
Part - 10
ကြက်ပွဲရှိတာမို့ မြကြည်သာ တစ်ဖက်ရွာကို ဖိုးလောက်နဲ့အတူ ပုဆိုးတိုတိုဝတ်ကာ ထွက်ချလာ၏။ လက်ထဲ ဖားရောင်းလို့ရသည့် ပိုက်ဆံအနည်းငယ်ကျန်သေးသလို ကျန်သည့်ပိုက်ဆံက အကုန်ခင့်ကို အပ်ထားလိုက်ပြီဖြစ်၏။ ခင် နဲ့ စကြိုက်ပြီး သမီးရည်းစားဖြစ်ထဲက စိတ်က တစ်မျိုးလေးပင်။ လက်ထဲငွေယားလေးများရှိရင် ခင့်မျက်နှာလေး ပြေးမြင်ပြီး ပိုက်ဆံကို ပြေးပြေးအပ်ပစ်ချင်တာ တားမရဆီးမရ။
' ခင် ဒီမှာ ပိုက်ဆံ...သိမ်းထားနော် သုံးချင်တာလေးလဲ သုံး ' အဲ့လိုလေးများ ပြောလိုက်ရရင်ကို ရင်ထဲ အူတွေယားတာဆိုတာလေ... ကိုယ့်ကိုယ်ကိုယ်လဲ သူရဲကောင်းကြီးဗညားနွဲ့လိုလို သမိန်ဗရမ်းလိုလိုကို ထင်မိသေးတာ။
ကြက်ဝိုင်းက လူစည်နေပြီဖြစ်သလို ကြက်ကိုယ်စီပိုက်၍ ပွဲပင်စနေကြပြီဖြစ်၏။ ရေချိန်ကိုက်နေသော ကြက်သမားကိုမဲတူ၏ သံပြာကြီးနှင့် အော်ဆိုနေသော အသံကလဲ မာန်ပါပါဖြင့် ကြားနေရသည်။
' လောင်းစရာ ငွေမရှားပါဘူး ၊ လောင်းစရာတွေ ငွေမရှားပါဘူး ၊ ကြက်ကျားကိုတဲ့ တိုက်မယ့်ပြင် ရွှေခန်းသာကြော့ရှင်......
ပုဆိုးရဲ့ကွက်ဝါ ၊ ကြက်ဗျာပိုက်ပါလို့ ၊ အလိုက်ကလေးရယ်နဲ့ ရွှေကူနီ ၊ ဝေးကွာခဲ့ပြီ သောက်တော်ဗူးရယ်နဲ့ အို မကွာ အို မကွာ ....
" ဗျို့.....ကိုမဲတူ.... အသံပြာကြီးရပ်စမ်းပါဗျာ။ "
ကြက်သမားတစ်ယောက်က စိတ်ညစ်ညစ်နှင့် ထအော်မှ ကိုမဲတူတစ်ယောက် စပ်ဖြီးဖြီးဖြင့် ပါးစပ်ပိတ်သွားသလို မြကြည်သာကိုမြင်တော့ သူ့ကြက်ကြီးပိုက်ကာ ပြေးလာ၏။
" ဟ....ကြည်သာရာ....မင်း လာတာနဲ့အတော်ပဲ။ ငါ ရေချိန်မကိုက်သေးလို့ အရက်ဖိုးလေးပေးဦး။ "
မြကြည်သာ ကိုမဲတူကို တစ်ချက်ကြည့်ရင်းမှ....
" ခင်ဗျား ဝင်မတိုက်ဘူးလား။ "
သူ့စကားကြောင့် ကိုမဲတူက စိတ်ညစ်သလို ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ...
" ငါလဲ တိုက်ချင်တာပေါ့ကွာ... ဒါပေမယ့် ငါ့ကြက်က မဂိုကြက်ကွ.....မဂို မဂဲ မယားဆဲတဲ့.. ငါ့မိန်းမက အဆဲကလွှတ်သန်နဲ့။ ဒီကောင်တွေကြက်က အတော်ကြင်အင်ကောင်းတယ်ကွ...ခြေကြေးသုံးဆယ်လိုကောင်မျိုး။ "
မြကြည်သာ ဖိုးလုံးရင်ခွင်ထဲပိုက်ထားသည့် ဘိုဖြူကြီးအား ဆွဲပွေ့၍...
" သူတို့ကြက်ကကောင်းသလို ကျုပ်ကောင်ကလဲ မညံ့ပါဘူးဗျ။ ပွဲတိုင်းတောင်တိုက်တာမဟုတ်ဘူး... ခုက မိန်းမယူမှာမို့ ငွေစုနေလို့သာ။ ကျုပ်ကြက်ကလဲ နှုတ်ဖြု ခြေဖြူပါဗျ။ "
ကြက်ခြေတွင် အကြေးခွံသုံးဆယ် သို့မဟုတ် သုံးဆယ်ထက်များလျှင် အားအလွန်ရှိသဖြင့် ' ခြေကြေးသုံးဆယ် ဝိုင်းလုံးပယ် ' ဟု အဆိုရှိသလို မဂိုကြက်များမှာမူ ဇွဲမကောင်းတတ်သဖြင့် ရှုံးတာများတတ်သည်။ နှုတ်သီးဖြူ ခြေထောက်ဖြူသည့် ကြက်မျိုးမှာမူ ပွဲတိုင်းကျော်တတ်သဖြင့် ခြေဖြူ နှုတ်ဖြူ ရအောင်ယူဆိုသော ဆိုရိုးရှိကြသည်။
မြကြည်သာ အရက်ဖိုးမရ၍ စိတ်ညစ်သွားဟန်ရသည့် ကိုမဲတူကိုကြည့်ကာ ...
" ခင်ဗျား ကြက်ဆွဲလုပ်မလား ကိုမဲတူ... ကျုပ် အရက်ဖိုးပေးမယ်။ ရေလှည့်တာကတော့ ကျုပ်ကိုယ်တိုင်ပဲ လုပ်မယ်။ "
သူ့စကားကြောင့် ကိုမဲတူက ခေါင်းညိတ်ပြသလို ကြက်ဝိုင်းထဲဝင်လာသည်နှင့် သူတစ်ဖက်ကြက်ကို လှမ်းကြည့်မိသည်။ အောက်ကောင်းသည့် ကြက်မျိုးမို့ စိတ်ပူတာတော့ အမှန်ပင်။
( ကြက်ဆွဲဆိုသည်မှာ စည်းဝိုင်းအပြင်ထွက်လာသည့် ကြက်ကို လိုက်ဆွဲရသည့်လူဖြစ်ကာ ရေလှည့်ခြင်းဆိုသည်မှာ ကြက်၏ ဦးခေါင်း ၊ လည်ပင်းနှင့် အတောင်ပံနှစ်ဖက်တို့ကို ရေအေးဖြင့်ဖြစ်စေ ရေနွေးနွေးဖြင့် ဖြစ်စေ ဆွတ်၍ နှိပ်နယ်ပေးသည့်သူဖြစ်သည်။)
ကြေးဘာညာညှိပြီးသည်နှင့် စတိုက်ကြသလို သူကြီးမသိအောင် လုပ်ရသည့်ဝိုင်းမို့ ကင်းစောင့်ကလဲ ချထားရသေးသည်။
" ဖေ့သားရေ....ခွပ်လိုက်စမ်း....မင်းအဖေမိန်းမယူဖို့ မင်းကြိုးစားလိုက်စမ်းကွာ။ "
သြော်.....မြကြည်သာတစ်ယောက် မိန်းမရဖို့များ အင်မတန် ကြိုးစားရရှာသည့်အဖြစ်။
@@@@@@@@@@@
ပန်းဖူး မရင်မြစကားကြောင့် ခေါင်းလေးငုံ့ထားမိသလို ပြောသမျှသာခံနေလိုက်သည်။ သူ တစ်ယောက်ထဲ ကြိုးစားနေတာ မကြည့်ရက်သလို ပန်းဖူး မရင်မြလယ်ထဲ အလုပ်ပြန်လုပ်ရန် လာပြောကြည့်ခြင်းပါ။
" ညည်းတို့ပဲ အမျိုးမျိုး....ပြောရင်လဲ မရင်မြကြီး အပေါက်ဆိုးတယ်က လာသေးတယ်။ လင်ကိုယုံပြီး သွား.....ခုကျ ကျုပ်လယ်ပဲ ပြန်ရောက်လာတာပဲ မဟုတ်လား။ "
ပန်းဖူး မလှုပ်မယှက်လေး ငြိမ်နေတော့ မရင်မြက တစ်ချက်ကြည့်ရင်း မျက်စောင်းထိုးလာ၏။
" ကဲပါအေ.....ပြီးရော...မနက်ဖန် လာဆင်းချည်။ "
ပန်းဖူး မျက်နှာလေး ဝင်းလက်သွားရသလို ခေါင်းလေးတဆတ်ဆတ်ညိတ်ပြ၏။ မရင်မြအိမ်မှ ပြန်လာသည်နှင့် ထမင်းအိုးတစ်လုံးတည်ထားလိုက်သလို ငပိရည်ဖျော်ကာ တို့စရာတွေ လိုက်ခူးထားလိုက်သည်။
" ဟဲ့....ပန်းဖူးရေ..... ပန်းဖူး "
ခြံရှေ့မှ တကြော်ကြော် ခေါ်သံကြောင့် ပန်းဖူး အိမ်ထဲကနေ ခေါင်းလေးပြူကာ ထွက်ကြည့်မိသည်။ မြကြည်သာ၏ အစ်မ မြအေးရီဖြစ်သလို လက်ထဲချိုင့်လေးတစ်ချိုင့်ကိုင်ထားသဖြင့် ပန်းဖူး ကပျာကယာ ပြေးထွက်လာခဲ့သည်။ ပန်းဖူးကို ကြည့်ပြီး ပြုံးပြရင်းမှ....
" အိမ်မှာ ဝက်သားချက်တယ်လေ.....ကြည်သာကကြိုက်တော့ လာပို့ပေးထားတာ။ သူက ခု ငါ့ညီမအိမ်မှာပဲ စားနေတာမဟုတ်လား။ "
ပန်းဖူး မျက်နှာလေးပူသွားရသလို စာလေး ရေးကာ မြအေးရီအား ထိုးပြ၏။
! ပန်းဖူး သူလာရင် လွှတ်လိုက်မယ်လေ။!
ပန်းဖူးစကားကြောင့် မြအေးရီက ပြုံးရီကာ ပန်းဖူးလက်ကလေးကို ဆွဲကိုင်ကာ ဖျစ်ညှစ်လာ၏။
" ကိစ္စမရှိပါဘူး ပန်းဖူးရယ်....အစ်မက ပန်းဖူးကို ချစ်ပြီးသား.....သဘောမတူစရာလဲမရှိဘူး။ ဒါကြောင့် အစ်မကို ကိုယ့်အစ်မလိုပဲ သဘောထား သိလား။ အမေ့ကိုတော့ နည်းနည်းသီးခံပါနော်..အမေက သူ့သားကို သိပ်ချစ်တာ....ပန်းဖူးကိုလဲ ချစ်ပေမယ့် သူက သူ့သားနှမြောနေတာ။ စိတ်ရင်းက ကောင်းပါတယ်။ "
ပန်းဖူး ပြုံးလိုက်ရင်းမှ ခေါင်းလေးညိတ်ပြမိသည်။ ဝက်သားဟင်းချိုင့်လေးယူထားလိုက်ရင်းမှ အိမ်ထဲပြန်ဝင်လာခဲ့သလို မကြာလိုက် မြကြည်သာတစ်ယောက် ပြန်ရောက်လာ၏။
" ခင်ရေ.....ခင့်....ဘာချက်လဲ။ "
ဖွားစာဥဘေးထိုင်ကာ တခင်ထဲခင်နေတာမို့ ပန်းဖူး တိုးတိုးနေဆိုသည့်သဘောဖြင့် နှုတ်ခမ်းပေါ် လက်ညှိုးလေး တင်ကာ မျက်စောင်းလေးထိုးမိသည်။ မြကြည်သာ ပြုံးမိသွားရင်းမှ ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်သလို ဖွားစာဥအား လှည့်ကြည့်၍ မေးလိုက်သည်။
" ဖွားရော စားပြီးပြီလား။ "
" အေးကွဲ့....အစောကတင် စားပြီးတယ်။ လူလေးအစ်မတောင် စောနက ဝက်သားဟင်းလာပေးသွားတယ်။ "
မမလာသွားတယ်ဆိုတာမို့ မြကြည်သာ ရင်ထဲပူသွားရသလို ဟင်းလာချပေးသည့် ခင့်ကို တစ်ချက်ကြည့်၍...
" ခင့်ကို ဘာတွေပြောသွားသေးလဲ။ "
သူ့ကို ပြုံးပြရင်း ခေါင်းလေးယမ်းပြတာမို့ သေချာလိုက်ကြည့်မိသေးကာ မယုံ့တယုံဖြင့် အကဲခတ်ရသေးသည်။
" ဘယ်သူဘာပြောပြော ခင် စိတ်ထဲထည့်မနေနဲ့ သိလား။ "
သူ့ကို ခေါင်းလေးညိတ်ပြလာသည့် ပုံစံလေးက ထုံးစံအတိုင်း မလှုပ်တလှုပ်။ သူ့မှာ ခင့်ကို ကြည့်တိုင်း အသဲယားလွန်းသဖြင့် ဒီမထုံတက်သေးလေးအား ဆွဲဖက်ဖျစ်ညှစ်ပစ်ချင်စိတ်က မရိုးမရွ။
ထမင်းစားပြီးသည်နှင့် မြကြည်သာက ပန်းဖူးအိမ်မှ အမြန်ပြန်သည်။ မြကြည်သာက ပန်းဖူးအိမ်မှာ ထမင်းစားပေမယ့် ဖွားစာဥရှိသည့်အချိန်သာ လာသည်။ ဖွားစာဥမရှိလျှင် ဘယ်လောက်ဗိုက်ဆာဆာ လာမစားပဲ စောင့်၏။ သူ နဲ့ ပန်းဖူးနှစ်ယောက်ထဲဆို ပတ်ဝန်းကျင်က ပန်းဖူးကို တစ်မျိုးမြင်ပြီး အထင်သေးမှာ စိုးရိမ်သည်။
--------------
ပန်းဖူး ထမင်းထုပ်လေးယူကာ မရင်မြလယ်ထဲဘက် လျှောက်လာခဲ့ရင်းမှ အလုပ်သွားလုပ်ခြင်းပင်။ သူ့ကိုတော့ အသိမပေးရသေးသလို သူကလဲ မကြိုက်တာ ပန်းဖူးသိ၏။
ရွာထဲက လူတွေပြောတတ်ကြပါသည်။
မြကြည်သာ နှင့် ပန်းဖူးတို့အတွဲက လိုက်သလိုလို မလိုက်သလိုလိုပင်တဲ့။ ဟုတ်သည်လေ....မြကြည်သာက စိတ်ကြမ်းလူကြမ်းကိုမှ တကယ့်လူရိုးတုတ်ရိုက်။ ပန်းဖူးကကျ မလှုပ်တလှုပ်လေးကိုမှ ကြည့်လိုက်တာနှင့် ဆွဲမွေ့ယမ်းချင်စရာလေးကို ဖြစ်နေတာမျိုး။
သူများတွေ ဘယ်လိုပြောပြော သူတို့အတွဲကတော့ တစ်ယောက်ကိုတစ်ယောက် ချစ်လိုက်ကြတာ တုန်နေသည်။ အထူးသဖြင့် မြကြည်သာဆို ကြည့်တော့သာ ပန်းဖူးကို အော်လားငေါက်လားဟု ထင်ရပေမယ့် တကယ့်တကယ်ကျ ထားစရာနေရာမရှိတာမျိူး။
@@@@@@@@@@@@@@
တောထဲဝင်မည်ဆိုတာမို့ ပန်းဖူးအဆင်သင့်ပြင်ဆင်ထားသလို သူလာရင် အဆင်သင့်ဖြစ်အောင် ခြံရှေ့ထွက်စောင့်နေလိုက်သည်။ ခမောက်လေးဆောင်းကာ ပလိုင်းလေးလွယ်လျက် ထဘီကို ဒူးထိခပ်တိုတိုဝတ်ထားရင်း ဘာမှမလိမ်းထားသည့် ပန်းဖူးမျက်နှာလေးက ဝင်းဖန့်ပြောင်ရှင်းနေသည်။
သိပ်မကြာလိုက် ဓားမတိုကို ခါးကြားထိုး၍ ခမောက်ဆောင်းပြီး မြကြည်သာတစ်ယောက် ပုဆိုးတိုတိုဝတ်ကာ ရောက်ချလာသည်။
" ကိုယ့်ကို စောင့်ရတာ ကြာသွားလား။ "
ပန်းဖူး ပြုံးပြုံးလေးခေါင်းယမ်းပြသည်။ မြကြည်သာ ပန်းဖူးလက်ကလေးကို ဆွဲ၍ တောစပ်ဘက် ထွက်လာခဲ့သလို မှိုများများဆွတ်ရန် တွေးထား၏။ မှို နဲ့ မျှစ်ဆို မှိုက ပိုစျေးကောင်းရသလို မျှစ်ထက်စာလျှင် အသာလေးဆွတ်ရုံပဲမို့ ခင်လဲ လူသက်သာနိုင်သည်။
တောထဲရောက်သည်နှင့် ပန်းဖူးက အိမ်စားလို့ရသည့် ပဒက်စာ ၊ တောက်တာဖူး အကုန်ချိုးသလို မြကြည်သာက ဘေးမှစောင့်ပေးရင်း ခပ်ပြုံးပြုံး ကိုယ့်ရည်းစားကိုယ်ငေးကြည့်နေသည်။ တောထဲကိုက မိန်းကလေးတွေ စုပြီး အရွက်ခူး မျှစ်ချိုးလာတတ်ကြပေမယ့် သူကကျ ပန်းဖူးကိုစိတ်မချ၍ သူနဲ့ပဲ တောထဲဝင်စေသည်။
" ခင်ရေ....စားလောက်ရင် တော်ပြီနော်။ ကိုယ်တို့ မှိုဆွတ်ရဦးမယ်။ "
သူ့စကားကြောင့် ပန်းဖူးက ခေါင်းလေးစောင်းကြည့်လာရင်း ထိုင်ရာမှ ထရပ်ကာ လက်မှာကပ်နေသည့် မြေမှုန်တွေကို ခါချ၏။
" လာ....ကိုယ့်ဆီ။ "
ပန်းဖူး ဘုမသိဘမသိ သူ့အနားတိုးတော့ ပန်းဖူးလက်ကို ဆွဲယူ၍ သူ့ပုဆိုးခါးပုံစဖြင့် လိုက်သုတ်ပေးကာ မှိုကျင်းဆီ ဆွဲခေါ်လာ၏။ ပန်းဖူး ပလိုင်းလေးပြင်ရင်း ရှေ့တိုးရန်ပြင်ပေမယ့် သူက လက်တစ်ဖက်ဖြင့် ပန်းဖူးကိုယ်လေးရှေ့မှ ကာထားလိုက်သည်။
" ကိုယ် ဆွတ်မယ်....မြွေအရင်မကြည့်ဘူး နမော်နမဲ့နဲ့။ ပလိုင်း ပေး။ "
ပန်းဖူးဆီမှ ပလိုင်းလေးဆွဲယူ၍ သူ့ဘာသာ တစ်ယောက် မှိုဆွတ်လိုက် ပလိုင်းထဲထည့်လိုက်ဖြင့် အလုပ်ရှုပ်နေတာမို့ ပန်းဖူးဘေးကနေသာ တောက်တိုမယ်ရ လိုက်လုပ်ပေးရ၏။ သက်တော့သက်သာပေမယ့် ကိုယ့်ရည်းစားပင်ပန်းနေတော့လဲ စိတ်ကမသက်သာတာတော့ အမှန်ပင်။
ချစ်ရင်ထူး လယ်ထဲမှပြန်လာပြီး အိမ်မှာ ထမင်းစားနေခြင်းဖြစ်သလို မျက်နှာမကောင်းသည့် မိန်းမဖြစ်သူကြောင့်...
" အရီ....ဘာတွေစဥ်းစားနေတာလဲ ။ "
ချစ်ရင်ထူးစကားကြောင့် မြအေးရီ မျက်နှာလေးက တစ်စုံတစ်ခုကို တွေးဆနေသည့်ဟန်ဖြင့် ရှိနေရာမှ....
" အထူး....အေးတော့လေ ကြည်သာနဲ့ ပန်းဖူးလေးကို လက်ထပ်ပေးလိုက်ချင်တယ်။ အခု ကြည်သာက ပန်းဖူးအိမ်မှာ စားအိမ်သောက်အိမ်....ပန်းဖူးအတွက် သိက္ခာကျမှာစိုးရိမ်တယ်။ "
ချစ်ရင်ထူး မျက်မှောင်ကျူံ့သွားရင်းမှ....
" အမေက သဘောမှမတူပဲ....."
" အင်းလေ.....အဲ့ဒါကြောင့် အေးတို့ကပဲ ဦးစီးပြီး လက်ထပ်ပေးလိုက်ကြရအောင်လို့ ပြောနေတာ။"
ချစ်ရင်ထူး ယောက္ခမမျက်နှာကို ပြေးမြင်မိသွား၏။
" ဖြစ်ပါ့မလား...."
" ဖြစ်ပါတယ်....ဘာလဲ အထူးက အမေ့ကိုကြောက်လို့လား။ "
ချစ်ရင်ထူး ဟင်းခနဲ သက်ပြင်းချရင်းမှ....
" အမေ့မကြောက်ဘူး.....မိန်းမပဲကြောက်တယ်။ အရီ့သဘောပဲ.....မောင်ကတော့ အရီစိတ်ချမ်းသာရင် ပြီးရော။ "
မြအေးရီး ပြုံးမိသွားရင်းမှ စိတ်ကူးထဲ လုပ်စရာအလုပ်တွေက တသီတတန်းပေါ်လာသည်။ အမေက သဘောမတူပေမယ့် အဘကတော့ သဘောတူပါသည်။ နှင်းဆီပန်းဖူးလေးကလဲ ကလက်တက်တက်မိန်းကလေးမျိုးမဟုတ် အိမ်ထောင်မှုလဲ နိုင်မည့်ပုံပင်။ လူရွေးတော့ မမှားလောက်ပါဘူးလေ။
ကျွန်းပင်ကြီးအောက်ထိုင်ရင်း မြကြည်သာ အမောဖြေရန်ပြင်သည်နှင့် ရလာသည့်လေအေးအေးကြောင့် ငဲ့ကြည့်မိတော့ သူ့ကို သူမစာရေးပြတတ်သည့်စာအုပ်လေးဖြင့် ယပ်ခတ်ပေးနေသည့် ပန်းဖူး။
" လက်ညောင်းပါတယ် ထားလိုက်စမ်းပါ....။ "
ပန်းဖူးလက်ထဲမှ စာအုပ်ကိုယူကာ မြေကြီးပေါ်ပစ်ချလိုက်ပုံကြောင့် ပန်းဖူး သူ့ကို မကျေမနပ် မျက်စောင်းလှမ်းထိုးမိသည်။ ဒီက စေတနာနဲ့ကို အဲ့လိုပဲ လုပ်စရာလားလို့။
" နှုတ်ခမ်းစူမနေနဲ့....တောထဲလူရှင်းတယ်နော် အမိ။ ခင့်ကို ကျုပ်က အပိုင်သိမ်းပစ်လိုက်မှာ ဘာမှတ်နေတုန်း။ "
ပန်းဖူး မျက်နှာလေးက ရဲပဒေါင်းခတ်သွားတော့ မြကြည်သာ သဘောကျစွာ တဟွန်းဟွန်းရယ်၏။ တောင်းထဲမှ အင်ဖက်ဖြင့် ထုပ်လာသည့် ထမင်းထုပ်လေးနှစ်ထုပ်ထွက်လာသလို သူ့အားတစ်ထုပ်ကမ်းပေးတာမို့ မြကြည်သာ လှမ်းယူကာ ဖြည်ကြည့်မိတော့ ထမင်းနှင့် ငပိထောင်းရယ် ငါးခြောက်ဖုတ်ရယ်ပင်။
မြကြည်သာ ထမင်းထုပ်ကို ဘေးမှ သစ်ငုတ်တစ်ခုပေါ်တင်၍ ဆိုင်ရာပိုင်ရာအရင် ကပ်သလို သူက ပန်းဖူးထမင်းထုပ်ဆီမှသာ စားရန်ပြင်၏။
" ခင့်....."
မျက်လွှာလေးပင့်ကြည့်လာတော့ ခင့် မျက်နှာအနား သူ့မျက်နှာကြီးတိုးကပ်ကာ ခပ်တိုးတိုးဖြင့်....
" ကျုပ်ကို ခွံ့ကျွေး...."
ကလေးမဟုတ် ဘာမဟုတ် သူ့လိုလူက ဒီလိုပြောလာတော့ ပန်းဖူး အံ့သြသလို နှုတ်ခမ်းက ပြုံးချင်ချင်ပင်။
" ဘာလဲ....ခင်က မခွံ့ကျွေးချင်ဘူးလား"
ပန်းဖူး ခေါင်းလေး ကပျာကယာ ယမ်းပြလိုက်ရင်း ထမင်းတစ်လုပ်စခွံ့လိုက်တော့ မြကြည်သာမျက်နှာကြီးက ပြုံးရွှင်ကြည်နူးသွားတာ အထင်းသား။ ပန်းဖူးကသာ သူ့ကို ထမင်းခွံ့နေတာ သူကတော့ လူကို မမှိတ်မသုန် စိုက်ကြည့်ရင်း ရွှန်းရွှန်းစားစားကြီးကို ငေးနေတာမို့ ပန်းဖူးမှာသာ ရင်တွေတဒိတ်ဒိတ် ။
ကိုလူပျိုကတော့ ဇွတ်ကို ချစ်ပြနေတော့တာပင်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 11
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ