နှလုံးသား အနုကပ္ပ (အပိုင်း ၂၃)
lotaya.mpt.com.mm
|
2022-10-22

Part - 23

ဖယောင်း ဂေဟာကိုရောက်လာသည့် မမကြောင့် အံ့သြသွားရသလို ဗိုက်ဖုံးအင်္ကျီလေးဖြင့်မို့ ကိုယ်ဝန်ရှိနေပြီမှန်းသိလိုက်၏။ ဂေဟာ ခြံဝင်းထဲရှိ သစ်ပင်အောက်မှ ခုံတန်းလေးပေါ်ထိုင်ရင်း.....

" ဘာလေးတဲ့လဲဟင်......"

" အဟင်းးးမိန်းကလေးတဲ့။ "

ပန်း ကိုယ့်ဗိုက်လေးကိုယ်အသာဖွဖွထိန်းကိုင်ရင်းမှ ပြန်ဖြေလိုက်သလို ငေးငေးလေးပြုံးကာ ကြည့်နေသည့် ညီမဖြစ်သူအား အကဲခတ်မိ၏။ မျက်နှာလေးက နွမ်းနေသလို ပထမဆုံး ဆုံတွေ့စဥ်က တောက်ပနေသည့် မျက်ဝန်းလှလှလေးတွေက အသက်မဲ့နေ၏။

" ဒီမှာပဲ နေနေတော့မှာလား....."

" ဖယောင်း အလုပ်လျှောက်ထားပါတယ်။ အလုပ်လေးရရင် အဆောင်တစ်ခုခုမှာနေမှာပါ။ "

" မာန်ခိုက်ထင်ကရော......မမဆီ အန်တီရွှေရည်လာသွားတယ်။ သူ့သားကို သူမကြည့်ရက်လို့ ညီမလေး ကိုဖျောင်းဖျပေးပါတဲ့။ အရက်တွေပဲလှိမ့်သောက်ပြီး အလုပ်လဲဖိဖိစီးစီး မလုပ်ဘူးတဲ့။ ညီမလေး ကို သူ တကယ်ချစ်တာပါ။ ဘွားဆိုလဲ..... "

" မေမေရော နေကောင်းရဲ့လားဟင်။ "

စကားလမ်းကြောင်းထလွှဲလိုက်သည့် ဖယောင်းကြောင့် ပန်း မသိမသာ သက်ပြင်းချမိသည်။ ဖယောင်းက ပန်းနဲ့ကွာခြားတာမှ အကျင့်စရိုက်ကအစ ကွာသည်။ စွာသလို ခေါင်းလဲမာသည်။ ဂျစ်တိုက်လာလျှင် ဘယ်သူ့မှဂရုစိုက်တတ်သည့် မိန်းကလေးမဟုတ်။

" မေမေ နေကောင်းပါတယ် ။ "

ဂေဟာထဲဝင်လာသည့် ကားကြောင့် ပန်း လှမ်းကြည့်မိလိုက်သည့်အခါ ကားပေါ်မှအထုပ်အပိုးတွေသယ်ကာ ဆင်းလာသည့် မာန်ခိုက်ထင်။ ဖယောင်းကတော့ စိတ်ရှုပ်သလို မျက်နှာလေးလွှဲသွားရင်းမှ မသိဟန်သာဆောင်နေသည်။

" မမ ပြန်လိုက်ဦးမယ်......"

" ဟုတ်.....ဂရုစိုက်နော် မမ။ "

ဖယောင်း ဂေဟာမှ ပြန်သွားသည့် မမကိုကြည့်ရင်း ဂေဟာ ထဲ ဝင်ရန်ပြင်လိုက်ပေမယ့် အနားရောက်လာသည့် ဦးမာန်က ဖယောင်းရှေ့မှ ပိတ်ရပ်လာသည်။ 

" ချာတိတ် ကိုယ့်ကို အမြဲဒီလိုလုပ်နေတော့မှာလား။ "

" ကိုယ့်ဘာသာ အေးဆေးနေပါလား ဦးမာန်ခိုက်ထင်။ "

သူ့ကို မသိရင် သူစိမ်းတစ်ယောက်လို ဆက်ဆံနေသည့် ချာတိတ်ကြောင့် မာန်ခိုက်ထင် အံတကြိတ်ကြိတ် ဖြစ်သွားရသည်။ 

" ဘယ်လိုအေးဆေးနေရမှာလဲ......ကိုယ့်မိန်းမတစ်ယောက်လုံးက အဖက်မလုပ်ပဲ သုံးလကျော်​လေးလနီးပါး လူကိုသေသေရှင်ရှင် ဂရုတောင်မစိုက်ပဲ ပစ်ထားတာ ကျွန်တော်က အေးအေးလူလူနေနိုင်ပါဦးမလား။ ချော့ခေါ်တော့လဲ လူကိုအဖက်မလုပ်ဘူး.......ဒီကောင်ကတော့ ဘယ်တော့များ အိမ်ပြန်လာမလဲလို့ အိမ်ကနေတမျှော်မျှော်.......ခင်ဗျားလေးက တကယ်နေနိုင်တာပဲ။ "

ဖယောင်း ခပ်စူးစူးလေးပြန်ကြည့်မိရင်းမှ မကျေမနပ် ပြန်ရန်တွေ့၏။

" ဘယ်သူက လာချော့ခိုင်းနေလို့လဲ....."

" ဘယ်သူမှမချော့ခိုင်းပေမယ့် မနေနိုင်လို့ပေါ့။ ကွာရှင်းစာချုပ် က ပို့လိုက်သေး.....လူကဘယ်လောက်ရူးရတယ်ထင်လဲ.... အဲ့စာချုပ်လဲ ဆွဲဖြဲပစ်ပြီ သိလား။"

ဖယောင်း မျက်နှာလေး လွှဲပစ်မိရင်းမှ ဂေဟာထဲဝင်လာသည့် အလှူရှင်ကိုမြင်တော့ ကပျာကယာလျှောက်သွားမိသည်။ ထိုကောင်လေးက အမြဲတမ်းလှူနေကျဖြစ်သလို ဂေဟာမှူးနှင့် အမျိုးစပ်လျှင်လဲ တော်သည်ဟုပြောရမည်။

" အစ်မ......ဒီမှာ သေးခံဒိုင်ပါတွေလာလှူတာအစ်မရေ......ဆပ်ပြာမှုန့်ထုပ်တွေလဲပါတယ်။ "

" အေး....အစ်မမှာလိုက်တာရော ပါလား။ "

" ပါတယ် အစ်မ.....ပေါင်ဒါလေ.....ဝိုင်အိုလက်လား.... "

ဖယောင်းပြုံးကာ ခေါင်းညိတ်လိုက်မိရင်းမှ.....

" ဟုတ်တယ်.....ဘွားစိန်က ပေါင်တွေပွန်းနေလို့လေ။ "

မာန်ခိုက်ထင် မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ဒေါသတွေကတလိတ်လိတ်ထွက်လာရသည်။ သူ့ကိုကျ ဖုတ်လေတဲ့ငပိရှိတယ်ပင် မထင်ပဲ အခြားကောင်ကိုကျ အရေးတယူဆက်ဆံနေသည်။ ပြဿနာရှာမိလျှင်လဲ ကိုယ်ကပဲအလွန်ဖြစ်ဦးမည်မို့ ကားပေါ်တက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် မောင်းထွက်လာခဲ့သည်။ 

ဖယောင်း ဂေဟာထဲမှ ဒရကြမ်းမောင်းထွက်သွားသည့် ဦးမာန်ကားကိုငေးကြည့်ရင်း မျက်မှောင်လေးကျူံ့သွားရသည်။ အမှုမှတ်အမှတ်မဲ့သာ နေလိုက်ရင်းမှ ညနေကျ ကိုကျော်ဖယောင်းဆီ ရောက်လာတော့သည်။

" အာစရိ ကားအက်ဆီးဒင့်ဖြစ်လို့ မမလေး.... "

@@@@@@@@@@@

ဖယောင်း ဆေးရုံထဲအမြန်ဝင်လာရင်းမှ ငိုရှိုက်ထားသဖြင့် ပါးပြင်မှာ မျက်ရည်တွေက စိုရွှဲနေ၏။ စိတ်ဆိုးပြီး ပြန်သွားမှန်းသိပေမယ့် လျစ်လျူရှုပစ်ခဲ့မိသည်။ 

" လူကိုသေသေရှင်ရှင် ပစ်ထားတာလေ...."

" မချော့ပဲ မနေနိုင်လို့ပေါ့။ "

ဦးမာန်ပြောခဲ့သည့် စကားတွေပြန်ကြားယောင်လာတော့ ပို၍ရင်တွေနာလာရသည်။ ကိုကျော် လက်ညှိုးထိုးပြသည့် အခန်းဆီ ဝင်လာတော့ ဆေးရုံခုတင်ထက်ထိုင်ကာ ဆရာဝန်တစ်ယောက်နှင့် စကားပြောနေသည့် ဦးမာန်ကိုတွေ့လိုက်ရသည်။ ခေါင်းတွင်ပတ်တီးစည်းထားသလို ညာလက်ကပါ ပတ်တီးဖြူဖြူတွေအပြည့်။ 

" ချာတိတ်.,...."

မာန်ခိုက်ထင် အခန်းဝမှာ မျက်ရည်လည်ရွဲဖြင့် ရပ်နေသည့် ချာတိတ်ကိုမြင်လိုက်ရသဖြင့် အံ့သြသွားရသည်။ သူ့ဆီအလောတကြီးလျှောက်လာရင်းမှ ....

" ဦးမာန်......ဦးမာန် အဟင့်.....ဟင့်....ဖယောင်းကြောင့်ပါ....ဖယောင်း ဦးမာန်ကို စိတ်ဆင်းရဲအောင်လုပ်လို့။ "

သူ့ဒဏ်ရာတွေကိုကြည့်ပြီး ငိုရှိုက်ရင်းမှ ကလေးပမာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့် ချာတိတ်ကြောင့် မာန်ခိုက်ထင်ပြုံးမိသွား၏။ 

" ဟေးးးးဟေ့.....ချာတိတ်.....ချာတိတ် ကိုယ်ဘာမှမဖြစ်ဘူး......ဘာမှမဖြစ်ဘူး မငိုနဲ့လေ။"

ဖယောင်း ခေါင်းလေးခါယမ်းမိရင်းမှ....

" ဒဏ်ရာတွေရနေတဲ့ဟာ....."

" နည်းနည်းပါးပါးပါ.......ချာတိတ်ကရော စိတ်ဆိုးပြေပြီလား ။ "

ခေါင်းလေးတဆတ်ဆတ်ညိတ်ပြလာတော့ မာန်ခို​က်ထင်ပြုံးမိ၏။ ကိုကျော် သွားပြောလိုက်မှန်း သူရိပ်မိလိုက်သလို မေမေတောင်သိသေးတာ မဟုတ်။ ဘာပဲပြောပြော သူမလေး စိတ်ပြေပေးတာနဲ့တင် အဆင်ပြေပါသည်။ 

--------------------------

ဒေါ်ရွှေရည် အခုမှ သူ့မိန်းမအနား ပြုံးရယ်နေသည့် သားဖြစ်သူကိုကြည့်ရင်း စိတ်သက်သာရာရသွား၏။ အခုလဲ ဖယောင်းလေးလုပ်ကိုင်ပေးထါးသဖြင့် နှုတ်ခမ်းမွေးတို့ရိတ်သင်ပြီး သပ်သပ်ရပ်ရပ် ပြန်ဖြစ်လာ၏။ 

" ဦးမာန် အသီးစားဦး။ "

" ကိုယ် လက်နာနေတယ်လေ။ ".

ဘယ်ဘက်လက်က အကောင်းအတိုင်းရှိနေပေမယ့် မာန်ခိုက်ထင်တို့က မိန်းမခွံ့ကျွေးတာစားချင်ပြီး အချောင်ခို၏။ ဖယောင်း မျက်စောင်းလေးထိုးမိရင်းမှ ခွံ့ကျွေးလိုက်ရင်း မေမေ့ဘက်လှည့်ကာ......

" မေမေ ဘာအသီးစားမလဲဟင်။ ဖယောင်းခွဲပေးမယ်လေ။ "

" မစားတော့ပါဘူး သမီးရယ်....သားသက်သာလားလို့ လာကြည့်တာ။ ညနေဆိုဆေးရုံဆင်းပြီဆိုတော့ ဒီလောက်နဲ့ပဲပြန်တော့မယ်။ သူကအမေမလိုဘူးလေ......သူ့မိန်းမရှိရင်ရပြီ။ "

ဖယောင်း ပြုံးမိသလို ဦးမာန်ဆီမှ ရယ်သံကထွက်လာ၏။ မေမေ ပြန်သွားသည်နှင့် ဆေးရုံဆင်းရမည်မို့ သိမ်းစရာရှိတာတွေသိမ်းရင်း ဖယောင်းတစ်ယောက်ထဲ အလုပ်ရှုပ်နေသည့်ပုံစံကို ဦးမာန်ကငေးကြည့်ရင်းမှ.....

" ချာတိတ်ရယ်.....အိမ်ကအဒေါ်ကြီးလာရင် သူ့ဘာသာသိမ်းမှာပေါ့.....မပင်ပန်းဘူးလား ။ "

" စိတ်တိုင်းမကျလို့ပေါ့......ဦးမာန်ကပြီးရင် ဇီဇာကကြောင်သေးတာလေ။ အသန့်ကကြိုက် ဂျီးကများနဲ့။ "

သူ့ကို မကျေမနပ်ပြောလာသည့်ပုံစံလေးက နှုတ်ခမ်းလေးတချွန်ချွန်ဖြင့် ဘယ်အချိန်ထဲကရန်တွေ့ချင်နေမှန်းမသိ။ သူမလေးပြောတာကလဲ မမှားသဖြင့် ငြိမ်နေရသလို အနားရောက်လာသည်နှင့် လက်ကလေးလှမ်းဆွဲထားရင်းမှ သူ့ဘေးဆွဲထိုင်ချစေ၏။

" အနားလဲနေဦး......လူနာကအရေးကြီးတယ်လေ မဟုတ်ဘူးလား။ "

" လူနာဖြစ်ချင်လဲ ချက်ချင်း....."

သူမလေးဟာ သူ့အတွက်ဘယ်လောက်အရေးပါသလဲ ကောင်းကောင်းသိသွားရပြီမို့ ရှင်းပြစရာရှိတာလဲ အကုန်ရှင်းပြီးပြီဖြစ်၏။ မာန်ခိုက်ထင် ချာတိတ်မျက်နှာလေးကို ငေးကြည့်ရင်းမှ .....

" ကိုယ့်ကို ယုံပြီနော် ချာတိတ်..."

" ပြီးခဲ့တာတွေလဲ ရှိပါစေတော့ ဦးမာန်ရယ်။ အတိတ်က အရေးမှမကြီးပဲ.....ဘွားကိုလဲ အငြိုးတွေထားမနေပါနဲ့တော့။ "

ချာတိတ်ဟာ အသက်ငယ်ပေမယ့် တစ်ခါတစ်လေ သူ့ထက်လူကြီးဆန်၏။ စိတ်ထားကောင်းသလို ဖြူစင်သည့်မိန်းကလေးမို့ သူမလေးကို သူဖုံးကွယ်ခဲ့တာသိသည့်အခါ အရမ်းစိတ်ထိခိုက်သွားပုံရ၏။ သူဆုံးဖြတ်လိုက်ပါသည်.....သူမလေးကို တသက်လုံးစိတ်ချမ်းသာစေရမည်။

@@@@@@@@@@@@@

ဒေါ်သူဇာကြီး လက်ထဲရှိငွေကို စားပွဲပေါ်ချပေးလိုက်ရင်းမှ......

" ဒါ ငါ့မှာရှိတာအကုန်ပဲ။ "

မုတ်ဆိတ်မွှေးပါးသိုင်းမွေးအပြည့်ဖြင့်လူက ပိုက်ဆံကိုကောက်သိမ်းလိုက်ရင်းမှ....

" ကျုပ်က ဘယ်သူ့ကိုရှင်းပေးရမှာလဲ။ "

" မာန်ခိုက်ထင်......အဲ့ကောင်လုပ်လို့ ငါဒီလိုအခြေအနေရောက်တာ။ "

ဟုတ်သည်.....ဒေါ်သူဇာကြီးက မာန်ခိုက်ထင်ကိုငြိုးတော့၏။ ဖယောင်းပန်းကိစ္စနဲ့ မာန်ခိုက်ထင်လုပ်လို့ သူမအိမ်ပေါ်မှဆင်းခဲ့ရသလို အကြွေးရှင်တွေလက်က ပတ်ပုန်းနေရ၏။ လူကြီးသူမကို မသိတတ်သလို မာန်မာနထောင်လွှားချင်သည့်ကောင်။ 

" မာန်ခိုက်ထင်.....ကောင်းပြီ ကျုပ်သုံးရက်အတွင်းရှင်းပေးမယ်။ "

ထပြန်သွားသည့် လူကိုကြည့်ရင်း ဒေါ်သူဇာကြီး ခပ်မဲ့မဲ့ပြုံးမိ၏။ မာန်ခိုင်ထင်......မာန်ခိုက်ထင် ။ ငွေလေးနည်းနည်းရှိတယ်ဆိုတိုင်း သိပ်မောက်မာတဲ့ကောင်။ ဒင်းရဲ့ဇာတ်သိမ်းကို ကြည့်ရသေးတာပေါ့။

ဖယောင်း မမနှင့် ခြံထဲတွင်စကားပြောနေရင်း အနားရောက်လာသည့် အစ်ကိုမင်းညိုကြောင့်.....

" မမကို လာပြန်ကြိုတာလား အကို။ "

" ဟုတ်တယ် ညီမလေး..... ကိုမာန်ခိုက်ထင်ရော မတွေ့ပါလား။ "

ဖယောင်း ပြုံးလိုက်မိရင်းမှ.....

" ဦးမာန်က ရှိပါတယ်......သူအလုပ်တွေပစ်ထားခဲ့တာ ကြာပြီမို့ ဆေးရုံဆင်းထဲက အလုပ်တွေရှုပ်နေတာပါပဲ။ "

ဖယောင်း စကားကြောင့် မင်းညို ပြုံးမိသလို ပန်း၏ပခုံးလေးမှဖက်၍ ကူတွဲလိုက်သည်။ မွေးခါနီးပြီမို့ ဂရုစိုက်နေရသလို ပန်းက ခုတလောစိတ်ထိခိုက်လွယ်နေ၏။ သူအလုပ်နောက်ကျလို့ အပြန်ညနက်တာမျိုး ၊ ဖုန်းခေါ်လျှင် မကိုင်မိတာမျိုးကအစ ဝမ်းနည်းပြီးငိုသလို သူ့မှာ မချော့တတ်ချော့တတ်နှင့် ချော့ရ၏။

အခုလဲ လာကြိုတာနောက်ကျလို့ စိတ်ဆိုးနေပုံရကာ သူ့ကိုမသိဟန်ဆောင်နေ၏။ တစ်လမ်းလုံး ချော့လာရသလို ထိုအချိန်တွင် တစ်ဖက်က မာန်ခိုက်ထင်တို့မှာလဲ.....။

" ချာတိတ်ကိုက ကိုယ့်ကို ပစ်ထားလွန်းတာပါ။ သူ့အမျိုးတွေနဲ့ဆုံရင် အကုန်မေ့နေတာ။ "

" မဟုတ်ပါဘူး ဦးမာန််ရယ်.....ဦးမာန်ကလဲ။ "

" ဘာ ခုမှဦးမာန်ကလဲလုပ်မနေနဲ့.....မမျိုးချစ်ကြီး။ "

ဖယောင်း စိတ်ကမရှည်တော့ ။ ရစ်စရာမရှိကြံဖန်ရစ်နေသလို ခုနောက်ပိုင်းမှ ဦးမာန်ဟာ လူကိုတောက်တဲ့ကပ်လိုက်ကပ်နေသည်။ မာန်ခိုက်ထင် ချာတိတ်မျက်နှာကို ကြည့်မိတော့ သူ့ကိုမကြည်သလိုမို့ ကြောင်အမ်းအမ်းဖြစ်သွားရရင်း.....

" ချာတိတ် ကိုယ်ကလေ...."

" အင်း.....ပြောကြည့်။ ဦးမာန်က အမြဲဒီအတိုင်းပဲ။ အားနေ လိုက်ကတ်တွက်နေမယ်ဆိုရင် ဖယောင်းပြန်မှာ....."

" ဘယ်ပြန်မှာလဲ.....ချာတိတ် ယောကျာ်းက ဒီမှာလေ။ ကိုယ် မ​ပြောတော့ဘူးနော်......ချာတိတ်သဘော...."

" သေချာလား....."

" သေချာတယ်......သေချာတာပေါ့....."

ဖယောင်းစိတ်ထဲက ကြိတ်ပြုံးမိသွားသလို အပေါ်ထပ်တက်လာတော့ နောက်ကနေ လိုက်လာသလို တတွတ်တွတ်တော့ ကတိတွေပေးနေတာပင်။ 

ဟွန်း.....နေမကောင်း လို့ လွှတ်ပေးထါးသည်ကို ဆိုးချင်ဦး။ 

@@@@@@@@@@@@@@@@@@@@@

To be continue P - 24

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_အနမ်းခြွေ


#ဆေးရုံ
#မျက်နှာ
#မိန်းကလေး
#မာန
#အနာ

Some text some message..