
နတ်တို့၏ အရှင်
………………
ဝေပစိတ္တိသည် ဝေဇယန္တာ နတ်နန်းပြဿဒ်ပြတင်းဆီမှ လှမ်းမျှော်ကြည့်မိသည်။ ယူဇနာတစ်သောင်း အပြောကျယ်သော တာ၀တိံသာနတ်ပြည်ကြီးသည် မျက်စိတဆုံး ခမ်းနားလှပစွာ တည်ရှိနေလေသည်။ မြေပြင်တလျှောက်တွင် ကြည်လဲ့သော ဖလ်မှုန်လေးများသည် တောက်ပစွာ လင်းလက်နေကြသည်။ မြင်းမိုရ်တောင်ထိပ် တာ၀တိံသာနတ်ပြည်ကြီး၏ မြေပြင်သည် ဖုန်မှုန့် သဲမှုန့်များကင်းစင်ပြီး ဖလ်မှုန် မှန်မှုန်များနှင့်သာ ကြည်လင်သန့်ရှင်းလျက်ရှိ၏။ အရှေ့ဘက်ခြမ်းရှိ နန္ဒ၀န်ဥယျာဥ်ကြီးနှင့် မဟာ၀န်ဥယျာဥ်ကြီးတို့ဆီမှ လျှောက်လှမ်းလာကြသော နတ်သား နတ်သမီးများ၏ ကိုယ်ရောင် ကိုယ်၀ါများသည်လည်း စိတ်လှုပ်ရှား နှစ်လိုဖွယ် ထွန်းလင်းတောက်ပနေကြလေသည်။
သူသည် ဤမြင်းမိုရ်တောင်ကြီးထိပ်ရှိ တာ၀တိံသာနတ်ပြည်ကြီးတွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော နတ်တို့၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ ဝေပစိတ္တိသည် နတ်သားအဖြစ် မွေးစကတည်းက ယခု နတ်သက် ၂၀၀ တိုင်အောင် ရှိရင်းစွဲ အသက်နှစ်ဆယ်အရွယ်ပုံစံအတိုင်းပင် ဆက်ရှိနေခဲ့သည်။ သူ့အတွက် ဇရာဟူသည် မရှိခဲ့။ ဖျားနာမှုဟူသည် မရှိခဲ့။ နာကျင်မှု ဝေဒနာဟူသည်ပင် အလျဥ်းမရှိခဲ့ချေ။
နတ်သက်တမ်း အနှစ် ၂၀၀ သည် သူ့အတွက် ကြာရှည်လွန်းနေခဲ့သည်။ ဝေပစိတ္တိသည် ပထမ နှစ် ၁၀၀ ကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခဲ့၏။ သူသည် နတ်သား နတ်သမီးတို့၏ ပြဿနာများကို ကောင်းစွာ ဖြေရှင်းပေးနိုင်ခဲ့သည်။ ကုမ္ဘာန် နတ်ဘီလူးများကိုလည်း ကြပ်မတ်ထိန်းကွပ်ပေးနိုင်ခဲ့သည်။ သို့သော် နောက်ပိင်း နှစ် ၁၀၀ တွင် သူ စည်းကမ်းများ လျော့လျဲစ ပြုလာလေသည်။ အထူးသဖြင့် သူ၏ သန္တာန်တွင် ဒေါသစိတ်များ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ဝေပစိတ္တိသည် အရာရာကို အလိုမကျဘဲ ရှိနေခဲ့လေသည်။
‘နတ်တွေလောက် စိတ်ပျက်စရာကောင်းတာ ၃၁ ဘုံမှာ မရှိဘူး’
ဟု သူတွေးမိသည်။ ဝေပစိတ္တိ၏ အမြင်တွင် နတ်များသည် ပြဿနာအသေးအဖွဲလေးများကို ပုံကြီးချဲ့လွန်းလေသည်။ ဥပမာ - နတ်သားနှစ်ပါးသည် ဗိမာန်တစ်လုံးစီတွင် နေထိုင်သည်ဆိုပါစို့။ အဆိုပါ ဗိမာန်နှစ်လုံး၏ အကြားတွင် နတ်သမီးတစ်ဦးသည် သြပပါတိက ပဋိသန္ဓေတည်နည်းနှင့် အသက် ၁၆ နှစ်အရွယ်အတိုင်း ဖြုန်းကနဲ ပေါ်လာသည် ဆိုပါစို့ - ထိုနတ်သားနှစ်ပါးသည် အဆိုပါ နတ်သမီးကို သူပိုင်သည် ငါပိုင်သည်ဆိုပြီး ၀ိုင်းလုကြပေတော့မည်။ ရှင်းမရသည့်အဆုံးတွင် ထိုနတ်နှစ်ပါးသည် ဝေပစိတ္တိထံသို့ လာရောက်ကြမည်ဖြစ်သည်။ ထိုအခါ ဝေပစိတ္တိသည် ပျင်းရိစရာအကောင်းဆုံး မေးခွန်းများကို မေးရလိမ့်မည်။ ဥပမာ - ထိုနတ်သမီးသည် မည်သည့်အရပ်ကို မျက်နှာမူပြီး ပေါ်လာသနည်း အစရှိသည့် မေးခွန်းများ။ မည်သို့မျှ ဆုံးဖြတ်မရသည့်အဆုံးတွင် ဝေပစိတ္တိ ကိုယ်တိုင် ထိုနတ်သမီးကို သိမ်းပိုက်နိုင်ခွင့် ရှိလေသည်။ သို့သော် သူသည် နတ်သမီးများကို လုံး၀ စိတ်မ၀င်စားချေ။
သူ့ထံတွင် မိလ္လိကာ နတ်မိဖုရားခေါင်ကြီး ရှိပြီးသားဖြစ်သည်။ ဝေပစိတ္တိသည် မိလ္လိကာကို အင်မတန်ပင် ချစ်ခင်သည်။ လွန်ခဲ့သော နှစ်တစ်ရာကျော် သူ၏ အိပ်ရာထဲတွင် မိလ္လိကာ နတ်သမီးအဖြစ် ပေါ်ပေါက်လာကတည်းက ဝေပစိတ္တိ သူမကို ချစ်မြတ်နိုးခဲ့ခြင်းပင်။ သူ့အတွက် နတ်သမီး အခြွေအရံများ မလိုအပ်ချေ။ အဆိုးဆုံးမှာ ဝေပစိတ္တိ သူ၏ နတ်သားဘ၀တွင် ဘာကို လိုလို့ လိုချင်နေမှန်းမသိခြင်းပင် ဖြစ်တော့သည်။
‘အရှင် နိုးပါပြီလား’
သူ လှည့်ကြည့်လိုက်လျှင် နောက်တွင် ရပ်နေသော မိလ္လိကာကို တွေ့လိုက်ရသည်။ ဝေပစိတ္တိ အတွက်တော့ မိလ္လိကာသည် ၃၁ ဘုံတွင် အလှဆုံး နတ်သမီးတစ်ပါးပင်။ သူမ၏ ကိုယ်သည် နို့ရည်လို ဖြူဖွေးကာ ကျော့ရှင်းလှပနေ၏။ မိလ္လိကာ၏ ဆံကေသာသည် မြင်းမိုရ်တောင်ကြီး၏ အရှေ့မျက်နှာစာကဲ့သို့ပင် ငွေရောင်အတိပြီးလေသည်။ သူမ၏ ရင်သားများသည် မို့မောက်ကာ ဝေပစိတ္တိ ကို ဆွဲဆောင်နေသည်။ ကျော့ရှင်းသော ကိုယ်လုံးပေါ်မှ ပါးလွှာသော နတ်၀တ်ရုံသည် ခန္ဓာကိုယ်ကောက်ကြောင်းများကို သာ၍ လျှို့၀ှက်စေသဖြင့် မြင်ရသော နတ်သားတိုင်း၏ စိတ်နှလုံးကို လှုပ်ရှားစေပေလိမ့်မည်။
‘အခုပဲ ပင်လယ်ကသစ်ပင်ဆီ လမ်းလျှောက်ထွက်မလို့ပါ မိလ္လိကာ’
သူသည် မိဖုရားကို ပွေ့ဖက်လိုက်၏။ ဝေပစိတ္တိ သည် နတ်တို့၏ အရှင်သခင်ပီပီ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ရှိလေသည်။ သူ၏ အသားအရေသည် နေရောင်လို တောက်ပနေသည်။ မကိုဋ်ဆောင်းမထားသော ခေါင်းပေါ်ရှိ သူ၏ဆံပင်များသည် ရွှေရောင်အတိပြီးလေသည်။ ဝေပစိတ္တိ၏ ခန္ဓာကိုယ် အပေါ်ပိုင်းသည် နတ်ဘီလူးတစ်ကောင်လို ကြီးထွားပြီး ကြွက်သားအပြိုင်းပြိုင်းရှိသည်။ သူသည် ယခုနောက်ပိုင်း ဒေါသအမျက်ထွက်သည့်အခါများတွင် နတ်ဘီလူးများကို ဖိတ်ခေါ်ပြီး ယှဥ်ပြိုင်သတ်ပုတ်လေ့ရှိသည်။ သတ်ပုတ်တိုင်းလည်း သူသာ အနိုင်ရသည်ချည်းပင်။
‘ကျွန်တော်မျိုးမ လိုက်ခဲ့ရမလား အရှင်’
‘မလိုပါဘူး နှမတော်။ ကျုပ်တစ်ဦးတည်းသာ စိတ်အပန်းဖြေ လျှောက်သွားလိုက်ပါမယ်။ နေ့လယ်ပိုင်းလောက်ကျရင် ဓမ္မာရုံမှာ တရားစီရင်စရာလေးတွေ ရှိဦးမှာမို့ပါ’
သူ့စိတ်ထဲတွင် နတ်သမီးလုသည့် တဏှာရူး နတ်သားများကို မြင်ယောင်မိသွားသည်။ ဒေါသစိတ်များက ကြီးစိုးလာပြန်သည်။ သူ မိလ္လိကာကို နမ်းရှုပ်ကာ ပင်လယ်ကသစ်ပင်ကြီးရှိရာဆီသို့ တစ်ဦးတည်း လမ်းလျှောက်ထွက်လာခဲ့၏။
တာ၀တိံသာနတ်ပြည်၏ အထိမ်းအမှတ် ကသစ်ပင်ကြီးသည် သုဓမ္မာ ဓမ္မာရုံကြီးနှင့် မလှမ်းမကမ်းတွင် တည်ရှိသည်။ ပင်လယ်ကသစ်ပင်ကြီး၏ အကိုင်းဖျားများတွင် နီရဲသော ကသစ်ပန်းပွင့်များသည် အဆုပ်လိုက်ပွင့်နေကြ၏။ ကသစ်ပင်ကြီးသည် ယူဇနာတစ်ရာမြင့်ပြီး လုံးပတ်မှာ ၁၅ ယူဇနာကျယ်၀န်းလေသည်။ ဝေပစိတ္တိ ယနေ့မနက်ခင်းကို ပင်လယ်ကသစ်ပင်ကြီး၏ အောက်တွင် ကုန်လွန်စေမည်ဟု ဆုံးဖြတ်လိုက်သည်။ သူသည် နတ်သုဒ္ဓါကို တမြန်နေ့က မှီ၀ဲထားသဖြင့် ယခုအခါ ဆာလောင်ခြင်းမရှိချေ။ ကသစ်ပင်ကြီး၏ ခြေရင်းတစ်နေရာကို ရွေးပြီး ဝေပစိတ္တိ အနားယူ လဲလျောင်းလိုက်သည်။ ထိုစဥ်မှာပင် ပြင်းထန်လွန်းသော လေပြင်းတစ်ချက်သည် ၀ှီးကနဲ တိုက်ခတ်သွားလေရာ ကသစ်ပင်ကြီး၏ အကိုင်းအခက်များသည် ကျိုးကျလုမတတ် ယိမ်းထိုးသွားကြလေသည်။
‘ဘာဖြစ်တာပါလိမ့်။ ဒီအချိန် တာ၀တိံသာမှာ လေပြင်းတိုက်တာ အဆန်းပါလား’
ဝေပစိတ္တိ နောက်ကျောထဲတွင် စိမ့်ကနဲ ဖြစ်သွား၏။ တစ်ခုခုသည် မှားယွင်းနေပြီဟု သူ ခံစားမိလိုက်သည်။ ယနေ့တွင်မှ သူ၏ လက်စွဲတော် တင်းပုတ်ကြီးကို နန်းဆောင်တွင် ထားခဲ့မိသည်။ သူ့တွင် လက်နက် တစုံတရာမရှိချေ။ သူ ထိုင်နေရာမှ ထရပ်လိုက်မိသည်။
‘ဝေပစိတ္တိ’
သူ့နောက်ဘက်မှ အနီးကပ် ခေါ်သံကို ကြားရသဖြင့် ဝေပစိတ္တိသည် အလန့်တကြား ဖျတ်ကနဲ လှည့်ကြည့်လိုက်၏။ မြင်လိုက်ရသော မြင်ကွင်းကြောင့် နတ်တို့၏အရှင်သခင်ကြီး အံ့သြသွားမိသည်။
‘အသင် ဘယ်သူလဲ’
သူ့ရှေ့တွင် ရပ်နေသည်မှာ ယခင်က တခါမျှ မတွေ့ခဲ့ဖူးသော နတ်သားတစ်ပါးပင်။ ထိုနတ်သားသည် နတ်သားတို့ထုံးစံ ငယ်ရွယ်သော ရုပ်ရည်ရှိသော်လည်း ယခုမှ ကိုယ်ထင်ပြကာ နတ်ပဋိသန္ဓေတည်လာသော မွေးကင်းစ နတ်တစ်ပါး ဟုတ်ဟန်မတူချေ။ ထိုနတ်သား၏ မျက်လုံးများထဲတွင် ရင့်ကျက်ခြင်း ပါးနပ်ခြင်း လက္ခဏာများကို သူတွေ့လိုက်ရသည်။ မဟုတ်မှလွဲရော - သူ့ထက်ပင် ပိုပြီး နတ်သက်တမ်းရှည်မည့် နတ်သားတစ်ပါး ဖြစ်ပုံရလေသည်။
‘ကျုပ်ကို အမည်အမျိုးမျိုး ခေါ်ကြတယ်’
မခန့်လေးစား ပြန်ဖြေလိုက်သော နတ်သားကြောင့် ဝေပစိတ္တိ အမျက်ထောင်းကနဲ ထွက်သွားသည်။ ဤအခြင်းအရာကို တွေ့လျှင် အဆိုပါ နတ်သားသည် သဘောကျစွာ ရယ်မောလိုက်လေသည်။ ဝေပစိတ္တိ၏ ဒေါသသည် သူ့အတွက် နှစ်သက်စရာတမျိုးဖြစ်နေသည့်နှယ်ပင်။
‘အသင်နတ်သား။ ကျုပ်မေးခွန်းကို ဖြေပါ။ ကျုပ်ဟာ ဒီ မြင်းမိုရ်တောင်ကြီးမှာ အစိုးရတဲ့ နတ်ချုပ်တစ်ပါးဖြစ်တယ်’
‘အသင်ဘယ်သူလဲဆိုတာ ကျုပ်သိပါတယ် ဝေပစိတ္တိရယ်’
အမည်မသိနတ်သားသည် တင့်တယ်သော ကိုယ်ဟန်အမူအရာရှိလေသည်။ သူ၏ ရုပ်သွင်သည်လည်း ချောမောလှပလွန်းသည်။ နတ်သား၏ ပုခုံးထိတိုင် ရှည်လျားသော ဆံပင်များသည် စိန်မှုန်ကလေးများကို ဖြူးထားသည့်နှယ် ရှိသည်။ သို့မဟုတ် စိန်မှုန်အစစ်များလည်း ဖြစ်နိုင်သည်။ သူ၏ ခန္ဓာကိုယ်သည် ဝေပစိတ္တိလို ကြွက်သားကြီးများနှင့် ဖုထစ်မနေသော်လည်း ကျစ်လျစ်ကာ သန်မာသည့်အသွင်ကို ဆောင်သည်။ ထူးဆန်းသည်မှာ ထိုနတ်သား၏ လှုပ်ရှားမှုမှန်သမျှသည် တွေ့မြင်ရသူကို လောဘ သို့မဟုတ် ဒေါသ ခံစားမှုတစ်မျိုးမျိုးကို နှိုးဆွပေးနေသည့်နှယ်ပင်။
‘သင် မေးတာမဖြေရင် ယခုပဲ နတ်ဘီလူးတွေကို ဆင့်ခေါ်ပြီး တာ၀တိံသာကနေ မောင်းထုတ်ရလိမ့်မယ် အဆွေနတ်သား’
ဝေပစိတ္တိ တင်းမာသော လေသံနှင့် သတိပေးလိုက်သည်။
‘ဟဲ ဟဲ ဟဲ ကောင်းပါပြီ နတ်မင်းကြီးရယ်။ ကျုပ်အမည်က မာရလို့ ခေါ်ပါတယ်။ အချို့ကတော့ မာရ် လို့ခေါ်ကြတယ်’
‘အသင်.. မာရ်နတ်ပါလား’
မာရ်နတ်သည် သဘောကျစွာ ရယ်လိုက်၏။
‘သိပ်လည်း စိတ်မပူပါနဲ့ အဆွေတော်။ ကျုပ်ဘယ်သူ့ကိုမှ ဒုက္ခပေးချင်လို့ ဒီကို လာတာမဟုတ်ဘူး’
‘မာရ်နတ်နဲ့ ပြဿနာ ဘယ်တုန်းက ကင်းဖူးလို့လဲ။ အသင့်ရဲ့ ဂုဏ်သတင်းက အသင်စံမြန်းတဲ့ ပရနိမ္မိတ နတ်ပြည်ကနေ ဒီတာ၀တိံသာအထိ ကျုပ်တို့ မကြားချင်မှ အဆုံးပဲ မဟုတ်လား’
မာရ်နတ်သည် အပြစ်ရှိသူတစ်ဦးပမာ ခေါင်းညိတ်ကာ ၀န်ခံလိုက်သည်။
‘မာရ်နတ်ဟာ နတ်ဆိုးတွေကို မြှောက်ပေးတဲ့သူ၊ မကောင်းမှု အကုသိုလ်တွေကို ပွားစေတဲ့သူ၊ အဲလို အဲလို သတင်းတွေမဟုတ်လား အဆွေတော် ဝေပစိတ္တိ။ ဒါတွေကို ကျုပ်မငြင်းဘူး။ သို့ပေမဲ့ -’
‘အသင့်ကို အလိုမရှိဘူး။ အခု တာ၀တိံသာကနေ ထွက်သွားပါ’
ဝေပစိတ္တိ ပြတ်ပြတ်သားသား နှင်လွှတ်လိုက်သည်။ မာရ်နတ် မျက်ခုံးနှစ်ဘက်ကို ပင့်ပြီး မဲ့ပြုံးပြုံးလိုက်၏။
‘ကောင်းပါပြီ နတ်ချုပ်ကြီး။ ကျုပ် အခုပဲ ထွက်သွားပါ့မယ်။ အဲ - အသင်ကတော့ ဒီမှာ ဆက်ပြီး နတ်လင်လုပွဲ နတ်မယားလုပွဲလေးတွေကို ဆက်ဖြေရှင်းပေးလိုက်ဦးပေါ့ ဟုတ်လား’
အနာကို ထိသွားသဖြင့် ဝေပစိတ္တိ တွေသွားသည်။ မာရ်နတ်သည် နတ်ချုပ်ကြီး၏ အရိပ်အကဲကို မြွေဟောက်တစ်ကောင်လို စောင့်ကြည့်နေလေသည်။
‘ကျုပ် ဒီမှာ ဘာလုပ်လုပ်၊ ဘာပဲဖြစ်နေနေ၊ အသင့်အပူ မပါပါဘူး မာရ်နတ်’
မာရ်နတ်သည် ရှေ့သို့ ခြေတလှမ်းတိုးလိုက်၏။ သူ၏ မျက်နှာသည် ဝေပစိတ္တိ၏ ခက်ထန်လွန်းနေသော မျက်နှာကြီးနှင့် နီးကပ်သွားသည်။
‘အသင် ဘာလိုနေသလဲဆိုတာ သင်ကိုယ်တိုင် မသိဘူးမဟုတ်လား။ သနားဖို့ ကောင်းလိုက်လေ ဝေပစိတ္တိရယ်။ ကျုပ်က မကောင်းသတင်းနဲ့ ကျော်စောတာ သိပါတယ်။ ဒါပေမဲ့ ၃၁ ဘုံသားတွေ ဘာလိုအပ်နေသလဲ။ ဘာတွေ ဖြစ်ချင်သလဲဆိုတာတော့ မာရ်နတ်လောက် သိတဲ့သူ မရှိပေဘူး ဟဲ ဟဲ ဟဲ’
ဝေပစိတ္တိ ဘာမှ ပြန်မပြောသော်လည်း မာရ်နတ်၏ စကားများကို စိတ်၀င်စားသွားမိသည်။ သူသည် ဆက်ပြီး နားထောင်နေမိသည်။ မာရ်နတ်သည် လျှာကို တချက်သိမ်းလိုက်ပြီးလျှင် -
‘အသင် ဒီနေ့လယ် ဘာလုပ်စရာရှိသလဲ’
နတ်မင်းကြီးသည် မာရ်နတ်ကို စူးရဲစွာ စိုက်ကြည့်ရင်း သုဓမ္မာ ဇရပ်တွင် ပျင်းစရာကောင်းသော နတ်မှုနတ်ခင်းများ ဖြေရှင်းပေးရမည့်အကြောင်းကို စိတ်ပျက်စွာ စဥ်းစားမိလိုက်သည်။ သူ ခေါင်းခါလိုက်ပြီး -
‘ဘာမှ အထွေအထူး လုပ်စရာမရှိဘူး မာရ်နတ်’
‘အင်း… ဒါဆိုရင် - ကျုပ်နဲ့ ပရနိမ္မိတကို လိုက်ခဲ့ပါလား။ အသင့်ကို မိတ်ဆွေတစ်ဦးနဲ့ မိတ်ဆက်ပေးမယ် ဟဲ ဟဲ ဟဲ’
မာရ်နတ် လက်ဖျောက်တစ်ချက်တီးလိုက်လျှင် ကောင်းကင်ပေါ်မှ နတ်သားတစ်ပါး ပျံဆင်းလာသည်ကို တွေ့လိုက်ရသည်။ မာရ်နတ်တို့၏ နတ်ပြည်ဖြစ်သော ပရနိမ္မိတ အပါအ၀င် ယာမာ၊ တုသိတာ စသော နတ်ပြည်များသည် တာ၀တိံသာနှင့် စတုမဟာရာဇ်တို့ကဲ့သို့ မြေပြင်နှင့် ဆက်စပ် တည်ရှိသည်မဟုတ်ဘဲ အာကာသ အထက်ကောင်းကင်ထဲတွင် သီးသန့်တည်ရှိသော နတ်ဘုံများ ဖြစ်ကြလေသည်။
ကောင်းကင်မှ ပျံဆင်းလာသော နတ်သားသည် သူ့ကိုယ်သူ နတ်မြင်းပျံအသွင် ဖန်ဆင်းလိုက်၏။ မာရ်နတ်သည် နတ်မြင်းပျံပေါ်သို့ ခုန်တက်လိုက်ပြီး ဝေပစိတ္တိထံသို့ လက်တဘက် ကမ်းပေးလိုက်သည်။
‘လာပါ အဆွေတော်။ အသင် နောင်တမရစေရပါဘူး’
ဝေပစိတ္တိ တခဏမျှ ဆိုင်းငံ့မိသေးသည်။ သူ့စိတ်အာရုံထဲတွင် မိလ္လိကာကို မြင်ယောင်မိသည်။ … ငါ မာရ်နတ်နောက်ကို လိုက်သွားသင့်သလား။
သို့သော် သူသည် နှစ် ၁၀၀ လုံးလုံး ပျင်းရိငြီးငွေ့ခြင်းကို ခံစားခဲ့ရပြီးလေပြီ။ မိလ္လိကာကို ချစ်ခင်သော်လည်း တာ၀တိံသာတွင် သူ ဤအတိုင်း ဆက်မနေလိုတော့ချေ။ မာရ်နတ်မိတ်ဆက်ပေးမည့် မိတ်ဆွေသစ်ကိုလည်း သူတွေ့လိုလှလေပြီ။ ထို့ကြောင့် နောက်ဆုံးတွင် ဝေပစိတ္တိသည် နတ်မြင်းပျံပေါ်သို့ ခုန်တက်ပြီး မာရ်နတ်၏ နောက်မှ သူခေါ်ဆောင်ရာ ပရနိမ္မိတ နတ်ပြည်ကြီးဆီသို့ လိုက်ပါလာခဲ့လေတော့သည်။
……………………………….
ဝေပစိတ္တိသည် နတ်မြင်းပျံနောက်တွင် ထိုင်လိုက်ရင်း အောက်သို့ ငုံ့ကြည့်လိုက်လျှင် သီဒါ ခုနစ်တန် တောင်စဥ် ခုနစ်ထပ် ၀န်းရံထားသော မြင်းမိုရ်တောင် ထိပ်ရှိ တာ၀တိံသာ နတ်ပြည်ကြီးကို တွေ့လိုက်ရသည်။ နဂါးများ ဂဠုန်များသည် မြင်းမိုရ်တောင်ကြီး၏ အောက်ခြေပိုင်းတွင် ပတ်လျက် ပျံ၀ဲနေကြ၏။ မြင်းမိုရ်တောင်၏ ထက်၀က်အမြင့်တွင် အပြင်မှ ပတ်ရံလျက်ရှိသော ယုဂန္ဓိုရ်တောင်၀န်း ရှိလေသည်။ ထိုယုဂန္ဓိုရ်တောင်ထိပ်တွင် တာ၀တိံသာထက် တဆင့်နိမ့်သော စတုမဟာရာဇ်နတ်ပြည်ရှိသည်။ ထိုနတ်ပြည်တွင် နဂါး ဂဠုန် နတ်ဘီလူး အသီးသီးကို အစိုးရသော နတ်မင်းကြီး လေးပါးရှိကြသည်။ ထိုနတ်မင်းကြီးလေးပါးသည် ပထမတွင် ဝေပစိတ္တိနှင့် သင့်မြတ်သော်လည်း နောက်ပိုင်း သူ့စိတ်များ မတည်မငြိမ် ဖြစ်လာပြီးသည့်နောက်တွင် သဘောထားကွဲလွဲမှုများ ရှိလာခဲ့သည်။ အထူးသဖြင့် နတ်ဘီလူးများကို အစိုးရသော ဝေသ၀ဏ်နတ်မင်းသည် ဝေပစိတ္တိနှင့် နတ်ဘီလူးများ ပြိုင်ဆိုင် သတ်ပုတ်ကြသည်ကို မကြည်ဖြူချေ။ ဝေပစိတ္တိသည် ယခုနောက်ပိုင်းတွင် နတ်ဘီလူးများကို ပိုပြီး ကြမ်းတမ်းစေလာသည်ဟု စတုမဟာရာဇ်နတ်မင်းကြီးလေးပါးက စိုးရိမ်လာကြလေသည်။
တဖြည်းဖြည်းနှင့် မြေပြင်ကို အခြေပြုသော နတ်ပြည်နှစ်ထပ်သည် မြင်ကွင်းမှ ဝေးသထက် ဝေးလာခဲ့သည်။ သူတို့သည် မိုးတိမ်များကို ဖြတ်ကျော်ပြီး တဖြည်းဖြည်းနှင့် အရာအားလုံးနှင့် ကင်းလွတ်သော အာကာသကြီးထဲသို့ ရောက်ရှိလာကြ၏။ မာရ်နတ်သည် အခြားသော အာကာသစိုးနတ်ဘုံများကို ရှောင်ရှားမောင်းနှင်ခဲ့သဖြင့် သူတို့သည် နတ်ပြည်ခြောက်ထပ်တွင် အမြင့်ဆုံးဖြစ်သော ပရနိမ္မိတ ၀သ၀တ္တီ နတ်ပြည်ကြီးသို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။ မာရ်နတ်သည် သူ၏ တန်ခိုးနှင့် အချိန်စက်ကွင်းတစ်ခုကို ဖန်ဆင်းထားသည်။
အကြောင်းမှာ နတ်ပြည်များသည် တစ်ပြည်နှင့် တစ်ပြည် အချိန်ရွေ့လျားပုံ မတူညီကြချေ။ ဥပမာ - တာ၀တိံသာနတ်ပြည်ရှိ တစ်ရက်သည် လူ့ဘုံသက်တမ်းနှင့် နှစ် ၁၀၀ ဖြစ်ပြီး ပရနိမ္မိတ နတ်ဘုံတွင်မူ တစ်ရက်သည် လူ့ဘုံသက်တမ်းနှင့် နှစ် ၁၆၀၀ ဖြစ်သဖြင့် ပရနိမ္မိတနတ်ဘုံတွင် ခဏမျှ နေမိသည်နှင့် တာ၀တိံသာတွင် လပေါင်းများစွာ ကုန်လွန်သွားနိုင်သည်။ ထို့ကြောင့်လည်း မာရ်နတ်သည် သူ၏ တန်ခိုးနှင့် ဝေပစိတ္တိ၏ ပတ်၀န်းကျင်တွင် တာ၀တိံသာနတ်ပြည်၏ အချိန်နှင့် ညီမျှသော အချိန်စက်ကွင်းတစ်ခုကို ဖန်ဆင်းပေးခဲ့ခြင်းပင်။
‘သုံးဆယ့်တစ်ဘုံမှာ ကာမဂုဏ် ခံစားလို့ အကောင်းဆုံး နတ်ပြည်ကြီးကနေ ကြိုဆိုပါတယ် ဝေပစိတ္တိ’
နတ်မြင်းပျံသည် လေထုထဲတွင် တည်ဆောက်ထားသော နတ်ဗိမာန်ကြီးရှေ့ ရပ်တန့်သွားလျှင် မာရ်နတ်သည် မြင်းပေါ်မှ ခုန်ချကာ ၀မ်းသာအားရ ခရီးဦးကြိုပြုလိုက်သည်။ ဝေပစိတ္တိ နတ်မြင်းပျံပေါ်မှ ဆင်းပြီးလျှင် အလုပ်အကျွေးပြုသော နတ်မြင်းပျံသည် နတ်သားအသွင် ပြန်ပြောင်းသွားပြီး မာရ်နတ်မင်းကို ဦးညွတ်အရိုအသေပြုကာ အပါးမှ ထွက်ခွာသွားလေသည်။ ဤနတ်ဘုံရှိ နတ်များသည် အလုပ်အကျွေး နတ်တို့၏ အကူအညီနှင့် ကာမဂုဏ်များကို ခံစားကြလေသည်။
‘မာရ်နတ်။ ကျုပ်ကို မိတ်ဆက်ပေးမယ်ဆိုတာ ဘယ်မလဲ’
ဝေပစိတ္တိ စိတ်မရှည်စွာ မေးလိုက်သည်။ သူ့၀န်းကျင်တွင် အချိန်စက်ကွင်းရှိသော်လည်း ဝေပစိတ္တိသည် မိလ္လိကာထံသို့ အချိန်မီ ပြန်ရောက်ချင်လှပေပြီ။ မာရ်နတ်သည် သဘောကျစွာ ရယ်လိုက်ပြီး -
‘တွေ့ပါလိမ့်မယ် အဆွေတော်။ ဗိမာန်ထဲကိုသာ အရင်ကြွပါလေ’
မာရ်နတ်၏ နတ်ဗိမာန်ကြီးသည် ခမ်းနားလှ၏။ နတ်ဗိမာန်သည် အသက်၀င်နေသည့်အလျား စက္ကန့်နှင့် အမျှ ပြောင်းလဲနေသည်။ ကြမ်းပြင်သည် မာရ်နတ်၏ ခြေထောက်ကျရာတွင် နူးညံ့သော ကတ္တီပါသားအဖြစ်သို့ အဆက်မပြတ်ပြောင်းလဲသွားလျက်ရှိသည်။ အမွှေးရနံ့မျိုးစုံသည် အရပ်မျက်နှာ ပေါင်းစုံမှ ထွက်ပေါ်နေသည်။ ထိုအမွှေးနံ့များထဲတွင် ချိုအီသော မူးယစ်စေသည့် ရနံ့များလည်း ပါသည်ကို ဝေပစိတ္တိ သတိထားမိလိုက်လေသည်။ သူတို့နှစ်ဦးသည် ခန်းမဆောင်ကြီးတစ်ခုထဲသို့ ရောက်သွားကြသည်။ ထိုခန်းမကြီး၏ အလယ်ဗဟိုတွင် မြကျောက်သားနှင့် စီမံထားသည့် စားပွဲကြီးတစ်လုံး ရှိနေသည်။ ထိုစားပွဲကြီး၏ အပေါ်တွင် အရောင်စုံ အသွေးစုံနှင့် ပုလင်းကြီး ပုလင်းငယ်များ။
‘ဒါဘာတွေလဲ မာရ်နတ်’
မာရ်နတ်သည် ဟက်ကနဲ တချက်ရယ်မောလိုက်ကာ -
‘ဒါ အသင့်ကို မိတ်ဆက်ပေးမဲ့ မိတ်ဆွေဆိုတာပေါ့’
‘ဘာ.. ဘယ်လို’
‘အသင်တို့ နတ်ပြည်မှာ ယခင်က တားမြစ်ထားတဲ့အတွက် ဒါကို မသိကြတာပဲ ဖြစ်မယ်။ ၃၁ ဘုံသားတွေကတော့ ဒီအရည်တွေကို ‘သေရည်’ လို့ ခေါ်ကြတယ်။ အင်မတန်ဆိုးတဲ့ နာမည်ကလား။ ကျုပ်ကတော့ ‘ယဇ်ရွှေရည်’ လို့ ခေါ်တယ်’
‘သေရည် ဟုတ်လား။ အဆိပ်ရည်တွေလား’
‘ဘယ်က အဆိပ်ရည်ရမလဲ ဝေပစိတ္တိ။ အဆိပ်ရဲ့ ဆန့်ကျင်ဘက်ဘဲ။ ဒါဟာ ဆေးတစ်မျိုးပဲ’
‘ဆေး ဟုတ်လား’
‘ဟုတ်တယ် အဆွေတော်။ သင့်စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတဲ့ အရာအားလုံးကို မေ့လျော့သွားစေမဲ့ အကောင်းဆုံးဆေးပဲ’
ဝေပစိတ္တိ၏ မျက်လုံးများ အရောင်တောက်သွားကြသည်။
‘ကျုပ်စိတ်ထဲမှာ ဖြစ်နေတာတွေကို အသင် ဘာများသိလို့လဲ မာရ်နတ်’
‘ဟား ဟား ဟား နတ်ချုပ်ကြီးရယ်။ ကျုပ်ဟာ ၃၁ ဘုံသားတွေအားလုံး ဘာလိုသလဲဆိုတာ အသိဆုံးကောင်ပါ။ ဒီမှာ ဝေပစိတ္တိ - အသင့်ရဲ့ အမူအယာတွေ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပြောင်းလဲလာတာ ကျုပ် သတိထားမိတယ်။ ကျုပ် သင့်ကို အမြဲ စောင့်ကြည့်နေတယ်။ အသင်ဟာ အရာရာကို အလိုမကျ ဖြစ်နေခဲ့တယ်။ အားလုံးကို ငြီးငွေ့နေခဲ့တယ်။ ဒီမှာ ဝေပစိတ္တိ။ ဒီ ယဇ်ရွှေရည်ကို တကျိုက်လေးလောက် သောက်လိုက်စမ်းပါ။ အသင် အားလုံးကို မေ့လျော့သွားစေရမယ်’
နတ်မင်းကြီးသည် မာရ်နတ်ကမ်းပေးသော သေရည်ကို မချင့်မရဲ မော့သောက်လိုက်သည်။ သူ သိချင်မိသည်။ မာရ်နတ်ပြောစကားများမှာ မှန်လွန်းနေသည်။ ဤ သေအရက်က သူ၏ ငြီးငွေ့ခြင်းတွေကို ကုစားပေးနိုင်မလား။ သူလိုချင်နေသော အရာကို ဖြည့်စွမ်းပေးနိုင်မလား။ ခဏအတွင်းမှာပင် သူသည် သေရည်အရက်၏ အရသာကို နှစ်ခြိုက်သွားလေသည်။ ဝေပစိတ္တိသည် နှစ်ပေါင်းများစွာအတွင်း စိတ်၏ ငြီးငွေ့မှု မရှိတော့ဘဲ မာရ်နတ်နှင့် စကားစမြည်များကို ရောက်တတ်ရာရာပြောဆိုကာ အော်ဟစ်ရယ်မောနေမိလေသည်။
အချိန်မည်မျှကြာသွားသည်မသိချေ။ ဝေပစိတ္တိ နတ်မင်းကြီးသည် မာရ်နတ်မင်း၏ နတ်ဗိမာန်ကြီးရှိ နူးညံ့သော ကြမ်းပြင်ပေါ်သို့ မှောက်လျက်သားကြီး လဲကျအိပ်ပျော်သွားလေတော့သည်။
…………………………..
‘အဆွေတော်အတွက် သေရည်ပုလင်းတွေ ထည့်ပေးလိုက်မယ်’
‘ဒါနဲ့ လုံလောက်မယ်မထင်ဘူး မာရ်နတ်’
အမူးပြေကာစ ဝေပစိတ္တိသည် သေရည်အိုးများကို နတ်မြင်းပျံဘေးတွင် ချိတ်ကာ တာ၀တိံသာသို့ ပြန်ရန် ပြင်နေသည်။
‘ကုန်သွားရင် ကျုပ်လာပေးပါ့မယ် နတ်ချုပ်ကြီးရယ်။ သိပ်လည်း လောဘမကြီးပါနဲ့’
‘ကျုပ်လောဘကြီးတာမဟုတ်ဘူး။ ကျုပ်အတွက်တင် ပြောတာမဟုတ်ဘူး မာရ်နတ်။ တာ၀တိံသာနဲ့ စတုမဟာရာဇ်မှာ ကျုပ်နဲ့ ခင်မင်တဲ့ နတ်ဘီလူးတွေရှိတယ်။ ဒီနတ်ဘီလူးတွေဟာ သူတို့ရဲ့ ဒေါသစိတ်တွေကို ချုပ်တည်းထားကြရတယ်။ ဒီအတွက် သူတို့ အဆင်မပြေဘူး မာရ်နတ်။ သူတို့အတွက် စိတ်ထွက်ပေါက်လိုတယ်။’
မာရ်နတ် ဂရုစိုက်ပြီး နားထောင်နေသည်။
‘နတ်ပြည်တစ်ပြည်လုံး သောက်ရအောင်တော့ ကျုပ် မပေးနိုင်ဘူး ဝေပစိတ္တိ။ အရက်ဖော်စပ်နည်းကိုတော့ ကျုပ်သင်ပေးလို့ရတယ်’
‘မှန်လိုက်လေ မာရ်နတ်ရယ်။ သင့်ကို ဘယ်သူတွေက နတ်ဆိုးလို့ သမုတ်ကြသလဲတော့ ကျုပ် နားမလည်ဘူး။ အဲဒါ ကျုပ်လိုချင်တာပဲ။ အသင် အဆင်ပြေတဲ့တစ်နေ့ ကျုပ်ဆီလာပြီး သေရည်ချက်နည်းကို သင်ပေးစမ်းပါလေ’
နတ်မင်းကြီးနှစ်ပါး အချင်းချင်း ဖက်လှဲတကင်းနှုတ်ဆက်ကြပြီးလျှင် များပြားလှသော သေရည်အိုးများကို သယ်ဆောင်ကာ ဝေပစိတ္တိသည် တာ၀တိံသာနတ်ပြည်သို့ ပြန်လည်ဆင်းသက်လာခဲ့လေသည်။
…………………………………………………
တာ၀တိံသာသက်တမ်း ဆယ်နှစ်မျှ ကုန်လွန်သွားလျှင် ဝေပစိတ္တိနတ်မင်းကြီးသည် သေရည်၏ သားကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူသည် နတ်ပြည်ကို အုပ်ချုပ်မည့်တာ၀န်များကို မေ့လျော့ကာ အစဥ်အမြဲ မူးယစ်ရီဝေလျက်သာ ရှိလေသည်။ သူတင်မကဘဲ ယခင်က သူနှင့် ခင်မင်ခဲ့သော နတ်ဘီလူးအပေါင်းသည်လည်း သေရည်အရက်၏ အရသာကိုသိကာ မူးယစ်သောင်းကျန်းပြီး အလွန်ပင် ခက်ထန်ကြမ်းတမ်းနေကြတော့သည်။
အချို့နတ်ဘီလူးကြီးများသည် မူးယစ်လာလျှင် နတ်စည်းဘီလူးစည်း မစောင့်ထိန်းတော့ဘဲ အခြားသော နတ်များပိုင်ဆိုင်သော အလုပ်အကျွေး နတ်သမီးများကို လုယူကာ ပျော်ပါးနှိပ်စက်နေလေတော့သည်။ ထိုအခါ နတ်ဘီလူးများကို အုပ်ချုပ်ရသော ကုဝေရ ခေါ် ဝေသ၀ဏ်နတ်မင်းကြီးသည် မခံမရပ်နိုင်ဖြစ်ကာ ဝေပစိတ္တိ စံမြန်းသော ဝေဇယန္တာနန်းပြဿဒ်ကြီးသို့ ရောက်ရှိလာလေသည်။
‘နတ်မင်းကြီး ဝေပစိတ္တိဘုရား’
‘… အေ… အေ့...’
ဝေသ၀ဏ်နတ်မင်းကြီးသည် သူ၏ တင်းပုတ်ကြီးကို ကိုင်စွဲကာ နန်းဆောင်ထဲသို့ ရောက်ရှိလာသည်။ ဝေပစိတ္တိမှာ ထုံးစံအတိုင်း ကြမ်းပြင်ပေါ်တွင် အရက်ပုလင်းများ အိုးများကြား၌ မူးရူးကာ လဲကျလျက်ရှိလေသည်။ မိဖုရားကြီး မိလ္လိကာသည် မျက်စိပျက် မျက်နှာပျက်နှင့် ဝေသ၀ဏ်နတ်မင်းကြီးကို ခရီးဦးကြိုပြုရှာသည်။ ဝေပစိတ္တိသည် မိဖုရား၏ အကူအညီနှင့် ဒယိမ်းဒယိုင် ထကာ ကျောက်စားပွဲခုံကြီးတွင် ၀င်ထိုင်လိုက်သည်။
‘အရှင်မင်းကြီး။ ကျွန်တော်မျိုး လျှောက်ထားစရာတစ်ခုရှိကြောင်းပါ’
‘အေ့… အေး… အေး။ လျှောက် လျှောက် လျှောက်.. ဟဲ ဟဲ’
‘ကျွန်တော်မျိုးဟာ မြင်းမိုရ်တောင်ကြီးရဲ့ မြောက်ဘက်ခြမ်းမှာ နတ်ဘီလူးတွေကို အုပ်စိုးရတဲ့ နတ်မင်းတစ်ပါးဆိုတာ အရှင် သိပြီးသားဖြစ်ပါလိမ့်မယ်’
‘အင်း။ ကုဝေရဟာ ဘီလူးဂိုဏ်းချုပ်.. ဟုတ်တယ်လေ။ အဲဒါ .. အေ့.. ဘာဖြစ်’
‘နတ်ဘီလူးတွေဟာ အခုနောက်ပိုင်းမှာ သေရည်တွေ မူးရူးပြီး သောင်းကျန်းကြတဲ့အတွက် နတ်သား နတ်သမီးတွေက တိုင်တောလှပေါင်းလည်း များလှပါပြီ’
‘အို.. မဟုတ်တာ။ ဒီကောင်တွေက နည်းနည်းလုပ်တာကို ဟို အဖြစ်သည်းတဲ့ နတ်သားတွေက ဆတ်ဆတ်ထိမခံဖြစ်နေတာ။ ဒီမယ် ဝေသ၀ဏ်နတ်မင်း။ ဒီ တာ၀တိံသာနတ် ေတွကို ကျုပ် အစကတည်းက ကြည့်မရတာ။ အမြဲတမ်း တဆိတ်ကို တအိတ်လုပ်တတ်တဲ့ ေကာင် ေတွချည်းပဲ။’
‘ကျွန်တော်မျိုး ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြင်းခုံရ ေအာင် လာခြင်းမဟုတ်ပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးရဲ့ နတ်ဘီလူးေတွကို စတုမဟာရာဇ်မှာပဲ သီးသန့်ထိန်းချုပ်ထားေတာ့မယ်လို့ အရှင့်ကို လာေပြာတာပါ ဘုရား’
ဝေပစိတ္တိ၏ မျက်နှာကြီး တင်းမာခက်ထန်သွားသည်။
‘ဘာေပြာတယ်။ ဒီဘီလူးေတွကို အသင်ခေါ်သွားရင် ကျုပ်က ဘယ်သူေတွနဲ့ နားပန်းလုံးရတော့မလဲ’
ဝေသ၀ဏ်နတ်မင်း ပြောစရာရှိသည်ကို ပြောပြီးပြီဆိုသည့် ပုံစံနှင့် ထရပ်ကာ လက်အုပ်ချီ အရိုအသေပြုလိုက်သည်။
‘ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါဘုရား’
‘ခွင့်မပြုနိုင်ဘူး။ နတ်ဘီလူးတွေဟာ ငါ့ စစ်သည်တွေ။ ဟေ့ မိဿက ဘယ်မှာလဲ လာစမ်း’
နန်းဆောင်၏ အနောက်ဘက်ခြမ်းမှ နတ်ဘီလူးကြီးတစ်ကောင်သည် မှိန်းခွကြီးကို ကိုင်လျက် ထွက်ပေါ်လာသည်။ သူ၏ ဦးခေါင်းပေါ်တွင် ချိုကြီးနှစ်ချောင်းက ကားရားပေါက်နေပြီး ပါးစပ်ထဲမှ အစွယ်ကြီးများသည် ပြူးထွက်နေသည်။ သားရေချပ် ၀တ်စုံ၀တ်ထားသည့်ကြားမှ နောက်ကျောတွင် အမြီးကြီးသည် ဟိုရမ်းသည်ရမ်း ရမ်းလျက်ရှိလေသည်။ နတ်ဘီလူး မိဿကသည် သူ၏ သခင် ဝေသ၀ဏ်နတ်မင်းကို မြင်လျှင် ရုတ်တရက် ရွံ့သွားသည်။ သို့သော် ပိုပြီး ရာထူးကြီးသော ဝေပစိတ္တိက အမိန့်ပေးနေသဖြင့် သူ မလွန်ဆန်နိုင်ချေ။
‘မိဿက ဒီတာ၀တိံသာမှာ ရှိတဲ့ နတ်ဘီလူးတွေကို သွားပြောချေ။ ဒီကောင်တွေ ဘယ်မှ မသွားရဘူး’
‘မှန်.. မှန်လှပါ။ နတ်ဘီလူးတွေအပြင် ကုမ္ဘာန်တွေရော ပါသလားဘုရား’
‘တောက် .. ကွာ...။ ဒီ ကုမ္ဘာန်တွေက ဗိုက်ပူပြီး လိင်ဥကြီးတွေပဲ ကြီးတာ။ ကျန်တာ ဘာမှ သုံးမရဘူး။ ငါပြောတာက နတ်ဘီလူးတွေ’
မိဿက ဝေသ၀ဏ်နတ်မင်းကြီးကို မရဲတရဲ လှမ်းကြည့်သည်။ ဝေသ၀ဏ်နတ်မင်းက မိဿကကိုကြည့်ပြီး ခေါင်းခါပြ၏။ မလုပ်နှင့်ဆိုသည့် သဘောပင်။ သို့သော် ဘာမှ မပြောဘဲ နတ်ဘီလူးချုပ်ကြီးသည် နန်းတော်ထဲမှ ပြန်ထွက်သွားတော့သည်။
‘ဟေ့ကောင် မိဿက နောက်တစ်ခွက် သောက်ကွာ’
နတ်ဘီလူးကြီးသည် သူ့အရှင်သခင်၏ အမိန့်အတိုင်း သေရည်ကို တခွက်ပြီး တခွက် မော့ချလိုက်လေသည်။
…………………………
ထိုအချိန်တွင် ဝေသ၀ဏ်နတ်မင်းသည် စတုမဟာရာဇ် နတ်ပြည်သို့ ပြန်ရောက်သွားပြီး အခြား နတ်မင်းကြီး သုံးပါးတို့ကို ခေါ်ယူကာ အရေးပေါ် နတ်သဘင် အစည်းအေ၀းကျင်းပလေတော့သည်။
အခြားနတ်မင်းကြီး သုံးပါးမှာ -
ငွေသားအတိပြီးသော မြင်းမိုရ်တောင်ကြီး၏ အရှေ့ဘက်တွင် မွှေးကြိုင်လှပသည့် ဂန္ဓဗ္ဗနတ်များကို အစိုးရသော ဓတရဋ္ဌနတ်မင်းကြီး။
ပတ္တမြားညိုအရောင်ရှိသည့် မြင်းမိုရ်တောင်၏ တောင်ဘက်တွင် ကုမ္ဘာန်များကို အစိုးရသော ၀ိရူဠက နတ်မင်းကြီး နှင့်
ဖလ်သားရောင်ရှိသော မြင်းမိုရ်တောင်ကြီး၏ အနောက်ဘက်တွင် နဂါးများကို အုပ်ချုပ်သော ၀ိရူပက္ခ နတ်မင်းကြီးတို့ပင် ဖြစ်လေသည်။
‘ဝေပစိတ္တိ ကတော့ သေရည်ရဲ့ ကျေးကျွန်ဖြစ်နေပြီ နတ်မင်းကြီးများ’
ဝေသ၀ဏ်နတ်မင်းက လိုရင်းကိုပင် ပြောလိုက်သည်။ ကျန်သော နတ်မင်းကြီးသုံးပါးက ထောက်ခံကြသည်။ သို့သော် ဓတရဋ္ဌနတ်မင်းက -
‘အရှင်ပြောတာ မှန်သော်လည်း ဝေပစိတ္တိကို ရာထူးက ဖယ်ချဖို့ ခက်နေတယ် နတ်မင်းကြီးများ။ ကျွန်ုပ်တို့ဟာ လောကပါလနတ်မင်းကြီးတွေ ဖြစ်သော်ငြားလည်း တာ၀တိံသာနတ်သားများ မဟုတ်ကြဘူး။ တာ၀တိံသာအောက် တဆင့်နိမ့်တဲ့ စတုမဟာရာဇ်နတ်သားများသာ ဖြစ်ကြပေတယ်’
ဝေသ၀ဏ်နတ်မင်းကြီးသည် ဓတရဋ္ဌနတ်မင်း၏ စကားကို ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။
‘အရှင် ပြောတဲ့ စကားကို ကျွန်ုပ်ထောက်ခံပါတယ်။ ဒါကြောင့်လည်း ဒီနေ့ ယခုအစည်းအေ၀းကို ခေါ်ရခြင်း ဖြစ်ပေတယ်’
‘ပြောပါဦး အရှင် ဝေသ၀ဏ်နတ်မင်း’
ကျန်သော နတ်မင်းကြီး သုံးပါးသည် ဝေသ၀ဏ်နတ်မင်း၏ စကားကို စိတ်၀င်တစား နားထောင်နေကြသည်။
‘ကျွန်ုပ်ဟာ လောကပါလ – လောကကို စောင့်ရှောက်အပ်တဲ့ နတ်မင်းကြီးတစ်ပါးဖြစ်တဲ့အတွက် လူ့ဘုံကို မျက်စိထောင့်ထောက်ပြီး ကြည့်နေခဲ့ရာမှာ အင်မတန်မှ ထူးခြားတဲ့အခြင်းအရာတစ်ခုကို သတိထားမိခဲ့တယ်။ အဲဒါကတော့ လူ့ဘုံရဲ့ တစ်နေရာမှာ မာဃလို့ အမည်တွင်တဲ့ လုလင်တစ်ဦးဟာ တာ၀တိံသာနတ်ဘုံကို ရောက်နိုင်တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်နေတယ်။ သူတင်မကသေးဘူး။ သူနဲ့အတူ အခြားသော လုလင် ၃၃ ဦးဟာလည်း အလားတူ ကုသိုလ်တွေကို ပြုလုပ်နေကြတယ် အရှင်မင်းကြီးများ’
ဝေသ၀ဏ်နတ်မင်း၏ စကားကိုကြားလျှင် ကျန်သော စတုမဟာရာဇ်နတ်မင်းကြီးများသည် တစုံတရာကို မတိုင်ပင်ဘဲ တပြိုင်နက် မျှော်လင့်မိသလို ဖြစ်သွားကြလေတော့သည်။
…………………………………………..
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ကိုချမ်း