
အခန်း(၁၁)
တနေ့သော နံနက်ခင်းတစ်ခု မှာ အိပ်ယာကနေ အတူနိုးလာကြတဲ့ ပုလဲ နဲ့ စန္ဒာတို့ ညီအစ်မနှစ်ယောက်ဟာ မျက်နှာသစ်ချိန်၊ ခြံအတွင်းက ရေစဥ့်အိုးအနီးမှာပေါ့ ...
အငယ်မ စန္ဒာက အစ်မဖြစ်သော ပုလဲမျက်နှာကို ခါတိုင်းနဲ့မတူ တမူထူးခြားနေတယ်ဆိုပြီး အကဲခတ်လိုက်မိလေတော့ ၊
ဟုတ်တယ်။ ပုလဲရဲ့ မျက်နှာဟာ အိပ်ရေးပျက်ထားသူလို မျက်ကွင်းတွေညို၊ နားထင်နားရင်းတွေကျနဲ့ ၊ သိသာထင်ရှားစွာ နွမ်းလျနေတာကို တွေ့မြင်လိုက်ရတယ်။
စန္ဒာက သူ့အစ်မဖြစ်တဲ့ ပုလဲရဲ့ သိသာထင်ရှားစွာ နွမ်းဖတ်နေတဲ့ မျက်နှာကို ကြည့်ပြီး မနေနိုင်တော့ မေးလိုက်ပါတယ်။
" မမ ညီး နေမကောင်းဘူးလား၊ ဘာလဲ ညက အိပ်မပျော်လို့လား ၊ မျက်ကွင်းတွေလဲ ညိုလို့ဟယ် "
စန္ဒာက အဲ့သလိုမေးတော့ ပုလဲခမျာ ဘာဖြေရမှန်းမသိ ဖြစ်နေရှာတယ်။ သူ ညဘက်လည်း အိပ်ပျော်ပါရဲ့။ ဘာကြောင့် မနက် မနက် အိပ်ယာကနိုးလာရင် တကိုယ်လုံး ကိုက်ခဲနာကျင်နေတတ်တာကို အဖြေရှာမရ ဖြစ်နေရှာတယ်။ ဒီလို ဖြစ်တာက နေ့စဥ်ရက်ဆက်တော့မဟုတ်။ ရက်ခြား ဖြစ်တတ်တယ်။
ဟုတ်တယ် ။ ခုတလော အဲ့သလို ဖြစ်နေတာ ရက်၂ပတ်ပင် ကျော်ခဲ့ပြီ။
ပုလဲဟာ ဖြစ်စကတော့ ညကမက်သော အိပ်မက်ကို ပြန်တွေး၍ ရှက်သွေးဖြာခဲ့မိသေးပါတယ်။
အိပ်မက်ထဲမှာ သူ တဖက်သတ် ကြိုက်နေတဲ့ ရွာမြောက်ပိုင်းက ကိုထွန်းလူနဲ့ အပျော်ကြီး ပျော်ကာ ချစ်ရည်လူးနေခဲ့ကြတယ်တဲ့။
ကိုထွန်းလူဆိုတာက သူမနဲ့ တရွာတည်းသား။ ရိုးရိုးအအနှင့် အနေတည်ကြည်သူ။ အရပ်အမောင်း ကောင်းသလို လူပုံက ခန့်ညားတည်ကြည်တယ်။
ရပ်ရေးရွာရေးမှာ အတူတူ လုပ်ကြကိုင်ကြရင်း ကိုထွန်းလူနှင့် သူမ မကြာခဏ ဆုံလေ့ရှိကြတယ်။ ကိုထွန်းလူဟာ သူမကို မကြာခဏ ခိုးကြည့်တတ်တယ်။ သူမနဲ့ မျက်လုံးချင်း ဆုံတွေ့တိုင်း ရိုးသားတဲ့ ကိုထွန်းလူက ရှက်တက်တက် မျက်နှာဖြင့် အရင်လွှဲသွားလေ့ရှိတယ်။
ဒီလူကြီး သူမအပေါ်ကို မရိုးသားတော့တာဘူးလို့ အသက်၂၂နှစ်တောင်ရှိပြီ ဖြစ်တဲ့ ပုလဲက ရင်ခုန်စိတ်လှုပ်ရှားစွာ သိလိုက်ရတယ်။ သူမစိတ်ကလည်း ကိုထွန်းလူအပေါ်မှာ မဆွတ်ခင်ကပင် ညွှတ်တိမ်းနေတယ်ဆိုတာ ညီမဖြစ်သူ စန္ဒာက သိနေလေရဲ့။
ခက်တာက အဲ့ဒီလူကြီး ကိုထွန်းလူ။ ခုချိန်ထိ အုံ့ပုန်းလူမိဖြစ်နေတာပဲ။ ဖွင့်မှ မပြောဘဲလေ။ ပုလဲက မိန်းမသား။ သူ့ဘက်က ချစ်ကြောင်း ဖွင့်ပြောလာမှ စဥ်းစားပါအုံးမယ်တို့၊ အဖေ သဘောတူရင် လာတောင်းပါတို့ မူရအုံးမယ်မဟုတ်လား။
အခုတော့ အဲ့သလို မူဖို့ နေနေသာ သူမ အိပ်မက်တွေထဲမှာ ကိုထွန်းလူနဲ့က ချစ်သူတွေတောင် မဟုတ်တော့ဘူး။ အဆင့်တွေ ကျော်ကုန်ပြီ ဖြစ်တယ်။
တကယ့် အပြင်မှာတော့ ချစ်သူပင် မဖြစ်ကြသေး။ ပုလဲခမျာ ဟိုတွေးဒီတွေးနဲ့ ညီမဖြစ်သူရဲ့ မေးခွန်းကို မဖြေနိုင်ဘူး။
ဒါနဲ့ပဲ ညီအစ်မ ၂ယောက်တည်း ရှိနေချိန်ဆိုတော့ ရှက်ကြောက်မနေတော့ပဲ ပါးစပ်ကနေ ဖွင့်ပြောချလိုက်တယ်။
" ညကအေ ကိုထွန်းလူကြီးနဲ့ ငါ ... "
စန္ဒာက အစ်မဖြစ်သူရဲ့ စကားကို ကြားတော့ ...
" အို ! ဖြစ်မှ ဖြစ်ရလေ အစ်မရယ်၊ ညီးတော့အေရယ် ငါ့အစ်မ ဖြစ်နေလို့နော် ၊ ဟွန်း ပြော မပြောလိုက်ချင်တော့ဘူး "
စန္ဒာက အဲ့သလို အစ်မကို ပြောလိုက်ပေမဲ့ သူလည်း မိန်းမသားပဲလေ။ အစ်မဖြစ်သူကို စာနာ သနားမိတာပေါ့။ ဒီတော့ အစ်မကိုယ်စား သူကပဲ မြင်းကမလှုပ်တော့ ခုံကို ဘေးကနေ လှုပ်ပေးရုံပဲဟု တွေးလိုက်မိတယ်။
တကယ်ပဲ၊ အဲ့ဒီနေ့ နေ့လယ်မှာ စန္ဒာဟာ ကိုထွန်းလူ ရှိနေတတ်တဲ့ ရွာလယ်က လက်တောက်ခုံကို တယောက်တည်း ထွက်သွားခဲ့တယ်။
စန္ဒာက သွက်သွက်လက်လက်ရှိလေတော့ ကိုထွန်းလူနဲ့လည်း ခင်မင်လက်စရှိတယ်။ တခါတလေ စန္ဒာက ကိုထွန်းလူကို စစနောက်နောက်နဲ့ ခဲအိုကြီးလို့တောင် တရင်းတနှီး စနောက်တတ်သေးတယ်။
လက်တောက်ခုံကနေ ကိုထွန်းလူကို စန္ဒာက ခေါ်ပြီး၊ စကားနည်းနည်း ပြောလိုက်တယ်။ ကိုထွန်းလူက စန္ဒာစကားကြောင့် မျက်လုံးပြူးသွားတယ်။
ထွန်းလူရဲ့ မျက်နှာမှာ စိုးရိမ်ပူပန်ဟန် အတိုင်းသား ပေါ်လာတယ်။ ထွန်းလူကြည့်ရတာ မျောက် မီးခဲကိုင်မိသလို နေမသိထိုင်မသာ ဖြစ်သွားတာ အသေအချာပဲ။
စန္ဒာက ဘာပြောခဲ့သလဲဆိုတော့၊
" ခဲအိုကြီး ခင်များကတော့ အခုထိ လက်တောက်ခုံထိုင်လိုက်၊ အိမ်ရှေ့ကနေ ဖြတ်လျှောက်လေး လုပ်လိုက်နဲ့ ၊ အဲ့သလို အူတူတူ ကြောင်တောင်တောင် တုံဏိဘာဝေ လုပ်နေ ။ ကျုပ်အစ်မကို အဖေက လင်ပေးစားတော့မလို့တဲ့။
အဲ့ဒါ အစ်မက အဖေပေးတဲ့ လင်မယူချင်လို့ အိမ်မှာ ငိုနေတယ် ။
ကျုပ်အစ်မသာ တခုခုဖြစ်ရင် ခင်များ ပယောဂ မကင်းဘူးသာမှတ် "
အဲ့ဒါကြောင့် အုံ့ပုန်း ထွန်းလူ ယောက်ယက်ခတ်သွားရတာပဲ။ စန္ဒာက ထွန်းလူရဲ့ ဖြစ်အင်ကို ကြည့်ပြီး ရယ်ချင်ပေမယ့် မရယ်ပဲ ...
" နေ့ တချက်တီးလောက်ကျရင် အဖေက စခန်းသာရွာကို ရွာက လူကြီးတွေနဲ့ သွားလိမ့်မယ်။ အဖေတို့ လှည်းသွားတာ မြင်ရင် ခဲအိုကြီး အိမ်ဘက်ကို လာခဲ့ပေါ့ ။
ကျုပ် အစ်မ ပုလဲကို ခဲအိုကြီး လာမယ့်အကြောင်း ကြိုပြောထားလိုက်မယ်။ ဟုတ်ပြီလား "
ထွန်းလူခမျာ ယောင်အအနဲ့ စန္ဒာကို ခေါင်းသာ ငြိမ့်ပြလိုက်မိပါလေရဲ့။ သူ ပုလဲကို ချစ်နေတာ ကြာပြီ။ဒါပေမဲ့ ဖွင့်မပြောရဲဘူး။ ပုလဲက စိတ်ဆိုးပြီး မုန်းသွားမှာကို ကြောက်နေတာလေ။
အခုတော့ သူ မြတ်နိုးရတဲ့ ပုလဲကို လင်ပေးစားမယ်ဆိုတော့ သူ့အသဲနှလုံးကို ဆွဲခါလှုပ်လိုက်သလိုပဲ။ သူ ဒီကနေ့တော့ သတ္တိရှိရှိ ဖွင့်ပြောလိုက်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဖွင့်ပြောလို့ သူ့အချစ်ကို ပုလဲကသာ လက်ခံမယ်ဆိုရင် ၊ သူ လက်ထပ်ယူမယ်။ ပုလဲဘက်ကသာ ချစ်တယ်လို့ အဖြေပေးလာခဲ့ရင် ထွန်းလူ ခိုးပြေးဖို့အထိ ဆုံးဖြတ်ထားလိုက်တယ်။
ဒါနဲ့ ဦးစံမြတို့ လှည်းအထွက်ကို တနေရာကနေ စောင့်ကြည့်နေခဲ့တယ်။ ဦးစံမြနဲ့ ရွာလူကြီးအချို့ပါတဲ့ လှည်းက စခန်းသာရွာကို ထွက်သွားတော့ ထွန်းလူ ဝမ်းသာအားရ ပုလဲဆီကို သွားတွေ့တော့တာပေါ့။
အိမ်မှာက ပုလဲနဲ့စန္ဒာ ညီအစ်မနှစ်ယောက်တည်းပဲ ကျန်ခဲ့တယ်။ ထွန်းလူကို မြင်တော့ အိမ်အောက်ထပ် ခုံတန်းရှည်ပေါ် ထိုင်နေတဲ့ ပုလဲက အရှက်သည်းစွာ ခေါင်းကို ငုံလျိုးချထားလိုက်တယ်။ အငယ်မ စန္ဒာကတော့ ထွန်းလူကို ကြည့်ပြီး ပြုံးစစ လုပ်နေတယ်။
ဒါကိုမြင်တဲ့ ပုလဲက သူ့ညီမ မျက်နှာပိုးမသေ အူမြူးနေတာကို မြင်ပြင်းကတ်ပြီး ပေါင်ကို အသာ ဆွဲဆိတ်လိုက်တယ်။
" အ! နာလိုက်တာ "
မျက်နှာချင်းဆိုင်က ခုံတန်းမှာ ဝင်ထိုင်ဖို့ ပြင်နေတဲ့ ထွန်းလူခမျာ စန္ဒာအသံကြောင့် မထိုင်ဖြစ်ဘဲ
" ဟင်! ဘာကို အားနာတာလဲ စန္ဒာ "
ထွန်းလူက ပူထူနေတော့ စန္ဒာရဲ့စကားကို နားစွန်နားဖျားကြားပြီး ၊ မေးလိုက်တာဖြစ်တယ်။
စန္ဒာက ရောယောင်ပြီး၊
" အော် ... ခဲအိုကြီး အဲလေ ကိုထွန်းလူကြီး လာတော့ ဧည့်ခံစရာ မုန့် ဘာမှ အရန်သင့် ရှိမနေလို့ အားနာလိုက်တာလို့ ပြောတာပါ ဟီးဟီး "
မျက်နှာပိုး မသေတဲ့ စန္ဒာက ပါးစပ်ကနေ ခေါ်နေကျအတိုင်း ခဲအိုကြီးလို့ ခေါ်ပြီးမှ သူ့အစ်မ ပုလဲ ထပ်ဆိတ်မှာ ကြောက်ပြီး ပြင်ခေါ်လိုက်တယ်။ ထွန်းလူကတော့ အဲ့ဒါလည်း မသိပါဘူး ။
" ဟာ ရပါတယ် မိစန္ဒာရယ်။ ငါ အိမ်က ထမင်းစားပြီးမှ ထွက်လာတာပါ "
" အို ဒါဆိုလဲ အခါးရေလေး သောက်ပြီးမှ ပြန်ပေါ့။ ကျွန်မ အခါးရေ သွားထည့်လိုက်အုံးမယ်။ မမနဲ့ စကားပြောရစ်အုံး "
စန္ဒာက တမင်သက်သက် ရှောင်ပေးတယ်ဆိုတာ ပုလဲရော ထွန်းလူပါ သိကြပါတယ်။ ဒါကို စန္ဒာက စသလိုလို နောက်သလိုလိုနဲ့ နောက်ဖက် မီးဖိုချောင် ဝင်ခါနီးမှာ ခုချိန်ထိ ခေါင်းကြီး ငုံ့ထားတဲ့ သူ့အစ်မပုလဲကို လှမ်းအော်ပြောလိုက်သေးတယ်။
" မမ နင်ဝတ်ထားတာ ထမီ အဝါရောင်နော် "
ပုလဲက စန္ဒာပြောတာကို နားမလည်ဟန်ဖြင့် ...
" ဟင်! အေးလေ ဘာဖြစ်လို့လဲ။ ငါ သိသားပဲ "
" အေး သိရင်လဲ ခေါင်းကြီးကို ငုံ့မနေနဲ့တော့လေဟယ် ။ ကိုထွန်းလူကို ဧည့်ခံစကားလေး ပြောလိုက်ပါအုံး "
အဲ့သလိုပြောပြီး စန္ဒာဟာ မီးဖိုချောင်ထဲကို လှစ်ခနဲ ဝင်ပြေးသွားတယ်။
ပုလဲလည်း ထွန်းလူကို တခုခု ပြောရန် လှမ်းအကြည့် ၊ ထွန်းလူက သူ့အား ဂရုတစိုက်နဲ့ ကြည့်နေတာနဲ့ ဆုံသွားတယ်။ ပုလဲ ရှက်သွားတယ်။
" အို ကိုထွန်းလူကလဲ လူကို ဘာလို့ အဲ့သလိုကြီး ကြည့်နေတာလဲ "
" ကြည့်မပေါ့ ပုလဲရဲ့ ။ စိုးရိမ်တာကိုး "
" ရှင် ! ဘာဖြစ်လို့လဲ "
" မနက်က စန္ဒာက ပြောသွားတယ်လေ။ ပုလဲ တနေ့လုံး ငိုနေတယ်ဆို "
" ရှင် ! "
ထွန်းလူက ပုလဲရဲ့ မျက်နှာလေးကို စေ့စေ့ကြည့်ရင်း ...
" ဟုတ်ပါရဲ့ ၊ ငါ့နှမ မျက်နှာက ညှိုးလို့ ၊ မျက်ကွင်းတွေလဲ ညိုလိုကွယ် ။ ဦးကြီးစံမြ ပေးစားတဲ့သူ မယူချင်လဲ မယူနဲ့ပေါ့ နှမရယ် "
" ရှင် "
ပုလဲခမျာ ထွန်းလူ ပြောသမျှကို တခုမှ နားမလည်၊ တရှင်တည်း ရှင်နေမိတယ်။ ထွန်းလူကတော့ လူရိပ်လူကဲ ခတ်တတ်သူ မဟုတ်လေတော့၊ သူ ပြောချင်တာကိုပဲ ဆက်ပြီး ပြောနေပါတော့တယ်။
" ခုချိန်ခါမှာ နှမက ကျုပ်ကို ပွဲလန့်တုန်း ဖျာခင်းတယ်ပဲ ပြောချင် ပြောတော့ကွယ်။
ကျုပ်ကို နှမ စိတ်ဆိုးသွားမှာ၊ မုန်းသွားမှာ ကြောက်လို့ ဖွင့်မပြောပဲ နေခဲ့တာကို အခု ဖွင့်ပြောတော့မယ်။
နှမတော့ ရိပ်မိသလား မသိဘူး။
နှမကို ကျုပ် မေတ္တာသက်ဝင် ချစ်မိနေတာ အတော်ကြာခဲ့ပါပြီ။
နှမကသာ ခွင့်ပြုမယ်ဆိုရင် သေတပန်သက်တဆုံး ကျုပ်နှမကို စောင့်ရှောက်ခွင့် ရချင်ပါတယ်။
ဘယ်လိုလဲ နှမ။ ကျုပ်ကို ခွင့်ပြုမယ်မဟုတ်လားဟင် ... "
ကြည့်ပါအုံး။ရဲမယ့် ရဲတော့ ထွန်းလူဟာ သူတို့နှစ်ဦးကြားက စားပွဲခုံကို ကျော်ခွတော့မယ့်အတိုင်း ၊ သူရဲ့ ခါးလျားရှည်ကြီးကို ပုလဲဘက်သို့ ကိုင်းညွှတ်ပြီး အားမလိုအားမရဖြစ်ဟန်နဲ့ ပြောနေတာကို။ ပုလဲခမျာ အခုလို ထွန်းလူက အိမ်အထိ ချစ်စကား ကြိုက်စကား ပြောလိမ့်မယ်မှ ထင်မှတ်မထားတာ။ အခုတော့ ပုလဲ အရှက်သည်းစွာ ခေါင်းကြီးကို ငုံ့ပြီး အင်္ကျီအနားစကို လုံးချေနေမိတော့တာပေါ့။
" ပြောလေ နှမ ။ ကျုပ်ကို ပြန်ချစ်မယ်မို့လားဟင် "
ပြောရင်းနဲ့ စိတ်အလိုတိုင်း ထွန်းလူဟာ စားပွဲခုံကို ဘေးမှ ပတ်ခါ ပုလဲနှင့် နီးကပ်စွာ ယှဥ်ထိုင်လိုက်ပါတော့တယ်။ ပြီးတော့ အင်္ကျီအနားစကို ဆုပ်ချေနေတဲ့ ပုလဲရဲ့ လက်နှစ်ဖက်စလုံးကို အသာယာ ဆုပ်ကိုင်လိုက်ပြီး ...
" ချစ်လျက်နဲ့တော့ မဝေးပါရစေနဲ့ နှမရယ် ။ ဘဒွေးဦးစံမြ သဘောမတူရင် ကျုပ် မင်းကို ခိုးပြေးပါရစေ "
" အို ! မဟုတ်တာပဲ "
" ဘာက မဟုတ်ရတာလဲ နှမရဲ့ "
" အစ်ကိုထွန်းလူ ပြောသလို အဖေက သဘောမတူဘူးဆိုတာ မဟုတ်ပါဘူးလို့ ၊ အဖေက ကျွန်မကို အစ်ကိုနဲ့ သဘောတူမှာပါ ... "
" ဟင်! ဒါဖြင့် နှမကို လင်ပေးစားမယ်ဆိုတာကရော ... "
" အစ်ကို့ကို ဘယ်သူက ပြောလဲ"
" မိစန္ဒာ လာပြောသွားတာလေ။ သူပြောတော့ ကျုပ်မှာ နှမကို ဆုံးရှုံးရချည်ရဲ့ဆိုပြီး ရင်တွေ ဗလောင်ဆူကုန်တာပေါ့ "
" အဲ့ဒီ မိစန္ဒာအကြောင်း အစ်ကိုလဲ အသိသားဟာကို ၊ သူက အဲ့သလိုပဲ ပြောချင်ရာ ပြောတတ်တာလေ "
" အိုကွယ် ကျုပ်ကတော့ မိစန္ဒာကို အပြစ်မတင်ပါဘူး။ သူ့ကြောင့်သာ ဟောဒီက နှမကို ရဲရဲတင်းတင်း ချစ်ခွင့်ပန်မိတာပေါ့ ။ နို့မို့များဆို ကျုပ် ပြောထွက်ရဲမယ်မထင်ဘူး "
ပုလဲက အခုထိ သူ့လက်ကို ထွန်းလူက တင်းတင်းဆုပ်ကိုင်ထား၍ ရုန်းထွက်နေမိတယ်။ ဒါပေမဲ့ ထွန်းလူက လက်ကို လွှတ်မပေးဘူး။
" ကဲ .. အတင်းရုန်းမနေပါနဲ့ ။ နှမရဲ့ အဖြေစကား ကျုပ် ကြားချင်စမ်းလှတယ်။ ကျုပ်ကို ချစ်တယ်လို့ ဖြေပါနော် "
" ဟင့်အင်း ခုနေ မဖြေချင်ပါဘူး အစ်ကိုရယ်။ တော်နေကြာ မိစန္ဒာကြားသွားရင် ရှက်စရာ "
" မကြားလောက်ပါဘူး နှမရဲ့။ ခုနက နှမက အရှက်သည်းနေလို့သာ မမြင်လိုက်တာ။ မိစန္ဒာ အိမ်နောက်ဖေးကနေ အပြင်ထွက်သွားတာ အစ်ကို တွေ့လိုက်တယ် "
" ဟင် ဒါဆိုရင် ခုကိစ္စက အစ်ကိုနဲ့ မိစန္ဒာ ပေါင်းကြံကြတာပေါ့လေ ၊ တွေ့မယ် ကောင်မစုတ်လေး ၊ အိမ်ပြန်လာလို့ကတော့ ဗိုက်ကြောပြတ်အောင်ကို လိမ်ဆွဲပစ်ရအုံးမယ် "
ပုလဲဘက်က သိပ်ပြီး ရုန်းတာမျိုး မလုပ်တော့တဲ့အခါ ၊ ရိုးအပါတယ်ဆိုတဲ့ ထွန်းလူဟာ ပုလဲ မျက်နှာဖူးဖူးလေးကို ကြည့်၍ ချစ်ဆိပ်တွေ တက်လာတယ်နဲ့ တူပါရဲ့ ။ ပုလဲ ကိုယ်လုံးလေးကို ဆွဲယူ ဖက်ခါ နဖူးပြင်ကို မွှေးကြူလိုက်ပါလေတော့တယ်။
" အို အစ်ကိုကလဲ အဖြေတောင် မပေးရသေးပဲနဲ့ ။ လူကို အတင်းနမ်းနေတယ် ၊ လူကိုလဲ လွှတ်ပါအုံး"
" လွှတ်စေချင်ရင် နှမ ပါးစပ်က ချစ်တယ်လို့ ဖြေလေ ... "
ပုလဲ ခမျာ ကျဥ်းထဲကြပ်ထဲ ရောက်နေရှာတယ်။ ခုနေများ စန္ဒာ ပြန်လာခဲ့ရင် ပိုပြီး အရှက်သည်းစရာ ဖြစ်နေမှာမို့ ထွန်းလူ သဘောကျ အဖြေပေးလိုက်ရှာပါတယ်။ မဖြေလို့မှ မဖြစ်တာ။ လူရိုးကြီးက သူမကို အတင်း ဖက်ထားသည်မဟုတ်လား။
" လွှတ် လွှတ်ပါ အစ်ကိုရယ် ၊ ကျွန်မလဲ အစ်ကိုထွန်းလူကို ချစ်ပါတယ်ရှင် "
အပြင်ဘက် ထရံကာအနီးက ချောင်းနေတဲ့ စန္ဒာခမျာ ခုမှပဲ ရင်ထဲက အလုံးကြီး ကျသွားလေတော့တယ်။ သူ့ အစ်မက အမူလွန်နေမှာကို စိုးသည်မဟုတ်လား။ ဘာပြောပြော သူ့အစ်မကို ရိုးသားသော ကိုထွန်းလူနှင့် သဘောတူတယ်။ ပြီးတော့ ကိုထွန်းလူက တဦးတည်းသောသား။ သူ့အစ်မကို အနိုင်ကျင့်မယ်သူ၊ ငြူစူမယ့်သူ မရှိဘူး။ ကိုထွန်းလူကလည်း ပုလဲကို မိသားဖသားပီပီ လာတောင်းရမ်းမည်ဆိုတာ သေချာတယ်။ အဲ့ဒါတွေကြောင့် သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်အောင် မိစန္ဒာဟာ အမြန် ဘေးတီးပေးတာပဲပေါ့။
ဦးစံမြ ပြန်လာချိန်နီးမှ စန္ဒာက ချောင်းသံပေး၍ အိမ်အောက်ထပ်ကို ဝင်ခဲ့တယ်။ အဲ့ဒီတော့မှ ထွန်းလူကလည်း အိမ်ပြန်ရမယ်ဆိုတာ သတိဝင်ပုံရရဲ့။ ထွန်းလူက မပြန်ချင့် ပြန်ချင်နဲ့ ပြန်သွားတော့မှ ညီအစ်မနှစ်ယောက် ရယ်မောစနောက်ရင်း ...
" အယ်တော် မမရေ "
" ဟင်! ဘာဖြစ်ပြန်ပြီလဲ ပေါက်ကျော်မရဲ့ "
" ဘာဖြစ်ရမလဲ ၊ မမတို့ လွတ်လွတ်လပ်လပ် ကြည်နူးပါစေဆိုပြီး၊ ငါက အပြင်ထွက်နေတာလေ။
ခု အဖေက ပြန်ရောက်တော့မယ်။ ညနေစာ ထမင်းအိုးက မတည်ရသေးဘူး ... ဟီး "
ပုလဲက စန္ဒာကို မျက်စောင်းလှမ်းထိုးလိုက်ပြီး ...
" ဒါဆိုလဲ ညီးပဲ ဆန်ဆေးပြီး တည်လိုက်တော့ဟယ် ။ ငါ အခန်းထဲ ဝင်ပြီး ခဏ နားလိုက်အုံးမယ် "
ပုလဲက ပြောလည်းပြော ထထွက်သွားတယ်။ စန္ဒာကတော့ ပွစိပွစိနဲ့
" ဟွန်း မသိတာကျလို့ ။ ဒင်း ခုနက ခဲအိုကြီးနဲ့ ကြင်နာခဲ့တာကို စားမြုံပြန်မလို့ အိပ်ယာထဲ ဝင်တာနေမှာ"
စန္ဒာရဲ့ စကားကို နားပါးတဲ့ ပုလဲက ကြားသွားပြီး ၊
" အေး ဟုတ်တယ်အေ့ ၊ စားမြုံပြန်မလို့ ၊ ဘာဖြစ်လဲအေ "ဟု ပြောကာ အခန်းထဲကို ဝင်သွားပါတော့တယ်။
__________
အခန်း(၁၂)
ဘဝဆိုတာ အစဥ်မမြဲ သာယာနေတတ်တာ မဟုတ်သလို ကြမ်းတမ်းခက်ခဲနေတာလည်း မဟုတ်မပြန်ဘူး။အဲ့ဒီဘဝဆိုတာကြီး ဖြစ်တည်နေသရွေ့တော့ နိမ့်ချည်တလှဲ့ သာချည်တဖန်နဲ့ လောကဓံရဲ့ အကောင်းနဲ့အဆိုး ဒွန်တွဲနေသော ပြောင်းလဲခြင်းတရားကို လူတိုင်း ကြုံတွေ့နေကြရဦးမှာပဲ။
အခု ပုလဲနဲ့ ထွန်းလူ ချစ်သူတွေ ဖြစ်ကြတာ ၄လကျော် ၅လထဲကို ရောက်ခဲ့ပြီ။ချစ်သူတွေ အတိအလင်း ဖြစ်ကြပြီးနောက်တော့ ချစ်သူသဘာဝ ရင်ခုန်ဖွယ်၊ ကြည်နူးဖွယ်တွေနဲ့ ပြည့်လို့ပေါ့။
ထွန်းလူဟာ မိကောင်းဖခင်သား ပီသတယ်။ ပုလဲ အပေါ်ကို ချစ်သူတယောက်လို ၊ နှမငယ်လေးတယောက်လို ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ လိုသည့်ထက်ပို၍ အခွင့်အရေး မယူခဲ့ရှာဘူး။ နဖူးလေးနမ်းရုံ၊ ပါးလေးနမ်းရုံထက် မပိုခဲ့ဘူး။
ဒါပေမဲ့ အခု ပုလဲမှာ ကိုယ်ဝန်ရှိနေပြီလို့ သိလိုက်ရတဲ့အခါ ဦးခေါင်းကို မိုးကြိုးပစ်ခံရသလိုပါပဲ။ ပုလဲမှာ ကိုယ်ဝန်ရှိနေတဲ့အကြောင်း လာပြောသူက ... ခယ်မလောင်း မိစန္ဒာ။
" နင် နင် ငါ့ကို စနေတာလား မိစန္ဒာ "
" အို ခဲအိုကြီးကလဲ ဒါမျိုးက စ စရာလားတော့ ။ လူများတွေ ကြားရင် အရှက်တကွဲ အကျိုးနည်းရမယ့်အဖြစ် "
ခုတလော အစ်မဖြစ်သူ အော့လိုက်အန်လိုက် ဖြစ်နေတာကို စန္ဒာက မသင်္ကာဘူး။ ဒါနဲ့ အစ်မဖြစ်သူကို ရွာထဲက လက်သည် ဒေါ်အုံးမြ ခေါ် ပြီး စစ်ဆေးကြည့်တဲ့အခါ ...
" ကောင်မလေး နင့်ချစ်သူကို အမြန် တောင်းရမ်းခိုင်းလိုက်တော့၊ ကိုယ်ဝန်က ၃လလောက်ရှိနေပြီ "
အကြောင်းသိအစင်းသိ ဒေါ်အုံးမြက ဘွင်းဘွင်းကြီး ပြောချလိုက်တယ်။ ပုလဲခမျာ နားမလည်နိုင်စွာ ဒေါ်အုံးမြကို ကြည့်၍ ...
" အသေအချာ စစ်ပေးပါအုံး ဂျီးဒေါ်အုံးမြရယ် ။ ကျွန်မမှာ တကယ်ပဲ ... ... "
ဒေါ်အုံးမြက မီးသေနေတဲ့ ဆေးပါ့လိပ်တိုကို ပါးစပ်မှာခဲထားလျက်၊
" ညီးတို့ အမေလက်ထက်ကတည်းက ငါ လက်သည်လုပ်လာတာပါအေ။ မှားစရာလား ။
စိတ်ချပါ။ ဂျီးဒေါ် ဒီကိစ္စကို ဘယ်သူ့မှ ဖွင့်မပြောပါဘူး။ ညီးတို့သာ ဒီကိစ္စ အဆင်ပြေအောင် မြန်မြန်လေး ယူကြပါ "
ဒေါ်အုံးမြက ပုလဲပေးသည့် ပိုက်ဆံတထပ်ကို ယူပြီး ပြန်သွားပြီ။ ကျန်ခဲ့တဲ့ ညီအစ်မနှစ်ယောက် ခေါင်းချင်းဆိုင် ကျန်ခဲ့တယ်။စန္ဒာက သူ့အစ်မ ပုလဲရဲ့ ကိုယ်ဝန်က ကိုထွန်းလူပဲဟု
တထစ်ချတွေးပြီး...
" အဖေသာ သိရင် မိုးမီးလောင်လိမ့်မယ် မမ။ နင်တို့ ဒီညသာ ခိုးပြေးကြဟာ ။ နောက်ပြသနာ နောက်မှ ဖြေရှင်းမယ် ။ ငါ အခု ခဲအိုကြီးဆီ အကျိုးအကြောင်း သွားပြောမယ် ..."
စိတ်မြန်တဲ့ စန္ဒာက ပြောပြောဆိုဆို အိမ်ထဲက ထွက်သွားတယ်။အဲ့ဒီတော့ ပုလဲက ငိုယိုနေရာမှ သတိဝင်လာပြီး ...
" ဟဲ့ စန္ဒာ စန္ဒာ ၊ နေအုံးလေ "
ဒါပေမဲ့ စန္ဒာက ခြံအပြင် ရောက်သွားပြီ။ မကြားတာလား ဘာလားမသိ။ ကိုထွန်းလူ ရှိမယ့်နေရာကို ထွက်သွားခဲ့တယ်။
ပုလဲ အရှက်ကွဲရမယ့်အဖြစ်ကို တားဆီးရန် စန္ဒာနောက်ကို လိုက်ရန်ပြင်တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့၊ ဦးစံမြက အောက်ထပ် လှေကားရင်းမှာ သူမကို ဆီးကြို၍ ...
" ဟဲ့ လုံမ ၊ ညီးတို့ ဘာဖြစ်နေကြတာလဲ ။ ဟို ရှပ်ပြာမ မိစန္ဒာကလဲ အိမ်ထဲကနေ အရေးတကြီး ပြေးထွက်သွားတယ်။
ဒါနဲ့ ခုဏက ငါ့ခြံထဲကနေ မအုံးမြ ထွက်သွားတာ မြင်လိုက်ပါတယ်။ ညီးတို့ ဘာတွေ ဖြစ်နေကြတာတုန်း ။ မထိတ်သာမလန့်သာ ရှိလိုက်တာ လုံမရယ် "
" ဟို ဟိုလေ ဘာမှ မဖြစ်ပါဘူး အဖေရဲ့။ ဂျီးဒေါ်အုံးမြလာတာက ကျွန်မဆီက ပိုက်ဆံလာချေးတာပါ။ အဲ့ဒါ သူ့ထဲ ပိုက်ဆံ ပိုပါသွားလို့၊ အငယ်မကို လိုက်တောင်းခိုင်းလိုက်တာပါ "
" အော် အဲ့သလိုဆို တော်ပါရဲ့ လုံမရယ်။ အဖေလဲ ဗိုက်ထဲက တဂွီဂွီနဲ့ ဆာလာသဟဲ့ ။ ထမင်း တပန်းကန်လောက် ခူးပေးစမ်းကွယ် "
ပုလဲခမျာ စန္ဒာနောက်ကို ပြေး လိုက်ချင်ပေမယ့် ချက်ချင်း မလိုက်နိုင်တော့ဘူး။ ဦးစံမြကို ထမင်း ခူးခပ် ပြင်ဆင်ပေးရပြန်တယ်။ ပြီးတော့မှ ...
" အဖေ ကျွန်မ အငယ်မနောက်ကို လိုက်သွားအုံးမယ်နော် ။ ပန်းကန်တွေ ကျွန်မ ပြန်ရောက်မှ ဆေးမယ်။ ဒီအတိုင်း ထားလိုက်တော့ "
ပုလဲ ပြောပြီးတာနဲ့ အငယ်မနောက်ကို လိုက်သွားခဲ့တယ်။ ဒါပေမဲ့ သူ ရောက်သွားတဲ့အချိန် ကိုထွန်းလူဆီက တအံတဩနဲ့ ပြောချလိုက်တဲ့ စကားကြောင့် သစ်ပင်တပင် အကွယ်ကနေ ပုန်းကွယ်လိုက်မိတယ်။
" မိစန္ဒာရယ် ... ဘုရားပေးပေး ကျမ်းပေးပေးပါဟယ် ။ ငါနဲ့ ပုလဲက ချစ်သူရည်းစားတွေ ဆိုပေမယ့် ၊ အဲ့ဒီ နင်ပြောတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။ နင်လဲ ငါ့အကြောင်းသိရဲ့နဲ့။
ငါ့ကိစ္စသာဆို ခုလိုကြားရတာနဲ့ ထကပြီးသားပဲ။ နင် တခုခု မှားနေပြီထင်တာပဲဟယ် ၊ ပုလဲမှာသာ ကိုယ်ဝန်ရှိနေပြီဆိုတာ တကယ်ဆိုရင် ၊ ငါနဲ့ မဟုတ်ဘူးဆိုတာ သစ္စာဆိုဝံ့ပါတယ် "
သွားပြီ။ ပုလဲ ရင်ထဲ ဆို့တက်လာတယ်။ မျက်လုံးအိမ်က မျက်ရည်တွေ တားမရ ဆီးမနိုင်ကျလာတယ်။ သူမ ချစ်တဲ့ ကိုထွန်းလူက ဒီကိစ္စကို ငြင်းပယ်လိုက်ပြီမဟုတ်လား။
ပုလဲဟာ သူမကိုယ် သူမ မကျေမနပ် ဖြစ်သွားတယ်။ သူမကို ဘယ်သူက စော်ကားလဲဆိုတာကိုလည်း သူမ စဥ်းစားမရနိုင်ဘူး။
တခုပဲ ရှိတယ်။ ပြီးခဲ့တဲ့ (၅)လကျော်ခန့်ကစပြီး အိပ်မက်တွေထဲမှာ အဲဒီလိုကိစ္စတွေ ရက်ခြားဆိုသလို မကြာခဏ မြင်မက်ခံစားခဲ့ဘူးတယ် အခု ကိစ္စက အဲဒါနဲ့များ ဆက်စပ် ပတ်သက်နေမလား။ အဲ့ဒါကို သူမ တွေးရင်း ခေါင်းပူလာတယ်။ ရင်ထဲ တလှပ်လှပ်နဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေ ကြီးထွားလာရတယ်။
သူမ မှာသာ ကိုယ်ဝန် တကယ်ရှိနေခဲ့မယ်ဆိုတဲ့ အတွေးက သူမကမ္ဘာလေးကို ဖျက်ဆီးပစ်တော့မှာပဲလို့ စိုးရိမ်စိတ် ဝင်လာတယ်။ ချစ်သူနဲ့ ဝေးရတဲ့အပြင်၊ 'သစ္စာဖျက်မ' ၊ ပျံတန်တန် နန့်တန့်တန့် မိန်းမ လို့ အရပ်ထဲ နာမည်ပျက်ရတော့မယ်။ အဆိုးဆုံးက လင်ကောင်မပေါ်တဲ့ မိန်းမလို့ အခေါ်ခံရမှာ သေချာတယ်မဟုတ်လား။
ပုလဲဟာ အတွေးပေါင်းစုံဝင်ပြီး၊ သစ်ပင်အကွယ်ကနေ အိမ်ကို ပြန်သွားခဲ့တယ်။ သူ ကိုထွန်းလူ ဆက်ပြောတဲ့ စကားကို မကြားမိလိုက်တော့ဘူး ။ ကိုထွန်းလူက ဘာပြောသလဲဆိုတော့ ...
" ဒီမယ် မိစန္ဒာ ၊ ငါက ပုလဲကို နှလုံးပေါက်မတတ် ချစ်လွန်းလို့ နာမည်တောင် မခေါ်ခဲ့ဘူး ။
ငါ သူ့ကို နှမလို့ပဲ အမြဲခေါ်တယ်။ အေး အခုလဲ ပုလဲမှာ ဘာကြီးပဲဖြစ်နေနေ ငါတာဝန်ယူမယ်။
နှမလေးကို အစ်ကိုကြီးတယောက်က စောင့်ရှောက်ကာကွယ်သလိုမျိုး ငါ ကာကွယ်စောင့်ရှောက်မယ်ဟာ။
နင် အခု အိမ်ပြန်ရောက်ရင် ပြောလိုက်ပါ။ ဒီည ၉နာရီ နင့်အစ်မပုလဲကို ငါက လာခိုးမယ်လို့ ဆိုတာကို ဆက်ဆက်ပြောပေးပါ "
ထွန်းလူမျက်နှာက ဆုံးဖြတ်ချက်ကို ရဲဝံ့စွာ ချထားပြီးတဲ့ လူလိုပဲ။ တည်ကြည်တယ်။ စန္ဒာလဲ ခုဖြစ်တဲ့ကိစ္စမှာ သူ့အစ်မကို နားမလည်နိုင်ခဲ့ပေမယ့် ၊ ကိုထွန်းလူရဲ့ စကားကြောင့် ရင်တခြမ်းအေးသွားရပြီ။
အိမ်ပြန်ရောက်မှ အစ်မပုလဲကို အကြောင်းရင်းမှန်ရဲ့ တရားခံဟာ ဘယ်သူလဲဆိုတာ မေးတော့မယ်လို့ စိတ်ကူးကာ အိမ်ပြန်လာခဲ့ပါတယ်။
အိမ်ရောက်တော့ အစ်မပုလဲရဲ့အခန်းကို တန်းဝင်သွားလိုက်တယ်။
ပုလဲကတော့ ခေါင်းအုံးပေါ် မျက်နှာမှောက်ကာ ရှိုက်ကြီးတငင် ငိုနေပါတယ်။ စန္ဒာက အစ်မအိပ်နေတဲ့ အနီး တိုးကပ်ထိုင်လိုက်ပြီး ၊
" မမ ခုကိစ္စက ငိုနေလို့ ပြီးသွား မဟုတ်ဘူး။ ပြသနာအရင်းခံကို နင်ကိုယ်တိုင် ပြောပြမှ ငါတို့က ဘာဆက်လုပ်ရမလဲဆိုတာ သိမှာလေ။
ငါ့ကို မရှက်နဲ့။ နင့်ကို စော်ကားတာ ဘယ်သူလဲ မမ "
ငိုရှိုက်နေရာကနေ ပုလဲမ ထထိုင်လိုက်တယ်။ ငိုရလွန်းလို့ မျက်သားတွေ နီရဲနေရှာတယ်။
" ငါ ဘယ်လိုပြောရမလဲ မသိတော့ဘူး မိစန္ဒာရယ်။ နင်လဲ ငါ့အကြောင်း သိသားနဲ့။ ငါ အဖေကလွဲလို့ ဘယ်ယောက်ကျားနဲ့မှ လက်ပွန်းတတီးနေတာမဟုတ်ပါဘူး။ ငါ့ချစ်သူ ကိုထွန်းလူကလဲ လူရိုးကြီးပါအေ။
ဒီကိုယ်ဝန် ဘယ်က ဘယ်သူနဲ့ ရတာလဲဆိုတာ ငါကိုယ်၌က မသိတာ။ တရားခံကို ငါလဲ သိချင်တယ်။
ငါ့မှာ ရှက်လွန်းလို့ သေသာ သေပစ်လိုက်ချင်တော့တယ် ၊ အစ်ကိုထွန်းလူက သူနဲ့ မဟုတ်ဘူးလို့ ငြင်းလိုက်တာ ငါကြားခဲ့ပါတယ်။ ဒီကိစ္စ သူ သိသွားပြီပေါ့နော် "
မိစန္ဒာက ခေါင်းငြိမ့်ပြလိုက်ပြီး၊
" အေး အစက ငါလဲ မမကို မမေးပဲ သူ့ဆီ တိုက်ရိုက် သွားပြောမိလိုက်တယ်။ ငါကတော့ သူနဲ့ပဲ ထင်မိတာကိုး ။ ကိုထွန်းလူက မမကိုယ်ဝန်က သူနဲ့ မဟုတ်ကြောင်း ကျိန်တွယ်ပြီး ငြင်းတယ်။ ဒါပေမဲ့ ...
အစ်ကိုထွန်းလူက သူနဲ့ ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် သူ တာဝန်ယူမယ်တဲ့ ။
မမကို သူ နှမလေးတယောက်လို စောင့်ရှောက်ကာကွယ်မယ်တဲ့။ ပြီးတော့ ပြောလိုက်သေးတယ်။ ဒီကနေ့ည ကိုးနာရီမှာ မမကို အစ်ကိုထွန်းလူက လာခိုးမယ်တဲ့ "
အဲ့ဒီလို ကြားလိုက်ရတော့ ပုလဲ ခမျာ ပိုပြီး ဝမ်းနည်းသွားတယ်။သူမ ချစ်ရတဲ့ ကိုထွန်းလူက တကယ့် သူတော်ကောင်းကြီးပါလားလို့လည်း ကြည်နူးစိတ်ကလေး ဖြစ်ပေါ်မိရှာတယ်။
ပုလဲက သူ့ညီမ မိစန္ဒာကို သူ လွန်ခဲ့တဲ့ ၅လကျော်လောက်ကတည်းက မကြာခဏ မြင်မက်တတ်တဲ့ ချစ်ရည်လူးတဲ့ အိပ်မက်တွေအကြောင်း ဖွင့်ပြောလိုက်တယ်။
အဲ့ဒီအိပ်မက်ကို သူမဟာ ရက်ခြားဆိုသလို မြင်မက်လေ့ ရှိကြောင်း ၊ အိပ်မက် မက်တဲ့ည လွန်မြောက်ပြီးတဲ့ မနက်ဆို လူက တကိုယ်လုံး နှုံးချိနွမ်းနယ် နေတတ်ကြောင်း ၊ သားမြတ်အစုံနဲ့ မိန်းမကိုယ်ဟာ ကျိန်းစပ်နာကျင်နေတတ်ကြောင်း ဖွင့်ပြောလိုက်ပါတယ်။
အဲ့ဒီ အိပ်မက်လိုလို တကယ်လိုလို အဖြစ်အပျက်တွေဟာ အခု သူမမှာ ကိုယ်ဝန်ရှိနေတာနဲ့ ပတ်သက်နေမလားလို့ သံသယ ဝင်မိလာတယ်လို့ ဆိုတော့ မိစန္ဒာဟာ အတော်စဥ်းစားရခက်သွားရှာတယ်။
သူတို့အိမ်မှာက ယောက်ကျားသား အဝင်အထွက် ရှိတာဆိုလို့ ၊ ဖခင်ကြီး ဦးစံမြတယောက် ရှိတာလေ။ မိစန္ဒာ ဘယ်လိုမှ တွေးမရရှာဘူး။
ပြီးတော့ သူတို့အိမ်ကို ဦးဖိုးကွန်းက မလာတာ အတော်ကြာခဲ့ပြီလေ။ နောက်ဆုံးတခေါက် ညဘက်ကြီး လာတုန်းကတောင် ၆လနီးပါးရှိနေပြီ။ အဲ့ဒီတော့ သူ အမြင်ကပ်နေတဲ့ ဦးဖိုးကွန်းကို သံသယဝင်ဖို့ အကြောင်းမရှိတော့ဘူး။
မိစန္ဒာက အဲ့သလို တရားခံကို စဥ်းစား အဖြေထုတ်နေသလို ၊ ပုလဲမကလည်း သူမရဲ့ချစ်သူ စိတ်ထားကို အံဩလေးစားနေမိတယ်။
ပြီးတော့ သူမကိုယ် သူမ ပြန်သုံးသပ်နေရှာတယ်။ သူတော်ကောင်းကြီး ကိုထွန်းလူကို သူမရဲ့ မသန့်စင်တော့တဲ့ ခန္ဓာကိုယ်ကို ပေးအပ်ရမှာ စိတ်မလုံနိုင်ရှာဘူး။
မွေးဖွားလာမယ့် သားသမီးကိုလည်း ချစ်တဲ့ကိုထွန်းလူအား ဘယ်စိတ်နဲ့များ အဖေခေါ်ခိုင်းရက်ပါ့မလဲ။
ဘယ်လိုသောဘဝဟောင်းက ဝဋ်ကြွေးက သူမရဲ့ သာယာနေတဲ့ ဘဝကို ကြည်စားရက်စက်နိုင်ပါသလဲ။ဖျက်ဆီးပစ်ခဲ့တာပါလဲ။
ပုလဲဟာ အခုပြသနာကို အဖန်ဖန်အလဲလဲ စဥ်းစားတယ်။ သူမဟာ ချစ်ရသော ကိုထွန်းလူကိုရော ၊ အဖေနဲ့ညီမလေးကိုပါ ဒုက္ခတွေ ပုံမပေးရက်တော့ပါဘူး ။
ဒါကြောင့် သူမဟာ ဆုံးဖြတ်ချက်တခုကို ချလိုက်ပါတော့တယ်။
အဲ့ဒီ ည ၈နာရီ ၄၅မိနစ်အချိန်လောက်မှာ ဦးစံမြတို့အိမ်နဲ့ မနီးမဝေးက သစ်ပင်တပင်ကို ကွယ်၍ ထွန်းလူနှင့်လူငယ်၃ဦးဟာ ပုလဲကို ခိုးယူကြရန် စောင့်ဆိုင်းနေကြပါတယ်။
အဲ့ဒီအချိန် ဦးစံမြရဲ့ အိမ်အပေါ်ထပ်ကနေ စူးခြစ်ခြစ် မိန်းမအော်သံတခုဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။
" အံမယ်လေး အဖေရေ လာကြပါအုံး ၊ ဒီမှာ မမ ပိုးသတ်ဆေးတွေ သောက်ထားလို့ "
ပုလဲဟာ ဆိုးရွားလှတဲ့ သူမရဲ့ ကံကြမ္မာကို အရှုံးပေးလိုက်ဟန်တူပါတယ်။ အိပ်ယာနံဘေးမှာ ပိုးသတ်ဆေးဘူး တဘူးဟာ အဖုံးပွင့်လျက်သား လဲကျနေပြီး၊ ပုလဲကတော့ အိပ်ယာထက်မှာ အမြုပ်တစီစီနဲ့ လဲကျနေရှာတာကို မြင်တွေ့ရပါတယ်။
စန္ဒာရဲ့ အော်ဟစ်သံကြောင့် အပြင်ဘက်က စောင့်ဆိုင်းနေတဲ့ ထွန်းလူတို့ သူငယ်ချင်းတသိုက်ဟာလဲ ခြံတံခါးကို တွန်းဖွင့်လို့ အိမ်ထဲကို အပြေးဝင်လာကြပါတယ်။
ရိုးသားပြီး အချစ်ကြီးတဲ့ ထွန်းလူခမျာမှာတော့ ချစ်သူရဲ့ သက်မဲ့ခန္ဓာကိုယ်ကို မြင်တွေ့ရတယ်ဆိုရင်ပဲ၊ ဒူးထောက် ပြိုလဲကျသွားရတော့တာပဲပေါ့။ ရင်ဘတ်တခုလုံး ဖိချေခံနေရသလို မွန်းကြပ်လွန်းလှပါတယ်။
အံကိုကြိတ်၍ တောက်ခတ်လိုက်ချိန် သူ့နှာဝမှာ ချဥ်စုပ်စုပ် အနံ့တခုကို သိသိသာသာ ရလိုက်သလို၊ သူ့အနားကနေ လူတယောက် ဖြတ်လျှောက်သွားတယ်လို့ ထွန်းလူ ခံစားသိရှိလိုက်တယ်။
ဒါပေမဲ့ လူကိုတော့ ထွန်းလူဟာ မြင်တွေ့လိုက်ခြင်း မရှိဘူးပေါ့။ ဒီလို ချဥ်စုပ်စုပ် စူးရဲတဲ့ အနံ့ကို သူ ရဖူးခဲ့တယ်။ခုချိန်မှာတော့ သူ စဥ်းစားလို့ မရသေးဘူး။ ဘယ်အချိန်တုန်းက ဘယ်နေရာမှာ ဘယ်သူ့ဆီက ဒီလို အနံ့ဆိုးကို သူ ရဖူးခဲ့ပါသလဲ။
" အံမယ်လေး မမရဲ့ ။ အဖြစ်ဆိုးလှချည်လားနော် ။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ မမရဲ့ ။ အခု မမချစ်တဲ့ အစ်ကို ထွန်းလူ မမအနား ရောက်နေပြီလေ ။ ထပဲ ကြည့်ပါအုံးတော့လား မမရဲ့ "
ဖခင်ဖြစ်သော ဦးစံမြသည် နံရံမှာ ချိတ်ဆွဲထားသော ငှက်ကြီးတောင် ဓါးကို ဖြုတ်ယူလိုက်တယ်။
အသက် ၅၀ကျော်ပေမယ့် သန်မာဖြတ်လတ်ဆဲ ဦးစံမြဟာ ဓါးအိမ်ကနေ ဓါးကို ချွတ်ယူလိုက်ပြီး ၊ ပုလဲ အနီးက ထွန်းလူကို တချက်ကြည့်လိုက်တယ်။ တောက်တချက် ခပ်ပြင်းပြင်း ခေါက်လိုက်ပြီး ... ဓါးကိုင်လက်ဖြင့် ရွယ်လိုက်တယ်။
စန္ဒာဟာ အစ်မဖြစ်သူရဲ့ ကိုယ်ကို လွှတ်ချလိုက်တယ်။ ပြီးတော့ ကိုထွန်းလူ နဲ့ ဓါးကိုင်ပြီး ဒေါသကြီးနေတဲ့ သူမအဖေအကြားကို ဝင်လိုက်တယ်။ သူမက ဦးစံမြကို လက်တကာကာဖြင့် ...
" မှားမယ်နော် အဖေ၊ မှားလိမ့်မယ် ၊ ဒီကိစ္စက ကိုထွန်းလူနဲ့ ဘာမှ မဆိုင်ဘူးတော့ "
" ငါ မမှားဘူး ၊ နင် ဖယ်စမ်း ။ ဟိတ်ကောင် ထွန်းလူ ... "
ဦးစံမြက အဲ့သလို ပြောလည်းပြော၊ မိစန္ဒာကို တွန်းဖယ်လိုက်ရင်း အသံဝါဝါကြီးနဲ့ ထွန်းလူရဲ့နာမည်ကို ခေါ်လိုက်ပါတော့တယ်။
ထွန်းလူကတော့ ဝမ်းနည်းပူဆွေးနေတာမို့ ၊ ဦးစံမြက ဘာလုပ်လုပ် ခေါင်းငုံ့ခံမယ်လို့များ စိတ်ကူးထားလေသလားမသိ။ ငေါင်းစင်းကြီး ထိုင်နေပါတယ်။ ဒါကို ဦးစံမြက သူခေါ်တာ မကြားဟန်ပြုတယ်လို့ ထင်မြင်သွားပုံရတယ်။ ရင်ခေါင်းထဲက ထွက်လာတဲ့ အသံနဲ့ ထပ်မံ အော်ခေါ်လိုက်ပြန်ပါတယ်။
" ဟေ့ကောင် ထွန်းလူ ! "
ဒီတခါ ထွန်းလူ မော့ကြည့်ပါတယ်။ ဦးစံမြရဲ့ လက်ထဲဓါးက ရေနံဆီ မီးအိမ်ရဲ့ အလင်းရောင်မှာ တလက်လက်ထနေတာကို သူ မြင်တွေ့လိုက်ရတယ်။
မိစန္ဒာက ငိုသံပါကြီးနဲ့ အော်ဟစ် တားမြစ်တယ်။ ထွန်းလူနဲ့ ပါလာတဲ့ လူငယ်တွေကလည်း ဦးစံမြကို ဝင်ဆွဲကြတယ်။
" အဖေ မလုပ်ပါနဲ့ ၊ မလုပ်နဲ့ "
" ဦးလေး လွန်မယ်နော် ၊ လွန်မယ် "
ဦးစံမြတို့အိမ်ပေါ်မှာ အဲ့သလိုတွေ ငရဲပွက်မျှ ဆူညံနေတော့၊ ရွာထဲက လူအချို့ပါ ရောက်လာကြပါတော့တယ်။
ထွန်းလူကို ဓါးဖြင့် ခုတ်သတ်မယ်လို့ ထင်နေတဲ့ ဦးစံမြဟာ ထွန်းလူ အနီး ရောက်သွားတဲ့အခါ ၊ အများက ထင်သလို မဟုတ်ပါဘူး။
ထွန်းလူရဲ့ လက်တဖက်ကို ဆွဲပြီး အိမ်အောက်ထပ်ကို ခေါ်သွားပါတယ်။ လူငယ်တွေဟာ အံအားသင့်ပြီး၊ ဦးစံမြရဲ့ အနောက်ကို ပြေးလိုက်သွားကြတယ်။
ဦးစံမြ နဲ့ အတူ ရွာသား လူငယ်တွေဟာ ရွာလယ်လမ်းမကြီးကနေ ဓါးတွေ ၊ ဒုတ်မီးတွေ တဝင်းဝင်းနဲ့ပေါ့။
သူတို့ကို ဦးဆောင်ခေါ်သွားတဲ့ ဦးစံမြရဲ့ ခြေလှမ်းတွေဟာ တကယ်တော့ ကိုယ်ပျောက်မိစ္ဆာဆိုတဲ့ ဦးဖိုးကွန်း ရှိရာအိမ်ကို ဦးတည်ပြီးသွားနေကြတယ်ဆိုတာကို နောက်မှ သိလိုက်ကြလေတော့ ... ။
(ဆက်ရန်)
ပီပီ၊မန္တလေး၊
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory