‘သရဲခြောက်သောအိမ်’
………
ဒုန်း...။
နောက်ဖေးမီးဖိုချောင်က ပြတင်းပေါက်တချပ် လေတိုက်ပြီး ဒုန်းကနဲ ပိတ်သွားတယ်။ ညနက်သန်းခေါင်ဆိုတော့ အသံကြီးက ဟိန်းသွားတာပဲ။ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ အိပ်နေတဲ့ နောက်ယောကျ်ားဟာ မျက်လုံးကြီးပြူးပြီး နိုးလာတော့တယ်။
‘… ဘာ.. ဘာသံကြီးလဲ’
အသံ တုန်တုန်ရီရီနဲ့ မေးလိုက်တယ်။ ဘေးမှာ အိပ်နေတဲ့ သူမက အိပ်မှုန်စုံမွှားနဲ့ နိုးလာပြီး -
‘နောက်ဖေးပြတင်းကို လေတိုးလို့ တံခါးပိတ်သွားတာဖြစ်ပါလိမ့်မယ်’
‘ဟာ မင်းကလည်း သေချာလို့လား။ သွားကြည့်စမ်း’
သတ္တိခဲ ယောကျ်ားကြီးက စောင်ကို ခေါင်းမြီးမခြုံရုံတမယ် ဆွဲတင်ထားပြီး မိန်းမကို ခိုင်းလိုက်တယ်။ သူမ လည်း စိတ်မပါတပါနဲ့ အိပ်ရာကထပြီး နောက်ဖေးဘက်ကို ထွက်သွားတော့တယ်။ ဒီငနဲနဲ့ သူနဲ့ပဲ အခန်းထဲမှာ ကျန်ခဲ့တယ်။ သူ့စိတ်ထဲမှာ ဒီလူ့ကို ကြောက်အောင် ခြောက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပဲ။ ကုတင်ပေါ်မှာ စောင်ခေါင်းမြီးခြုံပြီး အကြောက်လွန်နေတာတွေ့တော့ ပိုလို့ ခြောက်ချင်သွားတယ်။
ခြုံထားတဲ့ စောင်ရဲ့ အောက်အနားစွန်းကို သူအာရုံစိုက်မိတယ်။ ဒီစောင်ကို သူ ဆွဲဖယ်လိုက်ရင် -
သူ့စိတ်အာရုံကို စောင်အနားစွန်းမှာ ထားပေးလိုက်တယ်။ အံ့သြစရာပဲ။ သူ့ဖြစ်တည်မှုဟာ လက်တဘက်လို ဖြစ်သွားတာ။ သူ့၀ိညာဥ်ခေါ်ရမလား။ သူ့ရဲ့ ခန္ဓာအခိုးအငွေ့ခေါ်ရမလား။ အဲဒီလို အရာဟာ စောင်အစွန်းနားမှာ သိပ်သည်းသွားပြီး စောင်ကို လှစ်ကနဲ ဖမ်းဆွဲချလိုက်တော့တာပဲ။
‘… အမလေးဗျ...’
ငယ်သံပါကြီးနဲ့ အော်လိုက်တဲ့ ဟိုလူ့ရဲ့ အသံနက်ကြီး။ သူ့နားထဲမှာ နား၀င်ပီယံရှိလိုက်ပါဘိ။ သူ ဒီဘ၀ ရောက်ပြီးကတည်းက တခါမှ မဖြစ်ဖူးတဲ့ ပျော်ရွှင်မြူးထူးတဲ့ ခံစားမှုကို ရလိုက်တယ်။ ဒီလောက် ပျော်စရာကောင်းမှန်း သူမသိခဲ့ဘူးလေ။
ဟိုလူဟာ သူခေါင်းမြီးခြုံထားတဲ့စောင် ကိုယ်ပေါ်ကနေ လှစ်ကနဲ လျှောထွက်သွားတာကြောင့် ကြောက်အားလန့်အားနဲ့ အော်ပြီး စောင်ကို အမြန်ပြန်ဆွဲပေမဲ့ မမီတော့ဘဲ စောင်ဟာ ကုတင်အောက်ကို ပြုတ်ကျသွားတော့တယ်။
‘သရဲ သရဲခြောက်တာဟ… အမလေး...’
အခုတော့ ဒီလူဟာ ကုတင်ပေါ်မှာ ကွေးအိပ်မနေရဲတော့ဘဲ ငုတ်တုတ်ထထိုင်ပြီး ကုတင်ခေါင်းရင်းဘက်ကို ဖင်ဒရွတ်ဆွဲပြီး ရွှေ့သွားနေတယ်။
‘ဗုဒ္ဓေါ.. ဓမ္မော.. သံဃော… ဘုရား.. တရား.. သံဃာ.. ဆရာတော်ဘုရားကြီး ကယ်မတော်မူပါ...’
ဒီလူ့ပါးစပ်က ဘယ်လိုပဲ ရောက်တတ်ရာရာတွေ ရွတ်နေနေ ဘုန်းကြီးတွေလာပြီး ပရိတ်ရွတ်တုန်းကလို အလင်းရောင်တောက်ပလာဖို့ မပြောနဲ့ အမှောင်ထုတောင် နည်းနည်းလေးမှ လျော့မသွားဘူး။ သီလ သမာဓိ မလုံခြုံတဲ့လူအတွက် ဘာဂါထာပဲ ရွတ်ရွတ် မစွမ်းဘူးဆိုတာ တကယ်မှန်တာပါလား။
… ငါ… စောင်ကို ဆွဲချနိုင်ပြီ… တယ်ဟုတ်ပါလား...။
သူ သဘောကျနေမိတယ်။ ငါ့မိတ်ဆွေကြီး ညောင်ပင်တစ္ဆေကို မြင်စေချင်တယ်။ ငါ တော်တော် အဆင့်မြင့်လာပြီပဲ။ … နေဦး။ ဒီကောင့်ကို ပိုကြောက်သွားအောင် ကိုယ်ထင်ပြလိုက်ရမလား...။ သူ စဥ်းစားမိသေးတယ်။ … အင်း။ နေပါဦး။ မပြသေးတာပဲ ကောင်းတယ်။ ခြောက်တယ်ဆိုတာ တဆင့်ချင်းစီ မျှင်းပြီး ခြောက်မှ ပိုကြောက်ဖို့ကောင်းတာ မဟုတ်လား။ ၀ုန်းကနဲ ဗြုန်းစားကြီး ကိုယ်ထင်ပြလိုက်ရင် နောက်ထပ် ဘယ်လို ဆက်ခြောက်ရတော့မလဲ။
‘ညီမထင်တဲ့အတိုင်းပဲ။ ပြတင်းပေါက် လေတိုးလို့ ပိတ်သွားတာအစ်ကို’
သူမ ပြန်လာပြီး ပြောလိုက်တယ်။ ပြီးတော့ ကုတင်ပေါ်ကို ပြန်တက်အိပ်မလို့လုပ်တယ်။
‘နေ.. နေဦး။ အခုပဲ ငါ့စောင်ကို ဒီသရဲ ဆွဲချသွားတာ’
‘ရှင် သရဲဟုတ်လား။ ဘယ်မှာလဲ’
ဒီတခါတော့ သူမပါ ကြောက်ကြောက်လန့်လန့် ဖြစ်သွားတယ်။ သရဲမကြောက်တဲ့လူရယ်လို့ ဘယ်ရှိပါ့မလဲလေ။ အရင်က ဘယ်လောက်ပဲ ချစ်ခဲ့ ချစ်ခဲ့ သရဲဆိုရင်တော့ ကြောက်ကြတာပဲ မဟုတ်လား။
‘အကောင်အထည်လိုက်တော့ ငါမတွေ့လိုက်ဘူးဟ၊ ဒါပေမဲ့ ငါ့စောင်ကို ဆွဲချသွားတာ။ ဟိုမှာ စောင်။ ကြမ်းပေါ်ရောက်နေတာပဲ ကြည့်’
‘… ဟုတ်လို့လား အစ်ကိုရယ်။ စောင်က သူ့ဟာသူ လျှောကျသွားတာဖြစ်ပါမယ်’
‘မဟုတ်ဘဲ ငါက နင့်ကို အားအားလျားလျား ပြောမလားဟဲ့။ သ.. သွား။ စောင်သွားကောက်ပေးစမ်းပါ’
သူမ အကြောက်ကြောက်အလန့်လန့်နဲ့ ကုတင်ခြေရင်း ကြမ်းပေါ်က စောင်ကို ကောက်ပြီး နောက်ယောကျ်ားကို ပေးလိုက်တယ်။ ဒီလူလည်း စောင်ကို ခေါင်းမြီးပြန်ခြုံလိုက်ပြန်တယ်။ အတော်ကို သရဲဘောနည်းတဲ့လူပါလား။ လူပုံကြည့်တော့ ထောင်ထောင်မောင်းမောင်း သန်သန်မာမာကြီးနဲ့။ ဒီလောက်ကြောက်တတ်တာ ရယ်စရာတောင် ကောင်းနေတယ်။ အင်း… နေဦး။ ငါ ဘာဆက်လုပ်ရမလဲ။
ဖြစ်နိုင်ရင်တော့ သူမ ကို သူ မကြောက်စေချင်ဘူး။ အခုနေ ဆက်ခြောက်နေရင် သူမလည်း ကြောက်နေမှာ။ ဟိုကောင်တစ်ယောက်ထဲရှိတဲ့အချိန်မှ ငါ ဆက်ခြောက်တာ ကောင်းပါလိမ့်မယ်။ ဒါမှမဟုတ် သူမ အိပ်သွားတဲ့အထိ စောင့်လိုက်မယ်...။ အဲဒါနဲ့ပဲ သူဟာ အခန်းခြေရင်းက အမှောင်ထုထဲမှာ အမျိုးသမီး ပြန်အိပ်ပျော်သွားတဲ့အထိ ရပ်စောင့်နေလိုက်တယ်။
… ဟင်း.. ဟင်းး… ဒီတခါတော့ စောင်မဆွဲတော့ဘူး။ ဒီကောင့် ခြေထောက်ကို သွားကိုင်ရမယ်..။
သူ စောင်ကို ဆွဲနိုင်သလို ခြေထောက်ကိုလည်း ဆွဲနိုင်မယ်လို့ ယုံကြည်မိတယ်။ ခဏနေတော့ ဒီကောင်ပါ တဖြည်းဖြည်း အိပ်ပျော်သွားတယ်။ ငနဲရဲ့ ကျက်သရေတုန်းတဲ့ ပါးစပ်ပေါက်ကြီးထဲက ‘တခေါခေါ’ နဲ့ ဟောက်သံထွက်လာတယ်။ သူ အရင်တခါ စောင်ကို ဆွဲတုန်းကလိုပဲ သူ့စိတ်ကို ဒီကောင့်ရဲ့ ခြေသလုံးဆီ အာရုံစိုက်လိုက်တယ်။ သူ့ရဲ့ လက်လိုမျိုး အသွင်သဏ္ဍာန်ဟာ ဒီကောင့်ရဲ့ စောင်အောက်ကနေ ထွက်နေတဲ့ ခြေသလုံးဆီကို တဖြည်းဖြည်း ရွေ့သွားတယ်။ သူ့လက်ကြီးက အေးစက်နေမှာပဲ ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ အနွေးဓာတ်မရှိလို့ပဲ။ အခန်းတွင်းလေထုရဲ့ သိပ်သည်းနေတဲ့ စိုထိုင်းထိုင်း အေးစက်စက် ဖြစ်တည်မှုကြီးတစ်ခုအတိုင်းပဲ မဟုတ်လား။
‘အမလေးဗျ။ လက်အေးကြီး လက်အေးကြီးနဲ့ လာကိုင်တယ်ဟ’
ဒီတခါ ဒီကောင်ဟာ လန့်အော်ရုံတင်မဟုတ်ဘဲ အိပ်ရာပေါ်ကနေ တစ်ပေလောက် မြောက်တက်သွားအောင် ထခုန်လိုက်တယ်။ သူ့မှာသာ အဆုတ်နဲ့ ပါးစပ်တွေ ပါခဲ့ရင် အူတက်မတက် ရယ်မိမှာပဲ။ သူကိုင်လိုက်တာကမှ တစက္ကန့်လောက်လေးပါ။ အဲဒါကိုတောင် ဒီလောက်ဖြစ်နေတယ်။
ခြေထောက်ကိုသာမဟုတ်ဘဲ.. လည်ပင်းကိုသာ သူညှစ်ခဲ့ရင်…။
အဲဒီအတွေးပေါ်လာတော့ သူ့ရဲ့ ပျော်ရွှင်မြူးထူးနေတဲ့ စိတ်တွေ ပျောက်သွားပြီး အမှောင်ဓာတ်ကြီးက ရောက်လာပြန်တယ်။ အိပ်ရာပေါ်မှာ ချွေးစေးတွေ ပြန်ပြီး မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေတဲ့ ဒီလူကို သူကြည့်နေရင်းနဲ့ မုန်းတီးစိတ်တွေ တဖွားဖွား ပေါ်လာတယ်။ … ငါ စောင်ကို ဆွဲနိုင်ပြီ။ ဒီလူ့ ခြေထောက်ကို ကိုင်နိုင်ပြီ။ ဒါဆိုရင် သူ့လည်ပင်းကို .. ငါ ဘာလို့ မလုပ်နိုင်ရမလဲ...။
….ဂီးးးးးး…...။
အဲဒီအချိန်မှာပဲ အခန်းထောင့်အမှောင်ရိပ်ထဲကနေ အသံအက်အက်ကြီးနဲ့ မာန်ဖီလိုက်သံကြီးကို သူကြားလိုက်ရတယ်။ ဟိုကောင်နဲ့ သူမ တို့ကတော့ ကြားနိုင်ပုံမရဘူး။ အရိပ်ထဲကနေ ထွက်လာတာကတော့ ဟိုတနေ့က သူတွေ့လိုက်တဲ့ ခွေးနက်ကြီး။ နီရဲတဲ့ မျက်လုံးကြီးတွေနဲ့ ခွေးနက်ကြီး။ အရှေ့ကို တဖြည်းဖြည်း တိုးလာတာ။ သူသိလိုက်ပါပြီ။ ဒီငရဲခွေးကြီးဟာ သူ့အတွက်ပါပဲ။ သူ မကောင်းမှု ကြီးကြီးမားမား တစ်ခုကို လုပ်မိပြီဆိုတာနဲ့ ဒီခွေးကြီးဟာ သူ့ကို ငရဲပြည် အပါခေါ်သွားတော့မှာပဲ။ ဒါကို သူ ရိပ်မိလိုက်တယ်။
ငါ ဒီခွေးကြီးကို မကြောက်ဘူး။ ငရဲပြည်သွားရမှာလည်း မကြောက်ဘူး။ ဒီကောင့်ကို သတ်ရမှာလည်း ငါမကြောက်ဘူး။ ဒါပေမဲ့ ဒီလူ့ကို ငါ သတ်သင့်လား။ သူဟာ အသတ်ခံရလောက်အောင် ထိုက်တန်တဲ့ အပြစ်ကို ကျူးလွန်ထားလို့လား။ ငါ သိသလောက်ကတော့ ဒီလူဟာ ငါ့ အိမ်ပေါ်တက်ပြီး ငါ့မိသားစုကို အနိုင်ကျင့်နေတာပဲ။ ငါ့ မိန်းမကို ယူထားပြီး တခြား မိန်းမနဲ့ ဖောက်ပြန်နေတယ်။ ငါတို့ အိမ်ကို ရောင်းဖို့ ကြိုးစားနေတယ်။ ဒီကောင်ဟာ ငါ့မိသားစုအတွက် အန္တရာယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အဲဒီအတွက် ဒီကောင် သေသင့်သလား။ ငါ ဒီကောင့်ကို မသတ်ဘဲ ဒီအိမ်ကနေ မောင်းထုတ်ပစ်ရုံပဲရော မရဘူးလား။ ဒီအိမ်ဟာ သရဲခြောက်တတ်တဲ့ အိမ်ဆိုရင် ဒီကောင် ဒီအိမ်မှာ ကြာကြာနေနိုင်မှာ မဟုတ်တော့ဘူး။ အဲဒါဆို ဒီငနဲ ပြောင်းပြေးရမှာပဲလေ။
မတန်ပါဘူး။ ဒီကောင့်ကို သတ်ပြီး ငရဲပြည်သွားဖို့ မတန်သေးဘူး။ ငါ ဒီကောင့်ကို ဆက်ခြောက်မယ်။ လုံး၀ မနေရဲတော့တဲ့အထိ ဆက်ခြောက်မယ်။ ငါဟာ သရဲပဲ မဟုတ်လား။ သရဲဆိုတာ လူတွေကို ခြောက်ဖို့ လှန့်ဖို့။ အမှောင်ထုထဲကနေပြီး သူတို့ ဆက်မနေ၀ံ့တော့အောင်။ ကျောတွေထဲက ချမ်းစိမ့်လာပြီး အဲဒီနေရာကနေ အမြန်ဆုံး ခွာပြေးသွားရအောင် ဖြဲခြောက်ထုတ်ပစ်ဖို့ပဲ မဟုတ်လား။
သူ အဲဒီလို စဥ်းစားမိတယ်ဆိုရင်ပဲ ခွေးနက်ကြီးဟာ သူ့စိတ်ကို ဖတ်နိုင်တဲ့အလား တဂီးဂီး အသံကြီးပြုပြီး အမှောင်ရိပ်ထဲကို ပြန်နောက်ဆုတ်၀င်သွားတော့တယ်။
ဟိုကောင်ကတော့ ကုတင်ပေါ်မှာ ဆက်မနေရဲတော့ဘဲ အိမ်ရှေ့ခန်းက ဘုရားစင်ဆီ ပြေးပါလေရော။ ဘုရားစင်ပေါ်က ဘုန်းကြီးတပါးရဲ့ ဓာတ်ပုံကို သူ့ခေါင်းကြီးပေါ် အကြိမ်ကြိမ် ပုတ်ရင်း ကျန်တဲ့လက်တဘက်က ဘုရားစင်ပေါ်က ပရိတ်ရေပုလင်းကို ဖွင့်ပြီး တဂွတ်ဂွတ်နဲ့ မော့သောက်ချတော့တာပဲ။ ဘုရားစင်ပေါ်က ပရိတ်ရေဆိုတာ ဖျန်းပက်ဖို့ ဟုတ်ပေမဲ့ အဲလို သောက်လို့ရမရတော့ သူလည်း မသိခဲ့ဘူး။ အင်းလေ။ သူက တစ္ဆေတကောင်ပဲ။ ပရိတ်ရေ ကျွမ်းကျင်သူမှ မဟုတ်တာ။ ဘယ်သိပါ့မလဲ။ ဒါပေမဲ့ ဒီကောင်ကြီး ဘာပဲလုပ်လုပ် သူ့အပေါ်မှာတော့ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူး။ ကြည့်ရတာတော့ ဒီလူဟာ တော်တော် သီလ မလုံခြုံပုံရတာပဲ။
… အင်း။ ငါ ဒီညတော့ ထပ်မခြောက်တော့ဘူး။ ဒီလောက်နဲ့ လုံလောက်ပါပြီလေ။
………………………………………..
နောက်နေ့မနက်လင်းတာနဲ့ ဟိုလူဟာ သူမကို အကြပ်ကိုင်တော့တာပဲ။
‘ညီမ အစ်ကိုတို့ ဒီအိမ်မှာ ဆက်နေလို့ မဖြစ်တော့ဘူး’
‘ဘာဖြစ်လို့လဲ အစ်ကို’
‘ဘာဖြစ်ရမလဲ။ ဒီလောက် သရဲခြောက်နေတာ။ ညကဆို ဘယ်လောက်ကြမ်းသလဲ။ အရင်က ဓာတ်ပုံ ပြုတ်ကျရုံလောက်ပဲ။ အခု ကိုယ်ထိလက်ရောက်ပါ ခြောက်လာပြီ။ နောက်ဆိုရင် လူကို ရန်ပြုတော့မယ်။ အိမ်မှာလည်း ကလေးအငယ်တွေနဲ့လေ။ ညီမ ကလေးတွေအတွက် စိတ်မပူဘူးလား’
သူမ နည်းနည်း တွေဝေသွားတယ်။ သူမစိတ်ထဲမှာ ဒီသရဲဟာ ‘သူ’ ဆိုတာ သိနေတယ်။ သူ က ကလေးတွေကို ရန်ပြုပါ့မလား။ သူမ အဲဒါကိုတော့ လုံး၀ လက်ခံလို့ မရဘူး။ ဒါကို ရိပ်မိပုံရတဲ့ ဟိုကောင်က -
‘ညီမ၊ မကောင်းဆိုး၀ါးဆိုတာမျိုးက အရင်ဘ၀တွေ အခုဘ၀တွေ နားလည်တာမဟုတ်ဘူး။ သူတို့ဟာ အပါယ်ဘုံသားတွေ။ အဆင့်သိပ်နိမ့်တယ်။ စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိကြဘူး။ သူတို့အတွက် သား သမီး ဆိုပြီး ငဲ့ညှာရမှန်း သိတာမဟုတ်ဘူး။ အပါယ်ဘုံသားဆိုတော့ တိရစ္ဆာန်တွေနဲ့ အတူတူပဲ။ ဒါကြောင့် ဒီသရဲဟာ ေ၀ယံသေပြီး မကျွတ်တဲ့ သရဲဆိုရင်တောင် သူ့ကို မောင်းထုတ်ရလိမ့်မယ်။ ဒါပေမဲ့ အခု အစ်ကိုတို့ မောင်းထုတ်ဖို့လည်း ကြိုးစားပြီးပြီ။ မအောင်မြင်ဘူး။ ဒါကြောင့် ဒီအိမ်ကို ရောင်းမှကို ဖြစ်မှာ’
‘ဟင်.. အိမ်ကို ရောင်းမယ် ဟုတ်လား’
သူမ အသံမာမာနဲ့ ပြန်မေးလိုက်တယ်။ ဟိုကောင် နည်းနည်း ပြန်ထိန်းပြီးမှ -
‘ဟုတ်တယ်လေ ညီမ။ အခုဆို ဒီအိမ်မှာ သရဲခြောက်တာ ဘယ်သူမှ သိပ်မသိကြသေးဘူး။ နောက် ဟိုးလေးတကျော်ဖြစ်လာရင် ရောင်းရခက်နေမယ်။ အခုမှ စခြောက်ကာစဆိုတော့ ဒီအချိန်ရောင်းဖို့ အခွင့်ကောင်းပဲ’
‘အစ်ကို၊ ဒီအိမ်က ကိုဝေယံ ဘ၀နဲ့ရင်းပြီး -’
‘တော်စမ်း။ ဒီမိန်းမ!’
အသံကျယ်ကြီးနဲ့ အော်လိုက်သံကြောင့် သူမ တစ်ကိုယ်လုံး တုန်တက်သွားတယ်။ ဟိုကောင် အခုတော့ စိတ်မထိန်းနိုင်တော့ဘူး။ ဘီလူးရုပ်က ပြန်ပေါ်လာတော့တာပဲ။
‘မင်းက ဒီလင်ကို ခုထိ တ’ နေတုန်းလား။ မင်းတို့ သားအမိတွေ ဒုက္ခရောက်နေတုန်းက ငါ ကြည့်ခဲ့တာကိုမှ မထောက်၊ ဒီအချိန်ထိ လင်ဟောင်းကို စိတ်က မပြတ်သေးဘူး’
သူမ မျက်နှာ ပိုပြီး တင်းမာသွားတယ်။
‘ဒီမှာ ကိုလှိုင်မင်းခေါင်။ ကျွန်မတို့ မိသားစုကို ရှင်ကူညီခဲ့တယ်ဆိုတာက ချောကလက်လေး တစ်တောင့် နှစ်တောင့် ၀ယ်ပေးရုံ၊ ပန်းစည်းလေး တစ်စည်း ၀ယ်ပေးရုံလောက်ပါ။ ရှင့်ကို အားကိုးရမလားဆိုပြီး အိမ်ပေါ် ခေါ်တင်ခဲ့တာ၊ အခုထိ ကျွန်မတို့အတွက် ဘယ်နှပြား ဘယ်နှချပ်များ ရှင် ပေးကမ်းပြီးပြီမို့လို့လဲ။ အရင်က ရှိတာလေးတွေ ထုခွဲရောင်းချပြီး ခုထိ ရှင့်ကိုတောင် တင်ကျွေးထားရတာမဟုတ်လား။ ရှင့် အင်ဂျင်နီယာအလုပ်နဲ့ ရှာတဲ့ ပိုက်ဆံတွေလည်း ရှင်ဘာတွေလုပ်မှန်း မသိဘဲ ကုန်ကုန်နေတာ ကျွန်မ အခုမှ သိရတာမဟုတ်လားရှင့်’
‘မင်း.. မင်း ပါးစပ်ပိတ်ထားစမ်းကွာ။ ငါလက်ပါမိမယ်’
‘မပိတ်နိုင်ဘူးရှင့်။ ရှင်နဲ့ ညားတာမှ တစ်နှစ်မပြည့်သေးဘူး၊ အခု ရှင်က ဖောက်ပြန်ပြီး နောက်မိန်းမကို ထောက်ပံ့နေရလို့လား...’
… ဖျောင်း...။
ဟိုကောင် လက်ဖျံနဲ့ ရိုက်ချလိုက်တာကြောင့် သူမ ခွေကနဲ လဲကျသွားတယ်။
‘စောက်ကောင်မ။ ငါ ပြောနေတဲ့ကြားက၊ ကဲ အခု မှတ်ပလား’
ဘေးကနေ ရပ်ကြည့်နေတဲ့ သူ့စိတ်တွေ ဖောက်ပြန်သွားတော့တယ်။ သူ အဲဒီလူဆီ အားကုန်ပျံသွားပြီး ရင်၀ကို ဆောင့်တွန်းချပစ်လိုက်တယ်။
.. ဘိုင်း...။
ဒီလူ့ကိုယ်လုံးကြီးဟာ ဖွဲအိတ်ကြီးလို ကြမ်းပေါ်ကို ဖင်ထိုင်လျက် ပြုတ်ကျသွားတယ်။
‘ဟင်… မင်း… မင်း တွေ့လား။ ဒီမှာ မင်း လင်က ငါ့ကို လုပ်တာ။ ငါ မပြောဘူးလား။ ဒါ.. ဒါ သရဲခြောက်တဲ့အိမ်။ ဒီအိမ်မှာ ဆက်နေဦးမှာလား….’
သူမ ဘာမှ ပြန်မပြောဘဲ နောက်ယောကျ်ားရဲ့ မျက်နှာကို ရွံရှာစွာ ပြန်ကြည့်လိုက်တယ်။ သူမရဲ့ ပါးစောင်က စီးကျလာတဲ့သွေးတွေကို ဖြည်းဖြည်းသုတ်ရင်းနဲ့ -
‘ဟုတ်တယ်...။ ဒီအိမ်က သရဲခြောက်တယ်။ ဒါပေမဲ့ ဒီအိမ်မှာ ခြောက်တဲ့သရဲက ကျွန်မရဲ့ ခင်ပွန်းဟောင်း။ ဒီသရဲက ကျွန်မတို့ကို စောင့်ရှောက်ပေးမဲ့ သရဲရှင့်။ ဒီအိမ်ကနေ ထွက်သွားရမှာ ဒီသရဲလည်း မဟုတ်ဘူး။ ကျွန်မတို့လည်း မဟုတ်ဘူး။ ရှင်ပဲ။ ရှင်ပဲ ထွက်သွားရမှာ’
ပြတ်ပြတ်သားသား ပြောချလိုက်တဲ့ သူမရဲ့ စကားလုံးတွေအောက်မှာ ဟိုလူဟာ ပြားပြား၀ပ်သွားသလိုပဲ။ ဒီကောင် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ဒီလူ လွန်သွားမှန်း သိလိုက်ပေမဲ့ နောက်ကျသွားခဲ့ပြီ။ အခုတော့ ဒီကောင်ဟာ ကယ်တင်ရှင်အဖြစ်က ဗီလိန်လူကြမ်းအဖြစ်ကို ရောက်သွားခဲ့ပြီ။
‘ညီ… ညီမ။ အစ်ကို လွန်သွားပါတယ်။ အစ်ကိုတောင်းပန်ပါတယ်။ အစ်ကို့ကို ခွင့်လွှတ်ပါ’
‘ရှင်… ရှင်ထွက်သွားပါ… အခု ထွက်သွား’
‘အစ်ကို အခုလို လက်မပါတော့ဘူးဆိုတာ ကတိပေးပါတယ်။ သရဲခြောက်တဲ့ အိမ်မှာ မနေရဲတာနဲ့ အစ်ကို စိတ်လွတ်သွားမိတာပါ’
လို့ ပြောပြီး အခန်းထဲကနေ ထွက်သွားတယ်။ ဒါပေမဲ့ ဒီကောင် အိမ်ပေါ်က ဆင်းသွားမှာ မဟုတ်မှန်း သူရော သူမရော သိနေခဲ့တယ်။ ဒီကောင့်ကို ဒီအိမ်ပေါ်က မောင်းချဖို့က လွယ်လွယ်နဲ့တော့ ရမှာ မဟုတ်ဘူး။ သူ့ တာ၀န်က ဒီငနဲကို အိမ်မှာ မနေရဲအောင် ဆက်ပြီး ခြောက်လှန့်နေဖို့ပဲ။
………………………………
အဲဒီညက အားလုံး အိပ်မောကျနေတုန်း သူဟာ ဧည့်ခန်းက နံရံကပ်မှန်ရှေ့မှာ ရပ်ပြီး ကိုယ်ထင်ပြဖို့ လေ့ကျင့်မိတယ်။ ပထမဆုံး လုပ်နိုင်တာက အရင်တုန်းကလို အရိပ်မဲ ပေါ်လောက်ရုံပဲ။ ဒါတောင် တစ်မိနစ်မပြည့်ဘူး။ ဒီလို အငွေ့လို ဖျတ်ကနဲပေါ်ပြီး ဟုတ်ကနဲ ပြန်ပျောက်သွားတဲ့ သရဲမျိုးကို ဘယ်သူက ကြောက်ပါ့မလဲ။ ကြာရင် ဟာသလိုဖြစ်ပြီး အင်တာနက်ပေါ်တောင် အတင်ခံရနိုင်တယ်။ သရဲ ငပေါ ဆိုပြီးတော့။ အဲဒီလိုဆိုရင်တော့ ဒီကောင်လည်း အိမ်ပေါ်က ဆင်းတော့မှာ မဟုတ်ဘဲ သူ့မိသားစုကို ဆက်ပြီး နှိပ်စက်နေလိမ့်မယ်။
သူ မကောင်းတဲ့စိတ်တွေကို ကြိုးစားပြီး မွေးလိုက်တယ်။ အကုသိုလ်စိတ်တွေ များလေလေ။ သူ့ကိုယ်ကြီးက ပိုသိပ်သည်းပြီး ပိုကြီးလာလေလေပဲ။ ဒါပေမဲ့ တချိန်တည်းမှာပဲ အခန်းထောင့်ကနေ ဟို ငရဲခွေးကြီး ရောက်လာဦးမှာကိုလည်း သူစိတ်ပူမိသေးတယ်။
…. ကိုယ်လုံးတင်မကဘူး မျက်လုံးကြီးတွေလည်း လိုသေးတယ်… နောက်ပြီးတော့ ပါးစပ်ကြီး၊ ပါးစပ်ထဲမှာ အစွယ်ကြီးတွေနဲ့ လျှာရှည်ရှည် တွဲလောင်းကြီး….။
သူ့စိတ်ထဲမှာ ကြောက်စရာအကောင်းဆုံး ပုံရိပ်ကြီးတွေကို စဥ်းစားပြီး ပုံဖော်ကြည့်နေတယ်။ တဖြည်းဖြည်းနဲ့ မှန်ထဲမှာ နီရဲတဲ့ မျက်လုံးကြီးနှစ်လုံးကို တွေ့လိုက်ရတယ်။ ရုတ်တရက်တော့ သူ့ကိုယ်သူတောင် ပြန်ကြောက်သွားမိသလိုပဲ။ ဒါပေမဲ့ ဒါဟာ တခြား သရဲမဟုတ်ဘဲ သူ့ပုံရိပ်ပဲဆိုတာ ပြန်တွေးမိမှ အကြောက်ပြေသွားတယ်။
…. ငါ မြန်မြန် လေ့ကျင့်မှပဲ။ အချိန်သိပ်မရှိတော့ဘူး။ ဒီလူ ဒီအိမ်မှာ သက်တမ်းရှည်လေလေ၊ ငါ့မိသားစု ဒုက္ခရောက်ဖို့ ပိုများလေလေပဲ။
……………………………………………..
သိပ်မကြာလိုက်ဘူး။ သူစိတ်ပူထားတဲ့အတိုင်း ဖြစ်တော့တာပါပဲ။ ဒီလူဟာ ဟိုတစ်နေ့က ပြောခဲ့တဲ့အတိုင်း သူတို့အိမ်ပေါ်ကို ဆရာတစ်ယောက်ခေါ်လာပါတော့တယ်။ ဒီဆရာဟာ တိုက်ပုံအဖြူ၊ ပုဆိုးအဖြူနဲ့ သပ်သပ်ရပ်ရပ် သားသားနားနား ၀တ်ဆင်ထားတယ်။ အသက်ကတော့ ငါးဆယ်လောက်ရှိပြီ။ အသားဖြူဖြူ ပါးဖောင်းဖောင်းနဲ့ မသိရင် စီးပွားရေးသမားနဲ့တောင် တူတယ်။ သူက မှင်မောင်း ကောင်းကောင်းနဲ့
‘… အင်း ဒီအိမ်ထဲမှာ နက်ဂတစ် အင်နာဂျီ တွေ ရှိနေတယ်...’
လို့ ခရီးရောက်မဆိုက်ကြီး ပြောချလိုက်တယ်။ ဆရာရဲ့ လက်ထဲမှာတော့ စိပ်ပုတီးကိုင်ထားပြီး လက်ချောင်းတွေပေါ်မှာ နီလာ၊ ပတ္တမြား၊ မြ စတဲ့ ကျောက်တွေနဲ့ လက်စွပ်ကြီးတွေ ၀တ်ထားတယ်။
ကလေးနှစ်ယောက်နဲ့ သူမတို့က ဆရာလာမယ်မှန်း မသိထားတဲ့အတွက် အူကြောင်ကြောင်နဲ့ ဆရာ့ကို ၀ိုင်းကြည့်နေကြတယ်။ ဟိုကောင်က သူ့ဘေးမှာ ဆရာပါလာတဲ့အတွက် အရင်လို မကြောက်တော့ဘဲ လေသံမာမာနဲ့ -
‘ဟဲ့ - ကလေးတွေရော၊ အမေရော၊ နင်တို့ ဘာတွေလုပ်နေကြတာလဲ။ ဆရာ့ကို ထိုင်ရှိခိုးကြလေ’
‘ဟင့်အင်း၊ မရှိခိုးချင်ပါဘူး။ သူက ဘုန်းဘုန်းမှ မဟုတ်တာ’
သားငယ်လေးက ပြောလိုက်တော့ ဟိုလူ ပိုပြီး ဒေါသထွက်သွားတယ်။
‘တယ် ဒီကောင်လေး။ တော်တော် လျှာရှည်ပါ့လား။ ငါရိုက်လိုက်လို့’
ဒီမှာတင် ဆရာက သဘောထားကြီးစွာ ပြုံးလိုက်ပြီး ဟိုလူ့ကို လက်ကာပြလိုက်တယ်။
‘နေပါစေ မောင်လှိုင်။ ဆရာ့ရဲ့ အင်အားအကြီးဆုံး လက်နက်က မေတ္တာဓာတ်ပါ။ ဆရာ ဒီအိမ်က နက်ဂတစ်အင်နာဂျီတွေကို မေတ္တာလှိုင်းနဲ့ အနိုင်ယူမှာပါ မောင်လှိုင်။ ဒါကြောင့် ဘာမှ မပူပါနဲ့’
ဆရာက အပြောကတော့ ဟုတ်နေတာပဲ။ ပုံစံကလည်း တည်တည်ငြိမ်ငြိမ်ရှိပါတယ်။ ဆရာဟာ ဧည့်ခန်းက ဘုရားစင်ရှေ့မှာ တင်ပျင်ခွေ ၀င်ထိုင်လိုက်တယ်။ ဟိုလူက ဆရာ့ရှေ့မှာ လက်အုပ်ချီပြီး ပုဆစ်တုပ်ထိုင်တယ်။ ကျန်တဲ့ မိသားစုက အဲဒီအခါမှာတော့ မကောင်းတတ်တာနဲ့ ဟိုလူ့နောက်မှာ ၀င်ထိုင်လိုက်ရတယ်။
‘ကဲ.. ဆရာ ရေစင် ရေမန်း ဖျန်းပေးမယ်။ အိမ်သားတွေကို။ .. လာကြ။ လာကြ’
လို့ခေါ်ပြီး သူ့လွယ်အိတ်ထဲက ဆရာဖြူရေစင်လို့ တံဆိပ်ကပ်ထားတဲ့ ရေသန့်ဘူးတစ်လုံးကို ထုတ်လိုက်တယ်။
‘ကဲ သားတို့ သမီးတို့ မြေးလေးတို့။ ဘာမှ မကြောက်ကြနဲ့တော့၊ ဆရာဖြူ့ ရေမန်းက သိပ်စွမ်းတာကွဲ့။ ဒီရေမန်းနဲ့ ထိတဲ့ နာနာဘာ၀ဆို ဘယ်နာနာဘာ၀မှ မခံနိုင်ဘူး။ အကုန်လုံး ပြေးရတာချည်းပဲကွဲ့’
ဆရာ့စကားကို ကြားတော့ ဟိုငနဲရဲ့ မျက်နှာကြီး မျှော်လင့်ချက်တွေနဲ့ ပြုံးဖြီးနေတော့တာပဲ။
‘ဆရာ မြန်မြန်လုပ်ပါ။ ဒီသရဲကို ဒီအိမ်ကနေ ထွက်သွားစေချင်လှပါပြီ’
‘အိမ်း ကောင်းလေစွ ကောင်းလေစွ၊ ကဲ ဆရာ ဖျန်းပေးမယ်ကွယ် - မောင်လှိုင် ရှေ့တိုး ရှေ့တိုး’
ဗွမ်း….။
‘ဟ စောက်ခွေး။ ဟေ့လူ ဘယ့်နှဲ့လုပ်တာလဲဗျ’
နောက်ယောကျ်ားလုပ်တဲ့လူ ဒေါသတကြီး ထအော်လိုက်တယ်။ ဖြစ်ပုံက ဆရာဖြူဟာ ရေမန်းကို အသာအယာ မဖြန်းဘဲ ရေဘူးအဖုံးကို ဖွင့်ပြီးတာနဲ့ နောက်ယောကျ်ားရဲ့ မျက်ခွက်ကြီး တည့်တည့်ကို ဘူးလိုက်ကြီးနဲ့ ‘ဗွမ်း’ ကနဲ မြည်အောင် ပက်ချလိုက်လို့ပဲ။ ရုတ်တရက်ဆိုတော့ အားလုံး ကြောင်ကုန်ကြတယ်။ တကယ်က အဲလိုဖြစ်အောင် ဆရာ့ရဲ့လက်ကို သူ ဘေးကနေ ဆောင့်တွန်းလိုက်တာပါ။ ဒါကို အားလုံးက ဆရာ လုပ်တယ်ပဲ ထင်သွားကြတာ။
‘… ဟာ.. မောင်လှိုင်။ ဒါ… ဒါ.. ဆရာ တမင်လုပ်တာမဟုတ်… ဟို… ဟို..’
ဆရာ့ စကားမဆုံးသေးဘူး သူ့ရဲ့ ရေဘူးကိုင်ထားတဲ့ လက်ကြီးဟာ မြောက်တက်သွားတယ်။ သူ ဆရာ့ရဲ့ လက်ကို ကိုင်ပြီး မြှောက်လိုက်တာ။ ရေဘူးကြီးက ဆရာ့ခေါင်းပေါ်တည့်တည့်။ တဖြည်းဖြည်းနဲ့ ဘူး၀က အောက်ကို စောင်းကျလာတော့တာပဲ။
‘… အီးးး အီးး.. မလုပ်နဲ့လေ..’
ဗွမ်း.. ဗွမ်း… ဗွမ်း...။
ရေမန်းဘူးတစ်ဘူးလုံး ကုန်တဲ့အထိ သူ ဆရာဖြူ့ခေါင်းပေါ် ရေတွေ ပြန်လောင်းချပေးလိုက်တယ်။
‘… ဟီး ဟီး ဟီး… ခွီး ခွီး ခွီး...’
သားငယ်လေးရဲ့ သဘောကျပြီး ရယ်လိုက်သံ။
‘ဟာ… ဒီအိမ်က တကယ်သရဲခြောက်တာဟ၊ ဆောရီး ဆောရီး….။ ဒီတခါတော့ ဆရာလည်း မနိုင်ဘူးထင်တယ်။ သွား… သွားလိုက်ဦးမယ်’
လို့ အတုန်တုန် အရီရီနဲ့ ပြောပြီး ၀တ်ဖြူစင်ကြယ်နဲ့ မေတ္တာရှင် ဆရာကြီးဟာ တကိုယ်လုံး ရေစင်ရေမန်းတွေ စိုရွှဲပြီး တံခါးပေါက်ကနေ ထွက်ပြေးသွားပါတော့တယ်။
………………………….
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory