
အခန်း၅။
" နင် အဲ့ဒီစကားကို မမ သွားမပြောနဲ့နော် နှင်းရီ "
" ရှင်! ဘာလို့လဲ ကိုအောင်မောင်းရဲ့။ ဒီကိစ္စက မမ သိမှ ကောင်းမှာပေါ့"
အောင်မောင်းက ခေါင်းကို ရမ်းပြရင်း ၊
" မမက ခေတ်ပညာတတ် ဆရာဝန်ဟ။ သေခါနီးဆဲဆဲ လူနာတွေ၊ သေပြီးသား အလောင်းတွေကို ကိုင်တွယ်ထိတွေ့နေတဲ့ မမက နင် ပြောတဲ့ ဝိဉာဥ်ဆိုတာကို ယုံမယ် ထင်နေသလား ။
ပြောပြတဲ့ ငါတို့ကိုတောင် အဆူမခံရရင် ကံကောင်း။ ပြီးတော့ ဒီကိစ္စမျိုးဆိုတာက ကိုယ်တိုင်ကိုယ်ကျ မြင်ရမှ ယုံတတ်တဲ့အမျိုးဟ။
ဒါကြောင့် ဒီကိစ္စနဲ့ ပါတ်သက်ပြီး နင် မမကို တလုံးတပါဒလေးမှ မပြောပါနဲ့ "
မနက်ဖြန်၊ သဘက်ခါဆိုရင်ပဲ မမတို့သားအမိ နှစ်ယောက်က ပြောင်းလာတော့မည်။ မမတို့သားအမိဆိုတာက ဒေါက်တာခိုင်ခိုင်ဝင်းနှင့် သမီးကြီး ဆုရတီလတ်တို့ဖြစ်ကြသည်။ သားငယ် ဇေယျာလတ်ကတော့ အဖိုးအဖွားများရှိရာသို့ ပို့လွှတ်ထား၍ ရောက်မလာနိုင်သေးချေ။ ဆရာဦးကိုကိုလတ်နှင့်မှ အတူပါလာမည်ဟု သိထားလေ၏။
ဝိဉာဥ်ကိစ္စကို ဆေးသုတ်လုပ်သားများထံမှ ကြားရပြီးနောက် နှင်းရီရော အောင်မောင်းပါ ထိုဝိဉာဥ်ကို ဝိုးတဝါး မြင်တွေ့ခဲ့ရပြီးဖြစ်၏။
ညစဥ်လိုလို သူတို့ ကြားနေရသော ပွတ်တိုက်သံကဲ့သို့ တကျီကျီ မြည်သံမှာ အပေါ်ထပ် စာဖတ်ခန်းထဲမှ ထွက်ပေါ်လာမှန်း သူတို့လင်မယား စုံစမ်းသိရှိသွားခဲ့ကြသည်။
တညတွင် သူတို့လင်မယားသည် ထိုမြည်သံအား စောင့်ဖမ်းရန်အတွက် အပေါ်ထပ်သို့ ည၇နာရီခွဲခန့်ကတည်းက တင်ကြိုတက်နှင့်ပြီး စောင့်နေခဲ့ကြသည်။ထိုညက ည ၉နာရီသာသာခန့်တွင် စာဖတ်ခန်းထဲမှ တကျီကျီ မြည်သံ စတင် ထွက်ပေါ်လာ၏။
အောင်မောင်းသည် ကြိုတင်စိတ်ကူးထားသည့်အတိုင်း အသံစထွက်သည်နှင့် စာဖတ်ခန်းတံခါးကို မဆိုင်းမတွ တွန်းဖွင့်လိုက်သည်။ အောင်မောင်းနှင့်အတူ နှင်းရီလည်း ဓာတ်မီးတလက်ဖြင့် အတူပါလာ၏။
အံဩစရာပင်။ နှင်းရီလက်ထဲက ဓာတ်မီးသည် ထိုအခါမှ ငြိမ်းသွားလေ၏။ ခလုတ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်ကြည့်သည်။ သို့သော် ဓာတ်မီးသည် မီးလုံးကြွမ်းနေသကဲ့သို့ လုံးဝ မလင်းချေ။ သို့ပေမယ့် ၊ လရောင် ၏ အားဖျော့သောအလင်းက ပြတင်းပေါက်မှ အခန်းတွင်းသို့ အနည်းငယ်သော အလင်းရောင်ကို မှုံပြပြ ဖြာဝေပေးလျက်ရှိရာ ...
" ဟင်! "
" ဟာ! "
လင်မယားနှစ်ယောက်စလုံး အာမေဋိတ်သံကိုယ်စီ ထွက်ပေါ်သွားသလို ၊ အခန်းတွင်းသို့ ဝင်မည့် ခြေလှမ်းများက တုန့်ခနဲ ရပ်တန့်သွားကြလေ၏။
စာဖတ်ခန်းထဲက စားပွဲ၏ရှေ့တွင် မြူမှုန်ကဲ့သို့သော အရိပ်ဖြူဖြူတခုက ပြတင်းပေါက်ဆီကို မျက်နှာမူလျက် ငေးမောနေသည်ကို သူတို့ ထင်ထင်ရှားရှား တွေ့လိုက်ရလေသည်။၎င်းမှာ လူသားကဲ့သို့ သဏ္ဍာန် ရှိသော်လည်း အကောင်လိုက်တည်ရှိနေခြင်းမဟုတ်ချေ။ မြူမှုန်ကဲ့သို့သော အစုအဝေးတခုဟုသာ ပြောနိုင်လေ၏။
ထိုအရိပ်သည် တံခါးကို ဖွင့်လိုက်သည်နှင့် ချာခနဲ လှည့်လာ၏။ သူတို့လင်မယား အံဩသွားသည်။ ဆေးသုတ်လုပ်သားများ ပြောနေကြသော ဆံပင်ဖြူဖြူ ဂုတ်ဝဲနှင့် ယောက်ကျားကြီးတယောက်၏ မျက်နှာသဏ္ဍာန်ကို ခပ်ရေးရေးမျှ မြင်လိုက်ကြရသောကြောင့်ပင်။
ထိုလူကြီးသည် သူတို့လင်မယားကို မြင်လိုက်သည့်အခါ စာအုပ်စင်တခုအနီး ရုတ်ခနဲ ပြေးထွက်သွားပြီး၊ ထိုစာအုပ်စင်အနီး၌ပင် ရုတ်ခြည်း ပျောက်ကွယ်သွားလေ၏။
ထိုအချင်းအရာကို မြင်၍ အောင်မောင်း၏ အနောက်က နှင်းရီသည် သတိလက်လွတ်ဖြစ်ကာ ကြမ်းပေါ်သို့ ခွေလဲကျသွားလေ၏။
" ဒုန်း "
နှင်းရီ လက်ထဲက လက်နှိပ်ဓာတ်မီးသည် သူမနှင့်အတူ ကြမ်းပြင်ပေါ်သို့ လွှတ်ကျ၍ လိမ့်သွားလေ၏။ အံဩဖွယ်ရာတို့သည် ဆက်တိုက် ဖြစ်ပေါ်လာ၏။ ခုဏက လုံးဝ ထွန်းမရသည့် ဓာတ်မီးသည် အခုအခါ၌ လင်းလာပြန်၏။
" ဟဲ့ နှင်းရီ နှင်းရီ သတိထားအုံးလေ "
အောင်မောင်းက နှင်းရီကိုယ်ကို ပွေ့ထူ၍ အတင်းလှုပ်နှိုးနေ၏။ နှင်းရီခမျာ ပါးစပ်မှ တအင်းအင်း လုပ်နေသော်လည်း မျက်လုံးက ပွင့်မလာချေ။
ထိုအခိုက်မှာ စာအုပ်စင်၏ အတွင်းဘက်တနေရာမှ ငိုညီးသံကဲ့သော အသံတခု ထွက်ပေါ်လာပြန်၏။
" အင့် ဟင့် ဟင့် "
" အီး ဟီးဟီး ... "
အောင်မောင်း ထိုအသံကို သေချာ နားစိုက်ထောင်ကြည့်လိုက်သည်။ ငိုသံသည် အရွယ်ရောက်ပြီး လူတယောက်၏ အသံတင်သာမက ၊ ကလေးငယ်တဦး၏ ငိုသံပါ ရောယှက်နေသည်ဟု ထင်လိုက်မိလေ၏။
" မလုပ်ပါနဲ့ .... မေမေ့ကို မရိုက်ပါနဲ့ ၊ သမီး ရှိကြီးခိုးပါရဲ့ ... မေမေ့ကို ထပ်မရိုက်ပါနဲ့တော့ ... "
အသံသည် အဝေးကြီးက လာနေသလိုပင်။ သို့ပေမင့် ထိုအသံသည် ကလေးငယ်တယောက်၏ တိုးလျိုးတောင်းပန်နေသော အသံဆိုတာ အောင်မောင်း ကောင်းစွာ သိလိုက်ရသည်။ ကလေးငယ်၏ အသနားခံနေသော အသံမှာ ကြားရသူအဖို့ ရင်နာစရာ သနားစရာ အလွန်ကောင်းလှပေသည်။
" ရွှမ်း ရွှမ်း "
" အား အံမယ်လေး "
အသံတို့သည် ပြဇာတ်အခန်းတခုသဖွယ် ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ကြာပွတ် ၊ကြိုး သို့မဟုတ် ခါးပတ်ဖြင့် လေမှာ လွှဲရိုက်သည့်အသံ၊ နာနာကျင်ကျင် အော်ဟစ်ငြီးတွားသည့်အသံတို့မှာ ပီသထင်ရှားလှ၏။
အောင်မောင်းမှာ အသံတွေကို ဆက်တိုက်ကြားနေရသလို ၊ နှင်းရီကိုလည်း ကြောက်လန့်တကြားနှင့် ဇွတ်အတင်း လှုပ်နှိုးနေမိသည်။
" နှင်းရီ နှင်းရီ ထပါအုံး ... "
နှင်းရီ ပါးစပ်မှ ' အင်းဟင်းဟင်း ' ဟူသော ငြီးတွားသံနှင့်အတူ မျက်လုံး ပွင့်လာ၏။ စာဖတ်စင်အကြားက ခုဏက အသံတွေ တိတ်ဆိတ်သွားပြန်သည်။
နှင်းရီသည် အောင်မောင်း၏ လက်မှ ရုန်းထွက်ပြီး ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်သည်။ ထုံးနှောင်ထားသော နှင်းရီ၏ ဆံပင်များမှာ ယခုအခါ၌ သရေပင်ကြိုး မရှိ၍ ပြေကျနေသည်။ ရှည်လျားသော ဆံပင်များမှာ ကျောမပေါ် ဝဲလျက် ရှိ၏။ နှင်းရီကို အောင်မောင်း သတိထားကြည့်လိုက်တော့ ၊ နှင်းရီ၏ မျက်လုံးများက မူမမှန်တော့ချေ။ မျက်နက်အိမ်သည် မလှုပ်ရှား။ အောင်မောင်းကိုသာ စူးစိုက်၍ ကြည့်နေ၏။
အောင်မောင်းက နှင်းရီရဲ့ အခြေအနေကို ရိပ်စားမိ၍ အနီးသို့တိုးကပ်သွားပြီး၊ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ခါလိုက်၏။ ပါးစပ်ကလည်း ...
" နှင်းရီ နှင်းရီ ... ငါ ကိုအောင်မောင်းလေ။ နင့်ယောင်္ကျားလေ ၊ နင် သတိထားအုံးလေ ... "
နှင်းရီသည် အောင်မောင်းအား တချက်မျှ ပြုံးပြ၏။ အပြုံးမှာ လွန်စွာ အားဖျော့လှသည်။ ပြုံးရုံလေးဟု ဆိုရလိမ့်မည်။ ထိုသို့ ပြုံးလိုက်ပြီး နှင်းရီ၏ မျက်လုံးအိမ်များထဲမှ မျက်ရည်ပူများ တလိမ့်လိမ့် ကျဆင်းလာကြပြန်သည်။ နှင်းရီသည် လွန်စွာ ဝမ်းနည်းအားငယ်သော လေသံဖြင့် ...
" ကျွန်မတို့ သားအမိကို လွတ်မြောက်ခွင့်ပေးပါတော့ ဦးကျော်ဇံရယ် ... " ဟု တိုးဖွဖွကလေး ပြောပြီး သတိလစ်မေ့မြောသွားပြန်လေတော့သည်။
" ဝုန်း ... "
စာဖတ်ခန်းသည် ရုတ်တရက် ငလျင်ချက်မိသကဲ့သို့ တသိမ့်သိမ့် တုန်ခါသွားသည်။စာအုပ်စင်များသည် တဒုန်းဒုန်းဖြင့် လှုပ်ယိမ်းကုန်ကြသည်။
" ဒုန်း ဒုန်း ဒုန်း "
စက္ကန့်ပိုင်းမျှ အကြာ ပြတင်းတံခါးသည် လူမဖွင့်ပဲ ရုတ်တရက် ပွင့်သွားသည်။ လေပြေအေးတခုက ပြတင်းပေါက်ကနေ အခန်းထဲသို့ ဆွေ့ခနဲ ဝင်လာ၏။ တုန်ခါမှုသည် ရပ်သွား၏ ။ အသံဗလံတွေက တိတ်ဆိတ်သွားပြန်၏။
ထိုအခိုက် သွေးအေးအေးဖြင့် ရက်ရက်စက်စက် သတ်ဖြတ်တတ်သော လူသတ်သမားတယောက်က တိုးညှင်းညှင်း လှောင်ရယ်သံတခုကိုပြု၍ အခန်းတွင်းမှာ လှည့်ပတ်ရယ်မောနေသည့်အလား ခန်းလုံးပြည့်မျှ ရယ်သံက ထွက်ပေါ်လာပါ၏။
" ဟင်းဟင်းဟင်း "
" ဟင်းဟင်းဟင်း"
ရယ်သံသည် ဇနီးမယားအား စိုးရိမ်စိတ်များနေသော အောင်မောင်းအား တိုး၍ပင် ကြောက်ရွံချောက်ချားစေသည်မှာ အမှန်ပင်။
အောင်မောင်းသည် နှင်းရီကိုယ်လုံးလေးအား ပွေ့ချီ၍ အပေါ်ထပ်မှ အမြန်ဆုံး ဆင်းပြေးလာခဲ့လေတော့သည်။
_____________
အခန်း၆။
သားအမိနှစ်ယောက် ကုတင်ပေါ်မှာ တယောက်ကို တယောက် ဖက်လျက်သား တုန်လှုပ်ချောက်ချားနေကြသည်။
သူတို့ ခေါင်းပေါ်တည့်တည့်က တကျီကျီမြည်သံသည် တိုးတလှည့် ကျယ်တလှည့်နှင့် စည်းချက်ကျကျ မြည်လျက် ရှိသည်။
" မေမေ အဲ့ဒါ ဘာသံလဲ ၊ ပြီးတော့ ခုဏက သမီးတို့ မြင်လိုက်ရတဲ့ သားအမိကရော ဘယ်သူတွေလဲ"
ခိုင် ဘာဖြေရမှန်းမသိ။ သမီးမျက်နှာကိုကြည့်တော့ အခုထိ အကြောက်ပြေသေးဟန်မတွေ့။ မျက်နှာက ဖြူဖျော့နေ၏။ ခုဏက အဖြစ်အပျက်က သမီးရဲ့ ပထမဆုံး ကြောက်စရာမြင်ကွင်းတခု ဖြစ်နေလိမ့်မည်ဆိုတာ သူမ သိနေ၏။
အမှန်တော့ သူမတို့ သားအမိနှစ်ယောက် ကောင်းစွာ အိပ်ပျော်နေပြီ ဖြစ်သည်။ အချိန်ကိုလည်း ကြည့်ပါဦး။ နံရံကပ်နာရီက ညဉ့် ၁၂နာရီ ၁၅မိနစ်ကို ပြနေပြီ ဖြစ်၏။
အရင်ဦးစွာ နိုးလာသူက သမီး ဆုရတီလတ် ဖြစ်၏။ သူမကတော့ နေ့ခင်းက ဆေးရုံမှာ အရမ်းပင်ပန်းခဲ့၍ နှစ်ခြိုက်စွာ အိပ်မောကျ နေပါ၏။
ဆုရတီလတ် နိုးလာရသည့်အကြောင်းက ၊ သူမ၏ ခြေထောက်ကို တစုံတယောက်က လာပြီး ကုတ်ခြစ်နေသောကြောင့် ဖြစ်သည်။
အစကတော့ ဆုရတီသည် သူမခြေထောက်ကို မေမေ့ခြေထောက်က လာပြီး ထိထိနေသည်ဟု ထင်မိသေး၏။ ဒါပေမဲ့ အခုက သူမ ခြေဖဝါးကို လက်သေးသေးလေးဖြင့် ကုတ်ခြစ်နေသည်ဟု သိရှိခံစားလာသည့်အပြင်၊ ထိုလက်သေးသေးလေးမှ ရေခဲတမျှ အလွန် အေးစက်သော အထိအတွေ့ကို ရလာသောကြောင့် ဖြစ်သည်။
ဆုရတီ သတိဝင်လာသည့်အခါ ခြေထောက်ကို ချက်ချင်း အပေါ်သို့ ရုတ်လိုက်၏။ ပြီးသော် အိပ်နေရာမှ ထထိုင်လိုက်ပြီး ကုတင်ခြေရင်းကို လှမ်းကြည့်လိုက်သည်။
ကုတင်ခြေရင်းတွင် သူမ တခါမျှ မမြင်ဖူးသော အသက်၆နှစ်အရွယ် ကလေးမလေးတဦးအား ခေါင်းစုပ်ဖွားနှင့် တွေ့လိုက်ရလေ၏။ မျက်နှာသည် သွေးမရှိသလို ဖြူဖျော့နေ၏။ မျက်လုံးများမှာ အရောင်မှေးမှိန်နေသည်။
" ဟင် ! နင် ဘယ်သူလဲ "
ကလေးမလေးက ဆုရတီရဲ့ အမေးကို မဖြေ။ သူ့လက်ဖြင့် မှီလောက်သော မွေ့ယာခြေရင်းပိုင်းကိုသာ သူမ၏လက်သည်းလေးဖြင့် တဂျစ်ဂျစ် ကုတ်ခြစ်နေ၏။ ဆုရတီကိုလည်း တစက်ကလေးမျှ အရေးမလုပ်ချေ။
ဆုရတီသည် ကလေးမလေးက သူ့အား အရေးမလုပ်သည်ကို တွေ့ရ၍ အနည်းငယ် စိတ်တိုဟန်ဖြင့် ...
" ဟဲ့ မေးနေတယ်လေ၊ နင် ဘယ်ကလဲလို့ "
ဆုရတီရဲ့ အသံက ခပ်မာမာဆိုတော့ ကောင်မလေးက ဒီတခါ သူမကို မော့ကြည့်လာ၏။ ဒါပေမဲ့ တခဏပဲ။ ပြီးတော့ ကုတင်ကို ဘေးမှပတ်၍ ဆုရတီ ရှိရာကို လျှောက်လာပြန်၏။ ပြီးတော့ မေမေနဲ့ ဆုရတီရဲ့အကြားက သူမ အကြိုက်ဆုံး စတစ်အရုပ်ကလေးကို လက်ညှိုး ထိုးပြပြန်၏။ သဘောကတော့ အဲ့ဒီအရုပ်လေးကို ပေးပါဟု ဆိုနေသလိုပင်။
ထိုကောင်မလေး သူ့အနားကပ်လာကတည်းက ဆုရတီ နှာခေါင်းထဲ မကောင်းသော အနံ့တခု ရလာ၏။ ထိုအနံ့မှာ စိတ်ညစ်ညူးဖွယ်ရာ ကောင်းလွန်း၏။ ထို့ကြောင့် ...
ဆုရတီက အရုပ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ...
" အံမယ် ပေးနိုင်ပါဘူး ၊ ဒါ ငါ့ဖေဖေက မွေးနေ့လက်ဆောင်ပေးထားတာ ၊ သွား သွား ငါ့အနား မလာခဲ့နဲ့ ။ တကိုယ်လုံးကလဲ မည်းညစ် ပေရေလို့ ၊ ရေလဲ မချိုးဘူးနေမှာ ။ အနံ့ကလဲ နံစော်နေတာပဲ ၊ သွား ! "
ဆုရတီအသံက လိုတာထက် ပိုကျယ်သွားသလို ၊ ငေါက်ငမ်းသလို ဖြစ်သွား၏။
ကလေးမလေးသည် တကိုယ်လုံး တုန်ရင်သွား၏။ ပြီးတော့ မျက်လုံးက မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။ ဝမ်းနည်းနေသည့်ကြားမှ ဆုရတီအား မကျေနပ်သလို တချက်မျှ ကြည့်လိုက်ပြီး ' မေမေ ' ဟု အော်ဟစ်ခါ ငိုချလိုက်လေ၏။
ဆုရတီ အံအားသင့်စွာ ကောင်မလေးကို ကြည့်နေမိစဥ် အခန်း၏ အပြင်ဘက်မှ သူမ နားထဲသို့ တဦးတယောက်၏ခြေသံနှင့်အတူ အော်ခေါ်ရှာဖွေနေသံကို ကြားလိုက်ရ၏။ ခြေသံမှာ လှေကားက ဆင်းလာသည့်အသံဟု ထင်မိလေ၏။
" သမီးရေ ပိုးပိုးရေ ၊ ဘယ်မှာလဲ၊ မေမေ လိုက်ရှာနေတယ်နော် ... "
ထိုအသံကို ကြားလိုက်သည့်အခါမှ ဆုရတီရဲ့ အရုပ်ကို တောင်းနေသော ကောင်မလေးထံမှ ငိုသံက ပို၍ ကျယ်လောင်လာ၏။
အီး ဟီးဟီး
အခန်းအပြင်က ခြေသံသည် သူမတို့အခန်းရှေ့ ရောက်သည့်အခါ တိခနဲ ရပ်သွား၏။ ဆုရတီလည်း အခန်းတံခါးကို လှမ်း၍ ကြည့်လိုက်မိသည်။
ထိုအခါ ပိတ်လျက်သားရှိသော အခန်းတံခါးကို သဏ္ဍာန်အရိပ်ဖြူတခုက ထိုးဖေါက် ဝင်ရောက်လာသည်ကို ထိတ်လန့်ချောက်ချားဖွယ်ရာ မြင်တွေ့လိုက်ရလေတော့သည်။
တံခါးသည် ဂျက်ချထားသလို ပိတ်ထားမြဲ ရှိ၏။ သို့သော် ထိုတံခါးကို စိမ့်ဝင်ထိုးဖေါက်၍ သမီးပျောက်ရှာဖွေနေသော မိခင်သည် ဝင်လာခဲ့ပြီ ဖြစ်သည်။
ဖြူဖြူ အရိပ်သဏ္ဍာန်သည် အခန်းထဲ ရောက်သည်နှင့် ငိုနေသော သမီးငယ်ဆီ အပြေးရွေ့လျားလာပြီး ပွေ့ဖက်လိုက်သည်။
ဆုရတီ အသံမထွက်တော့ချေ။ မြင်လိုက်ရတဲ့ မြင်ကွင်းက သူမ တသက်တာမှ တခါမျှ မြင်တွေ့ဖူးသည့်မြင်ကွင်းမျိုးမဟုတ်။ ထူးခြား ဆန်းကြယ်၍ ထိတ်လန့်ချောက်ချားစဖွယ် အလွန်ကောင်းနေလေ၏။
ထို့ကြောင့် သူမသည် အိပ်ပျော်နေသော အမေအား အတင်းလှုပ်နှိုးလိုက်တော့လေ၏။
" မေမေ ထပါအုံး မေမေ မေမေ"
ဒေါက်တာခိုင်ခိုင်ဝင်းသည် အိပ်ပျော်နေရာမှ ဆုရတီ၏ အတင်းလှုပ်နှိုးမှုကြောင့် နှိုးလာလေ၏။ ဆုရတီက နိုးလာသည့် ခိုင့်ကို အခန်းတံခါးဝဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ ခိုင် အခန်းတံခါးဝဆီသို့ လှမ်းကြည့်လိုက်သည်။ တံခါးကို ထွင်းဖေါက်၍ မိန်းမတဦးနှင့် ကလေးတဦး လက်တွဲလျက် ထွက်သွားသည်ကို မြင်လိုက်ရသည်။
" ဟင် ! "
ခိုင် အံဩနေချိန်မရလိုက်။ ဆုရတီက ကုတင်ပေါ်က ဆင်း၍ အခန်းတံခါးကို ပြေးဖွင့်ရာ၊ သူမ အနောက်မှ ပြေးလိုက်ရပြန်၏။
ဆုရတီလတ်ကို ခိုင် မှီတော့ အရိပ်ဖြူဖြူလေးနှစ်ခုက အပေါ်ထပ်တက်သည့် လှေကားထိပ်သို့ ရောက်ပြီဖြစ်၏။ သူတို့သားအမိ နှစ်ယောက် အရိပ်ဖြူလေး နှစ်ခုကို မော့ကြည့်နေစဥ်မှာ ...
" လာစမ်း ! "
အင်မတန် ဆိုးရွားလှသော အသံကြီးဖြင့် မည်းမည်းသဏ္ဍာန်တခုက အရိပ်ဖြူလေး နှစ်ခုကို အတင်းဆွဲခေါ်သွားတာကို မြင်တွေ့လိုက်ကြရသည်။
ဆုရတီလတ်သည် ခုဏက ကလေးမလေးကို သံယောဇဥ်ဖြစ်သွားသလား သို့မဟုတ် သနားမိသွားလေသလား မပြောတတ်။ လှေကားပေါ် ပြေးတက်သွားလေ၏။
ခိုင်မှာ ဆုရတီလတ်လောင် လျှင်မြန်ခြင်း မရှိလေရာ လှေကားရင်း၌ ကျန်နေကျစ်ခဲ့သည်။
ဆုရတီလတ် လှေကားထိပ်လည်း ရောက်ရော
" အံမယ်လေး ဘာကြီးလဲ "
ဆုရတီလတ်သည် ကြောက်မက်ဖွယ်ရာ တစုံတခုကို ပက်ပင်း မြင်တွေ့လိုက်ရဟန်တူလေ၏။ လှေကား အောက်သို့ နောက်ပြန် ပြုတ်ကျလာသည်။
ဝုန်း ဒုန်း
တော်သေး၏။ လှေကားရင်းမှာက ခိုင် ရှိနေတော့ ဆုရတီလတ်ကို ထိန်းဆွဲထားလိုက်နိုင်၏။ နို့မဟုတ်ရင် ဆုရတီလတ် ခေါင်းကို ပြင်းစွာ ထိခိုက်သွားနိုင်၏။
ဆုရတီလတ်ကိုယ်ကို အနောက်ကနေ ပွေ့ထိန်းထားရင်း ခိုင် လှေကားထိပ်ကို မော့ကြည့်လိုက်ရာ ...
မည်းမည်းသဏ္ဍာန်ကြီး၏ ကြောက်မက်ဖွယ်ရာ မျက်နှာကြီးကို မြင်တွေ့လိုက်ရလေ၏။ ခိုင်လည်း ကြောက်လန့်တကြားနှင့် သမီးဖြစ်သူ ဆုရတီလတ်၏ လက်ကို ဆွဲ၍ အခန်းထဲသို့ အမြန်ပြေးဝင်၍ တံခါးကို ဂျက်ချ ပိတ်ထားလိုက်သည်။
ထို့နောက် ကုတင်ပေါ်မှာ သားအမိနှစ်ယောက် တဦးကို တဦး ဖက်ထားပြီး အခန်းတံခါးကို ထိတ်လန့်စွာ ကြည့်နေမိလိုက်ကြတော့သည်။
သူတို့သားအမိ စကားပြောနေစဥ်မှာ အပြင်ဘက်မှ ... သံဘာဂျာတံခါးကို ဆွဲလှုပ်သံနှင့်အတူ ...
" မမ မမ ဘာဖြစ်တာလဲ၊ တဒုန်းဒုန်းနဲ့ အသံတွေကြားနေရလို့။
မမ တံခါးဖွင့်ပါအုံး။ ကျွန်တော်တို့ပါ။ အောင်မောင်းနဲ့ နှင်းရီပါ မမ "
ထိုအခါမှ ခိုင်လည်း သက်မကို ချလိုက်မိလေတော့သည်။
___________
အခန်း၇။
သူတို့ ခေါင်းချင်းဆိုင်ကြလေပြီ။သူတို့ဆိုတာက ဒေါက်တာ ခိုင်ခိုင်ဝင်း၊ ဆုရတီလတ်၊ အောင်မောင်းနှင့် နှင်းရီတို့ ဖြစ်ကြလေ၏။ ဤအိမ်ကြီးထဲမှာ ဝိဉာဥ်တွေ ရှိနေတာကို အားလုံးက လက်တွေ့ ကြုံဆုံခဲ့ကြပြီဆိုတော့ ပရလောက တကယ်ရှိသည်ကို လက်ခံလိုက်ကြပြီဖြစ်၏။
" ကျွန်တော်တို့က မမကို ပြောပြမလို့ပါပဲ။ ဒါပေမဲ့ မမက ယုံမှာမဟုတ်ဘူးလေ။ ဒါကြောင့် ကျွန်တော်တို့လင်မယားက သိပေမယ့် နှုတ်ပိတ်နေခဲ့တာပါ မမ "
ဒေါက်တာခိုင်ခိုင်ဝင်းက သူမအား မဝန့်မရဲနှင့် ဖွင့်ဟဝန်ခံနေသော အောင်မောင်းကို ကြည့်၍ သနားသွားသည်။ ပြီးတော့ သူ့မိန်းမ နှင်းရီခမျာလည်း ဘယ်လောက်တောင် ကြောက်ရွံ့နေရှာမလဲဟု ကိုယ်ချင်းစာနာမိသွားခဲ့သည်။
နှင်းရီကတော့ ဘာမှ ဝင်မပြောဘဲ သူ့ခင်ပွန်းအောင်မောင်းကိုယ်ကို ခပ်ရို့ရို့လေး ကွယ်ရပ်နေရှာ၏။
"ဒါဆိုရင် သမီးတို့ ဒီအိမ်ကြီးမှာ ဆက်နေလို့ မဖြစ်တော့ဘူးပေါ့နော် "
လှပ၍ သစ်လွင်တောက်ပနေသည့် ခမ်းနားထည်ဝါသော အိမ်ကြီးကို နှမြောတသစွာ ကြည့်၍ ဆုရတီလတ်က ဝမ်းနည်းဟန်ဖြင့် ဝင်ပြောလိုက်သည်။
သမီးဖြစ်သူရဲ့ စကားကို ကြားလိုက်ရတဲ့ ဒေါက်တာခိုင်ခိုင်ဝင်းအတွက်က ပို၍ ဆိုးလေ၏။ သူမသည် ဤအိမ်ကြီးကို ဝယ်ယူသည့် ငွေပမာဏသာမက၊ ပြုပြင်မွမ်းမံစရိတ်များစွာပါ ကုန်ကျထားသည်မဟုတ်လား။သူမ၌ ရှိသမျှ အိတ်သွန်ဖါမှောက် ငွေကုန်လုနီးနီးပင်။
ပြီးတော့ ဒီလို အချိန်ကုန် ငွေကုန်ခံ၍ စိတ်တိုင်းကျ ပြင်ဆင်ပြီးမှတော့ ပြန်မရောင်းလိုပေ။ ပြန်ရောင်းမယ်ဆိုတော့ ဤအိမ်ကြီးက တစ္ဆေခြောက်သည်ဟု သတင်းထွက်ပေါ်ပါက မတန်တဆ ဈေးနှိမ်ကြလိမ့်မည်။ ဝယ်မယ့်သူတောင် ရှိပါဦးမလား။
ခက်သည်။ လူနှင့် ပရလောကသားတို့သည် အိမ်တအိမ်တည်း၌တော့ အတူယှဥ်တွဲ နေထိုင်လို့ မဖြစ်ချေ။ အဲ့ဒီတော့ ဒီအိမ်ကြီးကနေ သူတို့ မထွက်လိုလျင် ၊ ပရလောကသားများကို ထွက်ခိုင်းရလိမ့်မည်။ တနည်းဆိုသော် ကျွတ်အောင်လွတ်အောင် ကူညီရလိမ့်မည်။ ထိုသို့ဆိုလျင် ... ဝိဉာဥ်များသည် ဘာကြောင့် ဤအိမ်ကြီးထဲမှာ ရှိနေကြရသနည်း။မည်သို့သော အစွဲနည်း။ ထိုအကြောင်းရင်းခံကို သူမ သိဖို့ လိုအပ်ပေသည်။
ခိုင်သည် အောင်မောင်း၏ မျက်နှာကို စေ့စေ့ကြည့်၍ လေသံ ခပ်အေးအေးဖြင့် မေးလိုက်လေ၏။
" အောင်မောင်း ... မင်း ဒီအိမ်ကြီးအကြောင်း ဘယ်လောက်သိထားလဲ။ မမကို အမှန်တိုင်း ပြောပြပါလား "
အောင်မောင်းက ခိုင်၏အမေးကို ချက်ချင်း မဖြေဘဲ၊ သူ့နောက်ကျောဘက်က နှင်းရီဘက်သို့ လှည့်ကြည့်၏။ ပြီးလျင် သက်ပြင်းငွေ့ငွေ့ကို ချလျက် ...
" မမကို ကျွန်တော် ပြောပြခဲ့သလိုပဲ ၊ တညက ကျွန်တော့မိန်းမ နှင်းရီကိုယ်ထဲကို တစ္ဆေမတကောင် ဝင်ပူးကပ်ဖူးတယ် မမ "
ခိုင့်မျက်နှာက အားတက်သွားဟန်ရှိသည်။သဲလွန်စ သို့မဟုတ် အကြောင်းအရာတခုတော့ သိရလိမ့်မည်ဟု တွေးလိုက်မိပြီး ...
" အေး ဝင်ပူးပြီးတော့ သူက ဘာပြောသွားလဲ ။ မမကို ပြန်ပြောပြပါလား အောင်မောင်း "
" သူတို့ အကူအညီ တောင်းနေကြတယ် မမ။ ဒီအိမ်ကြီးထဲကနေ လွတ်မြောက်ခွင့် ပေးပါတဲ့ "
ဒေါက်တာ ခိုင်ခိုင်ဝင်းက အောင်မောင်း ပြောတာကို သိပ်နားမလည်၍
" သူတို့ဆိုတာက ... "
အောင်မောင်းသည် အိမ်အပေါ်ထပ်ကို တချက်မျှ မျှော်ကြည့်လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့် ...
" သူတို့ဆိုတာက ... ကောင်မလေးတယောက်နဲ့ သူ့အမေပါ ... မမ၊ ဝိဉာဥ်သားအမိ နှစ်ယောက်ပါ ။ သူတို့သားအမိရဲ့ ဝိဉာဥ်ကို ဒီအိမ်ကြီးထဲက မိစ္ဆာတကောင်က ချုပ်နှောင်ထားတယ်နဲ့ တူတယ်။ သူတို့ ဒီအိမ်ကြီးကနေ ဘယ်မှ ထွက်လို့ မရကြဘူး။ ပြီးတော့ အဲ့ဒီ မိစ္ဆာက သူတို့သားအမိအပေါ် အတော်လေး အငြိုးကြီးပုံရတယ် မမ။ အဲ့ဒီသားအမိကို ညစဥ်ညတိုင်း နှိပ်စက်နေပုံပဲ "
" ဟင်! ဒါဆိုရင် ဝိဉာဥ်တွေ ဒီအိမ်ကြီးထဲကနေ လွတ်မြောက်ဖို့ဆိုရင် ၊ ငါတို့က အဲ့ဒီမိစ္ဆာကို အရင်ဆုံး နှိမ်နှင်းပေးရမယ်ပေါ့ "
အောင်မောင်း ခေါင်းငြိမ့်ပြသည်။
ပြီးတော့ အောင်မောင်းက အပေါ်ထပ်ကို လက်ညှိုး ထိုးပြ၍ ...
" ကျွန်တော့ အထင်ပြောရရင်၊ မိစ္ဆာကောင်က အပေါ်ထပ်က စာကြည့်ခန်း တနေရာမှာ ရှိလိမ့်မယ် မမ ၊ ဒါပေမဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ကျွန်တော် အတိအကျ မပြောနိုင်ဘူး ။ သူ့ကို စာကြည့်ခန်းထဲမှာ တခါတလေ တွေ့နိုင်ပေမယ့် ၊ စာအုပ်စင်တွေ အနီးမှာ ပျောက်သွားတတ်တယ်။ ဘယ်မှာမှ ရှာမတွေ့ဘူး မမ"
ခိုင် စဥ်းစားရပြီ။ စာကြည့်ခန်းဆိုတော့ သူမ တခါရောက်ဖူးတဲ့ လျှို့ဝှက်အခန်းလေးကိုရော အောင်မောင်း ရောက်ဖူးလေသလား။ ခိုင် အောင်မောင်းကို ကြည့်၍ ...
" မင်း အပေါ်ထပ် စာကြည့်ခန်းနံဘေးက လျို့ဝှက်အခန်းလေးထဲကိုရော ရောက်ဖူးလား အောင်မောင်း "
" ဗျာ! လျို့ဝှက်အခန်း ဟုတ်လား မမ "
" အေး စာအုပ်စင်တခုကို ဆွဲလိုက်ရင် တံခါးတချပ်လို ဝင်ပေါက်တခု ပွင့်သွားလိမ့်မယ်။ အဲ့ဒီကနေ ဝင်သွားရင် သံတိုင်တွေပါတဲ့ ပြတင်းပေါက်တခု ရှိတဲ့ အခန်းလေးတခုထဲ ရောက်သွားလိမ့်မယ်။ အခန်းထဲမှာ လှုပ်ကုလားထိုင်တလုံး ရှိတယ် "
အောင်မောင်း ပါးစပ်ကနေ လှုပ်ကုလားထိုင် ဟု ခပ်တိုးတိုးလေး ရေရွတ် လိုက်ပြီး စဥ်းစားနေမိသည်။
" ဟာ ဟုတ်ပြီ မမ ၊ ညဘက် တကျီကျီနဲ့ အသံမြည်နေတာ အဲ့ဒီ လှုပ်ကုလားထိုင်ကြောင့် ဖြစ်မယ် "
ခိုင်က ခေါင်းငြိမ့်ပြ၏။ သူမ၏ အတွေးနဲ့ အောင်မောင်း စဥ်းစားသည်က တူညီနေ၏။
အောင်မောင်းက ဆက်၍ ဆိုပြန်၏။
" ပြီးတော့ ခေါင်းဖြူဖြူနဲ့ ဝိဉာဥ်က စာအုပ်စင်နားမှာ ပျောက်သွားလေ့ရှိတာက ၊ တဖက်မှာ လျို့ဝှက်အခန်း ရှိနေလို့ပေါ့ "
ဒီတခါ အောင်မောင်းပြောတာကို ခိုင် နားမရှင်းချေ။ ခေါင်းဖြူဖြူ နဲ့ ဝိဉာဥ်က ဘယ်သူလဲ သိချင်သွားမိသည်။
" အဲ့ဒီ ဝိဉာဥ်ကရော ခုဏက မင်းပြောခဲ့တဲ့ သားအမိထဲက တယောက်လား အောင်မောင်း "
" မဟုတ်ဘူး မမ ။ အဲ့ဒီ ဝိဉာဥ်က ယောက်ကျားဝိဉာဥ်။ ဟိုသားအမိနဲ့ ဘာမှ မဆိုင်ဘူး "
ခိုင်က စဥ်းစားဟန်ပြု၍ သူ့ဖာသာ ပြောသလိုလိုဖြင့် ...
" ဒါဆို ... ဘယ်သူ ဖြစ်မလဲ "
အောင်မောင်းလည်း ခေါင်းကုတ်၏။ ထိုခေါင်းဖြူ ဂုတ်ဝဲ ဆံပင်နဲ့ ဝိဉာဥ်သည် ဘယ်သူဖြစ်မလဲ။
အဲ့ဒီအချိန် နှင်းရီက အောင်မောင်း လက်ကို လာဖျစ်ညှစ်သည်။ အမှန်က နှင်းရီသည် ခိုင်နှင့် အောင်မောင်းတို့ ပြောနေသည်ကို နားထောင်၍ ကြောက်ရွံလာသောကြောင့် ထိုသို့ ဖျစ်ညှစ်လိုက်ခြင်းသာ။ အောင်မောင်းက နှင်းရီဘက်သို့ လှည့်၍ အားပေးဟန်ဖြင့် ကြည့်သည်။ နှင်းရီ မျက်လုံးများက ယုန်သူငယ်၏ မျက်လုံးများသဖွယ် ကြောက်ရွံစိတ် ပြည့်နေလေ၏။
အောင်မောင်း အတွေးထဲ နှင်းရီ ကိုယ်ထဲ ဝိဉာဥ် ဝင်ပူးကပ်စဥ်က ပြောသွားသော စကားစုတို့ ပြန်၍ ပေါ်လာ၏။ ထိုစဥ်က နှင်းရီပါးစပ်ကနေ
"ကျွန်မတို့ သားအမိကို လွတ်မြောက်ခွင့်ပေးပါတော့ ဦးကျော်ဇံရယ် " ဟု ပြောပြီး သတိလစ်သွားခဲ့သည်မဟုတ်လား။ နှင်းရီရဲ့ စကားတွေထဲမှာ ' ဦးကျော်ဇံ ' လို့ ပါတယ်ဆိုတော့ ...
အောင်မောင်း မျက်နှာက ဝင်းပသွားပြီး ...
" မမ... ဟုတ် မဟုတ်တော့ မသိဘူးနော် ၊ နှင်းရီ တစ္ဆေ အပူးခံရတုန်းက သူ့ပါးစပ်ကနေ (ဦးကျော်ဇံ)လို့ ပြောဖူးတယ် ။ အဲ့ဒီ ဦးကျော်ဇံက ဘယ်သူလဲတော့ ကျွန်တော်လဲ မသိဘူးမမ"
ခိုင် အံဩသွားသည်။ ဒီအိမ်ကြီးကို မဝယ်ခင်က အိမ်ပွဲစား ဒေါ်လဲ့လဲက စာကြည့်ခန်းနဲ့ လျို့ဝှက်အခန်းကို လိုက်ပြတော့၊ ဒါက ဦးကျော်ဇံရဲ့ စာဖတ်ခန်းဟု ပြောသွားခဲ့သည်မဟုတ်လား။
သို့ပေမဲ့ အိမ်ပွဲစား ဒေါ်လဲ့လဲ့ ပြောသွားသည်က၊ နိုင်ငံခြားက သူတို့သားက မိဘတွေကို အပြီးခေါ်သွားခဲ့သည်ဟု ပြောထားသည်ကို မှတ်မိနေရာ ၊ ဦးကျော်ဇံက ဘာကြောင့် ဝိဉာဥ် ဖြစ်နေရသလဲဆိုတာ စဥ်းစား၍ မရနိုင်ပေ။ ထိုပြသနာကို ဖြေရှင်းနိုင်ရန်မှာ အိမ်ပွဲစား ဒေါ်လဲ့လဲ့ ကူညီမှ ဖြစ်တော့မည်။
ခိုင် ချက်ချင်းပဲ လက်ကိုင်ဖုန်းထဲက ဒေါ်လဲ့လဲ့ ဖုန်းနံပါတ်ကို ရှာ၍ ခေါ်ဆိုလိုက်သည်။
လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာ မအားသေးပါဟု ဖြေကြားနေသည်နှင့် ဆုံတွေ့နေရပြန်တော့သည်။ ခိုင် သက်ပြင်းကို ချ၍ ... သမီးဖြစ်သူ ဆုရတီလတ်ဘက်သို့ လှည့်ကာ ...
" သမီး ဆုရတီ ... ဦးလေးအောင်မောင်းတို့ လင်မယားနဲ့ အတူနေခဲ့အုံးနော် ။ မေမေ အပြင်ကို ခဏသွားလိုက်အုံးမယ်။ မကြာပါဘူး ခဏလေးရယ်ပါ"
ဆုရတီလတ်ကို ထိုသို့ ပြောပြီး၊ အောင်မောင်းဘက်သို့ လှည့်ကာ ...
" အောင်မောင်း ... မင်း ဆုရတီနဲ့ နှင်းရီကို အသေအချာ စောင့်ရှောက်ထားလိုက်။ မမ အိမ်ပွဲစား ဒေါ်လဲ့လဲ့ ရှိမယ့်နေရာကို လိုက်သွားကြည့်အုံးမယ် "
အောင်မောင်းက စိတ်ချပါ မမဟု ဖြေ၏။ ခိုင်သည် ကားကို ဂိုဒေါင်ထဲမှ ထုတ်၍ ဒေါ်လဲ့လဲ့ ရှိတတ်သည့် မြေပွဲစားများ ထိုင်တတ်သော လ္ဘက်ရည်ဆိုင်ရှိရာသို့ မောင်းထွက်လာခဲ့လေ၏။
ဒေါက်တာ ခိုင်ခိုင်ဝင်း မောင်းနှင်သွားသော ကားလေးကို အပေါ်ထပ်ရှိ သံတိုင်များပါသော ပြတင်းပေါက် နောက်ကွယ်မှ တခေါင်းလုံး ဖွေးဖွေးဖြူသော ဆံပင်ရှိသည့် ဦးခေါင်းတလုံးက မမှိတ်မသုန် လိုက်ကြည့်နေတာကိုတော့ ဒေါက်တာ ခိုင်ခိုင်ဝင်း မသိရှိလိုက်ချေ။
အခန်း ၈။
ဒေါ်လဲ့လဲ့နှင့် တွေ့ဆုံပြီး ခိုင် သိလိုသမျှကို အကုန်အစင်မေးခဲ့လေ၏။ဒေါ်လဲ့လဲ့ကလည်း သိသမျှ အကုန်ပြောပြပေးခဲ့ပါ၏။သို့သော် အရင်အိမ်ပိုင်ရှင်တို့၏ အမည်နာမတို့ကို သိရပါသော်လည်း ဇာတ်လမ်းကိုမူ အကုန်အစင် မသိခဲ့ရ။ အချို့နေရာများမှာ ကွင်းဆက်အချို့ ပြတ်တောက်နေလေ၏။ ဒေါ်လဲ့လဲ့ ပြောပြသည်ကို ပြန်လည် ဖေါ်ပြရလျှင်...
ဤအိမ်ကြီး၏ မူလပိုင်များမှာ ဦးကျော်ဇံနှင့် ဇနီး ဒေါ်မြမေဟု သိရပြီး၊ ၎င်းတို့မှာ မောင်မောင်ဟူသောသားတဦးသာထွန်းကားသည်ဟုဆို၏။ ဦးကျော်ဇံသည် ယခင်က အတန်အသင့် ချမ်းသာကြွယ်ဝသောမိုးကုတ်ကျောက်တွင်း သူဌေးမျိုးရိုးဟု သိရ၏။ ဦးကျော်ဇံသည် ငယ်စဉ်က သူဌေးသားပီပီ ၊ ဆိုးသွမ်းရမ်းကားသည်ဟုလည်း သိခဲ့ရ၏။နောက်တော့ မိဘများ ဆုံးပါးသွားခဲ့ပြီး ညီအစ်ကိုမောင်နှမများနှင့် အမွေခွဲ၍
မန္တလေးရှိ ယခုအိမ်ကြီးသို့ ဇနီးနှင့်အတူ အပြီးပြောင်းလာခဲ့ခြင်း ဖြစ်သည်။
ဦးကျော်ဇံသည် ၎င်း၏ဇနီး ဒေါ်မြမေအပေါ် အလွန်နိုင်စားသူ ဖြစ်၏။ ဒေါ်မြမေသည် ဦးကျော်ဇံအား အလွန်ကြောက်ရွံ ရိုသေရ၏။ ဦးကျော်ဇံ၏ ခွင့်ပြုချက်မရလျင် အိမ်အပြင်သို့ မထွက်ရသူ ဖြစ်၏။နောက်တခု ထူးခြားသည်က ဦးကျော်ဇံသည် ၎င်း၏တဉီးတည်းသော သားဖြစ်သူ 'မောင်မောင်' ကိုပင် ချစ်ခင်နှစ်လိုဟန်မရှိဘဲ၊ ခပ်စိမ်းစိမ်း နေလေ့ရှိသည်ဟု ထိုအိမ်ကြီးကို ဝင်ထွက်သွားလာသူများက အခိုင်အမာ ပြောဆိုကြ၏။
'မောင်မောင်' သည် ယောက်ကျားလေးဆိုပေမယ့် သိမ်မွေ့၏။ လိမ်မာယဉ်ကျေး၍ ပညာရေး၌ ထူးချွန်ခဲ့သည်။ ယင်းခေတ်က အထက်တန်းစာမေးပွဲကို ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ခဲ့ပြီး၊ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်ခွင့်ရခဲ့သည်။ ထိုခေတ်က မန္တလေး၌ စက်မှုတက္ကသိုလ် မရှိသေးချေ။ ထို့ကြောင့် မောင်မောင်သည် မိခင်ကြီးအား စိတ်မချသော်ငြားလည်း ရန်ကုန်မြို့သို့ ပညာသင်ကြားရန် ထွက်သွားခဲ့ရသည်။
ရန်ကုန်၌ မောင်မောင် ပညာသင်ကြားနေစဉ်အတွင်းမှာ ဤအိမ်ကြီးဆီသို့ လူသစ်တဦး ထပ်ရောက်လာခဲ့သည်။ ၎င်းကတော့ စစ်ကိုင်းမြို့ အနောက်ဘက်က မထင်မရှား ရွာလေးတခုမှ အသက် ၁၇နှစ် ၁၈နှစ်ခန့်ရှိဦးမည့် မသက်ထားဆိုသော အိမ်အကူ အမျိုးသမီးငယ်ပင် ဖြစ်သည်။
မသက်ထားသည် ငယ်ရွယ်ပျိုမြစ်၏။ ကိုယ်နေဟန် ပြေပြစ်၍ ချစ်စဖွယ် အဆင်းရှိသည်။ သူမခမျာမှာလည်း မိဘနှစ်ပါး ကွယ်လွန်သွားကြပြီး၊ ကြီးတော်ဖြစ်သူထံ ခိုကိုးနေရသူ ဖြစ်၏။ ကြီးတော်မှာလည်း သားသမီးများစွာ ရှိပြီး၊ လင်ယောင်္ကျားမှာ အရက်သမားလူရမ်းကား ဖြစ်သောကြောင့် တူမချောကို စိတ်မချနိုင်ရှာပေ။ ထို့ကြောင့် မဖြစ်သင့်သည်ကို မဖြစ်တန်အောင် နီးစပ်ရာအဆက်အသွယ်ဖြင့် မသက်ထားကို မန္တလေးမြို့၌ အိမ်အကူ လုပ်ရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။ တနည်းဆိုရသော် ပါးစပ်တပေါက်ကို ဒီအတိုင်း အလကားမကျွေးနိုင်၍ စွန့်လွှတ်လိုက်ခြင်းဆိုလည်း မမှားပေ။
မြို့သို့ ရောက်သွားသည့် တူမ၏ သတင်းကို ယောင်လို့တောင် မမေး။ သူ့ထိုက်နဲ့သူ့ကံ ရှိလိုရာ ရှိစေတော့ဟု ဥပက္ခာ ပြုလိုက်လေ၏။
မသက်ထားသည် အတန်းပညာကို သင်ကြားဖူးသူမဟုတ်။ ဘုန်းတော်ကြီးကျောင်းမှာ ရေးတတ်ဖတ်တတ်ရုံမျှသာ စာသင်ကြားခဲ့ဖူးသည်။ ထို့ကြောင့် ခမျာမှာ ရိုးအ၏။ဗဟုသုတနည်းပါး၍ နုံနဲရှာ၏။ မကြာခဏ အိမ်ရှင် ဦးကျော်ဇံ၏ အဆူအငေါက်ကို ခံရသည်။
သို့သော် သူမကို ဒေါ်မြမေကတော့ နွေးနွေးထွေးထွေး ဆက်ဆံပေး၍ ခမျာမှာ ဆက်ပြီးနေခဲ့ရှာသည်ဟု သိရလေ၏။
နောက်ဆုံး သိရသည်က မသက်ထားသည် အိမ်ကြီးကို ရောက်ပြီး၊ ၇ လလောက်ကတော့ အပြင်သို့ ထွက်၍ ဈေးဝယ်ထွက်တာမျိုး မြင်တွေ့ကြရသည်ဟုဆို၏။ အဲ့ဒီ နောက်ပိုင်း တခါတရံ ခြံထဲဆင်းတာမျိုးလောက်သာ တွေ့ရတတ်ပြီး၊ ခြံအပြင် ထွက်တာကို လုံးဝ မမြင်ကြရတော့ပါတဲ့။ သို့သော် လုံးဝ ပျောက်ကွယ်သွားသည်မှာ ၉လခန့်ကြာပြီး၊ မသက်ထားမှာ တဖန် ပြန်လည် ပေါ်လာပြန်သည်ဟုလည်း ဆိုကြပြန်၏။
" မြင်တဲ့သူတွေက ပြောကြတာတော့ အသားရေတွေက ပိုပြီး ဝင်းဝါပြီး စိုပြေလာသတဲ့။ ပိုပြီး ပြည့်ပြည့်ဖြိုးဖြိုး လှလာတယ်ပေါ့။ ပြီးတော့ ထူးခြားတာက ၊အရင်လို အပြင်ကို ခြေလျင် လမ်းလျှောက်ထွက်တာမျိုးမဟုတ်တော့ဘဲ၊ ဦးကျော်ဇံရဲ့ ကားပေါ်မှာ ပါလာတတ်သတဲ့။
ဦးကျော်ဇံက သူ့မိန်းမနဲ့တောင် ကားအတူစီးခဲတယ်လေ။ အခု အိမ်အကူကို ကားနဲ့တင်ပြီး မကြာခဏ လမ်းထွက်တာ မြင်ကြရတော့ ထူးဆန်းနေကြတာပေါ့။ ကားပေါ်က မသက်ထားကလဲ အင်္ကျီအဝတ်အစားတွေ သစ်သစ်လွင်လွင်နဲ့။
အင်း ဒါပေမဲ့ အဲ့ဒါကလဲ လေးငါးလပါ။နောက်တော့ ဦးကျော်ဇံ တယောက်တည်းပဲ အပြင်ထွက်တာ မြင်ရတယ် ။ မသက်ထား ပါမလာပြန်တော့ဘူး"
ခိုင့် နားထောင်နေရင်း စိတ်ထဲမှာ မရှင်းတာက ဝိဉာဉ်နှစ်ဦးအနက်၊ ကလေးဝိဉာဉ်က ဘယ်ကရောက်လာလဲဆိုတာကို သိချင်လာ၍ ...
" အဲ့ဒီ မိသားစုမှာ လေးငါးနှစ်အရွယ် သမီးကလေးတယောက်များ မရှိဘူးလားရှင့် ။ မွေးစားကလေးဖြစ်ဖြစ်လေ ... "
ဒေါ်လဲ့လဲ့က ခိုင့်ကို မျက်ခုံးပင့်ကြည့်ရင်း ...
" မရှိပါဘူး ဆရာမ။ အဲ့ဒီအိမ်မှာ ကလေးရှိတယ်လို့ ကျွန်မ တခါမှ မကြားဖူးပါဘူး ။ ဘာဖြစ်လို့ မေးတာလဲ "
" သြော် ... ကျွန်မတို့ အိမ်ကို သန့်ရှင်းရေးလုပ်တော့ ကလေးကစားစရာအရုပ်လေးတွေ တွေ့မိလို့ပါ။ အဲ့ဒါကြောင့် ကလေးရှိမယ်ထင်ပြီး မေးမိတာ "
" ကျွန်မ သိသလောက်တော့ ကလေး မရှိဘူး ဆရာမ "
ခိုင်က အိမ်ကြီးရဲ့ ဇာတ်ကောင်တယောက်ကို သတိတရဖြင့် မေးလိုက်လေ၏။
" နောက်တခုက ရန်ကုန်ကျောင်းသွားတဲ့ မောင်မောင်က ကျောင်းပိတ်ရက်တွေ အိမ်ကို ပြန်မလာဘူးလား "
" စတုတ္ထနှစ်လောက်မှာ တခါ ပြန်လာတယ်လို့ ထင်တယ်။ ဒါပေမဲ့ ဘာဖြစ်တယ် မသိပါဘူး။ နောက်တရက် ရန်ကုန်ကို ချက်ချင်းပြန်ထွက်သွားတယ်။ အဲ့ဒီနောက် ကျောင်းပြီးသွားတဲ့အထိ တခေါက်မှ ပြန်မလာတော့ဘူး။ ကျောင်းပြီးတော့ အလုပ် တန်းဝင်တယ်တဲ့။ နယ်ဘက်မှာ တာဝန်ကျတယ်ဆိုလား ။ သူ့အမေကိုတော့ တခါတခါ ပြန်လာတွေ့တယ်ဆိုလား ။ မှတ်တောင် မမှတ်မိတော့ပါဘူး ။ နောက်တော့ အဆက်အသွယ်ကောင်းနဲ့ နိုင်ငံခြားကို ထွက်သွားတာပဲ ဆရာမ "
ဇာတ်လမ်းထဲက မထင်မရှား ဇာတ်ကောင် ' မောင်မောင် ' ၏ အခန်းကဏ္ဍက တိုတိုတုတ်တုတ်နဲ့ ဇာတ်မြုပ်သွားပြန်၏။
ခိုင် သိထားတာက သမီး ဆုရတီလတ်အား ခြောက်လှန့်သွားသော 'ပိုးပိုး 'ဆိုသော သမီးကလေးနှင့် ဝိဉာဉ်မေမေ ။ သူတို့ သားအမိသည် ဘယ်သူတွေ ဖြစ်မည်နည်း ။ မသက်ထားသည် ကလေးမလေး၏ မိခင်ပဲ ဖြစ်နေမလား။ ကလေးအမေ အရွယ်က ဤအိမ်ကြီးရဲ့ ဇာတ်ကောင်တွေထဲမှာ မသက်ထား တယောက်သာ ရှိသည်မဟုတ်လား။
" ခုနက ဒေါ်လဲ့လဲ့ ပြောတဲ့ မသက်ထားကရော ရွာကို ပြန်သွားတာလား"
" ဟုတ်တယ် ဆရာမ။ မသက်ထားက အဲ့ဒီအိမ်ကြီးမှာ ၅နှစ်လောက် အလုပ်လုပ်ပြီးတော့၊ ရွာကို အပြီးပြန်သွားတယ်တဲ့။ နေပါအုံး သူတို့ရွာနာမည်က ကျွန်မသိပါတယ်။ ပါးစပ်ဖျားလေးတင် မေ့နေတယ် "
ဒေါ်လဲ့လဲ့က စဉ်းစားဟန်ပြု၏။ ခိုင်လည်း ဒေါ်လဲ့လဲ့ထံမှ စကားကို စောင့်နေမိသည်။
" သြော် သိပြီ။ အင်းကုန်းရွာတဲ့ ဆရာမ။ စစ်ကိုင်းမြို့ကနေ အနောက်ဘက်ကို သွားရင် ၂၄မိုင်လောက်တော့ ဝေးသတဲ့။ သူ့အဒေါ်နာမည်က ဒေါ်ခင်မြင့်တဲ့ ၊ အကြော်ရောင်းတယ်ဆိုလားပဲ "
ခိုင်က ဖြတ်၍ မေးလိုက်၏။
" မသက်ထား ပြန်သွားတော့ တယောက်တည်းလား ဒေါ်လဲ့လဲ့ "
ဒေါ်လဲ့လဲ့က မေးခွန်းကို သဘောမကျဟန်ဖြင့် ...
" ရှင်! တယောက်တည်းပေါ့ ဆရာမရဲ့၊ ဆရာမ မေးတာကလဲ ဘယ်လိုကြီးလဲ "
ခိုင်က မျက်နှာပေါ်မှာ နှစ်လိုဖွယ်ကောင်းသည့် အပြုံးတခုကို ပြုံးပြလိုက်ပြီး ...
" သြော် ကျွန်မက မသက်ထား ဒီမှာ အလုပ်လုပ်တာ ၅နှစ်လောက်ကြာတယ်ဆိုတော့ မြို့ကလူတယောက်ယောက်နဲ့များ ချစ်ကြိုက်ပြီး အိမ်ထောင်ကျသွားသလားလို့ပါ "
" မကျပါဘူး ဆရာမရယ်။ သူ အိမ်ထောင်ကျတယ်ဆိုရင် ကျွန်မ သိမှာပေါ့။သူ့ရွာလိပ်စာတောင် မသက်ထား အဲ့ဒီအိမ်ကြီးကို ရောက်ခါစက ကျွန်မနဲ့ တခါနှစ်ခါလောက် စကားပြောဖူးတော့ စပ်စုပြီး မေးထားလိုက်မိတာ။
မသက်ထားက ရိုးရိုးယဉ်ယဉ်လေး ဆရာမရဲ့။ စိတ်ထားကလည်း အလွန် နူးညံ့ရှာတယ်။ စကားပြောရင်လဲ တိုးတိုးလေးရယ်။ သူ ကျွန်မကို တခါက အကူအညီ တောင်းဖူးတယ်။ ထွေထွေထူးထူး မဟုတ်ပါဘူး။ ခဲတံလေး တချောင်းလောက် ရှိရင်ပေးပါတဲ့လေ။
အဲ... ထူးတာက အဲ့ဒီခဲတံပေးတဲ့အချိန် အိမ်ရှင်တွေ မသိပါစေနဲ့တဲ့။ကျွန်မက အံဩပြီး ခဲတံကို ဘာလုပ်ဖို့လဲ မေးတော့၊ သူ ရွာကို စာရေးပို့ချင်လို့ပါတဲ့။
အိမ်ရှင် ဦးကျော်ဇံက ဖေါင်တိန်တို့ ခဲတံတို့ ကိုင်ရင် ရိုက်မယ်လို့ ပြောထားတော့ သူ ကြောက်လို့ပါတဲ့။ ဒါနဲ့ ကျွန်မ သူ့ကို ခဲတံအသစ် ၂ချောင်း ဝယ်ပြီး ဝှက်ပေးလိုက်ရတယ်လေ "
ခဲတံ ... ခဲတံကို မသက်ထားသည် စာရေးဖို့အတွက် ခိုးဝှက် တောင်းခံရသတဲ့။ ခိုင် စဉ်းစားရပြီ။ မသက်ထားသည် ဤအိမ်ကြီးရဲ့ အကျဉ်းစံဘဝကို ရောက်ခဲ့လေသလား။
အို ... ဒါလည်း မဖြစ်နိုင်။ ခဲတံတောင်းတာက အိမ်ကြီးကို ရောက်ခါစလို့ ဒေါ်လဲ့လဲ့က ဆိုထား၏။အဲ့ဒီ နောက်ပိုင်းမှာ မသက်ထားကို ဦးကျော်ဇံကားပေါ်မှာ အင်္ကျီအဝတ် သစ်သစ်လွင်လွင်နဲ့ မကြာခဏ မြင်တွေ့ရသည်ဆိုလေတော့ အကျဉ်းချခံထားရဟန်လည်း မတူချေ။ မည်သူကမှတော့ အကျဉ်းသားကို အပြင်ကိုပေးထွက်မည်မဟုတ်ချေ။ ပြီးတော့ မြင်တဲ့သူတွေက မသက်ထားသည် အရင်ကထက် ပြည်ဖြိုးလာသည်ဟု ဆိုကြလေတော့ အကျဉ်းချခံထားသည်မှာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ချေ။
မေးစရာ မေးခွန်းက မကုန်ပေမယ့် ၊ ဖြေမယ့်သူက သိသလောက် ဖြေထားပြီးပြီဆိုတော့ ခိုင်သည် အိမ်ပွဲစားဒေါ်လဲ့လဲ့ကို နုတ်ဆက်စကား ပြော၍ ပြန်လာခဲ့သည်။
_____________
ဆက်ရန်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ