
‘ကံ ကံ၏အကျိုး’
……………..
ရောရု၀သည် မိဿကတို့ ငရဲထိန်းတစ်စု ကျေနပ်လောက်သည်အထိ ပျော်ပွဲသဘင်တွင် ပရိသတ်အဖြစ် နေပေးခဲ့သည်။ အမှန်တော့ သူ ထိုနေရာမှ အမြန်ဆုံး ထွက်သွားချင်လှပေပြီ။ သူ့ကို စိုက်ကြည့်နေခဲ့သော ဇီနာသည် ရောရု၀၏ အနားသို့ ရောက်လာသည်။ မိဿကသည် ယခုအခါ ရောရု၀နားမှ ပြန်ထွက်သွားပြီဖြစ်ပြီး သူ့တပည့်များနှင့်အတူ သေရည်အိုးနားတွင် အရက်သောက်နေလေပြီ။
‘ဘယ်လိုလဲ။ အ၀ီစိငရဲရဲ့ ပျော်ပွဲသဘင်ကို သဘောကျရဲ့လား’
ရောရု၀သည် သူ့ပေါင်ပေါ်မှ ငရဲသားမိန်းမကို ဘေးသို့တွန်းချလိုက်သည်။ ‘ဒီနားမှာ ထိုင်နေ။ ဘယ်မှ မသွားနဲ့’ ဟု ပြောလိုက်ပြီး -
‘ကျုပ် အသင့်ကို မေးစရာရှိတယ်’ ဟု ဇီနာ့ကို လှမ်းမေးလိုက်သည်။
‘ဘာမေးချင်တာလဲ’
ရောရု၀သည် သူတို့နှစ်ဦးကြားလောက်ရုံ လေသံနှင့် -
‘ဒီလို ပျော်ပွဲသဘင်တွေက နေ့တိုင်းရှိတာလား’
‘အမှန်ပဲ ရောရု၀။ နေ့တိုင်းပဲ။ သူတို့မှာ တခြား ဘာအလုပ်မှ မရှိဘူး’
‘ဒါဆို ကျုပ် ဒီမှာ ကြာကြာနေနိုင်မယ် မထင်ဘူး’
ဇီနာ ရောရု၀ကို စိတ်ပျက်လက်ပျက်ကြည့်လိုက်သည်။
‘ဒါကြောင့် အသင် ဒုက္ခတွေ့လိမ့်မယ်လို့ ကျုပ်ပြောခဲ့တာပေါ့’
‘ကျုပ်ဘာလုပ်ရမလဲ’
‘ဒီနေ့တော့ ဘာမှမလုပ်နဲ့။ မနက်ဖြန် အသင် အိပ်ရာနိုးရင် နိရယ တောင်ထိပ်ပေါ်က စောင့်နေ။’
ဟုပြောပြီး သူမသည် ရောရု၀ အနားမှ ရှောင်ထွက်သွားသည်။ ရောရု၀သည် ခဏမျှသာ ဆက်နေပြီးလျှင် အရက်မူးနေသော မိဿကကို ပခုံးသွားပုတ်ကာ ပြောလိုက်၏။
‘အဆွေတော်၊ ကျုပ် ဂူကို ပြန်တော့မယ်’
‘ပြန်တော့မယ် ဟုတ်စ။ ဒါဆိုလည်း အသင့် ငရဲသားကို မေ့မသွားနဲ့ဦးလေ ဟား ဟား ဟား’
မိဿက လက်ညှိုးညွှန်ပြရာကို ကြည့်လိုက်လျှင် ကြမ်းပြင်တွင် ငုတ်တုတ်ထိုင်ကာ ကြောက်လန့်နေသော ငရဲသားမကို သတိရသွားသည်။ ရောရု၀သည် ထိုမိန်းမကို သူ၏ ဧရာမလက်ကြီးတဘက်နှင့် ကြောင်လေးတစ်ကောင်လို ဆွဲမ ကာ တောင်ထိပ်နားရှိ သူ၏ လိုဏ်ဂူဆီသို့ ပြန်တက်ခဲ့လေတော့သည်။
…………………………..
...ဘုတ်...။
အား...။ သေပါပြီရှင့်။
ဂူထဲရောက်လျှင် ရောရု၀သည် ထိုမိန်းမကို ကြမ်းပေါ်သို့ ပစ်ချလိုက်၏။ အမျိုးသမီးသည် ဂူ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားသည်။ နတ်ဘီလူးကြီးသည် ပင်ပန်းနေပြီး ဗိုက်ထဲတွင် အနည်းငယ် ဆာလောင်နေသည်။ သို့သော် သူ့ပါးစပ်ကြီးထဲတွင်မူ အစာစားလိုစိတ် မရှိချေ။ ရောရု၀သည် လူသား အမျိုးသမီးကို ရှိသည်ဟုပင် အာရုံမစိုက်တော့ဘဲ ကျောက်ဖျာကြီးပေါ်တွင်သာ ပက်လက်လှဲချလိုက်သည်။ ငရဲသားမိန်းမသည် ဂူနံရံနားတွင် သွားပြီး ငိုကြွေးနေသည်။ ခဏနေမှ ရောရု၀သည် ထိုမိန်းကလေးကို ငုံ့ကြည့်လိုက်ပြီး -
‘ငါနင့်ကို ဘာမှမလုပ်ဘူး။ မပူနဲ့။ ဒါပေမဲ့ နောက်တစ်နေ့ မကူးခင်တော့ နင့်ကို သတ်ရမယ်။ မနှိပ်စက်ဘူး။ သတ်ပဲ သတ်မှာ’
‘မှန်လှပါဘုရား’
ဘုရားထူးခံရမှ ရောရု၀သည် မိမိ၏ နတ်သားအဖြစ်ကို သတိရသွားသည်။ အစွယ်ကြီးများပေါ်အောင် သူပြုံးမိလိုက်သည်။ သူ ပျင်းပျင်းရှိသည်နှင့် မိန်းကလေးနှင့် စကားပြောရန် ကျောက်ဖျာပေါ်တွင် ထိုင်လိုက်သည်။ နောက်နေ့ကူးရန် အချိန်အတော်ကျန်သေးသည်ဖြစ်ရာ မိန်းကလေးနှင့် စကား အနည်းငယ်ပြော၍ ရနိုင်သေးသည်။
‘နင့်နာမည် ဘယ်သူလဲ’
‘လက္ခမီ ပါဘုရား’
‘အင်း။ နင့်နာမည်က နတ်သမီးနာမည်ပဲ’
‘မှန်လှပါ။ လူ့ပြည်တုန်းက အမည်ပါဘုရား’
‘နင်ဘာလို့ အ၀ီစိကျရတာလဲ။ နင့်ပုံစံကြည့်တာ သနားကမားနဲ့’
‘အဖသတ်လို့ပါဘုရား’
‘အိမ်း - ကံကြီးထိုက်တော့လည်း အ၀ီစိကျပေတာပေါ့။ နင်က ဘာလို့ အဖကို သတ်ရတာတုန်း’
ရောရု၀၏ အမေးကို သူမ ရုတ်တရက်မဖြေ။
‘နင်မမှတ်မိဘူးလား’
‘မှတ်မိပါတယ်ဘုရား’
တကယ်တော့ ငရဲသားများသည် သူတို့၏ ပြစ်မှုများအားလုံးကို အသေးစိတ် အစအဆုံး မှတ်မိနေတတ်သည်။ သို့မှသာ သူတို့၏ အပြစ်များ အချိန်တန်လျှင် ကုန်ခန်းသန့်စင်သွားပေလိမ့်မည်။ မိမိ၏ အပြစ်များကို ပြန်ပြောင်း မှတ်မိရင်း ဒုက္ခဝေဒနာများကို ၀ဋ်မကုန်မချင်း ခံစားကြရမည်ဖြစ်၏။
‘မှတ်မိတယ်ဆိုရင် ငါမေးတာဖြေလေ’
‘မှန်လှပါ။ အရင်ဘ၀က အဖေက ကျွန်တော်မျိုးမရဲ့ ညီမလေးကို မတော်မတရား ပြုကျင့်လို့ပါဘုရား’
ရောရု၀ မျက်လုံးကြီးများ ပြူးသွားသည်။ ‘တော်တော် ယုတ်မာတဲ့ အဖေပဲ။ ငါလည်း နင့်နေရာမှာဆို သတ်မိမှာ’
မိန်းကလေး ဘာမှ ပြန်မပြော။ သူမသည် ခဏနေလျှင် အသတ်ခံရတော့မည့် အချိန်ကို စောင့်နေရှာသည်။
‘ကျွန်တော်မျိုးမကို မနှိပ်စက်တာပဲ ကျေးဇူးတင်လှပါပြီဘုရား’
‘ငါ အဲလိုတွေ နှိပ်စက်ရတာ ၀ါသနာမပါဘူး။ နေပါဦး မိန်းကလေး လက္ခမီ။ နင့်ကို ယမမင်းက မစစ်ဘူးလား။’
‘အဖသတ်တဲ့အမှုဆိုတော့ အ၀ီစိကို တန်းပို့လိုက်တာပါပဲဘုရား’
‘နင့်အဖေက မကောင်းဆိုး၀ါးပဲ။ အဖေလို့ ခေါ်ထိုက်တဲ့လူမှမဟုတ်တာ’
သို့သော် ကံကြီးထိုက်သည်ကိုမူ မငြင်းနိုင်ချေ။ ကံတရားကို မလိမ့်တပတ်လုပ်၍ မရချေ။
‘နင် သေမင်းတမန်ငါးပါးမေးခွန်းသိလား’ သူ မရည်ရွယ်ပဲ မေးလိုက်သည်။ ရောရု၀သည် ငရဲပြည်တွင် တွေ့သမျှလူတိုင်းကို ထိုမေးခွန်းအကြောင်း လိုက်မေးနေသည်မှာ ကြာလေပြီ။ သူသိလိုသော အဖြေကို ယခုထိ မည်သူမျှ မဖြေနိုင်ကြသေး။ မိန်းကလေးသည် ရောရု၀ကို မော့ကြည့်လိုက်သည်။
‘ရှင်။ သေမင်းတမန်ငါးပါး...’
‘အေးဟုတ်တယ်။ ယမမင်း စစ်တမ်းပဲ။ နင်မသိလည်း ထားလိုက်ပါ။ ငါက မေးကြည့်တာ’
‘ဟို…’
‘ရတယ်။ ကိစ္စမရှိဘူး။ တော်တော်များများလည်း မသိကြဘူး’
‘မဟုတ်ဘူး အရှင်ဘုရား။ ကျွန်တော်မျိုးမ.. သိ.. သိတယ်ဘုရား’
‘ဟင်…။ နင် သေမင်းတမန် ငါးပါး မေးခွန်းရဲ့ အဖြေမှန်ကို သိတယ် ဟုတ်လား’
ရောရု၀ ကျောက်ဖျာပေါ်မှ ခုန်ဆင်းလိုက်သည်။ လက္ခမီသည် ကြောက်လန့်စွာဖြင့် ပုစွန်ထုပ်လေးလို ကွေးသွားသည်။ သူမသည် အ၀တ်မဲ့သော ကိုယ်လုံးကို လက်နှစ်ဘက်နှင့် ဖုံးကွယ်ထားပြီး ခြေထောက်နှစ်ဘက်ကို ကွေးကာ ဆောင့်ကြောင့်ထိုင်နေရရှာသည်။
‘ရော့။ ဒီသားရေပြား ခြုံထားလိုက်စမ်း။ ပြီးရင် ငါ့ကို သေမင်းတမန်ငါးပါးအကြောင်း ပြောပြစမ်းပါ’
သူသည် လိုဏ်ဂူ၀မှ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ အချိန်တော့ ရသေးသည်။ နောက်တစ်နေ့ မကူးသေး။ လက္ခမီသည် ထစ်အ ထစ်အနှင့် သေမင်းတမန်ငါးပါးမေးခွန်း၏ အဖြေမှန်ကို ပြောပြလေသည်။
‘လက္ခဏာငါးပါးက မွေးကင်းစကလေး၊ သူအို၊ သူနာ၊ သူသေနဲ့ အကျဥ်းသား တို့ကို ပြတယ်။ အဖြေမှန်တွေက လက္ခဏာတစ်ပါးချင်းစီအတွက် သဘောတရားချင်းက အတူတူပါပဲ။ သံဝေဂတရား ရဖို့ပဲ။ မွေးကင်းစကလေးကို မြင်တဲ့အခါ လူ့ဘ၀တုန်းက ကလေးငယ်တွေကို မြင်ရတဲ့အခါ - ငါ နောင်တချိန်မှာ ပဋိသန္ဓေပြန်၀င်ပြီး ဒီလို မွေးဖွားတဲ့ ဒုက္ခကို ခံစားရဦးမယ်။ ဒါကြောင့် ဒီလို ပြန်ပြီး ပဋိသန္ဓေမနေရတော့အောင် အချိန်ရတုန်း တရားဘာ၀နာ ပွားများဦးမှပဲဆိုတဲ့ သံဝေဂ သတိတရားရတာမျိုး လူ့ဘ၀မှာ ရှိခဲ့ဖူးသလားဆိုတာ။
သူအိုလည်း ထိုနည်းလည်းကောင်း။
သူနာလည်း ထိုနည်းလည်းကောင်း။
သူသေလည်း ထိုနည်းလည်းကောင်း။
သံသရာ အကျဥ်းသား။ သုံးဆယ့်တစ်ပုံအကျဥ်းသားလည်း ထိုနည်းလည်းကောင်းပါပဲ ဘုရား’
လက္ခမီက ရိုးရှင်းစွာ ရှင်းပြလိုက်လျှင် ရောရု၀သည် ပါးစပ်အဟောင်းသားနှင့် နားထောင်နေမိခဲ့သည်။
‘နင်.. နင် ဒါတွေ သိနေတာတောင် အ၀ီစိမှာ ငရဲခံနေရတာလား’
‘မှန်ပါ့ဘုရား’
‘တောက်။ ကံတရားက မတရားပါလား’
‘ကံတရားမှာ မှန်တယ် မှားတယ်ဆိုတာ မရှိပါဘူးဘုရား။ ကံကံ၏ အကျိုးသာ ရှိပါတယ်။ ဘယ်လောက်ပဲ ယုတ်မာတဲ့သူဖြစ်ဖြစ်၊ အဲဒီ လူယုတ်မာကို သတ်မိရင် အကုသိုလ် ဖြစ်ရပါတယ် ဘုရား’
ရောရု၀သည် သူ၏ ဦးချိုနှစ်ချောင်းနှင့် ခေါင်းကြီးကို ခါးသီးစွာ ခါရမ်းမိသည်။
‘ငါ ဥဒဿ ငရဲမှာ လူလိမ်တစ်ယောက်တွေ့ဖူးတယ်။ ဒီကောင်ဟာ နင့်ပညာဥာဏ်ရဲ့ ခြေဖျားတောင် မမီဘူး။ ဒီကောင့်မှာ သံဝေဂဆိုတာ မရှိဘူး။ နောင်တဆိုတာလည်း မရှိဘူး။ ဒါပေမဲ့ မတရားတာက ဒီကောင့် အဖေဟာ နင့်အဖေလို လူယုတ်မာ မဟုတ်တဲ့အတွက် သူဟာ သူ့အဖေကို မသတ်ခဲ့ဘူး။ ဒါမှမဟုတ် - တကယ်လို့ သူ့အဖေဟာ နင့်အဖေလို လူယုတ်မာ ဖြစ်နေခဲ့ရင်တောင် ဒီကောင်ဟာ သူ့ညီမလေးအတွက် ကံကြီးအထိုက်ခံပြီး သူ့အဖေကို သတ်ခဲ့မှာ မဟုတ်ဘူး။
ဒါပေမဲ့ ဒီလူလိမ်ဟာ အခုလောက်ဆို ငရဲဘုံကကျွတ်ပြီး လူ့ပြည်မှာ ပြန်လိမ်စားနေလောက်ပြီ။ သူများတကာကို မျက်ရည်ပေါက်ကြီးငယ် ကျနေစေလောက်ပြီ။
တောက်’
သူ လောကကြီး၏ မတရားမှုအတွက် တက်ခေါက်ပြီး ခံပြင်းမိလေသည်။ ကောင်းကင်သည် တရက်တာပြည့်ရန် အချိန်နီးကပ်လာလေပြီ။ လက္ခမီသည် အခြေအနေကို နားလည်သဖြင့် မျက်လုံးကို စုံမှိတ်ကာ ဘုရားစာများကို ရွတ်ဆိုနေမိလေသည်။
‘လက္ခမီ’
‘မှန်လှပါဘုရား’
‘ငါ နင့်ကို နောက်နေ့ ဘယ်လိုရှာရမလဲ’
‘မလွယ်ပါဘုရား’
‘ဘာကြောင့် မလွယ်ရမလဲ’
‘မဟာအ၀ီစိငရဲရဲ့ အောက်ခြေမှာ ငရဲသားပေါင်း ကုဋေ သန်းနဲ့ချီပြီး ရှိကြောင်းပါဘုရား။ ဒီလောက် များပြားတဲ့ ငရဲသားတွေကြားမှာ ကျွန်တော်မျိုးမကို နောက်တစ်ကြိမ် ပြန်ကောက်ရဖို့ဟာ အင်မတန်ပဲ မလွယ်ကူကြောင်းပါ’
‘၀ှီး… ဒုတ်’
သူမ မကြောက်လန့်နိုင်မီ တစ်နေ့တာ ကုန်သည်နှင့် အချိန်ကိုက်ပြီး ရောရု၀သည် သုံးခွမှိန်းကြီးကို လက္ခမီထံသို့ အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်သည်။ မိန်းကလေး၏ ကိုယ်လုံးလေးသည် မှိန်းကြီးနှင့် အတူ လေထဲတွင် လွင့်ပါသွားပြီး ဂူနံရံတွင် သွားစိုက်လေသည်။ မှိန်းခွကြီး၏ အသွားသုံးတက်က မိန်းကလေး၏ ခန္ဓာကိုယ်ကို ဦးခေါင်း၊ ကိုယ်လုံးနှင့် တင်ပါးဆုံတို့တွင် သုံးနေရာ အသီးသီး စိုက်၀င်နေကြသည်။ လက္ခမီသည် ဝေဒနာ အနည်းဆုံးခံစားပြီး အသက်ပျောက်သွားသည်။ သူမသည် ယခုအခါ အ၀ီစိငရဲကြမ်းပြင်တွင် နောက်ခန္ဓာအသစ်တစ်ခုနှင့် ငရဲမီးဝေဒနာကို ပြန်လည် ခံစားနေရလောက်လေပြီ။
ရောရု၀ ဖင့်နွှဲသော ခြေလှမ်းကြီးများနှင့် နံရံဆီသို့ သွားပြီး သုံးခွမှိန်းကြီးကို နှုတ်ယူလိုက်သည်။ ထို့နောက် လက္ခမီ၏ အလောင်းကို လက်တဘက်နှင့် ကိုင်မကာ လိုဏ်ဂူ၀သို့ လျှောက်လာခဲ့၏။ ဟိုး တောင်ခြေအောက်တွင် အ၀ီစိ ငရဲမီးသည် အလျှံတငြီးငြီးနှင့် တောက်လောင်နေသည်။ ရောရု၀ လက္ခမီ၏ အလောင်းကို ဂူ၀မှ အားကုန်လွှဲပြီး တောင်ခြေသို့ ပစ်ချလိုက်လေသည်။
‘သွားနှင့်ပေဦး လက္ခမီ။ ၀ဋ်ကြွေးရှိသမျှ ခံပေဦးတော့’
…………………………..
ရောရု၀ အိပ်ရာမှ နိုးလာလျှင် ဇီနာ၏ စကားကို သတိရမိသွားသည်။ ‘မနက်ဖြန် အသင် အိပ်ရာနိုးရင် နိရယ တောင်ထိပ်ပေါ်က စောင့်နေ’
ထို့ကြောင့် သူသည် မျက်စိနှစ်လုံး ပွင့်လျှင်ပွင့်ချင်း တောင်ထိပ်သို့ ကုပ်ကပ်တွယ်တက်သွားပြီး ဇီနာကို စောင့်နေမိသည်။ သို့သော် နတ်ဘီလူးမသည် တော်တော်နှင့် ပေါ်မလာချေ။ ကောင်းကင်တွင် ၀ဲပျံနေသော ငရဲလင်းတကြီးများကို ကြည့်ပြီး ရောရု၀ ၀မ်းဗိုက်ထဲမှ တကြုတ်ကြုတ် ဆာလောင်လာသည်။ သူ အ၀ီစိ ရောက်ပြီးကတည်းက အခုထိ ဘာမှ မစားရသေး။ လက်ထဲမှ သုံးခွမှိန်းတံကြီးကို ဆ ကိုင်ရင်း တောင်ထိပ် အလယ်သို့ သူလျှောက်လာလိုက်သည်။ သူ့ခေါင်းပေါ်မှ လင်းတတစ်ကောင် ၀ှီးကနဲ ဖြတ်ပျံသွားသည်။
‘ကဲဟာ’
သူ မှိန်းကြီးကို ၀ှီးကနဲ ပစ်လွှတ်လိုက်၏။ လင်းတ၏ နံဘေးမှ လက်တလုံးခန့် ပွတ်ပြီး လွဲသွားသည်။
‘တောက်’
မှိန်းတံကြီးက ခပ်လှမ်းလှမ်းတွင် ဂလောက်ကနဲ ပြန်ကျသည်။ သူ ခရင်းခွကြီးကို ပြန်ကောက်ပြီး နောက်တစ်ကြိမ်ပစ်ရန် ကြိုးစားပြန်သည်။
‘ဂါးးးးး’
ဤတခေါက်တွင်တော့ ပစ်ကွင်းထပ်လွဲရုံမက ကံကောင်း၍ သုံးခွမှိန်းတံကြီး တောင်အောက်သို့ ပြုတ်ကျလုမတတ်ဖြစ်သွားသည်။
‘ဟား ဟား ဟား...။ ဖြည်းဖြည်းလုပ်ပါ။ တော်ကြာ ရှိစုမဲ့စု လက်နက်လေးတစ်ခု ဆုံးသွားပါဦးမယ်’
အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ဇီနာပင်ဖြစ်နေသည်။ သူမသည် ယနေ့မနက်တွင် သားရေပြား၀တ်စုံ အနီရောင်ကို အထက်အောက်၀တ်ဆင်ထားသည်။ သူမ အသား အ၀ါရောင်နှင့် ၀တ်စုံအနီရောင်သည် လိုက်ဖက်ပြီး ကြည့်ကောင်းနေလေသည်။ သူမ၏ တင်ပါးနောက်တွင် ဓားရှည်ကြီးကို လွယ်ထားပြီး လက်ထဲတွင် လေးကိုင်းကြီးတလက်ကို ကိုင်ဆောင်လာသည်။
‘အသင် ဗိုက်ဆာနေလိမ့်မယ်လို့တော့ ကျုပ်ထင်မိသား။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်လာတာ’
...၀ှီး...။
ဇီနာ ပြောပြောဆိုဆို လက်ထဲမှ လေးကိုင်းကြီးကို ကောင်းကင်သို့ ပင့်ချိန်ကာ မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ ထိုမြားသည် သူတို့ရှိရာဆီသို့ ဦးတည်ပျံ၀ဲလာသော လင်းတတစ်ကောင်ကို တည့်တည့် ထိမှန်လေသည်။ မြား နောက်ပိုင်းတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။
‘ဘုတ်...’
ဧရာမ လင်းတကြီးသည် သူတို့နှစ်ဦး၏အကြားသို့ ဘုတ်ကနဲ ပြုတ်ကျသည်။ သို့သော် ချက်ချင်းမသေသေးဘဲ မြေကြီးပေါ်တွင် ခုန်ဆွ ခုန်ဆွ လုပ်နေသည်။
‘ရောရု၀။ ဖမ်းပြီးရိုက်သတ်လိုက်’
ဇီနာ့အော်သံကြားမှ သူ သတိ၀င်ပြီး လင်းတဆီသို့ ပြေးသွားသည်။ သို့သော် လင်းတကြီးသည် မသေခင် ရှိစုမဲ့စု အားကုန်သုံးပြီး နောက်ဆုံးအကြိမ် ထပျံလေသည်။
‘ဆွဲ.. ဆွဲ..။ ကြိုးကိုဆွဲ’
ရောရု၀ ထပြန်ပြေးသော လင်းတ၏ ကိုယ်လုံးတွင် စိုက်၀င်နေသော မြားတံနှင့် သွယ်နေသည့် ကြိုးကို ဖမ်းဆွဲလိုက်သည်။
‘ဟာ… အားသန်လှချေလား’
သူ ဖမ်းဖူးသော အခြား ငရဲပြည်များမှ လင်းတနှင့် လုံး၀မတူဘဲ ဤလင်းတကြီးသည် အင်မတန် ခွန်အားကြီးကြောင်း သိလိုက်သည်။ ရောရု၀၏ အတ္တဘောခန္ဓာကိုယ်ကြီးသည် မြေကြီးပေါ်တွင် ဒရွတ်ကြီး ပါသွား၏။ သူဘယ်လိုဆွဲဆွဲ လင်းတကြီးသည် အပျံမရပ်ဘဲ ဆက်ရွေ့မြဲ ရွေ့နေသည်။ ရောရု၀ တောင်အစွန်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်။ သို့သော် သူ့အတွက် ခြေကုပ်တွယ်စရာဟူ၍ ကျောက်တုံး ကျောက်ဆောင် တခုတလေ မတွေ့ရ။ မြေပြင်သည် ပြန့်ပြူးလွန်းနေသဖြင့် သူ၏ ခြေထောက်နှစ်ဘက်သည် လင်းတကြီးဆွဲခေါ်ရာသို့ တရွတ်ကြီးပါသွားကာ မြင့်မားလှသော နိရယတောင်ကြီး၏ အစွန်းပိုင်းဆီသို့ အရှိန်ပြင်းစွာ ဦးတည်နေတော့သည်။
‘လွှတ်လိုက် ရောရု၀။ အောက်ပြုတ်ကျသွားလိမ့်မယ်’
ဇီနာ၏ အော်သံ။ သို့သော် ရောရု၀သည် အင်မတန်ခေါင်းမာသည်။ လက်ထဲမှ မြားကြိုးကို မလွှတ်။ လုံး၀ အလျှော့မပေး။
‘အား...’
သူ့ခါးပေါ်တွင် တင်းကနဲဖြစ်သွားပြီး ရောရု၀၏ ကိုယ်လုံးကြီး ရပ်တန့်သွားသည်။ ဇီနာ သည် ကျားတစ်ကောင်လို ခုန်အုပ်ပြီး သူ့ခါးကို သိုင်းဖက်လိုက်ခြင်းပင်။ ရောရု၀ နောက်ထပ် တထွာလောက်သာ အရှေ့တိုးမိပါက သူ၏ ကိုယ်လုံးကြီးသည် ယူဇနာပေါင်းများစွာမြင့်သည့် နိရယတောင်ထိပ်မှ ဟိုးအ၀ီစိ ကြမ်းပြင်အထိ အတားအဆီးမရှိ ပြုတ်ကျကာ အရိုးတခြား အသားတခြား ဖြစ်သွားပေလိမ့်မည်။ ယခုအခါ လင်းတသည် ဆက်ပြီး မပျံသန်းနိုင်တော့ဘဲ ဟိုသည် ယိမ်းထိုးကာ အောက်သို့ ပြန်ကျလာသည်။ ရောရု၀သည် ကြိုးကို အလိုက်သင့်ထိန်းပြီး ပြန်ဆွဲယူရာ ခဏအတွင်းမှာပင် အသက်မရှိတော့သော ငရဲလင်းတ၏ ကိုယ်လုံးသည် သူ၏ လက်ထဲသို့ ကျရောက်လာလေတော့သည်။
‘ဟား ဟား ဟား။ ရှင်တော်တော် ခေါင်းမာတဲ့ နတ်ဘီလူးပဲ ရောရု၀’
ဇီနာသည် ယခုအခါ အမွေးဆုတ်ထားပြီဖြစ်သော လင်းတကြီးကို တောင်ထိပ်တွင် ဖိုထားသော မီးပုံကြီးတွင် ကင်လျက်က ရောရု၀ကို လှမ်းပြောလိုက်သည်။ ရောရု၀သည် သူမရှေ့တည့်တည့်တွင်ထိုင်ကာ သူမကို စိုက်ကြည့်နေသည်။ သေချာကြည့်လျှင် ဇီနာသည် လှပသော နတ်ဘီလူးမတစ်ကောင်ပင်။ တကိုယ်လုံးတွင် ကြွက်သားကြီးများနှင့် သန်မာထွားကျိုင်းလှသော်လည်း သူမ၏ အ၀ါရောင် အသားအရေသည် မြွေအရေခွံလို ချောမွေ့နေသည်။ သူမ၏ မျက်လုံးများသည် သမင်မ၏ မျက်လုံးများလို ဟိုဘက်သည်ဘက် ၀ိုင်းစက်နေကြသည်။ သူမ၏ အစွယ်များသည် ညီညာစွာ ပေါက်နေကြသည်။ ဇီနာသည် သူမကို စိုက်ကြည့်နေသော ရောရု၀ကို သတိထားမိသွား၏။
‘ဘာကြည့်နေတာလဲ’
ရောရု၀ လူမိသွားသဖြင့် ဘာပြန်ပြောရမှန်းမသိဘဲ ကြောင်အမ်းအမ်းကြီးဖြစ်သွားသည်။
‘ကျုပ် အသင့်လို နတ်ဘီလူးမမျိုး သိပ်မတွေ့ဖူးဘူး’
‘ဟဲ ဟဲ။ ကျုပ်တို့က ရှားပါးပစ္စည်းတွေ။ ကြည့်ရတာတော့ ဘယ်လိုလူမျိုးကမှ နောင်ဘ၀ နတ်ဘီလူးမ ဖြစ်ရပါစေလို့ ဆုတောင်းခဲ့ဟန်မတူဘူး။ ကဲ ထိုင်ပဲ ကြည့်မနေနဲ့။ လာစားဦး။ အသင့်ကြည့်ရတာ အားနည်းနေတယ်’
သူတို့နှစ်ယောက် လင်းတမီးကင်သားကို အားရပါးရ စားလိုက်ကြသည်။ စားပြီးလျှင် ခုနက ရောရု၀ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သော တောင်စွန်းတွင် နှစ်ယောက်သား ဘေးချင်းယှဥ်ကာ သွားထိုင်ကြသည်။ ကောင်းကင်ကြီးက ထုံးစံအတိုင်း နေလုံးကြီးများနှင့် ပြွတ်သိပ်နေသည်။ တောင်ခြေမှ မီးလျှံများက အလိပ်လိုက် အလိပ်လိုက် ဟုန်းကနဲ ဟုန်းကနဲ တောင်ထိပ်ဆီသို့ တက်လာနေသည်။ အ၀ီစိငရဲရှိ တောင်ကြီး ဆယ်လုံးသည် စက်၀ိုင်းပုံစံပတ်ကာ တည်ရှိသည်။ ထိုတောင်ဆယ်လုံးတွင် နိရယတောင်ကြီးသည် အမြင့်ဆုံးဖြစ်ပြီး ငရဲထိန်းများနေထိုင်ကြ၏။ နိရယတောင်နှင့် မျက်နှာချင်းဆိုင် မရဏတောင်သည် နိရယလောက် မမြင့်သော်လည်း နိရယထက်ပိုပြီး မတ်စောက်သည်။
‘အ၀ီစိက အခုလိုကျတော့ လှနေပါလား’
‘ဟား ဟား ဟား။ အသင်က ကဗျာဆန်နေတာလား’
သူဘာပြောပြော ရယ်စရာလုပ်ပစ်သော ဇီနာ့ကို ရောရု၀ အမြင်ကတ်ချင်လာသည်။ သို့သော် သူမကို အမြင်ကတ်၍ မရချေ။ သူမ ရှိနေသဖြင့် ရောရု၀ စိတ်ချမ်းသာနေသည်။
‘ကဗျာဆိုတာ ဘာမှန်းတောင် ကျုပ်မသိပါဘူး’
‘ဟုတ်ပါပြီ။ ရောရု၀ – ကျုပ် အသင့်ကို ဒီမှာ ချိန်းရတာ ပြောစရာရှိလို့’
ဇီနာ့စကားကို ကြားလျှင် ရောရု၀ လေးနက်သွားသည်။ သူတို့တွင် ဖြေရှင်းရမည့် ပြဿနာများ ရှိသေးလေသည်။
‘အဓိကကတော့ သူတို့ နေ့တိုင်းဆင်နွှဲတဲ့ ပျော်ပွဲသဘင်ဆိုတာ။ အဲဒါကို အသင် သဘောမကျဘူးဆိုတာ ကျုပ်ရိပ်မိတယ်’
‘အမှန်ပဲ။ လုံး၀ သဘောမကျဘူး။ အဲဒါနဲ့ ပတ်သက်ပြီး တခုခုတော့ လုပ်မှဖြစ်မယ်’
‘လုပ်တာမလုပ်တာက အသင့်သဘောပါ။ မနေ့က အသင်ကိုင်တွယ်ပုံကောင်းပါတယ်။ ဒါပေမဲ့ အသင်သိထားဖို့က သူတို့ကို ဆန့်ကျင်ရင် အများနဲ့တစ်ယောက်ဖြစ်လိမ့်မယ်။ အ၀ီစိမှာက တခုခုဆို အခြား ငရဲပြည်တွေနဲ့ လုံး၀ အဆက်အသွယ်မရှိဘူး’
ရောရု၀ တစုံတခုကို သတိရမိသွားသည်။ သိကြားမင်း ဦးမာဃ သူ့ကို ပြောခဲ့သည့်စကား - ‘အသင် အဆင်မပြေတာရှိရင် ငါကိုယ်တော်ကို တိုက်ရိုက် အကြောင်းကြားနိုင်ပါတယ်။ စိတ်ထဲမှာ တိုင်တည်လိုက်ရုံပဲ အမောင်နတ်ဘီလူး’
သိကြားမင်းကိုယ်တိုင် ပြောခဲ့သည့်စကား။
...စိတ်ထဲမှာ တိုင်တည်လိုက်ရုံပဲ… တဲ့။ သူ ဇီနာ့ကို ပြောပြလိုက်သည်။ နတ်ဘီလူးမက သိပ်မယုံချင်။
‘ကျုပ်ကတော့ ဘယ်သူ့ကိုမှ မယုံဘူး’
‘တကယ် ဘယ်သူ့မှ မယုံဘူးလား။ ကျုပ်ကိုကျတော့ရော’
သူမ ရောရု၀ကို လည်ပင်းစောင်းကြည့်ကာ ပြုံးလိုက်သည်။
‘အသင်ကတော့ ခြွင်းချက်ပေါ့’
ရောရု၀ သူမကို လက်မောင်းကြီးနှင့် သိုင်းဖက်လိုက်ချင်သော်လည်း သတ္တိမရှိသေးသဖြင့် မလုပ်ရဲခဲ့ချေ။
‘ကျုပ်ကတော့ သိကြားမင်းကြီးကို ယုံတယ်။ ကျုပ်နာမည်ကအစ သူပေးခဲ့တာပဲ’
‘ဒါဆိုလည်း အသင့်သဘောပါ။ အကြောင်းထူးရှိရင် လှမ်းအော်ခေါ်လိုက်။ ကျုပ် ဂူ ဘယ်မှာ ရှိသလဲ အသင် သိတယ်မဟုတ်လား’
‘ဟုတ်။ သိပါတယ်’
‘ဒါဆို ကျုပ်သွားလိုက်ဦးမယ်။ ရှင်နဲ့ သိကြားမင်း ကိစ္စပြီးမှ ပြန်တွေ့တာပေါ့’
သူမ တောင်ထိပ်မှ ကျင်လည်စွာ ပြန်ဆင်းသွားသည်။ ရောရု၀ စိတ်ထဲတွင် သိကြားမင်းကြီး ဦးမာဃကို တိုင်တည်လိုက်၏။
‘၀ုန်း…..’
သူသည် ချက်ချင်းပင် စေတမန်မလိုဘဲ စတုမဟာရာဇ် နတ်ပြည်သို့ ရောက်ရှိသွားလေသည်။ အေးမြသော နတ်ပြည်၏ လေထုက သူ၏ အရေပြားကြီးများကို လာရောက်ထိတွေ့သည်။ နတ်ပြည်၏ သိပ်သည်းဆသည် အ၀ီစိနှင့် တခြားစီပင်။ အရာရာသည် တိမ်စိုင်တိမ်တိုက်များလို ဖြူဖွေးနုရွပြီး ပေါ့ပါးနေကြသည်။ ဖြတ်သန်း သွားလာနေကြသော နတ်သား နတ်သမီးများသည် ချောမောလှပပြီး ကျက်သရေ ရှိလွန်းလှသည်။ ရောရု၀၏ နံဘေးတွင် နတ်မြင်းပျံခြောက်စီးဆွဲသော နတ်ယာဥ်ပျံတစ်စီး လာရောက်ဆိုက်ကပ်သဖြင့် သူ တက်ထိုင်လိုက်သည်။ နတ်ယာဥ်ပျံသည် ရောရု၀ကို သိကြားမင်းကြီး၏ နန်းတော်ကြီးသို့ ခေါ်ဆောင်သွားသည်။ ရောရု၀ နန်းတော်ထဲ ခြေချမိလျှင် နတ်သားများက သူ့ကို ကွက်ကြည့် ကွက်ကြည့်လုပ်ကာ နှာခေါင်းရှုံ့သွားကြသည်။ သူစိတ်ရှိတိုင်းလုပ်မိလျှင် အဆိုပါ နတ်သားများ အားလုံး အမှုန့်ဖြစ်ကုန်ကြပေလိမ့်မည်။
သိကြားမင်းကြီး ဦးမာဃသည် အခြားနတ်သားကြီးတစ်ပါးနှင့် ကျောက်စားပွဲကြီးတစ်လုံးတွင် ထိုင်ကာ တစုံတခုကို ဆွေးနွေးနေသည်။ ရောရု၀ ချဥ်းကပ်လာသည်ကို မြင်လျှင် လှည့်ကြည့်လိုက်သည်။ ဦးမာဃသည် ကြီးမားသော မကိုဋ် သရဖူကြီးကို ဆောင်းထား၏။ သူ့တစ်ကိုယ်လုံးတွင် စိန်ရောင်များ ပြိုးပြက်နေသည့် သိကြားမင်း၀တ်စုံကို ခမ်းနားစွာ ၀တ်ဆင်ထားသည်။
‘အမောင် နတ်ဘီလူး။ ဘာများ ကိစ္စရှိပါသလဲ’
ဦးမာဃသည် အလုပ်များနေပုံရသဖြင့် လိုရင်းကိစ္စကို တိုတိုတုတ်တုတ်မေးလိုက်သည်။
‘မှန်လှပါဘုရား။ ကျွန်တော်မျိုး တာ၀န်ကျတဲ့ အ၀ီစိငရဲမှာ ပြဿနာတစ်ခု ပေါ်နေကြောင်းပါ’
‘အဟား။ အဝီစိ...’
အ၀ီစိဆိုသော အသံကို ကြားလိုက်သည်နှင့် ဦးမာဃသည် စိတ်၀င်စားခြင်း အလျဥ်းမရှိတော့ချေ။
‘နေပါဦး အမောင်နတ်ဘီလူး။ အသင် ယမမင်းကို ဒီအကြောင်း ပြောပြီးပြီလား’
‘ဘုရား။ ကျွန်တော်မျိုး မပြောရသေးကြောင်းပါ...’
‘အိမ်း။ အသင် နတ်ဘီလူး ယနေ့ ကံကောင်းသကွယ်။ ဖြစ်ချင်တော့ ယမမင်းကြီး မဟိဒ္ဓိက ဒီနေ့ စတုမဟာရာဇ် ရောက်နေတာနဲ့ အတော်ပဲ။’
ဦးမာဃ ဆင့်ခေါ်လိုက်လျှင် နန်းတော်ကြီးထဲသို့ ယမမင်းကြီးသည် ချော်ရည်ပူတောင်ဝှေးကြီးကို ထောက်ပြီး ၀င်လာခဲ့သည်။ မဟိဒ္ဓိကသည် ယနေ့တွင်မူ နတ်ပြည်တွင် ဖြစ်သဖြင့် ၀တ်ကောင်းစားလှများကို ၀တ်ဆင်ထားသည်။ ယမမင်း ဘွဲ့တံဆိပ်နှင့် အညီ မဟူရာသရဖူကြီးကို ဆောင်းထားပြီး နက်မှောင်သည့် သားရေချပ်၀တ်တန်ဆာများကို ဆင်မြန်းထားသည်။ သူ၏ မီးခိုးရောင်တလက်လက် အရေပြားပေါ်တွင် အနက်ရောင်သည် တင့်တယ်စွာ ပနံရနေတော့သည်။ ယမမင်းသည် ရောရု၀ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်၏။
‘အသင်ရောရု၀။ ဘာပြဿနာများပေါ်ပြန်ပြီလဲ’
‘အ၀ီစိမှာ ငရဲထိန်းတွေဟာ ငရဲသားတွေကို နှိပ်စက်နေကြပါတယ်ဘုရား’
‘ဟေ… ငရဲထိန်းတွေက ငရဲသားတွေကို နှိပ်စက်နေတယ်ဟုတ်လား’
ယမမင်းက အံ့အားသင့်သည့်ပုံစံနှင့် အရွဲ့တိုက်ပြီး ပြန်မေးလိုက်လျှင် ဘေးတွင် စောင့်နေကြသော နတ်စစ်သည်များ၏ မျက်နှာများ ပြုံးစိစိ ဖြစ်သွားကြသည်။ ဦးမာဃသည် တင့်တယ်စွာ ပြုံးလိုက်ပြီး - ယမမင်းကို ပြောလိုက်၏။
‘ကဲ အဆွေတော် မဟိဒ္ဓိက။ အဆွေတော့် နတ်ဘီလူးကို ကျွန်ုပ် ဒီမှာ ထားခဲ့တော့မယ်။ ကျွန်ုပ် မြင်းမိုရ်တောင်ဘက်မှာ သွားစစ်ဆေးစရာလေးတွေ ရှိနေလို့ကွဲ့။ ဒီနတ်ဘီလူး လုလင်ကြည့်ရတာ အတော် စိတ်၀င်စားစရာကောင်းပုံပဲ။ ကဲ ကဲ အကျွန်ုပ်ကို ခွင့်ပြုပါဦး’
‘မှန်လှပါဘုရား’
သူတို့အားလုံး သိကြားမင်းကြီးကို အရိုအသေပြုလိုက်ကြသည်။ ဦးမာဃ ထွက်သွားလျှင် ယမမင်းသည် ရောရု၀ဘက်သို့ လှည့်လိုက်ပြီး -
‘ရောရု၀ မင်း ငါ့နောက်ကျောကို ဓားနဲ့ထိုးတာလား’
‘ကျွန်တော်မျိုး အဲလို မရည်ရွယ်ပါဘုရား’
‘မင်းငါ့ဆီ ဘာလို့ အရင်မလာဘဲ သိကြားမင်းဆီ တက်တိုင်ရတာလဲ’
‘ယမမင်းကြီးဆီ ဘယ်လို တိုင်ရမလဲ ကျွန်တော်မျိုး မသိပါဘုရား။ အရှင်ဘုရားဆီ လာချင်ရင် စေတမန်က တဆင့်ပဲ ….’
‘တော် တော် ရောရု၀။ ရှင်းမနေပါနဲ့တော့။ အသင့်ကို အပြစ်မတင်တော့ပါဘူး။’ ယမမင်း သူ့အိန္ဒြေကို ပြန်ထိန်းလိုက်ရသည်။
‘အိမ်း။ ပြော။ ငါကိုယ်တော် ဘာလုပ်ပေးရမလဲ’
‘မှန်ပါ့ဘုရား။ အ၀ီစိငရဲမှာ မိဿက ဦးဆောင်တဲ့ ငရဲထိန်းတွေဟာ ငရဲသားတွေကို သူတို့ အပြစ်နဲ့ မဆိုင်တဲ့ နှိပ်စက်ခြင်းတွေ၊ ကာမကျူးလွန်မှုတွေကို လုပ်နေပါတယ်ဘုရား။ ကျွန်တော်မျိုးနဲ့ ဇီနာလို့ ခေါ်တဲ့ နတ်ဘီလူးမတို့သာ ဒီလို အပြုအမူတွေကို သဘောမတူတာဖြစ်ပါတယ်။ ဒါပေမဲ့ အ၀ီစိဖြစ်နေတဲ့အတွက် အဲဒီလို စိတ်မပါရင်၊ သူတို့လုပ်သလို လိုက်မလုပ်ရင် ကျွန်တော်မျိုးတို့အတွက် အန္တရာယ်ရှိနေပါတယ် ဘုရား’
မဟိဒ္ဓိက ဦးခေါင်းကြီးကို ခါရမ်းလိုက်သည်။
‘အ၀ီစိမှာ ဖြစ်နေတာတွေကို ငါကိုယ်တော် ဘယ်လိုမှ မထိန်းနိုင်ဘူး။ ရောရု၀ – အသင်ရောက်နေတာ ငရဲပြည်ဆိုတာ မေ့နေသလား’
‘အရှင်မင်းကြီး၊ ကျွန်တော်မျိုး မမေ့ပါ။ ငရဲပြည်ဟာ ဆင်းရဲခြင်းတွေ အပြည့်ဆိုတာ နားလည်ပါတယ် ဘုရား။ ဒါပေမဲ့ ကံကံ၏ အကျိုးအတိုင်းသာ ဆင်းရဲဒုက္ခခံသင့်ပါတယ်။ မလိုအပ်တာထက် ပိုတဲ့ အပြစ်တွေကို ငရဲသားတွေ မခံသင့်ပါဘုရား’
‘ရောရု၀ – အသင်နားလည်အောင် ငါကိုယ်တော် ဘယ်လိုပြောရမလဲ’
ရောရု၀၏ ကိုယ်လုံးကြီး ကြွက်သားတွေ တင်းလာသည်။
‘ကျွန်တော်မျိုးလည်း အရှင်မင်းကြီး နားလည်အောင် ဘယ်လိုပြောရမလဲဘုရား’
‘တိတ်စမ်း ရောရု၀’
ယမမင်းကြီး၏ အသံကြီးသည် နန်းတော်ကြီးတစ်ခုလုံး ဟိန်းတက်သွားသည်။
‘မင်းနားလည်အောင် ငါ အရှင်းဆုံးပြောမယ် ရောရု၀။ ငရဲသားတွေဟာ အ၀ီစိကို အပန်းဖြေခရီးထွက်ရအောင် လာကြတာမဟုတ်ဘူး။ အနှိပ်စက်ခံ၊ အညှင်းဆဲခံရအောင် လာကြတာပဲ။ မင်းက မင်းမှာရှိတဲ့ ဥာဏ်လေး တထွာတမိုက်နဲ့ စဥ်းစားနေတာ။ ဘယ်နည်းနဲ့ပဲ ဒုက္ခခံရ ခံရ။ အ၀ီစိမှာ သုံးမျိုးပဲ ရှိတယ်။ ‘မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲခြင်း’ တဲ့။ အဲဒီ့သုံးပါးနဲ့ ပြည့်စုံနေရင် အဲဒါဟာ အ၀ီစိပဲ။ ဘာမှ မမှားဘူး’
‘ဒါပေမဲ့ ကျွန်တော်မျိုး အဲဒီမကောင်းဆိုး၀ါးတွေလုပ်သလို မလုပ်နိုင်ဘူးဘုရား။ ကျွန်တော်မျိုး သူတို့နဲ့ ဘယ်လို အဆင်ပြေအောင် နေရမလဲ ဘုရား’
‘ရောရု၀။ ငါထပ်ပြောမယ်။ မင်းရောက်နေတဲ့ နေရာဟာလည်း အ၀ီစိ ငရဲဆိုတာ မမေ့နဲ့။ မင်းအဲဒီ အ၀ီစိကို မင်းအပြစ်နဲ့မင်း ရောက်သွားတယ်ဆိုလည်း မမေ့လိုက်နဲ့။ မင်း ဘာလုပ်သလဲ၊ သူတို့နဲ့ အဆင်ပြေအောင် ဘယ်လိုနေရမလဲဆိုတာက မင်းကိစ္စ။ အဲဒီပြဿနာတွေ အစကတည်းက မတက်ချင်ရင် သူများခေါင်းကို နောက်ဆို မရိုက်ခွဲနဲ့။ ကြားလား။ ကဲ မင်းသွားတော့။ ငါလည်း နတ်သဘင် အစည်းအဝေးတက်ရဦးမယ်။ မင်းရဲ့ အပြစ်ဒဏ် အချိန်မစေ့မချင်း အ၀ီစိငရဲမှာပဲ ဆက်နေ။ ဒါပဲ’
ဟုပြောပြီး ယမမင်းကြီးသည် သူ့လက်ထဲရှိ ချော်ရည်ပူ တောင်ဝှေးကြီးကို ဒုန်းကနဲ ဆောင့်ချလိုက်လျှင် ရောရု၀သည် အ၀ီစိငရဲသို့ တမဟုတ်ချင်း ပြန်လည်ရောက်ရှိသွားလေတော့သည်။
……………………………………
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory