အိမ်ကြီးမာယာ - အပိုင်း (၁)
lotaya.mpt.com.mm
|
2022-11-01

အခန်း၁။

    လူတွေမှာ  တခါတလေ၌ ကြုံရတတ်၏။

      မိမိ၏  စိတ်အသိသမ္မာစဥ်၌ တကြိမ်တခါမျှ မရောက်ဖူးသော နေရာသစ်တခုကို ရောက်သည့်အခါ၊ ထိုနေရာကို ရှေးယခင်အခါက ရောက်ဖူးနေသလိုလို၊ နေထိုင်ခဲ့ဖူးသလိုလို ရင်းနှီးကြွမ်းဝင်နေသော သိစိတ်တမျိုး ဖြစ်ပေါ်လေ့ရှိတတ်ကြသည်။ 

       ယခုလည်း ဒေါက်တာ ခိုင်ခိုင်ဝင်းသည်  ဤအိမ်ကြီးထဲကို စ၍ မဝင်ခင်၊ ခြံဝန်းထဲ ခြေချလိုက်ကတည်းက ထိုသို့သော ခံစားမှုမျိုးကို တင်ကြိုခံစားနေရသည်။ 

      ဒီအိမ်ကြီးကို သူမ  ရောက်ဖူးနေသလိုပင်။ ဒီအိမ်ကြီးထဲမှာ နေထိုင်ခဲ့ဖူးသလို ခံစားနေရသည်။

      ဒေါက်တာ ခိုင်ခိုင်ဝင်းသည်  ခေတ်ပညာတတ် အထွေထွေရောဂါကု ဆရာဝန်မတဦး ဖြစ်သလို ဗုဒ္ဓဘာသာဝင်တဦးလည်း ဖြစ်ပါ၏။

        ဒေါက်တာ ခိုင်ခိုင်ဝင်းသည် ယခင်က နယ်မြို့လေးတမြို့ရှိ မြို့နယ်ဆေးရုံတခုတွင် ၆နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုအခါ မန္တလေးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးသို့  တာဝန်ကျ၍ ပြောင်းရွေ့လာခြင်း ဖြစ်သည်။ မန္တလေးမြို့သို့ ရောက်သည်မှာ ၄လခန့်သာရှိသေး၏။

     အမှန်တကယ်တော့ သူမသည် ဤအရပ် ဤဒေသရှိ ဤအိမ်ကြီးကို ယခုမှပင် ရောက်ဖူးခြင်း ဖြစ်လေ၏။

        အိမ်ကြီးသည် အောက်ထပ်က အုတ်ခံ အုတ်တိုက်ဖြစ်ပြီး၊ အပေါ်ထပ်ကတော့ ပျဥ်ထောင်၊ပျဥ်ခင်း၊ အုတ်ကြွပ်များမိုးထား၏။ 

       အနည်းငယ် ရှေးကျသော်လည်း၊အိမ်ကြီးအိမ်ကောင်း တလုံးဖြစ်လေသည်။ ခြံအကျယ်မှာ မျက်နှာဖွင့် ပေ၆၀ ရှိပြီး၊ အရှေ့အနောက် ပေ ၈၀ နီးပါးရှိလိမ့်မည်။ အတော် ကျယ်ဝန်းလေ၏။

    " အိမ်ရှင်တွေက နိုင်ငံခြားကို အပြီးထွက်သွားကြပြီ ဆရာမ။ သူတို့ရဲ့ သားက နိုင်ငံခြားမှာ စီးပွားရေးကောင်းလို့ မိဘတွေကိုပါ ဟိုကို တခါတည်း အပြီး ခေါ်တာလို့ ပြောတယ်။ 

       ဟိုမှာ သူတို့က မိသားစုလိုက်နိုင်ငံသား ခံယူကြမယ်လို့ ကြားတယ်။ ဒါကြောင့်  မြန်မာပြည်မှာ ရှိတဲ့ ဒီအိမ်ကို ရောင်းမယ်ဆိုပြီး ကျွန်မကို အပ်သွားတာပဲ ဆရာမရေ "

      မခိုင်ခိုင်ဝင်းနားထဲမှာ အိမ်ပွဲစား ဒေါ်လဲ့လဲ့ရဲ့ စကားတွေက ကြားတချက် မကြားတချက်။ သူမ မျက်လုံးတွေက  ဤအိမ်ကြီးကို အရမ်းစိတ်ဝင်စားနေမှန်း သိသာနေ၏။

        နံရံမှာ ချိတ်ဆွဲထားသော ပန်းချီကားအချို့နှင့်  ခန်းစည်း မှန်ဘီရိုကြီး၏အတွင်းက ရှေးဟောင်း ပန်းပုရုပ်အချို့ကိုသာ စိတ်ဝင်တစား တလှည့်စီ ကြည့်နေမိသည်။

       အမှန်တော့ မခိုင်ခိုင်ဝင်းသည်  ယင်းပစ္စည်းများကို ရင်းနှီးကျွမ်းဝင်နေသလို ခံစားနေရသောကြောင့် အဖန်ဖန်အခါခါ ကြည့်နေမိခြင်း ဖြစ်သည်။

ဒါကို ရိပ်စားမိတဲ့ အိမ်ခြံမြေ ပွဲစား ဒေါ်လဲ့လဲ့က ...

     " အိမ်ကို ဝယ်ရင်၊ အိမ်ထဲက ရှိသမျှ ပရိဘောဂတွေနဲ့  အဲ့ဒီ မှန်ဘီရိုကြီးထဲက ပစ္စည်းတွေ ၊ အိမ်သုံး ပစ္စည်းတွေကို ဝယ်တဲ့သူထံ အကုန်ပေးလိုက်ပါလို့  ကျွန်မကို အသေအချာ မှာသွားတယ် ဆရာမ ။ 

       ဒါတွေကို  သူတို့  နိုင်ငံခြားကို သယ်သွားဖို့ဆိုတာကလည်း မလွယ်ဘူးလေ "

      မခိုင်ခိုင်ဝင်းက  ဒီတခါ ပွဲစားစကားကို ကြားဟန်တူ၏။ ယောင်ယောင်လေး ပြုံးလိုက်ပြီး ၊

     " အရမ်း  အဖိုးတန်တာမှ မဟုတ်တာ အန်တီလဲ့ရယ် ၊တန်ဆာခအကုန်ခံပြီး နိုင်ငံခြားထိ ဘယ်ယူသွားပါမလဲ။  ဒီဘီရိုထဲက ပန်းပုရုပ်လေးတွေရဲ့ သက်တမ်းက  အလွန်ရှိလှ ၄နှစ် ၅နှစ်ပေါ့။ 

       အင်းဝခေတ်လက်ရာကို တုပပြီး ထုလုပ်ထားတာလေ အန်တီလဲ့ရဲ့။ အမှတ်တမဲ့ ကြည့်ရင်တော့ ကုန်းဘောင်ခေတ်က  ရှေးဟောင်းပန်းပုရုပ်လို့ ထင်ချင်စရာ။ ထုဆစ်ထားတဲ့ လက်ရာကတော့ အတော်ပဲ လက်ရာမြောက်တယ်ရှင့်။အင်းပေါ့လေ ပန်းပုဆရာကောင်းလို့နေမှာပေါ့"

       ဒေါ်လဲ့လဲ့က ခပ်သော့သော့ ရယ်မောလိုက်ရင်း သူမ၏ စကားကို ဖါထေး၏။

   " ဟင်းဟင်းဟင်း  ... ကျွန်မက ဒါတွေလဲ  နားမလည်ပါဘူး။ ဆရာမက စိတ်ဝင်တစား ကြည့်နေတော့  အိမ်ဝယ်ရင် တပါတည်းပါမယ်လို့ ဝမ်းသာအားရ  ပြောလိုက်မိတာပါ ။ အော်  ဆရာမ  အပေါ်ထပ်ကို တက်ကြည့်ကြရအောင်လား "

      အိမ်အောက်ထပ်ဖွဲ့စည်းပုံက ရိုးရှင်း၏။  အောက်ထပ်၌ မီးဖို၊ ရေချိုးခန်း၊ အိမ်သာ ပါရှိသည်။ မာစတာ ရွမ်းဟု ခေါ်ဆိုရမည့် ရေချိုးခန်း၊အိမ်သာ တွဲလျက်ပါသော အိပ်ခန်းတခန်း ပါရှိသည်။ထို့အပြင် ၆ပေ × ၁၀ပေခန့်ကျယ်ဝန်းသော စတိုခန်းတခု ပါရှိသည်။ 

     အပေါ်ထပ်သို့ လှေကားမှ တက်ရင်း ဒေါ်လဲ့လဲ့က ...

     " သူတို့ရဲ့သားက  မြို့ပြအင်ဂျင်နီယာဘွဲ့ရထားတာ ဆရာမရဲ့။ ဒါကြောင့် ဒီအိမ်ကြီးကို  သူ့စိတ်တိုင်းကျ ဆောက်ထားတာလေ။ 

       ကြည့်ပါလား ။ အိမ်ရဲ့ ဖွဲ့စည်းပုံက အနောက်တိုင်း ဆန်တယ်နော် "

     ဒီတခါ ဒေါ်လဲ့လဲ့ ပြောတာကို မခိုင်ခိုင်ဝင်းသည် ထောက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်မိသည်။

      ယခင် ဤအိမ်ကြီးကို ဆောက်လုပ်သွားသော အင်ဂျင်နီယာမှာ အနောက်ဥရောပဟန် ဆောက်လုပ်သွားသည့်အပြင် မြန်မာတို့၏ ရိုးရာကိုလည်း ဆန့်ကျင်ဘက် ပြုဟန်မတူ။

       အဘယ်ကြောင့်ဆိုသော် လှေကားသည် နေကိုကန့်လန့်အနေအထား ​ခြေကန်တက်ရသည့် မဟုတ်။ ဒါ့အပြင် ကြမ်းကန့်လန့်လည်းမဟုတ်ချေ။ ကြမ်းအနေအထားနှင့် လိုက်လျောညီထွေစွာ တက်ရသည့် လှေကားကို ဖန်တီးဆောက်လုပ်ထားသည်။ 

       အပေါ်ထပ်တွင် ဘုရားခန်း၊ ရိုးရိုးအိပ်ခန်း၂ခန်းနှင့် လေသာဆောင်တခုပါဝင်၏။ ညာအစွန်ဆုံးတွင် သော့ခတ်ထားသော အခန်းပိုတခု ရှိသည်။ ထိုအခန်း၏သော့ကို  အိမ်ပွဲစား ဒေါ်လဲ့လဲက ဖွင့်နေစဥ် မခိုင်ခိုင်ဝင်း အတွေးအာရုံ၌ ဝေဝေဝါးဝါး သဏ္ဍာန်တခု ထူးခြားစွာ ထင်ဟပ်လာပြန်သည်။ ဒါကပင် ဒေါက်တာခိုင်ခိုင်ဝင်းအတွက် ထူးဆန်းဖွယ်ရာ အတွေ့အကြုံသစ် တခု ဖြစ်နေပါတော့သည်။

       ဒေါက်တာ ခိုင်ခိုင်ဝင်း၏ စိတ်သဏ္ဍာန်၌  ပေါ်လာသည်က ထူးထူးခြားခြားတော့မဟုတ်။သံတိုင်များပါသော ပြတင်းပေါက် တခုကို မျက်နှာမူထားသည့် လှုပ်ကုလားထိုင်တလုံးက လူမပါဘဲ လှုပ်ရမ်းနေသည်ကို ဓာတ်ပုံရိုက်သကဲ့သို့ ဆက်တိုက် မြင်ယောင်မိနေခြင်း ဖြစ်သည်။ 

      ထိုအာရုံကို ပျောက်သွားစိမ့်အလို့ငှာ ဒေါက်တာခိုင်ခိုင်ဝင်းသည် အသက်ကို တဝကြီး ရှုသွင်းလိုက်မိသည်။ ထိုအခိုက် အိမ်ပွဲစား ဒေါ်လဲ့လဲ့ အသံကြောင့်လား မသိ၊ အာရုံထဲက ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားပြန်၏။

     " ဒီအခန်းက  အရင်က  ဦးကျော်ဇံ စာဖတ်တဲ့ အခန်းလို့ ပြောတယ် ဆရာမ။ အထဲမှာ စာအုပ်စင် ရှိတယ်။ စာအုပ်တွေလည်း  ရှိသေးတယ် "

     ဒေါက်တာခိုင်ခိုင်ဝင်းက ဒေါ်လဲ့လဲ့ လေသံလိုက်၍ တိုးဖွဖွလေး ရေရွတ်လိုက်မိသည်။

   " ဦး  ကျော်   ဇံ  . . . "

    နာမည်က  ကြားဖူးနေသလိုလို။

     ဒေါ်လဲ့လဲ့က အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းထဲက  အနံ့အသက် တခု ထွက်လာသည်။ စာအုပ်အဟောင်းရနံ့ ဖြစ်လိမ့်မည်။ 

      ဒေါက်တာခိုင်ခိုင်ဝင်းက အခန်းတွင်းကို  စူးစမ်းချင်စိတ်ကဲစွာ ချက်ချင်း လှမ်းကြည့်လိုက်ပြီး ...

     " အို ... စာအုပ်တွေက မနည်းပါလား "

      အခန်းသည်  နံရံကပ် စာအုပ်စင်များနှင့် ဖွဲ့စည်းထားသလို၊ စာအုပ်စင်တိုင်း၌လည်း စာအုပ်များ ပြည့်သိပ်လျက် ရှိလေ၏။ 

        စာဖတ်စားပွဲပေါ်၌၊ စာရေးစက္ကူ၊ မှင်တံ၊ စာရွက်ဖိသော ဖန်တုံးငယ်တို့သည် စီစီရီရီ ရှိနေကြသော်လည်း ဖုန်အလိမ်းလိမ်း ပေကျံနေကြသည်။ စာဖတ်စားပွဲသည် အံဆွဲ ၃ဆင့်ပါ စာဖတ်စားပွဲ ဖြစ်သည်။ 

        သို့သော်  မခိုင်ခိုင်ဝင်း ခုနက ကြိုတင်တွေးမြင်ခဲ့မိသော လှုပ်ကုလားထိုင်ကိုတော့ အခန်းထဲတွင် မမြင်မိချေ။ မခိုင်ခိုင်ဝင်း သက်မကို ဖြေးညှင်းစွာ ချလိုက်မိသည်။ ဒီတခါတော့ သူမ အာရုံသည် လွဲမှားနေပါပေါ့လားဟုလည်း တွေးလိုက်မိလေ၏။ 

     ဒေါ်လဲ့လဲ့က အခန်းတွင်းရှိ စာအုပ်စင်တခုထံသို့ ခပ်သွက်သွက် လျှောက်သွားပြီးနောက် ...

       " အိမ်ရှင်ဟောင်းက အတော်လေး စိတ်ကူးကောင်းတာ ဆရာမရဲ့။ လာ ... လာပါ  ... ဆရာမကို ကျွန်မ အထူးအဆန်း ပြမယ် "

      ဒေါ်လဲ့လဲ့သည် သူ့ရှေ့က စာအုပ်စင်ကို ဖွင့်တံခါးတချပ်ပမာ အသာ ဆွဲယူ ဖွင့်လိုက်သည်။ ၂ပေခွဲခန့် စာအုပ်စင်သည် တံခါးတချပ်ပမာ ပွင့်သွားလေ၏။ 

       လူတကိုယ်စာ ဝင်ပေါက်တခုသည် နံရံကပ်စာအုပ်စင်၌ လျှို့ဝှက်စွာ ထွက်ပြူလာသည်။ မခိုင်ခိုင်ဝင်း အံဩမှင်သက်နေစဥ်မှာပင် ဒေါ်လဲ့လဲ့က အရင်ဦးစွာ ထိုလျှို့ဝှက် ဝင်ပေါက်လေးထဲသို့ ခေါင်းငုံ့ ဝင်လိုက်သည်။

       မခိုင်ခိုင်ဝင်းလည်း  ဒေါ်လဲ့လဲ့  ဝင်သွားသည့် ထို လူတကိုယ်စာ ဝင်ပေါက်မှ အထဲသို့ လိုက်ဝင်သွားခဲ့သည်။ 

       အခန်းထဲ ရောက်သည့်အခါ မခိုင်ခိုင်ဝင်း လွန်စွာ အံဩသွားလေ၏။

     " ဟင် !  ဒါ  ဒါက ... "

      အခန်းသည်   သံတိုင်များပါသောပြတင်းပေါက်ကျယ်တခု ရှိပြီး၊ ထိုအခန်းထဲ၌  ပရိဘောဂ ပစ္စည်းဟူ၍ သူမ ခုနက ကြိုတင် မြင်ယောင်မိသော သစ်သား လှုပ်ကုလားထိုင် တလုံးတည်းသာ ထီးထီးရှိနေသည်ကို မြင်တွေ့လိုက်ရလေ၏။ 

      ဒေါက်တာ ခိုင်ခိုင်ဝင်းသည် ခေတ်ပညာတတ် ဆရာဝန် တဦးဖြစ်လင့်ကစား၊ သူမ၏ မသိစိတ် အာရုံ၌ ဖျတ်ခနဲ ပေါ်လာတတ်သည့် အမြင်လွှာကို အရမ်းအံဩနေမိတော့သည်။

      သူမ၏ စိတ်ထဲတွင်တော့ ..

     " အို  တိုက်ဆိုင်တာပဲ ဖြစ်မှာပါ။ ငါ ခုနက မြင်ခဲ့တဲ့ ကုလားထိုင်က လှုပ်နေတာပဲ။ အခု  ဒီကုလားထိုင်က လှုပ်မှ မလှုပ်ဘဲလေ "

      စိတ်ရှုပ်ထွေးဟန် မျက်နှာအမူအယာရှိသော ဒေါက်တာခိုင်ခိုင်ဝင်းကို ကြည့်၍ အိမ်ပွဲစား ဒေါ်လဲ့လဲ့က ...

  " ပြတင်းတံခါး ဖွင့်လိုက်ရမလား ဆရာမ၊ အခန်းက နည်းနည်းကျဥ်းတော့ ဆရာမ အသက်ရှု မဝသလို ဖြစ်နေမယ်ထင်တယ် "

     ဒေါက်တာ ခိုင်ခိုင်ဝင်းသည် အခန်းထဲ ဆက်၍ မနေလိုတော့သဖြင့် ...

    " နေပါစေ ဒေါ်လဲ့လဲ့ ။ ကျွန်မတို့ အပြင်ပဲ ပြန်ထွက်ကျရအောင်ပါ "

     သို့ဖြင့်  ၎င်းတို့နှစ်ဦးသည် ထိုလျှို့ဝှက်အခန်းလေးထဲမှ ပြန်ထွက်လာခဲ့ကြသည်။ 

     ဒေါ်လဲ့လဲ့က  သစ်သားဘီရိုတံခါးကို ပြန်ရွေ့ ပိတ်လိုက်သည်။ စာဖတ်ခန်းမှ သူတို့နှစ်ဦး ပြန်ထွက်သည့်အခါ  ဒေါက်တာခိုင်ခိုင်ဝင်း နားထဲသို့ လှုပ်ကုလားထိုင် လှုပ်နေသည့် အသံလိုလို တကျီကျီဟူသော အသံတိုးတိုးလေး  ကြားလိုက်မိလေ၏။

      ဒေါက်တာခိုင်ခိုင်ဝင်းက ထိုအသံကို သူနဲ့အတူပါသော ဒေါ်လဲ့လဲ့လည်း ကြားမိလေသလားဆိုပြီး ဒေါ်လဲ့လဲ့၏ မျက်နှာကို အကဲခတ်သလိုကြည့်လိုက်သည်။ ဒေါ်လဲ့လဲမှာ ဘာကိုမှ မကြားသလိုဟန် ရှိပြီး၊ အိမ်ရောင်းရစေရန် ရွှန်းရွှန်းဝေအောင် ညွှန်းနေလေတော့၏။

    " ဒီဘက်ခေတ်မှာတော့ ဒီလို ခြံဝန်းကျယ်ကျယ်နဲ့ အိမ်ကြီးအိမ်ကောင်း ရဖို့ဆိုတာ အတော်ကို ခဲယဥ်းသွားပြီ ဆရာမရေ ။ ငွေနိုင်လို့ကတော့ တကယ် တန်တယ်။ ဝယ်ထား မမှားဘူးပေါ့ရှင် "

        ဒေါက်တာခိုင်ခိုင်ဝင်းလည်း သက်မချလိုက်ပြီး ' ကျွန်မခင်ပွန်းနဲ့ တိုင်ပင်ပြီး အကြောင်းပြန်ပါ့မယ် ' ဟုသာ အလိုက်အထိုက် ပြောလိုက်လေ၏။

            ________________

အခန်း၂။

     ခိုင်က  ဒေါ်လဲ့လဲ့ပြထားသော ခြံအကျယ်ကြီးနှင့် အိမ်အကြောင်းကို ခင်ပွန်းဖြစ်သူ သတ္တုတွင်းအင်ဂျင်နီယာ ဦးကိုကိုလတ်ထံ ဖုန်းဆက်၍ ပြောပြတိုင်ပင်လိုက်သည်။

ဦးကိုကိုလတ်ကတော့  ထုံးစံအတိုင်းပင်။

     " ခိုင့်သဘောပဲ ခိုင်။ ခိုင်ကြိုက်ရင် မောင်လည်း ကြိုက်ပါတယ်။ သားနဲ့သမီးအတွက်လဲ  ကျောင်းတက်ဖို့ အဆင်ပြေတယ်ဆိုရင် ဝယ်လိုက်ပေါ့။ အော်  ဒါနဲ့ ခိုင်ရေ၊ မောင်တို့ ပရောဂျက်က လက်စမသတ်ရသေးတော့  တလလောက်နေမှ မောင် ပြန်လာနိုင်မယ်နော်။ 

    ​ပြီးတော့  ခိုင်အခုဝယ်မယ့်အိမ်က ပြင်ရအုံးမယ်ဆို။ ဝယ်ဖြစ်မယ်ဆိုခဲ့ရင်  ခိုင် အိမ်ကိုပြင်ချင်ရင်  မန္တလေးမှာ မောင့်အသိသူငယ်ချင်း အင်ဂျင်နီယာတယောက်ရှိတယ်။ သူ့ဖုန်းနံပါတ်ကို မောင်  မက်ဆေ့ လှမ်းပို့ပေးလိုက်မယ်နော်။ဒီကောင်ကြီးက အရမ်းသဘောကောင်းတာ ခိုင်ရဲ့။ ပြီးတော့ စိတ်လဲ အရမ်းရှည်တယ်လေ။ ခိုင်က သူ့ကို မသိလောက်ဘူး။ မောင်တို့ မင်္ဂလာဆောင်တုန်းကတော့ တခေါက် လာဖူးတယ်ကွ။ အဲ့ဒီနောက်တော့ မဆုံဖြစ်ကြဘူး။ သူ့နာမည်က အောင်ခိုင်တဲ့။ 

      မောင်လဲ  ဒီကောင်ကြီးကို ကြိုပြောထားလိုက်မယ်လေ။ မကောင်းဘူးလား ခိုင် ။ သြော် တခု ပြောဖို့ မေ့နေတာ  မောင် ...  မောင့်တပည့် အောင်မောင်းတို့လင်မယားကို ခိုင်တို့နဲ့ အတူနေဖို့  နောက်အပတ်ထဲ လွှတ်ပေးလိုက်မယ်နော်  "

      ဒီလိုနဲ့  ခိုင်လည်း  အဲ့ဒီ အိမ်ကြီးကို ဝယ်ဖြစ်သွား၏။ ဝယ်ဖြစ်သွားသည့် အကြောင်းရင်းခံတွေကတော့ ... 

       တခြားနေရာတွေ ရှာဖွေကြည့်တော့လည်း မြေနေရာတွေက ကျဥ်းပြီး အဆောက်အဦးတွေက မကောင်းတာတောင် ဈေးက ခေါင်ခိုက်နေသည်မဟုတ်လား။ 

      အိမ်ပွဲစား ဒေါ်လဲ့လဲ့ ပြသည့် ထိုခြံကျယ်ကြီးနဲ့အိမ်ကြီးကသာ ထူးထူးခြားခြား ဈေးချိုနေ၏။ နားလည်တတ်ကျွမ်းသော  ရှေ့နေနှင့်တိုင်ပင်ကြည့်တော့လည်း ဥပဒေအရ ခိုင်မာနေ၏။ အရှုပ်အရှင်း မရှိချေ။ 

      ပြီးတော့  ထိုအိမ်ကြီးကို ဘာရယ်ကြောင့်များမသိ၊  ခိုင်ကိုယ်တိုင်က အထူးစိတ်ဝင်စားနေမိသည်။ သူတို့ လင်မယား ဝယ်ယူနိုင်သည့် ငွေပမာဏလည်း ဖြစ်နေတော့ နောက်ဆုံးတွင် ရှေ့နေနှင့် တိုင်ပင်၍ ရက်အနည်းငယ်အတွင်း အခိုင်အမာ စာချုပ်ချုပ်ဆို ဝယ်ယူလိုက်တော့လေ၏။

      ဝယ်ယူပြီးနောက် ခိုင်သည်  မောင့်သူငယ်ချင်းဆိုသော အင်ဂျင်နီယာ ကိုအောင်ခိုင်အား ဆက်သွယ်၍  ထိုအိမ်ကြီးကို လိုက်လံပြသခဲ့သည်။ 

      ကိုအောင်ခိုင်က  စိတ်ရှည်စွာဖြင့် မည်သို့မည်ပုံ ပြင်ဆင်သင့်ကြောင်း ၊ ဘယ်လိုလုပ်ရင်ဖြင့် အကုန်အကျ နည်းမည်ဖြစ်ကြောင်း ၊ ကြီးကြီးမားမား ပြုပြင်ရန်မလိုကြောင်း ဆက်တိုက်ပြောသွားခဲ့သည်။

    " ကုန်ကျစရိတ် နည်းနည်းနဲ့ဆိုရင် နဂိုမူလ အိမ်ပုံစံအတိုင်း ပြင်/ထိမ်း လုပ်ရုံပေါ့ မခိုင်။ 

      မူလအိမ်ကြီးက  ကားထားဖို့ မပါလေတော့၊ အိမ်မကြီးဘေးမှာ အဖီဆွဲပြီး၊ ကားဂိုဒေါင် လုပ်မယ်ဆိုရင် ဖြစ်တယ်။ 

      ဒါပေမဲ့  မူလ အဆောက်အဦးရဲ့ ခန်းညားထည်ဝါမှု ပုံမပေါ်တော့ပဲ ၊ အိမ်မကြီးကို သေးသိမ်သွားလိမ့်မယ် မခိုင်။

     အဲ့ဒီတော့  မခိုင်တို့လင်မယား နှစ်ယောက်က ၊ တယောက်ကို ကားတစီးဆိုလေတော့ ၊ ကားဂိုဒေါင်ကို နှစ်စီး ထားသာအောင် သီးသန့် ဆောက်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်။ 

      အိမ်ကြီးရဲ့ ညာဘက်မှာ မြေလွတ်က အကျယ်ကြီးကျန်သေးတယ်လေ။အဖီဆွဲတာထက်တော့ နည်းနည်း ပိုကုန်မယ်ဗျ "

      ကိုအောင်ခိုင် ပြောသည်က ပိုသဘာဝကျလေ၏။ ထို့ကြောင့် ခိုင်လည်း ကားဂိုဒေါင်ကို သီးသန့်ဆောက်ရန် သဘောတူလိုက်သည်။ပြီးတော့မှ သူမ ဖြစ်စေချင်တာကို ဖွင့်ပြောပြလိုက်၏။

    " သြော်  ကိုအောင်ခိုင်၊ အိမ်မကြီးကို အရင် မွမ်းမံပေးပါနော်။ ဘာလို့လဲဆိုတော့  အခု ကျွန်မ နေရတဲ့ တိုက်ခန်းက  မီး/ရေ အဆင်မပြေဘူး။ ဒါကြောင့်  ကျွန်မတို့သားအမိ ဒီကို  အမြန်ပြောင်းလာချင်လို့ပါ "

    " အိုကေ  မခိုင်။ မခိုင်တို့ နေလို့ရအောင်လို့  တလအတွင်းမှာ အိမ်မကြီးအတွင်းပိုင်းကို မွမ်းမံပြင်ဆင်ပေးပါ့မယ်။

       လုပ်ရမှာတွေကတော့ ... အိမ်ကို အတွင်းအပြင် ဆေးပြန်သုတ်မယ်၊ ဆားပေါက်တဲ့ အောက်ထပ် ကြမ်းပြင်ကို အသစ်ပြန်ချောမယ်။ အပြင်ဘက်က အင်္ဂတေတိုင်လုံးတွေကို ဥရောပစတိုင် ပန်းဖေါက်အနားကွပ်တွေ ပြန်ထည့်ပေးရမယ်။ရေချိုးခန်းက ဘိုထိုင်တွေ လဲပေးမယ်။ အပေါ်ထပ် အောက်ထပ် ပြတင်းပေါက်တွေက သံပန်းတွေ အသစ်လဲသင့်တာ လဲပစ်မယ် ၊ ကဲပါ ... စိတ်ချ ။လိုအပ်တာမှန်သမျှ ကျွန်တော် ကြည့်လုပ်လိုက်ပါ့မယ် "

      သို့ဖြင့်  အင်ဂျင်နီယာ ကိုအောင်ခိုင်၏ ပညာစွမ်းဖြင့် အိမ်အိုကြီးကို သစ်လွင်လာစေတော့သည်။

       တခုတော့ ပြောစရာရှိပါ၏။ အဲ့ဒါကတော့ ခိုင်သည်  အင်ဂျင်နီယာ ကိုအောင်ခိုင်ကို  စာကြည့်ခန်းထဲက လျှို့ဝှက်ခန်းအား လုံးဝ ပြသခဲ့ခြင်း မရှိခဲ့ပေ။ 

      အင်ဂျင်နီယာ ကိုအောင်ခိုင်၏ အစွမ်းဖြင့် တအိမ်လုံး သစ်လွင်တောက်ပြောင်လာပေမယ့် ထိုလျှို့ဝှက်အခန်းငယ်လေးရဲ့ အတွင်းပိုင်းကတော့ ယခုအချိန်ထိ ပြတင်းပေါက်ကို အပြင်ဘက်မှ လှေကားထောင်  ဆေးသုတ်ထားခြင်းမှလွဲ၍ မူလမပျက်ပဲ ရှိနေတော့လေ၏။

     ထို့အတူ  ခြံဝန်းထဲ၌ သွပ်မိုး၊ အုတ်စီအုတ်ကာ ကားဂိုဒေါင်တလုံးသည်လည်း မကြာခင်၌ ပြီးစီးတော့မည် ဖြစ်လေ၏။ ခိုင်က တောင်းဆိုသဖြင့် ကိုအောင်ခိုင်က ကားဂိုဒေါင်ကို ထပ်ခိုးလေး ထည့်ဆောက်ပေးထားသည်။ ခိုင့်စိတ်ကူးက  မောင်ပို့လွှတ်လိုက်သော အောင်မောင်းတို့လင်မယားကို ထိုထပ်ခိုးလေးမှာပဲ  နေနိုင်စေရန် ဖြစ်လေ၏။

               ____________

အခန်း(၃)

      ပြောင်းလာခါစက သမီးငယ် စုရတီလတ်မှ  ...

   " ဝိုး!  အိမ်ကြီးက အရမ်းလှတယ်နော် မေမေ ၊ ခြံကလဲ အကျယ်ကြီးပဲ"

     သမီးဖြစ်သူက  အိမ်ကြီးကို ကြိုက်နှစ်သက်ဟန် ရွှင်မြူးစွာ ပြောလာတော့  ခိုင်  ကျေနပ်မိသည်။ မောင့်ထံလည်း ဖုန်းမှတဆင့် မွမ်းမံပြီးစီးသွားသော အိမ်ကြီး၏ အလှဓာတ်ပုံများကို ရှု့ထောင့်အမျိုးမျိုးမှ ရိုက်ယူ ပို့ဆောင်ထားပြီးဖြစ်သည်။ 

        မောင်ကလည်း  အလွန်သဘောကျနေသည်ဆိုလာတော့ ခိုင်အတွက် ပင်ပန်းရကြိုး နပ်သည်မှာအမှန်ပင်။

     စုရတီလတ်သည် ယခု ရှစ်တန်းကျောင်းသူငယ်သာဖြစ်၏။ အသက်မှာ ၁၃နှစ်စွန်းစွန်း ဖြစ်သည်။သို့သော် မိခင်၏ လှပသေးသွယ်သော မျက်နှာကျကို ပိုင်ဆိုင်ထားပြီး ဖခင်ထံမှ မြင့်မားသော အရပ်အမောင်းကို ရယူထားကာ အပျိုပေါက်မလေးတယောက်ပမာ လှပနေလေ၏။ 

        မျက်နှာလေး နုငယ်နေသော်လည်း ကိုယ်ခန္ဓာမှာ ၁၆နှစ် ၁၇နှစ် အပျိုမလေးသဖွယ် ဖွံ့ထွားသူ ဖြစ်သည်။ စုရတီလတ်သည် တဦးတည်းသော သမီးဖြစ်ပေမယ့် မိဘများက ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပြုစုပျိုးထောင်လာခဲ့သဖြင့် သွက်လက်ထက်မြက်သူလည်း ဖြစ်သည်။ ပြီးတော့ စုရတီလတ်သည် အလယ်တန်းအဆင့် တိုက်ကွမ်ဒို လက်ရွေးစင်တယောက်ဖြစ်သည်။

        ဦးကိုကိုလတ်က ဇနီးနှင့်သမီးအတွက် လက်တိုလက်တောင်း ခိုင်းရလေအောင်  သူ၏ တပည့် အောင်မောင်းနှင့် နှင်းရီတို့ လင်မယားကိုပါ အိမ်သစ်ဆီသို့ တပါတည်း ထည့်ပေးလိုက်သည်။ တပါတည်း ဆိုတာထက်  ခိုင်တို့သားအမိ ဒီအိမ်ကြီးကို ပြောင်းမလာသေးမီ၊ ပြုပြင်ဆဲကာလ၌ပင် အောင်မောင်းတို့လင်မယားသည် အိမ်စောင့်အဖြစ် ကြိုရောက်နှင့်နေကြပြီဖြစ်သည်။

        အောင်မောင်းသည် ကားမောင်းကျွမ်းကျင်၏။ ရိုးသား၏။ နှင်းရီကတော့ အိမ်မှုကိစ္စ နိုင်နင်းသူ ဖြစ်ပြီး၊ ထမင်းဟင်းချက်ကောင်းသူ ဖြစ်သည်။ 

        သူတို့လင်မယားသည်  အိမ်ကြီးကို ပြုပြင်မွမ်းမံနေဆဲကာလမှာ ထိုအိမ်ကြီး၏ အောက်ထပ်၌ ဆေးပုံးတွေ၊ ဘိလပ်မြေအိတ်တွေနဲ့အတူ ဖြစ်သလို နေထိုင်ခဲ့ကြသည်။ 

        အိမ်ကြီး၏ ထူးခြားမှုကို ပထမဦးဆုံး ခိုင်က အိမ်ပွဲစား ဒေါ်လဲ့လဲ့နဲ့ လာကြည့်စဥ်က သိမြင်ခဲ့ရပြီး၊ ယခုအခါ အောင်မောင်းတို့လင်မယားက ဒုတိယမြောက် လက်တွေ့သိမြင်ခွင့်ရတော့မည်ဖြစ်သည်။ 

         အောင်မောင်း နှင့် နှင်းရီတို့လင်မယားသည် နေ့ဘက်များတွင် အိမ်ပြုပြင်ရန် ရောက်လာကြသော ဆေးသုတ်၊ပန်းရံ၊ လက်သမားစသည့်အလုပ်သမားတို့ကို  နေ့ခင်းတွင်လ္ဘက်ရည်နှင့်မုန့်၊ ညနေတွင် အကြော်၊ ကောက်ညှင်းပေါင်း ၊ တခါတရံတွင် လ္ဘက်သုပ်နှင့် ထမင်းဆီဆမ်း စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးရ၏။ ပိုက်ဆံကို ခိုင်က လိုသလောက် ထုတ်ပေးသည်။ ခိုင်က ဆေးရုံမှာ တာဝန်နဲ့ဆိုတော့ အမြဲ လာမကြည့်အားပေ။

      အောင်မောင်းတို့လင်မယားမှာ နေ့ဘက်များတွင် ခြံထဲက မြက်ပင် ပေါင်းပင်များကို ရှင်းသည့်အခါ ရှင်း၏။ခြံရှေ့က အမှိုက်သရိုက်များ ပိတ်ဆို့နေသော ရေနုတ်မြောင်းကို ဖေါ်ကြ၏။ အလကား မနေကြချေ။ 

        အောင်မောင်းတို့ လင်မယား စရောက်သည့်နေ့ ၊ ညဦးပိုင်းတွင် ဤအိမ်ကြီးသည် အနည်းငယ် ထူးခြားသည်ဟု ဆိုရလိမ့်မည်။ 

      ထိုညက လင်မယားနှစ်ယောက် သိမ်းစရာရှိတာ သိမ်းဆည်းပြီး ညစာကို ၇နာရီခွဲသာသာလောက်တွင် အိမ်ကြီးအောက်ထပ်က ဧည့်ခန်းကြမ်းပြင်မှာပင် စားလိုက်ကြသည်။

      မီတာခ မဆောင်ဘဲ ပစ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် မီတာဘောက်မှာ ရုံးမှ လာသိမ်းသွားကြသည်ဟုသိရသည်။ ပြန်လည် လျှောက်ထားဆဲကာလဖြစ်၏။ ကြွေးကျန်မီတာများ ဆောင်ပြီးပါက ပြန်လည် တပ်ဆင်ပေးမည်ဖြစ်သည်။ ထို့ကြောင့် ထိုညက သူတို့လင်မယား ဖယောင်းတိုင်မီးကိုသာ အားကိုးနေရသည်။ 

    ထမင်းစားရင်း  မနှင်းရီက အလင်းရောင်မရ၍ အိမ်ကြီးရဲ့ မှောင်မည်းနေသော နေရာများကို ကြည့် ကာ   ...

    " ကိုအောင်မောင်း  ကျွန်မဖြင့်  ဒီည  ဒီအိမ်ကြီးထဲမှာ အိပ်ရမှာ စိတ်ထဲ တမျိုးကြီးပဲတော် "

      မနှင်းရီက  မိန်းမသားပီပီ ကြောက်၍  ထိုသို့ ဆိုလိုက်သည့်အခါ ၊ ကိုအောင်မောင်းက ...

    " အံမယ်ကွာ  မင်းက   အခုမှ ကြောက်နေတတ်ရသလား ။ တို့ဆရာ ဦးကိုကိုလတ်နဲ့  သင်္ချိုင်းမြေမှာ၊ အလုပ်သမားတဲတန်းဆောက်ပြီးနေတုန်းကတော့ရော ၊ မင်း  ကြောက်ရကောင်းမှန်းသိလို့လားကွ ဟားဟားဟား "

     ထိုစဥ်က  အောင်မောင်းနှင့် နှင်းရီမှာ ညားခါစ ဖြစ်၏။ တဲတန်းရှည်ကြီးကို အခန်းများကန့်၍ နေခဲ့ကြရသည်ကို ပြန်ပြောင်းသတိရ၍ ရယ်မောလိုက်ခြင်း ဖြစ်သည်။ 

     " အိုတော်   အဲ့ဒါနဲ့က တူမလား။ အဲ့ဒီတုန်းက  ကျွန်မတို့တဲတန်းမှာကိုက အလုပ်သမား လူအယောက် ၃၀လောက် ရှိတာကို ။ အခုဟာက  ရှင်နဲ့ ကျွန်မ နှစ်ယောက်တည်းရှင့် "

    "ကဲပါ  နှင်းရီရာ  စားမှာကို ဖြောင့်ဖြောင့်စားစမ်းပါဟာ ။ အိမ်ကြီးက ကြီးပြီး လျှပ်စစ်မီး မရသေးလို့  မင်း အမှောင်ကို ကြောက်နေတာပါ။ မင်းနဲ့အတူ ငါတယောက်လုံး ရှိနေတာပဲ။ ဘာမှ မကြောက်နဲ့ ဟုတ်ပြီလား ။ စား စား  ငါ့မိန်းမ။ ငါတို့  ဒီည စောစော အိပ်ရာဝင်ကြရအောင် "

     " အိပ်ရာဝင်ဆိုလို့  ကျွန်မတို့က ဘယ်နေရာမှာ အိပ်မှာလဲ ကိုအောင်မောင်း "

     အောင်မောင်းက ...

    " နေရာများ ထူးထွေ ရှာနေစရာ မလိုပါဘူးကွာ ။ အခု  တို့ထမင်းစားတဲ့နေရာမှာပဲ ဖျာခင်း အိပ်ကြတာပေါ့ "

    " အင်း   တော်ပါသေးတယ်။ ညနေက ကျွန်မ အပြင်ထွက်ရင်း ဖယောင်းတိုင် တထုပ် ဝယ်လာမိလို့ "

    " ငါ့မှာ  လက်နှိပ်ဓာတ်မီး ပါပါတယ်မိန်းမရ။ ခနနေ  အိတ်ထဲက ထုတ်ထားလိုက်ပါ့မယ် ။ ပြီးတော့ တံခါးတွေ ပိတ်ထားလိုက်ရင် ညရေးညတာအတွက်  သူခိုးသူဝှက်ရန်လဲ ပူစရာမလိုပါဘူး ၊ ငါ့လက်စွဲတော် လေးခွလဲ ပါခဲ့ပါတယ်ကွ "

     အောင်မောင်းက  လေးခွအကြောင်းပြောသည့်အခါ  ခပ်ပြုံးပြုံး ပြောလိုက်ခြင်း ဖြစ်သည်။ ဟုတ်၏။ ထိုလေးခွသည်  တောထဲမှာဆို သူ့အတွက် ဟင်းစားရှာပေးရာ အကောင်းဆုံး အဖေါ်မွန် ဖြစ်သည်။တောထဲမှာက အသားငါး ရှားပါး၏။ လေးခွတလက်ဖြင့် ယုန်သား၊ ဖွတ်သား၊ ငှက်သားစသည်တို့ကို ရနိုင်သည်မဟုတ်လား။

      ထမင်းစားပြီး၊ နှင်းရီက ပန်းကန်တွေကို ဆေးကြောရန်  အိမ်အပြင်က ရေတိုင်ဆီသို့ ယူသွား၏။ ထိုရေတိုင်မှာ ယခင်ကတော့ အိမ်ရှေ့ အလှပန်းပင်များ ရေလောင်းရန် သွယ်တန်းထားခြင်း ဖြစ်လိမ့်မည်။

        ယခုအခါမှာတော့ ပန်းရံတွေရော ဆေးသုတ်လုပ်သားတွေပါ ထိုရေတိုင်ကိုသာ အားထားသုံးစွဲနေရသည်။ အိမ်ထဲရှိ ရေပိုက်များမှာ သံချေးကိုက်ခြင်း၊အမှိုက် ပိတ်ဆို့ခြင်းတို့ကြောင့် လတ်တလော သုံးစွဲမရနိုင်သေးချေ။ အင်ဂျင်နီယာ ကိုအောင်ခိုင်ကတော့ တအိမ်လုံးရှိ ရေပိုက်များကို အသစ်လဲလှယ် ပေးမည်ဟု ပြောနေသံကြားမိလေ၏။

      ပန်းကန်သွားဆေးသော နှင်းရီ ပြန်မရောက်ခင်၊ အောင်မောင်းက ကြမ်းပြင်ကို တံမျက်စည်းဖြင့် လှဲကျင်း သန့်ရှင်းပြီး၊ ပါလာသော နှစ်ယောက်အိပ် နှီးကြောဖျာကို ခင်းသည်။ ခေါင်းအုံး ၊ စောင်တို့ကို နေရာချ၏။ ပြီးသော  နှင်းရီပြန်လာမှ ခြင်ထောင် ထောင်မည်ဟု စိတ်ကူးကာ ၊ လေးခွနဲ့ ဓာတ်မီးကို ခေါင်းရင်းမှာ ချ၍ ဖျာပေါ် ကျောခင်းနေလိုက်၏။ 

        ထိုအချိန်  အပေါ်ထပ်မှ အသံတခု  သဲ့သဲ့မျှ ကြားလိုက်ရလေသည်။ အသံမှာ ကြမ်းပြင်ကို တခုခု ပွတ်တိုက်နေသံမျိုး ဖြစ်လေ၏။

     " ကျီ   ကျီ   ကျီ "

       အောင်မောင်း ငေါက်ခနဲ ထထိုင်လိုက်ပြီး အိမ်အပေါ်ထပ်ကို တက်သည့် လှေကားဆီသို့ လှမ်း၍ ကြည့်လိုက်မိသည်။ 

      ဖယောင်းတိုင်မှာ အနီးက ထိုင်ခုံပေါ် ထွန်းထားသဖြင့် လှေကားကို ကောင်းစွာ မြင်နေရသည်။ တစုံတရာ လှုပ်ရှားမှုကိုမူ မမြင်တွေ့ရချေ။

      အသံသည်  စည်းချက်ကျကျ မြည်နေစဲပင်။ ပို၍ ပီသလာ၏။ခပ်တိုးတိုး မဟုတ်တော့ပေ။

      " ကျီ !  ကျီ !  ကျီ ! " 

     ပန်းကန်ဆေးပြီး ပြန်ရောက်လာသော နှင်းရီသည် ပန်းကန်များကို ကြမ်းပြင်မှာ ချ၍  အောင်မောင်းအနီးသို့  ပြေးကပ်လာ၏။သူလည်း ထိုအသံကို ကောင်းစွာ ကြားနေရ၍ ဖြစ်၏။အစကတည်းက ကြောက်တတ်သော နှင်းရီက ထစ်ထစ်ငေါ့ငေါ့ဖြင့် ...

   " ကိုအောင်မောင်း  အဲ့  အဲ့ဒါ ဘာသံလဲဟင် "

    အောင်မောင်းက သူ့မိန်းမ ကြောက်နေမှန်းသိ၍ အကြောက်ပြေစိမ့်ငှါ ...

   " ငါလဲ  မသိဘူးဟ ၊ အပေါ်က တံခါးတွေ မပိတ်ခဲ့ကြလို့ နေမှာပါ။ နင်ကလဲ  အပြင်မှာ လေတိုက်တယ်လေဟာ "

      ဒီတော့မှာ ပိုဆိုးတော့၏။ နှင်းရီခမျာ တိုး၍ ကြောက်ရွံသွားလေတော့သည်။ အဘယ်ကြောင့်ဆိုသော် ခုနက သူအပြင်မှာ ပန်းကန်ဆေးနေခဲ့သည်မဟုတ်လား။ ထိုအချိန်က လေငြိမ်လွန်း၍  ပူစပ်စပ်ဖြစ်နေသဖြင့်  အိပ်ရာမဝင်ခင် ရေချိုးရင် ကောင်းမလားဟုပင် တွေးနေမိခဲ့သေးသည်။

     " ကို ...  ကို  အောင်  မောင်း ! အပြင်မှာ   လေ    ငြိမ်   နေ  တယ် လေ  တော်  "

      သူတို့လင်မယား ထိုသို့ ပြောနေစဥ်မှာ  ကျီကျီဟူသော အသံမှာ တိခနဲ ရပ်သွားလေ၏။ အောင်မောင်း မတ်တတ် ထရပ်လိုက်သည်။ နှင်းရီလည်း အောင်မောင်းရပ်သည့်အခါ ထိုင်မနေရဲ။ သူပါ လိုက်၍ မတ်တတ် ထရပ်လေ၏။ အောင်မောင်းခါးက အင်္ကျီစက ဆွဲထားရင်း ...

   " ဘယ်သွားမလို့လဲဟင် "

    "တက်ကြည့်ရအောင်ဟာ ၊ ဒါမှ ဘာလဲဆိုတာ သဲသဲကွဲကွဲ သိရမှာပေါ့"

    " အို   မတက်ပါနဲ့ ။ တော်နေကြာ သရဲဆိုရင် ဘယ့်နှယ်လုပ်မလဲ "

     "  နင်ကလဲ  ထစ်ခနဲဆို  သရဲတစ္ဆေပဲ အောက်မေ့နေတယ်။ လာစမ်းပါ ငါ့နောက်ကသာနေ "

     အောင်မောင်းက ပြောလည်းပြော၊ ခေါင်းအုံးအနီးက ဓာတ်မီးနဲ့ လေးခွကို ကောင်ကိုင်လိုက်၏။ ပြီးသော် သူ့လွယ်အိတ်ချိတ်ထားရာသို့ သွား၍ ဖန်ဂေါ်လီလုံးအချို့ကို နှိုက်ယူကာ ပုဆိုးခါးပုံစထဲ ထည့်လိုက်၏။ 

     လက်နှိပ်ဓာတ်မီးမှာ ဓာတ်ခဲ ၃ခဲထိုး ဖြစ်သဖြင့် အလင်းရောင်မှာ စူးဖြာနေ၏။ လှေကားကို ဓာတ်မီးထိုး၍  လင်မယားနှစ်ယောက် အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ 

   လှေကားထိပ် ရောက်သည့်အခါ အောင်မောင်းက နှင်းရီကို ဓာတ်မီးပေး၍  ...

 " ရော့  လက်နှိပ်ဓာတ်မီး နင်ကိုင်ပြီး ရှေ့ကို တည့်တည့်ထိုး ၊ ငါ  လေးခွထဲ  ဂေါ်လီထည့်ပြီး ပစ်ဖို့ အသင့်ပြင်ထားမယ် "

     သူတို့  အပေါ်ထပ်ရောက်သည့်အခါ  အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ ပြတင်းတံခါးများသည် အားလုံး ပိတ်လျက်သား ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ 

      အသံသည် ပြတင်းတံခါးမှ မဟုတ်ချေ။ ထိုအခိုက်  စာကြည့်ခန်းတံခါးသည် လေမတိုက်ဘဲ သူ့အလိုလို  ဖြေညင်းစွာ ပွင့်လာသည်ကို လင်မယားနှစ်ယောက်စလုံး မြင်တွေ့လိုက်ကြရ၏။

     " ကျီ   အီ   အီ  "

     နှင်းရီသည် အံဩထိတ်လန့်သွားပြီး ... 

   " ကို ... ကို  အောင်  မောင်း  ကျွန်မ  ကြောက်  ကြောက် တယ် ။ အောက်ထပ်  ပြန်ဆင်းကြရအောင်လား "

   အောင်မောင်းက ကြောက်သည်လည်းမဟုတ်။ မကြောက်သည်လည်း မဟုတ်။ ထိုကြောက်ရွံ့သောစိတ်ထက်  စာကြည့်ခန်းထဲမှာ ဘာရှိသလဲဆိုတာကို ပို၍  စိတ်ဝင်စားသွားသည်။ထို့ကြောင့်  စာကြည့်ခန်းဝသို့ နှင်းရီအား ဆွဲခေါ်သွားပြီး ...

    " ဘာကြောက်စရာရှိလဲဟ ၊ လာစမ်းပါ ။ အထဲကို ဓာတ်မီးထိုးပြစမ်း"

    နှင်းရီက  ဓာတ်မီးဖြင့် မဝံ့မရဲ ထိုးပြ၏။ အောင်မောင်း လေးခွကို ပစ်ရန်ချိန်ရွယ်ထားပြီး အခန်းထဲကို သေသေချာချာ ကြည့်လိုက်သည်။ 

       မသင်္ကာစရာဆို၍ ဘာကိုမျှ မတွေ့ရချေ။ အခန်းသည် ငြိမ်သက်လျက် ရှိလေ၏။

       စိတ်ကျေနပ်လောက်သည်အထိ အခန်းထဲကို အောင်မောင်း ရှာဖွေကြည့်သည်။ ထူးခြားမှု တစုံတရာမျှ ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ထို့ကြောင့် အောင်မောင်းသည် သက်ပြင်းကို ချ၍ အခန်းထဲမှ ထွက်လာခဲ့တော့လေ၏။ 

    အခန်းတံခါးကို ဆွဲပိတ်ပြီး ...

   " နင့်  ငါပြောသားပဲ ။ တစ္ဆေသရဲဆိုတာ မရှိပါဘူးဆို ။ ကဲ  အခု ဘာမှမရှိတာကို လက်တွေ့ မြင်လိုက်ရတော့ ငါတို့ ညဘက် ကောင်းကောင်း အိပ်ပျော်တာပေါ့ "

     နှင်းရီကတော့  ကြောက်စိတ်မပြယ်သေးတာလားမသိ။ ဘာတခုမှ ခွန်းတုန့်စကားမဆိုချေ။ 

      အောက်ထပ် ပြန်ရောက်တော့ သူတို့လင်မယား အိပ်စက်ရန်အတွက် ခြင်ထောင် ထောင်ကြသည်။အောက်ထပ်က  တံခါးတွေကို  အောင်မောင်း အသေအချာလိုက်ပိတ်၏။ထို့နောက် ဖယောင်းတိုင်မီးကို မငြိမ်းတော့ဘဲ သူတို့  အိပ်စက်လိုက်ကြလေ၏။

      သူတို့  တနေကုန်ပင်ပန်းကြ၍ ညဘက် ကောင်းစွာ အိပ်ပျော်သွားကြလေ၏။ 

    သန်းခေါင်ယံကျော်ချိန်လောက်၌ အောင်မောင်းသည် ခြံရှေ့မှ ဆူညံသံများကြောင့် နိုးလာ၏။သူ့ဘေးက နှင်းရီကတော့ တရှုးရှုးနဲ့ အိပ်ပျော်နေ၏။

      "  ဝုတ်  ဝုတ်  ဝုတ် "

       "  ဝုတ်  ဝုတ်  ဝုတ် "

        " ဂီး   ဂဲ  ဂဲ  "

      ခြံရှေ့မှာ ခွေးဟောင်သံတွေ ၊ မာန်ဖီသံတွေဆူညံနေ၏။ ညဉ့်နက်သန်းခေါင်ယံမှာ ထိုအသံများက အလွန်ပင် စိတ်အနှောက်အယှက် ဖြစ်စေသည်။ အောင်မောင်း  ဆီးသွားရင်း ထို နားညီးနေသောခွေးတွေကို လေးခွနဲ့ တချက် နှစ်ချက်လောက် ပစ်ပြီး ​​ခြောက်လှန့်ရန် စိတ်ကူးဖြင့် ခြင်ထောင်ထဲမှ ထွက်လာခဲ့၏။ 

     သူ   ခြင်ထောင် အပြင်ဘက်ထွက်လိုက်သည်။ ဖယောင်းတိုင်မှာ ခုထိ မငြိမ်းသေးပေ။ မတ်တတ် ထရပ်လိုက်သည့်အခါ သူ၏ မျက်ရိပ်ထောင့်တွင့် တစုံတရာကို ရိပ်ခနဲ ဖြတ်ပြေးသွားသည်ဟု ထင်မြင်လိုက်၏။

       အောင်မောင်း  ချက်ချင်းပဲ ထိုနေရာသို့  လှမ်းကြည့်လိုက်သည်။

    " ဟင် !  "

      လှေကားရင်းနှင့် ခြေလှမ်း သုံးလှမ်းစာလောက်ကနေ သူ့အား မမှိတ်မသုန် ကြည့်နေသော အရိပ်မည်းတခုကို မြင်တွေ့လိုက်ရသည်။ 

     ဝူ   အူး  အူး  

     အူး   ဝူး   ဝူး

      တိုက်ဆိုင်စွာပဲ  အပြင်ဘက်က ခွေးများ၏ အုပ်စုလို အူသံကြီး ထွက်ပေါ်လာသည်။ အောင်မောင်း  ကျောထဲက စိမ့်အေးသွား၏။ ခြေဖျားလက်ဖျားတွေက  ကြောက်ရွံစိတ်နဲ့အတူ  အေးစက်ကုန်၏။ 

       ဒါပေမဲ့  အောင်မောင်းသည် သူ့ကြောက်စိတ်ကို အမြန်ထိမ်းကျောင်းနှင်ထုတ်ရင်း  ထိုအရိပ်မည်းကြီးရှိရာသို့  လေးခွဖြင့် ချိန်ရွယ်လိုက်လေ၏။ ပြီးသော်  ပစ်လိုက်သည်။

     ဝှီး     ဖေါင်း  

          ရုတ်ခြည်းဆိုသလို  အရိပ်ကြီးသည်  ပျောက်ကွယ်သွား၏။ ဖန်ဂေါ်လီသည် နံရံကို ထိမှန်သွား၏။ 

        အရိပ်မည်းမည်းကြီးသည်  လှေကား ၅ထစ်မြောက်မှာ အောင်မောင်းရှိရာသို့  မကျေမချမ်းဖြင့် စူးစူးရဲရဲကြီး ကြည့်နေ၏။ 

       နံရံကို ဖန်ဂေါ်လီ ထိမှန်သောအသံက ကျယ်လောင်ဟန်တူ၏။ အိပ်ပျော်နေသော နှင်းရီ နိုးလာ၏။

အိပ်ရာကို စမ်းကြည့်တော့ အောင်မောင်းကိုမတွေ့။ဒါနဲ့ ထထိုင်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်တော့ ...

ခြင်ထောင်ဘေးမှာ လေးခွကို ကိုင်လျက် မတ်မတ်ကြီး ရပ်နေသော အောင်မောင်းကို မြင်သွားသည်။ 

      အမြန် လူးလဲထလိုက်ပြီး ...

  " ကိုအောင်မောင်း  ဘာ  ဘာ ဖြစ်လို့လဲ  "

      မကြောက်တတ်သော အောင်မောင်း၊ သင်္ချိုင်းမြေမှာ တဲထိုးပြီး နေလာသည်ဆိုသော အောင်မောင်းမှာ ဘာကို မြင်တွေ့သွားလေသည်မသိ။ သူ၏ မျက်နှာမှာ ဖြူဖျော့၍ ခန္ဓာကိုယ်မှာ မလှုပ်မယှက်ကြီး အသိစိတ်ကင်းမဲ့စွာ ကျောက်ရုပ်ပမာ မတ်မတ်ကြီး ရပ်နေပါသည်။ 

        နှင်းရီ  အသေအချာ ကြည့်လိုက်တော့ ၊ အောင်မောင်း၏ ပုဆိုးမှာ သေးတွေ စိုရွှဲနေသလို၊ ခြေထောက်အောက်မှာလည်း သေးကွက်ကြီးက အိုင်ထွန်းနေလေ၏။

       နှင်းရီ  ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

     "  ကို    အောင်     မောင်း  "

အခန်း၄။

" ကိုအောင်မောင်း  ကိုအောင်မောင်း"

     သူ့နာမည်ကို ဆက်တိုက် ခေါ်နေသည့် နှင်းရီ၏ အသံကို ကြားရပြီး၊ အောင်မောင်း မျက်လုံးကို ဖွင့်ကြည့်လိုက်မိသည်။

 "ဟင် ! ဘာလဲ နှင်းရီ ၊ ဘာဖြစ်လို့လဲ"

" ဘာဖြစ်ရမလဲ၊ တော့် ပါးစပ်က တဂွီဂွီ တဂစ်ဂစ်နဲ့ ဗလုံးဗထွေး အသံတွေ ထွက်နေတာ ၊ ဒါနဲ့  ကျွန်မလဲ ကြည့်ပြီး ကြောက်လာတာနဲ့ အတင်းလှုပ်နှိုးနေတာလေ ၊ တော် အိပ်မက်ဆိုးတွေ မက်နေတာလား "

အောင်မောင်း  ဝန်းကျင်ကို အခုမှ သတိထားမိသည်။ နံနက်မိုးသောက်လို့ နေရောင်ပင် ဖြာကျလျက်ရှိနေပြီဖြစ်သည်။ အောင်မောင်း သည် မိုးလင်းခါနီးမှ အိပ်မက် မက်နေတာပါလားဟု သတိထားမိသွားလေ၏။

" တော်  ဘာတွေ အိပ်မက်  မက်လို့ ဒီလောက် အော်ဟစ်နေတာလဲ ကိုအောင်မောင်း ၊ ပြီးတော့  တော် မကြီးမငယ်နဲ့  အိပ်ရာထဲ သေးတွေ ပေါက်ချထားတယ် ၊ နံလိုက်တာတော်  "

     နှင်းရီရဲ့ မေးခွန်း နှင့်  အပြောကြောင့် အောင်မောင်းသည်  သေးစိုရွှဲနေသော ပုဆိုးကို တလှည့် လှေကားထစ်များဆီသို့ တလှည့် မျက်လုံး ရောက်သွား၏။

         သူ့အိပ်မက်ထဲက  အရိပ်မည်း တစ္ဆေ၏ ရုပ်သဏ္ဍာန်ကို ပြန်တွေးမိတော့ ချက်ချင်း ကြက်သီးထသွားမိသည်။

     သို့ပေမဲ့  အိပ်မက်ကို နှင်းရီ မသိစေချင်။ တော်ကြာ ကြောက်တတ်သည့် နှင်းရီ ဒီအိမ်ကြီးမှာ ဆက်မနေရဲတော့ဘူးဆိုခဲ့ရင် အခက်မဟုတ်လား။ ကျေးဇူးရှင် ဆရာသမား ဦးကိုကိုလတ်၏ မျက်နှာကို ကြည့်ရဦးမည်။ ဆရာသမားက  သူ့ကို ယုံကြည်ကိုးစားလို့  ဒီအိမ်ကြီးကို ပို့လိုက်တာဖြစ်၏။ 

      သူနှင့် ဦးကိုကိုလတ်သည် နှင်းရီနှင့်သူ မညားခင်ကတည်းက လက်တွဲလာခဲ့ခြင်း ဖြစ်၏။ အရင်က  အောင်မောင်းသည် သာမာန် နေ့စားအလုပ်ကြမ်း လုပ်ရသောအလုပ်သမားတယောက်သာ။ ဦးကိုကိုလတ်က သူ၏ အလုပ်ကြိုးစားမှု၊ ရိုးသားမှုတို့ကို မြင်၍  ကားမောင်းသင်ပေးကာ အနီးကပ်ခေါ်ယူထားခြင်းဖြစ်၏။ 

        လစာလည်း သူများထက်ပိုရသလို၊ အခွင့်အရေးဆိုလည်း တခြား အလုပ်သမားများထက် ပိုရခဲ့ခြင်းမှာ ဆရာသမား ဦးကိုကိုလတ်၏ ကျေးဇူးပင်။ ဒါ့အပြင်  နှင်းရီနဲ့ သူ လက်ထပ်ဖို့  ဆရာသမားကပဲ ကူညီပေးခဲ့၏။ သူ့အလိုဆိုရင်  နှင်းရီကို ရဖို့မလွယ်။ နှင်းရီတို့ရွာထုံးစံက တမျိုး။ သူတို့ရွာသူကို လိုချင်သပဆိုရင် မိန်းကလေးရှင်ဘက်က ကျေနပ်လောက်သော မင်္ဂလာခန်းဝင်စရိတ် တင်တောင်းရ၏။ နှင်းရီတို့ဘက်က တင်တောင်းခိုင်းသော ပမာဏမှာ အောင်မောင်းအတွက် ဆယ်နှစ်လောက် မစားမသောက်ဘဲ စုမှရလိမ့်မည်။ သို့ဖြင့် အောင်မောင်းသည် ချစ်သူနှင့်ဝေးရတော့မည်အရေးတွေးကာ တငူငူတငိုင်ငိုင် ဖြစ်ခဲ့ရသည်။ 

          ဒါကို သိတဲ့ ဦးကိုကိုလတ်က ချစ်ဆိပ်တက်၍  မှိုင်တွေနေသော တပည့်ကျော် အောင်မောင်းအတွက် ငွေစိုက်ထုတ် တင်တောင်းပေးသည့်အပြင်၊ မင်္ဂလာဆောင်စရိတ်ကိုပါ အကုန်အကျခံ လက်ဖွဲ့ခဲ့လေ၏။ ထိုသို့သော ကျေးဇူးများစွာ ရှိသည့် ဦးကိုကိုလတ်အပေါ်  သူ  ဒီလောက်တော့ တာဝန်ကျေပွန်ရမည်။ 

         အောင်မောင်းသည်  အိပ်မက်အကြောင်းကို နှင်းရီအား အမှန်တိုင်းမပြောတော့ဘဲ ၊ တခြားအကြောင်းကိုသာ လှီးလွှဲပြောဆိုလိုက်၏။

        သို့ပေမယ့်  အောင်မောင်းကိုယ်တိုင်က  ဤအိမ်ကြီးအပေါ်  သံသယမကင်းတော့ချေ။ အိမ်ကြီးက ကြီးသလောက်၊ အနှောက်အယှက်တွေ  ကြီးထွားမလာအောင် သူတတ်သလောက် မှတ်သလောက် ဖြေရှင်းမည်ဟုသာ ဆုံးဖြတ်လိုက်၏။ 

       အောင်မောင်းတို့လင်မယားက ဆရာကတော် ဒေါက်တာခိုင်ခိုင်ဝင်းကို ' မမ' ဟု တရိုတသေ ခေါ်ကြသည်။ ဒေါက်တာ ခိုင်ခိုင်ဝင်းကလည်း အောင်မောင်းတို့လင်မယားကို အလုပ်သမားဟု သဘောမထားပဲ မောင်နှမတွေလို ဆွေမျိုးသားချင်းလို ဆက်ဆံတတ်၏။ 

       တနေ့တွင်  အိမ်ကြီးကို မွမ်းမံပြင်ဆင်နေကြသော အဖွဲ့ထဲမှ ဆေးသုတ်လုပ်သား လူငယ်များသည် အလုပ်သိမ်း၍ ပြန်ခါနီးအချင်းချင်း တီးတိုးစကားဆိုနေကြသည်ကို  နှင်းရီက ကြားသွားခဲ့၏။

       အပေါ်ထပ်ကို ဆေးသုတ်ရသောလူငယ်တယောက်က ...

"  ငါ  ဆေးသုတ်ရတဲ့  ပြတင်းပေါက်ကလေ ၊ တမျိုးကြီးပဲ "

" ဘာဖြစ်လို့လဲကွ ၊ ဆရာဦးအောင်ခိုင်က အသေအချာ မှာသွားတယ်နော်။ ပြီးစလွယ် မလုပ်ကြနဲ့  မခိုမကပ်ကြနဲ့တဲ့။ ဒီအိမ်က သူ့သူငယ်ချင်းအိမ်တဲ့ ။ သူ့သူငယ်ချင်းက တခုခု ပြန်ပြောရင်  အဲ့ဒီနေရာကို အလကား ပြန်လုပ်ပေးရမယ်တဲ့ "

"ဟာ  အဲ့သလို မဟုတ်ဘူးကွ ။ ဒီလိုကွာ ၊ ငါတို့  ဝါးငြမ်းစင်ကနေ တံခါးတွေ  ဆီဆေးသုတ်တော့ အခန်းကျဥ်းလေး တွေ့တယ်မဟုတ်လား "

" တွေ့တယ်လေ။ ကုလားထိုင်တလုံးချထားတောင် တွေ့ခဲ့သေးတယ်။ အဲ့ဒီပြတင်းပေါက်က မင်းသုတ်နေတာမဟုတ်လား "

"    အေး  အဲ့ဒီအခန်းကွ ၊ ငါ ပထမရက်မှာ ပြတင်းပေါက်က သံတိုင်တွေကို ဆေးသုတ်တော့  အဲ့ဒီအခန်းကို ကြည့်ရင်း  ငိုချင်လာသလိုလို ဘာလိုလိုကြီး ။ တမျိုးကြီးကွာ ။ ဝမ်းနည်းလာသလို ခံစားရတယ်။ 

     ဒုတိယရက်  ကျည်းဘောင်တွေ ကော်ပတ်ချောပြီး ဆေးသုတ်တော့ကျ ငါ့စိတ်က  တမျိုးပြောင်းသွားတယ်။ အပြင်က ဆေး သုတ်နေတဲ့ငါက  အဲ့ဒီအခန်းထဲ ရောက်သွားသလို ခံစားရပြီး စိတ်တွေ ကျဥ်းကြပ်လာတယ်။ ဟိုကွာ ... ပြောရမယ်ဆို အချုပ်ကျနေတဲ့လူတွေလို ခံစားရတယ်။ 

      ဒီကနေ့  ပြတင်းပေါက်တွေကို ဆေးသုတ်တော့ ငါ့စိတ်မှာ ဘာမှ မခံစားရတော့ဘူး။ အေး ... ဒါပေမဲ့ ၊ ငါ ပြောရင်  မင်းတို့ ယုံပါ့မလားမသိဘူး"

 " ဘာဖြစ်လို့လဲ ၊ မင်းကလဲ ပြောမှာသာ ဆက်ပြောစမ်းပါ။ မင်း ပြောပြီးမှ ငါတို့က ယုံသင့် မယုံသင့် ပြောလို့ရမှာပေါ့ဟ "

 " ငါ  မြင်ခဲ့ရတယ်ကွ "

" ဘာကို မြင်ခဲ့တာလဲ "

"    အခန်းထဲက ကုလားထိုင်ပေါ်မှာ တခေါင်းလုံး ဖြူဆွတ်နေတဲ့ ဆံပင်တွေနဲ့  လူကြီးတယောက် ထိုင်နေတာကို ငါ  စက္ကန့်ပိုင်းလောက် ခဏ မြင်လိုက်ရတယ်။ မြင်မြင်ချင်း  ငါလဲ  အတော်လန့်သွားသေးတယ်။ အဲ့ဒီအချိန်က အနောက်နေက စူးနေတော့  ငါပဲ အမြင်မှားသလိုလိုပေါ့ကွာ ။ 

      ဒါနဲ့  ငါ နေကို လက်နဲ့ကာပြီး ကြည့်လိုက်တော့  အဲ့ဒီ ခေါင်းဖြူနဲ့ လူကြီးက ထိုင်ခုံက ထသွားပြီး ခြေလှမ်း သုံးလေးလှမ်းလောက်မှာ ရုတ်ခနဲ ပျောက်သွားတယ်။ ငါ  သူ့နောက်ကျောဘက်ကို သေသေချာချာ မြင်လိုက်ရတယ်။ ဆံပင်က ဂုတ်ပေါ်ဝဲနေပြီ ။ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နဲ့ ။ အင်္ကျီက အဖြူရောင် ခပ်ဖျော့ဖျော့ ၊ ပုဆိုးက အင်းလေးပုဆိုး အပြာနုလေး ... "

" ငါဖြင့်  မင်းပြောတဲ့ ဆံပင်ဖြူနဲ့ လူကြီးဆိုတာ တခါမှ မမြင်ဖူးပါဘူး။ 

ဒီအိမ်ကြီးမှာ  တို့ကို မုန့်တို့ လ္ဘက်ရည်တို့ လာကျွေးတဲ့ ကိုအောင်မောင်းတို့လင်မယားပဲ တွေ့ဖူးတယ်။ 

   သူတို့  မေးကြည့်ပါလား။ ဒီအိမ်မှာ အဲ့သလို  လူရှိလားလို့ ... "

" မမေးဘဲလား ။ ကိုအောင်မောင်းနဲ့တွေ့တာနဲ့ ငါလဲ မေးတာပေါ့ကွာ ။

ကိုအောင်မောင်းက  ဒီအိမ်မှာ ခုလောလောဆယ် သူတို့လင်မယားပဲ ရှိတယ်တဲ့ ။ နောက်တော့ သူ့ဆရာတို့ မိသားစု ၄ဦး ပြောင်းလာလိမ့်မယ်တဲ့။ သူ့ဆရာက အခုမှ အသက် ၄၀ ဝန်းကျင်လောက်ပဲ ရှိသေးတာတဲ့။ တို့ဆရာ အင်ဂျင်နီယာ ဦးအောင်ခိုင်နဲ့ ရွယ်တူ သူငယ်ချင်းတွေတဲ့ကွ "

" မင်းပြောတဲ့ ပုံစံက အသက်ကြီးကြီး ခေါင်းမွှေးဖြူဖြူဆိုတော့ ၊ ပန်းရံတွေထဲလဲ  မပါပါဘူး။ စဥ်းတော့ စဥ်းစားစရာ "

ထိုအကြောင်းကို စတင်ပြောခဲ့သူ လူငယ်က ... စဥ်းစားဟန်ပြုပြီးနောက် ...

"ငါ့အထင်  'ဝိဉာဥ်' ဆိုတာများလား"

    ထိုအခိုက်  တစုံတခု လွတ်ကျသံ ထွက်ပေါ်လာ၏။

" ဂွပ် !  "

     ပန်းကန်ဆေးရင်း  ခိုးနားထောင်နေသော နှင်းရီ၏ လက်ထဲက ပန်းကန်ပြားသည် အောက်သို့ လွတ်ကျ သွားလေ၏။ တော်သေး၏။ ဖိုက်ဘာပန်းကန်ပြားမို့သာ မကွဲချေ။

    လူငယ်များလည်း  မနှင်းရီ  နားထောင်နေတာကို သတိပြုမိသွားကြ၍  စကားစကို ဖြတ်ကာ သိမ်းစရာတာများ သိမ်းဆည်း၍  အလုပ်သိမ်းကြလေ၏။

      အလုပ်သမားများ ပြန်သွားကြချိန်မှာ ညနေ ၅နာရီ ထိုးဖြစ်၏။ မကြာခင် မှောင်တော့မည်။ နှင်းရီသည် ခုနက လူငယ်တွေ ပြောသွားကြသော 

အပေါ်ထပ်က ပြတင်းပေါက်ဆိုတာကို မော့ကြည့်လိုက်ပြီး ၊ ကြက်သီးဖျန်းဖျန်း ထသွားလေတော့၏။

                ___________

(ဆက်ရန်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ပီပီ


#LTY_ပီပီ
#အခန်း
#အပေါ်ထပ်
#အင်ဂျင်
#ဆရာမ

Some text some message..