"" လျှို့ဝှက်အပ်သော "" အပိုင်း ( ၇ )
lotaya.mpt.com.mm
|
2022-04-22

ဦးစိုးလွင်နှင့် ဇေယျတို့သည် လမ်း၌တွေ့သောသူများ၊ ဆိုင်များထံ ဆေးခန်းရှိသည့်နေရာအား မေးမြန်းရင်း 

မောင်းလာခဲ့ကြသည်။ 

မကျွမ်းကျင်သောမြို့ ဖြစ်နေသဖြင့် သွားရေးလာရေးက

ထင်သလောက်ခရီးမပေါက်လှ။ ထိုသို့ တဝဲလည်လည်

ဖြစ်နေစဉ်မှာပင် ဒေါ်သူဇာနွယ် သတိရလာခဲ့သည်။

" ကိုစိုးလွင် ... အ့ ... ခေါင်းကလှည့်မရဘူးရှင် ... အား ...

နာလိုက်တာ ... "

" နွယ် ... ဘယ်လိုနေသေးလဲ "

" အန်တီလေး "

ဦးစိုးလွင်က လမ်းဘေးချရပ်လိုက်၏။ ထို့နောက်ဇေယျနှင့်အတူ ကားပေါ်မှဆင်းကား နောက်ခန်းသို့ ကူးသွားကြသည်။

ဒေါ်သူဇာနွယ်က နောက်စေ့ အရိုက်ခံထားရသဖြင့် ဘု

အကြီးကြီး ဖုထွက်နေပြီး ခေါင်းပင်မထောင်နိုင်နေပေ။

" ဆေးခန်းရောက်တော့မှာ ... ခဏလေးသည်းခံလိုက်

နွယ် ... "

" ဦးလေးစိုး ... အန်တီလေးဘေးနေပေးလိုက်လေ ...

သား မောင်းလိုက်မယ် "

" အေ ... သား ... လမ်းမှားအုံးမယ်နော် ... မေးစမ်းအုံး "

" ဟုတ် "

အဒေါ်ဖြစ်သူက ဖခင်၏လုပ်ရပ်ကြောင့် သူ့အားမကြည်

မှန်း သိသည့်အတွက် ဘေး၌ မနေဝံ့ဘဲ ရှိန်နေမိသည်။

သူ့ထက် ဦးစိုးလွင်ရှိနေခြင်းကသာ အဒေါ်၏နာကျင်မှုကို

လျော့ပါးစေနိုင်လိမ့်မည်ဟု တွေးမိသည်။

ဆေးခန်းရှေ့ဆိုက်ရောက်လာသည့်အခါ ဦးစိုးလွင်က

ဒေါ်သူဇာနွယ်ကို တွဲပြီး ခေါ်ဝင်သွားလေသည်။ ဇေယျ

ကတော့ ကားပေါ်၌ စောင့်ရင်း ကျန်ရစ်ခဲ့၏။ 

" မေမေက ဝင်ပူးခံနေရတာဆိုရင် ဖေဖေ့ကို မေမေသတ်

တာမှမဟုတ်ဘဲ ... ငါမေမေ့ကို အပြစ်တင်ခဲ့မိပြီ ... ငါကူ

မှဖြစ်တော့မယ် ... ဘယ်လိုကူရမလဲ ... "

ဇေယျက သူ့အတွေးနဲ့သူ ရင်ပူကာ တွေးမရနိုင်ဘဲဖြစ်နေ

တော့သည်။ နာရီဝက်ခန့် စောင့်ပြီးသောအခါ အဒေါ်ဖြစ်

သူက ခေါင်း၌ ပတ်တီးစည်းပြီး ဆေးခန်းမှထွက်လာခဲ့

လေသည်။

" ဗိုက်လည်းဆာနေပြီ ... ဆေးသောက်ဖို့ တစ်ခုခုစားမှ

ဖြစ်မယ် "

" ဆိုင်တစ်ဆိုင်ဆိုင်ကို မောင်းလိုက်သား "

ဦးစိုးလွင်က ဒေါ်သူဇာနွယ်အား ကားပေါ်သို့ ဖေးမကူပို့

ရင်း ပြောလာ၏။

ဇေယျလည်း အနီးဆုံးရှိ တရုတ်စားသောက်ဆိုင်တစ်ဆိုင်

တွင် ကားရပ်ပေးလိုက်တော့သည်။ ထို့နောက် စားသောက်

ဖွယ်ရာအချို့ကို မှာယူစားသောက်လိုက်ကြသည်။

ဟင်းပွဲများကို ဇေယျမှာ မဝံ့မရဲ နှိုက်နေရသလို ဖြစ်နေ၍

ဦးစိုးလွင်က ဒေါ်သူဇာနွယ်၏ လက်မောင်းအား သူ့လက်

ကတောင်ဖြင့် အသာတို့လိုက်သည်။

ထိုအခါ ဒေါ်သူဇာနွယ်က ဇေယျကို တစ်ချက် လှမ်းကြည့်

လိုက်ပြီး မည်သည်မျှမပြောဘဲ ထမင်းသာဆက်စားနေခဲ့

သည်။ 

အဒေါ်နှင့်တူဖြစ်သူ၏ ဆက်ဆံရေးမှာ ရုတ်တရက် ပြောင်းလဲ သွားသောကြောင့် ဦးစိုးလွင်ခမျာ နေမထိ ထိုင်မသာ ဖြစ်နေမိတော့သည်။ 

မိန်းမဖြစ်သူက ခပ်တန်းတန်းဖြစ်နေ၍လည်း အားမလို

အားမရဖြစ်မိ၏။ ထို့ကြောင့် သူကပဲ ထိုအခြေအနေအား

ထိန်းလိုက်ရန် စဉ်းစားလိုက်တော့သည်။

" ဟင်းတွေက တကယ်ကောင်းတာပဲ ... ဒီဆိုင်ကို မှတ်

ထားရမယ် ... နောက်လာလည်တဲ့အခါ ထပ်လာစားအုံး

မယ်ကွာ ... သား ... ဇေယျ ... ထည့်စားစမ်းပါ ... သားကို

ကြည့်ရတာ ... အားမရှိသလိုပဲ "

" ဟုတ် ... ထည့်စားပါတယ် ဦးလေးစိုး "

" များများစားစမ်းပါကွာ ... ဒါမှ အားရှိမှာ ... သားအား

ပြည့်နေမှ ဖြစ်မယ်လေ "

ဇေယျအကြည့်က ဒေါ်သူဇာနွယ်ထံ ရောက်သွားလေ

သည်။ ဒေါ်သူဇာနွယ်ကလည်း မသိဟန်ပြုနေ၏။ ဦး

စိုးလွင်က မနေနိုင်တော့သဖြင့် ဟင်းများကို ဇွန်းနှင့်ခပ်

ကာ ဇေယျပန်းကန်ထဲ ထည့်ပေးလိုက်တော့သည်။

" ဒါနဲ့ ... ခုဘယ်လိုလုပ်ကြမလဲ ... မမကို ဘယ်မှာရှာရ

မလဲ မသိတော့ဘူး "

" ခုနကခြံကို ထပ်လာမလားမှမသိတာ ... အဲ့မှာသွား

စောင့်ကြမလား "

" မေမေ သွားမှာဟုတ်ဘူး ... အဲ့ဒီမှာ ဘယ်သူ့မှမရှိ

တော့တာ... သွားချင်းသွားရင် ဟိုလူတွေနောက်ပဲ လိုက်

သွားမှာ "

" သူတို့ဘယ်သွားနိုင်လဲ ... "

သုံးယောက်သား စဉ်းစား မတတ်နေပေ။ ဘယ်ကိုလိုက်

၍ လိုက်ရမယ်မသိ။ လမ်းပျောက်နေကြချေပြီ။

" ဆရာမြိုင် ... "

" ဆရာမြိုင် ... "

ချောင်ကျကျ အိမ်အိုကြီးရှေ့၌ ဦးတင်အောင်မြင့်နှင့် ဦး

ကျော်မျိုးသိန်းတို့ရပ်နေကြပြီး ‌အိမ်ထဲမှ လူကို အော်ခေါ်

နေကြသည်။

၎င်းတို့ခေါ်သံကြားသည့်အခါ အိမ်အိုကြီးထဲမှ အသက်

( ၆၀ ) ဝန်းကျင်အရွယ်ရှိ အသားညိုညို၊ အရပ်ထောင်

ထောင်မောင်းမောင်းနှင့် လူတစ်ယောက်ထွက်လာခဲ့၏။

" ဆရာ ... ကျွန်တော်ပါ ... အင်ကြင်းငယ်ရဲ့ အမျိုးသား "

" အော် ... အေ ... ဝင်လေ "

ဆရာမြိုင်က တုံးတိပြန်ဖြေပြီး အိမ်ထဲခေါ်ဝင်သွားလေ

သည်။ 

ထိုအိမ်ရှေ့သို့ ဒေါ်ခင်ယုမော်က ကားရပ်လိုက်ပြီး စိမ်း

စိမ်းကြီး စူးစိုက်ကြည့်နေတော့သည်။ ထို့နောက် ကားကို

ပြန်ကွေ့ကာ ပြန်မောင်းထွက်သွားလေ၏။

" ဆို ... ဘာကိစ္စ ... "

" ဒီလိုပါ ဆရာ ... "

ဦးတင်အောင်မြင့်တို့ကလည်း ဒေါ်ခင်ယုမော်က လိုက်

သတ်နေကြောင်း၊ သူငယ်ချင်းနှစ်ယောက်လည်း ဆုံးပါး

သွားရပြီဖြစ်ကြောင်း၊ ဒေါ်ခင်ယုမော်မှာ ဦးအောင်ရှိန်ဦး

၏ မိန်းမဖြစ်ကြောင်း ဇာတ်ကြောင်းစုံလင် ပြောပြလိုက်

ကြသည်။

သို့သော် အတိတ်မှအဖြစ်အပျက်တို့ကိုမူ ချန်လှပ်ထား

ခဲ့ကြ၏။ 

" ဝင်ပူးတာ ဟုတ်မဟုတ် ... သူ့ကိုမြင်မှ အတပ်ပြောနိုင်

မှာ ... "

" ဝင်ပူးတာတော့ သေချာပါတယ်ဆရာ ... သူ့ညီမကိုယ်

တိုင် ခင်ယုမော် မဟုတ်ဘူး တင်တင်မော်လို့ ပြောခဲ့တာ

... "

" ဒါကအထင်ပဲလေ ... ဝင်ပူးတာမှန်ရင်‌တောင် ပူးကပ်

နေတဲ့သူက ဘယ်သူဆိုတာ အမြင်နဲ့ဆုံးဖြတ်လို့ရတာ

မဟုတ်ဘူး "

" ဒီလိုဆို ဘယ်လိုလုပ်ကြမလဲဆရာ ... ကျွန်တော်တို့ကို

ဆရာကယ်မှဖြစ်မှာ "

" အဲ့ဒီမိန်းမကို မျှားခေါ်ရမယ် ... သူ့ပုံစံကြည့်ပြီးမှ ဆရာ

ဘာလုပ်သင့်လဲ သိမှာ ... အဲ့တော့မှ ဘယ်လောက်ယူမယ်

ဆိုတာ ပြောမယ် "

" ဆရာကောင်းသလိုသာစီစဉ်ပါ ... ဘယ်လောက်ကုန်

ကုန် ပေးဖို့အသင့်ပါဆရာ ... အော် ... ဆရာ့ကို ဘယ်

လောက်ကန်တော့ရမလဲဆိုတာ ကျွန်တော်သိပြီ ... ကျွန်

တော်တို့ကိစ္စအောင်မြင်အောင် လုပ်ပေးရင် ... ခုနေနေတဲ့

အိမ်ကို အပျံစားဆောက်ပေးလိုက်မယ် ... ဘယ်လိုလဲ

ဆရာ ... "

ထိုစကားကြားသည့်အခါ ဆရာမြိုင်က မျက်ခုံးပင့်ကြည့်

လာပြီး ပြုံးလာခဲ့၏။ 

" ဟုတ်ပြီလေ ... ဒါဆို အလုပ်လက်ခံတယ်လို့ မှတ်လိုက်

တော့ "

ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်းတို့မှာ ဝမ်းသာ

သွားကြလေသည်။

" သူ့မှာ ဝိဉာဉ်ဆိုး ပူးနေတာမှန်ရင် ခင်ဗျားတို့ကို မထိနိုင်

အောင်လို့ အဆောင်ပေးလိုက်မယ် "

ထိုသို့ဆိုပြီးသည်နှင့် ဆရာမြိုင်က အဆောင်ဆွဲကြိုး

နှစ်ကုံး ထုတ်ယူလာပေးသည်။

" ဒါဆွဲထားလိုက် ... ခင်ဗျားတို့အနားကို လုံးဝမကပ်စေ

ရဘူး "

ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်းတို့ကလည်း မျက်

လုံးအရောင်တောက်သွားပြီး အဆောင်ဆွဲကြိုးကို အမြန်

လှမ်းယူဆွဲလိုက်ကြတော့သည်။ 

" သူ့ကို ဘယ်လိုမျှားခေါ်မလဲဆရာ "

" သူက ခင်ဗျားတို့ကို သတ်ဖို့ ကြံနေတာမဟုတ်လား ...

ခင်ဗျားတို့ရှိရာကိုပဲ သူလာမှာ "

" ဟုတ်ပါတယ် ... ကျွန်တော်တို့နောက်ကို လိုက်နေတာ

ဆရာ "

" ဒီည ... သူရောက်ခဲ့ဖူးတဲ့ ခြံကြီးဆီ ခင်ဗျားတို့နှစ်

ယောက်လုံး သွားစောင့်နေလိုက် "

" အဲ့နေရာတော့ မဖြစ်ဘူးဆရာ ... သူ့သားနဲ့ သူ့ညီမလင်မယား ရန်ကြောက်ရတယ် ... "

" ဒါဆို လူသူရှင်းပြီး တိတ်ဆိတ်တဲ့ နေရာ ရှိလား "

ဦးကျော်မျိုးသိန်းက စိတ်အားထက်သန်စွာဖြင့် ဝင်ပြော

လေသည်။

" ရှိပါတယ်ဆရာ ... ကျွန်တော်ဝယ်ထားတဲ့ ခြံရှိတယ် ...

ဒီကနေသွားရင် တစ်နာရီကျော်လောက်တော့ မောင်းရ

မယ် ... လူရှင်းသလားမမေးနဲ့ ... လူနဲ့တူတဲ့ စာခြောက်

ရုပ်တောင်မရှိဘူး ... ခြံထဲမှာလည်း တဲအိမ်ကြီးတစ်လုံး

ရှိတယ် ... အဆင်ပြေမလား "

" ပြေပါတယ် ... ဒီညနေ ၄ နာရီလောက် ကျုပ်ကိုလာ

ခေါ်လိုက် ... အဲ့ကိုသွားကြတာပေါ့ "

" ဟုတ်ကဲ့ဆရာ ... ဒါဆို ခဏနေ ပြန်လာခေါ်ပါ့မယ် "

၎င်းတို့မှာ အစီအစဉ်များဆွဲပြီး အဆုံးထိ လက်စဖျောက်

ဖို့ ကြံစည်လိုက်ကြလေသည်။ 

ဦးတင်အောင်မြင့်တို့က အကြံအစည်များအား အကွက်

ကျကျ စီစဉ်ထားပြီးသော်လည်း ဇေယျတို့မှာမူ လမ်း

ပျောက်နေကြဆဲပင်။

" ဟူး "

ဇေယျမှာ မိခင်ကို ရှာမတွေ့သဖြင့် စိတ်ဓာတ်အကျကြီး

ကျနေမိသည်။

" မေမေ ဘယ်မှာများ ရှိနေလဲ "

စိတ်လည်းပူနေမိ၏။ 

" သူတို့ နာရေးအိမ်ကိုများ ရောက်နေကြမလား "

ဦးစိုးလွင်က သူ့ထင်မြင်ချက်ကို ပြောလာသည်။ 

" မပြောတတ်ဘူး ဦးလေးစိုး ... နာရေးက ပင်ညောင်မှာ

ဗျ ... သွားကြပါ့မလား "

" မပြောနိုင်ဘူးလေ ... သူငယ်ချင်းနာရေးဆိုတော့ မျက်

နှာမပြလို့ ကောင်းတာမှမဟုတ်ဘဲ ... "

" မဖြစ်နိုင်ပါဘူးရှင် ... "

" ဒါဆို ဘယ်သွားမယ်ထင်လို့တုန်း "

" ကျွန်မအထင်တော့ ခုနက ကျွန်မတို့ပြောတဲ့စကားကို 

အဲ့ကောင်ကြားသွားတယ်မဟုတ်လား ... မမကို မမော်

ဝင်ပူးနေတယ်လို့ ပြောလိုက်မိတာ ... သူတို့ အထက်လမ်း

ဆရာဖြစ်ဖြစ် ... အောက်လမ်းဆရာဆီဖြစ်ဖြစ် သွားကြ

မယ် ထင်တာပဲ "

" အဲ့ဒါပိုတောင်ဝေးပါသေးတယ်ကွာ ... ခုခေတ်မှာ အဲ့

လိုတွေ ဘယ်သူက ယုံမှာလဲဟ ... လုပ်မယ့်လုပ် မယုကို

မျှားခေါ်ပြီး လက်စဖျောက်တာမျိုးက လုပ်ဖို့ပိုဖြစ်နိုင်

သေးတယ် "

" ကိုစိုးလွင် ... ရှင်ဘာတွေပြောနေတာလဲ ... "

ဒေါ်သူဇာနွယ်မှာ အထိတ်တလန့်ဖြစ်သွားပြီး အော်လာ

လေသည်။ ဒေါ်သူဇာနွယ်နည်းတူ ဇေယျလည်း ထိတ်လန့်

သွားမိ၏။

" မေမေ့ကို စိတ်ပူတယ်ဦးလေးစိုးရာ ... ရှာလို့လည်း

မတွေ့နဲ့ ... ဘာလုပ်ရမယ်မှန်းမသိတော့ဘူး "

အားလုံးစကားသံ တိတ်ဆိတ်သွားခဲ့ကြသည်။ ရင်ထဲမှာ

မူ အပူလုံးကြီးက ဆို့တက်နေကြ၏။

ဤသို့ဖြင့် တစ်လမ်းဝင်တစ်လမ်းထွက် မောင်းလိုက်ကြ

ပြီး ဒေါ်ခင်ယုမော်၏ ကားကိုသာ လိုက်ရှာကြည့်နေမိ

တော့လေသည်။ 

ဦးတင်အောင်မြင့်ဒဏ်ရာရနေသဖြင့် ကားကို ဦးကျော်မျိုး

သိန်းကမောင်းပေးရသည်။ ထိုစဉ် ဖုန်းဝင်လာခဲ့၏။

" ရှင်ဘယ်မှာလဲ ... ရှင့်ကို စခန်းက မေးစရာရှိလို့တဲ့လာ

ရှာနေကြတယ် ... ခုလိုထွက်ပြေးရင် အမှုကြီးသွားမှာ ရှင်

နားမလည်ဘူးလား ... "

" အဆင်ပြေသလိုကြည့်စီစဉ်ပေးပါမိန်းမရာ ... ငါအရေး

ပေါ်ကိစ္စလုပ်နေရလို့ပါဟ ... "

" ကိုမြသောင်းအိမ်ကိုလည်း ဖုန်းဆက်ကြည့်တယ် ... ရှင်

တို့မရောက်လာသေးဘူးပြောတယ် ... ဘာတွေလုပ်နေကြ

တာလဲ ... "

" နောက်မှအေးဆေးပြောမယ်ကွာ ... "

" နောက်မှမရဘူး ကိုတင်အောင်မြင့် ... ရှင့်ကိုစစ်မေး

စရာရှိလို့ ခေါ်ခိုင်းနေပြီ ... ရှင်မလာရင် ရဲတွေလိုက်ရှာ

ကြတော့မှာနော် "

" အဲ့ဒါကြောင့် မင်းကို စီစဉ်ပေးပါလို့ ပြောနေတယ်လေ

ကွာ ... ဒါတောင်မလုပ်နိုင်ဘူးလားကွ ... "

" အို ... ကျွန်မဘယ်လုပ်တတ်မလဲ ... "

" သောက်ဖြစ်ကိုမရှိပါဘူးကွာ "

" ရှင်ကျွန်မကို ဆဲတယ်ပေါ့ ... သောက်မှုရှုပ်အောင်ရှင်

လုပ်ထားတာလေ ... မရှင်းခဲ့ဘဲထွက်ပြေးသွားလို့ ခုကျွန်မလိုက်ရှင်းပေးနေရတာ ... ရှင်မလွန်လာနဲ့ ... "

" ငါဖုန်းနံပါတ် message ပို့လိုက်မယ် ... သူ့ကို အကူအညီ

တောင်းလိုက် ... ငါလုပ်ခိုင်းတာလို့ပြော ... ရှေ့နေ ကို

အောင်ဝင်း လို့ခေါ်တယ် ... သူစီစဉ်ပေးလိမ့်မယ် ... ငါ

အခု အရေးကြီးလုပ်စရာရှိနေလို့ ဒါပဲ ... ခဏခဏ ဖုန်း

မခေါ်နဲ့ကွာ "

ဦးတင်အောင်မြင့်က သူ့မိန်းမကို ငေါက်ငမ်းပြီး ဖုန်းချ

လိုက်လေသည်။

" မငယ် တော့ ဒေါသတွေထွက်နေတော့မှာပဲ တင်အောင်

မြင့် ... မင်းကလဲ စကားကို ကောင်းကောင်းမပြောဘူး "

" ဒီမိန်းမကိုက အသုံးမကျတာ ... ဒီလောက်လေးတောင်

မဖြေရှင်းတတ်ဘူး ... နေရာတကာငါ့အားကိုးနေတာပဲ "

" ဟေ့ကောင် ... သူရှင်းပေးနေရတာ မင်းကိစ္စလေကွာ "

" လင်မယားတွေပဲဟ ... ငါ့ကိစ္စလည်းသူ့ကိစ္စပဲလေ ... "

ဦးတင်အောင်မြင့်မှာ အမှုပွေလီလှသဖြင့် စိတ်မကြည်

လင်ဘဲ အားလုံးကို ပြဿနာရှာမိနေတော့သည်။ 

၎င်းတို့နှစ်ယောက် စကားများနေစဉ် ကားဘေးသို့ ကား

တစ်စီးလိုက်ပါ ချဉ်းကပ်လာလေသည်။ 

" ခင်ယုမော် "

ဦးကျော်မျိုးသိန်းကလည်း ကားလီဗာကို ဖိနင်းလိုက်ပြီး

မောင်းပြေးတော့၏။ 

" နေပါအုံး ကျော်မျိုးသိန်းရာ ... သူငါတို့ကို မထိနိုင်ဘူး

လို့ ဆရာမြိုင်ပြောသွားတာ မှတ်မိလား "

" အဲ့ဒီတော့ "

" ကားရပ်လိုက် ... တကယ်ဟုတ်မဟုတ် စမ်းကြတာ

ပေါ့ "

" ဟေ ... ဒီလောက်လူတွေအများကြီး "

" ပိုမကောင်းဘူးလားကွ ... သူငါ့တို့ကို ဒီနေရာမှာ သတ်

ဖို့လုပ်ကြောင်း သက်သေရပြီလေ ... ဒီလောက်မျက်မြင်

သက်သေတွေအများကြီး ... "

ဦးကျော်မျိုးသိန်းကလည်း ထိုအခါမှ သဘောပေါက်

သွားကာ လမ်းဘေးသို့ ကားချရပ်လိုက်လေသည်။ ၎င်း

တို့ကားရပ်လိုက်သည်နှင့် ဒေါ်ခင်ယုမော်ကလည်း လိုက်

ရပ်၏။ သို့သော်ကားပေါ်မှ မဆင်းလာချေ။ 

" သူ မဆင်းလာဘူး ... အဆောင်ရှိမှန်းသိလို့ထင်တယ် "

" သူ မဆင်းရင် ငါတို့ဆင်းတာပေါ့ "

ဦးတင်အောင်မြင့်က ကားပေါ်မှဆင်းကာ ဒေါ်ခင်ယု

မော်၏ ကားကို လှည့်ကြည့်လိုက်၏။ ဒေါ်ခင်ယုမော်မှာ

ကားပေါ်မှနေပြီး ၎င်းတို့ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

" ငါတို့ဆီ သူ မလာဘူး တွေ့လား ... အနောက်ကပဲ

လိုက်ရဲတာ ... "

ဒေါ်ခင်ယုမော်၏ အပြုအမူကိုတွေ့မြင်ပြီး ဦးတင်အောင်

မြင့်နှင့် ဦးကျော်မျိုးသိန်းတို့မှာ ကျေနပ်အားရနေကြသည်။

ထို့နောက် မခန့်သလိုနှင့် ဒေါ်ခင်ယုမော်၏ ကားဆီသို့ 

လှမ်းလာလိုက်ကြသည်။ ဒေါ်ခင်ယုမော်မှာမူ ၎င်းတို့

လည်ပင်းကိုသာ စိုက်ကြည့်နေလေသည်။

ဦးကျော်မျိုးသိန်းက ကားမှန်ကို ခေါက်လိုက်ကာ ထီမထင်

သော အပြုံးနှင့် ပြုံးနေ‌သည်။ 

ဒေါ်ခင်ယုမော်မှာမူ ကားမှန်ကိုမချပေ။ ထို့နောက် ကား

back ဆုတ်သွား၏။ 

" ဘာမှတောင်မလုပ်ရသေးဘူး ... ဒီကောင်မ ပြေးတော့

မယ် တွေ့လား ... ဟက် ... ဟက် "

ဦးတင်အောင်မြင့်က အောင်နိုင်သူပမာ ရယ်လိုက်သည်။

သို့သော် သူထင်ထားသလို မဟုတ်ခဲ့ပေ။

ဒေါ်ခင်ယုမော်က ကားကို ‌အတော်လှမ်းလှမ်းအထိ ဆုတ်သွားပြီး လီဗာကို အဆုံးတင်၍ သူတို့ရှိရာ တည့်တည့်

သို့ မောင်းဝင်လာခဲ့တော့သည်။

ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကြောင့်

ဦးတင်အောင်မြင့်တို့မှာ ကားရှေ့ ယက်ကန်ယက်ကန်

ဖြစ်နေခဲ့ကြသည်။ 

ပြီးမှ အသိဝင်လာပြီး ဘေးတစ်ဘက်တစ်ချက်ဆီသို့

ပြေးရှောင်လိုက်တော့၏။ ဒေါ်ခင်ယုမော်၏ ကားက 

ဦးတင်အောင်မြင့်တို့ကို မတိုက်မိဘဲ ၎င်းတို့ကားနောက်

ခြမ်းကို ဝင်တိုက်မိခဲ့သည်။ 

' ဝုန်းခနဲ ' အသံကျယ်ကြီးကြောင့် ထိုနေရာသို့ လူများ

ဝိုင်းအုံလာကြသည်။ 

" တိုက်ပြီဟ "

ဆူဆူညံညံအသံတို့နှင့် လူများဝိုင်းနေကြသောကြောင့်

ဇေယျမှာ လမ်းပိတ်နေသဖြင့် ဆက်မောင်း၍ မရနေပေ။

" ကားတိုက်တာလား "

" ဟုတ်မယ် ဦးလေးစိုး ... ဆက်သွားလို့ မရတော့ဘူး ...

ပြန်ကွေ့လိုက်မယ် "

" အေးကွာ ... တခြားလမ်းပတ်ကြည့်ကြတာပေါ့ "

သို့နှင့် ဆင်းမကြည့်တော့ဘဲ ကားကို လမ်းပေါ်မှပြန်

ကွေ့ပြီး အခြားလမ်းဆီသို့ မောင်းလိုက်ကြလေသည်။

" ဘာဖြစ်တာလဲဗျ ... "

" အဲ့ဒီကားက ကျွန်တော်တို့ရပ်ထားတာကို ဝင်တိုက်တာ

ပါ "

ကားရှေ့ bumper က တစစီကြေမွပြီး ပြုတ်ကျသွားသော်လည်း ဒေါ်ခင်ယုမော်မှာမူ ကားပေါ်မှ လုံးဝမဆင်းပေ။

" ခင်ဗျား ကျွန်တော်တို့ကားကို တိုက်တာ တာဝန်ယူပေး

ရမှာပေါ့ဗျ ... ဆင်းခဲ့ဗျာ "

ဦးတင်အောင်မြင့်နှင့် ဦးကျော်မျိုးသိန်းတို့က ရှိသင့်သည့်

အသံထက် ပို၍ကျယ်လောင်စွာ အော်ပြောရင်း ကား

ပေါ်မှဆင်းခိုင်းနေသည်။ 

ဒေါ်ခင်ယုမော်က ကားကိုမောင်းထွက်ရန် ပြင်လိုက်သော်

လည်း မောင်းမရပေ။ ကား၏ ဘေးပတ်ပတ်လည်တွင်

လူများကဝိုင်းအုံနေကြသည် မဟုတ်လော။ 

ဇေယျတို့မှာ လမ်းသွယ်လေးဘက်ချိုးကွေ့လာပြီးမှ

လမ်းပျောက်နေသဖြင့် ဆိုင်တစ်ဆိုင်ကို ဝင်မေးလိုက်

ကြသည်။

" ဒီကနေ ထွက်ရင် ဘယ်ကိုရောက်လဲဗျ "

" ဒီဘက်မှာတော့ ရပ်ကွက်တွေထဲရောက်မှာမောင်လေး ...

ဘယ်ကိုသွားချင်တာလဲ "

" အော် ... လမ်းမကြီးကနေကွေ့လာတာ ... အဲ့ဘက်မှာ

လမ်းပိတ်သွားလို့ ပြန်ထွက်မရဘူးဖြစ်နေလို့အစ်မ "

" ဒါဆို ပြန်ထွက်မှရမှာ ... ဒီဘက်က ရပ်ကွက်ထဲဆို လမ်း

ကနည်းနည်းရှုပ်တယ် ... မသွားတတ်ရင် မျက်စိလည်

လိမ့်မယ် "

" ဟုတ် ကျေးဇူးနော်အစ်မ "

ထိုသို့မေးနေစဉ် သူ၏နဘေးသို့ လူနှစ်ယောက်လျှောက်

လာရင်း ပြောနေသံကို ကြားလိုက်ရသည်။

" Mark X ကြီးကွာ ... နှမြောစရာကြီး ... "

" အဲ့မိန်းမကလည်း တိုက်တုန်းကတိုက်ပြီး ခုကြ အောက်

တောင်မဆင်းရဲဘူး "

ဇေယျမှာ ရင်ထဲထိတ်သွားမိသည်။

" အစ်ကိုရေ ... အစ်ကိုတို့ပြောနေတာ ဟိုဘက်လမ်းက ကားတိုက်မိတဲ့ဟာလားဗျ "

" ဟမ် "

" ဟုတ်တယ် ငါ့ညီ ... Mark X နဲ့ လန်နဲ့ ချတာ ... Mark X

ကဘွားတော်ကြီးက သူလည်းဝင်တိုက်သေးတယ် ... ကား

ပေါ်ကမဆင်းဘူး ... ဘာဆက်ဖြစ်ကြလဲတော့ မသိဘူး

ကွ "

" ဟုတ် ... ကျေးဇူးအစ်ကို "

" အော် ခဏလေးအစ်ကို Mark X က ဘာအရောင်လဲ

ဗျ "

" Mark X အမည်း "

" ဗျာ ... ဟုတ် ... ဟုတ် "

ဇေယျလည်း ကားပေါ်အမြန်တက်ကာ ထိုနေရာသို့ မောင်း

လိုက်ပြီး ပြောပြလိုက်သည်။

" ခုနက တိုက်မိတာ မေမေ ဖြစ်နေမလားလို့ သွားကြည့်

မှရမယ် ဦးလေးစိုး "

" ဟေ ... "

" ဘုရား ဘုရား ... မဟုတ်ပါစေနဲ့ဘုရား "

ဒေါ်သူဇာနွယ်လည်း ရင်တထိတ်ထိတ်နှင့် ဘုရားသာ

တ နေမိတော့လေသည်။ 

ကားက လမ်းထဲအထိဝင်၍မရသဖြင့် လမ်းထောင့်၌သာ

ရပ်လိုက်ရသည်။ 

" လမ်းလျှောက်ဝင်မှရမယ် "

ကားတံခါးလော့ချခဲ့ပြီး အားလုံးဆင်းလာခဲ့ကြ၏။ ထို

နေရာသို့ ရောက်သည့်အခါ အသံစွာကျယ်ကျယ်နှင့်

ပြောနေသော ဦးတင်အောင်မြင့်၏ အသံကို ကြားလိုက်

သဖြင့် ဇေယျလည်း လူအုပ်ကြီးထဲသို့ ပြေးဝင်ကြည့်

လိုက်တော့၏။

" မေမေ "

ဇေယျအသံက ဦးတင်အောင်မြင့်အသံကို ဖုံးလွှမ်းသွား

ခဲ့သလို ဦးတင်အောင်မြင့်တို့နှစ်ယောက်သည်လည်း

အတော် လန့်သွားကြလေသည်။

ဒေါ်ခင်ယုမော်မှာမူ လူအုပ်ကြီးက မည်မျှအော်အော်၊

ပြောပြော ကားပေါ်မှမဆင်း၊ မလှုပ်မယှက်ဖြင့်သာ နေနေ၏။ 

" ငါ့ညီ အမေလား "

" ဟုတ်ပါတယ် ... "

" ခင်ဗျားတို့နှစ်ယောက်နဲ့ ကျွန်တော်စာရင်းရှင်းစရာ ရှိ

သေးတယ် "

ဇေယျတို့ရောက်လာမည်ဟု ထင်မှတ်မထားသဖြင့် တုန်

လှုပ်ကာ ပြေးပေါက်ပိတ်နေကြသည်။

" လူယုတ်မာတွေ ... ဓါးပြကောင်တွေ "

" ဟေ့ ... ဟေ့ ... ခင်ဗျား မဟုတ်တာတွေ လာမပြောနဲ့ ...

တရားစွဲပစ်မယ် ဘာမှတ်နေလဲ "

" စွဲလေ ... စွဲလိုက်စမ်းပါ ... ငါကလည်း တရားလိုလုပ်

ပြီး ပြန်စွဲဖို့ အသင့်ပဲ ... သေနာကျတွေရဲ့ "

အကြီးအကျယ်ရန်ဖြစ်နေကြသဖြင့် လူအုပ်ကြီးက ပိုမို

များလာတော့သည်။ 

" တင်အောင်မြင့် ... ငါတို့ပြဿနာဖြစ်လို့မဖြစ်ဘူးဟေ့

ကောင် ... စီစဉ်ထားတဲ့အတိုင်း လုပ်လေကွာ "

ဦးကျော်မျိုးသိန်းသတိပေးလိုက်မှ ဦးတင်အောင်မြင့်

လည်း လေသံလျော့သွားလေသည်။

" နင်တို့လိုအောက်တန်းစားတွေက ဘာဖြစ်စေချင်ကြ

သေးတာလဲ ... ငါ့အစ်မနှစ်ယောက်လုံးကို ဒုက္ခတွေပေး

ပြီးတော့ .... နင်တို့က သူဌေးလိုလို ခွေးလိုလိုနဲ့ ... "

ဒေါ်သူဇာနွယ်စကားမဆုံးခင် ဦးကျော်မျိုးသိန်းက ဝင်

ဟန့်လိုက်သည်။

" ခင်ဗျားတို့လို အဆင့်မရှိတဲ့သူတွေနဲ့ စကားဆက်ပြော

နေမှာမဟုတ်ဘူး ... ခင်ဗျားတို့ကို ရုံးကနေပဲ ရှင်းမယ် "

ထိုသို့ပြောပြီး ယာဉ်တိုက်မှုကို ဓါတ်ပုံရိုက်ထားကာ သက်

သေယူထားလေသည်။ ထို့နောက် ဒေါ်သူဇာနွယ်တို့ဘယ်

လောက်ပြောပြော ဆက်မနေတော့ဘဲ မောင်းထွက်လာ

ခဲ့ကြ၏။

၎င်းတို့သွားပြီးသည်နှင့် ယာဉ်ထိန်းရဲရောက်လာသဖြင့်

ဒေါ်သူဇာနွယ်တို့မှာ ကျန်ရစ်ရင်း ဖြေရှင်းနေရတော့သည်။

" ခင်ဗျားတို့ ရုံးကိုလိုက်ခဲ့ "

ထိုအခါမှ ခက်ရသည်။ ဒေါ်ခင်ယုမော်က ကားပေါ်မှ

လုံးဝမဆင်းပေးချေ။ စကားလည်း တစ်လုံးမှမပြောပေ။

" မေမေ ... အဲ့လိုမလုပ်နဲ့ ... လာ ... "

ဇေယျအာပေါက်မတတ်ခေါ်သော်လည်း တုံဏိဘာဝေ

ပင်။ 

" ဟို ကျွန်မအစ်မကလေ စိတ်သောကရောက်စရာလေး

ရှိလို့ သတိလက်လွတ်ဖြစ်သွားတာပါရှင် ... ဒီလိုလုပ်ပါ

ရှင့် ... ဒါကျွန်မအမျိုးသား ... သူနဲ့ကျွန်မ ရုံးကို အရင်

လိုက်ခဲ့ပါ့မယ် ... သူ့သားလည်း သူ့ကိုခေါ်ပြီး လိုက်လာမှာ

ပါ "

" မရဘူးအစ်မကြီး ... သူကားပေါ်ကမဆင်းလည်း ကား

ကို ဆွဲသွားရမှာပဲ ... "

" ရှင် "

" မေမေ ... ဆင်းခဲ့ပါဆိုဗျာ ... "

ကားတံခါးလော့ချထားသဖြင့် မည်သို့မှ လုပ်မရဘဲ ဖြစ်

နေကြရတော့သည်။ ထိုသို့ အကြပ်ရိုက်နေစဉ် ' ချွင်ခနဲ '

အသံတစ်ချက်မြည်သွားပြီး ဒေါ်ခင်ယုမော်လည်း လှုပ်

လှုပ်ရှားရှားဖြစ်သွားခဲ့သည်။

ထို့နောက် ကားပေါ်မှဆင်းလာခဲ့၏။ ပြီးနောက် သူမက

လူအုပ်ကြားထဲ စူးစိုက်ကြည့်နေသည်။ ထိုအခါမှ ဇေယျတို့လည်း သက်ပြင်းချလိုက်နိုင်တော့သည်။ 

ဒေါ်ခင်ယုမော်၏ကားကို ယာဉ်ထိန်းရဲက ဆွဲသွားပြီး ရုံး

သို့လိုက်လာကြရန် ခေါ်ဆောင်နေသည်။ 

ဇေယျတို့လည်း ဒေါ်ခင်ယုမော်ကို ကားပေါ်ဆွဲခေါ်ရ၏။

သို့သော် ဒေါ်ခင်ယုမော်က မလိုက်ချေ။ သူမက လူအုပ်

ထဲသို့ အကြည့်လည်း မရွေ့ခဲ့။

ဒေါ်ခင်ယုမော်ကြည့်နေသည့်နေရာသို့ ဒေါ်သူဇာနွယ်လှမ်း

ကြည့်လိုက်သည့်အခါ မျက်နှာကြည်ကြည်နှင့် လူတစ်

လတ်ပိုင်းတစ်ယောက် လက်နောက်ပစ်ပြီး ရပ်နေသည်

ကို မြင်တွေ့လိုက်လေသည်။

ဒေါ်သူဇာနွယ်လည်း ထိုသူထံသို့ လှမ်းသွားလိုက်တော့

သည်။

" ဒီကမောင်လေးက ... "

" သူ့ဆီမှာ အငြိုးတကြီးနဲ့ ဓေါသအမျက်ချောင်းချောင်း

ထွက်နေတဲ့ မိန်းမတစ်ယောက် ဝင်ပူးနေတယ် "

" ရှင် ... ဒါ ဒါ ဘယ်လိုသိတာလဲ "

" ကျွန်တော်ကူညီပေးရမလား "

" ဟုတ် ... ကူညီပါရှင် ... "

" လောလောဆည်တော့ ရုံးကိုလိုက်သွားရမယ်ထင်တယ် ... ကျွန်တော်သူ့ဘေးကနေ လိုက်ခဲ့ပါ့မယ် "

" ဟုတ်ကဲ့ ... ဒီဘက်ကို ကြွပါဆရာ "

" ခဏလေးဗျ ... ကျွန်တော့်ကို ဆရာလို့ မခေါ်ပါနဲ့ဗျာ ...

ကျွန်တော့်နာမည် ကိုသိန်းထိုက်ပါ "

" ဟုတ်ကဲ့ပါ ... "

ဤသို့ဖြင့် ကိုသိန်းထိုက်ဆိုသူနှင့် ဦးစိုးလွင်တို့အား တွေ့

ပေးလိုက်‌သည်။ ကိုသိန်းထိုက်က ဒေါ်ခင်ယုမော်ကို

သေချာစွာ အကဲခတ်ကြည့်လိုက်ပြီး သူမ၏ လက်ခုံပေါ်

သို့ ဆေးနီတစ်တို့ တို့လိုက်သည်။

ထိုအခါ ဒေါ်ခင်ယုမော်မှာ ကိုသိန်းထိုက်သွားရာသို့ 

တကောက်ကောက် လိုက်၍ နေခဲ့သည်။ အဆင်ပြေသွား

ပြီဖြစ်၍ အစီအစဉ်ဆွဲလိုက်ကြတော့သည်။

" ကားတစ်စီးထဲ ဆန့်မှာမဟုတ်ဘူး ... ကားငှားမှရမယ် "

" ဒီလိုလုပ်မယ်လေ ဦးလေးစိုးတို့အရင် သွားနှင့်လိုက်...

သားရဲ့ကားက ဟိုလူအိမ်ရှေ့မှာရပ်ခဲ့တာ ... ကားငှားပြီး

ပြန်သွားယူလိုက်မယ် ... ပြီးတာနဲ့ ရုံးကို လိုက်လာခဲ့မယ် "

" အဲ့လိုလုပ်ကြတာပေါ့ "

သို့နှင့် အစီအစဉ်အတိုင်း အသီးသီးထွက်လာကြလေသည်။ 

" ဟိုဟာတွေဝင်ရှုပ်လို့ကွာ ... မဟုတ်ရင် ရဲရောက်လာတာ

နဲ့ ပွဲပြီးနေပြီ "

" သူတို့ပြန်ခေါ်သွားကြပြီဆိုတော့ မျှားခေါ်ဖို့ ဘယ်လို

လုပ်ကြမလဲ "

" မပြောတတ်ဘူး ... ဆရာမြိုင် ကို‌တော့ ပြောပြရမှာပေါ့ "

" ဒီညအဆင်ပြေပါ့မလား ... ဘယ်လိုဖြစ်ဖြစ် သူတို့ရုံး

မှာတော့ ရှင်းရမှာပဲ "

" ဒါပေမယ့် ပြန်လွတ်မှာပဲလေ ... အဲ့ကြ ဆရာမြိုင်နဲ့တွေ့

ပြီပေါ့ ... ငါ့ကိုလည်းလိုက်ရှာနေလောက်ပြီ ... ယာဉ်တိုက်မှုကနှစ်မှုဆို တော်တော်ရှင်းရခက်မှာကွ "

ဦးတင်အောင်မြင့်ကပြောရင်း ဇနီးဖြစ်သူထံ ဖုန်းဆက်

ကြည့်လိုက်လေသည်။

" အေ ... အခြေအနေဘယ်လိုလဲ "

" ကိုအောင်ဝင်းရောက်လာတယ်... ခုသူရုံးကို လိုက်သွား

ပြီ "

" အေ ... အေ ... မင်းကရော ခုဘယ်မှာလဲ "

" ခုအိမ်ပြန်နေတာပေါ့ ... ရှင့်ကိစ္စတွေကြောင့် ခုမှပြန်

ရမှာ "

" မပြန်သေးနဲ့အုံး ... ရုံးကိုလိုက်သွား ... "

" ဟာ "

" မဟာနဲ့ ... ငါနောက်တစ်မှုထပ်ဖြစ်လို့ ကိုအောင်ဝင်း

ကိုပြောပြပြီး သွားရှင်းပေးအုံး "

" လုပ်ပြန်ပြီ ရှင်ကတော့ ... စိတ်နဲ့လူနဲ့ရော ကပ်ရဲ့လား "

" ခုက ကားရပ်ထားတာကို လာဝင်တိုက်တာ ... သူတို့

လည်း ရုံးကိုလာနေကြလောက်ပြီ ... တိုက်တဲ့သူက ခင်

ယုမော် ဆိုတဲ့မိန်းမ ... ကိုအောင်ဝင်းကို ပြောလိုက် ...

လုံးဝမကျေအေးပေးနဲ့လို့ ... ကြားလား ... "

" ရှင်က ကိုယ်တိုင်ကြတော့ သွားမရှင်းဘူး "

" ငါမနက်ဖြန်မှပြန်လာမယ် ... "

" ကိုမြသောင်းဆီ သွားနေတာလား "

" တခြားကိစ္စသွားစရာရှိနေလို့ကွာ "

" ရှင်ပြန်လာရင် ကျွန်မနဲ့အတွေ့ပဲ ကိုတင်အောင်မြင့် ...

တကတည်းတော် "

ဖုန်းချလိုက်ပြီး အချိန်ကိုကြည့်လိုက်ရာ ညနေ ၃နာရီ

ထိုးနေပြီဖြစ်သည်။ 

" ၃ နာရီထိုးနေပြီ ... ဘယ်လိုလုပ်မလဲ ... "

" စားဖို့သောက်ဖို့ နည်းနည်းပါးပါးဝယ်ပြီးတာနဲ့ ၄ နာရီ

ရောက်သွားမှာပဲ ... ဆရာမြိုင်ဆီ တခါထဲသွားကြတာ

ပေါ့ "

ဤသို့နှင့် ၎င်းတို့သည် ယခုည၌ ဒေါ်ခင်ယုမော်ထံ ပူး

ကပ်နေသော တင်တင်မော်ဝိဉာဉ်ကို ထုတ်ရန် စိတ်အား

ထက်သန်နေကြလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory


#သူငယ်ချင်း
#အစ်မ
#အမျိုးသား
#လောက
#ဆရာမ

Some text some message..