာလုပ်ရမလဲ မသိ။ ဆွဲထားလို့မရသလို တွန်းထုတ်ဖို့ကျလဲ နှလုံးသားက လက်မခံ။ နေရာတွင် တောင့်တောင့်ကြီး ရပ်နေမိရင်း မျက်ဝန်းတို့ကို စုံမှိတ်ချမိတော့ အပြုံးအေးအေးလေးသာ မြင်ယောင်ရင်း သက်ပြင်းချမိ၏။ 

 

@@@@@@@@@@@

 

မုန်း အငှားကားပေါ်မှဆင်းလိုက်ရင်း ကုန်တိုက်ထဲဝင်လာခဲ့သည်။ ဝယ်စရာလေးတွေရှိသည်မို့ တစ်ယောက်ထဲ ထွက်လာခဲ့ရင်း စိတ်ကြိုက်လျှောက်ကြည့်နေမိသည်။ လျှောက်လာရင်းမှ ကလေးဆိုင်လေးဆီ အကြည့်ရောက်သွားကာ ဂါဝန်လှလှလေးတွေမြင်တော့ သဘောကျစွာ ပြုံးမိသွားရသည်။

 

 

ဆိုင်ထဲဝင်လာရင်းမှ လိုက်ကြည့်နေသလို ချစ်စရာကောင်းလှသည်မို့ အသဲတယားယားပင်။ခြေအိတ်လေးတွေ လက်အိတ်လေးတွေကို အစုံလိုက်လေးရွေးနေရင်း နို့ဗူးလေးတွေပါ ရွေးယူရင်း ကောင်တာဆီထွက်လာခဲ့၏။ 

 

 

! ဘုတ်!

 

 

" အမေ့....."

 

 

ကောင်တာမှလှည့်အထွက် အနောက်မှာရပ်နေသည့် လူဖြင့်တိုက်မိကာ မုန်းကိုယ်လေးက ယိုင်ထွက်သွားသလို လက်ထဲမှ အထုပ်တွေပါ ပြုတ်ကျကုန်၏။ 

 

 

" ဆော....ဆောရီး။ "

 

 

အနက်ရောင်လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသလို အနက်ရောင်တီရှပ်လက်တို အနက်ရောင်ဘောင်းဘီအရှည် တစ်ကိုယ်လုံး All black ဖြင့် လူငယ်က ပြုတ်ကျသွားသည့် မုန်းအထုပ်တွေကို ကူကောက်ပေးရင်း ကမ်းပေးလာသည်။ 

 

 

စူပုတ်နေသည့် မျက်နှာလေးကို ဦးထုပ်ဆောင်းထားရာမှ မရဲတရဲ ခိုးကြည့်ရင်း တံခွန်သွေး မြန်မြန်လှည့်ထွက်လာခဲ့၏။ မုန်း အိမ်ကထွက်လာထဲက သူလိုက်လာခြင်းဖြစ်သလို ကောင်တာမှာ ငွေရှင်းနေတော့ ကလေးပစ္စည်းတွေမို့ သူတအံ့တသြ ငေးကြည့်နေစဥ် တိုက်မိခြင်းပင်။ မုန်းက သူ့ကို မမြင်ဖူးတာမို့ သိပုံမရသလို မျက်စိပြန်မြင်တာ သိရတော့ သူလဲ စိတ်ချမ်းသာရသည်။

 

 

အကွယ်မှာ ရပ်ကာ မုန်းဆီ လှမ်းချောင်းကြည့်တော့ ဆိုင်တစ်ဆိုင်ထဲ ဝင်သွား၏။ မုန်း ပုံစံလေးက အရင်ကထက် ပိုလှလာသလို မမြင်ရတာကြာ၍ပဲလား မသိ ဘယ်လိုကြည့်ကြည့် ကြည့်မဝနိုင်ဖြစ်နေသည်။ မိုးပြာရောင်ဂါဝန်အရှည်လေးဝတ်ကာ ဖြောင့်စင်းနေသည့် ဆံနွယ်တွေက ခါးအထိဖြန့်ချထားကာ မျက်နှာလေးကအစ နုဖတ်နေ၏။ 

 

 

ထူးဆန်းသည်က ကလေးပစ္စည်းတွေ ဘာလို့ဝယ်ရသည်လဲ။ သူကောက်ပေးတော့ မွေးကင်းစအင်္ကျီလေးတွေပင်ပါသေးသည်။ ဘာကြောင့်လဲ.....။

 

 

မုန်း ဆိုင်လေးထဲ ဝင်လာရင်း နောက်ကို ကမန်းကတန်း လှည့်ကြည့်ကာ ရင်ဘတ်လေးကို လက်ဖြင့်ဖိရင်း သက်ပြင်းချမိ၏။ မောင်ပဲ......မုန်း မသိဘူးဟုများ သူထင်နေသလားမသိ။ မောင့်အငွေ့အသက်...မောင့်အထိအတွေ့ကို မုန်းအလွတ်ရသလို မျက်စိပြန်မြင်ထဲက မောင့်ပုံအား မင်္ဂလာဓာတ်ပုံထဲ မြင်ဖူးပြီးသားပင်။ 

 

လက်ထဲမှ အထုပ်တွေကို ကြည့်မိရင်းမှ ရင်ထဲ စိုးရိမ်သွားရသလို ထိတ်လန့်မှုကြောင့် ရင်တွေတလှပ်လှပ် တုန်ယင်လာရသည်။ မြင်များသွားသလားမသိ......မရိပ်မိလောက်ပါဘူးနော်။ မထွက်သေးသည့် ကိုယ့်ဗိုက်လေးအား ကိုယ်ပြန်စမ်းမိရင်း အရင်ကတော့ ပြန်လာတာ သူ့ကို ပြောပြရမည်မှန်းလဲ ကြိုတွေးဖူးပါသည်။ တကယ့်တကယ်ကျတော့ ကြောက်နေသည်။ ခွင့်မလွှတ်နိုင်သေးပေမယ့် သူသိသင့်မှန်းတော့ မုန်းလက်ခံပါသည်။ 

 

 

ဘန်ကောက်ရောက်ပြီး တစ်လကြာမှ ကိုယ်ဝန်ရှိနေမှန်းသိကာ မုန်းကိုယ်ဝန်က ခုမှ နှစ်လပင်။ ပြောပြချင်စိတ်ကတစ်ဝက် ဖုံးထားချင်စိတ်က တစ်ဝက်ဖြင့် ခုထိဝေခွဲမရနိုင်သေး။

 

ထိုနေ့ကပြန်လာသည်အထိ မုန်းအနောက်ကနေ မောင်ပါလာသလို မုန်းလဲ မသိဟန်သာဆောင်နေမိ၏။ နောက်ရက်များတွင်လဲ မောင့်ကိုရော မောင့်ကားကိုပါ မုန်းအိမ်နဲ့ မလှမ်းမကမ်းတွင် ယောင်လည်လည်တွေ့ရသလို မုန်းကလဲ မသိသလိုနေ၏။ 

 

တည်ငြိမ်လှပြီထင်သမျှ  ....အနည်ထိုင်ပြီထင်သမျှ မုန်းထင်ထားတာတွေ မှားနေခဲ့သည်။ မောင့်ကို မြင်တော့ အရင်အကြောင်းတွေစဥ်းစားကာ နာကျင်ရပြန်သည် စိတ်ဆိုးရပြန်သည် မဟုတ်လား။

 

@@@@@@@@@@@@@@@@@@@@@

 

To be continue P - 11

Author - အနမ်းခြွေ

#lotaya_shortstory


#မျက်နှာ
#အခန်း
#ဒေါသ
#လက်မ
#အနာ

Some text some message..