
သိကြားမင်း ဦး မာဃ
………………...…
လူ့ပြည်ရှိ မစလဟု အမည်တွင်သော ရွာငယ်လေးတွင် မာဃလုလင်နှင့် သူငယ်ချင်း ၃၃ ဦး တို့သည် သီလ စောင့်ထိန်းပြီး ရပ်ကျိုးရွာကျိုး သယ်ပိုးခဲ့သည်။ သစ်ပင်စိုက်ခြင်း၊ ဇရပ်ဆောက်ခြင်းတို့တွင် ၀င်ရောက်လုပ်အားပေးခဲ့သည်။ ထို့ကြောင့် မာဃလုလင်နှင့် အပေါင်းအပါ ၃၃ ယောက်တို့သည် လူ့ဘ၀မှ သေလွန်သော် တာ၀တိံသာနတ်ပြည်ကြီးတွင် နတ်သားများအဖြစ်သို့ ရောက်ကြလေသည်။
မာဃနတ်သား၏ အပေါင်းအဖော်များထဲတွင် ပဇာပတိနတ်သား၊ ၀ရုဏနတ်သား၊ ဤသာန နတ်သား စသည့် နတ်သားများလည်း ပါ၀င်ခဲ့သည်။ သူတို့သည် လူ့ပြည်တွင် အသက်အရွယ်ကြီးရင့်ပြီး သေလွန်ကြသဖြင့် နတ်ပြည်အချိန်နှင့်စာလျှင် တဦးနှင့် တဦး သေလွန်ချိန်မှာ သိပ်မကွာလှဘဲ တာ၀တိံသာတွင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အချိန်ကပ်ပြီး နတ်သားများအဖြစ် ပေါ်ပေါက်လာကြလေသည်။ မာဃနတ်သည် သူ့အပေါင်းအပါများနှင့်အတူ ကသစ်ပင်ကြီး၏ အောက်တွင် ဟုန်းကနဲ ကိုယ်ရောင်ကိုယ်၀ါ တောက်ပစွာ အကောင်အထည်ပေါ်လာခဲ့သည်။ သူ၏ ဖြောင့်စင်းရှည်လျားသော ဆံကေသာသည် ဆီးနှင်းပွင့်များသဖွယ် ဖွေးဖွေးဖြူပြီး အင်မတန်စင်ကြယ်သော အသားအရည်လည်းရှိသည်။ လူ့ဘ၀တွင် စောင့်ထိန်းခဲ့သော သီလတန်ခိုးကြောင့် ကျက်သရေရှိလှသည့် ၀တ်ဖြူစင်ကြယ် နတ်၀တ်ရုံကို အဆင်သင့် ဆင်မြန်းကာ တာ၀တိံသာပြည်ကြီးတွင် အသက် ၂၀ အရွယ် နတ်သားအဖြစ် အဆင်သင့် ရောက်ရှိလာခဲ့သည်။
မာဃနတ်သည် တာ၀တိံသာသို့ နတ်သားငယ်အဖြစ်နှင့်သာ ရောက်ရှိလာခဲ့သော်လည်း သူ့ နောက်လိုက် နတ်သား ၃၃ ပါးမှာ ယခင်ဘ၀တုန်းက သူ့တပည့်များဖြစ်ခဲ့ကြ၍ ယခုနတ်ပြည်တွင်လည်း မာဃကို သူတို့၏ အကြီးအကဲအဖြစ် တင်မြှောက်လိုက်ကြသည်။
‘အရှင်ဟာ လူ့ပြည်မှာကတည်းက ကျွန်တော်မျိုးတို့ကို ဦးဆောင်ခဲ့တာဖြစ်တဲ့အတွက် အရှင်သာလျှင် ခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ကြောင်းပါ’ ဟု အသိပညာကြီးမားသော ပဇာပတိနတ်သားက လျှောက်တင်ခဲ့သည်။
‘ကောင်းလေစွ အဆွေတော် ပဇာပတိ။ လောလောဆယ်တော့ အခု ဒီနတ်ပြည်မှာ ဘယ်သူဟာ အကြီးအကဲလဲဆိုတာ စုံစမ်းရပေမယ်။ လောကကျင့်၀တ်စည်းကမ်းများအရ ရှေ့မှ ရှိနှင့်ပြီးသူကို အရိုအသေပြုကြရပေမယ်’
ဟု မာဃနတ်သားက ပြောလေလျှင် အခြားသော နတ်သား ၃၃ ပါးတို့သည် သဘောတူကြလေသည်။ မာဃသည် တာ၀တိံသာသို့ ရောက်သည်နှင့် သူ၏ ကိုယ်ရောင်ကိုယ်၀ါမှာ ယူဇနာတစ်သောင်းတိုင်အောင် လွှမ်းခြုံသွားခဲ့သည်။ ယင်းကို သတိပြုမိသော တာ၀တိံသာရှိ ပညာရှိနတ်အချို့သည် ဤကား နတ်တို့၏ အခေါင်အချုပ် အစစ်အမှန်ပင်တည်းဟု ဧကန်မုချ တွက်ဆလိုက်ကြလေတော့သည်။
သို့သော် မာဃနတ်သားသည် အာဏာကို အတင်းအဓမ္မလုယူရန် မကြိုးစားဘဲ လက်ရှိ နတ်ချုပ်ကိုသာ လိုက်လံရှာဖွေခဲ့သည်။ သူတို့သည် ဓမ္မာရုံကြီးတွင်းသို့ ၀င်မိကြလျှင် ဓမ္မာရုံထဲ၌ စုရုံးကာ စောင့်နေကြသော နတ်သားအချို့ကို တွေ့လိုက်ရသည်။ ဓမ္မာရုံထဲမှ နတ်သားများသည် ဦး မာဃတို့ နတ်သားတစ်စု ၀င်လာကြသည်ကို မြင်လျှင် ဆူဆူညံညံစကားများ ပြောနေကြရာမှ အသံများ တိတ်သွားကြလေသည်။ နတ်မင်း ဦး မာဃ၏ ခန့်ညားတင့်တယ်သော ကြန်အင်လက္ခဏာကို မြင်လျှင် ဆထက်တိုးပြီး ငြိမ်သက်သွားကြသည်။
‘အသင်နတ်သားတို့။ အသင်တို့ ဒီမှာ ဘာအကြောင်းကြောင့် စုဝေးနေကြပါသလဲ။ ကျွန်ုပ် သိခွင့်ရှိရင် သိချင်ပါတယ်’
‘အသင်က ဘယ်သူများပါလိမ့်။ ကျုပ်တို့က ဒီမှာ နတ်ချုပ် အရှင်ဝေပစိတ္တိကို စောင့်ဆိုင်းနေကြတာပါ။ ကျုပ်တို့မှာ ရှိတဲ့ အမှုအခင်းတွေကို နတ်မင်းဝေပစိတ္တိက ဖြေရှင်းပေးမှာကို စောင့်နေကြတာပါ’
မာဃ၏ အမူအရာလေးနက်သွားသည်။
‘ကျွန်ုပ်ရဲ့ အမည်က မာဃလို့ ခေါ်ပါတယ်။ သူတို့ကတော့ လူ့ဘ၀မှာတုန်းက ကျွန်ုပ်ရဲ့ မိတ်ဆွေတွေဖြစ်တယ်။ ဒါနဲ့ အသင်တို့ အခုလို စောင့်နေကြတာ ဘယ်လောက်များ ကြာပါပြီလဲ နတ်သားအပေါင်းတို့’
နတ်သားများ အချင်းချင်း တီးတိုးပြောဆိုသံများနှင့် အတန်ငယ်ဆူညံသွားသည်။ အားလုံးထဲတွင် စကားအနည်းငယ် ပေါက်ရောက်သူ နတ်သားတစ်ပါးက ရှေ့ထွက်လာပြီး -
‘ဝေပစိတ္တိနတ်မင်းကို ဒီမှာ လာစောင့်နေတာ ရက်တော်တော်ကြာသွားပါပြီ။ နတ်မင်းက သူ လာချင်တဲ့အချိန်မှ လာတယ်။ ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေ တော်တော်များနေပါပြီ အဆွေတော်မာဃနတ်သား’
‘အသင်တို့ရဲ့ ပြဿနာတွေက ဘာတွေများပါလိမ့်’ မာဃ၏ ဘေးတွင် ရပ်နေသော ပဇာပတိနတ်သားက ၀င်မေးလိုက်သည်။
‘အမှုအခင်းတွေကတော့ အများကြီးပဲ။ အဓိကကတော့ ကုမ္ဘာန်တွေ၊ နတ်ဘီလူးတွေပဲ အဆွေတော် နတ်သားတို့။ ဒီနတ်ဘီလူးတွေဟာ ရေကန်တွေကို ဖျက်ဆီးလိုဖျက်ဆီး၊ သူများပိုင်တဲ့ နတ်နန်းတွေပေါ် တက်နေလိုနေနဲ့ အတော်ပဲ သောင်းကျန်းနေကြတယ်’
မာဃသည် ထိုစကားကို ကြားလျှင် အံ့သြသွားသည်။
‘ဒီလို အဆင့်မြင့်တဲ့ နတ်ပြည်မှာ အခုလိုမျိုးတွေ လုပ်နေတာကို နတ်ချုပ်က ဘာမှ မပြောဘူးလား အသင်နတ်သားတို့’
နတ်သားများ အသံတိတ်သွားကြသည်။ တခုခုတော့ မှားနေပြီဟု နတ်သားမာဃ ရိပ်စားမိလိုက်လေသည်။ ထိုစဉ်မှာပင် ယခင်ရှေ့ထွက်ပြောသော နတ်သားကပင် မာဃ၏ အမေးကို ဖြေဆိုလိုက်သည်။
‘အမှန်ပြောရရင် အဲဒီလို သောင်းကျန်းနေကြတဲ့ နတ်ဘီလူးတွေ ကုမ္ဘာန်တွေ အားလုံးဟာ နတ်ချုပ် ဝေပစိတ္တိရဲ့ တပည့်အပေါင်းအသင်းတွေပဲ နတ်သားမာဃ’
မာဃ မျက်နှာတည်သွားသည်။ သူ ဆက်ပြီးမေးပြန်သည်။
‘နတ်ပြည်ခြောက်ထပ်မှာ တခြားနတ်မင်းတွေ မရှိတော့ဘူးလား’
‘အာကာသထဲက ယာမာဘုံတို့ တုသိတာဘုံတို့မှာ သူတို့ရဲ့ နတ်ချုပ်တွေ အသီးသီး ရှိပါတယ်။ အခု တာ၀တိံသာရဲ့ အောက် စတုမဟာရာဇ်ဘုံမှာလည်း လောကပါလနတ်မင်းကြီး လေးပါးရှိတယ်။ ဒါပေမဲ့ ဒီနတ်မင်းကြီးလေးပါးဟာ နတ်မင်း ဝေပစိတ္တိရဲ့ သြဇာကို နာခံရပါတယ် အရှင် မာဃနတ်သား’
‘ကောင်းပါပြီ။ ဒီတော့ အသင်တို့ရဲ့ နတ်ချုပ် ဝေပစိတ္တိဟာ ဓမ္မာရုံကို မလာဘူးဆိုရင် အခုအချိန် သူဘယ်မှာများ ရှိနေနိုင်လဲ’
‘သူ စံမြန်းတဲ့ ဝေဇယန္တာပြာဿဒ်ဆောင်ကြီးမှာ ရှိမှာ သေချာပါတယ် အဆွေတော် မာဃနတ်သား’
‘ကောင်းလှပါပြီ အသင်နတ်အပေါင်းတို့။ အသင်တို့ ဒီမှာပဲ စောင့်နေကြပါ။ အသင်တို့ရဲ့ ပြဿနာတွေ သိပ်မကြာမီမှာပဲ ပြေလည်သွားပါလိမ့်မယ်’
မာဃသည် တည်ငြိမ်သော အသံနှင့် ပြောလိုက်လျှင် ဓမ္မာရုံထဲရှိ နတ်သားများသည် ၀မ်းလည်းသာ၊ အံ့လည်းသြသွားကြလေသည်။ အကြောင်းမှာ သူတို့အားလုံး၏ စိတ်ထဲတွင် ဤနတ်သားသစ် မာဃကို ယုံကြည်အားထားသော စိတ်များ တမဟုတ်ချင်း ပေါ်ပေါက်လာခဲ့သောကြောင့်ပင်တည်း။
………………………………………….
နတ်သား ၃၃ ပါး ခြံရံလျက် နတ်သားခေါင်းဆောင် မာဃသည် ဝေဇယန္တာနန်းဆောင်ကြီးထံသို့ ဆိုက်ရောက်လာကြသည်။ နန်းဆောင်တံခါးကို တွန်းဖွင့်လိုက်လျှင် မြင်လိုက်ရသော မြင်ကွင်းကြောင့် နတ်သားများအားလုံး အံ့အားသင့်သွားကြလေသည်။
ဝေဇယန္တာနန်းတော်ကြီးသည် အင်မတန်မှ ကျက်သရေရှိလှသော ပြဿာဒ်နန်းဆောင်ကြီးဖြစ်သည်။ ထိုခန်းမကြီးထဲတွင် မူးရူးပြီး ပိုးစိုးပက်စက် အိပ်ပျော်နေကြသော နတ်ဘီလူးများ၊ နတ်သား နတ်သမီးများ၊ ကုမ္ဘာန်ကြီးများကို တွေ့လိုက်ရသည်။ ထိုသူများ အားလုံး၏ အလယ်တွင်ကား နတ်ချုပ်ကြီး ဝေပစိတ္တိ ကိုယ်တိုင်ပင်။ နတ်မင်းကြီးသည် သေရည်မူးနေကြသူများနှင့်အတူ ဣန္ဒြေမဲ့စွာ အိပ်မောကျနေသည်။ မာဃတို့ အုပ်စု ၀င်လာသည်ကိုပင် သတိမထားနိုင်တော့ချေ။
ဝေပစိတ္တိ၏ မိဖုရားကြီး မိလ္လိကာသည် မူးရူးနေကြသူများနှင့် အတူမနေနိုင်၍ နန္ဒ၀န်ဥယျာဥ်ကြီးထဲတွင် နေ့ခင်းအချိန်များ၌ တစ်ဦးတည်း သွားထိုင်နေလေ့ရှိသည်။ ထို့ကြောင့်လည်း ယခု မာဃနတ်မင်းတို့ ဝေဇယန္တာနန်းတော်သို့ ရောက်လာကြချိန်တွင် မိဖုရားကြီး မရှိခဲ့ခြင်းဖြစ်သည်။
‘နတ်မင်းဝေပစိတ္တိ’
နတ်သားမာဃသည် အောင်မြင်သော အသံကြီးနှင့် လှမ်းခေါ်လိုက်သည်။ သို့သော် နတ်ချုပ်ကြီးဝေပစိတ္တိ သည် နတ်ဘီလူးများ၏ အလယ်တွင် အမူးလွန်ပြီး တခေါခေါနှင့်သာ အိပ်ပျော်နေလေတော့သည်။ သူသည် သေရည်၏ ကျေးကျွန်ဖြစ်ခဲ့လေပြီ။ ဝေပစိတ္တိ မထနိုင်သော်လည်း ခန်းဆောင်ထောင့်တွင် လဲလျောင်းနေသော နတ်ဘီလူး မိဿကသည် မှိန်းတံကြီးကို ထောက်လျက် အားယူပြီး ထလာသည်။ နတ်ဘီလူးမိဿကသည် ဝေပစိတ္တိ၏ လက်ရုံးတစ်ပါးပင်ဖြစ်သည်။ သို့သော် ယခုအခါ သူတစ်ဦးတည်း နတ်သား ၃၄ ပါးနှင့် ရင်ဆိုင်ရပေတော့မည်။ ထို့ပြင် သူ့ကိုယ်ထဲတွင် တနေကုန် သောက်ထားခဲ့သော သေရည်အဆိပ်များက တရိပ်ရိပ်တက်လျက် ရှိနေသေး၏။
‘အသင်တို့ ဘယ်သူတွေလဲ။ နန်းဆောင်ထဲကို အခွင့်မရှိဘဲ ဘာလို့ ၀င်လာကြသလဲ’
နတ်သားမာဃသည် မိဿကကို စိမ်းစိမ်းကြည့်ကာ ပြန်ဖြေလေသည်။
‘အသင်တို့ နန်းဆောင်က အခွင့်ရှိမှ ၀င်ရမဲ့ပုံလည်း ပေါ်မနေပါလား အသင်နတ်ဘီလူး’
‘ကျုပ် အမည် မိဿကလို့ ခေါ်တယ်’
‘ကျွန်ုပ်ရဲ့ အမည်က မာဃ။ လူ့ပြည်မှာတုန်းကတော့ ဦးမာဃလို့ ခေါ်ကြလေရဲ့’
‘အိမ်း မာဃ။ အသင်တို့ကို ဒီ ဝေဇယန္တာပြဿာဒ်က လက်မခံနိုင်ဘူး။ အခုပဲ သင့်နောက်လိုက်တွေ ခေါ်ပြီး ပြန်ပါလေ’
နတ်သားမာဃသည် တည်ငြိမ်စွာနှင့် မိဿက၏ ရန်စကားများကို တုံ့ပြန်ခဲ့သည်။
‘ကျွန်ုပ်တို့ကို မောင်းထုတ်ပြီး အသင်တို့ နတ်ဘီလူးတစ်သိုက်က ဘာတွေများ အရေးကြီးတာတွေ လုပ်ဖို့ အစီအစဥ်ရှိပါလိမ့်။ သုဓမ္မာဇရပ်ကြီးမှာ သင်တို့ နတ်ချုပ်ကို စောင့်ဆိုင်းနေကြတဲ့ နတ်သားတွေ အပုံအပင်ရှိနေတယ်။ သူတို့ရဲ့ အမှုအခင်းတွေကို ဘယ်သူဖြေရှင်းပေးနိုင်မလဲ’
မိဿက မှိန်းတံကြီးကို ထောက်ပြီး အစွယ်ကြီးများကို ဖြီးကာ ရှေ့သို့ တိုးလာခဲ့သည်။ သူ၏ နောက်မှ အတန်ငယ် အမူးပြေကာ ထလာသော နတ်ဘီလူး သုံးကောင်လိုက်ပါလာသည်။
ထိုစဥ်မှာပင် ဝေပစိတ္တိသည် သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
‘ဟေ့ မိဿက ဘာတွေ ဖြစ်နေကြတာလဲ’
‘အရှင်မင်းကြီး၊ တင်းပုတ်တော်ကို အမြန်ကောက်ယူတော်မူပါ’
အခြေအနေသည် ရုတ်ချည်းတင်းမာလာခဲ့သည်။ ဝေပစိတ္တိသည် သူ့နံဘေး ကြမ်းပေါ်တွင် ရှိသော ဧရာမ တင်းပုတ်ကြီးကို ကိုင်စွဲကာ ဒယိမ်းဒယိုင်ထလာ၏။ သူ၏ နီမြန်းသော အသားအရေသည် အရက်အရှိန်ကြောင့် သွေးရောင်လို ရဲရဲနီနေခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ တာ၀တိံသာနတ်သားတစ်ပါးနှင့် မတူဘဲ နတ်ဘီလူးကြီးတစ်ကောင်နှင့် တူနေလေသည်။
‘ဟေ့ သင်တို့က ဘယ်သူတွေလဲ။ ငါ့နန်းဆောင်ထဲ ဘာလာရှုပ်ကြတာလဲ’
‘ဝေပစိတ္တိနတ်မင်း။ ကျွန်ုပ်အမည်က မာဃလို့ ခေါ်ပါတယ်’
‘အေး.. ကောင်းပြီ။ ငါ့ကို ဒူးထောက်ခစားကြစမ်း’
နတ်သားမာဃနှင့် နောက်လိုက် နတ်သား ၃၃ ပါးတို့သည် တုတ်တုတ်မျှမလှုပ်ပဲ မားမားမတ်မတ်သာ ရပ်နေကြလေသည်။
‘အသင်တို့ ကျုပ်လို နတ်ချုပ်ကြီးကို အာခံတာလား’
‘ကျွန်ုပ်တို့ဟာ အစဥ်အလာကို စောင့်ထိန်းတဲ့ နတ်သားကောင်းတွေ ဖြစ်ကြပါတယ်။ ကြီးသူကို အရိုအသေပြုသလို သီလရှိသူကိုလည်း လေးစားကြတယ်။ ဒါပေမဲ့ အကျင့်သီလ မစင်ကြယ်ဘဲ အကုသိုလ်တွေနဲ့ချည်း အချိန်ကုန်နေတဲ့သူတွေကိုတော့ ဘယ်နည်းနဲ့မှ ဒူးထောက်ခစားမှာ မဟုတ်ပေဘူး’
မိဿကသည် မှိန်းတံကြီးကို ပိုပြီး တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့နောက်မှ နတ်ဘီလူးကြီး သုံးကောင်သည်လည်း အမြီးရှည်ကြီးများကို တရမ်းရမ်းနှင့် လှံတံကြီးများကို ကြမ်းပြင်တွင် ထောက်ကိုင်ထားကြလေသည်။
‘ဒါဆိုလည်း သင်တို့ကို ဝေပစိတ္တိ အကြောင်း ကောင်းကောင်းပြရသေးတာပေါ့။ ဟား ဟား ဟား’
နတ်မင်းကြီးဝေပစိတ္တိသည် လေထဲသို့ ခုန်တက်သွားပြီး သူ၏ လက်ထဲမှ သံတင်းပုတ်ကြီးကို အားကုန်လွှဲကာ နတ်သားမာဃ၏ ငယ်ထိပ်တည့်တည့်ကို ထုချလိုက်လေသည်။
‘အုန်း’
ပြင်းထန်စွာ ထိရိုက်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်သွားခဲ့သည်။
‘ဟာ...’
ခန်းမဆောင်ထဲရှိ နတ်များအားလုံး ဟင်ကနဲ ဟာကနဲ အံ့အားသင့်သွားကြလေသည်။ ကျယ်လောင်သော အသံကြီးနှင့် အတူ လျှပ်စီးလက်သလို လင်းကနဲ ဖြစ်သွားသဖြင့် အားလုံး မျက်လုံးများကို ပိတ်ထားရာမှ ပြန်ဖွင့်လိုက်ရာ - ဒဏ်ရာအနာတရမရှိဘဲ ခန့်ညားစွာ ရပ်နေသော ၀တ်ဖြူစင်ကြယ်နှင့် မာဃနတ်သားကို တွေ့လိုက်ရသလို၊ မာဃနတ်သား၏ ရှေ့တွင် ပက်လက်လန်ကာ လဲကျနေသည့် နတ်မင်းဝေပစိတ္တိကိုလည်း တွေ့လိုက်ရသည်။ ဝေပစိတ္တိ၏ နံဘေးတွင် သူ၏ သံတင်းပုတ်ကြီးသည် အစိတ်စိတ်အမြွာမြွာ ကွဲကြေနေလေသည်။
နတ်ဘီလူးများမပြောနှင့် မာဃ၏ နောက်လိုက်များဖြစ်ကြသော ပဇာပတိ၊ ၀ရုဏ၊ ဤသာန နတ်သားတို့ပင် နားမလည်နိုင်ခဲ့ကြချေ။ အကြောင်းမှာ မာဃနတ်သားသည် လက်ချောင်းလေးတစ်ချောင်းကိုမျှပင် လှုပ်ရှားခြင်းမရှိလိုက်ဘဲ စူးရှသော အလင်းရောင်ကြီးတစ်ခုပေါ်လာပြီး ဝေပစိတ္တိသည် ကြမ်းပေါ်သို့ ပစ်လဲကျသွားသောကြောင့်ပင်။ ထိုစဉ်မှာပင် တာ၀တိံသာနတ်ပြည်ကြီး၏ အာကာပြင်တခွင်လုံးတွင် လျှပ်ပန်းလျှပ်နွယ်များသည် ပြိုးပြိုးပြက်ပြက် လင်းလက်ထစ်ခြုန်းလာလေတော့သည်။
‘ဂျိန်း ဂျိန်း ဂျိန်း’
နတ်သားမာဃသည် သူ၏ လက်ယာလက်ကို တင့်တယ်စွာ ပင့်မြှောက်လိုက်လျှင် ကောင်းကင်တခွင်မှ လျှပ်ပန်းလျှပ်နွယ်များသည် ဧရာမ မိုးကြိုးသွားကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားကြပြီး မာဃ၏ လက်သီးဆုပ်အတွင်းသို့ ပြင်းထန်သော အရှိန်နှင့် ဆိုက်ရောက်လာလေ၏။
နတ်ဘီလူးကြီးများသည် ၀ရဇိန်မိုးကြိုးလက်နက်ကြီးကို ကိုင်မြှောက်ထားသော မာဃနတ်သားကို ကြောက်လန့်စွာ ငေးကြည့်နေမိကြသည်။
‘ငါ့သခင်ကို အာခံတဲ့ နတ်သားယုတ်၊ သေပေတော့’
မိဿကသည် ကြောက်ရွံ့နေသော်လည်း အားတင်းကာ နတ်သားမာဃထံသို့ အပြေး၀င်ရောက်တိုက်ခိုက်လေသည်။ သို့သော် ခွန်အားကြီးလှသော နတ်သား ၀ရုဏသည် ရှေ့သို့ထွက်ပြီး မိဿကကို တိုက်ခိုက်ခဲ့သည်။ မိဿက က မှိန်းတံကြီးနှင့် လွှဲရိုက်လိုက်လျှင် လက်နက်မဲ့သော ၀ရုဏသည် သူ၏ သန်မာသော လက်များနှင့် မှိန်းတံကြီးကို ဖမ်းကိုင်လိုက်သည်။ သူတို့နှစ်ဦးသည် အတန်ကြာအောင် မှိန်းတံကြီးကို သူတပြန်ကိုယ်တပြန်လုနေကြ၏။
ဝေပစိတ္တိသည် မိုးကြိုးသွား ရိုက်ခံမှု၏ အရှိန်၊ သေရည်အရက်အရှိန်များပေါင်းစည်းကာ သတိမေ့လျော့နေလေပြီ။ ကျန်သော နတ်ဘီလူးကြီးများမှာလည်း ရှေ့သို့ မတိုးရဲဘဲ ရပ်၍သာ စောင့်ကြည့်နေကြသည်။
‘ဂါး….’
မိဿကသည် သူ၏ အစွယ်ကြီးများကို ဖြီးကာ ၀ရုဏကို အားကုန်ဆောင့်တွန်းချလိုက်၏။ သို့သော် ခွန်အားကြီးလှသော နတ်သား၀ရုဏသည် မိဿကထက်ပိုပြီး ပြင်းထန်စွာ တန်ပြန်တွန်းချလိုက်လျှင် နတ်ဘီလူးကြီးသည် ဟန်ချက်ပျက်ကာ နောက်သို့ ယိုင်လဲကျသွားလေတော့သည်။ သုံးခွမှိန်းကြီးသည် ယခုအခါ ၀ရုဏ၏ လက်ထဲသို့ ရောက်ရှိသွားလေပြီ။ နတ်သား၀ရုဏသည် မှိန်းချွန်ကြီးကို ကိုင်မြှောက်ကာ မိဿက၏ ရင်၀တည့်တည့်သို့ ချိန်ရွယ်လိုက်သည်။
‘အဆွေတော် ၀ရုဏ၊ မလုပ်လေနဲ့။ ကျွန်ုပ်တို့ဟာ ငါးပါးသီလကို ခါး၀တ်ပုဆိုးကဲ့သို့ မြဲမြံအောင် စောင့်ထိန်းရပေလိမ့်မယ်’
၀ရုဏသည် နတ်သားမာဃ၏ စကားကို မြေ၀ယ်မကျနားထောင်တတ်သည့်အလျောက် မှိန်းတံကြီးကို နတ်ဘီလူးကြီး၏ ရင်၀တည့်တည့်သို့ ထိုးစိုက်မချတော့ဘဲ အောက်သို့သာ ပြန်နှိမ့်ချလိုက်သည်။
‘ဒါဆို ဒီသေရည်မူးယစ်ရမ်းကားနေကြတဲ့ နတ်ဆိုးတွေကို ဘယ်လိုလုပ်ရမလဲ အရှင်နတ်မင်းမာဃ’
သူ့နောက်လိုက် နတ်သားများက မေးမြန်းကြလေသည်။ ခေါင်းဆောင်ဖြစ်သွားပြီဖြစ်သော နတ်မင်းမာဃသည် လေးနက်စွာ စဉ်းစားလိုက်ပြီး -
‘ကျွန်ုပ်တို့ဟာ ငါးပါးသီလကို မြဲစွာဆောက်တည်ရမှာ ဖြစ်တဲ့အတွက် ဒီနတ်ဆိုးတွေကို ကြိမ်ဒဏ်တောင် ပေးခွင့်မရှိဘူး။ သူတို့ရဲ့ လွတ်လပ်မှုကို ပိတ်ပင်ပြီး အချုပ်အနှောင်ထားလို့လည်း မဖြစ်ဘူး။ ဒါပေမဲ့ ဒီနတ်ဆိုးတွေဟာ တာ၀တိံသာနတ်ပြည်ကြီးမှာလည်း ဆက်ပြီး ရှိမနေသင့်တော့ဘူး’
နတ်သား ၃၃ ပါးသည် သူတို့၏ အရှင်သခင် ဆက်ပြောမည့်စကားများကို စိတ်၀င်တစား နားထောင်နေကြလေတော့သည်။
……………………………………..
နန္ဒ၀န်ဥယျာဥ်ကြီးထဲတွင် စင်္ကြန်လျှောက်နေသော မိဖုရားကြီး မိလ္လိကာသည် ဝေဇယန္တာနန်းပြဿာဒ်ကြီးဆီမှ အုန်းကနဲ မိုးကြိုးပစ်သံကြီးကို ကြားလိုက်ရလျှင် စိတ်ထဲတွင် ထင့်ကနဲ ဖြစ်သွားမိသည်။ သူမ၏ စိတ်ထဲတွင် လေးလံနေသည်မှာ ကာလအတော်ကြာလေပြီ။ သူမသည် ဝေပစိတ္တိနှင့် ပတ်သက်ပြီး အပြစ်ရှိသလို ခံစားရသည်။ သို့သော် မိလ္လိကာသည် နတ်မင်းကြီး၏ ပြဿနာကို မည်သို့ ဖြေရှင်းပေးရမှန်း မသိခဲ့ချေ။
ဝေပစိတ္တိ မာရ်နတ်နှင့် ဆုံတွေ့ပြီး သေရည်အရက်နှင့် ပေါင်းဖက်ခဲ့သည့်နေ့မှစပြီး သူမသည် အပြင်လူတစ်ဦးသဖွယ်သာ ခံစားခဲ့ရသည်။ ဝေပစိတ္တိသည် သူမထက် သေရည်ကိုသာ ပိုပြီး စွဲလန်းနေခဲ့သည်။ သို့သော် မိလ္လိကာသည် မြင့်မြတ်သော နတ်သမီးတစ်ဦးဖြစ်သည့်အလျောက် မိမိ၏ လင်သားအပေါ်တွင် တာ၀န်ကျေပွန်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့လေသည်။ မနေသာတော့သည့်အဆုံး စိတ်ထွက်ပေါက် ရလိုသည့် နောက်ဆုံးအချိန်တွင်မှ သူမသည် နေ့ခင်းအချိန်များတွင် ယခုကဲ့သို့ နန္ဒာဝန်ဥယျဉ်ကြီးဆီသို့ လမ်းလျှောက်ထွက်ကာ စိတ်ထွက်ပေါက်ကို ရှာကြံရခြင်း ဖြစ်တော့သည်။
သူမ ဝေဇယန္တာနတ်နန်းဆီမှ အုန်းအုန်းကြွက်ကြွက်အသံများကြားလျှင် တစုံတခုတော့ မှားယွင်းပြီဟု ရိပ်စားမိကာ နန်းဆောင်ရှိရာသို့ နတ်တန်ခိုးကို သုံးပြီး လေ၏အဟုန်နှင့် အမြန်ပြန်ပြေးလာခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူမသည် ယူဇနာနှစ်ထောင်အကွာအဝေးကို ဖြတ်ပြီး ဝေဇယန္တာပြဿာဒ်ကြီးထံသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
‘အလိုလေး… ဘာများဖြစ်ရပါလိမ့်’
နန်းဆောင်ခန်းမထဲ၀င်မိလျှင် မိလ္လိကာ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အကြောင်းမှာ ကျယ်၀န်းလှသော ခန်းမဆောင်ကြီးထဲတွင် မည်သူမျှ မရှိတော့သောကြောင့်ပင်။ သေရည်အိုးအလွတ်များ၊ ပုလင်းခွံများသာ ပြန့်ကျဲလျက်ရှိပြီး သက်ရှိနတ်သား၊ နတ်သမီး၊ နတ်ဘီလူး တစ်ဦးတလေမျှပင် မရှိတော့။ ယနေ့မနက်တွင်ပင် သောက်စားမူးယစ်သံများနှင့် ဆူညံပွက်လောရိုက်နေခဲ့သော ခန်းမကြီးသည် ယခုအခါ လူ့ပြည်ရှိ သုဿာန်တစပြင်ကဲ့သို့ပင် တိတ်ဆိတ်လျက်ရှိတော့သည်။
‘အရှင်ဝေပစိတ္တိနဲ့ သူ့အပေါင်းအပါ နတ်ဘီလူးတွေ ဘယ်များရောက်သွားကြပါလဲ’
မိလ္လိကာ၏ စိုးရိမ်စိတ်များ တစထက်တစ ကြီးထွားလာခဲ့သည်။ သို့သော် သူမ စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်၏။ သူမသည် အဆင့်မြင့်နတ်သမီးတပါးဖြစ်သည်။ သူမ၏ အာရုံများကို စူးစိုက်လိုက်သည်။ သူမ၏ ခင်ပွန်း အဘယ်မှာ ရှိသနည်း။ မိလ္လိကာ၏ ဆဌမအာရုံထဲတွင် တစုံတရာကို ခံစားလိုက်ရသည်။ သူမ တာ၀တိံသာ၏ အနောက်အရပ်သို့ အမြန်ပြေးလေသည်။
………………………………….
တာ၀တိံသာ နတ်ပြည်ကြီးသည် ယူဇနာရှစ်သောင်းလေးထောင်မြင့်သော မြင်းမိုရ်တောင်ကြီး၏ ထိပ်တွင် ရှိသည်။ မြင်းမိုရ်တောင်ကြီး၏ အရှေ့ဘက်သည် ငွေသားအတိပြီးကာ အနောက်ဘက်သည် ဖလ်သားအတိပြီးသည်။ မြောက်အရပ်သည် ရွှေသားဖြစ်ပြီး တောင်အရပ်သည် ပတ္တမြားညိုသားဖြစ်၏။ ယူဇနာရှစ်သောင်းလေးထောင်အမြင့်၏ အောက်ခြေတွင် သီဒါသမုဒ္ဒရာကြီးသည် တောင်ခြေကို ပတ်ကာ စီးဆင်းလျက်ရှိသည်။
မိလ္လိကာသည် ဖလ်သားရောင်ရှိသည့် မြင်းမိုရ်တောင်ကြီး၏ အနောက်မျက်နှာစာဆီသို့ တဟုန်တိုး ပြေးသွားလျက်ရှိသည်။ သူမ၏ ဆံနွယ်များသည် အဆိုပါ ဖလ်သားများကဲ့သို့ပင် ငွေရောင်အတိသမ်းလျက်ရှိသည်။ သူမသည် ဝေပစိတ္တိ၏ အိပ်ဆောင်ထဲရှိ အိပ်ရာပေါ်တွင် နတ်သမီးအဖြစ် ကိုယ်ထင်ပြ ပဋိသန္ဓေတည်ခဲ့စဉ် တာ၀တိံသာ၏ အနောက်အရပ်သို့ မျက်နှာလှည့်အိပ်စက်ကာ ပေါ်လာခဲ့သည်ကို အမှတ်ရနေမိသည်။ သို့သော် ယခုမူ ထိုအရပ်ဆီသို့ ဦးတည်ကာ အမြန်ဆုံး ပြေးနေရလေပြီ။
‘အရှင်ဝေပစိတ္တိ’
သူမ အမြင်အာရုံတွင် နတ်သားအချို့၏ ပုံရိပ်များ ရေးတေးတေး ပေါ်လာသည်။ ဟိုးအရှေ့ ယူဇနာငါးရာခန့် အကွာအဝေးတွင် နတ်သားများသည် မြင်းမိုရ်တောင်ကြီး၏ အနောက်ဘက် ဖလ်သားတောင်စွန်းထိပ်တွင် ရပ်နေကြသည်ကို မိလ္လိကာ တွေ့လိုက်ရသည်။
‘အရှင်…..’
တဖြည်းဖြည်း နီးကပ်လာလျှင် မြင်ကွင်းသည် ပိုပြီး ထင်ရှားလာသည်။ သူမ၏ အရှင် နတ်မင်းကြီး ဝေပစိတ္တိ။ နတ်မင်းကြီးသည် သတိလစ်မေ့မျောနေပုံရသည်။ အရုပ်ကြိုးပြတ်ဖြစ်နေသော ဝေပစိတ္တိ ကို နတ်သားနှစ်ပါးက ဘေးတဘက်တချက်စီမှ တွဲခေါ်လျက်ရှိသည်။ သူတို့သည် တောင်ကမ်းပါး စွန်းဆီသို့ ဦးတည်ကာ လျှောက်လှမ်းနေကြလေသည်။
‘… မလုပ်ပါနဲ့၊ အရှင်… ကျွန်တော်မျိုးမကို မထားခဲ့ပါနဲ့။ အလို.. အသင်နတ်သားတို့ အရှင်ဝေပစိတ္တိ ကို ဘာလုပ်ကြမလို့လဲ…’
သူမ အသံကုန်အော်ရင်း ပြေးသွားခဲ့သော်လည်း နောက်ကျသွားခဲ့လေပြီ။ အဆိုပါ နတ်သားနှစ်ပါးသည် အသိစိတ်ကင်းမဲ့နေသော ဝေပစိတ္တိ၏ ကိုယ်လုံးကြီးကို ယူဇနာရှစ်သောင်းလေးထောင် အမြင့်ရှိသည့် မြင်းမိုရ်တောင်ကြီးပေါ်မှ ရက်စက်စွာ တွန်းချလိုက်ကြလေတော့သည်။
‘အား….’
မိလ္လိကာသည် အသည်းခိုက်အောင် ငိုကြွေးဟစ်အော်ရင်း တောင်စွန်းဆီသို့ ရောက်သွားခဲ့သည်။ သူမ ဒူးထောက်ကျသွားသည်။ ဝေပစိတ္တိ ဖလ်သားတောင်နံရံကြီးတလျှောက် ဟိုးအောက်ဘက်ရှိ သီဒါသမုဒ္ဒရာကြီးဆီသို့ တရိပ်ရိပ်ပြုတ်ကျသွားသည်ကို မိလ္လိကာ မယုံနိုင်ဖွယ် မျကဝါးထင်ထင် တွေ့လိုက်ရလေသည်။ သူမ၏ မျက်ရည်ပေါက်များသည် မြင်းမိုရ်တောင်ကြီး၏ ဖလ်သားနံရံတလျှောက် တစက်ပြီးတစက် စီးကျသွားခဲ့သည်။
သူမ၏ ဘေးတဘက်တချက်စီတွင်မတော့ နတ်မင်းကြီး ဦးမာဃ၏ နောက်လိုက်နောက်ပါ နတ်သား ၃၃ ပါးသည် တာ၀တိံသာတွင် မူးရူးသောင်းကြမ်း ရမ်းကားနေခဲ့ကြသော နတ်ဆိုးများ၊ နတ်ဘီလူးများကို ဝေပစိတ္တိအား တောင်နံရံထိပ်မှ တွန်းချခဲ့သည့်နည်းတူ တစ် ဦး ပြီးတစ် ဦး တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် တွန်းချ ပစ်ချလျက်ရှိလေတော့သည်။
…………………………
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ကိုချမ်း