အပိုင်း (၃)
……….
အသူရာ
………
ဆားငန်ရည်နှင့် ထိတွေ့မှုကြောင့် ဝေပစိတ္တိ သတိပြန်လည်လာသည်။ သူ၏ ခန္ဓာကိုယ်ကြီးသည် ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ရှိသည့် မြင်းမိုရ်တောင်ကြီးထိပ်မှ အရှိန်ပြင်းစွာ ပစ်ချခံခဲ့ရခြင်းဖြစ်ရာ နတ်သားတစ်ပါးဖြစ်သဖြင့်သာ နတ်သက်မကြွေခဲ့ရခြင်း ဖြစ်လေသည်။ နတ်မင်း ဦးမာဃသည်လည်း ဤအကြောင်းကို သိသဖြင့် ဝေပစိတ္တိနှင့် အပေါင်းအပါ နတ်ဘီလူးများကို တာ၀တိံသာနတ်ပြည်မှ တွန်းချ ပစ်ချခဲ့ဟန်တူသည်။
ဝေပစိတ္တိသည် မြင်းမိုရ်တောင်ခြေကို ပတ်လည်စီးဆင်းနေသော သီဒါမြစ်ရေပြင်အောက်သို့ ယူဇနာ နှစ်ရာမျှ သက်ဆင်းသွားသည်။ သူသည် တန်ခိုးကြီးသော နတ်မင်းတစ် ဦး ပီပီ သတိကို ပြန်လည်စုစည်းပြီး ကမ်းခြေရှိရာဆီသို့ ရေအောက်မှ ကူးခတ်လာခဲ့လေသည်။ တဖြည်းဖြည်းနှင့် ကမ်းခြေဟု ယူဆရသော မြေအထုကို ခြေထောက်အောက်တွင် နင်းမိစပြုလာသည်။
အမှန်တော့ သေရည်မူးရစ်နေခြင်း၊ မာဃနတ်သား၏ ၀ရဇိန်လက်နက်အရှိန်နှင့် သတိမေ့သွားခြင်းတို့ကြောင့် ဝေပစိတ္တိသည် အဖြစ်အပျက်များကို ကောင်းစွာ မမှတ်မိချေ။ သူ ယခု ဘယ်သို့ ရောက်နေသည်ကိုလည်း အသေအချာမသိချေ။ သို့သော် ရေထဲသို့ ပြုတ်ကျခဲ့ပြီး သတိပြန်လည်လာသဖြင့် စိတ်မှ ခိုင်းစေသည့်အလျောက် ကမ်းပေါ်သို့ ပြန်လည်ကူးခတ်နေမိခြင်းသာဖြစ်လေသည်။
သူတဖြည်းဖြည်းနှင့် ကုန်းပေါ်သို့ ရောက်လာသည်။ သူ့နောက်မှ မိဿကအပါအ၀င် အခြား နတ်ဘီလူးကြီးများ ကုမ္ဘာန်ကြီးများသည်လည်း ရေထဲမှ အသီးအသီး ဘွားကနဲ ဘွားကနဲ ပေါ်လာကြသည်။ သူတို့အားလုံးသည် အမည်မသိသော နေရာတစ်ခုတွင် ခြေချမိကြလေပြီ။
ဝေပစိတ္တိအပါအ၀င် အားလုံးသော နတ်ဘီလူးကြီးများသည် သတိကြီးစွာဖြင့် ကုန်းပေါ်သို့ တက်လာခဲ့ကြသည်။ မည်သည့်အန္တရာယ်က သူတို့အား စောင့်ကြိုနေမည်ကို မည်သူမျှ မသိနိုင်ကြ။ သူတို့အားလုံးထံတွင် လက်နက်ပစ္စည်း တစုံတရာလည်း မပါရှိခဲ့။ အချို့နတ်ဘီလူးများမှာ သေရည်အရှိန်ကြောင့် မူးယစ်နေကြဆဲပင် ရှိသေးသည်။ မိဿကတစ ဦး သာ အသိစိတ်မလွတ်ဘဲ ထူထူထောင်ထောင်ရှိနေသည်။ နတ်ဘီလူးကြီး မိဿကသည် ဦးချိုကြီးနှစ်ချောင်းကို စွင့်ထောင်ကာ ပတ်၀န်းကျင်ကို မျက်ခြေမပြတ် အကဲခတ်လျက်ရှိ၏။
ကုန်းမြေသည် တာ၀တိံသာနှင့် မတူဘဲ ကွာခြားနေသည်။ တာ၀တိံသာရှိ မြေပြင်သည် စိန်မှုန် ဖလ်သားမှုန်လေးများအတိပြီးသဖြင့် အင်မတန် နူးညံ့လှပကျက်သရေရှိလှသည်။ ယခု ကုန်းမြေမှာမူ ဖြူဖွေးသော သဲများနှင့်သာ ဖုံးလျက်ရှိ၏။ သူတို့သည် သီဒါရေပြင်ကျယ်ကြီးနှင့် တဖြည်းဖြည်း ေ၀းလာခဲ့သည်။ ရေလှိုင်းများနှင့် ကမ်းခြေ တရှဲရှဲ ရိုက်ခတ်သံတို့သည်လည်း သူတို့နောက်တွင် တစတစ ကျန်ရစ်လေသည်။ ရှေ့တွင် သဲဖြူလွှမ်းသော ကုန်းမြေပြန့်သည် မျက်စိတဆုံး ကျယ်ပြောလျက်ရှိ၏။ ထိုမှလွန်သော် မြင့်မားသော အရိပ်ကြီးများကို မှုန်ပျပျ မြင်နေရသည်။ တောင်ကုန်းများလော၊ ဘုံဗိမာန်များလော အတပ်မပြောနိုင်သေးချေ။ အထင်အရှားမြင်နိုင်ရန် ယူဇနာအနည်းငယ်မျှ ဆက်လျှောက်ရ ဦး ပေမည်။
မိဿကသည် အပေါ်သို့ မော့ကြည့်လိုက်လျှင် ပိုပြီး အံ့သြသွားရသည်။ ကောင်းကင်ပြင်ကြီးသည် မြစိမ်းရောင်သမ်းလျက်ရှိ၏။ သူတို့ရောက်နေသော နေရာတစ်ခုလုံးကို အစိမ်းရောင် ဖန်ပေါင်းချောင်ကြီးနှင့် အုပ်မိုးထားသည့်နှယ်ရှိလေသည်။ မိဿကသည် ရှေ့ဆုံးမှ လျှောက်လှမ်းနေသော သူ့အရှင်သခင်နှင့် ရင်ပေါင်တန်းမိအောင် အနည်းငယ် အပြေးလိုက်သွားမိသည်။
‘အရှင်မင်းကြီး - ကျွန်တော်မျိုးတို့ ဘယ်ရောက်နေတာလဲ ဘုရား’
ဝေပစိတ္တိသည် မိဿကကို စောင်းငဲ့ကာ ကြည့်လိုက်သည်။
‘ငါလည်း ဘယ်သိမလဲဟ။ ဟေ့ မိဿက။ ငါတို့ ဒီနေရာကို ဘယ်လို ရောက်လာကြတာလဲ’
‘အရှင် တကယ်ပဲ မမှတ်မိဘူးလားဘုရား’
မမှတ်မိကြောင်း ပြောလိုက်လျှင် မိဿကသည် မာဃနတ်သားနှင့် အပေါင်းအပါများ ဝေဇယန္တာနန်းတော်ကြီးသို့ ရောက်ရှိလာပြီး သူတို့အားလုံးကို ဖမ်းဆီးကာ မြင်းမိုရ်တောင်ထိပ်မှ ပစ်ချခဲ့ပုံကို အကျဥ်းရုံးကာ ပြောပြလိုက်လေသည်။ ဝေပစိတ္တိ၏ မျက်နှာကြီးမှာ ခက်ထန်တင်းမာသွားခဲ့သည်။
‘တောက် - ရိုင်းလိုက်လေကွာ။ ငါ့တို့ရဲ့ နတ်ပြည်ကိုလည်း ခုမှ ရောက်လာသေးတယ်။ ငါတို့ရဲ့ နတ်ဗိမာန်ထဲကိုလည်း ကျူးကျော်သေးတယ်။ ပြီးတော့ ငါနဲ့ ငါ့ အပေါင်းအပါတွေကို ရိုင်းရိုင်းစိုင်းစိုင်း မြင်းမိုရ်တောင်ပေါ်က ကန်ချလိုက်သတဲ့လား’
မိဿက ဘာမှ မပြောဘဲ ဆိတ်ဆိတ်သာနေလိုက်သည်။ ယခုလောလောဆယ်တွင်တော့ သူ့သခင်သည် သူ့လောက်ပင် ဤနေရာအကြောင်းကို သိပုံမပေါ်ချေ။ သူသည် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး -
‘အရှင်မင်းကြီး။ ကျွန်တော်မျိုး အကဲခတ်ကြည့်ရသလောက်တော့ ဒီနေရာဟာ မြင်းမိုရ်တောင်ကြီးရဲ့ တောင်ခြေဖြစ်နိုင်တယ်ဘုရား’
ဝေပစိတ္တိသည် ခေါင်းညိတ်ကာ နားထောင်ရင်း လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ သူ့နောက်မှ နတ်ဘီလူးကြီးများသည်လည်း ရပ်တန့်သွားကြ၏။ နတ်မင်းကြီးသည် ဟိုသည် အထက်အောက်ကို မျှော်ကြည့်လိုက်ပြီး -
‘မိဿက – မင်းပြောတဲ့အတိုင်း ဒါဟာ မြင်းမိုရ်တောင်ခြေဆို ဘယ်မလဲ မြင်းမိုရ်တောင်။ ဘာ မြင်းမိုရ်တောင်မှလည်း မတွေ့ပါကလား။ မင်းပြောသလို ငါတို့ကို မြင်းမိုရ်တောင်ထိပ်က ပစ်ချလိုက်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားကွာ’
ဝေပစိတ္တိ၏ မေးခွန်းမှာ မှန်သဖြင့် မိဿက အကျပ်ရိုက်သွားသည်။ သူတို့ တွေ့ရသလောက်မှာ နောက်ဘက်တွင် ကျယ်ပြန့်လှသော သီဒါရေပြင်ရှိသည့် ကမ်းခြေကြီးနှင့် အရှေ့ဘက်တွင် ကျယ်၀န်းလှသော သဲသောင်ပြင်ကြီးပင်။ သူတို့ ဆက်လျှောက်လာလျှင် သဲသောင်ပြင်သည် နီမြန်းသော မြေကြီးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ဘေးပတ်၀န်းကျင်တွင် လက်ပံပင်များကိုလည်း ဟိုတစ သည်တစ တွေ့လာရသည်။ နတ်ဘီလူးကြီးများအားလုံးသည် ထူးဆန်းလှသော ပတ်၀န်းကျင်သစ်ကြောင့် တုန်လှုပ်မိကြသဖြင့် အချင်းချင်း စကားပင် တစ်ခွန်းမှ မပြောဖြစ်ကြဘဲ ဝေပစိတ္တိနှင့် မိဿကတို့ ဦးဆောင်ရာနောက်သို့သာ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါလျက်ရှိကြလေသည်။
‘အရှင်မင်းကြီး အရှေ့မှာ သစ်ပင်ကြီးတစ်ပင် ပါလားဘုရား’
‘ငါတို့ တာ၀တိံသာက ကသစ်ပင်ကြီးနဲ့ အလုံးအပတ် အတူတူလောက်ပဲ မိဿက’
သို့သော် သူတို့ အသေအချာကြည့်လိုက်လျှင် ထိုသစ်ပင်ကြီးတွင် ပွင့်နေသော ပန်းများမှာ နီရဲသော ကသစ်ပွင့်များမဟုတ်ဘဲ ဖြူဆွတ်သော ပန်းပွင့်များသာ ဖြစ်နေကြလေသည်။
‘တောက်။ မင်းပြောတာ မှန်ပြီ မိဿက။ ဒါ တာ၀တိံသာက ပင်လယ်ကသစ်ပင်ကြီးမဟုတ်ဘူး။ ဒါ သခွတ်ပန်းတွေပဲကွ။ ရိုင်းလိုက်လေကွာ’
တာ၀တိံသာ မဟုတ်လျှင်၊ မြင်းမိုရ်တောင်ကြီးကိုပင် မတွေ့ရသည့် ယခုနေရာကြီးသည် အဘယ်နေရာပင်ဖြစ်သနည်း။ သခွတ်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် ဗိမာန်ကြီးတဆောင်ကို တွေ့လိုက်ရသည်။ သူတို့ စောစောတုန်းက တွေ့ခဲ့ရသော မှိန်ပျပျ မြင့်မားသည့် အရာကြီးမှာ ထိုဗိမာန်ကြီး ဖြစ်နေသည်။ ဗိမာန်ကြီးသည် ပြဿဒ်အဆင့်ဆင့်နှင့် ဖြစ်သော်လည်း ဝေဇယန္တာပြဿဒ်ကြီးလောက်မူ ခမ်းနားခြင်းမရှိချေ။ ဗိမာန်တံခါးသည် ဤအတိုင်းပွင့်လျက်သားရှိသဖြင့် ဝေပစိတ္တိသည် ရှေ့ဆုံးမှ ဗိမာန်အတွင်းသို့ ၀င်သွားလိုက်သည်။ မိဿကသည် သူ့သခင်၏ နောက်မှ သတိကြီးစွာထားလျက် ထပ်ကြပ်မကွာ လိုက်ပါလေသည်။
ဗိမာန်ကြီးအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျောက်စားပွဲကြီးများ၊ ထိုင်ခုံများကို စီစဥ်ထားပုံမှာ တာ၀တိံသာ သို့မဟုတ် စတုမဟာရာဇ်နတ်ပြည်များနှင့် ဆင်တူနေသည်။ အမှတ်တမဲ့ဆိုလျှင် တာ၀တိံသာရှိ နတ်ဘုံနတ်နန်းတစ်ခုဟုပင် ထင်စရာရှိလေသည်။ ဝေပစိတ္တိသည် နန်းဆောင်ကြီးတစ်ခုလုံးကို ဖြန့်ကျက်ကြည့်ရှုလိုက်လျှင် နန်းဆောင်၏ ထောင့်တစ်နေရာတွင် သလွန်ညောင်စောင်းကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ထိုညောင်စောင်းကြီး၏ အပေါ်တွင်တော့ -
‘အလို - ဘယ်လိုဟာကြီးပါလိမ့်’
အဖယ်ရှားခံနတ်မင်းကြီး၏ နှုတ်မှ အာမေဋိတ်သံ ထွက်ပေါ်သွား၏။ သူ၏ ရှည်လျားလှသော နတ်သက်တမ်းတလျှောက် ဤသို့သော အခြင်းအရာကို တခါမျှ မမြင်ဖူးခဲ့ချေ။ သလွန်ပေါ်တွင် အိုမင်းလှသော နတ်ကြီးတပါးသည် သူတို့ကို ကျောခိုင်းကာ လဲလျောင်းအိပ်စက်နေသည်။ ထိုနတ်ကြီးသည် နတ်၀တ်တန်ဆာ တစုံတရာ၀တ်ဆင်ထားခြင်းမရှိချေ။ ထိုနတ်ကြီးသည် အိုမင်းနေကြောင်း သိရှိရခြင်းမှာ သူ၏ ခန္ဓာကိုယ်အရေပြားသည် အရေးအကြောင်းများနှင့် တွန့်လိမ်ပျော့ရွဲနေကာ ပိန်လှီသော ကိုယ်လုံးကြီးနောက်တွင် ကျောရိုးဆစ်ကြီးများက အဖုလိုက် ငေါထွက်နေသောကြောင့် ဖြစ်တော့သည်။ အမှန်တော့ စတွေ့တွေ့ခြင်း ဝေပစိတ္တိသည် ထိုနတ်ကြီးမှာ အိုမင်းနေကြောင်း နားမလည်ခဲ့။ အကြောင်းမှာ သူ့သက်တမ်းတလျှောက် အိုမင်းသော နတ်များကို တကြိမ်တခါမျှ မတွေ့ဖူးခဲ့သောကြောင့် ဖြစ်သည်။ တာ၀တိံသာနတ်ပြည်တွင် နတ်သားများသည် အသက် ၂၀ အရွယ်၊ နတ်သမီးများက အသက် ၁၆ နှစ်အရွယ်နှင့် ပဋိသန္ဓေတည်ပြီး ထိုအရွယ်နှင့်ပင် နတ်သက်တမ်းစေ့နေကာ နောက်ဆုံး ထိုပုံစံအတိုင်းပင် စုတေကြမြဲဖြစ်သောကြောင့်ပင်။
နတ်အိုကြီးသည် ဝေပစိတ္တိတို့ နတ်တသိုက် သူ့နန်းဆောင်ထဲသို့ ၀င်လာကြလျှင် ခြေသံများကို ကြားလိုက်၍လောမသိ၊ နိုးထသွားပြီး လဲလျောင်းနေရာမှ အရိုးအဆစ် အငေါငေါနှင့် လက်ကြီးများကို အားယူထောက်ရင်း သလွန်ပေါ်တွင် ထထိုင်လိုက်သည်။ သူသည် ဝေပစိတ္တိတို့ ၀င်လာရာ နန်းဆောင် တံခါးပေါက်ဆီသို့ မျက်နှာလှည့်လိုက်လျှင် ၄င်း၏ အိုမင်းရွတ်တွသော မျက်နှာကြီးက ခက်ထန်လှသော နတ်ဘီလူးကြီးများကိုပင် အံ့သြတုန်လှုပ်သွားစေခဲ့သည်။
‘အသင်တို့က ဘယ်သူတွေများလဲ’
နတ်အဘိုးအို၏ အသံသည် အက်ကွဲချိနဲ့လွန်းနေသည်။ ဝေပစိတ္တိသည် မိမိအသံကို တည်ငြိမ်အောင် ထိန်းရင်း -
‘ကျုပ်အမည်က ဝေပစိတ္တိ လို့ ခေါ်တယ်။ မြင်းမိုရ်တောင်ကြီးကို အစိုးရတဲ့….’
‘အိုး ဟိုး ဟိုး… တော်တော်တော်...’
ဝေပစိတ္တိ စကားမဆက်နိုင်မီ နတ်အဘိုးအိုသည် လက်ကိုကာပြကာ စကားဖြတ်ချလိုက်သည်။ မျှော်လင့်မထားသောကြောင့် ဝေပစိတ္တိ အံ့အားသင့်သွားမိ၏။ နတ်အဘိုးအိုအပေါ်တွင် ဒေါသအမျက်ချောင်းချောင်းလည်း ထွက်သွားမိသည်။ နတ်အိုကြီးက ဝေပစိတ္တိ၏ မျက်နှာအမူအရာကိုကြည့်ပြီး သဘောကျသည့်အနေနှင့် တဟက်ဟက် ရယ်မောလေသည်။
‘ဟက် ဟက် ဟက်...။ အမောင်နတ်သား။ မြင်းမိုရ်တောင်ကြီးကို အစိုးရ ခဲ့ တဲ့ လို့ ပြင်ပြောစမ်းပါကွယ်။ ဟက် ဟက် ဟက်’
‘တယ် အသင် အမည်မသိနတ်သား။ အသင်ဟာ အရုပ်ဆိုးအကျည်းတန်လွန်းတယ်။ ခွန်အားဗလလည်း အင်မတန် နည်းလွန်းတယ်။ ကျုပ် စိတ်ရှိတိုင်းသာ လုပ်လိုက်ရရင် အသင် ယခုပဲ နတ်သက်ကြွေသွားတော့မှာပဲ။ စကားပြောတာ သတိထားလေ’
နတ်အိုကြီးသည် ဝေပစိတ္တိ ကြိမ်းမောင်းသည်ကို ကြားလျှင် ပိုပြီး မြူးထူးသွားသည့်အလား ခွက်ထိုးခွက်လန် ရယ်မောလေတော့သည်။ တကိုယ်လုံးကို လှုပ်ခါကာ ရယ်လွန်းသဖြင့် သူ၏ အိုမင်းချိနဲ့လှသော ကိုယ်ခန္ဓာကြီးမှ အရိုးအဆစ်များ ပြုတ်ပျက်ထွက်သွားမလားဟုပင် စိုးရိမ်ရလောက်လေသည်။ မိဿကသည် စိတ်မရှည်တော့ဘဲ ရှေ့ခြေတလှမ်းတိုးကာ နတ်အိုကြီးကို မေးလိုက်သည်။
‘အသင်နတ်သား။ ဒီဗိမာန်က အသင့်ဗိမာန်လား’
နတ်အဘိုးအိုသည် ခဏမျှ စဥ်းစားလိုက်ပြီး -
‘အင်း.. ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး’
ဝေပစိတ္တိနှင့် မိဿကတို့သည် နတ်အဘိုးအိုကို သည်းမခံနိုင်ကြတော့ချေ။ မိဿကက တင်းမာစွာ ဆက်ပြောသည်။
‘ကျုပ်တို့မေးတာကို အသင်မဖြေလည်း ကျုပ်တို့က ဒီဗိမာန်မှာ အခြေချပြီး အနားယူရလိမ့်မယ်။ အားလုံး ပင်ပန်းနေပြီ’
ထိုအခါမှ နတ်အိုကြီးသည် နံဘေးတွင် ချထားသော နံငယ်ပိုင်းကို ခါးတွင်ပတ်ကာ ထိုင်နေရာမှ အားယူပြီး ထလိုက်သည်။
‘ဟဲ ဟဲ ဟဲ။ ကျုပ် တောင်းပန်ပါတယ်။ ဧည့်၀တ်မကျေသလို ဖြစ်သွားတာကို။ ဟုတ်ပါပေ့။ အသင်တို့ ဒီဗိမာန်မှာ နေနိုင်တယ်။ ကြိုက်သလောက် အနားယူနိုင်တယ်။ ကျုပ်ရဲ့ အမည်ကတော့ သုဗလိ လို့ ခေါ်ပါတယ်။’
နတ်အဘိုးအိုသည် ကုန်းကုန်း ကုန်းကုန်းနှင့် နန်းဆောင်ထဲမှ အပြင်သို့ ထွက်သွားသည်။ နားမလည်နိုင်သော ဝေပစိတ္တိသည် သူ့နောက်မှ လိုက်ကာ မေးမိသည်။
‘အသင် နတ်သား။ ဒီနေရာက ဘယ်နေရာများပါလိမ့်’
သူတို့နှစ်ဦးသည် ဗိမာန်ကြီး၏ အပြင်သို့ ပြန်ရောက်လာကြသည်။ နောက် မလှမ်းမကမ်းမှ မိဿက က အရိပ်လို လိုက်ပါလာ၏။ သုဗလိသည် ဝေပစိတ္တိ ကို မော့ကြည့်လိုက်ပြီး -
‘အင်း။ ကျုပ် ဒီကို ရောက်တာကြာလှပြီဆိုတော့ ရောက်စက ခံစားချက်တွေကို မေ့သလောက်ရှိနေပြီ။ သင့်ကို တွေ့မှပဲ အတိတ်ကို ပြန်သတိရတော့တယ်။ ကောင်းပါပြီ အဆွေတော် ဝေပစိတ္တိ။ ကျုပ်တို့ ဟောဟိုက သခွတ်ပင်ကြီးရဲ့ ခြေရင်းမှာ သွားထိုင်ပြီး အသင် သိလိုသမျှကို ဖြေကြားပေးရတာပေါ့ကွယ်’
သူတို့သည် တဖြည်းဖြည်းနှင့် ယူဇနာတစ်ရာမျှမြင့်သော သခွတ်ပင်ကြီး၏ ခြေရင်းဆီသို့ ရောက်လာကြသည်။ ဝေပစိတ္တိသည် တာ၀တိံသာတွင် သူသွားရောက် အပန်းဖြေလေ့ရှိသော ပင်လယ်ကသစ်ပင်ကြီးကို အမှတ်ရသဖြင့် ခံပြင်းစိတ်များ တဖွားဖွား ပေါ်လာခဲ့ပြန်သည်။ နတ်အဘိုးအိုသည် သစ်မြစ်ကြီးတစ်ခုပေါ်တွင် အားယူထိုင်ချပြီး စိမ်းမြသော ကောင်းကင်ပြင်ကြီးကို မော့ကြည့်ကာ တကိုယ်တည်း ရေရွတ်နေသည့်အလား ဝေပစိတ္တိသိလိုသည်များကို ပြောပြခဲ့လေသည်။
‘အသင်တို့ အခုရောက်ရှိနေတဲ့ ဒေသကို ‘အသူရာပြည်’ လို့ ခေါ်သကွဲ့။ အဓိပ္ပါယ်ကတော့ သုခချမ်းသာ မရှိတဲ့၊ အရောင်အ၀ါမရှိတဲ့၊ အပယ်ခံ အရပ်ပေါ့ကွယ်’
ထိုစကားကို ကြားလျှင် ဝေပစိတ္တိသည် သူ့ကိုယ်ကို ပြန်လည် ငုံ့ကြည့်မိသည်။ သူ၏ နီရဲသောကိုယ်လုံးနှင့် ရွှေရောင်ဆံပင်တို့သည် တာ၀တိံသာနတ်ပြည်တွင် နေမင်းကဲ့သို့ တောက်ပခမ်းနားသော အရောင်အ၀ါ ထွက်ပေါ်နေခဲ့သော်လည်း ယခုအခါ ပုံမှန်ဆံပင်အရောင်နှင့် အသားအရေသာ ရှိလေတော့သည်။ သုဗလိသည် ဝေပစိတ္တိ ကို အကဲခတ်ပြီး ဆက်ပြောလိုက်သည်။
‘အိမ်း။ ဒါက အစပဲ ရှိသေးသကွဲ့။ ကျုပ်ကို တွေ့တော့ အသင် အံ့သြသွားတယ်မဟုတ်လား။ အသင်ဟာ အိုမင်းခြင်းကို မတွေ့ဖူးသေးဘူး မဟုတ်လား။ အထက် နတ်ဘုံတွေမှာ အိုမင်းခြင်း ဇရာမရှိပေမဲ့ ဒီ အသူရာပြည်မှာတော့ နတ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အိုမင်းလာကြတယ်ကွယ်’
‘ဒါဟာ အိုမင်းခြင်းလား၊ ကျုပ်လည်း တချိန် အသင့်လို ဖြစ်မှာလား’
ဝေပစိတ္တိသည် ခြောက်ခြားစွာ မေးလိုက်သည်။ ဤတကြိမ်တွင်တော့ တုန်လှုပ်နေသော သူ၏ အသံကို ဟန်မဆောင်နိုင်တော့ချေ။ နတ်အိုကြီးသည် ဝေပစိတ္တိ ဂရုဏာသက်စွာ ကြည့်လိုက်ပြီး -
‘မပူပါနဲ့ အဆွေတော်။ အိုမင်းခြင်းဟာ နေ့ချင်းညချင်း ဖြစ်တဲ့အရာမဟုတ်ပါဘူး။ များသောအားဖြင့် သင့်ကိုယ်သင်တောင် သတိမထားမိပါဘူး။ ဒီကိစ္စဟာ တဖြည်းဖြည်းနဲ့သာ လှိုက်စားဆွေးမြေ့တတ်တဲ့ သဘောတရားတခုပါပဲ’
‘ဘာပဲဖြစ်ဖြစ် ဒါကို ကျုပ်မလိုချင်ဘူး အသင်နတ်သား’
‘ဟဲ ဟဲ ကျုပ်အမည် သုဗလိလို့ ခေါ်ပါတယ်။ အသင်မေ့သွားပြီလား’
ဝေပစိတ္တိသည် သူတပါးကို ဂရုမစိုက်တတ်သော အကျင့်ရှိသည်။ ထိုအကျင့်ကို နတ်အဘိုးအိုက ပါးနပ်စွာ ထောက်ပြခြင်းဖြစ်လေသည်။
‘ကောင်းပါပြီ အဆွေတော် သုဗလိ။ အသင်ကရော ဒီကို ဘယ်ကနေ ဘယ်လို ရောက်လာတာပါလဲ’
‘အင်း။ ကြာခဲ့ပါပြီလေ။ ကျုပ်ဟာလည်း တချိန်က သင့်လို နတ်မင်းတပါးပါပဲ။ အခြား မလိုတဲ့ နတ်မင်းတွေက ကျုပ်ကို ကန်ချခဲ့လို့ ဒီကို ရောက်လာရတာပဲ’
‘ဒီမှာ တခြား နတ်တွေ ရှိသေးလား’
သုဗလိသည် ခေါင်းကို ဖြေးညင်းစွာ ခါရမ်းလိုက်သည်။
‘ကျုပ်က ဒီအသူရာနတ်ပြည်မှာ နောက်ဆုံးကျန်တဲ့ အသူရာနတ်ပဲ ဝေပစိတ္တိ။ ဒါပေမဲ့ ဒီ့ပြင် အပယ်ခံနတ်တွေတော့ အများကြီး ရှိပါတယ်။ သူတို့ကိုလည်း အသူရာတွေလို့ ခေါ်ကြတယ်’
မိဿကသည် ထိုစကားကို စိတ်၀င်စားသွားပြီး ဆက်မေးခဲ့သည်။
‘အဆွေတော် သုဗလိနတ်သား။ ဒီလို တခြား အပယ်ခံနတ်တွေက ဘယ်ဘုံတွေမှာ ရှိသလဲ’
‘အသူရာတွေဟာ သူတို့ရဲ့ ဘုန်းကံပေါ်မူတည်ပြီး ၃၁ ဘုံမှာ နေရာတွေ ပြန့်ကျဲနေကြတယ်။ အဆွေတော် နတ်ဘီလူး။ ရာဟု လို့ခေါ်တဲ့ အသူရာနတ်ကြီးဟာ အင်မတန်ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးရှိတယ်။ သူဟာ ယုဂန္ဓိုရ်တောင်ခါးပန်းမှာ နေတွေ၊ လတွေ၊ ဂြိုလ်ကမ္ဘာတွေကို ပါးစပ်ကြီးနဲ့ ဖမ်းငုံပြီး ဆော့ကစားလေ့ရှိတယ်။ ဒါက ရာဟု အသူရာ။ နောက်ပြီး - ဝေမာနိကလို့ ခေါ်တဲ့ အသူရာတွေကျတော့ နေ့ခံ ညစံရတယ်။ နေ့ဘက်မှာ နတ်ဘုံကနေ ဆင်းပေးရပြီး ညဘက်ရောက်မှ ပြန်တက်ရတယ်။ အဆိုးဆုံးကတော့ လောကန္တရိတ် အသူရာတွေပဲ’
‘သူတို့က ဘယ်လို အဆိုးဆုံးမို့လို့လဲ အဆွေတော် သုဗလိ’
နတ်အိုကြီး၏ မျက်လုံးကြီးများ ပြူးကျယ်လာခဲ့သည်။
‘အဆွေတော် နတ်ဘီလူး။ သင်တို့ သိတဲ့ စကြ၀ဠာဟာ တစ်ခုတည်းပဲ ရှိတယ်။ ဒီစကြ၀ဠာကြီးဟာ မြင်းမိုရ်တောင်ကြီးကို ဗဟိုပြုပြီး ကျုံ့ချည် ဆန့်ချည်ဖြစ်နေတယ်။ ဒါပေမဲ့ တကယ်တော့ လောကမှာ စကြ၀ဠာပေါင်း အနန္တရှိတယ် အဆွေတော်တို့။ ဒီစကြာ၀ဠာကြီးတွေရဲ့ အကြားမှာ ဘယ်လို အလင်းရောင်မှ မကျရောက်တဲ့ အမှောင်တိုက်ကြီးတွေ ရှိတယ်။ ဒီအမှောင်တိုက်ကြီးတွေထဲမှာ လောကန္တရိတ် အသူရာ တွေဟာ စကြ၀ဠာတံတိုင်းကြီးတွေကို လင်းနို့တွေလို နှစ်ပေါင်း ကုဋေကုဋာတိုင်အောင် ကုတ်ကပ်တွယ်တက်နေကြရတယ် အဆွေတော်’
ဝေပစိတ္တိသည် ခြောက်လုံး လှန့်လုံးများပါသော နတ်အိုကြီး၏ စကားများကို စိတ်၀င်စားမှု လျော့နည်းလာခံသည်။ သူက စိတ်မရှည်သည့်အသံနှင့် -
‘ဟုတ်ပါပြီ အသင်နတ်သား ဗာဟုလိ’
‘သုဗလိပါ အဆွေတော်’
‘အိမ်း။ သုဗလိ။ သင်ပြောတဲ့အတိုင်း ဒါဟာ အသူရာပြည်ပဲ ထားပါတော့။ ကျုပ်တို့ဟာ အပယ်ခံတွေ ဖြစ်သွားပြီပဲ ထားပါတယ်။ မြင်းမိုရ်တောင်က ဘယ်မှာလဲ။ ကျုပ် အဲဒါပဲ သိချင်တယ်။ ဘာလို့လဲဆိုတော့ မြင်းမိုရ်တောင်ကို ကျုပ်တို့ ပြန်တက်ရမယ်။ ဒီ မာဃဆိုတဲ့ နတ်ပေါက်စကို ပြန်ပြီး ကန်ချရမယ်။ အရေးအကြီးဆုံးကတော့ ကျုပ်ရဲ့ မိဖုရားကြီး မိလ္လိကာဆီ အမြန်ဆုံး ပြန်ရောက်ဖို့ပဲ’
သုဗလိ နတ်ကြီးသည် သူ၏ ပိန်လှီသော လက်တဘက်ကို ကောင်းကင်သို့ မြှောက်ကာ လက်ညှိုးထိုးပြလိုက်သည်။
‘အသင်တို့ တွေ့လား။ ကောင်းကင်ကြီးက မြစိမ်းရောင်သမ်းနေတာ။ ဒါဟာ ကောင်းကင်အစစ်မဟုတ်ဘူး အဆွေတော်တို့။ တကယ်တော့ သင်တို့ မြင်နေရတဲ့ မြစိမ်းရောင် မိုးကောင်းကင်ကြီးဟာ မြင်းမိုရ်တောင်ကြီးရဲ့ အောက်ခြေမှာ ရှိတဲ့ ခုံလောက်ကြီး သုံးလုံးထဲက မြစိမ်းခုံလောက်ကြီးပဲ။ အသင်သွားချင်တဲ့ မြင်းမိုရ်တောင်ကြီးဟာ အဲဒီ ကောင်းကင်ကြီးရဲ့ အပေါ်တည့်တည့်မှာ ရှိတယ်။ သီဒါရေထုကြီးကို ထိုးဖောက်ကူး၀င်ပြီး တက်သွားလိုက်ရင် မြင်းမိုရ်တောင်ခြေက နဂါးပြည်ကို အရင်ဆုံးရောက်လိမ့်မယ် အဆွေနတ်သားတို့’
ထိုစကားကို ကြားလျှင် ဝေပစိတ္တိ အားတက်သွားသည်။
‘ကဲ ဟုတ်ပြီ။ ဒါဆိုလည်း အချိန်မရှိဘူး။ အသင်လည်း ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပါ။ လမ်းပြအဖြစ်ပေါ့။ မိဿက ငါတို့ လက်နက်တွေ စီစဥ်ရလိမ့်မယ်။ ဒီမှာ ရှိသမျှ ကျောက်တုံးတွေ သံတိုသံစတွေကို စုစည်းပြီး လက်နက်တွေ လုပ်ပေတော့ဟေ့’
နတ်အိုကြီးသည် ယခင်ကလိုပင် တဟက်ဟက် ရယ်မောပြန်လေသည်။
‘ခုတင်တုန်းက အသင်ကျုပ်ကို သတ်မယ်ပြောတုန်းက ကျုပ် ခွက်ထိုးခွက်လန် ရယ်ခဲ့တာဟာ တမင် အသင့်စိတ်ကို ဆွပေးတာမဟုတ်ပါဘူး။ အကြောင်းကတော့ ဒီနေ့ဟာ ကျုပ်ရဲ့ နတ်သက်ကြွေရမဲ့ နေ့ဖြစ်နေလို့ပဲ။ ဒီမှာကြည့် အဆွေတော်တို့’
သုဗလိသည် သူ၏ အရေများတွဲကျနေသော လက်မောင်းနှစ်ဘက်ကို မြှောက်ပြလိုက်လျှင် ချိုင်းကြားလက်ကတီးကြားမှ ချွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။ ဤကား နတ်သားတစ်ပါး နတ်သက်ကြွေတော့မည်ဟူသော ပုဗ္ဗနိမိတ်တပါးပင်တည်း။
‘ဒီလို နိမိတ်မျိုးဟာ ဘုန်းကံကြီးတဲ့ နတ်များမှာသာ ပေါ်ပေတယ်။ ဒါကို ကြည့်ရခြင်းဖြင့် သင်ဟာ တချိန်က ဘုန်းကံကြီးမားတဲ့ နတ်မင်းကြီးတပါး ဖြစ်ခဲ့ဖူးမှာပဲ’
ဟု ဝေပစိတ္တိက ပြောလိုက်လျှင် သုဗလိသည် မဲ့ပြုံးပြုံးကာ -
‘ဘယ်သူမဆို တချိန်တုန်းကတော့ ရွှေထီးဆောင်းခဲ့ဖူးကြတာပဲ မဟုတ်လား ဝေပစိတ္တိရယ်’
ထို့နောက်တွင်တော့ နတ်အိုကြီး သုဗလိသည် သူတို့နှစ်ဦးကို စကားဆက်မပြောတော့ဘဲ မြစိမ်းရောင် တောက်နေသော မြင်းမိုရ်တောင် အောက်ခြေရှိ ခုံလောက်ကောင်းကင်ကြီးကိုသာ ငေးကြည့်လျက်ရှိလေတော့သည်။ နတ်သက်ကြွေခါနီးဖြစ်သဖြင့် သူတစ်ဦးတည်း သီးသန့် အေးချမ်းစွာ နေလိုသည့် အရိပ်လက္ခဏာပင်။ ဝေပစိတ္တိနှင့် မိဿကတို့သည်လည်း အလိုက်သိစွာ သုဗလိအနားမှ ထွက်လာခဲ့ကြသည်။
‘ကဲ သူ့ကိုတော့ ထားလိုက်တော့ မိဿက။ ငါတို့ တာ၀တိံသာကို ပြန်တက်ပြီး စစ်ဆင်ဖို့ ပြင်ဆင်ရတော့မယ်။ နတ်ဘီလူးတွေကို ဆော်သြချေတော့’
‘မှန်လှပါ ဘုရား’
သူတို့နတ်ဘီလူးအရေအတွက်သည် ရာဂဏန်းမျှသာရှိပြီး ထောင်ချီသော တာ၀တိံသာ နတ်စစ်သည်များနှင့် ယှဥ်လျှင် အင်အားနည်းလွန်းနေသည်။ ထို့ပြင် မြင်းမိုရ်တောင်ထိပ် တာ၀တိံသာတို့ ပြန်တက်ရန် လမ်းတွင် အာလိန်ငါးဆင့်ကို ဖြတ်ရဦးမည်ဖြစ်သည်။ ထိုအာလိန်ငါးဆင့်တွင် နဂါးတပ်၊ ဂဠုန်တက်၊ ဂုမ္ဘာန်တပ်၊ နတ်ဘီလူးတပ်နှင့်၊ စတုမဟာရာဇ်တပ်တို့က ကြားခံနေသေး၏။ မည်သို့မျှ အောင်နိုင်ဖို့ မဖြစ်နိုင်သော စစ်ပွဲတစ်ပွဲပင်။
သို့သော် ဝေပစိတ္တိသည် မိလ္လိကာထံသို့ အရောက်ပြန်ရပေမည်။ သူသည် မိဖုရားဖြစ်သူနှင့် တရက်ကလေးမျှ ခွဲခွာဖူးသည် မဟုတ်ချေ။ မိလ္လိကာနှင့် ပြန်ဆုံဖို့ရန် စကြ၀ဠာတံတိုင်းကို တွယ်တက်ရမည်ဆိုလျှင်ပင် သူ မဆိုင်းမတွ တွယ်တက်ဦးမည် ဖြစ်လေသည်။
သူတို့နှစ် ဦး သည် သခွတ်ပင်ကြီးအောက်တွင် ကျန်ရစ်သော သုဗလိ နတ်အဘိုးအိုကို လှည့်ကြည့်လိုက်ကြသည်။ သို့သော် ယခင် သုဗလိထိုင်နေခဲ့သော သစ်မြစ်ပေါ်တွင် နတ်အိုကြီးကို မတွေ့ရတော့ဘဲ သူ၀တ်ခဲ့သော နံငယ်ပိုင်းသာ တင်လျက်ကျန်သည်ကို တွေ့လိုက်ရ၏။ သုဗလိ နတ်သက်ကြွေသွားခဲ့လေပြီ။ ယခုအခါ အသူရာပြည်ကြီးတွင် ဝေပစိတ္တိဦးဆောင်သော နတ်ဘီလူးတပ်သာလျှင် ကျန်လေတော့သည်။ ဝေပစိတ္တိကား အသူရာပြည်၏ နတ်မင်းကြီးတစ်ပါး ဖြစ်ခဲ့လေပြီတည်း။
…………………………….
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ကိုချမ်း