အလှည့်ကျတော့ မနွဲ့စတမ်း
lotaya.mpt.com.mm
|
2023-01-17

(၁)

ဆန္ဒတွေ ပြည့်ဝသွားတဲ့ အတ္တဘော ခန္ဓာကိုယ်ကြီးတခုက ကျွန်မကိုယ်ပေါ်ကနေ ဘေးတဖက်ကို ဖယ်ဆင်းသွားတယ်။ 

မကြာပါဘူး။ နောက်ထပ် ချဉ်စူးစူး အရက်နံ့တခုနဲ့အတူ  မျော့တကောင်လို ကျွန်မရဲ့အသွေးအသားတွေကို စုပ်မြိုစားသုံးမယ့် ခန္ဓာကိုယ်တခုရဲ့အောက်မှာ ငရဲထပ်ကျပြန်တယ်။

နောက်ထပ် ...

နောက်ထပ်တွေ  ဘယ်နှစ်ကြိမ်မှန်းမသိ။ ကျွန်မ  ဘယ်လိုပဲ ရှိခိုးဦးတင် တောင်းပန်နေပေမယ့်၊ လူစိတ်ပျောက်နေတဲ့ လူရိုင်းတစုရဲ့  အလိုရမ္မက်အောက်မှာ ငရဲခန်း ရောက်နေသလိုပါပဲ။  

" အယုတ်တမာကောင်  လွှတ်စမ်း လွှတ် လွှတ် "

ငိုကြွေးရလွန်းလို့ မျက်ရည်ပင် မထွက်တော့။ ရှိုက်ငင်ရလွန်းလို့ အသံပင်မထွက်နိုင်တော့။ခန္ဓာကိုယ်အနှံ့အပြားက နာကျင်မှုများစွာနဲ့  သိစိတ်ဆိုတဲ့ သတိက လစ်တချက် ရတချက်နှင့်။

လောကရဲ့ အမှောင်တကာ့ အမှောင်ဆုံး ငရဲခန်းတခုဆီကို သက်ရှိထင်ရှား ရောက်နေသလိုပါပဲ။နာကျင်မှုတွေက အဆုံးမသတ်နိုင်။ ဒီလိုနဲ့  ကျွန်မ  သတိလစ် မေ့မြောသွားခဲ့တယ်။ 

ကျွန်မ သတိလစ်မေ့မြောနေစဉ်မှာ မြင်တွေ့ခဲ့ရတာက ...

ရဲရဲနီနေတဲ့ အနီရောင် နှင်းဆီပန်းခင်းကြီးတခု။ ပန်းခင်းကြီးက ဘယ်လောက်ရှည်လျားကျယ်ပြန့်သလဲဆို၊ ဟိုးအဝေးက မိုးကုတ်စက်ဝန်း သက်တန့်ကွေးအထိပါပဲ။

ကျွန်မ  သိပ်ချစ်တဲ့  အဲ့ဒီနှင်းဆီပန်းခင်းကြီးထဲ လျှောက်သွားနေမိတယ်။

အဆုံးသတ်ကို ရှာမတွေ့နိုင်ဘူးပေါ့။ 

အဲ့သလို လျှောက်သွားပျော်မြူးနေတုန်းမှာပဲ ကျွန်မ အနောက်က တဂျိန်းဂျိန်းနဲ့ စက်သံကြီးတွေ ကြားလိုက်ရတယ်။

ကျွန်မ  ကြောက်လန့်တကြား လှည့်ကြည့်လိုက်တော့ ... 

မြက်ရိတ်စက်ကြီးတခု ကျွန်မရှိရာကို ဦးတည်လာနေတာကို တွေ့လိုက်ရတယ်။ 

မကြာပါဘူး။ မြက်ရိတ်စက်ကြီးဟာ နှင်းဆီပန်းခင်းကြီးနဲ့ ကျွန်မကို သူ့ဓားသွားတွေနဲ့ တစစီ ခုတ်ဖြတ်သွားလေရဲ့။ ပြတ်တောက်သွားတဲ့ နှင်းဆီပွင့်တွေ့နဲ့အတူ သွေးအလိမ်းလိမ်းနဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေဟာလည်း မြေပြင်ပေါ်မှာ ... တစစီ ကျဲပြန့်လို့ ...။

               ____________

(၂)

        ရှားတောကျေးရွာအုပ်စု၊ ထုံးဘိုရွာနှင့် အလှမ်းမဝေးလှသော၊ တောင်နီသစ်တောကြိုးဝိုင်း တနေရာ၌၊ အလောင်းတခုကို  ထင်းခုတ်သွားသည့် ရွာသားအချို့က မြင်တွေ့ခဲ့ပြီး အကြောင်းကြားလာသောကြောင့်၊ ထုံးဘိုကျေးရွာဥက္ကဌ ဦးစံဝင်းနှင့်အတူ ရှားတော ရဲစခန်းမှ စခန်းမှုးနှင့်ရဲတပ်ဖွဲ့ဝင်အချို့ ရောက်ရှိ စုံစမ်းနေကြပါတယ်။

   " ဒီလောက်ဆိုးရွားတဲ့ လူသတ်မှုမျိုးကို ကျုပ်တသက်မှာ တခါမှ မမြင်ဖူးခဲ့ဘူး "

     စခန်းမှုး ဦးခင်ကျော်က ကျေးရွာဥက္ကဌ ဦးစံဝင်းကို ခုလိုပဲ ဝန်ခံလိုက်တယ်။ ဦးခင်ကျော်ရဲ့မျက်နှာပေါ်မှာ အော့နှလုံးနာနေတာ အသိသာကြီးပဲ။ အလောင်းကို စတွေ့ခါစကဆို ဦးခင်ကျော်  စားထားသမျှ ထိုးအန်တော့တာပဲ။ 

     မအန်ဘဲ နေပါ့မလား။ အလောင်းရဲ့ အခြေအနေက အတော်ကို ဆိုးတာကိုး။ ခြေထောက်တွေ၊လက်တွေ ခုတ်ဖြတ်ထားခံသည့်အပြင်၊ ဦးခေါင်းကို ယခုထိ ရှာမတွေ့သေးပေ။ အလောင်း၏ ကိုယ်ထည်ကို ကြည့်၍ အမျိုးသမီးတဦး၏ အလောင်းဆိုတာတော့ သိကြပြီးဖြစ်တယ်။ ခန္ဓာကိုယ်မှာလည်း ထိုးသွင်းဒါဏ်ရာများနဲ့ ပြည့်နှက်လို့။ 

       ' တော်တော် ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်ဆိုတာ အသိသာကြီး။ အငြိုးတကြီးနဲ့ လုပ်သွားဟန်တူရဲ့'လို့  ဆယ်စုနှစ် တခုစာ ကျေးရွာဥက္ကဌ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ဦးစံဝင်းက မှတ်ချက်ပေးတယ်။

      သေမှုသေခင်း စစ်ဆေးနေတဲ့ စခန်းမှုး ဦးခင်ကျော်ကတော့ မြေပြင်အနေအထားကို လေ့လာနေဆဲမို့၊ ဥက္ကဌစကားကို ဘာမှ မဝေဘန်သေးဘူး။ သူ့အလုပ် သူ ဆက်လုပ်နေတယ်။ ပတ်ဝန်းကျင်မှာ သဲလွန်စ တခုတလေ ကျန်ခဲ့မလားလို့  နှံ့စပ်အောင် ရှာဖွေနေတယ်။ 

      အဲ့သလို ရှာဖွေနေရင်းက သူ့တပည့် ဆာဂျင်မူးလာကို လှမ်းမေးလိုက်တယ်။ 

     " အလောင်းက  အမျိုးသမီးအလောင်းတော့ ဟုတ်ပါပြီ။ ဘယ်သူ ဘယ်ဝါဆိုတာကိုရော သိရပြီလား "

   ဦးခင်ကျော်က  နယ်မြေခံ တပ်ကြပ် ဆာဂျင်မူးလာကို အဲ့သလိုလှမ်းမေးလိုက်တော့  ဆာဂျင်မူးလာက လေသံအေးအေးနဲ့ ...

   " အလောင်းက  ဘာအထောက်အထားမှ မပါတော့ ၊ စုံစမ်းဆဲပဲ စခန်းမှုး။ အလောင်းကို ကျွန်တော် စတွေ့တော့ အင်္ကျီဗလာနဲ့ ဘာအဝတ်မှ မပါဘူး။ ပြီးတော့ လက်ဝတ်လက်စားဆိုလို့လဲ  ဘာမှ မပါဘူးခမျ "

     လက်ဝတ်လက်စားက ပါစရာလဲ အကြောင်းမရှိ။ အလောင်းက ဦးခေါင်းမပါတော့ နားကပ်တို့ ဆွဲကြိုးတို့ မတွေ့ရ။ ဖြတ်တောက်ထားခံရတဲ့ လက်ပြတ်နှစ်ဖက်မှာလည်း လက်စွပ် မတွေ့ရ။ 

     စခန်းမှုး ဦးခင်ကျော်က  ဥက္ကဌဘက်သို့ လှည့်ကာ ...

   " ရွာထဲက  လူပျောက်တာမျိုးရော မရှိဘူးလား ဥက္ကဌ "

   " ဒီကနေ့ထိတော့ မကြားမိပေါင် စခန်းမှုးကြီးရာ "

      ရဲတပ်ကြပ် ဆာဂျင်မူးလာက သူ မြင်တွေ့ခဲ့ရသမျှကို စဥ်းစားသုံးသပ်နေတယ်။ 

     အလောင်းက မြေထဲ မြုပ်ထားရာကနေ တောဝက်တွေက မြေတွေကို တူးဆွရာကနေ ပေါ်လာတာ ဖြစ်တယ်။ လူသတ်သမားက  တယောက်ထဲ မဖြစ်နိုင်။ အနည်းဆုံး နှစ်ယောက် သို့မဟုတ် အဲ့ဒီထက် များလိမ့်မယ်လို့ ယူဆနိုင်တယ်။ ဒီလောက် ဝေးတဲ့နေရာကို ပေါက်တူး၊ပေါက်ပြားတွေနဲ့အတူ အလောင်းကို သယ်မလာဖို့ရာက တယောက်တည်း မဖြစ်နိုင်ဘူး။ 

      ထူးခြားတာက  အလောင်းကိုယ်မှာ အဝတ်မပါခြင်းနှင့် ဦးခေါင်း ပျောက်ဆုံးနေခြင်းပဲ။ ဦးခေါင်းကို လူသတ်သမားက ဘယ်မှာ ဝှက်ထားသလဲ။ 

     " လူသတ်သမားက  မြေကျွင်း ခပ်နက်နက်သာ တူးခဲ့ရင် အလောင်းက ပေါ်မှာ မဟုတ်ဘူး ။ 

      ဒီလို တောထဲအထိ လာမြုပ်နှံပါရဲ့နဲ့ ၊ ဘာကြောင့် မြေကျွင်းကို ခပ်နက်နက် မတူးခဲ့ရတာလဲ။ ဒါဟာ စဉ်းစားစရာပဲ။      တောသဘာဝကို မသိတဲ့လူများလား။ ဒါမှမဟုတ် အလောင်းကို တမင် ပေါ်စေချင်လို့များလား "

      ထိုသို့  ဆာဂျင်မူးလာ အတွေးနယ်ချဲ့နေစဥ်မှာ၊

     စခန်းမှုး ဦးခင်ကျော်က ဘယ်လက်ပြတ်မှ လက်သူကြွယ်ကို အသေအချာ ကြည့်ပြီး ...

    " သေသူက  အသတ်မခံရခင်မှာ လက်စွပ်တကွင်း ဝတ်ထားတယ်ကွ၊ ဒီမှာ လက်စွပ် စွပ်ထားတာ ကြာလို့ ဖြစ်တတ်တဲ့ အရာတခု တွေ့ရတယ် "

     ထုံးစံအတိုင်း ဥက္ကဌ ဦးစံဝင်းက ထပ်၍ ထင်ကြေးပေးပြန်တယ်။

 " ဒါဆိုရင် ပစ္စည်းယူ လူသတ်တာပဲ၊ ရွာထဲက  လုတတ်ယက်တတ်တဲ့ 'ဇ' ရှိတဲ့ကောင်တွေ ရိုက်စစ်လိုက်ရင် ပေါ်မယ်ထင်တယ် "

စခန်းမှုးက  ဥက္ကဌအကြောင်း သိနေသူဆိုတော့ မချိတင်ကဲ သွားဖြဲပြလိုက်တယ်။ တကယ်တော့ ဒီအမှုက အဲ့သလောက် မရိုးရှင်းဘူးဆိုတာကို သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံ သမ္ဘာအရ ခံစားသိရှိနေတယ်မဟုတ်လား။ 

      ပစ္စည်းကို လိုချင်၍ လုယက်တဲ့ကောင်က လူသတ်ခဲ့မယ်ဆိုရင်တောင်၊ ယခုလို ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်နေမည်မဟုတ်။ ပြီးတော့ လုယက်တတ်သူအများစုက ပစ္စည်းရရင် တချိုးတည်း ပြေးတတ်ကြတယ်။ လူသတ်ဖို့ ဝန်လေးကြတယ်။ ထို့ကြောင့် ဥက္ကဌက ဉာဏ်တိမ်တိမ်နဲ့ ပြောနေသည်ကို စခန်းမှုးက အရာမသွင်းခြင်းပင်။

    " ကဲ  ဆရာမူးလာ  ဒီတဝိုက်ကို မျက်စိ ရှင်ရှင်နဲ့ ရှာကြည့်အုံးဗျာ ၊ တစုံတခု ထူးခြားတာတွေ့ရင် ကျုပ်ကို အရင်လာပြော ... "

     စခန်းမှုးက  ဆာဂျင်မူးလာကို ထိုသို့ အမိန့်ပေးပြီး၊ ဥက္ကဌရှိရာသို့ လျှောက်သွားတယ်။ ဥက္ကဌကတော့ ကွမ်းတပျစ်ပျစ်နဲ့  ဒီနေရာမှာ သူသာ တာဝန်အရှိဆုံးဆိုတဲ့ ဂိုက်ဖမ်းနေလေရဲ့။ လာစပ်စုကြတဲ့ တောတက် ထင်းခုတ် မှိုနုတ် ရွာသားတွေကို မောင်းထုတ်ရင်း အာဏာပြနေတာပေါ့။ 

      စခန်းမှုးက  ထုံးဘိုရွာထဲက လုပ်ရဲကိုင်ရဲနဲ့ ဇရှိတဲ့သူတွေ အကြောင်း ဥက္ကဌကို မေးတယ်။ ဥက္ကဌက သူ့ထင်ကြေးမှန်လို့ စခန်းမှုးကတောင် မေးလာရပြီဆိုတဲ့သဘောနဲ့ သွေးနထင်ရောက်နေဟန်တူပါတယ်။ ဒါနဲ့ ဥက္ကဌက သူနဲ့ မတည့်တဲ့သူမှန်သမျှ  နာမည်တွေကို တန်းစီ ရွတ်ပြတော့တာပေါ့။ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီကောင်တွေကို ရဲက ဖမ်းပြီး အရိုက်ခံရရင် ပြီးရောဆိုသည့်သဘော။

တောင်နီသစ်တောကြိုးဝိုင်းအနီးမှာက ရှားတောရွာ၊ သဖန်းဒေါင့်ရွာ၊ ထုံးဘိုရွာ၊ နေပူရွာနဲ့ ကမ္မရွာလို့ ရွာ၅ရွာ ရှိတယ်။ ရှားတောရွာက အကြီးဆုံးနဲ့ အိမ်ခြေအများဆုံး။ ကျေးလက်ဆေးပေးခန်းရှိသလို၊ စခန်းမှုး ဦးခင်ကျော် တာဝန်ကျတဲ့ ရဲစခန်းလည်း ရှိတယ်။ ဒါ့အပြင် ရှားတောမှာ တွဲဘက် အထက်တန်းကျောင်းတောင် ရှိသေးတယ်။ 

ဒါကြောင့်  စခန်းမှုး ဦးခင်ကျော်က ထုံးဘိုလို ရွာသေးသေးလေးမှာ  လူသတ် တရားခံရှိက ပြေးဖမ်းလိုက်ရုံပင်။ သူ့အတွက် အခက်အခဲ မရှိချေ။ သို့သော်  ဦးခင်ကျော်အနေဖြင့် ထုံးဘိုရွာက မဖြစ်နိုင်ဟု တွေးမိနေသောကြောင့် ဥက္ကဌ ရွတ်ပြနေသော ရွာခံ လူမိုက်များကို စိတ်ဝင်စားဟန်မတူချေ။ 

သလိုဆို ဘာကြောင့်မေးရသလဲ။ ဦးခင်ကျော်၌  သိထားရန် လိုအပ်၍သာ မေးရခြင်းသာ။နောက်တခုက ဒီကနေ့ နေ့လယ်စာ ထမင်းကို ဥက္ကဌအိမ်၌ စားရမည်ဖြစ်သောကြောင့်ပင်။ 

လူသေအလောင်းနဲ့ မလှမ်းမကမ်းက ဝါးအိုက်တောထဲက ရဲသားတဦးက လှမ်းအော်လိုက်တယ်။

 " ဗိုလ်ကြီး  ... ဒီမှာလာကြည့်ပါအုံး"

တောဝက်တွေ  ဆွဲသွားဟန်တူတဲ့ ဦးခေါင်းပြတ်ကို တွေ့၍  လှမ်းအော်ခြင်း ဖြစ်တယ်။ 

စခန်းမှုးဦးခင်ကျော်နဲ့ တပ်ကြပ် ဆာဂျင်မူးလာတို့  ဝါးအိုက်တောထဲ အတင်းတိုးခွေ့ ဝင်သွားကြတယ်။

ရဲတပ်သားက ...

   " ဒီဝါးအိုက်ထဲကနေ  ငြီးသံလိုလို အသံထွက်နေတာနဲ့  ကျွန်တော် ဝင်ကြည့်တော့  ... ဝါးပင်အခြေက မြေက ပွယောင်းယောင်း ဖြစ်နေတယ် ဗိုလ်ကြီး၊ ဒါနဲ့  ကျွန်တော်လဲ မသင်္ကာဖြစ်ပြီး တူးဆွကြည့်လိုက်တော့ ... "

ခေါင်းပြတ်မှာ မျက်နှာ မပေါ်လွင်တော့ပါ။  ပုရွက်ဆိတ်များ ထိုးဆိတ်ကိုက်ဖဲ့ထားဟန်တူတယ်။ သို့ပေမဲ့ ထူးခြားသည်က နှာခေါင်းထိပ်က  မှဲ့နက်လေးတလုံးကတော့ဖြင့် ထင်ထင်ရှားရှား ကျန်ရစ်နေပါသေးတယ်။

     ဆာဂျင်မူးလာက  ဝါးပင်အနီးက မြေတွင်း ခပ်တိမ်တိမ်ကို လက်ညှိုးထိုးပြလိုက်တယ်။ အမှန်က  ခေါင်းပြတ်ကို တောဝက်တွေ ဆွဲသွားတာမဟုတ်ဘူး။ လူသတ်သမားက ဦးခေါင်းကို တနေရာမှာ ခွဲပြီး မြုပ်နှံ့ထားခဲ့တာ။

    စခန်းမှုး ဦးခင်ကျော်က ...

  "ဆရာ မူးလာ  ... ခေါင်းပြတ်တွေတဲ့အကြောင်းကို ဘယ်သူမှ မသိစေနဲ့ဗျာ ၊ ခင်များ ရဲဘော်တွေကိုလဲ အသေအချာ ပြောပြထားလိုက် "  လို့  ပြောလိုက်တယ်။ စခန်းမှုးအကြောင်း နောကြေနေတဲ့ ဆာဂျင်မူးလာက ခေါင်းငြိမ့်ပြလိုက်ပါတယ်။

    ဦးခင်ကျော်ကတော့  ရဲဘော်လေး စကားကို ဇဝေဇဝါ ဖြစ်နေရှာတယ်။ ဝါးအိုက်တောထဲက ငြီးသံလိုလို ငိုရှိုက်သံလိုလို ကြားရတယ်ဆိုတာကိုပေါ့။

                ___________

(၃)

အလောင်းတွေ့ပြီး ၃ရက်မြောက်နေ့။

စခန်းမှုး ဦးခင်ကျော်ခမျာ စားပွဲပေါ်က အမှုတွဲဖိုင်ကို ကြည့်၍ ခေါင်းခဲနေရှာတယ်။ 

တောင်နီသစ်တောကြိုးဝိုင်းအတွင်းက အလောင်းနှင့်ပါတ်သက်ပြီး၊ စုံစမ်းစစ်ဆေးမှုမှာ တစုံတရာ တိုးတက်မှု မရှိသေး။ 

ယုတ်စွအဆုံး  မည်သူမည်ဝါ၏အလောင်းပါဟုပင် မပြောနိုင်သေး၍  အကြပ်ရိုက်နေရှာပါတယ်။ အထက်အဆင့်ဆင့်ကလည်း လူသတ်မှုကို စိတ်ဝင်စားနေကြတယ်ဆိုတော့၊ ခမျာမှာ ဒီလူသတ်မှုကိုပဲ အလေးပေး ဆောင်ရွက်နေရတယ်။ 

အနီးအပါးက ရွာတွေကလည်း လူပျောက်မှု တိုင်ချက်လာမဖွင့်ကြတော့ ခက်နေတာ  အမှန်ပေါ့။

ထိုအခိုက်  သူ၏ စခန်းအတွင်းသို့ ကားတစီး ဝင်လာတာကို မြင်တွေ့လိုက်တယ်။ ဦးခင်ကျော်  စားပွဲကနေ ထပြီး အဝင်ပေါက်ကနေ ထွက်ကြိုလိုက်တယ်။ မြို့မရဲစခန်းက သူ့အထက်အရာရှိလားလို့ပေါ့။ ဒါပေမဲ့ မဟုတ်ပါဘူး။

ကားမောင်းလာတဲ့ ဒရိုင်ဘာက တံခါးကို ဆင်းဖွင့်ပေးလိုက်တော့အသားဖြူဖြူ အရပ်မြင့်မြင့် အမျိုးသားကြီးတဦးရယ်၊ အမျိုးသားကြီး၏ ဇနီးဖြစ်ဟန်တူသော ရုပ်ရည်သန့်သန့် အမျိုးသမီးကြီးတဦးရယ် ကားပေါ်က ဆင်းလာတာ တွေ့ရတယ်။ သူတို့နှစ်ဦးစလုံးမျက်နှာမှာ တူညီတာက စိုးရိမ်သောကတွေကြောင့် ညှိုးနွှမ်းနေကြတာပါပဲ။ 

နှစ်ဦးစလုံးကို ဦးခင်ကျော် မမြင်ဖူးပါဘူး။ ဒီနယ်ခံ မဟုတ်တာတော့ သေချာတယ်။ ဦးခင်ကျော် ခေါင်းကုတ်လိုက်မိတယ်။ လူသတ်မှုက လတ်တလော ပူပူနွေးနွေး ဖြစ်ထားတာမဟုတ်လား။ အခု ဘာအမှုများပါလိမ့်လို့ တွေးပြီး ခေါင်းခဲသွားရှာတယ်။

    စခန်းမှုး ဦးခင်ကျော်က ခရီးဦးကြို၍ သူ့ရုံးခန်းက ထိုင်ခုံမှာ နေရာပေးလိုက်ပြီး၊ လာရင်းကိစ္စကို မေးလိုက်တယ်။ 

အဲ့ဒီအချိန်  စခန်းထဲကို  ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက် ထပ်ရောက်လာတယ်။ ကြည့်လိုက်တော့ ရှားတောကျေးရွာ ကျန်းမာရေးမှုး ဦးကောင်းစံနှင့် ရာအိမ်မှုး ကိုထွန်းဝင်းတို့ ဖြစ်နေတာကို တွေ့လိုက်ရပြန်တယ်။

ရုံးခန်းမှာ လူစုံတော့ ရင်းနှီးနေတဲ့ ကျန်းမာရေးမှုး ဦးကောင်းစံက စတင်မိတ်ဆက်ပေးတယ်။

" စခန်းမှုးကြီး  ဒါက  သူနာပြုဆရာမ မမေရီရဲ့ မိဘနှစ်ပါးပါ။အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးခင်မောင်နဲ့ အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်သက်ထားတဲ့။ 

     သူတို့က  သူတို့သမီး  အိမ်ပြန်ရောက်မလာလို့ စိတ်ပူပြီး၊ ရွာကို လိုက်လာကြတာတဲ့။ ဆရာမ ဒေါ်မေရီက လွန်ခဲ့တဲ့ ရက်တပါတ်ကတည်းက  ခွင့်နဲ့ပြန်သွားခဲ့တယ်ခင်မျ။ ဒါပေမဲ့  အခုထိ  အိမ်ပြန် မရောက်သလို ၊ ကျွန်တော်တို့ ကျေးရွာဆေးပေးခန်းကိုလည်း ပြန်ရောက်လာဘူး။ 

      လမ်းမှာ တခုခု ဖြစ်နေသလားဆိုပြီး  သံသယဝင်တာနဲ့၊ စခန်းမှုးကြီးဆီမှာ ၊ လာရောက် အကြောင်းကြားရခြင်းပါ ။ အဲ့ဒါ  ကူညီပေးပါအုံး "

စခန်းမှုး ဦးခင်ကျော် ဒိန်းခနဲနေအောင်  ရင်က လှိုက်ခုန်သွားတယ်။မဟုတ်ပါစေနဲ့လို့လည်း ကြိုပြီး ဆုတောင်းလိုက်မိတယ်။ 

ဆရာမ မမေရီရဲ့  မိဘနှစ်ပါးမျက်နှာတွေက စိုးရိမ်သောကတွေနဲ့ ညှိုးလျော်နေကြတယ်မဟုတ်လား။ 

စခန်းမှုး ဦးခင်ကျော်က ...

" ဒေါ်မေရီ  ဟုတ်လား ကိုကောင်းစံ။ သူ့ကို  ကျွန်တော် မသိပါလားဗျ "

" ဟုတ်တယ်၊ စခန်းမှုးကြီးက ဘယ်သိပါ့မလဲ။ ဆရာမဒေါ်မေရီက နယ်ပြောင်းသွားတဲ့ ဒေါ်နော်အယ်လ်ထူးကိုယ်စား အလုပ်ဝင်တာ မကြာသေးဘူးလေ။ ပြီးတော့ စခန်းမှုးကြီးကလဲ ကျွန်တော်တို့  ကျန်းမာရေးဆေးခန်းဘက် မလာတာ ကြာပေါ့ "

" ဟုတ်လား ၊ အေးဗျာ ... ကျွန်တော်လဲ  ကိုကောင်းစံတို့ဘက် မရောက်ဖြစ်ဘူး ။ ဆရာမ ဒေါ်မေရီက ဘယ်အရွယ်လဲဗျ ။ အော် ... သူ့ ဓာတ်ပုံလေးများ ပါမလားမသိဘူး။ ပါရင်လဲ ကျွန်တော့ကို တချက်လောက်ပြကြည့်ပါလား "

သူနာပြု ဆရာမဒေါ်မေရီရဲ့ မိခင်က  သူမ၏ ဆလင်းဘက်အိတ်ထဲမှ ဓာတ်ပုံတပုံကို ယူ၍ စခန်းမှုးကို ပေးလိုက်တယ်။ 

" ဘုရားရေ ! "

စခန်းမှုးက ဘုရားတလိုက်တော့ အားလုံးက စိတ်ဝင်စားသွားကြတယ်။ 

ဦးခင်ကျော် တွေ့လိုက်ရတဲ့ ဓာတ်ပုံထဲမှာက ၊ သူနာပြုဆရာမဝတ်စုံပြည့်နဲ့  ရိုက်ထားတဲ့  ဒေါ်မေရီ။

အသက်အားဖြင့် ၂၅နှင့် ၃၀ကြားရှိလိမ့်ဦးမယ်။ အရပ်အမောင်းကောင်းသလို၊ မျက်နှာလေးကလည်း ချစ်စရာအတိပင်။ 

ဆရာမလေး မေရီရဲ့ အထင်ရှားဆုံး အမှတ်အသားကတော့ နှာတံထိပ်က မှဲ့နက်လေး တလုံးပင်။

                 ____________

(၄)

     တောင်နီသစ်တောကြိုးဝိုင်းအတွင်းက သစ်ခုတ်လုပ်သား တဲတခုမှ မီးခိုးငွေ့ တလူလူက ကောင်းကင်သို့ ဝေ့ဝဲတက်နေတယ်။ 

     နေ့လယ်စာအတွက် ထမင်းဟင်း ချက်ပြုပ်နေဟန်တူပါရဲ့။ တဲအပြင်မှာ လူတယောက် ဆေးပေါ့လိပ်ဖွာနေတယ်။ တဲအတွင်းမှာတော့ တယောက်သောသူက စောင်ကြမ်းကို အထပ်ထပ် ခြုံပြီး ခပ်ကွေးကွေး လှဲလျောင်းနေတယ်။ ကျန်တယောက်ကတော့ ဖန်ခွက်တလုံး ကိုင်ထားပြီး ဆေးမှုန့်ထုပ်ကို သွားနဲ့ကိုက်ဖေါက်နေလေရဲ့။ ထင်းခုတ်လုပ်သား သုံးယောက်ပင်။ 

        "အီးဟီးဟီး ... အမေရေ "

     တဲအတွင်းမှာ အဖျားတက်ပြီး အမေ 'တ'နေတာက ခိုင်ထွန်း။ သူ့ဘေးနားမှာ ဆေးနီကျော်နဲ့ အရက်ဖြူတခွက်ကို သမအောင်  မွှေနေသူက ကျော်ကို။

      တဲအပြင်မှာ  ငုတ်တုတ်ထိုင် ဆေးပေါ့လိပ် ဖွာနေတဲ့ မင်းနောင်က၊

 " ယီးထဲမှ ... နားငြီးလိုက်တာကိုပဲ၊ မင်း ... ယောက်ကျားမဟုတ်ဘူးလား ခိုင်ထွန်း ။ တညလုံးလဲ ငြီး၊ ခု မိုးလင်းတော့လဲ ငြီးနဲ့။ မင်း  သောက်ပေါက်ကို ခဏလောက် ပိတ်ထားပေးစမ်း "

     မင်းနောင်ရဲ့ အော်ငေါက်သံကြောင့် ခိုင်ထွန်း ကျယ်ကျယ် မငြီးရဲတော့ဘူး။ ဒါပေမဲ့  ခပ်တိုးတိုးတော့ ငြီးနေတုန်းပါပဲ။ ကျော်ကိုက ဆေးနီကျော်နဲ့ အရက်ဖြူကို စပ်ပြီးပြီဆိုတော့ ...

     " ရော့  ခိုင်ကြီး ! ဒါလေး တခွက်ချလိုက်ကွာ ၊ ဒါဆို မင်းသက်သာသွားမှာပါ "

     ခိုင်ထွန်းက အိပ်ယာက မထနိုင်ဘူး။ ကျော်ကိုကပဲ ခိုင်ထွန်းရဲ့ခေါင်းထူပေးပြီး၊ ဆေးအရက်ကို ပါးစပ်ထဲ လောင်းထည့်ပေးလိုက်တယ်။ ဆေးနဲ့အရက်တွေက ဝမ်းတွင်းလည်း ဝင်ပါရဲ့။ တချို့တဝက်လည်း ပါးစောင်ကနေ အပြင်ဘက်ကို စီးကျကုန်တယ်။ 

     ဖင်စီခံထိ လောင်မြိုက်နေတဲ့ ဆေးပေါ့လိပ်ကို ထိုးချေလိုက်ပြီး၊ မင်းနောင်က  ကျော်ကို ကို လှမ်းမေးလိုက်တယ်။ 

   " ကျော်ကို ... ဟိုကောင် ငါတို့ကိုတော့ ဘတ်မသွားလောက်ပါဘူးနော်။ နှစ်ရက်တောင်ရှိနေပြီ။ ခုထိ ပြန်ရောက်မလာသေးဘူး "

     ဟိုကောင်ဆိုတာက ဝင်းသူရကို ပြောတာ ဖြစ်တယ်။ ဘတ်တယ်ဆိုတာက လိမ်တာ၊ ကျော်တာခွတာကို ပြောခြင်းပင်။ 

      ဝင်းသူရက  မြို့တက်ပြီး ရွှေသွားရောင်းတာ ဒီကနေ့ဆို ၂ရက် ရှိနေပြီ။ အခုထိ ပြန်မရောက်သေး။အစက ၄ယောက်စလုံး အတူတူသွားဖို့ပါပဲ။ ဒါပေမဲ့  ခုနေချိန်ခါမှာ သူတို့လေးယောက်ကို အတူတူ တွဲသွားတွဲလာ လုပ်တာ တခြားသူတွေ မြင်တွေ့သွားလို့ မဖြစ်တာကြောင့် ဝင်းသူရတယောက်တည်း မြို့တက်သွားခြင်းပင်။ 

   ဝင်းသူရမှာက မြို့ခံအဆက်အသွယ်ကောင်းကောင်းရှိတယ်။ ဒီမှာ ကျန်ခဲ့တဲ့ သူတို့က ဝင်းသူရလောက် မြို့ရည်လည်တာမဟုတ်။ ဒါကြောင့် ဝင်းသူရကိုပဲ မြို့ကို လွှတ်လိုက်ရခြင်းသာ။

     အခု  မင်းနောင်က  ပြန်ရောက်ချိန်သည့်တိုင်အောင် မရောက်လာသေးတဲ့ ဝင်းသူရအပေါ် သံသယစိတ် ဝင်လာတယ်။ 

   " ကျော်ကို ... ငါ  လိုက်သွားရင် ကောင်းမလား "

     တဲအတွင်းက ကျော်ကို ထွက်လာတယ်။ မင်းနောင်အနီး ဝင်ထိုင်လိုက်ပြီး ...

    " လာမှာပါ မင်းနောင်ရာ။ ဒီကောင် ငါ့တို့အပေါ်  အဲ့သလို မလုပ်ရဲပါဘူး။ လုပ်ရဲရင်လဲ လုပ်ကြည့်ပေါ့ ... ။ 

       ဟိုတနေ့က ကောင်မလေးထက် ပိုဆိုးသွားလိမ့်မယ်လေ "

      မင်းနောင်က ဟက်ခနဲ တချက် ရယ်လိုက်ပြီး ...

   " ဆွဲကြိုးရယ်၊ နားကပ်ရယ် ... ပြီးတော့ လက်စွပ်ရောဆို  ငါတို့  ဒီတချီ အတော်ထောပြီနော်။ 

      ဝင်းသူရကို အသေအချာ မှာလိုက်တယ် သိလား။ အပြန်ကျရင် အရက်ကောင်းကောင်း ဝယ်ခဲ့လို့ ဟီးဟီး "

     ကျော်ကိုက မင်းနောင်လို အရက်ကို ထူးထွေပြီး စိတ်ဝင်စားလှသည်မဟုတ်။ သူ့အတွက်က အနီးနားရွာတွေက ချက်အရက် ရနေရင် ကျေနပ်တယ်။ အခု သူတွေးနေတာက  ဟိုတညက  ဇရက်မင်းစည်းစိမ်။ ကာမတနှာ ပွဲတော်တည်ခဲ့ရတာကို စားမြုံပြန်နေခြင်းသာ။ 

   " တောက် !  ငါတို့မျက်နှာတွေ မှတ်မိသွားလို့သာ သတ်ပစ်လိုက်ရတာ။ အခု  သူ့ကိုယ်လုံးလှလှလေး ပြန်မြင်ယောင်တော့ နှမြောလိုက်တာကွာ "

      မင်းနောင်က  ကျော်ကိုရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တယ်။ စိတ်ထဲကလည်း ' အင်း ... ဒီကောင် တနှာရူးပဲ ' လို့ တွေးလိုက်မိတယ်။ ပြီးတော့ ဒေါသကြီးသူပီပီ  အဲ့ညက သူ့ကို ကက်ကက်လန်အောင်ဆဲဆိုခဲ့တာ သတိရသွားပြီး ...

    " မင်းကောင်မက  စွာတာကိုးကွ။ ငါတို့ကိုလဲ  မတူသလိုမတန်သလိုနဲ့။ ဘာတဲ့  အောက်တန်းစားတွေ ၊ ခွေးလောက်မှ တန်ဖိုးမရှိတဲ့ လူအန္ဓတွေတဲ့ ဟုတ်လား ။ အေး  ဒါကြောင့် ငါက  အဲ့ကောင်မကို အပိုင်းပိုင်းအထစ်ထစ် ခုတ်သတ်ပစ်လိုက်တာပဲ "

      မှတ်မိတာပေါ့။ အဲ့ဒီညက မင်းနောင်က ကောင်မလေးကို ပုဆိန်နဲ့ အချက်များစွာ ခုတ်နေခဲ့တာလေ။ 

      တကယ်တမ်း  ပြသနာအစက ဝင်းသူရ။ ဝင်းသူရက  ကောင်မလေးကို စော်ကားဖို့ ထပ်အလှည့်ကျလာတော့၊ သူ့စိတ်တိုင်းကျ စော်ကားနေတုန်းမှာ ကောင်မလေးက  ဝင်းသူရရဲ့ နားရွက်ကို ကိုက်လိုက်တယ်။ ဝင်းသူရ ငယ်သံပါအောင်အော်တော့  မင်းနောင်က ပြေးသွားပြီး ကောင်မလေးကို လက်သီးဖြင့် အချက်ပေါင်းများစွာထိုးပြီး လွှတ်ခိုင်းခဲ့တယ်။ ကောင်မလေးက မလွှတ်ဘူး။ ဒေါသကြီးတဲ့နေရာ နှစ်ယောက်မရှိတဲ့ မင်းနောင်က သူ့ခါးကြားက ဓါးနဲ့ကောင်မလေးကိုယ်ပေါ် နေရာအနှံ့အပြား ထိုးခဲ့တယ်။အဲ့ဒီကျမှ  ကောင်မလေးက ဝင်းသူရ နားကို လွှတ်ပေးတယ်။

   ဓါးနဲ့အထိုးခံရလို့  ကောင်မလေးက ချက်ချင်းမသေဘူး။ သူတို့ကို စိမ်းစိမ်းကြီးကြည့်ပြီး မုန်းတီးစက်ဆုပ်ဟန်ဖြင့် ပြောသွားသေးတယ်။ 

" အယုတ်တမာကောင်တွေ "

     နားရွက်အကိုက်ခံရတဲ့ ဝင်းသူရနဲ့ ဒေါသသိပ်ကြီးတဲ့ မင်းနောင် ... ပုဆိန် တယောက်တလက်ကိုင်တဲ့ပြီး ...  ပြီးတော့ ...  ပြီးတော့ ...

      ကျော်ကိုတယောက် သွေးပျက်စရာ မြင်ကွင်းကို ထပ်မတွေးလိုတော့ပေ။ အမှန်တကယ်လည်း အနိဌာရုံမြင်ကွင်းတခုပင်။

      အရက်မူးမူးနှင့် သွေးဆူနေတုန်းဆိုတော့  ဘယ်သူကမှလည်း ဝင်မဆွဲခဲ့ကြ။ ဒီအတိုင်း ကြည့်နေမိကြတယ်။နောက်တော့ သူတို့လေးယောက်သား တိုင်ပင်ပြီး၊ ကောင်မလေးရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို အိတ်ဖြင့်ထည့် တောင်နီသစ်တောကြိုးဝိုင်းထဲသို့ သယ်ယူလာခဲ့ကြတယ်။

       အခုဖျားနေတဲ့ ခိုင်ထွန်းနှင့် ကျော်ကိုက မြေကျွင်းတခုဖို့ တာဝန်ယူလိုက်ရတယ်။ ဟိုနှစ်ယောက်က ပတ်ဝန်းကျင်ကို အရက်သောက်ရင်း အကဲခတ်ပေးနေကြတာပေါ့။ 

      ခိုင်ထွန်းက နဂိုကတည်းက အားနည်းတဲ့အကောင်ဆိုတော့၊ အပိုင်းပိုင်းအတစ်တစ်နဲ့ သွေးသံတရဲရဲ အလောင်းကြီးကို ကြည့်ပြီး ကြောက်စိတ်ပိုနေပြီ။ ကျွင်းကို နက်အောင် မတူးနိုင်တော့ဘူး။ ကျော်ကို တယောက်တည်းသာ တူးနေရသလို ဖြစ်နေတယ်။ 

    " အော့   အော့  အေ့ "

     ခိုင်ထွန်းက မကြာခဏ ကျွင်းပေါ်တက် ထိုးအန်နေတယ်။ 

      အဲ့ဒီတော့  ကျွင်းက ပြောသလောက်မနက်ဘူး။ ပြီးတော့ လူတွေ မြင်သွားမှာ စိုးရိမ်နေတဲ့အတွက်သူတို့  တူးပြီးသလောက်နဲ့ပဲ  ကောင်မလေးရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို မြေမြုပ်ပစ်လိုက်ကြတယ်။

       စလင်းဘက်အိတ်တအိတ်၊ ကောင်မလေးကိုယ်ပေါ်က ၊ နားကပ်တရံ၊ ဆွဲကြိုးတကုံးနဲ့ လက်စွပ်၊ မိန်းမပတ်နာရီတလုံးကို သူတို့ ယူလာခဲ့ကြတယ်။ 

       စလင်းဘက်အိတ်ကိုထဲက ပိုက်ဆံကို ယူလိုက်ပြီး၊ ဝန်ထမ်းကဒ်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကိုတော့ တဲပြန်ရောက်တဲ့အခါ မီးရှို့ပစ်လိုက်ကြတယ်။ ဝန်ထမ်းကဒ်မှာ ဒေါ်မေရီ ၊ ကျန်းမာရေးဝန်ထမ်း အဆင့်(  ) ဆိုတာတော့ ဖတ်လိုက်ရတယ်။ 

       အမှန်တော့  သူတို့ အဲ့ဒီနေ့က ရှားတောရွာဆင်းပြီး ဆန်တို့ဆီတို့ သွားဝယ်ကြတာ။ အပြန်မှာ သိတဲ့အတိုင်း အရက်ဆိုင် ဝင်သောက်ကြတယ်။ မူးမှ ဆိုင်က ပြန်လာခဲ့ကြတယ်။ ဒါတောင် ပိုက်ဆံမလောက်တော့လို့။ အမှန်က သူတို့ ထပ်သောက်ချင်ကြသေးတယ်။ 

       သူတို့ ပြန်တော့  မှောင်ရီပျိုးစပြုပြီ။ လူပြတ်တဲ့  ခင်တန်းလေးတခုမှာ သူတို့ ဆရာမလေး မမေရီကို တွေ့ခဲ့ကြရာကနေ  အခြေအနေနဲ့ အချိန်အခါ ပေးတာကတကြောင်း၊ ဆရာမလေးရဲ့ ကိုယ်ပေါ်က လက်ဝတ်လက်စားတွေကို မြင်ရတာကတကြောင်း၊ကံအကြောင်းမလှရှာတဲ့ ဆရာမလေးထံကနေ လုယက်ခဲ့ကြတာပဲ ဖြစ်တယ်။ 

      ကျော်ကိုဆိုတာက သာမန်အချိန်မှာတောင် မိန်းမမြင်ရင် ငန်းငန်းတက် ကြည့်တတ်တဲ့အကောင်။ ခုလို ဆိတ်ငြိမ်တဲ့အမှောင်မှာ လှပတဲ့ ဆရာမလေးကို မြင်တော့ သူ့ဆန္ဒကို မချိုးနှိမ်နိုင်ခဲ့ဘူး။ ကျော်ကိုက အရင်ကလည်း အဲ့ဒီလို ရာဇဝင်ရှိခဲ့ဖူးတယ်။ ထောင်လည်း ကျဖူးသူတယောက်။ အဲ့ဒီမှာ  ဆရာမလေးဘဝက စပြီး ရေတိမ်နစ်ခဲ့ရတော့တာပါပဲ။ 

       ကျန်းမာရေးမှုးက မနက်စောစောမှ ထပြန်ပါလို့ သေသေချာချာ မှာလိုက်ပါရဲ့နဲ့။ ဘာမှ မဖြစ်လောက်ပါဘူးဆိုတဲ့ ခပ်ပေါ့ပေါ့အတွေးက အခုတော့ ဆရာမလေး မမေရီအတွက် ကြမ္မာဆိုးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ပက်ပင်းတိုးခဲ့ရတယ်။ ပြင်ဆင်ချိန်မရတော့ဘူး။ ခွေးထက် ယုတ်တဲ့ လူမိုက်တို့အလယ်မှာ ငရဲကျခဲ့ရတယ်။ အခုတော့ .... 

              ____________

(၅)

       မှောင်ပြီဆိုတော့မှ၊ ဝင်းသူရ တဲကို ပြန်ရောက်ချလာတယ်။ ရောက်ရောက်ချင်း ကျောပိုးအိတ်ထဲက သူမြို့က ပါလာတာတွေကို ထုတ်ပြလိုက်တယ်။ 

      ပိုက်ဆံတွေ အထပ်လိုက်၊ပြီးတော့ အရက်ပုလင်းတွေ ၊ ငါးသေတ္တာဘူးတွေ ၊ တခြား စားစရာတွေ အများကြီးပဲ။ 

      ဖျားနေတဲ့ ခိုင်ထွန်းတောင် ထထိုင်ပြီး ၊ ဝင်းသူရ ပါလာတာတွေကြည့်နေတယ်။ 

     " မင်း   ရှားတောဘက်က ပြန်လာတာလား သူရ ၊ အခြေအနေ ဘာထူးလဲ "

      " အလောင်းသာ ရဲကတွေ့တာလေကွာ၊ သေတဲ့သူက ဘယ်သူဘယ်ဝါလို့တောင် သိသေးတာမှ မဟုတ်တာ။ ငါတို့လုပ်တာ ပီပြင်ပါတယ်ကွ ။ ဘယ်သူကမှ ဒီအကြောင်းကို မသိကြပါဘူး ၊ အေးဆေးပါကွာ "

    ဝင်းသူရက အဲ့သလိုပဲ။ ဒီကောင်က သူ့ကိုယ်သူ သိပ်အထင်ကြီးတတ်တာ။ ဘယ်လိုပြောရမလဲ။ သူသိ သူတတ် ဆရာကြီးပေါ့။

      ဆရာမလေး မေရီရဲ့ အလောင်းကို မြေမြုပ်တော့ သူပဲ ခေါင်းပြတ်ကို ယူသွားပြီး ဝါးအိုက်တောထဲ ဝင်ချသွားတာလေ။ ပြီးတော့  အဲ့ဒီဝါးတောထဲမှာပဲ ဦးခေါင်းကို မြေမြုပ်ခဲ့တယ်။ အဲ့တုန်းက ...

   " အကယ်၍များ  အလောင်းကို ရှာတွေ့ခဲ့ရင်တောင်၊ ဘယ်သူ့အလောင်းမှန်း ဘယ်သူကမှ သိတော့မှာမဟုတ်ဘူး။ ဟဲဟဲ ... ငါ့စီစဉ်ပိုင်တယ်မို့လား။ ဒီလို အကြိုအကြားထဲကို ဘယ်သူက ဝင်ရှာမှာလဲ မဟုတ်ဘူးမို့လား "

လို့တောင် ခပ်ကြွားကြွား ပြောခဲ့သေးတယ်။

       နောက်တော့  သူတို့  ခြေရာလက်ရာကအစ ဘာသဲလွန်စမှ မကျန်အောင် လုပ်ခဲ့ပြီး၊ ပိရိစွာနဲ့ သစ်ခုတ်လုပ်သားတဲကို ပြန်ခဲ့ကြတယ်။ 

      အခု  သူတို့  ရောင်းချရလာတဲ့ ပိုက်ဆံတွေ ဝေစုခွဲပြီး၊ အရက်တွေ သောက်စား မူးယစ် အောင်ပွဲခံကြတော့မယ်။ လူ့အန္ဓ လူယုတ်မာတို့ မသိတာသေးက ရှားတောရဲစခန်းမှုးက အသတ်ခံရသူမှာ သူနာပြု ဆရာမ မမေရီဆိုတာကို သိရှိသွားပြီး၊ လူသတ်သမားတွေကို အပူတပြင်း စုံစမ်းဖေါ်ထုတ်နေပြီဆိုတဲ့ အကြောင်းပဲပေါ့။

                 ___________ 

(၆)

ညဉ့်ယံက နက်သထက် နက်လာခဲ့ပြီ။ ရံဖန်ရံခါ၌ ညဉ့်ဘက် အစာရှာထွက်တတ်သော ညငှက်အချို့ရဲ့ အသံကိုသာ ကြားရပြီး၊ တတောလုံးက ငြိမ်သက်တိတ်ဆိပ်နေပါတယ်။ 

      ဒါပေမဲ့ သစ်ခုတ်လုပ်သားတဲထဲမှာတော့ ခွက်သံ ပုလင်းသံတို့နဲ့အတူ တဟားဟား အော်ဟစ်ရယ်သံတွေက တချက်တချက် ကျယ်လောင်စွာထွက်ပေါ်နေလေရဲ့။

     တဲအတွင်းမှာ လူလေးယောက် ဝိုင်းဖွဲ့ သောက်စားနေကြတယ်။ သူတို့  အရက်အကောင်းတွေ အမြည်းစားဖွယ်မျိုးစုံနဲ့ အူစိုနေကြတယ်။ 

      သူတို့ဆိုတာ သူနာပြုဆရာမ မမေရီကို ပစ္စည်းလုယူသည့်အပြင် လူကိုပါ အဓမ္မကျင့်ပြီး ရက်ရက်စက်စက် သတ်ခဲ့ကြသူတွေပါပဲ။ မင်းနောင်၊ ဝင်းသူရ၊ ကျော်ကိုနဲ့ ခိုင်ထွန်းတို့ပဲပေါ့။ 

     အဖျား နည်းနည်းကျသွားတဲ့ ခိုင်ထွန်းကလည်း အရက်ဝိုင်းမှာ ဝင်သောက်နေတယ်။ တဝိုင်းလုံးက သူတို့ လုပ်ခဲ့တဲ့ မကောင်းမှုတွေကို တယောက်တပေါက် စားမြုံပြန်နေကြတယ်။ ဒါပေမဲ့ ... ခိုင်ထွန်းက သူတို့ထဲ ဝင်မပြောဘူး။ 

       နေမကောင်းလို့လားတော့မသိ။ အရက်ကိုသာ တခွက်ပြီး တခွက် ဖိသောက်နေတယ်။ 

  နားမှာ ဆေးပလာစတာကပ်ထားတဲ့ဝင်းသူရက အမြည်းစားရင်းနဲ့ ... 

   " ကျော်ကို  မင်းအများဆုံးမို့လား၊ ငါထင်တယ်။ မင်း သုံးခါထက် မနည်းဘူးကွ ။ ဟိုကောင် ခိုင်ထွန်းအလှည့်ကိုတောင် မင်း ကျော်ဝင်သွားသေးတယ်။ ဟီးဟီး  ငါမှတ်ထားတာ"

    " အောင်မယ်  ခွေးမသား၊ မင်းရော ဘာထူးလဲ ။ နောက်ဆုံးတခါ  မင်းကြာနေလို့  ဟိုကောင်မက မင်းနားရွက်ကို ကိုက်လိုက်တာလေ။ မင်းမယားများ အောက်မေ့လို့ စိမ်နေတာလား သူရရယ် ဟားဟားဟား "

   ကျော်ကိုက ထပ်ပြောတယ်။

" ငါ့ကို (အယုတ်တမာကောင်) ၊ (အယုတ်တမာကောင်)လို့  သူ့ပါးစပ်က ခေါ်တဲ့ အသံလေးကို ခုထိ မမေ့နိုင်ဘူးကွ ၊ ဟီးဟီး   ဘယ်လိုပြောမလဲ နားဝင်တောင် ချိုနေသေးတယ် ဟားဟားဟား "

      သူတို့  အဲ့သလို စားမြုံပြန် အော်ဟစ် ငြင်းခုံနေချိန်၊ တောထဲက ခွေးတွေရဲ့ အူသံကြီးက စူးဝါးစွာ ထွက်ပေါ်လာတယ်။ 

       " အု  အူ  အူး "

       " အု  အူ  အူး "

      ဒါပေမဲ့ သူတို့က တောထဲမှာ အနေကြာလာတော့ ဂရုမစိုက်ကြပါဘူး။ ခုဏကလိုပဲ သောက်လိုက်စားလိုက် ငြင်းလိုက်နဲ့ပဲပေါ့။ 

    ဖျားနေဆဲ ဖြစ်တဲ့ ခိုင်ထွန်းက ...

   " ဟေ့ကောင်တွေ  ငါ အပြင်ထွက် အပေါ့သွားလိုက်အုံးမယ် ၊ ဘယ်သူ လိုက်အုံးမလဲ "

   " မလိုက်တော့ဘူး ၊ ကိုယ့်ဖာသာ သွားတော့ "

      ဒါနဲ့  ခိုင်ထွန်းတယောက်တည်း တဲအပြင်ကို ထွက်သွားတယ်။ ကျန်ခဲ့တဲ့သူတွေကတော့ ဆက်ပြီး သောက်ကြတာပေါ့။ 

       တောထဲမှာ သူတို့လို သစ်ခုတ်တဲလေးတွေ၊ မီးသွေးဖုတ်တဲ့တဲလေးတွေ အနည်းအကျဉ်းရှိတယ်။ ဒါပေမဲ့ တတဲနဲ့ တတဲရဲ့ အကွာအဝေးက နည်းနည်းလှမ်းတော့ အော်ခေါ်လို့တောင် ကြားချင်မှ ကြားရတာ။ အဲ့ဒီတော့ ဒီကနေ့ည သူတို့တဲက ဆူညံသံတွေက တခြားတဲတွေကို အနှောက်အယှက် မဖြစ်ဘူးလို့ ပြောလို့ရတယ်။ 

      အခုလို ညဘက်ဆို ဟိုဘက်တဲက မီးရောင် ဒီဘက်တဲက မြင်ရတယ်။ ဒါပေမဲ့ ဒီည ခိုင်ထွန်း အပြင်ထွက်လာတော့ ဟိုဘက်တဲက မီးရောင်မတွေ့ရဘူး။ အစောကြီးများ အိပ်ကြသလား ။ 

     ခိုင်ထွန်း  နောက်ဖေးဘက်ကို လျှောက်သွားပြီး၊ တောထိုင် ထိုင်လိုက်တယ်။ ခိုင်ထွန်းက တောစည်းကမ်းတော့ အသိသား။ သူ အရက် ဘယ်လောက်မူးမူး၊ တောထဲ မတ်တတ်ရပ်ပြီး အပေါ့မစွန့်ဘူး။ တောဖမ်းမှာ ကြောက်လို့လေ။ 

     " အု  အု  အူး "

      " အူး   အူး  ... "

     တောခွေးအူသံကြီးက ချောက်ချားချင်စဖွယ် ထွက်ပေါ်လာပြန်တယ်။မသတီစဖွယ် ခွေးအူသံကြောင့်  ခိုင်ထွန်း  အပေါ့စွန့်နေရင်း ကြက်သီး ဖျန်းဖျန်းထသွားမိတယ်။ 

     သူ့ အာရုံထဲမှာ  ဝင်းသူရက ဆရာမလေး မေရီရဲ့ ခေါင်းပြတ်ကြီးကို ကိုင်ပြီး ဝါးအိုက်တောထဲ ဝင်သွားတာကို ဖျတ်ခနဲ ပြန်မြင်ယောင်သွားတော့  ပိုပြီး ချောက်ချားသွားမိတာပေါ့။  

     ခိုင်ထွန်း အဲ့သလိုတွေးပြီး  အပေါ့သွားနေတုန်းမှာ၊ သူ့ရှေ့တည့်တည့်က ခြုံကြီးက တလှုပ်လှုပ် ဖြစ်လာနေတယ်လို့ ခံစားလိုက်ရတယ်။

     ရှပ်   ...   ရှပ်

      ခြုံအတွင်းက  လူးလွန့်သံတခု သူ့နားနဲ့ ဆက်ဆက်ကြားလိုက်ရပြန်တယ်။ ခိုင်ထွန်း  ဘောင်းဘီကို ပြန်မတင်ရင်း မတ်တတ် ထရပ်လိုက်မိတယ်။ သူပဲ  အမြင်အာရုံ လွဲမှားနေသလားလို့  မျက်လုံးကို ပွတ်သပ်ပြီး ခြုံပုတ်ကို အသေအချာ ထပ်ကြည့်လိုက်ပြန်တယ်။

     ဒီတခါ  ခြုံပုတ်ကြီးက ငြိမ်သက်လို့၊ ဒါပေမဲ့  ရှပ်ရှပ်  ရှပ်ရှပ်နဲ့ ခြုံပုတ်ကြီးအောက်က တိုးခွေ့နေသံကိုတော့ သူ  ထပ်ပြီး ကြားလိုက်ရပြန်တယ်။

     လရောင်ရဲ့ အလင်းသာရှိတော့၊ ခြုံကြားထဲက အသံက ဘာမှန်းမသိနိုင်ဘူး။ ခိုင်ထွန်း  ခြုံပုတ်အခြေကို ထပ်ကြည့်လိုက်တော့ ...

     "အံမယ်လေး! ဘာကြီးတုန်း ... "

      ထိတ်လန့်သွားတဲ့ ခိုင်ထွန်းဟာ သူ့ခြေကို နောက်ဆုတ်မှန်းမသိ ဆုတ်သွားလိုက်မိတယ်။ ဟုတ်တယ် ... သူ မြင်လိုက်ရတာက  ကိုယ်မပါ လက်မပါ ခေါင်းပြတ်ကြီး တခုက ခြုံအတွင်းမှ အတင်းထိုးထွက်လာတာကိုပဲပေါ့။ 

     ခေါင်းပြတ်ကြီးက  သွေးအလိမ်းလိမ်း ပေကျံနေသလို၊ မျက်နှာပေါ်မှာလည်း ဆံပင်တွေက ဖို့ယိုးဖါးယား ကျလို့။ ကြောက်မက်ဖွယ်အတိ။ 

     " အ ... အ ... အား "

      နောက်ကို ကြောက်လန့်တကြား ဆုတ်လာတဲ့ ခိုင်ထွန်း ကံမကောင်းရှာဘူး။ ထင်းခြမ်းကြီးတခုကို ခလုပ်တိုက်ပြီး နောက်ပြန်လဲကျသွားတယ်။ 

      ခိုင်ထွန်း  ထပ်ပြီး ကံဆိုးပြန်တယ်။ နောက်ပြန်လဲကျတော့ သူ့ခေါင်းတည့်တည့် ကျတဲ့နေရာမှာက သစ်ခုတ်တဲ့ ပုဆိန်သွားက ထောင်လျက်သားကြီး ရှိနေတယ်။ 

      " ဗျစ် !  "

       သစ်ခုတ်တဲ့ ပုဆိန်ဆိုတော့ အသွားက ထက်တယ်။ အရှိန်ပြင်းပြင်းနဲ့ လဲကျတဲ့ ခိုင်ထွန်း ခေါင်းထဲ ပုဆိန်သွားက ဗျစ်ခနဲ ထိုးခွဲ ဝင်ရောက်သွားတယ်။

      နေရာတင် သွေးတွေ အိုင်သွားတယ်။ ဦးခေါင်းက သွေးတွေက ရေပိုက်က ညှစ်ထွက်နေသလို ထောင်ပန်းနေတယ်။ ခိုင်ထွန်းရဲ့ ခြေတွေလက်တွေက ဆန့်ငင်ဆန့်ငင်နဲ့ တုန်ခိုက်နေတယ်။ တခဏအကြာမှာတော့ ခိုင်ထွန်းဟာ ငြိမ်သက်သွားပါတော့တယ်။ 

       ခြုံစပ်မှာ  သင်းခွေချပ်တကောင်ဟာ  သူ့ခန္ဓာကိုယ်ကို လုံးထွေးထားရာမှ ဖြည်ချလိုက်ပြီး ၊ တဲအခြေကို ထွက်ပြေးသွားပါတော့တယ်။

       တကယ်တော့  ခိုင်ထွန်း မြင်ခဲ့တာဟာ၊ ဦးခေါင်းပြတ် တခုမဟုတ်ပါဘူး။ သင်းခွေချပ်တကောင်ပါ။

           _____________

(၇)

     တဲအတွင်းက ၃ယောက်က အပြင်မှာ သူတို့လူ ခိုင်ထွန်း ဘာဖြစ်သွားတယ်ဆိုတာကို မသိကြဘူး။ သူတို့အချင်းချင်း အော်ဟစ် ငြင်းခုံနေကြဆဲပဲ။ ပထမဆုံး ခိုင်ထွန်းကို သတိရသွားတာက ကျော်ကို။ ကျော်ကိုက တဲအပြင်ဘက်ကို လှမ်းကြည့်လိုက်ရင်း ...

  " ဟေ့ကောင်တွေ  ခိုင်ထွန်း အပေါ့သွားတာကလဲ ကြာလှချည်လားဟ ၊ ဒီကောင် အပြင်မှာ တယောက်တည်း ဘာများလုပ်နေသလဲ မသိပါဘူး ... "

    အဲ့ဒီတော့မှ ကျန်တဲ့သူတွေလဲ ခိုင်ထွန်းကို သတိရသွားကြတာပေါ့။ မင်းနောင်က သောက်လက်စ အရက်ခွက်ကို ကြမ်းပေါ် ချလိုက်ပြီး အော်ခေါ်လိုက်တယ်။ 

   " ခိုင်ထွန်း!  ခိုင်ထွန်း!  အပြင်မှာ ဘာလုပ်နေတာလဲ။ လာလေကွာ အရက်လာသောက်လှဲ့ ... "

     ခိုင်ထွန်းရဲ့ ပြန်ထူးသံ မကြားရပါဘူး။ ကျော်ကိုက  

 " ငါ ထွက်ကြည့်လိုက်မယ် "

     ပြောပြီး တဲအပြင် ထွက်သွားတယ်။ တဲအပြင်ရောက်တော့ ...

  " ခိုင်ထွန်း!  ခိုင်ထွန်း! "

     ခိုင်ထွန်းကို အော်ခေါ်တယ်။ သူတို့ အပေါ့သွားနေကျ တဲအနောက်က  ခြုံပုတ်ဆီ သွားကြည့်တယ်။ 

     "ခိုင်ထွန်းရေ ... ခိုင်ထွန်း "

     " ဒီကောင် ဘယ်သွားတာပါလိမ့် "

       ကျော်ကိုဟာ ခိုင်ထွန်းကို  တဲပတ်ဝန်းကျင် နေရာအနှံ့ လိုက်ရှာပေမယ့်၊ လုံးဝ မတွေ့ရဘူး။ ဒါပေမဲ့  သူ တဲအခြေက  ဓါးတို့ ပုဆိန်တို့သွေးတဲ့ ကျောက်တုံးအနီးရောက်တော့ ခြေလှမ်းတွေ ရပ်သွားတယ်။ အဲ့ဒီ ဝန်းကျင်က မြေပေါ်မှာ သွေးကွက်လိုလို ဘာလိုလို တွေ့လိုက်ရလို့ပဲ။ 

       မြေပေါ်ကို မုဆိုးဒူးထောက် ထိုင်ချလိုက်ပြီး စေးထန်းထန်း ဖြစ်နေတဲ့ အရာတွေကို  လက်ဖြင့် ကိုင်ပြီး ပွတ်ကြည့်တယ်။ ပြီးတော့ အနံ့ကို ရှုကြည့်တယ်။ သွေးမှန်း သေချာသွားပြီ။

      သူ  အမြန် မတ်တတ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို စေ့ငုစွာ လေ့လာလိုက်တယ်။ ဝန်းကျင်က ဆိတ်ငြိမ်နေတယ်။ ဘာမှ မသင်္ကာစရာ မတွေ့ရဘူး။ 

      နေ့လယ်က သူ  ဒီမှာ ပုဆိန်ကို သွေးပြီး ထားခဲ့တာကို သတိရလို့ လှမ်းကြည့်တော့ ၊ သူထားခဲ့သည့် နေရာမှာ ပုဆိန်မရှိတော့ဘူး။ 

      ကျော်ကိုရဲ့  သိစိတ်မှာ သူတို့အတွက် အမျိုးအမည်မသိတဲ့ အန္တရာယ်တခုခုတော့  ဝင်ရောက်လာပြီဟု ခံစားလိုက်ရတယ်။ 

      အဲ့ဒီအချိန် ...တဲအတွင်းကနေ ဆူဆူညံညံ အသံတွေဟာ ဗြုန်းစားကြီး ထွက်ပေါ်လာတယ်။ 

    "ဟာ !  ဟေ့ကောင်  မင်းဘာလုပ်တာလဲ "

     "ဒုတ်!  ဒုတ်! "

     " အား!  အောင်မယ်လေး! "

     " ဒုန်း ... ဝုန်း "

     " ဂလွမ် ... ခွမ်း "

     " ဟေ့ကောင်! မလုပ်နဲ့လေ !

အား ! သေပါပြီ "     

       အသံတွေ မျိုးစုံအောင် ဆက်တိုက်ကြားလိုက်ရတယ်။ အော်ဟစ်သံတွေ ၊ မလုပ်ဖို့တားသံတွေ၊ ပန်းကန်တွေ ဖန်ခွက်တွေ ကွဲသံတွေ၊ နာကျင်စွာ ငြီးငြူအော်ဟစ်သံတွေက လျင်လျင်မြန်မြန် ဆက်တိုက်ထွက်လာတယ်။

      တဲအနောက်ဘက်ရောက်နေတဲ့ ကျော်ကိုဟာ တဲကို တပတ်ပတ်ပြီး တဲအဝကနေ လှမ်းကြည့်လိုက်တော့

    " ဟာ ! "

    တဲအတွင်းမှာ ပန်းကန်တွေ ခွက်တွေ ပျံ့ကြဲနေသလို ၊ မင်းနောင်နဲ့ ဝင်းသူရတို့ နှစ်ယောက်ဟာ သွေးအိုင်ထဲ ပက်လက်လဲနေကြတာကို မြင်တွေ့လိုက်ရတယ်။ 

     သူတို့ နှစ်ယောက်လုံးက သေနေကြပြီ။ သူတို့အနီးမှာ ပုဆိန်ကို ကိုင်ပြီး မားမားကြီး ရပ်နေသူက ခိုင်ထွန်း။ ခိုင်ထွန်း ခေါင်းကို ကြည့်လိုက်တော့ ပုဆိန်သွားရာ အပေါက်ကြီးနဲ့။ 

      " ဟေ့ကောင် ခိုင်ထွန်း ၊ မင်း ... မင်း  ဒါ ဘာလုပ်တာလဲ ... "

     ခိုင်ထွန်းက သူ့ဘက်လှည့်ကြည့်တယ်။ ပြီးတော့ သူတခါမှ မမြင်ဖူးတဲ့ အပြုံးတခုကို ခိုင်ထွန်းက ပြုံးပြလိုက်တယ်။ အဲ့ဒီအပြုံးမှာ ရက်စက်မှုတွေ ရောပြွမ်းနေတာ သေချာတယ်။ 

     ခိုင်ထွန်းဟာ ပြုံးပြပြီး  သေနေတဲ့ မင်းနောင်ရဲ့ ခြေတွေ လက်တွေကို ထပ်ပြီး ခုတ်ဖြတ်ပြန်တယ်။ မယုံနိုင်စရာပါဘဲ။ ဖျားနေတဲ့ ခိုင်ထွန်း၊ အားငယ်တတ်တဲ့ ခိုင်ထွန်း။ အခု အရင်က အဲ့ဒီ ခိုင်ထွန်းမဟုတ်သလိုဘဲ။ အလွန်လျှင်မြန်ပြီး၊ သန်မာတဲ့ ခိုင်ထွန်းဖြစ်နေတယ်။ 

      မင်းနောင်ရဲ့ ခေါင်းကို တိခနဲ ခုတ်ဖြတ်ပြီးတော့ ၊ ဝင်းသူရရဲ့ အလောင်းကိုလည်း ဆက်ပြီး ပုဆိန်နဲ့ ခုတ်ဖြတ်နေပြန်တယ်။ 

      ကျော်ကို  အကြောင်သား ငေးကြည့်နေမိတယ်။သူ ဘာဆက်လုပ်ရမယ်ဆိုတာကို မသိနိုင်တော့သလိုမျိုး။ လုံးဝ ကြက်သေ သေနေပါတော့တယ်။ 

    "ဟီးဟီးဟီး"

    "ဟင်းဟင်းဟင်း"

       ခိုင်ထွန်းဆီက ကျေနပ်ဝမ်းမြောက်တဲ့ ကြောင်စီစီနိုင်လှတဲ့ ရယ်သံကြီး ထွက်လာတယ်။ ကျော်ကို အဲ့ဒီတော့မှ သတိ ဝင်လာတယ်။ 

      ခိုင်ထွန်းက သွေးများစွန်းထင်းနေတဲ့ ပုဆိန်ကို ကိုင်လျက် သူ့ကို စိမ်းစိမ်းကြီး ကြည့်နေတာ မြင်လိုက်ရတော့  သူ  ထိတ်လန့်တုန်လှုပ်သွားတယ်။ သူ တွေးလိုက်တယ်။ သရဲမရဲစီးနေတဲ့ ခိုင်ထွန်းကို ပြန်ခုခံတိုက်ခိုက်တာထက် ... သူ  ဒီနေရာက ထွက်ပြေးပြီး တခြားတဲတွေဆီကို ရောက်ရင် အကူအညီ ရနိုင်တယ်မဟုတ်လား။  

      ခိုင်ထွန်းက သူ့ဆီကို တလှမ်းချင်းလှမ်းလာနေပြီ။ ကျော်ကို တဲအဝကနေ ချာခနဲ လှည့်ပြီး ပြေးတယ်။ အသားကုန် ပြေးတာ။ အသက်အန္တရာယ်နီးကပ်လာတော့ မပြေးလို့မဖြစ်ဘူးမို့လား။ 

      ဒါပေမဲ့  ကျော်ကို ဝေးဝေးရောက်အောင် မပြေးနိုင်ခဲ့ဘူး။ပြေးရင်းနဲ့ ခြေခေါက်ပြီး ရှေ့ကို ကုန်းကုန်းကြီး ဟပ်ထိုးလဲပါလေရော။ လူက မြေပေါ်မှာ ကုန်းကွကြီးပေါ့။ 

      ခိုင်ထွန်းက  လက်ထဲက ပုဆိန်ကို လွှတ်ချပြီး  တဲနံရံက လှံချွန်ကို လှမ်းယူလိုက်ပြီး ကုန်းကုန်းကြီးဖြစ်နေတဲ့ ကျော်ကိုဆီကို အသားကုန် ပစ်လွှတ်လိုက်တယ်။

       အံဩစရာ။ လှံသွားဖေါက်ဝင်သွားတာက ... ကျော်ကို ကို တံကျင်လျှိုလိုက်သလိုပါပဲ။ လှံက စအိုဝကနေ ထိုးဝင်သွားပြီး ပါးစပ်ပေါက်ကနေ ထွက်သွားတယ်။ 

       မကြည့်ရက် မမြင်ရက်စရာ အနိဌာရုံ မြင်ကွင်းပါပဲ။ ဒါပေမဲ့ အဲ့ဒီ မြင်ကွင်းကို  မြင်သွားတဲ့သူတွေ ရှိတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ တဖက်က မီးမလင်းဘူးဆိုတဲ့ တဲက မီးသွေးဖုတ်သော မိသားစု၃ယောက်ပါပဲ။ 

       သူတို့တဲ  မီးမလင်းရတဲ့အကြောင်းကတော့  ဒီကနေ့ ညနေပိုင်းက သူတို့မိသားစု ထုံးဘိုရွာကို ရောက်နေကြလို့ပါပဲ။ သူတို့ပြန်လာတဲ့အချိန်  ကျော်ကိုတို့ တဲအနီးရောက်တော့ အခုလိုအဖြစ်အပျက်ဆိုးကြီးကို သူတို့မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲ ဖြစ်တယ်။

       ခိုင်ထွန်းဟာ ကျော်ကိုဆီကို ရောက်သွားပြီး ... 

   " ဘယ်လိုလဲ  ကိုယ့်အလှည့်ကျတော့  နာတတ်ပြီမို့လား အယုတ်တမာကောင် "

     ခိုင်ထွန်းပါးစပ်ကနေ ထွက်လာတဲ့စကားကို  နောက်ဆုံးကြားသွားတဲ့ ကျော်ကိုဟာ မချိမဆန့်ဝေဒနာကို ခံစားရင်း ထိတ်လန့်စွာ အသက်ထွက်သွားခဲ့တယ်။

     သူ့ကို  'အယုတ်တမာကောင်'လို့ ခေါ်ခဲ့တာ  သူတို့စော်ကားပြီး သတ်ခဲ့တဲ့ သူနာပြုဆရာမလေးမေရီပဲမဟုတ်လား။

                ____________

(၈)

       တရားခံတွေ ဖမ်းဖို့  ရှားတောစခန်းမှုး ဦးခင်ကျော်နဲ့ ရဲအဖွဲ့ဟာ သစ်ခုတ်လုပ်သားတဲကို ရောက်လာပေမယ့်၊ အလောင်းတွေကိုသာ တွေ့ခဲ့ရပါတယ်။ 

        တဲအတွင်းမှာ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေတဲ့ အလောင်း၂လောင်းနဲ့ တဲနဲ့ မနီးမဝေးမှာ တံကျင်လျို အသတ်ခံရတဲ့ အလောင်းတလောင်း။ ပြီးတော့ တဲအနောက်ဖက်က ဓါးသွေးကျောက်အနီးမှာ သေနေတဲ့ အလောင်းတလောင်း။ 

       မျက်မြင်သက်သေဖြစ်တဲ့ မီးသွေးဖုတ်တဲ့ တဲက ထွက်ဆိုချက်ကြောင့်  တိုက်ရာပါ ပစ္စည်းများကို ဝေစုခွဲရင်း မကျေမနပ်ဖြစ်ရာမှ အချင်းချင်း သတ်ဖြတ်ကြတယ်လို့ ကောက်ချက်ဆွဲလိုက်ပါသတဲ့။ 

      တဲအနောက်ဖက်က ခြုံထဲမှာ တပိုင်းတစ မီးလောင်ကြွမ်းထားသော သူနာပြုဆရာမမေရီရဲ့ စလင်းဘက်အိတ်ကို တွေ့ရတယ်။ 

        ဆာဂျင်မူးလာ လက်ထိပ်ခတ် ဖမ်းဆီးလာတဲ့ ပန်းထိမ်ဆရာကလည်း  သူ့ဆီ  ရွှေလာရောင်းတာ နားရွက်မှာ ပလာစတာ ကပ်ထားတဲ့ ဝင်းသူရပါဆိုတာ ဝန်ခံထွက်ဆိုခဲ့တာကြောင့် သူနာပြုဆရာမ မေရီကို လုယက်သတ်ဖြတ်ခဲ့သူတွေဖြစ်ကြောင်း မှန်ကန်စွာ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ 

     စခန်းမှုး ဦးခင်ကျော် စဉ်းစားလို့ ဉာဏ်မမှီတာကတော့ မီးသွေးဖုတ်တဲက မျက်မြင်သက်သေပြောသလို ခိုင်ထွန်းက ကျော်ကို ကို သတ်ခဲ့တယ်ဆိုရင်၊ ဘာကြောင့် ခိုင်ထွန်းက တဲအနောက်ဖက်က ဓါးသွေးကျောက်အနီးမှာ သေရတာလဲ။ ထိုအချက်သည် စခန်းမှုးအတွက် ပဟေဠိဖြစ်နေခဲ့တယ်။ 

   ထုံးဘိုရွာ ဥက္ကဌက ဘာဝင်ပြောသလဲဆိုတော့ ...

   " ဒီကောင်  သူ့အဖေါ်တွေ အကုန်သတ်ပြီး အရက်တွေ ထပ်သောက်မှာပေါ့ဗျ။ အဲ့ဒီတော့ မူးမူးနဲ့ ချော်လဲပြီး သေတာ ဖြစ်မှာ စခန်းမှုး၊ အကုသိုလ်များ တယ်လဲ ကြီးပါ့ "

     စခန်းမှုး ဦးခင်ကျော်မှာ သက်ပြင်းမောကို တချက်မှုတ်ထုတ်လိုက်ရင်း ထုံးဘိုရွာဥက္ကဌရဲ့  အိယောင်ဝါး ထင်ကြေးကိုသာ မျက်စိမှိတ် ယုံလိုက်ရပါတော့တယ်။

ပြီးပါပြီ။

ပီပီ(မန္တလေး)

13.1.2023

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ပီပီ


#LTY_ပီပီ
#အရက်
#မေရီ
#ဆရာမ
#ဥက္ကဌ

Some text some message..