
“ကိုငွေသော် ဖိုးစီကို လွှတ်ပေးလိုက်တယ်ဆို”
သူရိန်က မေးတော့ ငွေသော်က ခေါင်းညိမ့်ပြလိုက်သည်။ သူရိန် ပုံစံက စိတ်ပျက်လက်ပျက်ဖြစ်သွားပုံရသည်။ ကိုစိုးလှကတော့ တွေးတွေးဆဆနှင့် ..
“ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားဦးမယ်နော်”
ငွေသော်က ကွမ်းတစ်ဝါကို ထုတ်ဝါးလိုက်ပြီး ..
“ကိုစိုးလှရော၊ သူရိန်ရော … ကျနော် ဒီလောကထဲ ဘာလို့ဝင်လာတယ်လို့ ထင်လဲ”
ငွေသော်ရဲ့ မဆီမဆိုင်မေးခွန်းကြောင့် ကိုစိုးလှရော၊ သူရိန်ရော ကြောင် သွားကြ၏။ ငွေသော်ကပင် …
“ကျနော်က တစ်ချိန်တုန်းက ဘဝကို ရိုးရိုးတမ်းတမ်းဖြတ်သန်းချင်ခဲ့တာဗျ .. ဒါပေမဲ့ ကျနော့် ကံကြမ္မာက အဲဒါကို ခွင့်မပြုခဲ့ဘူးထင်ပါတယ်ဗျာ။ အခု ဒီ ဒုစရိုက်လမ်းကြောင်းပေါ်မှာ ကျနော်က ကျွမ်းကျင်သူဖြစ်နေတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျနော့်အတွက် လူသတ်ဖို့ တော်တော်ကို စဉ်းစားရတယ်ဗျ”
“ဒါပေမဲ့ ကိုငွေသော်ရယ် … ကိုယ့်ကို ဒုက္ခပေးဖို့ကြိုးစားတဲ့သူ၊ နောက်လည်း မယုံကြည်ရတဲ့သူကို ရှင်းပစ်လိုက်တာမကောင်းဘူးလား”
“ဦးသန်းဝင်းကြောင့်ရယ်၊ နောက်ပြီးတော့ ဒီကောင့်ကို အသုံးချစရာတစ်ခုရှိတာရယ်ကြောင့် လွှတ်ပေးလိုက်တာ”
စိုးကြီးက …
“ငါမင်းကို မေးရဦးမယ်..”
“မင်း ဒီလောက က ဘယ်အချိန်ထွက်ဖို့ စဉ်းစားထားလဲ”
စိုးကြီး အမေးကို ငွေသော် အတန်ကြာတဲ့အထိ ပြန်မဖြေ။ ပြီးတော့မှ ..
“မင်းတို့ မရှိတော့တဲ့တစ်နေ့ ငါလည်း ဒီလောကမှာ ရပ်တည်လို့ရမယ်မထင်ပါဘူး”
“ငါတို့က မင်းရှိနေသရွေ့ ရှိနေမှာပဲ မသေသေးရင်ပေါ့ကွာ”
သူရိန်ကလည်း ..
“ဟုတ်တယ် .. ကိုငွေသော် .. ကျနော်ကတော့ .. ကိုငွေသော် ဘုန်းကြီးဝတ်သွားရင် ကပ္ပိယလိုက်လုပ်မှာ။ လူမိုက်လုပ်မယ်ဆိုရင် အဆုံးထိ လိုက်မိုက်ပေးမှာ”
သူရိန်ပြောတာကို ငွေသော် သဘောကျသွားသည်။
ဦးထွန်းအောင် တစ်ယောက် တော်တော်လေး ဒေါပွနေသည်။
“အဲဒီ ဖိုးစီဆိုတဲ့ကောင်ကို ရှာပြီး ငါ့ရှေ့ခေါ်လာခဲ့ကြပါလား”
“အဖေ .. အခုအခြေအနေက ကျနော်တို့ ရန်ကုန်ကိုဆင်းမှ ဖြစ်မယ်ထင်တယ်”
“ဟုတ်တယ် အဖေ .. အရေးကြီးတာ … ဖိုးစီ မဟုတ်ဘူး။ ငွေသော်ဆီ ပါသွားတဲ့ ဖောက်သယ်တွေကို ပြန်ရအောင်လုပ်ရမယ်။ ပြီးတော့ ဒီတစ်ခါ ငွေသော်ကို တကယ့်သေရွာကိုပို့ပေးရမယ်”
သားနှစ်ယောက်က ဝင်ပြောတော့ ဦးထွန်းအောင် အနည်းငယ်စဉ်းစားသွားပြီး ..
“ငါ.. စဉ်းစားရခက်နေတာက .. ငွေသော် က အဲဒီလောက်ထိ ပိုက်ဆံရှိလို့လား။ ဒါမှမဟုတ် ကျောထောက်နောက်ခံတောင့်တောင့်ရှိလို့လားဆိုတာပဲ”
ဦးထွန်းအောင် စိတ်ထဲမှာ မသင်္ကာတဲ့လူတစ်ယောက်တော့ရှိသည်။ ဒါပေမဲ့ မဖြစ်နိုင်လောက်ပါဘူးလို့ ပြန်တွေးပြီး သက်ပြင်းချလိုက်ကာ ..
“ဒါဆိုလည်း ရန်ကုန်သွားဖို့ စီစဉ်ကြတာပေါ့”
ဦးသန်းဝင်း ဆင်းလာတော့ .. ဦးထွန်းအောင်တို့ သားအဖတွေနဲ့ တပည့်တွေကို တွေ့လိုက်တော့ အံ့ဩသွားသည်။
“ဟာ … ကိုထွန်းအောင် ဆိုင်းမဆင့်ဗုံမဆင့်ပါလား .. လာမယ်ဆို ဖုန်းလေး ကြိုဆက်ရောပေါ့”
“အရေးတကြီး ကိစ္စရှိလို့ အမြန်ထွက်လာခဲ့လိုက်တာ”
“ကျနော့် အိမ်မှာတည်းမလား”
“မတည်းဘူး .. ဟိုတယ် မှာ ဘွတ်ကင်ယူပြီးပြီ..”
ဦးသန်းဝင်းက အရက်တွေအမြည်းတွေနှင့် ဧည့်ခံလိုက်သည်။ ညနေစောင်းတော့ ဦးထွန်းအောင်တို့ ပြန်သွားကြသည်။ အဲဒီတော့မှ ဦးသန်းဝင်းက ငွေသော်ဆီ ဖုန်းလှမ်းဆက်ကာ .. ဦးထွန်းအောင်တို့ ရန်ကုန်ရောက်နေကြောင်း သတင်းပေးလိုက်သည်။
ဖိုးစီ တစ်ယောက် ဒဏ်ရာတွေက သက်သာခါစအချိန်မှာပဲ … ငွေသော်ရောက်လာသည်။ ဖိုးစီက ရည်မွန်တို့အိမ်မှာ သွားနေခြင်းဖြစ်သည်။ ငွေသော် ကိုယ်တိုင်ပို့ပေးထားခြင်းဖြစ်၏။
“ကဲ .. မင်း ဆရာကြီးကတော့ ရန်ကုန်ရောက်နေပြီတဲ့”
ဖိုးစီ ထိတ်လန့်သွားသည်။
“ကျနော့်ကို သတ်ဖို့လာတာထင်တယ်”
“မပြောတတ်ဘူး။ မင်းသတိထားပြီးသာ နေတော့”
ဖိုးစီ က ငွေသော်ကို သေချာစိုက်ကြည့်ပြီး …
“ကျနော့်ကို အကူအညီတစ်ခုလောက်ပေးလို့ရမလား”
“ဘာလဲ ..”
“ကျနော် နဲ့ ရီမွန် ခြေရာဖျောက်ဖို့လိုတယ်။ အဲဒါ ကျနော့်ကို ကူညီပေးနိုင်မလား”
“အဲဒါ ဦးသန်းဝင်းဆီ အကူညီသွားတောင်းလေ .. ငါ မင်းကိုမသတ်ဘဲလွှတ်ပေးလိုက်တာပဲ မင်းကံကောင်းတယ်မှတ်ပါ”
“ထားလိုက်ပါတော့ဗျာ .. အခုလာတာ ဦးထွန်းအောင် ရန်ကုန်ရောက်နေတဲ့သတင်းပေးဖို့လား”
“မဟုတ်ဘူး… မင်းဒီနေ့ .. ဦးထွန်းအောင်ရဲ့ အကြီးဆုံးဖောက်သယ်နှစ်ယောက်နဲ့ ငါ့ကို တွေ့ပေးဖို့စီစဉ်.. အဲဒါပြီးရင် မင်းနဲ့ငါနဲ့ ဇာတ်လမ်းပြတ်ပြီ”
ဖိုးစီက ခေါင်းညိမ့်လိုက်သည်။ ခဏနေတော့ အပြင်က ပြန်လာတဲ့ ရီမွန်က ..
“ကိုဖိုးစီ ဘယ်တုန်း”
“အလုပ်ကိစ္စပါ”
“ကျွန်မလည်းလိုက်မယ်”
ငွေသော်က မပွင့်တပွင့်ပြုံးလိုက်၏။ အဲဒီနေ့က ကိစ္စတွေအားလုံးက ချောချောမွေ့မွေ့ပင်။ ငွေသော်က .. ဖိုးစီကို ..
“မင်းက ငါ့ကို သတ်ဖို့အထိတောင် ကြံစည်ခဲ့ဖူးတဲ့ကောင်ဆိုတော့ .. မင်းကို ငါ ဘာမှမကူညီချင်ဘူး။ ဒါပေမဲ့ .. မင်းပြောခဲ့တဲ့ ခြေရာဖျောက်ချင်တယ်ဆိုတာ .. ဒီလောက က အပြီးထွက်သွားချင်တာလား”
“ဟုတ်တယ်.. ကျနော်နဲ့ ရီမွန်နဲ့ တအိုးတအိမ်ထူထောင်မယ်။ ဆိုင်လေးတစ်ဆိုင်ဖွင့်မယ်လို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ အခု ဦးထွန်းအောင်က ကျနော့်ကို လိုက်ရှာနေပြီဆိုတော့ .. မလွယ်လောက်တော့ဘူး။ ကိုငွေသော်သာ ကူညီမယ်ဆိုရင် ကျနော် ခြေရာဖျောက်လို့ရနိုင်တယ်”
ငွေသော် ..အတန်ကြာ စဉ်းစားနေချိန်မှာ .. ရီမွန် က ..
“ကိုငွေသော် ကူညီလို့ ရရင် ကူညီပေးပါနော်။ ကိုဖိုးစီ ရဲ့ မှားယွင်းခဲ့တဲ့ လုပ်ရပ်တွေအတွက်လည်း ညီမက ကြားထဲက တောင်းပန်ပါတယ်။ ကိုဖိုးစီရော၊ ညီမရော ဒီလောကထဲမှာ ကြာကြာနေရင် အသက်ရှည်မှာမဟုတ်ဘူး။”
ငွေသော်က ..
“ဒါဆို ပြင်ဆင်ထားလိုက်… သဘက်ခါကျရင် ငါလာခေါ်မယ်”
ဖိုးစီနှင့် ရီမွန် တို့ ဝမ်းသာသွားကြသည်။ သူတို့အနေနှင့် အခုချိန်မှာ ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှ မလုံခြုံတော့။ အခုတောင် ငွေသော်နှင့်မို့လို့သာ သူတို့ အပြင်ထွက်ရဲကြတာဖြစ်သည်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးသန်းဝင်းကလည်း ဖိုးစီကို လိုက်ရှာနေသည်။ အခု ဦးထွန်းအောင်ကပါ လိုက်ရှာနေသည်ဆိုတော့ လက်ရှိနေတဲ့နေရာကို တစ်ချိန်မဟုတ်တစ်ချိန်ရောက်လာနိုင်သည်။ အခုတော့ ငွေသော် ကူညီမည်ဆိုတော့ တဝက်တော့ စိတ်အေးရပြီလို့ ဆိုရမည်။
ချိန်းထားတဲ့နေ့။
ငွေသော်က စိုးကြီး၊ သူရိန်၊ စိုးလှ တို့ကို အသိမပေးတော့ဘဲ ဖိုးစီကို ရန်ကုန်နဲ့ ခပ်ဝေးဝေးကို ပို့ဖို့ စီစဉ်တော့သည်။ သူတို့သိရင် ကန့်ကွက်ကြလိမ့်ဦးမည်။ ငွေသော်က .. လူမိုက် ၁၅ယောက်လောက်ကို ခေါ်ပြီး ကားသုံးစီးနှင့် ဖိုးစီတို့ကို သွားခေါ်သည်။
“အဲဒီလောက် လိုလို့လား”
“မင်းနေရာကို ဦးထွန်းအောင် တပည့်တွေ သိလောက်ပြီလို့ငါထင်တယ် .. အဲဒါကြောင့် လူအင်အားနည်းနည်းခေါ်လာတာ”
ဖိုးစီနှင့် ရီမွန် တို့က ငွေသော်နှင့် တစ်စီးတည်း စီးသည်။ ကားပေါ်၌ …
“မင်းတို့ .. ဘယ်ကို သွားမှာလဲ”
“ကျနော်တို့ .. ရီမွန့် ဇာတိရွာကို သွားမှာ မကွေးဘက်”
“ကောင်းပြီ.. “
ငွေသော်တို့ စ ထွက်ကတည်းက ဘာအခက်အခဲမှ မရှိ။ ဒါပေမဲ့ ထောက်ကြန့်အကျော်လောက်မှာတော့..
“ကိုငွေသော် … အနောက် ကားအဖြူက ကျနော်တို့ အဖွဲ့ကားလား”
“မဟုတ်ဘူး”
ငွေသော်လှည့်ကြည့်တော့ မူမမှန်တဲ့အငွေ့အသက်ကို ခံစားလိုက်ရသည်။
“ကားဆရာ နည်းနည်းအရှိန်တင်လိုက်”
နောက်ကကားကလည်း ထပ်ကြပ်မကွာပင်။ ဆိုရရင် ငွေသော်တို့ကားက နောက်ဆုံးဖြစ်နေပြီး ငွေသော်တို့အဖွဲ့ကားက ရှေ့ရောက်နေခြင်းဖြစ်၏။ ဒါပေမဲ့ ကံကောင်းသည်ပြောရမည်။ အရှေ့မှာ ငွေသော်တို့အဖွဲ့ကားက ငွေသော်တို့ကို ရပ်စောင့်နေသည်။ ငွေသော်တို့ကားရပ်လိုက်သည်။
“ဒုန်း … “
“ဝုန်း .. “
ရပ်လိုက်တဲ့ ငွေသော်တို့ကားကို နောက်က ကားက အရှိန်ပြင်းပြင်းနှင့် ဝင်ဆောင့်ခြင်းဖြစ်သည်။ ပြီးတော့ နောက်ထပ်ကားနှစ်စီးထပ်ရောက်လာသည်။ ငွေသော်တို့ကားက နည်းနည်းမြင့်တော့ မမှောက်သွားဘူး။ ငွေသော်က ခါးကြားထဲက ဓားကိုကိုင်ပြီး .. တံခါးဖွင့်ဆင်းလိုက်သည်။ ငွေသော်တို့ အဖွဲ့ကလည်း အကုန်လုံးဆင်းလာကြသည်။ စကေဘာတွေ၊ ချိန်းကြိုးတွေ၊ ငှက်ကြီးတောင်တွေကိုင်ပြီး ဆင်းလာကြခြင်း ဖြစ်သည်။ တစ်ဖက်ကလည်း လက်နက်တွေပါသည်။ စကားမပြောကြတော့ … ပြေးခုတ်ကြတော့သည်။
ကားလမ်းဘေးမှာ အုပ်စုလိုက် ရန်ပွဲကြီးက တော်တော်ကြီးမားသည်။ ငွေသော်တို့ဘက်က ၁၅ယောက်လောက်ရှိပြီး တစ်ဖက်ကအဖွဲ့က ၁၀ယောက်လောက်သာရှိသည်။ ငွေသော်တို့အဖွဲ့က အသာစီးရသွားသည်။ တစ်ဖက်အဖွဲ့က အလဲလဲအကွဲကွဲဖြစ်ကုန်ကြ၏။ မြို့နဲ့အလှမ်းဝေးတဲ့ ကားလမ်းမဘေးဖြစ်နေတာကြောင့် ရဲ တွေလည်း မလာနိုင်။ ငွေသော် ..
“အားလုံး .. ကားပေါ်တက် ..ကားပေါ်တက်”
ရဲတွေမလာခင် ဒီနေရာက အမြန်လစ်ဖို့ လိုသည်ဆိုတာ ငွေသော် သဘောပေါက်သွားသည်။ ဖိုးစီက ခေါင်းကွဲထားသည်။ ငွေသော်က လက်မောင်းမှာ ဓားရှပ်ထိထားသည်။ လောလောဆယ်ဒဏ်ရာတွေကို မမှုအား။ ဒီနေရာက အမြန်ဆုံး ထွက်ဖို့လိုသည်။
နောက်ဆုံးတော့ ရီမွန်တို့ရွာကို ရောက်သွားသည်။ ဖိုးစီက ငွေသော်ကို ရှိခိုးမတတ်ကျေးဇူးတွေတင်နေသည်။ ရီမွန်က ငွေသော်ကို ထိုင်ပါကန်တော့နေသည်။ ငွေသော်ကတော့ .. ဖိုးစီကို .. သေချာကြည့်ပြီး …
“မင်းဒီလောကထဲ ပြန်ဝင်လာရင် ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပစ်မယ်”
ငွေသော် လှည့်ထွက်လာခဲ့လေသည်။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg