ချစ်ခြင်းထက် သာလွန်၍_အပိုင်း(၈)
lotaya.mpt.com.mm
|
2022-06-19

လရိပ် အလုပ်လျှောက်လွှာကိုင်ကာ အင်တာဗျူးအခန်းထဲမှ ထွက်လာရင်း စိတ်မောလူမော သက်ပြင်းချမိ၏။ ကျောက်ကပ်တစ်ခြမ်းရောင်းကာ သွားခွဲစိတ်ရမည်မို့ သူ့အရင်အလုပ်က ထွက်လိုက်ရသည်။ အလုပ်အသစ်ပြန်လိုက်လျှောက်နေရသလို လက်ထဲငွေကျန်က သိပ်မရှိတော့။ ကားမှတ်တိုင်ဆီ လျှောက်လာရင်းမှ အိပ်ကပ်ထဲစမ်းမိတော့ လက်ကျန်ငွေက ငါးသောင်းမပြည့်ချင်။ 

" လရိပ်......"

ချိုအီလွန်းသည့်ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ဒေါ်ရိုစီ။ ခေတ်ဆန်ဆန် အနီရောင်အပါးသား Blouse အင်္ကျီနှင့် မီနီစကဒ်ဒူးတိကိုဝတ်ထားကာ ထုံးစံအတိုင်း အလွန်အကျူးကိုပြင်ဆင်ထား၏။ ဘေးတွင်လဲ အမျိုးသားတစ်ယောက်ပါသလို ဒေါ်ရိုစီခါးကိုဖက်ထား၏။

" မတွေ့တာကြာပြီနော် လရိပ်။ အလုပ်ထွက်သွားတယ်ဆို.....မမက ဖုန်းဆက်တော့လဲ မကိုင်ဘူး။ သတိရနေတဲ့ဟာ။ "

လရိပ်မသိဟန်ဆောင်လိုက်ရင်းမှ လှည့်ထွက်ရန်ပြင်လိုက်သော်လဲ သူ့ရှေ့မှ ကပျာကယာပိတ်ရပ်လိုက်သည့် ဒေါ်ရိုစီ။ Visiting Card ကိုထုတ်၍ သူ့အိတ်ကပ်ထဲ ခပ်ပြုံးပြုံးလှမ်းထည့်ပေးလာကာ ....

" လရိပ် မမကိုလိုအပ်တဲ့အချိန် ဖုန်းဆက်လိုက်။ လရိပ်သိပါတယ်.....မမက လရိပ်ကို တကယ်သဘောကျတာ။ "

" ကျွန်တော် ပြောပြီးပြီ။ ကျွန်တော့်မှာ အသက်ထက်မြတ်နိုးရတဲ့သူရှိပြီးသား။ "

ပြောလဲပြော အိတ်ကပ်ထဲမှ ကဒ်ကိုထုတ်ကာ ဒေါ်ရိုစီလက်ထဲ ပြန်ထိုးထည့်ပေးခဲ့သည်။ နေရာမှအမြန်ထွက်လာရင်း သူ့ခြေလှမ်းတွေက ချစ်ရသူဆီသာ ဦးတည်သည်။ 

------------------------------

ကိုကိုစောင့်နေသည်ဆိုတာမို့ ချစ်ချစ် လမ်းထိပ်မှ  အအေးဆိုင်လေးဆီ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ 

! တီ....တီ !

ကားဟွန်းတီးသံကြောင့် ငဲ့ကြည့်မိတော့ ချစ်ချစ်ဘေးထိုးရပ်လာသည့်ကားပေါ်မှ ပြုံးပြီးကြည့်နေသည့် ကိုစျာန်။ 

" အစ်ကို့....."

" ဒါက ဘယ်တုန်း....လာ ကားပေါ်တက်။ "

ချစ်ချစ် ခပ်အေးအေးလေးပြုံးမိရင်းမှ ငြင်းရန်ပြင်ပေမယ့် ကားအောက်ဆင်းလာကာ အတင်းဆွဲခေါ်တာမို့ ငြင်းချိန်ပင်မရပဲ ကားပေါ်ရောက်သွားရသည်။ 

" ကိုကိုလမ်းထိပ်ရောက်နေတယ်လေ....အဲ့ဒါ "

" ကောင်းတာပေါ့.....ကိုယ်လဲလိုက်ခဲ့မယ်။ "

ချစ်ချစ်ခေါင်းလေးငြိမ့်ပြကာ သတိတရပင် လက်သူကြွယ်မှ လက်စွပ်ကို လက်ခလယ်ပြောင်းဝတ်လိုက်၏။ စျာန် မသိမသာကြည့်ရင်းမှ မျက်နှာလွှဲမိသလို လရိပ်နှင့်တွေ့ရမည်မို့ ပျော်နေသည့် မျက်နှာလေးကိုသာ ခိုးခိုးကြည့်မိ၏။ 

အချစ်ဆိုတာ တစ်ခါတစ်လေ မသိဟန်ဆောင်နေရတာမျိုး။

@@@@@@@@@@@

ဆိုင်ရှေ့ထိုးရပ်လာသည့် ကားကြောင့် လရိပ်ငေးခနဲကြည့်မိသွားသလို ကားပေါ်မှအတူဆင်းလာကြသည့် စျာနဲ့ ချစ်ချစ်ကိုကြည့်ရင်း ရင်ထဲက ဘာကြောင့်မှန်းမသိ သိမ်ငယ်သွားရ၏။ 

" ကိုကို့....."

သူ့ဆီအပြေးလေးလာရင်း ဘေးမှာဝင်ထိုင်လိုက်သည့် ချစ်ချစ်ကြောင့် လရိပ်ပြုံးမိသွားသည်။ 

" ညီမလေး ဘာစားမလဲ။ အအေးက ကိုကိုမှာပေး ထားပြီ။ "

ကိုကို့ဆီမှ စကားမဆုံးခင်မှာပင် Waiter လေးတစ်ယောက်က ဖရဲသီးဖျော်ရည်တစ်ခွက် လာချပေးသည်မို့ ချစ်ချစ်ပြုံးလိုက်မိတာ ခစ်ခနဲ။ ကိုကိုဟာ အမြဲချစ်ချစ်အကြိုက်ကိုသိနိုင်လွန်းသည်။

" စျာန့်....မင်းက ဘယ်လိုပါလာတာလဲ။ "

လရိပ်အမေးကြောင့် စျာန်ကားသော့ကို စားပွဲပေါ် တင်ကာ ချစ်ချစ်ဘက်ငဲ့ကြည့်လိုက်သေး၏။ ပြီးမှ......

" ချစ်ချစ်ကိုလမ်းမှာတွေ့တာနဲ့ အတင်းခေါ်ပြီး မင်းနဲ့တွေ့မယ်မှန်းသိလို့ လိုက်လာတာ။ "

ချစ်ချစ်ဆိုသည့် အသုံးအနှုန်းကြောင့် လရိပ် စျာန့်မျက်နှာအား ငေးကြည့်မိသွားသည်။ ချစ်ချစ် နဲ့ စကားပြောနေသည့်ပုံစံကို ဘေးမှကြည့်ရင်း ရင်းနှီးလွန်းဟန်ကြောင့် သူ့စိတ်ထဲ ဘဝင်မကျတော့တာ အမှန်ပင်။ မနာလိုဝန်တိုမှုဟာ တိတ်တဆိတ်လှိုက်စားရင်း ထိုနေ့က သူဟန်မဆောင်နိုင်အောင်ကို မျက်နှာပျက်နေခဲ့ပါသည်။ 

--------------------------

ဒေါ်ခင်မ တစ်ယောက်ထဲ ခေါင်းပူမတတ်စဥ်းစားရင်း အခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။ နားထဲပဲ့တင်ထပ်နေသည့် ဦးနေရောင်၏ ကမ်းလှမ်းစကားကို စိတ်ထဲက လက်သင့်မခံချင်ပေမယ့် သူမမှာ ရွေးချယ်စရာက များများမရှိ။ 

" ကျုပ် ခင်ဗျား သမီးကို သဘောကျတယ် ။ တကယ်လို့ ကျုပ်နဲ့လက်ထပ်ဖို့သာ လက်ခံရင် ခင်ဗျားအကြွေးတွေအကုန်လျှော်ပစ်မယ် ဒေါ်ခင်မ။ အိမ်လဲမဆုံးတော့ဘူး။ "

မလူးသာမလှုပ်သာအခြေအနေအပြင် ကိုယ်က အထည်ကြီးပျက်။ ကိုယ့်သမီး နုနုထွဋ်ထွဋ်ထွဋ်လေးက အဖေအရွယ် မုဆိုးဖိုကြီးနဲ့ မတန်မှန်းသိပေမယ့် မတတ်နိုင်။ လောင်းကစားနွံထဲ နစ်ခဲ့သမျှ ခုချိန်မှာ ကိုယ့်သားသမီးကပါ ကူဆပ်ရတော့မည်။ ကိုသူဆိုတာလဲ သမီးကို သေလုမတတ် လုပ်ကြံပြီး ခုကျ ထောင်ကျနေပြီမို့ ကိုယ့်လစ်ဟင်းမှုသာပင်။

ဒေါ်ခင်မ အခန်းထဲမှ ထွက်လာကာ သမီးအခန်းထဲ ဝင်လာတော့ အိပ်ယာထက်ထိုင်ကာ စာအုပ်ဖတ်နေတာမို့ အနားဝင်ထိုင်လိုက်သည်။ 

" သမီး.... "

ချစ်ချစ် လက်ထဲမှ စာအုပ်ကိုချလိုက်ရင်း မေမေ့မျက်နှာကိုကြည့်မိတော့ သိပ်မကောင်းသလို တစ်ခုခုပြောချင်ဟန်ရတာအကဲခတ်မိသည်။

" မေမေ ချစ်ချစ်ကို ပြောစရာရှိလို့လားဟင်။ "

ဒေါ်ခင်မ ဘယ်ကစပြောလို့ပြောရမှန်းမသိသလို ပြောမထွက်ပဲဖြစ်နေရသည်။ မပြောလို့ကလဲ မဖြစ်သည်မို့ သက်ပြင်းချမိရင်း....

" မေမေတို့အိမ်အပေါင်ဆုံးသွားပြီသမီး။ ဒီတစ်ပတ်အတွင်း အိမ်ပေါ်ကဆင်းပေးရတော့မှာ။ ဒါပေမယ့်....."

ချစ်ချစ်မျက်နှာလေးက မျှော်လင့်တကြီးဖြင့် မိခင်ဖြစ်သူဆီမှ ဆက်လာမည့်စကားကို နားထောင်နေမိသည်။

" ဦးနေရောင်က သမီးလေးကိုမေတ္တာရှိတယ်တဲ့။ သမီးသာလက်ခံရင် မိသားဖသားပီပီလာတောင်းရမ်းပြီး အကြွေးတွေလဲ..."

ဘုရားရေ။ 

ချစ်ချစ် မယုံနိုင်ကြီးစွာ ဝမ်းပန်းတနည်းဖြင့် မေမေ့မျက်နှာကို ငေးစိုက်ကြည့်မိသွားသည်။ ပါးပြင်ထက်မျက်ရည်စတို့ စီးကျလာရရင်း....

" မေမေ ဘာပြန်ပြောလိုက်သလဲဟင်။ "

" မေမေ့မှာ လက်ခံရုံကလွဲ ရွေးစရာမှမရှိပဲ သမီးလေးရယ်။ မေမေ တောင်းပန်ပါတယ်..... မေမေ့ကြောင့်...."

ချစ်ချစ် ဝမ်းပန်းတနည်း အင့်ခနဲရှိုက်မိသွားသလို ကြောက်လန့်တကြားငိုချမိ၏။ ကိုယ့်အဖေအရွယ်လူကြီးနဲ့ လက်ထပ်ရမည်တဲ့လား။ ငြင်းခွင့်ပင်မရှိသလို မေမေ့အား နာနာကျင်ကျင် ကြည့်ရင်း မျက်နှာလွှဲပစ်မိသည်။  

@@@@@@@@@@@@

လရိပ် သူ့ဘေးထိုင်နေသည့် ချစ်ချစ်မျက်နှာလေးကို မသိမသာငဲ့ကြည့်မိသည်။ သူပြောတာသာနားထောင်နေတာ ကြားပုံလဲမရ။ ငေးငေးလေးဖြင့် ဘာတွေတွေးနေမှန်းမသိပဲ သက်ပြင်းတွေ ခိုးချနေသည်။

" ချစ်ချစ်......ညီမလေး "

" ဟင်....အင်း..."

ယောင်တိယောင်နလေးဖြင့် ထူးလာသည့်ပုံက အတွေးလွန်နေမှန်းပိုသိသာသည်။ လရိပ် မျက်မှောင်ကျုံ့မိသွားသလို မျက်နှာလေးကိုသေချာစိုက်ကြည့်မိတော့ အနည်းငယ်အစ်အစ်လေးဖြစ်နေသလိုပင်။ မဟုတ်မှလွဲရော ငိုထားသည်များလား။

" ဘာဖြစ်နေတာလဲ ညီမလေး......စိတ်နဲ့လူမကပ်ပါလား။ "

ကို့ကို့အမေးကြောင့် ချစ်ချစ် ကပျာကယာခေါင်းခါယမ်းရင်း ဟန်ဆောင်ပြုံးလိုက်ရသည်။ကိုကိုသိလျှင် စိတ်အရမ်းထိခိုက်သွားမှာသိတာမို့ ချစ်ချစ် အသိမပေးချင်ပါ။

" ဘာမှမဖြစ်ပါဘူး ကိုကိုရယ်....ချစ်ချစ်နေလို့သိပ်မကောင်းချင်ဖြစ်နေတာ။ နေပူတော့ လူက မလန်းဘူး။ "

လရိပ် မယုံပေမယ့် သူ့ကိုညာနေမှတော့ မေးလဲငြင်းမည်ဆိုတာ သိနေသည်။ သူ့ကို မညာတတ်သည့် သူမလေးအကြောင်းသိပြီးသားမို့ ညာထဲက မသိစေချင်လို့ပင်။ သူ့ဘာသာ ကြီးမေကိုလှမ်း​မေးတာ ပိုအဆင်ပြေမည်။ 

" ကိုကို့အဖေရော နေကောင်းရဲ့လားဟင်။ "

" အင်း.....အဖေက ကျန်းမာပါတယ် ။ မိုးလဲချုပ်တော့မယ်.....ကိုကိုညီမလေးကို ပြန်လိုက်ပို့ပေးမယ်။ "

ချစ်ချစ်လက်ကိုဆွဲကိုင်ကာ ထရပ်လိုက်သည့်ကိုကို့ကြောင့် ချစ်ချစ်ပါထရပ်ရင်း ဘေးမှလိုက်လာခဲ့ရသည်။ ချစ်ချစ် သူငယ်ချင်းတွေဆီမှာ ငွေလိုက်ချေးကြည့်နေပါသည်။ ပိုက်ဆံသာရလျှင် ဒီလူကြီးကို ချစ်ချစ်လက်ထပ်စရာမလိုတော့ဘူး မဟုတ်လား။ 

-----------------------

" ဘာ....ဘယ်လို ကြီးမေ။ "

ကြားလိုက်ရသည့်စကားကို မယုံနိုင်လွန်းစွာပင် သူပြန်မေးမိသေးသည်။ ကြီးမေက သူ့ကို ငေးကြည့်ရင်းမှ....

" ဟုတ်တယ် သား....သမီးလေးခမျာ မျက်ရည်မျက်ခွက်ပါပဲကွယ်။ အဖေအရွယ်လူကြီးကို သူဘယ်ယူချင်ပါ့မလဲ။ ငြင်းရအောင်လဲ သူ့အမေကိုသိပ်ချစ်တဲ့ကလေးလေ။ "

လရိပ် အံကိုတင်းခနဲ ကြိတ်မိသွားရင်းမှ လက်သီးကိုကျစ်နေအောင် ဆုပ်ထားမိသည်။ ဒေါသထွက်လွန်းတာမို့ မေးကြောကြီးတွေထောင်ထနေသလို သူဘယ်လောက် မထိမတို့ချစ်ခဲ့ရသည့် မိန်းကလေးကိုမှ သူအမြတ်တနိုးတန်ဖိုးထားရလွန်းသည့်သူမလေးကိုမှ မတူမတန် မုဆိုးဖို အသက်လေးဆယ်ကျော်လူဆီ ထိုးအပ်သည်တဲ့။ 

" ပိုက်ဆံက ဘယ်လောက်လဲ ကြီးမေ။ "

" သိန်းကိုးရာလို့တော့ ကြားတာပဲ။ "

လရိပ် ကျစ်ခနဲစုပ်သပ်မိသွားသလို ဒီလောက်ပမာဏကို သူဘယ်လိုရှာရမယ်မှန်းတောင် တွေးမရနိုင်။ ပြီးတော့ သူက လက်ရှိမှာ အလုပ်လက်မဲ့။ သို့ပေမယ့် မရှာနိုင်တာနှင့်ပဲ သူ အားမလျှော့နိုင်ပါ။

အကယ်၍......

အကယ်၍သာ သူမလေးထိုလူ့ကို လက်ထပ်လိုက်ရလျှင် သူရင်ကျိုးရမှာ.....ယူကြုံးမရ ရင်ကွဲသေမှာပင်။ 

@@@@@@@@@@@@@@@@@@@@@

To be continue P - 9

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#မျက်နှာ
#အခန်း
#လက်ထပ်
#ပိုက်ဆံ
#စကား

Some text some message..