မြန်မာ့မြေမှ ကျိန်စာသင့်ပတ္တမြားကြီး - အပိုင်း(၁)
lotaya.mpt.com.mm
|
2022-12-09

(ဤဇတ်လမ်းသည် ဖြစ်ရပ်မှန်တစ်ချို့အပေါ်အခြေခံ၍ ရေးသားထားသော်လည်း စာရေးသူ၏ စိတ်ကူးပုံဖော်မှုများစွာနှင့် ပုံဖော်ရေးသားထားပါသည်)

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ သဘာဝသမိုင်းပြတိုက်တွင် ပတ္တမြားအကြောင်းပြသထားသည့် ပြခန်းတစ်ခုရှိသည်။ ထိုပြခန်းတွင် ကမ္ဘာ့အရည်အသွေးအကောင်းဆုံးနှင့် တန်ဖိုးအရှိဆုံး ကြယ်ပတ္တမြားကြီးတစ်ခုကိုလဲပြသထားသည်။ ကြယ်ပတ္တမြားဟုဆိုရခြင်းမှာ ပတ္တမြားလုံးထဲတွင် အလင်းရောင်ကြောင့် ခြောက်ထောင့်ကြယ်ပုံစံအလင်းများဖြာထွက်နေသောကြောင့်ဖြစ်သည်။ ကြယ်ပတ္တမြားများအနက်မှာ ထိုပတ္တမြားကြီးက တောက်ပမှုအရှိဆုံး၊ အသွေးအရောင်အကောင်းဆုံးနှင့် ကြယ်ပုံအတိအကျဆုံးဖြစ်ပြီး တန်ဖိုးအားဖြင့်လဲ မည်သူမျှ တန်ဖိုးမဖြတ်နိုင်ကြပေ။ စင်စစ်အားဖြင့် ထိုပတ္တမြားကြီးမှာ မြန်မာပြည် မိုးကုတ်ဒေသထွက်ဖြစ်ပြီး နှစ်ပေါင်းများစွာ ပိုင်ရှင်အဆက်ဆက်ပြောင်းလဲခဲ့ရာမှ နောက်ဆုံး အမေရိကန်နိုင်ငံသူ မစ္စဒီလွန်းက ပိုင်ဆိုင်ခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မစ္စဒီလွန်းက အိမ်တွင်ဆက်မထားလိုတော့သဖြင့် ၁၉၆၄ ခုနှစ်တွင် အမေရိကန် သဘာဝသမိုင်းပြတိုက်သို့ လှူဒါန်းခဲ့ရာမှ ထိုနေရာတွင်ပင် ယနေ့တိုင်တည်ရှိနေလေသည်။

အပိုင်း(၁)

(၁)

အချိန်ကား ၁၉၂၀ ပြည့်လွန်နှစ်များခန့်ကဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံအား ကိုလိုနီဗြိတိသျှအစိုးရမှအုပ်ချုပ်နေသည့်အချိန်ဖြစ်သည်။ မိုးမိတ်မြို့တောင်ဘက် တောင်တန်းတစ်ခုပေါ်ရှိစေတီပျက်တစ်ခုအနီးတွင် လူဆယ်ဦးခန့်အလုပ်ရှုပ်နေကြသည်။ သူတို့သည်အေးချမ်းလှသည့်ဆောင်းတွင်းကိုအံတုကာ ညသန်းခေါင်ယံအချိန်တွင် စေတီပျက်အနားအလုပ်များနေကြခြင်းဖြစ်သည်။ ထိုသူများအထဲတွင် ထူထဲသော တရုတ်ဖြစ် သားမွှေးအင်္ကျီကြီးကိုဝတ်ဆင်ကာ ပိုးခေါင်းပေါင်းကြီးနှင့် နှုတ်ခမ်းမွှေးကားကားရှိသူတစ်ဦးက ထိုသူများကို ဦးဆောင်သည့်ဆရာဖြစ်သည်။

သူတို့အနီးတွင်လဲ ကန်တော့ပွဲများစွာထိုးထားပြီးနောက် အစီအရင်ပေါင်းစုံကိုလဲစီမံထားပြီး ကညင်ဆီမီးတိုင်ကြီးများကို သူတို့အလုပ်လုပ်သည့်နေရာပတ်ပတ်လည်တွင် ထွန်းထားကြသဖြင့်် ပတ်ဝန်းကျင်က ထိန်လင်း၍နေလေသည်။ ထိုအခိုက် ရုတ်တရက်လေပြင်းများတိုက်ခတ်လာပြီးနောက် သစ်ရွက်များလဲ လွင့်ပျံလာကြသည်။ ထိုအခါ သူတို့ခေါင်းဆောင်က စိတ်မပူကြရန်လက်ကာပြလိုက်သည့်အတွက် သူ့တပည့်များက ဆက်လက်၍ စေတီ ပျက်အား တူးဖော်ဖြိုဖျက်နေကြသည်။ စေတီ ပျက်မှာ နှစ်ကာလများစွာက တည်ထားသည့်တိုင်အောင် အုတ်နှင့်သရိုးများက ခိုင်ခန့်လွန်းသဖြင့် ခက်ခက်ခဲခဲ တူးဖော်နေကြရသည်။

ထိုစဉ်တိုက်ခတ်သည့်လေများမှာ ပိုမိုပြင်းထန်လာပြီး လေပွေလှိုင်းများသဖွယ်ဖြစ်လာသည်။ သူတို့နံဘေးမှ သစ်ပင်ကြီးများမှာလဲ အမြစ်မှကျွတ်ထွက်လုမတတ် လှုပ်ယမ်းခါနေကြသည်။ သို့သော် ထိုလူများအလုပ်လုပ်နေသည့်နေရာပတ်ပတ်လည်တွင်တော့ ဘာမှပင်မဖြစ်ချေ။ အလုပ်လုပ်ကိုင်နေသူများမှာလဲ ထိုအဖြစ်အပျက်များကို ခေတ္တငေးကြည့်နေကာ သူတို့လုပ်စရာရှိသည်များကို အေးအေးဆေးဆေး လုပ်နေကြသည်။

ထိုစဉ် မြေအောက်မှ တစ်စုံတစ်ရာကတိုးဝင်လျှက်လာသည်ကို ခေါင်းဆောင်ဖြစ်သူဆရာကြီးက သိလိုက်ပြီးနောက် သူ၏လွယ်အိတ်ထဲမှ သစ်သားချွန်စို့တစ်ချောင်းကိုထုတ်လိုက်ပြီးနောက် မြေကြီးကိုထုလိုက်ရာ မြေကြီးအတွင်းပေါက်ကွဲမှုများဖြစ်ပေါ်လာပြီး မီးခိုးများလဲအလိပ်လိုက်ထွက်လာလေသည်။

"ငါ့တပည့်တို့ လုပ်စရာရှိတာဆက်လုပ်ကြ၊ ဒီအဖျက်အနှောင့်တွေကို မင်းတို့ဂရုမစိုက်ကြနဲ့၊ ငါတစ်ယောက်လုံးရှိတယ်"

တပည့်များကလဲ ဆရာပြောသည့်အတိုင်းစိတ်အေးလက်အေးနှင့် လုပ်စရာရှိသည်များကို ဆက်လုပ်နေကြသည်။ ထိုစဉ် မြေငလျင်များလှုပ်ခတ်လာပြီးနောက် သူတို့အလုပ်လုပ်နေသည့်နေရာတွင် အကြီးအကျယ်လှုပ်ခတ်လျှက်ရှိသည်။ ဆရာဖြစ်သူကလဲ မန္တန်တစ်ချို့ကိုရွတ်ဖတ်ရင်း အဖြူရောင်အမှုန့်များကို ပက်ဖြန်းနေရာ အတော်ကြာတော့မှ ထိုလှုပ်ခတ်ခြင်းက ငြိမ်သက်သွားလေသည်။

"ဆရာကြီး ဘာဖြစ်တာလဲ"

"ဘုရားသိုက်ကလူတွေ၊ အစောင့်အရှောက်တွေ တို့ကိုနှောင့်ယှက်နေတာပေါ့ကွာ၊ ဘာမှမပူပါနဲ့၊ ငါတို့တားထားတဲ့စည်းဝိုင်းထဲကသာ စည်းမဖောက်စေနဲ့ အပြင်လူဘာမှလုပ်လို့မရဘူးမှတ်"

သူတို့တူးဖော်နေစဉ်မကြာအချိန်တွင်

"ဆရာကြီး ဌာပနာတိုက်ပွင့်ပြီ"

ထို့နောက်ဌာပနာတိုက်အတွင်းရှိ ပစ္စည်းမှန်သမျှကို သိမ်းကျုံးကာ ကျွန်းသေတ္တာကြီးများထဲသို့ ထည့်ကြသည်။ မိုးမိတ်ရှိ ရှေးဟောင်းရှမ်းစေတီဖြစ်သောကြောင့် ရှမ်းစော်ဘွားများနှင့် ရှမ်းတိုင်းရင်းသားတို့၏ သဒ္ဒါတရားကြောင့် ဌာပနာတိုက်အတွင်းတွင် အမျိုးမျိုးသောလက်ဝတ်ရတနာများ၊ ရွှေထည်ပစ္စည်းများနှင့် ကျောက်သံပတ္တမြားပေါင်းစုံကိုလှူဒါန်းထားသည်ကို တွေ့ရှိရလေသည်။ ထို့အပြင် ရွှေဆင်းတုတော်များ၊ ငွေဆင်းတုတော်များနှင့် သာသနာရေးဆိုင်ရာ ပစ္စည်းများကိုလဲတွေ့ရသည်။ ထိုပစ္စည်းများကို ကျွန်းသေတ္တာကြီးနှစ်လုံးနှင့်ထည့်ပြီးနောက် သိုက်တူးဆရာနှင့်တပည့်များအားလုံးက ကြွေးကြော်လိုက်ကြရာ တောင်တစ်ခုလုံးသို့ ထိုအသံများ ဖုံးလွှမ်းသွားတော့သည်။

"အောင်ပြီ . . . အောင်ပြီ . . . အောင်ပြီ"

(၂)

ထိုသိုက်တူးသမားအဖွဲ့သည် သာမညအဖွဲ့ကလေးမဟုတ်။ အလွန်ထင်ရှားသည့် မန္တလေး မှ ဦးစက္ကဆိုသူဖြစ်သည်။ ဦးစက္ကကို ဓါတ်၊ နတ်၊ သိုက်လောကတွင် မန္တလာဦးစက္ကဟုလူသိများသည်။ ဦးစက္ကမှာ အသက်လေးဆယ်ကျော်ခန့်သာရှိသေးသော်လည်း သိုက်တူးသည့်ပညာစုံသူဖြစ်သည်။ သူတူးလျှင်လဲ သိုက်တိုင်းရသည်ဖြစ်ရာ သိုက်တူးသမားလောကတွင် နာမည်ကြီးလှသည်။ အင်္ဂလိပ်အုပ်ချုပ်သည့် ကိုလိုနီခေတ်တွင် ထိုကဲ့သို့ သိုက်များကိုလိုက်တူးပြီး ချမ်းသာအောင်ကြံစည်ကြသည့် သိုက်တူးသမားများလဲအများအပြားရှိသည်ဖြစ်ရာ ထိုလူများက များသောအားဖြင့် ဘုရားအို၊ စေတီပျက်များတွင် တူးဖော်ကြသည်ကများသည်။

ဦးစက္ကက မန္တလေးတွင် ရွှေထည်ပစ္စည်းဆိုင်ရှိကာ ရှေးလက်ရာရွှေထည်များကို ပုံဖျက်ပြီးရွှေထည်များပြန်လုပ်ကိုင်သည်။ သိုက်တူးရင်းရလာခဲ့သည့် ရတနာပစ္စည်းများကိုတော့ ရတနာပွဲစားများထံဆက်သွယ်၍ပြန်ရောင်းချသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင်တာဝန်ကျသည့် အင်္ဂလိပ်အရာရှိကြီးများ၊ အရာရှိကတော်များ၊ တရုတ်သူဌေးများနှင့် ကုလားသူဌေးများမှာ ဦးစက္က၏ အမြဲတမ်း ဖောက်သည်များဖြစ်သည်။ ဦးစက္က သိုက်အောင်လာသည်ဟု သတင်းကြားတိုင်း ထိုလူများက ဦးစက္ကထံသို့ တကူးတကလာရောက်၍ ကျောက်မျက်ရတနာများ၊ ရွှေထည်ပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများကို လာရောက်ဝယ်ယူလေ့ရှိကြသည်။ ထိုနည်းနှင့် ဦးစက္ကမှာ အတော်ချမ်းသာသည့် သူဌေးတစ်ယောက်ဖြစ်နေသော်လည်း သိုက်တူးခြင်းကိုမစွန့်လွှတ်နိုင်ပေ။

"ကဲ မင်းတို့တစ်တွေ၊ တစ်ယောက်ကို အစိတ်ရမယ်၊ ဒါပြီးရင်တော့ မင်းတို့ခဏနားကြအုံး၊ ကိုယ့်ရဲ့ပညာစွမ်းကို ပြန်ပြီးပြင်ဆင်ထားကြ၊ လိုအပ်ရင် ငါခေါ်လိုက်မယ်"

"ဟုတ်ကဲ့ပါဦးစက္က"

ငွေအစိတ်ဆိုသည်မှာ နည်းသည့်အတိုင်းအတာမဟုတ်၊ ထိုခေတ်က ရွေးခတ်၊ ပဲခေတ်မို့ နှစ်ဆယ့်ငါးကျပ်ဆိုသည့်ငွေမှာ တစ်နှစ်တာထိုင်စားလို့ရသည့်ငွေဖြစ်သည်။ သို့သော်လည်းထိုခေတ်က အင်္ဂလိပ်ထုတ် အိန္ဒိယ ရူပီးများသာ မြန်မာနိုင်ငံတွင်သုံးစွဲကြသည်မို့ ရူပီးငွေများဖြစ်သည်။ ဦးစက္က၏တပည့်များမှာလဲ နှယ်နှယ်ရရများမဟုတ်ကြ၊ သိုက်တူးလောကတွင် ကျင်လည်နေကြသော ဝါရင့်သိုက်တူးသမားများဖြစ်ကြသည်။  ထို့ကြောင့် ဆရာနှင့်တပည့်လက်တွဲညီညီနှင့် သိုက်တိုင်းတူး၍အောင်မြင်နေခြင်းဖြစ်သည်။ တပည့်များထပြန်သွားကြတော့ ဦးစက္ကက သူ့မယားများဘက်သို့လှည့်လိုက်သည်။ ဦးစက္ကမှာ သိုက်တူးခြင်းဝါသနာအပြင် မိန်းမကိစ္စတွင်လည်း အလွန်ဝါသနာပါသည်။ တရားဝင်ယူထားသည့် မယား ခုနစ်ယောက်ရှိပြီး ပုန်းလျှိုးကွယ်လျှိုးထားသည့် မယားများမှာ မရေမတွက်နိုင်အောင်များသည်။ ထို့အပြင်ရောက်လေရာအရပ် မိန်းမများနှင့်ပွေရှုပ်တတ်သည်။

ဦးစက္ကက သူ့မိန်းမများထံသို့ သိုက်တူးပြီးရရှိခဲ့သော ပတ္တမြားများ၊ နီလာများကို လှမ်းပစ်ပေးရာ မိန်းမများမှာ အိန္ဒြေမဆည်နိုင်အောင် ကုန်းကောက်ကြသဖြင့် အလဲလဲအပြိုပြိုဖြစ်နေသည်ကိုပင် ဦးစက္ကက ကြည့်ရင်းရယ်မောနေမိသည်။

"ဆရာကြီး၊ ကျွန်တော့်ကိုခေါ်တယ်ဆို"

ရှမ်းခမောက်အကြီးကြီးဆောင်းထားပြီး ရှမ်းအကျီအနက်ကို ရင်ဖွင့်ကာဝတ်ထားသည့် လူတစ်ယောက်က အခန်းဝတွင်မတ်တပ်ရပ်နေလေသည်။ ဦးစက္ကက သူ့မယားများကို အခန်းတွင်းဝင်ကြရန်လက်ပြလိုက်ပြီးမှ

"အေး၊ ခွန်မှိုင်း ဝင်ခဲ့လေကွာ"

ခွန်မှိုင်းဆိုသူက ဦးစက္ကရှေ့သို့ထိုင်ချလိုက်ပြီးနောက် ရှမ်းလွယ်အိတ်ကိုဖြုတ်လိုက်ကာ သူ့ဘေးတွင်ချလျှက် ခမောက်ကြီးကိုကျောတွင်လွယ်လိုက်ပြီး ဦးစက္ကအား ရှိခိုးဦးတိုက်လိုက်လေသည်။ ခွန်မှိုင်း၏ရင်ဘတ်တွင်တော့ ဆေးမင်ကြောင်အမျိုးစုံကိုတွေ့နိုင်သည်။ အင်းကွက်များ၊ စာသားများနှင့်ရုပ်ပုံများဖြစ်သည်။ ခွန်မှိုင်းရောက်လာသည်ကို ဦးစက္က၏ မယားများက အခန်းအတွင်းမှ ခေါင်းပြူကာ ချောင်းကြည့်နေကြသည်။ အကြောင်းမှာ ခွန်မှိုင်းဆိုသူမှာ ထိုခေတ်က ဇတ်မင်းသာရှုံးလောက်အောင် လှပသူဖြစ်သောကြောင့်ဖြစ်သည်။ ဦးစက္ကက ခွန်မှိုင်းကိုဝိုင်းချောင်းကြည့်နေသည့် သူ့မယားများကို မျက်စောင်းလှမ်းထိုးလိုက်သည်။

"အင်း၊ နင်တို့ကောင်မတွေနော်၊ လင်ကြီးငုတ်တုတ်ထိုင်နေတာတောင်မှ လင်ငယ်မျက်နှာကိုငေးနေကြရ လား"

ဦးစက္ကအပြစ်ဆိုလိုက်သဖြင့် မယားများတွန့်သွားသော်လည်း ခွန်မှိုင်းကိုဆက်လက်ငေးမောနေကြသည်။ ခွန်မှိုင်းမှာ ပြေပြစ်သည့်မျက်နှာ၊ ဖြောင့်တန်းသောနှာခေါင်းနှင့် လှပသည့်မျက်လုံးမျက်ဆန်များကို ပိုင်ဆိုင်ထားသောကြောင့် ဦးစက္ကမယားများ ငေးမဆုံးနိုင်ဖြစ်နေတော့သည်။

"ဟေ့ခွန်မှိုင်းရေ၊ ဒီကောင်မတွေမှတ်လောက်သားလောက်ဖြစ်သွားအောင် မင်းရဲ့နဂိုပုံကိုပြလိုက်စမ်းကွာ"

ခွန်မှိုင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ့မျက်နှာကို ညာဖက်လက်ဖဝါးနှင့် အထက်မှအောက်သို့ သပ်ချလိုက်တော့သည်။

"အောင်မယ်လေး . . အို"

ဦးစက္က၏မယားများက ကြောက်လန့်သွားပြီး အသံစုံအော်ဟစ်နေသည်။ ထိုသည်ကိုကြည့်ရင်း ဦးစက္ကလဲ ခွက်ခွက်လန်ရယ်မောနေသည်။ ခွန်မှိုင်း၏မျက်နှာမှာ မီးလောင်ထားသကဲ့သို့ အသားများပဲ့ကျနေပြီးနောက် အမာရွတ်များဗရပွနှင့်ဖြစ်နေပြီး နှာခေါင်းကလဲ ထိပ်ပိုင်းတွင်ပြတ်နေသေးသလို ပါးတစ်ဖက်မှာလဲအသားမရှိတော့သဖြင့် သွားဖွေးဖွေးတွေကိုလဲမြင်နေရသည်။

"မှတ်ပြီလား၊ ကောင်မတွေ အဟမ်း"

ထိုတော့မှ ဦးစက္ကမယားများကလဲ အခန်းအတွင်းသို့ပြေးဝင်သွားကြတော့သည်။ ခွန်မှိုင်းက ညာဖက်လက်ကို မျက်နှာအောက်မှနေ၍အပေါ်သို့ ပြန်သပ်တင်လိုက်ရာ ချောမောလှပသူတစ်ယောက်ပုံစံပြန်ဖြစ်သွားတော့သည်။

"ငါမင်းကိုခေါ်တာအကြောင်းရှိတယ် ခွန်မှိုင်း"

ထိုသို့ပြောလိုက်ပြီးနောက် ဦးစက္ကက သေတ္တာကိုဖွင့်လိုက်ပြီး သေတ္တာထဲမှ တစ်ထွာခန့်အရွယ်ရှိ ငွေကြုတ်ကလေးတစ်ခုအားထုတ်ယူလိုက်သည်။ ထိုငွေကြုတ်အပြင်ဘက်တွင်လဲ ကျောက်သံပတ္တမြားများနှင့် စီခြယ်ထားလေသည်။ ဦးစက္ကက ခွန်မှိုင်းကိုထိုကြုတ်ကလေးလှမ်းပေးလိုက်သည့်အခါ ခွန်မှိုင်းက ထိုကြုတ်ကိုလက်နှစ်ဖက်နှင့် သေသေချာချာလှမ်းယူလိုက်သည်။ ထိုကြုတ်အပြင်ဘက်တွင် ရှေးဟောင်းရှမ်းစာများကို နဂါးများပုံစံတွန့်လိမ်တွန့်လိမ်နှင့်ရေးသားထားသည်။

"ကြုတ်ကစာအရဆို အလှူမှတ်တမ်းသဘောမျိုးပဲ"

"အမှန်တော့ အဲဒါသိုက်စာနေမှာ၊ ဒါကြောင့် မင်းကိုခေါ်ပြီးဖတ်ခိုင်းရတာလေ"

ခွန်မှိုင်းခေါင်းညိတ်လိုက်ပြီး ငွေကြုတ်ကလေးကိုဖွင့်လိုက်သည်။ အတွင်းတွင်တော့ ငွေပြားတစ်ခုပေါ်တွင် ကညစ်နှင့်ရေးထွင်းထားပြီး ထိုအပြားကိုလိပ်၍ထည့်သွင်းထားလေသည်။ ခွန်မှိုင်းက ထိုငွေပြားလိပ်ကိုဖြန့်လိုက်ပြီးနောက် ရေးသားထားသည့်စာများကို အသံထွက်ပြီး ဦးစက္ကကြားရအောင်ဖတ်ပြလိုက်သည်။

"မိန်းကွတ်မြို့အနောက်ဘက်၊ ပင့်ကူတောင်ခြေတွင် စော်ဘွားမင်းအရင်လှူသည်၊ အလွန်အရည်အသွေးကောင်းသည့် မကိုဋ်ပတ္တမြားနှင့်အတူတကွ ရတနာပေါင်းစုံဌာပနာထားသည်"

ခွန်မှိုင်းက စာကိုဖတ်ရင်း မျက်မှောင်ကြုတ်သွားသေးသည်။ ထိုအရာကို ဦးစက္ကမြင်သော်လည်း မသိကျိုးကျွန်ပြုနေလိုက်သည်။

"အဲဒါဆို မိန်းကွတ်ဆိုတာ ဘယ်အရပ်ကိုခေါ်တာလဲ"

"မိန်းကွတ်ဆိုတာ ဗမာအခေါ် မိုးချုပ်လို့ခေါ်တဲ့ ပတ္တမြားထွက်တဲ့ မိုးကုတ်မြို့ကိုခေါ်တာ၊ ပင့်ကူတောင်ဆိုတာ အဲဒီမိုးကုတ်မြို့ပတ်လည်မှာရှိတဲ့ တောင်တစ်လုံးပဲ"

"နေပါအုံး၊ ဘာလို့မိန်းကွတ်လို့ခေါ်တာလဲ"

"ရှမ်းလို မိန်းဆိုတာက မြို့၊ ကွတ်ဆိုတာက ကွေ့ကောက်တယ်လို့အဓိပ္ပါယ်ရတယ်၊ အဲဒီမြို့ကို ကွေ့ကွေ့ကောက်ကောက်တောင်ကြောပေါ်မှတည်ထားလို့ အဲဒီနာမည်ဖြစ်တာနေမှာပါ၊ ဒါ့အပြင် အခြားနာမည်တွေလဲရှိသေးတယ်၊ အချို့ကလဲ မိန်းကုလို့ခေါ်တယ်။ မိန်းဆိုတာကမြို့၊ ကုဆိုတာက ခမောက်၊ အဲဒီမြို့ကတောင်တွေအလယ်မှာရှိလို့ ခမောက်ပက်လက်လှန်ထားသလို ချိုင့်ထဲမှာတည်ရှိနေလို့ခေါ်ကြတာပေါ့လေ"

ဦးစက္ကက ခေါင်းတညိတ်ညိတ်နှင့်

"အင်း၊ ဒါကြောင့်လဲ မင်းကိုငါအားကိုးတာပဲခွန်မှိုင်း၊ ဒီတစ်ခါတော့ အဲဒီနေရာကိုမင်းလိုက်ကိုလိုက်ရမယ်"

"လိုက်မှာပါ ဆရာကြီး"

"ဒါနဲ့ ဘာလို့ဗမာတွေက မိုးချုပ်လို့ခေါ်တာလဲ"

"မြို့က တောင်တွေအလယ်မှာရှိတော့ မိုးစောစောချုပ်လို့ မိုးချုပ်လို့ခေါ်ကြတာတဲ့၊ နောက်ပြီး မိန်းကုတို့၊ မိန်းကွတ်တို့ကို လိုက်ခေါ်ရင်း မပီတာလဲ ပါမှာပေါ့"

"ကောင်းပြီခွန်မှိုင်း၊ မင်းလဲပြင်ဆင်စရာရှိတာပြင်ဆင်ထားဖို့ ငွေ တစ်ဆယ်ယူသွား၊ ငါတို့ဒီဆောင်းတွင်းကုန်လို့ နွေဦးပေါက်ရင် အဲဒီသိုက်ကိုသွားတူးကြရအောင်ကွာ"

ခွန်မှိုင်းလဲ ဦးစက္ကပေးသည့် ငွေတစ်ဆယ်ကိုယူကာ ဦးစက္ကကိုကန်တော့လျှက် ပြန်လာခဲ့တော့သည်။ ထိုတော့မှ ဦးစက္ကမယားများက သူ့နားပြန်လာကပ်ကြသည်။

"အဲဒီလူက တော်တော်ကြောက်ဖို့ကောင်းတာပဲနော်၊ ဒါပေမယ့် သူတစ်ခုခုလုပ်ထားလို့ ချောနေတာနေမယ်"

ဦးစက္ကက ခပ်ထေ့ထေ့ပြုံးလိုက်ပြီးနောက်

"အဲဒါပညာလို့ခေါ်တယ်ဟဲ့၊ ခွန်မှိုင်းက မိုးမိတ်နယ်က အောက်လမ်းဆရာတစ်ယောက်ပဲ၊ သူက အောက်လမ်းပညာကိုတော်တော်ခရီးပေါက်နေတဲ့သူ၊ နှယ်နှယ်ရရတော့မဟုတ်ဘူးနော်"

"ဒါဖြင့်ရင်လဲ သူ့မျက်နှာက ဘာဖြစ်သွားလို့ အဲဒီလိုပုံကြီးဖြစ်နေရတာလဲ"

"မြန်မာပြည်အလယ်ပိုင်းမှာ မင်းပုန်းတောင်သခင်မစောင့်တဲ့သိုက်တစ်ခုရှိတယ်၊ ဘယ်သူမှ အဲဒီသိုက်ကိုတူးလို့မရသေးဘူးလို့ပြောတယ်၊ အဲဒီသိုက်ကိုတူးရင်း ခွန်မှိုင်းတို့ရှမ်းအဖွဲ့လဲ ပျက်စီးခဲ့တာပေါ့၊ သူသာကံကောင်းလို့ လွတ်လာခဲ့တာလေ"

"ဒါဆိုမင်းပုန်းတောင်သခင်မက တော်တော်စွမ်းတာပေါ့နော်၊ ဒါထက် ဒီကဦးစက္ကကြီးရော အဲဒီသိုက်ကို မတူးဘူးလားတော့"

ဦးစက္ကက ပြုံးနေသည်။

"တူးလို့မရတာတော့မဟုတ်ဘူး၊ တူးလို့တော့ရတယ်၊ ဒါပေမယ့် သူက တခြားသိုက်တွေလိုမဟုတ်တဲ့အတွက် တူးဖို့အတွက်ပြင်ဆင်ရသေးတယ်လေ၊ စိတ်ချပါ၊ တစ်နေ့မင်းပုန်းတောင်သိုက်ကိုလဲ ငါရအောင်တူးပြမယ်"

(၃)

နွေဦးရောက်ခဲ့ပြီ၊ တပေါင်းလမို့ မန္တလေးတွင် အလွန်ပူပြင်းနေသော်လည်း မိုးကုတ်မြို့သို့ရောက်သည့်အခါ သိပ်ပြီးမပူတော့ပေ။ သိုက်တူးကြသော်လည်း လူမသိအောင်ရုပ်ဖျက်သွားရသောကြောင့် ဦးစက္ကက ထုံးစံအတိုင်း ပိုးခေါင်းပေါင်းကြီးဝတ်ဆင်ကာ နှုတ်ခမ်းမွှေးကားကားနှင့် ရတနာကုန်သည်အဖြစ်လည်းကောင်း၊ ခွန်မှိုင်းကလဲ ရှမ်းဝတ်စုံအနက်ဝတ်ကာ ကျောက်ရောင်းသူယောင်ယောင် ရုပ်ဖျက်ထားကြသည်။ သူတို့အဖွဲ့က လူဆယ်ယောက်ခန့်ရှိပြီး ပစ္စည်းများကိုတော့ ဝန်တင်လားများဖြင့်တင်ဆောင်လာကြကာ ကုန်သည်အဖွဲ့အဖြစ်ရုပ်ဖျက်ထားကြသည်။

"အင်္ဂလိပ်အစိုးရက အရင်ကတော့ ပတ္တမြားခရိုင်ဆိုပြီးတော့ ခရိုင်အသစ်တစ်ခုဖွင့်ထားတာ၊ ဒီနှစ်မှ ပတ္တမြားခရိုင် ကိုဖျက်သိမ်းပြီး ကသာခရိုင်နဲ့ပေါင်းလိုက်တော့ အခုက နယ်ပိုင်အုပ်ချုပ်တဲ့ မိုးကုတ်နယ်ဆိုပြီးဖြစ်သွားတော့တာပါပဲ"

ခွန်မှိုင်းကရှင်းပြရင်း ရှေ့မှဦးဆောင်သွားသည်။ ဦးစက္ကတို့လဲ အနောက်မှ လိုက်လာကြသည်။ မြို့လယ်တွင် တရုတ်လူမျိုးများဖွင့်သည့် စားတဲကြီးများရှိသည်။ အောက်ထပ်တွင် စားသောက်ဆိုင်ဖြစ်ကာ အပေါ်ထပ်တွင်တော့ လူနေနိုင်သည့် အခန်းကြီးများဖွဲ့ထားသည်။ ခရီးသွားများမှာ ထိုအခန်းများအတွင်းကိုယ့်အဖွဲ့နှင့်ကိုယ် သီးသန့်ငှားရမ်းနေထိုင်နိုင်သည်ဖြစ်ရာ ဦးစက္ကတို့လဲ ထိုတွင်သာ ငှားနေဖြစ်လိုက်သည်။

နောက်တစ်နေ့တော့ ပင့်ကူတောင်ဘက်သို့ ဦးစက္ကတို့ စနည်းနာထွက်ကြသည်။ တောင်ပေါ်တွင် စေတီပုထိုးများစွာရှိသည့်အနက် ခွန်မှိုင်း၏ သိုက်စာနှင့်တိုက်ဆိုင်စစ်ဆေးသည့်အခါတွင် ထိုစေတီများမဟုတ်ပေ၊ နောက်ဆုံးလိုက်ရှာရင်း တောင်ခြေတောအုပ်တွင်းရှိ ကုန်းမို့မို့ကြီးဆီသို့ရောက်လာခဲ့သည်။ ထိုကုန်းကိုအနည်းငယ်တူးဆွကြည့်ရာ အောက်တွင် ကျောက်စီသရိုးများပေါ်ပေါက်လာသဖြင့် ထိုနေရာသည် စေတီပျက်တစ်ခုဖြစ်နိုင်ကြောင်းကို ခန့်မှန်းမိလိုက်သည်။

ထို့နေ့ညတော့ အလုပ်မစသေးဘဲ ပြင်ဆင်စရာရှိတာများသာပြင်ဆင်ကြသည်။ အားလုံးက လုပ်ငန်းလုပ်ကိုင်ဖူးသူများမို့ ဦးစက္ကပင်ဘာမှထွေထွေထူးထူးပြောစရာပင်မလိုပေ။ ယနေ့ညတွင်မှ လုပ်ငန်းစမည်ဖြစ်သောကြောင့် နေ့ခင်းပိုင်းအချိန်ရသည်ဖြစ်ရာ ဦးစက္ကတို့အဖွဲ့လဲ စားတဲကြီးထဲတွင်သာ အချိန်ဖြုန်းနေကြတော့သည်။

စားတဲကြီးထဲတွင် ခွန်မှိုင်းနှင့် ဦးစက္ကတို့က စားပွဲတစ်ဝိုင်းတွင်ထိုင်နေရင်း စကားစမြည်ပြောဆိုနေကြသည်။ ရာသီဥတုက ပူသော်လည်း နေရအဆင်ပြေသည်။

"ဒါနဲ့နေပါအုံးခွန်မှိုင်းရဲ့ မကိုဋ်ပတ္တမြားဆိုတာ ဘာကိုပြောတာလဲ"

"အင်း၊ ကျုပ်လဲမမြင်ဖူးဘူးဗျ၊ စာထဲပေထဲပြောစကားအရတော့ ဘဲဥပုံရှိပြီး အဲဒီပတ္တမြားကြီးထဲမှာ ကြယ်ပုံပေါ်နေတဲ့ ပတ္တမြားကိုဆိုလိုတာ"

"ဟုတ်လား၊ ကျုပ်တော့ရတနာတွေ ကြားလဲကြားဖူးတယ်၊ မြင်လဲတော်တော်များများမြင်ဖူးပေမယ့် မင်းပြောတဲ့ ကြယ်ပုံကိုတော့ မမြင်ဖူးသေးဘူးကွ"

"အဲဒီပတ္တမြားက ရှားမှရှားဆိုပဲဗျာ၊ သူကကြည်လင်နေပြီး အနီရောင်တောက်ပနေတယ်၊ ကျောက်သွေးသမားက ဘဲဥပုံဖြစ်အောင်သွေးလိုက်တဲ့အခါ အထဲမှာ ကြယ်ပုံအရိပ်ပေါ်လာတော့တာပဲဗျ"

"အဲဒါကို မကိုဋ်မှာတပ်တယ်ဆိုတော့ ထူးခြားလို့လား"

ခွန်မှိုင်းက ဟိုကြည့်ဒီကြည့် ကြည့်လိုက်သေးသည်။

"ထူးခြားတဲ့ ဂမ္ဘီရအစွမ်းတွေရှိတယ်လို့ ယူဆကြတယ်၊ ရှေးခေတ်က ကျောက်ကောင်းရင် စော်ဘွားတွေက သိမ်းယူတာမို့လို့ စော်ဘွားတွေလက်ထဲသာရှိတာပေါ့၊ အဲဒီကျောက်ကိုပန်ဆင်ထားရင် ခေါင်းကိုက်တာတို့၊ ခေါင်းမူးတာတို့မဖြစ်ဘူးတဲ့ဗျ၊ နောက်ပြီး သူများပြုစားလို့လဲမရသလို၊ အဲဒီကျောက်ပန်ထားတဲ့အချိန် ကိုယ့်ရန်သူကိုကြည့်ရင် ဘယ်လောက်ဘုန်းကံရှိရှိ ကိုယ့်ထက်ဘုန်းကံနိမ့်သွားတယ်လို့ ပြောစမှတ်ရှိကြတယ်၊ နောက်ပြီး နှလုံးရောဂါတို့၊ သွေးနဲ့ဆိုင်တဲ့ရောဂါ၊ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေကို ကုသပေးနိုင်သလို မဖြစ်အောင်လဲတားဆီးပေးနိုင်သတဲ့။ အဲဒီကျောက်ဝတ်ထားရင် ခေါင်းကြည်ပြီး အတွေးအခေါ်အကြံဉာဏ်ကောင်းတွေဖြစ်ပေါ်တယ်လို့အယူရှိတယ်"

ခွန်မှိုင်းကပြောလိုက်ပြီး ရေနွေးတစ်ခွက် ကောက်သောက်လိုက်သေးသည်။

"ဒါကြောင့်လဲ စော်ဘွားကြီးတွေက သူတို့ခေါင်းမှာဆောင်းတဲ့ မကိုဋ်ရဲ့ နဖူးနေရာမှာ အဲဒီကျောက်တွေကို မြှုပ်နှံထည့်သွင်းထားတတ်ကြသတဲ့ ဆရာကြီးရဲ့"

"အင်း၊ ဒါ့ကြောင့်လဲ ထူးဆန်းနေတာကိုး၊ ဘာပဲဖြစ်ဖြစ်ကွာ မင်းပြောမှပဲ ငါလဲအဲဒီကျောက်ကြီးကို မြင်လဲမြင်ချင်တယ်၊ လိုလဲလိုချင်လာတယ်ကွာ"

ခွန်မှိုင်းက ရယ်မောလိုက်လေသည်။

"မပူပါနဲ့ဆရာကြီးရဲ့၊ မနက်ဖြန်ဆိုအကြံအစည်တွေ အထမြောက်မှာပါ ဟဲ . .ဟဲ"

ထို့နောက် သူတို့နှစ်ဦး ကိုယ့်အတွေးနှင့်ကိုယ်နေကြစဉ် ခွန်မှိုင်းက ကောက်ရပ်လိုက်သဖြင့်

"ဟေ့၊ ဘယ်သွားမလို့လဲကွ"

"ဒီမြို့မှာရှိတဲ့ အမျိုးတွေနဲ့ ခဏတွေ့ချင်သေးလို့ပါ ဆရာကြီးရဲ့"

ခွန်မှိုင်းထွက်သွားတာ ကြာလှပြီဖြစ်သည်။ နေက အဝင်မြန်သည်။ တောင်စွယ်မှ နေကွယ်သွားသည်နှင့် မြို့ကလေးမှာ မိုးချုပ်သွားတော့သည်။ ယခုအချိန် မန္တလေးတွင်ဆို နေကပူကောင်းနေတုန်းဖြစ်သော်လည်း မိုးကုတ်မြို့ကလေးကတော့ မိုးချုပ်မြို့ဟု အမည်တွင်လောက်အောင်ကို မိုးချုပ်တာစောနေခဲ့သည်။ ခွန်မှိုင်းပြန်မလာသဖြင့် ဦးစက္ကမှာ ဖင်တကြွကြွဖြစ်နေပြီဖြစ်သည်။ နေရာကလဲ ခွန်မှိုင်းသာ လမ်းပြတတ်သည်မဟုတ်ပါလား။ အတော်မိုးချုပ်မှ ခွန်မှိုင်းပြန်ရောက်လာသည်။

"မင်းကွာ၊ ငါမှာထားလျက်သားနဲ့ နောက်ကျလိုက်တာ"

"အမျိုးတွေက ထမင်းအတင်းကျွေးနေလို့ပါ ဆရာကြီးရဲ့၊ အသင့်ဖြစ်ရင် သွားကြတော့မလား"

ထို့နောက်ခွန်မှိုင်းကဦးဆောင်ပြီး ဦးစက္ကတို့သိုက်တူးအဖွဲ့မှာ စားတဲကြီးအတွင်းမှ ထွက်ခွာလာခဲ့ကြသည်။

နွေရာသီဖြစ်သော်လည်း တောတောင်ရိပ်ကြောင့် ချမ်းစိမ့်နေသည်။ တောကြီးက တိတ်ဆိတ်နေကာ သစ်ပင်များအချင်းချင်းပုတ်ခတ်သံ၊ သစ်ရွက်များလေတိုးသံနှင့် တစ်ခါတစ်ရံအော်မြည်တတ်သော သားကောင်များ၏ အသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အလုပ်လုပ်မည့်နေရာသို့ရောက်သောအခါ ဦးစက္က၏ တပည့်များက နေရာပတ်ပတ်လည်ကို ကညင်ဆီမီးတိုင်ကြီးများစိုက်ထူလိုက်ကြပြီးနောက် ထိုမီးတိုင်ကြီးများအားပတ်၍ ကြိုးသုံးချောင်းကို အဝိုင်းပုံစံပတ်ကာ စည်းဝိုင်းတစ်ခုအဖြစ်ဖန်တီးလိုက်ကြသည်။ နောက်တပည့်များကတော့ကန်တော့ပွဲများ၊ လက်ဖက်ပွဲများ၊ အရက်နှင့်ကြက်ပွဲများကိုပြင်ဆင်လိုက်ပြီး တရုတ်အမွှေးတိုင်နှင့် ဖယောင်းတိုင်များကိုလဲ ထွန်းညှိလိုက်ကြသည်။ ကြေးဖြင့်ပြုလုပ်ထားသည့် မီးခွက်ကြီးထဲတွင် မီးကျီးခဲများကိုထည့်လိုက်ကြပြီးနောက် နံ့သာမှုန့်များကိုဖြူးလိုက်ရာ မီးခိုးများလဲ အူထွက်လာလေသည်။ ပြီးနောက်မြေပြင်တွင် မီးပုံကြီးတစ်ပုံကိုလဲ ဖိုလိုက်ကြသည်။

ထို့နောက် ဦးစက္ကနောက်တွင် တပည့်များက တန်းစီလိုက်ကာ ဦးစက္ကကတော့ အမျိုးစုံရွတ်ဖတ်နေသည်။ ရွတ်ဖတ်ပြီးသော် အရက်ပုလင်းကိုယူလိုက်ပြီးနောက် မန်းမှုတ်ကာ သူတို့တူးမည့်ကိရိယာများပေါ်သို့ အရက်များဖြန်းပက်လိုက်တော့သည်။

"အားလုံးကိုနောက်တစ်ခေါက်ထပ်မှာမယ်၊ ဘယ်လိုအတားအဆီးပဲရှိရှိမကြောက်ကြပါနဲ့၊ မလန့်ကြပါနဲ့၊ ဒီစည်းဝိုင်းထဲမှာ ခင်ဗျားတို့နေသရွေ့ဘာမှမဖြစ်ဘူး၊ ကျုပ်တစ်ယောက်လုံးရှိတယ်"

တပည့်များအားလုံး ခေါင်းညိတ်လိုက်ကြသည်။ ဦးစက္ကက ညာဘက်လက်ကိုမြှောက်ပြပြီး အချက်ပြလိုက်ရာတွင်တော့ တပည့်များက စတင်ပြီးတူးဖော်ကြလေသည်။ ရှေးဘုရားများမှာ ယခုခေတ်ဘုရားများကဲ့သို့ ဌာပနာတိုက်ကိုအပေါ်တွင်မထားကြဘဲ မြေအောက်တွင်းတူးဖော်ကာ မြှုပ်နှံတတ်ကြသည်မို့ မြေအောက်သို့သာတူးဖော်ကြသည်။

ထိုစဉ်

"ဝေါ . .ဝေါ . . ဝေါ"

တောင်ကြားထဲမှ ရေလှိုင်းလုံးကြီးများက သူတို့ဆီသို့ပြေးလာနေကြသည်။ ရေလှိုင်းလုံးကြီးများမှာ သူတို့တစ်ခါမှမမြင်ဖူးလောက်အောင်ကို ကြီးမားကြမ်းတမ်းပြီး အသံများအော်မြည်သံကလဲ ကမ္ဘာပျက်လုမတတ် ကြောက်စရာကြီးဖြစ်သည်။ သို့သော် သိုက်တူးသမားများမှာ အကြောင်းသိနေပြီမို့မကြောက်ရွံ့ကြပေ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေကြသည်။ ထိုရေလှိုင်းလုံးကြီးများသည် အဝေးမှမြင်ရပြီး အနားသို့ရောက်သည့်အခါတွင်တော့ ပျောက်ကွယ်သွားလေသည်။

"ဒါကသိုက်စောင့်တွေရဲ့ ပထမဆုံးခြောက်လှန့်ခြင်းပဲဟေ့၊ အားလုံးသတိထားကြနော်"

ဦးစက္ကထိုသို့အော်ဟစ်သတိပေးလိုက်စဉ်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းနို့ကြီးများက အုပ်ဖွဲ့ပျံသန်းလာကြပြီးနောက် သူတို့ခေါင်းပေါ်တွင် ရစ်ဖွဲ့ပျံသန်းနေကြကာ နောက်ဆုံးအလုံးကြီးတစ်ခုအဖြစ်သို့ဖြစ်သွားကြပြီး ထိုအလုံးကြီးအတွင်းလင်းနို့များအကောင်ပေါင်း သိန်းနှင့်ချီပြီးပျံသန်းနေကြသည်။ တောင်ပံရိုက်သံများနှင့် လင်းနို့အော်သံများက နားမခံသာအောင်ဆူညံနေကြသည်။

ထို့နောက်တွင်မူ မြေပြင်ကြီးသည်ရေလှိုင်းများကဲ့သို့လှိုင်းထလာပြီးနောက် လှုပ်ယမ်းနေတော့သည်။ ဦးစက္ကနှင့်တပည့်များလဲ ကျောက်ပြင်တွင်ဆေးမြစ်တစ်ခုကိုသွေးလိုက်ပြီးနောက် မျက်လုံးများကိုကွင်းထားကြပြီး လုပ်စရာရှိသည်များကိုသာဆက်လုပ်နေကြသည်။

"ဒုတ် . . "

"ဆရာကြီး ဌာပနာတိုက်ပွင့်ပြီထင်တယ်"

သူတို့ထင်သည့်အတိုင်းပင် ကျောက်ဖျာကြီးတစ်ချပ်ကိုဖွင့်လိုက်ရာ ဌာပနာတိုက်ပွင့်သွားသည်။ လူတစ်ရပ်ခန့်နက်သည့် ကျင်းကြီးအတွင်းဝယ် ဆင်းတုတော်များနှင့် အမျိုးမျိုးသောရတနာများကို အိုးများနှင့်ထည့်ကာ စီမံထားလေသည်။ သူ့တပည့်တွေလဲ ထုံးစံအတိုင်း ပစ္စည်းများကို သေတ္တာကြီးများအတွင်းသို့ထိုးထည့်နေသည့်အခါ ခွန်မှိုင်းက ထိုဌာပနာတိုက်ထဲသို့ ခုန်ဆင်းသွားလေသည်။ အတန်ကြာမှ မကိုဋ်ကြီးတစ်ခုကို ကောက်ယူလာသည်။ ထိုမကိုဋ်မှာရွှေဖြင့်ပြုလုပ်ထားပြီးနောက် ကျောက်များဖြင့်စီခြယ်ကာ အလှဆင်ထားသည်။ ခွန်မှိုင်းလဲ ဦးစက္ကကို ထိုမကိုဋ်ကြီးအား လှမ်းပေးလိုက်သည်။

ဦးစက္ကက မကိုဋ်ကိုယူပြီး အမြန်ကြည့်လိုက်သည်။ သို့သော် သူထင်ထားသလို မကိုဋ်နဖူးတွင် ပတ္တမြားကြီးမရှိ။ သို့သော် ပတ္တမြားတပ်ဆင်ထားသည့် နေရာတော့တွေ့ရသည်။

"ဘာလဲ၊ ပတ္တမြားဘယ်ရောက်သွားတာလဲ"

ဦးစက္ကရေရွတ်လိုက်စဉ် ခွန်မှိုင်းမရှိတော့။ သူ့တပည့်များကလဲ ရတနာများကိုသာ အာရုံရောက်နေကြသည်မို့ ခွန်မှိုင်းကိုသတိမထားမိလိုက်ကြပေ။

"ခွန်မှိုင်း . . ခွန်မှိုင်း မင်းငါ့ကိုဒီလိုလုပ်လို့ရမယ်လို့ထင်နေတာလား"

ခွန်မှိုင်းကတော့ ပတ္တမြားကြီးကိုလွယ်အိတ်ထဲထည့်လျှက် တောအုပ်အတွင်းသို့ တစ်ယောက်တည်းဝင်ရောက်ထွက်ပြေးသွာတော့သည်။

"ဟား . .ဟား . . ဟား"

အတွင်းမှစည်းပေါက်သွားပြီမို့ ဦးစက္ကနှင့်တပည့်များအားလုံး ကြောက်လန့်သွားကြသည်။ သူတို့ပတ်ပတ်လည်တွင်လဲ ကျယ်လောင်သည့် ရယ်မောသံကြီးများကို ကြားနေရသည်။

အပိုင်း (၂)တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်


#LTY_အဂ္ဂဇော်
#ဉာဏ်ကောင်း
#အတွေး
#မာန
#ရတနာ

Some text some message..