ချစ်ခြင်းထက် သာလွန်၍.... အပိုင်း (၁)
lotaya.mpt.com.mm
|
2022-05-01

တီ တီ တီ တီ

ကားဟွန်းတီးသံ နဲ့အတူ အိမ်ပေါ်ထပ်မှ ဝက်ဝံရုပ်လေးပိုက်ကာ ဆင်းလာသည့် ကိုးနှစ်အရွယ် ချစ်ချစ်၏ မျက်လုံးဝိုင်းဝိုင်းလေးတွေ တောက်ပသွားရသည်။ မေမေတို့ ပြန်လာပြီဆိုတဲ့အသိနဲ့အတူ ဝမ်းနည်းစိတ်လေးဝင်လာသည့်တိုင် မိန်းကလေးပီပီ စပ်စုချင်စိတ်လေးက ရှိနေတော့ အောက်ထပ်ကို အဖြူရောင်ဂါဝန်ဖားဖားလေး ဝဲနေအောင် ပြေးဆင်းချလာသည်။

ကားလေးထိုးဝင်လာသလို ထိုကားပေါ်မှဆင်းလာသည့် မေမေ့အပြုံးက တောက်ပနေ၏။ ငေးကြည့်နေစဥ် မေမေ့ဘေးတွင် ဝင်ရပ်ကာ မေမေ့ပခုံးကို ပိုင်စိုးပိုင်နင်း လှမ်းဖက်လာသည့် ဦးလေးကြီးတစ်ယောက်။

" ဒါ ခင်မသမီးလေးလား......ချစ်စရာလေးပဲ။ "

ဒေါ်ခင်မမ ၏ မျက်နှာက ပြုံးမိသွားသလို.....

" ဟုတ်တယ် မောင်ရဲ့....သားရေ....လရိပ် "

ဒေါ်ခင်မမ ကားပေါ်မှဆင်းလာသည့် အသက်ဆယ့်လေးနှစ်အရွယ် မောင့်၏သားဖြစ်သူ လရိပ်ကို လှမ်းကြည့်မိ၏။ သမီးကတော့ စူပုတ်ပုတ်လေးဖြင့် မကြည်သလိုကြည့်နေတာ ထုံးစံအတိုင်း ။

" သား.....ဒါသားညီမလေးဖြစ်သွားပြီ။ သမီးနာမည်က ချစ်နှင်းဆီတဲ့.....သမီးဒါ သမီးကိုကိုနော် မှတ်ထား ကိုကို့နာမည်က လရိပ်တဲ့။ "

လရိပ် စူပုတ်နေသည့် ကောင်မလေးကို ငေးကြည့်မိတော့ အဖြူရောင်ဂါဝန်ကားကား အသားဖွေးဖွေးလေးဖြင့် နှုတ်ခမ်းလုံးလုံးလေးကို တစ်တောင်လောက်စူထားတာ ချစ်စရာအလွန်ကောင်းသည်မို့ ပြုံးမိ၏။ ပြုံးပြသည့် သူ့ကို မကြည်သလို မျက်စောင်းထိုးလိုက်တာမို့ လရိပ်ဆီမှ ရယ်သံထွက်လာတော့ ဒေါ်ခင်မမ နှင့် ဦးမင်းရိပ်က ပါ ပြုံး၏။

" သမီးက ဆိုးတယ် သားရယ်။ "

" ရပါတယ် အန်တီ....အဲ မေမေ ကျွန်တော် ညီမလေးကို ချစ်ပါတယ်။ "

ဦးမင်းရိပ် ခေါင်းငြိမ့်ကာပြုံးလိုက်မိရင်းမှ.....

" ကဲပါ ခင်မရယ်.......ကြာလာရင် အဆင်ပြေသွားမှာပါ။ "

အိမ်ပေါ်တက်သွားသည့် အဖေ နဲ့ ဒေါ်ခင်မကို ကြည့်ရင်း လရိပ် သက်ပြင်းချမိသည် ။ သူဟာ အဖေ့ဘဝကို ဝင်စွက်ဖက်ဖို့ မရှိသလို ကလန်ကဆန်လဲ မလုပ်ချင်။ သူ ဆယ်နှစ်အရွယ်မှာ အမေဆုံးသလို အမေဆုံးပြီးနောက်ပိုင်း အဖေဟာ အတော်ရှုပ်ပွေသည်ဟု ပတ်ဝန်းကျင်က ပြောကြ၏။ အခု ဒေါ်ခင်မ နဲ့ လက်ထပ်တော့လဲ အဖေ့ကို ချူဆီ ပိုင်းလုံးဟု ပြောကြတာ သူ့နားနဲ့ပင်မဆန့်အောင် ကြားရ၏။ အခု ဆယ့်လေးနှစ်အရွယ်ရောက်သည့်အခါ အဖေ နောက်အိမ်ထောင်ပြုခဲ့တော့သည်။

လရိပ် သူ့ရှေ့တွင်ရပ်ကာ အရုပ်လေးပိုက်ရင်း မျက်ဝန်းတောက်တောက်လေးတွေဖြင့် ငေးကြည့်နေသည့် ကောင်မလေးအား ပြုံးပြရင်း....

" ညီမလေး......."

" ဘယ်သူက ညီမလေးလဲ.......ချစ်ချစ်က တစ်ဦးထဲသောသမီး....ဟွန့်! "

ခြေလေးဆောင့်ပြီး အပေါ်ပြေးတက်သွားသည့်ပုံစံလေးက ချစ်စရာလေးမို့ သူ ရယ်မိသည်။ ကြည့်ရတာ သူ နဲ့ အဖေ့ကို ကြည်ဖြူပုံမရပေမယ့် သူ့လိုပင် မလွန်ဆန်နိုင်သည့်အရွယ်မို့ လက်ခံရပုံပေါ်၏။

-----------------------

ခြံထဲရှိ မြက်ခင်းပြင်ပေါ် ပြေးလွှားဆော့ကစားနေသည့် ချစ်ချစ် အကြည့်က ခြံထဲက ဒန်းပေါ်တွင်ထိုင်ကာ အေးအေးဆေးဆေး စာဖတ်နေသည့် လရိပ်ဆီရောက်သွားတော့ မကျေမနပ်ဖြင့် နှုတ်ခမ်းလေး စူသွား၏။ အနားရှိ ဘောလုံးလေးယူကာ တမင်ပစ်ပေါက်လိုက်တော့ လရိပ်လက်ထဲမှ စာအုပ်ဟာ မြက်ခင်းပေါ် ပြုတ်ကျသွားသလို ချစ်ချစ် မသိဟန်ဆောင်နေလိုက်၏။

လရိပ် သက်ပြင်းချလိုက်ရင်းမှ မသိသလိုလုပ်နေသည့် ချစ်ချစ်ဆီတစ်ချက်လှမ်းကြည့်မိ၏။ ဖတ်လက်စ စာအုပ်ကို ပြန်ကောက်ယူလိုက်ရင်း နေရာတွင် ပြန်ထိုင်ကာ စာဖတ်မပျက်တော့ ချစ်ချစ်မျက်နှာလေးက စူပုတ်သွားကာ ခြေလေးဆောင့်မိသလို စာအုပ်ဖတ်နေသည့် လရိပ်လဲ ပြုံးစိစိဖြစ်သွားရသည်။

တစ်လလောက်ကြာတာတောင် ချစ်ချစ်က သူ့အား စိမ်းနေသလို အမြင်မကြည်သေးပုံပင်။ ကျောင်းတက်တော့လဲ ချစ်ချစ်တက်သည့် ကျောင်းမှာပင် လိုက်တက်ရသည်မို့ အိမ်ကကားနှင့် အကြိုအပို့လုပ်ပေးသည်။

သူ ချစ်ချစ်ကို ချစ်ပါသည်။ ညီမလေးရလာသည်ဟု တွေးမိတော့ ပျော်သလို မသိအောင် လိုက်ဂရုစိုက်ပေးမိသည်။ အတန်းမတူတာမို့ တကူးတကသွားကြည့်ရသလို မသိအောင်ချောင်းကြည့်ရသည်။ ချစ်ချစ်က အိမ်မှာသာ အနည်းငယ်ဆိုးပေမယ့် အနေအေးသည်။ ပြီးတော့ နေတတ်သလို နေကာ အရိပ်အကဲသိသည်။ အဖေရော ချစ်ချစ်အမေက တစ်ချိန်လုံးအပြင်ထွက်နေသလို အိမ်မှာရှိလျှင်လဲ ဖဲဝိုင်းရှိမှသာ အိမ်ကပ်ကာ နွေးထွေးမှုမရှိ။

ချစ်ချစ်ဟာ ဒါတွေကြောင့် အမေဖြစ်သူနဲ့ အေးစက်သော ဆက်ဆံရေးပင်။

@@@@@@@@@@

ကျောင်းဝင်းထဲရှိ မုန့်စျေးတန်းထဲ လရိပ် မုန့်တွေ ရွေးဝယ်ကာ ချစ်ချစ်တို့အတန်းဘက် ထွက်လာခဲ့သည်။ အမြဲတမ်း မုန့်ဝယ်ကာ သွားပို့ပေးနေကျဖြစ်သလို ချစ်ချစ်က လူသာမခေါ်တာ မုန့်တော့ စားသည့် ကလေးမမျိုး။

" ဟယ်.....နှင်းဆီရဲ့အစ်ကို မုန့်လာပို့ပြီဟဲ့။ "

လရိပ်အကြည့်က ချစ်ချစ်နေရာတွင် မရှိတာမြင်တော့ ချစ်ချစ်ဘေးကပ်ထိုင်သည့် သူငယ်ချင်းအား ငဲ့ကြည့်ကာ.......

" ညီမလေး ဘယ်သွားလဲဟင်။ "

ချစ်ချစ် ပြုတ်ကျသွားသည့် မုန့်ထုပ်ကို ကြည့်ရင်း မျက်လုံးလေးဝိုင်းသွားရသလို မော်ကြည့်မိတော့ ချစ်ချစ်ထက် အတန်းကြီးသည့် အစ်မကြီးတွေ သုံးယောက်။ အလယ်မှ အစ်မကြီးက ချစ်ချစ်ကို ငေးကြည့်ရင်းမှ .....

" ဒီကောင်မလေး ဘာတွေငေးနေတာလဲ.....မမြင်ဘူးလား ။ "

" ချစ်ချစ် ကို အစ်မတို့ အရင်ဝင်တိုက်တာလေ။ "

ပြုတ်ကျသွားသည့် ကိုယ့်မုန့်ထုပ်လေးကိုကြည့်ပြီး နှမြောနေတာမို့ ချစ်ချစ် ရန်ပြန်စွာမိသည်။

" အံမာ.....လူလေး လက်တောက်လောက်နဲ့ ....ငါ "

ရုတ်တရက် ချစ်ချစ်ရှေ့က ပိတ်ရပ်ကာ လှမ်းထုရန်ပြင်သည့် အစ်မကြီးလက်ကို ခါထုတ်ပစ်သောလူအား ကြည့်မိတော့ လရိပ်။

" ငါ့ညီမကို မထိနဲ့......"

ထိုစကားတစ်ခွန်း....။

ပထမဆုံးအကြိမ် ချစ်ချစ်ရှေ့မှာ မားမားမတ်မတ်ရပ်ပေးသည့် လူမို့ ချစ်ချစ် တွေတွေလေး ငေးကြည့်နေမိသည်။ အစ်မကြီးသုံးယောက်နဲ့ မိန်းမကြီးပမာ စကားများနေသည့်ပုံစံကို ကြည့်ရင်း ချစ်ချစ် လက်လေးတစ်ဖက်က လရိပ်၏ ကျောင်းဝတ်စုံအား အားကိုးတကြီးဆွဲကိုင်ခဲ့မိသလို နှစ်ခြိုက်စွာ ပြုံးမိသွားသည်။

ချစ်ချစ်မှာ ချစ်ချစ်ကို ကာကွယ်ပေးသည့် အစ်ကိုတစ်ယောက် ထိုအချိန်မှစ၍ ရရှိခဲ့သည်။

-----------------------------------

လရိပ် စာကျက်နေရင်း စာကြည့်စားပွဲပေါ် ခေါင်းလေးတင်ကာ အိပ်ပျော်နေသည့် ချစ်ချစ်ကို ကြည့်မိတော့ ပြုံးသွားရသည်။ ပါးဖောင်းဖောင်းလေး ဖြင့် အိပ်ပျော်နေတာများ ချစ်စရာအင်မတန်ကောင်းသည်။ မုန့်စျေးတန်းမှာ ရန်ဖြစ်ပြီးထဲက ချစ်ချစ်နဲ့ သူ့ဆက်ဆံရေးဟာ ကောင်းမွန်လာခဲ့သည်။

စာအတူကျတ်သည်။ အတူကစား အတူစား ဖြင့် ချစ်ချစ်က သူ့ကို အစ်ကိုအဖြစ်လက်ခံခဲ့သည်။ တဖြည်းဖြည်း သိလာရသည်က ချစ်ချစ်ဘဝလေးဟာ အထီးကျန်လွန်းလှသည်။ အန်တီကလဲ အချိန်မပေးသလို သူမလေးကလဲ နေတတ်သလိုသာနေ၏။

" ညီမလေး.....ညီမလေး..... အိပ်ချင်နေပြီလား။ "

မျက်လုံးလေး မပွင့်ပဲ အိပ်ချင်မူးတူးဖြင့် ခေါင်းလေးငြိမ့်ပြလာသည်မို့ လရိပ် ထူလိုက်ပေမယ့် လက်လေးနှစ်ဖက် ဆန့်တန်းလာကာ.....

" ကိုကို ချီပို့ပေး......ချစ်ချစ် လမ်းမလျှောက်ချင်ဘူး။ "

လရိပ် ပြုံးမိရင်းမှ ချစ်ချစ်ကိုယ်လေးကို ပွေ့ချီကာ ချစ်ချစ်ရဲ့အိပ်ခန်းလေးဆီ လျှောက်လာခဲ့၏။ မွေ့ယာပေါ် အသာချပေးလိုက်တော့ အိပ်မောကျနေပြီမို့ သူ စောင်လေးဆွဲယူကာ ခြုံပေးရင်း အခန်းထဲမှ ထွက်လာခဲ့၏။

ဘယ်သူ သိမလဲ သံယောဇဉ်ဟာ အမြစ်တွယ်လွယ်မယ်လို့။

ဘယ်သူ သိမလဲ သံ​ယောဇဥ်ကြိုးဟာ ဖြတ်မရနိုင်စွာ သေမတတ်နာကျင်ရလိမ့်မယ်လို့။

သူ မသိခဲ့ဘူး.........ငယ်သေးတဲ့သူဟာ ဘာမှမတွက်ဆမိခဲ့ပါဘူး။

@@@@@@@@@@@@

ကျောင်းဝတ်စုံလေးဖြင့် ချစ်ချစ်ထိုင်နေသည့်ဘေးမှာ ဝင်ထိုင်ကာ ဘီးတစ်ချောင်းဖြင့် ဆံပင်တွေ သေချာဖြီးသင်ပေးရင်းမှ ကျစ်ဆံမြီးလေးကို သေချာကျစ်ပေးနေသည့် လရိပ်။ လအတော်ကြာလာသည့်နောက်ပိုင်း ချစ်ချစ် ၏ ဝေယျာဝစ္စအကုန်နီးပါး သူမပါလို့မပြီး။

မနက်အိပ်ယာနှိုးလဲ လရိပ် ၊ ထမင်းခွံ့ပေး တာလဲ လရိပ် ၊ ကျောင်းသွားလျှင်တောင် ကျောင်းခန်းထဲထိ ထမင်းလိုက်ခွံ့ကျွေးတတ်သလို စာကူကျတ်တာအစ အိမ်စာကူလုပ်ပေးတာအဆုံး လရိပ် ပါသည်။

" လှသွားပြီ......ကိုကို့ ညီမလေး က ကျစ်ဆံမြီးလေးနဲ့ ချစ်စရာလေးကွာ။ "

ကိုကိုပေးလာသည့် မှန်ကို ယူကြည့်ပြီး ချစ်ချစ်မျက်နှာလေးက ပြုံးသွားသလို ကျေနပ်သွားရ၏။

" အတန်းထဲက ကောင်မလေး ကျစ်ထားတာ တွေ့တော့ ချစ်ချစ်အရမ်းကျစ်ချင်သွားတာ။ ကိုကိုက တော်လိုက်တာနော်။ "

လရိပ်သဘောကျစွာ ပြုံးလိုက်မိရင်းမှ ချစ်ချစ်လွယ်အိတ်လေးနဲ့ ထမင်းချိုင့်ကိုဆွဲယူကာ ကားဆီအတူလျှောက်လာကြသည်။ အိမ်ထဲမှ ထွက်သည်နှင့် ချစ်ချစ်က အပြေးကလေး သူ့ဖိနပ်ကိုချပေးသလို ဟီးခနဲ ပြုံးပြလာသည်။ ကားပေါ်အတူတက်လာကြရင်း ကျောင်းမှာလဲ သူ့ဆီ လာလာဗိုလ်ကျတတ်သည့် ချစ်ချစ်။ မငြိုငြင်ရက်နိုင်အောင် တွယ်တာစရာက ဒီနှစ်ယောက်သာရှိသည်မို့ ....သူ့အဖေရော ချစ်ချစ်အမေပါ အပြင်မှာအနေများကြသည်မို့။

---------------------------------

ချစ်ချစ် မာလကာသီးတက်ခူးနေသည့် ကိုကို့ကို အပင်အောက်မှမော့ကြည့်ရင်း တစ်ဖက်ခြံမှ သိသွားမည်စိုးကာ ရင်တထိတ်ထိတ်။

" ကိုကို့.....ကိုကို့ ညာဘက်က အလုံးကြီးခူးလိုက်....."

" ဒါလား....."

ချစ်ချစ် စားချင်သည်ဟု ဂျီကျတာမို့ ကိုကိုက တက်ခူးပေးခြင်းဖြစ်သလို ကိုကို့ဆို ချစ်ချစ် နှစ်ခါမတောင်းဆိုရဖူးပါ။ မာလကာသီးခူးကာ အပင်အောက်ဆင်းလာသည်နှင့် ကိုကိုပဲ ရေဆေး ကာ သေချာခွဲကျွေးသည်။

" ကိုကို့ အစေ့တွေလဲမပါဘူး။ "

" အင်း......အစေ့မစားရဘူး။ အူအတက်ပေါက်တတ်တယ်။ "

လရိပ် ဆားခွက်​လေးကို တိုးပေးလိုက်ရင်းမှ....

" ညီမလေး..... ဆားလေးနဲ့တို့စား။ တော်ကြာ ဗိုက်အောင့်မယ်။ "

ချစ်ချစ်သာ စားနေပေမယ့် ကိုကိုက သိပ်မစားပဲ တစ်စိတ်နှစ်စိတ်သာစားသည်။ ချစ်ချစ်သိတာပေါ့........ကောင်းတာဆိုလျှင် ချစ်ချစ်ကို စားစေချင်၍ ကိုကိုကလက်ရှောင်သလို ဘေးဖြစ်မှာစိုးလျှင် သူပါကူစားကာ ချစ်ချစ်ကို အာသာပြေသာစားစေ၏။

" ညီမလေး အိမ်စာတွေလုပ်ရဦးမယ်နော်။ "

" ချစ်ချစ် စာကူးစရာလဲရှိသေးတယ်။ "

လရိပ်ပြုံးကာ ချစ်ချစ်ခေါင်းလေးအား ခပ်ဖွဖွပုတ်မိရင်းမှ......

" စာက ကိုကိုကူးပေးမယ်။ ညီမလေးက အိမ်စာလုပ်နော်။ "

မာလကာသီးကို ပလုတ်ပလောင်းစားရင်းမှ သူ့အားခေါင်းငြိမ့်ပြလာသည့် ချစ်ချစ်။ လရိပ် တစ်ရှူးလေးထုတ်ကာ ပါးစပ်နားမှ ပေနေသည်အား သုတ်ပေးရင်းမှ လက်လေးဆွဲကာ စာလုပ်ရန်အိမ်ထဲ ပြန်ခေါ်လာခဲ့သည်။

သူ့အတွက် ညီမလေးဟာ တန်ဖိုးထားစောင့်ရှောက်ရမည့်လူဖြစ်သလို ညီမလေးအတွက် သူဟာ အားကိုးရာဖြစ်လာခဲ့၏။

@@@@@@@@@@@@@@@@@@@@@@

To continue P - 2

ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၂)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၃)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၄)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၅)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၆)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၇)


#lotaya_shortstory


#မျက်လုံး
#ချစ်စရာ
#ကောင်မလေး
#ညီမ
#အစ်မ

Some text some message..