
အခန်း၁။
မတင့် တွေးကြည့်သည်။သူ နက်နက်နဲနဲကို တွေးကြည့်မိသည်။ ဒီယောက်ကျားကို ချစ်လွန်းလို့ အဖေအမေရင်ခွင်ကို ခြေစုံကန်ပြီး ယူခဲ့မိတာ အခုမှ မှားမှန်းသိရ၏။
မတင့်က တက္ကသိုလ်ကျောင်းသူ။အမည်ရင်းက မတင့်တင့်ထွန်း။ မဟာတန်းတက်နေတာနော်။အဲ့ဒီတုန်းက ကိုခင်စိုးက လက်သမားနောက်လိုက်။ ဖူးစာပါတော့ ချစ်သူတွေ ဖြစ်ကြ၏။
မတင့် မိဘတွေက လုံးဝ သဘောမတူကြဘူး။
အမေဖြစ်သူ သစ်တောအုပ်ကြီးကတော်က နှုတ်ခမ်းတလန်ပန်းတလန်နဲ့ ...
" ညည်းအေ ပညာတွေ ဒီလောက်သင်ထားပြီး ၊ ဘာဦးနှောက်နဲ့များ ဒီအကောင်ကို ကြိုက်ရတာလဲ ။ အလုပ်ကလဲ လက်သမားနောက်လိုက် ။ ပြီးတော့ လူကိုကြည့်ဦး။ အမဲခြောက်ဖုတ်ကို နေလှန်းထားတဲ့ရုပ်နဲ့။ မည်းမည်းသည်းသည်း "
အဖေဖြစ်သူ တောအုပ်ကြီး ရာထူးအဆင့်ရှိသူ ဦးချမ်းဝေကတော့ ပြတ်သည်။
" နင် အဲ့ဒီအကောင်ယူရင် အိမ်ပေါ်ကဆင်း မိတင့် ၊ အမွေပြတ်ပဲသာမှတ် ။ ကိုယ်က အစ်မကြီးဖြစ်ပြီး ရှေ့ဆောင်လမ်းပြ လုပ်မယ်မကြံဘူး ။ အငယ်တွေပါ ဖျက်လို့ဖျက်ဆီးနဲ့ ၊ အေး ငါကတော့ ငါ့စကားနားမထောင်တဲ့သားသမီး ဘယ်တော့မှ လှည့်မကြည့်ဘူးသာမှတ် ... "
မိဘတွေက ချော့တခါ ချောက်တလှည့်နဲ့ ဘယ်လိုဆုံးမ ဆုံးမ မရပါဘူး။ မတင့် ကိုယ်တိုင်က အဲ့ဒီ အမေပြောတဲ့ မည်းမည်းသည်းသည်းကြီးကိုပဲ စွဲလန်းနေလေတော့ မဟာဝိဇ္ဇာတန်း နောက်ဆုံးနှစ်မှာ ခိုးရာလိုက်သွားခဲ့လေ၏။
မိဘတွေ ရင်ကျိုးရတာပေါ့။ သူတို့က သမီးကို တက္ကသိုလ်က ဆရာမလေးအဖြစ် မြင်ချင်ကြတာလေ။ အခုတော့ ကိုခင်စိုးက သူတို့သမီးကို ပန်းကောင်းအညွန့်ချိုးလိုက်သလို ဖြစ်နေတယ်မဟုတ်လား။
မိဘတွေက အတော်လေး စိတ်ဆိုးသွားကြပုံပါပဲ။ မတင့်ကို လုံးဝ လက်မခံကြဘူး။ ဒါပေမဲ့ သားဆိုးသမီးဆိုတာက တောင်းစုတ်ပလုံးစုတ်မှ မဟုတ်တာ။ မတင့် ပထမဦးဆုံးသားလေးမွေးတော့ မိဘအိမ် ပြန်ပြီး အဝင်အထွက် လုပ်လို့ရသွား၏။
ဒါတောင် အမေကသာ မတင့်ကို စကားပြောဖေါ်ရတာ။ အဖေက မတင့် အိမ်လာလည်ရင် အပြင်ထွက်ပြီး လ္ဘက်ရည်ဆိုင် သွားချင်သွား၊ မသွားရင် အခန်းထဲ ဝင်ပြီး ရှောင်နေတတ်၏။
အမေက အဖေကို နားချရတာပေါ့။ " ခင်စိုးက မဆိုးပါဘူး၊ သမီးကို ချစ်ရှာပါတယ်တော်။ လုပ်ငန်းလည်း မရွေးဘူး။ မိန်းမကို မျက်နှာမငယ်ရအောင် လုပ်ကျွေးနေတာပဲ ။ အံမယ် တော့မြေးလေးက လူလည်တော့ ... သိပ်ချက်ချာတာ " ။ ကြာတော့ မတင့်အဖေ ဦးချမ်းဝေလည်း မြေးလေးကို ချီပိုးပြီး လည်တတ်နေ၏။ ဒါပဲ မိန်းမစကားများ 'အောင်' ပါတယ်ဆိုတာ။ မယားပြောတော့ တည ဆိုသကိုး။
ဒါပေမဲ့ ဒါပေမဲ့ပေါ့။
ညားစကရော ၊ ညားပြီး အကြီးကောင် သန့်စင်ထွန်း မွေးပြီးသည်အထိ ကိုခင်စိုးသည် မတင့် အပေါ် ကောင်းခဲ့ပါ၏။ဘယ်အချိန်မှာ ကိုခင်စိုး စဖေါက်လဲဆိုလေတော့ ...
ဒုတိယကိုယ်ဝန် လွယ်ပြီဆိုကတည်းက ကိုခင်စိုးရဲ့ ခြေလှမ်းတွေက မူမမှန်ချင်တော့ဘူး။ ညဘက်တွေ ညည့်နက်မိုးချုပ်မှ ပြန်လာတတ်သလို၊ လူက အရက်ကလေး ထွေတွေတွေ။
လက်သမား အလုပ်က ပင်ပန်းလို့ပါ မိန်းမရာဟု ဆင်ခြေဆင်လက်ပေးတတ်၏။မတင့်ကလည်း ဗိုက်ကြီးတကားကားနဲ့ဆိုတော့ ၊ ရန်မဖြစ်ချင်ဘူး။
ဒါနဲ့ ... သိပ်မှ မများတာပဲ ၊ နည်းနည်းပါးပါးတော့ ရှိစေတော့ဆိုပြီး ခွင့်လွှတ်သည်းခံပေးခဲ့လိုက်သည်။
ဟော အခု အငယ်မ မွေးပြီးလို့ ၃နှစ်ထဲ ရောက်ပြီ။ နို့တောင် ပြတ်ပြီ ။ အိမ်ငှါးဘဝကနေ ကိုယ်ပိုင် ခြံလေး အိမ်လေးနဲ့ ဖြစ်လာ၏။ လက်သမားခေါင်းဆောင်ဖြစ်လာတဲ့ ကိုခင်စိုး အလုပ်က အတော်လေး အဆင်ပြေလာသည်ဟု ပြောရမည်။ ဒီတော့မှ ...
ကိုခင်စိုးက အရက်တင်မကတော့ဘူး။ သူ့အလုပ်ထဲက ပန်းရံသမလေးနဲ့ ဘာလိုလိုဆိုပြီး သတင်းထွက်လာပြန်၏။
ဒီတခါ မတင့် သည်းခံမနေနိုင်တော့ဘူး။ ကိုခင်စိုး အလုပ်ရှိတဲ့ဆီအထိ အငယ်မကို ခါးထစ်ခွပြီး လိုက်ချသွားခဲ့သည်။
ကိုခင်စိုးက လက်သမားခေါင်းဆောင်။ ကံထရိုက်တဦးနဲ့ ချိတ်ဆက်မိပြီး၊ အလုပ်တွေ ဆက်တိုက်ရနေသူ ဖြစ်၏။ အဲဒီတော့ လက်ဖျားငွေသီးနေ၏။
ကံထရိုက် ကိုမောင်မောင်ဆိုသူကလည်း ကိုခင်စိုးကို အရေးပေး၏။ သူနှင့်အတူ မာဆတ်တို့ ကာရာအိုကေတို့ကို အတူခေါ်သွားတတ်သည်။ ဝါသနာတူ အကြိုက်တူချင်း ပေါင်းမိလေပြီ။ သူတော်ချင်းချင်း သတင်းလွေ့ဆိုတာမျိုး။
ဒီတော့ အရင်တုန်းက လက်သမားနောက်လိုက် ကိုခင်စိုးကနေ အခု ကံထရိုက်ရဲ့ လူယုံ လက်သမားဆရာကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုခင်စိုးက လွတ်ချင်နေသည်မှာ အမှန်။
တပည့်တွေမွေး ၊ အလုပ်ကိုကျ သူကိုယ်တိုင် မလုပ်တော့ဘဲ၊ စီစဥ်ညွှန်ကြား ခိုင်းစေနေ၏။
သူကတော့ ကံထရိုက်ကို အတုခိုးပြီး၊ ချိုင်းကြားမှာ လည်သာပိုက်ဆံအိတ်ကို ညှပ်၍ နေကာမျက်မှန်တဝင်းဝင်းနှင့် အထာကျနေသည်။
ပန်းရံသမလေးတွေကို စစနောက်နောက်လုပ်၊ ဖင်ပုတ်ခေါင်းပုတ်နှင့် ကြည်နူးနေ၏။ ပန်းရံသမလေးတွေကလည်း ကိုကြီးစိုး ကိုကြီးစိုးနဲ့ သူတို့သက်သာရာကို ရွေးကြ၏။
ဟုတ်တယ်လေ။ ကိုခင်စိုးနဲ့ စကားတွေ ဖေါင်ဖွဲ့နေချိန်ဆို ပန်းရံဆရာက မခေါ်ရဲ။ အဲ့ဒီတော့ မဆလာလည်းမသယ်ရသလို၊ အုတ်လည်း ခေါင်းပေါ်တင် မရွက်ရတော့ဘူးပေါ့။ ကိုခင်စိုးက သဘောကျလျင် မုန့်ဘိုးတောင် ပေးသွားသေးတာဥစ္စာ။ ကိုခင်စိုးကြီးက ခေါင်းပုတ်တာ ဖင်ပုတ်တာ ပဲ့ပါသွားတာမှတ်လို့။
ဖြစ်ချင်တော့ တရက်မှာ မတင့်က ဆိုက္ကားငှါးပြီး အငယ်မ ဇင်မီမီသိမ့်ကို ခါးထစ်ခွ လိုက်လာချိန်၊ ကိုခင်စိုးက ပန်းရံသမလေး နေခြည်မနဲ့ ထမင်းအတူစားနေကြသည်။
ထမင်းစားတာ ရိုးရိုးဆို မတင့်က ဘာပြောမှာလဲ။ အခုဥစ္စာက မတင့် ချက်ပေးလိုက်တဲ့ ကြက်အသည်းအမြစ်ဟင်းကို ကိုခင်စိုးက ဇွန်းနဲ့ခပ်ကာ နေခြည်အား တယုတယ ခွန့်ကျွေးနေတာကို ပက်ပင်းမိတာလေ။
အဲ့ဒီတော့ ရည်စားလူလု အူနုကျွဲခတ် လို့တောင် စကားပုံရှိသေးတာကိုး။ အခုဟာက ၃နှစ်၃မိုး ပေါင်းလာတဲ့ လင်ယောက်ကျားကို ပန်းရံသမက စနိုက်ကြော်တာဆိုတော့ မတင့်ဟာ ကျားရိုင်းမတကောင်လို ဒေါသတကြီး ရန်တွေ့တော့တာပေါ့။
ဒီလိုမယားကိစ္စ၊လင်ကိစ္စဆိုတဲ့နေရာမှာ ပညာတွေ ဘယ်လောက်တတ်တတ် ဒေါသစိတ်ကို ဉာဏ်ပညာဆိုတဲ့ ချွန်းနဲ့ မအုပ်နိုင်တော့ဘူး ။
ခေတ်ပညာတတ် မတင့်ဟာ အရပ်သူလိုပါပဲ ဖေတွေမောင်တွေနဲ့ နေခြည်မကို ကိုင်တုပ်တော့တာပေါ့။ အံမယ် ဟိုစနိုက်ကျော်မကလည်း မခေဘူး။သူက ကိုခင်စိုးမှာ မယားကြီးရှိတာ သိသိနဲ့ ကျော်ခွတာလေ။ဘယ်ခေလိမ့်မတုန်း။ မတင့်ကို တခွန်းမခံ ပြန်ဆဲ၏။
အဲ့ဒီတော့ ရန်ပွဲက ပွဲကြီးပွဲကောင်း ဖြစ်ပါလေရော။
ဘယ်သူကမှလည်း ဝင်မဆွဲရဲကြဘူး။ နှဲနှစ်လက်မှုတ်ချင်တဲ့ နှစ်ဆောင်ပြိုင်မင်းသားကြီးကိုခင်စိုးကတော့ သူ့မိန်းမ မတင့်ကို တော်ဖို့ပြောလိုက် ၊ အချစ်သစ် ပန်းရံသမလေး နေခြည်ကို ရှောင်နေဖို့ ပြောလိုက်နဲ့ ဗျာများနေရှာသည်။
အလုပ် ဆိုဒ်ထဲမှာ ဖြစ်တာဆိုတော့ လက်သမားတွေရော ပန်းရံတွေရော ဝိုင်းပြီး အားပေးနေကြ၏။ဘယ်သူကမှ ဘယ်သူ့ဘက်မှ ဝင်မပါ။ ကိုခင်စိုး တဏှာရူးတာကို ကြည့်မရ၍ ဖြစ်မည်။
အဆဲတွေ မိုးမွှန်အောင် ဆဲကြပြီး စကားစစ်ထိုးရာမှ ၊ မတင့်က ဒေါသပိုကြီးလာပြီး ၊ နေခြည်ကို ဝင်၍ နပမ်းလုံး၏။ ဆံပင်တွေဆွဲကြ ၊ ကိုက်ကြ ကုတ်ဖဲ့ကြပေါ့။ အဲ့ဒီတော့မှ မိန်းမသူတွေ (ပန်းရံသမများ)က ဝင်ဆွဲကြသည်။ ဖျန်ဖြေကြသည်။
ရန်ပွဲမပြီးတပြီးမှာ သူချကိုယ်ချဆိုတော့ နှစ်ဦးစလုံး အနာတရ ဖြစ်ကြ၏။
နောက်တော့ ကိုခင်စိုးက မတင့်ကို ခပ်ကြမ်းကြမ်းဆွဲခေါ်သွားသည်။ မတင့် ဆံပင်တွေ ပြေကျပြီး စုပ်တိစုပ်ဖွာ ဖြစ်နေ၏။ ကလေးကလည်း သူ့အမေ ရန်သတ်တော့ ငိုနေလိုက်တာ ဆူညံလို့နေ၏။
မတင့်နှင့်ကလေးကို ကိုခင်စိုးက ဆိုင်ကယ်နှင့် တင်ခေါ်သွား၏။ နေခြည်မကတော့ ပြန့်ကျဲနေတဲ့ ထမင်းချိုင့်တွေကို ပြန်ဆင့်ရင်း ဆဲဆို ကျန်နေရစ်သည်။
လုပ်ဖေါ်ကိုင်ဖက်တွေအကြား ဒီလို မယားကြီးက ပွဲကြမ်းတာ ခံလိုက်ရတဲ့ နေခြည်မ ရင်ထဲကတော့ မကျေမနပ်နှင့် ကျိန်းဝါးနေမှာ အမှန်ပင်။
ထင်တဲ့အတိုင်းပဲ။
နေခြည်မက ရင်ထဲကတောင်မဟုတ်ပါဘူး။ ပါးစပ်ကနေတောင် ထုတ်ကျိန်းလိုက်ပါသေး၏။
"သိမယ် ကောင်မ! ဒီကရှေ့ နင့်လင်ကိုသာ နိုင်အောင်ထိမ်း ၊ ငါကတော့ တပြားသားမှ နောက်မဆုတ်ဘူး မှတ် "
နေခြည်မဆိုတာက မနူးမနပ် အပျိုလေးမဟုတ်ဘူး။ တခုလပ်လား နှစ်ခုလပ်လား သေသေချာချာ မပြောနိုင်ဘူး။ နေခြည်မ အသက်ကသာ ၂၁နှစ်။ သူက အထက်တန်းကျောင်းသူဘဝကတည်းက ချစ်သူနောက် လိုက်ပြေးဘူး၏။ အဲ့ဒီတုန်းက အသက်မပြည့်သေး၍ နှစ်ဖက် မိဘတွေက မပေးစားဘဲ ခွဲပစ်လိုက်သည်။
ဒီလိုနဲ့ နေခြည်မ အသက်ကလေး၁၇နှစ်/၁၈နှစ်မှာ စောစောစီးစီးနှင့် တခုလပ်ဖြစ်ရရှာသည်။
ကျားဆိုတာ လူသားစားဖူးရင် လူသားကို ပိုမက်မောသတဲ့။
နေခြည်မက စာကို စိတ်မဝင်စားတော့ဘူး။ ကျောင်းကထွက်လိုက်ပြီး စက်ချုပ်သင်တန်းတခုမှာ ပညာသင်သည်။ စက်ချုပ်သင်တန်းဆရာမက တရုတ်မ။ အဲ့ဒီမှာ ဆတ်ကော့လပ်ကော့နေခြည်မနဲ့ သင်တန်းဆရာမ ယောက်ကျား တရုတ်ကောင်နဲ့ ငြိပြန်၏။
တရုတ်မက သိသွားတော့ နေခြည်မကို ကန်ထုတ်လိုက်သည်။ နေခြည်မကို ဒီအတိုင်း ကန်ထုတ်လို့တော့မရ။ နေခြည်မ တောင်းတဲ့ နစ်နာကြေးဆိုတာကို တိတ်တိတ်ညှိနှိုင်းပြီးမှ ကန်ထုတ်ရတာ။
အဲ့ဒီမှာ နေခြည်မနာမည်က ရပ်ကွက်ထဲမှာ မကောင်းတဲ့ဘက်ကနေ နာမည်ကြီးသွား၏။ နေခြည်မကို သိတဲ့သူတွေက ဘယ်သူမှ အလုပ် ခေါ်မခိုင်းရဲတော့ချေ။
နေခြည်မ အလျော်ရလာတဲ့ ပိုက်ဆံနဲ့ ဈေးရောင်းသေးသည်။ ဒါပေမဲ့ ဝင်ငွေထွက်ငွေ မျှတအောင် မသုံးတတ်တော့ အရင်းပြုတ်ပြီး ဈေးရောင်းခြင်းကို တခန်း ရပ်လိုက်ရပြန်၏။
နေခြည်မ ကိုယ်လုံးက အလန်းဇယား။ မျက်နှာလေးကလည်း လှ၏။ ဒါပေမဲ့ အကျင့်စာရိတ္တက မကောင်းဘူးဆိုတော့ ဘယ်နေရာ လုပ်လုပ်၊ ခဏသာခံ၏။ အလုပ်မမြဲချေ။
နေခြည်မတို့ လူတန်းစားဆိုတာက အလုပ် မလုပ်လို့ မဖြစ်ဘူးလေ။ ထမင်းစားဖို့တော့ အလုပ် လုပ်ရမည်သာ။
နောက်ဆုံး နေခြည်မဟာ ပန်းရံအဆိုင်းထဲ ဝင်လုပ်၏။ အဲ့ဒီမှာ လက်သမားဆရာ ကိုခင်စိုးနဲ့ တွေ့ကြခြင်း ဖြစ်သည်။
ကိုခင်စိုးကလည်း အရင်လို လူရိုးမဟုတ်တော့ဘူး။ မာဆတ်တွေသွား၊ ကေတီဗွီတွေတက်နဲ့ဆိုတော့ မိန်းမအတွေ့အကြုံက အတော်ရင့်ကျက်နေပြီ။
မတင့် ဒုတိယ ကိုယ်ဝန်လွယ်စကတည်းက ကိုခင်စိုးတို့ အပြင်မှာ သာယာနေတာ ကြာပြီမဟုတ်လား။
အဲ့ဒီတော့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးလို့ ခိုင်းနှိုင်းရမလား။
အသက် ၄၀နားနီးတဲ့ ကိုခင်စိုးက မြက်နုလေးဖြစ်တဲ့ နေခြည်မကို ကြိုက်တဲ့ နွားအိုလို့ပဲ ခပ်ရိုင်းရိုင်းဆိုရလေမလား။
သူတို့နှစ်ဦး မတင့်ကွယ်ရာမှာ ခြင်ထောင် ထောင် မီးခွက်မှုတ်တမ်းကစားနေတာ ကာလတခု ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ဆိုတော့ ... နေခြည်မက လက်ဖျားငွေသီးနေတဲ့ ကိုခင်စိုးကို လက်လွတ်ခံမယ်လို့ မထင်ဘူး။ ဒါဆို နေခြည်မ ဘာလုပ်မလဲ။ လူမတတ်ရင် လက်ဖက်ထုပ်တတ်သည်ဆိုကြ၏။ နေခြည်မ တယောက် နာမည်ကြီး အောက်လမ်းဆရာမထံ ရောက်သွားလေတော့၏။
__________
အခန်း၂။
ရွာဦးကျောင်း ကျောင်းထိုင် ဆရာတော် ဦးစန္ဒိမာက ...
" ဒီတနွေကုန်ရင် ကိုရင် မြို့မှာ စာဝါလိုက်ဖို့ ဦးဇင်း ဦးပဏ္ဏိတနဲ့ လိုက်သွားချင်တယ်ဆို ၊ ဟုတ်သလား ကိုရင် ... "
ကိုရင်နန္ဒိယက ဆရာတော်ရဲ့ အမေးကို ရိုသေစွာ ပြန်လျှောက်တင်၏။
" တင်ပါ့ဘုရား ၊ ဦးဇင်း ဦးပဏ္ဏိတက မြို့ကျောင်းမှာဆို စာဝါ ပိုလိုက်နိုင်မယ်လို့ မိန့်ပါတယ်ဘုရား ၊ အဲ့ဒါ တပည့်တော် အရှင်ဘုရားဆီ ခွင့်တောင်းမလို့ပါ "
ဆရာတော်ကြီးက သဘောကျဟန်ဖြင့် ခေါင်းငြိမ့်၏။
" အေးလေ ၊ ဒါလဲ အကောင်းသားပဲဟာ ၊ ကိုရင်က မြို့ကျောင်းနဲ့ဆို ပိုအဆင်ပြေတာပေါ့ ။ အငယ်တန်း အလတ်တန်း အကြီးတန်းလောက်နဲ့ ပြန်မလာခဲ့နဲ့ ။ အနည်းဆုံး ဓမ္မာစရိယတန်းအောင်မှသာ ပြန်လာခဲ့ ကိုရင်။
မြို့မှာက ဒါယိကာ၊ဒါယိကာမများ ပေါများတော့ ဆွမ်းကွမ်းက မခက်ဘူး။ ဒါ့အပြင် ကိုရင့်အတွက် ရဟန်းမယ်တော်လဲ ရလာမှာ အသေအချာပဲ ။ သာမဏေကနေ ရဟန်းအဖြစ် တက်ရာမှာ ရဟန်းဒါယိကာ ဒါယိကာမများလည်း လိုတယ်လေ။
အင်း ဘာလိုလိုနဲ့ ကိုရင်လည်း အသက် ၁၆နှစ်ကျော်လို့ ၁၇နှစ်ထဲ ရောက်လာပြီပဲ။ သာသနာ့ဘောင်မှာ အတော်ပျော်မွေ့နေပြီကိုး "
ကိုရင်နန္ဒိယသည် မြိ့ကျောင်းက အလည်လာသော အာဂန္တု ဦးပဇင်း ဦးပဏ္ဏိတနှင့် အတော်ရင်းနှီးနေပြီ ဖြစ်သည်။ ဦးပဇင်း ဦးပဏ္ဏိတက ကိုရင်၏ စာဝါ လေ့လာအားကောင်းမှုကို သဘောကျသဖြင့် မြို့ကို လိုက်ခဲ့ရန် ခေါ်နေခြင်း ဖြစ်သည်။
ကိုရင်ပဏ္ဏိတကလည်း ပဌမငယ် ဝင်ဖြေရန် စိတ်အားထက်သန်နေ၏။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဦးပဇင်း ဦးပဏ္ဏိတက ခေါ်ယူသည့်အခါ မြို့ကို အလွန်လိုက်ချင်နေ၏။ယခု ဆရာတော်ကြီးကပါ ခွင့်ပြုသည့်အပြင် အားပေးစကား ပြောလာ၍ အလွန်ပျော်နေပါ၏။
ဆရာတော်၏ ကျောင်းကနေ ဆင်းလာသည့်အခါ ကိုရင်သည် မိမိအခန်းသို့ တန်းမပြန်။ ဆွမ်းစားဆောင်မှာ မကြာမီကမှ ပြန်ရောက်နေသော ဆရာဦးသူတော်ထံ ဝမ်းသာစရာသတင်းကို သွားပြောလေ၏။
ဦးသူတော်က ကိုရင်၏ မျက်နှာပေါ်က အပြုံးကိုကြည့်၍ ဝမ်းသာဂုဏ်ယူစွာ ...
" ကောင်းလိုက်တာ ကိုရင်ရယ်။ ဒီလိုဖြင့် ကိုရင်က ကျုပ်တို့ကို ထားပြီး မြို့ကို လိုက်သွားတော့မှာပေါ့ ၊ အင်း ကျုပ်တို့ လွမ်းရအုံးမယ်ဆိုပါစို့ ... "
ကိုရင်က မသက်မသာဖြင့် ...
" အို ... စာမေးပွဲဖြေပြီးတိုင်း ကျုပ် ရွာကို ပြန်လာမှာပါဗျ။ တိုးတက်ရာ တိုးတက်ကြောင်းမို့သာ မြို့ကိုသွားရမှာ ၊ ဟိုရောက်ရင် သူစိမ်းတွေကြည့်ပဲမဟုတ်လား "
ကိုရင်က အားငယ်သလို ဆိုလာတော့ ဦးသူတော်က ...
" အားငယ်စရာ မရှိပါဘူး ကိုရင်။ မြို့က သာသနာ ထွန်းကားရာ မြေပဲလေ။ တပည့်တော်တို့ ဗုဒ္ဓဘာသာလူမျိုးက မရှိတာတောင် လှူချင်တန်းချင်ကြတဲ့ စေတနာအား အင်မတန်ကောင်းတဲ့ လူမျိုးပါ။
ကိုရင့်လို စရဏအားကောင်းတဲ့ တည်ကြည်တဲ့ သံဃာဆို လှူမယ့်တန်းမယ့်သူတွေ ပေါမှပေါပါ ။ စိတ်အားမငယ်ပါနဲ့ ။
တခုပဲ တပည့်တော် မှာလိုက်ချင်တယ်။ ကိုရင် မြို့တက်ရရင်း အကြောင်းက စာဝါလိုက်ချင်လို့နော် ။ အဲ့ဒီတော့ စာဝါဘက်ကိုပဲ ဇောက်ချလိုက်ပါ။ တခြားသော ကိစ္စတွေ ဝင်မပါ၊ ဝင်မလုပ်မိစေနဲ့။
မြို့မှာက တပည့်တော်တို့ ရွာလိုမဟုတ်ဘူး။ မြို့က သံဃာတွေက ခေတ်မှီတယ်၊ တက်ကြွတယ်။ အလွှာမျိုးစုံက ဒါယိကာ ဒါယိကာမတွေ ပေါများတယ်။
စီးပွားရေးသမားတွေ ၊ အာဏာရှိတဲ့ အရာထမ်းတွေ ၊ ထက်မြက်ပြီး ပရိယာယ်ကြွယ်တဲ့ နိုင်ငံရေးသမားတွေ စသဖြင့် စုံမှစုံပဲ ကိုရင်ရေ ...။
ဆိုချင်တာက အဲ့ဒီလိုလူတွေရဲ့ အသုံးချခံ မဖြစ်စေနဲ့ပေါ့။ လူတွေမှာက လောဘ ဒေါသ မောဟတွေ အားကြီးကြတယ်။ သူတို့ရဲ့ အလိုရမ္မက်က ဘယ်တော့မှ ပြည့်နိုင်တယ်မရှိဘူး။ ဒါကြောင့် လူတွေနဲ့ ပေါင်းရင် အလွန်သတိထားရလိမ့်မယ်။ တတ်နိုင်သလောက် လူတွေနဲ့ ခပ်ကင်းကင်းနေပါ ကိုရင်"
" ဟုတ်ကဲ့ပါ ဦးသူတော်။ ကျုပ် ဦးသူတော် စကားကို အမြဲမှတ်သားလိုက်နာပါ့မယ် "
" အော် ... ကိုရင် ၊ အရေးကြီးတာ တခု ပြောဖို့ ကျန်နေတယ်။
ကိုရင် က အခု အရွယ်ကောင်း၊ လူအနေနဲ့ဆိုရင် လူပျိုပေါက်။ အဲ့ဒီတော့ မြို့က မာတုဂါမတွေနဲ့ အရောတဝင် မနေပါနဲ့။ တည်တည်တံ့တံ့နေပါ။
အထူးသဖြင့်တော့ ကိုရင် မြို့ရောက်ရင် ဆွမ်းခံအိမ် အပင့်ဖိတ်ခံရမှာပဲ ။ အဲ့ဒီအခါ ဒါယိကာ၊ဒါယိကာမအိမ်မှာ ကြာမြင့်စွာ မထိုင်ပါနဲ့။ ဆွမ်းကိစ္စပြီးတာနဲ့ ပြန်ပါ။
မြို့မှာ ကိုရင်တတ်ထားတဲ့ ပညာကို အထူးလျို့ဝှက်ထားပါ။ ကူညီသင့်သူကိုတော့ မချွင်းမချန် ကူညီပါ။ ဝတ္ထုငွေနောက် မလိုက်မိပါစေနဲ့။ ဒီမှာလိုပဲ ခြိုးခြံချွေတာသုံးစွဲပါ ကိုရင် "
" စိတ်ချပါ ဦးသူတော် ၊ ဦးသူတော် မှာသမျှကို တသွေမတိမ်း လိုက်နာပါ့မယ် "
" ကောင်းလေစွ ကိုရင်၊ သာဓု သာဓု သာဓုပါ "
ကိုရင်နန္ဒိယ မြို့တက်ခါနီး တရက်တွင် ဦးသူတော်က သူ မှတ်သားထားသော မှတ်စုစာအုပ်တအုပ်နှင့် အဆောင်လက်ဖွဲ့တချို့ကို အိတ်နှင့်ထည့်ပေးလိုက်သည်။
ကိုရင်နန္ဒိယ မြို့ကို သွားသည့် လှည်းလမ်းတလျှောက်မှာ ရွာသူရွာသားများက နှမြောတသစွာ ထွက်၍ ဦးတင်ကြသည်။
ဒါကိုကြည့်လျင် တစ္ဆေနိုင် ကိုရင်လေးအပေါ် တရွာလုံးက အားကိုးအားထားပြုကြသည်မှာ အထင်းသားပေါ်နေတော့သည်။
ကိုရင်နန္ဒိယလည်း စိတ်မကောင်းချေ။ ဒါပေမဲ့ သူမရှိလျင် ရွာမှာ ဦးသူတော် ရှိနေဦးမည်ဆိုလျင်တော့ ကျန်ရစ်တဲ့ ရွာအတွက် စိတ်ပူစရာ မရှိချေ။
ဦးသူတော်ဆိုတာက သူ၏ လက်ဦးဆရာ မဟုတ်လား။
__________
အခန်း၃။
ကိုရင်နန္ဒိယ မြို့ကိုရောက်တာ ၃လစွန်းစွန်းခန့်ရှိပြီ ဖြစ်သည်။ အခုဆိုရင် ဆွမ်းခံချိန် မြို့ထဲက ရပ်ကွက်တွေကို ဆွမ်းခံကြွ၍ စာဝါလိုက်ချိန်ဆို စာသင်တိုက်၌ စာဝါလိုက်နေပြီ ဖြစ်လေ၏။
ကိုရင်နန္ဒိယသည် မြို့ပေါ်က တန်ခိုးကြီးဘုရားတွေကို စာဝါနားချိန် ဥပုသ်နေ့တိုင်း အလှည့်ကျ သွားရောက်ဖူးမြင်လေ့ရှိသည်။ဥပုသ်နေ့တိုင်း တန်ခိုးကြီးဘုရားများ၌ လူအများ စည်ကားသိုက်မြိုက်လှသည်မှာ ရွာက ဘုရားပွဲအလား အောက်မေ့ရသည်။
တခုသော ဥပုသ်၌ ကိုရင်နန္ဒိယသည် တန်ခိုးကြီး ဘုရားတဆူဖြစ်သော မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးကို သွားရောက် ဖူးမြော်ခဲ့သည်။
အရင်က စိတ်ဖြင့် ရည်မှန်း ကန်တော့ခဲ့သော မဟာမုနိရုပ်ရှင်တော်မြတ်အား ယခုလို နီးနီးကပ်ကပ် ဖူးမြင်ရသည့်အခါ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို အထူးပင် လေးမြတ်ပူဇော်မိလေ၏။
ဘုရားပရဝုဏ်၌ ဘုရားဖူးလာသူများနှင့် စည်ကားနေရာ၊ ကိုရင်သည် တပါးတည်း ဆိတ်ငြိမ်ရာအရပ်သို့ လမ်းလျှောက်ထွက်လာခဲ့လေ၏။
ကမ္ဘောဒီးယား ကြေးရုပ်ကြီးများ ထားရှိရာဘက်ရှိ အပေါက်မှတဆင့် အနောက်ဘက်၄၅တာကွင်းသို့ လျှောက်လာခဲ့ရာ၊ တခုသော ခရေပင်ကြီးအောက် ရောက်သည့်အခါဝယ် ကိုရင်သည် မြင်ကွင်းတခုကို မြင်လိုက်ရ၍ လျှောက်လက်စ ခြေလှမ်းတို့ ရပ်တန့်သွားသည်။
မြင်ကွင်းမှာ ထူးဆန်းလှသည်တော့မဟုတ်။ စိတ်ဝင်စားစရာ ကောင်း၍ ခေတ္တ ရပ်ကြည့်မိခြင်း ဖြစ်သည်။
ခရေပင်အောက်ခြေတွင် ဝှီးချဲတလုံးဖြင့် အမျိုးသားတဦး ထိုင်နေပြီး၊ ထိုသူအား အသက် ၉နှစ် ၁၀နှစ်ခန့်အရွယ် ကလေးငယ်တဦးက တယုတယ ထမင်းခွန့်ကျွေးနေခြင်း ဖြစ်သည်။
ကလေး၏ လက်ကောက်ဝတ်မှာ ကြွပ်ကြွပ်အိတ်တလုံး ချိတ်ထားရင်း ထမင်းခွန့်နေခြင်း ဖြစ်၏။ ယင်းအိတ်ထဲ၌ ခရေပွင့်လေးများ ပါရှိလေသည်။
ကလေးမှာ ယောက်ျားကလေးဖြစ်ပြီး ခရေပွင့်ကြွေ ကောက်ရင်းနှင့် ဖခင်ကို ထမင်းကျွေးနေဟန်တူ၏။
ကလေးမှာ နွမ်းပါးဟန်တူသော်လည်း မျက်နှာလေးက ကြည်လင်ဝင်းပလို့နေ၏။ ကြည့်ရသည်မှာ တမျိုးဖြစ်နေ၏။ ကလေး၏ အင်္ဂါရုပ်သည် ဆင်းရဲသော အသိုက်အဝိုင်းက ကလေးနှင့် မတူချေ။
ကိုရင်နန္ဒိယသည် အားနေသည်ဖြစ်ရာ၊ ထိုကလေးရှိရာသို့ လျှောက်လာခဲ့သည်။ ကလေးသည် ကိုရင်ကို မြင်သည်နှင့် ဖခင်ကို ထမင်းကျွေးခြင်းကို ရပ်တန့်လိုက်ပြီး၊ မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ၊ ကိုရင်နန္ဒိယအား ထိခြင်းငါးပါးဖြင့် ရိုသေစွာ ရှိခိုးကန်တော့ ဝတ်ချလေ၏။
ကိုရင်မှာ ကလေးငယ်၏ ဘာသာတရားအပေါ် ဂါဝရတရားထားရှိခြင်းကို အံဩမှင်သက်သွားမိလေ၏။ ယခုခေတ် ကလေးတို့မှာ အိမ်သို့ သံဃာကြွလာလျင်ပင် နေရာပေးရန် သတိမပြုတတ်ချေ။ ဤ၉နှစ် ၁၀နှစ်အရွယ်ကလေးကတော့ မိဘဆိုဆုံးမမှုအောက်၌ လွန်စွာ ယဥ်ကျေးလိုက်တာပါလားဟု ဝမ်းသာပီတိ ဖြစ်မိသွားလေ၏။
ကိုရင် မြို့ရောက်ကတည်းက သတိထားမိသည်မှာ လူငယ်လူရွယ်များသည် အိမ်ရှေ့သို့ ဆွမ်းခံကိုယ်တော် လာရပ်လည်း အဆော့မပျက်ပေ။ မသိကျိုးကျွံ ပြုမူနေထိုင်တတ်ကြသည်။
အနည်းဆုံးတော့ အိမ်မှုကိစ္စများ လုပ်ဆောင်နေသော မိဘများထံ ' အမေရေ ဆွမ်းတော်ဗျို့ ' ဟုပင် အော်ဟစ်အသိအမှတ်ပြုဖို့ရန်ပင် ဝန်လေးနေတတ်ကြသည်။ ဤနေရာ၌ မြန်မာတို့ ဆိုရိုး စကားပုံတခုကို သတိရမိသည်။
ပုဗ္ဗစရိယ မိနှင့်ဖ ဟုဆိုထားသည်မဟုတ်လော။ အမိအဘတို့သည် လက်ဦးဆရာမည်၏။ ဘာသာတရား ကိုင်းရှိုင်းရန်မှာ အမိအဘတို့၏ သွန်သင်ဆုံးမမှုနှင့် ငယ်စဥ်ကတည်းက ထိတွေ့လေ့ကျင့်ပျိုးထောင်ပေးရန် အထူးလိုအပ်လေ၏။ ဘာသာတရား ကိုင်းရှိုင်းခြင်းသည် မျက်ကန်းမျိုးချစ်ဝါဒီ မဟုတ်ကြောင်းကို ခွဲခြမ်းသိသင့်လေ၏။
" သာဓု သာဓု သာဓု ၊ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝပါစေ ၊ ဒကာလေး အဖေကို ထမင်းကျွေးနေတာမဟုတ်လား ၊ ဆက်ကျွေးပါ ဒကာလေး "
ကိုရင်က ဆုပေးရင်း ခရေပင် ပင်စည်ကို ကွန်ကရစ်ဖြင့် ဝိုင်းပတ်ထားသည့်အပေါ် ထိုင်လိုက်သည်။
ကလေးငယ်က သူ့ဖခင်အား ထမင်း ဆက်ခွန့်ကျွေးသည်။ဖခင်ဖြစ်သူမှာ အသက် ၄၀နီးပါးခန့်ရှိပြီဟု ခန့်မှန်းရသည်။ လေဖြတ် လေငန်းရောဂါ ဝေဒနာသည်ဖြစ်၏။ ညာဘက်လက်မှာ ကွေးနေ၏။ ညာဘက် ပါးကြောမှာ တချက်တချက် ဆန့်ငင်ဆန့်ငင်နှင့် အကြောဆွဲ၏။လေတခြမ်းဖြတ်ထားဟန်တူ၏။ထို့ကြောင့် ဝှီးချဲကို အားပြုသွားလာရခြင်းဖြစ်မည်။
ကိုရင်က စပ်စုလိုက်သည်။
" ဒကာလေး အဖေက ခုလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ"
" တနှစ်လောက် ရှိပြီထင်တာပဲဘုရာ့၊ အဖေက အရင်က လက်သမားဆရာကြီးလေ။ အရက်တွေ သောက်လို့ ဒီလို ဖြစ်သွားတာ ..."
" အို ဖြစ်မှဖြစ်ရလေ ၊ ဆေးကု မပေးကြဘူးလား ဒကာလေး။ ဒီလိုဝေဒနာက ဆေးကောင်းဝါးကောင်းနဲ့တွေ့ရင် ပျောက်ကင်းသက်သာနိုင်ပါတယ် "
" ဟင့်အင်း တပည့်တော်တို့မှာ အဖေ့ကို ဆေးကုသဖို့ မပြောနဲ့။ နေ့စဥ်စားဖို့တောင် ကြုံရာအလုပ် ရှာလုပ်နေရတာ ကိုရင်။
အခု ပန်းလာကောက်တယ်။ ခနနေရင် အိမ်ပြန်မယ်။ နေ့လယ်ဘက်ကျ တပည့်တော်က ဘူးခွံ၊ ပလင်းခွံတွေ လိုက်ကောက်ရသေးတယ်လေ "
ကလေးငယ်၏ အဖြေစကား ကြားရသည်မှာ ကိုရင်နန္ဒိယအတွက် စိတ်မွန်းကြပ်ဖွယ်ရာပင်။ ကိုရင်သည် သက်ပြင်းမောကို ချရင်း ...
" ဒကာလေးမှာ အမေ မရှိတော့ဘူးလား ၊ တခြား မောင်နှမရော "
လူငယ်က ကိုရင့်မေးခွန်းကြောင့် တွေတွေငေးငေးလေး ဖြစ်သွားရှာ၏။ ခဏနေမှ ...
" အမေလား ... အင်း အိမ်မှာရှိပါတယ် ။ ဒါပေမဲ့ အမေက စိတ်မမှန်တော့ဘူး ကိုရင်။ ပြီးတော့ တပည့်တော်မှာ ၇နှစ်အရွယ် ညီမလေး တယောက်ရှိတယ်။ ဒီခရေပန်းတွေကို ကြိုးနဲ့သီပြီး သူပဲ သွားရောင်းမှာလေ ... "
" အို ! စိတ်မကောင်းလိုက်တာ ဒကာလေးရယ် ၊ ဒကာလေးတို့က ဘယ်မှာနေကြတာလဲ "
ကလေးငယ်က သူတို့နေသည့်နေရာကို ဖြေသည်။ ဘုရားကြီး အနောက်မုဒ် အောက်ဘက် ရွှေတချောင်းမြောင်း အနောက်ဘက်ရှိ ရပ်ကွက်တခုမှာ နေသည်ဟု သိရသည်။
ရူးသွပ်နေသော မိခင်နှင့် လေဖြတ်နေသော ဖခင်ကို အသက်၁၀နှစ်အရွယ်ကလေးနှင့် အသက်၇နှစ်အရွယ်ကလေးမလေးက သူတို့ တတ်စွမ်းသ၍ လုပ်ကိုင်ကျွေးမွေးနေကြခြင်း ဖြစ်သည်။
ကိုရင်နန္ဒိယသည် လွန်စွာ စိတ်မကောင်း ဖြစ်သွားသည်။ သူလည်း ဤအရပ်မှာ ဆွမ်းခံစားရင်း စာဝါလိုက်နေရသော ကျောင်းသား ဖြစ်၏။ ငွေရေးကြေးရေးအားဖြင့် သူ မကူညီနိုင်ချေ။
ဒါဖြင့် သူ ဘာကူညီနိုင်မလဲ။ အသည်းအသန် စဥ်းစားရသည်။ ဟိုတလောတုန်းက ဆွမ်းဒကာတဦးက စာရေးတံမဲ တခု ကပ်လှု၍ မဲနှိုက်ရာ ဝတ္ထုငွေ ၄၅၀ကျပ် သူထံ ရှိလေ၏။ယပ်တောင်၌ ၉၀ကျပ်တန် ၅ရွက် ကပ်ထားခြင်း ဖြစ်၏။ (အချိန်ကာလအားဖြင့် ၁၉၉၂ခုနှစ်ခန့်ကို ရည်ရွယ်သည်။)
သို့သော် ယခု ထိုပိုက်ဆံ မပါလာခဲ့။ ကျောင်းမှာ ကျန်ရစ်သည်။ ထိုလေးရာ့ငါးဆယ်ကျပ်ကို ကလေးငယ်အား ပြန်စွန့်ရန် ဆုံးဖြတ်လိုက်သည်။
" ကိုရင် ဒကာလေးကို မြင်မြင်ချင်း ခင်မင်ရင်နှီးနေမိတယ်။ တခါလောက်တော့ ဒကာလေးတို့ အိမ်ကို ကိုရင် လာခဲ့ပါအုံးမယ် ။ ဘယ့်နှယ်လဲ ကိုရင် ဆွမ်းခံချိန် လာခဲ့လို့ ရမလား ဒကာလေး "
ကလေးငယ်၏ မျက်နှာက ဝင်းပသွားသည်။ သူက ကိုရင် ဆွမ်းခံလာမည်ဟု ထင်မြင်သွားခြင်း ဖြစ်လိမ့်မည်။
" ဟာ ကြွခဲ့ပါ ကိုရင်၊ တပည့်တော်တို့က ဆင်းရဲပေမယ့် မနက်တိုင်း စားဦးစားဖျားကို ဆွမ်းလောင်းပါတယ် ။ မေမေ စိတ်အခြေအနေ ကောင်းတုန်းကဆို အမြဲဆွမ်းထလောင်းတယ် ကိုရင်ရဲ့ ... "
ကိုရင် ထပ်မံ စိတ်ဝင်စားသွားပြန်သည်။ ဒီလိုဆိုတော့ ဒီကလေးအမေက အရင်က မရူးဘူးပေါ့။
" နေပါအုံး ဒကာလေးရ။ အမေဖြစ်သူက အရင်က လူကောင်းပေါ့နော် "
"တင်ပါ့ဘုရား ၊ အမေက အရင်တုန်းက ပညာတတ်ဘွဲ့ရ ကိုရင်ရ။ မရူးဘူးရယ်။ အဖေ လေဖြတ်ပြီးမှ ပိုဆိုးသွားတာ။ အိမ်နီးချင်း လူကြီးအချို့ကပြောတာတော့ အဖေရော အမေ့ကို လူလုပ်သွားတာတဲ့။
တပည့်တော်က လူလုပ်တာ ဘာလဲ မသိတော့ မေးလိုက်တယ်။ လူလုပ်တယ်ဆိုတာက အဖေနဲ့အမေ့ကို တခြားတယောက်က မကျေနပ်လို့ ပညာနဲ့ ပြုစားတာလို့ ပြောကြတယ်။
အဲ့ဒီလိုတွေက တကယ်ရော ဒီခေတ်မှာ ရှိလို့လား ကိုရင်ရယ်။ တပည့်တော်တို့မောင်နှမကတော့ အဲ့ဒါတွေ မသိပါဘူး။ ဝဋ်ကြွေးရှိလို့ပဲ ခံရတယ် မှတ်ပါတယ်။
အခု ဒီမဟာမြတ်မုနိ ဘုရားကြီးရဲ့ အဝန်းအဝိုင်းထဲက ခရေပန်းကိုတောင် ဘုရားဆီ ခွင့်ပန့်ပြီးမှ ကောက်တာ ကိုရင်ရ။
တပည့်တော်တို့ ခရေပန်း ဆယ်ကုန်းရရင် တကုံးဖိုးကို မဟာမြတ်မုနိ ဝေယျာဝစ္စအလှုခံပုံးမှာ အမြဲထည့်ပါတယ်။ ဆယ်ဖို့တဖို့ ပြန်လှုတာပေါ့ ကိုရင်ရယ်။ ဝဋ်ကြွေးတွေကို နောက်ဘဝအထိ မသယ်ချင်တော့ပါဘူး "
ဆယ်နှစ်သားတဲ့။ အခုပြောနေတာတွေက ဆယ်နှစ်သားပါးစပ်က ဒဿနတွေ။ ကိုရင်နန္ဒိယ သက်ပြင်းမောကိုသာ ဘယ်နှစ်ကြိမ်မြောက် ချမိနေသလဲ မမှတ်မိတော့ပါဘူး။
ကလေးကို နုတ်ဆက်ပြီး အပြန်မှာ ကိုရင်နန္ဒိယ သံဓိဌာန်တခု ချလိုက်ပါ၏။ ဦးသူတော်က မှာလိုက်သည်မဟုတ်လား။ ကူညီထိုက်သူကိုတော့ မချွင်းမချန် ကူညီပေးရမည်တဲ့ ။
ကိုရင် အနောက်မုဒ်ကနေ စာတိုက်ကွေ့ ရောက်သည်အထိ ကလေးငယ်အကြောင်း စဥ်းစားရင်း လမ်းလျှောက်သွားခဲ့သည်။ စာတိုက်ကွေ့ မှတ်တိုင်ရောက်တော့၊ 'ပိုက်ကျုံး ကျွဲစွန်း ဂေါ်ဝိန်' လို့ တစာစာ အော်ဟစ် လူခေါ်နေတဲ့ စပယ်ယာလေးရဲ့ ဘတ်စ်ကားပေါ်ကို တက်လိုက်သွားတော့လေ၏။
ကိုရင်နန္ဒိယသည် ကားစီးသွားရင်း ဤသို့ တွေးမိလေ၏။
" အင်း ... ကလေးငယ်ရဲ့ မိဘနှစ်ပါးစလုံးသာ လူပြုစားတာမှန်ရင် ငါ ဖြေရှင်းပေးနိုင်မှာပဲ။
ဦးသူတော်က ငါ့ကို ပညာကို ဝှက်ထားပါပြောပေမယ့်၊ ကူညီထိုက်သူဆိုရင် မချွင်းမချန် ကူညီပေးလိုက်ပါလို့လည်း မှာခဲ့တာပဲ။
ဒါကြောင့် မိဘလုပ်ကျွေးတဲ့သူတော်ကောင်း ကလေးငယ်ကို ငါ ကူညီရမယ်။
ဘယ်လို မိစ္ဆာဝါဒီကများ လင်မယားနှစ်ယောက်စလုံးကို ရက်ရက်စက်စက် လုပ်ရက်တာပါလိမ့် ။
တွေ့ကြသေးတာပေါ့လေ။ ငါကလည်း ရွာမှာတော့ တစ္ဆေနိုင်ကိုရင်လေးဆိုပြီး တစ္ဆေတွေကို နိုင်သေးတာပဲ။
မြို့ပေါ်က တစ္ဆေထက် ဆိုးတဲ့ မိစ္ဆာတွေတော့ နာဖို့သာ ပြင်ထားပေရော့ ... "
(ဆက်ရန်)
____________
(ဆက်ရန်)
ပီပီ(မန္တလေး)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory