ချစ်ခြင်းထက်သာလွန်၍-အပိုင်း (၁၂) ( ဇာတ်သိမ်းပိုင်း)
lotaya.mpt.com.mm
|
2022-07-17

ဟန်းနီးမွန်းခရီးက ပြန်လာပြီမို့ စျာန်နဲ့အတူ လေဆိပ်ထဲမှ ထွက်လာသည့် ချစ်နှင်းဆီ ။ ချစ်နှင်းဆီ၏ ပခုံးကို အသာသိုင်းဖက်၍ Laguage ကိုဆွဲကာ အိမ်ကလာကြိုသည့် ကားပေါ်တက်လာသည့် စျာန်။ ကားကို ခြံထဲထိုးရပ်လိုက်စဥ် မျက်နှာမသာမယာဖြင့် ထွက်ကြိုလာသည့် မိဘနှစ်ပါးကြောင့် ချစ်နှင်းဆီရော စျာန်ပါ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိ၏။

" ကျွန်တော်တို့ပြန်လာပြီ မေမေ.....ဘာဖြစ်နေကြတာလဲ မျက်နှာလဲ သိပ်မကောင်းဘူး။ "

ကိုစျာန့်အမေးကြောင့် စျာန့်မေမေ၏ အကြည့်က ချစ်နှင်းဆီကို သနားဂရုဏာသက်သလို ငေးကြည့်လာသည်။ ကိုစျာန့်ဖေဖေက သက်ပြင်းချလိုက်ရင်းမှ...

" မောင်လရိပ်ဆုံးပြီ သား.......မနေ့က ကားအက်ဆီးဒင့်ဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီးဆုံးတယ်။ "

ချစ်ချစ်နှုတ်ခမ်းလေးဖွင့်ဟသွားမိသလို စျာန်ပါ အလန့်တကြားဖြစ်သွားရ၏။ ချစ်ချစ်မျက်နှာကို စိုးရိမ်တကြီး ငဲ့ကြည့်မိတော့ မင်တက်နေပုံရသည်။ လရိပ်သူ့ကိုပြသည့် ဆေးစာအရ ကင်ဆာနောက်ဆုံးအဆင့်မို့ ကင်ဆာနဲ့ပဲ ဆုံးမည်ထင်ခဲ့ကာ ဒီလိုကြီး ဖြစ်လာမယ်မထင်ခဲ့။

" ဒါဆို ဒီနေ့က အသုဘပို့ရမှာပေါ့။ "

ခပ်တိုးတိုးလေး မေးလာသည့် ချစ်ချစ်အမေးကို ခေါင်းခါပြလာကြသည်မို့ ချစ်ချစ် နားမလည်သလို ငေးကြည့်နေမိသည်။

" အားချင်းသဂြိုလ်လိုက်တယ် သမီး။ မောင်လရိပ်တို့ မိသားစုဆရာဝန်က မောင်လရိပ်ရဲ့သေတမ်းစာအရ အားချင်းသဂြိုလ်ပေးလိုက်တယ်။ "

သြော်......ချစ်ချစ် ကိုကို့အလောင်းကို မြင်တွေ့ခွင့်မရှိတော့ဘူးပဲ။ ကိုကို ဆုံးပြီတဲ့လေ.....ကိုကို လူ့လောကကြီးမှာ မရှိတော့ဘူးတဲ့။ ဒါပေမယ့် ချစ်ချစ်စိတ်ထဲ ထူးထွေခံစားနေရတာမျိုး ရှိမနေသလိုပင်။ လစ်ဟာသွားခြင်းမျိုးလဲမရှိ။ ထူးဆန်းတာ သိပေမယ့် ချစ်ချစ်ကိုယ်တိုင်လဲ အံ့သြနေမိသည်အထိ တည်ငြိမ်နေသည်။

" ကိုကို့ အိမ်သွားရအောင် အစ်ကို။ "

ချစ်ချစ်ဆီမှ စကားကြောင့် စျာန် ကပျာကယာ ခေါင်းငြိမ့်ကာ ကားပေါ်အတူတက်လာကြသည်။ လရိပ်အိမ်ဆီ မောင်းလာရင်းမှ သူ့ဘေးထိုင်နေသည့် ချစ်ချစ်လက်ကလေးကို အားပေးသလို ဆုပ်ကိုင်ရင်း.....

" ချစ်ချစ် ငိုချင်ငိုလို့ရတယ်လေ.....စိတ်ကိုအရမ်းမတင်းထားနဲ့။ "

သူ့စကားကို ခေါင်းလေးခါယမ်းရင်း သက်ပြင်းချကာ ကားပြတင်းဘက်သာ ငေးကြည့်ရင်း ခပ်အေးအေးလေး ပြန်ဖြေလာသည့် ချစ်ချစ်။

" သေခြင်းတရားဆိုတာ ရှောင်လွှဲလို့မှမရပဲလေ။ လူတိုင်း တစ်နေ့ သေရမှာပါပဲ....ချစ်ချစ်နားလည်တယ်။ "

လရိပ်တို့ခြံထဲ ကားဝင်လာသည်နှင့် နာရေးလာကြသည့် လူတချို့ကို တွေ့လိုက်ရသည်။ လရိပ်အဖေ ဦးပဥ္စင်းက စစ်ကိုင်းမှရောက်နေသလို ကားပေါ်ကဆင်းလာသည့် ချစ်ချစ်အကြည့်က အိမ်အဝတွင် ချိတ်ထားသည့် ဝှိုက်ဘုတ်အဖြူတွင်ရေးထားသည့် စာကိုတွေတွေလေး ငေးကြည့်နေ၏။

ကွယ်လွန်သူ မောင်လရိပ်

" ဒကာမလေးရောက်လာပြီလား......လာကြ လာကြ အိမ်ထဲဝင် "

အိမ်ထဲသို့ ဦးပဥ္စင်းနောက်ကလိုက်ဝင်လာစဥ် စားပွဲပေါ်တင်ထားသည့် ကိုကို့ဓာတ်ပုံကို မြင်လိုက်ရတော့ ချစ်ချစ်ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားရသည်။ ပါဝါမျက်မှန်အောက်မှ အမြဲတည်ငြိမ်အေးဆေးသည့် မျက်ဝန်းတွေ ၊ မပြုံးမရယ်ရှိနေတတ်သည့် နှုတ်ဖျားမှ ကိုကိုဟုတစ်ခါခေါ်တိုင်း ဗျာ ဟု ချိုသာစွာထူးတတ်တာတွေ......သြော်...ကိုကိုတကယ်မရှိတော့ဘူးပဲလေ။ ထပ်မံ၍ အကြည့်က စားပွဲပေါ်တင်ထားသည့် ကိုကို့ဓာတ်ပုံရှေ့က ထမင်းပန်းကန်နဲ့ သောက်ရေခွက်ကို မြင်တော့ ရင်ဝမှစို့တက်လာ၏။ အလျင်အမြန် မျက်နှာလွှဲရင်း.....

" ကိုကို့ ရက်လည်ကို ချစ်ချစ်လုပ်ပေးပါရစေ ဦးပဥ္စင်း......ခွင့်ပြုပေးပါ။ "

" ချစ်နှင်းဆီ....."

နောက်ပါးမှခေါ်သံကြောင့် ကြည့်မိတော့ ချစ်ချစ်မသိသည့် အန်ကယ်တစ်ယောက်။ တိုက်ပုံပုဆိုးဖြင့် သပ်သပ်ရပ်ရပ် ဝတ်ထားကာ ချစ်ချစ်ကို စိုက်ကြည့်ရင်း မျက်နှာမကောင်းစွာဖြင့်.....

" အန်ကယ်က မောင်လရိပ်ရဲ့ရှေ့နေပါ.....စကားခဏပြောရအောင်။ "

ဧည့်ခန်းထဲ ရှေ့နေ နှင့် ဦးပဥ္စင်းအပါအဝင် လေးယောက်သားထိုင်နေရင်း ချစ်ချစ်ရှေ့ကို ရောက်လာသည့် စာရွက်ကြောင့် ချစ်ချစ်ယူဖတ်ရန်ပြင်လိုက်သည်။

" အဲ့ဒါ မောင်လရိပ်ရဲ့ သေတမ်းစာပါ။ အမွေလွှဲပြောင်းစာချုပ်ဆိုလဲဟုတ်တယ်။ "

မျက်လုံးလေးဝိုင်းသွားကာ သေချာဖတ်ကြည့်မိ၏။

1. ကျွန်တော်သေဆုံးပြီး ငါးနာရီအတွင်း ချက်ချင်း သဂြိုလ်ရမည်။

2. ကျွန်တော့်အမည်ဖြင့် ပိုင်သည့် တိုက် နှင့် ခြံ အပြင် ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာ၏ 70% ကို ချစ်နှင်းဆီအမည်ဖြင့် လွှဲပြောင်းပေးရမည်။

3. ကျန်သည့် 30% ကို ကျွန်တော့်ဖခင် ဦးပဥ္စင်းအား လှူဒါန်းရမည်။ 

ချစ်ချစ် တအံ့တသြဖြစ်သွားရသလို ခေါင်းခါယမ်းရင်းမှ....

" ချစ်ချစ် လက်မခံပါရစေနဲ့......ဦးပဥ္စင်းကိုပဲ...."

" လက်ခံလိုက်ပါ ဒကာမလေး.....ဦးပဥ္စင်းအတွက် ငွေကြေးဆိုတာ မလိုအပ်ပါဘူး..... ဒကာလေးအသေဖြောင့်ပါစေကွယ်။ "

စာချုပ်ကိုထိုးပေးလာသလို တုံ့ဆိုင်းနေသည့် ချစ်ချစ်ကြောင့် စျာန် ချစ်ချစ်အား ခေါင်းငြိမ့်ပြလိုက်သည်။ ချစ်ချစ်လက်မှတ်ထိုးပြီးပေမယ့် မပြန်သလို ရက်လည်ပြီးသည်အထိ ဒီမှာပဲ နေမည်ဆိုတာမို့ စျာန်က အိမ်ပြန်ပြီး အဝတ်အစားတွေသွားပြန်ယူရသည်။ 

အကုန်လုံးက ချစ်ချစ်ကို စိတ်ပူစွာ အရိပ်တကြည့်ကြည့် ကြည့်နေကြပေမယ့် ချစ်ချစ်ကတော့ အေးတိအေးစက်လေးပင်။ အစားအသောက်ပင် မပျက်သလို မျက်ရည်ဝဲရုံကလွဲ မျက်ရည်ပင်မကျ။ ကြီးမေလဲ ရောက်လာကာ ငိုကြီးချက်မပင်မယ့် ချစ်ချစ်ကတောင် ပြန်နှစ်သိမ့်ပေးနေတာမို့ အကုန်ပါးစပ်အဟောင်းသား။ 

@@@@@@@@@@@@@

! ကျွီ !

အခန်းတံခါးတွန်းဖွင့်သံနဲ့အတူ ပထမဆုံးအကြိမ် ကိုကို့အခန်းထဲ ဝင်လာခြင်းပင်။ အခန်းနံရံပေါ်မှ ချစ်ချစ် နှင့် ကိုကို့၏ ကျောင်းတက်တုန်းကရိုက်ထားသော အဖြူအစိမ်းဝတ်စုံလေးဖြင့် ဓာတ်ပုံကို မြင်တော့ ပြုံးမိသည်။ 

" မရဘူးနော် ကိုကို.....ကိုကို့ခါးကြီးဖက်ပြီး ရိုက်မှာ။ "

" အချွဲမလေးပါဗျာ.....ဟား ဟား "

ကိုကို့ခါးကြီးကို လက်နှစ်ဖက်ဖြင့်မရမက သိုင်းဖက်ကာ ဆံပင်ဂုတ်ဝဲလေးဖြင့် ပြုံးရယ်နေသည့် ချစ်ချစ်ဟာ အပျော်ကြီးပျော်နေခဲ့၏။ ကိုကိုကတော့ ချစ်ချစ်ခေါင်းလေးကို အုပ်ကိုင်ရင်း ငေးကြည့်ကာ အေးအေးသာပြုံးနေခဲ့ပါသည်။ 

! ဒုတ်!

ပြန်လှည့်အထွက် ခြေဖျားဖြင့် တိုက်မိသည့်အရာကြောင့် အောက်ငုံ့ကြည့်မိသည်။ ခုတင်အောက်မှ သေတ္တာတစ်လုံးမို့ ကြမ်းပြင်ပေါ် ဒူးလေးထောက်ချရင်း ဆွဲထုတ်ကြည့်မိသည်။ lock ချထားသလို ဂဏန်းဖြင့် ဖွင့်ရမှာပင်။ အကျင့်ပါနေပြီးသားလက်က ချစ်ချစ်မွေးနေ့ကို လှည့်ကာ ဖွင့်လိုက်တာနှင့် ဂျလောက်ခနဲ ပွင့်သွား၏။ 

သေတ္တာလေးထဲ နွမ်းနေပြီဖြစ်သည့် ရင်ခတ်ပန်းခြောက်တစ်ပွင့် ၊ သားရေအနက်ဖုံးထားသည့် စာအုပ်တစ်အုပ် ၊ စာရွက်အချို့။ စာရွက်အချို့ကို ယူကြည့်မိတော့ စာချုပ်ပုံစံဖြစ်ကာ သေချာဖတ်ကြည့်မှ မျက်လုံးပြူးသွားရ၏။ သိန်းခုနှစ်ဆယ်ဆိုသည့် ငွေပမာဏရေးထားကာ ကျောက်ကပ်ရောင်းသူနေရာလက်မှတ်ထိုးထားတာ ကိုကို့လက်မှတ်။ ဘာတွေလဲ......နောက်တစ်ခုကို ယူကြည့်မိတော့ ငွေအကျေချေထားသည့် စာချုပ်နှင့် ဦးနေရောင်နဲ့ကိုကို့လက်မှတ်။ ပြီးတော့ ချစ်ချစ်ဆေးကုသည့် ခွဲစိပ်ခပြေစာတွေ။ 

ရင်တွေတလှပ်လှပ် တုန်ယင်လာရင်းမှ သားရေအနက်ဖုံးထားသည့် စာအုပ်လေးကို ယူကာ ကပျာကယာ လှန်ကြည့်မိ၏။

ဒီနေ့ သူ့ကို ကျောင်းမှာ သူငယ်ချင်းတစ်ယောက်က ယောက်ဖလို့နောက်တယ်။ မသိလိုက်ခင်မှာပဲ နှစ်ချက်ထိုးလိုက်မိပြီး ဒေါသတွေအရမ်းထွက်နေခဲ့တာ.....မကြိုက်ပါဘူး ။

မရိုးသားတော့တဲ့စိတ်တွေကြောင့် ကိုကို အရင်လိုမဟုတ်တော့ဘူး ညီမလေး ။ ကိုကို ညီမလေး ကို ချစ်နေမိပြီ။ ဒါပေမယ့် ချစ်လို့မဖြစ်ဘူးဆိုတာလဲ သိနေနှင့်ပါတယ်။

ကိုကို့ ကိုချစ်တယ်တဲ့....အဲ့ခဏမှာ ဒီကမ္ဘာပေါ် အပျော်ဆုံးလူက ဒီလူသားပါ။ ဒါပေမယ့် ကိုကို့အ​ဖြေကြောင့် နာကျင်သွားရတဲ့ပုံလေးကြည့်ပြီး ရင်ကွဲမတတ်ပါပဲ ကလေးရယ်။ ကိုကိုလေ မင်းလေးကို သိပ်ချစ်တာပါ။

ကိုကို့ကြောင့်ပါ ကလေးရယ်။ ဆေးရုံခုတင်ထက်လဲနေတဲ့ပုံစံလေးဟာလေ ဒီရင်ကို အစိတ်စိတ်အမွှာမွှာကွဲကြေစေတာ မင်းမသိနိုင်ပါဘူး။ ကို့ကို့ ကလေးလေးကို မရရအောင်ကုမှာမို့ ကိုကို့အနားက ထွက်ခွာသွားဖို့တော့ မစဥ်းစားလိုက်ပါနဲ့ဗျာ။

ကိုကို့ကလေးလေး အရမ်းလွမ်းနေတယ်ထင်ပါရဲ့ ။ လူကိုမြင်တာနဲ့ ပြေးဖက်တော့တာပဲ။ ပွေ့ဖက်ခွင့်မှာ ကိုကို့ရင်ခုန်သံတွေကို မင်းနားထောင်ကြည့်စမ်းပါ ကလေးရယ်။ သူတို့က ကိုကိုမင်းကို ဘယ်လောက်ချစ်ကြောင်း အရိပ်အမြွက်တော့ ပြောပြနိုင်မှာပါ။

ကိုကို့ကလေးလေး မျက်နှာမကောင်းဘူး။ မေးတော့လဲ ညာနေပြန်သေးတယ်။ ကလေးရယ် မင်းဟာ ကိုကိုပျိုးခဲ့တဲ့ပန်းပါ။ အသက်ရှုသံလေးနားထောင်ရုံနဲ့ မင်းရင်ထဲက ခံစားချက်အကုန် ကိုကို သိနိုင်တာပေါ့။

သိန်းကိုးရာကို ဒေါ်ရိုစီကပေးတယ်။ အလကားတော့မရဘူးလေ.....ကိုကို့နှလုံးသားတစ်ခုလုံးရင်းရတာပေါ့။

ချစ်ချစ် ခေါင်းလေးခါယမ်းမိရင်းမှ မျက်ရည်တွေစီးကျလာရသည်။ ဟင့်အင်း.....ချစ်ချစ် ဘာမှမသိခဲ့ဘူး။ ဘာလို့ လဲ.....ဘာတွေလဲ။ လိုက်၍မမှီသော ပုစ္ဆာအား ဦးနှောက်က အသဲအသန်လိုက်နေရပေမယ့် နှလုံးသားကတော့ တနင့်တပိုးကြီးကို ခံစားနေရပြီဖြစ်၏။ စာအုပ်ကိုဆက်ဖတ်မိတော့.....

ကိုကို ငြင်းချင်လိုက်တာ...။ တနင့်တပိုးခံစားနေရတဲ့ မင်းကိုလေ မကြည့်ရက်လွန်းလို့ ကိုကို့ရင်တွေကျိုးရပါပြီ ။ မျက်ရည်တွေကြားက အတင်းဟန်ဆောင်ပြုံးပြီး ​လှည့်ပြန်သွားတဲ့ မြင်ကွင်းဟာ ကိုကို့အသဲကို ဓားနဲ့အစိမ်းလိုက်ခွဲချနေတာပါပဲ။ 

ငရဲဆိုတာ ဒါမျိုးပေါ့။ မချစ်တဲ့လူနဲ့ပေါင်းဖက်ရခြင်းဟာ တကယ့်ငရဲ။ ကိုယ့်ကိုယ်ကိုယ် ယောကျာ်းလို့ကို မထင်မိတော့ပါဘူး။ သေးသိမ်စုတ်ချာတဲ့ ပိုင်းလုံးချူဆီကောင်။ ညံ့ဖျင်းတဲ့ အောက်တန်းစားယောကျာ်း.....ကိုကိုလေ မင်းမျက်နှာ ကို စေ့စေ့မကြည့်ရဲနိုင်တဲ့အထိ ရှက်ရွံ့သိမ်ငယ်မိပြီ။ ကိုယ့်ကိုယ်ကိုယ် ရွံလိုက်တာ။

ကိုကို့ကလေးလေးက စိမ်းကားနေပြီ။ ကိုကိုလေ ခံနိုင်ရည်မရှိဘူး...... ကိုကို့ကို ရှောင်ဖယ်ပြီး စျာန့်နောက်ပါသွားတာမြင်တိုင်း ငိုချင်လောက်အောင် ဝမ်းနည်းရတယ်။ ကိုကို သဝန်တိုခွင့်မရှိပါဘူး.....ဒါပေမယ့် ရူးမတတ်အူတိုမိပါတယ်။

HIV တဲ့.....ငါ့မှာ HIV Positive တဲ့။ ဒေါ်ရိုစီဆီက ကူးတာသိပေမယ့် သူ့အတွက် သေမိန့်ချလိုက်သလိုပါပဲ။ ကိုကိုလေ မင်းအနားတောင် နေခွင့်မရှိတော့ဘူး။

နေပူထဲထိုင်စောင့်နေပြန်ပါပြီ။ ပြန်ပါတော့ကလေးရယ်။ ကိုကိုက လူဖြစ်ရှုံးပြီးသားပါ။ ကိုကိုနဲ့ဝေးဝေးသာနေပါတော့။ 

အသင့်ဆောင်ထားတဲ့ ဆပ်ပြာရည်တွေနဲ့ ကောက်ပက်လိုက်ပေမယ့် ကိုကို့ကြောင့် နေမကောင်းဖြစ်သွားရပြီ။ ကိုကို့ဆီက ပိုးတွေကူးမှာ ကြောက်လို့ပါ။ ကိုကို့ကလေးလေးအတွက် တစ်ခုခုတော့ စီစဥ်ရမှာ သိလိုက်တယ်။

စျာန့်ကို ကင်ဆာဆိုပြီး ဆေးအဖြေလိမ်ပြလိုက်တယ်။ အမှန်တိုင်းပြောပြချင်ပါတယ်။ ဒါပေမယ့် ကိုကို့မှာသာ ဒီရောဂါဆိုးကြီးရှိနေတာသိရင် စျာန့်မိဘတွေက သဘောတူမှာမဟုတ်ဘူး။ စျာန်ကရော ကိုကို့ကလေးလေးကို ယုံကြည်ပြီး ချစ်နိုင်ပါ့မလား။ 

အားးးးအဟင့်....ဟင့် ကိုကိုရယ်။

ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာရင်း ချစ်ချစ် နေရာတင် ရှိုက်ကြီးတငင် ငိုကြွေးမိသည်။ ကိုကို ရက်စက်လိုက်တာ.....တုံးအလိုက်တာ ။ တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားပြီး တစ်ယောက်ထဲ အချစ်သူရဲကောင်းကြီးလုပ်သွားသည်။ သနားလွန်းလို့......ချစ်ချစ် ကိုကို့ကို သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ။ 

ကိုကို မချစ်ဘူးထင်ခဲ့တာ။ 

ချစ်ချစ်ကို ကိုကိုမချစ်ခဲ့ဘူးထင်တာ။

အချစ်ဆိုသည့် ဝေါဟာရ နှစ်လုံးထက် သာလွန်အောင် ကိုကိုချစ်ပေးခဲ့သည်ပဲ။ ကိုကို့ အချစ်က အမြဲ အေးမြလုံခြုံစေခဲ့တယ် ကိုကို။

@@@@@@@@@@@@@@

ဒီနေ့ ရက်လည်ဆွမ်းကျွေးဖြစ်ကာ ဆွမ်းကပ်ပြီး တရားနာနေခြင်းပင်။ ရေစက်ခွက်ကိုင်ရင်းမှ ချစ်ချစ် မျက်ဝန်းတွေကို အသာအယာမှိတ်ထားမိသည်။ 

" ယနေ့ပြုတဲ့ ဆွမ်းအလှု ၊ ပြုပြုသမျှ အလှူတို့၏ အဖို့ဘာဂကို ဒကာမောင်လရိပ် ရောက်ရာနေရာဘုံဘဝက သာဓုခေါ်နိုင်ပါစေ......ကဲ အမျှဝေမယ်။ "

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ သာဓု သာဓု သာဓု

အံကိုတင်းတင်းကြိတ်ထားရင်းမှ အသံမတုန်ယင်စေရန် မငိုမိစေရန် ချစ်ချစ်စိတ်ကိုတင်းကာ အားတင်း၍ အမျှဝေရေစက်ချသည်။ ဦးပဥ္စင်းက အမျှဝေသည့်သူဟာ ငိုယိုပြီးအမျှဝေလျှင် သာဓုခေါ်၍မရဟုဆုံးမထားသည်မဟုတ်လား။.

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ သာဓု သာဓု သာဓု

အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ သာဓု သာဓု သာဓု

ရေစက်ခွက်ကိုချပြီး ကြမ်းပြင်ပေါ်ခေါင်းငုံ့ကာ ရှိခိုးဦးချလိုက်သည့်အချိန် ပြန်ခေါင်းမထောင်နိုင်တော့ပဲ ဦးချလျက်သားလေးဖြင့် ကိုယ်လေးတသိမ့်သိမ့်တုန်ယင်ကာ ချစ်ချစ်ငိုတော့သည်။ 

" သမီးလေး.....သမီးလေးရယ်.....မောင်လရိပ်ရယ် မင်းညီမကိုကြည့်ကြည့်ပါဦးကွဲ့။ "

ကြီးမေ၏ ရေရွတ်တမ်းတသံအဆုံး ချစ်ချစ် ကိုကို့မျက်နှာကိုပြေးမြင်ကာ ဟီးခနဲငိုချရင်း အသက်ရှူမဝနိုင်အောင်ဖြစ်လာရသည်။ ချစ်ချစ် ကိုကို့ကို သနားလိုက်တာ ။ တစ်ယောက်ထဲ ကြိတ်မှိတ်ခံစားရင်း ဘယ်လောက်ကြောက်ရွံ့တုန်လှုပ်နေခဲ့မလဲ။ ဘယ်လောက်နာကျင်လိုက်မလဲ။ 

ချစ်ချစ်ကရော......ကိုကို့နောက်ဆုံးအချိန်မှာလဲ အတူရှိမနေပေးနိုင်ခဲ့သလို ကိုကို့အလောင်းကိုပင် မမြင်လိုက်ရ။ သဂြိုလ်ခွင့်လေးပင်တောင်မှ မရခဲ့အောင် ကိုကိုရက်စက်လွန်းပါသည်။

အခုမှ လောကကြီးတွင် ကိုကိုမရှိတော့ဘူးဆိုသည့် ခံစားချက်ကို ခံစားမိလာကာ ရင်ထဲလှစ်ဟာ၍ စို့နင့်တက်လာ၏။ ရင်ဘတ်ကလေး ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်အောင် ငိုရှိုက်ရင်း ကိုကိုရေဆိုသည့် မချိတင်ကဲ ခေါ်သံအဆုံး ချစ်ချစ်ကိုယ်လေးမှာ ကြီးမေရင်ခွင်ထဲ ပျော့ခွေကျကာ သတိလစ်သွား၏။ 

ချစ်ချစ် အတွက် ကိုကိုဟာ အမြဲကာကွယ်ပေးသည့် တောင်တန်းကြီးဖြစ်ခဲ့ပါသည်။ မသိခဲ့ဘူးလေ... တောင်တွေဟာ ပြိုတတ်မယ်လို့။

ဘယ်သူမှ မသိခဲ့ကြပါ.....ကားအက်ဆီးဒင့်ဟာ မတော်တဆ မဟုတ်ခဲ့ဘူးဆိုတာ။ ရောဂါကျွမ်းကာ အသက်ကုန်သည်အထိ စောင့်လျှင် သူ့ရောဂါကို လူတွေသိပြီး ချစ်နှင်းဆီကို သွားထိခိုက်မှာ စိုးရိမ်ခဲ့သည့် လရိပ်။ ကားအက်ဆီးဒင့်ဖြင့် ဆုံးသည့်အဖြစ်ကို ​ကျေကျေနပ်နပ်ကြီး ရွေးချယ်ခဲ့၏။

ဥယျာဥ်မှူးမှာ ပန်းခူးခွင့်မရှိဘူး ချစ်သူ။

ဒါပေမယ့် ဘယ်ဥယျာဥ်မှူးမှ ခူးခွင့်မရှိတဲ့ပန်းဆိုပြီး လျစ်လျူရှုမနေနိုင်ကြဘူး။ 

တောင်းဆုတစ်ခုသာ တောင်းချင်ပါသည်။

ဘယ်အချိန်ဘယ်သောအခါကမှ ပေးဆပ်ရခြင်းအပေါ် ငြူစူခြင်းမရှိခဲ့ဖူးပါ။

ဤမှန်သော သစ္စာစကားကြောင့် နောက်ဘဝသာသူမလေးနဲ့ဆုံခဲ့မည်ဆိုလျှင် သိပ်ချစ်ပါသည်ဆိုသော ဖွင့်ဟဝန်ခံခြင်းတစ်ခုတော့ နှုတ်ဖျားမှ ထုတ်ပြောချစ်ရေးဆိုခွင့်ရှိနိုင်သောသူဖြစ်ပါရစေ။

ချစ်တယ်လို့ ဝန်မခံခဲ့ရပေမယ့် ကိုယ်မင်းကို သိပ်ချစ်ခဲ့ပါတယ်ချစ်သူ။

@@@@@@@@@@@@@@@@@@@@@@

The End.

ပြီးပါပြီ။

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#မျက်လုံး
#မျက်နှာ
#စာအုပ်
#စာချုပ်
#စကား

Some text some message..