လရိပ် ခြံအပြင်မှစောင့်ကာ အခြေအနေကြည့်နေစဥ် အိမ်ထဲမှထွက်လာသည့် ကားတစ်စီးကိုမြင်လိုက်ရသဖြင့် ကမန်းကတန်းသစ်ပင်နောက်ကွယ်ကာ ရပ်လိုက်သည်။
ဟင်...။
ကားပေါ်ပါသွားသည့် ချစ်ချစ် နှင့် အသက်လေးဆယ်ကျော်လူကြီးတစ်ယောက်။ လရိပ်ရင်ထဲပူသွားရသလို အပြင်ပန်းအထိ ဟန်မဆောင်နိုင်အောင် ပြာယာခတ်သွားရသည်။ သူ့ကိုဖွင့်မပြောသလို တစ်ယောက်ထဲ မျိုသိပ်ခံစားနေရသည့် ချစ်ရသူကိုကြည့်ပြီး အရာအားလုံးဟာ ချို့တဲ့လွန်းသည့် သူ့အပြစ်ဟုသာခံစားမိသည်။ သူမပြည့်စုံလို့ ၊ သူချို့တဲ့လို့ ၊ သူမဖြည့်ဆည်းပေးနိုင်လို့။ လာသည့်အငှားကားတစ်စီးကို ကပျာကယာတားရင်း အနောက်က အမြန်လိုက်လာခဲ့သလို ဘယ်ခေါ်သွားမှာလဲဆိုတာ မသိတာမို့ တစ်ခုခုဆို သူလဲ တုံးတိုက်တိုက်ကျားကိုက်ကိုက် ရင်ဆိုင်ဖို့အထိပါ တွေးထားလိုက်သည်။
ဆိုင်တစ်ဆိုင်ရှေ့ထိုးရပ်သွားသည့် ကားကြောင့် လရိပ် ကားပေါ်မှ အခြေအနေကို ငေးကြည့်နေမိသည်။ ဆိုင်ထဲမှ လူတစ်ဦးပြေးထွက်လာကာ ကဒ်အုပ်တစ်အုပ်လှမ်းပေးသည်မို့ သူသေချာ မျက်မှောင်ကျုံ့ကာ ငေးကြည့်မိတော့မှ ဖိတ်စာကဒ်ပုံစံမျိုးပင်။ ရင်ထဲဒိန်းခနဲ ဆောင့်တက်သွားရသလို ကမ်းပါးနက်နက်၏ အစွန်အဖျားမှာ ပြုတ်ကျလုဆဲဆဲ ချစ်ရသူကိုပြေးမြင်မိသွားသည်။ ဖိတ်စာပင်ရပြီဆိုတော့ လက်ထပ်ဖို့ဆိုတာ ဘယ်လောက်မှမလိုလောက်တော့။ သူကအခုထိ သိန်းငါးဆယ်ပင်ပြည့်အောင် မရှာနိုင်သေး။ ဖိတ်စာသာဝေပြီးသွားလျှင်.....။ မတွေးရဲအောင်ပင် လရိပ်မျက်စိကိုစုံမှိတ်ပစ်လိုက်ရသည်။
ထိုနေ့က ချစ်ချစ်အိမ်ပြန်ရောက်သည်အထိ သူနောက်ကနေ ထပ်ကြပ်မကွာပါသလို မျက်နှာလေးငယ်လျက် ပြိုတော့မည့် မိုးလို ညိုးငယ်နေရှာသည့် ချစ်သူမျက်နှာအား မကြည့်ရက်စွာ ရင်နာနာဖြင့် ငေးကြည့်နေခဲ့ရသည်။
------------------------
ဦးနေရောင် ရုံးခန်းထဲဝင်လာသည့်လူငယ်အား ငေးကြည့်ရင်း မမြင်ဖူးမတွေ့ဖူးတာမို့.....
" အန်ကယ်နဲ့တွေ့ချင်တာ ဘာကိစ္စလဲ။ "
လရိပ်ယူလာသည့်ငွေတွေကို ဦးနေရောင်ရှေ့တိုးပေးလိုက်တော့ သူ့ကို နားမလည်သလို ငေးကြည့်လာ၏။
" သိန်းကိုးရာအတိပါ......ကျုပ်က ချစ်နှင်းဆီရဲ့အစ်ကို။ အိမ်ဂရန်ပြန်ပေးပါ။ "
ဦးနေရောင်မျက်နှာက ကွက်ခနဲပျက်သွားသလို လရိပ်ကို ကြည့်ရင်းမှ....
" ချစ်နှင်းဆီမှာ အစ်ကိုရှိတယ်မကြားဖူးပါဘူး။ ဒီငွေတွေကို လက်မခံ...."
" အကြွေးဆပ်လို့ လက်မခံတာ ခင်ဗျားအပိုင်းပါ။ အိမ်ဂရန်ပြန်မပေးဘူး....ကျုပ်ညီမကို လွှတ်မပေးဘူးဆို ကျုပ်ကလဲ လုပ်စရာရှိတာဆက်လုပ်မှာပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ သိက္ခာရှိရှိနေဖို့လိုတယ်မဟုတ်လား။ "
ဦးနေရောင်မျက်နှာက ကွက်ခနဲပျက်သွားသလို အတန်ကြာသည်အထိ တိတ်ဆိတ်နေ၏။ လရိပ်မျက်နှာကလဲ တင်းမာခက်ထန်နေသလို အတော်ကြာမှ အိမ်ဂရန်ကိုထုတ်ပေးလာ၏။ အိမ်ဂရန်ကိုဆွဲယူကာ ရုံးခန်းထဲမှထွက်လာရင်း ဓာတ်လှေကားထဲရောက်သည်နှင့် လရိပ်မျက်နှာက သိသိသာသာ ညှိုးကျသွားသည်။ အံကိုတင်းတင်းကြိတ်ရင်းမှ လက်သီးကိုကျစ်နေအောင်ဆုပ်ထားကာ သူမမှား........သူလုံးဝနောင်တမရပါ။ ဝဲတက်လာသည့် မျက်ရည်စတွေကို ဟန်မပျက်ထိန်းထားရင်း ကုမ္ပဏီရှေ့မှာ ရပ်စောင့်နေသည့် ကားထဲတန်းဝင်လိုက်၏။
" ဘယ်လိုလဲ.....အဆင်ပြေရဲ့လား မောင်။ မမ ဘာကူပေးရဦးမလဲ။ "
လရိပ်ခေါင်းခါယမ်းလိုက်ရင်းမှ ဒေါ်ရိုစီဘက်တစ်ချက်ငဲ့ကြည့်ကာ....
" အဆင်ပြေပါတယ်.....မမကိုလဲ ကျေးဇူးတင်ပါတယ်။ "
ဒေါ်ရိုစီ့မျက်နှာက ပြုံးယောင်သမ်းသွားရင်းမှ လရိပ်လက်တစ်ဖက်ကို လှမ်းဆုပ်ကိုင်ကာ ပါးကိုခပ်ဖွဖွလှမ်းနမ်းလာသည်မို့ သူမျက်စိစုံမှိတ်ကာ အသက်ကိုအောင့်ထားမိသွားရသည်။
" ဒါဆို မနက်ဖန်အတွက် အဆင်သင့်ပြင်ထားနော်။ တရားရုံးမှာ လက်မှတ်ထိုးကြမယ်။ "
သူခပ်ယဲ့ယဲ့သာပြုံးရင်း ခေါင်းငြိမ့်ပြမိသည်။ သူက ဘာလဲ....အင်မတန်မှယုတ်ညံ့ကာ အဖြစ်မရှိသည့်် ယောကျာ်းပိုင်းလုံး...ချူဆီ။ အောင့်သက်နာကျင်စွာလက်ခံလိုက်ရရင်း ဖေဖေ့စကားကိုပြန်ကြားယောင်မိသည်။
ချမ်းသာတဲ့မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီဆိုတာနဲ့ မင်းရဲ့ ယောကျာ်းမာနကို ခြေနင်းဖက်မှာချထားခဲ့ငါ့သား.....မဟုတ်ရင် မင်းသေချာစဥ်းစား။
မထူးတော့ပါဘူး.....ရူးပါစေတော့။
ချစ်ရသူအတွက်ဆို ကာရံနိုင်သလောက် ကာရံပေးချင်သေးသည်။ မပိုင်ရင်တောင် အလှကြည့်နေချင်သေးတာပါ.....လှအောင်ဝံ့ကြွားနိုင်အောင်တော့ သူလုပ်ပေးရမှာပေါ့။
ချစ်ချစ် မေ့မေ့စကားကြောင့် မယုံနိုင်ဖြစ်သွားရသည်။ ဦးနေရောင်က အိမ်ဂရန်ပြန်ပေးရုံမက ချစ်ချစ်ကိုပါ တောင်းပန်သွားသည်တဲ့လား။
" မေမေ့....မေမေတကယ်ပြောတာလားဟင်။ "
ဒေါ်ခင်မ ဟန်ဆောင်ပြုံးပြရင်း အိမ်ဂရန်ကိုပြလိုက်ရသည်။ ဟန်မဆောင်နိုင်အောင် မဖုံးဖိနိုင်အောင်ကို အပျော်ကြီးပျော်သွားသည့် သမီးဖြစ်သူကို ကြည့်ပြီး လရိပ်မျက်နှာကိုပြေးမြင်မိ၏။
" ချစ်ချစ် မသိပါစေနဲ့ အန်တီရယ်......သူသိရင် ကျွန်တော့်ကို မျက်နှာချင်းဆိုင်တော့မှာမဟုတ်ဘူး။ ဝန်ထုပ်ဝန်ပိုးကြီးလို သူခံစားသွားရမှာ။ "
ချစ်ချစ် ပျော်လွန်းတာမို့ ရင်တွေပင်တုန်ယင်လာရင်း ကိုကို့မျက်နှာကို ပြေးမြင်မိကာ အစအဆုံးပြောပြချင်စိတ်က တဖွားဖွား။
" ချစ်ချစ် အပြင်ခဏသွားဦးမယ်နော်။ "
အိမ်ထဲမှ အပြေးတပိုင်းလေးထွက်သွားသည့် သမီးဟာ ဘယ်စီသွားမလဲ သူသိနေသည်။ ကိုယ့်ကြောင့်ဆိုသည့် အဖြစ်တွေဟာ ကိုယ့်သမီးအပေါ်သာ သက်ရောက်စေတာ ခဏခဏကြုံပြီးသည့်နောက် ဆုံးဖြတ်လိုက်ပါသည်။ သာသနာ့ဘောင်သာ အပြီးဝင်တော့မည်။
@@@@@@@@@@@@
အငှားကားပေါ်မှ ဆင်းကာ ကိုကိုတို့လမ်းဆီလျှောက်လာရင်း ချစ်ချစ်နှုတ်ခမ်းတွေဟာ ပြုံးနေခဲ့ပါသည်။ အစအဆုံးပြောပြလိုက်သည့်အခါ ဖြစ်ပျက်သွားမည့် ကိုကို့ပုံစံကို စိတ်မှန်းလေးဖြင့် ခန့်မှန်းကြည့်မိသည်။ ကိုကိုသိပြီး သူ့ကိုမပြောရကောင်းလားဆိုပြီး ဆူကောင်းဆူလိမ့်မည်။ ချစ်ချစ်နဖူးကို မနာအောင်ဖွဖွထုလျှင်ထုလိမ့်မည်။ စိတ်အရမ်းဆိုးသွားလျှင်တော့ ပါဝါမျက်မှန်အောက်က ကိုကို့မျက်ဝန်းတွေဟာ ခပ်စူးစူးစိုက်ကြည့်ကာ မျက်ခုံးကြီးတွန့်ကျုံ့နေလိမ့်မည်။
အတွေးနဲ့အတူ ကိုကိုတို့လမ်းထိပ်ရောက်လာတော့ ညနေပင်စောင်းနေပြီဖြစ်၏။ နဂိုလူရှင်းသည့်လမ်းမို့ ကိုကိုက သူ့ဆီလာတိုင်းထွက်ကြိုနေတတ်သလို တစ်ခါတစ်လေ တစ်ယောက်ထဲလာမိလျှင် ဆူတတ်သေးသည်။
! ကျွီ !
ခပ်လှမ်းလှမ်း လမ်းထိပ်နားထိုးရပ်လာသည့် မာစီဒီးကားအနက်ရောင်ပေါ်မှ ဆင်းလာသည့် ကိုကို့ကို လှမ်းမြင်လိုက်သဖြင့် အံ့သြသွားရသလို ဝမ်းသာအားရ လှမ်းခေါ်ရန်ပြင်လိုက်စဥ်မှာပဲ ကားထဲမှ ထွက်လာသည့် မိန်းမကြီးတစ်ယောက်။
အို...ဘုရားရေ။
ရပ်နေသည့်ခြေထောက်တွေပင် ယိုင်နဲ့သွားရအောင် ထိုမိန်းမက ကိုကို့နှုတ်ခမ်းတွေကိုလှမ်းနမ်းလိုက်၏။ ထိုခဏ ချစ်ချစ်နေရာမှာပင် ကွယ်ပျောက်သွားချင်ပါတော့သည်။
" ကို....ကို..."
လရိပ် ရင်ထဲဟာဆင်းသွားရရင်း သူမလေးကိုမြင်လိုက်ရသည်အခိုက် နေရာမှာတင်အေးခဲသွားရသလိုပင်။ ချစ်ချစ်ခြေလှမ်းတွေ ယိုင်ကျသွားတော့ လရိပ် ကပျာကယာအနားရောက်သွားရင်း ဖမ်းထိန်းလိုက်သည်။
" ညီမလေး....."
မျက်လွှာပင့်ကြည့်လာသည့် မျက်ဝန်းလေးက မျက်ရည်စတွေရစ်ဝဲနေသလို သူ့အားငေးကြည့်နေ၏။ အနားရောက်လာသည့် ဒေါ်ရိုစီက လရိပ်လက်မောင်းကိုဖမ်းချိတ်ရင်းမှ ပြုံးလာသလို....
" မောင့်ညီမလေးလား......မနက်ဖန် တရားရုံးသွားရင်ခေါ်လေ။"
တရားရုံး.....ရင်တွေတလှပ်လှပ် တုန်ယင်လာရရင်း ချစ်ချစ် ကိုကို့မျက်နှာကို အဓိပ္ပါယ်ပါပါ ငေးမောကြည့်မိသည်။ ဘာတွေလဲ....ချစ်ချစ် ဘာလို့ဘာမှ နားမလည်နိုင်ရတာလဲ။ လရိပ် လက်သီးကိုမသိမသာဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသလို လေသံခပ်တိုးတိုးဖြင့် ပြောလိုက်ရသည်။
" မနက်ဖန် ကိုကိုလက်ထပ်တော့မယ်။ "
ချစ်ချစ်နှုတ်ခမ်းလေးက ပွင့်ဟသွားရသလို မယုံနိုင်စွာ ငေးကြည့်ရင်း ပါးပြင်ပေါ်မျက်ရည်တွေ စီးကျလာရသည်။ လရိပ်ရင်ထဲနင့်နေရသလို အံကိုတင်းနေအောင်ကြိတ်ထားမိ၏။ ချစ်ချစ်ခေါင်းလေးတဆတ်ဆတ် ငြိမ့်ရင်းမှ လရိပ်မျက်နှာကိုကြည့်လိုက် ဘေးမှ ဒေါ်ရိုစီကိုကြည့်လိုက်ဖြင့် စကားအတော်နှင့်မပြောနိုင်အောင် တနင့်တပိုးခံစားသွားရရှာသည်။ အတော်လေးကြာမှ....
" ကိုကို လက်ထပ်တော့မယ်....."
" ညီမလေး...."
ဟန်မဆောင်နိုင်အောင်ကို ပါးပြင်ပေါ်မျက်ရည်တွေ အတောမသတ်အောင် စီးကျလာရင် ချစ်ချစ်အီးခနဲငိုချပစ်သည်။ နှုတ်ခမ်းကိုမရမက အားတင်းပြုံးရင်းမှ....
" ဝမ်းသာလို့....အဟင့်....အင့်... ချစ်ချစ်ပျော်လို့ငိုတာပါ......."
ငိုရှိုက်ရင်းကနေ ပြုံးရယ်ထားရင်း ချစ်ချစ်ခြေလှမ်းလေးတွေ နောက်ဆုတ်သွား၏။
" ချစ်ချစ် ပြန်ဦးမယ်.......အဟင်းးးးးအလုပ်ရှိသေးလို့......ကိုကိုတို့ ကို မနှောက်ယှက်တော့ဘူးနော်။ "
အရူးမလေးပမာ ငိုလိုက် ရယ်မောလိုက်ဖြင့် ပြန်လှည့်ပြေးသွားသည့် ချစ်ရသူကိုကြည့်ရင်း လရိပ်နေရာမှာတင်ခွေကျသွားရသည်။ သူ့ကြောင့်.....သူ့ကြောင့် ပါ။ ကိုကိုတောင်းပန်ပါတယ်....ကိုကို့မှာ ရွေးချယ်စရာမရှိခဲ့ဘူး။ နှလုံးသားဟာ ရစရာမရှိအောင်တစ်စစီ ကွဲကြေပျက်စီးသွားရရင်း အဖက်ဆည်စရာမကျန်အောင်ပင် ကြေမွခဲ့ပါသည်။
လမ်းသာလျှောက်လာသည် ဘယ်နေရာရောက်နေမှန်းမသိသလို လမ်းမထက် မျက်ရည်စတွေဖြင့် ရောက်ရာပေါက်ရာလျှောက်နေမိသည်။
ကိုကို လက်ထပ်တော့မယ်။
ပြန်ကြားယောင်လာသည့်အခါ နေရာတင်ခွေကျသွားရင်း ချစ်ချစ် ဝမ်းပန်းတနည်း ငိုချပစ်သည်။ ရင်ထဲစို့နင့်နေမှုက လည်ချောင်းဝကနေပင် ထွက်မလာနိုင်ပဲ ကိုယ့်ရင်ဘတ်ကိုယ် လက်ကလေးဖြင့် တဘုန်းဘုန်း ထုရိုက်နေမိ၏။ ရက်စက်လိုက်တာ.....ကိုကိုဟာ တကယ်ရက်စက်နိုင်သည်။ ဆုံးရှုံးလိုက်ရပြီဆိုတဲ့အသိမှာ နှလုံးသားက ဘယ်လိုမှလက်မခံနိုင်သည့် တခဏ။
စျာန် ကားမောင်းလာရင်းမှ အကြည့်က ကားလမ်းဘေးရှိ ပလက်ဖောင်းနားခွေခွေလေးလဲကျနေသည့် လူကိုမြင်လိုက်ရ၍ ကပျာကယာ ကားကိုထိုးရပ်မိ၏။ နဂိုထဲက လူပြတ်သည့်နေရာမို့ ကားရောလူပါရှင်းနေကာ ကားပေါ်ကဆင်းလာပြီး အနားရောက်မှ မျက်နှာလေးကိုမြင်ပြီး သူ ဟာခနဲ ဖြစ်သွားရသည်။
ချစ်ချစ်.....ဘယ်လိုဖြစ်ပြီး ဒီမှာ မေ့လဲကျနေလဲမသိ။ အမြန်ပွေ့ချီလိုက်ရင်းမှ ကားပေါ်တင်ကာ အနီးဆုံးရှိ သူ့တိုက်ခန်းဆီပဲ မောင်းလာခဲ့၏။ လရိပ်ဆီလဲ ဖုန်းဆက်လိုက်ရင်းမှ မို့အစ်နေသည့် မျက်နှာလေးမှာ မျက်ရည်တွေရွှဲနေတော့ သူနားမလည်နိုင်သလို ရင်ထဲထိခိုက်ရပြန်သည်။
----------------------------
အင်းးးးအဟင်းးး
ညည်းညူသံလေးနဲ့အတူ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ဟိုဒီလိုက်ကြည့်လာသည့်ချစ်ချစ်။ အိပ်ယာဘေးထိုင်နေသည့် စျာန့်ကိုမြင်မှ မျက်လုံးလေးဝိုင်းသွားကာ ထထိုင်ရန်ပြင်တာမို့ သူအသာဆွဲထူပေးလိုက်၏။
" သတိရလာပြီလား.... "
" ဟုတ်ကဲ့.....အစ်ကို့ကို ကျေးဇူးတင်ပါတယ် ။ "
သူပြုံးမိသလို မျက်နှာနွမ်းနွမ်းလေးကိုကြည့်ရင်း မေးချင်ပေမယ့် သူမလေး ပိုနာကျင်သွားမှာစိုးတာမို့ မသိဟန်သာဆောင်လိုက်သည်။
" ကိုယ် လရိပ်ကို ဖုန်းဆက်ထားတယ်... လာနေပြီတဲ့။ "
ချစ်နှင်းဆီ မျက်နှာလေးက ငယ်ကျသွားသလို ဟင်ခနဲဖြစ်သွားရသည်။ ချစ်ချစ် ကိုကို နဲ့ မတွေ့ချင်ပါ။ ဟင့်အင်း......ရင်မဆိုင်ရဲတာဆိုပိုမှန်မည်။ ကိုကို့မျက်နှာကို ကြည့်ရဲဖို့ သတ္တိမရှိသလို ကိုကို့နှုတ်ခမ်းတွေမြင်လျှင် ခံစားရမှုက မချိမဆန့္
" စျာန့်.....ချစ်ချစ်ရော... ဘယ်မှာ....."
အပြေးတပိုင်းဝင်လာသည့် လရိပ်မှာ အိပ်ယာထက်ငုတ်တုတ်လေးထိုင်နေသည့် ချစ်ချစ်ကိုမြင်တော့ တုံ့ခနဲရပ်သွားရသည်။ စိတ်သက်သာရာရသွားသလို သက်ပြင်းချရင်းမှ အနားလျှောက်လာကာ လက်လေးလှမ်းဆွဲကာ...
" ကိုကို အိမ်ပြန်လိုက်ပို့ပေးမယ်.. "
ဆွဲခေါ်လိုက်ပေမယ့် သူဆုပ်ကိုင်ထားသည့် သူမလက်လေးကို အသာအယာပြန်ရုန်းယူသွားရင်း မျက်နှာလေးလွှဲကာ.....
" ဟို.....ကိုစျာန်လိုက်ပို့ပေးမယ် ပြောထားတယ်။ ကို... ကိုကိုက အိပ်ရေးဝဝအိပ်ပါ။ သတို့သားလောင်းက အိပ်ရေးပျက်လို့မရဘူးလေ။ "
စျာန် နားမလည်နိုင်စွာ လရိပ်မျက်နှာကို ငေးကြည့်မိသွားရင်း ချစ်ချစ် မေ့လဲနေရခြင်းအကြောင်းအရာကို ရိပ်စားမိသွား၏။ သက်ပြင်းချလိုက်ရင်းမှ ချစ်ချစ်လက်လေးကို လှမ်းဆွဲကာ......
" ငါ လိုက်ပို့ပေးလိုက်မယ်..... မင်း ဒီမှာခဏစောင့်။ ငါပြောစရာရှိတယ်။ "
စျာန်ဆွဲခေါ်ရာနောက်ပါသွားကာ သူ့ကိုတစ်ချက်ပင် မကြည့်သွားတာမို့ လရိပ် ရင်ထဲစို့နင့်သွားရသည်။ မခံမရပ်နိုင်သည့် ခံစားမှုကို မျိုသိပ်ရင်းမှ မျက်ရည်စတွေကို လက်ဖြင့် ခပ်ကြမ်းကြမ်း ဆွဲပွတ်ပစ်သည်။ သူ့ကိုတော့ ပစ်မထားလောက်ပါဘူးလေ.....အတ္တကြီးသလိုဖြစ်နေမှန်းသိပေမယ့် သူမလေးသာ သူ့ကိုစိမ်းကားသွားရင် သူနာလန်ထူနိုင်မှာ မဟုတ်တော့ပါ။ ဒီမျက်နှာလေးငေးမောခွင့်နဲ့သာ တောင့်ခံနေရသူမို့။
@@@@@@@@@@@@@
သတို့သား...မောင်လရိပ်
လက်ထပ်စာချုပ်ကိုကြည့်ကာ ဘောပင်ကိုင်၍ တုန့်ဆိုင်းနေသည့် လရိပ်။
" မောင်....."
ဘေးမှ ဒေါ်ရိုစီ၏ သတိပေးသံနဲ့အတူ လက်မောင်းကို လာကိုင်ရင်းငေးကြည့်လာသည်မို့ လရိပ် လက်မှတ်ထိုးပြီး တရားသူကြီးဆီ ကမ်းပေးလိုက်သည်။ တရားရုံးမှထွက်လာသည့်အခါ ဒေါ်ရိုစီ့သူငယ်ချင်းတွေကိုပါတီပေးရန် စားသောက်ဆိုင်တစ်ဆိုင်လိုက်သွားရသေး၏။ လူကသာ လှုပ်ရှားစကားပြောနေရပေမယ့် စိတ်မပါတော့ အပြုံးအရယ်မရှိသလို ခပ်တောင့်တောင့်ဖြစ်နေကာ မျက်ဝန်းထဲ မျက်ရည်စတွေနှင့် မျက်နှာလေးသာ တဝဲလည်လည် မြင်ယောင်နေ၏။
အတော်တော့ အောင့်သီးအောင့်သက် နိုင်လှပါသည်။ ယောကျာ်းသိက္ခာဆိုတာ တပြားသားမှမကျန်သော အခြေအနေမှာ ဒေါ်ရိုစီ့အသိမိတ်ဆွေတွေ ၊ သူ့ပတ်ဝန်းကျင်မှလူတွေဆီမှ အထင်သေးအမြင်သေးအကြည့်တွေ ၊ ပုတ်ခတ်သည့်စကားတွေကို အတော်လျစ်လျူရှုရပါသည်။ သိုက်တူးသမား ၊ ပိုင်းလုံးကောင် ၊ အဖေခြေရာတစ်ထပ်ထဲ စသည့်အပြောတွေမှာ သူ ခပ်အေးအေးသာပြုံးရင်း မသိကျိုးကျွံပြုခဲ့၏။
" ရိုစီတို့ ကြွေကျတာလဲမပြောနဲ့လေ.....ငါ့မောင်က အချောကိုး။ "
" ရိုစီ့ကိုတောင် အိမ်ထောင်ထပ်ပြုတဲ့အထိဆိုတော့ ငါ့မောင်အစွမ်းကမသေးဘူး။ "
သူ ခပ်အေးအေးသာ ပြုံးထားခဲ့ပါသည်။
နောင်တမရသလို အပြောခံနိုင်၏။ သူ့ချစ်ရတဲ့ပန်းဟာ လွတ်လပ်စွာ ခမ်းခမ်းနားနားပွင့်နေနိုင်ဆဲ။ ဂုဏ်မပျက် မွှေးမြဲလန်းမြဲ ရှိနေဆဲမဟုတ်လား။ တန်ပါသည်။
အခန်းတံခါးပိတ်ကာ တစ်နေကုန်အိပ်ယာလေးထက် ငေးငိုင်ရင်း ပါးပြင်ပေါ် မျက်ရည်တွေတအိအိကျဆင်းလျက် ငြိမ်သက်နေသည့်ချစ်နှင်းဆီ။ နာရီကိုကြည့်မိတော့ ညရှစ်နာရီ။ အောက်နှုတ်ခမ်းလေးကိုဖိကိုက်မိရင်းမှ ဘာမှမတွေးမိအောင်နေရသည်။ မခံစားနိုင်၍ ဆက်ပြီးမငိုနိုင်အောင်ဖြစ်နေရပါပြီ။
လရိပ် ရေမိုးချိုးကာ ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် အိပ်ယာထက် ညအိပ်ဝတ်စုံမပေါ့်တပေါ်ဖြင့် လှဲအိပ်နေကာ သူ့ကိုစောင့်နေပုံရသည့် ဒေါ်ရိုစီ။ အသက်ရှူကြပ်သွားရရင်းမှ မသိဟန်ဆောင်မိတော့ အနားရောက်လာရင်း သူ့ခါးကိုသိုင်းဖက်လာသည်။
" မောင်......မီးမှိတ်သင့်ပြီ မဟုတ်ဘူးလား။ "
" ကျွန်တော် အလုပ်နည်းနည်း...."
" အဟင်းးးး"
ခပ်လှောင်လှောင်ရယ်သံကြောင့် သူငဲ့ကြည့်မိတော့ သူ့ပါးကို လက်ဖဝါးဖြင့် အုပ်ကိုင်လာရင်းမှ......
" သိန်းကိုးရာဆိုတာ မနည်းတဲ့ငွေပမာဏနော် မောင်။ မောင်ကိုယ်တိုင် ကတိပေးခဲ့တာ.....မောင်ရဲ့ ညီမလေးဇာတ်လမ်းကို မသိဘူးမထင်နဲ့။ လူတစ်ယောက်လုံး အပိုင်ရမှာမို့ ဂရုမစိုက်ပဲနေနေတာ။ "
လရိပ် မျက်နှာကတည်တင်းသွားရရင်းမှ....
" ချစ်ချစ်ကို ထည့်မပြောပါနဲ့....ဒီကိစ္စတွေ သူသိတောင်မသိဘူး။ "
" ဒါဆို မင်းအလိုက်သိလေ.....သိုက်တူးသမားမှာလဲ သူ့အရည်အချင်းဆိုတာရှိတယ်.... သိုက်စောင့်သဘောကျအောင်နေတတ်ရတယ်....."
လရိပ် နှုတ်ခမ်းတို့က တင်းတင်းစေ့သွားရင်း ဟန်မပျက်အောင် နေကာ မကြားချင်ယောင်ဆောင်ပစ်ရသည်။ သူ့လည်တိုင်ကို သိုင်းဖက်လာရင်း နှုတ်ခမ်းတွေကို နမ်းလာသည်မို့ အသက်ကိုအောင့်ထားသလို ရင်ထဲစို့နင့်တင်းကြပ်မှုက ပြောမပြတတ်အောင်ပင်။
" မီးမှိတ်လိုက်...."
လရိပ် မီးခလုတ်ကိုလှမ်းပိတ်လိုက်ရင်းမှ အံကိုတင်းခနဲကြိတ်မိသွားရသည်။ မချစ်မနှစ်သက်သောသူနှင့် ပေါင်းသင်းရခြင်းဟာလဲ ကြီးမားသော ဒုက္ခဆင်းရဲဆိုတာကို လတ်လတ်ဆတ်ဆတ်ကြီး ခံစားသိရှိလိုက်ပါ၏။
ထိုအချိန်တွင် သူမအခန်းလေးထဲ ထိုင်ကာ ပန်းကလေးတစ်ပွင့်က ငိုရှိုက်နေခဲ့ပါသည်။ ဥယျာဥ်မှူးရဲ့ တန်ဖိုးထားမှုကြောင့် လှပသောပန်းကလေး ၊ ခမ်းနားစွာပွင့်နေသည့်ပန်းလေး ၊ ဖြူစင်စွာရှိနေသည့်ပန်းကလေး......သို့ပေမယ့် ပန်းကလေးက ဒဏ်ရာအနာတရဖြင့်ရှိနေသည်။
@@@@@@@@@@@@@@@@@@@@@@
To be continued P - 10
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory