ချစ်ခြင်းထက်သာလွန်၍ -အပိုင်း(၁၁)
lotaya.mpt.com.mm
|
2022-07-10

 အမှောင်အတိကျနေသည့်အခန်းထဲ ပစ္စည်းအကွဲစတွေ ၊ အကျိုးအပဲ့တွေက တစ်စစီကြမ်းပြင်ထက် ပြန့်ကြဲနေသလို ထိုကြားထဲ ခေါင်းငိုက်စိုက်ချကာ ဒူးထောက်ထိုင်နေသည့် ယောကျာ်းတစ်ယောက်.....သို့မဟုတ် လရိပ်။ 

HIV Positive..... HIV Positive တဲ့လား။

သူသွေးစစ်ပြီးပါပြီ။ ရလာသည့်အဖြေဟာ လူကိုရူးသွပ်သွားစေ၏။ ဒေါ်ရိုစီရှုပ်ပွေသည့်အဖြစ်မှာ သူပါ ဒီရောဂါဆိုးကြီးရရှိခဲ့သည်။ ကြောက်သည်......သေရမှာ ကြောက်သလို ဒီရောဂါဆိုးကြီး သူ့ကိုယ်မှာရှိနေတာ ရွံ့မုန်းလှပါသည်။ ဆရာဝန်က သေချာဆေးသောက်သေချာကုလျှင် သက်တမ်းကြာကြာနေနိုင်သည်ဟု နှစ်သိမ့်ပေမယ့် နေရတော့ရော သူဘာများ ထူးခြားမည်သနည်း။ ချစ်ရသူကို အဝေးကငေးကြည့်ပြီး မထိရဲမတို့ရဲ ဖြစ်နေရမည့် အခြေအနေမှာ သူမျှော်လင့်ဖို့ မကြိုးစားချင်တော့။ 

စားပွဲပေါ်တင်ထားကာ မှန်ဘောင်ကွတ်ထားသည့်

ပြုံးရယ်နေသော ချစ်ချစ်ဓာတ်ပုံလေးကို လှမ်းယူကာ ရင်ခွင်ထဲပွေ့ပိုက်ဖက်ထားရင်းမှ ယူကြုံးမရ ငိုကြွေးမိ၏။ 

ကယ်ပါဦး......ကိုကို့ကိုကယ်ပါဦး ကလေးရယ်။ ကိုကို ကလေးကိုချစ်လို့တောင်မဝသေးလို့ပါ။ မျက်နှာလေးကို အချိန်အကြာကြီး ငေးကြည့်ချင်နေတုန်း။ 

တစ်ပတ်....အချိန်တစ်ပတ်ကြာအောင် အိမ်ထဲကအိမ်ပြင်မထွက်ပဲ လရိပ်တစ်ယောက် အကုန်လုံးနဲ့အဆက်အသွယ်ဖြတ်နေခဲ့သည်။ စျာန်ဖုန်းဆက်လဲ မကိုင်သလို ဘယ်သူ့ဖုန်းမှမကိုင်တော့။ အိမ်လာတော့လဲ ခြံတံခါးပင်မဖွင့်သလို လူရိပ်လူခြည်ပင်မတွေ့တော့ နောက်လှည့်ပြန်သွားရသည်သာ။ 

ချစ်ချစ် ခြံတံခါးဘဲလ်ကို အဆက်မပြတ်တီးနေပေမယ့် ဘယ်သူမှမတွေ့။ ကိုကိုအထဲမှာရှိတာ ချစ်ချစ်သိနေသည်။ ကိုစျာန်ကလဲ ကိုကိုဖုန်းမကိုင်သလို လူတွေ့မခံကြောင်းပြန်ပြောပြတာမို့ စိတ်ပူစွာ မနေနိုင်သည့်အဆုံး စိုးရိမ်တကြီးရောက်လာရခြင်းပင်။ ခြံတံခါးဝမှာ ငုတ်တုတ်လေးထိုင်ချရင်း နေပူလွန်းတာမို့ လက်ကလေးနှစ်ဖက် ခေါင်းပေါ်တင်ကာ ကာထားမိသည်။ သိပ်မကြာလိုက်ခင်မှာပဲ ခြံတံခါးပွင့်လာကာ ထီးဆောင်းရင်း အနားရောက်လာသည့်ကိုကို။ 

" နေဒီလောက်ပူနေတာ ဘာထိုင်လုပ်နေတာလဲ ။ "

ချစ်ချစ်အပေါ်ထီးမိုးပေးလာသည့် ကိုကို့ပုံစံက ဖရိုဖရဲ နိုင်နေသလို ဆံပင်မဖြီး၊ အင်္ကျီကရင်ဘတ်ဟပြဲ ဖြင့်တပ်နေကျ ပါဝါမျက်မှန်ပင်မတပ်ထား။ ချစ်ချစ် ကိုကို့လက်ကိုဖမ်းကိုင်ရင်းမှ....

" လူကို ဘာလို့စိတ်ပူအောင်လုပ်.... "

" ဟားး...ဘာလုပ်တာလဲ မကိုင်နဲ့ မထိနဲ့.....သွား။ "

ချစ်ချစ်လက်ကိုဆောင့်ရုန်းကာ ကြောက်လန့်တကြား နောက်ကိုသုံးလေးလှမ်းဆုတ်သွားသည့် ကိုကို့ပုံစံကြောင့် ချစ်ချစ် ကြောင်အသွားရသည်။ ချစ်ချစ်ကို မျက်လုံးကြီးပြူးကာ ငေးကြည့်ရင်းမှ အနားရှိရေပုံးကိုဆွဲယူပြီး ပက်ချလိုက်တာမို့ လူတစ်ကိုယ်လုံးစိုရွှဲသွားရကာ ဆပ်ပြာနံ့တွေတထောင်းထောင်းမို့ ဆပ်ပြာရည်တွေမှန်းသိလိုက်၏။ 

" ကိုကို့....."

" သွား....သွား ပြန်တော့....ပြန် ပြန်။ "

နှင်ထုတ်ရုံမက ခြံတံခါးကို ဂျိန်းခနဲ ဆွဲပိတ်သွားသည့်ကိုကို။ ဘာလဲ.....ကိုကိုဘာတွေဖြစ်နေတာလဲ။ စိုးရိမ်စိတ်တို့ဖြင့် လူကထူပူလာရင်း မျက်ရည်စတွေဝဲတက်လာရသည်။ ချစ်ချစ် သိနေသည်.....ကိုကိုတစ်ခုခုဖြစ်နေတာ။ တစ်ခါမှဒီလိုပုံစံမမြင်ဖူးသည်မို့ စိုးစိတ်က ထိန်းမရသိမ်းမရ ပူပန်မိပါသည်။ 

ထိုနေ့က ရေအရွှဲသားဖြင့် နေပူထဲပြန်လာကာ ညရောက်တော့ ချစ်ချစ်ဖျားတော့သည်။ မေမေလဲမရှိသလို ကြီးမေက တောခဏပြန်နေတာမို့ တစ်ယောက်ထဲအဖျားတွေတက်ရင်း လူကဘယ်လိုမှမဟန်နိူင်တော့။

တူ.......တူ.....တူ

အဆက်မပြတ်မြည်နေသည့်ဖုန်းသံကြောင့် လရိပ် ငေးကြည့်နေရာမှ စိတ်မထိန်းလိုက်နိုင်ခင်မှာပင် ကိုင်မိပြီးသားဖြစ်သွား၏။

" ကို.....ကိုကို.....ချစ်ချစ်....အဟင့်....အင့် ဖျားနေပြီ။ "

လရိပ်ရင်ထဲပူထူသွားသလို ကားသော့ယူကာ လူက ကားပေါ်ရောက်ပြီးသားဖြစ်သွား၏။ ကားကို အမြန်မောင်းချလာရင်း စျာန့်ဆီပါ ဖုန်းဆက်ခေါ်ရသည်။ ခြံသော့ခတ်ထားခြင်းမရှိတာမို့ စိတ်ထဲက ဆူမိသွားသေးသည်။ အိမ်ထဲကပျာကယာပြေးဝင်လာသည့်အခါ ဧည့်ခန်းထဲရှိဆိုဖာပေါ် ခွေခွေလေးလှဲကာ အဖျားတက်နေသည့် ချစ်ချစ်။

" ညီမလေး.....ချစ်ချစ်.....ညီမလေး "

" အဟင်းးးးအင်းးး"

လရိပ်ထိရနိုးနိုး မထိရနိုးနိုးဖြင့် တစ်ယောက်ထဲပျာယာခတ်နေစဥ်မှာပင် စျာန်ရောက်ချလာ၏။ ဆရာဝန်ပီပီ အဖျားကျအောင် ပြုစုပေး ဆေးကုပေးနေသည်ကို ဘေးမှလိုက်ကြည့်ရင်း သူဆုံးဖြတ်ချက်ကို ပြတ်သားစွာချလိုက်မိသည်။ ကိုယ်တိုင်မကာကွယ်နိုင်သည့်အခါ သူမလေးကို စိတ်ချရသည့်လူလက်ထဲ ကိုယ်တိုင်အပ်ခဲ့မည်။ 

နှလုံးသားကိုခင်း၍ နင်းစေမည်။

အချစ်ကို စတေး၍ ယုံကြည်ရမည့်လူလက် သူကိုယ်တိုင် ရင်ကွဲခံကာ အပ်မည်။ 

--------------------------

ကြားလိုက်ရသည့်စကားကြောင့် စျာန်မယုံနိုင်သလို လရိပ်မျက်နှာကို ငေးကြည့်မိသည်။ ဘယ်လိုစိတ်ကူးတွေနှင့် လာပြောနေမှန်းမသိပဲ သူ ချစ်ချစ်ကို ချစ်နေသလား လာမေးနေသည်။

" လရိပ်.....မင်း ဘာသဘောနဲ့မေးနေတာလဲ။ မင်း ချစ်ချစ်ကို သိပ်ချစ်မှန်းငါသိတယ်။ ကိုယ့်သူငယ်ချင်း အရင်းကြီးသေမတတ်ချစ်နေတဲ့ မိန်းကလေးကို ငါကလုယူမယ့်ကောင်လို့ မင်းထင်နေတာလား လရိပ်... ဟင် ငါ့ကိုမင်းမယုံဘူးလား။ "

စျာန့်စကားကို သူခေါင်းခါယမ်းမိရင်းမှ လက်ကာပြကာ တားလိုက်ရသည်။

" မင်း ချစ်ချစ်ကို သဘောကျနေတာ ငါသိတယ် စျာန်။ မင်းငါ့ကြောင့်ရှေ့မတိုးမှန်းလဲသိတယ်။ မင်း အမှန်အတိုင်းဖြေပါ.....ချစ်ချစ်ကို မင်းလက်ထပ်ယူနိုင်မလား။ "

စျာန်အံ့အားတကြီးဖြစ်သွားရသလို လရိပ်ကို ငေးစိုက်ကြည့်လာ၏။ ခပ်ယဲ့ယဲ့ပြုံးရင်းမှ  ...

" ငါ ငါ့ နောက်ဆုံးဆန္ဒပါကွာ။ "

ဟင်

ဘာအဓိပ္ပါယ်လဲဆိုသည့် ပုံစံဖြင့် နားမလည်နိုင်သလို ငေးကြည့်လာသည့် စျာန့်ဆီ ဆေးအဖြေစာရွက်အား လှမ်းပေးလိုက်၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားရသလို သူ့ကို ဂရုဏာသက်သလို မချိတင်ကဲ ငေးကြည့်လာသည့် စျာန်။ မျက်ရည်အဝဲသားဖြင့်ခေါင်းတဆတ်ဆတ်ငြိမ့်လာရင်း တုန်ယင်နေသည့်အသံဖြင့် အပြစ်တင်လာသည့်တိုင် သူပြုံး၍သာနေမိသည်။ 

သူမရှိလျှင် သူမလေး နားခိုနိုင်မည့်ရင်ခွင်။ 

ဝမ်းနည်းကာ အငိုသန်သည့် သူမလေးမျက်နှာမှမျက်ရည်စတွေကို သူ့ကိုယ်စား ကူသုတ်ပေးမည့်သူ။ သူ စိတ်ချယုံကြည်စွာ ထားခဲ့နိုင်မည့် တစ်ယောက်သောသူဟာ စျာန်ကလွဲ၍ မရှိ။ 

@@@@@@@@@@@@

ချစ်ချစ်ဖျားနေသည့်တစ်လျှောက်လုံး ကိုကိုဟာ အနားမှာအမြဲရှိနေခဲ့ပါသည်။ အရင်လို ဂရုတစိုက်ရှိမြဲပေမယ့် ပြုစုလုပ်ကိုင်ပေးသည်ကတော့ ကိုစျာန်သာဖြစ်နေခဲ့သည်။ နေပြန်ကောင်းပြီး နှစ်ရက်မြောက်သောနေ့တွင် ကိုကိုဟာ ချစ်ချစ်ကိုငေးကြည့်ရင်းမှ တည်ငြိမ်အေးဆေးစွာ ဆိုလာခဲ့သည်။ 

" ညီမလေး.....မနေ့က စျာန်ကိုကို့ကို ခွင့်တောင်းတယ်။ "

" ဘာကိုလဲ ကိုကို...."

" သူ ညီမလေးကို ချစ်မြတ်နိုးနေတာကြာပြီမို့ လက်ထပ်ချင်တယ်တဲ့။ အဲ့ဒါ ကိုကိုကတော့ သဘောတူတယ်....ညီမလေးသဘောကရော။ "

ချစ်ချစ် မျက်နှာလေးက တင်းခနဲဖြစ်သွားသလို ကိုကို့မျက်နှာကို မကျေမနပ်ငေးစိုက်ကြည့်မိသည်။ ကိုကိုဟာ ချစ်ချစ်ခံစားချက်တွေကို ထပ်မံသတ်ချလိုက်ပြန်ပြီ။ အမြဲတမ်း ချစ်ချစ်ခံစားချက်ကို မျက်ကွယ်ပြုကာ မသိသလိုဟန်ဆောင်သည်။ အခုလဲ ကိုစျာန့်ကိုလက်ထပ်ဖို့ ပြောနေပြန်ပါပြီ။ မျက်ရည်စတို့ဝဲတက်လာပေမယ့် ချစ်ချစ်နှုတ်ခမ်းအစုံကို အားယူပြုံးကာ.....

" ကိုစျာန်က ငြင်းစရာမရှိတဲ့လူပါ။ ချစ်ချစ် လက်ခံပါတယ်။ "

ဟင်...။

ချက်ချင်းလက်ခံမယ် မထင်ထားတာမို့ လရိပ် အံ့အားသင့်သွားရသလို ချစ်ချစ်မျက်နှာလေးကို ငေးမိသွားရသည်။ သူ့ကို မကြည့်ချင်သလို မျက်နှာလွှဲလိုက်ပုံကြောင့် ရင်ထဲထိခိုက်သွားရရင်း အံကိုတင်းခနဲ ကြိတ်မိ၏။ 

ချစ်ချစ်လက်ခံလိုက်တာမို့ စျာန်ကလဲ လရိပ်ဆန္ဒအတိုင်း မင်္ဂလာပွဲကို အမြန်ဆုံးစီစဥ်သည်။ စျာန့်မိဘတွေက လရိပ်ညီမဆိုတာသိထဲက သဘောတူသလို မင်္ဂလာပွဲကို လရိပ်ကလဲ ခမ်းခမ်းနားနား ပြင်ဆင်စေ၏။ မိန်းကလေးတစ်ယောက်၏ တစ်သက်မှာ တစ်မင်္ဂလာမို့ သူ့ချစ်ရသူဟာ အခမ်းနားဆုံး မင်္ဂလာပွဲကိုပိုင်ဆိုင်ရမည်။ 

မင်္ဂလာပွဲဟာ ကောင်းချီးသြဘာလက်ခုပ်သံများသာ ဆူညံနေရမည်။

ချစ်ရသူနင်းလျှောက်သည့် ကတ္တီပါကော်ဇောစဟာ အနူးညံ့ဆုံးဖြစ်နေရမည်။

ဝတ်ဆင်သည့် သတို့သမီးဝတ်စုံဟာ ကျက်သရေဖြာထွက်နေရမည်။ 

စီးနင်းသည့် ဖိနပ်ဟာ အလှပဆုံးဖြစ်စေမည်။ 

မင်္ဂလာပွဲအား တစ်လတိတိအချိန်ယူပြင်ဆင်ရသလို တာဝန်ခံကာ ပြင်ဆင်သူက လရိပ်ပင်။ လက်စွပ်ရွေးလဲ သူပါသည်။ ဝတ်စုံအပ်လဲ သူပါကာ သူလိုချင်တဲ့ဒီဇိုင်းကိုမရမက ချုပ်ခိုင်း၏။ စျာန်က သူငယ်ချင်းဖြစ်သူကို သိနေတာမို့ စိတ်ခုခြင်းမရှိသည့်အပြင် ပို၍သနားသည်။ လရိပ်သဘောကျကို ပြင်ဆင်စေကာ လက်လွှဲထား၏။

ချစ်ချစ် ခြံထဲရှိဒန်းလေးပေါ် ထိုင်နေရင်းမှ ငယ်စဥ် ကိုကိုတို့ သားအဖ ထွက်သွားခါနီးအချိန် နှစ်ယောက်သား ဒီဒန်းလေးပေါ်ထိုင်ကာ စကားမဆိုနိုင်ခဲ့တာတွေပြန်မြင်ယောင်မိ၏။ အခုတော့ ကိုကိုဟာ ချစ်ချစ်မင်္ဂလာပွဲကို အားတက်သရောပြင်ဆင်နေလေရဲ့။ ချစ်ချစ် ချစ်တာ ကိုကိုပါ.....ဘဝမှာ အသည်းနင့်အောင်ချစ်ရသည့် အချစ်ဦးဟာ ကိုကိုပါပဲ။ သူစိမ်းနိုင်မှတော့ ကိုယ်လဲကျောခိုင်းပစ်မည်ဆိုကာ မာန်လေးတင်း၍ လက်ခံခဲ့ပေမယ့် ပို၍နာကျင်ခံစားရသူဟာ ချစ်ချစ်သာ ဖြစ်နေခဲ့သည်။ 

တီ တီ တီ 

ကားဟွန်းတီးသံနဲ့အတူ ခြံထဲထိုးဝင်လာသည့်ကားပေါ်ကနေ ဆင်းလာသည့် ကိုကို့ကို လှမ်းမြင်လိုက်၏။ အနားလျှောက်လာရင်းမှ ချစ်ချစ်ဘေးဝင်ရပ်ကာ......

" ညီမလေး.....ပန်းသွားကြည့်ရအောင်လေ။ "

ချစ်ချစ်မျက်စလေးပင်မိသွားရင်းမှ.....

" ဘာပန်းလဲ.....ဘာလုပ်မလို့လဲ။ "

" ဟောဗျာ......မင်္ဂလာပွဲမှာ သတို့သား ၊ သတို့သမီးထိုင်မယ့်အနောက်က ပန်းနံရံအလှဆင်မယ်လေ။ ဘာပန်းက ပိုလှမလဲ သင့်တော်မလဲကြည့်ရအောင်လေ။ "

စိတ်မပါသလို သက်ပြင်းလေးချမိရင်းမှ.....

" ကိုကို့ဘာသာ သွားကြည့်ပါ...."

" ဟင်....ဘာလို့လဲ နေမကောင်းလို့လား။ ကျန်းမာရေးကို ဂရုစိုက်မှပေါ့.... မင်္ဂလာပွဲကနီးနေပြီ....တော်ကြာ။ "

" တော်ပါတော့...."

ထအော်ပစ်လိုက်သည့် ချစ်ချစ်ကြောင့် လရိပ် ငေးခနဲဖြစ်သွားရသလို ချစ်ချစ်မျက်နှာလေးက တင်းချီလျက် လရိပ်ကို ခါးခါးသီးသီး စူးစိုက်ကြည့်လာ၏။

" ချစ်ချစ်သိတယ်....မင်္ဂလာပွဲမပျက်စေရပါဘူး။ မဖြစ်ဖြစ်အောင်ကို မင်္ဂလာဆောင်မှာမို့ ကိုကိိုစိတ်ချချနေစမ်းပါ။ "

လရိပ် ရင်ထဲကျဥ်တက်သွားရသလို အိမ်ထဲဒေါသတကြီး ဝင်သွားသည့် ချစ်ချစ်အား ငေးငေးလေးကြည့်ကာ ရပ်ကျန်နေခဲ့သည်။ ခပ်ယဲ့ယဲ့လေးပြုံးမိရင်းမှ ကားဆီပြန်လှည့်လာရင်း သူ့ဦးတည်ရာက ပန်းခြံဆီသာ။ သူ စိတ်ကူးထားပါသည်......မင်္ဂလာပွဲမှာ သူဟာ ရင်ခတ်ပန်းတွေကိုသာ သုံးမည်။ ခန်းမတစ်ခုလုံး ရင်ခတ်ပန်းနံ့သာ သင်းနေစေရမည်။ သူ့ရင်နှင့်ပျိုးသည့်ပန်း......ရင်အကွဲခံကာ စီစဥ်ရခြင်းမှာ သူဘယ်လောက်နာကျင်ရလဲ သူသာသိပါသည်။ 

-----------------------------------

လက်ထပ်လက်စွပ်ကိုကြည့်ရင်း စျာန်ရော တစ်မိသားစုလုံးက လရိပ်တော်လိုက်တာ ဒီဇိုင်းအပ်တော်လိုက်တာချီးကျူးကြပေမယ့် ချစ်ချစ်ကတော့ ခပ်တည်တည်လေးသာရှိနေ၏။ ကိုယ့်လက်ခလယ်မှ ကိုကိုပေးထားသည့် လက်စွပ်လေးကိုကြည့်ရင်း အစားထိုးဝင်ရောက်လာမည့် လက်ထပ်လက်စွပ်ကို တွေတွေကြီးငေးကြည့်ကာ မျက်ရည်စအချို့ဝဲလာရသည်။ 

" မင်္ဂလာဝတ်စုံကရော လရိပ်....."

" ညနေရမယ် အန်တီ......အရမ်းလှတာပဲ ကျွန်တော်သွားကြည့်ပြီးပြီ။ "

ပြုံးရယ်ကာ အားတက်သရောဖြစ်နေသည့် ကိုကို့မျက်နှာအား ချစ်ချစ် ငေးစိုက်ကြည့်ရင်းမှ မုန်းတီးပစ်ချင်သည်။ ကြည့်ရတာ တစ်ချိန်လုံး ချစ်ချစ်သာ တစ်ဖတ်သတ်ချစ်မြတ်နိုးခဲ့ရသည် ထင်ပါရဲ့။ 

@@@@@@@@@@@@

Wedding Day.....

အလှပြင်နေသည့် ချစ်ချစ်ဘေးမတ်တပ်ကြီးရပ်ကာ တိုက်ပုံ ၊ ပုဆိုး ၊ လည်ကတုံးအဖြူဖြင့် သန့်ခန့်နေသည့် ကိုကို။ အလှပြင်ပေးနေသည့် အစ်မကို အသေးစိတ်လိုက်ပြောနေသလို ထိုင်မသိမ်းလဲပြီး ပြင်ဆင်နေတော့လဲ ဘေးကမခွာ။

" ပုဝါလေးက ဖြန့်ချမှလှမှာ.....အင်္ကျီမှာ ပြန့်ပြန့်လေးရှိနေပါစေ။ "

" ဆံထုံးက စိန်ကြိုးတွေက ညီမလေးလည်ပင်း သွားသွားမထိစေနဲ့နော်......"

ချစ်ချစ်အင်္ကျီလက်ရှည်လေးကို သေချာလိုက်ကြည့်ရင်း လိုတာမရှိစေရန် ဂရုစိုက်သည်။ ထိုင်မသိမ်းကို သေချာဖြန့်ထားမထားကြည့်၏။

" သတို့သားသတို့သမီးထွက်မယ်...."

အသံနဲ့အတူ အခန်းထဲဝင်လာသည့် စျာန်က ချစ်နှင်းဆီ ကို မြင်တော့ ငေးခနဲ ဖြစ်သွားကာ လက်ကလေးနှစ်ဖက်အား တယုတယဆွဲကိုင်ရင်းမှ......

" ချစ်ချစ် ဒီနေ့ အရမ်းလှတာပဲ။ "

စျာန့်လက်မောင်းကိုချိတ်ကာ တစ်လှမ်းချင်း မင်္ဂလာခန်းမထဲ ဝင်သွားသည့် ချစ်ချစ်ကို လရိပ် အရိပ်တကြည့်ကြည့် လိုက်ကြည့်သည်။  စုလျားရစ်ပတ်နေသည့် မြင်ကွင်းအား မျက်ရည်တွေဝိုင်းလျက် ပြုံးရင်းမှ သတို့သမီးနေရာမှာရှိနေသည့် ချစ်ရသူအား ကြည်နူးစွာခပ်ဆွေးဆွေးငေးကြည့်နေ၏။ 

" ကိုကိုက တော်လိုက်တာ.....ကျောင်းက အစ်မကြီးတွေကျစ်တာမြင်တော့ ဒီလိုလေးကျစ်ချင်နေတာ။ "

" ကိုကို့ မာလကာသီးစားချင်တယ်ဆို.....မခူးပေးရင် ချစ်ချစ်မခေါ်တော့ဘူးနော်။ "

" သွား....ဘာမှလာမပြောနဲ့ ကိုကိုအဲ့မိန်းမကို သဘောကျနေတာမဟုတ်လား။ "

လရိပ် ပြုံးမိ၏။ အတွေးလွန်နေရင်းမှ လိုက်ဧည့်ခံရန် စင်ပေါ်မှ ဆင်းလာရန်ပြင်နေသည့် သတို့သားသတို့သမီးကို လှမ်းမြင်လိုက်၏။ ငေးကြည့်နေစဥ်မှာပင် ချစ်ချစ်မျက်နှာလေး ပျက်နေတာ သတိထားမိတော့ ကပျာကယာအနားရောက်သွား၏။

" ဘာဖြစ်လို့လဲ....."

" ထိုင်မသိမ်းက အရမ်းရှည်တာ လေးလို့။ လမ်းလျှောက်ရတာ အဆင်မပြေဘူး။ "

ဟုတ်တာပေါ့။ ထိုင်မသိမ်းနဲ့ပုဝါက အရှည်မှ လှသည်။ သို့ပေမယ့် သူမလေးက ထဘီထက် ဂါဝန်လေးတွေနဲ့သာ နေနေကျမဟုတ်လား။

" ဘာမှမဖြစ်ဘူး.....ကိုကိုရှိတယ်။ လမ်းသာဟန်မပျက်လျှောက်......စျာန့္...."

" လာ....ချစ်ချစ်။ "

စျာန်က သူ့လက်မောင်းကိုချိတ်ထားသည့် ချစ်နှင်းဆီ လက်အား ဖေးမကိုင်ကာ အရှေ့ဆက်လျှောက်ရင်း လိုက်ဧည့်ခံ၏။ ချစ်နှင်းဆီက ဘေးမှ မသိမသာဟန်မပျက်လိုက်သလို လရိပ်က အနောက်ကနေ ထဘီ၏ ထိုင်မသိမ်းအား တစ်နေရာရွှေ့တိုင်း လိုက်မပေး၏။ 

မင်္ဂလာပွဲပြီးသည်အထိ  ပွဲတစ်ခုလုံး လိုတာမရှိအောင် လိုက်လုပ်ပေးရင်း သူ့မှာမောတယ်ကိုမရှိ။ ကျေနပ်ပါသည်......ချစ်ရသူဟာ မြင့်မားသောအဆင့်အတန်း လုံခြုံသောရင်ခွင်မှာ ရှိခဲ့ပြီဖြစ်၏။

မင်္ဂလာပွဲပြီးသည်နှင့် စျာန်တို့က Bali ကို ဟန်းနီးမွန်းထွက်သွားကြသည်။ လေဆိပ်အထိလိုက်ပို့ရင်းမှ ပြန်လာသည့်အခါ လရိပ် ငိုနိုင်ခဲ့ပြီဖြစ်၏။ ယူကြုံးမရစွာ နာနာကျင်ကျင် ဝမ်းပန်းတနည်းငိုကြွေးရင်း ကြမ်းပြင်ထက် မထနိုင်သည်အထိ ပက်လက်လန်ကာ အသက်ရှူပင်မဝအောင် ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်သွားရသည်အထိ။ 

သူ လက်မလွှတ်ချင်ဘူး...။

သူ သူမလေးကို ဘယ်သူ့မှမပေးချင်ဘူး။

ချစ်တယ်လို့ဖွင့်ပြောကြည့်ချင်တာ။

နူးနူးညံ့ညံ့ နမ်းဖူးချင်ပါသေးသည်။

တစ်ညလုံး သူများရင်ခွင်မှာ ရှိနေရတော့မည့်ချစ်ရသူကို မြင်ယောင်ရင်း သူအရမ်းပင်ပန်းခက်ခဲနာကျင်ရသည်။ မအိပ်နိုင်သလို ကျနေသည့် မျက်ရည်စတွေကိုလဲ မတားဆီးနိုင်။ 

ချစ်သူရေ.....ဘယ်လောက်ချစ်ချစ်ရေစက်မပါရင် မရဘူးဆိုတာ ကိုယ်ယုံပါပြီ။ ဒါမှမဟုတ် အစထဲက မင်းဟာ ကိုယ့်အတွက်မဟုတ်ခဲ့ဘူး ထင်ပါရဲ့။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 12 ( ဇာတ်သိမ်းပိုင်း)

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#သူငယ်ချင်း
#မျက်နှာ
#သတို့သမီး
#လက်ထပ်
#စကား

Some text some message..