
(ဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံ၍ ရေးသာထားပါသည်)
(က)
"မောင်မြရေ အသင့်ဖြစ်ပြီလား"
"ဟုတ်ကဲ့ဖြစ်ပါပြီ ဘကြီးလှ"
ထိုသို့ပြောလိုက်သည်နှင့် ဘကြီးလှက ဝါးဖြင့်အကြမ်းလုပ်ထားသည့် စားပွဲခုံကလေးပေါ်တွင် တင်ထားသော ကန်တော့ပွဲရှေ့တွင် မတ်တပ်ရပ်ပြီး လက်အုပ်ချီလိုက်လေသည်။ ထိုစားပွဲကလေးတွင် ကန်တော့ပွဲနှစ်ပွဲအပြင် အရက်နှစ်လုံး၊ ကြက်နှစ်ကောင်၊ ရေနှစ်ခွက် နှင့် ထမင်းဖြူနှစ်ပန်းကန်ကိုလဲ တင်ထားပြီး အမွှေးတိုင်များလဲ ထွန်းထားသည်ဖြစ်ရာ ပတ်ဝန်းကျင်တွင် မီးခိုးငွေ့များဖြင့် ရစ်သိုင်းကာ မွှေးပျံ့နေလေသည်။
"ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်များနှင့် ဒီအုတ်ဂူနှစ်လုံးရဲ့ ပိုင်ရှင်ကိုလဲ တောင်းပန်အပ်ပါတယ်။ ကျွန်တော်မျိုးတို့ လယ်မြေတွေချဲ့ထွင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ အုတ်ဂူတွေကို ဖျက်ဆီးမှာဖြစ်ပါတယ်၊ ပြီးရင်တော့ သင်တို့အရိုးတွေကို ရွာသုဿန်မှာ ပြန်လည်ပြောင်းရွှေ့ပေးမှာဖြစ်တဲ့အတွက် ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးကြပါခင်ဗျာ"
ထိုသို့ပြောပြီးနောက် လေးနက်စွာဖြင့် ကန်တော့လိုက်တော့သည်။ ပြီးသည်နှင့် မောင်မြကို ဘကြီးလှက ခေါင်းညိတ်ပြလိုက်တော့သဖြင့် မောင်မြနှင့် သူရင်းငှားတစ်ယောက်မှာ အုတ်ဂူများကို ပေါက်တူးများ၊ ဆယ်ပေါင်တူများနှင့် ထုကာ ဖျက်ဆီးလိုက်ကြတော့သည်။ အုတ်ဂူများမှာ အလွန်အိုဟောင်းနွမ်းနေပြီး နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့သဖြင့် အင်္ဂတေသားများမှာ မရှိသလောက်ဖြစ်နေကာ၊ အုတ်သားများမှာလဲ ဆွေးမြေ့နေသည့်အတွက် လွယ်လွယ်နှင့်ပင် ဖျက်ဆီး၍ရလေသည်။ အုတ်ဂူအတွင်းမှ လူရိုးများထွက်ပေါ်လာသည်ကို ဆာလာအိတ်များနှင့်ထည့်ပြီးနောက် ရွာသုဿန်တွင် ပြန်လည်မြှုပ်နှံသဂြိုလ်ပေးမည်ဖြစ်သည်။ ကျန်သည့်သူရင်းငှားတစ်ယောက်က လူအရိုးများကို မကိုင်ဝံ့သဖြင့် မောင်မြကသာ လူအရိုးများကို သေချာကိုင်ပြီး အိတ်ထဲသို့ထည့်နေမိသည်။ လူအရိုးစုက ကိုင်လိုက်သည်နှင့် တစ်စစီကျိုးပဲ့ကာ ပြုတ်ကျသွားသဖြင့် ပေါက်တူးနှင့်သေချာကော်ပြီး အိတ်ထဲသို့ထည့်နေလေသည်။
"အလို ဟိုဟာဘာလေးလဲဟ"
အရိုးများကို ကျုံးထည့်နေရင်း အရိုးပုံကြားတွင် တလက်လက်နှင့် အရောင်တောက်ပနေသော အရာကလေးတစ်ခုကိုတွေ့လိုက်ရသဖြင့် မောင်မြလဲ ထိုအရာလေးကို ခြေထောက်နှင့်အသာကလေး ထိုးကြည့်လိုက်တော့သည်။ ဖိနပ်ဦးနှင့်ထိုးပြီးနောက် ရွှေရောင်တလက်လက်နှင့် ကျောက်အဖြူရောင်လက်စွပ်ကလေးတစ်ကွင်းဖြစ်နေသည်ကို တွေ့လိုက်ရတော့သဖြင့် မောင်မြလဲ ထိုင်ချလိုက်တော့သည်။ ထို့နောက် ဘေးဘီကိုကြည့်လိုက်ရာ ဘကြီးလှကလဲ အခြားလူများနှင့် စကားပြောနေပြီး အုတ်ဂူဖြိုနေသည့်သူရင်းငှားကလဲ အုတ်များကို တူးဖော်နေသည်မို့ သူ့ကိုမည်သူမျှ ဂရုမစိုက်မိချေ။ ထို့ကြောင့် မောင်မြလဲ ထိုလက်စွပ်ကလေးကို ကောက်လိုက်ပြီးနောက် အကျီအိတ်ကပ်ထဲသို့ အမြန်ကောက်ထည့်လိုက်တော့သည်။
ထိုနေရာကိုရှင်းလင်းပြီးသည်နှင့် အုတ်ကျိုးအုတ်ပဲ့များကို လွှင့်ပစ်လိုက်ကြပြီးနောက် အရိုးများကိုတော့ မောင်မြကပင် အိတ်နှင့်ထမ်းကာ ရွာသုဿန်တွင် တွင်းတူး၍ မြှုပ်နှံပေးလိုက်တော့သည်။
"လက်စွပ်ပိုင်ရှင်များခင်ဗျား၊ ကျွန်တော် ခင်ဗျားတို့ကို ကောင်းကောင်းပြန်မြှုပ်ပေးခဲ့ပါတယ်၊ ဒီတော့ ကျွန်တော့်ကို လက်စွပ်ကလေး ပြန်ပေးသနားခဲ့ကြပါ ဟဲ . .ဟဲ"
မောင်မြက ထိုသို့ပြောဆိုလိုက်ပြီးနောက် သုဿန်အတွင်းမှ ခြေလှမ်းကျဲကြီးဖြင့် ပြန်ထွက်ခဲ့တော့သည်။
(ခ)
အချိန်ကား ၂၀၀၅ ခုနှစ်ခန့်။
ဇရပ်ကုန်းရွာကလေးက မြို့နှင့်အတန်ငယ်ဝေးကွာလှပြီး အေးချမ်းသည့်ရွာကလေးတစ်ရွာဖြစ်သည်။ ထိုအနီးတစ်ဝိုက်မှာရွာများကို ကုန်းများနှင့် နာမည်ပေးထားရာ၊ ထောက်ရှာကုန်း၊ ပိန္နဲကုန်း၊ ကျောင်းကုန်း စသဖြင့် အမည်ပေးတတ်ကြသည့်အတွက် ရွာအဝင်တွင် ဇရပ်တစ်ဆောင်ရှိသည့် သူတို့ရွာကလေးကိုတော့ ဇရပ်ကုန်းဟုပင်အမည်တွင်နေတော့သည်။ မောင်မြက ဇရပ်ကုန်းရွာ ဇာတိဖြစ်သည်။ ဖခင်ဖြစ်သူမှာ မောင်မြငယ်စဉ်ကတည်းက သေဆုံးသွားခဲ့သဖြင့် မိခင်ဖြစ်သူနှင့်သာ နေထိုင်လျက်ရှိသည်။ ယခင်က လယ်ပိုင်ယာပိုင်ရှိသော်လည်း အကိုဖြစ်သူ၏ သုံးဖြုန်းမှုကြောင့် ကုန်သွားခဲ့ရပြီး ယခုအခါတွင်တော့ ဘကြီးလှထံတွင် သူရင်းငှားအဖြစ်ဝင်ရောက်လုပ်ကိုင်လျှက် ရိုးရိုးသားသားအသက်မွေးနေထိုင်လျက်ရှိသည်။ အကိုဖြစ်သူမှာ မောင်ဇော်ဖြစ်သော်လည်း တစ်ရွာလုံးက ခေါင်းကြီးဟု လူသိများသည်။ အရက်သမား၊ လောင်းကစားသမားဖြစ်ကာ တစ်ချိန်လုံး မူးရူးရမ်းကားလျှက်ရှိပြီး ရွာခံလူမိုက်ဟု အမည်တွင်တော့သည်။ သို့သော် လွန်ခဲ့သည့် သုံးနှစ်ခန့်က လောင်းကစားမှုဖြင့် အဖမ်းခံရ၍ လောလောဆယ် ထောင်ကျနေတော့သည်။
မောင်မြကတော့ သူ့အကိုလောက်တော့မဆိုးသွမ်းပေ။ ရိုးရိုးသားသား သူများလယ်တွင် အငှားလုပ်ရင်း မိခင်ကြီးကို လုပ်ကျွေးနေခဲ့သည်။ အရက်သောက်တတ်သော်လည်း အမြဲတမ်းတော့မဟုတ်ပေ၊ သို့သော် လောင်းကစားနှင့် အခြားကိစ္စများကိုတော့ ဝါသနာလဲမပါ၊ လွတ်လွတ်ကင်းကင်းနေလေသည်။ ထိုမျှမကသေး မောင်မြသည် ရွာရှိပရဟိတအလုပ်များနှင့် အလှူအတန်းများတွင် အမြဲကူညီပေးလေ့ရှိသည်။ ခိုင်းလျှင်လဲဖင်ပေါ့သောကြောင့် ရွာခံကာလသား တစ်ယောက်ဖြစ်လာခဲ့သည်။ အလှူအတန်းနှင့် ရပ်ရေးရွာရေးကိစ္စမှန်သမျှ မောင်မြမပါမဖြစ် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဆင်းရဲသော်ငြား မောင်မြကို ရွာခံများက ချစ်ခင်ကြသည်။
အထူးသဖြင့် ဘကြီးလှဖြစ်သည်။ ဘကြီးလှသည် ရွာလူကြီးမဟုတ်သော်လည်း ရွာတွင် လယ်မြေအများဆုံးပိုင်သူတစ်ယောက်ဖြစ်သည့်အတွက် ရွာတွင် သြဇာရှိသည့်လူတစ်ယောက်ဖြစ်သည်။ မောင်မြတို့အဖေနှင့် အလွန်ခင်မင်သည်ဖြစ်ရာ မောင်မြအဖေဆုံးပြီးကတည်းက ဘကြီးလှက မောင်မြတို့သားအမိတွေအပေါ် အများကြီးကူညီခဲ့လေသည်။ အခုလဲ မောင်မြက ဘကြီးလှထံတွင် သူရင်းငှားလုပ်ကိုင်နေသော်လည်း အလုပ်သမားတစ်ယောက်လို မဆက်ဆံဘဲ၊ တူသားအရင်းလို ဆက်ဆံခဲ့သည်။
သို့သော် မကြာခင် မောင်မြသည် ဘကြီးလှနှင့် သားမက်တော်တော့မည်ဖြစ်သည်။ ဘကြီးလှထံတွင် သမီး ခြောက်ယောက်ရှိသည့်အနက် အငယ်ဆုံးသမီးထွေးလေးမှာ မောင်မြနှင့် အသက်တူအရွယ်တူသာမက ကျောင်းနေဖက်သူငယ်ချင်းများဖြစ်သည့်အပြင် နှစ်ဦးသား အချင်းချင်းရည်ငံလျှက်ရှိကြသည်။ ဘကြီးလှကလဲ မောင်မြနှင့်ဆို စိတ်ချသဖြင့် နောက်နှစ်အနည်းငယ်ကြာလျှင် သူတို့နှစ်ဦးကို လက်ထပ်ပေးပြီး မောင်မြအားလည်း လယ်မြေအနည်းငယ်ပေးကာ တစ်အိုးတစ်အိမ်ထူထောင်စေမည်ဖြစ်သည်။
(ဂ)
မောင်မြက အိမ်ပြန်ရောက်ရောက်ချင်း အဝတ်အစားပင်မလဲတော့ဘဲ ရေစည်နားသို့ပြေးတော့သည်။ ထို့နောက် ဘေးဘယ်ညာ ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီးနောက် အကျီအိတ်ထဲမှ လက်စွပ်ကလေးကို အသာထုတ်လိုက်တော့သည်။ ထို့နောက် ထိုလက်စွပ်ကလေးအား ရေဖြင့်ဆေးချလိုက်တော့သည်။ လက်စွပ်ကလေးသည် ရွှေဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး မိန်းမဝတ်ပုံစံဖြစ်သည်။ တြိဂံပုံစံ ကျောက်အဖြူကလေးကို စွန်ကုတ်ကလေးများဖြင့်တပ်ထားပြီး ထိုကျောက်ကလေးကိုလဲ သွေးထားသဖြင့် နေရောင်နှင့် ဝင်းလက်နေတော့သည်။
"အတော်လှတာပဲ၊ စိန်လားမသိဘူး"
ထိုသို့ပြောပြီးနောက် လက်စွပ်ကလေးကို သေချာငေးကြည့်နေရင်း ပြုံးနေမိတော့သည်။ လက်စွပ်ကလေးကို ဘယ်သူမှမသိအောင် အိမ်ရှိသေတ္တာတစ်လုံးထဲထည့်ထားလိုက်ပြီးနောက် ရေမိုးချိုးပြီး မွှေးမွှေးကြိုင်ကြိုင်ဖြစ်အောင်ပြင်ဆင်လျှက် လက်စွပ်ကလေးကို ယူကာအိမ်မှထွက်လာခဲ့တော့သည်။
ရွာအပြင် ကန်ရေပြင်က လေတိုက်တိုင်း လှိုင်းကလေးများထနေတော့သည်။ ကန်စပ်တွင်ပေါက်နေသည့် ကြာဖြူကြာနီများကလဲ အသီးသီးပွင့်လန်းနေကာ ညနေခင်းလေညှင်းထဲတွင် ကြာရနံ့များလဲ ထုံသင်းနေလေတော့သည်။ ကန်ဘောင်တွင် စိုက်ပျိုးထားသည့် ခရေပင်တစ်ပင်အောက်တွင်တော့ မိန်းကလေးတစ်ယောက်ထိုင်နေကာ ကန်ရေပြင်ကို ငေးကြည့်နေလေသည်။
"ထွေး"
အနောက်မှ ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ မောင်မြဖြစ်နေတော့သည်။
"အကိုမြရယ် ဒီနေ့နောက်ကျလိုက်တာ"
"ဟုတ်တယ်ထွေး၊ မနက်က ရွာပြင်က အုတ်ဂူနှစ်လုံးဖျက်တဲ့ကိစ္စရှိနေတော့ နည်းနည်းနောက်ကျသွားတာပါ"
မောင်မြက ပြောလိုက်ပြီး မထွေးအနားတွင် ထိုင်လိုက်တော့သည်။ ထို့နောက် နုနယ်လှသည့် မထွေးလက်ကလေးကို ဖမ်းဆုပ်ကိုင်လိုက်တော့သည်။
"ထွေး လက်ကလေးတွေက ဖြူပြီးသွယ်နေတာပဲနော်၊ လက်ကလေးက လှလိုက်တာ"
မောင်မြပြောစကားကြားတော့ မထွေးက ပြုံးရင်း ခေါင်းငုံ့နေတော့သည်။
"ဟုတ်ပြီ၊ ထွေးရဲ့လက်ကလေး ပိုလှသွားအောင်လို့ ကိုမြတစ်ခုပေးမယ်၊ မထွေး မျက်စိခဏမှိတ်ထား"
မထွေးမျက်စိမှိတ်လိုက်သည်နှင့် မောင်မြက သူ့အကျီအိတ်ထဲမှ လက်စွပ်ကလေးကို ထုတ်လိုက်ပြီးနောက် မထွေး၏ လက်သူကြွယ်ကလေးတွင် ဝတ်ဆင်ပေးလိုက်တော့သည်။
"ရပြီ၊ မျက်လုံးဖွင့်လိုက်တော့"
"ဟယ် . . လက်စွပ်ကလေးပါလား"
ကျောက်အဖြူကလေးနှင့် ဝင်းလက်နေသည့် လက်စွပ်ကလေးကိုကြည့်ရင်း မထွေးတစ်ယောက် အံ့သြနေမိတော့သည်။
"ထွေးအတွက် ကိုမြရဲ့ ချစ်သက်လက်ဆောင်ကလေးကို ထွေးအမြဲတမ်းဝတ်ထားရမယ်နော်"
မထွေးက ခေါင်းညိတ်လိုက်ပြီးနောက်
"ဒါနဲ့ စိန်လက်စွပ်ကလေးက ဈေးကြီးမယ့်ပုံပဲ၊ ကိုမြ ဘယ်ကပိုက်ဆံနဲ့ဝယ်ခဲ့တာလဲ"
မောင်မြမျက်နှာတစ်ချက်ပျက်သွားတော့သည်။
"ဒီလိုပဲ ထွေးကိုပေးချင်တော့ ငွေကလေးတွေ စုထားရင်းကနေ လုပ်ဖြစ်သွားတာပဲ"
ထို့နောက် ချစ်သူနှစ်ဦးတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြင်နာစွာဖက်ထားလိုက်ကြတော့သည်။
(ဃ)
မြေရိုင်းတွေမို့ တောရှင်းပြီး သစ်ပင်ငုတ်တွေတူးထုတ်ရသည်။ မီးတွေရှို့နေရသည်မို့ မောင်မြတစ်ယောက် အလုပ်များလျှက်ရှိနေတော့သည်။ မထွေးနှင့် မတွေ့ဖြစ်တာ သုံးရက်ခန့်ပင်ကြာခဲ့ပြီဖြစ်သည်။ နေ့လည်ထမင်းစားချိန်ရောက်တော့ မထွေးအမလတ်က ခံတောင်းလေးရွက်ပြီးထမင်းလာပို့လေသည်။ တောင်းလေးထဲက ထမင်းဟင်းပန်းကန်များကို သစ်ပင်ရိပ်တစ်ခုတွင် ဖြန့်ခင်းလိုက်ပြီး သူရင်းငှားများ ထမင်းစားကြတော့မည်ဖြစ်သည်။
"ဒါနဲ့ မောင်မြရေ မထွေးနေမကောင်းဖြစ်နေတယ်"
"ဗျာ ဟုတ်လား၊ ဘာဖြစ်လို့လဲ"
"မသိပါဘူး၊ ဆရာဝန်ကတော့ သွေးပေါင်ကျနေတယ်၊ သွေးအားနည်းနေတယ်ပြောတယ်၊ ဖြစ်နေတာ နှစ်ရက်လောက်ရှိပြီ၊ မနက်က မသက်သာလို့ မြို့ကဆရာဝန်သွားပင့်ရတယ်"
"ဟုတ်လား၊ ကျွန်တော်နဲ့မတွေ့ဖြစ်တာတောင် သုံးရက်လောက်ရှိပြီ"
"အေး၊ အားရင်လဲ အိမ်လာခဲ့ပေါ့၊ သူလဲနင့်ကိုတွေ့ချင်မှာပါ"
ထမင်းစားပြီးအလုပ်လုပ်နေသော်လည်း မောင်မြအလုပ်ထဲစိတ်မဝင်စားပေ၊ သူ့စိတ်က မထွေးဆီပဲရောက်နေတော့သည်။ ညနေခင်း လုပ်ငန်းတောင်မသိမ်းသေး မောင်မြတစ်ယောက် အိမ်သို့အပြေးပြန်လာခဲ့တော့သည်။ ထို့နောက် ရေမိုးချိုးပြီး ဘကြီးလှတို့အိမ်ဘက်သို့ ကူးခဲ့တော့သည်။ အိမ်ရှေ့တွင် ဆေးလိပ်ထိုင်သောက်နေသော ဘကြီးလှနှင့် တွေ့တော့သည်။
"မောင်မြပါလား၊ ရေးကြီးသုတ်ပြာနဲ့"
"ဟို . . ထွေး . .ထွေးနေမကောင်းဘူးကြားလို့"
"အေးကွ၊ ဘာဖြစ်တယ်တော့မသိဘူး၊ မင်းအဒေါ်ကတော့ မီးယပ်ရောဂါတစ်ခုခုဖြစ်တာလို့ ယူဆနေတယ်၊ သွား . . အပေါ်ထပ်မှာရှိတယ် သွားတွေ့လိုက်"
မောင်မြလဲ အိမ်ပေါ်ထပ်သို့ပြေးတက်လာခဲ့သည်။ ခြေရင်းခန်းတစ်ခန်းသည် မထွေးအခန်းဖြစ်သည်။ အခန်းထဲဝင်လိုက်တော့ မထွေးအမနှင့် အမေက အခန်းထဲတွင် ထိုင်နေကြသည်။ မထွေးကတော့ စောင်ပါးလေးခြုံထားပြီး ပက်လက်လှန်ကာ အိပ်မောကျနေတော့သည်။ မောင်မြလာသည်ကို သိပုံမရသေးပေ၊ သူ့အမက မထွေးနားသို့ကပ်ပြီး တိုးတိုးကပ်ပြောလိုက်တော့သည်။
"ထွေးလေး မောင်မြရောက်လာပြီ"
ထိုတော့မှ မထွေးမျက်လုံးဖွင့်ကြည့်လိုက်တော့သည်။ မထွေးမျက်လုံးတွေက ဖြူဖျော့နေပြီး နှုတ်ခမ်းတွေကလဲ ဖြူဖတ်နေသည်။ မျက်နှာတစ်ခုလုံးလဲ သွေးမရှိသလိုဖြစ်နေတော့သည်။
"ထွေး . . ထွေး ဘာဖြစ်တာလဲ"
မထွေးက ခေါင်းကိုအသာခါပြလေသည်။
"ဆရာဝန်က သွေးအားနည်းတယ်ပြောတာပဲ၊ အားဆေးလဲပေးသွားတယ်၊ ငါတို့လဲ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အမဲသားတွေ၊ စွပ်ပြုတ်တွေ တိုက်နေတာပဲ၊ ဒါလဲ မသက်သာဘူးဖြစ်နေတယ်"
မထွေးအမက ဘေးကနေထိုင်ပြီးပြောနေလေသည်။ မောင်မြက မထွေးလက်ကလေးကို ဖမ်းဆုပ်ကိုင်လိုက်တော့သည်။ လက်ဖဝါးမို့မို့ကလေးက ပိန်ရှုံ့နေလေသည်။
"ထွေး ဘာမှမဖြစ်ပါဘူး၊ ဆေးမှန်မှန်သောက်၊ အစားများများစား၊ အားရှိအောင်များများအိပ်နော်၊ ထွေးပြန်ကောင်းသွားမှာပါ"
မထွေးက ခေါင်းညိတ်ပြရင်း မျက်ရည်တွေကျနေတော့သည်။ မောင်မြက ခေါင်းငုံ့လိုက်ပြီး သူကိုင်ထားသည့် မထွေးလက်ကလေးကို ငုံ့ကြည့်မိလေသည်။ ထိုအခါတွင် သူပေးထားသည့် လက်စွပ်ကလေးမှာ ကျောက်အနီရောင်လေးဖြစ်ကာ ဝင်းလက်နေတော့သည်။ မောင်မြလဲ ကြည့်ရင်း အံ့သြသွားတော့သည်။
"ငါပေးတုန်းက အကြည်ရောင်ကလေးပါ၊ အခုက အနီရောင်ဖြစ်နေတာပဲ"
ထို့နောက် မထွေးနှင့် သူ့မိဘများကို နှုတ်ဆက်ရင်း ဘကြီးလှအိမ်မှပြန်ထွက်လာခဲ့တော့သည်။ ပြန်ထွက်လာသည့် လမ်းတစ်လျှောက်တွင် ထိုလက်စွပ်ကလေးအကြောင်းကို စဉ်းစားမိနေသည်။
"လက်စွပ်က ဘယ်လိုလုပ်ပြီး အရောင်ပြောင်းသွားတာလဲ၊ ထူးတော့ထူးဆန်းတယ်၊ ထွေးနေမကောင်းဖြစ်တာ လက်စွပ်ကြောင့်များလား"
ထိုသို့တွေးရင်း စိတ်တွေလေးလံလာလေသည်။
"အို . . မဆိုင်ပါဘူး၊ သူ့ဟာသူနေမကောင်းဖြစ်တာပဲနေမှာ"
ထိုသို့တွေးပြီး အိမ်သို့ပြန်လာခဲ့တော့သည်။ အိမ်ရောက်တော့ အမေက အိမ်ပေါက်ဝတွင် ထိုင်နေကာ ပွစိပွစိပြောနေတော့သည်။ မောင်မြလဲ အိမ်ပေါက်ဝတွင် မတ်တပ်ရပ်လိုက်တော့သည်။
"အမေ ဘယ်သူနဲ့ ဘာဖြစ်နေတာလဲ၊ ပွစိပွစိနဲ့"
အမေက အိမ်ထဲသို့ မေးငေါ့ပြလိုက်တော့သည်။ အိမ်ထဲတွင် ထမင်းပန်ကန်ကြီးကိုင်ထားပြီး ထမင်းကို အားရပါးရစားနေသော အကိုဖြစ်သူ မောင်ဇော်ကို တွေ့လိုက်ရတော့သည်။
"ဟင် ကိုကြီး"
"ဟား . . ဟား ငါ့ညီတောင်အိမ်ပြန်လာပြီပေါ့"
"ကို . . ကိုကြီးဘယ်တုန်းက လွတ်လာတာလဲ"
"သုံးလေးရက်တော့ရှိပြီ၊ ရွာကိုတော့ ခုမှပဲရောက်တာ"
အကိုဖြစ်သူ ပြန်ရောက်တော့လဲ မောင်မြမပျော်နိုင်ပေ။ အကိုဖြစ်သူက တစ်ချိန်လုံးသူ့အမေအပေါ် အရက်သောက်ပြီး အမြဲပြဿနာရှာနေတတ်သူဖြစ်သဖြင့် အမေစိတ်ဆင်းရဲမှာကိုလဲ စိုးရိမ်မိနေသည်။ ထိုညတော့ ညီအကိုနှစ်ယောက် တစ်ခန်းထဲအိပ်ဖြစ်ကြသည်။ မောင်မြသက်ပြင်းတချချဖြစ်နေသည်ကို ကြည့်ပြီး မောင်ဇော်က ထူးဆန်းနေသည်။
"ညီလေး မင်းမှာ ဘာစိတ်ညစ်စရာရှိလို့လဲ"
"ဒီလိုပါပဲ ကိုကြီးရယ်"
"လာပါ စိတ်ညစ်စရာဆို ငါဖြေဖျောက်ပေးမယ်"
အကိုကြီးက နံရံတွင်ချိတ်ထားသော သူ့လွယ်အိတ်ထဲမှ အရက်ပုလင်းတစ်ပုလင်းကိုထုတ်လိုက်တော့သည်။ အရက်ပုလင်းက တောချက်အရက်မဟုတ်ဘဲ အဆင့်မြင့်အရက်တစ်မျိုးဖြစ်သည်။
"ငါထောင်ကလွတ်တော့ အရက်ကောင်းကောင်းဝယ်လာတာ၊ လာကွာ တို့ညီအကိုတွေ တစ်ခွက်လောက်သောက်ကြတာပေါ့"
မောင်မြလဲ စိတ်ညစ်နေသည့်အတူတူ အကိုပေးသည့် အရက်ခွက်ကို လှမ်းယူပြီး မော့သောက်ချလိုက်တော့သည်။
(င)
"ဒုန်း . .ဒုန်း"
မည်မျှကြာအောင်အိပ်နေမိသည်မသိ။ အိမ်တံခါးကိုထုသံကြားတော့မှ မောင်မြနိုးလာတော့သည်။ အကိုကြီးကတော့ သူ့ဘေးနားတွင် တခေါခေါနှင့် အိပ်ပျော်နေဆဲဖြစ်သည်။ နာရီကို ကြည့်လိုက်တော့ မနက် ၈ နာရီထိုးခါနီးပြီ၊ အမေလဲ ဘုန်းကြီးကျောင်းထွက်သွားလောက်ပြီထင်သည်။ မောင်မြလဲ အိပ်ရာမှထကာ ပုဆိုးကို ပြင်ဝတ်ပြီး အိမ်ရှေ့သို့ထွက်ပြီး အိမ်တံခါးကိုဖွင့်လိုက်တော့သည်။
"ဟေ မောင်ပု ဘာလဲကွ"
"မထွေး . . မထွေး ဆုံးပြီတဲ့"
"ဟေ"
မောင်မြ ဘာမှမပြောနိုင်တော့။ အံ့သြလွန်းသဖြင့် စကားတစ်လုံးထွက်ဖို့ကိုတောင် ပါးစပ်က မထွက်နိုင်တော့။ အတန်ကြာတော့မှ
"မောင်ပု . . မင်း . . မင်းဟာက ဟုတ်ရောဟုတ်လို့လားကွာ"
"သြော် . . ဘကြီးလှကိုယ်တိုင်သွားပြောခိုင်းလိုက်တာ"
မောင်မြလဲ ဖိနပ်ပင်မစီးနိုင်တော့ဘဲ အိမ်ပေါ်မှခုန်ဆင်းလိုက်တော့သည်။ ထို့နောက် ရွာလယ်လမ်းမကြီးအတိုင်း ဘကြီးလှအိမ်သို့ တဟုန်ထိုးပြေးထွက်ခဲ့တော့သည်။
ဘကြီးလှအိမ်ရောက်တော့ ခြံထဲတွင် လူတွေစည်ကားနေသည်။ မောင်မြလဲ အိမ်ပေါ်သို့ပြေးတက်လိုက်တော့သည်။ အိမ်ဦးခန်းတွင် မထွေးကိုချထားကာ ပြင်ဆင်ထားတော့သည်။ မောင်မြလဲ မထွေးနားသို့ ပြေးသွားပြီး မျက်နှာကိုသေချာကြည့်နေတော့သည်။ မောင်မြရောက်လာသဖြင့် လူတစ်ချို့က မောင်မြအနားမှ ဖယ်ပေးလိုက်ကြတော့သည်။ မောင်မြက ဘာမှမပြောနိုင်သေးပေ။ သူ့မျက်လုံးထဲမှလဲ မျက်ရည်များက တပေါက်ပေါက်စီးကျလာတော့သည်။
"ဘယ်လိုဖြစ်ရတာလဲထွေးရယ်၊ ဘယ်လိုဖြစ်ရတာလဲ"
"မနက်အစောက ဆန်ပြုတ်တိုက်ဖို့ နှိုးတော့ မနိုးတော့တာဘဲ မောင်မြရယ် . . အီး . . ဟီး"
မထွေးအမေက ချုံးပွဲချငိုတော့သည်။ မောင်မြလဲ ငိုရင်းမထွေးလက်ကလေးကို နောက်ဆုံးအကြိမ်ကိုင်ကြည့်တော့သည်။ သူပေးသည့်လက်စွပ်ကလေးက နီရဲကာ တောက်ပနေတော့သည်။
"ဒါ . . ဒါနဲ့ ဒီလက်စွပ်က"
မထွေးအမတစ်ယောက်က လက်စွပ်ကိုထိုးပြလိုက်တော့သည်။
"ဟုတ်တယ်၊ ကျွန်တော် ငွေပိုငွေလျှံလေးတွေကို စုဆောင်းထားပြီး ထွေးကို လုပ်ပေးထားတဲ့လက်စွပ်ကလေးပါ"
"အင်း ဒါကြောင့် ဒီလက်စွပ်ကို အရင်က မမြင်ဖူးပါဘူးလို့"
မထွေးအမက ထိုလက်စွပ်ကို ချွတ်ယူလိုက်ပြီးနောက် မောင်မြကိုပေးလိုက်တော့သည်။ မောင်မြလဲ ဘာလုပ်ရမှန်းမသိတော့။ ထိုလက်စွပ်ကို အစကတော့ မထွေးနှင့်အတူ မြှုပ်နှံလိုက်ဖို့ စိတ်ကူးထားသည်။ သို့သော် မထွေးကိုလွမ်းဆွတ်စရာ အမှတ်တရပစ္စည်းတစ်ခုအဖြစ် သိမ်းထားချင်သဖြင့် ပြန်ပြီးယူလိုက်တော့သည်။
မထွေးကို သဂြိုလ်ပြီးဖြစ်သည်။ မောင်မြတစ်ယောက်တော့ ထိုရက်ပိုင်း ဘာအလုပ်မှမလုပ်နိုင်တော့။ ရွာကလူတွေကလဲ မောင်မြကို သနားကြသည်။ ဘကြီးလှတို့လဲ မောင်မြကို ဘာမှမပြောဘဲ လွှတ်ထားလိုက်တော့သည်။ မောင်မြကတော့ လက်စွပ်ကလေးတစ်ကိုင်ကိုင်နှင့် အရက်တွေကိုသာနင်းကန်သောက်နေမိတော့သည်။ သူတို့ချစ်သူနှစ်ဦးဆုံတွေ့နေကြ ရေကန်ဘောင်တွင် အခုတော့ မောင်မြတစ်ယောက်တည်း အရက်ပုလင်းကိုင်ပြီး ထိုင်နေမိတော့သည်။ ထို့နောက်လက်စွပ်ကလေးကို ထုတ်ပြီးကြည့်လိုက်မိသည်။ လက်စွပ်ကလေးက အကြည်ရောင်ကလေးပြန်ဖြစ်နေပြီး စိန်ပွင့်ကလေးသဖွယ် ဝင်းလက်နေလေသည်။
မောင်မြက လက်စွပ်ကလေးကို ရေကန်ထဲပစ်ချလိုက်ရန် လက်ကိုမြှောက်တင်လိုက်တော့သည်။ သို့သော် သူ့လက်တွေတုန်ယင်လာသည်။ လက်စွပ်ကလေးကို လက်ဝါးပေါ်တင်ပြီး ပြန်ငုံ့ကြည့်လိုက်၏။ လက်ဝါးအတွင်းသို့ မျက်ရည်စက်တွေက ကျဆင်းလာလေသဖြင့် လက်စွပ်ကလေးကို အကျီအိတ်ထဲ ပြန်ထည့်ထားလိုက်တော့သည်။
အခုဆို တစ်ပတ်ခန့်ရှိပြီ၊ မောင်မြက မထွေးရက်လည်လဲ မသွားဖြစ်တော့။ အိမ်မှာပဲ အိမ်တွင်းအောင်းနေမိသည်။ ညနေတော့ အကိုကြီးပြန်လာလေသည်။ အိမ်ခန်းအတွင်း ချောင်ကလေးတွင် ခွေနေသည့် ညီဖြစ်သူကိုတွေ့သည့်အခါ အကိုဖြစ်သူကလဲ စိတ်မသက်သာနိုင်တော့ပေ။
"ညီလေးရာ၊ ပြီးခဲ့တာတွေလဲပြီးပြီ၊ သေတဲ့လူကလဲသေပြီ၊ မင်းသူ့ကိုမေ့လိုက်ပါတော့ကွာ၊ ဒီရွာမှာ မိန်းမတွေအများကြီးရှိပါသေးတယ်ကွ"
မောင်မြခေါင်းခါလိုက်တော့သည်။ ခေါင်းခါရင်း လက်စွပ်ကလေးကို ထုတ်ပြီးကြည့်နေမိသည်။
"မရဘူးအကိုကြီး၊ ဘယ်တော့မှ မေ့လို့ရမှာလဲမဟုတ်သလို၊ နောက်ထပ်လဲ ကျွန်တော့်နှလုံးသားထဲကို တခြားဘယ်သူမှ နေရာပေးမှာမဟုတ်တော့ဘူး"
အကိုဖြစ်သူလဲ ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း အရက်တစ်ခွက်ကို ငှဲ့ထည့်လိုက်တော့သည်။
"ရော့ ဒီဆေးကိုသောက်လိုက်၊ ညီလေးရဲ့ ရင်ထဲက ဒဏ်ရာတွေကို ဒီဆေးက ကုပေးလိမ့်မယ်"
မောင်မြလဲ ထိုခွက်ကို လှမ်းယူလိုက်တော့သည်။
မနက်ခင်း စူးရှသောနေရောင်ခြည်များက ထရံပေါက်မှနေ၍ ကျဆင်းလာတော့သည်။ မောင်မြလဲ မျက်နှာကို နေပျောက်ထိုးတော့မှ မျက်လုံးဖွင့်ကြည့်မိတော့သည်။ ခေါင်းတွေက ကိုက်ခဲနေသည်။ အိပ်နေရာမှ ကုန်းထလိုက်ပြီး အကျီအိတ်ထဲလက်နှိုက်ကြည့်မိသည်။
"ဟင် ငါ့လက်စွပ်ရော"
မောင်မြပူထူသွားပြီး အိပ်ရာတွေထဲ၊ ခြင်တောင်ထဲ၊ စောင်ခေါက်တွေထဲ လှန်လှောပြီးရှာဖွေနေသော်လည်း သူ့လက်စွပ်ကလေးကို မတွေ့တော့ပေ။ အခန်းအတွင်းကြည့်လိုက်တော့ သူတစ်ယောက်တည်း၊ သူ့အကိုကြီးလဲ မရှိတော့ပေ။
(စ)
"ဟေ့ကောင် ခေါင်းကြီး၊ မင်းမှာ ထိုးကြေးရောပါလို့လား"
မောင်ဇော်က အိတ်ထဲမှ လက်စွပ်ကလေးကို ထုတ်လိုက်တော့သည်။
"ကဲ ရပြီလား၊ ဝေစရာရှိတာသာဝေ"
ရွာပြင်ဇရပ်တွင် ဖဲဝိုင်းကလေးတစ်ခုဖြစ်နေသည်။ များသောအားဖြင့် ရွာထဲမှ လူများဝိုင်းဖွဲ့ရိုက်နေခြင်းဖြစ်သည်။ ဒိုင်ကိုင်သူက ဖဲကို စိတ်ကြိုက်ကုလားဖန်ထိုးနေသည်။ ဖဲရိုက်နေကျမို့ ဖဲကိုင်တာအလွန်ကျွမ်းကျင်လှသည်။
"ကဲ လက်ရှောင်ကြဟေ့"
ဖဲချပ်များကို တစ်ယောက်နှစ်ချပ်စီ ဝေပေးလိုက်တော့သည်။ မောင်ဇော်က ဖဲချပ်တစ်ချပ်ကိုအသာကလေး လှန်ကြည့်လိုက်တော့သည်။
"တောက် . . အပွင့်ကလဲနည်းလိုက်တာ၊ အေတဲ့"
စိတ်ထဲမှ ညည်းတွားလိုက်ပြီးနောက် ကျန်သည့် ဖဲတစ်ချပ်ကို မဝံ့မရဲဖြင့် အသာကလေး လှန်လိုက်တော့သည်။
"အပွင့်ကြီး တစ်ခုခုကျပေးပါ၊ အပွင့်ကြီး"
ဖဲချပ်ထိပ်ကလေးကို အသာကလေးလှန်ကြည့်လိုက်သည်။
"ဟာ ရှစ်ကွ၊ ဟုတ်ပြီ"
ထို့နောက် ဖဲနှစ်ကဒ်စလုံးကို ကောက်ယူလိုက်ပြီး တစ်ဝိုင်းလုံးမြင်သာအောင်လှန်ကာပစ်ချလိုက်လေတော့သည်။
"ရော့ အဲဒီမှာ ဒိုဗျာ. . ဒိုပြီ"
"ဟား . . ခေါင်းကြီးတို့ကတော့ ပွဲဦးထွက်လှနေပြီဟေ့"
ထိုတစ်ပွဲတွင်မက နောက်ပွဲများတွင်လဲ မောင်ဇော်သာ အမြဲ ရှစ်ကျလိုက် ကိုးကျလိုက်ဖြင့် အနိုင်ရနေလေသည်။ ဘယ်သူတွေဘယ်လိုရှုံးရှုံး မောင်ဇော်ကတော့ ပွဲတိုင်းနိုင်နေသည်ဖြစ်ရာ သူ့ရှေ့တွင် ပိုက်ဆံတွေက ပုံအောနေတော့သည်။
"ခေါင်းကြီး မသင်္ကာဘူး။ မင်းဖဲများခိုးသလား"
"အောင်မာ စွပ်စွပ်စွဲစွဲ၊ ခင်ဗျားတို့ မကျေနပ်ရင် တစ်ကိုယ်လုံးချွတ်ရှာဗျာ၊ ကျုပ်က ဉာဏ်မသုံးဘူး၊ ကံသမားဗျ၊ ကံသမား"
ဖဲရိုက်သူတွေက မောင်ဇော်အား လှန်လှောရှာကြတော့လဲ ဘာဆိုဘာမှမတွေ့ပေ။
"အင်း ခေါင်းကြီးတို့ကတော့ ထောင်ကျပြီးမှ ကံဇာတာတွေ ပိုတက်လာသလားပဲ"
"ဟုတ်ပ၊ ခေါင်းကြီးနာမည်ကိုတောင် ဒိုကြီးလို့ ပြောင်းရတော့မယ်ထင်တယ်"
ညနေရောက်တော့ မောင်ဇော်က လေကလေးတချွန်ချွန်နှင့် အရက်နှစ်လုံးနှင့် ကြက်ကြော်ဝယ်လာပြီး အိမ်ပေါ်တက်လာတော့သည်။ အိမ်တွင်ထိုင်နေသော ညီဖြစ်သူကိုတွေ့လိုက်ရတော့သည်။
"ညီလေးရော့၊ ငါ့ညီအတွက် ဟောဒါအရက်၊ ဟောဒါက ကြက်၊ စားစေဗျား"
"ဒါနဲ့ကိုကြီး ကျွန်တော့်လက်စွပ်ကလေး တွေ့မိသေးလား"
မောင်ဇော်က အကျီအိတ်ထဲမှ လက်စွပ်ကလေးကို ထုတ်ပြီး သူ့ညီကို ပေးလိုက်တော့သည်။
"အေးကွာ ကိုကြီးလဲ ဖဲဝိုင်းကောင်းကောင်းရှိတယ်ကြားတာနဲ့ ထိုးကြေးမရှိလို့ယူသွားမိတာပါ၊ ရော့ပြန်ယူတော့၊ နောက်တော့ငါ့ညီ မသိအောင်မယူတော့ပါဘူးကွာ၊ အကိုကြီး အရင်းအနှီးအများကြီးရခဲ့ပြီလေ ဟဲ ဟဲ"
မောင်မြကတော့ သူ့လက်စွပ်ကလေးကို ပြန်ယူလိုက်ပြီး သူ့အကိုကြီးမသိအောင် သံသေတ္တာထောင့်ထဲသို့ထည့်လိုက်ပြီး သေတ္တာကိုသော့ခတ်ထားလိုက်တော့သည်။ မကြာခင် အမေပြန်ရောက်လာသည်။ အမေက အကိုကြီးပြန်ရောက်လာကတည်းကစပြီး အိမ်တွင်သိပ်မနေတော့ဘဲ သူ့အမျိုးအိမ်တွင်သာ သွားနေတတ်သည်။ အမေအိမ်ပေါ်တက်လာတာမြင်တော့ အကိုကြီးက ပိုက်ဆံတစ်ထောင်တန်ဆယ်ရွက်ကို အမေ့ဆီသို့လှမ်းပေးလေတော့သည်။
"ဒါက အမေသုံးဖို့ သားကန်တော့တာ"
"အောင်မယ်လေး ကျားသားမိုးကြိုး၊ နင်ဘယ်က ခိုးလာဝှက်လာတာလဲ"
"ဟာ အမေကတော့လုပ်ပြီ၊ ကျွန်တော်ဖဲနိုင်လာတာပါဗျ"
အမေက ပိုက်ဆံတစ်သောင်းကို ချွေးခံအကျီထဲ ထိုးထည့်လိုက်တော့သည်။ ထိုညက အကိုကြီးယူလာသည့် ကြက်ကြော်နှင့် သားအမိသုံးယောက် ထမင်းမြိန်မြိန်စားလိုက်ကြတော့သည်။
(ဆ)
မထွေးလေးသေဆုံးခဲ့သည်မှာ ဆယ်ရက်ခန့်ပင်ရှိပြီဖြစ်သော်လည်း မောင်မြတစ်ယောက်ကတော့ ဖြေမဆည်နိုင်သေးပေ။ အရက်တွေအသောက်လွန်ပြီးလူလဲ အရက်သမားကြီးလုံးလုံးဖြစ်နေခဲ့ပြီဖြစ်သည်။ တစ်မနက်ခင်းအိပ်ရာနိုးလာသည့်အခါ ရင်တွေပူနေတော့သည်။ အကိုကြီးဝယ်ထားသည့်အရက်တွေကလဲ ကုန်ပြီမို့ အရက်ဝယ်ရန်အတွက် ရွာထဲသို့ ဒယိမ်းဒယိုင်နှင့် လျှောက်လာခဲ့သည်။ ရွာလယ် အရက်ဆိုင်တွင် အတော်သောက်ပြီးတော့မှ အရက်တစ်ပုလင်းဝယ်လာခဲ့ကာ ရွာလယ်လမ်းမကြီးအတိုင်း လျှောက်လာခဲ့တော့သည်။
"ဟေ့ မောင်မြ"
နောက်ကခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ဘကြီးလှကို တွေ့လိုက်ရသည်။ သူ့နောက်တွင်တော့ ရွာဦးကျောင်းဆရာတော်ဘုရားနှင့် ကပ္ပိယကြီးကိုမြင်တွေ့လိုက်ရတော့သည်။ ဆရာတော်က မောင်မြကိုတွေ့တော့ သက်ပြင်းချလိုက်တော့သည်။ ထို့နောက်သူ့ထံသို့ လျှောက်လာလေသည်။
"ပြီးတာတွေက ပြီးခဲ့ပြီဒကာလေး၊ သေသွားတဲ့သူကလဲ သေသွားခဲ့ပြီ၊ ဒကာလေး အရက်တွေ စဉ့်အိုးနဲ့သောက်ပါစေအုံးတော့ သေသွားတဲ့သူကပြန်ရှင်လာမှာမဟုတ်တော့ဘူး"
မောင်မြလဲ မူးမူးနှင့် လမ်းဘေးဒူးထောက်ထိုင်ချလိုက်ပြီး လက်အုပ်ကိုလဲ ကပြာကယာချီလိုက်တော့သည်။
"မှန်ပါဘုရား၊ တပည့်တော်လဲ စိတ်တွေရှုပ်ထွေးနေလို့ အရက်ပဲ လှိမ့်သောက်နေမိတာပါဘုရား"
"စိတ်ရှုပ်ထွေးနေရင် ဦးဇင်းကျောင်းကိုလာခဲ့၊ တံမြက်စည်းလာလှဲပေါ့၊ အရက်သောက်တာထက်တော့ ဒကာလေးစိတ်တွေရှင်းလင်းသွားမှာပါ"
"တင်ပါ့"
"ဒကာလေးလက်ထဲက ပုလင်းပေးစမ်း"
"အရှင်ဘုရားက အရက်ပုလင်းကို ဘာလုပ်မလို့လဲဘုရား"
ဆရာတော်က အရက်ပုလင်းကို ဆွဲလုယူလိုက်ပြီးနောက် မြေတွင်ပစ်ချလျှက် ပေါက်ခွဲလိုက်တော့သည်။
"သေရည်အရက်တွေ မသောက်နဲ့တော့၊ မနက်ဖြန်ကစပြီး ဒကာမကြီးနဲ့အတူ ကျောင်းကိုလိုက်လာခဲ့ ဟုတ်ပြီလား"
ဆရာတော်က ထိုသို့ပြောပြီး ကြွသွားတော့သည်။ မောင်မြလဲ ပျင်းရိလေးဖင့်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ ဒယိမ်းဒယိုင်နှင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်ပေါက်ဝတွင် အကိုဖြစ်သူ စောင့်နေလေသည်။
"ညီလေး မင်းဘယ်သွားတာလဲ၊ မင်းကို ငါလိုက်ရှာမလို့ပဲ"
"ဘာလို့တုန်း ကိုကြီးရ"
"မင်းလက်စွပ်ကလေး ခဏငှားပါအုံးကွာ"
"လက်စွပ်က ဘာဖြစ်လို့လဲ ကိုကြီး"
"ငါ့စိတ်ထင် မင်းလက်စွပ်ကလေးက လပ်ကီးကောင်းတယ်ကွ၊ အခုလက်စွပ်မပါဘဲ ဖဲရိုက်တော့ ဟိုနေ့ကနိုင်ထားတာတွေအကုန်ရှုံးတဲ့အပြင် အကြွေးပါတင်နေတယ်ကွာ၊ လုပ်စမ်းပါညီလေးရာ၊ ငါပြန်ပေးပါ့မယ်"
မောင်မြလဲ အိမ်ခန်းထဲ သေတ္တာထဲမှ လက်စွပ်ကလေးကို ထုတ်ပေးလိုက်တော့ အကိုဖြစ်သူက ထိုလက်စွပ်ကိုယူကာ ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားတော့သည်။ ညနေရောက်တော့ အကိုဖြစ်သူပြန်လာသည်။ မျက်နှာကလဲ ပြုံးရွှင်ပြီးတော့လက်ထဲတွင်လဲ အရက်ပုလင်းတွေ၊ ဟင်းထုပ်တွေကိုင်ထားသဖြင့် ဖဲနိုင်လာပြီဖြစ်ကြောင်းတန်းသိလိုက်သည်။
"ဟား . . ညီလေးရေ၊ ကိုကြီးထင်တဲ့အတိုင်းပဲ လက်စွပ်ကလေးက သိပ်လပ်ကီးကောင်းတာပဲ၊ အခုနိုင်လာခဲ့တာသာကြည့်ကွာ၊ ရော့ ငါ့ညီသောက်ဖို့ အရက်တွေဝယ်လာခဲ့တယ်"
အကိုကြီးချပေးလိုက်သော အရက်များကိုကြည့်ပြီး မောင်မြပါးစပ်များချဉ်တက်လာသည်။ သို့သော်လည်း ဆရာတော်ကို ကတိပေးထားသည်မို့ စိတ်ကိုပြန်ထိန်းပြီး ခေါင်းကိုခါရမ်းလိုက်တော့သည်။
"ကျွန်တော်အရက်မသောက်တော့ဘူး ကိုကြီး"
(ဇ)
မနက်မိုးလင်းသည်နှင့် အမေက ထမင်းဟင်းချက်ပြုတ်ပြင်ဆင်ပြီး သားအမိနှစ်ယောက် ဆွမ်းချိုင့်ဆွဲကာ ဘုန်းကြီးကျောင်းဘက်ထွက်လာခဲ့တော့သည်။ မောင်မြကတော့ ကျောင်းရောက်သည်နှင့် တံမြက်လှည်း၊ အမှိုက်မီးရှို့စသည်ဖြင့် ဝေယျာဝစ္စများကို ကူညီလုပ်ကိုင်ပေးလျှက်ရှိနေသည်။ ဆရာတော်ကလဲ သူ့အား ကြုံသည်နှင့် တရားဓမ္မများအား ဟောပြောပြသပေးရာ မောင်မြလည်း တဖြေးဖြေး စိတ်အေးချမ်းမှုရရှိလာခဲ့သည်။ ဆရာတော်အားလဲ ယခင်ထက်ပိုပြီးကြည်ညိုမိနေသည်။ သုံးရက်ခန့် ဘုရားအရိပ်၊ တရားအရိပ်တွင် ခိုပြီးသည်မို့ မောင်မြစိတ်တွေက အနည်ထိုင်လာခဲ့သည်။
လေးရက်မြောက်နေ့၊ ထိုနေ့က လပြည့်နေ့ ဥပုသ်နေ့ဖြစ်သည်။ အမေက ထုံးစံအတိုင်း မနက်အစောထပြီး ထမင်းဟင်းများချက်ပြုတ်နေတော့သည်။ အကိုကြီးက အခုတစ်လော နိုင်ပွဲဆက်နေသည်ထင်သည်။ အမေ့ကို ပိုက်ဆံအပ်သဖြင့် အမေကလဲ ဟင်းကောင်းကောင်းများချက်ဖြစ်နေတော့သည်။ မောင်မြလဲ အခန်းထဲတွင် အဝတ်အစားလဲနေစဉ် အကိုကြီးနိုးလာခဲ့သည်။
"ကိုကြီး ကျွန်တော့်လက်စွပ် ပြန်မပေးသေးဘူးနော်"
"အေးကွာ၊ ငှားလက်စနဲ့ ကိုကြီးကို ဒီနေ့ထပ်ငှားလိုက်အုံး၊ ပိန္နဲကုန်းရွာမှာဒီနေ့ ဝိုင်းကောင်းတယ်လို့ သိန်းဇော်ပြောတယ်၊ ကိုကြီးအဲဒီကိုသွားပြီး တစ်ညအိပ်ပြီး ပြန်လာရင်ညီလေးကို ပြန်ပေးမယ်နော်"
မောင်မြခေါင်းညိတ်လိုက်တော့သည်။ သူ့အနေနှင့် မထွေးကိုရော ထိုလက်စွပ်ကလေးကိုပါ သိပ်ပြီးအစွဲအလမ်းမထားတော့။ အခုမေးရသည်ကလဲ အကိုကြီး လက်စွပ်ကို ရှုံးခဲ့ပြီထင်၍ မေးရခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ်အကိုကြီးအတွက် ထိုလက်စွပ်ကလေးက လပ်ကီးကောင်းစေတယ်ဆိုလျှင် အကိုကြီးတစ်သက်လုံးယူထားလျှင် ယူထားပါလေ့စေ။ အကိုကြီးက သူ့လက်စွပ်ကလေးကို လက်သန်းတွင် မတော်မတည့်ဝတ်ဆင်ထားသည်။ လက်စွပ်ရှိကျောက်ကလေးမှာလဲ ပန်းရောင်ကလေးဖြစ်နေတော့သည်။ မောင်မြလဲ အဝတ်အစားလဲပြီး အမေနှင့်အတူ ဘုန်းကြီးကျောင်းသို့ထွက်ခဲ့တော့သည်။
လပြည့်နေ့မို့ ဆရာတော်က ဥပုသ်သီလပေးသည်။ နေ့လည်ဆွမ်းစားပြီးသောအခါ ယောဂီများအား တရားဟောကြားပေးလေသည်။ ထို့နောက် ညနေစောင်းတွင်တော့ စကားစမြည်ပြောဖြစ်ကြတော့သည်။
"အရှင်ဘုရားက စာပေကျမ်းဂန်လဲနှံ့စပ်တယ်၊ ဗဟုသုတလဲ ကြွယ်တယ်ဆိုတော့ ဆရာတော်ဘုရားကို တစ်ခုလောက်မေးချင်လို့"
"မေးပါ၊ ဒကာလေး"
"စိန်တွေ ကျောက်သံပတ္တမြားတွေက အရောင်ပြောင်းတတ်သလား"
"မပြောင်းတတ်ဘူး၊ ပတ္တမြားက အနီဆိုအနီပဲ၊ နီလာက အပြာဆိုအပြာပဲ"
"စိန်လိုအကြည်ရောင်လေးပဲဘုရား၊ ဒါပေမယ့် ကြာရင် အနီရောင်တဖြည်းဖြည်းပြောင်းလာတဲ့ကျောက်မျိုးကို အရှင်ဘုရားကြားဖူးပါသလား"
"မကြားဖူးဘူး၊ ဒါပေမယ့် နေပါအုံး ဒကာလေးက ဘာလို့ဒီအကြောင်းတွေ သိချင်ရတာလဲ"
"သူများပြောတာကြားဖူးလို့ မေးတာပါဘုရား"
"ပုံမှန်ကျောက်တွေဆိုရင် မပြောင်းတတ်ပေမယ့် ထူးခြားတဲ့အစွမ်းရှိတဲ့ ကျောက်တွေဆိုရင်တော့ ပြောင်းချင်ပြောင်းတတ်မယ်ထင်တယ်"
ဆရာတော်ပြောစကားကိုကြားတော့ မောင်မြအံ့သြသွားသည်။
"ဒါနဲ့ ဒကာလေးကို သူများပြောတာ အဲ့ဒီကျောက်က ဘယ်လိုပုံစံလဲ"
"တြိဂံပုံစံလေးဘုရား၊ ကျောက်က မန်ကျည်းစေ့လောက်ပဲရှိမယ်၊ စိန်လိုအကြည်ရောင်လေးပါ၊ အဲ ဝတ်ထားတာကြာရင်တော့ တဖြည်းဖြည်း အနီရောင်ပြောင်းလာတတ်တယ်တဲ့"
ဆရာတော်က အတန်ငယ်စဉ်းစားနေသည်။
"တြိဂံပုံစံဆိုတော့ ဧကန္တ ကျောက်စုန်းများလားမသိဘူး"
"ကျောက်စုန်း . . ဟုတ်လားဘုရား"
"အင်း၊ တစ်ချို့ကလဲ ဂမ္ဘီရကျောက်စုန်းလို့ခေါ်ကြတယ်၊ မကောင်းတဲ့စွမ်းအင်ရှိတဲ့ ကျောက်တစ်မျိုးပေါ့"
မောင်မြ မျက်လုံးများဝင်းလက်သွားတော့သည်။
"ဒါ . .ဒါဆို အဲဒီကျောက်စုန်းအကြောင်းကို အရှင်ဘုရားသိသလောက် ပြောပြပါလားဘုရား"
"အင်းလေ၊ တို့ရွာမှာတောင် အဲဒီကျောက်စုန်းနဲ့ပက်သက်ပြီး ဇတ်လမ်းလေး . . အဲ . . ပါးစပ်ရာဇဝင်လို့ပြောရင်တော့ ပိုမှန်မှာပေါ့၊ အဲဒီဇတ်လမ်းလေးရှိခဲ့သေးတယ်လေ၊ ဒကာလေး မကြားဖူးဘူးလား"
မောင်မြက ခေါင်းခါလိုက်သည်။
"အေးပေါ့၊ အဖြစ်အပျက်တွေက အချိန်တွေကြာပြီဆိုတော့ နောက်လူတွေဘယ်သိတော့ပါ့မလဲ၊ ဒီလိုကွဲ့"
ဆရာတော်က အစချီကာ ဇတ်လမ်းတစ်ပုဒ်ကို စတင်ပြောပြပါတော့သည်။
(ဈ)
အချိန်မှာ စစ်ပြီးခေတ် ၁၉၅၀ ဝန်းကျင်ခန့်။
လကြီးက ဝင်းပပသာနေတော့သည်။ မိုးလေကင်းလွတ်သောလဖြစ်သဖြင့် ကောင်းကင်ကြီးက ကြယ်တွေစုံနေကာ လမင်းကြီးကလဲ အလွန်လှပစွာသာနေတော့သည်။ ထိုအခါ ဇရပ်ကုန်းရွာအနောက် တောစပ်တွင် လူနှစ်ဦးတောတိုးနေကြလေသည်။ တစ်ဦးမှာ ရွာခံမုဆိုးကြီး ဦးလူဝဖြစ်၍ နောက်တစ်ဦးကတော့ မောင်ဝင်းဆိုသူ လူငယ်တစ်ဦးဖြစ်သည်။ ညကြီးမင်းကြီး တောစပ်တွင် တောတိုးနေကြလေသည်။
"ဒီလိုလပြည့်ညဆိုတာ လူတွေအတွက်ဘာမှမဟုတ်ပေမယ့် တောရဲတိရစ္ဆာန်တွေအတွက်တော့ တစ်လမှ တစ်ခါကြုံရတဲ့ညမို့ လသာရင် သူတို့တွေထွက်ပြီးကစားလေ့ရှိတယ်ကွ"
ပြောလို့ပင်မဆုံးသေး၊ တောစပ်တွင် ရစ်တစ်ကောင်က လရောင်အောက်တွင် လှည့်ပတ်ခုန်ပေါက်ပြေးကစားနေရာ မောင်ဝင်းက ဒူးလေးဖြင့် အသာပစ်ထည့်လိုက်ရာ ခေါင်းကိုထိမှန်ပြီးတစ်ချက်ထဲနှင့်ပင် လဲကျသွားတော့သည်။ သူတို့လဲ ရစ်ကိုကောက်ပြီး တောထဲဆက်တိုးခဲ့သည်။ ထိုစဉ်တောအတွင်း သစ်ပင်များကြားတွင် အလင်းရောင်မီးလုံးလေးတစ်ခုက ပျံသန်းနေတော့သည်။
"ဦးလူဝကြီး၊ ဟိုမှာ ဘာလဲမသိဘူး"
ဦးလူဝက ထိုမီးလုံးလေး လှည့်ပတ်ပျံသန်းနေသည်ကို တွေ့သဖြင့် မောင်ဝင်းကိုလက်ကုပ်လိုက်ကာ အသာလေးဝပ်နေတော့သည်။
"စုန်းမီးတောက်က ခုလိုတောထဲမှာ သစ်ပင်တွေနားမှာ မကစားတတ်ဘူးကွ၊ အခုသစ်ပင်တွေကြားပျံနေတာဆိုတော့ မဟုတ်မှလွဲရော ကျောက်စုန်းပဲဖြစ်မယ်"
"ကျောက်စုန်းဟုတ်လား"
"တို့တော့ ထောတာပဲဟေ့ ပေးစမ်း၊ မင်းရဲ့ ရစ်"
ဦးလူဝကပြောဆိုပြီးရစ်ကို လှမ်းယူလိုက်တော့သည်။ ထို့နောက် ပါလာသည့်ဓါးဖြင့် ရစ်ကိုခေါင်းဖြတ်လိုက်တော့၏။ မကြာသေးခင်ကမှ သေဆုံးထားခြင်းဖြစ်သဖြင့် သွေးများက လည်ပင်းမှနေ၍စီးဆင်းလာပြီး သူတို့ရှေ့မြေပြင်တွင် အိုင်ထွန်းသွားတော့သည်။ ထို့နောက် ဦးလူဝက သူကွမ်းယာထည့်နေကျ ယွန်းကွမ်းအစ်အသေးလေးထဲမှ ကွမ်းယာများကို လွှင့်ပစ်လိုက်ပြီး ကွမ်းအစ်ကလေးကို အသာကလေး ကိုင်ထားလိုက်တော့သည်။
"ကျောက်စုန်းက သွေးဆိုသိပ်ကြိုက်တာကွ၊ လပြည့်ညဆို ကျောက်စုန်းပျော်တတ်တယ်၊ သူ့ကိုဖမ်းရင် ခုလိုသွေးအိုင်ချပြီးဖမ်းရတယ်၊ ကြည့်နေ သူသွေးလာစုပ်လိမ့်မယ်"
ပြောနေရင်း ကျောက်စုန်းကလေးသည် သစ်ပင်များကြားတွင် ပျံသန်းနေရာမှ သူတို့ရှေ့နားရှိ ရစ်သွေးအိုင်ထဲသို့ ခုန်ဆင်းသွားသည်နှင့် ဦးလူဝက ယွန်းအစ်ကလေးဖြင့် ပြေးပြီးအုပ်လိုက်တော့သည်။
"လာမောင်ဝင်း တို့တွေပြန်ကြစို့"
"အမဲမလိုက်တော့ဘူးလား ဦးလူဝရဲ့"
"ကျောက်စုန်းရနေပြီပဲ ပြန်စို့ကွာ"
ယွန်းအစ်ကလေးကို အမြန်ပိတ်ပြီး တောထဲမှ ခပ်သုပ်သုပ်ပြန်ထွက်ခဲ့ကြတော့သည်။
"နေပါဦး ဦးလူဝရဲ့ ကျောက်စုန်းက ဘာစွမ်းလို့လဲ"
"ကျောက်စုန်းဆိုတာက ကျောက်လက်ဝါးတို့ဘာတို့လို သူ့အလိုလိုရှိနေတဲ့ မှော်ပစ္စည်းတစ်မျိုးပဲကွ၊ သူ့ပုံစံက တြိဂံပုံစံရှိတယ်။ တခြားကျောက်တွေနဲ့မတူဘဲ ကျောက်စုန်းက သေးလေအစွမ်းထက်လေပဲ၊ သူ့ကို သွေးတာပြုတာမလုပ်ရဘူးလုပ်ရင် ခိုက်တတ်တယ်၊ သူ့အားသာချက်ကတော့ လောင်းကစားပဲ၊ ကျောက်စုန်းရှိနေသရွေ့ ဘာလောင်းကစားပဲလုပ်လုပ်အမြဲနိုင်နေမှာ၊ ဒါကြောင့်တစ်ချို့ဆို လိုက်ရှာပြီးဖမ်းကြတာ၊ ရှာတိုင်းလဲမတွေ့တတ်ဘူးကွ၊ ငါတို့အလွယ်ကလေးရတယ်ဆိုတာ ကံအရမ်းကောင်းလို့ ဖြစ်မယ်"
"ဒါဆို ကျွန်တော့်ကို ပြအုံး၊ ကျွန်တော်ကြည့်ကြည့်မယ်"
"ကျောက်စုန်းတွေက လပြည့်ညဆို ပျံသန်းတတ်ကြတယ်ကွ၊ ငါအဖုံးဖွင့်လိုက်ရင် ပျံထွက်သွားလိမ့်မယ်၊ မနက်ကျမှကြည့်ပေါ့ကွာ၊ ကျောက်စုန်းကိုဆောင်ထားတဲ့လူက ပျံတက်မသွားအောင်လို့ လက်စွပ်နဲ့ဖြစ်ဖြစ်၊ ဆွဲကြိုးလုပ်ပြီးဖြစ်ဖြစ် ချုပ်ထားရတယ်၊ အဲဒါမှ မပျံတော့မှာလေ"
သူတို့နှစ်ယောက်ပြန်လာကြသည်။ ဦးလူဝက ထိုကွမ်းအစ်ကလေးအား လွယ်အိတ်ထဲထည့်ပြီး ချိတ်ဆွဲထားလိုက်တော့သည်။ မောင်ဝင်းကတော့ ဦးလူဝကို နှုတ်ဆက်ပြီးပြန်သွားတော့သည်။
မနက်လင်းပြီ၊ ဦးလူဝလဲ အိပ်ကောင်းကောင်းနှင့်အိပ်လိုက်သည်မို့ မနက်နေအတော်မြင့်မှနိုးတော့သည်။ အိပ်ယာနိုးသည်နှင့် ကျောက်စုန်းကို သတိရသွားကာ သူ့လွယ်အိတ်ကလေးကို ပြေးပြီးဆွဲယူလိုက်သည်။ လွယ်အိတ်ထဲတွင် ကွမ်းအစ်ကလေးမရှိတော့၊ မောင်ဝင်းလဲ ထိုရွာတွင် မရှိတော့ချေ။
"ဒါဆိုဆရာတော်ဘုရား မောင်ဝင်းက ကျောက်စုန်းကိုယူပြီးရွာကထွက်သွားတာပေါ့"
"အင်း၊ ဦးလူဝကလဲ မောင်ဝင်းကို တော်တော်ဒေါသထွက်သွားပြီး တွေ့တဲ့သချိုင်း ဓါးမဆိုင်းဆိုပြီး နေခဲ့တာပေါ့"
"ဒါဆို ကျောက်စုန်းက တကယ်ရောစွမ်းရဲ့လား"
"စွမ်းတာပေါ့၊ ဒါပေမယ့် သူ့အစွမ်းက ကောင်းတဲ့နေရာမှမဖြစ်ဘူး၊ ဒီပစ္စည်းက မကောင်းတဲ့ပစ္စည်းတစ်ခုမို့ မကောင်းတဲ့နေရာ၊ အထူးသဖြင့် လောင်းကစားလိုနေရာတွေမှာ အရမ်းအကျိုးပေးတယ်၊ သူ့ကိုလဲ ခိုင်းပြီးဆော့လေ နိုင်လေပေါ့ကွာ၊ အင်း ဒါပေမယ့် ခိုင်းပြီးတိုင်းလဲ သူတို့ကို ကျေနပ်အောင်လုပ်ပေးရတယ်၊ မကျေနပ်ရင် ဆောင်ထားတဲ့လူကို ခိုက်တတ်သတဲ့"
"ကျေနပ်အောင်က ဘယ်လိုကျေနပ်အောင်လုပ်ရတာလဲဘုရား"
"ကျောက်စုန်းကို သွေးတိုက်ရတာပေါ့ကွာ၊ အကြမ်းပန်းကန်လုံးထဲမှာ လတ်လတ်ဆတ်ဆတ်သွေးထည့်ပြီး ကျောက်စုန်းကို ပစ်ထည့်လိုက်ရတာပေါ့၊ ကြည့်နေရင်းနဲ့ သွေးတွေကုန်သွားပြီး ကျောက်စုန်းကလဲ သွေးရောင်ဖြစ်သွားတတ်တယ်၊ ဒါပေမယ့် ကျောက်စုန်းက အသားနဲ့တိုက်ရိုက်ထိထားလို့မရဘူး။ သူက ထိထားတဲ့သူရဲ့သွေးကို တဖြည်းဖြည်းစုပ်နေတတ်တယ်၊ ဒါကြောင့် သူ့ကို လက်နဲ့မထိဘဲ ဘူးတွေ၊ ခွက်တွေ၊ ကြုတ်တွေထဲထည့်ပြီးဆောင်ကြရတယ်၊ မောင်ဝင်းကတော့ နှစ်အတော်ကြာမှ ရွာကိုပြန်လာခဲ့တယ်၊ ဦးလူဝကြီးလဲ မရှိတော့ဘူးလေ၊ မောင်ဝင်းပြန်လာတော့ ချမ်းလဲချမ်းသာတယ်၊ ကျောက်စုန်းအစွမ်းကြောင့်ဖြစ်မယ်ထင်တယ်၊ ဒါပေမယ့် မောင်ဝင်းကိုမေးရင် ကျောက်စုန်းကို သူမသိပါဘူး၊ ဦးလူဝက တမင်လုပ်ကြံပြောတယ်ပဲ အမြဲပြောခဲ့တယ်၊ နောက်ပိုင်းကျတော့ ကျောက်စုန်းကိစ္စကလဲ ပုံပြင်တစ်ပုဒ်လို၊ ရာဇဝင်လိုဖြစ်သွားတော့တာပေါ့"
မောင်မြခေါင်းနားပန်းကြီးသွားပြီဖြစ်သည်။ သူ့လက်စွပ်က ကျောက်စုန်းဖြစ်မည်သေချာနေပြီဖြစ်သည်။ မထွေးလေးက ကျောက်စုန်းရဲ့သွေးစုပ်ခြင်းကို ခံရပြီး သေဆုံးသွားတာဖြစ်နိုင်သည်။ မဟုတ်မှလွဲရော သူတို့ဖြိုခဲ့သည့် အုတ်ဂူမှာ မောင်ဝင်းအုတ်ဂူဖြစ်နိုင်သည်။ ယခင်က ထိုအုတ်ဂူများရှိသည့်နေရာသည် ရွာ၏ သုဿန်ဟောင်းကြီးဖြစ်သည်။ ရွာမှလူများကတော့ သေလျှင် ဖျာလိပ်ပြီးမြှုပ်နှံကြသော်လည်း မောင်ဝင်းတို့က ချမ်းသာသည်မို့ အုတ်ဂူသွင်းထားတာဖြစ်နိုင်သည်။ နောက်ပိုင်းထိုနေရာတွင် သုဿန်အဖြစ်အသုံးမပြုတော့သောအခါ အုတ်ဂူကြီးနှစ်လုံးသာကျန်နေခဲ့တော့သည်။
"ဘုရား . . ဒါဆို ထွေးကို ငါသတ်တာပေါ့၊ ထွေးကို ငါသတ်လိုက်မိတာပေါ့"
မောင်မြကပြောဆိုရင်း တုန်လှုပ်နေမိသည်။ ထိုစဉ် မောင်မြက တစ်ခုကို စဉ်းစားမိသွားတော့သည်။
"ကိုကြီး . . ကိုကြီး"
(ည)
ညနေစောင်းနေပြီဖြစ်ပြီး နေကလဲမကြာခင်ဝင်တော့မည်ဖြစ်သည်။ မောင်မြတစ်ယောက်ရွာလမ်းအတိုင်းပြေးလာကာ ဘကြီးလှတို့ခြံအတွင်းသို့ ဝင်သွားတော့သည်။
"ဘကြီးလှ ကျွန်တော့်ကို လှည်းငှားလိုက်စမ်းပါဗျာ"
"ဟေ မောင်မြရဲ့ မိုးလဲချုပ်နေပြီ ဘယ်သွားမလို့လဲ"
"အရေးကြီးကိစ္စရှိလို့ ပိန္နဲကုန်းဘက်သွားမလို့ဗျ"
"မိုးချုပ်နေပြီမောင်မြရယ် နက်ဖြန်မှသွားပါလား"
မောင်မြလဲ ဘကြီးလှ လှည်းမငှားသဖြင့် ဆက်မပြောတော့ဘဲ ခြေလျင်ပြေးထွက်လာခဲ့တော့သည်။ ပိန္နဲကုန်းရွာမှာ ဇရပ်ကုန်းရွာနှင့် တစ်ရွာခြားဖြစ်သဖြင့် ခြေလျင်သွားလျှင် အတန်ငယ်လှမ်းသည်။ သို့သော်လည်း မောင်မြကတော့ ဇောနှင့်မို့ အပြေးတစ်ပိုင်း ပြေးထွက်လာခဲ့သည်။ လပြည့်ညဖြစ်သဖြင့် မကြာခင်တွင် လပြည့်ဝန်းကြီးထွက်လာလေရာ လရောင်ကြောင့် လမ်းမှာရှင်းရှင်းလင်းလင်းမြင်နေရ၍သာတော်သေးသည်။ ရွာများမှာ လျှပ်စစ်မီးမရသေးသည်မို့ ဘက်ထရီမီးရောင်များ မီးအိမ်အရောင်ကလေးများဖြင့် တလက်လက်ဖြစ်နေတော့သည်။
နှစ်နာရီနီးပါးလျှောက်ပြီးသောအခါ ပိန္နဲကုန်းရွာကို လှမ်းမြင်နေရပြီဖြစ်သည်။ ညည့်နက်နေပြီမို့ ရွာကလေးမှာတိတ်ဆိတ်နေတော့သည်။ မအိပ်သေးသည့်အိမ်တစ်အိမ်ကို ကိုသိန်းဇော်အိမ်ကိုမေးမြန်းပြီး ရှာဖွေလာရတော့သည်။ နောက်တော့ ထိုအိမ်ရှေ့သို့ရောက်ခဲ့ပြီ၊ အိမ်ကလေးက တိတ်ဆိတ်နေသည်။
"ဗျို့ ကိုသိန်းဇော် . . ကိုသိန်းဇော်ရှိလား"
ဓါတ်မီး မီးရောင်ကလေးမြင်တွေ့လိုက်ရပြီး အိမ်ပေါ်မှလူတစ်ဦးဆင်းလာတော့သည်။
"ဘယ်သူလဲ ဘာကိစ္စလဲ"
"ကျွန်တော် မောင်မြပါ၊ ဇရပ်ကုန်းရွာက မောင်ဇော်ရဲ့ညီပါ"
"ဘယ်ကမောင်ဇော်လဲ"
"အို . . မေ့လို့ ခေါင်းကြီးရဲ့ညီ"
ထိုတော့မှ ထိုလူက ခြံတံခါးပြေးဖွင့်ပေးတော့သည်။
"အေး၊ ညကြီးမင်းကြီးကွာ ခေါင်းကြီးကတော့ သောက်စားပြီးအခန်းထဲအိပ်နေပြီထင်တယ်၊ ဒါနဲ့ ဘာကိစ္စမို့လို့လဲ"
"အရေးကြီးတယ်၊ ကျွန်တော် ကိုကြီးနဲ့တွေ့မှရမယ်"
သိန်းဇော်တို့ ပျဉ်ထောင်အိမ်ကလေး၏ ခြေရင်းဘက်အခန်းရှေ့သို့ သိန်းဇော်က ခေါ်ဆောင်သွားတော့သည်။ အခန်းရှေ့ရောက်သည့်အခါ အခန်းတံခါးကို ခေါက်လိုက်တော့သည်။
"ခေါင်းကြီး . . ဒီမှာ မင်းညီရောက်နေတယ်၊ ခေါင်းကြီး"
အတန်ကြာထုပြီးခေါ်သည်အထိ အတွင်းမှအသံပြန်မကြားရပေ၊ မောင်မြရင်ထိတ်နေပြီဖြစ်သည်။
"ဒီကောင်အရက်မူးပြီး နှိုးမရဘူးထင်တယ်"
မောင်မြက အနောက်သို့ သုံးလှမ်းခန့်ဆုတ်လိုက်ပြီးနောက် အခန်းတံခါးကို ပုခုံးနှင့်ပြေးတိုက်ထည့်လိုက်တော့သည်။ အထပ်သားနှင့်ပြုလုပ်ထားသည့်အခန်းတံခါးမှာ အတွင်းသို့ကျွံဝင်ကာ ပွင့်သွားတော့သည်။ သိန်းဇော်က အခန်းအတွင်း ဓါတ်မီးဖြင့်ထိုးကြည့်ရာ ငွေတွေကိုရှေ့ချပြီး ပက်လက်လန်နေသည့် မောင်ဇော်ကိုတွေ့လိုက်ရတော့သည်။ မောင်မြလဲချက်ချင်းပြေးသွားလိုက်တော့သည်။
"ကိုကြီး . . ကိုကြီး"
သူနောက်ကျသွားပြီ၊ အကိုဖြစ်သူမှာ ဝင်သက်ထွက်သက် ကင်းမဲ့နေပြီဖြစ်သည်။ တစ်ကိုယ်လုံးဖြူဖတ်နေပြီး မျက်နှာတွင်လဲ သွေးများမရှိတော့။
"လုပ်ကြပါအုံး ဒီမှာ လုပ်ကြပါအုံး"
သိန်းဇော်အော်လိုက်သဖြင့် ပတ်ဝန်းကျင်မှလူများပြေးလာတော့သည်။ မကြာမီရွာလူကြီးများပါရောက်လာတော့သည်။
"ဒီကောင်မနက်ကတည်းက ဖြူဖပ်ဖြူရော်နဲ့ တစ်ခုခုဖြစ်နေပုံရတယ်၊ နေ့လည်ကျတော့ ဖဲရိုက်တာ အချီကြီးနိုင်တယ်လေ၊ ဒါနဲ့ ကျုပ်တို့လဲ ခွဲဝေပြီးတော့ သူလဲ အခန်းထဲဝင်သွားလို့ အိပ်သွားပြီလို့ထင်ခဲ့တာ"
မောင်မြက အကိုဖြစ်သူကို ဖက်ရင်း ငိုနေလိုက်သည်။ ထိုစဉ်သူ့အကိုလက်သန်းတွင်စွပ်ထားသည့် လက်စွပ်ကလေးကို သတိထားမိလိုက်သည်။ လက်စွပ်ကလေးက ကြက်သွေးရောင်ဖြစ်ကာ ဝင်းလဲ့နေတော့သည်။ မောင်မြလဲ ထိုလက်စွပ်ကလေးကို ချွတ်ယူလိုက်တော့သည်။ ထို့နောက် ချက်ချင်းပင် အိမ်ပေါ်မှပြေးဆင်းခဲ့တော့သည်။
မောင်မြက ရွာပြင်သို့ပြေးထွက်ခဲ့သည်။ ရွာပြင်တွင် လယ်ကွင်းများရှိပြီး ရိုးပြတ်များက ထောင်ထနေကြသည်။ လူသူအလွန်ရှင်းနေသည်မို့ မောင်မြက အိတ်ထဲမှ လက်စွပ်ကလေးကို ထုတ်လိုက်တော့သည်။ ကျောက်စုန်းကလေးသည် လပြည့်ဝန်းကြီး၏ အရောင်အောက်တွင် ဝင်းလက်နေတော့သည်။ မောင်မြလဲ ကျောက်စုန်းလက်စွပ်ရှိ ကျောက်စုန်းကိုဖမ်းချုပ်ထားသည့် စွန်ကုပ်ကလေးများကို ပါးစပ်နှင့်ကိုက်ဖြုတ်လိုက်ပြီးနောက် မန်ကျည်းစေ့ခန့်ကျောက်စုန်းကလေးကို လက်ဖဝါးပေါ် တင်လိုက်တော့သည်။ ထိုအခါတွင် ကျောက်စုန်းကလေးက အဖြူရောင်အလင်းများ ဖြာထွက်လာတော့သည်။ ထို့နောက် တဖိတ်ဖိတ်ဝင်းလက်နေကာ မိုးပေါ်သို့ပျံတက်သွားတော့သည်။
"သွားတော့ ကျောက်စုန်းရေ၊ အကျိုးမပေးတဲ့ကျောက်စုန်း မင်းသွားလိုရာသွားတော့"
ထိုအခါ ကျောက်စုန်းကလေးသည် ဟိုးအဝေးတွင်လှမ်းမြင်တွေ့နေရသည့် မှိုင်းညို့ညို့တောတန်းကြီးဆီသို့ တလက်လက်နှင့်ပျံသန်းသွားလေတော့သည်။
ပြီးပါပြီ။
အဂ္ဂဇော်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory