နှလုံးသား အနုကပ္ပ (အပိုင်း ၁)
lotaya.mpt.com.mm
|
2022-08-06

Part - 1

အလှပြင်ဆိုင်အတွင်းမှ ထွက်လာသည့် မိန်းကလေးနှစ်ယောက်။ နှစ်ယောက်လုံး ချောချောလှလှလေးတွေပေမယ့် ကွဲပြားနေသည်က အသွင်သဏ္ဍာန်ပင်။ တစ်ယောက်က ရဲတင်းသွက်လက်သလောက် တစ်ယောက်က မဝံ့မရဲမတုန်မလှုပ်လေးပင်။ အပြာရောင်ရင်ပြတ်ဂါဝန်ဒူးတိလေးဝတ်ထားသည့် ဆံပင်ရွှေရောင်ဖြင့် မိန်းကလေးက အနီရောင်ရင်ပြတ်ဂါဝန်ဒူးတိအကွဲလေးဝတ်ထားသည့် မိန်းကလေးကို ရပ်ထားသည့် အနက်ရောင်ကားထဲ ထိုးထည့်ရင်းမှ အပြင်ကနေ ခါးလေးကိုင်းကာ.....

" ဒီမှာ ခယောင်းပန်း.....နင် ငါမှာတဲ့အတိုင်း သေချာလုပ်နော်။ မလွဲစေနဲ့ သိလား.......အဲ့ မာန်ခိုက်ထင်ဆိုတဲ့လူက အရမ်းအကဲဆတ်တာတဲ့။ နင် ရော ငါရော ဒုက္ခရောက်မယ်နော်။ ဘွားဘွားသိရင်လဲ အသတ်ခံရမှာ။ "

မမချို စကားကြောင့် ပန်း မျက်နှာလေးငယ်ကျသွားရသလို ပိုပြီးရင်မောသွားရသည်။ ခယောင်းလုပ်နိုင်ပါ့မလား မသိပေမယ့် မဖြစ်မနေ လုပ်မှရမည်ဆိုတာတော့ သိနေသည်။ ခယောင်းသာ ငြင်းဆန်လျှင် ခယောင်းတို့သားအမိနှစ်ယောက်လုံး လမ်းဘေးတန်းရောက်သွားနိုင်သည် မဟုတ်လား။ ဘွားဘွား၏ သြဇာက ခညောင်းသလို မိုးကုတ်ကနေ ရန်ကုန်အထိကို ဖုန်းတစ်ခေါ်မှာပင် ခယောင်းတို့ညီအစ်မနှစ်ယောက်လုံး မလွန်ဆန်နိုင်သည်အထိ။ 

အထူးသဖြင့် ခယောင်း။

နဂိုထဲကမှ ခယောင်းကို အမြင်မကြည်သည့် ဘွားဟာ မြေးချင်းအတူတူတောင် ခယောင်းကို မြေးအဖြစ် မသတ်မှတ်။ မမချိုခိုင်း၍သာ လုပ်ရပေမယ့် ဘွားဘွားသိရင် ရက်ရက်စက်စက် အပြစ်ပေးမှာ တွေးမိတော့ ရင်မောသွားရ၏။ သို့ပေမယ့် မမချိုအကူအညီလိုနေတော့လဲ ခယောင်းမငြင်းသာ။ မမချိုဟာ ခယောင်းအပေါ် အလွန်ကောင်းသည့် အစ်မပင်။

မာန်ခိုက်ထင် ဆိုင်ထဲဝင်လာရင်းမှ သူ့အကြည့်က အနီရောင်ဝတ်ထားသည့် မိန်းကလေးဆီရောက်သွားရသည်။ ဖုန်းထဲမှာပြောတုန်းက အနီရောင်ဝတ်ခဲ့မယ်လို့ သေချာပြောထားသည်မို့ သူ တန်းတန်းမတ်မတ် လျှောက်လာခဲ့ရင်းမှ သူ့ဘက်လှည့်ကြည့်လာသည့် မျက်နှာလေးကို မြင်တော့ ငေးခနဲဖြစ်သွားရ၏။

" နေစမ်းပါဦး.....မင်းက "

" ဟို....ကျွန်မနာမည် တေးသံချိုပါ။ "

တေးသံချို.....ဒါဆို သူမက သူနဲ့စေ့စပ်ထားသည်ဆိုသော မိန်းကလေးပေါ့။ မာန်ခိုက်ထင်၏ ထူထဲသော မျက်ခုံးအစုံမှာ မြင့်တက်သွားသလို သူမရှေ့တွင် ဝင်ထိုင်ရင်းမှ.....

" မင်းက တေးသံချိုပေါ့....."

စူးစူးစိုက်စိုက် ကြည့်နေသည့် အကြည့်ကြောင့် ပန်း မနေတတ်စွာပင် ခေါင်းညိတ်ပြရင်း မျက်လွှာချကာ ခေါင်းငုံ့ထားမိ၏။ ကိုယ်ကပဲ ဟန်ဆောင်နေရတဲ့လူမို့လို့လားမသိ သူ့မျက်နှာကို စေ့စေ့မကြည့်ရဲဖြစ်နေသည်။ 

" အဟွန်း! "

မာန်ခိုက်ထင် တစ်ချက်ပြုံးလိုက်မိရင်းမှ သူ့မျက်စိရှေ့မှ သူမကို ငေးကြည့်နေမိတာ အကြည့်ပင်မလွှဲနိုင်သည်အထိ။ အစတုန်းကတော့ ငြင်းရန်လာခြင်းပေမယ့် ခုကျ သူစိတ်ဝင်စားစရာဖြစ်လာ၏။ 

" မင်း နဲ့ ကိုယ့်ကို လူကြီးချင်းသဘောတူထားကြတာ သိတယ်မဟုတ်လား ။ "

" ဟုတ်ကဲ့..... အဲ့ဒါလေ...."

" ကိုယ် မင်းကို သဘောကျတယ်။ လက်ထပ်ကြတာပေါ့။ "

ပန်း မျက်လုံးလေးပြူးသွားရသလို ဘာပြောလို့ပြောရမှန်းမသိ ဖြစ်သွား၏။ ဒီလိုကြီးပြောလာမယ်လို့မထင်သလို မမချို ကလဲ ရေလိုက်ငါးလိုက်သာနေရန်မှာထား၏။

" ဟိုလေ......ဟို......"

မာန်ခိုက်ထင် ထိုင်ရာမှထရပ်လိုက်တော့ သူ့ကို ငေးကြောင်ကာ မော့ကြည့်ရင်း မျက်လုံးလေးပေကလတ်ပေကလတ်လုပ်နေတာမို့......

" ထလေ......ဒါ First Date ဟာ။ "

" ဟင်....ထပြီး ဘာလုပ်ရမှာလဲ။ "

အူကြောင်ကြောင်လေး ပြန်မေးလာသည့် သူမပုံစံကြောင့် မာန်ခိုက်ထင် လွန့်ခနဲပြုံးမိသွားရာ သူမထိုင်နေတဲ့ခုံဆီ လက်နှစ်ဖက်လှမ်းထောက်လိုက်တော့ သူ့ရင်ခွင်ထဲ ရောက်နေသလိုဖြစ်သွားသဖြင့် သူမကိုယ်လေးက အလိုလိုကျူံ့သွားရသည်။ 

" ဘာလုပ်မယ်ထင်လို့လဲ....."

" ဟင်....."

" သြော်....ဘာတွေကြောက်နေတာလဲ။ လာ......လိုက်ခဲ့။ "

လက်ကိုလှမ်းဆွဲလိုက်ပေမယ့် သူ့လက်ထဲမှ အသာရုန်းထွက်ရင်း မျက်နှာလေးက ရှက်နေသယောင်မို့ သူအသဲတယားယားဖြစ်သွားရသည်။ သူမကိုယ်သူမတန်ဖိုးထားတတ်သည့် မိန်းကလေးမှန်း သိလိုက်သလို ဒီအချက်ကပင် သူ့ကို ပိုပြီးဆွဲဆောင်နိုင်၏။ ဘယ်ယောကျာ်းလေးမှ ခပ်လွယ်လွယ် မိန်းမမျိုးကို လက်တွဲဖော်အဖြစ် မစဥ်းစားရဲကြဘူး မဟုတ်လား။ 

@@@@@@@@@

ကားမောင်းနေသည့် ကိုကျော်က အနောက်ခန်းကို မကြာခဏ ခိုးကြည့်နေသလို ကိုကျော်အံ့သြနေရခြင်း အကြောင်းကို သူသိပါသည်။ သူ့ဘေးထိုင်နေသည့် သူမလေးကတော့ ဂါဝန်အကွဲလေးကို လက်ကလေးဖြင့် ဖုံးရင်း မနေတတ်သလို ဆွဲဖိနေ၏။ မာန်ခိုက်ထင် အပေါ်မှထပ်ဝတ်ထားသည့် အနောက်တိုင်းကုတ်အင်္ကျီအားချွတ်ကာ သူမလေးပေါင်ပေါ် လွှားပေးလိုက်သလို.....

" နောက် အကွဲတွေအတိုအပြတ်တွေ မဝတ်နဲ့ ကြားလား ။ "

" ဟင်....."

သူ ဘာပြောပြော တအံ့တသြနှင့် ငေးငေးလေးကြည့်နေတတ်သလို ထိုမျက်ဝန်းရွဲကြီးကိုပင် သူပျော်ဝင်ခဲ့ရခြင်းဟာ မြန်ဆန်၏။ 

" ကိုယ့်ကို ဖုန်းပေး....."

" ဖုန်း...."

" အင်း...."

ပြောလဲပြော လှုပ်စိလှုပ်စိလေးကို စိတ်မရှည်စွာ သူမကိုင်လာသည့် လက်ပွေ့အိတ်လေးထဲ ဆွဲနှိုက်လိုက်တော့ keypad ဖုန်းလေးတစ်လုံးထွက်လာ၏။ 

" ကိုကျော်......ဖုန်းဆိုင်တစ်ဆိုင်ရှေ့ရပ်လိုက်။ "

" ဟုတ်ကဲ့ ဘောစ့် "

သိပ်မကြာလိုက် ကား​လေးက ဖုန်းဆိုင်ခပ်ကြီးကြီးတစ်ဆိုင်ရှေ့ ထိုးရပ်သွားသလို သူလဲ ကားပေါ်မှ ဆင်းချသွား၏။ တခဏအတွင်း ပြန်ရောက်လာကာ ဗူးလေးကို ကမ်းပေးလာ၏။

" ဘာလဲဟင်....."

" ဖုန်းလေ......အဲ့ဖုန်းလွှင့်ပစ်လိုက်တော့။ "

" အို...."

! ဂွပ်....ဂျွတ်!

မြန်လိုက်သည့်ဖြစ်ခြင်းမှာ ပန်းလက်ထဲရှိ keypad ဖုန်းလေးကို ကားအပြင်ဆွဲလွှင့်ပစ်လိုက်သလို ကားတစ်စီးက ကြိတ်သွားတာကွက်တိ။ ပန်းငိုမဲ့မဲ့လေးဖြစ်သွားရင်းမှ.....

" ရှင်ကလဲ.....ဘာလို့လွှင့်ပစ်ရတာလဲလို့။ သွားပါပြီ......"

မာန်ခိုက်ထင် နှ​မြောတသဖြစ်နေသည့် ငိုမဲ့မဲ့ပုံစံလေးကို အသဲယားစွာငေးစိုက်ကြည့်ရင်းမှ မေးဖျားလေးကိုဆွဲယူလိုက်၏။

" ချစ်တယ်....."

"........"

" တကယ်ပြောတာ......မြင်မြင်ချင်းကို ချစ်သွားတာ။"

တဒိတ်ဒိတ်ခုန်ပေါက်လာသည့် ရင်ခုန်သံက အတိုင်းသားပြန်ကြားနေရသလို သတိလေးဝင်လာတော့ မျက်နှာလေးကို လွှဲဖယ်မိသည်။ သူချစ်တာ မမချို ကိုပါ......ပန်းကိုမဟုတ်ဘူးဆိုတာ သတိကပ်ရမည်။ 

" ကိုယ့်ဖုန်းနံပါတ်ထည့်ပေးထားတယ်။ ညကျဖုန်းဆက်မယ်.....။ "

" ဟို...."

" အင်းပါ....ပြန်ပို့ပေးမယ်။ ကိုယ်လဲ ညနေအစည်းအဝေးရှိတယ်။ "

မာန်ခိုက်ထင် သူမလေးကို အိမ်ရှေ့အထိပြန်ပို့ပေးပြီး အိမ်ထဲဝင်သွားသည်အထိ ကြည့်နေရင်း ပြုံးမိသည်။ 

" ဘောစ့်....အဲ့မိန်းကလေးက "

" အင်း....ငါသိတယ်။ ဒါပေမယ့် သူက မင်းဘောစ့်ရဲ့ ဇနီးဖြစ်လာလိမ့်မယ်။ "

ကိုကျော်က မယုံနိုင်သလို လှည့်ကြည့်လာတော့ မာန်ခိုက်ထင် သဘောကျစွာ ပြုံးမိသွားရသည်။ မာန်ခိုက်ထင် ဘဝမှာ လိုချင်တာမှန်သမျှ ရအောင်ယူခဲ့သည်ချည်းသာ။ ဘယ်သူကမှ လှည့်စားလို့မရအောင် ပါးနပ်လွန်းလို့ Business Magician ဟုပင် တင်စားခေါ်ဝေါ်ကြတာ အလကားမှမဟုတ်ပဲ။

@@@@@@@@@@@

 မမချိုကို အကုန်ပြောပြပြီးတာနဲ့ မမချိုက စိတ်ရှုပ်လာသလို သက်ပြင်းချရင်းမှ....

" ဒီလူကလဲ.....အခုမှဒုက္ခ။ မောင်နဲ့ငါ လက်ထပ်ဖို့ မြန်မြန်လုပ်ရမယ်။ ဘွားမလာခင် ရေလိုက်ငါးလိုက်သာနေပေးဦး......"

! တူ.....တူ.....တူ!

ဖုန်းမြည်သံကြောင့် ကြည့်မိတော့ ကိုကိုဆိုပြီးမှတ်ထားတာမို့ ပန်း ကြောင်သွားရသည်။ ကိုကို....ဘယ်သူပါလိမ့်...မဟုတ်မှ...။ မမချိုကို အလန့်တကြား ကြည့်လိုက်မိတော့ မမချိုက လက်ဟန်ခြေဟန်ဖြင့် မကိုင်ရန်ပြောနေတာမို့ ပန်းလဲ ကြောက်ကြောက်လန့်လန့်ဖြင့် ဖုန်းပိတ်ချလိုက်မိသည်။

မာန်ခိုက်ထင် ကျစ်ခနဲ စုပ်သပ်လိုက်မိရင်းမှ စက်ပိတ်သွားသည့် ဖုန်းကို စိတ်တိုစွာ အိပ်ယာထက်ပစ်ချလိုက်၏။ ဘယ်လို အူတူတူလေးမှန်းကို မသိ။ သူ့ဖုန်းကို မကိုင်သည့်အပြင် စက်ပါပိတ်ပစ်သည်ပေါ့လေ။ တွေ့ကြသေးတာပေါ့...... ။ 

-----------------------------

မနက်ခင်း စျေးသွားရန် ခြံတံခါးကိုဆွဲအဖွင့် ခြံရှေ့ရပ်ထားသည့် ကားပေါ်မှ ဆင်းလာသည့် သူ့ကို မြင်တော့ ပန်း အလန့်တကြား ဖြစ်သွားရ၏။ အိမ်ထဲပြန်ပြေးဝင်ရန် ပြင်ပေမယ့် သူကပိုလျင်မြန်စွာ အနားရောက်လာရင်း လက်ကိုဆွဲဖမ်းထား၏။

" ဒါက ဘယ်ပြေးမလို့ပြင်နေတာတုန်း....။ "

" မ.....မပြေးပါဘူး ။ အိမ်ထဲပိုက်ဆံမေ့ကျန်ခဲ့လို့။"

" အဟွန်းးးးးလိမ်တာဘုရားမကြိုက်ဘူး ကလေးရဲ့။ ကိုယ်လဲမကြိုက်ဘူး။ "

က....ကလေး။

ဘုရားရေ......ဒီလူနဲ့တော့ ဒုက္ခ။ ပန်း လက်ကိုမရမကရုန်းနေစဥ် ခြံထဲမှ ထွက်လာသည့် မမချို။ 

" အားးးးးး!!"

မာန်ခိုက်ထင်ကို မြင်ပြီး မမချိုဆီမှ အလန့်တကြားအော်သံကြီးထွက်လာသလို ထိတ်လန့်သွား၍ လှည့်ပြေးရန်ပြင်ရင်း ချော်လဲကျသွားကာ မှီလုမှီရာဖြစ်သည့် ပန်းကိုလှမ်းဆွဲပေမယ့် မာန်ခိုက်ထင်က လျင်မြန်စွာအရင်ဦးအောင် ပန်းကို သူ့ဘက်ဆွဲထားတာမို့ မမချိုသာပစ်စလတ်ခတ်လဲကျ၏။

" အမလေးးးးသေပါပြီ။ "

မာန်ခိုက်ထင် မျက်ခုံးအစုံပင့်မိသွားရရင်းမှ.....

" တွေ့ရတာဝမ်းသာပါတယ်....မတေးသံချို"

@@@@@@@@@@@@@@@@@@@@@

To be continue P - 2

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#မျက်လုံး
#အနီရောင်
#မျက်နှာ
#မိန်းကလေး
#မာန

Some text some message..