
ချစ်ချစ် စျေးဆွဲခြင်းဆွဲကာ အိမ်ပြန်လာရင်းမှ မေမေက သီလရှင်အပြီးဝတ်တော့မည်ဆိုတာမို့ စီစဥ်စရာရှိတာ စီစဥ်နေရသလို အခုလဲ မအားလှပါ။ လမ်းလျှောက်လာစဥ် အနားထိုးရပ်လာသည့် အနက်ရောင်ကားပေါ်မှဆင်းလာသည့် ကိုကို့ကိုမြင်တော့ ချစ်ချစ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။ တစ်ပတ်ကျော်အတွင်း ကိုကို့ပုံစံက သိသိသာသာကွာခြားသွား၏။ သန့်ပြန့်ခန့်ညားကာ ရှင်းသန့်နေသလို ပိုပြီးကြည့်ကောင်းလာပေမယ့် ကိုယ်နဲ့မသက်ဆိုင်တော့သည့် ခံစားချက်က ဆိုးရွားလှသည်။
လရိပ် သူ့ကိုမြင်ပြီး ငေးကြောင်ကြည့်ကာ ထွက်ပြေးချင်နေသည့်ပုံစံလေးကို မြင်နေရသဖြင့် အနားကို အမြန်လျှောက်လာကာ ထုံးစံအတိုင်း စျေးခြင်းကိုဆွဲယူလိုက်၏။ သူ့ဖုန်းကိုမကိုင်သလို သူ့ကိုသိသိသာသာရှောင်နေသဖြင့် ရင်ထဲဗျာများကာ လူက ဘယ်လိုမှမနေတတ်မထိုင်တတ်။ ဖုန်းတွေဆက်တော့လဲမကိုင်သလို ၊ အိမ်ထဲကအိမ်ပြင်လဲမထွက်။
" ဟို....ရပါတယ် ချစ်ချစ်ဘာသာဆွဲပါ့မယ်။ "
သူ့လက်ထဲမှ စျေးခြင်းကို ပြန်ဆွဲနေတာမို့ လရိပ်လွှတ်မပေးပဲ မျက်နှာလှလှလေးအား ခပ်ဆွေးဆွေးကြည့်မိသွား၏။ အကျင့်ပါနေသည့် နှလုံးသားက ငယ်စဥ်ထဲက သူမလေးလွယ်အိတ် ၊ ဆွဲခြင်း ၊ ပိုက်ဆံအိတ်သေးသေးလေးကအစ အလေးခံမကိုင်ခိုင်းပဲ သူချည်းသယ်ခဲ့တာ သူမလေးမေ့နေရော့သလားပင်။
" ကိုကို့ကို ဘာလို့ ရှောင်နေတာလဲ။ "
သူ့ကိုလိမ်ညာသည့်အခါ ဖြစ်နေကျအမူအယာအတိုင်း လက်ဖဝါးနှစ်ခုအား ပွတ်ခြေရင်းမှ အကြည့်လွှဲကာ......
" ဟို....ချစ်ချစ် မရှောင်ပါဘူး ။ မအားလို့ပါ....ကိုကို့ ကိုလဲ မနှောက်ယှက်ချင်လို့။ "
နောက်ဆုံးမှာ တိမ်ဝင်သွားသောအသံလေးသည် သူ့ရင်ကိုကြီးစွာ တုန်လှုပ်စေသည်။ အရင်ကရော အခုရော သူ့ဘဝမှာ သူမလေးထက် အရေးပေးရမည့်လူဆိုတာ မရှိခဲ့ဖူးတာ မှန်သောသစ္စာပါ။
" ကားပေါ်တက်......ကိုကိုလိုက်ပို့ပေးမယ်။ "
ချစ်ချစ် ခေါင်းလေးခါယမ်းမိစဥ် စျေးထဲမှ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာသည့် ကိုစျာန်။ အနားရောက်လာကာ စကားပြောရန်ပြင်ဆဲမှာပင်....
" ဟို....ကိုစျာန်လိုက်ပို့မယ်ပြောပြီးသား ကိုကို။ ချစ်ချစ်တို့ သွား....သွားတော့မယ်နော်။ "
စျာန့်လက်မောင်းကိုဆွဲကာ ထွက်သွားသည်ကို ငေးကြည့်ရင်း လရိပ်နေရာတင်ကျန်နေခဲ့ရသည်။ ရင်ထဲခံရခက်သလို အလိုမကျတာမို့ မြင်ကွင်းက ခါးသီးသွား၏။ သူ့ကိုထားခဲ့ပြီး အခြားယောကျာ်းလက်ကို အားကိုးတကြီးဆွဲကိုင်လိုက်တာကို မြင်သည့်တခဏ သူတကယ်ကို ရူးချင်သွားတာအမှန်ပင်။ ပိုင်ဆိုင်ရဖို့လဲ မမျှော်လင့်ပါဘူး။ အနားနေခွင့်ရလျှင်ကို ကျေနပ်ရသူပေမယ့် ထိုအခွင့်အရေးပင် မရှိတော့သည့်အဖြစ်လား။
စျာန် စျေးထဲမှထွက်လာစဥ် လရိပ်နဲ့ ချစ်ချစ်ကိုတွေ့၍ နှုတ်ဆက်ရန်အနားသွားရုံရှိသေး ဆွဲခေါ်လာသည့် ချစ်ချစ်ကြောင့် ဆွဲခေါ်ရာပါလာရခြင်းပင်။ လရိပ်မျက်ကွယ်ရာရောက်မှ သူ့လက်ကိုလွှတ်ချကာ ငိုင်ငိုင်လေးဖြစ်သွားရှာသည့် ချစ်ချစ်။ လရိပ်ပြောပြလို့ အကြောင်းစုံသိပေမယ့် သူမပြောပြရက်ပါ။ သူမလေး ပိုယူကြုံးမရခံစားရမှာ သိနေသည်။
" ကဲ.....ဒေါ်ချစ်နှင်းဆီ ဆွဲခေါ်လာတာ ခုဘာလုပ်ရမှာတုန်း။ "
ချစ်ချစ် ထိုအခါမှ သတိရသွားရင်း ကိုစျာန့်ကို အားတုံ့အားနာကြည့်မိသည်။
" အစ်ကို့ကို ကျေးဇူးတင်ပါတယ်.... ဟိုချစ်ချစ်က.....ဟင်။ "
အခုမှ ဆွဲခြင်းပါမလာသည်ကို သတိထားမိရင်း ကိုကို့လက်ထဲကျန်ခဲ့သည်ကို သတိရသွားကာ မျက်နှာလေးရှုံ့မဲ့သွားရသည်။ စျာန်ပြုံးစိစိဖြစ်သွားရသလို ခေါင်းကိုခါယမ်းမိရင်းမှ.....
" ကဲ...လာ ကားပေါ်တက် ။ လိုက်ပို့ပေးမယ်။ "
ချစ်ချစ် ကိုစျာန့်နောက်ကလိုက်လာရင်း ကိုကို့မျက်နှာကို မြင်ယောင်မိတော့ ခေါင်းကိုလေးပင်စွာ ခါယမ်းမိသည်။ ချစ်ခြင်းဆိုတာ ဤမျှနာကျင်ရမည်ဟု ကြိုသိခဲ့လျှင် မချစ်မိအောင် ကြိုးစားနေခဲ့မှာပင်။ အိမ်ပြန်ရောက်တော့ ကိုကို ဆွဲခြင်းလာပေးသွားသညိဟု ကြီးမေကပြောသလို ချစ်ချစ်အတွက် မုန့်ဖိုး ငါးသိန်းထားခဲ့သည်။ ပိုက်ဆံတွေကို ငေးကြည့်ရင်းမှ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရသလို အောက်နှုတ်ခမ်းလေးကို ခပ်တင်းတင်းဖိကိုက်မိ၏။
ကိုကိုဟာ အဘယ်သို့ထင်နေသနည်း။
ဒီငွေတွေကို ချစ်ချစ်မတောင်းမိသလို ကိုကို့ဆီမှ ဘာမှလဲမမျှော်လင့်ဖူးပါ။ ငွေထုပ်ကိုကိုင်ရင်းမှ ချစ်ချစ် ကိုကို့ဆီဖုန်းလှမ်းဆက်လိုက်၏။
လရိပ် ဖုန်းဆက်ကာ တွေ့ရန်ပြောလာသည့် ချစ်ချစ်ကြောင့် ကားသော့ယူကာ ကမန်းကတန်း အိမ်အောက်ဆင်းလာခဲ့သည်။ ဒေါ်ရိုစီအိမ်မှာနေတာဖြစ်သလို ဖေဖေက စစ်ကိုင်းမှာသာနေတော့၏။ အိမ်ထဲဝင်လာသည့် ဒေါ်ရိုစီက သူ့ကိုမြင်တော့ ခါးအားလှမ်းဖက်ရင်းမှ လည်တိုင်ကိုလှမ်းနမ်း၍.....
" မောင်က ဘယ်သွားမလို့တုန်း။ "
" ကိစ္စလေးရှိလို့ပါ.....ညနေပြန်လာမယ်။ "
ကားပေါ်တက်ကာ ထွက်သွားသည့် လရိပ်ကိုခပ်အေးအေးကြည့်ရင်း ဒေါ်ရိုစီ အပေါ်ထပ်တက်လာခဲ့သည်။ လရိပ်က အနေအေးသလို သူမအပေါ်စိတ်ယိုင်တာ စိတ်ပါတာမျိုးရှိမနေပဲ မလွှဲသာ၍သာ ပေါင်းဖက်နေရတာ သိသာ၏။ သူမကိုယ်တိုင်ကလဲ ကိုယ်သဘောကျသည့် ခပ်ငယ်ငယ် ခပ်ချောချောကောင်လေးကို အပိုင်ရထားပြီးပြီမို့ စိတ်ခံစားချက်လောက်ကို ဂရုစိုက်မနေ။
-------------------------
ဆိုင်ထဲဝင်လာသည့် ကိုကို့ကိုကြည့်ပြီး ချစ်ချစ်မျက်နှာလေးက ပျက်ယွင်းသွားရသည်။ လည်ပင်းမှ နှုတ်ခမ်းနီရာကို အထင်းသားမြင်နေရသလို ရင်ထဲတင်းကြပ်လာသဖြင့် ကိုကို့ကိုလဲ မမြင်ချင်တော့။
" အကြာကြီးစောင့်နေရလားဟင်.....ကိုကို အမြန်မောင်းလာတာ။ "
" ရပါတယ်....ချစ်ချစ် ဒါလေးပြန်ပေးချင်လို့။ "
စားပွဲပေါ်ရောက်လာသည့် ပိုက်ဆံထုပ်ကိုကြည့်ပြီး လရိပ်မျက်နှာက ပျက်ယွင်းသွားရသည်။ သူ့အရှေ့မှ ချစ်ချစ်မျက်နှာလေးကို ငေးကြည့်မိတော့ မျက်နှာလှလှလေးဟာ တည်တင်းနေတာမို့ စိတ်ဆိုးနေမှန်း သိလိုက်သည်။
" ကိုကိုက ညီမလေးအတွက် မုန့်ဖိုးပေးတာလေ။ အရင်ကလဲ ပေးနေကျ...."
" အခုက ကိုကို့ပိုက်ဆံမှမဟုတ်ပဲ။ ချစ်ချစ် သူများပိုက်ဆံတွေမလိုချင်ဘူး။ အရင်က မုန့်ဖိုးဆိုတာ ကိုကို့လုပ်အားခထဲကပေးတာလေ။ ပြီးတော့ ခုကစပြီး ချစ်ချစ်ကို ဘာမုန့်ဖိုးမှမပေးပါနဲ့တော့။ "
လရိပ် စိတ်ထိခိုက်သွားရသလို ပြန်ပြောရန်ပြင်နေဆဲမှာပင် အနားရောက်လာသည့် မိန်းမကြောင့် နှစ်ယောက်သားမော့ကြည့်မိသွား၏။
" ရိုစီ့ချာတိတ်ပဲ.....ရိုစီမသိအောင် ကျိတ်ပုန်းလာခုတ်နေတာတော့ မဟုတ်ပါဘူးနော်။ "
ချစ်ချစ်မျက်နှာက တင်းခနဲဖြစ်သွားရသလို စားပွဲပေါ်မှငွေထုပ်ကိုကြည့်ပြီး ချစ်ချစ်ကို မယုံသင်္ကာကြည့်လာသည့်မိန်းမကြောင့် ထိုင်ရာမှထရပ်ရင်း.....
" ချစ်ချစ် ပြန်ပြီ။ "
" ညီမလေး.... "
လရိပ် အမြန်ထရပ်လိုက်ရင်းမှ ဆိုင်ထဲကနေ မျက်ရည်အဝဲသားဖြင့်ထွက်သွားသည့်ချစ်ရသူကြောင့် ထိုမိန်းမအား ဒေါသတကြီး စိုက်ကြည့်မိသည်။
" ညီမလား....ဆောရီး။ "
" စကားကိုစည်းနဲ့ကမ်းနဲ့ပြောပါ အဒေါ်။ အခြားအရာတွေသည်းခံပေမယ့် ကျုပ်ညီမကိုထိရင် ဘာမှသည်းခံနေမယ့်ကောင်မဟုတ်လို့။ "
လရိပ် ပိုက်ဆံထုပ်ကိုယူကာ ဆိုင်အပြင်ထွက်လာရင်း ကားထဲရောက်သည်အထိ လက်ထဲမှငွေထုပ်ကို တွေတွေကြီးငေးကြည့်နေမိသည်။ ဘဝမှာ ပထမဆုံး သူ့ကို ငြင်းဆန်စိတ်ဆိုးသည့် ချစ်ရသူကြောင့် စိတ်ထိခိုက်ကြေကွဲရမှုမှာ ပြောမပြတတ်အောင်ပင်။
@@@@@@@@@@@
ဒေါ်ရိုစီ အလုပ်လုပ်ချင်သည်ဟု ပြောလာသော လရိပ်ကြောင့် မျက်စပင့်မိသွားရသည်။ သူမပိုင်သည့် လုပ်ငန်းတွေရှိပေမယ့် လူယုံနဲ့သာလွှဲထားသည်ကများသည်။ လရိပ်က ငွေမသုံးသလို သူလိုမှယူသုံးတတ်သည်။ အနေအေးသလို သူမနဲ့ ခပ်ခွာခွာသာနေချင်သည့်လူ။
" ကောင်းပြီလေ... တို့ပိုင်တဲ့ Travel & Tour လုပ်ငန်းကို လွှဲပေးမယ်။ လုပ်ကြည့်ပေါ့။ "
လရိပ် ခေါင်းငြိမ့်လိုက်ရင်းမှ ထိုငွေဟာ တသီးတသန့် သူမလေးအတွက် ထားရှိမှာပင်။ ဒေါ်ရိုစီက နှစ်ရက်တစ်ခါမှ အိမ်ပြန်လာတတ်သလို Club တက် သောက်စားပျော်ပါးရတာ ကြိုက်သည့်အမျိုးသမီးဖြစ်သည်။ ဟိုတစ်နေ့ကလဲ ကော်ဖီဆိုင်မှ ဒေါ်ရိုစီ့သူငယ်ချင်းက ဖုန်းဆက်ကာ သူ့အကြောင်းလှမ်းတိုင်သည်။ ပိုင်းလုံးကောင်က သူ့အား ပြောဆိုသွားသည်ဆိုနေတာ ကြားနေရပေမယ့် မကြားဟန်သာဆောင်နေလိုက်သည်။ ဒေါ်ရိုစီက သူ့အား ဘာမှမပြောသလို သူကလဲရှင်းပြမနေ။ အခုထိ လက်သူကြွယ်မှ လက်စွပ်ကို မချွတ်သည်က သူဖြစ်ကာ ဘယ်တော့မှလဲ ချွတ်မည်မဟုတ်။တစ်ခါတစ်လေ ပြန်လာသည့်အခါ ကောင်လေးတစ်ယောက်ယောက်ပါလာတတ်ပေမယ့် သူကမသိသလိုသာနေ၏။
ချစ်ချစ်ဆက်တိုက်မြည်နေသည့်ဖုန်းကြောင့် ကိုကိုဆက်မှန်း သိနေသည်။ နာကျင်နေသည့် နှလုံးသားကိုလျစ်လျူရှုရင်းမှ မကိုင်ပဲနေသလို မနက်ဖန် မေမေ့ကိုဆံချမည်မို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရင်း မေ့ထားလိုက်သည်။ တစ်ဖက်က လရိပ်မှာလဲ မကိုင်သည့်ဖုန်းကို ဇွဲကြီးစွာဆက်နေရင်း အာသီသက အသံလေးကြားရရင်ကို ကျေနပ်ပါပြီ။ သူမလေး ဘေးကင်းသည် ၊ ကျန်းမာစွာရှိနေကြောင်းအသံလေးကြားလိုက်ရရင်ကို သူကျေနပ်လှပါပြီ။ ဒါပေမယ့် သူ့ကို သူမလေးက လျစ်လျူရှုထားလိုက်ပြီဆိုသည့်အဖြစ်ကို စိတ်ထဲကသိနေ၏။
---------------------------------
သီလရှင်ကျောင်းလေးထဲ ထိုးရပ်လာသည့် ကားနှစ်စီး။ မေမေ့ကိုဆံချခါနီး ပိတ်ဖြူလေးကိုင်ထားရာမှ ချစ်ချစ်လှမ်းကြည့်မိတော့ ကားတစ်စီးစီပေါ်က ဆင်းလာသည့် ကိုစျာန်နှင့် ကိုကို။ ချစ်ချစ်ကိုစျာန့်ကိုဖိတ်ထားပေမယ့် ကိုကို့ ကိုမပြောပြထားမိပါ။ ကြည့်ရတာ ကိုစျာန်ခေါ်လာတာဖြစ်မည်။
ဆံချပြီးသည်နှင့် လှူစရာရှိတာလှူပြီး ကားဆီလျှောက်လာကြစဥ် .....
" လရိပ် ငါ ဆေးရုံမှာ Operations ပေါ်လာလို့ ....ချစ်ချစ် ကိုယ်သွားပြီနော်။ "
" ဟုတ်ကဲ့....လာပေးတာ ကျေးဇူးပါ အစ်ကို။ "
ထွက်သွားသည့်ကားလေးကိုကြည့်ရင်းမှ လရိပ် လွမ်းနေရတာကြာပြီဖြစ်သည့်မျက်နှာလေးအား ငဲ့ကြည့်မိသည်။
" ကိုကို့ကို ပြောတောင်မပြောဘူးနော်။ စျာန်ပြောမှ အန်တီသီလရှင်ဝတ်မယ်ဆိုတာသိတာ။ "
ချစ်ချစ် ပြုံးရုံလေးပြုံးရင်းမှ အကြည့်လွှဲကာ....
" ဟို.....ရင်းနှီးသူလောက်ပဲဖိတ်တာလေ။ ကိုကို့ကို ဖိတ်မလို့ပါပဲ.....မအားမှာစိုးလို့။ "
သူက စျာန်လောက် မရင်းနှီးတော့ဘူးထင်ပါရဲ့။
တစ်ချိန်လုံး စိမ်းသက်နေသည့် ခံစားချက်ကြီးကိုခံစားမိနေကာ သူ့ကိုစေ့စေ့ပင်မကြည့်တာမို့ ခံစားရခက်လှသည်။ စျာန်နဲ့သာ စကားပြောနေပေမယ့် သူ့ကိုတော့ မသိသလိုလေးနေတာမို့ ရင်ထဲထိခိုက်ရတာ မခံစားနိုင်ပါ။
" ကိုကို လိုက်ပို့ပေးမယ်.....ကားပေါ်တက် ။ "
" ချစ်ချစ် မပြန်သေးဘူး ကိုကို။ ကိုကို ပြန်နှင့်ပါ။"
လရိပ် ဆက်ပြီးသည်းမခံနိုင်တော့။ လှည့်ထွက်ရန်ပြင်နေသည့် ချစ်ချစ် လက်ကိုလှမ်းဆွဲရင်းမှ စေ့စေ့စိုက်ကြည့်ကာ.........
" တော်ပါတော့..... ကိုကို့ကို ဘယ်အချိန်အထိ နှိပ်စက်နေဦးမှာလဲ။ ဖုန်းဆက်ရင်လဲမကိုင်ဘူး။ လူကိုလဲရှောင်နေတယ်။ ကိုကို မနေနိုင်ဘူး.....မင်းနေနိုင်ပေမယ့် ကိုကိုမနေနိုင်ဘူးသိရဲ့လား။ "
ချစ်ချစ် အံလေးတင်းခနဲ ကြိတ်မိသွားသလို ကိုကို့လက်မှ ဆောင့်ရုန်းပစ်လိုက်သည်။ မျက်ရည်အဝဲသားဖြင့် ငေးကြည့်နေသည့် ကိုကို့အားစိုက်ကြည့်မိတော့ နှလုံးသားက ပျော့ညံ့ချင်သည်။
" ကိုကို ချစ်ချစ်နဲ့ဝေးဝေးနေပေးလို့ရမလား။ ကိုကို့ကို မြင်ရင်ပိုနာကျင်ရတယ်။ လူကိုချစ်လားမေးတော့ တွန်းထုတ်တယ်....ထွက်ပြေးတော့ဆွဲထားတယ်။ ချစ်ချစ်က ကိုကို့အနားမှာနေပြီး တစ်ချိန်လုံးနာကျင်နေမှ ကျေနပ်မှာလား......ဟုတ်လား။ "
လရိပ် ခေါင်းတခါခါဖြစ်သွားရရင်းမှ.....
" ကိုကိုဘယ်တုန်းကမှ ညီမလေးနာကျင်တာမလိုလားခဲ့တဲ့ကောင်ပါ။ ညီမလေး ကို နာကျင်အောင်လုပ်တဲ့လူမှန်သမျှ....."
" ချစ်ချစ်နာကျင်အောင် ဘယ်သူမှမလုပ်ဘူး။ ကိုကိုပဲ ချစ်ချစ်ကို နာကျင်စေတာ။ အမြဲကိုကိုကိုယ်တိုင်ပဲ ဒဏ်ရာတွေ ပေးနေတာ။ လူတွေပြောနေကြတယ်.....ကိုကိုက ပိုင်းလုံးတဲ့၊ ချူဆီတဲ့.....ချစ်ချစ် ချစ်မြတ်နိုးလေးစားရတဲ့လူက အဲ့လိုလူဆိုတာ ဘယ်လောက်နာကျင်ရတယ်ထင်လဲ။ ကျေးဇူးပြုပြီး ဝေးဝေးသာနေပေးပါ။ "
မျက်စိရှေ့က ကျောခိုင်းထွက်သွားသည့် သူမလေးကိုကြည့်ရင်း လရိပ် တကယ့်ကိုမချိတင်ကဲကျန်နေခဲ့ရသည်။ မင်းပြောရက်လိုက်တာကလေးရယ်.....အခြားလူတွေဘယ်လိုပြောပြော ကိုယ်မသိကျိုးကျွံပြုပြီးနေနိုင်တယ်။ဒါပေမယ့် ချစ်ရသူနှုတ်ဖျားမှ ထွက်ကျလာသည့် အခါ သူ့မျက်နှာကိုဖြတ်ရိုက်ချလိုက်သလို ရှက်ရွံ့တုန်လှုပ်ရသည်။ ရင်ကျိုးရသည်။
ရှင်းပြချင်ပါသည်။
သူဟာ ထိုကဲ့သို့သော ယောကျာ်းမဟုတ်ရပါဘူးဆိုတာပြောပြချင်သည်။ ငွေတွေ ပစ္စည်းဥစ္စာတွေ လုံးဝမမက်ပါဘူးဟု နားလည်စေချင်သည်။ ဝေးဝေးနေပေးတဲ့လား.....ကိုကိုမှမနေနိုင်ပဲကလေးရယ်။ မင်းနဲ့ဝေးရင်ကို သေမလိုဖြစ်နေတဲ့နှလုံးသားက ကိုကို့ အချစ်ကိုကို့ခံစားချက်ကို မဖုံးဖိနိုင်ဘူး။
အဝေးကငေးကြည့်နေခွင့်တော့ ပေးပါ။
အရိပ်လေးတော့ ဖမ်းဆုပ်ခွင့်ပေးပါ။
ကိုကိုဟာလေ မင်းအတွက်ဆို နှမြောတွေဝေတာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး ကလေးရယ်။
@@@@@@@@@@@@
တစ်လကြာပြီးနောက်......။
ဒေါ်ရိုစီဆုံးပြီ။
ကြားလိုက်ရသည့်သတင်းကြောင့် ချစ်ချစ်မယုံနိုင်သလို ပြောပြသည့် ကိုစျာန့်အား ဟုတ်ရဲ့လားပင် ပြန်မေးမိသေး၏။
" ဟုတ်တယ် ချစ်ချစ်.....Club ကအပြန် ကားကိုမူးပြီးမောင်းတော့ ကားမှောက်တာ။ ပွဲချင်းပြီးပဲ။ တချို့တွေက လရိပ်လုပ်ကြံတယ်တောင်ပြောနေကြတာ။ "
" အို....အဓိပ္ပာယ်မရှိတာ။ ကိုကိုက ဘာကိစ္စ လုပ်ရမှာလဲ။ လူတွေက အရမ်းခက်တာပဲ.....ကိုကိုက အဲ့လိုလူစားမဟုတ်ပါဘူး။ "
အသည်းအသန်ငြင်းနေသည့် ချစ်ချစ်ကြောင့် စျာန်ပြုံးမိသွားသလို.....
" ကိုယ်သိပါတယ်....."
ချစ်ချစ် ခုမှ ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားကာ ဟင်းခနဲ သက်ပြင်းချမိ၏။ နှလုံးသားဟာ အမှတ်သညာကို မရှိသေးပါ။ အခုထိ နာကျင်မှုကို ခုံမင်နေသေး၏။ မလွှဲသာသည့်အဆုံး လှည့်ထွက်နိုင်ရန်ကြိုးစားခဲ့ပေမယ့် အမြစ်တွယ်နေသည့်ချစ်ခြင်းဟာ ချစ်မြဲချစ်ဆဲပင်။
" မနက်ဖန် နာရေးသွားမလို့ အဲ့ဒါ ချစ်ချစ် လိုက်မလား။ "
ကိုကိုနဲ့ ချစ်ချစ် အဆက်အသွယ် မလုပ်ခဲ့တာ တစ်လခန့်ရှိပါပြီ။ ကိုကိုလဲ ဖုန်းမဆက်တော့သလို လာရှာခြင်းလဲမရှိတော့ပါ။ ထိုကျတော့လဲ လွမ်းရပြန်တာမို့ ကိုကို့ Facebook Account ကို ခဏခဏသွားကြည့်ရပြန်သည်။ သို့ပေမယ့် ပုံတင်ခြင်းမရှိသည့်ကိုကို့အကျင့်ကြောင့် ချစ်ချစ်ဒီအတိုင်းလေးသာ ကြည့်ပြီးနေသာသလိုနေခဲ့၏။
" မလိုက်ချင်လဲမလိုက်ပါနဲ့....ကိုယ်ပဲသွား..."
" ဟင့်အင်း......ချစ်ချစ်လိုက်ခဲ့ပါ့မယ်။ "
နှစ်ယောက်သား အကြည့်ချင်းဆုံမိတော့ မျက်နှာလွှဲသွားသည့် ချစ်ချစ်။ သူမလေးဟာ ခုနောက်ပိုင်း အမြဲငူငူငိုင်ငိုင်လေးပင် ရှိနေတတ်လေရဲ့။
--------------------
ခြံထဲဝင်လာသည့်ကားပေါ်မှ ဆင်းလာသည့် စျာန်နှင့် အတူပါလာသည့် ချစ်ချစ်ကို မြင်တော့ လရိပ်အံ့အားတကြီးထရပ်လိုက်မိသည်။ ဒီနေ့ တရားနာပြီး ရက်လည်ဆွမ်းကျွေးဖြစ်ကာ သူမလေးလာမည်လဲ မထင်ခဲ့တာအမှန်ပင်။
" ညီမလေး..... "
" အဆင်ပြေရဲ့လား ကိုကို။ မတွေ့ရတာတောင်ကြာပြီ။"
လရိပ် ခပ်ယဲ့ယဲ့လေး ပြုံးရင်းမှ ခေါင်းငြိမ့်ပြလိုက်မိသည်။ စားပွဲအလွတ်တစ်လုံးဆီ ခေါ်လာရင်း ဘေးမှထိုင်ကာ မုန့်ဟင်းခါးကြိုက်တာသိတာမို့ သူကိုယ်တိုင်ဟင်းရည်ထည့်ပေးရင်း ဘေးမှ လိုတာမရှိစေရန် ပျာယာခတ်နေအောင် လုပ်ပေးမိ၏။
" လရိပ်....မင်းကိုစခန်းခေါ်စစ်သေးတယ်ဆို။ "
" အင်း.....အဆင်ပြေပါတယ် ။ CCTV မှတ်တမ်းတွေရော ငါ့အလီဘိုင်ကလဲ ခိုင်လုံတယ်လေ။ တရားကိုနတ်စောင့်ပါတယ်ကွာ။ "
စျာန်သက်ပြင်းချမိသလို အခုဆို ဒေါ်ရိုစီပိုင်ဆိုင်သမျှက လရိပ်ပိုင်ဆိုင်မှုဖြစ်ပြီဖြစ်၏။ မလိုသည့်လူတွေရှိကြသလို ပုတ်ခတ်ပြောဆိုကြပေမယ့် လရိပ်က မသိဟန်သာဆောင်နေသည်။ ထိုနေ့က ချစ်ချစ်ပါလာ၍ လရိပ်ပျော်နေသလို ပြန်တော့လဲ သူကိုယ်တိုင်မရမကလိုက်ပို့သည်။
ချစ်ချစ် အိမ်ရှေ့ရောက်ပြီမို့ ကားပေါ်မှဆင်းကာ အိမ်ထဲဝင်လာခဲ့သည်။ လရိပ် ခပ်ပြုံးပြုံးငေးကြည့်ရင်း ငယ်စဥ်က သူမလေးလွယ်အိတ်ရောသူ့လွယ်အိတ်ပါစုလွယ်ကာ ထမင်းချိုင့်တွေပါကိုင်ရင်း ကျောင်းအတူပြန်လာကြသည့် မြင်ကွင်းကို ပြေးမြင်မိ၏။ သူ့ကလေးလေးဟာ အတော်အရွယ်ရောက်လာပြီပဲ။
! တူ.....တူ....တူ !
ဖုန်းမြည်သံကြောင့် ကြည့်မိတော့ ဒေါ်ရိုစီ၏ ဆရာဝန်ပင်။ ဖုန်းကိုင်လိုက်ရင်းမှ....
" ဟုတ်ကဲ့....ဒေါက်တာ။ "
" မောင်လရိပ် အသုဘကိစ္စတွေစီစဥ်ပြီးပြီဆိုရင် အန်ကယ်နဲ့တွေ့နိုင်မလား။ ဆွေးနွေးစရာလေးရှိလို့ပါ။ "
လရိပ် မျက်မှောက်ကျုံ့မိရင်းမှ....
" ဘာကိစ္စလဲ ခင်ဗျ။ အရေးမကြီးရင် နောက်မှအေးဆေး...."
" အသုဘကိစ္စစီစဥ်ပြီးတဲ့အထိစောင့်နေပေးတာပါ။ မောင်လရိပ်သိထားရမှာရှိတယ်။ ဒေါ်ရိုစီရဲ့ဆေးအဖြေ စစ်ဆေးချက်အရ ကားမှောက်ပြီးဆုံးတာပေမယ့် သူ့မှာ HIV ပိုးရှိနေတယ်။ "
လရိပ်ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရသလို နားထဲမိုးကြိုးပစ်ချလိုက်သလို ထိုစကားကပဲ့တင်ထပ်သွား၏။ ရင်ထဲကြီးမားစွာ တုန်လှုပ်သွားရရင်း နှုတ်မှဘုရားတမိသွားသည်။ အကြည့်က ချစ်ချစ်အိမ်ဘက်လှမ်းကြည့်ရင်း ရင်ထဲစို့နင့်လာရသည်အထိ.....။
ချစ်သူရေ.... .ကိုယ်တို့က ပထမတွေ့ဆုံခြင်းသာမက ဇာတ်သိမ်းပါညံ့တယ်ထင်ပါရဲ့။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 11
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory