
“ဘယ်ဆီကို မင်းရောက်နေလဲ .. ဘာတွေကို မင်းလုပ်နေလဲ .. “
အလုပ်ပိတ်ရက်ဖြစ်တာကြောင့် အိမ်မှာ ဂစ်တာလေးတလက်နှင့် လေးဖြူရဲ့ “စာမျက်နှာတစ်ဆယ့်ငါး” သီချင်းကို ဆိုနေခြင်းဖြစ်၏။ မိန်းမဖြစ်သူကတော့ မျက်စောင်းလှမ်းထိုးသည်။ အခုတလော ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ ကျနော်တို့ ယောကျ်ားသားတွေခမျာ အနေအထိုင်ဆင်းရဲလွန်းလှသည်။
“မိန်းမ လမ်းထိပ်ခဏသွားလိုက်ဦးမယ်”
“ဘာသွားလုပ်မှာလဲ”
“ကွမ်းလေးဘာလေး သွားဝယ်မလို့ပေါ့”
“ကျွန်မ သွားဝယ်ပေးမယ် .. ပိတ်ရက်လေး အိမ်မှာပဲ နားနားနေနေ နေစမ်းပါ”
အမှန်တော့ ကွမ်းက အဲဒီလောက်ထိ စားချင်လို့မဟုတ်။ လမ်းထိပ်လေးထွက် အပေါင်းအသင်းလေးတွေနဲ့တွေ့ရင် ဟိုအကြောင်းဒီကြောင်းလေးတွေ ပြောချင်တာ။ အခုတော့ မဆီမဆိုင် ဖေ့စ်ဘွတ်မှာ မယားငယ်တွေ၊ လင်ငယ်တွေရဲ့ ပြဿနာက ပွဲတော်ဖြစ်နေတော့ ကျနော်တို့လို အေးအေးလူလူနေနေတဲ့ ယောကျ်ားတွေကို လာထိတာပဲ ဖြစ်၏။ မိန်းမတွေဆိုတာကလည်း ခက်လွန်းလှသည်။ ပြဿနာတစ်ခုခုဆိုရင် အဲဒီပြဿနာရဲ့ ဇာတ်ကောင်နေရာမှာ သူတို့ယောကျ်ားတွေကို လျှောက်လျှောက်ထည့်ပြီးတော့ တွေးတတ်လွန်းလှသည်။
အရင်တုန်းကဆိုရင် ..
“မိန်းမ .. အခုနေ အခြားမိန်းမတစ်ယောက်က ငါ့ကို ကွာပေးရင် မင်းကို သိန်းတစ်ထောင်ပေးမယ်ဆိုရင် မင်းကွာပေးမှာလား”
“အမလေး တကယ်သာဆိုလို့ကတော့ ဆိုင်းဝိုင်းပါတီးပြီး ကွာပေးလိုက်ဦးမှာ”
“မင်းက ငါ့ကို တကယ်စွန့်လွှတ်နိုင်တယ်ပေါ့”
“ရှင့်လို ဗိုက်ပူအသားမဲကို ကျွန်မတစ်ယောက်ပဲ ချစ်ပေးနေတာကို ဘာတွေ စိတ်ကူးယဉ်နေတာလဲ”
အခုများတော့ ..
“မိန်းမ .. အခုနေ အခြားမိန်းမတစ်ယောက်က ငါ့ကို ကွာပေးရင် မင်းကို သိန်းတစ်ထောင်ပေးမယ်ဆိုရင် မင်းကွာပေးမှာလား”
“ရှင့်စကားကို ပြန်ပြောစမ်း”
လေသံက မာလွန်းလှသည်။
“ဟို .. ဟို .. ဘာမှမဟုတ်တော့ပါဘူးကွာ”
“နောက်တစ်ခါ လေသံတောင် မဟ မိစေနဲ့”
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း .. ညသန်းခေါင်ကြီး ..
“တောက် .. “
တောက်ခတ်သံက ကျယ်လွန်းလှသည်။ အိပ်ပျော်လုဆဲဆဲ ကျနော် လန့်နိုးသွားသည်။
“ဘာဖြစ်လို့လည်း မိန်းမ”
“ဟိုကောင်မလေ သူများလင်လည်း ကြောင်တောင်နှိုက်သေးတယ် သူကလည်း ဂုဏ်ဆာနေသေးတယ်”
“အော် .. ကိုယ့်ပြဿနာမှ မဟုတ်တာ မိန်းမရယ်”
“အေးနော် .. ရှင့်ကိုလည်း ကြိုပြောထားမယ် .. အဲဒီလိုအချိုးမျိုး ချိုးလို့ကတော့ .. ကျွန်မအကြောင်းကောင်းကောင်းသိမယ်”
ညသန်းခေါင်ကျော်ကြီး အဆူခံရပြန်၏။ ကဲ .. မခက်ဘူးလား။ ပြီးရင် .. ဖေ့စ်ဘွတ်မှာ ပို့စ်တွေရှဲရင်လည်း အနှောင့်အသွားက မလွတ်။ ကျနော်ကတော့ ဘာမှကို ပြောချင်စိတ်မရှိတော့ဘူး။ ကိုယ့်ဘာသာကိုယ်တောင် နောက်တစ်ယောက်ထားဖို့နေနေသာသာ ကိုယ့်ပြဿနာနဲ့ကိုယ် ရှုပ်နေသောကြောင့်ပင်။ ဒီပြဿနာကိုတော့ မိန်းမကို လုံးဝပေးသိလို့မရ။
“ကလင် ..ကလင် .. “
ကျနော် ရေချိုးနေချိန် ကျနော့်ဖုန်းမြည်လာခြင်းဖြစ်သည်။ စိတ်ထဲမှာ ထိတ်ကနဲဖြစ်သွားကာ ..ကမန်းကတန်းအပြင်ကို ပြေးထွက်တော့ .. ဖုန်းက ကျနော့်မိန်းမလက်ထဲမှာ ..
“ဘယ်သူ ... ဘယ်သူလဲ မိန်းမ”
ကျနော့်မိန်းမက ကျနော့်ကို မျက်မှောင်ကျုံ့ကာကြည့်ပြီး ..
“ရေတောင် ဖြောင့်ဖြောင့်တန်းတန်းမချိုးနိုင်လောက်အောင် ဘာဖြစ်နေတာလဲ”
“ဘယ်သူလဲလို့ ... ကိုင်လိုက်သေးလားလို့”
“ရှင်ဘာဖြစ်နေတာလဲ .. အော်ပရေတာက ဆက်တာ.. အခု ချလိုက်ပြီ”
အဲဒီတော့မှ ကျနော် သက်ပြင်းချနိုင်သည်။ ကျနော့်မိန်းမက တစ်ခုတော့ ကောင်းသည်။ ဘယ်တော့မှ ကျနော့်ဖုန်းကို ယူစစ်လေ့မရှိပေ။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ စိတ်မချရ။ ဖေ့စ်ဘွတ်ပေါ်မှာက သိတဲ့အတိုင်းပဲ ပို့စ်တင်တဲ့ ဆယ်လီတွေက အားအားယားယား တင်ပြီး Like တွေ၊ Share တွေ ရ၊ ပြီးတော့ သူတို့ရေးတာကိုတောင် သူတို့ပြန်မေ့နေကြပေမဲ့ ကျနော်တို့လို ဖေ့စ်ဘွတ်ကပေါ်က ဘာတင်တင်ယုံလွယ်တတ်တဲ့ မိန်းမတွေကို ပိုင်ဆိုင်ထားတဲ့ ယောကျ်ားတွေအတွက်တော့ ကံဆိုးမှုပဲ။ အခုလည်း ပို့စ်တစ်ခုရှဲထားတွေ့လိုက်သေးသည်။ ပို့စ်ပါအကြောင်းအရာအနှစ်ချုပ်ကတော့ “ကိုယ့်မိန်းမကို တကယ်ချစ်တဲ့ယောကျ်ားဆိုတာ သူတို့ရဲ့ လက်ကိုင်ဖုန်းကို ယူစစ်လည်း ကြည်ဖြူတယ်” ဘာညာဆိုတာမျိုးပေါ့။ ရေးတဲ့သူက ယေကျ်ားလေးပဲ။ ကျနော်ဆို အပြင်မှာသာ အဲဒီလူကိုတွေ့ရင် ဓားနဲ့ထိုးပစ်မှာ။ အခုလည်း ကြည့်လေ သူ့ပို့စ်ကို ရှဲပြီး .. ညကျတော့ ..
“ရှင့်ဖုန်းကို ကျွန်မ ယူစစ်မယ်ဆိုရင် ရှင်စိတ်ဆိုးမှာလား”
“ဘာလို့လဲ .. ကိုယ့်ကိုမယုံလို့လား”
“မဟုတ်ပါဘူး ဒီအတိုင်းပဲ ကြည့်ချင်လို့”
ကျနော်ကလည်း ပြလို့ မဖြစ်။ အရင်တုန်းက တစ်ခါမှ မပြောဖူးခဲ့ပေမဲ့ အခုတော့ နေ့လယ်က ရှဲထားတဲ့ပို့စ်က သူ့ခေါင်းထဲ ဝင်သွားပြီထင်ပါရဲ့။
“ကိုယ့်ဖုန်းက အလုပ်ကိစ္စတွေပဲ ရှိတာပါ မိန်းမရယ် .. ဘာမှထွေထွေထူးထူး မရှိပါဘူး”
ကျနော့် မိန်းမ ဘာမှ ဆက်မပြောတော့။ ပြီးတော့ စိတ်ဆိုးတဲ့အမူအရာမျိုးတွေ ပြနေသည်။ ထမင်းမခူးပေးတာမျိုး၊ အိပ်ရာခင်းရင် ခြင်ထောင်ချတာတောင် ကျနော့်ဘက်ကို မချပေးတော့တာမျိုး၊ ပြီးတော့ ကလေးကို အလယ်ထဲ ထည့်သိပ်လိုက်တာမျိုး၊ ကျနော်လည်း သူ စိတ်ဆိုးသွားမှန်းသိပေမဲ့လည်း မချော့ချင်တော့ဘူး။ ချော့ရင် ဖုန်းကို ယူကြည့်နေဦးမယ်မဟုတ်လား။
နောက်တစ်နေ့မှာ ရုံးရောက်တော့ .. ကျနော့် မိန်းမပို့စ်တစ်ခုတင်ထားတာတွေ့လိုက်ရ၏။
“အိမ်ထောင်မပြုကြပါနဲ့ ညီမလေးတို့ရယ် .. အစ်မတော့ နောင်တတွေရနေပါပြီ”
ပြီးတော့ .. အစ်မ ဆီက ဖုန်းဝင်လာသည်။
“ဟဲ့ နင်တို့ အဆင်မပြေကြဘူးလား”
“ပြေပါတယ် ဘာလို့လဲ”
“အော် .. မသိပါဘူး နင့်မိန်းမ ပို့စ်တင်ထားတာတွေ့လို့”
ဆယ့်ငါးမိနစ်အတွင်း ဖုန်း ခုနှစ်ခါ ဖြေလိုက်ရသည်။ အိမ်ပြန်ရောက်တော့ ..
“ရော့ .. အဲဒီမှာ သိပ်စစ်ချင်နေတဲ့ဖုန်း”
ကျနော်က ဖုန်းကို ပစ်ပေးလိုက်တော့ .. သူက .
“ရှင်ဖျက်စရာရှိတာတွေ ဖျက်ပြီးတော့မှ လာပေးတာမလား”
“မင်းကွာ .. “
ဒီတစ်ခါတော့ ကျနော် တကယ်ဒေါသထွက်သွားသည်။
“ဘာလဲ မှန်နေလို့လား”
“မင်း .. တော်တော့ကွာ”
အဲဒီအချိန်မှာ မက်ဆင်ဂျာက ဖုန်းဝင်လာသည်။ နာမည်က .. နေခြည်နု ဆိုတဲ့ နာမည်နဲ့ ။ ပရိုဖိုင်ပုံမှာက မိန်းကလေး ပုံစံ။ .. ကျနော့်ခေါင်းတစ်ခုလုံး မီးတောင် အလုံးတစ်ရာလောက် ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ ကျနော့်မိန်းမက ကျနော့်ကို စူးစူးရဲရဲ ကြည့်ကာ ..
“ကိုင်လေ .. ကိုင်လိုက်လေ”
“ဟင့်အင်း မိန်းမ ကိုယ်မကိုင်ချင်ဘူး”
“ရှင့်ကို ကျွန်မပြောနေတယ်နော်”
ကျနော့်မိန်းမက အသံတွေတုန်လာသည်။ ပြီးတော့ သူ့ပုံစံက ဝမ်းနည်းနေပုံရသည်။ ကျနော်လည်း ဖြစ်လာသမျှကို ရင်ဆိုင်တော့မယ်ဆိုပြီး .. ဖုန်းကို ကိုင်ကာ စပီကာကို ဖွင့်ပေးလိုက်သည်။
တစ်ဖက်က ယောကျ်ားသံဖြင့် ..
“အစ်ကိုရေ ... အစ်ကိုလောင်းထားတဲ့ ဘောပွဲကြွေးက ဘယ်တော့ပေးမှာလဲဗျာ .. အခုဆို နှစ်ပတ်တောင်ရှိနေပြီ”
ကျနော့် မိန်းမ အံ့အားသင့်သွားပုံရသည်။ ပြီးတော့ ကျနော့်ကို မေးဆတ်ပြကာ ..တစ်ခုခုပြန်ပြောခိုင်းသည်။
“လကုန်တဲ့အထိတော့ စောင့်ပေးပါနော် အစ်ကို .. လကုန်တာနဲ့ဆက်ဆက်ပေးပါ့မယ်”
တစ်ဖက် က ဖုန်းချသွားတော့မှ ကျနော့်မိန်းမက ကျနော့်ရင်ခွင်ထဲ ဝင်လာပြီး ...
“တော်သေးတာပေါ့ ကိုရယ် .. ငယ်ထင်သလို မဟုတ်လို့”
ကျနော်ထင်တာက ကျနော့်ရဲ့ ဘောပွဲကြွေးကို သူသိသွားလို့ ဆူမယ်ထင်ထားတာ။ အခုမဆူတဲ့အပြင် .. ကျနော့်ကိုတောင် ဖက်ထားသေးသည်။
“ငယ် စိတ်မဆိုးဘူးပေါ့”
“ဘာကို စိတ်ဆိုးရမှာလဲ”
“ကိုယ့်မှာ ဘောပွဲကြွေးတင်နေတာလေ”
“အဲဒီအကြွေး ငယ် ဆပ်ပေးမယ်နော် .. ကို့ကို အထင်လွဲခဲ့မိတာလည်း တောင်းပန်ပါတယ်”
ကျနော်တော့ ထီပေါက်သလိုပါပဲ။ မန်ယူဒုက္ခပေးလို့ဘောပွဲကြွေးတွေ တင်နေကြောင့် ဘယ်လိုဆပ်ရမလဲ တွေးရခက်နေတာကြောင့် ကျနော့်မှာ စိတ်နဲ့ကိုယ်နဲ့တောင် မကပ်နိုင်ဖြစ်နေတာ။ အခုတော့ ကျနော့်မိန်းမက သူ ဆပ်ပေးမယ်ဆိုတော့ ... ထပ်လောင်းလို့ရပြီပေါ့။
“ငယ်တကယ်ပြောတာနော်”
“တကယ်ပေါ့ .. ဒါနဲ့ ဘောပွဲကြွေးက ဘယ်လောက်လဲ”
“နှစ်သိန်းခွဲ”
“အင်းပါ ...ကို သာ ငယ့်အပြင် နောက်တယောက်မထားနဲ့နော်.. ဘောပွဲလောင်းချင်ရင်လည်း ခွင့်ပြုတယ် ဒါပေမဲ့ အခုလိုမျိုးတော့ အကြွေးမတင်စေနဲ့ပေါ့ .. နည်းနည်းပါးပါးအပျော်လောင်းပေါ့”
“စိတ်ချ ငယ် .. အဲဒါကြောင့် ငယ့်ကို ချစ်တာ ..”
ကျနော်က သူ့နဖူးလေးကို ဖွဖွနမ်းလိုက်တော့ .. သမီးရည်းစားဘဝတုန်းကလို သူက ရှက်သွေးလေးဖြာလို့။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory