အသူရာ - အပိုင်း (၄)
lotaya.mpt.com.mm
|
2022-11-25

အပိုင်း ()

……….

မိဖုရားကြီး၏ သစ္စာ

…………………..

‌ဘုန်းတန်ခိုးတော်ကြီးမားပြီး ကိုယ်ရောင်ကိုယ်၀ါတောက်ပလွန်းသောကြောင့် နတ်မင်း ဦးမာဃ ကို နတ်သားအပေါင်းက ‘သိကြားမင်း’ ဟူသော ဘွဲ့အမည်ကို ပေးအပ်ခဲ့ကြသည်။ ပါဠိဘာသာဖြင့် စက္က ဟု ခေါ်ပြီး သက္ကတဘာသာနှင့် စက္ကရ ဟု ခေါ်‌ဝေါ်ကြသော သိကြားမင်းသည် တာ၀တိံသာနတ်တို့၏ အကြီးအကဲ အဖြစ်သို့ ရောက်ရှိချိန်မှ စပြီး သူ၏ ဖြူဆွတ်သော ၀တ်ရုံသည် ရွှေရောင်သို့ ပြောင်းသွားခဲ့သည်။ သူ၏ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော ဆံကေသာများမှာလည်း ရွှေသားအတိပြီးသွားခဲ့၏။ သူတော်စင်တပါးအဖြစ် စင်ကြယ်စွာ ပဋိသန္ဓေတည်ခဲ့သော နတ်သားမာဃသည် ယခုအခါ နတ်တို့သနင်းသိကြားမင်းအဖြစ် သြဇာအာဏာကြီးမားလှစွာသော အသွင်နိမိတ်ကို ဆောင်ခဲ့လေပြီ။

သိကြားမင်း ဦးမာဃသည် ‌ဝေပစိတ္တိ နှင့် အပေါင်းအပါများကို တာ၀တိံသာမှ ပစ်ချပြီးချိန်မှ စပြီး မနားမနေ နတ်တို့၏ အမှုအခင်းများကို ဖြေရှင်းပေးနေခဲ့သည်။ နတ်သား ၃၃ ပါးအနက်မှ မာတလိ အမည်ရှိသော နတ်သားသည် မိမိကိုယ်ကို သိကြားမင်း၏ အလုပ်အကျွေးအဖြစ် အပ်နှင်းခဲ့၏။ မာတလိသည် သိကြားမင်းထံပါးတွင် အရိပ်ပမာ ထပ်ကြပ်မကွာလိုက်ပြီး ဦးမာဃ၏ ‌ဝေယျာ၀စ္စမှန်သမျှကို တာ၀န်ကျေခဲ့သည်။ မာဃလုလင်ဘ၀တွင် အတူတကွ ရပ်ကျိုးရွာကျိုးကို သယ်ပိုးရင်း ကုသိုလ်ပွားများခဲ့သော နတ်သား ၃၃ ပါးထဲမှ ပဇာပတိဟူသော နတ်မင်းသည် သိကြားမင်းပြီးလျှင် တာ၀တိံသာတွင် ဥာဏ်ပညာ အကြီးမားဆုံးဖြစ်သဖြင့် သိကြားမင်းသည် ပဇာပတိနတ်မင်းကို သူနှင့်အတူ နတ်မှု နတ်ခင်းများကို ဖြေရှင်းစေခဲ့လေသည်။ ထို့အတူ မိဿက နတ်ဘီလူးကို အနိုင်ရခဲ့သည့် ၀ရုဏဟု အမည်တွင်သော နတ်မင်းမှာမူ ခွန်အားဗလကြီးမားသဖြင့် တာ၀တိံသာတွင် ကျန်ရှိသေးသော ကြမ်းတမ်းခက်ထန်သည့် နတ်ဘီလူး ရက္ခိုသ် ဂုမ္ဘာန်များကို ဖမ်းဆီးနှိမ်နင်းရာတွင် ဦးဆောင်ပေးခဲ့သည်။ သူတို့အထဲမှ ဤသာန ဟု အမည်တွင်သည့် နတ်မင်းတပါးမှာမူကား စစ်ရေးစစ်ရာတွင် နည်းဗျူဟာ ကြွယ်၀သဖြင့် သိကြားမင်း ဦးမာဃသည် ဤသာန နတ်မင်းအား တာ၀တိံသာရှိ နတ်စစ်သည်အပေါင်းကို ဦးစီးရသော စစ်သေနာပတိကြီး အဖြစ် ခန့်အပ်ခဲ့လေသည်။

ထိုသို့ရှိ၍ တရက်တွင် သိကြားမင်း ဦးမာဃ ဦး‌ဆောင်သည့် နတ်မင်းကြီးများသည် ယခုအခါ ကျက်သရေ အဖြာဖြာ ထွန်းလင်းသည့် သုဓမ္မာဇရပ်ကြီးတွင် တရားစီရင်နေကြစဥ် သုဓမ္မာဇရပ်၀င်ပေါက်တွင် အရိပ်တခု ထိုးကျလာသည်ကို နတ်များအားလုံး မြင်တွေ့လိုက်ကြသည်။ ထိုအရိပ်လာရာသို့ အားလုံး ပြိုင်တူလှည့်ကြည့်လိုက်ကြလျှင် နတ်သားများအားလုံးသည် ဟင်ကနဲ ဟာကနဲ ဖြစ်သွားကြပြီး ဇရပ်ကြီးတခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားကြလေတော့သည်။ အကြောင်းမှာ ထိုနေ့ မနက် သုဓမ္မာဇရပ်ကြီးသို့ မည်သူမျှ မမျှော်လင့်ဘဲ ဆိုက်ရောက်လာသူမှာကား - ဝေပစိတ္တိ၏ မိဖုရားကြီး မိလ္လိကာ ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။

မိလ္လိကာသည် ဝေပစိတ္တိ တာ၀တိံသာမှ မောင်းထုတ်ခံရပြီးသည့် နေ့မှစပြီး ပူဆွေးလွမ်းဆွတ်သော စိတ်တို့နှင့် မထူနိုင်အောင် ရှိနေခဲ့ပြီး ယခင် စံစားနေခဲ့သည့် ဝေဇယန္တာနန်းဆောင်ကြီးကို စွန့်ခွာကာ သူမ လမ်းလျှောက်ထွက်လေ့ရှိသော နန္ဒ၀န်ဥယျာဥ်ကြီးနှင့် မလှမ်းမကမ်းတွင် သင့်တင့်သော နန်းဆောင်တစ်ခန်းကို တန်ခိုးနှင့် ဖန်ဆင်းကာ စံမြန်းနေခဲ့လေသည်။ ထိုသို့ဖြင့် ရက်အနည်းငယ်ကြာအောင် ဝေပစိတ္တိ နတ်မင်းအတွက် ပူဆွေးနေခဲ့ပြီးလျှင် ယနေ့တွင်မူ သိကြားမင်း ဦးမာဃတို့ တရားစီရင်ရာ သုဓမ္မာဇရပ်ကြီးသို့ ဖိတ်ကြားဆင့်ခေါ်ခံရခြင်း အလျဥ်းမရှိဘဲ ရောက်ရှိလာခဲ့သဖြင့် နတ်ပရိသတ်အပေါင်းက အံ့သြနဘမ်း ဖြစ်သွားခဲ့ကြရခြင်းပင်။

‘မိလ္လိကာ နတ်သမီး။ အဘယ်အကြောင်း ရှိပါအံ့’

မာတလိနတ်သားသည် ယဥ်ကျေးပျူငှာစွာ ခရီးဦးကြိုပြုခဲ့သည်။ မိလ္လိကာသည် သူမကို မိဖုရားကြီးအဖြစ် မသတ်မှတ်တော့ဘဲ သာမန် နတ်သမီးတပါးအဖြစ်သာ နှုတ်ခွန်းဆက်သခဲ့သဖြင့် မဲ့ပြုံးလေး ပြုံးလိုက်မိသေးသည်။ သို့သော် သူမသည် လောကဓံတရားရှစ်ပါးကို နားလည်မိသူဖြစ်သဖြင့် မာတလိနတ်သား၏ မထီလေးစား ပြောဆိုဟန်ကို စိတ်ထဲမှ အမြန်ဖယ်ရှားပစ်နိုင်လိုက်လေသည်။

‘မာတလိနတ်သား ကျွန်ုပ် နတ်မင်း ဦးမာဃနဲ့ စကားပြောလိုပါတယ်’

‘သိကြားမင်း အမှုအခင်းတွေ စီရင်နေတဲ့အတွက် အင်မတန် အလုပ်များနေပါတယ် မိလ္လိကာ။ ကိစ္စကို လျှောက်ထားခဲ့ရင်ဖြင့် ကျွန်ုပ်ကိုယ်တိုင် သိကြားမင်းကို တင်လျှောက်ပေးပါ့မယ်’

မိလ္လိကာ၏ မျက်နှာထားတင်းမာသွားခဲ့သည်။ သူမသည် ဤကဲ့သို့ ဆက်ဆံခံရမည်ကို သိရှိသဖြင့် ဤ နတ်သားသစ်များကို ရှောင်ရှားနေခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ယနေ့တွင်မူ ၄င်းတို့အား မပြောမဖြစ် ပြောရတော့မည် ဖြစ်သောကြောင့်သာ သုဓမ္မာဇရပ်ကြီးသို့ ရောက်အောင်လာခဲ့ရခြင်းဖြစ်သည်။ မိဖုရားကြီးသည် မာတလိနတ်၏ မျက်နှာကို စေ့စေ့စိုက်ကြည့်လိုက်သည်။ သူမ၏ စူးရဲသော အကြည့်ကြောင့် မာတလိနတ်သား အနည်းငယ် နောက်တွန့်သွားခဲ့၏။ မာတလိနတ်သည် မနေ့တနေ့ကမှ နတ်သားဖြစ်လာခဲ့သော်လည်း မိလ္လိကာမိဖုရားကြီးမှာမူ နတ်သက်တမ်း နှစ်ပေါင်းတစ်ရာကျော်နေခဲ့လေပြီ။ သူမ၏ ရှည်လျားသော သက်တမ်းတလျှောက် ဝေပစိတ္တိ၏ နံဘေးတွင် ရပ်ကာ အတွေ့အကြုံပေါင်း မြောက်မြားစွာ ရှိခဲ့ပြီးပြီ ဖြစ်၏။ ထိုစဥ်မှာပင် -

‘နတ်သား မာတလိ။ မိလ္လိကာ မိဖုရားကြီးကို ကျွန်ုပ် စကားပြောနိုင်ပါတယ်။ ဒီကို လာခွင့်ပေးလိုက်ပါ အဆွေတော် နတ်သား’

ဟု သိကြားမင်းဦးမာဃသည် တည်ငြိမ်စွာ ပြောလိုက်လေလျှင် မာတလိနတ်သားလည်း မိဖုရားကြီးကို အရိုအသေပြုကာ လမ်းဖယ်ပေးလိုက်ရလေသည်။ မိလ္လိကာသည် စိတ်၀င်တစား ၀ိုင်းကြည့်နေကြသော နတ်ပရိသတ်အ‌‌ပေါင်းကြားမှ မားမားမတ်မတ် ဖြတ်လျှောက်ကာ ဓမ္မာရုံကြီး၏ ခေါင်းရင်းပိုင်းရှိ သိကြားမင်း၏ ရွှေပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ သူမသည် တလက်လက်တောက်ပနေသော စိန်သရဖူကို ငွေရောင်ဆံပင်များပေါ်တွင် တပ်ဆင်ထားပြီး ဖြူဖွေးသော အသားအရေနှင့် လိုက်ဖက်လှသည့် ငွေရောင် ပိုးသား နတ်၀တ်ရုံကို ပခုံးမှသည် ခြေမျက်စိဖုံးအောင် လွှမ်းခြုံထားလေသည်။ မိဖုရားကြီး မိလ္လိကာသည် သိကြားမင်း ဦးမာဃကို ဦးညွတ်ကာ အရိုအသေပြုလိုက်သည်။

‘နတ်တို့၏ အရှင် သိကြားမင်း ဦးမာဃကို ကျွန်ုပ် မိလ္လိကာ အရိုအသေပြုပါတယ်’

‘ကောင်းပါပြီ မိဖုရားကြီး။ အကျွန်ုပ် သင့်အတွက် ဘာများ ဆောင်ရွက်ပေးရပါမလဲ။ သင့်ရဲ့ ခင်ပွန်း ဝေပစိတ္တိ ကို ကျွန်ုပ်တို့ဟာ ဒီ တာ၀တိံသာနတ်ပြည်ကြီးရဲ့ အကျိုးအတွက် နယ်နှင်ဒဏ်ပေးခဲ့ရခြင်းသာ ဖြစ်ပါတယ်။ သူ့အ‌ပေါ်မှာ ကျွန်ုပ်အပါအ၀င် ဒီက နတ်မင်းအပေါင်းတို့ဟာ အမုန်းတရား အာဃာတတရား တစုံတရာ ထားခဲ့ခြင်းမရှိပါ မိဖုရားကြီး။ တကယ်လို့သာ မိဖုရားကြီးဟာ အဆိုပါ ကိစ္စကြောင့် လာ‌ရောက်ခဲ့ခြင်း ဖြစ်ပါက ကျွန်ုပ်တို့ အနေနဲ့ စိတ်မကောင်းပါ ဟု တောင်းပန်ရုံမှ လွဲပြီး အခြားကူညီနိုင်ရန် နည်းလမ်း မရှိကြောင်းပါ မိဖုရားကြီး’

ဟု သိကြားမင်းက ကြိုတင်သတိပေး မိန့်ကြားလိုက်သည်။ မိလ္လိကာသည် မျက်နှာ အမူအရာပြောင်းလဲခြင်းမရှိဘဲ လိုရင်းကိုသာ ပြတ်သားစွာ လျှောက်တင်လေသည်။

‘ကျွန်ုပ်ဟာ သိကြားမင်း ဦးမာဃမတိုင်ခင်က ဒီ တာ၀တိံသာနတ်ပြည်ရဲ့ အကြီးအကဲ နတ်မင်းကြီး ဝေပစိတ္တိ ရဲ့ မိဖုရားကြီးတပါး ဖြစ်ခဲ့ပါတယ်။ သိကြားမင်း အနေနဲ့ ဘယ်လိုပဲ ပြောပြော နတ်မင်း ဝေပစိတ္တိ ဟာ တရားအစီအရင်မခံရဘဲနဲ့ မတရား နတ်ပြည်က ကန်ချခံခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက် အသင် နတ်မင်းတို့ အားလုံးကို ကျွန်ုပ် အခဲမကြေနိုင်ပါ။ အသင်နတ်မင်းတို့ကိုလည်း အကျွန်ုပ် အရှင်သခင်အဖြစ် မခစားနိုင်ပါ’

နတ်ပရိသတ်အပေါင်းသည် ရဲ၀ံ့လှသော မိလ္လိကာ၏ ပြောစကားများကို အံ့သြစွာ ငေးမောနားထောင်နေမိကြသည်။ မိဖုရားကြီးသည် ရင်ကိုကော့ ခေါင်းကိုမော့ကာ ဆက်လက်လျှောက်တင်လေသည်။

‘ဒီအတွက် ကျွန်ုပ်ကိုလည်း အသင်နတ်မင်းတို့ အရှင် ဝေပစိတ္တိ ကို ဤ မြင်းမိုရ်တောင်ထိပ်မှ ကန်ချခဲ့သည့်အလားတူ ယခုပဲ ပစ်ချတော်မူပါ နတ်မင်းအပေါင်းတို့’

ဤတကြိမ်တွင်တော့ နတ်ပရိသတ်အပေါင်းတို့သည် အံ့အားသင့်ရုံမကတော့ဘဲ အချင်းချင်း တယောက်တပေါက် တီးတိုး ပြောဆိုကြသံများကြောင့် သုဓမ္မာဇရပ်ကြီးထဲတွင် ဆူဆူညံညံ အသံများ ထွက်ပေါ်လာလေတော့သည်။ ထိုအခါ သိကြားမင်း ဦးမာဃသည် နတ်အပေါင်းကို ဆိတ်ငြိမ်ကြရန် လက်ကာပြလိုက်ပြီး -

‘ကောင်းပြီ ကောင်းပြီ။ အသင်နတ်အပေါင်းတို့။ ဆိတ်ဆိတ် နေကြကုန်လော့။ ဤ အမှုကို ကျွန်ုပ် တရားသဖြင့် ဖြေရှင်းပေးပါ့မယ်’

နတ်များသည် သိကြားမင်း၏ စကားကြောင့် ပြန်လည် တိတ်ဆိတ်သွားကြလျှင် ဦးမာဃက ဆက်လက် မိန့်ကြားလေသည်။

‘အသင် မိလ္လိကာ။ ကျွန်ုပ်တို့ ရောက်ရှိလာချိန်မှာ တာ၀တိံသာရဲ့ တရားစီရင်ရေးဟာ ပြင်မရလောက်အောင် ခြစားယိုယွင်းနေခဲ့ပြီဖြစ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကြီးတစ်ခုလုံးဟာ ပြိုလဲနေခဲ့တယ်။ ဒီ မဏ္ဍိုင်ကြီးရဲ့ ထိပ်ဆုံးက ဝေပစိတ္တိ ကိုယ်တိုင်ဟာ သေရည်မူးယစ်ပြီး သူ့ရဲ့ အပေါင်းအပါတွေနဲ့ အားလုံးကို အနိုင်ကျင့်နေခဲ့တာ မိဖုရားကြီး အသိဆုံးပါပဲ။ ဒီလိုအချိန်မှာ စစ်မှန်တဲ့ တရားစီရင်ရေးဆိုတာဟာ မဖြစ်နိုင်ခဲ့တဲ့ အရာတစ်ခုပါ။ ကျွန်ုပ်တို့ဟာ အမှန်တရားအတိုင်း လုပ်သင့်တာကို လုပ်ခဲ့ပါတယ်။ အမှန်တရားဟာ တခါတလေတော့ ခါးသီးလှတယ်။ ဒီအတွက် ကျွန်ုပ် အမြဲ လိပ်ပြာလုံပါတယ် အသင် မိဖုရားကြီး’

‘ကောင်းပါပြီ အသင် သိကြားမင်း။ ကျွန်ုပ်ဟာလည်း ဒီကိစ္စကို ငြင်းခုံရအောင် လာခဲ့ခြင်းမဟုတ်ပါ။ ကျွန်ုပ် လာခဲ့ရခြင်းအကြောင်းက ကျွန်ုပ်ကိုလည်း အလားတူ ဒီမြင်းမိုရ်တောင် ထိပ်က ပစ်ချလိုက်ဖို့ပါပဲ အသင် သိကြားမင်း’

နတ်များအားလုံးသည် မိလ္လိကာ၏ စကားဆုံးလျှင် သိကြားမင်း၏ မျက်နှာကို တိုင်ပင်မထားဘဲ တပြိုင်နက် လှည့်ကြည့်မိလိုက်ကြသည်။ သိကြားမင်း ဦးမာဃသည် တစုံတခုကို အလေးအနက် စဥ်းစားနေပုံရလေသည်။ ထို့နောက်မှ လေးနက်သော အမူအရာနှင့် -

‘မိဖုရားကြီး မိလ္လိကာ။ အသင့်ကို တာ၀တိံသာက ပစ်ချရအောင် အသင့်မှာ ဘာအပြစ်မှ မရှိပေဘူး’

‘ဒါဆိုလည်း အသင်အပြစ်ပေးနိုင်အောင် ကျွန်ုပ် စီစဥ်ပေးရပါလိမ့်မယ်’

ဟု ပြောကာ မိဖုရားကြီးသည် သူ၏ ငွေရောင်၀တ်ရုံထဲတွင် ၀ှက်လာသော သေရည်အိုးတလုံးကို ထုတ်ကာ ပရိသတ်အလယ်တွင် မော့သောက်ပြလိုက်သည်။ ဦးမာဃသည် မျက်နှာအမူအရာပျက်သွားသော်လည်း တည်ငြိမ်သော အိန္ဒြေကို ဆက်လက်ထိန်းသိမ်းရင်း ပြောလေသည်။

‘သေရည်သောက်ရုံနဲ့တော့ ဒီအပြစ်ကို မပေးနိုင်ပေဘူး မိဖုရားကြီး’

သူမသည် ဤအဖြစ်ကို ကြိုတင်တွက်ဆထားသည်ဖြစ်ရာ မထီမဲ့မြင် တချက်ပြုံးလိုက်ပြီး -

‘ကောင်းပါပြီ အသင်သိကြားမင်း။ ဒါဆိုလည်း ကျွန်ုပ် အနေနဲ့ ဒီတာ၀တိံသာမှာ ကျန်ရှိသေးတဲ့ နတ်ဘီလူးအပေါင်းကို စည်းရုံးပြီး အသင့်ကို တော်လှန်ပုန်ကန်ဖို့ ကြံစည်ရပါလိမ့်မယ်။ ဝေပစိတ္တိရဲ့ မိဖုရားဟောင်းစကားကို နားထောင်ကြမဲ့ နတ်ဘီလူးတွေ အများကြီးပါ။ ယခုတင်ပဲ ကျွန်ုပ်ထံပါးမှာ အသင့်ကို တော်လှန်ဖြုတ်ချဖို့ အသင့်ဖြစ်နေတဲ့ နတ်ဘီလူးမတွေ ရာဂဏန်းမက ရှိနေပါပြီ’

ထိုစကားကို ကြားလျှင်တော့ သိကြားမင်းဦးမာဃသည် ပလ္လင်ပေါ်မှ ထလိုက်ပြီးလျှင် လေးလံသော စိတ်နှလုံးနှင့် သူ၏ လက်အောက် နတ်သားများကို အမိန့်ချမှတ်လိုက်ရလေတော့သည်။

‘နတ်တို့သနင်း သိကြားမင်းကို အာဏာလု ပုန်ကန်ရန် ကြံစည်သည့် နတ်သမီး မိလ္လိကာနှင့် အပေါင်းအပါများအား မြင်းမိုရ်တောင်ထိပ်မှ ပစ်ချစေ….’

……………………………………………………

အသူရာနတ်မင်းကြီး ဝေပစိတ္တိသည် သူ၏ နောက်လိုက် နတ်ဘီလူးကြီးများ ခြံရံပြီး တုတ်၊ ဓား၊ လက်နက်များကို တည်ဆောက်ကာ စစ်ရေးပြင်နေခဲ့သည်။ မိဿကသည် အသူရာပြည်ရှိ နတ်ဗိမာန်များထဲတွင် တွေ့ရသည့် အိုး ခွက် သံထည်များကို အရည်ကျိုကာ သံတင်းပုတ်ကြီးများ၊ ဓားရှည်ကြီးများအဖြစ်သို့ အသွင်ပြောင်းပေးလျက်ရှိလေသည်။

သူတို့သည် မြင်းမိုရ်တောင်ခြေရှိ မြခုံလောက်ကြီးအောက်၀ယ် တည်ရှိနေသော အသူရာပြည်ကြီးကို နှံ့စပ်အောင် လှည့်လည်ခရီးထွက်ခဲ့ကြပြီးလျှင် အသူရာပြည်တခွင်ရှိ နတ်ဗိမာန်များတွင် အခြေချကာ နေထိုင်နေကြပြီဖြစ်သည်။ နတ်အိုကြီး သုဗလိ စံမြန်းခဲ့သော ပင်မ ဗိမာန်ကြီးတွင် ဝေပစိတ္တိ စတည်းချ နေထိုင်ကာ အခြားသော နတ်ဘီလူးများသည် အနီးအနားရှိ နတ်ဗိမာန် အဟောင်းများတွင် အလျဥ်းသင့်သလို စံစားလျက်ရှိကြလေသည်။ သူတို့အားလုံးသည် အသူရာပြည်သို့ ရောက်ကတည်းက အရက်သေစာ သောက်စားမူးယစ် ပျော်ပါးခြင်း အလျဥ်းမရှိကြတော့ဘဲ တာ၀တိံသာသို့ တန်ပြန်စစ်ခင်းရန်အတွက်သာ အချိန်ပြည့်လုံးပန်းလျက် ရှိကြတော့သည်။

‘အလို - အရှင်မင်းကြီး ဟိုး သီဒါမြစ်ကမ်းဆီက တလှုပ်လှုပ်နဲ့ အရိပ်လိုမျိုးတွေ တက်လာကြပါကလား’

မိဿကသည် သံရည်ပူအိုးကြီးကို လက်တဘက်နှင့် ကိုင်မြှောက်ကာ လက်နက်များ သွန်းလုပ်နေရင်းမှ အနောက်အရပ် သီဒါကမ်းပါးဆီသို့ လှမ်းမျှော်ကြည့်ကာ ဝေပစိတ္တိ အား သတိပေးလိုက်သည်။ အသူရာမင်းသည် ပေတုံးကြီးပေါ်တွင် ဓားတလက်ကို ထုနှက်နေရာမှ မိဿက ညွှန်ပြရာဆီသို့ လှမ်းကြည့်လိုက်၏။ ဝေးလံသော သောင်ကမ်းဖြူဖြူပေါ်တွင် သူတို့ရှိရာအရပ်သို့ တရွေ့ရွေ့တက်လာနေသော နတ်လိုလို ဘီလူးလိုလို အသွင်သဏ္ဍာန်အချို့ကို တွေ့လိုက်ရလေသည်။ စုစုပေါင်း အုပ်စုလိုက်ဆိုလျှင် ငါးဆယ်ကျော်မျှ ရှိပေလိမ့်မည်။

‘တောက်… မဟုတ်မှ လွဲရော တာ၀တိံသာက မာဃတို့ အုပ်စု ငါတို့အကြံကို သိပြီး လာနှိမ်နင်းတာပဲ ဖြစ်ရမယ်။ မိဿက လက်နက်လုပ်တာကို ရပ်ပြီး ငါတို့ နတ်ဘီလူးတပ်ကို ဆော်သြချေ။ ဒီကောင်တွေကို အပြတ်ရှင်းဖို့ အချိန်ကျပြီဟေ့’

မိဿကသည် သံရည်ပူအိုးကြီးကို အောက်သို့ ပစ်ချကာ မလှမ်းမကမ်းတွင် အသင့်ထောင်ထားသော အာလမ္ဗရစည်တော်ကြီးကို အပြေးတီးခတ်လေသည်။ ထိုစည်တော်ကြီးသည် အသူရာမင်း သီဒါမြစ်ကမ်း တလျှောက် စစ်ဆေးကြည့်ရှုစဥ် ထူးဆန်းစွာ သောင်တင်နေသော ဧရာမ ပုဇွန်လက်မအခွံကြီး တစ်ချောင်းအား စည်းကြပ်ကာထားခြင်းပင် ဖြစ်လေသည်။

‘ဒိန်း ဒိန်း ဒိန်း...’

မိုးကြိုးထစ်ချုန်းသကဲ့သို့ အသံမြည်သည့် အာလမ္ဗရစည်တော်ကြီး၏ အသံကို ကြားလျှင် နတ်ဘီလူးအပေါင်းတို့သည် နီးစပ်ရာ လက်နက်များကို ကိုင်စွဲကာ ဝေပစိတ္တိ နတ်မင်း၏ အနောက်တွင် နေရာယူပြီး ကျောင်ဆောင်ကြီးများကဲ့သို့ တင်းကြပ်သော စစ်ကြောင်းတစ်ရပ်ကို ဖွဲ့စည်းတည်ဆောက်လိုက်ကြလေသည်။

‘တာ၀တိံသာတပ်တွေ ချီလာပြီ အားလုံး အသင့်ပြင်’

နတ်ဘီလူးစစ်သူကြီး မိဿကသည် ဦးချိုကြီးနှစ်ချောင်းကို ငွားငွားစွင့်ကာ သံမှိန်းတံကြီးကို လက်တဘက်မှ မြှောက်ကိုင်ရင်း ညာသံပေး ကြွေးကြော်လိုက်သည်။ ထို့နောက်တွင်မူ အသူရာနတ်ဘီလူးအပေါင်းတို့သည် သူတို့၏ နတ်ချုပ်ကြီး ဝေပစိတ္တိ အမိန့်ပေးမည့်အသံကို နားစွင့်ကာ အသင့်စောင့်ဆိုင်းနေကြလေတော့သည်။

ဝေပစိတ္တိသည် ကမ်းခြေမှ တရွေ့ရွေ့ တက်လာနေသော ပုံရိပ်များကို စူးစိုက်စွာ ကြည့်နေရာမှ သူ၏ မျက်လုံးများသည် နဂိုထက် နှစ်ဆမျှ ပြူးကျယ်သွားခဲ့သည်။

‘...မိလ္လိကာ….’

အသူရာနတ်မင်းကြီး အရာအားလုံးကို မေ့လျော့သွားခဲ့လေပြီ။ သူ၏ အချစ်ခင်ရဆုံးသော မိဖုရားကြီး မိလ္လိကာ...။ သူမ၏ တကိုယ်လုံး သီဒါ ဆားငန်ရည်များနှင့် ရွှဲရွှဲစိုကာ ကမ်းခြေတလျှောက် လှမ်းတက်လာခြင်းပင်။ မိလ္လိကာ၏ အနောက်တွင် သူတို့ အသူရာပြည်တွင် ရောက်နေကြသော နတ်ဘီလူးအချို့၏ ဇနီး မယား ကြင်ယာဘက် နတ်ဘီလူးမများသည်လည်း အသီးသီး လိုက်ပါလာကြလေသည်။

‘… ဟေ့ မိဿက...။ ဒါ တာ၀တိံသာ တပ်မဟုတ်ဘူး။ ဒါ… မိလ္လိကာနဲ့ သူမရဲ့ အခြွေအရံတွေပဲ အဆွေတော် နတ်ဘီလူးအပေါင်းတို့’

ဝေပစိတ္တိသည် လက်ထဲတွင် ကိုင်စွဲထားသော သံတင်းပုတ်ကြီးကို ပစ်ချကာ မိဖုရားကြီးထံသို့ အပြေးထွက်သွားလေသည်။ သူ၏ နောက်မှ အခြား နတ်ဘီလူးကြီးများသည်လည်း ခွဲခွာနေခဲ့ရသော မိမိတို့၏ ကြင်ယာဘက်များထံသို့ အပြေးသွားကာ ခရီးဦးကြိုပြကြတော့သည်။

အနီးသို့ ရောက်သည်နှင့် အသူရာနတ်မင်းသည် မိလ္လိကာကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

‘နှမတော် မိလ္လိကာ။ နှမတော်ကိုရော ဒီ မာဃနတ်သားက တောင်ပေါ်က ကန်ချလိုက်တာပဲလား။ တောက် ရာဇ၀င်ရိုင်းလိုက်လေကွာ...’

မိလ္လိကာသည် သူမခင်ပွန်း၏ မျက်နှာကို လွမ်းဆွတ်သတိရစွာ မော်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များပြည့်နေလေသည်။

‘အမှန်တော့ ဒါဟာ ကျွန်တော်မျိုးမ တောင်းဆိုခဲ့တာပါ။ မြင်းမိုရ်တောင်ထိပ်က ခုန်ချဖို့ဆိုတာ ကိုယ်ပိုင်သတ္တိနဲ့ ခဲယဥ်းလှတာကြောင့် ကျွန်တော်မျိုးမနဲ့ အခြား နတ်ဘီလူးမယားတွေဟာ သိကြားမင်းကို ပစ်ချစေဖို့ သွားရောက် တောင်းဆိုခဲ့ကြလို့ပါပဲ’

‘သိကြားမင်းဟုတ်လား’

‘မှန်ပါတယ် အရှင်။ နတ်သားမာဃကို ယခုအခါ နတ်တွေက သိကြားမင်းလို့ ခေါ်ဝေါ်နေကြပါပြီ’

ဝေပစိတ္တိသည် မဲ့ပြုံးတချက်ပြုံးလိုက်ပြီး -

‘အိမ်း သူက သိကြားမင်း ဆိုတော့လည်း ကျုပ်က အသူရာမင်း ပေါ့ကွယ်။ ကဲပါလေ - နှမတော်နဲ့ အပေါင်းအပါတွေ ရေထဲက ကူးခတ်လာရတာ ပင်ပန်းလှရော့မယ်။ နန်းဆောင်တွေထဲမှာ အသီးသီး အနားယူကြပါဦး။ ပြီးမှ ကျုပ်တို့ရဲ့ ဒီ အသူရာတိုင်းပြည်ကြီးကို လှည့်ပြရသေးတာပ။ အင်း - အသူရာပြည်ရဲ့ အထိမ်းအမှတ် သခွတ်ပင်ကြီးနဲ့လည်း မိတ်ဆက်ပေးရသေးတာပေါ့ကွယ်...’

အသူရာနတ်မင်းကြီးသည် မိဖုရားကြီး မိလ္လိကာရောက်ရှိလာသည်နှင့် တာ၀တိံသာသို့ စစ်တက်တိုက်ဖို့ရန် အာရုံမရှိတော့ဘဲ စစ်ရေးပြင်ဆင်ခြင်းများကို ရပ်ဆိုင်းလိုက်လေတော့သည်။ နတ်ဘီလူးအများစုမှာလည်း မိမိတို့နှင့် သက်ဆိုင်ရာ ကြင်ယာဘက်များ မိလ္လိကာနှင့်အတူ ပါလာကြသဖြင့် ဝေပစိတ္တိ တာ၀တိံသာသို့ တက်ရန် အချိန်ဆိုင်းလိုက်ခြင်းကို စောဒကတက်ခြင်း အလျဥ်းမရှိခဲ့ကြချေ။ တိုက်ခိုက်သတ်ပုတ်ရခြင်းကို ခုံမင်သော မိဿကတစ်ဦးသာ စစ်မတိုက်ရတော့သဖြင့် အတန်ငယ် မချင့်မရဲဖြစ်မိသော်လည်း သခင့်ပေါ်တွင် သစ္စာရှိသော နတ်ဘီလူးတပါးပီပီ နှုတ်ဆိတ်ကာ မိမိတာ၀န်များကိုသာ အသူရာပြည်တွင် ဆက်လက်ထမ်းဆောင်နေခဲ့လေသည်။

ထိုသို့နှင့် ပုဇွန်လက်ရိုးနှင့် စည်ကြပ်ထားသော အာလမ္ဘရ စည်တော်ကြီးမှာလည်း စစ်ခေါ်သံပြုရမည့်အချိန်ကိုသာ ငြိမ်သက်စွာ စောင့်ဆိုင်းလျက်ရှိလေတော့သည်။

…………………………………………….

အသူရာနတ်သက်တမ်း တစ်နှစ်ကုန်လွန်သွားခဲ့သည်။

တစ်ရက်တွင် မိဖုရားကြီး မိလ္လိကာသည် ဝေပစိတ္တိ ထံပါးသို့ ရိုသေစွာ ရောက်ရှိလာခဲ့၏။

‘အရှင် ဝေပစိတ္တိနတ်မင်း။ ကျွန်တော်မျိုးမ တင်လျှောက်စရာရှိကြောင်းပါ’

‘ပြော နှမတော်။ ဘာများ အရေးကြီးသလဲ’

ဝေပစိတ္တိနတ်မင်းသည် ယခုအခါ သေရည်အရက် သောက်စားခြင်းမရှိတော့ဘဲ သူ၏ နန်းဆောင်ကြီးထဲတွင် ယခင် နတ်အိုကြီး သုဗလိ ရေးမှတ်သွားခဲ့သော ၃၁ ဘုံနှင့် သက်ဆိုင်သည့် ကျမ်းဂန်ကြီးများကိုသာ အချိန်ရှိသရွေ့ဖတ်ရှုနေခဲ့သည်။ သူယခင်က မသိနားမလည်ခဲ့သော စကြ၀ဠာကြီးအကြောင်း။ မြင်းမိုရ်တောင်ကြီးကို ၀န်းရံထားသည့် တောင်စဥ်ခုနစ်ထပ်နှင့် သီဒါခုနစ်တန်အကြောင်း စသည့် ဗဟုသုတများကို ရင်သပ်ရှုမော သိရှိနားလည်ခွင့်ရခဲ့လေသည်။

မိဖုရားကြီး မိလ္လိကာသည် စကားကို ဖြည်းညင်းစွာနှင့် ဆက်ပြောခဲ့သည်။

‘ကျွန်တော်မျိုးမမှာ မနက်ဖြန် ယခုအချိန် သမီးတော်တပါး ထွန်းကားမယ့် အရိပ်လက္ခဏာ တွေ့ရပါတယ် အရှင်ဘုရား။ ဒီအတွက် မနက်ဖြန် ကျွန်တော်မျိုးမ အိပ်ခန်းဆောင်ထဲမှာပဲ စံမြန်းခွင့်ပြုပါ ဘုရား’

ဝေပစိတ္တိနတ်မင်းကြီး၏ မျက်နှာမှာ နေမင်းကြီးပမာ ၀င်းပသွားခဲ့လေသည်။

‘အိမ်း - ကျုပ်ဟာ တာ၀တိံသာကနေ အပစ်ချခံရခြင်းကို အင်မတန်မှ အခဲမကြေ ယူကြုံးမရဖြစ်ခဲ့မိတယ်။ ဒါဟာ သေအရက်ကြောင့် ဖြစ်ရတာမို့ ယခု တစ်နှစ်လုံးလုံး သေရည်ကို လက်ဖျားနဲ့တောင် မတို့ခဲ့ဘူး။ ဒီလို စောင့်စည်းခဲ့ခြင်းရဲ့ အကျိုးကြောင့် ကျုပ် အခု သာယာတဲ့ မိသားစုဘ၀ကို ရရှိတော့မှာ ထင်ပါရဲ့’

အသူရာနတ်မင်းကြီးသည် သူ၏ သန်မာထွားကြိုင်းလှသော လက်မောင်းကြီးများနှင့် ချစ်မြတ်နိုးရသော မိဖုရားကြီးကို ရင်နှင့်မကွာ ပွေ့ဖက်ထားလိုက်လေသည်။

………………………

နောက်တစ်ရက်သို့ ကူးလျှင် မိဖုရားကြီး မိလ္လိကာ၏ ရင်ခွင်ထဲတွင် အသက် ၁၆ နှစ်အရွယ် အင်မတန် ချောမောလှပသော နတ်သမီးငယ်တပါးသည် သြပပါတိက ပဋိသန္ဓေတည်နည်းနှင့် နတ်သမီးအဖြစ်သို့ ရုတ်ခြည်းရောက်ရှိလာခဲ့သည်။ မိလ္လိကာသည် နတ်သမီးငယ်ကို လက်ဆွဲကာ ပင်မ ခန်းဆောင်ကြီးသို့ ထွက်လာခဲ့၏။ အပြင်တွင် စောင့်နေသော ဝေပစိတ္တိနတ်မင်းသည် သမီးတော်ကို ၀မ်းမြောက်စွာ ခရီးဦးကြိုပြုခဲ့သည်။ သူတို့ နန်းဆောင်ကြီး၏ အပြင်ရှိ နတ်ဘီလူးကြီးများသည်လည်း ခရုသင်းကြီးများကို တီးမှုတ်ပြီး အကအခုန်များနှင့် ပျော်ပွဲသဘင်ကြီးကို ဆင်နွှဲကြလေသည်။ ထိုနေ့တွင်မူ ဝေပစိတ္တိ နတ်မင်း၏ ခွင့်ပြုချက်နှင့် မိဿကဦးဆောင်သော နတ်ဘီလူးများသည် သေရည်အရက်ကို ဖော်စပ် သောက်သုံးခွင့်ရကြလေသည်။

နတ်သမီးငယ်သည် ရှေးဘ၀ကုသိုလ်ကြောင့် အင်မတန် ချောမောလှပသည်။ ဗျိုင်းမလေးသဖွယ် သွယ်ပျောင်းသော လည်တိုင်ရှိပြီး ပြစ်မျိုးမှဲ့မထင် ဖြူစင်သော အသားအရည်ရှိလေသည်။ ဝေပစိတ္တိ သည် အင်မတန် လှပသော သမီးငယ်ကြောင့် အလွန်ပင် ဂုဏ်ယူမိသည်။ သူသည် ဤ သမီးငယ်ကို အသက်နှင့်လဲပြီး စောင့်ရှောက်မည်ဟုလည်း ကတိသစ္စာ ပြုမိလေတော့သည်။

မိဖုရားကြီးနှင့် ဝေပစိတ္တိတို့ နှစ်ဦး တိုင်ပင်ကာ သမီးတော်ကို ‘သုဇိတာ’ ဟု အမည်ပေးခဲ့ကြသည်။

တချိန်က သေရည်မူးယစ်သောက်စားပြီး အမေ့မေ့ အလျော့လျော့ နေထိုင်ခဲ့သော နတ်မင်းကြီး ဝေပစိတ္တိ သည် ယခုအခါ ၃၁ ဘုံတွင် တန်ဖိုးထားရမည့် အရာတစ်ခုကို တွေ့ရှိခဲ့ပြီဖြစ်သည်။ ထိုအရာမှာကား မိဖုရားကြီး မိလ္လိကာနှင့် သမီးတော် သုဇိတာတို့အပေါ် ထားရှိသော ဖြူစင်သည့် ချစ်ခြင်းမေတ္တာတရားပင် ဖြစ်လေတော့သတည်း။

………………………………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။


#lotaya_shortstory
#LTY_ကိုချမ်း


#LTY_ကိုချမ်း
#မျက်နှာ
#အရက်
#နတ်သမီး
#မိဖုရား

Some text some message..