ကိုယ်ပျောက်မိစ္ဆာ (၂)
lotaya.mpt.com.mm
|
2022-08-09

ဖိုးဆိုးကို မိစ္ဆာကောင်က ကိုင်ပေါက်သတ်ခြင်း

အခန်း(၄)

        ဒီကနေ့   မခင်အေး  ရေစချိုးနိုင်ပြီ။ ပြီးခဲ့တဲ့ ရက်တပတ်လုံး  မခင်အေး  အိမ်ထဲကနေ အိမ်အပြင် မထွက်ဘူး။ ယုတ်စွအဆုံး အပေါ့အပါးသွားတာတောင် ဒန်ခွက်နဲ့ အိပ်ယာထဲတင် ပြီးပစ်လိုက်တယ်။

         အညစ်အကြေးကိုတော့ သမီးအကြီး အိဖြူကပဲ ရှင်းပေးတယ်။ အိဖြူက အခုဆို ၁၂နှစ်။ အငယ်မ ပန်းဖြူက  ၁၀နှစ်။ သမီးနှစ်ယောက်စလုံးက လိမ်မာကြသည်။ အမေဖြစ်သူ အိပ်ယာထဲ လဲနေတော့ ထမင်းဟင်းချက်၊ အဝတ်လျော်၊ အိမ်သန့်ရှင်းရေး သူတို့ပဲ လုပ်ကြတယ်။

          ယောက်ကျားဖြစ်သူ  ကိုမြင့်ဆွေက မြို့တက်သွားတာ ရက်နှစ်ပတ် ကျော်နေပြီ။ ဘာသတင်းအစအနမှ မကြားရသေး။ ဘယ်ကို ခြေသဝေထိုးနေတယ်မသိရ။ ယောက္ခမ ဖြစ်သူ 

ဒေါ်ခကတော့  ထုံးစံအတိုင်း နှီးခမောက်တို့ နှီးဖျာတို့ ယက်နေတာပေါ့။ ဒါကလည်း အိမ်အတွက် ဆန်ဖိုးလေး အထောက်အကူ ဖြစ်တယ်မဟုတ်လား။ ဒေါ်ခ အသက်က မငယ်တော့ဘူး။ ၆၀ကျော်ပေါ့။ ဒါပေမဲ့  ကျန်းမာတယ်။ တောသူတောင်သားကိုး။ ဒေါ်ခက  သားကိုလည်း အပြစ်တင်တတ်သူ

မဟုတ်သလို ၊ ချွေးမနဲ့ မတည့်သူ မဟုတ်။ ပြောရရင် နေတတ်သလို နေတယ်။ အနေအေးတယ်။ စကားနည်းတယ်။ သူ လုပ်စရာရှိတာကိုပဲ လုပ်နေတတ်တဲ့သူ။ဒါကြောင့်  သူ့သား မြင့်ဆွေ 

အိမ်ပြန်မလာတာ ရက် ၂ ပတ်ကျော်လာပေမယ့်  စိတ်ပူပန်ဟန်မရှိဘူး။ လက်ထဲရှိတဲ့ငွေ ကုန်ရင်၊ အချိန်တန် အိမ်ပြန်လာမယ်ပဲ အောက်မေ့ထားတယ်။ 

        မခင်အေးဟာ  သူ့သမီးနှစ်ယောက် ထည့်ပေးထားတဲ့  စဥ့်အိုးထဲက တွင်းရေကို ချိုးနေတယ်။ ခန္ဓာကိုယ်ပေါ်က အလျိုးရာတွေ  မရှိတော့ဘူး။ မရှိပေမယ့်  မသတီတဲ့ မခင်အေးက  ဆပ်ပြာကြမ်းနဲ့ သူ့ကိုယ်ပေါ်ကို အထပ်ထပ် ပွတ်တိုက်နေရှာတယ်။အဆီတဝင်းဝင်းနဲ့ ညိုညစ်ညစ် ကျောပြောင်ကြီး ကို  ပြန်မြင်ယောင်လိုက်တိုင်း  လူက ပျို့ချင်သလိုလို အန်ချလိုက်ချင်သလိုလို အော်ဂလီဆန်လာလေ့ရှိတယ်။ 

      တကယ်တော့  မခင်အေး အသက်ဟာ ၃၅နှစ်ပဲ ရှိသေးတယ်။ သမီးနှစ်ယောက်အမေဆိုပေမယ့် မခင်အေးဟာ  ကြံခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိတယ်။ ပြီးတော့  မခင်အေးရဲ့ အသားအရေက ညိုစိမ့်စိမ့်ဆိုတော့  အကြည့်ခံတယ်။ ဆံပင်ကလည်း ကောင်းသလို၊

မျက်လုံးမျက်ဖန်ကလည်း ကုလားဆင်။ ခြုံငုံပြောရရင် လှတယ်။

        မခင်အေး   ရေချိုး၊ခေါင်းလျော်ပြီး  အိမ်ထဲဝင်တယ်။ အငယ်မ ပန်းဖြူက အမေအတွက် သနပ်ခါး အရန်သင့် သွေးပေးထားတယ်။ မခင်အေး သနပ်ခါး လူးလိုက်တယ်။ အကြီးမ ပန်းအိက မိခင်ရဲ့ ဆံပင်တွေကို ရေစင်အောင် ခြောက်သွေ့အောင် တဘက်ဖြင့် သုတ်ပေးတယ်။ 

        တသောင်လုံး  ကလေးတွေကို ပြုစုယုယခဲ့တဲ့ မခင်အေးက  အခုလို သမီးနှစ်ယောက်က  သူ့ကို တလှည့် ပြန်ပြုစုယုယတာ ခံရတော့ အတိုင်းမသိ ကြည်နူးနေမိတယ်။ဖြစ်ခဲ့တဲ့  အနိဠာရုံတွေ တခဏ မေ့ပျောက်သွားတယ်။ 

        အမေဖြစ်သူ  ကျန်းမာလာပြီဆိုတာကို မြင်ရတဲ့ သမီးနှစ်ယောက်က လည်း ဝမ်းသာနေကြတယ်။ သူတို့မှာ ဒီအမေကိုပဲ  အားကိုးအားထားပြုနေကြရတာမဟုတ်လား။ အဖေဖြစ်သူက တလနေလို့ 

၃ရက်ပြည့်အောင် အိမ်ကပ်တာမဟုတ်ဘူး။ အရောင်းအဝယ်ကိစ္စ အကြောင်းပြပြီး၊ နေကုန်နေခမ်း အပြင်ထွက်နေတာဆိုတော့ ကလေးတွေက ဖအေကို သိပ်မခင်တွယ်ကြဘူးပေါ့။

       မခင်အေး  မနက်စာအပြီးမှာ  သူ ဘာဆက်လုပ်ရမလဲ တွေးရတယ်။ အလုပ် မရှိဘဲ  ထိုင်စားလို့မှ မဖြစ်တာ။ သူ့အတွက်  ရွှေကျင်တာက  ငွေ အရလွယ်တယ်။ ပြီးတော့ သူ လုပ်နိုင်သလောက် အကျိုးရှိတယ်မဟုတ်လား။ ရွာထဲ နေ့စားဖြင့် ပဲလိုက်ရွေးလို့ကတော့  ထမင်းပင် နပ်မှန်မည်မဟုတ်။ 

         ရွှေကျင်ဖို့ဆိုတာက တောင်နီမကို သွားရဦးမယ်။ ညောင်နှစ်ပင်အောက်က မဖြတ်ဘဲ တောင်နီမကို မရောက်နိုင်။ပြီးခဲ့တဲ့ အဖြစ်အပျက်ဆိုးတို့က  ယခုအခါမှာ သူ့ကို   ညောင်နှစ်ပင်အောက်က ဖြတ်သွားဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူဘူးလေ။ 

      မခင်အေး  ယခုအခါမှာ စဥ်းမိတာ တခု ရှိတယ်။ အဲ့ဒါက ဖိုးဆိုး ဘယ်လိုသေရသလဲဆိုတဲ့  နီးစပ်သော အဖြေတခု။

        ဖိုးဆိုးကို သေလောက်သည်အထိ  အန္တရာယ်ပြုခဲ့တာ  ထိုကိုယ်ပျောက်မိစ္ဆာပင် ဖြစ်လိမ့်မယ်ဟုသော အတွေး တွေးမိခြင်းပင်။ ကလေးတယောက်ကို  သေလောက်သည်အထိ အဘယ်ကြောင့် ကိုယ်ပျောက်မိစ္ဆာကောင်သည် ရက်စက်ခဲ့ပါသနည်း။ 

         မခင်အေး  ထိုအ​ဖြေကို သိချင်နေမိတယ်။ နောက်တခုက  သူ မြင်တွေ့ခဲ့ရသော  ကျောပြောင် ညိုညစ်ညစ်နှင့်  အသားစိမ်းများကို မြိန်ယှက်စွာ စားသောက်နေသော သူ သည်  မည်သူနည်း။ 

         သူတို့ ရွာထဲက တယောက်ယောက်များလား။ သို့ပေမယ့်  ထိုမေးခွန်းကိုတော့ မခင်အေး  ခေါင်းကိုခါယမ်းမိတယ်။ 

        မဖြစ်နိုင်။ ထိုမိစ္ဆာကောင်သည် သူတို့ရွာကတော့ မဖြစ်နိုင်။ ရွာကဆိုလျှင်  ဖိုးဆိုးကိုလည်း အသေသတ်မည်မဟုတ်သလို၊ သူ့ကိုလည်း ယခုကဲ့သို့ ဗလက္ကာယ ပြုကျင့်လိမ့်မည်မဟုတ်။ ရွာက ယောက်ကျားသားတို့သည် သူတို့ဖာသာ သောက်စား၍   မူးရင်သာ မူးကြပါလိမ့်မယ် ။ ဤကဲ့သို့ ယုတ်မာရိုင်းစိုင်းကြလိမ့်မည်မဟုတ်ဟု မခင်အေး ယုံကြည်မိတယ်။ သူ့လို ကလေးနှစ်ယောက်အမေကိုတောင် ယခုကဲ့သို့ စော်ကားရန် ကြံဝံ့သော မိစ္ဆာကောင်သည်  ရွာက အမျိုးကောင်းသမီးငယ်တို့အပေါ်ကို ... 

       မခင်အေး  ဆက်မတွေးဝံ့တော့ပါ။ သူ့မှာလည်း  အရွယ်ရောက်စ သမီးငယ်နှစ်ဦး ရှိနေတယ်မဟုတ်လား။မခင်အေးဟာ မိဘချင်း ကိုယ်ချင်းစာစိတ်ဖြင့် 

ကိုယ်ပျောက်မိစ္ဆာရဲ့  စော်ကားလာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ရန် ရွာလူကြီးထံ ဖွင့်ပြောပြရန် ဆုံးဖြတ်လိုက်ပါတော့တယ်။ 

                _____________

အခန်း(၅)

   " ဟင်! ဒီလိုဖြင့်  ငါ့သားက သရဲရိုက်လို့ သေတာမဟုတ်ဘူးပေါ့ ။ အံမယ်လေး  သားရေ ဖိုးဆိုးရဲ့  မင်းကို ဘယ်သူက သတ်တာလဲကွဲ့ ဟင်းဟီးဟီး "

       အရီးမြသီက ဖိုးဆိုးအတွက် ယူကြုံးမရ ငိုကြွေးရှာတယ်။ အရီးမြသီဆီကို  သတင်းသယ်လာတဲ့သူက ဒေါ်ဘုတို။ 

      ဒေါ်ဘုတိုက  ရွာလူကြီး ဦးစံဘော်အိမ်က လက်တိုလက်တောင်း ခိုင်းတဲ့သူ။ အဲ့ဒီတော့  ရွာလူကြီးဆီကို  မခင်အေးက  သူ့အဖြစ်မှန် လာတိုင်တာကို ကြားပြီး၊ အရီးမြသီဆီကို လာဖေါက်သည်ချတော့တာပေါ့။ 

       အစက  သရဲရိုက်လို့  ဖိုးဆိုးသေရတယ်ပဲ အောက်မေ့တာ။ အခုတော့  သရဲမဟုတ်ဘဲ၊ ကိုယ်ပျောက် မိစ္ဆာဆိုတော့ ၊ အဲ့ဒီကိုယ်ပျောက်မိစ္ဆာက ဘယ်သူလဲလို့  သိချင်နေကြပြီ။ ဟုတ်တယ်လေ။ ကိုယ်သာ မပျောက်ရင် အဲ့ဒီမိစ္ဆာက လူပဲ မဟုတ်လား။

        အရီးမြသီခမျာမှာတော့ အဟောင်းတွေ အသစ်ဖြစ်ပြီး  သားကို လွမ်းစိတ်နဲ့ ရှိုက်ကြီးတငင် ငိုတာပေါ့။ ဖိုးဆိုး အစ်မ၃ယောက်ကလည်း မျက်ရည်လေးတွေ စမ်းတမ်းစမ်းတမ်းနဲ့။ သူတို့မောင်ကို ဘယ်သူက ဒီလို ရက်ရက်စက်စက် သတ်သွားတယ်ဆိုတာ သိချင်စိတ် ကဲနေကြတယ်။

        ဖိုးဆိုးရဲ့ အသက်က ၁၂နှစ် ၁၃နှစ်ဆိုပေမယ့် ၊ ကလေးစိတ်က ပျောက်တာမဟုတ်ဘူး။ သူတို့အတွက် တဦးတည်းသော မောင်ငယ်လေး။ သူတို့မှာ ချစ်လွန်းလို့  ဖူးဖူးမှုတ် အလိုက်ထားကြတာမဟုတ်လား။

     အလတ်မ  ခင်ကြည်က မခံချင်စိတ်နဲ့ တစခန်းထတယ်...

" အမေ   ကျုပ်တို့  မြို့က ရဲစခန်းကို သွားတိုင်ရအောင်တော် "

      ခက်ပြီ။ မြို့က ရဲစခန်းကို သွားတိုင်ရအောင်က  ဖိုးဆိုးကို ကိုယ်ပျောက်မိစ္ဆာကောင်က သတ်ပါတယ်လို့ တိုင်ရမှာလား။ ရဲကရော ယုံကြည်ပါ့မလား။ ပြီးတော့  ဖိုးဆိုး သေတာပဲ ဆယ့်လေးငါးရက် ရှိနေပြီ။ အလောင်းကို သုသာန်ကနေ ပြန်ဖေါ်ရဦးမယ်။ သေမှုသေခင်းတွေ စစ်ကြဆေးကြဦးမယ်။ 

     ဒါကို တွေးမိတဲ့ အရီးမြသီက ဘာပြောလဲဆိုတော့ ...

     " နေပါစေအေ ၊ ရဲတော့ မတိုင်တော့ပါဘူး။ ငါ့သားလေးခမျာ သေပြီးတာတောင် ငြိမ်းငြိမ်းချမ်းချမ်း မနေရဘဲ ဖြစ်နေပါ့မယ် ၊ ပြီးတော့လဲ  ရဲက  အဲ့ဒီ ကိုယ်ပျောက်မိစ္ဆာကောင်ကို  ဖမ်းပေးနိုင်မယ် မထင်ပါဘူး ။ အလကား ... ရွာထဲက နွားခိုးတောင် ဖြစ်ဖြစ်မြောက်မြောက် ပေါ်အောင် လိုက်နိုင်တာမဟုတ်ဘဲနဲ့အေရယ် "

     အကြီးမ ခင်စီက  ခံပြင်းစွာ အံကို ခပ်တင်းတင်း ကြိတ်ထားရာမှ ...

   "  ဒါဆိုရင်  ကျွန်မမောင်လေး အသတ်ခံရတာကို ကျွန်မတို့က ဒီအတိုင်း  ငြိမ်ခံလိုက်ရတော့မှာလား အမေရဲ့ ။ သူ့ဖာသာ ကိုယ်ပျောက်ရုံမကလို့ ဘာကြီးဖြစ်နေနေ ကျွန်မကတော့ 

ကျွန်မမောင်လေးအတွက်  လက်စားချေရမှ ကျေနပ်နိုင်မယ်တော် "

    " အမယ်မင်း ... ဒါဆိုရင်လဲ ညည်းက  ဘာများ လုပ်ချင်သေးသတုန်း။ ညည်းထက် သန်မာတဲ့ မိခင်အေးတောင် မိစ္ဆာကောင်က ဗလက္ကာယ လုပ်ဖို့ ကြံရွယ်ပါသေးတယ်ဆိုနေ ၊ ညည်းကပါ  အဆစ်ပါချင်သေးလို့လားအေရဲ့ "

    သားအမိတတွေ ဒီလို စကားအခြေအတင်တွေ ဖြစ်နေကြချိန် ၊ 

       ဖိုးဆိုးအထက်က အသက် ၁၆နှစ်အရွယ် နို့ညှာမ ခင်သီထံမှ ငိုရှိုက်သံနဲ့အတူ  အမေဟု ခေါ်သံ ပေါ်ထွက်လာတယ်။

     " အမေ . . . "

      ဒေါ်မြသီ ခေါင်းက ဆတ်ခနဲ မတ်သွားတယ်။ သူ့မျက်လုံးတွေထဲမှာ မယုံကြည်နိုင်သည့်အရိပ်အယောင်တွေကို မြင်လိုက်ကြရတယ်။ဘာလို့ ဒေါ်မြသီ အဲ့သလို ဖြစ်သွားသလဲဆိုတော့ ...

      အဲ့ဒီ အမေခေါ်သံက ခင်သီရဲ့ အသံမဟုတ်ဘူး။ သေသွားတဲ့ ဖိုးဆိုးရဲ့ အသံ ဖြစ်နေတော့ ဒေါ်မြသီတို့သားအမိရော ၊ အလည်ရောက်နေတဲ့ ဒေါ်ဘုတိုပါ အံဩထိတ်လန့်သွားကြတာ ဖြစ်တယ်။အရင်ဦးဆုံး သတိဝင်လာသူက  အရီးမြသီ။ သူ့သားအသံ သူ မမှတ်မိဘဲနေပါ့မလား။

     " ဟင်!  ငါ့သား  ဖိုးဆိုး "

     " သားလေး   အမေ့သားလေးလားဟင် "

       အရီးမြသီ  ထိုင်နေရာကနေ  ခင်သီ ရှိရာသို့  ရောက်သွားတယ်။ ခင်သီက ခေါင်းကြီးကို ငုံ့ထားတယ်။

        ဒေါ်မြသီရဲ့  အသံကြောင့် ခေါင်းကို ငုံ့လျိုးနေရာမှ တဖြည်းဖြည်း  မော့လာတဲ့ ခင်သီရဲ့မျက်လုံးတွေကို ကြည့်။ ဘယ်ညာ မကစားဘူး။ သူ့အမေကိုပဲ တစိုက်မတ်မတ် ကြည့်နေတယ်။ ပြီးတော့ ငိုကြီးချက်မနဲ့  ဒေါ်မြသီကို ပြောလိုက်တယ်။

    "အမေ  အမေ   ကျုပ်ကို ကယ်ပါအုံးဗျာ ။ ကျုပ်တယောက်တည်း ကြောက်တယ်အမေရာ ...  ဟီးဟင်းဟင်း"

     ဒေါ်မြသီ ရင်ဘတ်ကို ဘုန်းခနဲ မြည်အောင် စည်တီးတဲ့ပြီး ...

    " အမယ်လေး  ဒါ ကျုပ်သားမှ ကျုပ်သား အစစ်ပါတော်။ ဟဲ့ မဘုတို ကျုပ်သားလေး တယောက်တည်း  ကြောက်နေသတဲ့။ ကျုပ်  ဘာလုပ်ပေးရမလဲ ။ ကျုပ်  ဘာလုပ်ရမလဲ ။ ရင်တွေ ပူလှချည်ရဲ့ ။ ကယ်တော်မူကြပါအုံး "

      ဒေါ်မြသီရဲ့ မချိတင်ကဲ ပြောနေဟန်က  မြင်ရသူအားလုံးကို ဝမ်းနည်းပူဆွေးသွားစေတယ်။ ဒေါ်မြသီကြည့်ရတာက သားဇောကပ်နေရှာတဲ့ အရူးတယောက်လိုပဲမဟုတ်လား။ မရူး နေရောလားလေ။

       ဘဝခြားနေတဲ့ သားဖြစ်သူက အမေကို အားကိုးတကြီး အကူအညီ တောင်းခံနေရှာတာကိုး။ ခင်စီနဲ့ ခင်ကြည်ကလည်း  မောင်ငယ်ဖိုးဆိုး ဝင်ပူးကပ်နေတဲ့  ခင်သီနံဘေးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့။ ငိုပဲ ငိုနေကြတယ်။ 

     မကြာပါဘူး။အရီးမြသီတို့အိမ်ထဲက ငိုသံယိုသံတွေကြောင့် ၊ ဘာများဖြစ်တာလဲဆိုပြီး၊ အကူအညီ ပေးဖို့ အိမ်နီးချင်းတွေ ရောက်လာကြတယ်။ 

       ရောက်လာသူတွေကို ဒေါ်ဘုတိုကပဲ အကျဥ်းရုံး ပြောပြတာရယ်၊ ခင်သီ ကိုယ်ထဲ ဖိုးဆိုး ပူးကပ်နေတာရယ်ကို မြင်ကြရတော့ အားလုံးက စိတ်ဝင်တစားနဲ့ စပ်စုနေကြတာပေါ့။ 

      အဲ့ဒီအချိန် ဖိုးဆိုးရဲ့ အစ်မကြီး ဖြစ်တဲ့ ခင်စီကနေ သူ သိချင်နေတာကို မိမိရရကြီး မေးချလိုက်တယ်။ 

    " ဖိုးဆိုး   မောင်လေး ၊ မင်းကို ဘယ်သူက သတ်တာလဲ။ မင်း  ဘယ်လိုဖြစ်တာလဲဆိုတာ  အစ်မတို့ အမေတို့ကို  ပြောလို့ရရင် ပြောပြပါလားမောင်လေးရယ် "

     " ဟီးဟီး  အင်းဟင်းဟင်း ... ကြောက်တယ် မကြီးစီ၊ ကျုပ် ကြောက်တယ် ၊ ကျုပ်ကို  သူက  ... သူကလေ ... ဟီးအီးအီး "

    ဖိုးဆိုးက စကားကို ရှေ့မဆက်နိုင်၊ အကြောက်လွန်ပြီး ငိုတယ်။ မခင်စီ  အားမလို အားမရ ဖြစ်ခါ

     " မကြောက်နဲ့  မောင်လေး၊ အခု အစ်မတို့ အမေတို့ ရှိတယ်နော်။ ငါ့မောင်ကို  ဘယ်သူက သတ်တာလဲ "

      ဖိုးဆိုး ပူးကပ်တာခံနေရတဲ့ ခင်သီက  မခင်စီဘက်ကို လှည့်ကြည့်တယ်။ တခါ  သူ့အမေရှိရာဘက်ကို လှည့်ကြည့်ပြီး ...

     " အဲ့ဒီနေ့က   အမေက  ကျုပ်ကို  မသွားနဲ့ဆိုတာကို  ကျုပ်က အမေ့ကို  .. သွားမှာပဲဗျာလို့ ပြန်ပြောပြီး ထွက်သွားခဲ့တာ အမေ မှတ်မိတယ်မဟုတ်လား ... "

      ဖိုးဆိုးက  သူ့အဖြစ်ကို  အဲ့သလို အစချီပြီး ပြောပြပါတော့တယ်။

                _____________

အခန်း(၆)

      အမေဖြစ်သူကို ကဏ္ဍကောဇတိုက်ခဲ့ပြီး၊ ဖိုးဆိုးဟာ ရွာအလယ်ပိုင်းက သူနဲ့ ကစားဖေါ်တွေ ရှိရာကို ထွက်လာခဲ့တယ်။ ရွာလယ် ရောက်တော့ ပေသီးပစ်တမ်း ကစားနေကြတဲ့ သူငယ်ချင်းတစုကို တွေ့တယ်။

      အဲ့ဒီထဲကမှ  သာပုဆိုတဲ့ သူငယ်ချင်းကို  ဖိုးဆိုးက ရွေးခေါ်လိုက်တယ်။ သာပုက သူ့ရဲ့ တွဲဘက်လေ။

   " ဟေ့ကောင် သာပု  ... မင်းတို့ကလဲ အားအားရှိ ပေသီးပဲ ပစ်နေကြတယ် ၊ ပျင်းစရာကြီးကွာ "

      ဖိုးဆိုးကို မြင်တော့ သာပုက ဆော့လက်စ ပေသီးကို သူ့ညီ ကျော်မင်းအား ပေးလိုက်ပြီး ၊

    " လခွမ်း ... မနက်ကတည်းက ငါက မင်းကို မျှော်နေတာကွ၊ မင်းက မလာ မလာနဲ့ဆိုတော့  ငါက ငါ့ညီ ကျော်မင်းကို ပေသီး ကူပစ်ပေးနေတာပါ ။ ဘယ်လိုလဲ  မင်းပြောတဲ့ နေရာကို သွားမှာလား

 ဖိုးဆိုး "

      " အေးလေ  သွားမှာမို့၊ မင်းကို လာခေါ်တာပေါ့ သာပုရ။ ဘာလဲ မင်းက  မလိုက်ရဲလို့လားကွ "

     သာပုက  ဖိုးဆိုးစကားကြောင့် လွယ်ထားတဲ့ လွယ်အိတ်ကို ပုတ်ပြလိုက်ပြီး ...

     " ဟေ့ကောင်  အပိုတွေ ပြောမနေနဲ့။ သာပု  မလိုက်ရဲတဲ့နေရာ မရှိဘူး။ ဒီမှာ မြင်လား !  ဘတ်ခွ (လောက်လေးဂွ)ရော ၊ လောက်စာလုံးရော ထည့်လာခဲ့ပြီးသားကွ။ 

      မင်း  ပြောတဲ့နေရာမှာ ငှက်တွေ ပေါတာ သေချာတယ်မဟုတ်လား "

      " ဟားဟားဟား ... ပေါပြီလားကွ၊ အဲ့ရောက်မှ မင်း ငါ့ကို ကျေးဇူးတင်နေလိမ့်မယ်။ ငှက်တင်မဟုတ်ဘူး သာပု။ ကံကောင်းရင် ငါးတို့ ပုစွန်လုံးတို့ပါ  ရချင် ရနေအုံးမှာဟ။

      ဒီမယ်ကြည့်  ငါ ဘာထည့်ခဲ့လဲဆိုတာ "

      ဖိုးဆိုးက  သူ့အင်္ကျီ အိတ်ထောင်ထဲကနေ  ဂက်စ်မီးခြစ် အဝါလေးကို ထုတ်ပြလိုက်တယ်။ သဘောကတော့ ငှက်တို့ ဘာတို့ရရင် တခါတည်း ကင်စားကြမယ်ပေါ့။ 

      သာပုနဲ့ ဖိုးဆိုးက အတွဲညီကြသလို ၊ စရိုက်လည်း တူကြတယ်။ နှစ်ယောက်စလုံးက ခပ်ဆိုးဆိုး ခပ်ပေပေတွေ။ သာပု မိဘတွေကလည်း လယ်ပိုင်ယာပိုင်တွေ။ စီးပွား တောင့်တင်းကြတယ်။ မိဘတွေက စီးပွားရေးပဲ မည်းတင်း လုပ်ကိုင်နေကြတော့ နောက်လှည့်မကြည့်အားကြဘူး။ ဒါကြောင့် ဖိုးဆိုးတို့ သာပုတို့ဟာ မိဘတွေရဲ့ ဆိုဆုံးမမှု ၊ သွန်သင်မှု နည်းပါးပြီး ဆိုးနေကြတာပဲပေါ့။ 

       သာပုက  သူ့ညီ ကျော်မင်းကို ...

  " ကျော်မင်း  ငါ  ဖိုးဆိုးနဲ့ ရွာထိပ် ငှက်သွားပစ်မလို့ ၊ မင်း  လိုက်အုံးမှာလား "

       ပေသီး ရှုံးနေတဲ့ ကျော်မင်းက ခေါင်းခါပြရင်း ...

    " ငါ မလိုက်တော့ဘူး ၊ အရင်းရအောင်  ပစ်လိုက်အုံးမယ်။ မင်းတို့  ရွာထိပ်တင်ပဲမို့လား "

        သာပုက ဖြေမယ်အလုပ်မှာ၊ ဖိုးဆိုးက ကြားဖြတ်ပြီး ဖြေလိုက်တယ်။

    " အေး   ရွာထိပ်က ညောင်နှစ်ပင် မကျော်ပါဘူး။ အဲ့နားတဝိုက်မှာပဲ ငါတို့ ရှိမယ် ကျော်မင်း "

       ဖိုးဆိုးက  သာပုကို ခေါ်ပြီး ပေသီးပစ်တမ်း ကစားသည့်နေရာမှ ထွက်လာခဲ့ကြတယ်။ လမ်းမှာ သာပုကို ဘာပြောလဲဆိုတော့ ...

    " ဟကောင်ရ  ... ငါတို့  တောင်နီမထိ သွားမှာသိရင် ၊ ဒီကောင်က အိမ်ပြန်တိုင်မှာပေါ့ဟ။ နေပလေ့စေ ဒီကောင်လဲ  ငါတို့ကို လာရှာမှာမဟုတ်ပါဘူး ။ 

      အိုကွာ   လာရှာလဲ ၊ ဘာဖြစ်လဲ။ အိမ်ပြန်ရောက်တော့မှ  ညောင်နှစ်ပင်အခြေမှာ အိပ်ပျော်နေကြတာလို့ ညာပြောလိုက်ရုံပေါ့ "

        ဖိုးဆိုးဟာ  သူ့ကံကြမ္မာကို အဲ့သလိုတောင် နိမိတ်ဖတ် ပြောသွားခဲ့ပါသေးတယ်။ ညောင်နှစ်ပင်အောက်မှာ အိပ်ပျော်နေပါတယ်တဲ့လေ။ သူ အဲ့ဒီ ညောင်နှစ်ပင်အောက်မှာ  ဘယ်တော့မှ ပြန်လည် နှိုးထလာခြင်း မရှိဘဲ အိပ်ပျော်သွားမယ်ဆိုတာ သိများ သိခဲ့မယ်ဆိုရင် ... 

               _____________

အခန်း (၇)

       တကယ်တော့  ဖိုးဆိုးနဲ့သာပုတို့ နှစ်ယောက်ဟာ  တောင်နီမအထိ သွားခဲ့ပေမဲ့  သူတို့ လိုချင်တဲ့ ငှက်တကောင်တမြီးမှ မရခဲ့ပါဘူး။

      ဘာလို့လဲဆိုတော့  တောင်နီမ အထက်ဘက်ကနေ သတ္တုမိုင်းခွဲသံတွေကြောင့်  ငှက်တွေဟာ ထိတ်လန့်တကြား ပျံပြေးကုန်ကြလို့ပါပဲ။ 

    " တောက်! ဒီကနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ကွာ ၊ မိုင်းခွဲတဲ့နေ့နဲ့ ဆုံနေရတယ်လို့ "

     " ဘယ်တတ်နိုင်မှာလဲ ဖိုးဆိုးရ။ ကဲကွာ  ငါတို့ ငှက်မပစ်ရတဲ့အတူတူ ကျောက်ပုစွန်လုံး ဆင်းနှိုက်ရအောင်"

       ငါးမရ ရေချိုးပြန်မယ်ဆိုတဲ့ သကောင့်သား နှစ်ယောက်က ချောင်းထဲဆင်း ပုစွန်လုံးနှိုက်ကြလေရဲ့။

       ရလာတဲ့ ပုစွန်လုံးတွေကို ထင်းမီးမွှေးပြီး မီးဖုတ်စားကြတယ်။ ဖိုးဆိုးရော သာပုရောက သူတပါးအသက်ကို သတ်ရမှ နေသာထိုင်သာ ရှိတာမဟုတ်လား။ တကယ်ဆို  မိဘတွေက တောင်သူကြီးတွေ၊ ပိုက်ဆံချမ်းသာကြတယ်။ ဒီထက်ကောင်းတဲ့ စားဖွယ်သောက်ဖွယ်တွေ အိမ်မှာ ချက်ပြုတ်ထားကြမှာပဲ။ ဒါပေမဲ့ အစောက ပြောခဲ့သလိုပါပဲ။ ဒီနှစ်ကောင်ရဲ့ ဝါသနာကိုက ငှက်ပစ် ငါးဖမ်းနဲ့  တံငါမုဆိုးအလုပ်ကို စိတ်ဝင်စားကြသကိုး။ 

          ဒီလိုနဲ့ နေမွန်းလွဲချိန် ၂နာရီသာသာလောက်မှာ သူတို့နှစ်ယောက် ချောင်းထဲဆင်း ဆော့ကစားကြရင်းရေချိုးတယ်။ ပြီးတော့  ရွာဘက်ကို ပြန်လာခဲ့ကြတယ်။

      အပြန်    တောလမ်းတလျောက်မှာလည်း  လေးခွကိုယ်စီနဲ့ ဟိုပစ်ဒီပစ်နဲ့ပေါ့။ အမှန်တော့  သူတို့ အိမ်ကိုသာ တန်းတန်းမတ်မတ် တကယ်ပြန်မယ်ဆိုရင် ဘာကြာလိမ့်မတုန်း။ အခုက  သူတို့နှစ်ယောက်စလုံး  အိမ်ကို စောပြီး ပြန်ရောက်မှာ စိုးနေကြတယ်။

        ဒါကြောင့်  ဟိုနေရာဝင်လိုက် ဒီနေရာဝင်လိုက်နဲ့  ခရီးကို ဖင့်နွှဲအောင် တမင် လုပ်နေကြလေရဲ့။ဒီဘက်မှာက တောဇီးသီးတို့ ဂွေးပင်တို့က အလေ့ကျပေါက်တာလေ။ ဟိုအပင်တက်ခူး၊ ဒီအပင် တက်ချိုင်နဲ့ အချိန်တွေက ကုန်မှန်းမသိ ကုန်သွားတယ်။ ဒီတော့  သူတို့ နှစ်ယောက် ရွာထိပ်က ညောင်နှစ်ပင်ကို ရောက်တော့ ညနေ ၅နာရီ ထိုးလုပြီ။ နေလုံးကြီးက အနောက်ဘက် တောင်ရိုးအောက်ကို ဝင်တော့မယ့်အချိန်။ 

     သူတို့   ညောင်နှစ်ပင်အောက်ရောက်တော့  သာပုက  သတိတရဖြင့်  ...

    " ဟေ့ကောင် ဖိုးဆိုး ၊ တလောလေးက  မင်းရယ် ငါရယ် ညောင်ပင်ပေါ် ငှက်ဥ တက်နှိုက်နေတုန်း  ရွာထဲက မဇာမိုးကြီး  ရုက္ခစိုး နတ်ကွန်း ကို ဘာတွေ လုပ်နေသလဲ မသိဘူးနော်။ ခိုးကြောင်ခိုးဝှက်နဲ့ "

    ဖိုးဆိုးက စိတ်မဝင်စားဟန်ဖြင့်၊

   " ဘာလုပ်ရမလဲကွာ၊ ရွာထဲ အိမ်ထောင်သည်မိန်းမတွေက ကလေးမရရင် ဒီညောင်နှစ်ပင် နတ်ကွန်းကိုပဲ သားဆုလာပန်နေကျဥစ္စာ "

     " မင်းပြောသလိုဆို  ပိုတောင် ထူးဆန်းသေး ။ မဇာမိုးကြီးက  တလောကပဲ  ကလေးမွေးထားတာမဟုတ်လား ။ သူက ဘာကိစ္စ

 သားဆုလာပန်ရမှာလဲ "

     " အေးလေ ... မဇာမိုး မွေးတဲ့ကလေးက ရက်သားနဲ့ ဆုံးသွားတာလေကွာ ။ မင်း မသိဘူးလား။ဒါကြောင့် နောက်ထပ် သားဆု ထပ်လာပန်တာနေမှာပေါ့ "

      ထိုအခါမှ သာပုက ' အော် ဒါကြောင့်လား' ဟု ပြောရင်း ရုက္ခစိုးနတ်ကွန်း ရှိရာဘက်သို့  လှမ်းကြည့်လိုက်လေ၏။ ရုက္ခစိုးနတ်ကွန်းတွင် ပန်းများညှိုးလျော် ခြောက်သွေ့နေကြလေတယ်။ ဆီမီး၊ အမွှေးတိုင်လည်း မပူဇော်ထားဘူး။ 

     သာပု  ဦနှောက်ထဲ  မနက်က  သူတို့ ဖြတ်လာစဥ်က နတ်ကွန်းအနေအထားကို ပြန်လည် စဥ်းစားလိုက်မိတယ်။ စဥ်းစားလို့ ရတော့ သူ  နတ်ကွန်းက ပန်းစိုက်တဲ့ ညောင်ရေအိုးကို အသေအချာ ပြန်ကြည့်ပြန်တယ်။ ပြီးတော့ သူ့စိတ်ထဲ မတင်မကျ ဖြစ်သွားဟန်နဲ့ ...

   " ဖိုးဆိုး   ဒီကနေ့  မနက်ပိုင်းက ငါတို့  နတ်ကွန်းရှေ့က ဖြတ်သွားတော့ နတ်ပန်းတွေက အသစ်ထိုးထားတာ မင်း မြင်ခဲ့သလား "

     ဖိုးဆိုးက  ဒီကောင် ဘာကိစ္စ ဒီနတ်ကွန်းအကြောင်း ထပ်တလဲလဲ ပြောနေရတာလဲဆိုတဲ့ အမူအယာနဲ့ သာပုကို မကျေမချမ်းကြည့်ရင်း ...

  " ဟ! ငါ ဘယ်သိမလဲကွ ၊ သူ့ဟာသူ  အသစ်ပဲ ထိုးထိုး ၊ အဟောင်းပဲ ထိုးထိုး မင်း အပူပါလို့လား သာပုရာ "

    သာပုက  အလျော့မပေး။ သူ့စိတ်ထဲ မတင်မကျ ဖြစ်နေတဲ့ ပန်းခြောက်တွေကို လက်ညှိုး ထိုးပြပြီး ...

    " မဟုတ်သေးဘူးကွ ၊ ငါပြောတာက  မနက်က  ငါတို့ဖြတ်သွားတုန်းက နတ်ကွန်းက ညောင်ရေအိုးမှာ ပန်းစိုတွေကွ ၊ လန်းဆန်းနေတာပဲ။ 

       အခု  နတ်ကွန်းက ညောင်ရေအိုးကို  မင်း ကြည့်လိုက် ဖိုးဆိုး။ ပန်းတွေက လွန်ခဲ့တဲ့ လေးငါးရက်က ထိုးထားသလိုမျိုး ခြောက်သွေ့နေတာ  မထူးဆန်းဘူးလား "

      သာပုက  ဒီလောက် ပြောနေမှတော့ ဖိုးဆိုး စိတ်ဝင်စားလာတော့တာပေါ့။ ဒါပေမဲ့  မနက်က ပန်းအစိုတွေ ထိုးထားတယ်ဆိုတာကို သူက သတိထားမိတာ မဟုတ်ဘူး။ ဒါ့ကြောင့် ဖိုးဆိုးက ...

    " မနက်က မင်းများ  အမြင်မှားတာလား  သာပုရာ "

      သာပု  ခေါင်းကို ခါပြတယ်။ 

    " ငါ  အမြင်မမှားဘူး ဖိုးဆိုး။ မနက်က ငါ အသေအချာ တွေ့ခဲ့တယ် "

       ခုလက  သီတင်းကျွတ်လ။ ဒီတော့ ရာသီဥတု အပူက တယ်မပြင်းလှဘူး။ ဒါဆို ပန်းတွေက ဘာလို့ ခုလို့ အညှိုးမြန် အခြောက်မြန်တာပါလိမ့်ဟု သူတို့နှစ်ဦးသား စဥ်းစားမရ ဖြစ်နေကြတယ်။

     သူတို့ကလေးနှစ်ယောက် ဉာဏ်မီသလောက်လေး စဥ်းစားနေချိန်မှာပဲ ညောင်ပင်ရဲ့ပင်စည်

အနောက်က တပျတ်ပျတ်နဲ့ စားသောက်နေတဲ့ အသံကို စကြားရလိုက်ပါတော့တယ်။

     " ပျပ်  ပျပ်  ပလောက် "

       အသံဟာ တစစနဲ့ ပိုပြီး ထင်ရှားပြတ်သားလာတယ်။ တချက်တချက်မှာ စားသောက်ရင်း လေချဥ်တက်သည့် အသံကြီးက တကယ်ကို အော့နှလုံးနာစရာ ကောင်းလှတယ်။ 

         သာပုက  တခါမျှ  ဒီလို  အငမ်းမရ စားသောက်နေသံမျိုး ကြားဖူးပုံမရဘူး။ ပြီးတော့ ညောင်နှစ်ပင် အခြေဟာ မှောင်ရိပ်သမ်းနေတာကြောင့် ကြောက်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာတယ်။ 

         ဖိုးဆိုးကတော့ သိတယ်မဟုတ်လား။ ဘယ်သူ့မှ ကြောက်တတ်လန့်တတ်တာ မဟုတ်တော့ လက်ထဲက လေးခွကို တင်းတင်းဆုတ်ကိုင်ထားရင်းနဲ့ လောက်စာအိမ်မှာ လောက်စာလုံးကို အသင့်ထည့်ပြီး ညောင်နှစ်ပင် ပင်စည်အကြားကို ချိန်ရွယ်လိုက်တယ်။

      "  ဟေ့ကောင်  သာပု၊ ဘာလုပ်နေတာလဲ ။ ဘတ်ခွနဲ့  ပင်စည်နှစ်ခုအကြားကို ပစ်ကြရအောင် ... "

        ဖိုးဆိုးက ပြောလည်းပြော ပစ်လည်းပစ်တယ်။ လက်ကလည်း မြန်ချက်။ လောက်စာလုံးတွေ အိတ်ထဲက နှိုက်လိုက် ညောင်နှစ်ပင် ပင်စည်အကြားကို ပစ်ထည့်လိုက်ပေါ့။ 

        လေးငါးခြောက်ချက်လောက် ဆက်တိုက်ပစ်လိုက်တယ်။ လောက်စာလုံးတွေဟာ ပင်စည်ကို ထိမှန်တဲ့ဟာက ထိပြီး ကွဲကြေလွင့်စင်ကုန်ကြတယ်။ သာပုက  အခုထိ တချက်မှ ဝင်ပစ်ဖေါ်မရဘူး။ အတိုင်းသား ငေးကြည့်နေတုန်းပဲ။ 

        အဲ့ဒီအချိန်  ညောင်နှစ်ပင် ပင်စည် နောက်ကွယ်က ခပ်ဆိုးဆိုး အော်ညီးသံကြီး တခု  ထွက်ပေါ်လာတယ်။ ပြောရမယ်ဆိုရင် တိရိစ္ဆာန်တကောင်က သူ အစားစားနေစဥ် စိတ်အနှောက်အယှက် ဖြစ်လို့  ဒေါသဖြစ် ညီးတွားတဲ့ အသံမျိုး။ 

        သာပုက  အဲ့ဒီအသံလည်း ကြားရရော ၊  

    " ဟေ့ ကောင်  ဖိုးဆိုး ၊ ဘာကောင်ကြီးလဲ မသိဘူး ။ ငါတို့ ပြေးကြရအောင် "

     " နေစမ်းပါအုံးကွ ၊ မင်းကလဲ ကြောက်တတ်ရန်ကော ၊ ငါတို့ရွာနား  ဘယ်တိရိစ္ဆာန်ကြီး လာဖူးလို့လဲ "

     ဖိုးဆိုးက  သာပုဘက်ကို အဲ့သလို လှည့်ပြောလိုက်တဲ့အချိန် ညောင်နှစ်ပင် ပင်စည်အနောက်က ပုဆိုးနံငယ်ပိုင်းနဲ့ လူတယောက် ရိပ်ခနဲ ထွက်လာတယ်။ သာပု ပါးစပ်ကနေ 

      " ဟာ ! ဘာ . . .  ဘာကြီးလဲ "

        သာပု အသံကြောင့် ဖိုးဆိုးလည်း လှည့်ကြည့်လိုက်တယ်။ အရပ် ၆ပေနီးပါး မြင့်မားတဲ့ ကိုယ်လုံးထွားထွားနဲ့ လူတယောက်ကို မြင်လိုက်ရတယ်။

       အပေါ်ပိုင်းက အင်္ကျီဗလာကျင်းထားတယ်။ ရင်ဘတ်မှာလည်း ဆေးမင်ကြောင် စုတ်တွေထိုးထားတာ ဗလပွ။ အသားအရေက ညိုညစ်ညစ်။ အထူးသဖြင့် ရေမချိုးပဲ လပေါက် နှစ်ပေါက် နေသူတယောက်ကဲ့သို့ ညစ်ထေးစုတ်ပြတ်သတ်နေတယ်။ ဝတ်ထားတဲ့ ပုဆိုးကလည်း တိုလွန်းနေတော့ ဒူးအထက်ရောက်နေတယ်။ 

        မျက်နှာက စိတ်ဆိုးဒေါသထွက်နေတော့ အတော်ကြောက်စရာကောင်းတယ်။ တိုနံ့နံ့ မျက်ခုံးနှစ်ဖက်၊ ပွယောင်းယောင်းနှာ၊ ဝလုံးသဏ္ဍာန် ပါးစပ်ပေါက်ကျဥ်းကျဥ်းက ဟထားလေတော့ ဝါထိန်နေတဲ့ ရှေ့သွားကြီးတွေက မသတီစရာ။ မျက်နှာမှာ ဝက်ခြံကဲ့သို့မဟုတ်ပဲ အသားပိုတွေက ပါး၊နဖူးနဲ့ မေးစေ့တို့မှာ ထင်ထင်ရှားရှား မြင်နေရတယ်။

         မြင်လိုက်ရတာက လူတယောက်ကဲ့သို့ဆိုပေမယ့်၊ လူနဲ့ မတူ။ကြောက်မက်ဖွယ်ရာ ကောင်းတယ်။

       ဖိုးဆိုး  သာပုဘက်ကို လှည့်ကြည့်တယ်။သူ ထိုလူကြီးကို စေ့စေ့စပ်စပ် ကြည့်နေစဥ်မှာ သာပုက  ဘယ်အချိန်ကတည်း  ထွက်ပြေးတယ် မသိ။ သာပုနေရာမှာ သာပုဖိနပ်ပဲ ကျန်ခဲ့တော့တာ တွေ့လိုက်ရတယ်။ 

       သာပု ပြေးပြီဆိုတော့ သူ တယောက်တည်း ကျန်ခဲ့တော့တာပါလားလို့  ဖိုးဆိုး တွေးမိပြီး အားငယ်ကြောက်ရွံ့သွားတယ်။ ဒါပေမဲ့ ဖိုးဆိုးဟာ  လက်ကျံ သတ္တိလေးနဲ့ ဘတ်ခွကို  အဲ့ဒီလူကြီးဘက်ကို ချိန်ရွယ်လိုက်ပြန်တယ်။ သဘောက သူ့ကို အန္တရာယ်ပြုရင် ပစ်မယ်ပေါ့။ 

       ညောင်နှစ်ပင်အောက်က လူကြီးက  ဖိုးဆိုးလက်ထဲက လေးခွကို မြင်တော့ ပိုပြီး ဒေါသထွက်လာတယ်။ ပါးစပ်က ဝူးဝူးဝါးဝါး အသံထွက်လာပြီး ၊ ညောင်နှစ်ပင် မြစ်ဆုံကနေ ခုန်ဆင်းလာတယ်။ 

        ဖိုးဆိုးက  ကြောက်အားလန့်အားနဲ့ လေးခွက သားရေပင်ကို အသားကုန်ဆွဲပြီး ထိုလူကြီးထံ ပစ်လိုက်တယ်။ 

     " ဝှီး "

     " ဖန်း "

       အံဩစရာ။ အဲ့ဒီလူကြီးရဲ့ လှုပ်ရှားပုံက  ကြောင်တကောင်လိုပဲ အလွန်လျှင်မြန်လွန်းလို့ ၊ လောက်စာလုံးဟာ  လူကြီးကို မမှန်ပဲ အနောက်က ညောင်နှစ်ပင်ရဲ့ ပင်စည်ကို ထိမှန်ပြီး ကွဲကြေသွားပြန်တယ်။

       ဖိုးဆိုး  အနောက်ကို ဆုတ်ရင်း အိတ်ထဲက လောက်စာလုံးကို နှိုက်၊ ထပ်မံ ပစ်ခတ်ရန် ချိန်ရွယ်လိုက်ချိန်မှာတော့ ...

    "ဟင်! ဘယ်ပျောက်သွားတာလဲ"

        ဟုတ်တယ်။ ဖိုးဆိုး လောက်စာလုံး အိတ်ထဲက နှိုက်ချိန် မျက်စိတမှိတ်စာလောက်အတွင်းမှာ နံငယ်ပိုင်းနဲ့ လူကြီးဟာ ပျောက်သွားတယ်။ ဖိုးဆိုး က လေးခွဖြင့် ဟိုဟိုဒီဒီ လိုက်ချိန်တယ်။ ဒါပေမဲ့ ရှာမတွေ့တော့ဘူး။ 

       ဖိုးဆိုး ဇဝေဇဝါ ဖြစ်နေချိန်၊ ဖိုးဆိုးကိုယ်ကို တစုံတယောက်က ဆွဲယူ ကိုင်ပေါက်လိုက်သလို လေပေါ်မြှောက်သွားပြီးနောက် မြေပြင်ပေါ်ကို ဘုန်းခနဲ ပစ်ကျတယ်။

     " အား!  အမယ်လေး သေပါပြီဗျ "

        ဖိုးဆိုးဟာ နာကျင်စွာ အော်ဟစ်လိုက်တယ်။ မနာဘဲလား။ အရှိန်ပြင်းပြင်းနဲ့ ဆွဲယူကိုင်ပေါက်ခံရတာကိုး။ ဖိုးဆိုး အားယူပြီး ပြန်ထဖို့ ကြိုးစားတယ်။ နောက်တကြိမ် ခုဏလိုပဲ ကိုင်ပေါက်ခံရပြန်တယ်။ 

      " အား! ကြောက်ပါပြီဗျ၊ အား "

        ဖိုးဆိုးပါးစပ်က ကြောက်ပါပြီအော်လည်းပဲ ဖိုးဆိုးကိုယ်ဟာ မြောက်သွားပြန်တယ်။ မြေပေါ် ဘုန်းခနဲ ပြန်အကျမှာ ဖိုးဆိုး ပြန်မထနိုင်တော့ဘူး။ ပါးစပ်က သွေးစတွေ အန်ထွက်လာတယ်။ ဒါပေမဲ့  ရက်စက်စွာ ထပ်မံ ကိုင်ပေါက်ခြင်း ခံရတော့  ဖိုးဆိုး  နေရာမှာတင်ပဲ အသက်ထွက်သွားရှာပါတော့တယ်။

         ဖိုးဆိုး  သေသွားပြီဆိုတော့မှ၊ နံငယ်ပိုင်းနဲ့ ကျောပြောင် ညိုညစ်ညစ် လူကြီးရဲ့ ကိုယ်ဟာ ပေါ်လာတယ်။ လူကြီးရဲ့ မျက်နှာဟာ သနားညှာတာစိတ်ကင်းမဲ့နေတဲ့ ဘီလူးမိစ္ဆာတကောင်လိုပါပဲ။  ကြမ်းကြုတ်ခက်ထန်နေတယ်။ 

        ဘယ်လောက် ဆိုးသလဲဆိုရင် မှောက်ခုံကြီး လဲကျ သေနေတဲ့  ဖိုးဆိုး ကျောပြင်ကို မကျေမချမ်းနဲ့  ခြေဖြင့် တချက် ကန်ကျောက်သွားပါသေးတယ်။ ပြီးတော့မှ  ညောင်နှစ်ပင် အခြေကနေ  လျှင်မြန်လွန်းစွာ ထွက်ခွါသွားပါတော့တယ်။ 

         ဘာကြောင့် သူ အဲ့သလို ထွက်ခွါသွားရလဲဆိုတော့  မကြာခင်မှာ အဲ့ဒီညောင်နှစ်ပင်အခြေကို တောင်နီမက ရွှေကျင်ပြီး ပြန်လာကြတဲ့ လူအုပ်စု ရောက်လာတော့မှာမို့ပါ။

         ရွှေကျင်ပြီး  ပြန်လာကြတဲသူတွေက  ညောင်နှစ်ပင်အောက်မှာ ဖိုးဆိုး လဲကျနေတာကို တွေ့မြင်လိုက်ကြတော့  ဝိုင်းကူထူမပေးကြတယ်။ ဒါပေမဲ့  ဖိုးဆိုးခမျာ အသက် မရှိတော့ဘူး။ 

           ဒါနဲ့  ရွာလူကြီးတို့ ၊ ဖိုးဆို အမေတို့ထံ အကြောင်းကြားကြတယ်။ ရွာလူကြီးနဲ့ ဒေါ်မြသီတို့သားအမိတတွေ ရောက်လာတဲ့အခါ  ငိုသံဟစ်သံတွေ ညောင်နှစ်ပင်အောက်မှာ ဆူညံပွက်လောရိုက်ကုန်တော့တာပေါ့။ 

         ဖိုးဆိုး  ကျောမမှာ အရှိုးရာကြီး တွေ့ရတော့ ၊ ဖိုးဆိုးတယောက် ညောင်နှစ်ပင် သရဲရိုက်ခံရတယ်လို့ လူတွေက တယောက်တပေါက် ပြောကြတယ်။ ဒါကိုပဲ ယုံစားပြီး၊ အရီးဒေါ်မြသီက  သူ့သား ညောင်နှစ်ပင်သရဲ  ရိုက်တာခံရပြီး သေရတယ်လို့ စွဲမှတ်ခဲ့တာ ဖြစ်တယ်။

          ဒါပေမဲ့  အခုတော့  ကိုယ်ပျောက်မိစ္ဆာကောင်ရဲ့ ဗလက္ကာယ ပြုကျင့်ခံရတဲ့  မခင်အေးက 

 ရွာလူကြီးဆီမှာ  ဖြစ်သမျှ အကြောင်းတွေ အကုန်ဖွင့်ဟ ဝန်ခံလိုက်တော့  သူတို့ကို အန္တရာယ်ပေးနေတာက ညောင်နှစ်ပင် သရဲမဟုတ်ဘဲ ၊ အင်မတန် ယုတ်ညံ့ပြီး 

ရက်စက်တဲ့  "ကိုယ်ပျောက်မိစ္ဆာကောင်" ဆိုတာ တရွာလုံးက သိလိုက်ကြရပြီ။ 

      ဒါ့အပြင်  ရွာထဲက  လူအချို့က စောဒကတက် ပြောကြတယ်။ ညောင်နှစ်ပင်မှာ နေတဲ့ ရုက္ခစိုးနတ်က ဘာကြောင့် ရွာက လူတွေကို အကာအကွယ်ပေးပြီး မစောင့်ရှောက်ရတာလဲတဲ့ ။ သူတို့ကတော့ ရုက္ခစိုးနတ်မင်းကြီးကို အားကိုးတကြီးနဲ့ ပူဇော်လိုက်ရတာတဲ့။

ရုက္ခစိုးနတ်မင်းက သူတို့ပြောတာကို မကြားဘဲ နေမလား။ ကြားတာပေါ့။ ဒါပေသိ သူ့ခမျာလည်း  တစုံတယောက်ကြောင့် ဒုက္ခရောက်နေရတယ်ဆိုတာကို  ဖွင့်ပြောချင်နေတာ အူကို ယားလို့။ 

        အခုတော့  စာမဆန့်တော့လို့ အဲ့ဒီအကြောင်းကို မပြောတော့ပါဘူး။ နောက်တပိုင်းကျမှ ပြောပြပါတော့မယ်။ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါအုံးလို့ မေတ္တာရပ်ခံရင်း ...

ပြီးပါပြီ။

ပီပီ၊မန္တလေး၊

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory


#အခန်း
#မိဘ
#အစ်မ
#မနက်
#ပင်စည်

Some text some message..