
အခန်း၄။
" ဟဲ့ နန္ဒိယ ... နန္ဒိယ "
စာသင်ခန်းအပြင်မှ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာ အော်ခေါ်သံကြောင့် စာဝါလိုက်နေသော ကိုရင်နန္ဒိယသည် စာချဦးဇင်းအား ခွင့်ပန်၍ ထွက်လာခဲ့၏။
" တင်ပါ့ဘုရား ၊ တပည့်တော် ရောက်ပါပြီဘုရား ၊ ဘာခိုင်းစရာ ရှိလို့လဲဘုရား "
" ကျောင်းပေါ်မှာ ကိုရင့်ဒါယိကာမကြီးနဲ့ ဧည့်သည်တချို့ ရောက်နေတယ်။
ကိုရင်နဲ့ အရေးတကြီး ပြောစရာ ရှိလို့တဲ့ ။ အဲ့ဒါ လိုက်ခဲ့အုံး ကိုရင်"
ဆရာတော်နဲ့အတူ ကျောင်းပေါ်ရောက်တော့၊ ကိုရင်နန္ဒိယရဲ့မယ်တော်နှင့်အတူ မမြင်ဖူးတဲ့ အမျိုးသမီးနှစ်ဦးကို တွေ့လိုက်ရ၏။
ကိုရင်က တည်ကြည်စွာ ဝင်ထိုင်လိုက်ရင်းနဲ့ ၊
" အကြောင်းကိစ္စရှိလို့လား ဒါယိကာမကြီး ၊ ကိုရင်က ခုချိန်ဆို စာဝါလိုက်ရတဲ့အချိန်လေ "
ကိုရင်နန္ဒိယက သူ့မယ်တော်ကို ရှေ့ထားပြီး၊ လိုရင်းကိုသာ ပြောစေရန် မိန့်လိုက်ခြင်း ဖြစ်၏။
ကိုရင့်နန္ဒိယမယ်တော်က ...
" တပည့်တော်မကို ခွင့်လွှတ်ပါကိုရင်။ ကိုရင် စာဝါလိုက်တာ ပျက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ဒီက ဧည့်သည်များက တခြားသူတွေ မဟုတ်ပါဘူး။
ကွယ်လွန်သွားတဲ့ ကိုရင့် ဖခင် ကိုသောင်းအေးရဲ့ အမျိုးရင်းချာတွေပါ။ ကိုရင့်ဆီ အကူအညီလိုလို့ လာတောင်းကြတယ်ဆိုပါစို့ရဲ့ ... "
ကိုရင်က သူစိမ်းအမျိုးသမီးကြီးနှစ်ဦးထံ အကြည့်ပို့လိုက်ပြီး၊ တည်တည်ကြည်ကြည်မိန့်၏။
" ကိုရင်က သာသနာ့အမှုထမ်းပါ ဒါယိကာမကြီး။ ကိုရင် ကူညီနိုင်တာဆို ကူညီပေးပါ့မယ်။ ဒါပေမဲ့ လူ့ဘောင်လူ့လောက က စီးပွားရေး၊ လူမှုရေးကိစ္စတွေက ကျယ်ပြောလွန်းလှတာကြောင့် အရှုပ်အထွေးတွေထဲတော့ မပါပါရစေနဲ့ "
တချို့က မြေယာကိစ္စ၊ တောင်ယာကိစ္စတွေ လာတိုင်ပြောကြသည်။ တချို့ကျ လူမှုရေး ကိစ္စတွေ လင်ကိစ္စ၊ မယားကိစ္စ စသဖြင့် ရှုပ်ထွေးပွေလီလှသော လူမှုရေးကဏ္ဍများ၌ ကူညီခိုင်းကြသည်။ သို့အတွက်ကြောင့် ကိုရင်က တမင် ကြိုပိတ်လိုက်ခြင်း ဖြစ်သည်။
ထိုအခါ ရုပ်ရည် ခပ်သန့်သန့်နှင့် အမျိုးသမီးကြီးက ဝင်လျှောက်၏။
" ဒီလိုပါ ကိုရင် ။ တပည့်တော်မက နားခဲရွာက ရွာလူကြီးရဲ့ဦးစိန်ရိုးရဲ့ ဇနီးပါ။ ဒေါ်ခင်ခင်ကြီးလို့ ခေါ်ပါတယ်။
ကိုရင့် ခမည်းတော်နဲ့ဆို တပည့်တော်က အစ်မဝမ်းကွဲ တော်စပ်ပါတယ်။ ဒါက ဆွေမျိုးဆိုတာ ကိုရင်သိအောင် ပြောပြတာပါ။
ကိစ္စကတော့ တပည့်တော်မတို့ လူသားတွေ ဉာဏ်မမှီနိုင်တဲ့ ပြသနာတခုကို ကိုရင်များ ဖြေရှင်းပေးနိုင်မလားလို့ တပည့်တော်မတို့ ဟိုးအဝေးကြီးကနေ ကိုရင့်စီကို တကူးတက လာခဲ့ကြတာပဲဘုရား ။ ကိုရင်က တစ္ဆေနိုင်ကိုရင်လေးဆိုပြီး ဂုဏ်သတင်း မွှေးသကိုး။
အခု ပြသနာကလည်း အဲ့သလို ဖြစ်နေတယ် ပြောရမလား မသိနိုင်ဘူး ။ တပည့်တော်မတို့ရွာမှာ မမြင်နိုင်တဲ့ အန္တရာယ်တခု ကျရောက်နေပါတယ်ဘုရား။
လူတွေရဲ့ အသက်ကို အရှင်ဘုရားတို့က ကယ်ကောင်းတယ်မဟုတ်လား။ တပည့်တော်မတို့ရွာမှာ အခုဆိုရင် ရက်ခြားဆိုသလို လူတွေ ရုတ်တရက်ကြီး ဆွတ်ဆွတ်ဖြူပြီး သေနေကြတယ်။ ဘာရောဂါပါလို့လဲ အမည်တပ်လို့မရ။ ညဦးပိုင်းက အကောင်းကြီးတွေ၊ နံနက် မိုးသောက်မှ အိပ်ယာထဲမှာ သွေးဆုပ်သလို တကိုယ်လုံး ဖြူဖတ်ဖြူလျော်နဲ့ သေနေကြတယ်ဘုရား ။
ဒါကြောင့် တပည့်တော်မ စိတ်ထဲမှာ ရွာထဲမှာ မကောင်းဆိုးဝါးတကောင် ရှိနေတယ်လို့ ထင်မိပါတယ်။
တပည့်တော်မ ခင်ပွန်းဖြစ်သူက ညဘက်မှာ လူငယ်တွေစုပြီး လှည့်ကင်း၊ ဝပ်ကင်း ချပေမယ့် မကောင်းဆိုးဝါးကို ခုချိန်ထိ မဖမ်းနိုင်သေးပါဘူး။
မကောင်းဆိုးဝါးဟာ လူ့သွေးကို စုပ်မြိုစားသုံးနေတယ်လို့ မှတ်ပါတယ်ဘုရား။ အခုဆိုရင် တပည့်တော်မတို့ရွာမှာ အဲသလို ဖြစ်ပြီး သေသွားကြတာ ၄လောင်း ရှိသွားပြီ။ ဒါကြောင့် မကောင်းဆိုးဝါးဟာ ထပ်ပြီး လူတွေကို ဒုက္ခပေးအုံးမှာ အမှန်ပဲလို့ တပည့်တော်မ ယုံကြည်နေမိတယ်။
တပည့်တော်မတို့ ရွာဟာ ဒီလိုသာ ရှေ့ဆက်သွားမယ်ဆိုရင် ရွာပျက်ဖို့သာ ရှိပါတော့တယ်ဘုရား။
ဒါကြောင့် အရှင်ဘုရား ကယ်နိုင်ရင် ကယ်ပေးစေချင်ပါတယ် "
ဒေါ်ခင်ခင်ကြီးက လုံးစေ့ပတ်စေ့ လျှောက်တင်သည့်အခါ ကိုရင်နန္ဒိယသည် တွေတွေငေးငေး ဖြစ်သွားသည်။
သူ့တသက်မှာ ဒါမျိုး မိစ္ဆာကို မကြုံဖူးသေးချေ။
နိုင်ငံခြားရုပ်ရှင်တွေထဲကလို သွေးစုပ်ဖုတ်ကောင်များလားဟု ကိုရင် တွေးလိုက်မိသည်။
ကိုရင်က စကားမပြန်ဘဲ အနည်းငယ်မျှ ဆိတ်ငြိမ်သွားသည့်အခါ ဒေါ်ခင်ခင်ကြီးက အားမလိုအားမရ ဖြစ်ဟန်နှင့် ။
" တပည့်တော်မတို့ကို ညှာတာသောအားဖြင့် ကူညီပေးပါကိုရင် ။ ဒီလိုကိစ္စမျိုးက ကိုရင်ပါမှ ဖြစ်မှာမို့ပါ "
" မကူညီချင်လို့ မဟုတ်ပါဘူး ဒါယိကာမကြီးရယ် ။ ခင်များတို့ရွာက အဖြစ်အပျက်က အင်မတန်ကို ထူးဆန်းနေလို့ပါ ။
ဒါနဲ့ နေပါအုံးဗျ။ အဲ့ဒီအရင်ကရော လူသေဖူးလား။ ဆိုလိုတာက နီးနီးကပ်ကပ် လူသေထားဖူးလား "
ဒေါ်ခင်ခင်ကြီး တွေဝေသွား၏။ သူ စဥ်းစားနေစဥ် ဒေါ်ခင်ခင်ကြီးနှင့် အတူပါသော အမျိုးသမီး က ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
" ကျားကိုက်လို့ သေတဲ့ စံဖိုးစီ ရှိတယ်လေ မမရဲ့ "
ထိုအခါမှ ဒေါ်ခင်ခင်ကြီးက သတိရသွားဟန်ဖြင့် ...
"အော် အေး ဟုတ်သားပဲ။ မှန်ပါ ... ဒီလိုကိစ္စများ မဖြစ်မှီက ရွာထဲက မုဆိုးတယောက် ကျားကိုက်ခံရလို့ သေထားပါတယ်ဘုရား "
" ကျားကိုက်တာဆိုတော့ ကျွင်းကျန်တဲ့ ရုပ်အလောင်းကို ရွာသင်္ချိုင်းမှာ မြုပ်တာလား "
" မဟုတ်ဘူး ကိုရင်။ ကျားက စံဖိုးစီကို ချီသွားတာ။ ရုပ်အလောင်းကို ပြန်မရဘူး "
" အော် ဒီလိုဆိုတော့လဲ တွေးရ အခက်သား။ အင်းလေ ဘာဖြစ်ဖြစ် ဒါယိကာမကြီးက ကျုပ်အဖေရဲ့ အစ်မတော်နေတော့ ကျုပ် ခင်ဗျားတို့ နားခဲရွာကို လိုက်ခဲ့ပါ့မယ် ။
ဒါပေမဲ့ ဆရာတော်ကိုတော့ အကျိုးအကြောင်း လျှောက်ထားရအုံးမယ်။ သူက ခွင့်ပြုမှ ကျုပ် လိုက်လို့ရမှာ ဒါယိကာမကြီး "
ထိုအခိုက် ဆရာတော်ဦးစန္ဒိမာက နောက်ကနေ ရောက်လာပြီးသကာလ ၊
" လိုက်သွားလိုက်ပါ ကိုရင်။ ဘုန်းကြီး ခွင့်ပြုပါတယ် ။ ကိစ္စဝိစ္စတွေ ပြီးမှသာ ပြန်လာခဲ့ပါ ။ ကိုရင် လိုအပ်တာလည်း ယူသွားပေါ့ ။ သတ္တဝါတွေကို ကယ်တင်တာ တို့ဘုရားလမ်စဥ်ပဲလေ "
" တင့်ပါဘုရား ၊ ဆရာတော် ခွင့်ပြုရင် တပည့်တော် ဒီကနေ့ပဲ ဒီက ဒါယိကာမကြီးတွေနဲ့ လိုက်သွားလိုက်မယ်ဘုရား ။
ဘုရားခန်းက ဆရာတော်ရဲ့ ပရိတ်ရေကို တဘူးမျှ ယူသွားခွင့်ပြုပါဘုရား "
ဆရာတော် ခွင့်ပြုသည်။
ကိုရင်နန္ဒိယဟာ ပရိတ်ရေအပြင် သူ လိုအပ်မယ်ထင်တာလေးတွေ ယူဖို့ အချိန်ခဏ တောင်း၏။ ပြီးသော် သင်္ကန်းအပိုတစုံကို အိတ်ထဲထည့်၏။ ဦးသူတော် နေသွားသည့်အခန်းမှာ ဝင်၍ စာအုပ်အချို့မွှေသည်။ လိုအပ်မည်ဟု ထင်ရသည့် စာအုပ်လေးငါးအုပ်ကို အိတ်ထဲ ထပ်ထည့်၍၊ ဒေါ်ခင်ခင်ကြီးတို့ လှည်းပေါ် တက်လိုက်ခဲ့လိုက်လေတော့သည်။
_____________
Super Lan သို့သွားရန်နှိပ်ပါ
အခန်း၅။
နားခဲရွာ၊ အချိန်က ညည့်နက်သန်းခေါင်အချိန် ည၁၂နာရီခန့်။
လူသားတို့ အိပ်စက်ချိန်ဖြစ်၍ တရွာလုံးမှာ ငြိမ်သက်တိတ်ဆိတ်နေတော့သည်။
ညည့်ငှက်အချို့ အစာရှာရင်း အသံပေးသည်ကလွဲ၍ တရွာလုံး ငြိမ်သက်တိတ်ဆိတ်နေပါသည်။
ယုတ်စွအဆုံး ရွာထဲက အလေနတော ခွေးလေခွေးလွင့်များပင် ချမ်း၍ ပြာပုံတိုးနေကြဟန်တူ၏။ ခွေးဟောင်သံ၊ ခွေးအူသံ တစက်ကယ်မျှ မထွက်ချေ။ ချမ်းဆို ဒီလက ပြာသိုလမဟုတ်လား။ မိုးမခတောင်နဲ့လည်း နီးတော့ နားခဲရွာလေးဟာ တောင်ခိုးမြူငွေ့တွေ ရစ်သန်းလို့နေတာပေါ့။
ဒါပေမဲ့ ဒီလိုအချိန်မှာ မအိပ်နိုင်တဲ့သူတွေလည်း ရှိပါ၏။ အဲ့ဒါကတော့ နားခဲ ရွာသူကြီးက တာဝန် ပေးအပ်ထားတဲ့ ကာလသား လူငယ်တသိုက်ပဲ ဖြစ်ပါ၏။
သူတို့ ရွာရဲ့ လုံခြုံရေးကို ယူထားကြခြင်း ဖြစ်သည်။ လုံခြုံရေးအတွက် ရွာက ကာလသား လူငယ်တွေဟာ အဖွဲ့တွေခွဲ တာဝန်ယူထားကြ၏။
ရွာတောင်ပိုင်းမှာ ဇော်ရဲတို့အဖွဲ့၊ ရွာအလယ်ပိုင်းကို သူကြီးသား မြင့်ဇော်တို့အဖွဲ့၊ ရွာမြောက်ပိုင်းမှာတော့ ဖိုးကုလားတို့အဖွဲ့ရယ်လို့ ၃ဖွဲ့ခွဲ တာဝန်ယူထားကြ၏။ ရွာဆိုတော့ တုတ်တို့ ဓါးတို့ပဲ လက်နက်အဖြစ် ကိုင်ဆောင်နိုင်ကြ၏။
အဝေးပစ် လက်နက်ကတော့ ထုံးစံအတိုင်း ဘတ်ခွ(လောက်လေးခွ)ပဲပေါ့။ ဒါကတော့ လူငယ်ကိုယ်စီမှာ ရှိကြ၏။ အကယ်၍ မသင်္ကာစရာ လူများ မိခဲ့ရင် လက်မလွန်ကြဖို့နဲ့၊ သူကြီးစီ အပ်ဖို့ လူကြီးများက မှာထားရ၏။
လူငယ်ဆိုတာက သွေးပူလာလျင် အမှားအမှန် မခွဲခြားနိုင်တော့ဘူး။ လက်လွန်တတ်ကြ၏။ ထို့ကြောင့် ကင်းအဖွဲ့ လူငယ်များကို သူကြီးက အသေအချာ မှာထားရ၏။
ရွာထဲ လမ်းတွေမှာ ဒီကနေ့မှ ပိုပြီး မြူနှင်းတွေက ဆိုင်းနေသလိုပင်။ ရွာလယ် မီးကင်းတဲမှ သံချောင်း ခေါက်သံ ၁၂ချက်တိတိ ထွက်ပေါ်လာသည်။
" ဒေါင် ... ဒေါင် ...ဒေါင် ..."
ညည့် ၁၂နာရီ ထိုးပြီ ဖြစ်သည်။ ကင်းအဖွဲ့အချို့သည် စုရပ်၌ မီးလှုံနေကြ၏။ လှည့်ကင်းသမားတွေအတွက် ရွာထဲက လ္ဘက်သုပ်၊ ရေနွေးကြမ်း ၊ ငှက်ပျောသီး စသဖြင့် အားဖြည့် အစားအစာများ ပို့ထားကြသည်။ လူငယ်များ ဝိုင်းဖွဲ့ စားသောက်ရင်း လေကန်ကြသည်။
ရွာတောင်ပိုင်းက နက်ကျော်၏အိမ်မှာ မည်းမှောင်နေသည်။ ရေနံဆီ မီးအိမ်ပင် မထွန်းချေ။ ဘယ်အချိန်ကတည်းက အမှောင်ချထားသည်ဆိုတော့ ည၉နာရီသာသာလောက်ကတည်းက ဖြစ်သည်။
အမှောင်ချထားလို့ နက်ကျော် အိပ်နေသလားဆိုတော့ မဟုတ်ချေ။ နက်ကျော် မအိပ်ပါ။ နက်ကျော်၏ အိမ်တံခါးများအားလုံးသည် လုံခြုံစွာ ပိတ်ထား၍ နက်ကျော်တယောက် သူ့အခန်းထဲမှာ ခရမ်းရောင် လင်းလက်နေသော ဂမုန်းနက်ပင်မှ ပန်းပွင့်အား ကြည့်နေသည်ကို မည်သူမျှ မသိနိုင်ခြင်း ဖြစ်သည်။
ဂမုန်းနက်အပွင့်သည် နေရောင်ကို မကြိုက်။ အမှောင်ထဲ၌သာ ရှင်သန်နိုင်သည်။ သူ၏ အပွင့်မှာ အမှောင်ထဲ၌ ခရမ်းစွဲ မီးစုန်းရောင် တောက်ပလေ့ရှိသည်။ အရွက်တို့သည် အလင်းရောင်အောက်တွင် စိမ်းညို့ညို့ ရှိပေမယ့် အမှောင်ထဲတွင်တော့ မည်းနက်နေတတ်သည်။
ဂမုန်းနက်အပွင့်သည် ရနံ့တမျိုးကို ထုတ်လွှင့်လေ့ရှိ၏။ထိုရနံ့ဖြင့် လူတို့ကို လှည့်ဖြားတတ်သည်။ အဆိုးဆုံးမှာ ယင်းဂမုန်းနက်မှာ မကောင်းဆိုးဝါး တို့ ကြိုက်နှစ်သက်ကြခြင်း ဖြစ်၏။
ဂမုန်းနက်သည် သူ့ဖာသူဆို ရနံ့တမျိုးသာ အန္တရာယ်ရှိပြီး၊ သွေးသောက်မိလျင်တော့ နီးရာ မကောင်းဆိုးဝါးက ထိုလူကို စွဲကပ် နေထိုင်တော့လေ၏။
ယခု နက်ကျော်သည် မကောင်းဆိုးဝါးက ပူးကပ်နေထိုင်ခြင်းကို ခံနေပြီ ဖြစ်၏။ ထို့ကြောင့် သွေးညှီနံ့ကို အလွန်ကြိုက်နှစ်သက်သော ဂမုန်းနက်မိစ္ဆာက ခေါင်းကိုင်ခြယ်လှယ်ခြင်းကို ခံနေရသည်။
အတိုချုပ်ဆိုလျင် ဂမုန်းနက်မိစ္ဆာ၏ ပူးကပ်ခြင်းကို ခံရသော နက်ကျော်သည် ဂမုန်းနက်မိစ္ဆာ၏ အလိုအတိုင်း ပြုမူနေထိုင်နေခြင်း ဖြစ်ပါ၏။ယခု နက်ကျော် ခန္ဓာကိုယ်မှာ နက်ကျော်မပိုင်တော့ပေ။ ဂမုန်းနက်မိစ္ဆာကသာ ပိုင်တော့၏။
လူ့သွေးကို သောက်သုံးဖူးသော ဂမုန်းနက်မိစ္ဆာသည် ယခုအခါ လူ့သွေးကို ရက်ခြားဆိုသလို အရူးအမူး တောင့်တနေပြီ ဖြစ်သည်။
အပြင်မှာ လူသားတွေ ကင်းလှည့်နေသည်ကို ဂမုန်းနက်မိစ္ဆာကောင် သိ၏။ သို့သော် သူ့အတွက် အခက်အခဲတခု မဟုတ်ချေ။ ဂမုန်းနက်မိစ္ဆာသည် သူ၏ ခန္ဓာကိုယ်ကို သာမန်လူသားတွေ မမြင်နိုင်အောင် ကွယ်ဖျောက်နိုင်စွမ်း၏။
အဓိက က သူ့အတွက် အစာဖြစ်သည့် လူသားကို ရွေးချယ်ရန်သာ လိုအပ်၏။ဂမုန်းနက်မိစ္ဆာသည် သူစားလိုသည့် လူသားကို နေ့ခင်းကတည်းက နက်ကျော်ဟန်ဆောင်၍ ကြိုတင်လေ့လာထားပြီးဖြစ်သည်။
ယနေ့ သူ ရွေးချယ်ထားသော အစာကား ရွာလယ်ပိုင်းက မမြအေး ဖြစ်သည်။ မမြအေးသည် အမေတခု သမီးတခုဟုဆိုရမည်။ အသက်၆၀နီးပါး အမေအိုနှင့် အတူနေသူ အသက်၄၀အရွယ် အပျိုကြီး ဖြစ်၏။
မိန်းမသားနှစ်ယောက်တည်း နေသည့်အိမ်ကို ဝင်ရန် သူ့အတွက် မခက်ခဲချေ။ နောက်တခုက မမြအေးသည် ဘာသာတရားကိုင်းရှိုင်းသူမဟုတ်။ အမေအိုကိုလည်း သူ့စိတ်ထဲ မထင်ရင် မထင်သလို အော်ဟစ်ငေါက်ငမ်းတတ်၏။
ယောက်ကျားငယ်ငယ်ချောချောတွေ့ရင် ပလူးပလဲ လုပ်တတ်၏။အပျိုကြီးဟုသာ ဆိုရသည် မမြအေးသည် ရမ္မက်ကြီးသူ ဖြစ်သည်။
ထို့ကြောင့်လည်း မမြအေးသည် လူလည်လူရှုပ် ကာလသားအချို့၏ ချုစားခြင်း၌ သာယာနေတတ်သူ ဖြစ်သည်။
ယခုတလော မမြအေးသည် ရွာတောင်ပိုင်းက မောင်မောင်စိုးနှင့် ညိနေသည်ဟု နာမည်ကြီးနေ၏။ မောင်မောင်စိုးက လူလည်လူရှုပ်။ မြို့မှာ အနေကြာဖူးသူ။ ပြီးတော့ မောင်မောင်စိုးသည် မြို့သူတယောက်နှင့် လပိုင်းမျှ အိမ်ထောင်ကျဖူးသည်ဟု သတင်းသဲ့သဲ့ ထွက်ခဲ့ဖူးသည်။
မောင်မောင်စိုးက ရုပ်ရည်လေး မဆိုး။ အနေအထိုင်က သန့်သန့်ပြန့်ပြန့်ဆိုတော့ ကောင်မလေးတွေက ကြွေချင်ကြသည်။
ဒါပေမဲ့ မောင်မောင်စိုးသည် အပျင်းကြီးသူ ဖြစ်၏။ ပန်းထိမ်ပညာတတ်၏။ သို့သော် အလုပ်ကို လက်ကြောတင်းအောင် လုပ်ချင်သူမဟုတ်။ လောင်းကစား မက်၏။ ဖြတ်လမ်းက ငွေရှာချင်သူ ဖြစ်သည်။ ထို့ကြောင့် မြို့သူထံပါလာသော ရွှေငွေတို့ ၎င်းက သုံးဖြုန်း၍ ကုန်သွားသည့်အခါ ကွဲခဲ့ခြင်း ဖြစ်သည်။
ယခု မောင်မောင်စိုးသည် အပျိုကြီး မမြအေးကို ချုစားနေ၏။ မမြအေးက လယ်ပိုင်ယာပိုင်၊ ရွှေငွေ ရှိ၏။ ဝတ်နိုင်စားနိုင်၏။ ဒါကြောင့် မောင်မောင်စိုးက အပျိုကြီးကို ကပ်သည်။
ဒီက အပျိုကြီးကလည်း မောင်မောင်စိုး၏ အချော့အမြူမှာ သာယာ၏။ အထိအတွေ့ကို စွဲလန်းလေ၏။မောင်မောင်စိုးရဲ့ အမူအကျင့်ကို မကြိုက်၍ မိခင်အိုကြီးက သတိပေးစကားဆိုတော့ မမြအေးက သူ့အမေကို ကက်ကက်လန်အောင် ရန်တွေ့၏။ ရိုင်းပြသောစကားတို့ကို ဆို၏။ မမြအေးသည် ဂါဝရတရားမရှိ။ဖရုဿဝါစာ စကားတို့ကို မကြာခဏ ဆိုတတ်သူ ဖြစ်သည်။
ဒီလို မိန်းမမျိုးအိမ်ကို ဂမုန်းနက်မိစ္ဆာအဖို့ ဝင်ရောက်ရန် လွယ်ကူ၏။ နတ်ကောင်းနတ်မြတ်တို့သည် ယင်းမိန်းမမျိုးအပေါ် စောင့်ရှောက်ကြမည်မဟုတ်။ မျက်နှာပင် လွှဲထားကြလိမ့်မည်ဖြစ်သည်။
__________
MPT IPTV သို့သွားရန်နှိပ်ပါ
အခန်း၆။
ရွာလယ်ရှိ လမ်းပေါ်တွင် မြူခိုးငွေ့သဏ္ဍာန် အစုအဝေးတခုသည် အပျိုကြီး မမြအေးတို့ အိမ်ရှိရာသို့ လွင့်မြောနေ၏။
လှည့်ကင်းအဖွဲ့သည် မမြအေး၏အိမ်နှင့် မနီးမဝေးမှာ ရှိသော်လည်း ထိုအစုအတေးအဝေးကို မြူမှုန်နှင်းခိုး အစုအဝေးဟုသာ ထင်မြင်ကြသည်။
ကာလသား လူငယ်တဦးက လက်နှိပ်ဓာတ်မီးဖြင့် ဟိုဟိုသည်သည် ထိုးကြည့်သည်။ ဘာကိုမျှ မတွေ့ရ။ မြူမှုန်အချို့သာ ရွေ့လျားနေသည်ကို မြင်တွေ့ရ၍ ဓာတ်မီးကို ပိတ်သွား၏။
ထိုမြူမှုန် အစုအဝေးသည် အပျိုကြီး မမြအေးတို့ ခြံဝတံခါးအနီး ရောက်သည့်အခါ ရပ်သွား၏။ ခြံတခါးသည် လူတယောက် တွန်းဖွင့်သကဲ့သို့ အသာအယာ ပွင့်သွား၏။
မြူမှုန်အစုအဝေးသည် တံခါး ပွင့်သည်နှင့် ခြံထဲသို့ ရွေ့လျား ဝင်ရောက်သွားလေ၏။ ထိုအစုအဝေးသည် ဂမုန်းနက်မိစ္ဆာဆိုတာ အထူးအထွေ ပြောနေရန် လိုမည်မဟုတ်ချေ။
ခြံအနောက်ထိ ၎င်းမြူမှုန်များသည် တောက်လျှောက် ဝင်ရောက်သွားလေရာ ...
" အွတ် ... အွတ် ...ကတော် ကတော် ... "
အပျိုကြီး မွေးထားသော ဥစားကြက်များသည် ဘာကိုမြင်သည်မသိ ဂဏှာမငြိမ်၊ ပြေးလွှားကာ အော်ဟစ်ကြလေ၏။
တိရိစ္ဆာန်တို့သည် နာနာဘာဝကို မြင်နိုင်သည်ဆိုတာ မှန်လေသလား မသိနိုင်ချေ။ မိစ္ဆာကောင် ခြံဝိုင်းထဲ ဝင်လာကတည်း ကြက်သားအုပ်မသည် မငြိမ်မသက် ဖြစ်နေ၏။
အိမ်နောက်ဖေးက ကြက်သားအုပ်မက တကွတ်ကွတ်နဲ့ ဆူညံနေပေမယ့် အပျိုကြီး မမြအေးကတော့ အိပ်ကောင်းနေပါ၏။
အသက်ကြီးရင့်သူ အဖွား ဒေါ်ဇံသာ ကြက်များ၏ ဆူညံသံကြောင့် အိပ်ရာမှ နိုးလာ၏။ ဒေါ်ဇံသာ နိုးလာပေမယ့် မျက်စိကမကောင်းသလို လူက ယိုင်နဲ့နဲ့။ အဲ့ဒီတော့ သမီးဖြစ်သူကိုပဲ နှိုးရတော့တာပေါ့။
" ဟဲ့ သမီး မြအေး ... ထစမ်းပါအုံး ၊ အိမ်နောက်ဖေးက ညည်းကြက်တွေ ဆူညံပွက်လောရိုက်လို့ ၊ ဘာကောင်များ ဝင်လို့လဲ မသိဘူး "
ဒေါ်ဇံသာ စိတ်ထဲ မြွေဟုထင်၍ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ မမြအေးက တခါနှိုးရုံနဲ့တော့ မနိုးပါ။ သုံးလေးကြိမ် နှိုးမှ အင်းအဲနှင့် နိုးလာ၏။
" အမေကလဲ ... အိမ်ထဲ ဘာကောင် ဝင်မှာလို့လဲ ။ အိပ်ကောင်းနေတာကိုတော် ..."
" ဟဲ့ ညည်းကြက်တွေ အကောင်ရှည် ဝင်ဆွဲမှာစိုးလို့ ငါက နှိုးနေရတာ ၊ မကြည့်ချင်လဲ ညည်းသဘော "
အဲ့ဒီတော့မှ မမြအေးက အိပ်ရာက လူးလဲ ထလာ၏။ ဒေါ်ဇံသာက သူ့လက်ထဲက လက်နှိပ်ဓာတ်မီးကို ပေးသည်။
" အောက်ကို သေချာကြည့်သွားနော် သမီး ၊ မြွေပါးကင်းပါး သတိထားအုံး"
မမြအေးက မိခင်က စေတနာနဲ့ သတိပေးစကားဆိုပေမယ့် အင်းအဲ မလုပ်ဘူး။ သူ အိပ်ကောင်းနေတာ နှိုးရကောင်းလားဆိုပြီး ဓာတ်မီးကို ဆောင့်အောင့် ယူပြီး အိမ်အနောက်က ကြက်သားအုပ်မရှိရာ ထွက်သွားသည်။
မမြအေး အိမ်နောက်ဖေး ရောက်တော့ ဓာတ်မီးနဲ့ ထိုးကြည့်သည်။ ကြက်သားအုပ်မက ခုထိ တအွတ်အွတ် တကွတ်ကွတ် ဖြစ်နေကြတုန်း။
ဒါနဲ့ ကြက်သားအုပ်မ အနီးရောက်သည်အထိ တိုးကပ်သွားလိုက်လေ၏။
အဲ့ဒီအချိန် အမှောင်ထဲကနေ အလွန်လျင်မြန်စွာ အရိပ်တခုက တိုးထွက်လာ၏။ အရိပ်သည် ရုတ်ခနဲ မမြအေးအနောက်မှ အသာအယာ ပွေ့ဖက်လိုက်၏။ မမြအေး နှာခေါင်းထဲ စိမ်းရွှေရွှေ ရနံ့တခု ရလိုက်ပြီး မျက်လုံးများက ပြာနှမ်းသွားလေ၏။ သို့သော် သတိရှိစဥ်က ...
" အမယ်လေး! ဘယ်သူကြီးလဲ ၊ ကယ်ကြ ... အု အု "
မမြအေးက ဆက်အော်မည်အလုပ် ထိုအရိပ်က မမြအေးပါးစပ်ကို လက်နှင့်ပိတ်လိုက်ပြီး၊
" ကျွန်တော်ပါ မမရဲ့ ၊ မောင်စိုးပါ "
မောင်စိုးက မမြအေး ပါးစပ်မှာ ပိတ်ထားသည့် လက်ကို အသာရုတ်ပေးလိုက်သည်။
မမြအေး ခေါင်းထဲ မိုက်ခနဲတော့ ဖြစ်သွား၏။ စိမ်းရွှေရွှေ အနံ့ကြောင့် ဖြစ်မည်။ ဒါပေမဲ့ သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို ဖက်ထားသူမှာ မောင်မောင်စိုးမှန်း သိသွား၏။
" ဟင်! မောင်စိုး ... အို လွှတ်ပါအုံး ၊ ဘာလို့ လူကို အတင်းဖက်ထားတာလဲ ။ ပြီးတော့ ညကြီး အချိန်မတော်ကွယ် ... "
" မမကို လွမ်းလို့လေ ၊ ဘယ်လိုမှ စိတ်ကို ဖြေသိမ့်လို့ မရတာနဲ့ အရဲစွန့်ပြီး လာခဲ့ရတာပေါ့ ... "
" အိုကွယ် ... မင်းဟာ ကဲကို ကဲလွန်းတယ်။ ဟိုတနေ့ နေ့လယ်ကပဲ တွေ့ထားတာကို "
" အဲ့ဒီဟိုတနေ့ နောက်မှာ ဘယ်လောက်တောင် လွမ်းနေလဲ မမသိရဲ့လား ၊ ချစ်တယ် မမရယ် ၊ ဟောဒီကောင်က မမကိုအမြဲတန်း မြင်တွေ့နေချင်တာဗျ၊ အဲ့ဒါ ဘယ်လိုလုပ်ရမလဲဟင် "
" ခစ်ခစ် မင်းဟာလေ သိပ်ပိုတာပဲ သိလား။ မမလဲ မင်းကို တွေ့ချင်တာပေါ့ ။ ဒါပေမဲ့ လူတွေက မမကို ကလေးမုန့်ပေးကြိုက်တယ်လို့ အပြောမခံချင်ဘူးကွယ် ..."
" ပြောချင် ပြောပလေ့စေပေါ့၊ ဘာဖြစ်လဲ ဒီကောင်လဲ အဲ့ဒီမုန့်ကိုပဲ စွဲလန်းလွန်းလို့ မစားရ မနေနိုင် ဖြစ်နေတာလို့ ပြန်ပြောလိုက်မယ်လေ ..."
မောင်မောင်စိုးက ထိုသို့ ပြောရင်း မမြအေးကို သူ့ဘက်ဆွဲလှည့်ခါ အနမ်းမိုးများ ဆက်တိုက် ရွာသွန်းဖြိုးလိုက်လေ၏။
အပျိုကြီးမှာ တံငါလက်က ငါးရံ့လို မောင်မောင်စိုး၏ အနမ်းရေယဥ်ကြောမှာ ထွန်ထွန့်လူးနေပါ၏။
မောင်မောင်စိုး မျက်နှာ ခွာသွားတော့ မမြအေးသည် မောဟိုက်သံဖြင့် ...
" ဒီမှာ မကောင်းဘူးကွယ်။ ကင်းလှည့်တဲ့ သူတွေ မြင်သွားရင် အခက် ..."
မောင်မောင်စိုးက မမြအေးနားအနီး တိုးကပ်ခါ ခပ်တိုးတိုး ပြောလိုက်၏။ မမြအေးက ရှက်စနိုးဖြင့် မောင်မောင်စိုး ရင်ဘတ်ကို သူ့လက်သီးဆုပ်လေးနဲ့ ခပ်ဖွဖွထုရင်း ...
"ဟွန်း ... ဒါမျိုးတော့ တတ်တယ်။ အင်း ဒါပေမဲ့ မနက်တော့ မိုးမလင်းခင် ပြန်ရမယ်နော် ... "
မောင်မောင်စိုးက ခေါင်းငြိမ့်ပြသည်။ မောင်မောင်စိုးက သူ့ကို အိမ်ထဲ ခေါ်ရန် ပြောလိုက်ခြင်း ဖြစ်သည်။ ထိုအချိန် အိမ်ပေါ်က ဒေါ်ဇံသာက ...
" ဟဲ့ မြအေး သမီး ၊ ကြာလှချည်လား ၊ ဘာလုပ်နေတာလဲ။ အကောင်ရှည် မတွေ့ရင်လဲ အိမ်ပေါ် ပြန်တက်ခဲ့တော့လေ "
" အင်းပါတော် ... အမေသာ အိပ်နှင့်ပါ ။ ကျွန်မ အိမ်သာသွားပြီး တက်ခဲ့ပါမယ် ... "
" အေး အေး ဒါဖြင့်လဲ အမေ လှဲနှင့်တော့မယ် ၊ ညည်းတက်ရင် အောက်က တံခါးတွေ အသေအချာ ပိတ်ခဲ့အုံး "
အပေါ်ထပ်မှ ဒေါ်ဇံသာ၏ ခြေသံ လှုပ်ရှားသံ ငြိမ်သက်သွားပြီ။ ဒေါ်ဇံသာ အိပ်ရာဝင်ပြီ ဖြစ်မည်။
မမြအေးက မောင်မောင်စိုးရဲ့ လက်ကို ဆွဲပြီး အိမ်ထဲ ခိုးသွင်းသွား၏။ ပြီးလျင် တံခါးကို ပိတ်လိုက်သည်။
အိပ်ပျော်သွားတဲ့ ဒေါ်ဇံသာကတော့ သူ့သမီး အကောင်ရှည်နဲ့ တွေ့နေတာ ၊ ကြည်နူးနေတာ မသိရှာတော့ဘူးပေါ့ ...။
တကယ်တော့ မမြအေးနှင့်တွေနေသူမှာ မောင်မောင်စိုး မဟုတ်ချေ။ မောင်မောင်စိုး၏ ရုပ်ဆင်းသဏ္ဍာန် ဖန်ဆင်းထားသော မိစ္ဆာကောင်သာလျင် ဖြစ်တော့၏။
မိစ္ဆာသည် မမြအေး၏ အသွေးအသားကို သူ့စိတ်တိုင်းကျ ဝါးမြိုနိုင်ရန် လှည့်စားထားခြင်း ဖြစ်သည်။
မောင်မောင်စိုးက မမြအေး လက်ထဲက လက်နှိပ်ဓာတ်မီးကို ယူ၍ ပိတ်လိုက်သည်။ မိစ္ဆာကောင်သည် အလင်းရောင်ကို မကြိုက်ချေ။
" အို ... မောင်လေး "
မမြအေးမှာ မောင်မောင်စိုး၏ တွန်းလှဲခြင်းကို ခံရ၍ ခုံတန်းရှည်ပေါ် ပက်လက်ကလေး လဲကျသွားသည်။ ထရံပေါက်က လရောင် ဝိုတဝါး အလင်းရောင်ငယ်သာ သူတို့နှစ်ဦးအပေါ် ကျရောက်နေသဖြင့် တဦးကိုတဦးက ကောင်းစွာ မမြင်နိုင်သည့်အနေအထား ဖြစ်သည်။
သို့ပေမဲ့ အမှောင်ကမ္ဘာကလာသော မိစ္ဆာကောင်ကတော့ မမြအေး တကိုယ်လုံးအား ထင်ရှားစွာ မြင်နေရလေ၏။
မမြအေးသည် သူ့ကိုယ်ပေါ် တရွရွ တက်လာသော မောင်မောင်စိုးအား ...
" မမ ကြောက်တယ် မောင်လေးရယ် ..."
အကယ်၍သာ အလင်းရောင် ရှိခဲ့မယ်ဆိုရင် မမြအေးသည် သူမ ကိုယ်ပေါ်တက်လာနေသော မိစ္ဆာကောင်၏ ပကတိ အဆင်းသဏ္ဍာန်ကို မြင်ရမည် ဖြစ်သည်။
ဂမုန်းနက်မိစ္ဆာကောင်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အဆင်းသဏ္ဍာန် ရှိလေ၏။
တရွရွ တဖွဖွ တက်လာသော သူမ၏ ကိုယ်ပေါ်က မောင်မောင်စိုး၏ ကျောပြင်ကို မမြအေးက အားမလို အားမရနှင့် လက်ဖြင့် ပွတ်သပ်လိုက်သည်။
" ဟင်! ဘာကြီးတွေလဲ "
မိစ္ဆာကောင်၏ ကျောပြင်မှာ လူသားကဲ့သို့ ချောမွေ့ခြင်း မရှိ။ အဖုကြီးများနှင့် ပြည့်နှက်နေ၏။
မမြအေး ကြောက်လန့်တကြား ရုန်းကန်ရင်း ...
" ရှင် ရှင် ဘယ်သူလဲ ၊ ဖယ် ဖယ် ကျွန်မ ကိုယ်ပေါ်က ဖယ်စမ်း ..."
တိရိစ္ဆာန်ရိုင်းတကောင်၏ ငြီးသံလိုလို အသံရှည်တခု ထွက်ပေါ်လာပြီး မမြအေး၏ ပါးစပ်ပေါ်သို့ အရိအချွဲများပါသော လက်တဖက်က လာရောက် ပိတ်ဆို့သွားသည်။
" အု အု အစ် ..."
မမြအေး အသံသည် လည်ချောင်းအပြင်ဘက်ကို ထွက်မလာတော့ချေ။ တစ်ဆို့သွားလေတော့၏။
ဂမုန်းနက်မိစ္ဆာသည် မမြအေး၏ အသွေးအသားတို့ကို ခမ်းခြောက်သည်အထိ ဝါးမြို စားသုံးတော့မည် ဖြစ်၏။ မမြအေးသည် မိစ္ဆာကောင် ပြုသမျှ ခံရချေတော့မည်ဖြစ်သည်။
ထိုအခိုက် အိမ်တံခါးသည် ဝုန်းခနဲ ပွင့်သွားလေ၏။ ဂမုန်းနက်မိစ္ဆာကောင်ပေါ်သို့ လက်နှိပ်ဓာတ်မီးရောင်များ တဝင်းဝင်းတလက်လက် ကျလာသည်။
အပျိုကြီး မမြအေးမှာ မြင်မကောင်းချေ။ မိစ္ဆာကောင်၏ အောက်၌ ဝတ်လစ်စလစ် ဖြစ်နေ၏။
ဝင်လာသူများမှာ သူကြီးဦးစိန်ရိုး ၊ သူကြီးကတော် ဒေါ်ခင်ခင်ကြီး နှင့်အတူ ရွာရှိ ကာလသား လူငယ်များ ဖြစ်ကြသည်။ လူငယ်များသည် ဓါး၊ လှံ လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။
သူကြီး လင်မယားနှင့်အတူ ပါလာသော အထူးဧည့်သည်ကတော့ တစ္ဆေနိုင် ကိုရင်လေးဟု နာမည်ကျော်ကြားနေသည့် ကိုရင်နန္ဒိယပင် ဖြစ်လေ၏။
ဂမုန်းနက်မိစ္ဆာသည် အလင်းရောင်၏ ဒဏ်ကို ခံနိုင်စွမ်းမရှိချေ။ သူ့မျက်လုံးကို လက်ဖြင့် ကာထားရင်း ....
" ဂီး ဂဲ ဂဲ " ဟု မာန်ဖီနေ၏။
တစ္ဆေနိုင် ကိုရင်လေးသည် မိစ္ဆာကောင်ကို မကြောက်မရွံကြည့်၍ ...
" ထင်ထားတဲ့အတိုင်း ဒင်းက ဂမုန်းနက် မိစ္ဆာ ဖြစ်နေတာကိုး ၊
ဟဲ့ မိစ္ဆာ ... နင် ဘာကြောင့် လူတွေကို သတ်ဖြတ်နေရတာလဲ ၊ ကိုယ့်နေရာ ကိုယ်မနေဘဲ ၊ လူတွေကြား နေချင်လို့လား ၊နေချင်တော့ရော နေလို့ ရမယ်ထင်လို့လား မိစ္ဆာကောင်။
လူသားနဲ့ နင်တို့မိစ္ဆာဆိုတာ ပြဒါးတလမ်း သံတလမ်းပဲဟဲ့။ နင့်လို ကမ်းကုန်အောင် ယုတ်မာတဲ့ မိစ္ဆာက လူဖြစ်ချင်လို့ ရမတဲ့လား ။ မိစ္ဆာက မိစ္ဆာပဲ ဖြစ်တော့မပေါ့ ဂမုန်းနက်မိစ္ဆာရဲ့ ..."
ဂမုန်းနက်မိစ္ဆာသည် ဝိုင်းထားသည် လက်နက်ကိုင် လူငယ်များကို ကြောက်ရွံဟန်မတူ။
သို့ပေမဲ့ သူ့ရဲ့ ဇစ်မြစ် ဗီဇဖြစ်တဲ့ ဂမုန်းနက်မိစ္ဆာဘဝကို လှစ်ဟ ဖေါ်ပြောလိုက်တဲ့ ကိုရင်လေးကိုတော့ အလွန်ပင် ကြောက်ရွံသွားဟန်တူသည်။
ဗီဇကို သိမှတော့၊ သူ့အားနည်းချက်ကိုလည်း ကိုရင်ငယ်က သိမည် အမှန်ပင်။
မိစ္ဆာကောင်သည် မမြအေးအပေါ်မှ ထလိုက်သည်။ ကိုရင်နှင့် ဝေးရာကို နောက်ဆုတ်သွား၏။
ဒါပေမယ့် သူကြီးအမိန့်ဖြင့် ခြံဝိုင်းတခုလုံးကို လူငယ်များက ဝိုင်းထားပြီး ဖြစ်နေ၏။
ဒါ့အပြင် ကိုရင်ငယ်၏ စီစဥ်ပေးမှုဖြင့် ဒေါ်ဇံသာ၏ ခြံဝိုင်း တပတ်လည်လုံးကို ပရိတ်ကြိုးများဖြင့် တားပြီးဖြစ်လေ၏။
ကိုရင်ငယ်၏ လက်ထဲတွင် အစွမ်းထက်မြက်သော ပရိတ်ရေဘူးကို ကိုင်ထားသည်ကို မိစ္ဆာက မြင်လေ၏။ ထို့ကြောင့် နောက်ဆုတ် နောက်ဆုတ်နှင့် ထွက်ပြေးရန် ကြံစည်နေခြင်း ဖြစ်သည်။
လူအများသည် မိစ္ဆာကောင်၏ ပကတိ အဆင်းသဏ္ဍာန်ကို မြင်ရသောအခါ ရွံရှာစက်ဆုပ်ကြလေ၏။
ဦးခေါင်းသည် ခန္ဓာကိုယ်ထက် အဆမတန် ကြီးမား၏ ။ ခြေတံလက်တံတို့မှာ ပုကွကွနိုင်၏။ တကိုယ်လုံးမှာ အဖုကြီးများနှင့် ပြည့်နှက်နေသည်။
အဖုအချို့မှာ ပြဲကွဲနေပြီး အရိအရွဲတို့ စီးကျလျက်ရှိသည်။
လွန်စွာမှ စက်ဆုပ်ရွံရှာဖွယ် ကောင်းလေ၏။
မိစ္ဆာသည် လွတ်ပြီအထင်နှင့် ကျောဘက်က ဝါးထရံကို ဝုန်းခနဲ ကိုယ်လုံးနဲ့တိုက်ခါ အိမ်အပြင်သို့ ထွက်လေ၏။
သို့သော် ခြံစည်းရိုးကိုတော့ မကျော်နိုင်ချေ။ ကိုရင်နန္ဒိယက ပရိတ်ကြိုးများဖြင့် စည်းတားဂါထာ ချထားသောကြောင့် ဖြစ်လေ၏။
ဂမုန်းနက်မိစ္ဆာကောင်သည် ယခုမှ အရူးမီးဝိုင်းသလို ဖြစ်နေ၏။ ဟိုပြေးရမလိုလို ဒီပြေးရမလိုလိုနဲ့ ခုန်ဆွဆွ ဖြစ်နေတော့သည်။
ကိုရင်နန္ဒိယသည် သင်္ကန်းကြား ဝှက်ယူလာသော ဂမုန်းနက်အပင်ကို မိစ္ဆာကောင်အား ထုတ်ပြလိုက်သည်။
ထိုအခါ မိစ္ဆာသည် လွန်စွာ ကြောက်ရွံသွားဟန်ဖြင့် ကိုရင်ငယ်အား အသနားခံသည့်မျက်လုံးများဖြင့် ကြည့်နေတော့၏။
မလှုပ်ရှားနိုင်တော့သော ဂမုန်းနက်မိစ္ဆာအား ရွာသားများက တုတ်များ ခဲများဖြင့် ပစ်ပေါက်ကြလေ၏။ ဆဲကြဆိုကြ၏။ သူတို့ရွာသား ၄ဦးကို ဂမုန်းနက်မိစ္ဆာက သတ်ဖြတ်စားသုံးထားသည်ကို မကျေနပ်ကြချေ။
ကိုရင်သည် မိစ္ဆာအား နိဂုံးချုပ်ပေးရန် ပြင်လိုက်သည်။ သူကြီးအား ခေါင်းငြိမ့်ပြလိုက်သည်။
သူကြီးက ကိုရင်ငယ် လက်ထဲက ဂမုန်းနက်အပင်အား မြေပေါ်သို့ ချလိုက်သည်။ အသင့်ပါလာသော လောင်စာဆီကို ထိုဂမုန်းနက်အပင်ပေါ်သို့ လောင်းချလေ၏။
ထိုအခါ ဂမုန်းနက်မိစ္ဆာသည် နောက်ဆုံးအနေဖြင့် သူကြီးအား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ဟန်တူသည်။
ဝုန်းခနဲ ခုန်ထကာ သူကြီးထံသို့ ပြေးဝင်လာ၏ ။ ဒါက်ု တင်ကြိုသိထားဟန်တူသော ကိုရင်နန္ဒိယက ပြေးဝင်လာသည့် ဂမုန်းနက်မိစ္ဆာအား ပရိတ်ရေဖြင့် ဖျန်းပက်လိုက်လေ၏။
" အား ... ဝူး "
ကြောက်မက်ဖွယ်ရာ အသံဆိုးကြီးက မိစ္ဆာထံမှ ထွက်ပေါ်လာပြီး နောက်သို့ ဆုတ်သွားလေ၏။
သူကြီးသည် အချိန်မဆွဲတော့ဘဲ ၊ လောင်စာဆီ လောင်းထားသော ဂမုန်းပင်ပေါ်သို့ မီးကို ခြစ်၍ ရှို့လိုက်လေ၏။
ဂမုန်းပင်သည် လောင်စာဆီ အရှိန်ဖြင့် တဟုန်းဟုန်း တောက်လောင်လေတော့သည်။
ဂမုန်းနက်မိစ္ဆာခမျာ ပူလွန်းလှ၍ အသံမျိုးစုံ အော်ဟစ်နေသည်ကို လူတွေ မြင်တွေ့ကြရသည်။
မကြာပါ ဂမုန်းပင်လည်း ပြာကျရော ၊ မိစ္ဆာကောင်၏ ခန္ဓာကိုယ်သည် အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွားကာ ၊ လူတို့မျက်စိအောက်မှ ပျောက်ကွယ်သွားတော့လေ၏။
သူကြီးအပါအဝင် အားလုံးသော ရွာသားတို့သည် ယခုမှပင် သက်ပြင်းမောကို ချနိုင်ကြတော့လေ၏။
____________
အခန်း၇။
သူကြီးဦးစိန်ရိုးအိမ်၌ ဖြစ်သည်။ တစ္ဆေနိုင်ကိုရင်လေးအား ပြန်ပို့ပေးရန် ပြင်နေကြခြင်း ဖြစ်သည်။
သူကြီးက ...
" အင်မတန်ကို ကျေးဇူးတင်ပါတယ် ကိုရင်ရယ် ။ တပည့်တော်တို့ တရွာလုံးအသက်ကို ကိုရင်က ကယ်လိုက်တာပါပဲ "
ကိုရင်နန္ဒိယသည် တည်ကြည်စွာဖြင့်
" တကယ်တော့ ကျုပ်တယောက်တည်းကြောင့် ဂမုန်းနက်မိစ္ဆာရဲ့ ရန်စွယ်ကို ရှင်းလင်းနိုင်တာမဟုတ်ဘူး ဒါယိကာကြီးရဲ့ ။
ဟောဒီက ခင်များမိန်းမ ဒေါ်ခင်ခင်ကြီးကြောင့်သာ ဂမုန်းနက်မိစ္ဆာလို့ ကျုပ်က ခန့်မှန်းမိတာ "
မှန်၏။ ဒေါ်ခင်ခင်ကြီးသည် စံဖိုးစီ သေပြီး မုဆိုးမအဖြစ်ကျန်ရစ်သော မြသီအတွက် နက်ကျော်၏ အကြောင်းကို စုံစမ်းရာမှ အကြောင်းအရာတချို့မှာ မသင်္ကာစရာ ကောင်းသည်ဟု ထင်မြင်မိလေသောကြောင့် ကိုရင်နန္ဒိယအား ခေါ်လာစဥ်က လမ်းမှာ ဖွင့်ပြောပြခဲ့ခြင်း ဖြစ်သည်။
" နက်ကျော်ဟာ မြသီကို စုံမက်နေတယ်ဆိုတာ သေချာတော့ တပည့်တော် အသေအချာ လေ့လာခဲ့တယ်ဘုရား ။
သူ့အိမ်အနီးမှာ နေတဲ့ မစန်းကြည်ကို ' စန်းကြည် ခုတလော နက်ကျော် ဘာထူးခြားလဲ ၊ အသေအချာ ကြည့်ပေးစမ်း' လို့ တပည့်တော်မ ခိုင်းခဲ့တယ်။
ဒါ့အပြင် ရွာထဲက လူငယ်အချို့ကိုလဲ နက်ကျော် မြို့တက် ဆေးကုသွားစဥ်က နောက်ယောင်ခံစေခဲ့တယ်ဘုရား။
အိမ်နီးချင်းဖြစ်တဲ့ စန်းကြည်မက ဘာပြောလဲဆိုတော့ ...
မမ ... နက်ကျော် ကျားကုတ်ခံရတယ်လဲ ပြောသေး။ အခု တပါတ်အတွင်းမှာ ပျောက်နိုင်ပါ့မလား။
ဒါနဲ့ တပည့်တော်မက ဘာလို့လဲ မေးတော့၊ စန်းကြည်မက ...
အို မမကလဲ ထော့နင်း ထော့နင်း ဖြစ်နေတဲ့ ခြေထောက်ကလဲ ခုဆို ကောင်းလိုက်တာမှ မြသီအိမ်ကို တနေ့ ၁၆ခေါက်တဲ့
ပြီးတော့ နက်ကျော် ရေချိုးနေတုန်း စန်းကြည်မ ခိုးကြည့်တော့ သူ့လက်ပြင်က ကျားကုတ်ရာ လုံးဝ မရှိတော့ဘူးတဲ့ဘုရား ။
တခါ သူ မြို့တက် ဆေးကုစဥ်က လိုက်ချောင်းခိုင်းတဲ့ သာဒင်ကလဲ ...
မမကြီး နက်ကျော် မြို့တက်တာ ဆေးရုံကို လုံးဝ မသွားဘူးတဲ့။ ရွှေဆိုင်ကို သွားတာ မြင်တယ်တဲ့။ အဲ့ဒီကအပြန် တည်းခိုခန်းမှာ တည်းတယ်တဲ့။
နေ့တိုင်း စားသောက်ဆိုင်အကောင်းစားတွေမှာ ဝင်စားတယ်တဲ့။ အဖိုးတန်ပစ္စည်းတွေလဲ နင်းကန်ဝယ်တယ်တဲ့။
ဟုတ်မယ်၊ ရွာကို ပြန်ရောက်တော့ တပည့်တော်တို့လင်မယားအဖို့ အဝတ်အစား တစုံစီ လာကန်တော့တယ်။
မြသီတို့သားအမိအတွက်လည်း ဝယ်လာလိုက်တာ အလျံအပယ်ပဲ။ ကျွန်မ အဲ့ဒီမှာ နက်ကျော်ကို မသင်္ကာတော့ဘူး။
သူ ဒီလောက်ပိုက်ဆံတွေ ဘယ်ကရလဲပေါ့။ နို့ပြီး သာဒင်က ပြောတယ်လေ။ ရွှေဆိုင်ဝင်တယ်ဆိုတော့ ...
ကျွန်မ ကိုစိန်ရိုးကို ခွင့်တောင်းပြီး သာဒင်နဲ့အတူ မြို့တက်ခဲ့တယ်။ နက်ကျော် ဝင်သွားတဲ့ ရွှေဆိုင်ကို သွားမေးတယ်။ နက်ကျော် ဘာလာလုပ်တာလဲဆိုတော့ ...
တောထဲက ရှေးဟောင်းဒင်္ဂါးပြား ၃ပြား တူးရလို့ လာရောင်းတယ်လို့ သိလိုက်ရတယ် "
အဲ့ဒီမှာ နက်ကျော်ရဲ့ ဖုံးကွယ်ထားတာတွေ တစွန်းတစ သိလိုက်ရပြီလေ။ နက်ကျော်က သူတို့ ကျားကုတ်ခံရတယ်လို့ပဲ ပြောတာ။ ရွှေတွေ ရခဲ့တယ်လို့ တခွန်းမှ မဟဘူးမဟုတ်လား"
အဲ့ဒီမှာ ကိုရင်နန္ဒိယ စဥ်းစားလို့ ရသွား၏။ နက်ကျော်ရဲ့ ဒဏ်ရာတွေ တပါတ်အတွင်း အရှင်းပျောက်သွားတာရယ်၊ ရွှေဒင်္ဂါး ကိစ္စရယ်ကို ဆက်စပ်တွေးလိုက်တော့ နက်ကျော်သည် တောထဲက မိစ္ဆာတမျိုးတော့ ဝင်ရောက် ပူးကပ်နေတာ ဖြစ်မယ်လို့။
နက်ကျော်က ရွာကလူတွေ ယုံကြည်အောင် သူ့ကိုယ်သူ ဒဏ်ရာတွေ ရအောင် လုပ်ခဲ့မယ်။ တကယ်လို့ နက်ကျော်သာ လူသားမှန်ရင် အဲ့ဒီလို ဒဏ်ရာကြီးတွေ လပေါက်အောင် ကြာမြင့်မှာမဟုတ်လား။ ပျောက်ပြီဆိုတောင် အမာရွတ်တော့ ကျန်ရမည်လေ။ ဒီတော့ နက်ကျော်ကိုယ်မှာ မိစ္ဆာတကောင်ကောင်တော့ ပူးကပ်နေတာ သေချာပြီ။
ဘယ်လိုမိစ္ဆာဖြစ်နိုင်မလဲ။ ကိုရင်က ဦးသူတော်အခန်းထဲက စာအုပ်အချို့ ယူလာခဲ့သည်။ အဲ့ဒီထဲမှာ မိစ္ဆာအမျိုးမျိုး အကြောင်း နှံ့စပ်စွာ ရေးထားသည့် အခန်းငယ်များ ပါရှိ၏။
လေ့လာကြည့်တဲ့အခါ ၊ ထိုကဲ့သို့ ရတနာရွှေငွေ ရှိရာ၌ အစွဲအလန်းကြောင့် မကောင်းဆိုးဝါးမိစ္ဆာတချို့ ရှိနေတတ်သည်တဲ့။
အဲ့ဒီထဲမှာမှ ဂမုန်းခုနှစ်ဖေါ်အကြောင်းကို ကိုရင်က ဖတ်မိသွားသောအခါ မိစ္ဆာအစောင့်အရှောက် ရှိတတ်သော ဂမုန်းမှာ ဂမုန်းနက်ဟူ၏။
ထိုစာမျက်နှာ၌ ဂမုန်းနက်ကို စောင့်သော မိစ္ဆာသည် အလိုရမ္မက်ကြီး၏။ လူသား ဖြစ်ချင်၏။ လူ့သွေးကို ငတ်မွတ်၏လို့ ဖေါ်ပြထားတော့၊ နားခဲရွာထဲက သေသွားသူများမှာ သွေးဆုပ်၍ ခန္ဓာတခုလုံး ဆွတ်ဆွတ်ဖြူကာ သေဆုံးတာနဲ့ တိုက်ဆိုင်နေ၏။
ဦးသူတော် ပြုစုထားသော ဂမုန်းနက်မိစ္ဆာအား နှိမ်နှင်းသုတ်သင်နိုင်သော နည်းလမ်းကိုပါ တဆက်တည်း ဖတ်မှတ်ထားလိုက်လေ၏။
ထို့ကြောင့် ကိုရင်သည် နက်ကျော် ညည့်နက်ချိန် အစာထွက်ရှာသည့်အခါ ၊ ၎င်းအိမ်ကို ဝင်၍ ဂမုန်းနက်ပင် ရှိ / မရှိ ဝင်ရှာ၏။
ဂမုန်းနက်ပင်ကို တွေ့သောအခါ ၊ နက်ကျော်ကိုယ်၌ ပူးကပ်နေသော မိစ္ဆာကို ခန့်မှန်းနိုင်သွားသည်။ သေချာပြီလေ နက်ကျော်ကိုယ်မှာ စွဲဝင်ပူးကပ်နေတာ " ဂမုန်းနက်မိစ္ဆာ "...။
တရားခံကို သိပြီဆိုမှတော့ ရှင်းလင်းသုတ်သင်ဖို့ရာ လွယ်ကူသွားလေ၏။
နက်ကျော်ကို စောင့်ကြည့်နေသူက နက်ကျော်သည် အခုရက်ပိုင်း၌ ဒေါ်ဇံသာတို့အိမ်ကို အဝင်အထွက်ရှိသည်ဟုဆိုထားလေတော့ ၊ သူတို့ နက်ကျော်ကို ဒေါ်ဇံသာတို့အိမ်မှာ ရှိကြောင်း သိခဲ့ကြ၏။
ဒေါ်ဇံသာတို့အိမ်နံဘေး ကင်းပုန်းဝပ်နေသော လူငယ်ကလည်း နောက်ဖေးက ကြက်သားအုပ်မ ဆူညံသံကြောင့် သတင်းပို့လေရာ ကွက်တိ ဖြစ်သွားလေ၏။
အခုတော့ မုဆိုးမမြသီတို့သားအမိတတွေလည်း နက်ကျော်၏ ရန်မှ လွတ်လေပြီ။
တရွာလုံးလည်း ဂမုန်းနက်မုဆိုး၏ အန္တရာယ်မှ လွတ်မြောက်ကြပြီဖြစ်၏။
ကိုရင်နန္ဒိယ အပြန်၌ လာစဥ်ကနှင့်မတူ။ လှည်းနှစ်စီးဖြင့် ပြန်ရ၏။ ဘာကြောင့်လဲဆိုတော့ နားခဲရွာက ရွာသူရွာသားတွေရဲ့ လှူဖွယ်ပစ္စည်းတွေက လှည်းတစီးတည်းနဲ့ တိုက်လို့မလောက်ငတော့လို့ပါ။
ကိုရင်ငယ်သည် သာမဏေငယ်ဟုဆိုသော်လည်း ၎င်း၏ အကျင့်၊သီလ၊စရဏတို့ကြောင့် တနေရာမှ တနေရာသို့တိုင် တစ္ဆေနိုင်သော ကိုရင်လေးဟု ဂုဏ်သတင်းမွှေးပျံ့နေလေတော့လေသတည်း။
ပြီးပါပြီ
ပီပီ၊မန္တလေး၊
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory