ချစ်ခြင်းထက် သာလွန်၍ _ အပိုင်း ( ၆ )
lotaya.mpt.com.mm
|
2022-06-05

! Happy Birthday to you!

! Happy Birthday to you!

! Happy Birthday dear ချစ်ချစ်...Happy Birthday to you!

လက်ခုပ်တီးသံနဲ့အတူ ကိတ်ပေါ်မှ ဖယောင်းတိုင်မီးကို လိုက်မှုတ်နေသည့် ချစ်နှင်းဆီ။ နှစ်ယောက်ထဲရှိသည့် မွေးနေ့ပွဲလေးဟာ နှစ်ယောက်သားအတွက်တော့ ပြည့်စုံပါသည်။ ချစ်ချစ် ကိတ်လေးကို ခွဲကာ ဇွန်းဖြင့်ခပ်ရင်း ကိုကို့ကို ခွံ့ကျွေးလိုက်သည်။ လရိပ် ကိတ်စားပြီးသည်နှင့် အိတ်ကပ်ထဲမှ ဗူးလေးကိုထုတ်ကာ ဖွင့်ပြလိုက်၏။

" ညီမလေးအတွက် မွေးနေ့လက်ဆောင် "

ချစ်ချစ် လက်စွပ်မောင်းကွင်းလေးနှစ်ကွင်းကိုကြည့်ကာ မျက်လုံးလေးဝိုင်းသွားရသည်။

" ညီမလေးအတွက်တစ်ကွင်း ကိုကို့အတွက် တစ်ကွင်း ဆင်တူလုပ်ထားတာ။ လာ ကိုကိုဝတ်ပေးမယ်။ "

ချစ်ချစ်လက်လေးကိုဆွဲယူကာ လက်စွပ်ဝတ်ပေးရန်ပြင်တာမို့ ချစ်ချစ် ပြုံးပြုံးလေး ငေးကြည့်နေမိသည်။ လက်သူကြွယ်မဟုတ်ပဲ လက်ခလယ်ကိုသာ ဝတ်ပေးသဖြင့် ချစ်ချစ်မျက်နှာလေးက နွမ်းသွားရသည်။ ကိစ္စမရှိပါ.......ဒီနေ့ ချစ်ချစ် ကိုကို့ကို ဖွင့်ပြောဖို့ ဆုံးဖြတ်ထား၏။

" လက်စွပ်ကိုသေချာကြည့် ညီမလေး.....ညီမလေးလက်စွပ်မှာ လမင်းပုံလေးပါတယ်။ ကိုကို့လက်စွပ်မှာ နှင်းဆီပွင့်လေးပါတယ်။ "

ကိုကိုပြောမှ ချစ်ချစ် သေချာကြည့်မိသွားရသည်။ ဟုတ်တာပေါ့......ချစ်ချစ်လက်စွပ်မှာ လပုံလေးပါနေသည်။ 

" ကိုကို့....."

" ဗျာ့...."

ချစ်ချစ်စားရန်အတွက် ပုစွန်ထုပ်အား အခွံနွှာပေးနေသည့်ကိုကို့မျက်နှာကို သေချာငေးစိုက်ကြည့်ရင်း မနည်းအားယူနေရသည်။ 

" ဟိုလေ.....ချစ်ချစ်..."

ပြောရန်တုံ့ဆိုင်းနေသည်မို့ လရိပ် ချစ်ချစ်မျက်နှာလေးကို ငေးခနဲကြည့်မိသွားသည်။ အို့တို့အန်းတန်း အမူအယာလေးဖြင့် ရှက်နေသလိုမို့ သူအကဲခတ်နေရင်း ရိပ်မိလိုက်သလို ကပျာကယာတားရန်ပြင်လိုက်၏။

" ညီမလေး.... "

" ချစ်ချစ် ကိုကို့ ကိုချစ်တယ်။ "

နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ငြိမ်သက်သွားရသလို လရိပ်ရင်ထဲ နာကြင်သွားရ၏။ 

" အစ်ကိုလိုမဟုတ်ပဲ....ချစ်သူတစ်ယောက်လိုချစ်တာ။ ချစ်ချစ် ကိုကို့ကို...."

" ကိုကို့အတွက် ညီမလေးက အမြဲထာဝရ ညီမလေးပါပဲ။ "

ဟင်....။

ချစ်ချစ် ငြိမ်ကျသွားရင်း ဟန်မဆောင်နိုင်စွာပင် မျက်နှာလေးပျက်သွားရ၏။ ရင်ထဲလှစ်ဟသွားသည့်ခံစားချက်နဲ့အတူ အမြင့်ကပြုတ်ကျသူလို ရင်တစ်ခုလုံး ဟာခနဲ အေးခနဲ ဖြင့် မျက်ရည်က ပါးပြင်ထက် စီးကျလာသည်။

 ကြည့်စမ်း.....ဘယ်လောက်ပညာသားပါတဲ့ ငြင်းဆန်မှုလဲ။ ရှက်ရွံ့မှု နာကျင်စို့နင့်မှူတို့ကြောင့် မျက်ရည်စတွေက အဆက်မပြတ်ကျလာရသည်။ တစ်လျှောက်လုံး ချစ်ချစ်တစ်ယောက်သာ တစ်ဖက်သတ်ချစ်နေခဲ့ရသည်လား။ 

ရပ်တည်နိုင်စွမ်းမရှိတော့သလို အင်အားဆိုတာ ချက်ချင်းဆုတ်ယုတ်သွား၏။ တစ်လောကလုံး ငြိမ်ကျသွားသလို ထင်ကာ ချစ်ချစ်မျက်နှာကို အေးစက်စွာ ငေးကြည့်နေသည့် ကိုကို့ဆီမှ ကပျာကယာ မျက်နှာလွှဲမိ၏။ 

" ချစ်..ချစ်ချစ် ပြန်တော့မယ်။ "

" ညီမလေး... "

ထိုင်နေရာမှထရပ်ကာ ပြေးထွက်သွားသည့် ချစ်ရသူကိုကြည့်ရင်း လရိပ်ဆက်မလိုက်နိုင်ပဲ နေရာ၌ပင် တောင့်တောင့်ကြီးကျန်နေခဲ့ရသည်။ ပါးပြင်ထက်စီးကျလာသည့် မျက်ရည်စတို့က ရင်နာမှု၏ သက်သေဆို နာကျင်မှုဟာ သတ္တိကြောင်ခြင်း၏ ပြယုဂ်။ 

ကိုကို့ကို ခွင့်လွှတ်ပါ ညီမလေးရယ်။ ကိုကိုလေ ညီမလေးကို အသည်းပေါက်မတတ် သိပ်ကိုချစ်တာပါ။ ညီမတစ်ယောက်လို ချစ်သူတစ်ယောက်လို ချစ်မြတ်နိုးလွန်းလို့ တန်ဖိုးထားလွန်းလို့ ဘယ်ပုတ်ခတ်မှု အပုပ်ချမှုမျိုးကိုမှ ခွင့်မပြုနိုင်တာ။ ကိုကို့ကို ပြောဆိုပုတ်ခတ်တာ ခံနိုင်ရည်ရှိပေမယ့် ကိုကိုသိပ်ချစ်ရတဲ့ ညီမလေးကို ပြောဆိုပုတ်ခတ်လာမှာတော့ သေမတတ်ကြောက်တာမို့ပါ။ 

@@@@@@@@@@@

လက်မှာဝတ်ထားသည့် လက်စွပ်လေးကိုကြည့်ရင်း ချစ်ချစ် နှုတ်ခမ်းတွေက ခပ်မဲ့မဲ့ပြုံးမိသွားသည်။ လက်သူကြွယ်မှာ ပြန်ပြောင်းဝတ်လိုက်ရင်း တစ်နေ့က အဖြစ်အပျက်ကို ပြန်မြင်တိုင်း ရှက်ရွံ့နာကျင်ရဆဲပင်။ စိတ်ထဲ ချစ်ခြင်းတို့ ထပ်တူကျသည်ထင်ခဲ့တာ။ အငြင်းခံရတာထက် ကိုကို့အချစ်က ညီမတစ်ဦးထက်မပိုမှန်းသိတာ ပိုရင်နာရသည်။ 

! တူ......တူ...တူ!

ဖုန်းမြည်သံကြောင့် ကြည့်မိတော့ ကိုကို့ဆီကမို့ ချစ်ချစ် လျစ်လျူရှုထားပစ်လိုက်သည်။ ချစ်ချစ် ကိုကိုနဲ့စကားမပြောချင်သေးသလို ရင်မဆိုင်ချင်သေးပါ။ မနည်းအားယူကာ သတ္တိမွေးပြီး ဖွင့်ပြောခဲ့ပေမယ့် ဇာတ်သိမ်းကမလှ။ 

လရိပ် ဘယ်လောက်ဆက်နေဆက်နေ မကိုင်သည့်ဖုန်းကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းပြန်ချလိုက်ရသည်။ သူ့ဖုန်းကိုမကိုင်သလို ရှောင်နေတာ ရိပ်မိတော့ ရင်ထဲကဘယ်လိုမှ မခံစားနိုင်ပဲ ဖြစ်ရပြန်သည်။ 

သူ့ကို စိတ်ဆိုးသွားပြီလား။ မုန်းသွားပြီလား ။ အတွေးတွေက ရှုပ်ယှက်ခတ်နေသလို တစ်သက်လုံး ရှောင်နေမလားတွေးမိတော့ သူ လက်မခံနိုင်ပဲ ဖြစ်ရသည်။ သတ္တိကြောင်တဲ့သူ့ကြောင့် သူမလေး သူ့ရှေ့တင် ငိုရှိုက်နေတာကို ဘယ်လောက်ရင်ကွဲခံပြီး အားယူကြည့်ခဲ့ရသလဲ သူကိုယ်တိုင်သာသိသည်။ 

" လရိပ်......မောင်လေး"

ခေါ်သံကြောင့် မော့ကြည့်မိတော့ သူတို့ကုမ္ပဏီပိုင်ရှင်၏ အစ်မဖြစ်သူ ဒေါ်ရိုစီ။ ဒေါ်ရိုစီက မုဆိုးမဖြစ်သလို သူဌေးထက်ပင်ချမ်းသာသည်။ သူ့ကိုစိတ်ဝင်စားနေတာ သိပေမယ့် ဒေါ်ရိုစီ၏ အကျင့်စရိုက်ကို မကြိုက်သလို အနားရောက်လာတာပင် မုန်း၍ ခပ််ခွာခွာသာနေသည်။ ကောင်လေးငယ်ငယ်လေးတွေဖြင့် တွဲနေကျမို့ အပျော်အပါးမက်သည့် မိန်းမမျိုးပင်။

" သူဌေးက အစည်းအဝေးခန်းထဲမှာပါ အန်တီ။ ကျွန်တော် ကော်ဖီပို့ပေးပါ့မယ်။ "

ရုံးခန်းထဲနှစ်ယောက်ပဲ ရှိနေတာမို့ လရိပ်အပြင်ထွက်ရန်ပြင်လိုက်သည်။ ဖျတ်ခနဲ လက်ကိုလှမ်းဆွဲသဖြင့် လှည့်ကြည့်မိလိုက်သလို နီရဲနေအောင်ဆိုးထားသည့် နှုတ်ခမ်းအား ခပ်ညုညုပြုံးလာရင်း.....

" လရိပ်က တို့နဲ့ အတူမရှိရဲဘူးပဲ.....ဘာလဲ စိတ်မခိုင်လို့လား။ "

လရိပ် မျက်မှောင်ကျူံ့သွားမိရင်းမှ ညာဘက်လက်ကို မြှောက်ပြလိုက်၏။ သူ့လက်သူကြွယ်တွင် နေရာယူထားသည့် လက်စွပ်လေးကိုမြင်တော့ ဒေါ်ရိုစီက ငေးစိုက်ကြည့်နေသည်။

" ကျွန်တော့်မှာ ချစ်မြတ်နိုးရတဲ့သူ ရှိပြီးသားပါ။ "

အခန်းထဲမှ ထွက်သွားသည့်လရိပ်ကိုကြည့်ရင်း ဒေါ်ရိုစီ သဘောကျစွာ ပြုံးမိသည်။ Message ဝင်သံကြောင့် ဖုန်းဖွင့်ကြည့်မိတော့ ခုလက်ရှိတွဲနေသည့် ချာတိတ်ဆီမှပင်။ ဟိုတယ်မှာရောက်နေပြီမှန်း စာလှမ်းပို့တာမို့ အစည်းအဝေးမပြီးသေးသည့် ကိုယ့်မောင်အား ဆက်စောင့်မနေတော့ပဲ ဟိုတယ်သာထွက်လာခဲ့သည်။ 

@@@@@@@@@@@@@

ဒေါ်ခင်မ ကားပေါ်မှဆင်းလာရင်း ဧည့်ခန်းထဲရှိ ဆိုဖာထက်တွင် စိတ်ပျက်လက်ပျက် ထိုင်ချမိသည်။ သူမ အခက်တွေ့နေပြီဖြစ်၏။ ဖဲကြွေးနှင့် ကိုသူ အဖြုန်းကြီးတာကြောင့်ပါ အိမ်နဲ့ခြံက ပေါင်ရတော့မည်။ မနက်ဖန်ဆို အကြွေးရှင်က အိမ်လာကြည့်ပြီး စာချုပ်ချုပ်ကာ ထိုကနေ ငွေရမှ အကြွေးတွေအကုန်ဆပ်နိုင်မှာပင်။ 

" မေမေ......အအေးသောက်ဦးလေ။ "

အနားရောက်လာသည့် သမီးဖြစ်သူကိုကြည့်ရင်း ဒေါ်ခင်မ သက်ပြင်းချမိ၏။ ဟိုတစ်ခါကိစ္စကြောင့် ကိုသူနှင့် ပြဿနာတက်ကာ စကားများထားသဖြင့် ဒီရက်ပိုင်း ကိုသူက အိမ်မကပ်။ သမီးရှေ့မှာ တည်ငြိမ်ဟန်ပြပေမယ့် နောက်တစ်ခါ သမီးကို ထိကပါးရိကပါး လုပ်လျှင် သူမလက်ဖြင့် သတ်ပစ်မည်ဟု ကြိမ်းမောင်းထားရသည်။

" မနက်ဖန် အိမ်ကြည့်ဖို့ လူလာလိမ့်မယ် သမီး။ "

ချစ်ချစ် မေးခွန်းတွေမေးမနေပဲ အလိုက်တသိသာ ခေါင်းလေးငြိမ့်ပြမိ၏။ ရိပ်မိသင့်သလောက်တော့ ချစ်ချစ်လဲ ရိပ်မိပါသည်။ ဒီအိမ်ဟာ ရင်းရပေတော့မည်။ 

" မေမေ တောင်းပန်ပါတယ် သမီးရယ်။ သမီးဖေဖေထားခဲ့တဲ့အိမ်ကို.... "

ချစ်ချစ် ခပ်အေးအေးလေးသာ ပြုံးရင်း မေမေ့ဆီမှ အကြည့်လွှဲမိ၏။ ဘယ်တတ်နိုင်ပါ့မလဲလေ။   မေမေ့အနေနဲ့ ချစ်ချစ်ကို ဒီအရွယ်ထိ စောင့်ရှောက်လာတာပဲ ကျေးဇူးတင်လှပါပြီ။  

---------------------

လရိပ် အိမ်ထဲမှ စျေးခြင်းလေးဆွဲကာ ထွက်လာသည့် ချစ်ချစ် ကိုမြင်လိုက်သည်နှင့် ဝမ်းသာအားရ လျှောက်လာခဲ့သည်။ သူမနက်ထဲက စောင့်နေတာပင်။ မျက်နှာလေးမမြင်ရတာ တစ်ပတ်လောက်ရှိနေပြီမဟုတ်လား။ 

" ကိုကို......"

သူ့ကိုမြင်ပြီး အံ့အားတကြီး ဖြစ်သွားသည့်ပုံစံလေးအား ပြုံးကာစိုက်ကြည့်ရင်းမှ မျက်မှန်အား ပင့်တင်မိသည်။

" ကိုကို့ကို ခုထိ စိတ်ဆိုးနေတုန်းပဲလား။ "

" ........"

ချစ်ချစ်မျက်နှာလေးပျက်သွားရရင်း မသိဟန်ဆောင်မိသည်။ 

" သိတယ်မဟုတ်လား..... ကိုကိုက ညီမလေးမခေါ်ရင် မနေတတ်ဘူးဆိုတာ။ ခုထိ ကိုကို့ကို ပစ်ထားဦးမှာလား။ "

ချစ်ချစ်ပြုံးမိသလို ကိုကို့မျက်နှာချောချောအား ငေးမောမိပြန်သည်။ နာကျင်စေလျှင်တောင် ချစ်ချစ် ကိုကို့ကို ချစ်သည်။ ချစ်ချစ်အတွက် ကိုကိုဟာ အချစ်ဦးပါ။ 

" ကိုကို အလုပ်မသွားဘူးလားဟင်။ "

" အင်း.....နေသိပ်မကောင်းလို့။ "

ချစ်ချစ် ဟင်ခနဲ ဖြစ်သွားရရင်း ကပျာကယာ ကိုကို့ နဖူးကို စိုးရိမ်တကြီးလှမ်းစမ်းမိသည်။ ပူနွေးနေသည့် ကိုယ်ငွေ့ကြောင့် ချစ်ချစ် မျက်လုံးလေးဝိုင်းသွားကာ....

" ကိုကို့...... နေမကောင်းတာ ဘာလို့ဖုန်းမဆက်ရတာလဲ။ ကိုယ်တွေပူနေတယ်။ ဆေးခန်းသွားရအောင်။ "

လရိပ် ခပ်ပြုံးပြုံးဖြင့် စိုးရိမ်တကြီး ဆူပူနေသည့် ချစ်ရသူကိုကြည့်ကာ လက်လေးလှမ်းဆွဲမိသည်။ 

" ကိုကို ဆေးသောက်ထားပါတယ်။ ဘာမှမဖြစ်ဘူး......ညက ရေချိုးနောက်ကျသွားလို့။ "

ချစ်ချစ် မျက်နှာလေးက အိုကျသွားရင်း ကိုကို့ကို ပစ်ထားမိသည့် ကိုယ့်ကိုယ်ကိုယ် စိတ်တိုသွားရသည်။ ချစ်ချစ်လက်ကို လှမ်းဆွဲထားသည့် ကိုကို့ကြောင့် လက်စွပ်ကို လက်သူကြွယ်မှာဝတ်ထားမိသည်ကို သတိရသွားကာ ကမန်းကတန်း လက်လေးအား ပြန်ရုန်းယူရင်း နောက်ဘက်မသိမသာဝှက်ထားမိ၏။ 

" အိမ်ရှေ့မှာ ဇာတ်လမ်းရိုက်နေတာပါလား....."

ခပ်ရိရိအသံနဲ့အတူ ဘယ်ကပြန်လာမှန်းမသိသည့် ကိုသူ။ ဘေးမှာလဲ ဘယ်ကလူမှန်းမသိ နှစ်ယောက်ပါလာသေးသည်။ လရိပ်မျက်နှာက တင်းသွားသလို ချစ်နှင်းဆီမျက်နှာတွင်လဲ စိုးရွံ့မှုက အထင်းသား။

" ငါ့ကို ခွေးကျင့်ခွေးကြံ ကြံတယ်ဆိုပြီး သူကကျ အမေမတူအဖေကွဲညီမကို အချောင်နှိုက်ဖို့ ပြင်နေတာ.....ဟား ဟား "

လရိပ် တင်းခနဲ ဖြစ်သွားရသလို ရှေ့တိုးရန်ပြင်တော့ ချစ်ချစ်က သူ့လက်မောင်းကို အတင်းလှမ်းဆွဲထား၏။

" ကိုကို့....."

" ခင်ဗျား စကားပြောဆင်ခြင်ပါ။ ကျုပ်တို့မောင်နှမ...."

" ဘာမောင်နှမလဲ......ဘင်္ဂလားမောင်နှမလား.....ဟိုကောင်မကလဲ သူ့လင်ကျ ...."

" ဟေ့လူ.....!"

လရိပ်ဆက်သည်းမခံနိုင်တော့။ သူ့ကိုပြောတာထက် ချစ်ချစ်ကိုထိရင် လုံးဝ သည်းမခံနိုင်။ သူ့ဆီပြေးဝင်လာသည့် ကိုသူအား ဆီးထိုးပစ်သလို ကျန်နှစ်ယောက်ကပါ တစ်ပြိုင်နက်ထဲ ပြေးဝင်လာကြ၏။ လုံးထွေးကုန်ကြသလို သုံးယောက်တစ်ယောက်မို့ရော လူကနေမကောင်းသည်ကြောင့်ပါ လရိပ်ပစ်ကျသွား၏။

" ကိုကို့.....အမလေးးးးးကယ်ကြပါဦးးးးမေမေ့....မေမေရေ.....ကြီးမေ...."

ချစ်နှင်းဆီ က အတင်းပြေးဝင်ဆွဲသလို ယောကျာ်းအားနဲ့ကျ မယှဥ်သာပဲ ဘေးသာရောက်ရောက်သွား၏။ လမ်းဘေးမှ အုတ်ခဲကို ပြေးကောက်လိုက်သည့် ကိုသူ့အား မရမကဆွဲထားသလို ဒေါသရှိန်ကြောင့် ကိုသူက မညှာမတာဆောင့်တွန်းထုတ်ပစ်၏။

" အမလေးးးး ! "

" ကျွီ! ....ဒုန်း "

အိမ်ဘေးရှိ လမ်းကြားမှ ကွေ့ချိုးလာသည့် ကားဆီတည့်တည့်တွန်းထုတ်လိုက်သလိုဖြစ်သွားကာ ချစ်နှင်းဆီ ကိုယ်လေးက ကားဖြင့်တိုက်မိကာ ကတ္တရာလမ်းပေါ် သုံးလေးပတ်လိမ့်ထွက်သွား၏။

" ဟာ...."

" အမလေးးးးးသမီးးး "

လရိပ် မျက်လုံးထဲ ပြာမိုက်သွားရရင်းမှ လူးလဲပြေးထကာ သွေးအလိမ်းလိမ်းဖြင့် ချစ်ချစ်ကိုယ်လေးကို ကပျာကယာ ပြေးပွေ့၏။ 

" ညီ...ညီမလေး.... မဟုတ်ဘူး......"

" အ!.....အားးးကို....ကို "

ကိုသူရော သူ့လူနှစ်ယောက်ပါ ပြေးထွက်သွားသလို ကားသမားဆိုတာလဲ ပြေးထွက်သွားတာမြန်၏။ လရိပ် ပွေ့ချီရန်ကြိုးစားရင်းမှ ဆေးရုံပို့ရန်ပြင်ရသလို ချစ်ချစ်ကိုယ်လေးက သတိလစ်သွားပြီး ပျော့ခွေကျသွားသည်။ သွေးတွေရော မျက်ရည်တွေပါ ရောပြွန်းလျက် ပေကျံရင်း အရူးပမာ ဆေးရုံရောက်လာသည့် သူ့ပုံစံက ဘာမှသတိမထားနိုင်။ 

အချစ်ဆိုသည့် ဝိသေသဟာ လူတိုင်းချစ်နိုင်ဖို့ မလွယ်ကူသလား သူ့အတွက်ပဲ ခက်ခဲနေသလားမသိ။ နှလုံးသားဟာ စောစီးစွာပဲ မချစ်တတ်ခင်မှာပင် ကျိန်စာသင့်ခဲ့လေရဲ့။

@@@@@@@@@@@@

ခွဲစိပ်ခန်းထဲမှ ထွက်လာသည့် ဆရာဝန်ဟာ Mask ကိုဖယ်ချလိုက်သဖြင့် ဘယ်သူလဲသိလိုက်ရသောအခါ လရိပ် အံံ့အားသင့်သွားရသည်။

" စျာန်...."'

" ဘယ်လိုဖြစ်တာလဲကွာ......ငါခွဲခန်းထဲ​ရောက်မှ မင်းညီမမှန်း သိလိုက်တာ။ "

" ချစ်ချစ်....ချစ်ချစ် အ​ခြေအနေ..."

" ငါအကောင်းဆုံးခွဲစိတ်ပေးတာပဲ. ....ထိထားတာက ပြင်းတယ် လရိပ်။ ထပ်ခွဲစိတ်ဖို့လိုသေးတယ်.....တစ်လလောက်အချိန်ယူကုရမယ်။"

ဒေါ်ခင်မ မျက်ရည်တွေစီးကျလာရရင်းမှ ....

" ဟိုလေ.....ကုသစရိတ်က ဘယ်လောက်ကျနိုင်မလဲ မောင်ရင်။ "

စျာန် ဒေါ်ခင်မကို တစ်ချက်ကြည့်လိုက်ရင်းမှ...

" သိန်းခုနှစ်ဆယ်လောက်တော့ကုန်မယ်။ "

လရိပ်ရော ဒေါ်ခင်မပါ စိတ်ထဲလေးသွားရသည်။ ဒေါ်ခင်မ မှာလဲ အိမ်ပေါင်လိုက်သည့်ငွေအကုန် အကြွေးထိုးဆပ်လိုက်ရပြီမို့ လက်ကျန်ငွေက မရှိတော့။ လရိပ်ကလဲ ရိပ်မိတာမို့ ငွေရှာမှဖြစ်မည်မှန်း သိလိုက်သည်။ 

ဆေးရုံခုတင်ထက် ဆေးပိုက်တန်းလန်းဖြင့် လှဲနေကာ သတိမရသေးသည့် ချစ်နှင်းဆီဘေး တွေတွေကြီးငေး ကာ ထိုင်နေသည့် လရိပ်။ ဒေါ်ခင်မက အမှုကိစ္စသွားသလို သူလဲ ငွေလိုက်ရှာကြည့်ရင်း ဘယ်ကမှမရသဖြင့် စိတ်ဓာတ်ကျလာ၏။ ပိုက်ဆံမရှိ၍ ချစ်ရသူကို လက်လွှတ်လိုက်ရသည့်အဖြစ်မျိုး သူလုံးဝ အဖြစ်မခံနိုင်ပါ။ အခုတောင် ဆေးရုံစရိတ်တွေက စျာန့်မျက်နှာကြောင့် ခဏစောင့်ပေးခြင်းပင်။ 

မပြည့်စုံခြင်းဟာ ဤမျှအထိ မျက်နှာငယ်ရသလား။ ဘာနည်းလမ်းသုံးရ သုံးရ သူရအောင်ကုမည်။ နောက်တစ်ခါ မခွဲစိတ်မီ ဆေးရုံစရိတ်သွင်းရမှာမို့ သူဘာလုပ်ရင် ငွေအမြန်ဆုံးရမည်လဲ။

-----------------------------

ဆေးရုံစောင့်နေရင်းမှ ဖုန်းဖြင့် လိုင်းခဏသုံးနေစဥ် မြင်လိုက်ရသည့် ပိုစ့်ကြောင့် လရိပ် ပြန်ကြည့်မိသွားသည်။ သေချာအောင် အပြန်ပြန်အလှန်လှန် ဖတ်ကြည့်ရင်းမှ ဆေးရုံခုတင်ထက် သတိလစ်နေသည့် ချစ်ရသူကို ကြည့်ပြီး လရိပ် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သွားရသည်။ ဖုန်းနံပါတ်ကို ကောက်နှိပ်လိုက်ရင်းမှ.....

" ဟယ်လို.....*****ကုမ္ပဏီကလား။ ကျွန်တော် ကျောက်ကပ်ရောင်းချင်လို့ပါ။ "

တစ်ပတ်.....

တစ်ပတ်အတွင်း ဆေးစစ် သွေးစစ် လုပ်ပြီး ထိုင်းဆေးရုံမှ Result ကျလာသည်။ India မှာ သွားခွဲစိတ်ရမည်မို့ သူ ချစ်ချစ်ကိုတော့ ထားခဲ့ရလိမ့်မည်။ 

စျာန် ပိုက်ဆံအထပ်လိုက်ကိုကြည့်ရင်းမှ သူငယ်ချင်းဖြစ်သူအား မယုံနိုင်စွာ ငေးကြည့်မိသည်။ တခဏအတွင်း ငွေဒီလောက်အများအပြားကို ဘယ်လိုရှာလာသလဲမသိ။

" လရိပ် ဒီပိုက်ဆံတွေ မင်းဘယ်ကရသလဲ။ "

သူ့အမေးကို ခပ်အေးအေးပြုံးလာရင်းမှ ချစ်နှင်းဆီလက်ကို ဆုပ်ကိုင်ထားသည့် လရိပ် ပုံစံက အေးအေးလူလူပင်။

" ငါသမ္မာအာဇီဝနဲ့ ရှာထားတာပါကွာ။ " 

" အေး....အဲ့ဒါဘယ်လိုရှာတာလဲလို့။ "

လရိပ် သူ့အိတ်ကပ်ထဲမှ စာရွက်လေးကို ထုတ်ပေးလါသဖြင့် စျာန်ငေးကြည့်မိသွားသည်။ဟာခနဲ ဖြစ်သွားရရင်း သူငယ်ချင်းဖြစ်သူကို မချိတင်ကဲ ကြည့်မိ၏။

" လရိပ် မင်း....."

" ချစ်ချစ် သတိရလာလို့မေးရင် ငါ အလုပ်ကိစ္စနဲ့ နိုင်ငံခြား သွားတယ်ပြောပေးပါ။ တစ်နှစ်လောက်ကြာမှာဆိုတော့ ငါ့ညီမကို ဂရုစိုက်ပေးပါကွာ။ ဒီကိစ္စတွေ မသိပါစေနဲ့။ "

စျာန် လရိပ်မျက်နှာကို ငေးကြည့်ရင်းမှ စိတ်မချမ်းသာစွာ မျက်နှာလွှဲမိ၏။ အခန်းအပြင်မှ နားထောင်နေသည့် ဒေါ်ခင်မမှာလဲ သက်ပြင်းချမိရင်း ကိုယ်မတတ်နိုင်သည်မို့ မသိဟန်သာဆောင်နေရသည်။

တချို့ချစ်ခြင်းတွေက အစထဲကိုက မဖြစ်သင့်တာမျိုး။

ဆုံတွေ့ခြင်းတချို့က ပထမမှာတင် လွဲမှားနေတတ်တာမျိုး မဟုတ်လား။

@@@@@@@@@@@@@@@@@@@@@

To be continue P - 7

Author - အနမ်းခြွေ

ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၁)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၂)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၃)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၄)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၅)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၇)


MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#လက်စွပ်
#မျက်လုံး
#မျက်နှာ
#ညီမ
#လောက

Some text some message..