
အလုပ်စားပွဲပေါ်မှာ သူ့နာမည်နဲ့ ဖိတ်စာတစ်ခု။ သူစိတ်ညစ်သွားသည်။ နှစ်စဉ်နှစ်တိုင်းမှာ ဒီလ ကို သူအမုန်းဆုံးပင်။ အခုလို သီတင်းကျွတ်ပြီးကာစ ကာလဆိုရင် မင်္ဂလာဆောင်တွေက များပြားလွန်းလှသည်။ ဖိတ်စာကို ဖွင့်ကြည့်လိုက်တော့ မကြာသေးခင်ကမှ အသစ်ဝင်ထားတဲ့ ကောင်မလေး။ စိတ်ထဲ ပိုပြီး မသက်မသာဖြစ်သွားသည်။ ဒါပေမဲ့ လူမှုရေးဆိုတာက ရှိရမည်မဟုတ်လား။ ဒါကြောင့် သွားဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးတော့ သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာလည်း ရေးမှတ်ထားလိုက်သည်။
အဲဒီနှစ်က သူ့အနေနှင့် မင်္ဂလာဆောင် ၆ခုသွားလိုက်ရသည်။ ဒီရုံးမှာ ဝင်လာတာ ငါးနှစ်ရှိပြီ။ အဲဒီ ငါးနှစ်အတွင်းမှာ မင်္ဂလာဆောင်အခု သုံးဆယ်လောက်သွားပြီးပြီ။ မင်္ဂလာဆောင်ကို သွားတိုင်းလည်း ..
“ဟာ .. ကိုရဲကြီး.. ခင်ဗျားအလှည့်က ဘယ်တော့လဲ”
“ဒီလိုပဲ သူများမင်္ဂလာဆောင်တွေကို လိုက်သွားနေတော့မှာလား”
“လုပ်တော့လေ .. လူပျိုကြီး စာရင်းဝင်နေပြီ..”
အစရှိတဲ့ စကားလုံးတွေရဲ့ အတိုက်အခိုက်တွေကိုလည်း ကြုံရလေ့ရှိသည်။ သို့သော် သူက စိတ်မပျက်အားမလျော့သေးဘဲ သူများ မင်္ဂလာဆောင်တွေကို လိုက်တက်လေ့ရှိသည်။ ဒီလိုနှင့် တစ်ရက်မှာတော့ .. ကိုရဲကြီး တစ်ယောက် မင်္ဂလာဆောင်ဖို့ အကြောင်းဖန်လာသည်။ ကိုရဲကြီးရဲ့ မိဘတွေက ပေးစားခြင်းဖြစ်၏။
“အမေတို့ကလည်းဗျာ ..”
“ဟဲ့ .. နင့်အစွမ်းအစနဲ့ဆို ဒီတစ်သက် မိန်းမရမှာကို မဟုတ်ဘူး”
“အေး ..လေ မိဘက ကောင်းစေချင်လို့ စီစဉ်တာကို”
ကိုရဲကြီးလည်း ကောင်မလေးဓာတ်ပုံကိုကြည့်ပြီး ကောင်မလေးက ရိုးရိုးအေးအေးလေးနှင့် ချစ်စရာကောင်းတာကြောင့် လက်ခံလိုက်၏။ စေ့စပ်ပွဲနှင့် မင်္ဂလာဆောင်က ရက်သိပ်မဝေး။ ကောင်မလေးဘက်က သူတို့ရွာမှာ ဆောင်စေချင်သည်။ ကိုရဲကြီးက ရွာမှာလည်းဆောင်မည်၊ ရန်ကုန်မှာလည်းဆောင်မည်ဆိုတော့ အဆင်ပြေသွားသည်။ ရွာမင်္ဂလာပွဲကို အရင်ကျင်းပသည်။ ထုံးစံအတိုင်း ရွာမင်္ဂလာဆောင်တွေက လက်ဖွဲ့ငွေမြိုးမြိုးမြက်မြက်ရသည်။ ပြီးတော့ သူတို့မြို့ပေါ်မှာပဲ နေကြမည်ဆိုတော့ မြို့ပေါ်မှာ မဖြစ်မနေဆောင်ရမည်။ နှစ်ဖက်စလုံးက အကျဉ်းချုံးပြီးသာ လုပ်စေချင်ပေမဲ့ ကိုရဲကြီးကတော့ ခမ်းခမ်းနားနားဆောင်ဦးမည်ဟုဆိုသည်။ ကုန်ကျစရိတ်နှင့် ပြန်ရမည့်လက်ဖွဲ့ငွေက မကာမိနိုင်လောက်ဘူးလို့ အမျိုးတွေက ယူဆကြသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ရန်ကုန်မှာက ဆွေမျိုးအင်အားတောင့်တောင့်တင်းတင်းမရှိလျှင် ရှုံးလေ့ရှိသည်။ အခုက ရွာမင်္ဂလာဆောင်မှာ နှစ်ဘက်ဆွေမျိုးတွေ၊ ရပ်ဆွေရပ်မျိုးတွေ အများအပြားလက်ဖွဲ့ကြသောကြောင့် အခုလို လက်ဖွဲ့အများအပြားရခြင်းဖြစ်သည်။ ရန်ကုန်မှာဆိုရင်တော့ မသေချာ။ ဒါပေမဲ့ ကိုရဲကြီးကတော့ ဆောင်မည်။ လုံးဝအလျှော့မပေးတာကြောင့် လက်ခံလိုက်ရလေသည်။
မင်္ဂလာမဆောင်ခင် တစ်ပတ်အလို။
“အစ်ကို မအိပ်သေးဘဲ .. ဘာလုပ်နေတာ”
ကိုရဲကြီးတစ်ယောက် ဖိတ်စာတစ်ထပ်၊ စာရင်းစာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေသည်။
“ဖိတ်ရမယ့် စာရင်းတွေ လုပ်နေတာ”
“ကျွန်မလည်း ကူလုပ်ပေးမယ်လေ”
မိန်းမဖြစ်သူက .. ကိုရဲကြီးရဲ့ မှတ်စုစာအုပ်ကို ကြည့်ပြီး အံ့အားသင့်သွားသည်။ ကိုရဲကြီး မှတ်စုစာအုပ်ထဲ၌ ..
အစရှိသဖြင့် မှတ်ထားခြင်း ဖြစ်သည်။ မိန်းမဖြစ်သူအနေနှင့် များသောအားဖြင့် လက်ဖွဲ့မှတ်စုတွေက မင်္ဂလာဆောင်တဲ့သူတွေက ပြုလုပ်လေ့ရှိတာဖြစ်ပြီး သူတို့အနေနှင့် သူတို့မင်္ဂလာဆောင်တွေမှာ ဘယ်သူတွေက ဘယ်လောက်လက်ဖွဲ့တယ်ဆိုတာကိုကြည့်ပြီး သူတို့အလှည့်ကျ ပြန်လက်ဖွဲ့ကြခြင်းဖြစ်သည်။ အခုတော့ .. သူ့ယောကျ်ားက သူသွားခဲ့တဲ့ မင်္ဂလာဆောင်တွေရဲ့ လက်ဖွဲ့တွေကို သူကိုယ်တိုင်မှတ်သားထားခြင်းဖြစ်သည်။ ပြီးတော့ ပိုဆိုးတာက ခေတ်ကိုပါ လက်ဖက်ရည်ဈေးနှုန်းနှင့် တိုင်းတာထားခြင်းဖြစ်၏။
ပြီးတော့ ဖိတ်စာ ကို နှစ်မျိုးခွဲထားသည်။ သူ မင်္ဂလာဆောင်သွားခဲ့ရသည့် သူတွေအတွက် ဖိတ်တဲ့ ဖိတ်စာမှာ “မဖြစ်မနေဆက်ဆက်လာခဲ့ရမည်” ဟူသည့် စာသားပါရှိပြီး၊ အခြားသူတွေကတော့ ပုံမှန်အတိုင်းသာဖြစ်သည်။ ရုံးမှာ ဆိုရင်လည်း လက်ရှိလုပ်ကိုင်နေသူတွေအပြင်၊ အလုပ်ထွက်သွားတဲ့လူတွေရဲ့ လိပ်စာတွေကိုပါ လိုက်ရှာပြီး ဖိတ်တာဖြစ်သည်။
“ကိုအောင်ကျော် ..ရှိလား”
“ဟေ .. ဘယ်သူလဲကွ”
“ကျနော် ရဲကြီးပါ .. မင်္ဂလာဆောင်လာဖိတ်တာ”
တစ်ဖက်လူက ဇဝေဇဝါဖြစ်သွားသည်။ ပြီးတော့ ..
“ခင်ဗျားနဲ့ ကျနော် သိလို့လား”
“အာ ..ဗျာ .. ခင်ဗျား မိန်းမ လွန်ခဲ့တဲ့ သုံးနှစ်က ကျနော်တို့ ရုံးမှာ အလုပ်လုပ်သွားတာ။ အဲဒီတုန်းက ခင်ဗျားတို့ မင်္ဂလာဆောင်ကို ကျနော်လာခဲ့သေးတယ်လေ”
“အင်း .. “
“အဲဒါကြောင့် ကျနော်တို့ မင်္ဂလာဆောင်ကို ပြန်လာဖိတ်တာ”
“ကျနော်တို့ ကွာရှင်းလိုက်ကြပြီဗျ”
“ဘာ .. “
ကိုရဲကြီးရဲ့ အသံက တော်တော်ကျယ်လောင်သွားသည်။ ဘေးအိမ်က လူတွေပါ ထွက်ကြည့်ကြသည်။
“အဲဒီတော့ ခင်ဗျားက မလာတော့ဘူးလား”
“ခင်ဗျားနဲ့ ကျနော်နဲ့က ရင်းမှမရင်းနှီးတာ”
စကားတွေက အခြေအတင်ဖြစ်နေသည်။ ကိုရဲကြီးရဲ့ မိန်းမက လူတွေဝိုင်းကြည့်နေသောကြောင့် ..
“လာပါ အစ်ကိုရယ် .. သွားရအောင်”
ကိုရဲကြီးက အလျှော့မပေး။
“ခင်ဗျားတို့ မင်္ဂလာဆောင်တုန်းက ကျနော့်မှာ ပိုက်ဆံမရှိလို့တောင် သူများဆီက ချေးငှားပြီး လာပေးခဲ့ရတာဗျ။ ခင်ဗျားတို့က ယူချင်တိုင်းယူ၊ ကွဲချင်တိုင်းကွဲလို့ရမလားဗျ”
“ဘယ်တတ်နိုင်မလဲဗျ”
“အဲဒါဆို ခင်ဗျားမိန်းမလိပ်စာပေး”
“သူ နိုင်ငံခြားရောက်သွားပြီ”
“ကျွတ်.. “
နောက်တစ်အိမ်ရောက်တော့ ..
“အော် .. ကိုရဲကြီးပဲ မှတ်မိတာပေါ့”
“အေး .. အခု ငါမင်္ဂလာဆောင်တော့မလို့ .. အဲဒါ လာဖိတ်တာ”
အိမ်ရဲ့ အခြေအနေကို ကြည့်ရတာတော့ အိမ်ငှားဖြစ်ဖို့များသည်။ မိန်းမလုပ်သူက ဒီအိမ်က စီးပွားရေးပြေလည်မယ့်ပုံစံမျိုးမဟုတ်တော့ ဖိတ်ရမှာကို အားနာနေသည်။ ကိုရဲကြီးကတော့ ..
“နင်တို့ ဆက်ဆက်လာခဲ့ရမယ်နော် .. နင်တို့မင်္ဂလာဆောင်တုန်းက ငါ ၃၀၀၀၀တောင်လက်ဖွဲ့ထားတာ။ အဲဒီထက်တော့ မနည်းစေနဲ့”
တစ်ဖက်က ဖိတ်စာကို ကိုင်ပြီး ..
“ဟုတ် .. ကဲ့ ..”
နောက်တစ်အိမ်ထပ်ရောက်သည်။ ဒီအိမ်က အပျိုကြီး မသိမ့် ရဲ့ အိမ်ဖြစ်သည်။ ဖိတ်စာမှာ “ဆက်ဆက်လာခဲ့ရမည်” ဟူသည့် စာသားမပါသည့် ဖိတ်စာ။ ဒါကတော့ ဂလဲ့စားချေရမည့်အကွက်။
“ဗျို့ .. အပျိုကြီး ..မသိမ့်”
ကိုရဲကြီးက အပျိုကြီးဆိုတဲ့နေရာမှာ အသံကို ပိုမြှင့်အော်ပြီး ခြံထဲကို ဝင်သွားလေသည်။ ပြီးတော့ အောင်နိုင်သူအပြုံးနှင့် …
“ရော့ . ဒီမှာ မင်္ဂလာဆောင်ဖိတ်စာ”
“အံမယ် .. နင်က မိန်းမရပြီပေါ့လေ”
“သိပ်ဟုတ်တာပေါ့”
“အေးပါ .. လာခဲ့ရမှာပေါ့”
“သူများ မင်္ဂလာဆောင်တွေ မပျက်မကွက်သွားပေးရင် ကိုယ့်အလှည့်မြန်မြန်ရောက်တယ်ဗျ”
အပျိုကြီး မသိမ့်က မျက်စောင်းထိုးပြီး အိမ်ထဲပြန်ဝင်သွားသည်။
အဲဒီနေ့က ရုံးပိတ်ရက်ဖြစ်သည်။ သူတို့တစ်ရုံးလုံးနီးပါးလည်း မင်္ဂလာဆောင်ကို လာကြသည်။ ဒါပေမဲ့ တစ်ယောက်သော သူက ရောက်မလာခဲ့ပါ။ ကိုရဲကြီးတစ်ယောက်လည်း သူ့ကို မျှော်နေပုံရသည်။ အဝင်ဝကို လည်တဆန့်ဆန့်နှင့်။ မိန်းမဖြစ်သူက ရိပ်မိသွားတော့ ..
“ဘယ်သူ့ကို မျှော်နေတာလဲ”
“နောက်မှ ပြောပြမယ်”
အဲဒီလိုနှင့် မင်္ဂလာပွဲ ပြီးဆုံးသွားသည်။ လူစေ့အောင်ဖိတ်နိုင်တာကြောင့် လက်ဖွဲ့ငွေတွေလည်း တော်တော်များများရသည်။ ညရောက်တော့ ..
“အစ်ကို မျှော်နေတဲ့သူ ဒီနေ့လာသွားလား”
“မလာဘူး”
လေသံက နည်းနည်းတော့မာသည်။
“ဖုန်းဆက်မေးကြည့်ပေါ့”
“မမေးတော့ဘူး ..ထားလိုက်တော့”
မိန်းမဖြစ်သူက ပိုသိချင်သွားသည်။ အဲဒါနဲ့ ကိုရဲကြီး အိပ်တဲ့အချိန်မှာ .. သူ့ရဲ့ မှတ်စုစာအုပ်ကို ခိုးဖတ်ကြည့်၏။
မိန်းမဖြစ်သူ သဘောပေါက်သွားသည်။ အချို့ ဖိတ်စာတွေက နာကျဉ်းချက်တွေ၊ ဂလဲ့စားတွေ ပါဝင်နေမှန်း။ ကုတင်ပေါ်မှာတော့ ကိုရဲကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေရဲ့။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg