
(၇)
"မောင်တော်ဘုရား၊ မနက်ကထူးဆန်းတဲ့အဖြစ်တစ်ခု နန်းဆောင်ထဲမှာဖြစ်ပျက်ခဲ့လို့ပါ"
စော်ဘွားကတော်ပြောတော့ စော်ဘွားကြီးက မျက်ခုံးများပင့်လိုက်သည်။
"ဘာဖြစ်တာလဲ ဒေဝီ"
"ဒေဝီ စာဖတ်ခန်းထဲမှာ စာဖတ်နေတုန်း အမျိုးသမီးတစ်ယောက်ဝင်လာပြီး ပတ္တမြားနဲ့ပက်သက်တာတွေပြောသွားတယ်၊ ပတ္တမြားကို သူ့နေရာမှာသူပြန်ထားပါဆိုပြီး ပြောသွားတယ်"
"ဟုတ်လား ဘယ်သူများလဲ"
"ထူးဆန်းတာက နန်းဆောင်တစ်ခုလုံးကိုပိတ်ပြီးရှာတာတောင်မှာ အဲဒီလူကိုမတွေ့ရတာပဲ"
"ဒေဝီ ပင်ပန်းနေလို့ဖြစ်မှာပါ၊ အခုရက်ပိုင်း ကောင်းကောင်းအနားယူလိုက်လေ"
"ဒေဝီကြောက်တာက၊ ဒီပတ္တမြားကြီးက ကျိန်စာသင့်နေလို့များလား၊ ပတ္တမြားနဲ့ပက်သက်နေတဲ့ သရဲတစ္တေတွေများ ခြောက်လှန့်တာလားလို့"
စော်ဘွားကြီးက ပြုံးလိုက်ပြီးနောက် စော်ဘွားကတော်အားဖက်ထားလိုက်သည်။
"ဒေဝီရယ်၊ မဟုတ်တာတွေ တွေးမနေပါနဲ့၊ ဒေဝီလဲခေတ်ပညာတတ်တစ်ယောက်ပဲမဟုတ်လား"
ထိုတော့မှ ဒေဝီလဲခေါင်းညိတ်လိုက်ရပြီးနောက် စော်ဘွားကြီးမသိအောင်သက်ပြင်းကို ခိုးချလိုက်ရတော့သည်။ ထိုခေတ်က စော်ဘွားအသိုင်းအဝိုင်းများမှာ ပိုက်ဆံရှိ ငွေကြေးချမ်းသာသူများဖြစ်ကြသဖြင့် အင်္ဂလိပ်ဘာသာစကားနှင့် အနောက်တိုင်းစာပေများသင်ကြားလေ့လာကြရပြီး အချို့မှာ နိုင်ငံရပ်ခြားအထိ ပညာတော်သင်သွားကြရာ လောကဓါတ်ပညာအမြင်များ အားကောင်းနေသောကြောင့် ထိုသို့လောကီအမြင်များ၊ အယူအဆများကို ရှေးရိုးဆန်သည်ဟုတွေးကာ မယူဆကြတော့ပေ။ မကြာခင် စော်ဘွားကတော် ဒေဝီလဲ အိပ်မောကျသွားတော့သည်။
"ဟား . .ဟား နင်တို့စော်ဘွားတွေ မျိုးပြုတ်တော့မှာ ဟား . .ဟား"
အသံကြားရာကြည့်လိုက်တော့ အိပ်ခန်းအတွင်းတွင် အဘွားကြီးတစ်ယောက်က သူတို့ကိုလက်ညှိုးထိုးပြီး ရယ်မောနေလေသည်။ အဘွားကြီးမှာ အနက်ရောင်အကျီနှင့် ဒူးလောက်ရှိသည့်ရိုးရာအထည်တစ်ခုကိုဝတ်ဆင်ထားပြီးနောက် သူ့ကိုစိုက်ကြည့်ရင်း ရယ်မောနေသည်။ အဘွားကြီးပါးစပ်ထဲတွင် သွားများတစ်ချောင်းမျှမရှိဘဲ အနက်ရောင်ဟောင်းလောင်းပေါက်ကြီးသာရှိသည်။ အိပ်ခန်းပြတင်းပေါက်များက အားလုံးပွင့်နေပြီး အခန်းအတွင်းတပ်ဆင်ထားသည့် လိုက်ကာခန်းဆီးများမှာလဲ လေပေါ်တွင် ဝဲပျံနေလေသည်။
"မောင်တော်၊ ထပါအုံး မောင်တော်ရဲ့"
ဒေဝီလှုပ်နှိုးလိုက်သည့်အခါတွင် စော်ဘွားကြီးက အိပ်ချင်မူးတူးနှင့်ထလိုက်သည်။ အခန်းအတွင်းအရာအားလုံးက နေသားတကျဖြစ်နေပြီးနောက် အခန်းတံခါးများမှာလဲပိတ်ထားလျှက်သားရှိသည်။
"ဘာဖြစ်တာလဲ ဒေဝီရဲ့"
မကြာခင် အိပ်ဖန်စောင့်များအခန်းအတွင်းသို့ ဝင်ရောက်လာပြီး ခစားကြလေသည်။
"ဟို . .ဟို အဘွားကြီးတစ်ယောက် ဒေဝီတို့ကိုလက်ညှိုးထိုးပြီးတော့ ရယ်မောနေလို့"
စော်ဘွားကြီးက စိတ်ပျက်သွားဟန်ဖြစ်သွားပြီး
"ဒေဝီရယ်၊ ဒီလောက်လုံခြုံတဲ့ ဟော်နန်းတော်ကြီးမှာ၊ အိပ်ဖန်စောင့်တွေကလဲ တစ်ကျိတ်လောက်ရှိတာကို ဘယ်ကအဘွားကြီးက အခန်းထဲကိုလာမလဲ၊ ဒေဝီ အိပ်မက်ဆိုးတွေမက်နေတာနေမှာပါ"
ထိုတော့မှ ဒေဝီလဲ ခေါင်းကိုညိတ်လိုက်သည်။ တစ်ကိုယ်လုံးလဲ ချွေးတွေရွှဲနစ်နေသည်မို့ ရံရွှေတော်များက ရေဆက်သပြီး သဘက်ပုဝါများနှင့်လဲ သုတ်ပေးကြသည်။ အတန်ကြာတော့ ရံရွှေတော်များအခန်းအပြင်သို့ပြန်ထွက်သွားကြသော်လည်း ဒေဝီမှာ အိပ်မပျော်နိုင်ပေ။ မနက်လင်းသည်အထိ အိပ်မပျော်နိုင်ဘဲဖြစ်နေသည်။ မနက်လင်းတော့ ခေါင်းတွေက မူးပြီး တစ်ချက်တစ်ချက် ကိုက်တတ်လာသည်။
"ဒေဝီ၊ ဟော်နန်းဆောင်မှာပဲ နေခဲ့နော်၊ ဒီနေ့မောင်တော် ကသာဘက်ကိုသွားစရာရှိတယ်၊ နှစ်ရက်လောက်ကြာမှ ပြန်ရောက်မယ်"
"မသွားလို့မဖြစ်ဘူးလားမောင်တော်ရယ်၊ ဒေဝီမောင်တော်မရှိတော့ အားငယ်တယ်"
"ဘာအားငယ်စရာရှိလို့လဲဒေဝီရယ်၊ ဒီဟော်နန်းကြီးမှာ ကိုယ်ရံတော်တွေရယ်၊ ရံရွှေတော်တွေရယ် အများကြီးရှိတာပဲ၊ ဘာကိုအားငယ်ရသလဲ၊ ဘာကိုကြောက်နေရသလဲ"
ထိုသို့ပြောပြီး စော်ဘွားကြီးက ဆင်များကိုပြင်ဆင်ကာ ခရီးသွားရန်ပြင်ဆင်နေသည်။ အဝတ်အစားလဲပြီးနောက် ဒေဝီကိုတစ်ချက်ကြည့်လိုက်ရင်း
"ဒေဝီကြည့်ရတာနေမကောင်းသလိုပဲ"
"ဟုတ်တယ်မောင်တော်၊ ခေါင်းမူးပြီး ခေါင်းကတစ်ချက်တစ်ချက်ဆို ကိုက်လာလို့"
"ညက အိပ်ရေးပျက်လို့နေမှာပါ၊ သမားတော်ကို သွေးဆေးဆက်သခိုင်းလိုက်မယ်"
သမားတော်ဆက်ပြီးသော သွေးဆေးကိုသောက်ပြီးသော်လည်း စိတ်ကခြောက်ခြားနေသည်။ မောင်တော်စော်ဘွားကြီးမရှိတော့ ဒေဝီပိုအားငယ်မိသည်။ ရံရွှေတော် နှစ်ယောက်နှင့် ကိုယ်ရံတော် သုံးယောက်ကို အပါးတော်မြဲ အမြဲခစားခိုင်းထားရသည်။ ခဏအကြာတွင် အိပ်ချင်လာသည်။ သွေးဆေးအစွမ်းကြောင့်လဲပါမည်။ အိပ်ခန်းထဲသို့ဝင်ပြီး လှဲလျှောင်းလိုက်တော့သည်။
"ဟဲ့ မယ်ခနဲ့ မယ်န၊ နင်တို့တတွေ ကုတင်အနားကနေ ခစားကြစမ်း"
"ဘာလို့လဲ သခင်မ၊ မယ်ခတို့ အခန်းအပြင်မှာရှိနေမယ်လေ"
"အို . .မလိုချင်ဘူး၊ အခန်းထဲမှာပဲ ခစားရမယ်"
မယ်ခနှင့် မယ်နလဲ ကုတင်ခြေရင်းတွင် ဒူးတုပ်ထိုင်ကာ ဒေဝီကိုခစားနေရသည်။ ဒေဝီကထိုတော့မှ အကြောက်ပြေပြီး အိပ်ပျော်သွားတော့သည်။ အိပ်ပျော်ပြီးမကြာခင်တွင် ခြေထောက်တွင်အေးစက်သောအထိအတွေ့ကြောင့် လန့်နိုးလာခဲ့သည်။ ကုတင်ခြေရင်းတွင် အဘိုးကြီးတစ်ယောက်နှင့် အဘွားကြီးတစ်ယောက်က ရပ်နေပြီးနောက် သူ့အားစိုက်ကြည့်နေလေသည်။ ဒေဝီလဲ ကြောက်လန့်ပြီး အော်ဟစ်ရန်ကြိုးပမ်းသော်လည်း ပါးစပ်ကအသံမထွက်ပေ။ ကုတင်ပေါ်တွင်လဲ ကြိုးနှင့်တုပ်ထားသလိုမျိုး လှုပ်ရှား၍မရဘဲ ပက်လက်ကြီးဖြစ်နေသည်။ ကုတင်ခြေရင်းနားတွင် မယ်ခနှင့် မယ်နက ခစားလျှက်ရှိနေပြီး မျက်လုံးများမှိတ်လျှက် ငုတ်တုတ်ကြီးထိုင်နေကြသည်။
"ဟဲ့ မယ်ခ . .မယ်န"
စိတ်ထဲက ခေါ်နေမိသော်လည်း ပါးစပ်ကအသံမထွက်ပေ။ ထိုအခိုက် အဘွားကြီးက ကုတင်ခြေရင်းမှနေ၍ ဒေဝီ၏ ခန္ဓာကိုယ်ပေါ်သို့ လွှားခနဲခုန်တက်လိုက်ပြီးနောက် ဒေဝီ၏ရင်ဘတ်ကိုခွစီးထားလေသည်။ ထို့နောက် မျက်နှာကြီးကို ဒေဝီဆီသို့အနီးကပ်လာရာ မျက်လုံးများ၊ ပါးစပ်များမှာ ဟောင်းလောင်းပေါက်ကြီးများဖြစ်နေကြသည်။
"ဟား . . .ဟား၊ ဒုက္ခရောက်တော့မှာ၊ နင်တော့ ဒုက္ခရောက်တော့မှာ"
ထိုသို့ပြောရင်း ကျယ်လောင်စွာရယ်မောနေလေသည်။ ဒေဝီလဲကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ခါနေပြီးနောက် အားကုန်ရုန်း၍ အော်ဟစ်လိုက်လေသည်။
"အား . . ."
ဒေဝီအော်သံကိုကြားသဖြင့် အခန်းအပြင်မှကိုယ်ရံတော်များပြေးဝင်လာကြပြီး မယ်ခနှင့် မယ်နတို့မှာလဲ ဒေဝီထံသို့ပြေးလာကြသည်။
"သခင်မဘာဖြစ်တာလဲ"
သူ့တစ်ကိုယ်လုံးချွေးတွေရွှဲစိုနေပြီးနောက် တဆတ်ဆတ်တုန်ခါနေသေးသည်။
"သရဲ . . သရဲ"
"သခင်မစိတ်ထိန်းပါ ဒီအခန်းထဲမှာ ဘာသရဲမှမရှိပါဘူး"
"မဟုတ်ဘူး၊ ငါမြင်ရတယ်၊ ငါ့ပေါ်ကိုသရဲကတက်စီးခဲ့တာ၊ နင်တို့နှစ်ယောက်က အိပ်နေကြတာ"
ဒေဝီပြောတော့ မယ်ခနှင့် မယ်နက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။
"မဖြစ်နိုင်တာသခင်မရယ်၊ မယ်ခတို့က ဒီနားကနေတဖဝါးမှ မခွာသလို၊ တစ်ချက်တောင် မငိုက်ကြပါဘူး"
ဒေဝီလဲဆက်မအိပ်ရဲတော့သဖြင့် အိပ်ရာမှထလိုက်သည်။ တစ်ကိုယ်လုံးစိုရွှဲနေသည်မို့ ရံရွှေတော်များက အဝတ်အစားလဲပေးမယ်ဖြစ်သည်။ ဘီရိုကြီးကိုဖွင့်လိုက်သောအခါ ဒေဝီက ရတနာသေတ္တာကိုဖွင့်ပြီး ပတ္တမြားကြီးကိုကြည့်နေလိုက်သည်။
"တကယ်ပဲလား၊ ပတ္တမြားကြီးက ကျိန်စာကြောင့် ငါဒီလိုဖြစ်နေတာလား"
ထိုသို့ပြောရင်း ပတ္တမြားကြီးကို ကိုင်ကြည့်လိုက်သည်။ ထိုအခါ ခေါင်းမှာ ရုတ်တရက်မူးဝေလာသဖြင့် ပတ္တမြားကို ရတနာသေတ္တာအတွင်းသို့ ပြန်ထည့်ထားလိုက်သည်။ ထိုစဉ် ရတနာသေတ္တာထဲမှ အရိုးခြောက်လက်ကဲ့သို့ ခြောက်ကပ်နေသည့်လက်တစ်ခုက ဒေဝီလက်ကိုဆွဲထားလေသည်။
"အောင်မယ်လေး"
ဒေဝီလွှတ်ချလိုက်ရာ ပတ္တမြားကြီးက ကြမ်းပြင်အောက်သို့ကျသွားသည်။ မယ်ခက ပတ္တမြားကိုပြန်ကောက်ပြီး ဒေဝီအားပေးရာ ဒေဝီက မကိုင်ရဲတော့ဘဲ ရတနာသေတ္တာထဲသို့သာ ပြန်ထည့်ခိုင်းလိုက်သည်။ စော်ဘွားကတော်မှာ ထိုနေ့မှစပြီး စားလို့လဲမကောင်း၊ အိပ်လို့လဲမပျော်တော့ဘဲ အိပ်ရမှာလဲ ကြောက်လန့်လာသည်။ တစ်ခါတစ်ခါဆိုသလို ရိုးခနဲ ရိပ်ခနဲ အရိပ်တွေကိုလဲ မြင်တွေ့နေရသေးသည်။ ထို့အပြင် ခေါင်းကိုက်သည့်ဝေဒနာမှာလဲ အဖြစ်များလာလေသည်။ သို့နှင့် နှစ်ရက်ခန့်ကြာတော့ ထိုပတ္တမြားကို လွှင့်ပစ်ရန်အတွက် စိတ်ကူးမိတော့သည်။ ထို့ကြောင့် မယ်ခကို အပါးတော်သို့ အခစားဝင်ရန် ခေါ်လိုက်သည်။
အနီးရှိရံရွှေတော်များကို ဖယ်ရှားခိုင်းလိုက်ပြီးတော့မှ ဘီရိုကိုဖွင့်လိုက်သည်။
"မယ်ခ ဟိုတစ်နေ့ကပတ္တမြားကြီးကိုတွေ့လိုက်ရဲ့လား"
"ဟုတ်ကဲ့ တွေ့ပါတယ်သခင်မ"
"အဲဒီပတ္တမြားကို ဘီရိုထဲက သွားယူလိုက်ချေ"
မယ်ခလဲ ရတနာသေတ္တာကိုဖွင့်ပြီး ပတ္တမြားကိုယူလိုက်သည်။
"ရော့ ငွေ ၁၀၀နဲ့ ဟောဒီအိတ်ထဲမှာတော့ ပတ္တမြားတွေနဲ့ နီလာကျောက်တွေရှိတယ်"
မယ်ခ နားမလည်နိုင်သည့် မျက်လုံးများဖြင့် ဒေဝီအားကြည့်နေရင်း
"ဒါတွေ ဘာလုပ်ရမှာလဲ သခင်မ"
"ဒီပတ္တမြားကြီးကိုယူပြီးတော့ နန်းတွင်းထဲကနေ တိုးတိုးတိတ်တိတ်ထွက်သွားတော့၊ နောက်ပြီး ဒီကနေဝေးရာအရပ်ကို အမြန်ပြေးတော့၊ နောက်ဘယ်တော့မှ မိုးမိတ်ကိုခြေမချပါနဲ့တော့"
"ဘာလို့လဲသခင်မ၊ ဘာလို့မယ်ခကို ဒီလိုတန်ဖိုးကြီးပစ္စည်းမျိုးပေးရတာလဲ"
"ဒါအမိန့်ပဲမယ်ခ၊ မင်းငါပြောတဲ့အတိုင်းသာလုပ်ပါ၊ နေမဝင်ခင် မြို့ထဲကနေထွက်သွားတော့"
မယ်ခလဲ ခေါင်းညိတ်လိုက်ပြီးနောက် ဒေဝီအားကန်တော့လိုက်ရင်း နန်းဆောင်ထဲမှထွက်ခဲ့တော့သည်။ ဒေဝီကတော့ ပတ္တမြားကြီးကို အဝေးသို့ စွန့်ပစ်လိုက်နိုင်သည်မို့ အပျော်ကြီးပျော်နေမိသည်။
(၈)
မယ်ခတစ်ယောက် ဟော်နန်းထဲမှထွက်လာပြီးနောက် အိမ်သို့ရောက်သောအခါ ကိုယ်တွင်ဖွက်ယူလာသည့် ပတ္တမြားကြီးကို ထုတ်ကြည့်လိုက်သည်။ ထိုမျှ များပြားသောငွေများနှင့် ကျောက်သံပတ္တမြား ရရှိခဲ့မည်ဟု မယ်ခအိပ်မက်ထဲတွင်ပင် မမက်ဖူးချေ။ ထို့နောက် အဝတ်အစားတစ်ချို့ကို သိမ်းထုပ်ပြီးနောက် မိုးမိတ်မြို့တွင်းမှ ဖြတ်လာခဲ့သည်။ နမ့်မိတ်ချောင်းကိုဖြတ်ကူးလိုက်သည့်အခါတွင် မြင်းလှည်းဂိတ်ရှိသည်။ ထိုဂိတ်မှနေ၍ ကျိုင်းတုံနှင့် အခြားမြို့များသို့ အခပေး၍သွားလာနိုင်ပေသည်။
မယ်ခက ကျိုင်းတုံဘက်သွားရန် ဆုံးဖြတ်လိုက်သည်။ ကျိုင်းတုံမှာ မြို့ကြီးသလို လူစည်ကားလှသဖြင့် တော်ရုံတန်ရုံရှာ၍မလွယ်ပေ။ ထို့အပြင် ကျိုင်းတုံတွင် အကိုရင်းတစ်ယောက်ရှိသည်မို့ သူ့ထံတွင် သွားရောက်ခိုလှုံမည်ဟုဆုံးဖြတ်ထားသည်။
"မြန်မြန်လာမိန်းကလေး၊ ဒီလှည်းက ကျိုင်းတုံဘက်သွားမှာ"
အခကြေးငွေပေးပြီး လှည်းစီးလာခဲ့သည်။ မြင်းနှစ်ကောင် ကသည့်လှည်းပေါ်တွင် လှည်းမောင်းသူအပြင် ခရီးသွား သုံးယောက်ပါသည်။ သူနှင့်ဆိုလေးယောက်ဖြစ်သည်။ မြင်းလှည်းခမှာ ဈေးကြီးသဖြင့်ထိုခေတ်က ပိုက်ဆံရှိသူများသာ မြင်းလှည်းနှင့်သွားလာကြပြီး သာမန်လူများက ခြေကျင်ဖြစ်စေ၊ နွားလှည်းနှင့်ဖြစ်စေ သွားလာကြသည်။ မြင်းငှား၍ရသော်လည်း မယ်ခက မြင်းမစီးတတ်သောကြောင့်မြင်းလှည်းကိုသာ စီးနင်းရခြင်းဖြစ်သည်။
"နှမကြည့်ရတာ ပုံစံတစ်မျိုးပဲ၊ အရပ်သူမဟုတ်ဘူးထင်ပါ့"
မြင်းလှည်းပေါ်ပါလာသူများက အချင်းချင်းလမ်းခရီးတွင် မိတ်ဖွဲ့ကြသည်။ အခုလဲ မယ်ခကို နှုတ်ခမ်းမွှေးရေးရေးနှင့် လူတစ်ယောက်က စကားစပြောလာသည်။ ထိုသူက ပိုးသားအကျီကိုဝတ်ဆင်ထားသည်ကိုကြည့်ချင်းအားဖြင့် သူဌေးသူကြွယ်တစ်ယောက်ဖြစ်မှန်း သိသာသည်။
"သာမန်အရပ်သူပါပဲရှင့်"
"ဒီလိုအပြုအမူ၊ အပြောအဆိုကိုကြည့်ရရင်တော့ ဧကန္တ ဟော်နန်းတွင်းထဲလူဖြစ်ရမယ်"
မယ်ခလဲထိတ်လန့်သွားကာ ခေါင်းငုံ့လိုက်တော့သည်။
"နန်းတွင်းသူပါရှင့်၊ ကျိုင်းတုံကို အရေးကြီးကိစ္စနဲ့ခိုင်းလိုက်လို့ ထွက်လာခဲ့တာပါ"
"အရေးကြီးကိစ္စဆိုရင် စော်ဘွားက ခြေမြန်တော်လွှတ်မှာပေါ့၊ မင်းကိုလွှတ်တယ်ဆိုတော့ တစ်ခုခုတော့ထူးနေပြီထင်တယ်"
"ဒါတော့ မယ်ခလဲမသိပါဘူး၊ မယ်ခတို့က သူတို့ပေးလိုက်တဲ့စာကို ဖောက်ဖတ်ခွင့်မရှိလို့ပါ"
ထိုသူကပြုံးရင်း မယ်ခကိုစိုက်ကြည့်လျှက် ဆေးတံကိုဖွာရင်းလိုက်လာခဲ့သည်။ မြင်းလှည်းမို့ ခရီးတွင်လှသည်။ နေဝင်ခါနီးရောက်တော့ မိုးမိတ်မြို့နှင့်အတော်ကိုဝေးကွာနေပြီဖြစ်သည်။ လှည်းလမ်းဘေးတစ်နေရာတွင် ရွာကလေးတစ်ရွာရှိပြီး ထိုရွာတွင် ခရီးသွားများ နားနေနိုင်ရန်ဆောက်လုပ်ထားသည့် ဇရပ်တစ်ခုရှိသည်။
"ကဲ ခရီးသည်များ၊ ညဘက်ကိုဒီမှာပဲနားကြပါမယ်၊ အစားအသောက် အသုံးအဆောင်တွေကို ရွာထဲသွားပြီးဝယ်လို့ရပါတယ်၊ မနက်မိုးသောက်မှ လှည်းပြန်ထွက်ပါမယ်"
လှည်းမောင်းသူက ပြောလိုက်သည်မို့ မယ်ခလဲ ဇရပ်ပေါ်တက်လာခဲ့သည်။ ကြောက်ကြောက်လန့်လန့်နှင့် ဇရပ်ထောင့်ကလေးတွင် ထိုင်နေလိုက်သည်။ လက်ထဲမှ လွယ်အိတ်ကလေးကိုလဲ ဖက်ထားလိုက်သည်။ ထိုစဉ် ထိုလူငယ်က မယ်ခအနားသို့ကပ်ပြီးလာထိုင်သည်။
"အဖော်မပါဘဲခရီးမသွားနဲ့တဲ့ စာဆိုတောင်ရှိသေးတာကို၊ ဒီကနှမကလေးက မိန်းကလေးတစ်ယောက်ထဲ ခရီးသွားတယ်ဆိုတော့ အံ့သြဖို့ကောင်းလိုက်တာ"
မယ်ခက ဘာမှမပြောဘဲနှင့် လွယ်အိတ်ထဲဖွက်ယူလာသည့် ဓါးမြှောင်ကလေးကို လက်နှင့်စမ်းပြီး အသင့်ပြင်ထားလိုက်သည်။ ထိုသူက မယ်ခကိုကြည့်နေကာ
"နှမက ဓါးတွေဘာတွေလဲဆောင်လာသကိုး၊ စိတ်ချပါဗျာ၊ စိတ်ချလက်ချသာအိပ်ပါ၊ ကျုပ်ခင်ဗျားကိုဘာမှမလုပ်ပါဘူး၊ ဒါပေမယ့် ဟိုနားကလူငါးယောက်ကတော့ ခင်ဗျားကိုစိုက်ကြည့်နေတယ်ထင်ပါ့"
ထိုလူပြလိုက်တော့မှ မယ်ခလဲဇရပ်ထောင့်တွင် ထိုင်နေသည့် လူငါးယောက်ကို သတိထားမိသွားသည်။ အခြားခရီးသွားများရှိသော်လည်း ထိုလူကများက တစ်စုတစ်ဝေးတည်းထိုင်နေကာ စကားပြောဆိုနေရင်း တစ်ချက်တစ်ချက် မယ်ခကို လှမ်းလှမ်းကြည့်သည်။ ညအတော်နက်လာသဖြင့် ပတ်ဝန်းကျင်တွင်အမှောင်ဖုံးနေသော်လည်း ဇရပ်ပေါ်ရှိ ဘုရားစင်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးကြောင့် ဇရပ်အတွင်း လင်းနေသည်။ ထိုတော့မှ ထိုလူငါးယောက်က မတ်တပ်ရပ်လိုက်ကြပြီးနောက် သူတို့ဖွက်ပြီးသယ်ဆောင်လာခဲ့သည့် ဓါးများကို ထုတ်လိုက်ကြကာ ဇရပ်အဆင်းကို ပိတ်ထားလိုက်ကြသည်။
သူတို့အထဲတွင် မျက်စိတစ်ဖက်လွတ်နေသော လူတစ်ယောက်က ခေါင်းဆောင်ဖြစ်ဟန်တူသည်။ ထိုလူက အပြားကြီးကြီးနှင့် ဓါးကြီးတစ်လက်ကို လက်တွင်ကိုင်ထားရင်း
"ကျုပ်တို့က ဒီနယ်မှာ သတင်းကြီးနေတဲ့ တောကျီးကန်းဓါးပြအဖွဲ့ပဲ၊ ဒီတော့ခရီးသွားတွေအနေနဲ့ ကိုယ့်အသက်မသေချင်ရင် ပါလာတဲ့ အဖိုးတန်ပစ္စည်းမှန်သမျှ ထုတ်ပေးပါ"
တောကျီးကန်းနာမည်ကိုကြားလိုက်သည်မို့ ခရီးသွားများ လန့်သွားကြသည်။ အချို့က အော်ဟစ်ငိုယိုနေကြသည်။ တောကျီးကန်းက တဖြည်းဖြည်းလျှောက်ရင်း နီးလာသောအခါ ခရီးသွားများက သူတို့ပါလာသည့် ပိုက်ဆံများ၊ အသုံးအဆောင်များကို ထုတ်ပြီးပေးကြသည်။ တောကျီးကန်းက ထိုပစ္စည်းများကိုယူပြီးနောက် တောင်းကြီးတစ်လုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် မယ်ခတို့အနားသို့ရောက်လာသည်။
"ဟိုကောင်မလေးနဲ့ကောင်လေး၊ မင်းတို့ပစ္စည်းတွေအကုန်ထုတ်စမ်း၊ အဲ . . ဟိုကောင်လေး၊ ငါမင်းရဲ့ အကျီကိုပါလိုချင်တယ်"
မယ်ခက ကြောက်လန့်သဖြင့် တုန်လှုပ်နေသည်။ ထိုစဉ် တောကျီးကန်းက မယ်ခ၏လွယ်အိတ်ကိုဆွဲယူလိုက်သည့်အခါ မယ်ခက ဓါးမြှောင်နှင့် တောကျီးကန်း၏ လက်ကိုထိုးစိုက်ချလိုက်သည်။ သို့သော် တောကျီးကန်းက အရှောင်မြန်သဖြင့် လက်ကိုရှပ်ထိရုံသာထိသွားသည်။ တောကျီးကန်းလဲ စိတ်ဆိုးသွားပြီးနောက် လွယ်အိတ်ကိုဆောင့်ဆွဲလိုက်ရာ လွယ်အိတ်အတွင်းရှိ ငွေများနှင့် ရတနာများမှာ ဇရပ်ကြမ်းပြင်တွင် ပြန့်ကျဲကျကုန်လေသည်။
"ဟာ . . ရတနာတွေပါလား"
တောကျီးကန်းက ထိုသို့ပြောရင်း ရတနာများကို ကုန်းကောက်နေစဉ် မယ်ခအနီးဆေးတံသောက်နေသည့်လူငယ်က မတ်တပ်ရပ်လိုက်ပြီးနောက်
"အောင်မယ် တောကျီးကန်း မင်းက ငါ့ကိုတောင်မမှတ်မိဘူးလား"
ဇရပ်အတွင်း အလင်းရောင်နည်းနေသောကြောင့် တောကျီးကန်းက သေချာပြူးကြည့်နေသည်။
"သြော်၊ မင်းမမှတ်မိရင်လဲ အကျီချွတ်ပြရတာပေါ့ကွာ"
ထိုသို့ပြောရင်း သူဝတ်ထားသည့် ပိုးအကျီကို ချွတ်ပြလိုက်သည်။ ထိုအခါ အလွန်ကျစ်လစ်သန်မာသည့် ခန္ဓာကိုယ်ကို အားလုံးက မြင်လိုက်ရပြီးနောက် သူ၏ညာဘက်ရင်ဘက်နှင့် ပုခုံးတွင် ကျားတစ်ကောင်ဆင်းလာဟန် ဆေးမင်ကြောင်ကို တောကျီးကန်းက သေသေချာချာကြည့်နေသည်။ ထိုတော့မှ တစ်ခုခုကိုအမှတ်ရသွားသည့်ဟန်ဖြင့် ကြောက်လန့်သွားတော့သည်။
"ဘယ်လိုလဲ မင်းမျက်လုံးတစ်ဖက်ပျက်အောင်လုပ်ခဲ့တဲ့သူကိုတောင်၊ မင်းမေ့နေပြီလား မိတ်ဆွေကြီးရဲ့"
"ဘာမိတ်ဆွေလဲ၊ ခင်ဗျားက ရန်သူအစစ်၊ ဒီတစ်ခါတော့ခင်ဗျားလွတ်မယ်မကြံနဲ့နော်၊ ခင်ဗျားက တစ်ယောက်တည်း၊ ကျုပ်တို့က ငါးယောက်ဗျ"
တောကျီးကန်းကပြောရင်း ဓါးနှင့်ဝင်ပိုင်းတော့သည်။ ထိုလူငယ်က ဖြတ်လတ်စွာရှောင်ရှားလိုက်ပြီးနောက် အနောက်သို့ကျွမ်းပစ်ပြီး ထွက်လိုက်သည်။ တောကျီးကန်းလဲ ဒေါသထွက်သွားသည်။
"ဟေ့ကောင်တွေ၊ အဲဒီပစ္စည်းတွေထားလိုက်ကြ၊ ဒီကောင့်ကိုလာသတ်ကြ"
ထိုအခါ ထိုလူငယ်က မယ်ခကို လှမ်းကြည့်ရင်း
"နှမရဲ့ ဓါးကို မောင်ကြီးကို ခဏငှားစမ်းပါ"
မယ်ခက ဓါးမြှောင်ကလေးကို လှမ်းပစ်ပေးလိုက်သည်။ လက်ဆယ်သစ်ခန့်ရှိသည့် ဓါးမြှောင်ကလေးမှာ သံသားကောင်းမွန်လှသည်။ ထိုလူငယ်က ဓါးမြှောင်ကလေးတစ်လက်နှင့်ဖြစ်ပြီး ကျန်သည့်လူလေးယောက်က ဓါးရှည်များနှင့် ဝိုင်းတိုက်ခိုက်ကြသည်။ သို့သော် လူငယ်က သွက်လက်လျှင်မြန်လွန်းပြီး ဓါးမြှောင်ထိုးချက်များမှာလဲ ပြင်းထန်လှသဖြင့်သိပ်မကြာခင်ပင် ဓါးပြလေးယောက်မှာ ဒဏ်ရာကိုယ်စီရကာ လဲကျသွားတော့သည်။ ထိုတော့မှ လူငယ်က တောကျီးကန်းဆီသို့ လမ်းလျှောက်လာသည်။ တောကျီးကန်းက ဓါးနှင့် တအားခုတ်လွှဲပြီး ပိုင်းနေရာ လူငယ်ကလေးမှာလဲ လျှင်မြန်စွာရှောင်ရှားနေရသည်ကို ကြည့်ရတာ ရင်မောဖွယ်ဖြစ်နေသည်။ မယ်ခလဲ ထိုလူငယ် တိုက်ခိုက်သည်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေမိသလို၊ ထိုလူငယ် ထိခိုက်သွားမည်ကိုလဲ စိတ်ပူပန်နေမိသည်။
"မင်းနဲ့စာရင်းရှင်းဖို့စောင့်နေတာကြာပြီ၊ လာထား"
တောကျီးကန်း၏ ဓါးချက်များက အားပါသလို အလွန်လျှင်မြန်လှသည်။ သို့သော်လည်း ထိုလူငယ်က ဓါးချက်များကို အကုန်ရှောင်ရှားပြီးနောက် အခွင့်သင့်သလို ပြန်လည်တိုက်ခိုက်နေသည်။ တစ်ချီတွင်တော့ တောကျီးကန်း ဓါးချက်ကိုငုံ့ရှောင်လိုက်ပြီးနောက် ဓါးမြှောင်နှင့် မျက်နှာကိုထိုးလိုက်ရာ တောကျီးကန်း၏ မျက်စိနောက်တစ်ဖက်ကို ထိုးမိသွားတော့သည်။ တောကျီးကန်းလဲ ပြင်းထန်စွာအော်ဟစ်ကာ ထိုင်ကျသွားတော့သည်။
"ကဲ ခင်ဗျားကိုကျုပ်သတ်လို့မဖြစ်သေးဘူး၊ တောကျီးကန်းရဲ့၊ ကျုပ်က ခင်ဗျားကိုစော်ဘွားဆီခေါ်သွားပြီး ခင်ဗျားအပြစ်တွေအတွက် ခင်ဗျားခံစားရအုံးမှာလေ"
ထိုသို့ပြောရင်း တောကျီးကန်းအား မြင်းလှည်းဆရာပေးသည့် ကြိုးနှင့် သေသေချာချာတုပ်နှောင်ထားလိုက်တော့သည်။ ထို့နောက် ထိုလူငယ်က မယ်ခအား ဓါးကလေးလာပြန်ပေးရာ ဓါးတွင်သွေးများစိုနေသေးသည်။ မယ်ခက ဓါးကိုယူရန်တွန့်ဆုတ်နေသည်။
"တကယ်ကောင်းတဲ့သံ၊ တကယ်ကောင်းတဲ့ဓါးဗျာ၊ နန်းတွင်းက ဓါးဆိုတာတော့သေချာသွားပြီ"
မယ်ခက မယူသည်မို့ ထိုလူငယ်က ဇရပ်ကြမ်းပြင်သို့ ပစ်လိုက်သောအခါ ဓါးမြှောင်က ကြမ်းပြင်တွင် စိုက်သွားလေသည်။ ထို့နောက် မယ်ခ၏ လွယ်အိတ်နှင့် ရတနာများကို ပြန်ကောက်ပြီး မယ်ခကိုပေးသည်။ ရတနာများအတွင်းမှ ကြယ်ပတ္တမြားကြီးကို ထိုလူငယ်ကတစ်ချက်ကြည့်လိုက်ရင်း မယ်ခအိတ်ထဲပြန်ထည့်ပေးလိုက်သည်။
"ဒါ . .ဒါနဲ့ရှင်ကဘယ်သူလဲ"
"ကျုပ်လား၊ ကျုပ်က မိုးမိတ်က လူဆိုးထိန်းခွန်နောင်ပဲ"
ထိုအသံကိုကြားလိုက်တော့ မယ်ခမျက်လုံးပြူးသွားသည်။ လူဆိုးထိန်းခွန်နောင်မှာ မိုးမိတ်တစ်ဝိုက်တွင် ရာဇဝတ်သားများကို ဖမ်းဆီးသည့်နေရာတွင် နာမည်ကျော်ကြားသည့်သူဖြစ်သည်။ အခုလို မယ်ခနှင့်ဆုံတွေ့ရတော့ မယ်ခကြောက်မိသွားသည်က အမှန်ပင်ဖြစ်သည်။
"ရော့၊ ခင်ဗျားပစ္စည်းတွေ ပြန်ယူထားလိုက်အုံး၊ ခင်ဗျားကျွန်တော်နဲ့တွေ့တာ ကံကောင်းတယ်မှတ်၊ နို့မဟုတ်လို့ကတော့ စော်ဘွားရဲ့ပစ္စည်းတွေ တစ်ခုခုဖြစ်ရင် ခင်ဗျားကိုကွပ်မျက်ခံရမှာ"
"ရှင်၊ စော်ဘွားပစ္စည်းတွေဟုတ်လား"
"ဒီလိုပတ္တမြားမျိုးက သာမန်လူဘယ်ပိုင်နိုင်မလဲဗျ၊ စော်ဘွားတွေပဲပိုင်မှာပဲမဟုတ်လား၊ တန်တော့ စော်ဘွားကိုယ်တိုင်မဟုတ်ဘဲ နန်းတွင်းထဲကတစ်ယောက်ယောက်ကခင်ဗျားကို လှို့ဝှက်စေလွှတ်လိုက်တာဖြစ်မယ်"
သေဆုံးသွားသည့် ဓါးပြများ၏အလောင်းများကို ဇရပ်ပေါ်တွင်တင်ထားကာ၊ အသက်ရှင်နေသေးသည့်သူများကို ဇရပ်တိုင်နှင့်တွဲပြီး ကြိုးနှင့်ချည်ထားလိုက်သည်။ မနက်မိုးသောက်တော့ မြင်းလှည်းထွက်ဖို့ပြင်ဆင်နေပြီဖြစ်သည်။ ထိုစဉ် မြင်းသည်တော်များရောက်လာကြသည်။ ထိုသူများက ခွန်နောင်၏ တပည့်ရဲမက်များဖြစ်သည်။ ဓါးပြများကိုဖမ်းခေါ်ပြီးနောက် ခွန်နောင်တို့က ခရီးဆက်ရန်ပြင်ဆင်နေသည်။
"ဒါနဲ့ ဓါးမြှောင်လေး ယူသွားအုံးလေနှမရဲ့"
"မယူတော့ပါဘူး၊ လူဆိုးထိန်းလိုချင်တယ်ဆိုရင် မယ်ခလက်ဆောင်အဖြစ်ပေးလိုက်ပါ့မယ်"
ခွန်နောင်က ဓါးမြှောင်ကလေးကို ကောက်ယူပြီးနောက် ခါးကြားတွင်ထိုးလိုက်ကာ မယ်ခကိုပြုံးပြလိုက်သည်။ မယ်ခကတော့ ရှက်ပြုံးလေးပြုံးလိုက်ပြီးနောက် မြင်းလှည်းပေါ်သို့တက်လာခဲ့တော့သည်။
(၉)
ထိုနေ့မနက်တွင်ပင် မိုးမိတ်စော်ဘွားကြီး ပြန်ရောက်လာပြီဖြစ်သည်။ စော်ဘွားကြီးနှင့်အတူ လူတစ်ယောက်လဲပါလာခဲ့သည်။
"ဒါကတော့ ကသာမြို့က နာမည်ကြီး ပန်းထိမ်ဆရာကြီးပဲဒေဝီ၊ သူက မြန်မာရှေးပုံစံလဲလုပ်တတ်သလို၊ အင်္ဂလိပ်ခေတ်ဆန်းတဲ့ပုံစံလဲ လုပ်တတ်တယ်၊ ဒေဝီရဲ့ ပတ္တမြားကြီးကို ဘယက်လုပ်ပေးရအောင်လို့ ခေါ်လာခဲ့တာပဲ"
ဒေဝီလဲ ထိုင်နေရင်းမျက်နှာပျက်နေလေသည်။
"ဘာလုပ်နေတာလဲဒေဝီ၊ ပတ္တမြားကြီးကို သွားယူခဲ့လေ"
"ဟို . . ဟိုလေ ပတ္တမြားကြီးက မရှိတော့ဘူး"
"ဘယ်လိုမရှိတော့တာလဲ"
"အခိုး . . အခိုးခံလိုက်ရတာ"
"ဒေဝီရယ်၊ ဟော်နန်းထဲကို ဘယ်လိုသူခိုးကဝင်နိုင်မှာမို့လို့လဲ"
"ရံရွှေတော်တစ်ယောက်ခိုးသွားတာပါ"
"ဘယ်သူလဲ"
"မယ်ခ"
စော်ဘွားကြီးက ခေါင်းညိတ်လိုက်သည်။
"ငါအမိန့်ထုတ်မယ်၊ အဲဒီ ရံရွှေတော်မယ်ခကို တံခါးတိုင်း၊ မြို့တိုင်း၊ ရွာတိုင်းက ရဲမက်တွေကိုသတင်းပို့ပြီး တွေ့တာနဲ့ဖမ်းဆီးစေ"
အပိုင်း (၅) တွင် ဆက်လက်ဖတ်ရှုပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အဂ္ဂဇော်