ခွေးဇာတ်ခင်းသောမိန်းမ (အပိုင်း ၁)
lotaya.mpt.com.mm
|
2022-05-06

နိဒါန်း

………..

ယခုဇာတ်လမ်းကို ရေးရန် ကျွန်တော် အကြိမ်ကြိမ် စဥ်းစားခဲ့ရသည်။ ရေးဖို့ တွန့်ဆုတ်ခဲ့ရသည့် အကြောင်းရင်းများစွာ ရှိလေသည်။ ထိုအထဲမှ အဓိက အကြောင်းတစ်ချက်မှာ ဤဇာတ်လမ်းသည် အင်မတန် ခြောက်ခြားစရာကောင်းလွန်းသောကြောင့်ပင်။ အချို့လူများအတွက်မူ ဤဇာတ်လမ်းထဲရှိ အဖြစ်အပျက်များသည် အလွန်ပင် မသတီစရာဖြစ်နေပေလိမ့်မည်။ ဖတ်ပြီးလျှင် ရက်ပေါင်းများစွာတိုင်အောင် အစားအသောက်ပျက်သွားနိုင်သည်။ အိပ်မက်ဆိုးများမက်နိုင်သည်။ သေချာသည်ကတော့ ဤ၀တ္ထုကို ဖတ်မိသော အချို့သူများသည် အစက မဖတ်မိလျှင် ကောင်းလေစွဟု နောင်တအကြိမ်ကြိမ် ရသွားနိုင်သောကြောင့်ပင်။ ဒုတိယအကြောင်းရင်းမှာမူ ယခုဇာတ်လမ်းသည် စိတ်ကူးယဥ်မဟုတ်ဘဲ ဧကန်စင်စစ် ဖြစ်ခဲ့သော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ မြန်မာပြည်တွင်းရှိ အထက်တန်းစား လူကုံထန် အသိုင်းအ၀ိုင်းနှင့် နီးစပ်သော လက်တစ်ဆုပ်စာ လူနည်းစုသည် ဤဖြစ်ရပ်ကို သိရှိခဲ့ကြ၏။ အရာရှိကြီးများ၊ သဌေးကြီးများနှင့် ခရိုနီကြီးများတို့၏ လောကတွင် ယခု ကျွန်တော် ရေးသားဖော်ပြမည့် အကြောင်းအရာများသည် တီးတိုးပြောဆိုခွင့်ပင်မရသော ထိပ်တန်းလျှို့၀ှက်ချက်ကြီးတစ်ခုပင် ဖြစ်လေသည်။

သို့ဆိုလျှင် ဤမျှ ကြောက်ရွံထိတ်လန့်ဖွယ်ကောင်းသည့်အပြင် အသက်အန္တရာယ်ပေးနိုင်သော လူတစ်စုက အထူးလျှို့၀ှက်ထားသော ထို ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးကို ကျွန်တော်သည် အဘယ်ကြောင့် တစ်နိုင်ငံလုံး ဖတ်ရှုနိုင်ရန် ရေးသားဖို့ ဆုံးဖြတ်ခဲ့ရပါသနည်း။

ကျွန်တော်သည် ၀တ္ထုရေးဆရာတစ်ယောက်ဖြစ်သည်။ ၀တ္ထုရေးဆရာတစ်ဦးသည် ဇာတ်လမ်းတစ်ပုဒ်ကို ကြားရသည့်အခါ ထိုဇာတ်လမ်းသည် ပြောပြသင့်သည့် ဇာတ်လမ်းတစ်ပုဒ်ဟု ခံစားမိပါမူ ထိုအကြောင်းအရာသည် မိမိ၏ စိတ်ထဲတွင် ကျိန်စာတစ်ပုဒ်ပမာ ခိုအောင်းနေတတ်လေသည်။ ထိုဇာတ်လမ်းကို ထုတ်ပြောခွင့်မရမချင်း စိတ်အာရုံ၌ ဆူးကြီးတချောင်း စိုက်၀င်နေသလို ခံစားမိတတ်သည်။  ဤသည်မှာ ၀တ္ထုရေးဆရာ စာရေးဆရာများတွင် ဖြစ်တတ်သော ရောဂါတစ်မျိုးပင်။ ထို့ကြောင့်လည်း ကျွန်တော်သည် ဘ၀တွင် ကြားဖူးသမျှများထဲမှ အထူးဆန်းဆုံးဖြစ်သော ဤဇာတ်လမ်းကို ရေးသားရန် ဆုံးဖြတ်မိခဲ့သည်။

ဤဇာတ်လမ်း၏ ခေါင်းစီးကို ‘ခွေးဇာတ်ခင်းသောမိန်းမ’ ဟု ပေးခဲ့သည်မှာ အကြောင်းရှိလေသည်။ အမျိုးသမီးများအား ချိုးနှိမ်ဆက်ဆံ စော်ကားခြင်းကို ဆန့်ကျင်တတ်သော ကျွန်တော်သည် ထိုကဲ့သို့သော အသုံးအနှုန်း အပြောအဆိုမျိုးကို အမြဲရှုတ်ချလေ့ရှိသူဖြစ်သည်။ ခွေးဇာတ်ခင်းသည် ဆိုသော စကားသည် အိမ်ထောင်ရေးဖောက်ပြန်သူများကို ကဲ့ရဲ့သော စကားဖြစ်သည်။ အထူးအဖြင့် အမျိုးသမီးများအပေါ်တွင် သုံးတတ်လေသည်။ ကျွန်‌တော်သည် ထိုအကြောင်းကြောင့် ဤခေါင်းစီးကို ရှောင်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ယခုခေါင်းစီးကသာ အသင့်တော်ဆုံးဖြစ်နေခဲ့သည်။ စာဖတ်သူများလည်း ဤဇာတ်လမ်းကို အဆုံးထိ ဖတ်ပြီးသောအခါ ကျွန်တော်နှင့် သဘောတူကောင်း တူပေလိမ့်မည်။ နောက်ဆုံးတစ်ချက်မှာ ယခုဇာတ်လမ်းတွင် ခွေးအကြောင်းပါသဖြင့် ခွေးချစ်သူများက ကန့်ကွက်မည်ကို စဥ်းစားမိခဲ့သေးသည်။ သို့သော် အဆိုပါ ခွေးချစ်သူများကို မေတ္တာရပ်ခံလိုသည်မှာ ဇာတ်လမ်းကို ဆုံးခန်းတိုင်အောင် ဖတ်ရှုပေးရန်ဖြစ်ပါသည်။ ကျွန်တော်သည် အချို့သော ဇာတ်၀င်ခန်းများကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဖုံးဖုံးဖိဖိရေးမည်ဖြစ်သော်လည်း အချို့သောနေရာများတွင်မူ မရေးမဖြစ် ဖော်ပြရမည်များ ပါရှိနေသောကြောင့် နားနှင့်မနာ ဖ၀ါးနှင့်နာကြပါဟု စာဖတ်ပရိသတ်ကြီးအား ကြိုတင်မေတ္တာရပ်ခံလိုပါသည်။

ကျွန်တော်၏ နိဒါန်းအား ဤတွင် ရပ်တန့်ပြီး ဇာတ်လမ်းကို စတင်ပါမည်။ ဤ၀တ္ထုထဲရှိ ဇာတ်ကောင် နာမည်များမှာ မူရင်းအဖြစ်အပျက်ထဲမှ အမည်များမဟုတ်ဘဲ ပြောင်းလဲထားပါသည်။ တိုက်ဆိုင်မှု တစုံတရာရှိခဲ့လျှင် အနုပညာဖန်တီးမှုသာဖြစ်ပြီး တရားဥပဒေအရ တာ၀န်ယူမည်မဟုတ်ပါ။

……………………………….

လူယုံတော်ကြီး၏ ဖွင့်ဟ၀န်ခံချက်

……………………………

ကျွန်တော်သည် မြန်မာနိုင်ငံမှ ဆရာ၀န်ဘွဲ့ရခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ကြီးတွင် ဆရာ၀န်အလုပ်လုပ်ကိုင်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ ထိုသို့ လုပ်ကိုင်နေစဥ်အတွင်း ဆေးရုံ၌ ရံဖန်ရံခါဆိုသလို မြန်မာလူနာများကို တွေ့ဆုံမိတတ်သည်။ ဆရာ၀န်များသည် လူနာကို မကြည့်မီ ပထမဆုံး လူနာအမည်ကို ဖတ်ရှုရလေရာ မြန်မာနာမည်များကို တွေ့လိုက်ရသည်နှင့် လူနာသည် မြန်မာလူမျိုးဖြစ်ကြောင်း သိရှိတတ်ပြီးဖြစ်လေသည်။ ထို့ကြောင့်လည်း ယနေ့တွင် ကျွန်တော်ကြည့်ရှုရမည့်လူနာမှာ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အမည်မှာ အောင်သောင်း ဟု ရေးထားသည့်အတွက် မြန်မာလူမျိုး အဘိုးအိုတစ်ဦးဖြစ်ကြောင်း သိရှိလိုက်သည်။

အဘိုးအို၏ လူနာမှတ်တမ်းကို ဖတ်ရှုရင်း ကျွန်တော် ခေါင်းကို ခါရမ်းမိသည်။ ဦးအောင်သောင်းသည် အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် လူနာတစ်ဦးဖြစ်နေသည်။ သူသည် အဆုတ်ထဲတွင် ရေ၀င်သည့် လက္ခဏာများနှင့် ဆေးရုံသို့ ရောက်လာခြင်းဖြစ်သည်။ သူ့ထံတွင် ဆွေမျိုးမရှိ၊ မိသားစုမရှိ၊ ဆက်သွယ်ရမည့် အနီးစပ်ဆုံး မိတ်ဆွေမရှိ။ ဘိုးဘွားရိပ်သာတစ်ခုတွင် အချိန်ပြည့် စောင့်ရှောက်မှု ခံနေရသူတစ်ဦး။

‘အန်ကယ့်နာမည် ဦးအောင်သောင်း ဟုတ်ပါတယ်နော်’

ကျွန်တော် လူနာခန်းထဲသို့ ၀င်သွားလျှင် ဦးအောင်သောင်းသည် လူနာကုတင်ပေါ်တွင် ထိုင်လျက်ရှိသည်။ သူ့ကြည့်ရသည်မှာ အသက်ကို မနည်းရှူနေရသည်။ မော်နီတာပေါ်ရှိ အောက်ဆီဂျင်ပမာဏက ရှစ်ဆယ်နှင့် ကိုးဆယ်ကြားတွင် ပြေးနေ၏။ သူ၏ ဆံပင်သည် ဖြူဖွေးနေသည်။ မျက်နှာပေါ်တွင် အရေးအကြောင်းများ ထလျက်ရှိသည်။ ဦးအောင်သောင်းသည် ခြေဆံလက်ဆံကြီးသူတစ်ဦးဖြစ်ပြီး တချိန်က အင်မတန် ကြံ့ခိုင်ခဲ့လိမ့်မည်ဟု ကျွန်တော် ခန့်မှန်းမိလိုက်သည်။ ကင်ဆာရောဂါသာ မရှိပါမူ အသက်ရှစ်ဆယ် ဦးအောင်သောင်းသည် အသက်လေးဆယ် ကျွန်တော့်ကိုပင် အလဲထိုး နိုင်လောက်သည့် ခွန်အားရှိလေသည်။ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် လူနာဖြစ်သောကြောင့် သေးကွေးချိနဲ့ အဘိုးအိုတစ်ဦးကို မျှော်လင့်ထားခဲ့သော ကျွန်တော် အနည်းငယ် အံ့သြသွားမိသည်။ သို့သော် ဦးအောင်သောင်း၏ အဆုတ်သည် လုံး၀ကို ပျက်စီးနေပြီဖြစ်သည်။

‘ဟုတ်ပါတယ် ဒေါက်တာ။ သြော် ဒေါက်တာလည်း မြန်မာလူမျိုးပဲကိုး’

‘ဟုတ်ကဲ့ အန်ကယ်။ ကိုယ့်လူမျိုးချင်းတွေ့ရတာ ၀မ်းသာပါတယ်။ ကဲ ကျွန်တော် ဒီနေ့ ဘယ်လိုကူညီရမလဲ အန်ကယ်။ ပြောပါဦး’

ဦးအောင်သောင်းသည် အသက်ကို ဖုတ်လှိုက်ဖုတ်လှိုက်ရှူရင်း -

‘ကျွန်တော့်အသက် ရှစ်ဆယ်ရှိပါပြီ ‌ဒေါက်တာ။ သက်တမ်းလည်း စေ့ပါပြီ’

လူနာကုတင်ဘေးရှိထိုင်ခုံတွင် ကျွန်တော် ၀င်ထိုင်လိုက်သည်။ အပြင်ဘက်တွင် အရေးပေါ်ဌာနသည် ဆူညံပြီး အလုပ်များလျက်ရှိသည်။ သို့သော် ကျွန်တော်သည် အ‌ရေးပေါ် ဆရာ၀န်ပီပီ ပတ်၀န်းကျင်ကို အတတ်နိုင်ဆုံး လျစ်လျူပြုပြီး ဦးအောင်သောင်း၏ စကားများကိုသာ နားစိုက်ထောင်လျက်ရှိသည်။ အဘိုးအို အဘွားအိုလူနာများသည် စကားအများကြီးပြောချင်သည်။ သူတို့၏ ဘ၀ဇာတ်ကြောင်းကို အချိန်ယူပြီး ပြောတတ်သည်။ ပုံမှန် သက်ကြီးလူနာများဆိုလျှင် လိုရင်းသာ ဖြတ်မေးတတ်သော ကျွန်တော်သည် ယခု ဦးအောင်သောင်းကိုမူ ထိုသို့ မလုပ်ရက်ချေ။ သူသည် ရက်ပိုင်းမျှသာ အသက်ရှင်ရတော့မည့် လူတစ်ဦးဖြစ်သည်။ မြန်မာလူမျိုးတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် သူ့ထံတွင် ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက်မျှ မရှိချေ။

‘ဒေါက်တာ ဒီရောက်တာကြာပြီလား’

‘ဟုတ်ကဲ့ အန်ကယ်။ ကြာပါပြီ’

‘မြန်မာပြည်နဲ့ အဆက်အသွယ်ရှိသေးလား’

‘မိဘနှစ်ပါးလုံးတော့ ဆုံးပါးသွားပြီ အန်ကယ်။ ဒါပေမဲ့ အွန်လိုင်းမှာတော့ စာလေးဘာလေး နည်းနည်းပါးပါး ရေးဖြစ်ပါတယ်’

ဦးအောင်သောင်း၏ အိုမင်းလှသော မျက်လုံးများ အရောင်တောက်သွားကြသည်။

‘ဒေါက်တာက စာရေးဆရာလား’

‘အင်း.. အဲလောက်လဲ မဟုတ်ပါဘူးလေ။ ကျွန်တော့်စာတွေကို ဖတ်တဲ့ ပရိသတ်တချို့တော့ ရှိပါတယ်’

‘အတော်ပဲ ဒေါက်တာ။ ကျွန်တော့်ဆီမှာ အင်မတန် စိတ်၀င်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။ ဒီထက် ထူးဆန်းတဲ့ဇာတ်လမ်း ဒေါက်တာ ကြားဖူးမှာတောင်မဟုတ်ဘူး… အဟွတ် အဟွတ်’

‘ဖြည်းဖြည်း အန်ကယ်။ ခဏနားလိုက်ပါဦး’

ကျွန်တော် အောက်ဆီဂျင်ကို မြှင့်ပေးလိုက်ပြီး ဦးအောင်သောင်းကို နားခိုင်းလိုက်ရသည်။ စိတ်ထဲတွင်တော့ အနည်းငယ် ကသိကအောက်ဖြစ်မိသည်။ စာရေးဆရာများဆိုလျှင် ပိုပြီး နားလည်နိုင်ပေလိမ့်မည်။ အကြောင်းမှာ လူတိုင်းလိုလို စာရေးဆရာများနှင့် တွေ့လျှင် သူတို့၏ ဘ၀ဇာတ်ကြောင်းသည် ဘယ်လောက် စိတ်၀င်စားစရာကောင်းကြောင်း၊ သူတို့၏ ဘ၀ကို စာရေးလိုက်လျှင် မည်မျှ အထိ အောင်မြင်မည်ဖြစ်ကြောင်း ထင်ကြေးရှိတတ်ကြသောကြောင့်ပင်။ သို့သော် အများအားဖြင့်မူ စာရေးဆရာများအတွက် ထိုသူများ၏ ဘ၀ဇာတ်ကြောင်းများသည် ထင်သလောက်မဟုတ်ဘဲ သူလိုကိုယ်လို ဇာတ်လမ်းများသာ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ယခု ဦးအောင်သောင်းက ထိုသို့ပြောသောအခါ ကျွန်တော့်စိတ်ထဲတွင် … လာပြန်ပြီ နောက်တစ်ယောက် … ဟု ထင်မိသည်မှာ ကျွန်တော့် အလွန်မရှိပါချေ။

‘အန်ကယ် စကားအများကြီးပြောလို့မရသေးဘူး။ အန်ကယ့်အဆုတ်ထဲမှာ ရေတွေပြည့်နေတယ်။ အဲဒါကို အရင်ဖောက်ထုတ်ရမယ်။ အဲဒါပြီးရင်တော့ အန်ကယ် နည်းနည်း သက်သာသွားမှာ’

‘ကောင်းပါပြီဒေါက်တာ။ ဖြစ်နိုင်ရင်တော့ ကျွန်တော့် ဇာတ်လမ်းကို ဒေါက်တာ နားထောင်ပေးစေချင်ပါတယ်။’

‘အန်ကယ် သက်သာသွားရင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်’

ထို့နောက် ကျွန်တော်သည် ဦးအောင်သောင်း အဆုတ်ထဲမှ ရေဖောက်ထုတ်ရန် လိုအပ်သည်များကို ပြင်ဆင်ခဲ့သည်။ ကင်ဆာဌာနကပင် လက်မခံတော့သဖြင့် နာတာရှည်လူနာဆောင်တွင်ပင် တင်ရန် ဆုံးဖြတ်ရသည်။ ရေနှစ်ပုလင်းမျှ အဆုတ်ထဲမှ ထွက်သွားလျှင် ဦးအောင်သောင်း အသက်ရှူရသည်မှာ ပိုပြီးသက်သာလာသည်။ ကျွန်တော် အခြားလူနာများနှင့် အလုပ်ရှုပ်နေစဥ် ဦးအောင်သောင်းကို နာတာရှည် လူနာဆောင်သို့ ပို့လိုက်ကြသည်။ ကျွန်တော့်အလုပ်ချိန်ပြီးလျှင် အ၀တ်အစားလဲပြီး ဦးအောင်သောင်းရှိရာ လူနာဆောင်သို့ ဓာတ်လှေကားနှင့် တက်လာခဲ့သည်။

ညနက်ပိုင်းဖြစ်သဖြင့် ကျွန်တော် အလုပ်လုပ်သော ဆေးရုံကြီးသည် မှောင်မဲနေသည်။ လူပြတ်သောနေရာများတွင် ကော်ရစ်ဒါများသည် တိတ်ဆိတ်လွန်းနေသည်။ ဤနေရာတွင် လူပေါင်းများစွာ သေခဲ့ကြပြီးပြီ။ ကျွတ်လွတ်သူများလည်း ရှိနိုင်သည်။ မကျွတ်မလွတ်သေးဘဲ ဆေးရုံကြီး၏ အချို့နေရာများတွင် ခိုအောင်း နေကြသော ၀ိညာဥ်များလည်း ရှိနိုင်သည်။ အထူးသဖြင့် ယခု ကျွန်တော် လျှောက်နေသော ကော်ရစ်ဒါ၏ မှောင်ရိပ်ကျသော ထောင့်များထဲတွင် ကျွန်တော့်ခြေလှမ်းများကို စောင့်ကြည့်နေကြမည့် အမှောင်ကမ္ဘာသားများ ရှိကောင်းရှိနိုင်ပေလိမ့်မည်။

ဦးအောင်သောင်းရှိသော လူနာဆောင်ထဲသို့ ကျွန်တော် ရောက်လာခဲ့သည်။ နာတာရှည် ဖျားနာဆောင်သည် အရေးပေါ်ဌာနနှင့် မတူဘဲ ဆိတ်ငြိမ်လွန်းနေသည်။ ဖုန်းကိုထုတ်ပြီး နာရီကို ကြည့်လိုက်ရာ ညသန်းခေါင်ရှိပြီဖြစ်သည်။ ကျွန်တော့်အိမ်တွင် အမျိုးသမီးနှင့် ကလေးများ မရှိကြ။ သူတို့ မန်ချက်စတာရှိ ဆွေမျိုးအိမ်သို့ ညအိပ်ခရီးထွက်နေကြသည်။ ထို့ကြောင့် ကျွန်‌တော် အိမ်ပြန်နောက်ကျလျှင်လည်း စိတ်ပူမည့်သူမရှိချေ။ ကျွန်တော် သူနာပြုများထိုင်နေသည့် စားပွဲရှည်ကြီးဆီသို့ သွားလိုက်သည်။ သူနာပြုတစ်ဦးသည် ဆေးချိတ်ရန် ပြင်ဆင်နေသည်။ ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ဦးအောင်သောင်းနှင့် တွေ့ဆုံခွင့်တောင်းကာ အဘိုးအိုရှိရာအခန်းသို့ ထွက်လာခဲ့သည်။

လူနာခန်းသည် မီးပိတ်ထားသဖြင့် အမှောင်ကျနေသည်။ ပြတင်းပြင်ပမှ လရောင်နှင့် လမ်းမီးရောင်တို့ကြောင့်သာ အခန်းထဲရှိ အရာများကို ရေးတေးတေးမြင်နေရသည်။ ယခင်က တပ်ထားခဲ့သော အောက်ဆီဂျင်ကြိုးများ၊ နှလုံးခုန်နှုန်း မော်နီတာစက်များ တစ်ခုမျှမရှိတော့။ ကျွန်တော် နားလည်လိုက်သည်။ ဆရာ၀န် သူနာပြုများသည် ဦးအောင်သောင်းကို သက်သောင့်သက်သာရှိအောင်သာ လုပ်ပေးတော့မည့် အဆင့်။ ဤအချိန်တွင် တတီတီမြည်နေမည့် စက်များအားလုံးကို ပိတ်ထားလိုက်ပြီ။ ဦးအောင်သောင်း နှလုံးခုန်ရပ်သွားလျှင်လည်း သဘာ၀အတိုင်းသာ ရပ်သွားစေတော့မည်ဟူသည့်သဘောပင်။ သူတို့သည် ဦးအောင်သောင်းအား သေလူအဖြစ် လက်ခံထားလိုက်ကြလေပြီ။ ထိုအဖြစ်သည် ၀မ်းနည်းစရာကောင်းသော်လည်း တနည်းအားဖြင့် အေးချမ်းမှုကို ပေးစွမ်းနိုင်ကြောင်း ကျွန်တော် သတိထားမိလိုက်သည်။

အဘိုးအိုသည် အောက်ဆီဂျင်ပိုက်တပ်လျက်သားနှင့် ဦးခေါင်းကို ဘေးတဘက်သို့စောင်းကာ အိပ်ပျော်နေသည်။ သူ အသက်မှ ရှိပါသေးလားဟု ကျွန်တော် ရုတ်တရက် သံသယဖြစ်မိသွားသေးသည်။ သို့သော် အအိပ်ဆတ်ပုံရသော ဦးအောင်သောင်းသည် ကျွန်တော့် ခြေသံကိုကြားလျှင် မျက်စိကို ဖြေးညင်းစွာ ဖွင့်ကြည့်လိုက်သည်။

‘ဒေါက်တာ ပြန်လာတာပဲ။ ကျေးဇူးပါ ဒေါက်တာ’

‘ရပါတယ် အန်ကယ်။ သက်သာရဲ့လား’

ကျွန်တော် သူ့ဘေးရှိ ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။ ကျွန်တော်သည် ပြတင်းပေါက်ကို ကျောပေးထားသည်။ ကျွန်တော့်မျက်နှာကို သူသေချာမြင်ရမည်မဟုတ်။ ယင်းကို ကျွန်တော် သဘောကျသည်။ သေခါနီးလူတစ်ယောက် ကျွန်တော့်မျက်နှာ ခံစားချက်များကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်ကို ကျွန်တော်မလိုလားချေ။ ဦးအောင်သောင်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို လေးပင်စွာချလိုက်သည်။

‘ဒေါက်တာ အချိန်ရရဲ့လား’

‘ရတယ် အန်ကယ်။ ကျွန်တော် မနက်ဖြန် နားရက်’

‘ကောင်းပါပြီဒေါက်တာ။ ကျေးဇူးတင်ပါတယ်’

ဦးအောင်သောင်းသည် ကျေးဇူးတင်ကြောင်းကို ထပ်ခါထပ်ခါ ပြောနေခဲ့သည်။

‘အန်ကယ် ပြောချင်တဲ့ အန်ကယ့်ဘ၀ဇာတ်ကြောင်း ပြောပြပါလား။ အဆင်ပြေရင် ကျွန်တော် စာတစ်ပုဒ်ဖြစ်အောင် ရေးပေးပါ့မယ်’

‘ဒေါက်တာ...’

အဘိုးအိုသည် သူ၏ ကြီးမားသော လက်ဖ၀ါးကြီးများကို ကျွန်တော့်ဆီသို့ လှမ်းလိုက်သည်။ ထို့နောက် ကျွန်တော့် အင်္ကျီလက်ကို ဆုပ်ကိုင်လိုက်၏။ ရုတ်တရက် ကျွန်တော် ဘာလုပ်ရမှန်းမသိ။ အဘိုးအို၏ လက်ကြီးများသည် သန်မာလွန်းနေသည်။ ကျွန်တော် အသက်ရှူများမြန်လာသည်။ သတိကို ကြီးစွာထားနေရ၏။

‘ဒေါက်တာ...’

‘ဟုတ်.. ဟုတ်ကဲ့ အန်ကယ် ပြောပါ။ ဘာပြောမလို့လဲ’

‘ကျွန်တော်မေးတာ ဖြေစမ်းပါ ဒေါက်တာ။ ဒေါက်တာက ဆရာ၀န်ဆိုတော့ ကျွန်တော် မေးတာ ဖြေစမ်းပါ’

ကျွန်တော် ကြောက်လန့်လာမိသည်။ အခန်းထဲတွင် သူနှင့် ကျွန်တော်မှလွဲပြီး ဘယ်သူမှမရှိ။ စောစောက တွေ့ခဲ့သည့် သူနာပြုမှာလည်း လူနာ သုံးလေးခန်းကျော်တွင်သာ ရှိလေသည်။ အရေးပေါ် ခလုတ်မှာလည်း အခန်း၏ အခြားတဘက်တွင်။ ဦးအောင်သောင်းသည် သေခါနီးလူနာတစ်ဦးဖြစ်သော်လည်း သာမန်လူနှစ်ဦးစာ ခွန်အားရှိပုံရနေသည်။ မီးစာကုန် ဆီမခမ်းမီ ဟုန်းကနဲ ထတောက်သော အဖြစ်မျိုး ဖြစ်နိုင်လေသည်။ 

‘မေးပါ အန်ကယ်။ ရပါတယ်’

‘ဒေါက်တာက ဆရာ၀န်ဆိုတော့ သိမလားပဲ။ ဒေါက်တာ…’

ဦးအောင်သောင်း၏ မျက်လုံးကြီးများသည် ပြူးကျယ်လာသည်။ သူ၏ မျက်နှာကြီးသည် မဲ့ရွဲ့နေသည်။ သူသည် တစုံတခုကို ရွံရှာနေသလို။ တစုံတခုကို ကြောက်လန့်နေသလို။

‘…..လူနဲ့ ခွေးနဲ့ မိတ်လိုက်ရင် ကလေးရနိုင်တယ်ဆိုတာ ဒေါက်တာ လက်ခံသလား’

‘ဗျာ...’

ကျွန်တော် လုံး၀ မျှော်လင့်မထားခဲ့သော မေးခွန်း။

ဤ အဘိုးအိုထံမှ ဤသို့သော အခြေအနေတွင် ယခုမေးခွန်းသည် အလွန်ကို အဆီအငေါ်မတည့်သော မေးခွန်းတစ်ခုဖြစ်နေခဲ့သည်။ အဘိုးအိုသည် စိတ်အခြေအနေပုံမှန်မှ ဟုတ်ပါလေစ။ အသက်ဆုံးခါနီး ကယောင်ကတမ်းဖြစ်နေပုံရလေသည်။

‘အဲ.. အန်ကယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် သေချာတော့ မလေ့လာဖူးဘူး။ ဒါပေမဲ့ ကျွန်တော်ထင်တာတော့ မဖြစ်နိုင်ဘူးထင်တာပဲ။ လူနဲ့ ခွေးက မျိုးဗီဇချင်း မတူဘူးအန်ကယ်။ တိရစ္ဆာန်မျိုးစုချင်းတောင် မတူဘူး။ လူတွေက မျောက်တွေနဲ့တောင် ပိုနီးစပ်ဦးမယ်။ ဒါတောင် မဖြစ်နိုင်ဘူး။ ဟုတ်တယ် အန်ကယ် … ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့ပဲ ထင်ပါတယ်’

ဦးအောင်သောင်း ကျွန်တော့် အင်္ကျီစကို ဖြေလျှော့လိုက်သည်။ သူ အိပ်ရာပေါ်သို့ ပြန်လဲကျသွားသည်။

‘ကျွန်တော်လည်း အဲလိုထင်ခဲ့တာပါပဲ ဒေါက်တာ။ ကျွန်တော်လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာပါပဲ။ အခုထိလည်း မဖြစ်နိုင်ဘူးလို့ ထင်နေတုန်းပါပဲဗျာ...’

အဘိုးအို၏ အသံကြီးသည် စကားအဆုံးတွင် အက်ကွဲတိမ်၀င်သွားခဲ့သည်။ သူ၏ အိုမင်းရင့်ရော်သော ပါးပြင်ပေါ်သို့ မျက်ရည်ပေါက်ကြီးများ တွေတွေစီးကျလာခဲ့သည်။ ယခုအခါ ကျွန်တော်သည်လည်း စိတ်မမှန်သော လူတစ်ဦးလို ခံစားနေရလေပြီ။ … ငါလာခဲ့တာ မှားပြီ.. ဟုပင် စိတ်ထဲတွင် တွေးမိလာသည်။ ထိုအခန်းထဲမှ ကျွန်တော် ထွက်သွားရန် တွေးမိသေးသည်။ … ငါ ဒီမှာ ဆက်နေစရာ ဘာအကြောင်းမှ မရှိဘူး။ ငါ့မှာ ဒီအဘိုးကြီးနဲ့ ပတ်သက်ပြီး ဘာတာ၀န်မှ မရှိဘူး...။ သို့သော် ရှင်းပြ၍ မရနိုင်သော အင်အားတစ်ခုက ကျွန်တော့်ကို ထိုအခန်းထဲတွင် ဆက်ရှိနေစေခဲ့သည်။ ထိုထိုင်ခုံပေါ်တွင် ဆက်ပြီး ထိုင်နေစေခဲ့သည်။ ဦးအောင်သောင်းသည် ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပြီး တိုးညင်းချိနဲ့လှသော အသံကြီးနှင့် သူ၏ ဇာတ်လမ်းကို ပြောပြခဲ့သည်။

‘ကျွန်တော် မြန်မာပြည်မှာတုန်းက သူဌေးကြီးတစ်ယောက်ရဲ့ အိမ်မှာ သက်တော်စောင့် လူယုံအလုပ်ကို လုပ်ခဲ့တယ်။ ကျွန်တော့် အသက်နှစ်ဆယ်အရွယ်လောက်ကတည်းကဆိုပါတော့ ….။ ဒီသူဌေးကြီးဟာ မြန်မာပြည်မှာတော့ အချမ်းသာဆုံး ထိပ်ဆုံး ဆယ်ယောက်ထဲမှာ ပါတယ်။ သူ့နာမည်ကိုတော့ ဒေါက်တာသိမှာပါ။

သူဌေးကြီး ဦးစိန်လင်း ဆို အဲဒီခေတ်မြန်မာပြည်က လူအတော်များများ သိခဲ့ကြမှာပါ။ ခုထိလည်း မှတ်မိနေကြတုန်းပဲ နေမှာပါ။ ဒါပေမဲ့ သူနဲ့ ပတ်သက်တဲ့ သူ့အိမ်တွင်းရေး၊ အတွင်းရေး ကိစ္စကြီးတစ်ခုကိုတော့ လူတော်တော်များများ မသိကြဘူး။ ကျွန်တော် ပြောချင်တာက အဲဒီအကြောင်းပဲ ဒေါက်တာ’

အသက်လေးဆယ်ရှိသော ကျွန်တော်သည် ကလေးဘ၀ကြားဖူးခဲ့သော ဦးစိန်လင်းဆိုသည့် နာမည်ကို မှတ်မိနေသည်။

‘ဒေါက်တာတို့ သိတဲ့အတိုင်းပါပဲ။ ဦးစိန်လင်းဟာ ဒုစရိုက်မှုမျိုးစုံလုပ်ပြီး ချမ်းသာခဲ့တယ်။ အဓိကကတော့ ဘိန်းဖြူပေါ့လေ။ အဲဒီခေတ်က ဗိုလ်ချုပ်ကြီးတွေ၊ အရာရှိကြီးတွေ အားလုံးကို သူ့အိတ်ထဲမှာ ထည့်ထားခဲ့တာပဲ။ မြန်မာပြည်ရဲ့ ဘိန်းဖြူရာဇာကြီးတစ်‌ယောက်ပေါ့။ ကျွန်တော်ကတော့ အဲဒီ့ ဘိန်းရာဇာကြီးရဲ့ ညာလက်ရုံး လူယုံတစ်ယောက်ပဲ။ ဒေါက်တာ စဥ်းစားကြည့်ပါ။ ကျွန်တော် အဲတုန်းက ဘယ်လောက်တောင် ပါ၀ါရှိခဲ့မလဲဆိုတာ’

ကျွန်တော် ထိုအခါမှ ဦးအောင်သောင်းကို သေချာကြည့်မိသည်။

‘နေပါဦး… အန်ကယ်က … အဲဒီခေတ်က ကော်ဘရာ ဂိုဏ်းခေါင်းဆောင် ရွှေသွားအောင်သောင်း ဆိုတာလား’

အဘိုးအိုသည် သဘောကျစွာ ရယ်လိုက်သည်။ သူ့ပါးစပ်ထဲမှ ရွှေသွားအချို့ကို ကျွန်တော် သတိထားမိလိုက်သည်။

‘အမှန်ပဲ ဒေါက်တာ။ ကျွန်တော့်လို လူတစ်ယောက်အနေနဲ့ ပုံမှန်ဆိုရင်တောင် စိတ်၀င်စားစရာ ဇာတ်လမ်းတွေ အများကြီးပါပဲ။ ဒါပေမဲ့ အခုပြောမဲ့ ဇာတ်လမ်းက ပုံမှန် လူစိတ်၀င်စားစရာ ဇာတ်လမ်းတွေထက် အဆပေါင်းများစွာ ပိုနေလို့ ဒေါက်တာ့ကို ပြောပြချင်တာပါ’

ဦးအောင်သောင်း ပြောမည့်ဇာတ်လမ်းကို ကျွန်တော် အမှန်ပင် စိတ်၀င်စားမိလာသည်။ သူသည် သာမန်အညတြ လူတစ်ယောက်မဟုတ်ကြောင်းလည်း သိလာရသည်။ စကားပြောနေရင်း အဘိုးအိုသည် စိတ်ဖောက်ပြန်ခြင်း မရှိကြောင်းလည်း ကျွန်တော် နားလည်လာသည်။

‘ကျွန်တော့်ရဲ့ လူယုံသက်တမ်းတလျှောက်မှာ ဒုစရိုက်လောကထဲက လူတွေ ပြိုင်ဘက်တွေကို လိုရင် လိုသလို ညှင်းဆဲခဲ့ သတ်ဖြတ်ခဲ့ရတာတွေ အများကြီးပါပဲ။ ကျွန်တော်ဟာ သေရမှာလည်း မကြောက်ခဲ့ဘူး။ သတ်ရမှာလည်း ၀န်မလေးခဲ့ဘူး။ ဒါပေမဲ့…. ကျွန်တော် ကြုံခဲ့ရတဲ့ အဲဒီအဖြစ်ကြီးကို စဥ်းစားမိတိုင်း အခုအထိ တုန်လှုပ်မိတုန်းပဲ’

‘ဘယ်အဖြစ်ကြီးလဲ အန်ကယ်’

‘အခုပြောပြမဲ့ အဖြစ်ဆိုးကြီးပေါ့ ဒေါက်တာ။ အင်မတန် ခြောက်ခြားစရာ၊ အော်ဂလီဆန်စရာကောင်းတဲ့ အဖြစ်ဆိုးကြီးပေါ့’

ဟု အစချီလျက် ဦးအောင်သောင်းသည် သူကြုံတွေ့ခဲ့ရသော ထူးဆန်းလှသည့် အတွေ့အကြုံများကို လန်ဒန်မြို့ကြီးရှိ ဖျားနာဆောင်တစ်ခုအတွင်းတွင် ကျွန်တော့်အား ပြန်ပြောင်း ပြောပြခဲ့လေသည်။

…………………………………..

၁၉၈၀ ပြည့်နှစ်၀န်းကျင်။

မြန်မာနိုင်ငံတွင် မဆလအစိုးရ ကြီးစိုးစဥ်က။ ဘိန်းဖြူရာဇာကြီးများသည် ဆိုင်ရာပိုင်ရာများကို အိတ်ထဲထည့်ပြီး ရန်ကုန်မြို့ကြီးတွင် သူတလူငါတမင်း အာဏာပြိုင်နေကြသောခေတ်ဖြစ်လေသည်။ ထို ဘိန်းရာဇာကြီးများအနက် ဦးစိန်လင်းသည် ထိပ်ဆုံးကဖြစ်သည်။ သူသည် ရွှေတြိဂံနယ်မြေမှ ထွက်သော ဘိန်းဖြူအားလုံးနီးပါးကို အမေရိကား၊ ဥရောပ စသည့် ဒေသကြီးများသို့ ဒိုင်ခံ ဖြန့်ဖြူးပေးနေခဲ့သူပင်။

ထိုစဥ်က အသက်လေးဆယ်မျှရှိသော ရွှေသွားအောင်သောင်းသည် ရန်ကုန်မြို့လူမိုက်လောကတွင် နေရာတစ်ခုရထားပြီဖြစ်သည်။ သူသည် ကော်ဘရာ မြွေဟောက်ဂိုဏ်းကို ထူထောင်ရင်း ဦးစိန်လင်း၏ လက်မရွံ့လူယုံတစ်ဦးအဖြစ်လည်း တာ၀န်ထမ်းဆောင်နေသူ။

‘အောင်သောင်း မင်းကိုငါ ပြောစရာရှိတယ်’

ဦးစိန်လင်းသည် အင်းလျားလမ်းပေါ်ရှိ သူ၏ ဧရာမတိုက်ကြီးထဲတွင် လူယုံတော် အောင်သောင်းကို ရုံးခန်းထဲသို့ခေါ်ကာ တစုံတခုကို အရေးအကြီးပြောခဲ့သည်။

‘ဟုတ်ကဲ့ ပြောပါ ဆရာကြီး’

‘ငါ အကွက်ကောင်းတစ်ခု တွေ့ထားတယ် အောင်သောင်း’

‘ဟုတ်’

‘အေး အဲဒါ ငါတို့ ကချင်ဘက်ကို ခရီးထွက်ရလိမ့်မယ်’

‘အဲဒီမှာ ဘာရှိလို့လဲ ဆရာကြီး’

‘ဟား ဟား ဘိန်းဖြူက အတိတ်မှာ ကျန်ခဲ့တော့မယ်ကွ။ မင်းနှယ် တော်တော်တုန်းတာပဲ။ ငါတို့ အနာဂတ်က စိတ်ကြွဆေးပြားတွေ။ ရာဘ လို့ ခေါ်တယ်။ သူတို့က စိုက်ခင်းမလိုဘူး။ ဓာတ်ခွဲခန်းမှာလုပ်တာ’

အောင်သောင်း အံ့သြသွားမိသည်။ သူ့ဆရာ ထိပ်ဆုံးရောက်သည်မှာလည်း မပြောနှင့်။ အရာရာကို ကွက်ကျော်မြင်တတ်သူတစ်ဦးပင်။ သို့နှင့် သူတို့ ဆရာတပည့်နှစ်ဦးသည် အခြား သက်တော်စောင့်အနည်းငယ်နှင့် ကချင်ပြည်ဘက်ရှိ တရုတ်နယ်စပ်မြို့လေးသို့ ရောက်လာခဲ့သည်။ ဆေးပြားများထုတ်သည့် တရုတ်လူမျိုးအချို့နှင့် အလုပ်ကိစ္စပြောပြီး၍ ညပိုင်းရောက်လျှင် သူတို့သည် မြို့ထဲရှိ အနှိပ်ခန်း တစ်ခုသို့ ချီတက်ခဲ့လေသည်။

‘ဟေ့ ဂမ်မောင်။ ငါတို့အတွက် အသစ်လေးတွေ ထုတ်ပေးကွာ’

‘ဟုတ် ဆရာကြီး။ မနေ့ကမှ ရောက်တာလေးတွေရှိတယ်’

သူတို့ အုပ်စုသည် ကြမ်းပေါ်တွင် အိပ်ရာများခင်းထားသော အခန်းထဲသို့ ၀င်ပြီး အ၀တ်များကို ချွတ်ကာ ကိုယ်ပေါ်တွင် တဘက်များ အသီးသီးလွှားပြီး မိန်းကလေးများကို စောင့်နေကြသည်။ ဦးစိန်လင်းသည် အသက်ငါးဆယ်ကျော်သည်အထိ အိမ်ထောင်ပြုခြင်းမရှိဘဲ ကြုံရာမိန်းကလေးများနှင့် ပျော်ပါးပြီး အရက်သေစာ သောက်စားမူးယစ်ခြင်းနှင့်သာ အချိန်ကုန်လေသည်။ သူသည် အရက်ကလေး ထွေနေသဖြင့် အိပ်ရာပေါ်တွင် မှောက်လျက်အိပ်စောင့်နေရာမှ မှေးကနဲ ပျော်သွားသည်။ သူပြန်နိုးလာလျှင် မိန်းကလေးက မည်းမည်းပြောင်ပြောင် သူ့ကျောပြင်ကြီးကို ဆီလူးပြီး ပွတ်သပ်နှိပ်နယ်ပေးနေလေပြီ။

‘ဟဲ့ နင်နှိပ်တာကလည်း။ ကလိထိုးနေသလိုပဲ’

ပြောပြောဆိုဆိုနှင့် ဦးစိန်လင်းသည် လှည့်ကြည့်လိုက်လျှင် သူ့ကို နှိပ်ပေးနေသော မိန်းကလေးကို တွေ့လိုက်ရသည်။ ဘိန်းရာဇာကြီး၏ မျက်လုံးများ စူးရှတောက်ပသွားသည်။ သူ့ဘ၀တွင် တွေ့ဖူးသမျှ မိန်းကလေးများအားလုံးအနက် အလှဆုံး မိန်းကလေးတစ်ဦးပင်။ သူမ၏ ဆံပင်များသည် နက်မှောင်ကာ ကျောနောက်တွင် ပျော့ပျောင်းစွာ ၀ဲကျနေသည်။ သနပ်ခါးပါးပါး လိမ်းထားသော အသားအရေသည် ဖြူ၀င်းပြီး နှုတ်ခမ်းလေးများမှာ နှုတ်ခမ်းနီဆိုးထားစရာမလိုဘဲ နီရဲနေသည်။ သူမ၏ ကိုယ်သင်းနံ့သည် ဦးစိန်လင်းကို ချက်ချင်းပင် ပြုစားလိုက်သလိုရှိသည်။

‘နင်.. နင့်နာမည် ဘယ်သူလဲ’

‘မူယာပါ အစ်ကိုကြီး’

‘နင်ဘယ်ကလဲ။ ကချင်လား’

‘မဟုတ်ပါဘူး အစ်ကိုကြီး။ မူယာက အညာဘက်ကပါ’

ဦးစိန်လင်း သူ့တပည့်ကျော် အောင်သောင်းကို လှည့်ကြည့်လိုက်သည်။ လူမိုက်ခေါင်းဆောင်သည် သူ့ဆရာကို အူကြောင်ကြောင်နှင့် ပြန်ကြည့်မိသည်။ ပုံမှန်ဆိုလျှင် ဦးစိန်လင်း သူ့ကို လှမ်းကြည့်လျှင် သူ့အနေနှင့် ထိုလူကို အပြတ်ရှင်းရမည်ဟု နားလည်ထားသော်လည်း ယခုအခါ ဆရာဖြစ်သူက ဘာကို ဆိုလိုမှန်း မသိချေ။ ဤမိန်းကလေးကို အပြတ်ရှင်းရမည်လား။ အာစရိက ဘာများဖြစ်ချင်တာပါလိမ့်။

အမှန်တော့ ရွှေသွားအောင်သောင်းသည် သတ်ရ ဖြတ်ရမည့်နေရာတွင်သာ ဇရှိသော်လည်း အချစ်ရေးနှင့် ပတ်သက်ပြီး တလုံးတပါဒမျှ နားမလည်ခဲ့။ အကြောင်းမှာ ထိုနေ့မှစပြီး ရေတွက်၍ တစ်ပတ်ပြည့်သော နေ့တွင်ပင် ဦးစိန်လင်းသည် မူယာကို ဇနီးမယားအဖြစ် တောင်းရမ်း လက်ထပ်ယူလိုက်သောကြောင့်ပင် ဖြစ်လေတော့သည်။

……………………………………….

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

#lotaya_shortstory


#ဇာတ်လမ်း
#စိန်
#အရာ
#အသက်
#လောက

Some text some message..