ချစ်ခြင်းထက် သာလွန်၍ _ အပိုင်း(၃)
lotaya.mpt.com.mm
|
2022-05-15

လရိပ် အဖေ့ဆီမှ ကြားလိုက်ရသည့်စကားကြောင့် ထိတ်လန့်သွားရရင်း ဟန်မဆောင်နိုင်အောင် မျက်နှာပျက်သွားရသည်။ တစ်ချိန်လုံး သူစိုးရိမ်နေခဲ့သမျှ ခုနောက်ဆုံး ထင်သည့်အတိုင်းဖြစ်လာပေမယ့် သူ့အတွက် လက်မခံနိုင်။

" ကွာ...ကွာရှင်းမယ် ဟုတ်လား အဖေ။ "

" ဟုတ်တယ် သား......အဖေတို့ ဒီအပတ်အတွင်း အိမ်ပေါ်ကဆင်းကြမယ်။ "

မြန်လိုက်တာ.....။ လရိပ် ချစ်ချစ် မျက်နှာလေးကို ပြေးမြင်မိသွားရင်းမှ ရင်ထဲလေးပင်သွားရ၏။ သူ ဒီကလေးမကို တစ်ယောက်ထဲ ထားခဲ့ရမည်တဲ့လား။ သူ ဘယ်လိုစိတ်မျိုးနဲ့ စိတ်ချလက်ချ ထားခဲ့နိုင်ပါ့မလဲ။

" ပြန်ပြီး အဆင်မပြေနိုင်ဘူးလား အဖေ။ "

" ခင်မမ က နောက်အိမ်ထောင်ထပ်ပြုမှာ သား။ အဆင်ပြေနိုင်မပြေနိုင် သားစဥ်းစားကြည့်ပေါ့။ "

နောက်အိမ်ထောင်...... ဒါဆို ညီမလေးနဲ့ ဖြစ်ပါ့မလား။ ညီမလေးက အရွယ်ရောက်နေပြီဖြစ်သလို အစွမ်းကုန်လှသွေးကြွယ်နေသည့် အရွယ်။ ပိုပြီး စိတ်မချနိုင်ဖြစ်သွားရကာ ငိုင်ကျသွားသည့် လရိပ်ပုံစံကြောင့် ဦးမင်းရိပ် သက်ပြင်းချမိ၏။

" သား......ချစ်နှင်းဆီဟာ သားနဲ့သွေးမတော်သားမစပ်ပေမယ့် အများအမြင်မှာ သားညီမပဲ။ အဖေ ပြောတာ သား နားလည်မှာပါ။ "

လရိပ် နာနာကျင်ကျင် ပြုံးမိရင်းမှ အင်အားမဲ့စွာ ခေါင်းငြိမ့်ပြမိသည်။ သူ သိပါသည်။ သူ သိလွန်းလို့လဲ အမြဲ ဆင်ခြင်ပေမယ့် နှလုံးသားကတော့ အဆင်အခြင်မဲ့တတ်တာ အဖေ မရိပ်မိဘူးထင်ပါရဲ့။ ညီမလေးကို အခြားကောင်လေးတွေ စနောက်လျှင် သူမကြိုက်သလို ပိုးပန်းကြသည့်အခါ သူအရမ်းစိတ်တို၏။ သူ့ကို ဂရုစိုက်ပေး ကြင်ကြင်နာနာရှိသည့်အခါကျ ကြည်နူးမိသလို အခြားလူများ ဝင်လာလျှင်ဟု တွေးမိတိုင်း သူ တုန်လှုပ်တတ်လာထဲက သူ့ကိုယ်သူ ရိပ်မိခဲ့ပါ၏။

သူ ညီမလေးကို ချစ်နေမိပြီ။

ချစ်ချစ် ခေါက်ဆွဲပြုတ်သောက်နေရင်းမှ ထမင်းစားခန်းထဲ ဝင်လာသည့် ကိုကို့ကိုမြင်တော့ မျက်စလေးပင့်မိသွားကာ ပလုတ်ပလောင်းဖြင့် လှမ်းခေါ်၏။

" ကိုကို့......ကိုကို့ လာလေ ချစ်ချစ် ခေါက်ဆွဲပြုတ်သောက်နေတာ ။ "

လရိပ် ရင်ထဲကအပူကို မရိပ်မိအောင် ဟန်ဆောင်ပြုံးရင်းမှ ညီမလေးကို ငေးစိုက်ကြည့်မိ၏။ ခေါက်ဆွဲပြုတ်ပန်းကန်အား ငဲ့ကြည့်ရင်းမှ.....

" ခေါက်ဆွဲက ဘယ်လိုပြုတ်ထားတာလဲကွာ။ ခဏစောင့် ကိုကို ပြန်လုပ်ပေးမယ်။ "

ချစ်ချစ် ဟီးခနဲ ပြုံးမိသွားရင်း ကိုကို လုပ်ကိုင်နေသမျှကို မေးလေးထောက်ကာ ငေးကြည့်နေမိ၏။ ကြက်ဥကြော်ပေးသလို ကင်ချီတွေဘာတွေပြင်ပေးရင်း ခေါက်ဆွဲပြုတ်ထဲ ဘေကွန်တွေ အသားလုံးလေးတွေပါထည့်ပေးကာ စိတ်ရှည်လက်ရှည် လုပ်ပေးသည်။

" မွှေးနေတာပဲ...... ချစ်ချစ်က တစ်သက်လုံး ကိုကိုပြုတ်ပေးတဲ့ ခေါက်ဆွဲပြုတ်ပဲ ထိုင်စားရရင်တောင် မငြီးငွေ့ဘူး သိလား။ "

ကြက်သွန်မြိတ်တွေလှီးနေသည့် လရိပ်လက်က တန့်သွားရရင်း တစ်သက်လုံးဆိုသည့်စကားမှာ နာကျင်စူးနင့်သွားရ၏။ တစ်သက်လုံးတဲ့လား.....ကိုကို့မှာ အဲ့အခွင့်အရေး ရှိပါ့မလား။ ဝဲတက်လာသည့် မျက်ရည်စတွေကို မျက်တောင်ဖြင့် ပုတ်ခတ်ဖယ်ရှားလိုက်ရင်းမှ ပြုံးလိုက်ကာ.....

" ကိုကိုက ညီမလေး ကို ခေါက်ဆွဲပြုတ်ချည်းပဲတော့ တစ်သက်လုံး မကျွေးပါဘူးဗျာ။ အခြား ပိုကောင်း ပိုအရသာရှိတဲ့ဟင်းတွေချက်ကျွေးမှာပေါ့။ "

ကိုကို့စကားကြောင့် ချစ်ချစ် ရယ်လိုက်မိသလို အရှေ့ရောက်လာသည့် ခေါက်ဆွဲပြုတ်ပန်းကန်အားကြည့်ပြီး လက်ခုပ်လေးတီးမိ၏။

 ချစ်ချစ်အတွက်လေ ကိုကိုက တောင်တန်းကြီးဖြစ်ခဲ့တာ။ တောင်တန်းတွေဟာ မာကြောခိုင်ခံ့လွန်းလို့ ဘယ်တော့မှ မပြိုတတ်ဘူး ထင်ခဲ့တာ။ မသိခဲ့ဘူးလေ.....ကိုကိုဟာ သိပ်ကို ဟန်ဆောင်ကောင်းတဲ့လူမှန်း။

အကယ်၍ တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်က ကမ္ဘာပေါ်မှာ ဟန်ဆောင်အကောင်းဆုံးသူ ဘယ်သူလဲလို့များ မေးလာခဲ့ရင် ရင်နာနာနဲ့ပြုံးရင်း ကိုကို့နာမည်ကို ပြောပြရမယ်ထင်ပါရဲ့။

@@@@@@@@@@@

ချစ်ချစ် မနက်စောစော ကိုကိုနဲ့အတူ လမ်းလျှောက်ပြီး ပြန်လာစဥ် ချစ်ချစ်တို့အိမ်ပေါက်ဝမှာ စက်ဘီးရပ်ကာ လက်ထဲချိုင့်တစ်လုံးဆွဲ၍ စောင့်နေသည့် သရဖီ့ကို မြင်လိုက်ရသဖြင့် ချစ်ချစ် အလိုမကျစွာ မျက်မှောင်လေးကျူံ့မိသွား၏။ ကိုကို့ကို မြင်သည်နှင့် ဝမ်းသာအားရ ဖြစ်သွားဟန်ကအစ မျက်စိထဲ အမြင်ကတ်စရာကောင်းနေသည်။

" လရိပ်.....ဟိုလေ သရဖီတို့အိမ်မှာ ကြာဆံချက် ချက်စားလို့ လာပို့တာ။ "

" ဟွန်းးးးးးကိုကိုက ကြာဆံချက် မကြိုက်ပါဘူးနော်......ဟုတ်တယ်နော် ကိုကို။ "

လရိပ် စူပုတ်နေသည့် ညီမလေးကြောင့် အားတုံ့အားနာ ပြုံးမိရင်းမှ....

" ညီမလေးကလဲ.....စေတနာနဲ့လာပို့တာကို အဲ့လိုမပြောရဘူးလေ။ "

" အို....မကြိုက်လို့မကြိုက်ဘူးပြောတဲ့ဟာ။ ကိုကို စားချင်သပဆိုလဲ စားပေါ့။ ချစ်ချစ်ကတော့ မစားချင်ပါဘူး။ "

ဆူဆောင့်အောင့်ပြီး ခြံထဲဝင်သွားသည့်ပုံစံကို ကြည့်ရုံနှင့် သူ့အား စိတ်ဆိုးသွားမှန်း သိလိုက်သည်။ ကြာဆံချက်ချိုင့်အား ယူကာ အိမ်ထဲဝင်လာသည်နှင့် အိမ်ပေါ်ထပ်မှ အဝတ်အစားလဲကာ ဆင်းလာသည့် ချစ်ချစ်။

" ညီမလေး ဘယ်သွားမလို့လဲ ".

" မုန့်သွားစားမလို့..... ကိုကို့ဘာသာ လာပို့တာစားပြီးနေခဲ့။ "

လရိပ် ချိုင့်ကို စားပွဲပေါ် တင်လိုက်ပြီး ကပျာကယာ နောက်မှ လိုက်ရန်ပြင်ပေမယ့်....

" မလိုက်လာနဲ့နော်......ကိုကို ချစ်ချစ်ကို စကားလဲလာမပြောနဲ့ ခေါ်လဲမခေါ်နဲ့။ "

ကြည့်စမ်း......သူ့ကိုဆို နိုင်စားလိုက်သည့် ဖြစ်ခြင်းမှာ အမြဲတမ်း အလိုလိုက်ခဲ့၍ထင်ပါသည်။ ခြံထဲမှ စက်ဘီးကို နင်းပြီး ထွက်သွားသည့် ပုံစံအရ ဘယ်သွားမလဲ သူ ကြိုရိပ်မိပြီးသားပင်။ သူမလေးနဲ့ ပက်သက်ပြီး သူ မသိတာမရှိမှမရှိပဲလေ။ ခဏနေမှ နောက်က လိုက်သွားရန်တွေးကာ ခွဲရမည့်အရေးကို စဥ်းစားမိတော့ ရင်ထဲလေးပင်သွားရ၏။

--------------------------

လမ်းကြားလေးထဲ စက်ဘီးလေးနှစ်စီးက ဘေးချင်းယှဥ်လျက် နင်းလာကြသလို ထိုနှစ်ယောက်ကား အခြားမဟုတ် လရိပ် နှင့် ချစ်နှင်းဆီပင်။ စိတ်ကောက်နေသည့် ချစ်နှင်းဆီ၏ ချစ်စဖွယ် မျက်နှာလေးက စူပုတ်နေကာ ဘေးမှစက်ဘီးချင်း ယှဥ်နင်းလာရင်း လိုက်ချော့နေသည့် လရိပ်အား မျက်စောင်းတထိုးထိုး။

" ဟောဗျာ......ကိုကို က ဘာမှမလုပ်ဘူးလေ။ အဲ့ကြာဆံချက်လဲ မစားဘူး။ မကောင်းတတ်လို့ ယူထားရုံပဲ......ပြီးတော့ ညီမလေး ကြိုက်တယ်မဟုတ်လား။ "

" မသိဘူး....မသိဘူး ကိုကို့ကို မခေါ်ဘူး။ "

လရိပ် ပြုံးမိသလို ထိုကဲ့သို့ ပြုံးနိုင်ပါ့မလားဟု ပိုစိတ်ဆိုးသည့် ချစ်နှင်းဆီ။ ကိုကိုဟာ ချစ်ချစ်အတွက် တန်ဖိုးဖြတ်မရနိုင်သော လူပါ။ ချစ်ချစ်လက်ထဲကနေ ကိုကို့ကို လုသွားကြမှာ စိုးရိမ်သည်။ ကိုကို ချစ်ချစ်ထက် တခြားသူကို ပိုချစ်သွားမှာ ကြောက်သည်။

" ကျွီ........."

ချိန်းကြိုးကျသွားသဖြင့် ချစ်ချစ် စက်ဘီးပေါ်မှဆင်းကာ ခြေလေးဆောင့်မိ၏။ စိတ်ဆိုးရတဲ့အထဲ ချိန်းကျသွားရတယ်လို့ အရှိန်ကိုပျက်တယ်။

" ကိုကို့ ချစ်ချစ် စက်ဘီး......."

ခုကျတော့ စောနက စိတ်ဆိုးတာ သူမလေး မဟုတ်သလိုပင်။

" အဲ့စက်ဘီးက လေလဲမရှိတော့ဘူး။ လာ......ကိုကို့ စက်ဘီးနောက်ကိုတက်။ "

လရိပ် စက်ဘီးပေါ်မှဆင်းကာ အနီးရှိ ကွမ်းယာဆိုင်မှ အန်တီကြီးအား ညီမလေးရဲ့ စက်ဘီးကိုခဏအပ်ထားခဲ့ရ၏။ ဒီလူနဲ့ ဒီလူသိနေကြတာမို့ ကိစ္စမရှိသလို သူ့စက်ဘီးနောက်ခုံပေါ်တက်ကာ ခါးအားတင်းတင်းလေးဖက်လာသည့် ညီမလေး။ လရိပ် စက်ဘီးလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်မိရင်းမှ သက်ပြင်းကြိတ်ချမိသည်။

" ကိုကို့ နင်းလေ......"

" သြော်......ဟုတ်ပါပြီဗျာ။ "

စောနကအထိ စိတ်ဆိုးနေတာ သူမလေး မဟုတ်တော့သလိုပင်။ သီးချင်းလေးငြီးရင်းမှ ပျော်ရွှင်စွာ ပါလာသည့်တိုင် သူကတော့ ရင်တစ်ခုလုံး တင်းကြပ်နေခဲ့သည်။ ကိုကို မပျော်နိုင်ဘူး ညီမလေးရယ်။ ခွဲရမှာကို သိသိကြီးနဲ့ ကိုကို မပျော်နိုင် မရယ်နိုင်ဘူး။

@@@@@@@@@@

ချစ်ချစ် အအေးခွက်လေးကိုင်လာရင်းမှ ခြံထဲတွင် ချစ်ချစ်စက်ဘီးကို သေချာပြန်ပြင်ပေးနေသည့် ကိုကို့ဆီ လျှောက်လာခဲ့၏။

" ကိုကို့ မောနေပြီလား။ "

" မမောပါဘူးဗျာ......ညီမလေး စက်ဘီးထိုင်ခုံကို ကိုကိုနည်းနည်းမြှင့်ပေးထားတယ် သိလား။ ညီမလေးက အရပ်နည်းနည်းရှည်လာတယ်။ "

" ဟုတ်....."

" စက်ဘီးစီးရင် ရှေ့နောက် သေချာကြည့်နော်။ အရမ်းမြန်မြန်မစီးနဲ့....."

" အအေးသောက်ပါ ကိုကိုရယ်။ နောက်ဆို ကိုကို့နောက်ကပဲ လိုက်စီးမယ်....ချစ်ချစ်တစ်ယောက်ထဲ မစီးဘူး ရပြီလား ။ "

လရိပ် ပြုံးမိသွားသလို ထိုအပြုံးတွေက အသက်မဲ့နေတာ သူသာသိ၏။ အိမ်ပေါ်ကနေ ဆင်းရလျှင်တောင် ကျောင်းမှာတွေ့နိုင်ပါသေးသည်ဟုသာ စိတ်ဖြေရ၏။ ချစ်ချစ် ကမ်းပေးလာသည့် အအေးခွက်ကို ယူသောက်ရင်းမှ ခြံထဲထိုးဝင်လာသည့် ကားကို မြင်လိုက်ရသဖြင့် နှစ်ယောက်သား ငေးကြည့်နေမိ၏။ ကားပေါ်မှဆင်းလာသည့် လူငယ်တစ်ယောက်ဟာ သူတို့ဘက်လျှောက်လာသလို ထောင့်မကျိုးသည့်အပြင် ခပ်ရဲရဲပုံစံမျိုး။

" ဘာကိစ္စရှိလို့လဲ...."

လရိပ်အမေးကို ဂရုမစိုက်သလို လက်ထဲမှ စီးကရက်အား အရင်ဖွာလိုက်ပြီးမှ.....

" မမဆီလာတာ.....လာကြိုဆိုလို့။ ကိုသူရောက်နေပြီလို့ ပြောလိုက်။ "

ချစ်ချစ် မေမေ့ကို ပြောတာမှန်း သိလိုက်သလို အိမ်ဘက်လှည့်ဝင်လာခဲ့၏။ အိမ်ထဲဝင်သွားသည့် ချစ်ချစ်၏ နောက်ပိုင်းကို မျက်တောင်မခတ် ငေးစိုက်ကြည့်ရင်း အဓိပ္ပါယ်ပါပါ ပြုံးနေသည့် ကိုသူဆိုသော လူအား လရိပ် စူးစူးရဲရဲ စိုက်ကြည့်မိ၏။ သူ ရိပ်မိသည်....ဒါ အန်တီခင်မရဲ့ နောက်လူဖြစ်လိမ့်မည်......တစ်ခါထဲ သိလိုက်သည်က ညီမလေးနဲ့ ဘယ်လိုမှမဖြစ်။

------------------------

လရိပ် ထုံးစံအတိုင်း ကျကွဲသံတွေ ပေါက်ခွဲရန်ဖြစ်သံတွေကြောင့် လန့်နိုးလာခြင်းပင်။ ညသန်းခေါင်ကြီး ရန်ဖြစ်နေကြပြန်ပြီထင်ပါရဲ့။ အိပ်နေရာမှ ထလာကာ ညီမလေးအခန်းဆီ လျှောက်လာခဲ့၏။

" မြန်မြန်ကွာပေးလိုက်လေ....."

" အေးးးးကွာပေးမှာပါ။ မကွာခင်တော့ မင်းလင်ငယ်ကို အိမ်ခေါ်မလာနဲ့။ "

" အို....ရှင့်အိမ်လား။ ဒါ ကျွန်မအိမ်.....ခေါ်ချင်တဲ့သူခေါ်မယ် ဘာဖြစ်လဲ။ "

ချစ်ချစ် ကြားနေရသည့်စကားတွေကြောင့် မှင်တက်နေမိသလို ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရသည်။ မေမေက နောက်အိမ်ထောင်ထပ်ပြုဦးမည်တဲ့လား.....ကိုကို့အဖေနဲ့ ကွာရှင်းလျှင် ကိုကိုကရော။

ကိုကိုနဲ့ ခွဲရမည်ဆိုတာ ရိပ်စားမိလိုက်သည့်အချိန် ချစ်ချစ် အင့်ခနဲ ရှိုက်လိုက်မိရင်းမှ လက်မခံနိုင်စွာ ခေါင်းလေးတယမ်းယမ်းဖြစ်သွားရ၏။ ချစ်ချစ် မှာ ကိုကိုပဲ ရှိတာပါ။ ကိုကိုက အခု ချစ်ချစ် ဘဝထဲကနေ ပြန်ထွက်ခွာသွားရတော့မည်တဲ့လား.....အရင်လို တစ်ယောက်ထဲ ကျန်နေခဲ့တော့မည်။

လရိပ် အခန်းထဲ ညီမလေးကို မတွေ့သဖြင့် ရင်ထဲထိတ်သွားရသလို အဖေတို့အခန်းဆီ ကပျာကယာပြန်ပြေးလာမိ၏။ အခန်းဝလေးမှာ တောင့်တောင့်လေးရပ်နေသည့် ညီမလေးကို မြင်လိုက်ရသဖြင့် လရိပ်ခြေလှမ်းတို့ တုန့်ခနဲ ရပ်သွားရသလို သူ့ဘက်ငဲ့ကြည့်လာသည့် မျက်ရည်စတွေနှင့် မျက်နှာလေးကို မြင်တော့ ရင်ထဲအောင့်သက်သွားရသည်။

" ညီမလေး...... "

သွေးဆုပ်သလို ဖြူလျော်နေသည့် ကိုကို့ပုံစံကို ကြည့်ရင်း ချစ်ချစ် ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရသည်။ ကိုကို သိနေတာပဲ.....ကိုကို ကြိုသိနေခဲ့တာပဲ။

" ကိုကို......အဟင့််....အင့် "

လရိပ် ခေါင်းတယမ်းယမ်းဖြစ်သွားရသည်။

" မငိုနဲ့.....မငိုပါနဲ့ ညီမလေးရယ် "

ချစ်ချစ်အနားလျှောက်လာသည့် ကိုကို့ မျက်ဝန်းမှာ မျက်ရည်စတွေဝေ့သီနေခဲ့သည်။ ချစ်ချစ်ပါးပြင်ပေါ် မျက်ရည်သုတ်ပေးရန် ရောက်လာသည့် ကိုကို့ လက်တစ်ဖက်အား ဖယ်ချပစ်ရင်းမှ ချစ်ချစ်အခန်းဆီ ပြေးထွက်လာခဲ့ကာ တံခါးပိတ်ပစ်လိုက်သည်။

" ညီမလေး......ညီမလေး ကိုကို့ကို တံခါးဖွင့်ပေးပါနော်။ "

ချစ်ချစ် ကြမ်းပြင်ထက် ငုပ်တုပ်လေးထိုင်ချမိရင်းမှ ပါးစပ်ကို လက်ကလေးနှစ်ဖက်ဖြင့် ဖိအုပ်ကာ တအင့်အင့် ငိုရှိုက်သည်။ ချစ်ချစ် ကိုကိုနဲ့ ခွဲမနေချင်ဘူး။ ချစ်ချစ်တစ်ယောက်ထဲ ဒီအိမ်ကြီးမှာ ကျန်ခဲ့မနေချင်ဘူး။ ကိုကို့ ညီမလေး မဟုတ်တော့မယ့် အဖြစ်ကို မကြိုက်ဘူး......မုန်းတယ်။

@@@@@@@@@@@@@@@@@@@@@

To be continue P - 4

ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၁)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၂)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၄)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၅)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၆)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၇)


Author - အနမ်းခြွေ

#lotaya_shortstory


#မျက်နှာ
#အခန်း
#ညီမ
#တစ်ယောက်ထဲ
#စက်ဘီး

Some text some message..