………
အပိုင်း (၈)
(ဇာတ်သိမ်း)
……….
‘အနိုင်အရှုံး’
…...…
အသူရာမင်း ဝေပစိတ္တိသည် သိကြားမင်းဦးမာဃကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ၏ လက်ထဲတွင် သံမဏိ တင်းပုတ်ကြီးကို တင်းနေအောင် ဆုပ်ကိုင်ထား၏။ သူ့တကိုယ်လုံးရှိ အကြောများ ကြွက်သားကြီးများသည် အမြှောင်းလိုက် ထောင်ထနေကြသည်။ သူ၏ မျက်လုံးများတွင် အမုန်းတရားများနှင့် ပြည့်နေလေသည်။
‘သိကြားမင်း ဦးမာဃ’
ကောင်းကင်ပြင်တွင် မိုးခြိမ်းသံ လျှပ်ပြက်သံများ ဆူညံနေသည့်ကြားမှ ဝေပစိတ္တိသည် အသံနက်ကြီးနှင့် ကြုံး၀ါးလိုက်သည်။
‘အသင်ဟာ ငါ့ရဲ့ ဘ၀ကို ဖျက်ဆီးသူဖြစ်တယ်။ ငါ့သမီးတော် သုဇိတာကို ငါ့ရင်ခွင်ကနေ ခိုးယူသွားခဲ့တယ်။ သင့်ပယောဂကြောင့် ငါ့အချစ်ဆုံး မိဖုရားကြီး သေရတယ်’
ဦးမာဃသည် တည်ငြိမ်စွာနှင့် ပြန်လည် ရင်ဆိုင်ခဲ့သည်။
‘ဝေပစိတ္တိ။ အသင့်မိဖုရားကြီးကို ကျွန်ုပ် သတ်ခဲ့ခြင်းမဟုတ်။ အသင့်သမီးတော်ဟာလည်း သူ့ဆန္ဒအတိုင်း ကျွန်ုပ်နောက် လိုက်ခဲ့ခြင်းဖြစ်သဖြင့် သူ့ကို ကျွန်ုပ် ခိုးယူခဲ့ခြင်းမဟုတ်။ အသင့် စွပ်စွဲချက်များအားလုံးဟာ အသင့်ရဲ့ ဒေါသအမိုက်မှောင်ကနေ ပေါက်ဖွားလာတာဖြစ်လို့ အခြေအမြစ်ရှိတယ်လို့ ကျွန်ုပ်မယူဆချေ’
သိကြားမင်း၏ စကားကို ကြားလျှင် ဝေပစိတ္တိသည် ပိုပြီး အမျက်ချောင်းချောင်းထလျက် သံတင်းပုတ်ကြီးကို ကိုင်စွဲကာ ရှေ့သို့ပြေးတက်လေသည်။ ဦးမာဃသည် လက်စွဲတော် ၀ရဇိန်လက်နက်ကြီးကို ကိုင်မြှောက်ပြီး အသူရာမင်းကြီး၏ ရင်၀တည့်တည့်ဆီသို့ မိုးကြိုးသွားကို ပစ်လွှတ်လေ၏။
‘အုန်း’
ဝေပစိတ္တိသည် သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာသော မိုးကြိုးသွားကို သံမဏိတင်းပုတ်ကြီးနှင့် အားကုန် ရိုက်ထုတ်လိုက်သည်။
‘ဂျိန်း’
ယူဇနာတစ်သောင်းတိုင် ကျယ်လောင်သော ထစ်ချုန်းသံကြီး ပြန့်နှံ့သွားသည်။ မိုးကြိုးသွားသည် ဝေပစိတ္တိ၏ ရင်၀ကို မထိမှန်ခဲ့။ အသူရာမင်း၏ လက်ထဲမှ တင်းပုတ်ကြီး လွင့်စင်ထွက်သွားခဲ့၏။ သိကြားမင်းသည် သူ့ဆီသို့ တရကြမ်းတိုး၀င်လာသော ဝေပစိတ္တိကို စေ့စေ့ကြည့်လျက် လက်ထဲမှ ၀ရဇိန်လက်နက်ကို ဦးခေါင်းပေါ်သို့ ကိုင်မြှောက်လိုက်သည်။ ကောင်းကင်တခွင်လုံးမှ လျှပ်ပန်းလျှပ်နွယ်များသည် ၀ရဇိန်လက်နက်ထဲသို့ တရစပ်စီး၀င်လာကြလေသည်။ သို့သော် ဦးမာဃ နောက်တကြိမ် မိုးကြိုးစက် မပစ်လွှတ်နိုင်ခင် ဝေပစိတ္တိသည် ဦးမာဃကို လက်ဗလာနှင့် ခွန်အားသုံးပြီး အတင်း၀င်လုံးလိုက်လေသည်။
နတ်မင်းကြီးနှစ်ပါးသည် မြေပြင်ပေါ်သို့ ထွေးလုံးပြီး လဲကျသွားကြသည်။ ဝေပစိတ္တိသည် ၃၁ ဘုံတွင် အားအကြီးဆုံးသော နတ်ဘီလူးကြီးများကိုပင် နိုင်အောင် လုံးထွေးသတ်ပုတ်နိုင်သူဖြစ်၏။ ယခုအခါ အသူရာမင်းသည် တာ၀တိံသာကို အစိုးရသည့် သိကြားမင်းကို အပေါ်မှ အုပ်စီးကာ သိကြားမင်း၏ ဦးခေါင်းကို စိစိညက်ညက်ကြေသွားစေရန် သူ၏ ကြီးမားလှသော လက်သီးဆုပ်ကြီးများနှင့် ထုချေရန် ချိန်ရွယ်လိုက်လေသည်။
ထိုစဥ်မှာပင် ထက်အာကာတခွင်လုံးတွင် လျှပ်စီးများသည် တဖြန်းဖြန်းလက်လာကြပြီး စကြ၀ဠာကြီးတစ်ခုလုံးသည် တုန်ခါမြည်ဟည်းလာလေတော့သည်။ အမှန်တော့ ဝေပစိတ္တိသည် အသူရာနတ်တပါးသာဖြစ်လေသည်။ အသူရာနတ်များသည် အပယ်ခံနတ်များဖြစ်ကြ၏။ ဝေပစိတ္တိ ဦးဆောင်လာသော အသူရာတပ်ကြီးသည်လည်း အဓိကအားဖြင့် လောကန္တရိတ် အသူရာများနှင့် ဖွဲ့စည်းထားသော တပ်ကြီး ဖြစ်လေသည်။ လောကန္တရိတ် ငရဲသားများသည် ဤစကြ၀ဠာတွင် နေခွင့်မရှိသူများဖြစ်ကြသည်။ ဤစကြ၀ဠာသာမက အနန္တစကြ၀ဠာ အလုံးစုံတွင် ထို အသူရာများအတွက် နေရာမရှိချေ။
သိကြားမင်းသည် တရားသဖြင့် စီရင်အုပ်ချုပ်သော မင်းကောင်းမင်းမြတ်ဖြစ်၏။ စကြ၀ဠာ၏ လောကသုံးပါး၏ ဓမ္မတရားများကို လေးစားလိုက်နာသူဖြစ်၏။ ထိုသို့သော ပုဂ္ဂိုလ်မျိုးကို လောကသုံးပါးကလည်း ပြန်လည် စောင့်ရှောက်တတ်လေသည်။ သေရည်သေရက် သောက်စားမူးယစ်ပြီး အာဃာတအငြိုးတရားများနှင့်သာ အချိန်ကုန်တတ်သည့် ဝေပစိတ္တိကဲ့သို့သော နတ်မျိုးကို စကြ၀ဠာကြီးထဲရှိ မည်သို့သော စွမ်းအင်မျိုးကမှ စောင့်ရှောက်ပေးလိမ့်မည် မဟုတ်ပါချေ။
အသူရာနတ်များသည် စကြ၀ဠာတွင် နေရာမရသူများသာ ဖြစ်လေတော့သည်။ သူတို့သည် နေ့စံ ညခံရသည်။ မြင်းမိုရ်တောင်ခြေတွင် ပုန်းခိုနေထိုင်ကြရသည်။ စကြ၀ဠာတံတိုင်းကြီးများတွင် လင်းနို့များသဖွယ် အဆုံးအစမရှိသော အမှောင်တိုက်ကြီးများထဲ၌ ကမ္ဘာပေါင်းများစွာတိုင်အောင် ၀ဋ်ခံကြရသည်။ ထိုသို့သော အသူရာနတ်များ၏ အရှင်သခင်က တရားစောင့်သော သိကြားမင်းကို ချေမှုန်းမည်ပြုသောအခါ စကြ၀ဠာကြီးသည် ဤအတိုင်း လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ - ဝေပစိတ္တိ၏ ဦးခေါင်း တည့်တည့်ဆီသို့ မိုးကြိုးသွားများကို အကြိမ်ပေါင်းများစွာ တဂျိန်းဂျိန်း ပစ်ချလိုက်လေတော့သည်။
စစ်မြေပြင်တခွင်လုံး ငြိမ်သက်သွားကြ၏။ အနိုင်အရှုံး အဖြေပေါ်သွားခဲ့လေပြီ။ အသူရာနတ်မင်းကြီးသည် ယခုအခါ မြေပြင်ပေါ်တွင် စန့်စန့်ကြီးလဲကျလျက်ရှိလေတော့သည်။ လောကန္တရိတ် ငရဲသားများသည် မိုးကြိုးလျှပ်စီးများနှင့် ပြည့်နေသော ကောင်းကင်ပြင်ကြီးကို ထိတ်လန့်တကြား မော့ကြည့်နေကြလေသည်။ သူတို့ကို ဤလောကကြီးတခုလုံးက အလိုမရှိမှန်း နားလည်သွားကြသလိုပင်။ သူတို့အတွက် အနိုင်ဟူသည် ဘယ်သောအခါမျှ ရှိတော့မည် မဟုတ်ကြောင်းကို အသူရာနတ်များ လက်ခံသွားကြတော့သည်။
သိကြားမင်းဦးမာဃသည် လဲကျနေရာမှ ပြန်လည်ထလာပြီး -
‘လောကန္တရိတ် အသူရာအပေါင်းတို့။ သင်တို့ လာခဲ့တဲ့အရပ်ကို အခုချက်ချင်း ပြန်ကြစေ’
စစ်မြေပြင်နှင့် မလှမ်းမကမ်းတွင် စေတမန် နတ်သည် မလှုပ်မယှက်ရပ်ကြည့်နေသည်ကို သိကြားမင်း တွေ့လိုက်သည်။ သိကြားမင်းသည် စေတမန်ကို လက်ပြခေါ်လျှင် စေတမန်သည် သူ့အနားသို့ ရောက်ရှိလာလေသည်။
‘အသင်နတ်သား။ ဒီ လောကန္တရိတ် ငရဲသားများကို သင်ခေါ်ဆောင်လာခဲ့တဲ့လမ်းအတိုင်း စကြ၀ဠာ တံတိုင်းအပြင်ဘက်သို့ ပြန်ပို့စေ။ အဲဒီနောက် အသင့်ကို တာ၀တိံသာမှာ ကျွန်ုပ် ပြန်အလိုရှိတယ်’
စေတမန်သည် နားလည်ကြောင်း ခေါင်းညိတ်ပြကာ သိန်းဂဏန်းမျှ ကျန်ရှိသေးသည့် လောကန္တရိတ် အသူရာများကို မြေကသိုဏ်းအစွမ်းနှင့် စကြ၀ဠာတံတိုင်းအပြင်သို့ ပြန်လည်ပို့ဆောင်ပေးလိုက်တော့သည်။
ဦးမာဃသည် ကျန်ရှိသော အသူရာနတ်ဘီလူးများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ နတ်ဘီလူး မိဿကသည် မျက်နှာတွင် ဒဏ်ရာကြီးစွာရကာ လဲလျောင်းအနားယူလျက်ရှိ၏။
‘အသင် နတ်ဘီလူး။ အသင့်ရဲ့ သစ္စာရှိမှုကို ကျွန်ုပ် လေးစားပါတယ်။ ဒါပေမဲ့ အသင်တို့ အားလုံးကို ယခုတကြိမ်မှာတော့ အသူရာပြည်မှာ တစုတဝေးထဲ ကျွန်ုပ် မထားနိုင်ပေဘူး။ ဒါကြောင့် အသင်အပါအ၀င် ကျန်တဲ့ အသူရာတပ်ထဲက နတ်ဘီလူးများကို ငရဲကြီးရှစ်ထပ်သို့ ပို့ပြီး ငရဲထိန်းတာ၀န် ထမ်းဆောင်စေရလိမ့်မယ်’
မိဿကသည် မထီမဲ့မြင် အမူအရာနှင့် သိကြားမင်းကို ပြန်ကြည့်လိုက်သည်။
‘အရှင်သိကြားမင်း ပို့လိုလျှင် ကျွန်တော်မျိုးကို ငရဲကြီးရှစ်ထပ်မှာ အနက်ဆုံးဖြစ်တဲ့ အ၀ီစိသို့သာ ပို့ပါလေ’
ဟု မခန့်လေးစား ပြောဆိုလိုက်လေသည်။ သိကြားမင်းလည်း စေတမန်နတ်သား ပြန်ရောက်လာလျှင် မိဿက ကို အ၀ီစိငရဲသို့ ပို့လိုက်စေပြီး ကျန်သော နတ်ဘီလူးများကို ငရဲကြီးရှစ်ထပ်တွင် အသီးသီး နေရာခွဲကာ ငရဲထိန်းများအဖြစ် တာ၀န်ချထားလိုက်လေတော့သည်။ သိကြားမင်း၏နောက်တွင် မာတလိ နတ်သား ရောက်လာသည်ကို သတိထားမိလိုက်သည်။
‘အသင် မာတလိနတ်သား။ ဝေပစိတ္တိနတ်မင်းဟာ အသက်ရှင်နေသေးတယ်။ သူ့ကို သုဓမ္မာဇရပ်ကြီး ရှေ့မှာ လည်ပင်းကို သံကြိုးတချောင်း၊ ခြေလက်လေးချောင်းတို့မှာ သံကြိုးလေးချောင်း ချည်နှောင်ပြီး အချုပ်ထားစေ’
‘မှန်လှပါဘုရား။ တခုပဲ လျှောက်တင်ပါရစေ သိကြားမင်းဘုရား’
‘လျှောက်တင်စေ’
‘ဒီ အသူရာမင်းရဲ့ သမီးတော်၊ အရှင့်ရဲ့ မိဖုရား သုဇိတာ နတ်သမီးသာ သူ့ဖခင်ကို အချုပ်အနှောင်နဲ့ တွေ့ခဲ့ပါလျှင် မိဖုရား သုဇိတာ စိတ်မချမ်းမြေ့ ဖြစ်ရပါလိမ့်မယ် ဘုရား’
ဦးမာဃသည် လေးနက်စွာ စဥ်းစားလိုက်ပြီး -
‘အိမ်း အသင်ပြောတာ မှန်တယ်။ ဝေပစိတ္တိကို ကျွန်ုပ်ပြောသလို ချည်နှောင်ပြီး ချုပ်ထားလိုက်ပါ။ သူ့ရဲ့ ခန္ဓာနဲ့ အသံတို့ကို ဘယ်သူမှ မမြင် မကြားရအောင် ကျွန်ုပ်တန်ခိုးနဲ့ ဖုံးကွယ်ထားလိုက်ပါမယ်’
မာတလိနတ်သား အရိုအသေပြုပြီး အနားမှ ထွက်သွားကာ အမိန့်အတိုင်း ဆောင်ရွက်လေသည်။
သိကြားမင်းဦးမာဃသည် လေးလံသော ခြေလှမ်းများနှင့် ဝေဇယန္တာနန်းပြဿဒ်ကြီးဆီသို့ ပြန်လာခဲ့သည်။ သူသည် နတ်သားဘ၀ကို ရခါစက ငါးပါးသီလကို ခါး၀တ်ပုဆိုးကဲ့သို့ မြဲမြံခဲ့သည်။ သို့သော် နတ်တို့သနင်း သိကြားမင်းအဖြစ်သို့ ရောက်ပြီးသည်မှစပြီး စစ်ပွဲများတိုက်ရတိုင်း ရိုက်နှက် ထိုးခုတ် သတ်ပုတ်ရသဖြင့် ပါဏာတိပါတာကံကို အထိုက်အလျောက် ကျူးလွန်မိခဲ့လေသည်။ တိုင်းနိုင်ငံတစ်ခုကို အုပ်ချုပ်ရသော မင်းတို့မည်သည် စစ်ပွဲများကို ဆင်နွှဲရမည်ဖြစ်သည်။ တရားသော စစ်ပွဲအတွက် တိုက်ခိုက်ရခြင်းသည် အမှားတစ်ရပ်မဟုတ်သော်လည်း သူ၏ စိတ်နှလုံးကို ညစ်နွမ်းစေလေသည်။
ဦးမာဃ နန်းဆောင်သို့ ပြန်ရောက်လျှင် မိဖုရား သုဇိတာသည် ခရီးဦးကြိုပြုခဲ့သည်။ သိကြားမင်း မျက်နှာတော်မကောင်းသည်ကို မြင်သဖြင့် သုဇိတာသည် စကားမေးခြင်းမပြုဘဲ ၀တ်ကြီး၀တ်ငယ်သာ ပြုခဲ့၏။ သူမစိတ်ထဲတွင် ဖခမည်းတော်နှင့် ပတ်သက်ပြီး သိချင်လှသော်လည်း မမေးဖြစ်အောင် စိတ်ကို ထိန်းပြီး အချိန်အခါကောင်းကိုသာ စောင့်ဆိုင်းနေခဲ့မိလေသည်။
သိကြားမင်းသည် သလွန်စောင်းပေါ်ထိုင်ချလိုက်သည်။ သူသည် ခါတိုင်းထက်ပိုပြီး နွမ်းနယ်နေသည်။ စစ်ထွက် ချပ်၀တ်တန်ဆာများကို ချွတ်လိုက်လျှင် သူ၏ ကိုယ်ရောင်ကိုယ်၀ါသည် အရင်ကထက် မှေးမှိန်နေသည်ကို သတိပြုလိုက်မိ၏။ စိတ်ပူပန်စွာနှင့် လက်မောင်းနှစ်ဘက်ကို မြှောက်လိုက်လျှင် ချိုင်းကြားနှစ်ဘက်မှ ချွေးများ ယိုစီးနေသည်ကို တွေ့လိုက်ရလေသည်။
‘အလို ငါ သေတော့မှာပါလား’
နတ်သက်ကြွေမည့် ပုဗ္ဗနိမိတ်များကို မြင်လိုက်ရသဖြင့် သိကြားမင်း ဦးမာဃ အံ့သြတုန်လှုပ်သွားမိသည်။ သူ၏ နတ်သက်တမ်းမှာ ငယ်ရွယ်သေးသော်လည်း ရှေးဘ၀က အတိတ်ကံကြောင့် နတ်သက်တမ်းအပြည့် မနေရဘဲ စောစီးစွာ နတ်သက်ကြွေရပေတော့မည်။ သိကြားမင်းသည် အသူရာနှင့် စစ်ပွဲတွင် သူ ထိုးခုတ်သတ်ဖြတ်ခဲ့သော တဘက်ရန်သူများကို သတိရလာမိသည်။
‘ငါ ဒီအချိန် နတ်သက်ကြွေရင် ကောင်းရာသုဂတိ လားပါတော့မလား’
ဆောက်တည်ရာမရသော ဦးမာဃသည် သူ၏ တန်ခိုးနှင့် ၃၁ ဘုံတွင် အားကိုးရာကို လိုက်ရှာလေသည်။ ထိုစဥ်မှာပင် လူ့ပြည်လူ့ရွာတွင် သုံးလောကထွတ်ထား ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူနေသည်ကို သိကြားမင်း ၀မ်းသာအားရ သိမြင်လိုက်ရသည်။ သူသည် ချက်ချင်းပင် အချိန်မဆိုင်းတော့ဘဲ မိဖုရား သုဇိတာကို အသိပေးကာ သိန္ဓောနတ်သား မြင်းအသွင်ဖန်ဆင်းပြီး ဆွဲသည့် နတ်ရထားကို စီးလျက် လူ့ပြည်သို့ အမြန်ခရီးနှင်ခဲ့လေသည်။
……………………………
ဇေတ၀န်ကျောင်းတော်ကြီးတွင် သီတင်းသုံးစံမြန်းတော်မူနေသော ဗုဒ္ဓမြတ်စွာဘုရားရှေ့မှောက်သို့ သိကြားမင်း ဦးမာဃသည် ညသန်းခေါင်အချိန်မတော်ကြီးတွင် ရောက်ရှိသွားခဲ့သည်။ ဗုဒ္ဓသည် တရားဟော ပလ္လင်တော်ထက်တွင် တင့်တယ်စွာ တင်ပျင်ခွေထိုင်လျက်ရှိ၏။ ဓမ္မာရုံကြီးထဲတွင် လူပရိသတ်များမှာ တရားနာပြီးချိန် အနားယူသူကယူ၊ တရားဘာ၀နာ ပွားများသူက ပွားများလျက်ရှိကြသည်။ ရဟန်းအချို့သည် ဗုဒ္ဓနှင့် မလှမ်းမကမ်းတွင် ထိုင်လျက်သော်လည်းကောင်း စင်္ကြန်လျှောက်လျက်သော်လည်းကောင်းရှိကြလေသည်။ ဦးမာဃသည် ဗုဒ္ဓ၏ ရှေ့တော်မှောက်သို့ အလွန်ပင် ဆိတ်ငြိမ်စွာ ရောက်ရှိလာလေရာ ဓမ္မာရုံထဲရှိ အခြားသော လူပရိသတ် ရဟန်းပရိသတ်တို့သည် နတ်မင်းကြီးတပါး ရောက်ရှိလာသည်ဟု အထင်မရှိဘဲ ငြိမ်းချမ်းစွာပင် ဆက်လက်တည်ရှိနေကြတော့သည်။
‘ကျွန်တော်မျိုးဟာ တာ၀တိံသာကို အစိုးရတဲ့ သိကြားမင်းဖြစ်ကြောင်းပါဘုရား’
‘သိကြားမင်း ဦးမာဃ၊ အဘယ်အကြောင်းရှိပါသနည်း’
‘ဘုရားကျွန်တော်မျိုး နတ်သက်ကြွေရမဲ့ ပုဗ္ဗနိမိတ်ငါးပါးကို မြင်တွေ့ရတဲ့အတွက် တုန်လှုပ်မိတာကြောင့် အရှင်ကိုယ်တော်မြတ်ထံ ခိုကိုးရာအဖြစ် လာရောက်ဆည်းကပ်ကြောင်းပါဘုရား’
‘ကောင်းလေစွ၊ အသင်သိကြားမင်း။ အသင့်စိတ်တွေဟာ ဆောက်တည်ရာမရ ပြန့်လွင့်လျက်ရှိတယ်။ စိတ်ကို ၀င်လေ ထွက်လေပေါ်မှာသာ တည်ပါစေ။ အသက်ရှူခြင်းကို သိပါစေ’
ဗုဒ္ဓသည် သိကြားမင်းအား အာနာပါန ကမ္မဌာန်းကို စီးဖြန်းစေလေသည်။ ဦးမာဃသည် အာနာပါန ရှုမှတ်ရင်း နတ်သက်တမ်းကုန်ကာ သေဆုံးသွားခဲ့သည်။ သို့သော် တည်ငြိမ်သော စိတ်၏ သမာဓိအစွမ်းကြောင့် တာ၀တိံသာနတ်သားအဖြစ် သြပပါတိက ပဋိသန္ဓေပြန်တည်ရာ ယခင်ရှိရင်းစွဲ သိကြားမင်းအဖြစ်သို့ပင် ပြန်ရောက်ရှိသွားခဲ့လေ၏။ ထိုသို့ သိကြားမင်းအဖြစ်မှ သေဆုံး၍ သိကြားမင်း ချက်ချင်းပြန်ဖြစ်သွားခြင်းကို ဘုရားရှင်နှင့် သိကြားမင်း နှစ်ဦးတို့မှလွဲပြီး အခြားမည်သူမျှ မသိရှိလိုက်ကြချေ။
ဦးမာဃသည် ခိုကိုးရာအစစ်အမှန်ကို တွေ့ပြီဖြစ်၍ ၀မ်းမြောက်သွားခဲ့မိသည်။ ထို့ကြောင့် သူသည် ဗုဒ္ဓအား မေးခွန်းများကို စတင်မေးမြန်းခဲ့၏။
‘အရှင်ဘုရား။ ကျွန်တော်မျိုးတို့ဟာ မိမိတို့၏ စိတ်သန္တာန်ကို အေးချမ်းစေလိုပါသော်လည်း တကယ့်လက်တွေ့တွင်မူ အဘယ်ကြောင့် မအေးချမ်းရပါသနည်း’
‘မအေးချမ်းရခြင်းအကြောင်းမှာ ဣဿာမစ္ဆရိယ ကြောင့် ဖြစ်ပေတယ် အသင်သိကြားမင်း။ ပုထုဇဥ်တွေဟာ သူတပါးထက် သာလို ကျောလို၊ သူတပါးနဲ့ မိမိ နှိုင်းယှဥ်ခြင်းကြောင့် ဘယ်တော့မှ ငြိမ်းအေးရာ မရခြင်း ဖြစ်ပေတယ်’
‘ဤသို့ဆိုလျှင် ဣဿာမစ္ဆရိယ ရဲ့ အရင်းအမြစ်ဟာ အဘယ်ပါနည်း မြတ်စွာဘုရား’
‘အရင်းခံကတော့ တွေးတောကြံစည်တတ်ခြင်းတရားကြောင့် ဖြစ်ပေတယ် သိကြားမင်း။ ဘ၀မှာ ကျေနပ်ခြင်း ၀မ်းမြောက်ခြင်းကို ရလိုတဲ့ ကြံစည်ခြင်းတရားကြောင့် ဖြစ်ပေတယ်’
သိကြားမင်းသည် ဗုဒ္ဓ၏ အဖြေများကြောင့် အမြင်များသည် တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ သို့သော် သူသည် အဆုံးထိရောက်အောင် ဆက်မေးခဲ့၏။
‘ဒီလို ၀မ်းမြောက်ခြင်းကို ရှာဖွေတာဟာ လုပ်သင့်တဲ့ အလုပ် မဟုတ်ပေဘူးလား ဘုရား’
‘အသင်သိကြားမင်း။ အသင့်ဘ၀မှာ ကျေနပ်၀မ်းမြောက်ခြင်း ဖြစ်ဖူးပါသလား။ အဘယ်အကြောင်းကြောင့် ၀မ်းမြောက်ခြင်း ဖြစ်မိပါသလဲ’
တာ၀တိံသာနတ်မင်းကြီးသည် သူ၏ ဘ၀တစ်ခုလုံးကို ပြန်ပြောင်းစဥ်းစားလိုက်သည်။
‘အသူရာနဲ့ စစ်ပွဲကို အနိုင်ရခြင်းအတွက် ကျွန်တော်မျိုး ၀မ်းသာကျေနပ်မိပါတယ် ဘုရား’
‘ဒါဟာ ၀မ်းမြောက်ခြင်း အစစ်အမှန်လို့ သင်ထင်ပါသလား သိကြားမင်း’
ဦးမာဃသည် သူကြုံတွေ့ခဲ့ရသည်ကို ပြန်သုံးသပ်မိသည်။ သူသည် ထို၀မ်းမြောက်ခြင်းကို ရပြီး သိပ်မကြာမီ ပုဗ္ဗနိမိတ်များကို မြင်ရသဖြင့် အကြီးအကျယ် တုန်လှုပ်မိခဲ့သည်။ သို့သော် ဘုရားရှင် ညွှန်ကြားပေးသည့် အာနာပါန ကမ္မဌာန်းကို ကျင့်ကြံနေစဥ်၌မူ သူ၏ စိတ်သည် တည်ငြိမ်နေခဲ့သည်။ ဆုပ်ကိုင်ခြင်းမရှိခဲ့။ သူ ငါ ဟူသော အတ္တမာနကင်းနေစဥ်တွင် သူ၏ စိတ်သည် အင်မတန်မှပင် ငြိမ်းအေးနေခဲ့သည်။ ၀မ်းမြောက်ခြင်းအစစ်အမှန်သည် ‘ငါ’ ဟူသော ဆုပ်တွယ်ခြင်း ကင်းနေချိန်တွင် အစစ်အမှန်ဆုံး ဖြစ်ကြောင်း သိကြားမင်း သိနားလည်သွားခဲ့လေသည်။
ထိုသို့ သိနားလည်သွားသည်နှင့် သူ၏ စိတ်အလျဥ်ကြီးတစ်ခုလုံးသည် အနှောင်အဖွဲ့မှ လွတ်သူပမာ အင်မတန်ပင် ပေါ့ပါးသွားခဲ့၏။ သိကြားမင်းသည် ဗုဒ္ဓဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ထိုခဏမှာပင် သောတာပန် အရိယာဘ၀သို့ ရောက်ရှိသွားခဲ့တော့သည်။
…………………………………………..
သိကြားမင်း တာ၀တိံသာနတ်ပြည်သို့ ပြန်ရောက်လျှင် သူ့အတွက် အရာတိုင်းသည် အင်မတန် ရိုးစင်း ရှင်းလင်းနေလေတော့သည်။ ယခင်က စိုးရိမ်နေခဲ့သော ပြဿနာများသည် ယခုအခါ စိုးရိမ်စရာ အလျဥ်းမရှိတော့ချေ။ သူသည် သုဓမ္မာဇရပ်ရှေ့တွင် ချုပ်နှောင်ထားသော ဝေပစိတ္တိထံသို့ ဦးစွာ သွားရောက်ခဲ့သည်။ ဝေပစိတ္တိကို ဖုံးကွယ်ထားသော တန်ခိုးအကာအရံများကို ဖယ်ရှားပေးလိုက်လျှင် သံကြိုးကြီး ငါးချောင်းနှင့် ချုပ်နှောင်ထားသော အသူရာနတ်မင်းကြီးသည် အများသူငါ၏ မြင်ကွင်းသို့ ဘွားကနဲ ထင်ရှားလာလေတော့သည်။
‘အယုတ်တမာ နတ်သား မာဃ။ ကောက်ကျစ်တဲ့ သိကြားယုတ်’
ဝေပစိတ္တိသည် မိုးကြိုးများအကြိမ်ကြိမ် အပစ်ခံထားရသဖြင့် ဒဏ်ရာများ ဗရပွရထားသည့်ကြားမှ ကြမ်းတမ်းခက်ထန်စွာဖြင့် သိကြားမင်းကို အော်ဟစ်ဆဲရေးနေလေသည်။ မာတလိသည် ထိုသို့ ဆဲရေးသံများကို ကြားလျှင် စိုးရိမ်တကြီးနှင့် သူ၏ သခင် ဦးမာဃထံသို့ ချဥ်းကပ်ကာ သတိပေးခဲ့သည်။
‘အရှင်သိကြားမင်း။ ဝေပစိတ္တိနတ်မင်း ဤသို့ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲရေးနေသည်ကို သည်အတိုင်း မလွှတ်ထားသင့်ကြောင်းပါဘုရား’
‘အမောင် မာတလိနတ်သား။ ဝေပစိတ္တိ၏ ဒေါသသည် ငါ့အား တုန်လှုပ်စေခြင်းမရှိပေ’
‘အရှင့်အား တုန်လှုပ်စေခြင်း မရှိသော်လည်း ကြားရသူ အခြား နတ်ပရိသတ်အပေါင်းက အရှင်သိကြားမင်း ဝေပစိတ္တိကို ကြောက်သဖြင့် ပြန်မပြောရဲဟု ထင်မှတ်သွားမည်ကို စိုးရပါသည်ဘုရား’
သိကြားမင်းသည် မာတလိကို အေးချမ်းသော အကြည့်နှင့် ကြည့်လိုက်ပြီးလျှင် -
‘မာတလိ။ အသူရာနတ်မင်းဟာ င့ါရဲ့ အချုပ်အနှောင်အောက်မှာ ရောက်ရှိနေတာ နတ်ပရိသတ်အားလုံး သိပြီး ဖြစ်ပေတယ်။ သူဟာ စစ်ရှုံးသဖြင့် ငါ့ထက် အားနည်းနေသူလည်း ဖြစ်တယ်။ အားကြီးသူဖြစ်လျက် သည်းခံခြင်းဟာ ရှက်စရာမဟုတ်။ ပညာမဲ့သူတွေသာ ဤသို့ သည်းခံခြင်းကို ကဲ့ရဲ့ကြပေလိမ့်မယ်’
ဟု ပြန်လည် ဆုံးမ ပြောဆိုခဲ့လေသည်။ ဝေပစိတ္တိနတ်မင်း၏ ကျယ်လောင်သော ဆဲရေးတိုင်းထွာသံကြီးကို ကြားသဖြင့် သုဇိတာနတ်သမီးသည် သုဓမ္မာဇရပ်ကြီးအရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူမသည် ခမည်းတော်ဖြစ်သူ သံကြိုးအထပ်ထပ်နှင့် အချုပ်အနှောင်ခံထားရသည်ကို မြင်လျှင် ရင်ထုမနာ ကြေကွဲရလေသည်။ ဝေပစိတ္တိသည် သမီးတော်ကိုမြင်လျှင် ဒေါသစိတ်များ လျော့နည်းသွားကာ အော်ဟစ်ဆဲဆိုခြင်းကို ရပ်တန့်လိုက်တော့သည်။
‘သမီးတော် သုဇိတာ’
‘ခမည်းတော်ဘုရား။ သမီးတော် ဒီအရပ်က ခမည်းတော်ရဲ့ အသံကြားတာကြောင့် လာခဲ့ရခြင်းပါဘုရား’
သုဇိတာသည် ဖခင်ကြီးကို ပွေ့ဖက်ကာ ငိုကြွေးလေသည်။ ဝေပစိတ္တိ၏ နီရဲသော မျက်လုံးကြီးများထဲမှ မျက်ရည်များ တွေတွေ စီးကျလာခဲ့သည်။
‘အတိတ်ဘ၀ဖူးစာကြောင့် သမီးတော် ဒီသိကြားမင်းကို ရွေးချယ်လက်ဆက်ခဲ့ပေမဲ့ ခမည်းတော် အတွက်တော့ ဒီ မာဃဆိုတဲ့ နတ်သားကို ကမ္ဘာအသင်္ချေတည်သရွေ့ မကြေနိုင်ဘူးကွယ်’
‘သမီးတော် တောင်းပန်ပါရစေဘုရား’
‘သမီးတော်ရဲ့ မယ်တော် မိလ္လိကာဟာ သမီးစိတ်နဲ့ ရင်ကွဲနာကျ သေဆုံးရပေတယ်’
သုဇိတာသည် စကားမဆိုနိုင်တော့ဘဲ ငိုကြွေး၍သာ နေတော့သည်။ ဝေပစိတ္တိ ဘာစကားမှ ဆက်မပြောရက်တော့ပေ။ သူသည် သိကြားမင်းအပေါ်တွင် အာဃာတကြီးမားသော်လည်း သုဇိတာအပေါ် ချစ်မြတ်နိုးစိတ်က ပိုပြီး အားကောင်းခဲ့သည်။ အသူရာနတ်မင်းကြီး စိတ်ကို လျှော့ချလိုက်တော့သည်။
‘ကောင်းပါပြီ။ သမီးတော် သုဇိတာ။ သမီးတော်အနေနဲ့ မယ်တော်နဲ့ ခမည်းတော်တို့ရဲ့ ရင်ကို ကွဲစေလိုတဲ့ ဆန္ဒမရှိတာကို ခမည်းတော် လက်ခံပါတယ်။ သမီးတော် စိတ်အေးချမ်းစွာ တာ၀တိံသာမှာ စံစားနိုင်ပါစေကွယ်’
………………………………….
ဝေပစိတ္တိ အမျက်ဒေါသ အတန်ငယ် လျော့နည်းသွားလျှင် သိကြားမင်းဦးမာဃသည် သူ၏ အနားသို့ ချဥ်းကပ်လာခဲ့သည်။
‘အသင် အသူရာနတ်မင်း။ အသင့်ကို ကျွန်ုပ် တာ၀တိံသာတွင် ထာ၀ရ ချုပ်နှောင်ထားလိုခြင်း အလျဥ်းမရှိပါ’
‘ဒါဆိုလည်း ယခုပင် လည်ဖြတ်ပြီး အဆုံးစီရင်ပါလေ မာဃသိကြားမင်း’
သိကြားမင်းသည် ခေါင်းကို ခါရမ်းလိုက်၏။
‘အသင့်ကို မသတ်ပါဘူး ဝေပစိတ္တိ။ သို့သော်လည်း အသင့်ကို အသူရာပြည်သို့ ပြန်လည်ပို့ဆောင်ရပါလိမ့်မယ်’
ထိုစကားဆုံးလျှင် သိကြားမင်း၏ အနောက်တွင် ရပ်နေသော စေတမန်နတ်သည် မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။ စေတမန်သည် ဂိတ်တံခါး၀ကြီးတစ်ပေါက်ကို ဖန်ဆင်းလိုက်လေသည်။ သုဇိတာသည် သူမ ဖခမည်းတော်၏ ကိုယ်တွင် ချည်နှောင်ထားသော သံကြိုးကြီးများကို ဖြည်ပေးလိုက်သည်။ ဝေပစိတ္တိသည် သမီးတော်ကို ပွေ့ဖက်ကာ နှုတ်ဆက်လိုက်လေသည်။ ထို့နောက် အသူရာနတ်မင်းကြီးသည် လေးလံသော ခြေလှမ်းကြီးများနှင့် စေတမန်၏ နောက်မှ လိုက်ပါသွားလေတော့သည်။
……………………………………………
ဝေပစိတ္တိသည် မြင်းမိုရ်တောင်ခြေ မြစိမ်းခုံလောက်ကြီးအောက်ရှိ အသူရာပြည်ကြီးတွင် နှစ်ပေါင်းများစွာ တကိုယ်တည်း နေထိုင်ခဲ့သည်။ သူ၏ အရောင်အ၀ါမရှိသော ရုပ်ခန္ဓာသည် တနေ့ထက် တနေ့ အိုမင်း ယိုယွင်းလာခဲ့လေသည်။ သူသည် မာရ်နတ်မင်း သင်ကြားပေးခဲ့သော သေရည်ဖျော်စပ်နည်းအတိုင်း သေရည်သေရက်ကို ဖျော်ကာ ပုံမှန်သောက်သုံးနေခဲ့သည်။
‘နောက်ဆုံးတော့ မင်းက ငါ့ရဲ့ အဖော်ကောင်းပဲပေါ့ကွယ်။ ဟား ဟား ဟား။ ကျေးဇူးတင်တယ် မာရ်နတ်ရေ’
သေရည်မမူးသည့်အချိန်များတွင်မူ ဝေပစိတ္တိသည် သူတွေ့ကြုံခဲ့ရသော အကြောင်းအရာများ၊ စကြ၀ဠာကြီးထဲရှိ ကမ္ဘာဟောင်းကြီးများ၊ လောကန္တရိတ် ငရဲဘုံကြီးတို့၏ အကြောင်းများကို ပေရွက်များပေါ်တွင် အသီးသီး ရေးသားမှတ်တမ်းတင်လေ့ရှိခဲ့သည်။ သူရေးပြီးသော ကျမ်းစာအုပ်ကြီးများကို သူ့ရှေ့တွင် နေသွားခဲ့သည့် အသူရာနတ်အိုကြီး သုဗလိ၏ စာအုပ်ပုံကြီးပေါ်တွင် ထပ်ကာထားလိုက်လေသည်။
‘အိမ်း - ငါလည်း သုဗလိလို နတ်အိုကြီးတစ်ပါး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပြီပဲ’
ဝေပစိတ္တိသည် နှေးကွေးချိနဲ့သော ခြေလှမ်းများနှင့် သူ၏ နန်းဆောင်ကြီးဆီသို့ ပြန်လာခဲ့သည်။ သူ့ရှေ့မလှမ်းမကမ်းတွင် ယူဇနာတစ်ရာ အမြင့်ရှိသော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်ရသည်။ သူသည် အိုမင်းနေပြီဖြစ်၍ ရုပ်ပိုင်းဆိုင်ရာ အားနည်းလာသလို မှတ်ဥာဏ်မှာလည်း ချို့ယွင်းလာလေသည်။ အရက်သေစာ မူးယစ်နေချိန်များတွင်မူ ဝေပစိတ္တိသည် သူရောက်ရှိနေသော နေရာကိုပင် မေ့လျော့နေတတ်သည်။
‘အိမ်း - ကသစ်ပန်းတွေ ပွင့်ချိန်တောင် ရောက်ပြီပဲ။ သုဓမ္မာ ဇရပ်ကြီးမှာ နတ်ပရိတ်သတ်တွေ ငါ့ကို စောင့်နေကြရော့မယ်။ မြန်မြန်သွားမှ။ အလို ငါ့ခြေထောက်တွေက ဘာကြောင့်များ သစ်ကိုင်းခြောက်ကြီးတွေလို ဖြစ်နေရပါလိမ့်’
အသူရာနတ်အိုကြီးသည် တုန်လှုပ်စွာ သစ်ပင်ကြီးကို မော့ကြည့်လိုက်လျှင် - သူမျှော်လင့်ထားသလို ရဲရဲနီသော ကသစ်ပန်းများ မဟုတ်ဘဲ - ဆွတ်ဆွတ်ဖြူသော သခွတ်ပန်းများကိုသာ တွေ့လိုက်ရလေတော့သတည်း။
…………………………………….
(ပြီးပါပြီ)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ကိုချမ်း