ကဝေပျံရှင်နှောင် - အပိုင်း (၃)
lotaya.mpt.com.mm
|
2023-02-17

အပိုင်း (၃)
(ဃ)

ရက်မှနှစ်ပြောင်း၊ နှစ်မှလတွေပြောင်းလာခဲ့သည်။ ရှင်နှောင်းကလေး အသက် တစ်ဆယ့်နှစ်နှစ်ခန့်သို့ရောက်လာခဲ့သည်။ မဇာမှာ မယ်တော်၏စကားအတိုင်း ရှင်နှောင်းကို အနီးကပ်စောင့်ရှောက်ရသည်။ ထူးဆန်းသည်က တစ်ချိန်တည်းမွေးသူများဖြစ်သည့်တိုင် ရှင်မွှေးကလေးကတော့ မွေးရာပါ မှော်စွမ်းအင် အားနည်းခဲ့သည်။ မဇာကို မယ်တော်က သေချာစောင့်ရှောက်ခိုင်းရန်သာမှာခဲ့သည်မို့ ရှင်နှောင်းတို့ညီအမကို မဇာက ပညာတွေသင်ပေးတော့၏။

"ကဝေတွေရဲ့ အောက်ဆုံးအဆင့်ကနေစရအောင်၊ မီးဆိုတာ အလွယ်ဆုံးနဲ့အခက်ဆုံးပဲ သမီးတို့ရဲ့"

"မီးဆိုတော့ ထမား(ထမင်း)ဟင်းချက်တဲ့မီးများလား"

"ဒါပေါ့ ဒီမှာကြည့်"

အလုံပိတ်ကာရံထားသည့် မီးဖိုချောင်ခန်းထဲတွင် မဇာက ထိုင်လိုက်သည်။ ထို့နောက် သူ့အနားတွင်လဲ ရှင်မွှေးနှင့် ရှင်နှောင်းတို့နှစ်ယောက်က စိတ်ဝင်စားစွာထိုင်နေကြသည်။ မဇာက လက်ဖဝါးနှစ်ဖက်ကိုပူးလိုက်ပြီးသည့်နောက် လက်ညှိုးနှစ်ချောင်းကို ပူးကပ်လိုက်သည်။ ထို့နောက် ထိုလက်ညိုးနှစ်ချောင်းအား ထင်းစကလေးများဆီသို့ လက်ညှိုးထိုးလိုက်သည်။

"ဒီလိုလုပ်တာ စေညွှန်တာလို့ခေါ်တယ်၊ မှော်ပညာအရတော့ စေညွှန်ရာရှိမှ မှော်အစွမ်းကိုအသုံးချနိုင်တယ်၊ ကဝေတွေရဲ့မှော်ပညာမှာ အမျိုးအစားသုံးခုရှိတယ်၊ ရွတ်ဖတ်ခြင်းဆိုတာကတော့ စေညွှန်ရာမလိုဘဲနဲ့ ရွတ်ဖတ်ပြီးကာကွယ်နီုင်တဲ့အစွမ်းတွေပေါ့၊ အဲ နောက်ပညာကတော့ ဆေးဝါးဖော်စပ်တာပဲ၊ နောက်ဆုံးတစ်ခုကတော့ အမြင့်ဆုံးပဲ၊ အဲဒါကတော့ တစ်ယောက်ယောက်ကိုတိုက်ခိုက်တာပဲ"

ရှင်မွှေးနှင့် ရှင်နှောင်းလဲ မဇာလုပ်ပြထားသည့် လက်ပုံစံအတိုင်းလိုက်လုပ်ကြည့်ကြပြီးသည့်နောက် စိတ်ဝင်စားစွာနှင့် နားထောင်နေသည်။

"တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့အတွက် စေညွှန်ရာလိုအပ်တယ်၊ သဘာဝတရားကြီးက ထူးဆန်းတယ်၊ သူ့မှာလဲ ထူးဆန်းတဲ့ မှော်အစွမ်းတွေရှိနေပြီးသားဖြစ်တယ်၊ လူတွေ တိရစ္ဆာန်တွေကိုပဲဖြစ်ဖြစ် သက်မဲ့တွေကိုပဲဖြစ်ဖြစ် ဒုက္ခရောက်အောင်လုပ်ဖို့အတွက် ချွန်ထက်နေတဲ့အရာတစ်ခုလိုတယ်၊ အဲဒီချွန်ထက်နေတဲ့အရာက သက်ရှိသက်မဲ့တွေကို မကောင်းတဲ့ အစွမ်းတွေ စူးရောက်စေပြီးတော့ ဒုက္ခပေးနိုင်တယ်"

"ချွန်ထက်နေတဲ့အရာဆိုတော့ အဖေကိုင်နေကျ ဒူးလေးကြီးနဲ့မြှားတံတွေလား"

ရှင်မွှေးက ထမေးလိုက်သည်။ ထိုအခါ မဇာက ကျေနပ်စွာခေါင်းညိတ်ပြလိုက်သည်။ ရှင်မွေးကလေးက မွေးရာပါ မှော်အစွမ်းအားနည်းခဲ့သော်လည်း ဉာဏ်အလွန်ကောင်းသည်။ တစ်ခုခုဆို စပ်စပ်စုစုရှိသလို ထိုးထွင်းသိမြင်နိုင်ကာ အမေးအမြန်းလဲအလွန်ထူသည်။ ရှင်နှောင်းကတော့ ခပ်အေးအေး သာမာန်ဖြစ်သည်။

"ဒါပေါ့ ရှင်မွှေးရဲ့၊ မြှားတံတို့၊ ဓါးတို့ လှံတို့ရဲ့ထိပ်တွေကို ဘာလို့အချွန်တွေလုပ်ထားသလဲဆိုတော့ သက်ရှိသက်မဲ့တွေကို ဘေးဖြစ်စေနိုင်တဲ့ မကောင်းတဲ့စွမ်းအားတွေက အဲဒီအချွန်အတက်တွေအပေါ်မှာ သက်ရောက်နေလို့ပဲ။ ဒါကြောင့်မို့ နင်တို့ကို အချွန်အတက်တွေနဲ့ မဆော့ဖို့ပြောတာမဟုတ်လား"

"သိပြီ၊ သိပြီ ဆက်ပြောပါအုံး အမဇာ"

"တို့မှော်စွမ်းအင်ကလဲ အဲဒီအချွန်အတက်တွေရဲ့ နဂိုရှိပြီးသား မကောင်းတဲ့စွမ်းအားတွေကို မှော်စွမ်းအင်နဲ့အားထည့်ပြီးတော့ တစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်နိုင်တယ်ကွဲ့၊ ဒါကြောင့်မို့လို့ ကဝေတွေဟာ အမျိုးမျိုးသော စေညွှန်ရာတွေကို အသုံးပြုကြတယ်"

မဇာက ပြောရင်း သူ့လက်တွေကိုပြန်လုပ်ပြနေသည်။

"အဆင့်အတန်းနိမ့်တဲ့ မှော်အစွမ်းတွေမှာတော့ စေညွှန်ရာဟာ သိပ်မလိုအပ်ပေမယ့် တစ်ယောက်ယောက်နဲ့တိုက်ခိုက်ဖို့အတွက်တော့ စေညွှန်ရာလိုအပ်တယ်၊ ဒါကြောင့်မို့လို့ ကဝေတွေက အချွန်အတက်တွေကို စေညွှန်ရာအဖြစ်သုံးတယ်၊ အများအားဖြင့်ကတော့ သံနဲ့လုပ်တဲ့ပစ္စည်းတွေပဲ၊ ဓါးတို့၊ လှံတို့၊ ကပ်ကြေးတို့ စတဲ့ကြီးမားတဲ့ ပစ္စည်းတွေကစပြီးတော့ တောင်ဝှေးတို့၊ အပ်တို့ကနေအထိ နောက်ဆုံးကတော့ လက်ညှိုးကို စေညွှန်ရာအဖြစ်အသုံးပြုနိုင်တယ်"

"ဒါဆို အမဇာက ဘာစေညွှန်ရာကို အသုံးပြုသလဲ"

ထိုအခါ အမဇာက သူ့ငယ်ထိပ်ကိုစမ်းလိုက်ပြီးနောက် အပ်တစ်ချောင်းကိုထုတ်လိုက်သည်။ ထိုအပ်ကလေးက အလွန်သေးငယ်ပြီး ငွေရောင်ဝင်းလက်နေသည်။

"ကြွားတာတော့ မဟုတ်ဘူး၊ အမဇာတို့ ပထမတန်းစား ကဝေတွေကတော့ အပ်တွေကိုအသုံးများတယ်၊ စေညွှန်ရာတွေမှာလဲ သူ့အသုံးနဲ့သူရှိတယ်"

"မှော်ပညာအားနည်းတဲ့သူက စေညွှန်ရာကို ကြီးမားတာသုံးရတယ်၊ ခုနက ပြောတဲ့ ဓါးတို့လှံတို့ပေါ့၊ မှော်အစွမ်းအားများလာလေလေ သူအသုံးပြုရတဲ့ စေညွှန်ရာက သေးငယ်လာလေလေပဲ၊ နောက်ဆုံးတော့ အပ်ပေါ့နော်၊ ပထမတန်းစားကဝေကနေ အဆင့်တက်သွားရင်တော့ အပ်မလိုတော့ဘဲ လက်ညှိုးညွှန်တာနဲ့တင် မျက်စောင်းထိုးတာနဲ့တင်ကို စေညွှန်ရာအဖြစ်အသုံးချလို့ရတာပေါ့"

"ထူးဆန်းလိုက်တာနော်"

"ကဲပါ အဲဒါတွေထားလိုက်တော့ လက်ကိုငါလုပ်သလိုလုပ်၊ ဒီမီးကို ဖန်တီးတဲ့ပညာက အလွန်နိမ့်ပါးလှတဲ့ မှော်ပညာမို့လို့ ကဝေတွေအတွက် အသုံးပြုခွင့်ပေးထားတယ်၊ ဒါပေမယ့် လူမြင်ကွင်းမှာတော့ မသုံးရဘူးနော်"

"ဘာလို့မသုံးခိုင်းတာလဲ"

"ရှင်မွှေးရယ်၊ အမေးအမြန်းထူလိုက်တာ၊ နောက်တော့ပြောပြမှာပေါ့"

မဇာက ရှင်မွေးကို မျက်စောင်းထိုးလိုက်ပြီးသည့်နောက် အနားရှိ ထင်းစတစ်စကို လက်ညှိုးနှစ်ချောင်းပူးထားသည့်လက်နှင့် ချိန်ရွယ်လိုက်သည်။

"အဂ္ဂိ"

ထိုသို့ရေရွတ်လိုက်သည်နှင့် ထိုထင်းစတွင် မီးတစ်စဟုန်းခနဲတောက်လောင်သွားလေသည်။ ကြည့်နေသည့် ရှင်မွှေးနှင့် ရှင်နှောင်းတို့လဲ အလွန်အံ့သြသွားသည်။ မဇာကတော့ ပြုံးလျှက်

"ကိုယ့်ရဲ့မှော်အစွမ်းတွေကို လက်ညှိုးဆီကို စီးဆင်းလာပြီလို့ စိတ်ထဲမှာတွေးထား၊ နောက်ပြီးတော့ ကိုယ်ပြုလုပ်ချင်တဲ့အရာကို သေသေချာချာစိုက်ကြည့်ပြီးတော့မှ ခုနက ရွတ်လိုက်တဲ့ မန္တန်ကို စိတ်ထဲကနေသေသေချာချာရွတ်လိုက်"

ရှင်မွှေးက လက်ညှိုးကို ထင်းတစ်စပေါ်သို့ ညွှန်လိုက်ပြီးနောက်

"အဂ္ဂိ၊ အဂ္ဂိ"

သုံးလေးခါလောက်အော်သော်လဲ ထင်းတုံးမှာ ဘာမှမဖြစ်ပေ။ မဇာလဲကြည့်ရင်း ခေါင်းကုတ်နေမိသည်။

"ရှင်မွှေး၊ နင်ကတော့ သေသေချာချာကို ဂရုစိုက်ပြီးတော့လေ့ကျင့်ရမယ်၊ သေသေချာချာ အာရုံစူးစိုက်ထားစမ်း"

ရှင်မွှေးလဲ မျက်မှောင်ကြုတ်ပြီးတော့ကို သေသေချာချာအာရုံစူးစိုက်လိုက်ပြီးသည့်နောက်တွင် ထင်းစကိုသေချာလက်နှင့်ထိမတတ်ချိန်လိုက်ကာ

"အဂ္ဂိ"

ထိုအခါ ထင်းတုန်းသည် တုန်လှုပ်သွားပြီးသည့်နောက် မီးတစ်ပွင့်တောက်လာခဲ့သည်။ သို့သော် ချက်ချင်းပင်ထိုမီးက ငြိမ်းသွားပြီးနောက် ထင်းတုံးအားမစွဲလောင်ပေ။

"ကျင့်အုံးရှင်မွှေး၊ လူမမြင်ကွယ်ရာမှာ အားရင်လေ့ကျင့်နေ"

ထို့နောက်မဇာက ရှင်နှောင်းကို လှည့်ကြည့်လိုက်သည်။

"ကဲ ရှင်နှောင်း နင့်အလှည့်"

ရှင်နှောင်းက လက်ညှိုးနှစ်ချောင်းပူးထားသည့်လက်နှင့် ထင်းတုံးတစ်တုံးကို ကြည့်လိုက်ပြီးသည့်နောက်

"အဂ္ဂိ"

ထိုသို့ရေရွတ်လိုက်သည့်အခါတွင် ထိုထင်းတုံးကြီးတစ်တုံးလုံး ဟုန်းခနဲမီးထတောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းထို ထင်းတုံးကြီးသည် ပြာအတိဖြစ်သွားတော့သည်။ မဇာနှင့် ရှင်မွှေးလဲ အံ့သြလွန်းသဖြင့် ငေးကြည့်နေကြသည်။ ထိုစဉ်မှာပင် ရှင်နှောင်း၏ လက်ညှိုးညွှန်ထားသည့်နေရာမှ မီးတောက်မီးလျှံများက အဆက်မပြတ်ထွက်နေပြီး မီးဖိုချောင်ကြီးတစ်ခုလုံးကို လှည့်ပတ်ကျွမ်းလောင်လျှက်ရှိရာ ရှင်နှောင်းပင် သတိလက်လွတ်ဖြစ်သွားပြီးနောက် ကြောင်ကြည့်နေမိသည်။

မီးတောက်မီးလျှံများက အဟုန်ပြင်းပြင်းတောက်လောင်လျှက်ရှိပြီး မီးဖိုချောင်နံရံများ၊ ခေါင်မိုးများသို့ စွဲကပ်လောင်ကျွမ်းလျှက်ရှိရာ မဇာလဲ ထိုတော့မှ သတိကပ်ပြီးသည့်နောက် ရှင်နှောင်းလက်ကိုပြေးကာ ပုတ်ချလိုက်သည်။

"အား ပူလိုက်တာ"

မဇာတစ်ချက်ဟစ်အော်လိုက်ပြီးသည့်နောက် အိမ်နောက်ဖေးသို့ပြေးကာ ရေအိုးထဲမှရေခပ်၍ ငြိမ်းသတ်ရတော့သည်။ ရှင်မွှေးနှင့် ရှင်နှောင်းလဲ ထိုတော့မှ သတိဝင်လာကာ မဇာနှင့်အတူတူ မီးငြိမ်းသတ်ကြသည်။ မီးများသဖြင့် အနီးအပါးရှိ ရွာထဲမှအိမ်များမှပါ မီးဝိုင်းငြိမ်းသတ်ရသည်။

"အမဇာ ဘယ်လိုဖြစ်တာတုန်း"

"အေးဟယ်၊ သူတို့နှစ်ယောက်ကို  ထမား(ထမင်း)ချက်တာ သင်ပေးနေတာ၊ မီးဖိုချောင်နံရံကို မီးကူးသွားတာပဲ၊ ငါတော့စိတ်ညစ်ပါတယ်"

မဇာက တမင်ထိုသို့ ရေရွတ်လိုက်တော့သည်။ မီးဖိုချောင်ကတော့ အမိုးပင်မရှိတော့ဘဲ ပြိုကျပျက်စီးကာ ပြာဖြစ်နေကုန်သည်။ မဇာကိုယ်တိုင်လဲ ရှင်နှောင်း၏ မွေးရာပါမှော်အစွမ်းကို အလွန်အံ့သြနေမိသည်။ ဤမျှ အလွန်အားကောင်းလှသည့် မှော်အစွမ်းမျိုးကို မဇာတစ်သက်နှင့်တစ်ကိုယ် တစ်ခါမှကို မကြုံစဖူးပေ၊ စင်စစ်မဇာတို့ မျိုးရိုးသည် ကဝေမျိုးဖြစ်ပြီး မွေးချင်းမောင်နှမ ခြောက်ယောက်စလုံး ကဝေများဖြစ်ကာ ထိုအထဲမှ မဇာနှင့် သူ့အကို ကိုမိန်း တစ်ယောက်သာ ပထမတန်းစား ကဝေများဖြစ်သည်။ သို့သော် မဇာယောက်ျား ကိုအုန်းကတော့ ကဝေအတတ်ကိုလုံးဝမသိ၊ မတတ်သည့် သူဖြစ်သည်။

ထိုသို့ကဝေမျိုးရိုးပင် ဤမှအားကောင်းလှသည့် စွမ်းအင်မျိုးကိုမတွေ့စဖူးသဖြင့် အလွန်ထူးဆန်းနေသောကြောင့် မယ်တော်နှင့်တိုင်ပင်ရန်အတွက် ဆုံးဖြတ်လိုက်ရတော့သည်။ ဦးအုန်း ယာခင်းထဲက ပြန်လာတော့ ရစ်နှစ်ကောင်ထမ်းလာခဲ့သည်။ အိမ်ရောက်တော့ မီးဖိုချောင်ကိုကြည့်ပြီး ဦးအုန်းအလွန်အံ့သြနေမိသည်။

"ဟဲ့ မဇာ ဘာဖြစ်တာတုန်း"

"ဘာဖြစ်ရမလဲတော်၊ တော့်သမီးနှစ်ယောက်ကို ထမား(ထမင်း)ဟင်းချက်သင်ပေးလိုက်တာ တွေ့တဲ့အတိုင်းပဲ"

"အေးအေး၊ ကောင်းတာပေါ့၊ သူတို့ကို ယာခင်းထဲလွှတ်လိုက်လို့ကတော့ ယာခင်းတစ်ခုလုံး မီးသင့်မလားပဲ၊ တတ်လဲတတ်နိုင်လွန်းတဲ့ဟာမလေးတွေ"

ထိုအခါ ရှင်မွှေးက ဦးအုန်းထံသို့ပြေးသွားလိုက်ပြီး

"အဖေနော် အခုရှင်မွှေးကို အဖေက ဆူချင်တာလား"

"မဆူပါဘူးဗျာ၊ မီးဖိုချောင်မကလို့ တစ်အိမ်လုံးလောင်သွားပါစေ၊ သမီးကိုအဖေမဆူဘူး၊ ဒါပေမယ့် သမီးချက်ထားတဲ့ ထမား(ထမင်း)ကိုတော့ အဖေကစားချင်သား"

"စိတ်ချပါအဖေရဲ့ ဒီနေ့ကတော့ အခန့်မသင့်လို့ဖြစ်သွားခဲ့တာပါ၊ နောက်နေ့ကျရင် အဖေ့အတွက် သမီးကိုယ်တိုင် ထမား(ထမင်း)ချက်ကျွေးမယ်"

"အောင်မလေးဗျာ၊ စားရချည်သေး"

ဦးအုန်းက ရေရွတ်လိုက်ပြီးနောက် ပြုံးလျှက် စကားအလွန်တတ်သည့် ရှင်မွှေးပါးကလေးကို ဆွဲလိုက်ရင်း မဇာကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ မဇာကလဲ စကားအလွန်တတ်သော ရှင်မွှေးကလေးကို ချစ်ရှာပါသည်။ သို့သော် ရှင်နှောင်းကတော့ သူ့အဖေကို ပြုံး၍သာကြည့်နေသည်။

"သမီးတို့ကို သင်ပေးနေတဲ့အကြောင်းတွေကို ဘယ်သူမှသိအောင်မပြောရဘူးနော်၊၊ နောက်ပြီးတော့ ကဝေမှော်အစွမ်းတွေကိုလဲ ဘယ်သူမှမမြင်အောင် သုံးရမယ်နော်"

"ဘာလို့လဲ အမဇာရဲ့"

ညအိပ်တော့ တစ်ဖက်လှည့်ကာ အိပ်ပျော်နေသည့် ကိုအုန်းကို အိပ်မွှေ့ချလိုက်ပြီး သားအမိတစ်တွေအိပ်ရာထဲ စကားတွတ်ထိုးနေကြသည်။ အိပ်ပျော်နေသည့်သူကို အိပ်မွှေ့ချရန်မှာ အလွန်လွယ်ကူသဖြင့် ကဝေများအချိန်မရွေးအသုံးပြုခွင့်ရှိသည်။

"တခြားလူတွေသိသွားရင် သမီးတို့ ဒုက္ခရောက်မှာမို့လို့ပါ"

"ဒါနဲ့ အမဇာပြောတော့ ရွှေတောင်ရွာမှာ ကဝေတွေပေါတယ်ဆိုပြီးတော့ ဘာလို့လူသိခံလို့မရသလဲ"

ထိုအခါ အမဇာသည် သက်ပြင်းတစ်ချက်ကိုချလိုက်သည်။

"အမဇာလဲ အဲဒီအဖြစ်အပျက်တွေကို မမီလိုက်ပေမယ့် လူကြီးတွေပြောတာကို ပြန်ပြောပြရရင်တော့"

(င)

တောင်သားလူမျိုးများသည် ရှေးအခါက ပုပ္ပါးတောင်အနီး တောင်ပရွာဒေသတွင် နေထိုင်ခဲ့ကြသည့် ပျူလူမျိုးစုဖြစ်သည်။ ပျူလူမျိုးစုတို့၏ ထုံးစံအတိုင်း ရွာကလေးကို ခိုင်ခိုင်မာမာတည်ဆောက်ထားခဲ့ပြီးသည့်နောက် အေးအေးချမ်းချမ်းနေထိုင်ကြသည်။

ထိုသို့ အေးအေးချမ်းချမ်းနေထိုင်ခဲ့ရာမှာ မြန်မာသက္ကရာဇ် ၂၉ ခုနှစ်အရောက်တွင် သမုဒ္ဒရာဇ်မင်းကြီးသည့် ရွာပေါင်း တစ်ဆယ့်ကိုးရွာကို ပေါင်းစည်းကာ ပထမပုဂံနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တော့သည်။ ထိုသို့တည်ထောင်ပြီးသည့်အခါတွင် သူ၏ နိုင်ငံကိုချဲ့ထွင်ရန် ကြိုးပမ်းခဲ့တော့သည်။ မင်းကြီးက တပ်တော်ချီလျှက် ပုဂံညောင်ဦးအနီးအနားရှိ ရွာများကိုလှည့်လည်စည်းရုံးခဲ့ရာ နောက်ဆုံးတွင်တော့ ပုပ္ပါးအရပ် တောင်ပရွာသို့ ရောက်ခဲ့တော့သည်။

ကြီးမားလှသည့် တပ်ကြီးကို တောင်ပရွာသားများက ခုခံကြရန်ကြိုးစားကြသေးသည်။ သို့သော်မတတ်သာသည်မို့ အလျှော့ပေးလိုက်ကြရတော့သည်။ တောင်ပရွာကို သမုဒ္ဒရာဇ်မင်းကြီးသည့်သိမ်းသွင်းပြီးသည့်နောက် ရွာရှိအဖိုးတန်ပစ္စည်းများကို မင်းဘဏ္ဍာအဖြစ်သိမ်းယူသည့်အခါတွင် အလွန်လှပသည့် မိန်းမပျိုတစ်ဦးကိုတွေ့လိုက်ရသည်။ ထိုမိန်းမပျိုသည် ရှင်မယ်လှဖြစ်သည်။

ရှင်မယ်လှသည် အလွန်ရှည်လျားနက်မှောင်နေသည့် ဆံပင်သားများကို အနီရောင်ပိုးပုဝါဖြင့်ပေါင်းထားပြီးနောက် အဖြူခံထားသည့် ဝတ်ရုံရှည်ကြီးကို ခါးတွင်စည်းပတ်ထားကာ ခန္ဓာကိုယ်အပေါ်ပိုင်းအား အနီရောင်ပိုးထည်ပုဝါဖြင့် ပတ်စည်းထားပြီး ဖွံ့ထွားလှသည့် မိန်းမကောင်းကြန်အင်လက္ခဏာများက မလုံတလုံကလေးရှိနေကာ ရှင်မယ်လှ၏ အလှကို သမုဒ္ဒရာဇ်မင်းကြီးက အလွန်နှစ်ခြိုက်သဘောကျသွားတော့သည်။

"မင်းကြီးများ၊ ဒီမိန်းကလေးဘယ်သူလဲဆိုတာ စုံစမ်းစေဗျား"

"မှန်ပါ၊ တောင်ပရွာရှိ အဘွားအိုတစ်ဦး၏ မြေးဖြစ်ပါသည်ဘုရား"

"အလို၊ အလွန်ရင်သက်ရှုမောဖွယ်ကောင်းလှပါလား၊ ဒီမိန်းမပျိုလေးရဲ့ ကြန်အင်လက္ခာဏာများကို စုံစမ်းကြည့်ပါအုံး ပုရောဟိတ်ကြီးတို့ရဲ့၊ သို့သော် ဒီမိန်းကလေးကို မနာမကျင် မထိမခိုက်စေနှင့်"

ထိုအခါ ရဲမက်များက ကြောက်ရွံ့နေသဖြင့် ဒူးတုပ်ခစားနေသော် ထိုမိန်းကလေးအား သွားရောက်ဖမ်းဆီးလာကြသည်။ ရဲမက်နှစ်ယောက်က ရှင်မယ်လှကို ဘယ်ညာဆွဲခေါ်လျှက် လက်မောင်းနှစ်ဖက်မှ ကိုင်ဆောင်ကာ မင်းကြီးရှေ့သို့ ခေါ်သွင်းလာကြသည်။ ထိုအခါ ဖြူဖွေးဝင်းမွတ်လှသည့် ရှင်မယ်လှ၏ လက်မောင်းနှစ်ဖက်တွင် သွေးခြေဥရာ မင်းကြီးအမျက်တော်ရှပြီးနောက်

"မောင်မင်းတို့ကို မနာမကျင်စေနှင့်လို့ ငါမပြောထားဘူးလား၊ ကဲ မင်းကြီးများ၊ အခုရဲမက်နှစ်ယောက်ကို ကွပ်မျက်စေဗျား"

ရဲမက်နှစ်ယောက်ကို နေရာမှာပင် ကွပ်မျက်လိုက်သဖြင့် ကျန်ရဲမက်များလဲ ကြောက်လန့်သွားတော့သည်။ မိန်းကလေးအနားရောက်လာသည့်အခါ ဟူးရားများ၊ ပုရောဟိတ်များနှင့် ပညာရှိများက ထိုမိန်းကလေးအား ကြည့်ရှုစစ်ဆေးကြသည်။

"မင်းကြီး ဒီမိန်းကလေးဟာ ခြေလက္ခဏာ တစ်ဆယ့်သုံးရပ်၊ ကိုယ်လက္ခဏာ တစ်ဆယ့်ခြောက်ရပ်၊ စိတ်လက္ခဏာ ခြောက်ရပ်၊ လက်ဖဝါးလက္ခဏာ ကိုးရပ်၊ လည်ပင်းလက္ခဏာ တစ်ရပ်၊ အသံလက္ခဏာ သုံးရပ်၊ မျက်နှာလက္ခဏာ ရှစ်ရပ်၊ သွားလက္ခဏာ တစ်ရပ်၊ မျက်စေ့လက္ခဏာ လေးရပ်၊ ဆံပင်လက္ခဏာ သုံးရပ် စုစုပေါင်း မိန်းမကောင်း အင်္ဂါ ခြောက်ဆယ့်လေးရပ်နှင့် ပြည့်စုံသည့် မိန်းမကောင်း မိန်းမမြတ်ဖြစ်ပါသည်ဘုရား"

ပုရောဟိတ်ကြီးများ တင်ပြမှုကို မင်းကြီးက အလွန်ှနှစ်သက်တော်မူသဖြင့် ပုရောဟိတ်များကို ရွှေငွေရတနာများကို ချီးမြှင့်တော်မူသည်။

"ဒါဆို သင်တို့အားလုံး နာခံကြစမ်း၊ ဒီမိန်းကလေးကို ငါကိုယ်တော်မြတ်သိမ်းသွင်းတော်မူ တော်ကောက်တော်မူမယ်၊ မောင်မင်းတို့ ရွာကိုလဲ ငြိမ်းငြိမ်းချမ်းချမ်းရှိစေပြီး အခွန်အတုပ်တွေ လျော့ပေါ့ပေးတော်မူမယ်"

သို့နှင့် မင်းကြီးလဲ ရှင်မယ်လှအား ဆင်မတစ်ကောင်ထက်တွင် တင်ဆောင်ကာ ပုဂံမြို့သို့ ခေါ်ဆောင်သွားတော့သည်။

သမုဒ္ဒရာဇ်မင်းကြီးလက်ထက်တွင် ထင်ရှားသည့် မိန်းမပျို ခုနစ်ဦးအနက် ရှင်မယ်လှသည်လဲ တစ်ယောက်အပါအဝင်ဖြစ်တော့သည်။ သို့သော် ပုဂံမြို့သို့ခေါ်ဆောင်လာပြီးသည့်နောက်တွင် မြို့ထဲသို့ မသွင်းသေးဘဲ မြို့ပြင်တွင် တဲနန်းထိုးကာ ထားသည်။

"မင်းကြီး၊ နေ့ကောင်းရက်သာ မကျရောက်သေးတာမို့ သိမ်းသွင်းခြင်းမပြုသင့်သေးပါဘုရား၊ သည်းခံတော်မူပါအုံး"

ပုရောဟိတ်များက လျှောက်တင်သည့်အတိုင်းမို့ ရှင်မယ်လှကို နန်းတွင်းအတွင်းသို့ မသွင်းသေးဘူး၊ နန်းပြင်တွင် ပြဿဒ်ဆောက်ကာ အခြွေအရံများနှင့် ထားလေသည်။ သို့သော် ရှင်မယ်လှမှာ မိဖုရားဖြစ်မည့်တိုင် မပျော်ရွှင်နိုင်သေးပေ၊ အကြောင်းမှာတော့ တောင်ပရွာမှ ရွာသားခေါင်းဆောင် ငထုံနှင့် လူငယ်ချင်း နှစ်သက်ရည်ငံနေကြကာ တစ်မိုးကုန်လျှင် ထိမ်းမြားလက်ထပ်ရန်အတွက် စီစဉ်ထားပြီးဖြစ်သည့်အတွက် ငယ်ချစ် ငထုံကိုလွှမ်းသဖြင့် နေ့နေ့ညည ငိုယို၍သာနေသည်။

ရှင်မယ်လှသည် ညနေတိုင်း ပုလွေလေးတစ်လက်နှင့် ရင်ထဲကလွမ်းဆွေးသည့်အကြောင်းများကို ပြဿဒ်ထက်တွင် အလွမ်းတေးဖွဲ့ညည်း သီဆိုနေမြဲရှိရာ ပုဂံမြို့မှ မြို့သားများမှာ ရှင်မယ်လှ၏ အလှအပကိုလည်းကောင်း၊ လွမ်းဆွတ်ဖွယ်တေးသံလေးကိုလည်းကောင်းလာရောက်နာဆင်ကြသူများ မနည်းမနောရှိနေသည်။

ငယ်ချစ်ငထုံကလဲ ရွာတိုက်ပွဲမှာ အားမတန်မာန်လျှော့လိုက်ရသော်လည်း ချစ်သူ ရှင်မယ်လှကို ပြန်လည်လုယူပြီး ချစ်သူနှစ်ဦးထွက်ပြေးဖို့အတွက် ရွာသားများနှင့်တိုင်ပင်ကြပြီးနောက် ပုဂံမြို့သို့ ရုပ်ဖျက်ကာ ရောက်ရှိနေချိန်ဖြစ်သည်။

ဒီကြားထဲ မကျေနပ်သူများလဲရှိသေးသည်။ ထိုသူများကတော့ သမုဒ္ဒရာဇ်မင်းကြီး၏ မိဖုရားခေါင်ကြီးပင်ဖြစ်သည်။ မိဖုရားခေါင်ကြီးသည်လည်း မိန်းမလှ ခုနစ်ယောက်ထဲတွင် ပါဝင်သည့်သူတစ်ယောက်ဖြစ်သလို အင်မတန်မှလဲ လှပလေသည်။ သို့သော် ရှင်မယ်လှ ရောက်လာသည့်သတင်းကြားကတည်းက စိတ်လက္ခဏာ အလှအပပျောက်ဆုံးသွားသဖြင့် စိတ်ဆင်းရဲနေရာ အလှအပများဆုတ်ယုတ်သွားပြန်သည်။ ထို့အတွက်ကြောင့် ရှင်မယ်လှကို အကောက်ကြံရန်အတွက် တွေးတောကြံစည်တော့သည်။

"စိတ်မပူပါနဲ့ မိဖုရားခေါင်ကြီး၊ ဒီမိန်းကလေးဟာ စုန်းရိုး၊ ကဝေရိုးဖြစ်တန်သည်ဟု မင်းကြီးယုံအောင်လျှောက်ထားလိုက်ရင် မင်းပြစ်မင်းဒဏ် ဧကန်သင့်ရမှာပါဘုရား"

ပုရောဟိတ်ကြီးက ပြောလိုက်တော့မှ မိဖုရားခေါင်ကြီးလဲ စိတ်အေးသွားနိုင်တော့သည်။

"ဒါဖြင့်ရင် ဒီအတိုင်းစီရင်လုပ်ကိုင်ပေးစမ်းပါ ပုရောဟိတ်ကြီး၊ ကိစ္စအောင်မြင်ရင် ပုရောဟိတ်ကြီးအကျိုးမနည်းစေရဘူးလို့ ကတိပေးပါတယ် ရွှေဖျဉ်းလေးအိုးနဲ့ ဆင်ဆယ်စီးဆုတော်ချမယ်"

မိဖုရားခေါင်ကြီးနှင့် ပုရောဟိတ်ကြီးတို့က အကွက်ချပြီးသည့်နောက်တွင် ရှင်မယ်လှအား ချောက်ချရန်ကြံစည်ကြသည်။ နောက်တစ်နေ့ နန်းတွင်းညီလာခံတွင် ပုရောဟိတ်ကြီးက မင်းကြီးအားလျှောက်တင်တော့သည်။

"မင်းကြီးဘုရား၊ ရှင်မယ်လှဟာ မိန်းမကောင်းလက္ခဏာနှင့် ပြည့်စုံသူဖြစ်သော်လည်း မွေးရာပါဇာတာတွက်ကိန်းများအရ အလွန်ဆိုးရွားတဲ့ မိစ္ဆာမတစ်ကောင်ဖြစ်ကြောင်းပါ"

နန်းတွင်းပုရောဟိတ်ကြီး တင်လျှောက်သဖြင့် မင်းကြီးလဲ အလွန်အံ့သြသွားသည်။ သို့နှင့် သူနှင့်အတူတူလိုက်လာခဲ့သည့် ပုရောဟိတ်များနှင့် ပညာရှိများထံသို့ ငေးကြည့်လိုက်သည်။

"မောင်မင်းတို့ပြောတော့ မိန်းမကောင်းလေးဆို"

"မှန်ပါ၊ ကျွန်တော်မျိုးတို့ ပညာအစွမ်းဘယ်လောက်စုံစုံ နန်းတွင်းပုရောဟိတ်ကြီး၏ ပညာကို ယှဉ်နိုင်မည်မဟုတ်ပါ"

ပုရောဟိတ်များကလဲ အချင်းချင်းဇာတ်တိုက်ထားသည့်အတိုင်း လျှောက်တင်ကြသည်။ မင်းကြီးလဲ နန်းတွင်းပုရောဟိတ်ကြီးကို အလွန်ယုံကြည်သည်။ မိမိသည် သရေခေတ္တရာပျက်ပြီး မွန်လူမျိုးများ၏ မောင်းထုတ်ခြင်းကိုခံလိုက်ရကာ နောက်လိုက်နောက်ပါအနည်းငယ်နှင့် လေလွင့်နေရစဉ်၊ နန်းတွင်းပုရောဟိတ်ဖြစ်မည့်သူက ယခုပုဂံနေရာတွင် အနီးအပါးရွာများကို စုစည်းပြီး မြို့ပြတည်ထောင်ခိုင်းခဲ့ခြင်းဖြစ်သည်။ မိမိမင်းအဖြစ်သို့ရောက်ရန်အတွင် ကြံဆောင်ပေးခဲ့သူဆိုလျှင်လဲ မမှားပေ၊ ထို့ကြောင့် ပုရောဟိတ်ကြီးစကားကိုယုံကြည်နေရပြန်သည်။

"ဒါဖြင့် သူ့ကိုဘယ်လိုလုပ်ကြမလဲ"

"မှန်ပါ၊ ယုန်လွှတ်ကျွန်းမှာ မီးသင်း၍ စီရင်ရပါမည်ဘုရား"

မင်းကြီးလဲ အကျပ်ရိုက်သွားတော့သည်။ သူအလွန်ချစ်ခင် နှစ်သက်မြတ်နိုးသော ရှင်မယ်လှကလေးကို အကြောင်းမဖက် မပေါင်းဖက်ရသေးခင် မီးသင်းစီရင်ရမည်ဆိုတော့ စိတ်ထဲအလွန်နှမြောနေမိသည်။ တွေဝေနေသော မင်းကြီးအဖြစ်ကို ပုရောဟိတ်ကြီးက ရိပ်စားမိလိုက်သဖြင့်

"မှန်ပါမင်းကြီး၊ တွေဝေတော်မမူပါနှင့်၊ ဒီမိန်းကလေး အသက်ရှိနေရင် မကောင်းမှုတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ပြီး ဘေးဒုက္ခတွေမျိုးစုံ ကျွန်တော်တို့အပေါ်မှ ကျရောက်လာမှာ ဧကန်ဖြစ်ကြောင်းပါ။ နှောင့်နှေးတော်မမူပါနှင့် အခုပင် သုတ်သင်တော်မူပါ"

မိမိထီးနန်းစည်းစိမ်အရေး၊ တိုင်းသူပြည်သားများအရေးမို့ မင်းကြီးလဲ ခေါင်းညိတ်လိုက်ရတော့သည်။

"ကောင်းပြီ၊ ရှင်မယ်လှကို အခြွေအရံတွေချပြီးတော့ ပြဿဒ်ထက်ကနေ ယုန်လွှတ်ကျွန်းကိုပို့စေ၊ ပြီးရင် ပုရောဟိတ်ကြီးပြောတဲ့အတိုင်း မီးသင်း စီရင်စေ"

မင်းကြီးလဲ အမိန့်ချမှတ်ပြီးနောက် စိတ်နှလုံးမသာမယာနှင့် အတွင်းဆောင်သို့ဝင်သည်။ မင်းကြီး စိတ်မချမ်းသာသော်လည်း မိဖုရားခေါင်ကြီးနှင့် ပုရောဟိတ်ကြီးတို့မှာ တစ်ယောက်နှင့်တစ်ယောက်ပြုံးပြရင်း မျက်စပစ်ပြလိုက်ကြတော့သည်။ ဘုရင့်အမိန့်မို့ ချက်ချင်းပင် ပြဿဒ်ကိုဖြိုဖျက်ကာ ရှင်မယ်လှကို ရဲမက်အနည်းငယ်နှင့် ယုန်လွှတ်ကျွန်းသို့ ဖမ်းခေါ်သွားစေသည်။

ရဲမက်များက မြင်းနှင့်သွားကာ ရှင်မယ်လှကိုတော့ မြင်းနောက်တွင်း ကြိုးရှည်ရှည်ချည်လျှက် လမ်းလျှောက်၍လိုက်ပါခိုင်းသည်။ ပုဂံမြို့မှ အတန်ကြာထွက်လာပြီးသည့်အခါတွင် တောတန်းကလေးတစ်ခုအတွင်းသို့ ရောက်လာခဲ့ကြသည်။ ရဲမက်စစ်ကဲကြီးက မြင်းကိုရပ်လိုက်ပြီးနောက် ရှင်မယ်လှအနားသို့ ရောက်လာသည်။ သူတို့ရဲမက်အဖွဲ့မှာ ရဲမက်တစ်ဆယ့်နှစ်ယောက်ခန့်ပါသည်။

"စစ်ကဲကြီး ဘာလုပ်မလို့လဲ"

"ဘာလုပ်ရမလဲကွ၊ မင်းကြီးက ပွဲတော်စာစွန့်လိုက်တာပဲ၊ ငါတို့တည်ရမှာပေါ့"

ရဲမက်များက ထိုအခါ ရယ်မောလိုက်ကြပြီးနောက် ရှင်မယ်လှအနီးသို့ရောက်လာခဲ့ကြသည်။ အားလုံးကလဲ ရှင်မယ်လှကို စားတော့ဝါးတော့မည့် ရိုင်းစိုင်းသည့်အကြည့်တွေနှင့် ကြည့်နေကြသည်။ ရှင်မယ်လှမှာ မိန်းမသားမို့ မရုန်းကန်နိုင်ရှာတော့ပေ၊ မြေပြင်တွင်ထိုင်ချလိုက်ပြီးနောက် ခေါင်းငုံ့လျှက် ငို၍သာနေသည်။

ထိုအချိန်တွင် လျှပ်စီးများလက်သလို ဝင်းခနဲ လက်ခနဲဖြစ်သွားပြီးသည့်နောက်တွင် ရှင်မယ်လှအနားတွင် ရပ်နေကြသည့် ရဲမက်များမှာ ခေါင်းနှင့်ကိုယ်အိုးစားကွဲသွားကြပြီးနောက် မြေပြင်တွင်လဲ သွေးများစီးနေသည်ကို တွေ့လိုက်ရသဖြင့် ရှင်မယ်လှလဲ အလွန်အံ့သြမိသွားသည်။ နောက်တော့သူ့ရှေ့တွင် လာရပ်သည့် ခြေတစ်စုံကိုမြင်လိုက်တော့မှ ခေါင်းမော့ကြည့်လိုက်သည်။

"ရှင်မယ်လှ၊ နှမကလေး"

"အလို မောင်ကြီးထုံ"

ငထုံနှင့်ရွာသားများက ရှင်မယ်လှကို ဖမ်းယူသွားကြသည့် ရဲမက်အဖွဲ့အား အလစ်ဝင်တိုက်ခိုက်ပြီးသည့်နောက် ရှင်မယ်လှကို ကယ်ထုတ်ရန်ကြိုးစားကြခြင်းဖြစ်သည်။ ရှင်မယ်လှကတော့ ငထုံ၏ရင်ခွင်ထဲတွင် ခေါင်းကလေးဖွက်ကွာ တရှိုက်ရှိုက်ငိုနေလေသည်။

"နှမလေး ဘာမှမပူနဲ့တော့၊ မောင်ကြီးရောက်လာခဲ့ပြီ၊ မောင်ကြီးနဲ့အတူတူ ရွာကိုပြန်ကြရအောင်"

ရှင်မယ်လှလဲ ခေါင်းညိတ်လိုက်ပြီးနောက် ရဲမက်များစီးနင်းလာကြသည့် မြင်းများကိုစီးနင်းကာ တောင်ပရွာဆီသို့ အပြင်းနှင်လာခဲ့ကြတော့သည်။ တောင်ပရွာသို့ရောက်သည့်အခါ ရွာသားများက ရှင်မယ်လှကိုကြိုဆိုကြသော်လည်း အားလုံးက စိတ်ပူပန်နေကြသည်။

"ရှင်မယ်လှပြန်လာတာကိုတော့ ဝမ်းသာပါရဲ့ငထုံ၊ သို့ပေမယ့် မင်းကြီးအမျက်တော်ရှပြီးတော့ တို့ရွာသားတွေ မင်းပြစ်ဒဏ်သင့်နေပါအုံးမယ်"

"ဒါတော့ဘာမှမပူပါနဲ့ ရွာလူကြီးခင်ဗျား၊ ကျုပ်ကလဲ ရှင်မယ်လှနဲ့ ပုံစံတူတဲ့ သေဆုံးပြီးသားမိန်းမပျိုကလေးတစ်ယောက်ကို ပုဂံသုဿန်ကနေ တူးဖော်ပြီးတော့ နေရာမှာခေါင်းဖြတ်ပြီး ထားခဲ့ပါတယ်၊ ရှင်မယ်လှတို့အဖွဲ့ ဓါးပြတိုက်ခံရတဲ့ ပုံစံဖြစ်အောင်လုပ်ထားခဲ့ပါတယ်"

"အေးကွာ၊ ဒါပေမယ့် သတိနဲ့တော့နေရမယ်ကွ"

ရှင်မယ်လှတို့ လမ်းခရီးတွင် ဓါးပြအတိုက်ခံရပြီး သေဆုံးပြီဟူသည့်သတင်းကြားလိုက်ရသည့်အခါ မင်းကြီးစိတ်နှလုံး မရွှင်မလန်းဖြစ်နေတော့သည်။ သို့သော် မင်းကြီးက ရှင်မယ်လှကို နောက်ဆုံးအနေနှင့် ကြည့်ချင်သေးသည်။

"မောင်မင်းများ ငါကိုယ်တော်ရှင်မယ်လှကို နောက်ဆုံးအနေနဲ့ ကြည့်ချင်သေးတယ်"

"မှန်ပါ၊ ရှင်မယ်လှအလောင်းကောင်မှာ ခေါင်းပျောက်နေတာကြောင့် မင်းကြီးကြည့်ရှုဖို့ မသင့်တော်ပါ"

"တိတ်ကြစမ်း၊ ခေါင်းမပါရင်လဲ သူ့ရဲ့ကိုယ်လုံးအလှလေးတွေ ကြည့်နေချင်သေးတာပ"

မူးမတ်များလဲ တားမရသည်မို့ ညကြီးအချိန်မတော် မင်းကြီးနှင့်အတူ ရုပ်ဖျက်ကာ သုဿန်သို့ထွက်ကြည့်ကြသည်။ မူးမတ်ကိုယ်ရံတော်လေးယောက်နှင့်အတူ သုဿန်သို့ရောက်လာကြပြီးသည့်နောက် အလောင်းစင်ပေါ်တင်ထားသည့် ရှင်မယ်လှအလောင်းကို ကြည့်လိုက်ကြသည်။ သို့သော်မင်းကြီးက ရှင်မယ်လှမဟုတ်မှန်း ကြည့်လိုက်ရုံနှင့် တန်းပြီးသိသည်။ ရှင်မယ်လှသည် မိန်းမကောင်းလက္ခဏာ ခြောက်ဆယ့်လေးရပ်နှင့် ပြည့်စုံသော်လည်း ထိုမိန်းမပျိုအလောင်းကတော့ ရှင်မယ်လှလောက် လက္ခဏာမကောင်းသဖြင့် မင်းကြီးလဲ ရိပ်စားမိခြင်းဖြစ်သည်။ သို့သော် မည်သူ့ကိုမှမပြောတော့ပေ။

"ရှင်မယ်လှရေ၊ မင်းကိုငါ မပိုင်ဆိုင်လိုက်ရပေမယ့် မင်းလွှတ်မြောက်သွားတယ်ဆိုရင်ပဲ ငါဝမ်းသာနေပါပြီ၊ မင်းလဲ လွတ်ရာလွတ်ကြောင်းမှာသာ နေထိုင်ပါတော့"

ထိုသို့ရေရွတ်လျှက် မြစ်အတွင်းသို့ငေးကြည့်နေမိသည်။ နောက်တော့ နောက်လိုက်များနှင့်အတူ နန်းတော်ထဲသို့ ဝင်လာခဲ့ကြသည်။

သို့သော် နောက်တစ်နေ့ နန်းတွင်းညီလာခံတွင် မကျေနပ်သူက နန်းတွင်းပုရောဟိတ်ကြီးဖြစ်သည်။

"မှန်ပါမင်းကြီး၊ ရှင်မယ်လှအလောင်းကောင်ကို ကျွန်တော်မျိုးလေ့လာကြည့်ရှုပြီးပါပြီ၊ ထိုအခါ ထိုအလောင်းကောင်မှာ ရှင်မယ်လှမဖြစ်နိုင်ကြောင်းပါဘုရား၊ သူ့ကိုလိုက်လံရှာဖွေပြီး ဖမ်းဆီးသတ်ဖြတ်ကာမှ ဘေးဆိုးရန်ဆိုးတွေကနေ လွတ်မြောက်ပါလိမ့်မယ်"

သမုဒ္ဒရာဇ်မင်းကြီးလဲ ဒေါသထွက်သွားသည်။

"တိတ်စမ်းပုရောဟိတ်ကြီး၊ ငါကိုယ်တော် ညကတည်းက ရှင်မယ်လှအလောင်းကောင်ကို သွားရောက်ကြည့်ရှုပြီးပြီ၊ ရှင်မယ်လှမှ ရှင်မယ်လှအစစ်ပါ"

"မဖြစ်နိုင်ပါဘူးမင်းကြီး ကျွန်တော်မျိုး . . ."

"တော်တော့ပုရောဟိတ်ကြီး၊ မောင်မင်းက ငါကိုယ်တော်ရဲ့စူးရောက်တဲ့ ရွှေဉာဏ်တော်ကို သင်္ကာမကင်းဖြစ်နေသလား"

ဒေါနှင့်မာန်နှင့် သံလျှက်ကိုထိုးကာ ပြောလိုက်သည်မို့ နန်းတွင်းပုရောဟိတ်ကြီးလဲ ကြောက်လန့်သွားမိသည်။

"မှန်ပါ၊ မဖြစ်ပါဘုရား၊ မဖြစ်ပါ၊ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ"

"ကောင်းပြီ၊ ဒါဆိုရင် ရှင်မယ်လှနဲ့ပက်သက်တဲ့ကိစ္စဒီမှာတင်ရပ်၊ နောက်ထပ်လျှောက်တင်သူရှိရင် ကွပ်မျက်မဟဲ့"

မင်းကြီး၏ တစ်ချက်လွှတ်အမိန့်ကြောင့် မူးမတ်များအားလုံး ကြောက်ရွံ့ကုန်သည်။ ရှင်မယ်လှ မသေမှန်း နန်းတွင်းပုရောဟိတ်ကြီးရော၊ မိဖုရားခေါင်ကြီးရော သိနေကြသည်မို့ မိဖုရားခေါင်ကြီးက စိတ်မအေးနိုင်ဖြစ်နေသည်။

"ဖြစ်ပါ့မလား ပုရောဟိတ်ကြီးရယ်၊ တော်ကြာ ရှင်မယ်လှကို နန်းတွင်းအတင်းသွင်းနေမှဖြင့် ခက်ကုန်တော့မယ်"

"ကျွနု်ပ်လဲ မတတ်နိုင်တော့ပါဘူးမိဖုရားကြီးရယ်၊ ကျွန်တော်မျိုးခေါင်းက အပိုမပါဘူးဗျ၊ နောက်တစ်ခါထပ်သွားလျှောက်ရင် ကျွန်တော်မျိုးခေါင်းပျောက်သွားမပေါ့"

မိဖုရားကြီးလဲ မတတ်နိုင်တော့ပေ။

"ဘာပဲပြောပြော နန်းတွင်းထဲကထွက်သွားပြီဆိုတာပဲ အဆိုးထဲက အကောင်းမှတ်လိုက်ပါ မိဖုရားကြီး၊ နောက်ထပ်အခွင့်သင့်ရင်တော့ ရှင်မယ်လှကို ရှင်းပစ်ဖို့ ကျွန်တော်မျိုး ကြံစည်ပေးပါ့မယ်"

မိဖုရားခေါင်ကြီးလဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ ပုရောဟိတ်ကြီး ဒါဆိုကတိပေးထားတဲ့အတိုင်း၊ ရွှေဖျဉ်းအိုးနှစ်အိုးနဲ့ ဆင်ငါးစီးချီးမြှင့်လိုက်မယ်"

မိဖုရားခေါင်ကြီးစကားကြားတော့ ပုရောဟိတ်ကြီးက အလွန်အံ့သြသွားသည်။

"ဘယ့်နှယ့်ပြောပါလိမ့်မိဖုရားကြီး၊ အစကတော့ ရွှေဖျဉ်းလေးအိုး၊ ဆင်ဆယ်စီးဆိုဗျ"

မိဖုရားခေါင်ကြီးက မဲ့ပြုံးလျှက်

"သင့်အကြံတစ်ဝက်သာအောင်မြင်သည်မို့ တစ်ဝက်သာရမည်၊ ရှင်မယ်လှမသေသရွေ့ ငါစိတ်မအေး၊ သူသေရင် ကျန်တာထပ်ရမယ်"

နန်းတွင်းပုရောဟိတ်ကြီးလဲ စိတ်ညစ်စွာဖြင့် နန်းဆောင်အတွင်းမှထွက်ခွာသွားတော့သည်။ မိဖုရားခေါင်ကြီးပြောသလို ရှင်မယ်လှကို အပြတ်မရှင်းလိုက်ရသဖြင့် ဆုငွေတစ်ဝက်သာရခဲ့သည်ကိုလဲ မကျေမနပ်ဖြစ်နေမိသည်။

ရှင်မယ်လှလဲ ရွာရောက်သည်နှင့် ချစ်သူ ငထုံနှင့် လူကြီးများရှေ့တွင် လက်ထပ်ထိမ်းမြားပြီး ပေါင်းသင်းနေထိုင်ကြတော့သည်။

အချိန်တွေက ကုန်ဆုံးမြန်ခဲ့သည်။ သုံးလခန့်ကြာခဲ့ပြီဖြစ်သည်။ တစ်ရက်တော့ နန်းတွင်းညီလာခံမစမီပင် ခြေမြန်တော်ရဲမက်တစ်ယောက်က အပြေးအလွှားလျှောက်ထားတော့သည်။

"မှန်ပါမင်းကြီး၊ အခုဆိုရင် ကျွန်တော်မျိုးတို့ ပုဂံမြို့ရဲ့ အရပ်လေးမျက်နှာမှာ မိစ္ဆာကြီးလေးကောင်ပေါ်ထွက်လာပြီးတော့ အနီးအပါးက ရွာတွေကို အန္ဆရာယ်ပြုကာ မင်းမူနေကြောင်းပါ၊ ကျားကြီး၊ ဝက်ကြီး၊ ရှူးပျံကြီးနဲ့ ငှက်ကြီးတို့ဟာ ရွာတွေကိုဖျက်ဆီးလျှက် ရွာသားတွေကိုဖမ်းဆီးစားသောက်နေကြောင်းပါ"

သမုဒ္ဒရာဇ်မင်းကြီးလဲ အလွန်ထိတ်လန့်သွားသည်။ ထို့နောက် တပ်ဖွဲ့တွေဆင့်ခေါ်ပြီးတော့ ထိုသတ္တဝါကြီးလေးကောင်ကို ရှင်းလင်းဖို့ အမိန့်ပေးလိုက်ရသည်။ မင်းကြီးစိတ်မသာမယာဖြစ်နေချိန်တွင် နန်းတွင်းပုရောဟိတ်ကြီးက မင်းကြီးအနားသို့ တိုးကပ်သွားသည်။

"မင်းကြီး သတိတော်ထားမိအုံးမည်ဆိုလျှင် လွန်ခဲ့တဲ့လများက ကျွန်တော်မျိုးလျှောက်တင်ခဲ့တဲ့စကားတွေကို ပြန်လည်စဉ်းစားစေချင်ပါတယ်"

မင်းကြီးလဲ တွေးတောရင်း ပုရောဟိတ်ကြီးဆိုလိုချင်သည့်အရာကို သဘောပေါက်လိုက်သည်။

"မောင်မင်းပြောချင်တာက ရှင်မယ်လှကြောင့်လို့ ဆိုလိုချင်တာလား"

"ကျွန်တော်မျိုးမပြောဝံ့ပါဘုရား၊ ပြောရင် မင်းကြီးက ကွပ်မျက်မယ်လို့ပြောထားတယ်မဟုတ်လား"

"အောင်မယ် မောင်မင်းက အထအနကောက်နေသေးတယ်၊ လျှောက်တင်စမ်း"

"ရှင်မယ်လှက လွတ်မြောက်သွားပေမယ့်လဲ မင်းကြီးအပေါ်မှာ စိတ်နာနေပုံရပါတယ်ဘုရား၊ နောက်ပြီးတော့ သူတို့လူမျိုးတွေဟာ စုန်းမျိုး၊ ကဝေမျိုးတွေဖြစ်ပြီးတော့ ရှင်မယ်လှကလဲ မိစ္ဆာမတစ်ယောက်ဖြစ်ကာ အလွန်လှပချင်ယောင်ဆောင်ထားတာပါဘုရား၊ အခုမင်းကြီးကိုမကျေနပ်တော့ သူ့ရဲ့မှော်အစွမ်းတွေနဲ့ မိစ္ဆာကောင်ကြီးတွေဖန်တီးပြီးတော့ ကျွန်တော်မျိုးတို့ကို နှိမ်နင်းဖို့ ကြံစည်တာရော မဖြစ်နိုင်ပါဘူးလား"

မင်းကြီးက ထိုတော့မှ စဉ်းစားရင်း ခေါင်းကိုတဖြည်းဖြည်းချင်းညိတ်သည်။

"ဒါဆို သူအခုဘယ်မှာရှိမလဲ"

"ရော်၊ မင်းကြီးရယ် စာဥကိုလိုချင်ရင် စာသိုက်ဆီသွားရမယ်မဟုတ်လား"

မင်းကြီးက ခေါင်းညိတ်လိုက်ပြီးနောက်

"ကဲ မောင်မင်းများ၊ ငါအမိန့်ပေးတော်မူမယ်၊ တောင်ပရွာကို အင်အားအလုံးအရင်းနဲ့ချီတက်ကြပြီးတော့ တစ်ယောက်မကျန်သတ်ဖြတ်ပစ်ကြလော့၊ နောက်ပြီး ရှင်မယ်လှကိုတွေ့ရင်လဲ ဖမ်းဆီးပြီးတော့ ဧရာမြစ်ကမ်းမှာ မီးသင်းစေ"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

အပိုင်း (၄) တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
 #LTY_အဂ္ဂဇော်


#LTY_အဂ္ဂဇော်
#မောင်နှမ
#သမုဒ္ဒရာ
#မြစ်ကမ်း
#အရပ်

Some text some message..