ချစ်ခြင်းထက် သာလွန်၍ _ အပိုင်း(၅)
lotaya.mpt.com.mm
|
2022-05-29

ချစ်နှင်းဆီ အိမ်နောက်ဖက်ရှိ မီးဖိုချောင်တွင် ဆေးစရာရှိသည့်ပန်းကန်တွေဆေးကြောနေရင်း ကြီးမေက စျေးသွားသည်မို့ ကိုယ်လဲလုပ်စရာရှိတာတွေ ကူလုပ်ပေးနေခြင်းဖြစ်သည်။ တစ်ကယ်တော့ ချစ်ချစ်တို့ အိမ်အခြေအနေက မကောင်းတော့ပါ။ မေမေ့ဖဲကြွေးတွေ ပထွေးဖြစ်သူသုံးတာတွေနှင့် အကြွေးလည်ပင်းနစ်နေပြီဖြစ်၏။ ကြီးမေကိုတောင် လခမပေးနိုင်တော့၍ မေမေကပြန်လွှတ်ပေမယ့် ကြီးမေက လခမယူပဲ ပေတေနေကာ လုပ်ပေးနေခြင်းသာ။ ထို့ကြောင့် ချစ်ချစ် ကြီးမေကို အားနာသလို မျက်နှာပူလှသည်။

" နှင်းဆီ......"

ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ပထွေးဖြစ်သူကို မြင်လိုက်ရသလို မွှန်ထူနေသည့်အရက်နံ့ကြောင့် စိတ်ထဲအနည်းငယ်စိုးရွံ့ကာ မျက်နှာလေးပျက်သွားရသည်။

" ဘာလဲ......"

" သြော်....ဒီကလေးမနှယ်.......ချိုချိုသာသာပြောစမ်းပါ......ပျင်းလို့ စကားလေး ဘာလေး..."

" အပေါ်ထပ်မှာ မေမေရှိတယ်လေ.....ကိုယ့်မိန်းမကိုယ်သွားပြောပါလား။ "

ချစ်နှင်းဆီ၏အပြောကို လှောင်သလို တဟင်းဟင်းရယ်ရင်း အနားတိုးကပ်လာကာ ပခုံးကိုလှမ်းထိရန်ပြင်ပေမယ့် ချစ်ချစ်ဆတ်ခနဲ ထိုလက်အားပုတ်ထုတ်ပစ်ကာ မျက်နှာလေး ချီထားပစ်၏။

" ညည်းအမေက ဖဲဝိုင်းပြေးပြီ.....အဟင်းးး"

ချစ်ချစ် မျက်လုံးလေးပြူးသွားသလို အိမ်ထဲနှစ်ယောက်သာရှိတာဆိုသည့် အတွေးဝင်လာတော့ ကြက်သီးထသွားမိသည်။ ကြီးမေကလဲ ပြန်မလာသေး။

" ဒီမှာ ရှင် အေးအေးဆေးဆေး နေနော်။ "

တဟဲဟဲရယ်သံနဲ့အတူ ချစ်ချစ်လက်ကိုအတင်းဆွဲလာသဖြင့် ချစ်ချစ်ရင်ထဲတုန်လှုပ်သွားသလို ထိတ်လန့်တကြီး ဆောင့်ရုန်းမိသည်။ ယောကျာ်းအားဖြင့်မို့ ဘယ်လိုမှ အင်အားချင်းမမျှသလို လိုက်ပွတ်သပ်နေသည့် လက်ကြီးကြောင့် ချစ်ချစ်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာရသည်။ လက်ကျန်အားဖြင့် ဆောင့်ရုန်းရင်းမှ ဆွဲမိဆွဲရာ ပန်းကန်ဖြင့် ကောက်ရိုက်ချပစ်၏။

! ခွမ်း!

! အားးးး!

နောက်ကိုယိုင်ကျသွားသလို ချစ်ချစ်အား ဒေါသတကြီးကြည့်ရင်း ခေါင်းမှသွေးတွေစီးကျလာသည်ကို အုပ်ထားသည့် ပထွေးဖြစ်သူမျက်နှာက ကြောက်စရာကောင်းလွန်းလှသည်။

" ခွေးမ.....နင်ကများ "

" အဟင့်....ဟင့်.....ဟင့်အင်းးးးး"

ချစ်ချစ်ကြောက်လန့်တကြား ထွက်ပြေးရန်ပြင်ပေမယ့် ဖြောင်းခနဲရိုက်ချက်နဲ့အတူ ပါးတစ်ဖက်က ထူပူသွား၏။ 

" အမလေးးးးသမီးလေးးးဘာဖြစ်ကြတာလဲ။ "

စျေးခြင်းတောင်းကြီးဆွဲကာ ပြေးဝင်လာသည့် ကြီးမေက ချစ်ချစ်ရှေ့က ပြေးကာပေမယ့် ​ကြီးမေပါဆောင့်တွန်းခံလိုက်ရ၏။ 

" နင်က ငါ့ရိုက်ရတယ်လို့.....သတ်ပစ်မှအေးမှာ။ "

ဘောင်းဘီခါးပတ်ကိုဆွဲဖြုတ်ကာ ဖြောင်းခနဲ မြည်သံနဲ့အတူ ရိုက်ချက်က ကိုယ်ပေါ်ကျလာသဖြင့် ချစ်ချစ် ကပျာကယာမျက်နှာကိုကာထားလိုက်ရသည်။ ကြီးမေက ပြေးတားပေမယ့် ရုန်းရင်းဆန်ခတ် ကို တဖြောင်းဖြောင်းအရိုက်ခံနေရသဖြင့် ကြမ်းပြင်ထက် ချစ်ချစ်ခွေကျကာ မျက်နှာကိုကွယ်ထားရသည့်အဖြစ်။

! တူ.....တူ......တူ!

လရိပ်ဖုန်းမြည်သံကြောင့် အလုပ်လုပ်နေရင်းမှ ကြည့်လိုက်မိတော့ ချစ်ချစ်အိမ်ဖုန်းဖြစ်နေ၍ ချစ်ချစ်ဆက်တာလားဟုတွေးကာ ပြုံးမိသွားသည်။ 

" ဟယ်လို! ညီမလေး ပြော...."

" သားလရိပ်.....သားရယ် လုပ်ပါဦး.... သမီးလေးသေတော့မယ်။ အရိုက်ခံနေရတာ သေတော့မယ်။ "

တစ်ဖက်မှ အမောတကောငိုရှိုက်ရင်း ပြောလာသည့်ကြီးမေ၏ အသံနဲ့အတူ ဗလုံးဗထွေး ကြားလိုက်ရသည့်အသံတွေကြောင့် လရိပ်ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်မိသည်။ ရင်ထဲစိုးရိမ်တကြီးဖြင့် ဘာမှမမြင်နိုင်ပဲ ​ချက်ချင်းပြေးထွက်လာမိကာ ဒေါသစိတ်ရော စိုးရိမ်ပူပန်မှုပါ ရောပြွန်းလျက် အံကိုတင်းတင်းကြိတ်ထားမိသည်။ 

အခန်းထဲရှိ အိပ်ယာထက်တွင်ထိုင်ရင်း ကြီးမေရင်ခွင်ထဲတိုးဝင်ကာ ကြောက်လန့်တကြီး ငိုရှိုက်နေသည့် ချစ်နှင်းဆီ။ လက်မောင်း မှာ ခါးပတ်ရာတွေက နီရဲစွာ အရှိုးရာကျန်နေသလို ကျောဘက်မှ အင်္ကျီစအပါးသားလေးပါ အရိုက်ခံထားရသည့်နေရာမှ ပြဲစုတ်နေ၏။ ကြောက်လန့်စိတ်ကြောင့် ချစ်နှင်းဆီ၏ ကိုယ်လေးက တဆတ်ဆတ်တုန်ယင်နေသလို မျက်နှာလေးက မျက်ရည်တွေစိုးလူးကာ တစ်ချက်တစ်ချက် အင့်ခနဲရှိုက်လိုက်တိုင်း ခန္ဓာကိုယ်မှ နာကြင်မှူက စပ်ဖျဥ်းနေ၏။ 

" သမီးလေးရယ်......မကြောက်နဲ့တော့နော် ကြီးမေရှိတယ်.....".

ခြံရှေ့ထိုးရပ်လာသည့် အငှားကားပေါ်မှ လရိပ်ပြေးဆင်းလာသလို ခြံတံခါးကို ဆွဲဖွင့်လိုက်သည်။ 

" ညီမလေး......ချစ်ချစ်....ညီမလေး...."

တကြော်ကြော်ခေါ်ရင်း အိမ်ထဲပြေးဝင်လာသည်နှင့် ဧည့်ခန်းထဲထိုင်ကာ အရက်ထိုင်သောက်ရန်ပြင်နေသည့် ချစ်ချစ်၏ပထွေးဖြစ်သူ ကိုသူကိုတန်းတွေ့လိုက်ရသည်။ အပေါ်ထပ်မှချစ်နှင်းဆီမှာလဲ လရိပ်အသံကြားသည်နှင့် ပြေးဆင်းလာရင်း လရိပ်ကိုမြင်သည်နှင့် ဟီးခနဲငိုချသည်။

" ကိုကို့......"

မြင်လိုက်ရသည့်ပုံစံကြောင့် လရိပ်လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်မိသလို ကိုသူ့ဆီ စူးစူးရဲရဲ လှမ်းကြည့်မိသွားသည်။

" လူယုတ်မာ......!"

! ခွပ်..... ခွပ်!

ကိုသူ့အင်္ကျီစကိုဆောင့်ဆွဲကာ ပြေးထိုးသည့် လရိပ်ကြောင့် ကြီးမေက ကပျာကယာ ပြေးဆွဲသလို ဒေါသအရှိန်ဖြင့် လရိပ် မျက်နှာက တင်းမာနီရဲခက်ထန်နေ၏။ 

" သား....မလုပ်ပါနဲ့ကွယ်......မလုပ်နဲ့။ "

" ဖယ်.....ဒီလူ့ကိုသတ်ပစ်မယ် ...."

ချစ်နှင်းဆီကတော့ နေရာတွင် တောင့်တောင့်လေးသာရပ်နေရင်း ငိုနေသလို ဝင်လဲမဆွဲတားလဲမတားပေ။ ရုန်းရင်းဆန်ခတ် ဖြစ်နေကြစဥ် ပြန်ရောက်လာသည့် ဒေါ်ခင်မ....။

" ဒါက ဘာဖြစ်နေကြတာလဲ။ "

" မေမေ....."

လရိပ် လှည့်ကြည့်မိသွားသလို ဒေါ်ခင်မလဲ ကြမ်းပြင်ပေါ် အထိုးခံရကာ လဲကျနေသည့် ကိုသူ့အား ကြည့်မိသွား၏။ ငြိမ်ကျသွားကြသလို လရိပ်ကလဲ ချစ်ချစ်ကို ဒီမှာမထားရန်တစ်ခါထဲ ဆုံးဖြတ်ပြီးသားဖြစ်သွား၏။ 

@@@@@@@@@@

ဧည့်ခန်းထဲ အခြေအနေက တင်းမာနေသလို ချစ်ချစ်မှာလဲ နှစ်ယောက်ကြား ငိုရုံသာတတ်နိုင်၏။ ကိုကိုက ချစ်ချစ်ကိုအတူခေါ်သွားချင်သလို ချစ်ချစ်ကိုယ်တိုင်လဲ လိုက်သွားချင်သည်။ ဒီအိမ်ကြီးမှ ထွက်လိုက်ရရင်ကို ချစ်ချစ်အသက်ရှူချောင်သွားမှာ သိနေသလို ကိုကို့လက်ဆွဲကာ လိုက်သွားပစ်ချင်သည်။ သို့ပေမယ့် ချစ်ချစ်ကို ဆွဲချည်ထားသည့် တစ်ခုထဲသော ကြိုးစက မေမေ။ မေမေ့ကို ဒီလူနှင့် ထားခဲ့လို့မရမှန်းသိသလို သားအမိနှစ်ယောက်ထဲ ကျန်သည်မို့ မျက်နှာလွှဲခဲပစ် ထွက်မလာနိုင်။

" ကျွန်တော် ညီမလေး ကိုခေါ်သွားမယ်.....ဒီမှာ ဆက်မထားနိုင်ဘူး။ အဆောင်လခ ကျောင်းစရိတ်အကုန် ကျွန်တော်ပဲတာဝန်ယူမယ်။ "

လရိပ်စကားကြောင့် ဒေါ်ခင်မ နှုတ်ခမ်းကိုမဲ့ချလိုက်မိရင်းမှ....

" မင်းက ဘာဆိုင်လို့လဲ.....ပြောစမ်းပါဦး လရိပ် မင်းက ဘာအခွင့်အရေးနဲ့လဲ။ ချစ်နှင်းဆီက ငါ့သမီး။ မင်းက ဘာမှမဆိုင်ဘူး....."

လရိပ် မျက်နှာက တည်တင်းသွားသလို ဒေါ်ခင်မ ဘေးမှ ကိုသူ့ကို မကြည်သလိုလှမ်းကြည့်ကာ မျက်မှန်ကို အနည်းငယ် ပင့်တင်ရင်း စကားပြောရန် အားယူ၏။ 

" ဒီလူနဲ့ တစ်မိုးအောက်ထဲမှာ ချစ်ချစ်ကိုမထားနိုင်ဘူး။ အန်တီ့.....ချစ်ချစ်ကိုယ်ပေါ်က ဒဏ်ရာတွေကိုမမြင်ဘူးလား။ "

ဒေါ်ခင်မ မျက်နှာပျက်သွားပေမယ့် ဟန်မပျက် ပြန်ထိန်းရင်းမှ.....

" အဖေက သမီးကိုဆုံးမတာပဲလေ.....မင်းထက်စာရင် ကိုသူက ချစ်ချစ်ရဲ့အဖေပဲမို့ ...."

" ဟာ....ခင်ဗျား... "

မခံမရပ်နိုင်စွာ ပိတ်အော်ရင်း ထရပ်ပစ်လိုက်သည့် လရိပ်။ ချစ်နှင်းဆီကတော့ အမေဖြစ်သူ၏ မျက်နှာကိုသာ တွေတွေလေး ငေးကြည့်နေခဲ့သည်။ ရင်ထဲမြိုသိပ်နေကျခံစားချက်တွေဟာ ကြာလာတော့ ထုံကျင်နေတတ်ခဲ့သည်။

" အထင်လွဲမှားတာလို့ ကိုသူပြောတာပဲ။ ချစ်ချစ်က သူ့အနေနဲ့ဆို သမီးပဲ။ ချစ်ချစ်က ကိုယ်ထိလက်ရောက် စော်ကားရုံမက မင်းကပါ ငါ့ယောကျာ်းကို လက်ပါခြေပါလုပ်တယ်။ "

" ခင်ဗျား အမေမှ ဟုတ်ရဲ့လား..... "

ဒေါ်ခင်မ မျက်နှာကို မယုံနိုင်သလို ငေးစိုက်ကြည့်ရင်း မေးပစ်လိုက်သည့် မေးခွန်းကြောင့် ဒေါ်ခင်မ မသိဟန်ဆောင်ပစ်လိုက်သည်။ လရိပ် သူ့ဘေးထိုင်နေသည့် ချစ်ချစ်လက်ကို ဆွဲခေါ်ကာ.....

" ကိုကိုနဲ့ တစ်ခါထဲလိုက်ခဲ့......"

" သမီး....."

ထရပ်လိုက်သည့် ချစ်ချစ်မှာ ဒေါ်ခင်မ အသံကြောင့် အင့်ခနဲ ရှိုက်မိသွား၏။ အမေဖြစ်သူကို ပြန်ငဲ့ကြည့်ရင်းမှ ကိုကို့ကိုလဲ ငေးကြည့်မိပြန်သည်။

" ညီမလေး......ကိုကို့စကားနားထောင်ပါ။ "

" ချစ်ချစ်......ချစ်ချစ် မလိုက်နိုင်ဘူး ကိုကို...အဟင့်.....ဟင့်....ဟီးး"

လရိပ် ရင်ထဲနင့်ဆင်းသွားရသလို ချစ်ရသူ၏ မလူးသာမလွန့်သာ အခြေအနေ​ကြောင့် မချိတင်ကဲဖြစ်သွားရ၏။ ငိုမဲ့မဲ့မျက်နှာလေးအား ဂရုဏာသက်စွာ ငေးစိုက်ကြည့်ရင်း ဆုပ်ကိုင်ထားသည့် သူ့လက်ကို အသာအယာဖြုတ်ချလိုက်တာမြင်တော့ သနားလွန်း၍ ဘာပြောရမှန်းပင်မသိတော့။ သို့ပေမယ့် သူ့အကြည့်က ဒေါ်ခင်မ နှင့် ကိုသူ့ဆီ ခပ်တင်းတင်းရောက်သွားကာ.....

" ချစ်ချစ်ကို နောက်တစ်ခါ ကိုယ်ထိလက်ရောက် ရိုက်နှက်ရင် ကျွန်တော် ဘယ်သူ့မျက်နှာမှ ကြည့်နေမှာ မဟုတ်ဘူး။ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရဲတိုင်မှာ.....ဒါ သတိပေးတာ။ "

ချစ်ချစ် ထွက်သွားသည့် ကိုကို့ကျောပြင်ကို ငေးကြည့်ရင်း မျက်ရည်စတို့ကို လက်ခုံဖြင့် ဖိသုတ်ပစ်လိုက်သည်။ မေမေ့ကို တစ်ချက်လှမ်းငေးကြည့်ရင်းမှ စကားဆက်မပြောချင်သလို အိမ်ပေါ်ထပ်သာ ပြေးတက်လာခဲ့မိသည်။ မေမေဟာ ချစ်ချစ်ထက် ထိုလူ့ကို ပိုယုံသည်တဲ့လား။

လရိပ် အိမ်အပြင်ထွက်လာရင်းမှ ရင်နာရလွန်းသဖြင့် ပါးပြင်ပေါ် မျက်ရည်စတို့က စီးကျလာရသည်။ အရိုက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်တွေဖြင့်ပုံစံလေးကို မျက်စိထဲ ပြန်မြင်သည့်အခါ သူရင်ကျိုးရပြန်သည်။ ငယ်စဥ်ကနေ အခုထိ သူမလေး ဘယ်လောက်ဆိုးဆိုး သူ့မှာ အသံမာမာပင် မပြောရက်ခဲ့။ ဤမျှအထိ အစွမ်းကုန်အလိုလိုက်ကာ မထိရက်မတို့ရက် ချစ်ခဲ့သောသူမို့ ဒီလိုအနေအထားဟာ သူ့အတွက် လက်မခံနိုင်အောင် ခါးသီးလွန်းသည်။ 

" သား.......လရိပ်။ "

အနောက်မှအပြေးပါလာသည့် ကြီးမေကြောင့် သူ မျက်နှာမှ မျက်ရည်စတို့ကို ဆွဲပွတ်သုတ်ပစ်ကာ အိတ်ကပ်ထဲမှ တစ်သောင်းတန်ခြောက်ရွက်ကိုထုတ်ပေး၏။

" ဒါ ဒီလအတွက် ကြီးမေလစာပါ။ ညီမလေးကို ပိုပြီးဂရုစိုက်ပေးပါကြီးမေရယ်။ ကျွန်တော် ဒီလူ့ကို သိတယ်.....ဒီလူ ခွေးကျင့်ခွေးကြံ ကြံဦးမှာ။ ကျွန်တော် လူမသတ်ချင်ဘူး ကြီးမေ......."

မျက်စိတွေပင်နီရဲကာ အတော်လေးစိတ်ထိခိုက်နေသည့် သားလရိပ်ကိုကြည့်ပြီး ကြီးမေ ခေါင်းငြိမ့်ပြလိုက်သည်။ ဟုတ်ပါသည်......ဒေါ်ခင်မကို လစာမယူဘူးပြောပေမယ့် တကယ်တမ်း လခမရပဲ ဆက်လုပ်နိုင်ဖို့ဆိုတာ ကိုယ့်မှာလဲမိသားစုထောက်ရသေးသည်။ သားလရိပ်က သမီးလေးချစ်နှင်းဆီမသိအောင် လခပေးပြီး အလုပ်မပြောင်းရန် ဒီအိမ်မှာ ဆက်နေပေးရန်တောင်းပန်ရှာသဖြင့် လခနည်းသည့်တိုင် ချစ်နှင်းဆီလေးကိုစိတ်မချတာမို့ ဆက်နေခဲ့ခြင်းပင်။ ပိုက်ဆံကိုလှမ်းယူတော့....

" နည်းတာသိပါတယ် ကြီးမေရယ်။ ကျွန်တော် လခတိုးရင် ထပ်တိုးပေးပါ့မယ်။ အဖေ့အသုံးစရိတ်နဲ့ ညီမလေးမုန့်ဖိုးလဲဖယ်ရသေးတော့ သိပ်မကျန်လို့ပါ။ "

" ရပါတယ်ကွယ်......ကြီးမေအထဲဝင်ပြီနော်။ သမီးလေးကို ဆေးထည့်ပေးရဦးမယ်။ "

လရိပ် ရင်ထဲနင့်ဆင်းသွားရရင်း ခေါင်းကိုအနိုင်နိုင်ငြိမ့်ပြလိုက်ရသည်။ ပထမဆုံး ဆုံတွေ့မှုကိုက လွဲမှားပြီးသားမို့ သူနဲ့ညီမလေးဟာ ဘယ်သောအခါမှ ဆုံစည်းနိုင်မည်မဟုတ်ပါ။ အရဲစွန့်လို့ရလျှင်တောင် ညီမလေးကို ရိုက်ခတ်ပြောဆိုလာမည့် ပတ်ဝန်းကျင်မှစကားသံတွေကို သူကြောက်သည်။

@@@@@@@@@@@

လရိပ် ကုမ္ပဏီ၏ ထမင်းစားနားချိန်မို့ ပါလာသည့် ထမင်းဗူးကိုဖွင့်ကာ ထမင်းစားရန်ပြင်လိုက်သည်။ ဆီနဲ့ဆားနဲ့ ဆမ်းထားကာ ကြက်ဥကြော်တစ်လုံးက သူ့အတွက်လုံလောက်ပါသည်။ သူ့မှာ အပိုသုံးရန် မဖြစ်သလို အပိုသုံးလို့လဲမရ။ ရသည့်လစာနှင့် အဖေ့အသုံး၊ ကြီးမေလခ ၊ ညီမလေးအတွက် ဖယ်ပြီး သူ့အတွက်သိပ်မကျန်။ ဒါတောင် ကုမ္ပဏီက အပို့အကြိုရှိ၍ လမ်းစရိတ်သက်သာခြင်းပင်။ ပြီးတော့ ညီမလေး မွေးနေ့က မနက်ဖန်မဟုတ်လား။ 

" ဟာ လရိပ်.....မင်းကလဲ ကြက်ဥ နဲ့ ကန်စွန်းရွက်ကို မလဲတော့ဘူး။ "

ဘေးမှဖြတ်သွားရင်း စနောက်သွားသည့် အခြားဝန်ထမ်းတစ်ဦးစကားကြောင့် သူဘာမှပြန်မပြောပဲ ခပ်ပြုံးပြုံးသာ ဆိတ်ဆိတ်နေလိုက်သည်။ 

! တူ....တူ...တူ! 

ဖုန်းမြည်သံကြောင့် လရိပ်ကြည့်လိုက်မိတော့ နံပါတ်အစိမ်းမို့ ....

" ဟယ်လို....."

" ငါပါကွ.....စျာန်.....ငါပြန်ရောက်နေပြီ သူငယ်ချင်း ။ "

လရိပ် ဟာခနဲဝမ်းသာသွားရသလို စျာန့်ပုံစံဘယ်လိုဖြစ်နေမလဲ သိချင်သွားရသည်။ စျာန်နဲ့သူက ငယ်သူငယ်ချင်းဖြစ်သလို အိမ်ချင်းကပ်ပင်။သူနဲ့ဖုန်းပြောဖြစ်ပေမယ့် အဖေနောက်အိမ်ထောင်မပြုခင်ကလေးတင် စျာန်တို့မိသားစုက နိုင်ငံခြား ပြောင်းသွားကြခြင်းပင်။ 

ချစ်ချစ် ကုမ္ပဏီရှေ့တွင် ငုပ်တုပ်လေးထိုင်ကာ စောင့်နေရင်းမှ ကိုကို့ကိုလာကြိုခြင်းပင်။ ဖယ်ရီကားပေါ် တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကြသလို သိပ်မကြာခင် ကုမ္ပဏီထဲမှ ထမင်းချိူင့်ဆွဲကာ ထွက်လာသည့် ကိုကို့ကို လှမ်းမြင်လိုက်ရသည်။ ချစ်ချစ်ကို မြင်လိုက်သည်နှင့် ကိုကို့မျက်နှာက အံ့သြတာထက်ဝမ်းသာသွားကာ ပြုံးရယ်ရင်း လက်ပြ၍ ပြေးလာသည်။

" ညီမလေး......ထူးထူးဆန်းဆန်းပါလား။ "

ချစ်ချစ် ပြုံးလိုက်ရင်းမှ ကိုကို့လက်မောင်းကိုဆွဲချိတ်ကာ.....

" ကိုကို့ကို မုန့်လိုက်ဝယ်ကျွေးမလို့။ "

လရိပ်ပြုံးမိသွားရင်း......

" မွေးနေ့ရှင်ကြီးက ဘောစိပဲ။ ဘယ်လိုလုပ်မလဲ.....ကိုကိုက ကျွေးမလို့ပြင်ပြီးပြီ။ "

" ဟာ.....မရဘူးနော် ချစ်ချစ်ကျွေးမှာ။ "

" မရပါဘူး......ကိုကိုပဲကျွေးမှာ "

" လရိပ်.....သူငယ်ချင်း "

နောက်ပါးမှခေါ်သံကြောင့် လရိပ်ရော ချစ်နှင်းဆီပါ ပြိုင်တူလှည့်ကြည့်မိသွားသည်။ အနက်ရောင်ကားပေါ်မှ ဆင်းလာသည့် ဂျင်းဘောင်းဘီအရှည် တီရှပ်အနက်လက်တိုဖြင့် ခပ်ချောချောလူငယ်တစ်ယောက်။ လရိပ်မျက်နှာ​က ဝမ်းသာအံ့သြသွားရရင်း.....

" ဟာ.....မင်း...မင်း စျာန် "

နှစ်ယောက်သား တဟားဟားရယ်မောကာ ဝမ်းသာအားရ ပွေ့ဖက်နှုတ်ဆက်မိကြသည်။ ချစ်နှင်းဆီကတော့ အကြောင်သားလေး ငေးကြည့်နေရင်း ဘာမှမသိသလို စျာန့်ဆီမှ အကြည့်ကလဲ လရိပ်ဘေးရပ်နေသည့် ချစ်နှင်းဆီထံရောက်လာသည်။ 

" ဒါနဲ့.....ဒါက မင်း..."

" အာ.....ငါ့ညီမလေ....ချစ်နှင်းဆီတဲ့။ "

ချစ်ချစ် ကိုကို့ မျက်နှာကို ဘေးတိုက်ငေးကြည့်ရင်းမှ နာကြင်စွာဖြင့် ခပ်ယဲ့ယဲ့လေးသာ ပြုံးမိ၏။ညီမတဲ့.....ဟင့်အင်း ချစ်ချစ် ကိုကို့ညီမအဖြစ် မလိုချင်တော့ဘူး ကိုကို။ 

@@@@@@@@@@@@@@@@@@@@@@

To be continue P - 6

ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၁)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၂)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၃)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၄)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၆)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၇)


Author - အနမ်းခြွေ

#lotaya_shortstory


#မျက်နှာ
#ညီမ
#ဒေါသ
#လက်မ
#လစာ

Some text some message..