မြန်မာ့မြေမှ ကျိန်စာသင့်ပတ္တမြားကြီး အပိုင်း (၆)
lotaya.mpt.com.mm
|
2022-12-31

(၁၂)

ရန်ကုန်ရောက်သည်နှင့် ရထားပေါ်မှဆင်းပြီးသည်နောက် ဆရာဟွမ်အား သူ့တပည့်များမှလာကြိုဆိုကြသည်။ ဒါလဟိုဇီလမ်းမကိုမေးတင်ထားသည့် အိမ်တစ်လုံးကိုဆရာဟွမ်က ပိုင်ဆိုင်သည်။ ထိုအိမ်တွင်ပင် မြန်မာ့မြေထွက် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင် တစ်ခုကိုဖွင့်ထားသည်။ ဆရာဟွမ်က ဒေါက်တာပင်း၏ ညီဖြစ်သည်။ ညီအရင်းတော့မဟုတ်ပေ ဆွေမျိုးတော်စပ်ခြင်းသာဖြစ်သည်။ ဒေါက်တာပင်းက အမေရိကန်နိုင်ငံတွင် ကျောက်မျက်ရတနာများရောင်းချသူ တစ်ဦးဖြစ်သည်။ သူက တရုတ်နှင့်အရှေ့ဘက် အာရှနိုင်ငံများမှာ ကျောက်မျက်ရတနာများကို ရှာဖွေပြီး အမေရိကန်တွင် ဆိုင်ဖွင့်ကာ ပြန်ရောင်းချသူဖြစ်သည်။

ဆရာဟွမ်လဲ သူ့အလုပ်ခန်းထဲတွင် စော်ဘွားကြီးထံမှရလာခဲ့သည့် ပတ္တမြားဘယက်ကြီးကို သေသေချာချာကြည့်ရှုနေရင်း ကျေနပ်နေမိသည်။ ထိုစဉ် အလုပ်ခန်းအတွင်း ပိတ်ထားသော တံခါးမမှာ ရုတ်တရက်ပွင့်သွားသည်ကို ဆရာဟွမ်ထူးဆန်းသွားသည်။ ထို့ကြောင့် ပတ္တမြားဘယက်ကိုချခဲ့ပြီး အခန်းတံခါးကို သေသေချာချာပိတ်၍ ချက်ချထားလိုက်သည်။ ထို့နောက် ပတ္တမြားဘယက်ကြီးကို ပြန်ကြည့်နေစဉ်တွင် အခန်းတံခါးချက်အား တစ်ယောက်ယောက်က ဖွင့်လိုက်သလို ချလောက်ခနဲ အသံကြားလိုက်ရပြီးနောက် အခန်းတံခါးကြီးမှာ ပြန်ပွင့်သွားပြန်သည်။

ဆရာဟွမ်လဲ ထိုတံခါးကိုပြန်ပိတ်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်လိုက်သည်။

"အိုး . . ဘာကြီးလဲ"

သူ့အလုပ်အခန်းအတွင်း အဘွားကြီးတစ်ယောက် မတ်တပ်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ အလုပ်ခန်းမှာ တစ်ဖက်ပိတ်အခန်းဖြစ်ပြီး ပြတင်းတံခါးများလဲ ပိတ်ထားသည်မို့ အခြားလူဝင်၍မဖြစ်နိုင်ပေ။

"ခင်ဗျားဘယ်သူလဲ၊ ဘာလာလုပ်တာလဲ"

ထိုသို့အော်ရင်း ပြေးသွားလိုက်စဉ်ပင် သူ့မျက်စိရှေ့တွင်ပင် ရုတ်ခြည်းပျောက်ကွယ်သွားတော့သည်။ ဆရာဟွမ်လဲ အလွန်ထိတ်လန့်သွားသည်။

"ဘာလဲဟ ဆိုင်ထဲမှာ သရဲရှိတာလား"

ခရီးစဉ်တစ်လျှောက်ဝယ်ယူလာခဲ့သည့် ကျောက်မျက်ရတနာများကို သေချာလေ့လာပြီး အသေးစိတ်အချက်အလက်များကိုရေးမှတ်ကာ စာရင်းပြုစုနေရသည်။ ထိုစဉ် သူ့နောက်ကျောသည် အေးချမ်းလာပြီး ကြက်သီးတွေပါ ထလာခဲ့သည်။ ဆရာဟွမ်လှည့်ကြည့်လိုက်ရာ အနောက်တွင်နံရံကြီးသာရှိပြီး မည်သူမှမရှိပေ။ ဆရာဟွမ်တစ်ယောက်တည်း အလုပ်လုပ်ရတာ ကြောက်လန့်လာသဖြင့် အကူတစ်ယောက်ကိုခေါ်လိုက်သည်။ ကောင်လေးတစ်ယောက်ဝင်လာပြီး ထိုကောင်လေးအားအခန်းအတွင်းသန့်ရှင်းရေးလုပ်ခိုင်းထားရသည်။

ထိုကောင်လေးက သန့်ရှင်းရေးလုပ်နေရင်း ဆရာဟွမ်ကို လှည့်ကြည့် လှည့်ကြည့်နှင့်လုပ်နေသဖြင့် ဆရာဟွမ်က အော်ငေါက်လိုက်လေသည်။

"ဟေ့ကောင်လေး၊ ကိုယ့်အလုပ်ကိုယ်လုပ်စမ်း၊ ဘာတွေကြည့်နေတာလဲ"

"မဟုတ်ပါဘူး၊ ဆရာဟွမ်ရဲ့အနောက်မှာ လူတစ်ယောက်ကိုမြင်မိလို့ပါ"

ဆရာဟွမ်လဲ ရုတ်တရက် နောက်လှည့်ကြည့်လိုက်ပြီး

"ဘယ်သူမှမရှိပါလားကွ"

"ရှိတယ်၊ ခုနက ပုံစံထူးဆန်းတဲ့ အဘွားကြီးတစ်ယောက်ကို မြင်လိုက်ရတယ်"

ဆရာဟွမ်လဲ ကောင်လေးပါမြင်ရသည်ဆိုသဖြင့် ထူးဆန်းနေသည်။ ကျောက်များကိုကြည့်လိုက်၊ စာရင်းရေးသားလိုက်နှင့်မို့ မျက်ရိုးတွေကိုက်လာကာ ခေါင်းတွေမူးလာတော့သည်။

"အင်း . . ငါပင်ပန်းလို့ထင်တယ်၊ အနားယူမှပဲ"

ထိုသို့ပြောရင်း ကျောက်များကို လုံခြုံအောင်သိမ်းဆည်းထားလိုက်ကာ အိပ်ခန်းအတွင်းသို့ဝင်လာခဲ့တော့သည်။ ဆရာဟွမ်လဲ အိပ်မည်အကြံနှင့်လှဲအိပ်လိုက်စဉ် အခန်းမျက်နှာကျက်တွင် လူတစ်ယောက်က ဇောက်ထိုးကြီးမတ်တပ်ရပ်နေသည်။ သူ့ခြေထောက်များက မျက်နှာကျက်ပေါ်တွင် ခြေချထားပြီးနောက် ခေါင်းကဇောက်ထိုးကြီးဖြစ်နေကာ ဆရာဟွမ်အားစိုက်ကြည့်နေသည်။ သို့သော် ထိုသူ၏မျက်နှာတွင် မျက်လုံးပေါက်များ ပါးစပ်ပေါက်များပါသော်လည်း တွင်းနက်ကြီးများကဲ့သို့ မည်းနက်နေသည်။ သေချာကြည့်တော့မှ နေ့လည်ကမြင်တွေ့ခဲ့သည့် အဘွားကြီးဖြစ်နေလေသည်။

ထို့နောက် သူ မကြားဖူးသည့် စကားတစ်မျိုးကိုပြောနေပြန်သည်။ ဆရာဟွမ်က မြန်မာစကားတတ်သော်လည်း ထိုစကားကိုတော့ နားမလည်ပေ။ ထိုသရဲကပြောနေရင်း ပါးစပ်ပေါက်ကြီးအတွင်းမှ လျှာချွန်ချွန်ကြီးထွက်လာသည်။ လျှာကြီးက တစ်ထွာမှနေ၍ တစ်တောင်ခန့်တိုးထွက်လာပြီးနောက် မြွေကြီးတစ်ကောင်လိုဖြစ်သွားပြီး ဆရာဟွမ်၏ မျက်နှာကို ပွတ်သပ်နေတော့သည်။ လျှာကြီး၏ အထိအတွေ့မှာ အေးစက်စက်ကြမ်းတမ်းတမ်းကြီးဖြစ်ရာ ဆရာဟွမ်လဲ ထိုတော့မှသတိရပြီးနောက် အသံကုန်အော်ဟစ်လိုက်သည်။

"သရဲ . . .သရဲ"

အိမ်ထဲရှိလူများပြေးတက်လာကြသည်အထိ ဆရာဟွမ်က အော်၍မဆုံးသေးပေ။ ဆရာဟွမ်တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး သူ့တပည့်များဖမ်းချုပ်ထားတော့မှ ရပ်တန့်သွားလေသည်။

"သရဲရှိတယ်၊ အိမ်ထဲမှာ သရဲရှိတယ်"

ဆရာဟွမ်မနေရဲတော့ အလွန်ကြောက်လန့်နေသောကြောင့် တပည့်များက သူ့အနားဝိုင်းထိုင်ပေးနေကြသည်။

"သရဲရှိတယ်၊ ငါတို့ဘယ်လိုလုပ်ကြမလဲ"

"ကမ်းနားလမ်းမှာ တရုတ်မှော်ဆရာကြီးရှိတယ် ဆရာဟွမ်"

ဆရာဟွမ်က နာရီကိုကြည့်လိုက်တော့ ညနေ ၆နာရီထိုးတော့မည်။

"အေးကွာ၊ သွားခေါ်ရင်လဲ မြန်မြန်သွားခေါ်ကြစမ်း"

တပည့်များထွက်သွားပြီးနောက် မကြာခင်တွင် မှော်ဆရာဆိုသူကိုခေါ်လာကြသည်။ ထိုသူက အရပ်ရှည်ရှည် ပိန်သွယ်သွယ်ဖြစ်သည်။ အိမ်ရောက်တော့မှ အိတ်အတွင်းရှိ အဝါရောင်အကျီကြီးကိုထုတ်ပြီး ဝတ်လိုက်သည်။ ထိုအကျီအပေါ်တွင်လဲ အင်းစာများရေးဆွဲထားသလို၊ ယင်းယန်ပုံနှင့် ယိချင်းပုံများကိုလဲ ရေးဆွဲထားသည်။ ထို့နောက် အိတ်အတွင်းမှ အမွှေးတိုင်ထွန်းသည့်ကြွေခွက်တစ်ခု၊ ဖယောင်းတိုင်ထွန်းသည့် ကြွေခွက်တစ်ခုကိုထုတ်ယူလိုက်ကာ စားပွဲတစ်လုံးပေါ်တွင် ချထားလိုက်သည်။

"အိမ်ရှင်ဘယ်သူလဲဟေ့"

"ဒီလူပါ ဆရာဟွမ်ပါ"

"အိမ်ရှင်က ဖယောင်းတိုင်ထွန်းပေးပါ"

ဆရာဟွမ်မီးခြစ်တစ်လုံးနှင့် ဖယောင်းတိုင်ကို မီးညှိလိုက်ပြီးနောက် ထိုဖယောင်းတိုင်အားကိုင်ထားပြီး ဖယောင်းတိုင်ထွန်းသည့်ခွက်ပေါ်သို့ စိုက်လိုက်သည်။ သို့သော် စိုက်ပြီးခဏအကြာတွင်ပင် ဖယောင်းတိုင်ကို တစ်ယောက်ယောက်လေနှင့်မှုတ်လိုက်သလိုမျိုး မီးငြိမ်းသွားတော့သည်။ ဆရာဟွမ်လဲ ဒုတိယအကြိမ်ထပ်မံထွန်းသည်။ အလားတူပင် ထပ်မံငြိမ်းသတ်ခံရပြန်သည်။ ငါးကြိမ်မြောက်ထွန်းသည်အထိ ဖယောင်းတိုင်အား လေနှင့်မှုတ်ပြီး ငြိမ်းသတ်ခံနေရသည်ကို မှော်ဆရာကြီးက ကြည့်နေလေသည်။

"သေချာတယ်၊ သရဲရှိနေပြီဆိုတာ သေချာတယ်"

ထို့နောက် မှော်ဆရာကြီးက လက်တစ်ဖက်တွင် သစ်သားဓါးကိုကိုင်ဆောင်လိုက်ပြီး နောက်လက်တစ်ဖက်တွင်တော့ ခေါင်းလောင်းကလေးတစ်လုံးကို ကိုင်ဆောင်လိုက်သည်။ ထို့နောက် ထိုခေါင်းလောင်းကလေးအား အလျှင်အမြန်တီးလေရာ အိမ်အတွင်းဆူညံနေလေသည်။

"သရဲထွက်လာခဲ့၊ သရဲထွက်လာခဲ့ မင်းဒီအိမ်မှာ မနေရဘူး"

ထိုစဉ် အခန်းထောင့်မှ အနက်ရောင်ဘောလုံးကြီးတစ်လုံးသည် တဖြည်းဖြည်းမြင့်တက်လာသည်ကို အားလုံးမြင်လိုက်ရသည်။ ထို့နောက် ထိုအနက်ရောင်ဘောလုံးကြီးမှာ မှော်ဆရာကြီးဆီသို့ ပျံသန်းလာလေသည်။ ထိုဘောလုံးကြီးမှာ ဆံပင်လုံးကြီးတစ်ခုသာဖြစ်ပြီး ဆံပင်များနှင့်တဖွားဖွားဖြစ်နေသည်။

မှော်ဆရာကြီးက အဝါရောင်စက္ကူတစ်ခုပေါ်တွင် အနီရောင်စာသားများရေးထားသည့် အင်းချပ်တစ်ခုကို လက်ဝါးတွင်ကပ်လိုက်ပြီးနောက် ထိုဘောလုံးကြီးအား ရိုက်ချလိုက်သည်။ ဘောလုံးကြီးက ဝုန်းခနဲ မြည်သံကြီးနှင့်အတူ အခန်းထောင့်သို့ လွင့်ထွက်သွားပြန်သည်။

"ဟား . .ဟား၊ သရဲ နင်ငါ့ကိုနိုင်မယ်လို့ထင်လို့လား"

ဆံပင်အလုံးကြီးမှာ နောက်တစ်ခါ အခန်းထဲတွင်ပျံသန်းနေပြီးနောက် မှော်ဆရာကြီးထံသို့ ပြေးဝင်လာပြန်သည်။ သို့သော် မှော်ဆရာကြီးက ပိုစွမ်းသည်မို့ သရဲသာခံနေရသည်။ မှော်ဆရာကြီးနှင့် လေးငါးချီခန့်တိုက်ပြီးသောအခါ ဆံပင်အလုံးကြီးမှာ အိမ်နံရံတွင် ကပ်နေလေသည်။

"ခင်ဗျားတို့ဘာမှမပူနဲ့ ဒီသရဲကို ကျုပ်ဒီအိမ်ထဲကနေနှင်ထုတ်ပေးမယ်"

ထိုသို့ပြောနေစဉ်တွင် ရပ်ကြည့်နေကြသည့်သူများထဲမှာ ရှောင်မာဆိုသူလူတစ်ယောက်က နှာခေါင်းများမှုတ်ကာ ရှူးရှူးရှဲရှဲဖြစ်လာသည်။ ထို့နောက် မှော်ဆရာကြီးကို အနောက်ကနေပြီး စိမ်းစိမ်းကြီးစိုက်ကြည့်နေလေသည်။ သူ့မျက်လုံးတွေကလဲ သွေးရောင်လွှမ်းကာ နီမြန်းနေတော့သည်။

"ရှောင်မာဘာဖြစ်တာလဲ၊ ရှောင်မာ"

အလုပ်သမားတစ်ယောက်က ရှောင်မာ ကိုကိုင်လိုက်သည့်အခါတွင်တော့ ရှောင်မာ ကိုယ်လုံးက မီးခဲလိုပူခြစ်တောက်နေပြီးနောက် မှော်ဆရာကြီးကို အနောက်ကနေဝင်၍နပမ်းလုံးတော့သည်။ မှော်ဆရာကြီးမှာ အလစ်အငိုက်ခံလိုက်ရသည်မို့ ရှေ့သို့ဟပ်ထိုးလဲကျသွားသည်။ အင်းစက္ကူအဝါတွေလဲ ပြန့်ကျဲသွားပြီးနောက် ရှောင်မာက မှော်ဆရာကြီးကို လက်သီးနှင့်ဆင့်ကာဆင့်ကာ ထိုးတော့သည်။ ထိုမျှမကသေး ဆံပင်အလုံးကြီးကလဲ မှော်ဆရာကြီးကို တဘုန်းဘုန်းထုရိုက်ရာ ထုရိုက်၍ထွက်လာသည့်အသံကြီးပင်အတော်ကျယ်သည်။ ထိုအခါ မှော်ဆရာသည် ဆိုင်အတွင်းမှထကာ ဖဝါးနှင့်တင်ပါးတစ်သားထဲကျအောင် ပြေးတော့သည်။ မှော်ဆရာထွက်ပြေးသွားသည်မို့ ကျန်သည့်လူများလဲ အကုန်လုံးအိမ်ထဲမှထွက်ပြေးကုန်ကြသည်။ အထဲတွင် တန်ဖိုးကြီးပစ္စည်းများရှိသည်မို့ ဆရာဟွမ်က အိမ်ကိုအပြင်မှသော့ခတ်ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်သည်။

"သွားပါပြီ၊ မှော်ဆရာလဲပြေးပြီ၊ ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ"

ဆရာဟွမ်နှင့်တပည့်များ အိမ်ထဲမဝင်ရဲဘဲ လမ်းဘေးသစ်ပင်အောက်တွင်သာထိုင်နေကြသည်။ မကြာမီတွင် အိမ်ကိုသွားကြည့်ရာ ရှောင်မာက မေ့လဲနေသဖြင့် အိမ်တံခါးဖွင့်ပြီး ရှောင်မာကို ဆွဲထုတ်လာကြရသည်။ ရှောင်မာသတိရလာသောအခါ ကြောင်စီစီနှင့် ဘာကိုမှ သတိမရဘဲဖြစ်နေသည်။

"နည်းလမ်းလေးဘာလေးရှာကြပါအုံး"

"ရန်ကုန်မှာ လန်ချားဆရာတွေက မသိတာမရှိကြဘူးတဲ့၊ ဒီတော့ လန်ချားဆွဲတဲ့သူတစ်ယောက်ကိုမေးကြည့်ရအောင်"

သို့နှင့် တရုတ်နွယ်ဖွားလန်ချားဆွဲသူတစ်ယောက်အား မေးကြည့်ရတော့သည်။

"သရဲပူးတာဆိုရင်တော့ လင်းစဒေါင်းဘက်မှာ ရှမ်းဆရာတစ်ယောက်ရှိတယ်၊ သူ့နာမည်က ဆရာခမ်းလို့ခေါ်တယ်၊ သူက သရဲထုတ်တာတွေဘာတွေလုပ်တယ်"

သို့နှင့် ဆရာဟွမ်တို့လဲ ရှမ်းဆရာကြီးဆီသွားပြီး မြင်းလှည်းကြီးနှင့်ပင့်လာရတော့သည်။ အချိန်ကအတော်ညည့်နက်နေပြီဖြစ်သော်လည်း ဆရာဟွမ်တို့က အလွန်တောင်းပန်လွန်း၍ ရှမ်းဆရာကြီးက လိုက်လာခဲ့သည်။ အိမ်ထဲသို့မဝင်မီပင် အိမ်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တံတွေးတစ်ချက်ထွေးကာ အိမ်ထဲသို့ဝင်သွားတော့သည်။ ဆရာဟွမ်တို့လဲ ရှမ်းဆရာကြီးနောက်မှ ကပ်လိုက်လာသည်။ အိမ်အတွင်းအလင်းရောင်မရှိတော့သည်မို့ ဖယောင်းတိုင်များ၊ ဆီမီးခွက်များကို ထွန်းလိုက်ရသည်။

ရှမ်းဆရာကြီးက ခေါင်းပေါင်းကြီးနှင့်ဖြစ်ပြီး အရပ်ပုပု အသားညိုညိုဖြစ်သည်။ ပါးစပ်တွင်လဲ ကွမ်းစားထားသဖြင့် သွားတွေအကုန်လုံးမှာ ကွမ်းချိုးတွေနှင့် မည်းနက်နေသည်။ ပင်နီရှမ်းအကျီနှင့် ရှမ်းဘောင်းဘီပွတစ်ထည်ကိုဝတ်ဆင်ထားပြီး လွယ်အိတ်ကြီးကိုလဲလွယ်ထားသေးသည်။ လက်ထဲတွင်လဲ ဝါးတောင်ဝှေးတစ်ချောင်းကိုကိုင်ထားသည်။

အိမ်ထဲရောက်သည်နှင့် ဝါးတောင်ဝှေးကို ကြမ်းပြင်သို့ ထောက်ချလိုက်ရာ အကုန်လုံးလန့်သွားတော့သည်။ ထို့နောက်မှ

"ကဲ မင်းတို့ဒီအိမ်မှာရှိတာငါသိတယ်နော်၊ ဒီတော့ မင်းတို့လွယ်လွယ်နဲ့ထွက်လာခဲ့ကြ၊ မဟုတ်ရင်ငါ့အကြောင်းသိမယ်"

ထိုအခါ ဆံပင်လုံးကြီးသည်ယခင်ကအတိုင်းပင် ဆရာခမ်း ဆီသို့ ပြေးလာသည်။ ဆရာခမ်းက လက်ဝါးနှင့်ကာလိုက်ရာတွင် အနောက်သို့ဆယ်ပေခန့်လွင့်သွားပြီး ကြမ်းပြင်တွင် ဖုတ်ခနဲကျသွားသည်။ ဆရာခမ်းက ထိုအရာကိုလက်ဝါးနှင့်လှမ်းပြီးအုပ်လိုက်ရင်း

"ကဲ အင်းစောင့်၊ ဆေးစောင့်တွေ သူ့ကိုချုပ်ထားလိုက်ကြစမ်း"

ထိုသို့ပြောလိုက်သည့်ပြီးနောက် ဆံပင်လုံးကြီးမှာ ကြမ်းပြင်ပေါ်မှမရွေ့လျားနိုင်တော့ဘဲ ထိုနေရာတွင်သာ ရပ်နေလေသည်။ ထိုအခါ ဆရာခမ်းက အနောက်ဘက်သို့လှည့်လိုက်ရင်း နံရံတစ်နေရာကို လက်ဝါးနှင့်အုပ်လိုက်ပြန်သည်။

"မင်းက အနောက်ကနေ ဝင်ချင်သေးတာကိုး၊ သွားစမ်း၊ ဒီကောင့်ကိုပါ ချုပ်ထားလိုက်ကြ"

ထို့နောက် ဆရာခမ်းက ထိုဆံပင်လုံးကြီးကို သူတို့နားမလည်သည့်ဘာသာတွေပြောဆိုနေလေသည်။ ဆရာဟွမ်းတို့တရုတ်များလဲ ကြောင်ပြီးကြည့်နေကြသည်။

"ခင်ဗျားတို့အခုတစ်ခေါက်ပြန်လာတာ၊ ပတ္တမြားတစ်လုံးပါလာတယ်တဲ့၊ သူတို့လင်မယားနှစ်ယောက်က အဲဒီပတ္တမြားလုံးမှာ စွဲကပ်နေကြသတဲ့"

တရုတ်များအံ့သြကုန်သည်။ ဒါတောင် ဆရာဟွမ်က မယုံသေးပေ။

"ဆရာကြီးက ဘယ်သူနဲ့စကားပြောနေတာလဲ"

"ဟား . .ဟား မင်းတို့ကမြင်ချင်လို့လားကွ"

ထိုသို့ပြောပြီး သူ့လွယ်အိတ်ထဲသို့လက်နှိုက်လိုက်ကာ ယွန်းဘူးလေးတစ်ခုကိုထုတ်လိုက်သည်။ ထိုယွန်းဘူးလေးထဲတွင် စေးကပ်ကပ်ရွံ့နှင့်တူသော အနက်ရောင်အရာများရှိနေသည်။ ဆရာခမ်းက ဆရာဟွမ်၏ မျက်လုံးနှစ်ဖက်အား ထိုအရာများနှင့်ကွင်းပေးလိုက်သည်။

"အောင်မယ်လေး"

ဆရာဟွမ်လန့်ပြီးအော်လိုက်တော့သည်။ ဆံပင်လုံးကြီးနေရာတွင် ဆံပင်တွေဆွတ်ဆွတ်ဖြူနေပြီး ဖွာလန်ကျဲနေသော အဘွားကြီးတစ်ယောက်က ဒူးထောက်ထိုင်နေသလို၊ သူ့ဘေးနားတွင်လဲ အဘိုးကြီးတစ်ယောက်က ထိုင်နေကြသည်။

"အရှေ့က ဆံပင်လုံးနဲ့တိုက်တာက အဘွားကြီးပဲ၊ အဘွားကြီးမနိုင်တော့ တရုတ်ဆရာကို လူထဲဝင်ပူးကပ်ပြီး တိုက်ခိုက်တာက ဒီအဘိုးကြီးပဲ"

ဆရာဟွမ်းတုန်လှုပ်နေသည်ကို တပည့်များက မြင်သော်လည်း သူတို့ကမူ ဆံပင်လုံးကြီးကြမ်းပေါ်ကျနေသည်ကိုသာမြင်ရသည်။

"အဲဒီပတ္တမြားဟာ ကျိန်စာသင့်နေသလို သူတို့လင်မယားနှစ်ယောက်ကလဲ ပတ္တမြားအပေါ်မှာ သစ္စာစောင့်သိပြီး အလုပ်အကျွေးပြုနေရတယ်လို့ပြောတယ်"

"ဟုတ်တော့ဟုတ်မယ်၊ ဘာလို့လဲဆိုတော့ ဒီတစ်ခါမိုးမိတ်က စော်ဘွားကြီးပေးလိုက်တဲ့ ပတ္တမြားဘယက်ကြီးကို ပြောတာဖြစ်နိုင်တယ်"

ဆရာခမ်းက ထိုလူများနှင့်ဆက်လက်ပြီး စကားပြောဆိုနေသည်။

"ဒီပတ္တမြားဟာ သာမန်ပတ္တမြားမဟုတ်ဘူး၊ အရမ်းအန္တရာယ်ရှိလို့ လူသူမနီးတဲ့နေရာမှာ ပြန်ထားပေးဖို့ပြောနေကြတယ်"

ဆရာဟွမ်က ခေါင်းခါလိုက်သည်။

"ဒါတော့ဘယ်ဖြစ်မလဲ၊ ဒီပတ္တမြားဘယက်ကို ရဖို့ တစ်သောင်းခြောက်ထောင်တောင်ပေးပြီး ဝယ်လာခဲ့ရတာ၊ တခြားနည်းလမ်းမရှိဘူးလား"

"ရှိတော့ရှိတယ်"

ဆရာခမ်းပြောလိုက်သဖြင့် ဆရာဟွမ်မျက်လုံးများအရောင်လက်သွားသည်။

"တကယ်လို့ခင်ဗျားသုံးထောင်ပေးမယ်ဆိုရင် ကျုပ်ဒီလင်မယားကို ပတ္တမြားထဲက ထွက်သွားအောင်လို့ လုပ်ပေးနိုင်တယ်"

"သုံးထောင်တောင်လားဆရာခမ်းရယ်၊ နှစ်ထောင်လောက်နဲ့မရဘူးလား"

"ဒါဆိုကျုပ်လဲ အလုပ်မလုပ်ဘူးပေါ့၊ ကျုပ်ကိုပြန်ခွင့်ပြုပါ"

ဆရာခမ်းက လှည့်ထွက်မည်လုပ်တော့မှ ဆရာဟွမ်က ဆရာခမ်းလက်ကိုဆွဲလိုက်သည်။

"မလောပါနဲ့ဆရာကြီးရယ်၊ သုံးထောင်ဆိုတော့လဲ သုံးထောင်ပေါ့"

ဆရာခမ်းက နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပြီးနောက်

"အခု သူတို့ကို ကျုပ်သေတ္တာတစ်ခုထဲကိုထည့်ပြီး ချုပ်ခဲ့ပေးမယ်၊ မနက်ဖြန်ကျရင် ကျုပ်အိမ်မှာ အစီအရင်တွေလုပ်ထားမယ်၊ ခင်ဗျားတို့ သေတ္တာရော၊ ပတ္တမြားရော ယူလာခဲ့ကြပေါ့၊ ငွေသုံးထောင်တော့ ပါပါစေနော်"

"စိတ်ချပါ ဆရာကြီးရဲ့"

ဆရာခမ်းက တစ်ပေခန့်ရှိသော ရတနာသေတ္တာအလွတ်တစ်ခုအတွင်းသို့ ထိုသရဲလင်မယားကို ပညာဖြင့်ထည့်လိုက်ပြီးနောက် သေတ္တာကိုပိတ်လိုက်ကာ အပြင်မှနေ၍ အင်းတစ်ချို့ကို ကပ်သွားပြီးနောက် ချည်ကြိုးများနှင့်လဲ ရစ်ပတ်ချည်နှောင်ခဲ့လေသည်။

ဆရာခမ်းပြန်သွားသောအခါ ဆရာဟွမ်က ပတ္တမြားဘယက်ကို သေတ္တာတစ်ခုထဲတွင်ထည့်လိုက်ပြီးနောက် အထုပ်အပိုးများပြင်ဆင်နေသည့်အတွက် သူ့တပည့်များက အံ့သြနေကြသည်။

"ဆရာဟွမ် ဟိုဆရာကြီးက မနက်ဖြန်ချိန်းထားတာကို ဘာလို့ အထုပ်အပိုးတွေပြင်နေတာလဲ"

"မင်းတို့ကလဲ သူက သုံးထောင်တောင်တောင်းတာကိုးကွ၊ ငါကပေးနိုင်မလား"

"ဟင်၊ ဒါဆို ဆရာဟွမ် ဘယ်လိုလုပ်မယ်စိတ်ကူးထားသလဲ"

"မနက်ဖြန်မနက်ကျရင် ရန်ကုန်ဆိပ်ကမ်းကထွက်တဲ့ သင်္ဘောနဲ့ ငါတို့ ဟောင်ကောင်ကိုပြန်ကြမယ်၊ ဟောင်ကောင်တိုက်ရိုက်မရောက်တောင်မှ ငါတို့ဘန်ကောက်လောက်ကိုရောက်ရင်တော်ပြီကွာ၊ ငါတို့နဲ့အတူတူ ပတ္တမြားဘယက်ကိုယူသွားကြမယ်"

"ဒါဆို ဟိုသရဲနှစ်ကောင်ကိုရော"

"သူတို့ကထွက်ပြေးနိုင်တာမှမဟုတ်တာ၊ ဒီတော့ ဒီသေတ္တာကို အာမခံပစ္စည်းပို့တဲ့ ကုမ္မဏီတစ်ခုနဲ့အပ်ပြီး၊ အိန္ဒိယကို ထည့်ပေးလိုက်မယ်လေ၊ မကောင်းဘူးလား၊ သူတို့လဲ အဲဒီလောက်ဝေးဝေးအထိ မလိုက်နိုင်ဘူးထင်ပါတယ်"

ထိုအခါမှ တပည့်များလဲ သဘောပေါက်ကြပြီဖြစ်သည်။ ပတ္တမြားကိုစွဲကပ်နေသည့်သရဲများ ထွက်လို့မရသည့်အတွက်ကြောင့်တစ်နေရာသို့ ပို့ပစ်လိုက်မည်ဖြစ်ပြီး ဆရာခမ်းနှင့် ငွေသုံးထောင်အကုန်ခံပြီး သရဲနှင်မနေတော့ပေ။

"ဆရာဟွမ်က ပိုင်တယ်ကွာ၊ ဒါကြောင့်လဲ ဆရာဟွမ်ဖြစ်နေတာကိုး"

ဆရာဟွမ်ကပြုံးလိုက်ပြီးနောက် ထိုပတ္တမြားဘယက်ကြီးကို တစ်ချက်ထုတ်ကြည့်လိုက်သေးသည်။

(၁၃)

နောက်တစ်နေ့မနက်တွင် ရန်ကုန်မှ ဂျာဗားကျွန်းသို့ထွက်သည့် သင်္ဘောဖြင့် ဆရာဟွမ်တို့လူတစ်စုလိုက်လာခဲ့ကြသည်။ သရဲများထည့်ထားသည့် သေတ္တာကိုတော့ အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ထွက်မည့်သင်္ဘောတွင် တန်ဆာခပေးလျှက် ထည့်ပေးလိုက်တော့သည်။

အိန္ဒိယနိုင်ငံသို့သွားမည့် မီးသင်္ဘောကြီးများသည် လူများ၊ ကုန်စည်များနှင့် ပြည့်ကျပ်လျှက်ရှိသည်။ သင်္ဘောအတွင်းအလုပ်သမားများက သေတ္တာများကိုလက်တွန်းလှည်းလေးများနှင့် သယ်ယူပြီးနောက် အဆင့်ဆင့်နေရာချထားကာ ထည့်ကြသည်။ ထိုစဉ်တွင် လက်တွန်းလှည်းပေါ်တင်ယူလာသည့် သေတ္တာတစ်လုံးမှာ ပြုတ်ကျပြီးနောက် ကပ်ထားသည့်အင်းများနှင့် ချည်ကြိုးများမှာလဲ ပြုတ်ထွက်ကုန်သည်။ သင်္ဘောအလုပ်သမားများက ထိုသေတ္တာကိုပြန်ကောက်ယူလိုက်ကြစဉ် သေတ္တာမှာအလွန်ရုန်းကန်နေပြီးနောက် ပြန်လည်ပြုတ်ကျသွားသည်။

"သေတ္တာထဲက လှုပ်တယ်ဆိုတော့ တစ်ခုခုများပါနေတာလားပဲ"

သေတ္တာမှာ သင်္ဘောကြမ်းပြင်တွင် ရေပေါ်ရောက်သည့် ငါးတစ်ကောင်ကဲ့သို့ တဒုန်းဒုန်းနှင့်လှုပ်ရှားနေသည်။ သင်္ဘောအတွင်းအလုပ်သမားများက ထိုသေတ္တာကိုတုတ်နှင့်ထိုးကြည့်ကြသည့်အခါတွင် သေတ္တာကိုခတ်ထားသည့် သော့ခလောက်ကလေးမှာ ဝုန်းခနဲပြုတ်ထွက်သွားပြီး သေတ္တာအဖုံးလဲ ပွင့်သွားလေသည်။ အလုပ်သမားများလဲ အတွင်းကပစ္စည်းကိုသိချင်သဖြင့် သွားပြီးကြည့်ကြသော်လည်း သေတ္တာမှာအလွတ်ကြီးသာ ဖြစ်နေသည့်အတွက် ထူးဆန်းနေကြတော့သည်။ အလုပ်သမားများလဲ သေတ္တာကိုပုံစံမပျက်ပြန်ပိတ်ပြီးနောက် အခြားပစ္စည်းများနှင့်အတူ ရောသယ်လာခဲ့ကြသည်။

အိမ်တွင် ပွဲများထိုးပြီး ဝတ်ကောင်းစားလှဝတ်ကာ ထိုင်စောင့်နေသူမှာ ဆရာခမ်းဖြစ်သည်။ ဒီတစ်ချီတော့ တရုတ်တွေဆီက မြိုးမြိုးမြတ်မြတ်ရမည်ဟုတွေးကာ ပျော်ရွှင်နေမိသည်။ သို့သော် သူစောင့်နေရင်း အချိန်တွေသာကုန်သွားသည်။ မနက်ခင်းစောင့်နေရာပေါ်မလာသဖြင့် နေ့လည်လာမည်ဟုထင်ကာ စောင့်နေမိပြန်သည်။ နေ့လည်ပိုင်းတွင်လဲ ညနေလာမလားဟူသည့်အတွေးနှင့် စောင့်နေမိပြန်ရာ အခုညမိုးချုပ်နေဝင်ပြီးသည်အထိ တရုတ်များကိုမတွေ့ရပေ။

ဆရာခမ်းလဲ မြင်းလှည်းငှားပြီးနောက် တရုတ်များအိမ်သို့လာခဲ့သည်။ ထိုအခါ အိမ်တံခါးကြီးကို သော့ခတ်ပိတ်ထားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအနီးတစ်ဝိုက်တွင် ကွမ်းယာဆိုင်များနှင့် ဈေးဆိုင်လေးများရှိသည်မို့ ဆရာခမ်းက မေးကြည့်ရသည်။

"ဆရာဟွမ်တို့ ဒီနေ့မနက်အစောကြီးကတည်းက သူတို့လူတစ်စုအိမ်ပိတ်ပြီးထွက်သွားကြတာပဲဗျို့"

ထိုတော့မှ ဆရာခမ်းက တောက်ခေါက်လိုက်သည်။ သူ့အား ဆရာဟွမ်တို့ ဖျံကျသွားပြီဖြစ်ကြောင်းကိုတွေးမိကာ ဒေါသများထွက်လာတော့သည်။

"လောဘကြီးတဲ့ကောင်တွေတော့ ဒုက္ခတွေ့ကြရအုံးမယ်ထင်ပါ့"

အပိုင်း (၇)တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်


#LTY_အဂ္ဂဇော်
#တင်ပါး
#အလုပ်သမား
#သန့်ရှင်းရေး
#အရပ်

Some text some message..