ချစ်ခြင်းထက်သာလွန်၍ _အပိုင်း (၇)
lotaya.mpt.com.mm
|
2022-06-12

မသဲမကွဲကြားနေရသည့် အသံတစ်စွန်းတစ်စတွေနဲ့အတူ မျက်ဝန်းတို့ကို တဖြည်းဖြည်းအားယူဖွင့်ကြည့်မိတော့ မျက်နှာကျတ်ဖြူဖြူကြီးကို အရင်ဆုံးတွေ့လိုက်ရ၏။ 

" အင်းးးဟင်းးးရေ ရေဆာတယ်။ "

" သမီး....သမီးလေး...သတိရလာပြီ။ "

မေမေ့အသံနဲ့အတူ ချစ်ချစ် ကိုကို့မျက်နှာကို ပြေးမြင်မိသွား၏။ အားလေးတင်းကာ ဘေးဘီလိုက်ကြည့်မိတော့ ဆေးရုံခန်းလေးက အေးစက်တိတ်ဆိတ်နေ၏။ 

" မေမေ....ကိုကို....ကိုကို ဘာဖြစ်သွားသေးလဲဟင်။ ကိုကိုရော....."

သတိရလာသည်နှင့် လရိပ်ကိုသာ စိုးရိမ်တကြီးမေးရှာသည့် သမီးဖြစ်သူကိုကြည့်ရင်း ဒေါ်ခင်မ သဘောမကျသလို မျက်နှာပျက်သွားရသည်။ ဒုတိယအကြိမ်ထပ်မံခွဲစိတ်ပြီးထဲက သတိလစ်နေတာ ခုဆို နှစ်လရှိပြီဖြစ်သလို ခုမှ သတိရလာခြင်းပင်။ လရိပ်လဲ ကျောက်ကပ်ခွဲစိတ်ရန် အိန္ဒိယကို ထွက်သွားတာ သုံးလရှိပြီဖြစ်၏။ လရိပ်ထွက်သွားပြီးတစ်လကြာမှ ဒုတိယအကြိမ်ခွဲစိတ်ခြင်းကို လုပ်ရခြင်းပင်။ 

" လူနာ သတိရလာပြီဆို....."

လူနာခန်းထဲ ဂျူတီကုတ်ဖြင့် ဝင်လာသည့် စျာန်။ သတိရနေပြီဖြစ်သည့် ချစ်နှင်းဆီကို ကြည့်ရင်းမှ လိုအပ်သည်များကို စမ်းသပ်စစ်ဆေးပေးကာ ကောင်းမွန်နေပြီဖြစ်သည့် အခြေအနေကြောင့် ပြုံးမိသွား၏။ 

" ချစ်နှင်းဆီ....နေရတာအဆင်ပြေရဲ့လား။ ဘယ်လိုနေသေးလဲ.... နာတာ မူးတာရှိလား။ "

ချစ်ချစ်ခေါင်းလေးကို အသာအယာ ယမ်းခါပြမိသလို အကြည့်တို့က ကိုကို့ကိုသာ ရှာဖွေမိသည်။ စျာန်က ရိပ်မိတာမို့ ဟန်ဆောင်ပြုံးကာ ...

" လရိပ်က အလုပ်ကိစ္စကြောင့် နိုင်ငံခြားခဏသွားတယ်။ "

ချစ်ချစ် မျက်နှာလေးမှာ သနားစဖွယ် ငယ်ကျသွားသလို မျှော်လင့်ချက်တို့ပါ အရောင်မှိန်သွားရ၏။ ကိုကိုက ချစ်ချစ် နေမကောင်းတာကို ခရီးထွက်သွားရက်သည်တဲ့လေ။ ဘယ်လောက်တောင် မယုံနိုင်စရာကောင်းတဲ့ ကိစ္စလဲ။ ချစ်ချစ် ကိုကို့ကို တွေ့ချင်လိုက်တာ။ 

-----------------------

India....

လရိပ် လက်တွင် ဆေးသွင်းထားသည့် ဆေးပိုက်ကို ငုံ့ကြည့်နေသည့်တိုင် မျက်လုံးထဲ ကားတိုက်ခံရပြီး သူ့လက်ပေါ် သွေးအလူးလူးဖြင့် သတိလစ်သွားသည့် ချစ်ချစ်ပုံလေးကိုပဲ ပြန်မြင်ယောင်နေမိသည်။ ပြီးတော့ ကိုသူ့ဆီမှ ချစ်ချစ်ကိုပါ စော်ကားပြောဆိုရန်ကြိုးစားသည့် စကားမျိုးတွေက ဖန်တလဲလဲ နားထဲမှမထွက်။ ဒါတွေကြောင့်.....ဒီလိုအပြောတွေကြားရမည်စိုးသဖြင့် သူ စောင့်ထိန်းခဲ့တာ ရှေ့မတိုးခဲ့တာပင်။ 

လွမ်းလိုက်တာ......။

ချစ်စဖွယ်မျက်နှာလေး ၊ အသံချိုချိုလေးဖြင့် သူ့အပေါ်ဆိုးနေကျ အမူအယာလေးတွေ။ သူ သတိရလိုက်တာ....။ 

! တူ....တူ.....!

ဖုန်းမြည်သံနဲ့အတူ သူကြည့်မိတော့ စျာန့်ဆီမှမို့ သူ အမြန်ကိုင်လိုက်သည်။ 

" သူငယ်ချင်း လရိပ်......ချစ်နှင်းဆီ သတိရလာပြီ။ "

တစ်ဖက်မှကြားလိုက်ရသည့် စကားသံက လရိပ်ရင်ထဲ လှုပ်ခါသွားစေသလို ဝမ်းသာအားရ မျက်ရည်စတွေပင် ဝဲတက်လာရသည်။ ချက်ချင်း မြန်မာပြည်ကို အပြေးပြန်ချင်သွားသလို မသွားနိုင်သည့်အဖြစ်မှာ ကိုယ့်ကိုယ်ကိုယ် တကယ့် မချင့်မရဲ ။ 

သူ သိသည်။

ချစ်ချစ် သူ့ကို မျှော်နေရှာမှာ။

@@@@@@@@@@@@@

ဆေးရုံ၏ အခန်းလေးထဲ ပစ္စည်းတွေသိမ်းနေသည့် ချစ်နှင်းဆီ။သက်သာပြီမို့ ဆေးရုံဆင်းရပြီဖြစ်သလို ချစ်ချစ်ကိုယ်တိုင်လဲ ဆေးရုံမှာ မနေချင်တော့။ ကိုကိုကတော့ တစ်နေ့ကို သုံးခါလောက် ဖုန်းဆက်သလို ချစ်ချစ် စိတ်ကောက်နေမှန်းသိတာမို့ မရမကစိတ်ပြေအောင်ချော့ရှာပါသည်။ 

! ကျွီ!

အခန်းတံခါးဖွင့်သံကြောင့် ငဲ့ကြည့်မိတော့ ကိုစျာန်ကို တွေ့လိုက်ရသဖြင့် ချစ်ချစ်ပြုံးကာ နှုတ်ဆက်လိုက်သည်။

" ဂျူတီချိန်ပြီးသွားပြီလား အစ်ကို။ "

" ဟုတ်ပဗျာ.....ချစ်ချစ်ကို ကိုယ်လိုက်ပို့ပေးမယ်။ ပစ္စည်းတွေလဲ ကူသိမ်းပေးမယ်။ "

​ပြောဆိုရင်းပင် ချစ်ချစ်လက်ထဲမှ အနွေးထည်နဲ့ အင်္ကျီတွေဆွဲယူသွားကာ ခေါက်သိမ်းပေးနေတာမို့ ချစ်ချစ် မနေတတ်စွာလိုက်တားမိသည်။ကိုကို့မျက်နှာကြောင့်ရော နဂိုသဘောကောင်းသူမို့ နှစ်ယောက်သား အချိန်တိုအတွင်း ရင်းနှီးသွားတာမြန်သည်။ 

" ဟို....နေပါစေအစ်ကို....ပေး ပေး "

ကပျာကယာ လိုက်လုပေမယ့် မရသလို နောက်ဆုံးချစ်ချစ်သာ အလျှော့ပေးလိုက်ရသည်။ ပစ္စည်းတွေသိမ်းပြီးသည်နှင့် ကိုစျာန့်ကားဆီ အတူလျှောက်လာကြသလို ကားထဲဝင်ထိုင်လိုက်ပေမယ့် အနည်းငယ် အနေခက်မိတာတော့အမှန်ပင်။ 

" လရိပ် ဖုန်းဆက်သေးလား။ "

" ဟုတ်ကဲ့.... ဒီနေ့ ဆေးရုံဆင်းမှာ ကိုကိုသိပါတယ်။ ဒါနဲ့ အစ်ကို့ကို မေးစရာရှိလို့။ "

စျာန် ကားမောင်းနေရင်းမှ ချစ်ချစ်ဘက် ငဲ့ကြည့်မိသလို မဝံ့မရဲပုံစံလေးကြောင့် သူ မေးဆတ်ပြရင်းမှ.....

" မေးလေ.....ကိုယ်ဘာပြောပြရမလဲ။ "

" ဟိုလေ....ချစ်ချစ်ရဲ့ ကုသစရိတ်က.."

စျာန် မျက်နှာ မပျက်အောင်ထိန်းလိုက်ရင်းမှ ဟန်ဆောင်ရယ်မောလိုက်ရသည်။ ဘာမှကိစ္စမရှိသလိုပုံစံဖြင့်...

" ကုသစရိတ်က Free လေ။ ချစ်ချစ်က ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ညီမပဲဟာ။ "

ချစ်ချစ် မျက်လုံးလေးဝိုင်းသွားရသလို တအံ့တသြ ဖြစ်သွား၏။

" အဲ့လို ရလို့လားဟင်.....ဆေးရုံက "

" ရတာပေါ့....ကဲပါ ဘာမှတွေးမနေနဲ့။ လရိပ်လဲ ခြောက်လလောက်ကြာရင် ပြန်လာမှာပါ။ ကိုယ့်ဖုန်းနံပါတ် သိတယ်မဟုတ်လား....အကူအညီလိုရင် ဖုန်းဆက်။ "

စျာန် ခေါင်းလေးငြိမ့်ပြရင်း ပြန်ငြိမ်သွားသည့် ချစ်ချစ်ကို မသိမသာ ငေးကြည့်မိ၏။ ဖြူဥနေသည့် မျက်နှာလေးကို ခိုးငေးကာ ဆေးရုံမှာရှိနေသည့် တစ်လျှောက်လုံး သူဟာ လရိပ်ညီမဟုသာ ပြောနေပေမယ့် အရိပ်တကြည့်ကြည့်ဖြစ်ခဲ့တာ ဘာပယောဂမှာမပါပါ။ သူငယ်ချင်းရဲ့မျက်နှာကြောင့်လဲမဟုတ် လူနာဖြစ်နေ၍လဲမဟုတ်ပဲ ကိုယ်တိုင်စိုးရိမ်မြတ်နိုးမှုကြောင့်သာ။ 

သို့ပေမယ့် သူ သိသည်။ 

လရိပ် က ချစ်နှင်းဆီကို အရမ်းချစ်တာ သူအသိဆုံးဖြစ်သလို ချစ်ချစ်ကိုယ်တိုင်လဲ လရိပ်ကိုသာ ချစ်ပုံရသည်။ မစခင်ထဲက ရှုံးပြီးသားပွဲမှာ သူအနည်းငယ်မျှပင် မကျေနပ်တာမျိုးမရှိပါ။ လရိပ်ဆိုတာ သူ့အချစ်ဆုံး သူငယ်ချင်းပဲမဟုတ်လား။ 

@@@@@@@@@@@

ခြောက်လကြာပြီးနောက်......။

လရိပ် ခြံရှေ့က သစ်ပင်အကွယ်လေးတွင် ပုန်းကာ စျေးသွားရန်ထွက်လာမည့် ချစ်ချစ်ကို စောင့်နေခြင်းပင်။ မနက်ဖန်မှ ပြန်လာမည်ပြောထားပြီးတစ်ရက်စောပြန်လာကာ ဝမ်းသာအံ့သြသွားမည့်ပုံစံလေးကို မြင်ချင်သည်။ လက်သူကြွယ်မှ လက်စွပ်လေးအား လက်ခလယ်ပြောင်းဝတ်လိုက်ရင်း ပြုံးမိသည်။ ကွယ်ရာမှာကျ ချစ်ရသူရှိပါသည် ၊ ပိုင်ရှင်ရှိပါသည်ဆိုပြီး ကြွားဝါဂုဏ်ဆာပေမယ့် သူမလေးနဲ့တွေ့လျှင် မသိဟန်ဆောင်နေရတာလဲ ရင်နာရခြင်းမမည်သော ရင်နာခြင်းတစ်မျိုးပါပဲ။ 

! ဂျိန်း !

ခြံတံခါးဆွဲဖွင့်သံနဲ့အတူ စျေးခြင်းလေးဆွဲကာ ထွက်လာသည့် ချစ်ချစ်။ အညိုရောင်ဒူးကျဂါဝန်အကားလေးဖြင့် ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ထားသည့်ပုံစံက ဘယ်အချိန်ကြည့်ကြည့် ချစ်မြတ်နိုးစရာလေးပင်။ ဘယ်လောက်တောင် လွမ်းနေခဲ့ရသလဲ ။ ဘယ်လောက်တောင် ဒီမျက်နှာလေးကို မြင်ချင်တွေ့ချင်နေခဲ့ရသလဲ။ Video Call ပြောလျှင်ရပေမယ့် ခွဲစိတ်ထားသည့် သူ့အခြေအနေကို မြင်သွားမှာစိုးရိမ်သဖြင့် မနည်းအောင့်အီးနေခဲ့ရသည်။

" ဟိတ်.....ကောင်မလေး "

သူ့ဘက်ကို ဖျတ်ခနဲ လှည့်ကြည့်လာသည့် မျက်နှာလေးက အံ့အားတကြီး မင်သက်နေရာမှ ဝမ်းသာအားရ ပြုံးရယ်လာရင်း ပြေးဖက်၏။ အလိုက်သင့်ဆီးဖက်လိုက်ရင်းမှ သူပါ တဟားဟားရယ်မောမိသည်။ 

" ကိုကို့.....အဟင့်...ဟင့်...."

လရိပ် ရင်ခွင်ထဲရောက်လာသည့် ကိုယ်လေးအား ခပ်တင်းတင်းပွေ့ဖက်ထားရင်း မျက်ဝန်းအစုံကို မှိတ်ချမိသည်။ ဒီခံစားချက်.....ချစ်ရသူကို ရင်ခွင်ထဲပွေ့ဖက်ထားရသည့် ခံစားချက်ဟာ ဤမျှကြည်နူးရသည်တဲ့လား။ 

" ကိုကို အရမ်းလွမ်းနေတာ။ "

ချစ်ချစ် မျက်ရည်စတွေကြားမှ ပြုံးမိသလို တစ်ချိန်လုံး မြင်ချင်တွေ့ချင်ခဲ့သည့် ကိုကို့မျက်နှာကို ငေးမောနေမိသည်။ ဘယ်လောက်သတိရတမ်းတနေခဲ့ရသလဲဆိုတာ ကိုကို သိမှာမဟုတ်ပါဘူး။ ချစ်ချစ်ကိုယ်လေးကို ပခုံးနှစ်ဖက်မှကိုင်ကာ အနည်းငယ်ဆွဲခွာရင်း .....

" စျေးသွားမှာမဟုတ်လား.....ကိုကိုလိုက်ပို့မယ်။"

နှစ်ယောက်သားစျေးအတူထွက်လာရင်းမှ ပျော်ရွှင်စွာ ပြုံးရယ်နေသည့် မျက်နှာလေးအား ဘေးမှ အရိပ်တကြည့်ကြည့်ဖြင့် ငေးမောရသည်ကို သူကြိုက်သည်။ ဆေးရုံခုတင်ထက်လှဲနေရသည့် ပုံစံလေးကို ပြန်မြင်တိုင်း သူဘယ်လောက်ရူးမတတ်ဖြစ်ရသလဲ သူသာသိ၏။ ချစ်ရသူအတွက်သာဆို သူ့ကိုယ်ထဲမှ ကျန်သည့် ကျောက်ကပ်တစ်ခြမ်းထပ်မံ ဆုံးရှုံးရမည်ဆိုလျှင်တောင် မနှမြောပါ။ 

အဓိက က သူ့နှင်းဆီလန်းဖို့။

သူ့အရိပ်ဖြင့်မိုးသည့် ပန်းလေး အစွမ်းကုန် တန်ဖိုးမြင့်မား ခမ်းနားလှသွေးကြွယ်နေဖို့။

--------------------------------

ဒေါ်ခင်မ ဦးနေရောင်စကားကြောင့် မသက်သာသလို စိတ်ဆင်းရဲသွားရသည်။ အိမ်ပေါင်ထားသည်က ဆုံးတော့မည်ဖြစ်သလို ငွေပေးနိုင်လား ပြန်ရွေးမလား မေးနေခြင်းပင်။ 

" ကိုနေရောင်ရယ်.....ကျွန်မကို အချိန်လေးစောင့်ပေးပါဦး။ "

" ဟ.....စောင့်ပေးတာတစ်လကျော်ပြီလေဗျာ။ ဒီလကုန်မပေးရင် ကျုပ်အနေနဲ့ လုပ်စရာရှိတာ လုပ်ရမှာပဲ။ "

ဒေါ်ခင်မ မျက်နှာပျက်သွားရသလို တောင်းပန်၍ မရတော့မှန်း သိလိုက်သည်။ ငွေပေးနိုင်ဖို့ဆိုတာကလဲ သိန်းကိုးရာဆိုတာ ဘယ်လိုမှ မရှာနိုင်။ မျက်ရည်တစမ်းစမ်းဖြစ်သွားရရင်း ထပြန်တော့မည့် ကိုနေရောင်ကို လိုက်ပို့ရသည်။

" မေမေ ချစ်ချစ် ပြန်လာပြီ။ "

စျေးမှပြန်လာသည့် ချစ်ချစ်ပုံလေးက ရွှင်မြူးနေကာ ဧည့်သည်မြင်မှ ဇက်ကလေးပုရင်း အိမ်ထဲအသာဝင်သွား၏။ ဦးနေရောင်အကြည့်က အိမ်အနောက်ဘက်ဝင်သွားသည့် ချစ်နှင်းဆီအား မမှိတ်မသုန်လိုက်ကြည့်ကာ ဒေါ်ခင်မဘက်ငဲ့ကြည့်ရင်း မေးလာ၏။

" အဲ့ကလေးမက....."

" ကျွန်မသမီးလေ.....ချစ်နှင်းဆီတဲ့။ "

အသက်လေးဆယ့်သုံးနှစ်အရွယ် တစ်ခုလပ်ကလေးအဖေဦးနေရောင်၏ရင်ထဲ ငယ်သွေးကြွယ်ကာ လှပနေသည့် ချစ်နှင်းဆီအား သဘောအကျကြီးကျသွားရသည်။ ပြန်လာသည့်တိုင် ဒီကလေးမပဲ မြင်ယောင်နေကာ စိတ်ထဲကထုတ်မရတော့။ သေချာစဥ်းစားပြီးသည့်နောက် ဖုန်းကိုထုတ်ကာ ဒေါ်ခင်မဆီ လှမ်းဆက်ရင်း........။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 8

Author - အနမ်းခြွေ

ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၁)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၂)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၃)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၄)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၅)


ချစ်ခြင်းထက် သာလွန်၍ အပိုင်း (၆)


MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#သူငယ်ချင်း
#ဆေးရုံ
#မျက်နှာ
#သတိရ
#စကား

Some text some message..