
‘အဝီစိ’
……...
ငရဲဟု ပြောလိုက်သည်နှင့် ပထမဆုံး သတိရမိတတ်ကြသည်မှာ ‘အ၀ီစိ’ ဟူသော စကားလုံးပင်။
မြန်မာစကားတွင် မိဘကို ပြစ်မှားလျှင် ‘အ၀ီစိတွင် ချိုးကပ်မည်’ ဟု ခြိမ်းခြောက် ဆုံးမကြသည်များ ရှိခဲ့ဖူးလေသည်။
အ၀ီစိငရဲသည် ငရဲကြီးရှစ်ထပ်တွင် အောက်ဆုံးထပ်ငရဲကြီးဖြစ်သည်။ မိရိုးဖလာယုံကြည်မှုအရ အ၀ီစိငရဲသည် ငရဲသားများကို တံကျင်ကြီးများလျှိုပြီး နှိပ်စက်သော တာပနငရဲနှင့် မဟာတာပန ငရဲတို့၏ အောက်တွင် ရှိသည်ဟု ဆိုသည်။ ပိုပြီး အတိအကျဆိုရလျှင် မဟာတာပနငရဲ၏အောက် ယူဇနာ ၁၅၀၀၀ ဝေးသော အရပ်၌ ရှိသည်ဟု ဆိုသည်။ ရှေးဆရာတို့အလိုအရ တစ်ယူဇနာတွင် ၁၂ မိုင်ရှိရာ မိုင်နှင့်တွက်လျှင် မဟာတာပနငရဲ၏ အောက် မိုင်ပေါင်း တစ်သိန်းရှစ်သောင်းအကွာအဝေးတွင် ရှိသည်။
တချိန်ထဲမှာပင် ရှေးဆရာများ၏ အဆိုအရ ငရဲကြီးရှစ်ထပ်သည် မဟာပထ၀ီမြေကြီး၏ အောက်တွင် ရှိသည်ဟုလည်း ဆိုကြသည်။ တနည်းအားဖြင့် ကမ္ဘာမြေအောက်တည့်တည့်တွင် ငရဲပြည်ရှိသည်ဆို၏။ ခေတ်သစ်သိပ္ပံပညာအရ အတိအကျတိုင်းထားသည်မှာ ကမ္ဘာလုံးကြီး၏ ဟိုဘက်သည်ဘက် အကျယ်ဆုံး အချင်းအကွာအဝေးကမှ မိုင်ပေါင်း ၇၉၁၇.၅ မိုင် ရှိလေသည်။
ထို့ပြင် ရှေးဆရာများ၏အလိုအရ အ၀ီစိသည် ကမ္ဘာ့မျက်နှာပြင်မှ မိုင်ပေါင်း တစ်သိန်းရှစ်သောင်း နက်သည်မဟုတ်ပေ။ ငရဲကြီးရှစ်ထပ် တစ်ထပ်ချင်းစီ ဆင်းသွားပါက မိုင်ပေါင်း တစ်သိန်းရှစ်သောင်းစီ နက်သွားမည်ဟု ဆိုလိုရင်းဖြစ်သည်။ ထိုအတိုင်းသာ တွက်လိုက်ပါလျှင် အ၀ီစိငရဲသည် ကမ္ဘာဗဟိုချက်ကို လွန်ထွက်သွားရုံမက လကမ္ဘာထက်ပင် ပိုဝေးကွာသော ခရီးအကွာအဝေးသို့တိုင် ရောက်သွားရပေမည်။
……………
‘ဒါဆို ရှေးဆရာတွေ မှားတာပေါ့’
ကျွန်တော် ဇော်သီဟကို စကားဖြတ်မေးလိုက်သည်။ သူငယ်ချင်းဖြစ်သူသည် အေးစပြုနေပြီဖြစ်သော ကျဆိမ့်လဘက်ရည်ကို တကြိုက်ကြိုက်ကာ ပြန်ဖြေလေသည်။
‘ရှေးဆရာတွေဆိုတာ ဘယ်တော့မှ မမှားဘူးကွ’
‘မင်းပဲ အခုပြောတော့ အကွာအဝေးတွေက နောက်ဆုံး တွေ့ရှိမှုတွေနဲ့ လုံး၀မကိုက်ဘူးလေကွာ’
‘ရှေးဟောင်းကျမ်းဂန်တွေ၊ အထူးသဖြင့် ဘာသာရေးဆိုင်ရာ ကျမ်းဂန်တွေကို လေ့လာရာမှာ အထူးသတိထားဖို့ပဲလိုတယ်။’
‘ရှင်းစမ်းပါဦး’
‘ရှေးဆရာကြီးတွေရဲ့ ရေးသားမှတ်တမ်းတင်မှုတွေဟာ မမှားဘူး။ ငါတို့အနေနဲ့ နားလည်မှုလွဲတာ၊ ကောက်ချက်လွဲတာတွေပဲ ဖြစ်တယ်။’
‘ဒါပေမဲ့ မင်းရှေးဆရာတွေက ငရဲက မြေကြီးအောက်မှာ ရှိတယ်လို့ ရေးခဲ့တယ်လေကွာ။ ဒေ၀ဒတ် မြေမျိုတယ်၊ ငရဲကိုကျတယ်။ အဲလိုတွေ ရေးတာမဟုတ်လား’
‘အေး။ အဲဒါကိုပဲ ငါပြောချင်တာ။ ဒီကျမ်းကြီးတွေဆိုတာက နှစ်ပေါင်း ထောင်ချီနေပြီ။ မင်းအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က စာကိုပဲ ပြန်ဖတ်ကြည့်ဦး။ ဥပမာ - မောင်ရင်မောင် မမယ်မ ၀တ္ထုကိုပဲ ပြန်ဖတ်ကြည့်။ အဖွဲ့အနွဲ့တွေ၊ အရေးအသားတွေ တူသလား။ တခြားစီပဲ။
လူသားယုံကြည်မှုအရ ကောင်းမြတ်ခြင်းဟာ အထက်မှာ ရှိပြီး။ ယုတ်ညံ့ခြင်းဟာ အောက်မှာရှိတယ်။ ဒါကြောင့် ငါတို့ရဲ့ လူသားဦးနှောက်ထဲမှာ နတ်ပြည်ဟာ ကောင်းကင်မှာရှိပြီး ငရဲဟာ မြေအောက်မှာ ရှိတယ်လို့ အလိုအလျောက်ယူဆထားကြတယ်။
ဒါပေမဲ့ ဒါဟာ ကမ္ဘာပေါ်မှာ မို့လို့။ ဆွဲငင်အားရှိတဲ့ မျက်နှာပြင်တစ်ခုပေါ်မှာ ငါတို့ဟာ ပုံစံတူ မတ်တတ်ရပ်နေကြလို့။ တကယ်လို့ ငါတို့အားလုံး ဆွဲငင်အားမရှိတဲ့ ပေါလောမျောနေတဲ့ စကြ၀ဠာကြီးထဲကိုသာ ထွက်ကြည့်လိုက်ပါလား။ အထက် အောက် ရယ်လို့ ရှိပါဦးမလား။’
ကျွန်တော် ဇော်သီဟ၏ ရှင်းပြချက်ကို သေချာစွာ နားစိုက်ထောင်နေမိသည်။ အခုလို ပြောတော့လည်း ဟုတ်တာပါပဲလား။
‘အဲဒီတော့ ငရဲက ဘယ်မှာလဲ’
‘အေး စကြ၀ဠာကြီးထဲမှာ အထက်အောက်မရှိဘူး။ ဒါပေမဲ့ အပူ အအေးတော့ရှိတယ်။ သိပ်သည်းဆတွေ မတူတာရှိတယ်။ မင်း တွင်းနက်ကြီးတွေဆိုတာ ကြားဖူးလား။’
‘Black Holes ကြီးတွေအကြောင်း ဖတ်ဖူးတယ်လေ’
‘ဒီတွင်းနက်ကြီးတွေဟာ စကြ၀ဠာမှာ သိပ်သည်းဆ အများဆုံးနေရာကြီးတွေပဲ။’
‘ဒါဆို တွင်းနက်ကြီးတွေက ငရဲပြည်တွေလား’
‘မဟုတ်ဘူး။ ငါက မင်းနားလည်အောင် ရှင်းပြတာ။ အဲဒီလိုဆန်ဆန်ပဲ။ ဒါပေမဲ့ ငရဲပြည်ဟာ တွင်းနက်ကြီးတွေထက် ပိုပြီး သိပ်သည်းတယ်။ တကယ်တော့ ရှေးဆရာကြီးတွေ ရေးထားခဲ့တဲ့ အ၀ီစိဆိုတဲ့ အောက်ဆုံး ငရဲကြီးဟာ စကြ၀ဠာကြီးတစ်ခုလုံးမှာ၊ ၃၁ ဘုံကြီးတစ်ခုလုံးမှာ အသိပ်သည်းဆုံး၊ အပူဆုံး၊ ဒုက္ခဝေဒနာတွေ အများဆုံး နေရာကြီးတစ်ခုပဲ’
ထိုစကားကိုပြောနေရင်း ဇော်သီဟ၏ မျက်နှာသည် သွေးမရှိတော့သလို ဖြူဆုတ်သွားလေသည်။ သူသည် ကျွန်တော်နှင့် စကားပြောနေရင်းမှ စိတ်အာရုံသည် လွန်လေပြီးသော ဘ၀တုန်းက အ၀ီစိ ငရဲကြီးဆီသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။
…………………………..
ရောရု၀ အ၀ီစိ ငရဲသို့ ခြေချမိသည်နှင့် ပထမဆုံး သတိထားမိသည်မှာ ပတ်၀န်းကျင်လေထု၏ အပြောင်းအလဲပင်။ စေတမန်နှင့် သူတို့သည် အ၀ီစိငရဲကြီးတွင် အမြင့်ဆုံးဖြစ်သော နိရယ တောင်ကြီး၏ ထိပ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ စေတမန်သည် နတ်ဘီလူးတစ်ယောက်မဟုတ်သဖြင့် ထိုနေရာသို့သာ လိုက်ပို့နိုင်သည်။ အောက်သို့ဆင်းလျှင် အလွန်သိပ်သည်းပူပြင်းလှသော လေထု၏ ဖိအားကို သူခံနိုင်တော့မည်မဟုတ်။ ရောရု၀သည် ယူဇနာပေါင်းများစွာ မြင့်မားလှသော နိရယတောင်ထိပ်မှ တောင်ခြေ ငရဲပြည်ဆီသို့ ငုံ့ကြည့်လိုက်သည်။
ပုံမှန်ဆိုလျှင်တော့ အ၀ီစိငရဲနှင့် မဟာရောရု၀ ငရဲတို့သည် သဘောတရားချင်း ဆင်တူသည်။ ငရဲသားများကို အကြားအလပ်မရှိ အပြွတ်အသိပ်ထပ်ကာ မီးလောင်တိုက် သွင်းခြင်းမှာ ဆင်တူလေသည်။ သို့သော် အ၀ီစိငရဲသည် ပိုပြီး သိပ်သည်းလှသည်။ ပိုပြီး အကြားအလပ်မရှိဖြစ်နေသည်။ ဥပမာ - ငရဲသားနှစ်ဦးသည် ရှေ့နောက်ဆင့်ပြီး နေရသည်ဆိုပါလျှင် ရှေ့မှ ငရဲသား၏ ဦးခေါင်းခွံသည် နောက်ငရဲသား၏ ဦးခေါင်းခွံကို ဖိချေထားသည်။ ရှေ့ငရဲသား၏ အရိုးများက နောက်ငရဲသား၏ ကိုယ်လုံးတွင်းသို့ ဖိအားများလျှင် ထိုးဖောက်စိုက်၀င်နေတတ်သည်။ ထိုသို့ ၀ါးကျည်တောက်အတွင်း မုန်ညင်းစေ့ကလေးတွေ ပြွတ်သိပ်ထည့်ထားသလို ခံနေရသည့်ကြားမှ စကြ၀ဠာတိုက်တစ်သောင်းတွင် အပူဆုံးသော အ၀ီစိငရဲချော်ရည်ပူမီးက ခန္ဓာကိုယ်၏ ဒွါရပေါက်များထဲသို့ တိုက်စားတိုး၀င် လောင်မြိုက်နေသေးလေသည်။ ရှေးဆရာကြီးများ၏ အဆိုအရ အ၀ီစိငရဲတွင် ‘မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း’ တည်းဟူသော ဒုက္ခကြီးသုံးမျိုးသာ ရှိလေသည်။ သို့သော် ထိုအဆိုသည် ယခု ရောရု၀ ကြုံတွေ့ရမည့် အတွေ့အကြုံနောက်ပိုင်းတွင်မူ အနည်းငယ် ပြောင်းလဲသွားနိုင်ပေ၏။ ရောရု၀၏ အတွေ့အကြုံအတိုင်းဆိုလျှင်မူ အ၀ီစိငရဲတွင် ‘မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း’ အပြင် ‘ငရဲထိန်း’ တည်းဟူသော ဒုက္ခကြီးတစ်ပါးလည်း ကျန်ရှိနေသေးသည်ဟူ၍ပင်။
……………………………………………
‘အချိန်စေ့လျှင် ကျွန်ုပ် ပြန်လာခေါ်မယ် ငရဲထိန်းရောရု၀’
စေတမန်၏ စကားကို ဂရုမစိုက်လိုသော်လည်း မကောင်းတတ်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။ စေတမန်သည် တောင်ဝှေးရှည်ကြီးကို မြေတွင်ဆောင့်ပြီး မြေကသိုဏ်းတန်ခိုးနှင့် ဖန်ဆင်းထားသည့် တံခါးပေါက်အတိုင်း ပြန်လည် ထွက်ခွာသွားသည်။ ရောရု၀ စိတ်ထဲရှိသည့်အတိုင်းဆိုလျှင် မည်းခြောက်ခြောက် ပိန်ရှည်ရှည်နှင့် နတ်သား စေတမန်ကို နိရယ တောင်ထိပ်ပေါ်မှ ဂုပ်ချိုးပြီး ကန်ချလိုက်ချင်လေသည်။ သူ၏ စိတ်များသည် အ၀ီစိငရဲကို စရောက်သည်နှင့် ပိုပြီး ကြမ်းတမ်းလာခဲ့သည်။ သူ၏ သွေးများသည် ပွက်ပွက်ဆူနေသည်။ သူ၏ အရေပြားကြီးသည် ပိုပြီး နီရဲလာခဲ့သည်။
‘ကဲ ခုမှတော့ ဘာတတ်နိုင်မလဲ ရောရု၀။ ကိုယ်လုပ်တဲ့ဒဏ် ကိုယ်ခံရုံပဲပေါ့’
ငရဲထိန်းကြီး ရောရု၀ ပတ်၀န်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ အ၀ီစိ၏ ကောင်းကင်ပြင်တွင် နေလုံးကြီးများသည် ငရဲသားများလိုပင် ပြွတ်သိပ်နေသည်။ ငရဲလင်းတကြီးများသည် ကောင်းကင်ပြင်တွင် ဟိုသည် ပျံ၀ဲနေကြသည်။ အချို့ လင်းတကြီးများသည် ပြင်းစွာသော အရှိန်နှင့် တောင်ခြေဆီသို့ ထိုးဆင်းသွားပြီး ပြန်တက်လာကြလျှင် သူတို့၏ နှုတ်သီးကြီးများထဲတွင် ငရဲသားများ၏ ဦးခေါင်းပြတ်များ၊ ခြေပြတ် လက်ပြတ်များ အသီးသီး ပါလာကြလေသည်။ ရောရု၀ သက်ပြင်းချပြီး ခေါင်းကို ခါရမ်းမိသည်။
‘ငါ ဒီငရဲမှာ ဘယ်လောက်ကြာကြာ ဆက်နေရဦးမှာလဲ’
သူ့ သုံးခွမှိန်းကြီးကို ခါးနောက် နံငယ်ပိုင်းကြားတွင် ထိုးထည့်ပြီး တောင်စောင်းအတိုင်းခိုဆင်းလာခဲ့သည်။
… ဘော်… ဘော်… ဘော်…..။
တော်လဲသလို ခရာမှုတ်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နိရယတောင်ကြီး၏ အလယ်ပိုင်းနားတွင် တောင်ကမ်းပါးအစွန်းလို ချွန်းထွက်နေသည့် နေရာမှ ထွက်ပေါ်လာခြင်းဖြစ်၏။
‘ငရဲထိန်းအသစ်ဟေ့’
အောက်သို့ ငုံ့ကြည့်လိုက်လျှင် သူ့ကို စောင့်ကြိုနေကြသည့် အ၀ီစိငရဲရှိ ငရဲထိန်းကြီးများကို တွေ့လိုက်ရလေသည်။ ခန့်မှန်းရသလောက် ငရဲထိန်း နှစ်ဒါဇင်ခန့် ရှိပေလိမ့်မည်။ အ၀ီစိသည်
သဉ္ဇိုင်း ငရဲ၊ ကာဠသုတ် ငရဲ
တို့ကဲ့သို့ ငရဲသားများကို ငရဲထိန်းများက ခုတ်ဖြတ်နှိပ်စက်ရသည့်တာ၀န်မရှိသဖြင့် ငရဲထိန်းဦးရေ နည်းပါးခြင်းဖြစ်သည်။ ထို့ပြင် မည်သည့်ငရဲထိန်းမျှ အ၀ီစိတွင် ကြာကြာမနေချင်ကြ။ အပြစ်တစ်စုံတရာကြောင့်သာ ရောရု၀လို မလာချင်ဘဲ ရောက်လာကြရခြင်းပင်။ ရောရု၀သည် ယူဇနာ၀က်ခန့်အမြင့်မှ တောင်ကမ်းပါးမြေကွက်လပ်ဆီသို့ တိုက်ရိုက်ခုန်ချလိုက်သည်။
‘၀ုန်း’
သူ၏ ဧရာမ ခန္ဓာကိုယ်ကြီး တောင်ကမ်းပါးစွန်းပေါ် သက်ဆင်းမိလျှင် တောင်ကြီးတစ်ခုလုံးနီးပါး တုန်ခါသွားသလို အားလုံး ခံစားလိုက်ရ၏။
‘အလိုလေး။ အဆွေတော်။ ဖြည်းဖြည်းလုပ်ပါကွဲ့။ အသင်လုပ်တာနဲ့ ကျုပ်တို့အားလုံး ကိုယ်ကျိုးနည်း ကုန်ပါဦးမယ်။ ဟား ဟား ဟား’
ငရဲထိန်းများထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသူ ငရဲထိန်းကြီးက ရှေ့ထွက်လာပြီး ရောရု၀ကို နှုတ်ဆက်လေသည်။ ထိုငရဲထိန်း၏ မျက်နှာတွင် ဓားခုတ်ရာ အမာရွတ်ကြီးက အလျားလိုက်ကြီး ကန့်လန့်ဖြတ်ရှိနေသည်။ သူ့ ဦးချိုတစ်ချောင်းမှာလည်း ထိပ်နားတွင် တိကနဲ ပြတ်နေ၏။
‘ကျုပ်အမည်က မိဿကလို့ ခေါ်တယ်။ အဆွေတော်ကရော’
‘ရောရု၀ပါ’
‘အဆွေတော် ရောရု၀။ အသင် ဆက်မပြောခင် ကျုပ် အရင်ကြိုပြောမယ်။ ကျုပ်တို့ အ၀ီစိက ငရဲထိန်းတွေကြားမှာ စည်းကမ်းတစ်ခုရှိတယ်။ အဲဒါကတော့ ဒီအ၀ီစိကို ဘာအပြစ်နဲ့ ရောက်လာသလဲဆိုတာ ထုတ်ပြောစရာမလိုဘူး။ အ၀ီစိရောက်ရင် အားလုံးဟာ အ၀ီစိသားတွေချည်းပဲ’
မိဿကစကားကို သူ့လူတွေအားလုံး သဘောတူကာ ရယ်မောလိုက်ကြသည်။ နှစ်ဒါဇင်မျှသော ငရဲထိန်းကြီးများကြားတွင် ရောရု၀သည် တစုံတရာကို သတိထားမိသွားသည်။ ထိုအရာမှာ အားလုံးသော ငရဲထိန်းနတ်ဘီလူးများသည် အထီးများဖြစ်ကြသော်လည်း သူတို့ထဲတွင် ငရဲထိန်းအမ တစ်ယောက်ကို သူတွေ့လိုက်ရခြင်းပင်။ ထိုနတ်ဘီလူးမ၏ အသားအရောင်သည် သူတို့လို နီရဲမနေဘဲ အ၀ါရောင်ဘက်သမ်းနေသည်။ သို့သော် နတ်ဘီလူးဖြစ်သည့်အတိုင်း ဦးချိုကြီးနှစ်ချောင်းနှင့် အမြီးကြီးကတော့ ပါရှိသည်။ ကြွက်သားများမှာလည်း အထီးများလိုပင် အမြှောင်းလိုက်ထပြီး သန်မာထွားကျိုင်းလှသည်။ သူမသည် ကြီးမားသော ရင်သားကြီးများကို သားရေကိုယ်ကျပ်၀တ်စုံဖြင့် ဖုံးအုပ်ထားသည်။ ရောရု၀သည် ထို နတ်ဘီလူးမကို လှမ်းကြည့်မိစဥ် သူမနှင့် အကြည့်ချင်း ဆုံသွားသဖြင့် မျက်လုံးများကို အမြန်လွှဲလိုက်ရသည်။
‘ကဲ ရောရု၀ အသင် နေရမယ့် လိုဏ်ဂူကို ကျုပ်လိုက်ပြပေးမယ်။ အေးအေးဆေးဆေးနားပြီးမှ ကျုပ်တို့ဆီ ပြန်ဆင်းခဲ့ပေါ့။ တောင်ထိပ်မှာတော့ အပူသက်သာတယ်။ ဒါပေမဲ့ ဆင်းရတက်ရ ပင်ပန်းတယ်’
‘တောင်ထိပ်နားပဲ ကောင်းပါတယ်။ ကျုပ်က တောင်တက်တောင်ဆင်းလုပ်ရတာ ကြိုက်တယ်’
‘ကောင်းပြီ။ ဒီလမ်းအတိုင်း တက်ခဲ့ပေတော့ အဆွေတော်’
မိဿကသည် အ၀ီစိငရဲရှိ နတ်ဘီလူးတစ်ပါးဖြစ်သော်လည်း သူထင်ထားသလို ကောက်ကျစ်စဥ်းလဲသော ပုံမျိုးမရှိပေ။ စကားပြောရဆိုရ အဆင်ပြေလှသည်။ သူရောက်ဖူးသမျှ ငရဲများထဲတွင် သူ့အပေါ် ကြိုဆိုမှု အကောင်းဆုံး နေရာတစ်ခုဖြစ်နေသဖြင့် သူအံ့သြမိသည်။ ခဏကြာအောင် တောင်ကို ပြန်တက်ပြီးလျှင် တောင်ထိပ်ပိုင်းတွင် နေထိုင်သူမဲ့သော ဂူတစ်လုံးကို တွေ့လိုက်ရသည်။
‘အရင်ငရဲထိန်းထွက်သွားကတည်းက ဒီဂူမှာ ဘယ်သူမှ မနေကြဘူး။ လင်းတတွေတော့ တခါတလေ ၀င်ပြီး ဥဥကြတယ်။ ကျုပ်တို့ တခါတလေ ဟင်းစားတက်ရှာတဲ့နေရာပေါ့’
‘ဘယ်အချိန် အလုပ်စလုပ်ရမလဲ’
ရောရု၀ သိလိုသဖြင့် မေးလိုက်မိသည်ကို မိဿကက ဟာသတစ်ပုဒ်ကို ကြားရသည့်ပမာ အော်ဟစ်ရယ်မောလေသည်။
‘အလုပ် ဟုတ်လား’
‘ဟုတ်တယ်။ ငရဲထိန်းအလုပ်ကိုပြောတာ’
မိဿကသည် ခေါင်းကို ခါရမ်းလိုက်ပြီး - အဆွေတော်ကြည့်ရတာ ဒါ အ၀ီစိကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပဲ ထင်တယ်။ အ၀ီစိမှာ ကျုပ်တို့ ငရဲထိန်းတွေအတွက် ဘာအလုပ်မှ မရှိဘူး။’
‘ဟင်.. ဒါဆိုရင် ယမမင်းက ကျုပ်တို့ကို ဘာလို့ ဒီကိုလွှတ်ထားတာလဲ’
‘ကျုပ်တို့ဟာ ငရဲကြီးရှစ်ထပ်မှာ ဘယ်သူမှ မလိုချင်တဲ့ အပယ်ခံတွေပဲ။ ဒါကြောင့် ဒီကို ရောက်လာကြတာ။ အချိန်တန်ရင်တော့ ဒီက လွတ်မယ်။ ဘယ်အချိန်လွတ်မလဲတော့ ဘယ်သူမှ မသိဘူး။ တချို့ဆို ဒီရောက်နေတာ ကမ္ဘာနဲ့ချီနေပြီ။ ငရဲထိန်းသက်တမ်းတောင် ကုန်တော့မယ်’
ကြားရသည့်စကားများက စိတ်ပျက်စရာကောင်းလွန်းလှသဖြင့် ရောရု၀ ဆက်ပင် မမေးလိုတော့ချေ။
‘ကဲ အလုပ်လုပ်ဖို့ ပူမနေနဲ့။ ကျုပ်တို့နဲ့ ပျော်ပွဲဆင်နွှဲချင်ရင်သာ အဆွေတော် အနားယူပြီး တောင်လယ်ကမ်းပါးစွန်းကို ပြန်ဆင်းခဲ့ချေ။ ဟုတ်ပလား’
ဟုပြောပြီး မိဿကသည် လျင်မြန်ပေါ့ပါးစွာ တောင်နံရံအတိုင်း တွယ်ပြီး ပြန်ဆင်းသွားတော့သည်။ ရောရု၀ စိတ်ပျက်လက်ပျက်နှင့် ဂူထဲရှိ ကျောက်ဖျာပေါ်တွင် လှဲအိပ်လိုက်ရာ ချက်ချင်း အိပ်ပျော်သွားလေသည်။
……………………………………….
အိပ်ရာမှ ပြန်နိုးလာလျှင် ရောရု၀ ပင်ပန်းနေသမျှ ပြေပျောက်သွားပြီး အားအင်တွေ ပြန်လည်ပြည့်ဖြိုးလာသည်။ သူ့ကိုယ်ခန္ဓာကြီးသည်လည်း အ၀ီစိငရဲမီးအပူရှိန်နှင့် နေသားပိုကျလာသလိုရှိသည်။ သူ အိပ်ပျော်သွားရာ ကျောက်ဖျာသည် ဂူအ၀နှင့် မလှမ်းမကမ်းတွင် ရှိသဖြင့် ဂူအပြင်မှ နေအလင်းရောင်က သူ့မျက်စိကို မကျိန်းစေပဲ ဂူတွင်းတွင် မြင်နိုင်ရုံလောက်သာ လင်းစေလေသည်။ ဂူကြီးသည် အတွင်းဘက်တွင် အတော်နက်ပုံရ၏။ ဂူ နောက်နံရံကို မမြင်ရ။ ကျောက်ဖျာပေါ်မှ နောက်ပြန်လှည့်ကြည့်လျှင် ခပ်လှမ်းလှမ်းတွင် ကျောက်တုံးပုံကြီးများကို လှမ်းမြင်နေရသည်။ သူနေရမည့် ဤလိုဏ်ဂူကိုတော့ အတော်လေးကို ပြန်ပြီး သန့်ရှင်းသပ်ရပ်အောင် လုပ်ရပေဦးမည်။ ရောရု၀သည် ငရဲထိန်းနတ်ဘီလူးကြီးတစ်ကောင် ဖြစ်သော်လည်း အလွန်ပင် စည်းကမ်းကြီးပြီး တိကျသပ်ရပ်လှသူဖြစ်သည်။
‘ဒီဂူ ဘယ်လောက်နက်သလဲ ကြည့်လိုက်ဦးမယ်’
ဟု စိတ်ကူးပြီး ရောရု၀သည် သူ့လိုဏ်ဂူနောက်ပိုင်းသို့ ၀င်သွားလိုက်သည်။ တဖြည်းဖြည်းနှင့် စောစောတုန်းက လှမ်းမြင်ခဲ့ရသော ကျောက်ပုံကြီးနားသို့ရောက်လာသည်။ အနားရောက်လာလျှင် ထိုအရာသည် ကျောက်တုံးကျောက်ခဲ အပုံလိုက်ဖြစ်နေသည်မှ ဟုတ်ပါလေစဟု သံသယ၀င်လာမိလေသည်။
‘ဂလွပ်...’
သူ့ခြေထောက်က လုံး၀န်းသော တစ်စုံတရာကို ခလုတ်တိုက်မိသွားသည်။ ထိုအရာကို သူ ဘောလုံးကန်သလိုကန်မိသွားပြီး ဝေးရာသို့ လွင့်ထွက်သွားသည်။
‘ဂျလပ်’
သတိထားလျှောက်နေသည့်ကြားမှ နောက်ထပ် အလားတူ လုံး၀န်းသော အရာတစ်ခုကို သူ့ခြေထောက်ကြီးနှင့် ဖိနင်းမိသွားပြန်သည်။ ခြေထောက်ကို ပြန်ကြွပြီးကြည့်လိုက်လျှင် ခြေရာအောက်တွင် ဖြူဖြူအမှုန့်များကိုသာ တွေ့ရသည်။ နောက်ဆုံးတွင် သူသည် ယခင်က ‘ကျောက်ခဲကျောက်တုံးများ’ ဟု ထင်ခဲ့သည့် နေရာဆီသို့ ရောက်ရှိသွားလေသည်။
‘အလို… မဖြစ်နိုင်တာ...’
သူ့ကျောရိုးထဲတွင် မဖြစ်စဖူး စိမ့်တတ်သွား၏။ ရောရု၀၏ စိတ်တွေ ခြောက်ခြားသွားသည်။ သူ့ရှေ့တည့်တည့်တွင် ရှိနေသည်မှာ လူအရိုးစုပုံကြီးပင်တည်း။ ထောင်ပေါင်းများစွာသော လူ့အရိုးစုများ။ အထပ်လိုက်။ အပုံလိုက်။ အထွေးလိုက်။
‘ဒီအရိုးစုတွေက ငရဲထိန်းရဲ့ ဂူထဲ ဘယ်လိုရောက်နေတာလဲ’
မဟာရောရု၀ငရဲတုန်းက မှောင်ခိုသားစားခြင်းကို အဆိုးဆုံးဟု ထင်ခဲ့သော ရောရု၀သည် သူ့မျက်စိကို မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။ ထို့ပြင် ယခု အရိုးစုများသည် အစာအတွက် ခုတ်ထစ် ပိုင်းဖြတ်ထားပုံမရဘဲ ဦးခေါင်းခြေလက်အင်္ဂါအစုံလိုက်ကြီးတွေ ဖြစ်နေလေသည်။
‘ဒါ ငရဲသားအရှင်တွေ ဖမ်းထည့်ပြီး သတ်ထားတာပဲ’
သူ့တစ်ကိုယ်လုံးရှိ သွေးတွေ ပွက်ပွက်ဆူလာသည်။ ရောရု၀ နံရံတွင် ထောင်ထားသော သုံးခွမှိန်းကြီးကို ဆွဲပြီး ဂူ၀မှ တဟုန်ထိုးပြေးထွက်မည်အလုပ် -
‘အလိုလေး။ ဖြည်းဖြည်းလုပ်ပါ’
ဂူ၀တွင် အရိပ်တခု ပေါ်လာသဖြင့် ထိုအရိပ်နှင့် မတိုက်မိအောင် သူ့အရှိန်ကို မနည်းထိန်းလိုက်ရလေသည်။ အလင်းနောက်ခံနှင့် ထိုအရိပ်ကို ပထမတွင် ထင်ရှားစွာ မမြင်ရသော်လည်း နောက်တစ်ကြိမ် ထပ်ကြည့်လိုက်လျှင် သူ စောစောက တွေ့ခဲ့သော အ၀ါရောင် ငရဲထိန်းမ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
‘အသင် ဒီကို ဘာလာလုပ်တာလဲ’
‘အော် - အဆွေတော်ရယ်။ ကိုယ့်ဂူကို လာတဲ့ဧည့်သည်ကို အဲလိုပဲ ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ရသလား’
နတ်ဘီလူးမသည် ငရဲထိန်းအထီးများလိုပင် စကားပြောပြီး ဟန်ပန်အမူအရာလည်း နွဲ့နှောင်းခြင်း အလျဥ်းမရှိချေ။ ရောရု၀ သူ အတန်ငယ် ရိုင်းသွားမှန်းသတိပြုမိလိုက်သည်။
‘မဟုတ်ဘူး အဆွေ… အဲ.. အသင့်နာမည် ဘယ်သူများပါလိမ့်’
‘ဇီနာ’
‘ဟုတ်ပြီ။ ငရဲထိန်း ဇီနာ။ ကျုပ် မိဿက ကို အရေးတကြီး ပြောစရာရှိတယ်’
‘ဘာများလဲ ရောရု၀’
‘ဒီ.. ဒီဂူထဲမှာ ငရဲသားတွေရဲ့ အရိုးစုတွေ တောင်လိုပုံနေတာ...။ အဲဒါ အသင်တို့ သိကြလား’
ဇီနာသည် ခြောက်ခြားနေပုံရသော ရောရု၀ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်သည်။
‘အသင်မသိလည်း ဖယ်ပါ။ အခုပဲ မိဿက ကို သွားပြောမယ်။ ဒါ အတော်မှားယွင်းတဲ့ ကိစ္စပဲ။ နတ်သဘင် အစည်းအဝေးအထိ တက်တိုင်လို့ရတဲ့ကိစ္စ’
ရောရု၀သည် ဂူ၀တွင် ပိတ်ရပ်နေသော ဇီနာ့ဘေးမှ ရှောင်ပြီး ထွက်မည်အပြု သူ၏ လက်ဖျံတစ်ဘက်ကို နတ်ဘီလူးမသည် သူမ၏ သန်မာသော လက်တစ်ဘက်နှင့် ဆုပ်ကိုင်ထားလိုက်သည်။ ရောရု၀သည် ငရဲပြည်တွင် ယမမင်းပြီးလျှင် ခွန်အားဗလ အကြီးဆုံးဖြစ်သော်လည်း နတ်ဘီလူးမတစ်ဦးက ဖမ်းကိုင်လိုက်ခြင်းဖြစ်သဖြင့် ရုတ်တရက် မှင်သက်သွားမိသည်။ သူ မရုန်းနိုင်မီ ဇီနာသည် တီးတိုးလေသံနှင့် ရောရု၀ နားနားသို့ ကပ်ပြီး ပြောလိုက်လေသည်။
‘ရောရု၀။ အသင် အ၀ီစိအကြောင်းကို မသိသေးဘူး။ စိတ်ကို ထိန်းစမ်းပါ’
ထိုအခါမှ ရောရု၀ သတိပြန်၀င်လာသည်။ သူသည် အရိုးစုပုံကြီးကို တွေ့ပြီး ကမူးရှူးထိုးလုပ်မိလုဆဲဆဲ ဖြစ်သွားခဲ့ရသည်။ ပုတိကနှင့်တုန်းက ဖြစ်ခဲ့သော အမှားကိုလည်း ပြန်သတိရသွားသည်။
‘အသက်ကို မှန်မှန်ရှူလိုက် ရောရု၀။ ကျုပ်လာရတဲ့အကြောင်းက မိဿက လွှတ်လိုက်တာပဲ။ ကျုပ်တို့ရဲ့ ညနေခင်း ပျော်ပွဲသဘင် စတော့မှာမို့လို့ သင့်ကို အချိန်မီလာနိုင်အောင် အခေါ်ခိုင်းလိုက်တာ’
‘အင်း.. ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီ အရိုးစုတွေက -’
‘နေပါဦး ရောရု၀။ အသင့်ကို ကျုပ် တစ်ခုပဲ မေးမယ်’
ဇီနာသည် သူမ၏ ကျယ်၀န်းသော တင်ပါးဆုံကြီးများပေါ်တွင် လက်နှစ်ဘက်ကို တင်ရင်း ရောရု၀ကို စူးစူးရဲရဲကြည့်ကာ မေးလိုက်သည်။ လူတစ်ရပ်ကျော်သော သံမဏိ ဓားရှည်ကြီးက တင်ပါးနောက်တွင် ချိတ်လျက်သားရှိနေသည်။
‘မေးပါ။ မေးချင်တာမေး။ ဒါပေမဲ့ ကျုပ်မှာလည်း မေးခွန်းတွေ အများကြီးရှိသေးတယ်နော်’
‘ဟုတ်ပါပြီ။ အသင်မေးချင်တာတွေ ခဏအောင့်ထားပါ။ ကျုပ် အခု မေးချင်တာက အသင် အရင်နေခဲ့တဲ့ ငရဲတွေမှာ ငရဲသားတွေကို နှိပ်စက်ခဲ့ဖူးသလား’
‘အို။ ငရဲထိန်းပဲ။ ငရဲသားတွေကို နှိပ်စက်ဖို့က ကျုပ်တာ၀န်..’
‘မဟုတ်ဘူး။ တာ၀န်ကို ပြောလိုရင်းမဟုတ်ဘူး။ တာ၀န်အရမဟုတ်ဘဲ အသားအတွက်၊ ကာမအတွက်၊ အသင့် လိုအင် သီးသန့်အတွက်’
‘ဘာ - ကာမ အတွက် ဟုတ်လား’
‘ကျုပ်မေးတာသာ ဖြေစမ်းပါ ရောရု၀ရယ်’
‘မှန်တာပြောရရင် ငရဲသားတွေကို တာ၀န်အရမဟုတ်ဘဲ တခါမှ လက်ဖျားနဲ့တောင် မတို့ဖူးဘူး ငရဲထိန်း ဇီနာ။ တကယ်တော့ ဒီ အ၀ီစိကို ရောက်လာရတာကလည်း...’
‘ရှူး တော်တော်။ အသင် အ၀ီစိရောက်လာရတဲ့ အကြောင်းကို ကျုပ် မကြားသိလိုဘူး’
နှုတ်ကျွံခါနီးလေးမှ ဇီနာ သတိပေးအချိန်မီသွား၍ ရောရု၀ ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။ သူမသည် ရောရု၀ကို သနားသည့် မျက်လုံးများနှင့် ကြည့်လိုက်၏။
‘အသင်ပြောတာသာ အမှန်ဆိုရင် အသင်တော့ ဒုက္ခလှလှကြီးတွေ့ပြီ ရောရု၀ရေ’
‘ဘယ်လို ဒုက္ခတွေ့ရမှာလဲ’
‘ဘယ်လိုလဲဆိုတော့ အသင် အခုပဲ အောက်ရောက်ရင် တွေ့ရပါလိမ့်မယ် အဆွေတော်ကြီး ရောရု၀’
…………………………………………..
နောက် အချိန်အနည်းငယ်ကြာလျှင် ရောရု၀နှင့် ဇီနာတို့သည် နိရယတောင်ကြီး၏ မတ်စောက်သော တောင်နံရံအတိုင်း တွယ်ဆင်းလာကြသည်။ တောင်အလယ် ကမ်းပါးစွန်းသို့ ပြန်ရောက်လျှင် ညနေပိုင်း ပျော်ပွဲသဘင်က စတင်နေလေပြီ။ အ၀ီစိငရဲတွင် ညဟူ၍ မရှိသော်လည်း အပူချိန်သည် တရက်တာကုန်ခါနီးတွင် မဆိုစလောက်ကလေး လျော့သွားတတ်သည်။ ထိုအချိန်သည် များသောအားဖြင့် ငရဲသားများ ဒုက္ခဆင်းရဲကို ဆက်လက် မခံစားနိုင်တော့ဘဲ မေ့မျောသွားကြသည့် အချိန်မျိုးပင်။ ခဏကြာလျှင် ငရဲသားများအားလုံး၏ ခန္ဓာများသည် ပြာပူဘ၀သို့ ရောက်သွားကြလေသည်။ သို့သော် တဒင်္ဂအတွင်းမှာပင် နောက်တစ်နေ့ ပြန်စကာ ငရဲသားများသည် အသစ်အသစ်သော ခန္ဓာများဖြင့် ၃၁ ဘုံတွင် အပြင်းထန်ဆုံး ဒုက္ခ၀ဋ်ဆင်းရဲကြီးကို အကြားအလပ်မရှိ ဆက်လက်ခံကြရပြန်လေသည်။
ဇီနာ၏ ကြိုတင် သတိပေးထားချက်အရ ရောရု၀သည် တွေ့လိုက်ရသော မြင်ကွင်းကို စက်ဆုပ်မိသော်လည်း စိတ်လိုက်မာန်ပါ မဖြစ်ရအောင်တော့ ထိန်းထားလိုက်နိုင်သည်။
တောင်အစွန်းရှိ မြေကွက်လပ်ပေါ်တွင် နှစ်ဒါဇင်သော ငရဲထိန်းကြီးများသည် သူတို့ စိတ်ကြိုက်ရွေးထားသော ငရဲသားများကို နည်းလမ်းပေါင်းစုံဖြင့် ညှင်းဆဲ ဆော့ကစားလျက်ရှိလေသည်။ အချို့ ငရဲထိန်းများက ငရဲသားများ၏ ခြေလက် ဦးခေါင်းများကို အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်နေကြသည်။ အချို့က သူတို့၏ ကြီးမားသော အင်္ဂါကြီးများနှင့် ငရဲသားများ၏ ဒွါရပေါက်များထဲသို့ မဆန့်မပြဲထိုးသွင်းကာ ကာမဒုစရိုက်ကျူးလွန်နေကြသည်။ အချို့ကတော့ စားလည်းမစား၊ ကာမလည်း မကျူးလွန်ဘဲ ဒီအတိုင်း အရသာခံကာ အပိုင်းပိုင်းဖြတ် နှိပ်စက်နေကြလေသည်။
‘ကောင်းလေစွ အဆွေတော် ရောရု၀။ နောက်မကျသေးဘူး။ လာ - ကျုပ်တို့နဲ့ အတူတူ လာပျော်စမ်းပါ’
မိဿကသည် ငရဲသား မိန်းမတစ်ဦးအပေါ်တွင် ခွစီးထားရာမှ ရောရု၀ကို လှမ်းခေါ်လိုက်သည်။ ထိုမိန်းမ၏ ခန္ဓာကိုယ်သည် အ၀ီစိငရဲမီးလောင်ထားသည့် လက္ခဏာမရှိဘဲ ငရဲထိန်းများ၏ နှိပ်စက်ထားသည့် ဒဏ်ရာများသာ ရှိလေသည်။ ငရဲထိန်းများ၏ ညနေခင်းပျော်ပွဲသဘင်သည် ငရဲသား အထီး အမ များ၏ ငိုကြွေးအော်ဟစ် အသနားခံသံများနှင့် ပွက်ပွက်ဆူနေလေတော့သည်။
ရောရု၀သည် မိဿက၏ ဖိတ်ခေါ်မှုကို ငြင်းနိုင်ရန် အကြံကုန်ထုတ်လျက်ရှိသည်။ သူသည် ပတ်၀န်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ငရဲထိန်း အနည်းဆုံး နှစ်ဆယ်ကျော်ရှိမည်။ ရောရု၀သည် အားလုံးထဲတွင် ခွန်အားဗလအကြီးဆုံးဖြစ်သော်လည်း ငရဲထိန်း သုံးယောက်လောက် ၀ိုင်းတိုက်ခိုက်လျှင်ပင် သူ တော်ရုံနှင့် နိုင်မည်မထင်။ အယောက်နှစ်ဆယ်နှင့် တစ်ယောက်သည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်လိမ့်မည်။ အမှန်တော့ ရောရု၀သည် သေမည်ကို မကြောက်ပေ။ သူသေမှ ဒီငရဲဘုံက လွတ်မည်ဖြစ်သည်။ သို့သော် သူစိုးရိမ်သည်မှာ သူ့ကို မသေမရှင်ထားပြီး ထိုငရဲထိန်းများက အ၀ီစိငရဲတွင် သူ့ကို အမျိုးမျိုး နှိပ်စက်မည်ကိုဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် သူတို့နှင့် ထိပ်တိုက်မတွေ့လိုပေ။
သူသည် မျက်စိရှေ့မှောက်တွင် တွေ့နေရသော မတရားမှုကို မျက်ကွယ်မပြုလိုသော်လည်း အခြေအနေအရ ခေတ္တတော့ သည်းခံရဦးမည်ဖြစ်သည်။ အရေးကြီးသည်မှာ ထိုအကုသိုလ်များထဲတွင် သူ ပါမသွားစေရန်ပင်။
‘ဟား ဟား မိဿက။ ဒီနေ့က ကျုပ် ပထမဆုံးနေ့ဆိုတော့ ပရိသတ်အဖြစ်ပဲ ကြည့်ပါရစေ။ ကျုပ်ရဲ့ အဆွေတော် ငရဲထိန်းတွေ အ၀ီစိမှာ ဘယ်လို ပျော်ပွဲသဘင် ဆင်နွှဲသလဲဆိုတာ လေ့လာရတာပေါ့လေ’
ရောရု၀၏ စကားကို မိဿက သဘောကျသွားသည်။ ထို့နောက် သူ တစုံတခုကို စဥ်းစားမိပြီး ဟက်ကနဲ ရယ်လိုက်၏။ ယခုအခါ သူ့အောက်တွင်ရှိသော ငရဲသားမိန်းမသည် ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲထွက်သွားပြီဖြစ်သည်။ သို့သော် တစ်နေ့တာ မကုန်သေးသဖြင့် ထိုမိန်းမသည် မသေသေးဘဲ ကိုယ်နှစ်ခြမ်းကွဲကြီးနှင့် ဆက်ပြီး အသက်ရှင်လျက်ရှိနေသေးလေသည်။
‘အသင့်စကားကို ကြားမှ ရယ်စရာတစ်ခုတွေးမိတယ်။ ဘာတဲ့ ကျုပ်တို့ အ၀ီစိ ငရဲထိန်းတွေ ဘယ်လို ပျော်ပွဲသဘင် ဆင်နွှဲတယ်ဆိုတာ လေ့လာချင်တယ်ဟုတ်လား။ အဲဒါဆိုရင်တော့ မှတ်သားစရာ အကောင်းဆုံးက ကျုပ်တို့ရဲ့ နှမတော်ကြီး ဇီနာ ဘယ်လို ပျော်ပွဲဆင်သလဲဆိုတာ အသင့်ကို ကြည့်စေချင်တယ်။ ဟား ဟား ဇီနာ - ကျုပ်တို့ရဲ့ မိတ်ဆွေသစ်ကြီး ရယ်ရအောင် ပြလိုက်ပါဦး’
နတ်ဘီလူးမ ဇီနာသည် ခံပြင်းသည့် အမူအယာနှင့် မိဿကကို ခါးထောက်ကြည့်နေသည်။
‘ဟဲဟဲ စိတ်မဆိုးပါနဲ့ ဇီနာရယ်။ ကျုပ်က ကျီစယ်တာပါ။ ကဲ. ရောရု၀ကို အသင် ဘယ်လိုလုပ်သလဲဆိုတာ ပြလိုက်စမ်းပါ’
ဇီနာသည် ခက်ထန်ပြီး ထီမထင်သော အမူအရာရှိသော်လည်း ခေါင်းဆောင် မိဿက၏ စကားကို လွန်ဆန်နိုင်ပုံမပေါ်ချေ။ သူမသည် ငရဲသားအုပ်စုထဲမှ ငရဲသားတစ်ယောက်ကို တရွတ်ဆွဲခေါ်ထုတ်လာသည်။ ထို့နောက် ထိုငရဲသားကို တစ်ကိုယ်လုံး ကြိုးများနှင့် တုပ်နှောင်လိုက်၏။ ယခုအခါ မိဿကသည် ရောရု၀ဘေးတွင် လာရပ်ပြီး သူ့ပခုံးကို လက်တို့ကာ အူမြူးစွာနှင့် ပြောနေသည်။
‘ကြည့်နေ။ ဒီ ဇီနာဆိုတဲ့ ဘီလူးမ ဘယ်လောက် ဥာဏ်တုံးသလဲဆိုတာ အသင်အခုပဲ တွေ့ရမယ်’
ဇီနာသည် တောင်ကမ်းပါးအစွန်းသို့လျှောက်သွားလိုက်သည်။ ထိုနေရာနှင့် မလှမ်းမကမ်းတွင် နိရယတောင်ကြီး၏ ထိပ်ပိုင်းမှ စီးကျနေသော ချော်ရည်ပူကြောင်းတစ်ခုရှိနေ၏။ နတ်ဘီလူးမသည် သူမ၏ လက်ထဲတွင် အသင့်ပါသွားသော သံမဏိ ကရားကြီးနှင့် ချော်ရည်ပူများကို အပြည့်ခံထည့်လိုက်သည်။ ထို့နောက် သူမသည် ကြိုးအထပ်ထပ်တုပ်ထားသော ငရဲသားဆီသို့ ပြန်ရောက်လာသည်။ ငရဲသားသည် ချော်ရည်ပူကရားကြီးကို မြင်လျှင် ကြောက်လန့်တကြား ပါးစပ်ကြီးပြဲနေအောင် အော်ဟစ်လေတော့သည်။ ဇီနာသည် ထိုအော်နေသော ပါးစပ်ပေါက် တည့်တည့်ထဲသို့ ချော်ရည်ပူများကို လောင်းထည့်ချလိုက်သည်။
‘အဟီး.. ဟီး…။’
မိဿကသည် ဇီနာ မကြားအောင် ကျိတ်ပြီး ရယ်နေသည်။ ရယ်နေရင်းမှ ရောရု၀နားသို့ကပ်ပြီး -
‘တွေ့ပြီးလား ရောရု၀။ ကျုပ်ပြောချင်တာ။ အ၀ီစိက ငရဲသားကို ပင်ပင်ပန်းပန်း တောင်ခြေက သွားကောက်ပြီး ကြိုက်တာလုပ်လို့ရတဲ့အချိန်မှာ ဒီကောင်တွေ ငရဲခံရမဲ့ ပုံစံအတိုင်း ပြန်နှိပ်စက်တဲ့ ငရဲထိန်း ဒီကောင်မ တစ်ကောင်ပဲ ကျုပ်တွေ့ဖူးသဗျာ။ ရင်ကြီး ဖင်ကြီးတွေသာ တောင့်သာ။ ဦးနှောက်ကတော့ နည်းပုံပဲ ဟား ဟား’
‘အင်း… လူတစ်ကိုယ် အကြိုက်တစ်မျိုးပေပေါ့ဗျာ’
မိဿကသည် မျှော်လင့်မထားသော တုံ့ပြန်မှုကြောင့် ရောရု၀ကို လှည့်ကြည့်လိုက်သည်။
‘အို အဆွေတော် ရောရု၀။ အသင်လည်း ဇီနာ့လို ချော်ရည်ပူလောင်းထည့်ရတာ ကြိုက်တယ်လို့ မပြောလိုက်နဲ့နော်။ ကျုပ် ရယ်ရလို့ အူတက်ပြီး သေသွားလိမ့်မယ်’
ရောရု၀သည် ဇီနာ အဘယ်ကြောင့် ထိုသို့ လုပ်သည်ကို ရိပ်မိသလိုရှိသော်လည်း အတပ်တော့ မပြောနိုင်သေး။ တကယ်တော့ ချော်ရည်ပူလောင်ခံရမည့် ငရဲသားကို ချော်ရည်လောင်းပြီး နှိပ်စက်ခြင်းသည် အမှားမဟုတ်။ အပြစ်ဒုစရိုက်မဟုတ်ချေ။ ငရဲထိန်းတစ်ဦး၏ တာ၀န်သာဖြစ်လေသည်။ အမှန်တော့ ဇီနာသည် မိဿက ထင်သလို နလပိန်းတုန်းမဟုတ်။ သူတို့အားလုံးထက်ပိုပြီး ဥာဏ်ရည်မြင့်သော နတ်ဘီလူးမ တစ်ယောက်ပင် ဖြစ်သည်။ သူမသည် အများနှင့် အတိုက်အခံလုပ်ပြီး သူတော်ကောင်း အသွင်ကို ယူရန် မဖြစ်နိုင်သဖြင့် သူမ စိတ်ကြိုက် နှိပ်စက်နည်းကို ပညာသားပါပါ ရွေးချယ်ခဲ့ခြင်းပင် ဖြစ်ရပေမည်။ ထိုအကြောင်းကို စဥ်းစားမိလျှင် ရောရု၀၏ စိတ်ထဲတွင် ဇီနာ့အပေါ် နဂိုက ရှိရင်းစွဲ နှစ်သက် သဘောကျစိတ်များသည် ပိုပြီး တိုးပွားလာခဲ့လေသည်။
‘အဲ… အဲ့လိုမဟုတ်ဘူး မိဿက။ ကျုပ်က အများအရှေ့မှာ ကာမ မလုပ်တတ်ဘူး’
မိဿက၏ အမာရွတ်ဖုံးနေသော မျက်နှာကြီး ရှုံ့မဲ့သွားသည်။ ရောရု၀ သူ့ခါးကြားမှ သုံးခွမှိန်းကြီးကို တင်းနေအောင် ကိုင်ထားမိလိုက်၏။ သို့သော် ချက်ချင်းပင် ရှုံ့နေသော မျက်နှာကြီးသည် ပြေလျော့သွားပြီး ခွက်ထိုးခွက်လန် ရယ်ချလိုက်လေသည်။
‘ဟား ဟား ဟား။ ကျုပ်တော့ အကြားအမြင်ရနေသလားမသိဘူး။ အသင့်အတွက် ဂူရွေးပေးမိတာ သိပ်မှန်တာပဲ။ ရောရု၀ ဆက်မပြောနဲ့ ကျုပ်နားလည်ပြီ’
မိဿကသည် သူ့လက်မောင်းကြီးနှင့် ရောရု၀ လည်ပင်းကြီးကို သိုင်းဖက်လိုက်ပြီး ဆက်ပြောသည်မှာ -
‘အသင့်အရင် အဲဒီဂူမှာနေသွားတဲ့ ငရဲထိန်းဟာလည်း အသင့်လိုပဲ။ ကျုပ်တို့ရှေ့မှာ မလုပ်တတ်ဘူးဆိုပြီး သူ့ဂူထဲပဲ ခေါ်ခေါ်သွားတာ။ တယောက်မှကို ပြန်ထွက်မလာတော့တာပဲ။ ဟား ဟား ဟား’
ရောရု၀ သူ၏ ဂူထဲတွင် အဘယ်ကြောင့် လူအရိုးစုပုံကြီး ရှိနေသည်ကို ယခုမှပင် သဘောပေါက်သွားလေတော့သည်။
‘ကဲ ကဲ။ အခု အစပိုင်းတော့ ကျုပ်တို့ လုပ်တာတွေ ထိုင်ကြည့်လိုက်ဦး။ ညဘက် မပြန်ခင်တော့ အသင့်စိတ်ကြိုက်တစ်ယောက်လောက်တော့ ရွေးယူသွားလိုက် - ဟုတ်ပလား။ အင်း - ရွေးချင်သပဆိုလည်း အခုကတည်းက ကြိုရွေးထား။ နောက်ကျသွားရင် ကျန်တော့မှာ မဟုတ်ဘူး။ တောင်ခြေက ငရဲသားတွေကလည်း ခုချိန်လောက်ဆို မီးသွေးတုံးတွေ ဖြစ်နေလောက်ပြီ။’
ရောရု၀သည် ကျန်သေးသော ငရဲသား အုပ်စုကို အကဲခတ်ကြည့်လိုက်သည်။ အ၀တ်မပါ ဗလာကိုယ်ထီးနှင့် ကြောက်ရွံ့ထိတ်လန့်နေကြသော ငရဲသားများအကြားတွင် ချောမောလှပသော အမျိုးသမီးတစ်ဦးကို သူတွေ့လိုက်သည်။ အကြောင်းကြောင်းကြောင့် သူ ထို အမျိုးသမီးကို ရွေးချယ်လိုက်သည်။ မိဿက က ထိုအမျိုးသမီးကို ဆံပင်မှ ဒရွတ်ဆွဲခေါ်လာပြီး ရောရု၀၏ ပေါင်ပေါ်တွင် ထိုင်စေလေသည်။ ထိုမိန်းမ၏ တစ်ကိုယ်လုံးသည် ကြောက်လွန်းသဖြင့် တဆတ်ဆတ်တုန်ခါနေသည်။ ရောရု၀သည် စိတ်ထဲတမျိုးဖြစ်လာ၍ ဘေးဘီကို ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းမှ ငရဲသားတစ်ဦး၏ ကိုယ်လုံးပေါ်သို့ ချော်ရည်ပူများ လောင်းချရင်း သူ့ကို စိုက်ကြည့်နေသည့် နတ်ဘီလူးမ ဇီနာကို တွေ့လိုက်ရလေသည်။
……………………………………
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory