အသူရာ - အပိုင်း (၆)
lotaya.mpt.com.mm
|
2022-12-08

………

အပိုင်း ()

……….

‘အာလမ္ဗရာစည်တော်’

…...…….………...

မိလ္လိကာ မိဖုရားကြီး၏ ၀မ်းနည်းကြေကွဲစွာ ငိုညည်းလိုက်သံကို ကြားလျှင် ဝေပစိတ္တိသည် သတိ၀င်လာပြီး ခန်းမဆောင်ကြီးထဲသို့ အပြေးပြန်လည် ရောက်ရှိလာသည်။ နတ်ဧည့်ပရိသတ်အပေါင်းမှာ ကြုံလိုက်ရသော မြင်ကွင်းကြောင့် အံ့သြမှင်သက်မိနေကြလေသည်။ ဝေပစိတ္တိသည် ကျောက်ပလ္လင်ကြီးပေါ် တက်ပြီး တာ၀တိံသာမပါ၀င်သော နတ်ပြည်ငါးထပ်မှ နတ်သားနတ်သမီးအပေါင်းတို့ကို တောင်းပန်လိုက်သည်။

အို ယနေ့ပွဲသဘင်သို့ ကြွရောက်လာကြသော နတ်မင်းအပေါင်းတို့။ ကျွန်ုပ်ရဲ့ သမီးတော်လေး သုဇိတာဟာ မာဃလို့ ခေါ်တဲ့ တာ၀တိံသာ သိကြားမင်းရဲ့ ခိုးယူသွားခြင်းကို ခံလိုက်ရပြီ။ သင်တို့အားလုံး မျက်မြင်သက်သေပါပဲ။ ဒီအတွက် သမီးတော်ကို သိကြားမင်းဆီက ပြန်လည်လုယူရလိမ့်မယ်။ အသင်နတ်မင်းတို့အထဲက ဘယ်သူများ ကျွန်ုပ်တို့ကို ကူညီကြပါမလဲ အဆွေတော် နတ်မင်းအပေါင်းတို့’

ထိုစကားကိုကြားလျှင် ၀တ်ကောင်းစားလှနှင့် နတ်ပွဲသဘင်သို့ တက်ရောက်လာကြသော နတ်သား နတ်သမီးများသည် စကားတခွန်းမှ လေသံမဟကြဘဲ ခတ်မဆိတ်သာလျှင် နေကြကုန်လေ၏။ သူတို့အထဲမှ မာရ်နတ်တ ဦး သာ ရှေ့သို့ထွက်ပြီး ဝေပစိတ္တိအနီးသို့ ရောက်လာခဲ့သည်။

အဆွေတော် အသူရာမင်း၊ မြင်းမိုရ်တောင်ကို အစိုးရတဲ့ သိကြားမင်းကို အံတုပြီး ဘယ်သူမှ အသင့်ကို ကူညီကြမှာ မဟုတ်ဘူး။ အခုသူတို့လာကြတာက သင့်ရဲ့ သမီးတော်ကို လိုချင်ကြလို့။ အခု သမီးတော်က သိကြားမင်းနဲ့ ညားသွားပြီ။ သင့်လို အပယ်ခံ အသူရာနတ်မင်းတစ်ပါးကို ဘယ်သူမှ အပင်ပန်းခံပြီး ကူပေးကြမှ မဟုတ်ဘူး ဝေပစိတ္တိ’

ဟု နှစ်ကိုယ်ကြားသတိပေးလိုက်လေသည်။

အသူရာမင်းကြီးသည် မာရ်နတ်၏ သတိပေးစကားကို လျစ်လျူရှုပြီး နောက်တကြိမ် ထပ်မံ‌တောင်းဆိုပြန်သည်။ သို့သော် အထက်ဘုံ အောက်ဘုံတို့မှ နတ်အပေါင်းတို့သည် အချင်းချင်း တီးတိုးတိုင်ပင်လျက် နန်းဆောင်ခန်းမထဲမှ အလျှိုအလျှိုထွက်ကာ မိမိတို့၏ နေရပ် နတ်ဘုံများသို့ အသီးသီး ပြန်လည်ထွက်ခွာသွားကြလေသည်။ မာရ်နတ်ကိုယ်တိုင်သည်လည်း သိကြားမင်းနှင့် အာဃာတ ဖြစ်ပေါ်မည်ကို အလိုမရှိသောကြောင့် သူ၏ မိတ်ဆွေကြီးအား အသူရာပြည်တွင် စွန့်ခွာထားခဲ့လေတော့သည်။

တောက်...’

ဝေပစိတ္တိသည် ခံပြင်းစွာနှင့် တောက်ခေါက်လိုက်သည်။ မိလ္လိကာ မိဖုရားကြီးသည် မူးမေ့လဲကျလုမတတ် ပူဆွေးသောက ရောက်နေတော့သည်။ သူမ၏ နံဘေးရှိ နတ်ဘီလူးမ အခြွေအရံအချို့က မိဖုရားကြီးကို တွဲထူကာ အတွင်း နန်းဆောင်ဆီသို့ ခေါ်ဆောင်သွားကြလေသည်။

အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ ဘာဆက်လုပ်ကြမလဲဘုရား’

မိဿကသည် ဝေပစိတ္တိ၏ နံဘေးတွင် လာရပ်ကာ ရိုသေစွာမေးလိုက်၏။ အသူရာနတ်မင်းသည် ၄င်း၏ နတ်စစ်သူကြီးအား ပြတ်သားစွာ အမိန့်ပေးလိုက်လေသည်။

အာလမ္ဗရာစည်တော်ကို တီးစေ။ ယခုချက်ချင်း အသူရာနတ်တွေ တာ၀တိံသာကို စစ်ချီမယ်’

နတ်ဘီလူးမိဿကသည် ထိုအမိန့်ကို ကြားလျှင် ၀မ်းသာအားရနှင့် နန်းဆောင်ကြီး၏ အပြင်တွင် အသင့်ထောင်ထားသော အာလမ္ဗရာစည်တော်ကြီးကို အပြေးတီးခတ်လေတော့သည်။

ဒိန်း.. ဒိန်း… ဒိန်း…..’

ဧရာမ ပုဇွန်ကြီး၏ လက်မအရိုးကို စည်ကြပ်ထားသော အာလမ္ဗရာအမည်ရသည့် စည်တော်ကြီးသည် တီးခတ်လိုက်သည့်အခါ မိုးခြိမ်းသံ တဂျိန်းဂျိန်း ထွက်ပေါ်လာလေသည်။ ထိုစည်တော်ကြီး၏ အသံသည် ကြားရသူအပေါင်းကို စစ်သွေးစစ်မာန် တက်ကြွစေသည်။ သို့သော် တဘက်ရန်သူများအတွက်မူ စိတ်အားငယ်စိတ်များ ဖြစ်ပေါ်စေလေသည်။ ရာဂဏန်းမျှ ရှိသော နတ်ဘီလူးကြီးများသည် အသင့် စီရင်ထားသော လက်နက်ကြီးငယ်များကို စွဲကိုင်ကာ သီဒါမြစ်ကမ်းဆီသို့ ပြိုင်တူချီတက်ကြလေတော့သည်။

အသူရာနတ်မင်းကြီး ဝေပစိတ္တိသည် မိလ္လိကာ မိဖုရားကြီးကို ၀င်ရောက်နှုတ်ဆက်ပြီး ချပ်၀တ်တန်ဆာများကို ဆင်မြန်းကာ သူကိုယ်တိုင် ထုလုပ်ထားသော သံမဏိ တင်းပုတ်ကြီးကို ထမ်းကာ နန်း‌ဆောင်ထဲမှ အပြေးထွက်လာခဲ့သည်။ ဝေပစိတ္တိသည် သူ၏ နတ်ဘီလူးစစ်သည်အပေါင်း၏ ရှေ့ဆုံးမှ ဦး ဆောင်ပြီး သီဒါမြစ်ကြီးထဲသို့ ဦး စိုက်ခုန်ချကာ မြစိမ်းခုံလောက်ကြီးထဲမှ ထွက်ပြီး အပေါ်ရှိ မြင်းမိုရ်တောင်ခြေ နဂါးပြည်သို့ ဆက်လက် ကူးခတ်လေသည်။

မကြာမီမှာပင် နဂါးပြည်ကမ်းစပ်တွင် အသူရာနတ်ဘီလူးကြီးများသည် သီဒါမြစ်ရေထဲမှ အသီးသီး ဘွားကနဲ ဘွားကနဲ ထွက်ပေါ်လာကြတော့သည်။ ဝေပစိတ္တိသည် သမီးတော် သုဇိတာကို ပြန်ခေါ်လိုသော ဆန္ဒဇောကြောင့် မည်သည့် စစ်ဗျူဟာကိုမှ မပြင်ဆင် မခင်းကျင်းဘဲ လက်နက်များကိုသာ ကိုင်စွဲပြီး စိတ်လိုက်မာန်ပါ ချီတက်လာခဲ့ခြင်းဖြစ်သည်။ နဂါးပြည်ကြီးတွင် နဂါးမင်းများနှင့် မည်သို့ မည်ပုံ သတ်ပုတ်ရမည်ကို တခါမျှ ကြိုတင်‌စုံစမ်းထားခြင်းမရှိခဲ့ချေ။

သူတို့အားလုံး ရေထဲမှ တက်လာကြလျှင် နဂါးပြည်ကြီးသည် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ မြင်းမိုရ်တောင်ခြေရှိ နဂါးကြီးများသည် ရေအောက်တွင် နေထိုင်ကြသလို တောင်ခြေတွင် တွင်းကြီးများတူးပြီးလည်း စတည်းချလေ့ရှိကြသည်။ နတ်ဘီလူးကြီးများအားလုံးသည် စစ်သွေးစစ်မာန်များတက်ကြွပြီး ချီတက်လာကြသော်လည်း မြင်းမိုရ်တောင်ခြေရှိ နဂါးပြည်ကြီး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်နေသော အခါတွင်မူ ကျောရိုးထဲမှ စိမ့်ပြီး တထိတ်ထိတ်ဖြစ်လာလေသည်။ သို့သော် ထိုအကြောင်းကို ရိပ်မိသော မိဿကသည် သူ့နောက်လိုက် နတ်ဘီလူးတပါး လွယ်ဆောင်လာခဲ့သော အာလမ္ဗရာစည်တော်ကြီးကို အားကုန် တီးခတ်လိုက်စေသည်။ အာလမ္ဗရာစည်တော်ကြီးသည် ရေနေ သတၱဝါ ပုဇွန်ကြီး၏ လက်ရိုးကို သုံးပြီးစီမံထားသဖြင့် သီဒါမြစ်ရေကို ဖြတ်ကူးခဲ့သော်လည်း အသံနေ အသံထား ပြောင်းလဲသွားခြင်းမရှိဘဲ ရှေးယခင်အတိုင်း မိုးခြိမ်းသလို မြည်ဟိန်းခဲ့လေသည်။

ဒိန်း ဒိန်း ဒိန်း - ဂျိန်း ဂျိန်း ဂျိန်း’

နဂါးတွေ မရှိရင် တောင်ခြေကို တွယ်တက်ကြ’

ဝေပစိတ္တိက တက်မိန့်ပေးလိုက်သည်။

ဟေးးးး နတ်ဘီလူးတွေ တက်ကြဟေ့’

မိဿက ဦး ဆောင်သော နတ်ဘီလူးကြီးများသည် လက်နက်ကြီးများကို ကိုင်မြှောက်ကာ ရှေ့သို့ ပြေးတက်ကြမည်အပြု -

ရှူး ရှူး ရှူး… ရှဲ….’

သူတို့အားလုံး၏ ခြေထောက်များအောက်မှ မြေပြင်သည် တသိမ့်သိမ့် တုန်ခါလာပြီး မြေစိုင်ခဲကြီးများ ဖွားကနဲ ဖွားကနဲ ပေါက်ကွဲမြင့်တက်ကာ အရွယ်အစား ကြီးမား ရှည်လျားလှသော နဂါးကြီးများသည် မြေမျက်နှာပြင်ပေါ်သို့ လူးလွန့်ထွက်ပေါ်လာကြလေတော့သည်။

နဂါးတွေ ထွက်လာပြီ။ အားလုံး သတိ’

မိဿက အော်ဟစ် သတိပေးလိုက်သည်။ နဂါးကြီးများသည် ဧရာမမြွေကြီးများနှင့် တူပြီး ကိုယ်လုံးကြီးများတလျှောက် အကြေးခွံကြီးများ ဖုံးလွှမ်းလျက်ရှိသည်။ ဦးခေါင်းထိပ်တွင် အထစ်လိုက် ချွန်ထက်သော အမောက်ကြီးများပါရှိပြီး မျက်လုံးကြီးများသည် မီးခဲကြီးများလို နီရဲလျက်ရှိလေသည်။ ပါးစပ်ကြီးများဟလိုက်လျှင် အာခံတွင်းထဲမှ မီးလျှံကြီးများသည် တရဲရဲတောက်လာကြသည်။

ခေါင်းတွေကို ဖြတ်ပစ်ကြ’

ဝေပစိတ္တိသည် သူ၏ ခါးကြားထဲတွင် လွယ်လာသော ဓားရှည်ကြီးကို ဆွဲထုတ်လိုက်၏။ သံတင်းပုတ်ကြီးကို ဘယ်လက်နှင့်ကိုင်ကာ ဓားရှည်ကို ညာလက်နှင့်ကိုင်ပြီး နဂါးကြီးများကို စူးစိုက်ကြည့်လျက်ရှိသည်။ တကောင်ပြီး တကောင် မြေကြီးအောက်မှ ထွက်လာကြသော နဂါးကြီးများသည် စုစုပေါင်း အကောင် ငါးဆယ်မျှပင် ရှိပေလိမ့်မည်။ သူတို့၏ ကိုယ်လုံးကြီးများသည် ယူဇနာတစ်ရာခန့်မျှ ရှည်လျားကြပေရာ မြင်းမိုရ်တောင်ခြေ သီဒါမြစ်ကမ်းတလျှောက် နဂါးကြီးများ၏ တလွန့်လွန့် လူးနေကြသော ကိုယ်လုံးကြီးများနှင့် ဖုံးလွှမ်းသွားလေတော့သည်။

ဒုန်း ဒုန်း ဒုန်း’

အာလမ္ဗရာစည်တော်ကြီးသည် ဆက်တိုက် အဆက်မပြတ် တဒုန်းဒုန်း မြည်ဟိန်းလျက်ရှိ၏။

ကျား...’

အသူရာနတ်မင်းကြီးသည် ညာသံပေးကာ လေထဲသို့ ခုန်တက်သွားသည်။ သူ၏ ညာလက်မှ ဓားရှည်ကြီးနှင့် ခုတ်ပိုင်းလိုက်လျှင် ရှေ့ဆုံးမှ နဂါးကြီးတကောင်၏ ဦးခေါင်းကြီးမှာ တိကနဲ ပြတ်ကျသွား၏။

ရှဲ … ရှီး….’

သေဆုံးသွားသော နဂါးကြီးနောက်မှ အခြား နဂါးကြီးတစ်ကောင်က ပါးစပ်ကြီးကို ဖြဲပြီး ဝေပစိတ္တိ ကို အာခံတွင်းထဲမှ မီးတောက်မီးလျှံကြီးများနှင့် လှမ်းမှုတ်လေသည်။

ဟာ.. မီးမှုတ်တယ် ရှောင်ကြဟေ့’

ဝေပစိတ္တိသည် ကျင်လည်စွာ ရှောင်လိုက်သော်လည်း သူ့နောက်မှ နတ်ဘီလူးတစ်ကောင်မှာ တကိုယ်လုံး မီးလောင်ပြီး ပြာပုံအဖြစ်သို့ ပြောင်းလဲသွားသည်။ လွန်ခဲ့သော အချိန်အနည်းက တိတ်ဆိတ်နေခဲ့သော နဂါးပြည်ကြီးသည် ချက်ချင်းပင် စစ်တလင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ နတ်ဘီလူးကြီးများသည် ဓားများ တင်းပုတ်ကြီးများ မှိန်းတံကြီးများဖြင့် နဂါးကြီးများကို ထိုးခုတ် သတ်ဖြတ်ကြသလို နဂါးကြီးများကလည်း နတ်ဘီလူးများကို ကိုက်၍လည်းကောင်း၊ မီးမှုတ်၍ လည်းကောင်း ပြန်လည် ချေမှုန်းကြလေသည်။

ထိုသို့ နဂါးပြည်ရေစပ်တွင် တိုက်ပွဲပြင်းထန်ေန့စဥ္လ်င္ျမန္ေသာ ဝေပစိတ္တိနှင့် အခြား နတ်ဘီလူးအချို့သည် အခွင့်အရေးရသည်နှင့် စစ်မြေပြင်ကို ဖောက်ထွက်ကာ မြင်းမိုရ်တောင် နံရံကြီးကို တွယ်တက်ပြီး ဒုတိယ အာလိန်ဖြစ်သော ဂဠုန်ပြည်သို့ ဆက်လက် ထိုးစစ်ဆင်ကြလေသည်။

မိဿက ကျန်တဲ့ နတ်ဘီလူးစစ်သည်တွေကို တောင်ပေါ် အမြန်ဆုံး တွယ်တက်ခိုင်း။ ဒီနဂါးတွေက တောင်မတက်တတ်ဘူး။ ငါတို့ နောက်တဆင့်ကို အမြန်တက်မှ ဖြစ်မယ်’

ဒုတိယ အာလိန်သို့ရောက်လျှင် အသူရာနတ်များ တ၀က်ကျော်မျှသာ ကျန်လေတော့သည်။ သူတို့သည် တောင်ခြေတွင် သေကြေပျက်စီးကာ ကျန်ရစ်ခဲ့သော နတ်ဘီလူးကြီးများကို ပြန်လည် ငုံ့ကြည့်မိကြသည်။

အသင်နတ်ဘီလူးတို့ စိတ်ပျက်အားလျော့ခြင်း မရှိကြကုန်လင့်။ ငါတို့ ဒီစစ်ပွဲကို နိုင်ရမည်။ တာ၀တိံသာကို ပြန်သိမ်းပိုက်နိုင်ရမည်’

ဝေပစိတ္တိသည် ကျန်ရှိသော နတ်ဘီလူး အနည်းငယ် ခွန်အားတက်စေရန် အားပေးလိုက်သည်။ သို့သော် သူတို့ ကောင်းကင်ပြင်သို့ မော်ကြည့်လိုက်သောအခါတွင်မူ စိတ်အားမတက်တော့ဘဲ ထိတ်လန့်သွားကြပြန်သည်။

အကြောင်းမှာ ကောင်းကင်ပြင်တွင် ဂန္ဓဗ္ဗနတ်အပေါင်းတို့သည် ဂဠုန်ကြီးများကို စီးကာ သူတို့အား တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသောကြောင့်ပင်။ ဂဠုန်ငှက်ကြီးများသည် ချွန်ထက်သော နှုတ်သီးကြီးများရှိကြပြီး ရွှေအတိပြီးသော အတောင်ပံကြီးများ ရှိကြလေသည်။ အာကာပြင်ကို အစိုးရသော ငှက်တို့၏ ဘုရင် ဂဠုန်မင်းကြီးများ၏ ကျောပြင်ထက်တွင်မူ စတုမဟာရာဇ်နတ်မင်းကြီးလေးပါး ဦး ဆောင်သော ဂန္ဓဗ္ဗနတ်အပေါင်းတို့သည် လေးမြား ဓားလှံ လက်နက်များကို အသင့်စွဲကိုင်ပြီး ဝေပစိတ္တိတို့ နတ်ဘီလူး အုပ်စုကို နှိမ်နင်းရန် အသင့်စောင့်နေကြတော့သည်။ အင်အားချင်း နည်းဗျူဟာချင်း မည်သို့မျှ မယွဥ္နိူင္ေၾကာင္း နတ်ဘီလူးစစ်သူကြီး မိဿက ရိပ်မိလိုက်လေသည်။

အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့ ဒီစစ်ပွဲကို နိုင်ဖို့ အင်မတန် အခွင့်အရေး နည်းပါးကြောင်းပါဘုရား’

အသူရာနတ်မင်းကြီးသည် မေးကြောကြီးများထောင်သည်အထိ အံကို တင်းတင်းကြိတ်လိုက်ပြီး မချိတင်ကဲစွာ အော်ဟစ်လိုက်သည်။

မင်းတို့ အားလုံး တစ်နေ့ ဝေပစိတ္တိ အကြောင်း သိစေရမယ်ဟေ့’

ထို့နောက်တွင်မူ အသူရာနတ်မင်းသည် သံတင်းပုတ်ကြီးကို လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ရင်း မြင်းမိုရ်တောင်ကြီး၏ ဒုတိယ အာလိန်ပေါ်မှ နဂါးပြည်ကို ကျော်ကာ သီဒါမြစ်ကြီးအတွင်းသို့ ခုန်ချလိုက်တော့သည်။ မိဿကနှင့် အခြားနတ်ဘီလူးများသည်လည်း သူတို့အရှင်နောက်မှ လိုက်ပြီး မြင်းမိုရ်တောင်ကြီးအောက်ရှိ အသူရာပြည်သို့ ပြန်လည် ဆုတ်ခွာလာခဲ့ရလေသည်။

………………………………………

အသူရာနတ်များ ရေထဲမှ ပြန်တက်လာကြလျှင် ၄င်းတို့အား စောင့်ကြိုနေကြသော ဇနီးမယား ကြင်ယာဖက်များက အပြေးဖက်ကာ နှုတ်ဆက်ကြသည်။ သေဆုံးသွားကြသော နတ်ဘီလူးစစ်သည်များ၏ မယားများမှာမူ ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။ မိဿကသည် မချင့်မရဲ အမူအရာနှင့် ဝေပစိတ္တိအနားသို့ ချဥ်းကပ်လာခဲ့သည်။

အရှင်မင်းကြီးဘုရား’

ပြော မိဿက။ အသင်တာ၀န်ကျေပါတယ်’

မှန်လှပါ။ ကျွန်တော်မျိုးတို့ရဲ့ အာလမ္ဗရာစည်တော်ကြီး မြင်းမိုရ်တောင်ခြေ နဂါးပြည်တွင် ကြွင်းကျန်ရစ်ကြောင်းပါ ဘုရား’

တောက်...’

ဝေပစိတ္တိ ခံပြင်းစွာ တောက်ခေါက်မိပြန်သည်။ သို့သော် သမီးတော်ကို ဆုံးရှုံးပြီးသော သူ့အတွက် စည်တော်ကို ဆုံးရှုံးရခြင်းက မပြောပလောက်တော့ချေ။ မည်သို့ဆိုစေ ယင်းသည်လည်း ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင် ဖြစ်လေသည်။ အသူရာမင်းကြီးသည် ခေါင်းငိုက်စိုက်ချကာ သူ၏ နန်းဆောင်ထဲသို့ ၀င်သွားခဲ့သည်။

မိဖုရားကြီး မိလ္လိကာသည် သမီးတော် ပြန်ပါမလာကြောင်း သိနှင့်ပြီးဖြစ်သဖြင့် နန်းဆောင်ထဲရှိ သလွန်ပေါ်တွင် လဲလျောင်းကာ တသိမ့်သိမ့် ငိုကြွေးနေပြန်လေသည်။ သူမသည် ယခုအခါ ညည်းတွားရန်ပင် မတတ်နိုင်တော့ချေ။ ဝေပစိတ္တိ စိုးရိမ်သွားမိသည်။

မိလ္လိကာသည် အဆင့်မြင့် နတ်သမီးတပါးဖြစ်၏။ နတ်သမီးများသည် အဆင့်မြင့်သည်နှင့်အမျှ သူတို့၏ ရုပ်ကလာပ်များသည်လည်း သိမ်မွေ့နုနယ်လှသည်။ သောက အပူမီး ပြင်းထန်ပါက အဆင့်မြင့် နတ်များ၏ ခန္ဓာသည် ထိုအပူဒဏ်ကို ခံနိုင်စွမ်းမရှိချေ။ ထိုအကြောင်းကို ဝေပစိတ္တိသည် သုဗလိ၏ ကျမ်းဂန်ကြီးများထဲတွင် ဖတ်ရှုဖူးလေသည်။

နှမတော် မိလ္လိကာ’

ဝေပစိတ္တိသည် မိဖုရားကြီး၏ နံဘေးတွင် ၀င်ထိုင်ကာ သူမ၏ ငွေရောင်ဆံကေသာများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

သမီးတော်လေးကို ဆုံးရှုံးလိုက်ရပြီပေါ့ ဘုရား’

ကျုပ် သမီးတော်ကို ရအောင် ပြန်တိုက်ယူမယ် နှမတော်’

မိလ္လိကာသည် သူမ၏ ဦး ခေါင်းကို ဖြည်း ညည္းစြာ ခါရမ်းလိုက်သည်။

မဖြစ်နိုင်တော့ပါဘူး အရှင်ရယ်’

သူမ၏ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လျှံလာခဲ့ပြန်သည်။ သူမ၏ ရင်၀တည့်တည့်ဆီမှ မီးခဲလို ပူပြင်းလာခဲ့လေသည်။

အို နှမတော်။ စိတ်ကို ထိန်းပါလေ။ နှမတော် မိလ္လိကာ...’

မိလ္လိကာ၏ သိမ်မွေ့သော ရုပ်ကလာပ်များသည် ပူပြင်းလှသော သောကမီးဒဏ်ကို မခံနိုင်တော့ဘဲ နှလုံးသားမှ အစပြု၍ ရုပ်ခန္ဓာတစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်ကာ မိဖုရားကြီးသည် ဝေပစိတ္တိ၏ ရှေ့မှောက်တွင်ပင် နတ်သက်ကြွေသွားခဲ့ရှာလေတော့သည်။

အသူရာမင်းကြီးသည် အသက်မဲ့သော သဘက်ကြီးတကောင်ပမာ နန်းဆောင်ခန်းမကြီးထဲသို့ ပြန်ထွက်လာခဲ့သည်။ တံခါးပေါက်၀တွင် မိဿကသည် မားမားကြီးရပ်ကာ သူ့သခင်ကို စောင့်ကြည့်နေသည်။ ဝေပစိတ္တိ ဘာစကားမှ မပြောဘဲ ပရိသတ်မဲ့နေပြီဖြစ်သည့် ခန်းမဆောင်ကြီးထဲရှိ ထိုင်ခုံတလုံးတွင် ၀င်ထိုင်လိုက်သည်။ သူ့ရှေ့တွင် သောက်လက်စ သေရည်တအိုးရှိနေ၏။ သူ မဲ့ပြုံးပြုံးလိုက်မိသည်။ သူ့ထံတွင် ကျစရာ မျက်ရည်လည်း မရှိတော့သလိုပင်။ သူ၏ ရင်ဘတ်ထဲတွင် နှလုံးသားမရှိတော့သလို ခံစားလိုက်ရသည်။

မိဿက’

မှန်လှပါ ဘုရား’

ငါ ဒီ အသူရာပြည်ကို စရောက်ကတည်းက သေအရက်ကို လက်ဖျားနဲ့တောင် မတို့ဘဲ နေခဲ့တယ်။ ငါဟာ ခေါင်းဆောင်ကောင်းတစ်ယောက်၊ ဖခင်ကောင်းတယောက်၊ ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောင် နေခဲ့တယ်’

အမှန်ပါပဲ ဘုရား’

အေး ဟား ဟား ဟား။ ဒါပေမဲ့ မင်းကြည့်စမ်း။ အခု ငါ ဘာပြန်ရသလဲ။ သမီးလည်းဆုံးရတယ်။ ငါ့ အချစ်ဆုံး မိဖုရားကြီးလည်း ဆုံးရှုံးရတယ်။ အပါယ်ခံ အသူရာနတ်ဘ၀။ ဘယ်သူမှ မလေးမစား အနှိမ်ခံ ဘ၀ကိုပဲ နောက်ဆုံး ပြန်ရောက်ရတယ်မဟုတ်လား။ ဟား ဟား ဟား’

မိဿက ဘာမှ ပြန်မပြောဖြစ်ခဲ့။ ဝေပစိတ္တိသည် သူ၏ ရှေ့ရှိ သေရည်အိုးကို လက်နှင့် ကိုင်မြှောက်ကာ တဂွပ်ဂွပ် မော့ချလိုက်လေတော့သည်။

…………………………………

ဝေပစိတ္တိသည် သေရည်၏ ကျေးကျွန်အဖြစ်သို့ ပြန်ရောက်သွားခဲ့သည်။ မိဿက အပါအ၀င် ကျန်သော အသူရာနတ်များသည်လည်း အရှင်သခင်၏ အတုကို ခိုးကာ အချိန်ရသ‌‌ရွေ့ သေရည်သောက်စားခြင်းနှင့်သာ အချိန်ကုန်လေသည်။ သို့သော် သူတို့သည် တစ်နှစ်ကုန်၍ သခွတ်ပန်းပွင့်ချိန်ရောက်တိုင်း တာ၀တိံသာရှိ ကသစ်ပင်ကြီးကို အမှတ်ရကာ ဒေါသမီး ဟုန်းဟုန်း တောက်လောင်ကြပြန်သည်။

တောက်… ဒီ မာဃ ဆိုတဲ့ သိကြားမင်းကို ငါတို့ အကြောင်း ပြရသေးတာပ’

ဝေပစိတ္တိသည် သေရည်အိုးများကြားတွင် မှောက်နေရာမှ ဗလုံးဗထွေးပြောလိုက်သည်။ မိဿကသည် ဒယိမ်းဒယိုင်နှင့် ဘေးတွင် ရပ်နေရာမှ ပြန်ဖြေသည်။

မှန်ပါ့ဘုရား။ အရင်တခေါက်က အင်အားချင်းမမျှလို့သာ။ ကျွန်တော်မျိုးတို့ ဒုတိယအာလိန်ကိုတောင် မကျော်နိုင်ခဲ့ဘူးမဟုတ်လားဘုရား’

အင်း… အေး.. ။ မင်းမှန်တယ် မိဿက။ ငါတို့မှာ နတ်ဘီလူးတွေက လက်ချိုးရေလို့ရတယ်။ ဒီကောင်တွေက အင်အား ထောင်သောင်းရှိတယ်။ ငါတို့မှာသာ သိန်းနဲ့ချီတဲ့ အသူရာနတ်တွေ ရှိမယ်ဆိုရင် ဒီကောင်တွေ ဘာတတ်နိုင်မလဲ မိဿကရယ်.. ဟဲ ဟဲ’

မှန်ပါ့ဘုရား။ တကယ်တော့ အသူရာနတ်မျိုးမှန်ရင် စကြ၀ဠာတံတိုင်းအပြင်ဘက် လောကန္တရိတ်ငရဲက ငရဲသား အသူရာတွေကိုသာ ခေါ်နိုင်ရင် ပွဲသိမ်းပြီပေါ့ဘုရား’

ဟင်...’

ဝေပစိတ္တိ၏ မူးယစ်နေသော မျက်လုံးကြီးများ ပြူးကျယ်သွားကြလေသည်။

မိဿက။ မင်း မင်း ဘာပြောလိုက်တယ်’

နတ်ဘီလူးကြီး မိဿက အနည်းငယ်ထိတ်လန့်သွားသည်။ သူ့သခင်ကို သူ ဒေါသထွက်အောင် ဆွပေးမိလေပြီလား။

ဟို ဟို… လောကန္တရိတ်ငရဲက ငရဲသားတွေသာ ပါခဲ့ရင်လို့ ပြောမိတာပါဘုရား။ သို့ပေမဲ့ စကြ၀ဠာတံတိုင်းအပြင်ကို ကျွန်တော်မျိုးတို့ ဘယ်လိုရောက်နိုင်ပါ့မလဲဘုရား’

ဝေပစိတ္တိ မျက်လုံးများ အရောင်ပြန်မှိန်သွားကြသည်။

အိမ်း ဟုတ်တယ်။ ခဏတော့ ငါလည်း အားတက်သွားမိတယ်။ ဒါပေမဲ့ စကြ၀ဠာတံတိုင်းအပြင်ဆိုတာ ယူဇနာ သန်းနဲ့ချီ ဝေးတဲ့ အရပ်ပေပဲ။ ငါ အဲဒီကို ဘယ်လိုမှ မရောက်နိုင်ဘူး။ ဒါပေမဲ့ မင်းပြောတာမှန်တယ်။ ဒီလောကန္တရိတ်ငရဲက ငရဲသားတွေဟာ ငါတို့လို အပယ်ခံ နတ်တွေပဲ။ ဒါဟာ ငရဲလို့ ပြောပေမဲ့ ငရဲစစ်စစ်မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်မှာ မပါဘူး။ ဒါဟာ အသူရာဘုံပဲဖြစ်တယ် မိဿက’

အသူရာနတ်မင်းကြီးသည် သေရည်အိုးကို ဘေးသို့ ပြန်တွန်းဖယ်လိုက်သည်။ သူ့စိတ်ထဲတွင် မျှော်လင့်ချက် တစုံတရာ ပြန်ပေါ်လာသလိုပင်။

စကြ၀ဠာတံတိုင်းအပြင်မဟုတ်ပေမဲ့ ငါတို့လို အပယ်ခံနေရတဲ့ အသူရာနတ်တွေအများကြီး ရှိသေးတယ် မိဿက။ ဒီလို တကွဲတပြား ပြန့်ကျဲနေတဲ့ အသူရာတွေကိုသာ စုစည်းလိုက်ရင် တာ၀တိံသာကို ပြန်တက်တိုက်နိုင်ပြီ’

အင်မတန်ကောင်းတဲ့ အကြံပါပဲ အရှင်ဘုရား’

ပထမအကြိမ်တုန်းက ငါတို့ဟာ ဒေါသနောက်လိုက်ပြီး အလျင်စလို တက်တိုက်ခဲ့ကြလို့ အရေးနိမ့်ခဲ့ကြတယ်။ နောက်ပြီး စစ်ပွဲအတွက် အရေးပါတဲ့ အာလမ္ဗရာစည်တော်ကြီးကိုလည်း လက်လွှတ်ခဲ့ကြရတယ်’

မှန်ပါတယ်ဘုရား’

ဝေပစိတ္တိသည် နန်းဆောင်ထဲမှ အပြင်သို့ ထွက်သွားလိုက်သည်။ တပည့်ဖြစ်သူက အနောက်မှ လိုက်ပါလာ၏။ အသူရာနတ်မင်းကြီးသည် သူ ဧရာမ ပုဇွန်လက်ရိုးကြီးကို ကောက်ရခဲ့သော သီဒါကမ်းခြေဆီသို့ ပြန်လည်ရောက်ရှိလာ၏။

ဒီ ပုဇွန်လက်မရိုးကြီးဟာ တနေရာကနေ မျောလာတာပဲ ဖြစ်ရမယ်။ ဒီနေရာကို စီးလာတဲ့ ရေစီးအတိုင်း ဆန်တက်ကူးသွားလိုက်ရင် ကျန်တဲ့ ပုဇွန်လက်ရိုးတချောင်းကို ငါတွေ့ရမှာပဲ’

ကျွန်တော်မျိုး အခုပဲ အဲဒီနေရာကို ကူးသွားလိုက်ပါ့မယ် ဘုရား’

မိဿက။ မင်းသွားစရာမလိုဘူး။ ငါကိုယ်တိုင် သွားမှဖြစ်မယ်။ အဲဒီနေရာမှာ ဘာတွေ ရှိသလဲဆိုတာ ငါသိလိုတယ်။ ငါ သွားတဲ့အချိန် မင်းလုပ်ရမဲ့ တာ၀န်က တကွဲတပြားစီဖြစ်နေတဲ့ အသူရာနတ်တွေကို ရှာပြီး စုစည်းပေးထားဖို့ပဲ မိဿက’

ဝေပစိတ္တိ သီဒါမြစ်ကြီးထဲသို့ ခုန်ဆင်းကာ ရေစီးကို ဆန်တက်ရင်း အပြောကျယ်လှသော သမုဒ္ဒရာကြီးတွင်းသို့ ကူးခတ်လာခဲ့လေသည်။ အတန်ငယ် ကူးခတ်မိသော် ပထမ သီဒါမြစ်၀န်းကို ကျော်လွန်၍ ယုဂန္ဓိုရ်တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် ပျက် သုဥ္း သွားလေပြီးသော ကမ္ဘာဟောင်းကြီးများသည် အသီးသီး တည်ရှိနေကြ၏။ ယခု ဝေပစိတ္တိရောက်ရှိလာခဲ့သော ကမ္ဘာဟောင်းကြီးမှာ ကဿပဘုရားရှင်လက်ထက်တော်က ကမ္ဘာဟောင်းကြီး ဖြစ်လေသည်။ လက်ရှိ ကမ္ဘာအသစ်မှာ ယုဂန္ဓိုရ်တောင်ခါးပန်းတွင် လှည့်ပတ်ဆဲဖြစ်သော်လည်း ကဿပဘုရားရှင် လက်ထက်တော်က ကမ္ဘာဟောင်းကြီးသည် အချိန်စက်၀န်းထဲတွင် ဆက်မရှိတော့သော ယုဂန္ဓိုရ်တောင်ခြေရှိ သီဒါမြစ်ကြီးအောက်တွင် ထက်၀က်နစ်မြုပ်လျက်ရှိလေတော့သည်။

ဝေပစိတ္တိသည် သက်ရှိသတၱဝါအလျဥ္းမရှိတော့ ထို ကမ္ဘာကြီးထဲသို့ သတိကြီးစွာဖြင့် ၀င်ရောက်လာခဲ့သည်။ လေထု ရေထုသည် ဤနေရာတွင် သိပ်သည်းပြီး လှုပ်ရှားမှု ကင်းမဲ့နေ၏။ အနံ့အသက်များသည် ဟောင်းနွမ်းဆွေးမြေ့လွန်းနေသည်။ သူ ဤနေရာတွင် ကြာကြာ မနေသင့်ပေ။ သီဒါ သမုဒ္ဒရာကြီးနှင့် ဆက်သွယ်နေသော မြစ်ကြောင်းကြီးတလျှောက် သူ ကူးခတ်သွားလိုက်လျှင် အဆိုပါ ကမ္ဘာဟောင်းကြီးထဲရှိ ရေအိုင်ကြီးတအိုင်သို့ ဝေပစိတ္တိ ရောက်ရှိသွားခဲ့သည်။

သိပ်သည်းသော အနံ့ကြီးသည် ပိုမို ဆိုး ဝါး လာလေတော့သည်။ အိုင်ကြီး၏ ပတ်လည်တွင် ဧရာမ ဆင်သင်္ချိုင်းကြီးတစ်ခုကို တွေ့လိုက်ရသည်။ ကမ္ဘာဟောင်းရှိ ဆင်ကြီးများသည် ယခုလက်ရှိ ကမ္ဘာသစ်ရှိ ဆင်ကြီးများထက် ဆယ်ဆမျှ ပိုမိုကြီးမားနေသည်။ ရေအိုင်ကြီးထဲတွင် ရေမရှိသလောက် ခန်းခြောက်နေပြီကို သူသတိထားမိသည်။ အိုင်ကြီး၏ အလယ်တွင် သေဆုံးနေပြီဖြစ်သော ပုဇွန်လုံးကြီးတစ်ကောင်ကို သူတွေ့လိုက်ရ၏။ ပုဇွန်ကြီး၏ ကိုယ်တွင် အသားမရှိတော့ဘဲ အခွံသက်သက်သာ ကျန်လေသည်။ အခွံကြီးများသည် ရွှေရောင်တလက်လက်တောက်ပနေသည်။ ပုဇွန်ကိုယ်လုံးအခွံကြီးသည် အလယ်တည့်တည့်တွင် တစုံတခု၏ နင်းချေဖိနှိပ်ခြင်းကို ခံထားရသည့်အလား အစိစိအညက်ညက် ချိုင့်ခွက်၀င်နေလေသည်။

အင်း မဟုတ်မှလွဲရော ဒီပုဇွန်လုံးကြီးဟာ ဆင်နင်းခံရပြီး သေတာပဲ ဖြစ်ရမယ်။ ဒီ ဆင်အရိုးစုတွေဟာလည်း ဒီပုဇွန်လုံးကြီး သတ်ပြီး စားသောက်ထားတာပဲ ဖြစ်ရချေမယ်’

ဝေပစိတ္တိသည် ပတ်၀န်းကျင်ကို အကဲခတ်လေ့လာရင်း စိတ်ထဲတွင် ခြောက်ခြားလာခဲ့သည်။ မည်မျှ ဆိုး၀ါးသော အဖြစ်အပျက်များသည် ဤကမ္ဘာဟောင်းကြီးတွင် ဖြစ်ပေါ်ခဲ့လေသနည်း။ သို့သော် သူသည် လာရင်းကိစ္စကို အကောင်အထည်ဖော်ရန် ပုဇွန်ကြီး၏ ကျန်သော လက်မတစ်ချောင်းကို ရှာလေသည်။ သို့သော် အသူရာနတ်မင်းကြီး စိတ်ပျက်သွားမိသည်။

တောက်။ လက်မ နှစ်ချောင်းစလုံး မရှိတော့ပါလား။ နောက်တချောင်းလည်း သမုဒ္ဒရာထဲပဲ မျောသွားတယ် ထင်ပါ့’

ပုဇွန်လက်ရိုးကို ရရှိရန် အကြောင်းမမြင်တော့သဖြင့် ဝေပစိတ္တိသည် လာလမ်းအတိုင်း လှည့်ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူ၏ မျက်လုံးသည် အသက်မဲ့နေသော အပင်သေကြီးများရှိသည့် တောအုပ်ကြီးထဲသို့ ဖျတ်ကနဲ လှမ်းကြည့်မိလိုက်သည်။

အလို - ဟိုဟာက ဘာကြီးပါလိမ့်’

အပင်သေကြီးများ၏ အကြားတွင် မလှုပ်မယှက်ကြီးရပ်နေသော အရာတစ်ခုကို ဝေပစိတ္တိ လှမ်းမြင်လိုက်၏။ ထိုအရာသည် သုံးယူဇနာခန့်မြင့်မားပြီး မည်းနက်သော အသွင်ကို ဆောင်သည်။ ရုတ်တရက်ကြည့်လိုက်လျှင် မီးလောင်ထားသော သစ်ပင်တစ်ပင်ဟု ထင်စရာရှိသော်လည်း အသေအချာ ကြည့်လိုက်‌သောအခါတွင်မူ ၀တ်ရုံနတ်ကြီးကို ခေါင်းမှခြေအဆုံး လုံနေအောင် ခြုံထားသည့် သက်ရှိပုဂ္ဂိုလ်တစ် ဦး ဖြစ်နေကြောင်း သိလိုက်ရလေသည်။

…………………………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။


#lotaya_shortstory
#LTY_ကိုချမ်း


#LTY_ကိုချမ်း
#မျက်လုံး
#ဇွန်လ
#ဘုရား
#မိဖုရား

Some text some message..