
အပိုင်း ( ၁ )
ကားပေါ်ကဆင်းလျှင်ဆင်းခြင်း ဦးခေါင်းထက်ဆီမှ အလွန်တရာပူပြင်းလှသော နေမင်းကြီးအရှိန်ကြောင့်
မခင်လှ မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော်လည်း ပွဲလေးဖြစ်မှ ဝမ်းရေးလှမည်ဖြစ်၍ ထို
အပူဒဏ်ကို မမှုနိုင်တော့ပေ။ ထီးမပါ၊ ခမောက်မပါ
သော မိမိအဖြစ်ကိုတော့ ဆင်ခြင်လိုက်မိသည်။
မခင်လှနောက်မှ မချို လိုက်ဆင်းလာ၏။ ထိုနောက်
ကိုဥက္ကာနှင့် သူ၏ဇနီးချော မြဖူးငုံ တို့က ကားရှေ့ခန်း
ဆီမှ အသီးသီးဆင်းလာကြသည်။
" ဒီအကွက်ပဲ ... တောင်နဲ့မြောက် ပေ ၁၅၀၊ အရှေ့နဲ့
အနောက်က ပေ ၁၀၀ ရှိတယ် ... ခြံရှင်းလိုက်ရင် အကျယ်
ကြီး "
ကိုဥက္ကာက ထိုခြံကို အလွန်အမင်းစိတ်ဝင်စားပုံတော့မရ။
သူ့အတွက် နားခိုရာနေရာကောင်းကောင်းတစ်ခုဖြစ်မည်
ဆိုပါကမည်သည့်နေရာ၌မဆို နေမည်ဟုစိတ်ပိုင်းဖြတ်ထားသူသာ။
မြဖူးငုံမှာမူ ထိုသို့မဟုတ်။ ခြံကွက်ကို စိတ်ဝင်တစားရှိ
နေသည်။ ဘေးပတ်ဝန်းကျင်အနေအထားကို အကဲခတ်
ကြည့်ရှုနေ၏။
" ရေက ဘယ်ကယူကြသလဲ "
" ခုနကဝင်လာတဲ့လမ်းမှာလေ ... အဲ့ကနေရေပိုက်သွယ်လိုက်ရုံပဲ ... ဟိုးတောင်ဘက်နားမှာ ရေကန်ကြီးရှိတယ် ... အဲ့ကရေနဲ့ သုံးကြတာ "
" အော် ... မီးကြတော့ရော "
" မီးကတော့ လောလောဆည်မရသေးဘူးသမီးရဲ့ ...
ဟိုးမှာ အပင်ကြီးနှစ်ပင်ကြားလေးမှာ မီးတိုင်ကြီး
တွေ့လား "
မခင်လှညွှန်ပြရာသို့ မြဖူးငုံ ကြည့်လိုက်၏။
" ဟုတ် တွေ့တယ် အန်တီ "
" အဲ့ကနေဆို မီးတိုင် သုံးလေးတိုင်စိုက်ရင် မီးရပြီ ...
ဘာပဲပြောပြော ခုခေတ်မှာ ဒီဈေးနဲ့ ဒီလိုအကျယ်ရတာ
တန်ပါတယ်သမီးရယ် ... ဒီနားမှာအိမ်တွေလည်းလာ
ဆောက်နေကြပြီပဲ ... သိပ်မကြာဘူး ... စည်လာတော့
မှာ "
မခင်လှပြောသလိုပင် ခြံကွက်များအကွက်ရိုက်ထားရာ
တဝိုက်၌ သူ့ခြံကိုယ့်ခြံလာရှင်းနေကြပြီ၊ ခြံလာခတ်နေ
ကြပြီဖြစ်သည်။
" အဓိကက ကားလမ်းသာဖို့ပဲ ... လမ်းကနည်းနည်းကျဉ်း
နေသလားလို့ "
" မကျဉ်းဘူးသမီးရေ ... ဒါ ပေနှစ်ဆယ်လမ်းလေ ... ခြုံ
တွေမရှင်းရသေးလို့ ကျဉ်းတယ်ထင်နေတာပါကွယ် "
" ဒီလိုဆိုတော့လည်းမဆိုးပါဘူး ... "
မြဖူးငုံက မိမိတတ်နိုင်သည့်ငွေပမာဏလည်းဖြစ်၊ ပေ
အတော်ကျယ်ဝန်းသည်လည်းဖြစ်၊ မိမိစိတ်ကြိုက်အိမ်လေးဆောက်လုပ်ရမည်လည်းဖြစ်၍ သဘောကျနေလေသည်။
" ဒါဆို သမီးတို့ တိုင်ပင်လိုက်အုံးမယ် ... မနက်ဖြန်မှ
အကြောင်းပြန်မယ်နော်အန်တီ "
" အေးပါကွယ် ... ဟိုးဘက်နားမှာ တစ်ကွက်ရှိသေးတယ် ... သူက ပေ ၆၀ -၄၀ ပတ်လည်လေးပဲ ... ဒါပေ
မယ့် လမ်းထောင့်ပေါ့ ... တခါထဲ ကြည့်လိုက်ပါလား "
ကိုဥက္ကာက မြဖူးငုံကို လှမ်းကြည့်နေသည်။ မြဖူးငုံက
နေအတော်ပင်ပူသည့်အပြင် အိုက်စပ်စပ်ဒဏ်ကို
မခံနိုင်သဖြင့် မကြည့်တော့ဟုဆိုကာ လှည့်ပြန်လာခဲ့
ကြတော့၏။
၎င်းတို့ငှားနေရာ အခန်းလေးဆီသို့ရောက်မှ ခြေပစ်
လက်ပစ် ထိုင်ချကာ အမောဖြေနိုင်ကြလေသည်။
" မောင့်သဘောကရော "
" ဖူးစိတ်ကြိုက်သာစီစဉ်ပါကွာ ... မောင်က ဘယ်မှာ
ဖြစ်ဖြစ် ဖူးသာဘေးမှာရှိရင် ရပါပြီ "
" ဒါဆို အဲ့အကွက်လေးပဲ ယူလိုက်မယ်လေ "
" ဖူးသဘော ... ဒါပေမယ့် ဈေးတော့နည်းနည်းပါးပါးဆစ်
ကြည့်ပါအုံး ... အိမ်ဆောက်ရင်လည်းကုန်အုံးမှာ ... မီး
တိုင်ပါစိုက်ရမှာဆို မကတော့ဘူးမဟုတ်လား "
" ဆစ်မှာပေါ့ မောင်ရဲ့ ... ဖူးတို့အတွက်က လူတွေနဲ့ဝေး
လေ ကောင်းလေပဲလေ ... မဟုတ်လား "
မြဖူးငုံကပြောရင်း မျက်နှာလေးညိုးကာ ခေါင်းငုံ့သွား
သည်။ ကိုဥက္ကာလည်း သူ၏ရင်ခွင်ကျယ်ကြီးထဲသို့ မြဖူးငုံကို ဆွဲယူကာ ပွေ့ဖက်ထားလေတော့သည်။
မြဖူးငုံမိဘများက အတော်ပင်ကြွယ်ဝချမ်းသာကြသည့်
လူကုံထန်များဖြစ်ပြီး အထွေးဆုံးသမီးလေး မြဖူးငုံကို
ငုံထားမတတ်ချစ်ကြသည်။
မြဖူးငုံကလည်း ရုပ်ရည်အလွန်ပင်မချောလှသော်လည်း
ချစ်စရာမျက်နှာဝိုင်းဝိုင်းနှင့် ဖြူဝင်းသောအသားအရည်
ကြောင့် မြင်သူတိုင်းက ချစ်ခင်ကြ၏။
မိဘများက ဆောက်လုပ်ရေးကုမ္ပဏီကြီးတည်ထောင်
ထားသူဖြစ်သည့်အလျှောက် မြဖူးငုံကလည်း ကန်ထရိုက်
လုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့သည်။
ဤတွင် ကိုဥက္ကာနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်၏။ ကိုဥက္ကာက
ပန်းရံခေါင်းဆောင်၊ တစ်ကောင်ကြွက် တစ်မျက်နှာ။
အလုပ်ဆိုက်သို့လာလျှင် အခြားသူများကဲ့သို့ ထမင်း
ချိုင့်မပါပေ။ ကြုံရာဝယ်စားရသည်။
တစ်ကိုယ်ရည်တစ်ကာယသမားဖြစ်၍ အနေအစားဆင်း
ရဲရှာသည်။ မြဖူးငုံက ထိုသို့အနေအစားဆင်းရဲသည်ကို
မြင်ပါများလာသည့်အခါ ဂရုဏာသက်လာမိသည်။
ထို့ကြောင့် နေ့လည်စာစားလျှင် ကိုဥက္ကာအတွက် ထမင်း
ဟင်း ပိုထည့်လာပေးပြီး လာလာယူခိုင်းတတ်၏။ ပို၍
ရင်းနှီးလာသောအခါ နေ့လည်စာအတူစားသည့်အဆင့်
သို့ရောက်လာကြတော့သည်။
တဆင့်စကားတဆင့်နားဖြင့် မြဖူးငုံမိဘများက သိရှိသွား
သည့်အခါ မြဖူးငုံကို ဆူပူကြိမ်းမောင်းလာသည်။ ကိုဥက္ကာ နှင့် ခပ်တန်းတန်းနေစေသည်။
" ဒီလိုရောနေလို့ မရဘူးလေ ဖူးဖူး ... မေမေမကြိုက်ဘူး
နော် ... ကိုယ်ကသူဌေးသမီး ... ဒီလို အဆင့်မရှိတာတွေနဲ့
တတန်းထဲနေစရာအကြောင်းကိုမရှိတာ ... "
" ဟုတ်တယ်သမီး ... ဖေဖေလည်း မကြိုက်ဘူး ... သမီး
အဆင့်က ပန်းရံအဆင့်လား ... ပညာတွေတတ်အောင်
သင်ပေးထားတာ ... ဒီလို အောက်ခြေလူတန်းစားတွေနဲ့
တတန်းထဲနေဖို့မဟုတ်ဘူး ... ဒီသတင်းကို ဖေဖေ့လုပ်
ဖော်ကိုင်ဖက်တွေ ကြားသွားရင် သိသွားရင် ဘယ်လို
ထင်ကြမလဲ ... ဆင်ဆင်ခြင်ခြင်နေစမ်းပါသမီးရာ "
" ဟုတ်ကဲ့ပါ ဖေဖေ "
မိဘများဆူပူပြောဆိုလျှင် တစ်ပတ်ခန့် ငြိမ်သွားသည်။
ပြီးနောက် နဂိုအတိုင်း ထမင်းအတူစားမြဲပင်။ မြဖူးငုံက
သူဌေးသမီးဆိုသည့် အနေအထားကို အမြဲထိန်းချုပ်ထား
ရသဖြင့် မွန်းကြပ်နေသူဖြစ်သည်။
ကိုဥက္ကာနှင့်မှ စိတ်လွတ်ကိုယ်လွတ် ရယ်လားမောလား
နေနိုင်ပြီး ပကာသနကင်းရှင်းသည်ဟု မှတ်ထင်မိသည်။
ကိုဥက္ကာနှင့်ဆိုလျှင် အထက်တန်းကျောင်းသူဘဝမျိုး
လွတ်လပ်မှု၊ အေးချမ်းမှုကို ပြန်ရရှိသလို ဖြစ်ပေါ်မိသည်။
မြဖူးငုံကသာ အလေးပေးနေသော်လည်း ကိုဥက္ကာမှာမူ
သူဌေးသမီးဟူသောအရှိန်ဖြင့် ရှိန်နေဆဲပင်။ ထိုအရာ
ကြောင့် ၎င်းတို့နှစ်ယောက်ကြား အမြဲလိုလို စကားများ
ကြရသည်။
မြဖူးငုံဘက်ကစပြီး ရန်တွေ့ရစမြဲ။ ကိုဥက္ကာမှာ မြဖူးငုံ
ပြောသမျှ ခေါင်းညိမ့်ရရှာသည်။ ထိုသို့ နှစ်ကာလကြာ
လာသည့်အခါ ရည်းစားသညာမရှိသေးသည့် မြဖူးငုံကို
နေရာချထားပေးဖို့ မိဘနှစ်ပါးက ပြောဆိုလာတော့၏။
ထိုအခါမှ မြဖူးငုံမှာ တုန်လှုပ်ချောက်ချားသွားမိသည်။
အိမ်ထောင်ပြုခြင်းအမှုကို မေ့လျော့နေရာမှ အိပ်မက်မှ
လန့်နိုးသူလို ဖြစ်သွားခဲ့လေသည်။
မိဘတို့သဘောတူကြည်ဖြူသောလူကိုလည်းမကြိုက်၊
ငြင်းဆန်ရန်လည်းခက်သည့်အနေအထားမျိုးတွင် သူ့
စိတ်တိုင်းကျ ပြုမူလိုက်တော့၏။
" ကိုဥက္ကာ ... ဖူး သူငယ်ချင်းတစ်ယောက်က သူ့အိမ်ပြင်
ချင်လို့တဲ့ ... အဲ့ဒါညနေကြရင် သွားကြည့်ရမှာ ... ဖူးနဲ့
လိုက်ခဲ့လိုက်နော် "
" ဟုတ်ကဲ့ "
ခါတိုင်းလည်းထိုသို့သွားနေကြဖြစ်၍ အခြားသူများက
သာမန်ကာလျှံကာပင် ထားလိုက်ကြသည်။ စင်စစ်တွင်
မူ တွန်းတိုက်ပါများသော ကျောက်ရုပ်ကြီးက မလှုပ်
လာသဖြင့် မြဖူးငုံမှာ ကြံမိကြံရာကြံလိုက်ရခြင်းပင်။
ခြံဝင်းကြီးတစ်ခြံထဲခေါ်သွားပြီး ခြံတံခါးကိုပါသော့
ခတ်ထားလိုက်သည်။ မည်သည်မှမသိရှိသေးသော
ကိုဥက္ကာမှာ အိမ်ပြင်မည်ဆိုသဖြင့် အိမ်ပတ်ပတ်လည်ကို
မျက်လုံးဝေ့ကြည့်နေရှာ၏။
" ဖူး သူငယ်ချင်းရော ... "
" အဟင်း ... လာ အထဲ "
မြဖူးငုံကသဘောကျစွာရယ်ရင်း ကိုဥက္ကာကို အိမ်ထဲ
ခေါ်ဝင်လေသည်။ ဧည့်ခန်းထဲရောက်သော်လည်း မည်
သူမှမရှိသဖြင့် ကိုဥက္ကာမှာ ကြောင်တောင်တောင် ဖြစ်
နေမိသည်။
" ကိုဥက္ကာ "
" ဗျာ "
" ဟို ... တကယ်တော့လေ ... ဖူးက ... ဖူးကလေ "
" ဟုတ် "
" ကိုဥက္ကာ ကို ခိုးလာတာ "
" ဗျာ "
ကိုဥက္ကာမှာ ထိုအချိန်အထိ မြဖူးငုံ နောက်နေသည်ဟုသာ
ထင်နေမိသေး၏။
" ဖူးကတော့ အမြဲအရွှန်းဖောက်နေတာပဲ "
နှစ်ယောက်သား ပြိုင်တူရယ်မောလိုက်ကြ၏။ မြဖူးငုံက
ရယ်နေရင်း မျက်နှာချက်ချင်းတည်သွားပြီး ပြောလာ
သည်။
" တကယ်ပြောနေတာ ... ကိုဥက္ကာ ကို ဖူး ကားတင်
ပြေးလာတာ ... မယုံဘူးလား "
ထိုအခါမှ ကိုဥက္ကာမှာ မျက်လုံးလေးကလည်ကလည်
နှင့် မြဖူးငုံကို ကြောင်ကြည့်နေတော့၏။
" လာ ဒီမှာထိုင် "
မြဖူးငံုညွှန်ပြရာသို့ ကိုဥက္ကာက ကျုံ့ကျုံ့လေးဝင်ထိုင်
လိုက်လေသည်။
" ဖေဖေတို့က ကိုဇော်မျိုးထွန်းနဲ့ နေရာချပေးမလို့တဲ့ ...
အဲ့ဒါ သူ့ကိုဖူးမယူချင်ဘူး ... ဖူးက ကိုဥက္ကာနားပဲနေချင်
တာ ... "
မြဖူးငုံစကားကြောင့် ကိုဥက္ကာမျက်ဝန်းများ ဝိုင်းစက်
လာခဲ့သည်။
" ဘယ်လိုမှ ငြင်းလို့မရတော့လို့ ... ကိုဥက္ကာကလည်း
ဖူးကို ဖွင့်မပြောဘူးလေ ... တကယ်တော့ ဒီကိစ္စကအရင်
ပြောပြရမယ်မှန်းသိပါတယ် ... ပြောဖို့အချိန်မရတော့
တာကြောင့် အရင်ဆုံးခိုးလာတာ ... ဖူးလေ ... ကိုဥက္ကာ
ကို ချစ်တယ် ... "
" ဗျာ "
" ကိုဥက္ကာကလဲ ... ဗျာကလွဲပြီးမပြောတတ်ဘူးလားလို့ ...
ဟို ... ဖူးကိုရော ... ဘယ်လိုသဘောရလဲဟင် "
မြဖူးငုံမှာ ထင်ရာစိုင်းပြီးမှ လေပြေသွေးနေလေသည်။
ကိုဥက္ကာမှာမူ မြဖူးငုံ၏အဖေကိုသာ မြင်ယောင်နေမိ၏။
အလုပ်ရှင်သူဌေးအကြောင်း တော်တော်များများသိထား
ပြီးသားပင်။
သဘောကောင်းလျှင်နှစ်ယောက်မရှိသလို၊ သဘောဆိုး
ပြီဆိုပါက ကြောက်မက်ဖွယ်ကောင်းလှသည်။
" ဖူး ဒီလိုလုပ်လို့ မဖြစ်ဖူးထင်တယ် ... ကျွန်တော် ဘာ
ပြောရမှန်းတောင်မသိတော့ဘူး "
" ဟာ ... ကိုဥက္ကာကလဲ ... ဖူးမေးတာပဲဖြေ ... ဖူးကို
ချစ်လား မချစ်ဘူးလား "
" ချစ် ... ချစ်တာပေါ့ဖူးရယ် "
" ဒါပဲလေ ... ဒါဆိုရပြီပေါ့ ... တကယ်ဆိုရင် အချစ်ပဲ
လိုတယ်တဲ့ ... ဘာလိုသေးလို့လဲ "
" မဟုတ်သေးပါဘူးဖူးရယ် ... ကျွန်တော့်အခြေအနေကို
ဖူးလည်းသိနေသားပဲ ... ကျွန်တော့်ဘဝက လှည့်ကြည့်
ချင်စရာမရှိလောက်အောင် ဆိုးပါတယ်ဖူးရာ ... ဖူးဖေဖေ
မပြောနဲ့ ... ဘယ်သူ့မှလက်ခံကြမှာမဟုတ်ဘူး "
" ဒါတွေမလိုပါဘူးဆို ... ဖူး ကိုဥက္ကာကို ချစ်တယ် ...
ကိုဥက္ကာကလည်း ဖူးကိုချစ်တယ် ... လူပျိုလူလွတ်ချင်း
ပေါင်းသင်းကြတာ အပြစ်မှမဟုတ်တာ ... ဖူးကိုကြည့် ...
ဒီနေ့စပြီး ဖူးနဲ့အတူ ဘဝသစ် စကြမယ်နော် ... နော် "
ကိုဥက္ကာမှာ ခေါင်းညိတ်မိသလား၊ ခေါင်းခါမိသလားပင်
မသိတော့ချေ။ သူသိလိုက်သည်မှာ သူ့ရင်ခွင်ထဲသို့ မြ
ဖူးငုံဝင်ရောက်မှေးစက်နေခဲ့ပြီဖြစ်၏။
" မောင်ရေ ... အိမ်စရံချရမယ်လေ ... ထတော့ "
မြဖူးငုံလာနှိုးမှ အတိတ်အကြောင်းများတွေးရင်း အိပ်
ပျော်သွားသည်ကို သတိရသွားခဲ့သည်။
" အင်း ... "
ရေမိုးချိုးပြီး မနက်စာစားကာ မြေစရံချရန် ထွက်လာ
ခဲ့ကြလေသည်။
" အန်တီခင်လှရေ ... သွားကြမယ်လေ "
" အော် အေ ... အေ ... "
မခင်လှက လက်ပွေ့အိတ်တပတ်နွမ်းလေးကို လက်ထဲ
ပွေ့လာကာ အိမ်ထဲကထွက်လာလေသည်။
" အမေ ... "
သူ့နောက်မှ သူ့သားက ပြေးလိုက်လာပြီး မခင်လှကို တီး
တိုးပြောနေ၏။ မခင်လှက လက်ဖြင့်ပုတ်ချကာ တစ်ခုခု
ကို ငြင်းဆန်နေဟန်ရသည်။
" အမေ မပြောရင် ကျွန်တော်ပြောမှာ ... "
" ဟဲ့ ... မောင်ဖြိုး ... ဘယ်လိုဖြစ်နေတာလဲ "
" အလုပ်တစ်ခုလုပ်ရင် နာမည်တစ်လုံးကအရေးအကြီး
ဆုံးပဲဗျ ... နာမည်ပျက်သွားရင် ဘာမှလုပ်စားလို့မရတော့
ဘူးဆို အမေသိလား ... "
" နင်ပွဲမဖျက်နဲ့နော် မောင်ဖြိုး ... ဒါလေးရမှ အဆင်ပြေ
မယ့်ဟာကို ... ဖျက်လိုဖျက်ဆီးနဲ့ "
" ဘာဖြစ်ဖြစ်ဗျာ ... "
" အော် အစ်ကို ... ခဏလောက် ဆင်းခဲ့ပါလား ... ကျွန်
တော်ပြောပြစရာလေးရှိလို့ပါ "
မြဖူးငုံတို့မှာ ငြင်းခုန်နေကြသော သားအမိကြောင့် ဝေခွဲ
မရနိုင်ဖြစ်ပြီး အတူဆင်းလိုက်ကြသည်။
" ပြောလေ ငါ့ညီ "
" အစ်ကိုတို့အဲ့ခြံ ဝယ်မယ်ဆိုရင် သူ့နောက်ကြောင်း
တော့ သိထားသင့်တယ်ထင်လို့ပါအစ်ကို "
" သူ့နောက်ကြောင်းဆိုတာက "
" ဘာမှမဟုတ်ပါဘူးကွယ် ... သူက နေရာမှားပြောနေတာ
ပါ ... ကဲမောင်ဖြိုး ... သွားတော့ ... အမေအလုပ်ရှိသေး
တယ် "
" အမေ ဖယ်ပါဗျာ ... အဲ့လိုမလုပ်စမ်းပါနဲ့ဗျ "
" ဒီလိုအစ်ကို အဲ့ခြံအကြောင်း ပတ်ဝန်းကျင်ကို အရင်
စုံစမ်းကြည့်အုံး ... အရင်က အဲ့နေရာကို နွားခြံလို့ ခေါ်
တာအစ်ကို ... ဘယ်သူ့မှ မဝယ်ရဲလို့ ခုထိရောင်းမထွက်
ဘဲ ကျန်နေတာ "
" ဘယ်လိုရယ် ... ဘာလို့မဝယ်ရဲကြတာလဲ "
" အဲ့ခြံနေရာက ပြောရရင် အရင်တုန်းက နွားတွေ ဝက်တွေ
သတ်တဲ့နေရာဗျ ... ရွာက နွားတွေ ကျွဲတွေ ဝက်တွေ သတ်
ရင် အဲ့နေရာမှာသတ်ကြတာ ... မကောင်းဆိုးရွားတွေ နေ
တဲ့နေရာလို့လည်း နာမည်ကြီးတယ် ... သရဲအရမ်းခြောက်
တာအစ်ကို ... အဲ့ဒါကြောင့် ဘယ်သူ့မှမဝယ်ကြတာ ... "
" ဟာ ... အဲ့လိုဆို တခြားနေရာပဲ ဝယ်တာကောင်းမယ်
နော်ဖူး "
" သေချာပြောပြစမ်းပါ ... နွားတွေသတ်တဲ့နေရာမလို့
မဝယ်ရဲကြတာလား ... သရဲခြောက်လို့မဝယ်ရဲကြတာ
လား "
" နှစ်ခုလုံးပဲအစ်မ ... နွားတွေသတ်တော့ သွေးစိမ်းတွေကျ
တာရှိတယ် ... အဲ့မှာ သရဲတစ္ဆေတွေ ကပ်နေတယ်လို့
ပြောကြတယ်ဗျ ... အစ်ကိုနဲ့အစ်မတို့ သေချာစဉ်းစားဖို့
သတိပေးတာပါ ... ကျွန်တော့်အမေက အဲ့ကိစ္စတွေမသိ
လို့ လိုက်ပြပေးခဲ့တာ "
မခင်လှမှာ ပွဲပျက်ပြီဆိုကာ မျက်နှာနွမ်းကျသွားလေ
သည်။ သူ့သားဖြစ်သူမှာမူ မည်သည့်ဘက်မှ မနစ်နာ
စေရန် ကြိုတင်ရှင်းပြပြောပြချင်ပုံရ၏။
" မောင်ဘယ်လိုသဘောရလဲ "
" မောင်က ဘယ်နေရာဖြစ်ဖြစ်ရပြီးသားပဲ ... သင်္ချိုင်းကုန်း
မှာတောင် အိပ်လာတဲ့သူပါဖူးရဲ့ ... ဖူးကိုပဲစိတ်ပူတာ ...
မောင်အလုပ်သွားရင် ဖူးတစ်ယောက်ထဲကျန်မှာ ... "
" ဖူးက ခေတ်လူငယ်ပါမောင်ရယ် ... အဲ့ဒါတွေ သိပ်အယုံ
အကြည်မရှိပါဘူး ... နောက်ပြီး ကြမ်းပေ့ရမ်းပေ့ဆိုတဲ့
မြေပေါင်းစုံမှာ ကန်ထရိုက်ဆောက်လာခဲ့တာ အလုံးပေါင်း
မရေနိုင်တော့ဘူး ... သင်္ချိုင်းမြေတောင် ဘာမှမဖြစ်တာ
နွားသတ်တဲ့နေရာလောက်က ဘာဖြစ်မှာလဲ "
" ခဏလောက်ပြန်စဉ်းစားလိုက်အုံးလေ ... ဘယ်သူ့မှလည်း ဝယ်ရဲမှာမှမဟုတ်တာ ... တခြားနေရာမတွေ့မှ
ဒါလေးလာယူလိုက်ပေါ့ မဟုတ်လား "
" အင်း ... အဲ့လိုပဲ လုပ်ကြတာပေါ့ "
နှစ်ယောက်သားတီးတိုးပြောဆိုကြပြီးသည်နှင့် ခေတ္တ
စဉ်းစားအုံးမည်ဆိုကာ စရံမချဖြစ်တော့ဘဲ လှည့်ပြန်
လာခဲ့ကြတော့သည်။
" ဒီအကွက်က ပေ ၅၀ ပတ်လည် "
" ဈေးကရောဟင် "
" သိန်း ၆၀၀ ပါ "
" ဟုတ်ကဲ့ "
" ဒါလေးကြတော့ရော "
" အဲ့ဒါက သိန်း ၄၅၀ ပါ ... "
" ဒါလေးတော့ မဆိုးဘူးနော် ... တစ်ထပ်တိုက်လေးလည်း
ပါတော့ အဆင်ပြေသားပဲ "
" ဟုတ်တယ်ခင်ဗျ ... ဒီအိမ်လေးကတော့ တအားတန်
တယ် ... ခုခေတ်ကုန်ဈေးနှုန်းနဲ့ ဆောက်ရင် အိမ်ဖိုးချည်း
၃၀၀ လောက်ကုန်မယ် ... မြေက ၁၅၀ လောက်ပဲ ကျတော့
မှာပေါ့ "
" ဒီအိမ်လေး ကောင်းတယ်လေ ဖူး ... တက်နေရုံပဲ "
" အင်း မဆိုးပါဘူး ... ဒါနဲ့ ကားကဘယ်နေရာထားရမလဲ "
" အော် ... အိမ်ထဲတော့ ကားဝင်လို့မရဘူးဗျ ... ဆိုင်ကယ်
ပဲရတယ်အစ်မ "
" ကားဝင်လို့မရရင် အဆင်မပြေဘူးရှင် ... ကားလည်း
ဝင်လို့လွယ်ပြီး မြေညီတာလေး ပြပေးပါလား "
" ဟုတ်ကဲ့ ... အစ်မတို့က ဘယ်လောက်လောက် သုံးမယ်
ခန့်မှန်းထားလဲမသိဘူး "
" အလွန်ဆုံး ၅၀၀ ပတ်ချာလည်ပေါ့ရှင် ... အဲ့ထက်များ
ရင်လည်း မနိုင်လို့ "
" ဟုတ်ကဲ့ ... ဒါဆိုရင် ဒါလေးတော့ရှိတယ် "
အိမ်ခြံမြေအကျိုးဆောင်က ဓါတ်ပုံများကို တစ်ပုံပြီး
တစ်ပုံထုတ်ပြလာသည်။ ထိုပုံများကို မြဖူးငုံမှာ စိတ်
ကြိုက်မတွေ့နေချေ။
" ကိုယ်ခေါင်းချဖို့နေရာလေး ရှာရတာလည်း မလွယ်ပါ
လား မောင်ရယ် "
" ချေးများရင်တော့ ရှာရခက်မှာပေါ့ဖူးရ ... "
" ချေးများတာမဟုတ်ပါဘူး ... ခုကြည့်သမျှလည်း အဆင်
ကိုမပြေနေဘူး ... စိတ်မောလူမောဖြစ်နေပြီ... တိုက်ခန်းလေးပဲ ဝယ်နေကြမလား ... မြို့ထဲလည်းနေရတဲ့အပြင်
... ဆောက်နေစရာလည်းမလိုတော့ဘူး "
" ဖူးအဆင်ပြေသလိုသာလုပ်ပါ ... မောင်ကဘယ်နေရာ
ဖြစ်ဖြစ် ရပါတယ်ဆို "
ထိုအခါ တိုက်ခန်းဘက် လှည့်လိုက်ကြသည်။ တိုက်ခန်း
များကလည်း မိမိတတ်နိုင်သည့်ငွေနှင့် အခန်းကျဉ်းများ၊
အပေါ်ဆုံးထပ်များသာ ရ၏။
ထိုသို့ဖြင့် မြေကွက်ရှာပြီး တိုက်ခန်းထပ်ရှာနှင့် လူက
ဖတ်ဖတ်မောနေချေပြီ။ စိတ်တိုင်းကျသည့်နေရာမှာ
ရှာမတွေ့သေးချေ။
" ဖူးတော့လေ ဟိုတစ်ခါကြည့်တဲ့ နွားခြံလား ကျွဲခြံလား
အဲ့နေရာလေးပဲ သဘောကျမိတယ် ... ပေကလည်းအ
ကျယ်ကြီး ... နေရာလည်း ကောင်းတယ် ... တခြားနေရာ
မှာဆို အဲ့လိုအကွက်မျိုး သိန်း ၆၀၀ လောက်ပေါက်တာ
မောင်ရဲ့ ... သူတောင်းတာ ၃၉၀ ဆို ဆစ်တာနဲ့ ၃၆၀ လောက်ရမှာ ... ဖူးတို့ရှိတာလေးနဲ့ စိတ်လည်းမပင်ပန်း
ရတော့ဘူး ... "
" ဖူးကနေရဲလို့လား ... သေချာစဉ်းစားပါအုံး "
" နေ့ဆို လင်းနေတာပဲလေ ... ကြောက်စရာမရှိပါဘူး ...
ညဘက်ကြတော့ မောင်ရှိနေပြီပဲ "
" ဖူးသဘောကျရင် ယူပေါ့ ... ဖူးအိမ်ပဲဟာ "
" မောင်ကအဲ့လိုမပြောနဲ့လေ ... ဖူးအိမ်လည်း မောင့်
အိမ်ပဲပေါ့ ... "
" မောင်ရှာထားတဲ့ပိုက်ဆံမပါလို့ စိတ်မကောင်းဖြစ်မိ
တယ်ဖူးရာ ... တကယ်ဆို ဒါတွေမောင်ကလုပ်ပေးရ
မှာ "
" မောင်ကလဲလေ ... အဲ့ဒါတွေမလိုပါဘူးဆို ... ဒီပိုက်ဆံ
တွေလည်း ဖူးရှာထားတာတွေပဲလေမောင်ရဲ့ ... နှစ်တွေ
အကြာကြီးစုထားခဲ့ရတာ ... ဖေဖေမေမေတို့ ပိုက်ဆံမပါ
ပါဘူး ... မောင်စိတ်သန့်သန့်နဲ့သာနေ ... နော် "
" အင်းပါ ... "
" ဒါဆို မနက်ဖြန်ကြရင် နွားခြံဘက်တစ်ချက်ပတ်ကြည့်
ကြမလား "
" ကြည့်လေ "
နောက်တစ်နေ့မနက်တွင် ထိုနွားခြံဆီသို့ နောက်တစ်
ခေါက် ထပ်သွားကြည့်ကြသည်။
" ဖူးတော့လေ ... ဒီနေရာလေးထက်ကောင်းတာကို မမြင်
မိဘူး ... ဒါလေးပဲ ဈေးဆစ်ပြီး ယူလိုက်တော့မယ်နော်
မောင် "
ထိုသို့ပြောကာ ခြံထဲသို့ လမ်းလျှောက်ကြည့်နေစဉ် သူမ၏ ညာဘက်လက်မောင်းကို ဆုပ်ကိုင်လိုက်သကဲ့
သို့ အေးစက်စက် အထိအတွေ့တစ်ခု လျှပ်တပြက် ခံ
စားလိုက်ရ၏။
ဆတ်ခနဲ လှည့်ကြည့်လိုက်သော်လည်း ခြုံနွယ်ပိတ်ပေါင်း
မှလွဲ၍ မည်သည်မှမရှိချေ။ သို့သော် အမှောင့်ပရောဂ
ကို မကြုံဖူးသူပီပီ ထိတ်လန့်ခြင်းတော့မဖြစ်မိခဲ့။
ခြံတစ်ပတ်ပတ်ကြည့်ပြီး မခင်လှအိမ်သို့ ထွက်လာခဲ့ကြ
လေတော့သည်။
" အန်တီခင်လှရေ "
" ဘယ်သူလဲ "
အိမ်ထဲမှ မခင်လှက ပြန်ထူးရင်း ထွက်လာလေသည်။
" အော် ... သမီးတို့ သားတို့ လာ လာ ... အိမ်ထဲဝင်ကြ "
" ဟုတ်ကဲ့အန်တီ "
မခင်လှက နေရာထိုင်ခင်းများ ပြင်ဆင်ပေးပြီး ရေနွေး
ဖြင့် ဧည့်ခံသည်။
" အကွက်ရသွားပြီလား "
" မရသေးပါဘူးအန်တီရယ် ... "
" ဒါဆို အန်တီတနေရာမှာတွေ့ထားတာလေ လိုက်ကြည့်
မလား ... ကားလည်းဝင်လို့ရတယ် ... မြေလည်းပေကျယ်
တယ် ... ခုလိုက်ကြည့်မလားသမီး "
" မကြည့်တော့ပါဘူးအန်တီ ... ခုလာတာကလေ ... ဟို
တနေ့ကကြည့်တဲ့ အကွက်လေး ... "
" နွားခြံအကွက်လား "
" ဟုတ်ကဲ့ ... အဲ့ဒါလေး ရှိသေးလားအန်တီ "
" ရှိမှာပေါ့ ... ရောင်းမထွက်သေးလောက်ဘူး ... အန်တီ
မေးပေးမယ်လေ "
" ဟုတ် မေးပေးကြည့်ပါအုံး ... ဈေးရောမေးပေးပါနော် "
" အေ အေ သမီး "
မခင်လှက မြေကွက်ပိုင်ရှင်ထံ ဖုန်းဆက်ပြီး မေးမြန်းပေး
၏။
" သိန်း ၃၉၀ ကို ပါးပါးပဲလျော့မယ်တဲ့ "
" ပါးပါးဆိုတာက ဘယ်လောက်လောက်လျော့မှာလဲ
အန်တီ "
" ၃၈၀ အပိတ်လောက်ပြောနေတယ် သမီး "
" အပိတ်ဆိုတာက "
" သူတို့ဘက်က ပွဲခမထုတ်ဘူးပေါ့ကွယ် ... အန်တီ့ကို
သမီးတို့ဘက်ကပဲ ကြည့်ပေးပေါ့ "
" သူနဲ့ သမီး ဖုန်းပြောလို့ရမလားအန်တီ "
" ခေါ်ပေးနော် ခဏလေး "
" ဟုတ် ကိုအောင်ဖေရေ ... ဝယ်လက်က စကားပြော
ချင်လို့တဲ့ ... ပေးလိုက်ပြီနော် "
" ဟုတ်ကဲ့ အန်ကယ်လ် ... နွားခြံအကွက်လေး ဈေး
ညှိချင်လို့ပါရှင် "
" မခင်လှကိုပြောထားတဲ့အတိုင်းပဲသမီး ... ၃၈၀ အပိတ်
ရရင် အန်ကယ်လ်ထုတ်မှာပေါ့နော် "
" နည်းနည်းပြင်ပေးပါအုံးလားအန်ကယ်လ် ... ဈေးက
ခေါ်ဈေးနဲ့အရမ်းကပ်နေတော့လေ ... "
" ပြင်လို့မရတော့လို့ပါသမီးရေ ... သမီးစုံစမ်းကြည့်ပါ
နော် ... ဘေးကအကွက်တွေဆို အဲ့ဈေးမရပါဘူးကွယ် ...
ပေ ၅၀ ပတ်လည်တောင် ၄၀၀ ကျော်ခေါ်နေကြတာ ...
ခုက နှစ်ကွက်စာလေသမီးရဲ့ ... တန်ပါတယ် "
" ဟုတ် ... သမီးက ပိုက်ဆံသိပ်မနိုင်လို့လေ ... ၃၆၀
လောက် ဆို အဆင်ပြေမလားအန်ကယ်လ် ... ဝယ်ဖြစ်
သွားအောင် ထားပေးပါနော် ... ပွဲခလည်း သမီးဘက်က
ပေးပါ့မယ် "
" ၃၆၀ တော့ မလုပ်ပါနဲ့ ... ကဲ ... ၃၇၀ အပိတ်ကွာ ...
ဒီထက်တော့ အန်ကယ်လ်လည်း လျော့လို့အဆင်မပြေ
တော့လို့ပါ "
" အင်း ၃၇၀ ဆိုရင် သမီးဘက်က ပွဲခပဲထုတ်ရမှာမလား "
" ပွဲခနဲ့ စာချုပ်ခပေါ့နော် ... အန်ကယ်လ်က အပိတ်လို
ချင်တာသမီး "
" အော် ဟုတ်ကဲ့ ... ဒါဆိုလည်း ယူလိုက်မယ်လေအန်
ကယ်လ် ... မနက်ဖြန် စရံချလိုက်မယ်ရှင့် "
ဤသို့နှင့် သိသူများက လက်ရှောင်ကြသော နွားခြံအ
ကွက်ကြီးကို ဝယ်ယူဖို့ဆုံးဖြတ်လိုက်လေတော့သည်။
နောက်တနေ့တွင် သိန်း ၁၀၀ ယူကာ ပထမအရစ် ပေး
သွင်းလိုက်ကြသည်။
" ကျန်တဲ့ ၂၆၀ ကို နောက်တစ်ပတ် အပြီးချေမယ်နော်
အန်ကယ်လ် ... "
" အေးပါသမီးရေ "
မခင်လှမှာ ပွဲဖြစ်သွားပြီဖြစ်၍ တပြုံးပြုံးဖြစ်နေလေ၏။
" တစ်ခုလောက် ပြောချင်လို့ပါအန်ကယ်လ် ... "
" ပြော ရတယ်သမီး "
" ပိုက်ဆံမကျေသေးပေမယ့် ခြံလေးကြိုရှင်းထားချင်
လို့ ... ရမလားလို့ပါ "
" ရပါတယ်သမီးရာ ... စိတ်တိုင်းကျရှင်း ဟုတ်လား "
" ဟုတ် ကျေးဇူးပါအန်ကယ်လ် "
သို့နှင့် ထိုခြံကွက်ကို ခြုံရှင်းရန်အတွက် လူငှားခေါ်ခိုင်း
သော်လည်း လိုက်ရဲသည့်သူ မရှိကြချေ။
" ဘာဖြစ်လို့လဲမသိဘူး ... ကြောက်ကြတာလား "
" ဟုတ်မယ်ဖူး ... မလိုက်လည်းနေပါစေကွာ ... မောင့်
သူငယ်ချင်းတွေခေါ်ပြီး ရှင်းလိုက်တော့မယ် "
" အို မောင်ကလဲ ... ဒီလိုအလုပ်တွေပြန်မလုပ်ပါနဲ့ဆို ...
ဒါတွေဆက်လုပ်နေရင် ဖေဖေတို့က ဘယ်အချိန်မှ ကြည်
ပါ့မလဲ "
" ဖူးကလဲကွာ ... မောင်တို့နေမယ့်ခြံလေ ... ကိုယ့်ခြံကိုယ်
ရှင်းတာ ဘာများဖြစ်လို့လဲ "
" ဟူး ... အင်းပါ ... "
ကိုဥက္ကာ၏ ပန်းရံမိတ်ဆွေများအကူအညီဖြင့် ထိုခြံကြီး
ကို ရှင်းဖို့ ပြင်ဆင်လိုက်တော့သည်။ လူ ( ၈ ) ယောက်
ဖြင့် ရှင်းလင်းလိုက်ရာ တစ်ရက်သာကြာခဲ့၏။
နောက်တစ်နေ့တွင် ကိုဥက္ကာထံ သတင်းဆိုးရောက်လာ
ခဲ့သည်။ ထိုခြံရှင်းကြသောသူအကုန် ဖျားနေကြသည်ဆို
သောသတင်းပင်။
ထိုသူများအားလုံး ထပ်တူညီစွာပြောလာကြသည်မှာ
သရဲခြောက်သည်ဆိုသောစကားပင်ဖြစ်၏။
" ငါညက အိပ်နေရင်း မိန်းတစ်ယောက် အခန်းထဲဝင်
လာတာ တွေ့လိုက်တယ် ... အဲ့ဒီမိန်းမက ငါ့ဘေးတဖြည်း
ဖြည်းတိုးလာတာ ... ငါသိလိုက်ပြီ ... ဒါလူမဟုတ်ဘူးပေါ့
... သူကပြောတယ် ... သူ့နေရာကို ဖျက်ဆီးတာ မကျေ
နပ်ဘူးတဲ့ ... ဘယ်နေရာလဲလို့ တွေးနေတုန်း ငါ့မျက်စိထဲ
မှာ မင်းခြံကြီးပေါ်လာတာပဲဟေ့ရောင် ... ပြီးတော့ အဲ့ခြံ
ထဲ ထပ်မလာနဲ့လို့ပြောတယ် မနက်နိုးလာတာနဲ့ လူကချမ်းတုန်ပူတုန်ဖြစ်ပြီး အပူချိန်တက်လာတာပဲ ဥက္ကာရေ "
" ညီမ အရမ်းကြောက်တယ်အစ်ကိုဥက္ကာ ... ညက မိန်းမ
တစ်ယောက်ရောက်လာတယ် ... ညီမကို စာရေးပြတယ် ...
သူရေးထားတာ ... ၉ ရက် ၉ လ ၉ နာရီတဲ့ ... ညီမက
အံ့ဩပြီးကြည့်နေတုန်း ... သူတို့သေမယ့်နေ့လို့ပြော
တယ် ... နင်မယုံဘူးမလားတဲ့ ... ခု ၂ နာရီ ၁၅ မိနစ်ရှိပြီ
နင်ထကြည့်လိုက်တဲ့ ... အဲ့ဒါနဲ့ လန့်နိုးသွားတာ ... ဖုန်းကို
ယူကြည့်လိုက်တော့ တကယ်ပဲ ၂ နှစ်ရီ ၁၅ မိနစ် ကွက်
တိပဲအစ်ကို ... သူတို့သေမယ်ဆိုတာ ဘယ်သူတွေကို
ပြောတာလဲမသိဘူး ... "
" နင်က ဇာတ်ကားတွေကြည့်ပြီး လျှောက်မက်နေတာပါ
ဟာ ... "
" ဒါဆို နာရီအတိအကျမက်တာကြတော့ရော ... "
" အဲ့ဒါလည်း ဘာမှမဟုတ်ဘူး ... အိပ်ချင်မူးတူးနဲ့ ထင်
ယောင်ထင်မှားဖြစ်နေတာ "
" ဘာပဲဖြစ်ဖြစ် အဲ့ခြံရှင်းပြီးမှာ အကုန်လုံးဖြစ်ကြတာဆို
တော့ ... ပရိတ်တရားအရင်နာလိုက်တာ ကောင်းမယ်
အစ်ကိုဥက္ကာ "
" အေးပါ ... ငါစီစဉ်ပါအုံးမယ် "
ကိုဥက္ကာမှာ ထိုအကြောင်းများအား မြဖူးငုံကို မပြောပြ
သေးပေ။ တရားနာလိုက်လျှင်တော့ မြေသန့်သွားလောက်
ပြီဟု ယုံကြည်ထားသည်။
ထူးခြားသည်က ခြံရှင်းသည့်လူ ရှစ်ယောက်တွင် ကိုဥက္ကာ
လည်း အပါအဝင်ဖြစ်၏။ သို့သော် ကျန်ခုနှစ်ယောက်မှာ
ဖျားနေကြပြီး အသီးသီးအိပ်မက်မက်ကြသော်လည်း
သူမပါခဲ့။
ထို့အတူ မြဖူးငုံလည်း မပါခဲ့ချေ။ ထိုအချက်ကြောင့်
၎င်း တို့ပြောစကားများကို လက်ခံရန် ခက်ခဲနေမိ၏။
မည်သို့ပင်ဖြစ်စေ သေချာစေရန် လက်ကျန်ခြုံအနည်း
ငယ်အား သူ့တစ်ယောက်တည်း သွားရှင်းမည်ဟု ကြံ
စည်လိုက်သည်။
သူကိုယ်တိုင်ကြုံတွေ့မှသာ ယုံကြည်မည်ဖြစ်သလို
နေထိုင်ရန်သင့်မသင့်ကိုလည်း ထိုအခါမှ ဆုံးဖြတ်နိုင်
ပေမည်။
သူကြားရသလောက် ထိုနွားခြံမှာ ညနေ နေဝင်ရီတရော
အချိန်ပင်လျှင် ဖြတ်လျှောက်ရဲသူမရှိဟူသော သတင်း
နှင့်အတူ ထိတ်လန့်ချောက်ချားဖွယ် ဖြစ်ရပ်တစ်ခုကို
လည်း ကြားသိထားခဲ့၍ အနည်းငယ်တော့ စိုးထိတ်နေ
မိ နေလေ၏။
ဆက်လက်ဖော်ပြပါမည်။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory